← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃)

ဂိုဏ်းခေါင်းဆောင်သည် အလျင်အမြန် ပြေးလာခဲ့သည်။ သူ၏သွေးသားရင်းကလေး အကြောင်း စုံစမ်းရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ပါသည်။ သို့သော် ရောက်ရှိလာသောအခါ တစ်စုံတစ်ခုကို သူ သတိပြုမိခဲ့ပေသည်။ ဤမေးခွန်းကို မေးမြန်းခြင်းသည် အလွန်မလိုလားအပ်သော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်လေ၏။

ထို့ကြောင့် သူသည် နောက်ဆုံးတွင် ဆိတ်ဆိတ်နေရန်သာ ရွေးချယ်ခဲ့တော့သည်။

ထိုစဉ်က သူသည် ရုတ်တရက် (စိတ်ချင်းဆက်သွယ်ခြင်း)ဝိညာဉ်ထိုးထွင်းဉာဏ်ရရှိခဲ့ပြီး ကမ္ဘာပေါ်တွင် သူ၏သွေးသားဆွေမျိုးများ ကျန်ရှိနေသေးကြောင်းကို အတည်ပြုခဲ့လေသည်။

တိုက်ဆိုင်စွာပင် ထိုအချိန်က သူ၏မိသားစုမှ တတိယမျိုးဆက် ဆွေမျိုးတစ်ဦးက ကလေးတစ်ဦးကို ခေါ်လာပြီး ဤကလေးငယ်သည် သူ၏သွေးသားရင်းသာ ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုခဲ့၏။ ကလေး၏ မိခင်ဘယ်မှာရှိသနည်း၊ ယခု ကောင်းကောင်းနေထိုင်ပါသလား စသည်ဖြင့် မေးမြန်းသောအခါ ထိုဆွေမျိုးက ဘာမှမသိဟုသာ ဖြေဆိုခဲ့သည်။

ဆွေမျိုး၏ ပြောကြားချက်အရ ထိုသူသည်အိမ်မှ ထွက်ခွာစဉ် ကလေးကိုတွေ့ရှိခဲ့ပြီး ကလေးပုခက်ထဲတွင် ၎င်းသည် သူ၏ကလေးဖြစ်သည်ဟု ရေးသားထားသော စာရွက်တစ်ရွက်ပါရှိနေခဲ့၏။ သွေးသားဆက်နွယ်မှု မှန်ကန်ကြောင်း အတည်ပြုပြီးနောက် သူသည် ကလေးကို အလွန်ဂရုတစိုက် ပြုစုပျိုးထောင်ခဲ့ပါသည်။ မည်သူသိပါမည်နည်း…

ဤအချိန်တွင် အလွန်အကျွံ တွေးတောနေခြင်းသည် အဓိပ္ပာယ်မရှိတော့ပေ။

ဂိုဏ်းခေါင်းဆောင်က နဉ်ရွှီ ဘက်သို့မသိမသာ လှမ်းကြည့်လိုက်ချေသည်။ သူမ၏ ဝိညာဉ်စွမ်းအင်သည် ကုန်ခါနီးပြီဖြစ်ကြောင်း တွေ့ရှိရပြီး စိတ်ထဲတွင် အနည်းငယ် ခန့်မှန်းမိခဲ့လေသည်။

【Host… Hostရဲ့… ဝိညာဉ်စွမ်းအင်… မလုံလောက်.‌တော့..ဘူး… ကုန်သွားပြီ။】

နဉ်ရွှီ : …

သူမ ဘာပြောရမှန်းကို မသိတော့ချေ။

“ကျွန်မက ဝိညာဉ်အမြစ်သုံးခုပဲ ရှိတဲ့ အပြင်စည်းတပည့် တစ်ယောက်ဆိုတာ သိတယ်ဟုတ်။” သူမမှာ အခြားသူများ၏ အမြင်တွင်တော့ အနာဂတ်မရှိသော တပည့်တစ်ဦးသာ။ အဘယ်ကြောင့်ဆိုသော် သူမတွင် အမှိုက်ဝိညာဉ်အမြစ် ရှိသောကြောင့်ပင်။

မူလပိုင်ရှင်၏ သိုလှောင်အိတ်ထဲတွင် အဆင့်နိမ့်ဝိညာဉ်ကျောက် တစ်လုံးတည်းသာရှိလေ၏။

ခုနက သူမသည် ဤတစ်လုံးတည်းသော အဆင့်နိမ့်ဝိညာဉ်ကျောက်ကို အတင်းအဖျင်း နားထောင်ရန် အသုံးပြုခဲ့ရသည်။ ဝိညာဉ်ကျောက်များ ပိုမိုရရှိရန်အတွက် လစဉ်ထောက်ပံ့ကြေးမှလွဲ၍ သူမသည် တာဝန်များကို ထမ်းဆောင်ရလိမ့်မည်။ သို့သော် သူမသည် လေ့ကျင့်မှု စတင်ခဲ့သည်သာရှိသေးသဖြင့် သူမအတွက်ရရှိနိုင်သော တာဝန်များမှာ နည်းပါးဖွယ်ရှိလှပေ၏။ အချို့ ရှိခဲ့လျှင်ပင် သူမ၏အလှည့် ရောက်မည်မဟုတ်ပါချေ။

မည်သို့ပင်ဆိုစေ ဤရိုးရှင်းသော တာဝန်များမှာ (လုပ်မည့်သူများပြားခြင်း) အလွန်ဝယ်လိုအားများပြီး ပြင်းထန်သော ပြိုင်ဆိုင်မှုများကြား ပစ်မှတ်များဖြစ်ကြကုန်သည်။

နဉ်ရွှီက သူမ၏မေးစေ့ကို ပွတ်သပ်လိုက်ချေသည်။ “ဝိညာဉ်ကျောက်ကို အမြန်ရှာနိုင်တဲ့ နည်းလမ်းများ ရှိလား။”

ဖရဲသီးစားခြင်းစနစ်က တွန့်ဆုတ်မနေဘဲ ပြန်ဖြေလာ၏။

[ရှိတာပေါ့၊ နည်းလမ်းတွေ အများကြီးပဲ။ ဒါပေမယ့် ရှိရင်တောင် အခု နင် သုံးလို့ မရသေးဘူး။] ‘နင့်ရဲ့ ကျင့်ကြံမှုအဆင့်က အရမ်းနိမ့်သေးတယ်၊ ဘာမှ လုပ်လို့ မရသေးဘူး’

‘ဘာ!’

သူမသည် ဝိညာဉ်ကျောက်များကို ရှာနိုင်ပါသလား။ အမြန်လည်း ရှာနိုင်ပါသလား။

ပြီးတော့ ဖရဲသီးစားခြင်းစနစ်က နည်းလမ်းများ အများကြီးရှိသည်ဟု ပြောခဲ့သည်မဟုတ်ပါလား။

‘ဘယ်လို နည်းလမ်းတွေလဲ။ သူတို့အားလုံး သိချင်ကြတယ်လေ!’

ဖရဲသီးစားနေသည့်အုပ်စုက စိတ်ထဲမှ တညီတညွတ်တည်း အော်လိုက်ကြကုန်သည်။

‘မျှဝေပေးနိုင်မလား။

ကျေးဇူးပြုပြီး!’

နဉ်ရွှီ : ???

‘ဒါဆို သူမမှာ ရတနာသိုက် တစ်ခု ရှိနေပြီးမှ ကျင့်ကြံမှုအဆင့်ကြောင့် အကျိုးမခံစားရဘူးပေါ့’

နဉ်ရွှီသည် လက်လျှော့ရန် အသင့်မဖြစ်သေးပေ။ “လာပါဦး၊ ဘာတွေလဲ ပြောပြပါဦး။”

သူမ၏ တပည့်အပေါင်းအဖော်များ : ‘ဟုတ်တယ်၊ ဟုတ်တယ်၊ အရင် ပြောပြပါဦး။ တန်ဖိုးရှိမရှိ၊ ဒါမှမဟုတ် အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေလားဆိုတာ ကြည့်ရအောင်။ ဒီနည်းလမ်းတွေ အလုပ်ဖြစ်မဖြစ် စစ်ဆေးကြည့်ရအောင်လေ။’

ဂိုဏ်းခေါင်းဆောင်ပင် အနည်းငယ် စိတ်ဝင်စားခဲ့မိလေသည်။

သူတို့၏ ဝမ့်ရှင်းဂိုဏ်းသည် ကမ္ဘာ့ထိပ်တန်း ဂိုဏ်းကြီးဆယ်ခုတွင်ပါဝင်ပြီး သတ္တမနေရာတွင် ရပ်တည်နေသော်လည်း ဝိညာဉ်ကျောက်များ လုံလောက်သည်ဟု သူတို့ ပြောလို့မရသေးပေ။

သူတို့ဂိုဏ်းသာမက ပထမနေရာမှာရှိသော အကြီးဆုံးဂိုဏ်းဖြစ်သည့် ရွှမ်ထျန်းဂိုဏ်းပင် လုံလောက်သည်ဟု တစ်ခါမျှ ပြောလို့ရမည်မဟုတ်ချေ။

ဂိုဏ်းကြီးလေလေ၊ တပည့်များ များလေလေ၊ ဆိုလိုသည်မှာ ကုန်ကျစရိတ်များ ပိုများလေလေ ဖြစ်ပေသည်။ ရွှမ်ထျန်းဂိုဏ်းသည် ပါရမီရှင်များနှင့် ထူးချွန်သူများစွာဖြင့် ခမ်းနားတောက်ပနေပြီး နှစ်ပေါင်းများစွာ ကျင့်ကြံမှုလောက၏ ထိပ်ဆုံးတွင် ရပ်တည်နေသော်လည်း ဂိုဏ်းချုပ်သည် နေ့တိုင်း ဝိညာဉ်ကျောက်များအတွက် စိတ်ပူနေရဖွယ်ရှိသည်။

ဝိညာဉ်ကျောက်များသည် ဘယ်တော့မှ လုံလောက်သည်ဟူ၍ မရှိပေ။

ဖရဲသီးစားခြင်းစနစ်က သက်ပြင်းချလိုက်လေသည်။

[ပြောလည်း ဘာမှ အသုံးမဝင်ဘူးလို့။ နင့်ကျင့်ကြံမှုကို တိုးတက်အောင်လုပ်ပြီး နင့်ဂိုဏ်းကို မြှင့်တင်တာ ဒါမှမဟုတ် နင်ကိုယ်တိုင် အဆင့်တက်တာ ပိုကောင်းလိမ့်မယ်။]

နဉ်ရွှီ၏ အာရုံစိုက်မှုက ရှေ့ဆုံးမှ စကားလုံးများတွင်သာ ရှိနေပြီး နောက်ဆုံး စကားနှစ်ခွန်းကို မသိစိတ်က လျစ်လျူရှုလိုက်လေ၏။ ဘာကြောင့်လဲဟုဆိုလျှင် သူမက ဝိညာဉ်အမြစ်သုံးမျိုးသာရှိသောကြောင့်ပင်။

“ပြောချင်စိတ်မရှိဘူးဆိုရင်လည်း ပြီးတာပဲပေါ့။”

ပြောပြီးနောက် သူမသည် ဖရဲသီးစားခြင်းစနစ်ပြောခဲ့သည်မှာ မှန်ကန်ကြောင်း ဖြည်းဖြည်းချင်း သဘောပေါက်လာခဲ့သည်။

သူမသည် ယခုအချိန်တွင် ဝိညာဉ်ကျောက်များ အမြောက်အမြားကို မရရှိနိုင်ပါက သူမ မသိရှိခြင်းက ပိုကောင်းပေလိမ့်မည်။ သို့မဟုတ်ပါက ထိုဝိညာဉ်ကျောက်များကိုသာ စွဲလမ်းနေမိပါလျှင် အရေးကြီးသော မည်သည့်အရာကိုမျှ သူမ အာရုံစိုက်နိုင်တော့မည်မဟုတ်ပေ။

တပည့်များက စိတ်ထဲမှ မအော်ဘဲ မနေနိုင်ခဲ့ကြပေ။

‘ဂိုဏ်းတစ်ခုလုံးကို မြှင့်တင်မှာလား’

အခြားသူတစ်ဦးဦးကသာ ဤစကားကို ပြောခဲ့လျှင် သူတို့ သေချာပေါက် မယုံကြည်ကြပေမည်။

သို့သော် ၎င်းသည် ဖရဲသီးစားခြင်းစနစ် ပြောခဲ့ခြင်းဖြစ်လေ၏။

ဂိုဏ်းခေါင်းဆောင်ပင် မသိသော လျှို့ဝှက်ချက်များကို ၎င်းက သိနေသဖြင့် ဂိုဏ်းကို အောင်မြင်အောင်ကူညီခြင်းသည် ထင်ထားသလောက် မခက်ခဲပုံရသည်မဟုတ်လော။

တပည့်အချို့က မသေချာမရေရာစွာ တွေးလိုက်မိကြသည်။

သို့သော် ဂိုဏ်းတစ်ခုလုံးကို မြှင့်တင်ခြင်းဟူသော အတွေးသည် အလွန်ဝေးကွာလှ၏။ အခြားအရာများကို ထည့်မတွက်လျှင်ပင် နဉ်ရွှီ၏ ကျင့်ကြံမှုအဆင့်မှာ ကြီးမားသော ပြဿနာတစ်ခု ဖြစ်ပေသည်။

အသစ်ဝင်ရောက်လာသော တပည့်တစ်ဦးက ဂိုဏ်းတစ်ခုလုံးကို မြှင့်တင်မည်လား။

‘မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ ခြေလှမ်းတွေက တစ်ခါတည်း အရမ်းကြီး မကြီးသေးဘဲနဲ့ တစ်ဆင့်ချင်းစီ သွားရမှာ’

သူတို့သည် အံ့ဖွယ်ရာများကို မျှော်လင့်နေကြခြင်း မဟုတ်၊ ဖရဲသီးစားခွင့် အခွင့်အရေးများ ပိုမိုရရှိရန်သာ ဖြစ်ပါသည်။

တပည့်များ စဉ်းစားနေစဉ် ဂိုဏ်းခေါင်းဆောင်က ခပ်ဖွဖွ ချောင်းဟန့်လိုက်ချေသည်။ လူတိုင်း၏ အာရုံကိုအောင်မြင်စွာ ဆွဲဆောင်နိုင်ပြီးနောက် သူက ဂရုမစိုက်စွာပင်(အလေးမထားဘဲ) ပြောဆိုခဲ့၏။ “ဒီနေ့ ငါ အရေးတကြီး ကိစ္စတွေ ရှိနေလို့ မင်းတို့ သင်ခန်းစာတွေ နောက်ကျသွားတယ်ကွယ်။”

တပည့်များက အလျင်အမြန်ခါးညွတ်အရိုအသေပြုပြီး ကိစ္စမရှိကြောင်း ပြောဆိုခဲ့ကြတော့သည်။

ဟုတ်ပေသည်၊ ကိစ္စမရှိကြောင်း သူတို့ ပြောရမည်ပင်။

အခြား ဘာပြောနိုင်သေးမည်နည်း။

‘ဂိုဏ်းခေါင်းဆောင်၊ သားရင်းက သားရင်းမဟုတ်ဘူးဆိုတာ သိရတော့ ဘယ်လို ခံစားရလဲ’ ဟူ၍ သူတို့ ပြောရမည်လား။

သို့မဟုတ် ‘ဂိုဏ်းခေါင်းဆောင်၊ ကျွန်တော်တို့ရဲ့ တန်ဖိုးရှိတဲ့ ကျင့်ကြံချိန်ကို ဖြုန်းတီးပစ်ပြီး တစ်မနက်လုံး စောင့်ခိုင်းခဲ့တယ်၊ ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုကို ဘယ်လို ရှင်းပြမှာလဲ” ဟူ၍ပြောရမည်လား။

သူတို့ သေချင်နေကြသည်လော။

ထို့အပြင် သူတို့သည် ဂိုဏ်းခေါင်းဆောင်၏ လျှို့ဝှက်ချက်တစ်ခုကို မတော်တဆ သိရှိခဲ့ကြလေသည်။ သူတို့ နှုတ်ပိတ်ခံရတော့မှာလား။

မည်သို့ပင်ဆိုစေ ဤသူသည် နတ်ဘုရားအသွင်ပြောင်းအဆင့်ရှိ မသေမျိုးတစ်ဦးပင် ဖြစ်ပေသည်။

ထိုသို့သော ထိလွယ်ရှလွယ် သတင်းအချက်အလက်များကို သူတို့ သိရှိခြင်းသည် တကယ်ကိစ္စမရှိဘူးလား။

ဂိုဏ်းခေါင်းဆောင်က လည်ချောင်းရှင်းလိုက်ပြန်သည်။ “တောင်းပန်တဲ့အနေနဲ့ ဒီနေ့ရှိနေတဲ့ တပည့်တွေ အားလုံးကိုဝိညာဉ်ကျောက်အချို့ကို လျော်ကြေးအဖြစ် ပေးမယ်။”

‘ဘာ! သူတို့ နားကြားမှားတာလား။’

ရှိနေသော တပည့်များအားလုံးသည် ထိုကြေညာချက်ကြောင့် ထိတ်လန့်သွားခဲ့ကြကုန်သည်။

ဤသည်က ဘာကို ဆိုလိုသနည်း။ ဂိုဏ်းခေါင်းဆောင်ဆီမှ အတင်းအဖျင်းကို နားထောင်ခဲ့ရုံသာမက ဝိညာဉ်ကျောက်များကိုလည်း လျော်ကြေးအဖြစ် ရရှိခဲ့ကြသည်လား။

ဤကမ္ဘာပေါ်တွင် ထိုသို့သောကံကောင်းခြင်းများ ရှိနိုင်ပါသလား။ ကောင်းသောအရာများ ပိုမို ရောက်ရှိလာနိုင်ပေသည်!

တပည့်သစ်တစ်ဦးအနေဖြင့် နဉ်ရွှီသည်လည်း သဘာဝအတိုင်း ဝိညာဉ်ကျောက်လျော်ကြေးကို ရရှိခဲ့သည်။

သူမသည် သိုလှောင်အိတ်ကို ရရှိသည်နှင့် ဝိညာဉ်သတိကို အိတ်ထဲသို့ တက်ကြွစွာ ထည့်သွင်းကာ ဂိုဏ်းခေါင်းဆောင်းက ဝိညာဉ်ကျောက် မည်မျှပေးခဲ့သည်ကို စစ်ဆေးခဲ့တော့သည်။ မတက်နိုင်ပါချေ၊ သူမသည် လက်ရှိတွင် အလွန်ဆင်းရဲနေသဖြင့် အဆင့်နိမ့် ဝိညာဉ်ကျောက် တစ်လုံးတောင် မရှိသောကြောင့်ပင်။

ဝိညာဉ်ကျောက်များ မရှိခြင်းသည်ပုံမှန်ပင်။

မည်သို့ပင်ဆိုစေ မူလပိုင်ရှင်သည်တပည့်အဖြစ် စတင်ဝင်ရောက်ခဲ့ရုံသာ ရှိသေးပါသည်။

နဉ်ရွှီ မျှော်လင့်ချက်မကြီးခဲ့ပေ။ တပည့်များစွာ ရှိသဖြင့် တစ်ဦးလျှင်ရရှိမည့် လျော်ကြေးမှာ များပြားနိုင်မည်မဟုတ်ပေ။ ဂိုဏ်းခေါင်းဆောင်ပင် ထိုမျှ ရက်ရောမည်မဟုတ်ပေ။

သို့သော် သူမ စစ်ဆေးသောအခါ သူမ တုန်လှုပ်သွားခဲ့မိလေ၏

သိုလှောင်အိတ်အတွင်း၌ အဆင့်မြင့် ဝိညာဉ်ကျောက်ဆယ်လုံး ရှိနေပေသည်။

သူမ၏ ပထမဆုံး တုံ့ပြန်မှုမှာ— ‘ဂိုဏ်းခေါင်းဆောင်က သူ့ကို သေချာပေါက်မှားပေးမိတာပဲ’

သူမသည် ဤအကြောင်းကို ဖရဲသီးစားခြင်းစနစ်နှင့် ချက်ချင်း မျှဝေခဲ့၏။ “ဘာဖြစ်တာလဲ။ ဘာလို့ အဆင့်မြင့် ဝိညာဉ်ကျောက် ဆယ်လုံး ရှိနေတာလဲ။ သူ ဒီနေ့ စိတ်အခြေအနေ အရမ်းမတည်မငြိမ်ဖြစ်နေလို့ မျက်လုံးနဲ့ ဦးနှောက် ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘူးလား။”

‘သူ တပည့်တိုင်းကို အဆင့်မြင့် ဝိညာဉ်ကျောက် ဆယ်လုံးစီ ပေးလိုက်တာတော့ မဟုတ်ပါဘူးနော်။ အဲဒါက အင်မတန်များပြားတဲ့ ပမာဏလေကြီးလေ’

‘ဂိုဏ်းခေါင်းဆောင်က တကယ် ဒီလောက် ချမ်းသာတာလား။’

အဆင့်နိမ့် ဝိညာဉ်ကျောက် သုံးလုံး သာ ရရှိခဲ့သော အခြားတပည့်များ : …

‘လုံလောက်ပြီ။ ဆက်မပြောပါနဲ့တော့။’

'ဆက်ပြောရင် သူတို့ ငိုမိကြတော့မယ်’

နဉ်ရွှီက အဆင့်မြင့် ဝိညာဉ်ကျောက်ဆယ်လုံး ရရှိခဲ့ပြီး အခြားသူများက အဆင့်နိမ့် ဝိညာဉ်ကျောက် သုံးလုံးသာ ရရှိခဲ့သော်လည်း မည်သည့်တပည့်မျှ မနာလိုခြင်းမရှိပေ။

သူတို့အားလုံး နဉ်ရွှီက ထိုက်တန်သည်ဟု ထင်ခဲ့ကြ၏။ ကွာခြားချက်မှာ ထင်ရှားပြီး တပည့်များအားလုံး ဂိုဏ်းခေါင်းဆောင်၏ မျက်နှာသာပေးမှုကို သတိပြုမိကြကုန်သည်။

သို့သော် သူတို့တွင် ညည်းညူရန် စွမ်းရည်မရှိပေ။

ဖရဲသီးစားခြင်းစနစ်က အမှန်တရားကို မဖော်ထုတ်ခဲ့လျှင် ဂိုဏ်းခေါင်းဆောင်သည် ပို၍ကြာကြာ လိမ်ညာခံရဖွယ်ရှိလှပေ၏။ ဂိုဏ်းခေါင်းဆောင်သည် သူ၏အသုံးမကျသောသားအတွက် နှစ်စဉ် ဝိညာဉ်ကျောက်မည်မျှ သုံးစွဲခဲ့ရသနည်း။

နှစ်ပေါင်း ရှစ်ရာကြာ…

‘ကျစ်၊ ကျစ်၊ ကျစ် မတွေးတာ ပိုကောင်းပါတယ်’

မျက်လုံးနှင့် ဦးနှောက် ကောင်းကောင်း အလုပ်မလုပ်တော့ဘူးလို့ ပြောခံရသော ဂိုဏ်းခေါင်းဆောင် : .…

နဉ်ရွှီ တစ်စုံတစ်ရာ ထူးခြားသည်ကို သတိပြုမိမည်ကို စိုးရိမ်ခြင်းမရှိခဲ့လျှင် သူသည်အဆင့်မြင့် ဝိညာဉ်ကျောက် ဆယ်လုံးထက်မက များစွာ ပိုပေးခဲ့လိမ့်မည်။

သို့သော် သူ့စိတ်အတွင်းမှအသံတစ်ခုက နဉ်ရွှီနှင့် စနစ်တို့၏ စကားပြောဆိုမှုများကို သူကြားနိုင်ကြောင်း နဉ်ရွှီကို မသိစေရန် သတိပေးနေတော့၏။

နဉ်ရွှီ၏ သံသယကို မဖြစ်စေလိုသဖြင့် သူသည် လုံလောက်‌သော အသင့်တော်ဆုံး လက်ဆောင်ပေးရမည်ဟု ဆုံးဖြတ်ခဲ့လိုက်သည်။

စဉ်းစားရင်း၊ စဉ်းစားရင်းနှင့် ဂိုဏ်းခေါင်းဆောင်က အဆင့်မြင့်ဝိညာဉ်ကျောက်ပေးခြင်းဟာ အသင့်တော်ဆုံးဟု ခံစားလိုက်ရ၏။

အဆင့်မြင့် ဝိညာဉ်ကျောက်တစ်လုံးသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တစ်သောင်းနှင့် ညီမျှပြီး ၎င်းသည် နဉ်ရွှီအတွက် ယခုအချိန်တွင် လုံလောက်လိမ့်မည်ဟု ထင်ပါသည်။

သူမ၏ ဝိညာဉ်စွမ်းအင် ပြန်လည်ပြည့်ဖြိုးသွားပါက ဖရဲသီးစားခြင်းစနစ်က အတင်းအဖျင်းအသစ်များ မျှဝေနိုင်ပြီး သူသည် သူ၏ သွေးသားရင်းကလေး အကြောင်း နောက်ဆုံးတွင် သိရှိနိုင်လိမ့်မည်။ သူ မည်သို့ပင် ကြည့်ကြည့် ဝိညာဉ်ကျောက်ဆယ်လုံးသည် နည်းနေသေးပြီး အခွင့်အရေးရရှိပါက လျော်ကြေးအဖြစ် ပိုမိုပေးရမည်။

နဉ်ရွှီဆီကက မကောင်းတဲ့စကားများ ထပ်မကြားရအောင် လျော်ကြေးပေးပြီးနောက် ဂိုဏ်းခေါင်းဆောင်သည် ချက်ချင်း ထွက်ပြေးရန် ရွေးချယ်ခဲ့တော့သည်။

ဂိုဏ်းခေါင်းဆောင်ထွက်ခွာသွားသည်ကို မြင်ပြီးနောက် ဖရဲသီးစားခြင်းစနစ်က ဖြည်းဖြည်းချင်း ပြောဆိုခဲ့လာသည်။

[ဘယ်သူက သူ့ကို ဂရုစိုက်လို့လဲ။]

[သူ့ရဲ့ အမြင်မကောင်းတာဖြစ်ဖြစ်နဲ့ ဦးနှောက်မကောင်းတာဖြစ်ဖြစ် နင့်အတွက် အကျိုးရှိတာပဲ မဟုတ်ဘူးလား။]

နဉ်ရွှီက သူမ၏ တပည့်ဖော်အချို့ကသူ့ကို ခိုးကြည့်နေသည်ကို အမြန်ပင် သတိပြုမိခဲ့လေသည်။

သူတို့သည် မည်သည့်အန္တရာယ်မှ မရည်ရွယ်ခဲ့ကြပေ။

သူတို့၏အကြည့်များမှာ အံ့အားသင့်ခြင်းနှင့် ချီးကျူးခြင်းတို့ဖြင့်ပင်။

သို့သော် သူတို့ ဘာကို အံ့အားသင့်ပြီး ချီးကျူးနေကြသနည်း။

နဉ်ရွှီနားမလည်နိုင်ခဲ့ဘဲ ကြိုးစားရန်လည်း စိတ်မဝင်စားခဲ့ပေ။

သူမသည် ဖြည်းဖြည်းချင်း မေးလိုက်သည်။ “ဒါဆို ငါ ဒီဝိညာဉ်ကျောက်တွေကို သိမ်းထားရမှာလား။”

ဖရဲသီးစားခြင်းစနစ်က ဂရုမစိုက်စွာဖြင့် ပြန်ဖြေလာ၏။

[အခြားဘာရှိလို့လဲ။ ပြန်ပေးမလို့လား။]

[မေ့လိုက်တော့၊ သူ ထွက်သွားပြီပဲ။ ပြီးတော့ သူက နတ်‌ဘုရားပြောင်းလဲခြင်းအဆင့် မသေမျိုးဘဲလေ။ ကိုယ် မှားပေးမိတာ သိရင်တောင် ပြန်တောင်းရဲမှာ မဟုတ်ဘူး။ သူ မျက်နှာပူလောက်တယ်။]

[ယူထားလိုက်တော့။ လက်ထဲ ရောက်ပြီဆိုတော့ နင့်ဟာပဲကို။]

နဉ်ရွှီ ၊ “ဟုတ်တယ်နော်။ ဒါဆိုလည်း ယူထားလိုက်တော့မယ်။”

အစောပိုင်းအတန်းကို တက်ရောက်သည့် ပထမဆုံးနေ့တွင် သူမ ထိုမျှများပြားသော ပမာဏကိုရရှိလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

နဉ်ရွှီက လာရာလမ်းအတိုင်း ပြန်လာစဉ် သူမ၏ တပည့်အပေါင်းအဖော်များက သိနားလည်သည့် အကြည့်ချင်းဖြင့် ဖလှယ်ခဲ့ကြသည်။ သူတို့ကြားခဲ့ရသည် သို့မဟုတ် သိရှိခဲ့ရသည်များကို မည်သူမျှ မပြောဆိုခဲ့ကြသော်လည်း အမူအရာများအရ သူတို့အားလုံး တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား ဖြစ်ကြကြောင်း သိရှိခဲ့ကြလေ၏။

သူတို့ နောက်ဘက်တောင်သို့ ပြန်ရောက်သောအခါ ဂိုဏ်းခေါင်းဆောင်က အသစ်ဝင်လာသော တပည့်အချို့ကိုလှမ်းခေါ်ကာ လူလွှတ်၍ တပည့်အဟောင်းအချို့ကိုလည်း ခေါ်ယူခဲ့လေ၏။

မေးမြန်းပြီးနောက် ဂိုဏ်းခေါင်း‌ဆောင်က ရှင်းရှင်းလင်းလင်း နားလည်ခဲ့တော့သည်။

အစောပိုင်းအတန်းကို တက်ရောက်ခဲ့သော တပည့်များသာ နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်တို့၏ စကားပြောဆိုမှုကို ကြားခဲ့ကြရသည်။ အခြားသူများကမူ လုံးဝမသိရှိခဲ့ကြပေ။

‘ဒါဆို အစောပိုင်းအတန်းက ထူးခြားတာလား၊ ဒါမှမဟုတ် နဉ်ရွှီနဲ့ စနစ်တို့ရဲ့ စကားသံက သတ်မှတ်ဧရိယာမှာပဲ ကြားရတာလား။

ဂိုဏ်းခေါင်းဆောင်က နောက်တစ်ခုကို ပို၍ မှန်ကန်မည်ထင်မိသည်။

၎င်းသည် မှန်ကန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ၊ တစ်ကြိမ် စစ်ဆေးကြည့်လျှင် သိနိုင်လိမ့်မည်။

နဉ်ရွှီက ဖရဲသီးစားခြင်းစနစ်နှင့် မသိမသာ စကားပြောဆိုရင်းပြန်လမ်းကို အေးအေးလူလူ လျှောက်လာစဉ် စနစ်၏ အဖော်ပြုမှုကြောင့် လမ်းမှာ မခက်ခဲခဲ့ပေ။

သူမနေထိုင်ရာသို့ ရောက်သောအခါ သူမ၏အိမ်ရှေ့တွင် လူစိမ်းတစ်ဦးရပ်နေသည်ကို သတိပြုမိခဲ့သည်။

လူငယ်အမျိုးသားကျင့်ကြံသူ တစ်ဦးပင်။

နဉ်ရွှီသည် မူလပိုင်ရှင်၏ မှတ်ဉာဏ်အချို့ကို ရရှိခဲ့သော်လည်း ၎င်းတို့မှာ မပြည့်စုံပေ။ သူမသည် ထိုသူကို ရင်နှီးသလိုရှိသော်လည်း သူမ၏ လက်ရှိကိုယ်နှင့် မည်သို့ ဆက်နွယ်နေသည်ကို သတိရနိုင်ခြင်း မရှိခဲ့ပေ။

သို့ရာတွင်—

‘သူ မမှတ်မိတော့ရော ဘာဖြစ်လို့လဲ’

သူမတွင် ဖရဲသီးစားစနစ် ရှိနေသေးသည်။ ထိုသူ၏ အထောက်အထားကို သူမ မမှတ်မိနိုင်ခြင်းက သူသည် အရေးမကြီးသူဖြစ်သည်ဟုဆိုလို‌နိုင်ပေ၏။

နဉ်ရွှီက အမှုအရာမပြဘဲ မေးလိုက်ချေသည်။ “ဒါ ဘယ်သူလဲ သိလား။”

ဖရဲသီးစားခြင်းစနစ်ဟာ ပျင်းရိစွာ ပြန်ဖြေလာ၏။ [သိတာပေါ့။]

နဉ်ရွှီက ထိုသူသည် မည်သူဖြစ်ကြောင်း မေးရန် မပြောနိုင်မီ စနစ်က ဖြည်းဖြည်းချင်း ထပ်ပေါင်းပြောလိုက်သည်။ [ဒါ နင့်ရဲ့ အသုံးမကျတဲ့၊ အရာရာ အချည်းနှီးဖြစ်တဲ့၊ ငွေအနည်းငယ်တောင် ရှာမပေးနိုင်တဲ့ အချစ်ဟောင်း၊ အရင်က စေ့စပ်ထားဖူးတဲ့ ဆန်ကုန်မြေလေးကောင် မလား၊ နောက်ဆုံးတော့ သူများတွေက ချော့ခေါ်သွားလို့ နင့်ကို မနှောင့်ယှက်နိုင်တော့ဘူး။]

ရုတ်တရက် 'အသုံးမကျဘူး' ဟူ၍ အပြောခံလိုက်ရသော ရည်းစားဟောင်း : ??? ဘာကြီးလဲဟ။

………

အခန်း (၄)

နဉ်ရွှီ ဤစကားကို ကြားသောအခါ စိတ်ပါဝင်စားသွားလေ၏။

‘သူ့ရဲ့ အရင်စေ့စပ်ထားတဲ့ ဆန်ကုန်မြေလေးကောင်တဲ့လား။’

သူမသည် လူငယ်အမျိုးသားကျင့်ကြံသူကို တစ်ချက် ကြည့်လိုက်သည်။ သူသည် ကြည့်ကောင်းသော်လည်း သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် မှောင်မှိုင်းနေပြီး သူနှင့်ပေါင်းသင်းရန် မလွယ်ကူသော အရိပ်အယောင်ကို ပေးနေလေသည်။ သူသည် အတွင်းစည်းတပည့်၏ ဝတ်ရုံကို ဝတ်ဆင်ထားသဖြင့် အနည်းဆုံးတော့ သူသည် ဝိညာဉ်အမြစ်နှစ်မျိုးဖြင့် ကျင့်ကြံသူ ဖြစ်ရမည်။

ကံမကောင်းစွာဖြင့် သူမသည် ဤပုဂ္ဂိုလ်နှင့် သက်ဆိုင်သော မှတ်ဉာဏ်များစွာကို မရရှိခဲ့ပေ။

သူမသည် ဖရဲသီးစားခြင်းစနစ်ကို တိုးတိုးလေး ပြောလိုက်သည်။ “ဒီ ဆန်ကုန်မြေလေးကောင် ဘာလာလုပ်တာလဲ။”

ဖရဲသီးစားခြင်းစနစ်ကလည်း ဂရုမစိုက်စွာနှင့်ပင်။

[သူက နင် ဂိုဏ်းဝင်သွားပြီဆိုတာ ကြားလို့ အခွင့်အရေးလာယူတာ ဖြစ်နိုင်တယ်။ နင်လည်း သိပါတယ်၊ လူတိုင်းမှာ အကျိုးအမြတ်လာရှာတတ်တဲ့ ဆင်းရဲတဲ့ဆွေမျိုးတွေ ရှိတက်တယ်လေ။ ဒီကောင်က နင့်ရဲ့ ဆွေမျိုး အတိအကျ မဟုတ်ပေမယ့် အဲဒီသဘောမျိုးပဲ။ နင် နားလည်ရင်ရပြီ ]

‘အကျိုးအမြတ်လာရှာတတ်တဲ့ ဆင်းရဲတဲ့ ဆွေမျိုး’ ဟူ၍ တံဆိပ်ကပ်ခံရသူ ‌ယခင်စေ့စပ်ထားသူဟောင်း : …

အချိန်သာအကိုက်မှန်ကန်ပါက နဉ်ရွှီသည် သူမ၏လက်များကို ပိုက်ထားပြီး ပြောမိလေ၏။ “ကျစ်၊ ကျစ် ဒီလောက် စောစောစီးစီး လာတောင်းတာ။ ဂိုဏ်းမှာ သူ့အခြေအနေက ဆိုးနေရမှာပဲ၊ ဟုတ်တယ်မလား။ သူသာ အခြေအနေ ကောင်းနေရင် သူရဲ့ အရင်ကစေ့စပ်ဖူးတဲ့သူ ကျွန်မကို သတိရနေမှာတောင် မဟုတ်ဘူး။”

ဖရဲသီးစားခြင်းစနစ်ဟာ လျှာသပ်လိုက်၍

[အဲဒါပဲပေါ့။ ဒါမှ မဟုတ်ရင် ငါက သူ့ကို ‘အသုံးမကျသူ’ လို့ ဘာလို့ ဖော်ပြဖို့ သုံးမှာလဲ။]

“ဒါဆို ဘယ်သူက အသုံးဝင်လဲ” နဉ်ရွှီက စနစ်ကို သူ၏အမြင်တွင် သူမသည် အသုံးဝင်သည်ဟု ယူဆခြင်းရှိ ၊ မရှိ မေးချင်ခဲ့မိသည်။ သို့သော် သူမ မပြောနိုင်မီတွင် ၎င်းသည် မလိုအပ်ဘူးဟု ခံစားခဲ့ရသည်။

သူမသာ အသုံးမဝင်လျှင် ဤကမ္ဘာပေါ်တွင် အသုံးဝင်သော ကျင့်ကြံသူများ ရှိနိုင်ပါဦးမည်လား။

မရှိနိုင်ဘူး!

သူမသည် ဖရဲသီးစားခြင်းစနစ်နှင့် ချည်နှောင်ခံထားရသော အထူးတည်ရှိမှုဖြစ်ပါသည်။

ထို့ကြောင့် ‘အသုံးမကျသူ’ ဟူသော ဝေါဟာရသည် သူမနှင့် လုံးဝ မသက်ဆိုင်ချေ။

မေးခွန်းကို ကြားသောအခါ ဖရဲသီးစားစနစ်က ပြောစရာ ရှိလာခဲ့၏။

[နင် ငါ့ကို မေးမယ်ဆိုရင် ရိုးရိုးသားသားပဲ ဖြေပါ့မယ်။]

“ပြောပါ” ဟု သူမ ပြောလိုက်ချေသည်။ သူမသည် ဤနေရာသိုအ ကူးပြောင်းလာတာမကြာသေးတာကြောင့် လူတိုင်းကိုပင် မသိသေးပေ။ စနစ် ပြောသည့်အရာကို နားထောင်ခြင်းက ပိုကောင်းလှပေသည်။ ထို့အပြင် သည်နေရာမှာ သူတို့နှစ်ဦးတည်းပဲ ရှိသဖြင့် မည်သူကိုမျှ စိတ်ဆိုးစေမိမည်ကို သူမ စိတ်မပူခဲ့ပေ။ သူမ၏ ယခင်စေ့စပ်ဖူးသူ ဆန်ကုန်မြေလေး အနေဖြင့် နဉ်ရွှီလုံးဝပင် ဂရုမစိုက်ခဲ့ချေ။ သူက အသုံးမကျသူဖြစ်ပြီးသားဖြစ်သဖြင့် ဘာအရေးစိုက်စရာ ရှိဦးမည်နည်း။

[နင် ငါ့ရဲ့ အလွန်အမင်းမြင့်မားတဲ့စံနှုန်းတွေနဲ့သာ သွားမယ်ဆိုရင် ‘အသုံးဝင်သူ’လို့ သတ်မှတ်ထိုက်တဲ့ လူငယ်ကျင့်ကြံသူအရေအတွက်က လက်တစ်ဖက်က လက်ချောင်းအရေအတွက်ထက်ကို နည်းပါးတယ်။]

နဉ်ရွှီသည် ပြန်ပြောလိုက်၏။ “နားလည်ပြီ၊ နားလည်ပြီ။ နင့်ရဲ့ စံနှုန်းတွေအရ ဒီဆန်ကုန်‌မြေလေးကောင်က ဘာမှ မဟုတ်ဘူးပဲ။”

ဤစကားကို ကြားသောအခါ ရွှီရှစ်ရှင်းသည် နောက်ဆုံးတွင် မခံမရပ်နိုင်တော့ဘဲ အော်လိုက်၏။ “နဉ်ရွှီ!”

နဉ်ရွှီက သူမမှာ ဂရုမစိုက်စွာဖြင့် ပြီးစလွယ် နားများကို ထိုးလိုက်ပြီး “ဟင်? ကျွန်မ ဒီမှာ။ ပြောစရာ ရှိလို့လား။”

နဉ်ရွှီသည်လည်း မနက်ခင်းအတန်းကို တက်ခဲ့ပြီး ဂိုဏ်းခေါင်းဆောင်ထံမှ အဆင့်နိမ့်ဝိညာဉ်ကျောက် သုံးလုံးရရှိခဲ့သည်ဟု တွေးကာ ရွှီရှစ်ရှင်းသည် သူ၏ စိတ်ဆိုးဒေါသဖြစ်‌နေသည်ကို ထိန်းချုပ်လိုက်ပြီး “မင်း မနက်ခင်းအတန်းကို သွားခဲ့တယ် ဟုတ်။”

နဉ်ရွှီ စကားပြောနေသော ဆန်းကြယ်သော အသံနှင့် ပတ်သက်၍ ရွှီရှစ်ရှင်းသည် လုံးဝလျစ်လျူရှုလိုက်၏။

သူ၏အမြင်တွင် ၎င်းသည် နဉ်ရွှီက အာရုံစိုက်မှုကို ဆွဲဆောင်ရန်အတွက် သေးငယ်သော ပရိယာယ်များထဲမှ တစ်ခုဖြစ်နိုင်ပေသည်။

သူမ သူ့ကို ဘယ်လောက် နှစ်သက်သည်ကို သူ ကောင်းစွာ သိရှိပါသည်။

သူမသည် အချစ်မခံခဲ့ရသောကြောင့် ဒေါသကို သူ့ရှေ့တွင် သူ့အကြောင်းမကောင်းပြောဆိုခြင်းဖြင့် ထုတ်ဖော်နေခြင်း ဖြစ်နိုင်လေသည်။

သူ နားလည်နိုင်သဖြင့် သူအလွန်အကျွံ အာရုံစိုက်မည်မဟုတ်ပေ။

နဉ်ရွှီက သူ့အား အဆင့်နိမ့် ဝိညာဉ်ကျောက်သုံးလုံး ပေးပါက သူမည်သည့်အရာကိုမျှ မကြားခဲ့မိသလိုဟန်ဆောင်လိုက်ပေမည်။ မည်သို့ပင်ဆိုစေ သူ့အား ပြောဆိုသော စကားအနည်းငယ်သာ ဖြစ်ပါသည်။ ဘာအန္တရာယ်မှမရှိချေ၊ ဝိညာဉ်ကျောက်များကသာ အမှန်တကယ် အကျိုးကျေးဇူးရရှိမည်ပင်။

ဤစကားကို ကြားသောအခါ နဉ်ရွှီသည် ရွှီရှစ်ရှင်းကို စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက် းချေသည်။ “ဟုတ်တယ်၊ ဘာဖြစ်လဲ။”

နဉ်ရွှီ အတန်းတက်ခဲ့ပြီး ပျက်ကွက်ခြင်းမရှိကြောင်း အတည်ပြုပြီးနောက် ရွှီရှစ်ရှင်းသည် သက်ပြင်းချလိုက်၏။ “ကောင်းတယ်။ ဒါဆို မင်းရဲ့ ဝိညာဉ်ကျောက်တွေ ငါ့ကို ပေး။”

နဉ်ရွှီ တုန်လှုပ်သွားရသည်။ “???”

သူမသည် ဖရဲသီးစားခြင်းစနစ်ကို မညည်းညူပြဘဲ မနေနိုင်ခဲ့တော့ပေ။ “သူ ဂေါက်နေတာလား ဘာလားဟ”

ဖရဲသီးစားခြင်းစနစ်မှာသာ လက်များရှိပါက ယခု လက်ညှိုးထိုးနေလိမ့်မည်။

[နင် အခုမှ သိတာလား။ သူ့ကို ကြည့်လိုက်တာနဲ့ပဲ ဦးနှောက်မကောင်းဘူးဆိုတာ သိသာတယ်လေ။]

နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်နှင့် ဆက်လက် စကားပြောဆိုနေခဲ့၏။ “မျက်နှာ‌ပြောင်ချက်ကတော့၊ ဒီလိုစကား‌မျိုး‌တောင် ပြောရဲတယ်”

[သူ့မျက်နှာက ဖိနပ်အဟောင်းလောက် ထူတယ်လေ]

ဖရဲသီးစားခြင်းစနစ်က သူ့မှာ လက်များ မရှိခြင်းအတွက် ညည်းညူနေမိသည်။ သို့မဟုတ်ပါက သူသည် အမူအရာကြီးကြီးမားမားဖြင့်ပင် ပြသနေမှာပင်။

သူတို့ ညည်းညူစကားများဖလှယ်နေစဉ် ရွှီရှစ်ရှင်း၏ မျက်နှာသည် အပြောင်းအလဲများစွာဖြစ်နေခဲ့၏။ တစ်ခါတစ်ရံအစိမ်းရောင်၊ တစ်ခုတစ်ရံ အဖြူရောင်ဖြစ်ကာ ဆိုးဆေးစွန်းထင်းသွားသကဲ့သို့ပင်။

“နဉ်ရွှီ!” သူသည် နဉ်ရွှီ၏ ဆန်းကြယ်သော အသံနှင့် စကားပြောဆိုမှုကို တိုက်ရိုက် ဖြတ်တောက်လိုက်ချေသည်။ သူမ ဤသေးငယ်သော ပရိယာယ်ကို ဘယ်ကရခဲ့သည်ကို သူမသိခဲ့သော်လည်း ၎င်းကသူ့အား အမှန်တကယ် စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပါသည်။ နဉ်ရွှီသည် ယခင်ကအမြဲတမ်းပရိယာယ်များ သုံးခဲ့သော်လည်း ၎င်းတို့ထဲမှ မည်သည့်အရာမျှ ထိုမျှစိတ်အနှောင့်အယှက် မဖြစ်စေခဲ့ပေ။

“နဉ်ရွှီ၊ မင်းသိပါတယ် ငါ့ရဲ့ ကျင့်ကြံမှု က အရေးကြီးတဲ့ အချိန်ကို ရောက်နေပြီ၊ ဝိညာဉ်ကျောက်တွေ အရေးတကြီး လိုအပ်နေတယ်…”

နဉ်ရွှီသည် ခေါင်းမာသော ကြက်ဖအိုကဲ့သို့ ချက်ချင်း ပြန်ပြောလိုက်လေ၏။ “စိတ်ခံစားချက်နဲ့ ပတ်သက်ပြီး ကျွန်မကို လှည့်စားလို့ရတယ်။ ဒါပေမယ့် ဝိညာဉ်ကျောက်နဲ့ ပတ်သက်ပြီးတော့ဆိုရင် မရဘူး!”

ဝိညာဉ်ကျောက်များ မရှိလျှင် ဝိညာဉ်စွမ်းအင် မရှိနိုင်ပေ။ ဝိညာဉ်စွမ်းအင်မရှိလျှင် သူမ ဖရဲသီး မစားနိုင်ချေ။ ဖရဲသီး မစားလျှင် သူမ၏ဘဝတွင် ဘာပျော်စရာရှိတော့မည်နည်း။

'သူက သူမ၏ဝိညာဉ်ကျောက်များကို တောင်းရအောင် သူက ဘယ်သူမလို့လဲ။'

သူမကို ဖရဲသီးစားခြင်းမှ တားဆီးသူ မည်သူမဆို သူမ၏ရန်သူပင်!

“မင်း… ကောင်းပြီ၊ မင်း ငါ့ကို ဝိညာဉ်ကျောက်တွေ မပေးဘူးပေါ့ ဟုတ်လား။”

နဉ်ရွှီသည် လုံးဝ စိတ်ရှုပ်ထွေးသွားခဲ့ရသည်။ ဤလူသည် သူ့ကိုယ်သူ မည်သူလဲဟု ထင်နေ၍ သူမ၏ ဝိညာဉ်ကျောက်များကို ယူရန် ကြိုးစားနေသနည်း။

ရွှီရှစ်ရှင်းသည် စိတ်ဓာတ်ကျနေသော ပုံစံဖြင့် “ငါတို့ စေ့စပ်ထားတဲ့သူတွေ မဖြစ်နိုင်တော့ဘူးဆိုပေမယ့် သူငယ်ချင်းတွေတော့ ဆက်ဖြစ်နိုင်ဦးမယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် နဉ်ရွှီ၊ မင်း ငါ့ကို တကယ် စိတ်ပျက်စေတယ်။” သူက သူမကို နောက်ဆုံးအကြိမ်နက်ရှိုင်းစွာ ကြည့်လိုက်ချေသည်။ “မနက်ဖြန် မနက်မတိုင်ခင်အထိ ငါ ငါ့ဂူထဲမှာပဲ ရှိနေမှာ။”

ထိုသို့ ပြောပြီးနောက် ရွှီရှစ်ရှင်းက လှည့်ထွက်သွားခဲ့ရာ နဉ်ရွှီလုံးဝ စိတ်ရှုပ်ထွေးနေခဲ့တော့သည်။

“သူ ဘာကို ဆိုလိုတာလဲ။”

ဖရဲသီးစားခြင်းစနစ်က စိတ်ဝင်စားမှုမရှိစွာ အသံထွက်လာ၏။

[ဘာအဓိပ္ပာယ်ရှိဦးမလဲ။ မနက်ဖြန် မနက်မတိုင်ခင် နင် စိတ်ပြောင်းချင်ရင် လုပ်လို့ရတယ်လို့ ဆိုလိုတာပေါ့။]

“စိတ်ပြောင်းတာ? ဘာကို စိတ်ပြောင်းရမှာလဲ။ သူ့ကို ဝိညာဉ်ကျောက်မပေးခဲ့တာကို စိတ်ပြောင်းမှာလား။”

[အဲဒါပဲပေါ့။]

ရွှီရှစ်ရှင်းသည် နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ် နှစ်ဦးစလုံးကို စကားမပြောနိုင်အောင် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။

နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ် သူမ၏အခန်းသို့ ပြန်ရောက်ပြီးနောက် ချောင်းမြောင်းနားထောင်နေခဲ့သော ဂိုဏ်းခေါင်းဆောင်ပေါ်လာခဲ့သည်။

သူ မှန်အောင်ခန့်မှန်းခဲ့ပါသည်။

နဉ်ရွှီနှင့် စနစ်ဟုခေါ်သော အရာ၏ စကားပြောဆိုမှုကို သတ်မှတ်ထားသော နယ်နိမိတ်အတွင်းမှသာ ကြားနိုင်လေ၏။ ထိုနယ်နိမိတ်အား ကျော်လွန်သွားပါက စကားပြောဆိုမှုကို မကြားနိုင်တော့ပေ။

ဤစကားပြောဆိုမှုမှ သတင်းအချက်အလက်များစွာကို ရယူနိုင်ခဲ့သည်။

ဥပမာအားဖြင့် အရေးအကြီးဆုံးအချက်မှာ နဉ်ရွှီသည် ယခင်ကနဉ်ရွှီ မဟုတ်တော့ခြင်းပင်။ အတွင်းရှိပုဂ္ဂိုလ်(ဝိညာဉ်)သည် တခြားသူတစ်ဦးဖြစ်‌နေပြီပင်။ သို့မဟုတ်ပါက သူမ၏ ယခင်ကစေ့စပ်ထားဖူးသူကို မသိနိုင်စရာ အကြောင်း မရှိပေ။

သို့သော် ဤကမ္ဘာငယ်လေးတွင် ဝိညာဉ်ဝင်ရောက်ခြင်း သို့မဟုတ် ပြန်လည်မွေးဖွားခြင်းဟူ၍ မရှိချေ။

စနစ်၏ စွမ်းရည်များသည် သူ ထင်ထားသည်ထက်များစွာ ကြီးမားပုံရသည်။

လက်ရှိတွင် ဤပုဂ္ဂိုလ်နှင့် စနစ် နှစ်ခုလုံးသည် ဂိုဏ်းအပေါ် မည်သည့် မကောင်းသော ရည်ရွယ်ချက်မျှမရှိဘဲ ပို၍ပင် ကြင်နာစွာဆက်ဆံသဖြင့် သူတို့နှစ်ယောက်ကို ဆွဲဆောင်ရန် ကြိုးစားခြင်းက ပိုကောင်းလှပါသည်။

မည်သို့ပင်ဆိုစေ သူတို့သည် နဥ်ရွှီနှင့် စနစ်တို့ကို လွယ်လွယ်ကူကူ စိတ်ဆိုးဒေါသ မထွက်စေရဲကြပေ။

သူမ၏ အခန်းသို့ပြန်ရောက်ပြီးနောက် နဉ်ရွှီသည် တရားထိုင်ခုံပေါ်တွင် တိုက်ရိုက်ထိုင်ကာ (ကျင့်ကြံခြင်း)တရားထိုင်ခြင်းကို စတင်ခဲ့တော့သည်။

ခုနက ဖရဲသီးစားခြင်းစနစ်က သူမ၏ ယခင်စေ့စပ်ထားဖူးသူ၏ နောက်ခံအကြောင်းကို အတိုချုပ် မိတ်ဆက်ပေးခဲ့ပြီး ထိုမျှအချက်အလက်များပင် ဝိညာဉ်စွမ်းအင် ကုန်ကျစေခဲ့တော့သည်။

“ကောင်းပြီ၊ သိလိုက်ပြီ နင်က ဝိညာဉ်စားသားရဲပဲ။ နားလည်လိုက်ပါပြီ။” သူမ၏ ခေတ်တွင် ရွှေစားသားရဲများရှိခဲ့ပြီး ယခုအခါတွင်တော့ ဝိညာဉ်စားသားရဲများ ရှိနေ၏။ ကောင်းပြီ၊ ကောင်းပြီ၊ ၎င်းတို့အားလုံးကို ဂရုစိုက်ရန်(မွေးမြူရန်) ခက်ခဲလှသည်။ သူမ သဘောပေါက်သွားခဲ့သည်။ ဖရဲသီးစားခြင်းစနစ်က သူမအား မည်သည့်အရာကို ပြောပြပြောပြ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ ၎င်းသည် အမြဲတမ်း ဝိညာဉ်စွမ်းအင်ကို လိုအပ်ပေသည်။

ဖရဲသီးစားခြင်းစနစ်က လျှို့ဝှက်စွာ တိတ်တဆိတ် ရယ်မောလိုက်ချေသည်။

[ဒါက ကောင်းတယ် မဟုတ်ဘူးလား။ ဒါက နင့်ကို ကျင့်ကြံဖို့နဲ့ တိုးတက်အောင်လုပ်ဖို့ အားပေးပြီးသားဖြစ်တယ်လေ]

နဉ်ရွှီသည် သူမသည် ဖရဲသီးစားရန်အတွက်သာ ကျင့်ကြံမှုလောက တစ်ခုလုံးတွင် ကျင့်ကြံခြင်းကို ရူးသွပ်နေသော တစ်ဦးတည်းသော ကျင့်ကြံသူဖြစ်လိမ့်မည်ဟု မစဉ်းစားဘဲ မနေနိုင်ခဲ့ပေ။

ထိုဖရဲသီးမရှိခဲ့လျှင် သူမ ထိုမျှကြိုးစားလိမ့်မည်မဟုတ်ပေ။ ထို အဆင့်မြင့် ဝိညာဉ်ကျောက်ဆယ်လုံးနှင့် ပတ်သက်၍မူ နဉ်ရွှီက ၎င်းတို့ကို ယခုအချိန်တွင် သိမ်းဆည်းထားရန် စီစဉ်ခဲ့သည်– ‘နောက်ပိုင်း အသုံးဝင်လာနိုင်တယ်လေနော်’

လေးနာရီကြာ တရားထိုင်ပြီးနောက် နဉ်ရွှီက သူမ၏ မျက်လုံးများကို ဖွင့်လိုက်သည်။ သူမ တရားထိုင်ခြင်း စတင်ချိန်၌ ဆည်းဆာအချိန်သာ ရှိသေးသော်လည်း ယခုမူညနက်နေပြီဖြစ်ပြီး သန်းခေါင်ယံခန့်ဖြစ်နိုင်ပေသည်။

နဉ်ရွှီက မရေမရာ တီးတိုးပြောလိုက်သည်။ “ဝိညာဉ်အမြစ် သုံးခုနဲ့ ကျင့်ကြံရတာ တကယ်နှေးတာပဲ။ ချီပင်လယ်က ဒီလောက် သေးငယ်နေတာတောင် တရားထိုင်ဖို့ လေးနာရီတောင် ကြာတယ်” သူမဝိညာဉ်စွမ်းအင် စုပ်ယူနှုန်းမှာ လိပ်တစ်ကောင်လောက်အထိနှယ် နှေးကွေးလှပါ၏။

ဖရဲသီးစားခြင်းစနစ်က သူမကို နှစ်သိမ့်ပေးလေ၏။ [ဝိညာဉ်အမြစ် သုံးခုက တကယ်တော့ ကောင်းပါတယ်။ အထူးသဖြင့် နင့်ရဲ့ ရေ၊ သစ်သား၊ မြေ ဝိညာဉ်အမြစ်တွေက ပိုကောင်းတယ်လေ။]

နဉ်ရွှီ : …

“ဝိညာဉ်အမြစ် သုံးခု က ကောင်းတယ်လို့ နင်တစ်ယောက်တည်းပဲ ထင်နေတာရယ်”

‘ဝတ္ထုတွေရဲ့ ပုံမှန်ဇာတ်လမ်းအရဆိုရင် ရှုပ်ထွေးတဲ့ ဝိညာဉ်အမြစ်တွေနဲ့ မွေးရာပါ တာအိုခန္ဓာတွေကမှ တကယ့်ကို စွမ်းအားကြီးသူတွေ။ ဝိညာဉ်အမြစ် သုံးခုတဲ့လား။ ဘယ်ဝတ္ထုမှာပဲဖြစ်ဖြစ် သူတို့က စပြီးဖျက်ဆီးခံရမယ့်ဇာတ်ကောင်တွေပဲ။’

သူမ ကိုယ်တိုင်ပင် ဝိညာဉ်အမြစ်သုံးခုက သိပ်မကောင်းဘူးဟု ထင်ခဲ့လေသည်။ အရေးကြီးဆုံးက ဤကမ္ဘာငယ်လေးတွင် ဝိညာဉ်အမြစ် တစ်ခုခုကိုဖယ်ရှားရန် ဆေးမရှိခြင်းပင်ဖြစ်သည်။ ကျင့်ကြံသူ၏ ဝိညာဉ်အမြစ်များကို အစမှ အဆုံးအထိ ဘယ်တော့မှပြောင်းလဲ၍ မရနိုင်ဘဲ မည်သည့် ပြုပြင်ပြောင်းလဲရန် အခွင့်အရေးမျှ မရှိချေ။

ဖရဲသီးစားခြင်းစနစ်က ဂရုမစိုက်ဘဲ ပြောလာသည်။

[နင် နားမလည်ဘူး ဟုတ်? လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာအတွင်းမှာ အစွမ်းထက်တဲ့ပညာရှင်သုံးယောက်ပဲ နတ်ဘုရားအဖြစ် အဆင့်တက်ခဲ့တာ။]

နဉ်ရွှီ : “သုံးယောက်ပဲလား။”

[ဟုတ်တယ်၊ အဆင့်တက်တာကို ဂေါ်ဖီထုပ်ခူးတာလောက် လွယ်တယ်လို့ နင် ထင်နေတာလား။]

[နင် မသိလောက်ဘူး၊ ဒါပေမယ့် အဆင့်တက်ခဲ့တဲ့ မဟာစွမ်းအားပညာရှင်သုံးယောက်ထဲက တစ်ယောက်က နင်နဲ့တူတဲ့ ရေ၊ သစ်သား၊ မြေ ဝိညာဉ်အမြစ်တွေရှိတယ်။ ငါက နင့်ရဲ့ အနာဂတ် ကျင့်ကြံမှုလမ်းကြောင်းကို စီစဉ်ထားပြီးသား။ ဘယ်လိုပဲဖြစ်ဖြစ်၊ နင် နတ်ဘုရားအသွင်ပြောင်းအဆင့်မရောက်ခင်အထိ အဲဒီ အစွမ်းထက်တဲ့ ပညာရှင်ရဲ့ ကျင့်ကြံမှုပုံစံအတိုင်း တိုက်ရိုက်လိုက်နာလို့ရတယ်။ သူတို့ ဘယ်နည်းလမ်းတွေ သုံးခဲ့လဲဆိုတာ နင် အတိအကျ ကူးယူလို့ရတယ်။ နင်ဆန္ဒရှိရင် နတ်ဘုရားအသွင်ပြောင်းပြီးတဲ့နောက် ကျင့်ကြံမှုနည်းလမ်းတွေကိုလည်း ငါ ပေးနိုင်ပါသေးတယ်။]

နဉ်ရွှီ : “အင်း၊ အဲဒါ နည်းနည်း ကသိကအောက် ဖြစ်မှာ မဟုတ်ဘူးလား။” ဖရဲသီးစားစနစ်က သူမကို အခြားတစ်ဦး၏ ခြေရာနင်းရန် အကြံပြုနေသည်လား။ ဟုတ်ပါသည်၊ ဘီလူးကြီးများ၏ ပခုံးပေါ်တွင် ရပ်တည်ခြင်းဟူသော စကားလည်းရှိပါပေသည်။

ဖြတ်လမ်းဖြင့် သွားခြင်းက သေချာပေါက် ပိုမိုလွယ်ကူလိမ့်မည်ဖြစ်သော်လည်း အစွမ်းထက်သော ပညာရှင်များက ကန့်ကွက်မည်မဟုတ်လော။

ဖရဲသီးစားခြင်းစနစ်က နှုတ်ခမ်းသပ်လိုက်သည်။

[အဲဒါ ဘာမှ မမှားဘူး။ အဲဒီ မဟာစွမ်းအားပညာရှင်က သူ့လိုမျိုး ဝိညာဉ်အမြစ်တွေ ရှိတဲ့ ကျင့်ကြံသူတစ်ယောက်က သူ့လမ်းကြောင်းအတိုင်း အောင်မြင်စွာ အဆင့်တက်ခဲ့တယ်ဆိုတာ သိရင် ပျော်နေမှာပဲ။ ဒါက သူ့အတွက် ကောင်းမှုကုသိုလ်တစ်ခုတောင် ဖြစ်လိမ့်မယ်။ နင် သိလား၊ ကောင်းမှုကုသိုလ်တွေက နတ်ဘုံမှာ အရမ်းအရေးကြီးတယ်ဆိုတာ]

[ဒီကမ္ဘာငယ်လေးမှာ နှစ်ပေါင်းသုံးထောင်နီးပါး ကျင့်ကြံသူတစ်ယောက်မှ အဆင့်တက်တာ မရှိသေးဘူး]

[ဘယ်သူမှ အဆင့်မတက်ဘူးဆိုရင် အဆင့်တက်လမ်းကြောင်းက မကြာခင် ပိတ်သွားလိမ့်မယ်]

[အဲဒီ အစွမ်းထက်တဲ့ ပညာရှင်ရဲ့ နည်းလမ်းအတိုင်းသာ နင် အဆင့်တက်နိုင်ရင် နတ်ဘုံက သူ့ကို ကုသိုလ်များစွာ ပြန်လည် ဆုချမှာပဲလေ။ တစ်နည်းအားဖြင့် နင်တို့နှစ်ယောက်စလုံးအတွက် Win-Win အခြေအနေပေါ့။]

Win-Win(နှစ်ဦးနှစ်ဖက်အကျိုးရမည့်) အခြေအနေဖြစ်လျှင် ပညာရှင်ကြီး၏ အောင်မြင်သော ပုံစံအတိုင်း လိုက်နာခြင်းသည် ပြဿနာမရှိတော့ချေ။

သို့သော်…

နဉ်ရွှီက စဉ်းစားဟန်ဖြင့် ပြောလိုက်ချေသည်။ “ဒါဆို ငါ အစွမ်းထက်တဲ့ပညာရှင်ကြီးရဲ့ လျှို့ဝှက်ကျင့်စဉ်ကို ရနိုင်တဲ့နည်းလမ်းက…”

[ဝိညာဉ်စွမ်းအင် သုံးစွဲခြင်းဖြင့်ပေါ့]

နဉ်ရွှီ : “…ငါ သိပါတယ်။”

ထို့နောက် ဖရဲသီးစားခြင်းစနစ်က ဆက်လက်ပြောဆိုခဲ့သည်။ [ဝိညာဉ်အမြစ်က အရေးကြီးလားဆိုရင် ဟုတ်တယ်။ ဒါပေမယ့် သိပ်အရေးကြီးလားဆိုရင် သိပ်တော့ မဟုတ်ဘူး။]

[အဆင့်တက်ခဲ့တဲ့ မဟာစွမ်းအားပညာရှင် သုံယောက်ထဲမှာ ရေ၊ သစ်သား၊ မြေ ဝိညာဉ်အမြစ်တွေ ရှိတဲ့သူအပြင် ဝိညာဉ်အမြစ် လေးခုရှိတဲ့သူလည်း တစ်ယောက်အပါအဝင်ပဲလေ။]

[နောက်ဆုံးတစ်ယောက်ကတော့ အကောင်းဆုံး ပါရမီရှင် ကောင်းကင်ဝိညာဉ်အမြစ် ပိုင်ရှင်ပါ။]

[ဒါက ဘာကို ပြသလဲဆိုရင်]

[ဒါက ဝိညာဉ်အမြစ်တွေဟာ လူတစ်ယောက်ရဲ့ အနာဂတ်အောင်မြင်မှုတွေကို ဆုံးဖြတ်တဲ့ တစ်ခုတည်းသော အချက်မဟုတ်ဘူးဆိုတာ ပြသတယ်။ နင် ကောင်းကင်ဝိညာဉ်အမြစ်ရှိရင်တောင် ဘာဖြစ်လဲ။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာအတွင်းမှာ ထူးခြားတဲ့ ကောင်းကင်ဝိညာဉ်အမြစ်တွေ အများကြီး ရှိခဲ့ပေမယ့် တစ်ယောက်တည်းပဲ အဆင့်တက်နိုင်ခဲ့တယ်လေ]

[ဝိညာဉ်အမြစ်တွေအပြင် မှန်ကန်တဲ့ ကျင့်စဥ်က အရေးအကြီးဆုံးပဲ။]

[ငါ့အမြင်အရ အရေးကြီးတဲ့ အချက်လေးခု– ပါရမီ၊ ကံ၊ စိတ်ဓာတ်၊ ကျင့်စဉ်ထဲမှာ ကျင့်စဥ်က ပထမအရေးအကြီးဆုံးပဲ။ ကျန်တာတွေကတော့ ဒုတိယအဆင့်ပဲ။]

[ကျင့်ကြံမှုရေးနည်းလမ်းတွေက အခြေခံပါပဲ။]

[နင် မှန်ကန်တဲ့နည်းလမ်းကို ကျင့်ကြံရင် နင် အောင်မြင်မှုရဲ့ တစ်ဝက်ကို ရရှိပြီးသားဖြစ်မှာပဲ။]

နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်၏ အတွေးများမှာ အလွန်စိတ်ဝင်စားစရာကောင်းလှသည်ဟု တွေ့ရှိရပြီး သူမက “ဒါဆို ကျန်တဲ့ သုံးခုကရော။ နင့်အမြင်အရ ဘယ်လိုအဆင့်သတ်မှတ်မလဲ။”

တွန့်ဆုတ်မနေဘဲ ဖရဲသီးစားခြင်းစနစ်က ပြောလာ၏။

[စိတ်ဓာတ်က ဒုတိယ၊ ကံက တတိယ၊ ပါရမီက စတုတ္ထ။]

ဤကျင့်ကြံမှုလောကတွင် ကျင့်ကြံသူအများစုသည် ပါရမီနှင့် ကံက အလွန်အရေးကြီးသည်ဟု ထင်မြင်ကြလိမ့်မည်။

သို့သော် ဖရဲသီးစားခြင်းစနစ်၏ အမြင်မှာ အများစု၏ ယုံကြည်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေတော့သည်။

နဉ်ရွှီစဉ်းစားမိသည်။

စိတ်ဓာတ်က… ကံထက် ပိုအရေးကြီးတယ်လား။

နဉ်ရွှီ ဘာတွေးနေသည်ကိုသိသော ဖရဲသီးစားခြင်းစနစ်က ပွင့်ပွင့်လင်းလင်းပြောလိုက်ချေသည်။

[ဟုတ်တာပေါ့။ နင့်စိတ်ဓာတ်မကောင်းရင် နင်ကံ ဘယ်လောက် ထူးခြားထူးခြား၊ နင့်ရဲ့ အတွင်းစိတ်နတ်ဆိုးတွေကို ကျော်လွှားနိုင်မှာ မဟုတ်ဘူး။ ကောင်းတဲ့ စိတ်ဓာတ်နဲ့သာ ကြံစည်မှုများတဲ့ ကျင့်ကြံမှုလောကမှာ အသက်ရှင်ရပ်တည်ပြီး ရေရှည်ကြီးပွားတိုးတက်နိုင်မှာပါ။]

နဉ်ရွှီက ခေါင်းညိတ်ပြလာသည်။ “ကောင်းပြီ၊ နားလည်ပြီ။ ဆက်ပြောပါ။”

ဖရဲသီးစားခြင်းစနစ်က နှုတ်ခမ်းသပ်လိုက်သည်။ [ပြောစရာ သိပ်မရှိတော့ပါဘူး။ ဒီကမ္ဘာငယ်လေးမှာ ကောင်းကင်အဆင့်ကျင့်စဥ်အများအပြား ဆုံးရှုံးခဲ့ရတာ ဝမ်းနည်းစရာပဲ။]

ဤအချက်တွင် နဉ်ရွှီ၏ အတွေးများ ပြောင်းလဲသွားသည်။

“နင့်မှာ ကောင်းကင်အဆင့် ကျင့်စဥ်တွေရှိလား။”

[ရှိတာပေါ့၊ နင် လိုချင်သလောက် ရှိပါတယ်။]

ဤစကားကို ကြားသောအခါ နဉ်ရွှီတွင် “ငါ သိသားပဲ” ဟူသော ပုံစံရှိနေခဲ့တော့၏။

တစ်ချိန်တည်းတွင် အနီးအနားတွင် လျှို့ဝှက်နားထောင်နေခဲ့သော ဂိုဏ်းခေါင်းဆောင်နှင့် အလျင်အမြန် ရောက်ရှိလာခဲ့သော ဂိုဏ်းမှ ထိပ်တန်းဆရာသခင်အကြီးအကဲများ အားလုံးသည် ကောင်းကင်အဆင့်ကျင့်ကြံမှုနည်းလမ်းများ(ကျင့်စဉ်များ)ကို ကြားလိုက်ရသောအခါ မျက်နှာများဝင်းပလာခဲ့ချေသည်။

‘ကောင်းကင်အဆင့်ကျင့်စဉ်တွေလား’

‘သူတို့ ရတနာသိုက်တစ်ခုကို မတော်တဆ တွေ့ရှိခဲ့ကြတာပဲ!’

……..

All Chapters