← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅)

ပစ္စုပ္ပန်တွင် ရှိနေသူတိုင်းသည် စိတ်လှုပ်ရှားမှုနှင့် ပြည့်လျှံလျက် ရှိခဲ့ကြ၏။

ကောင်းကင်အဆင့်ကျင့်စဉ်တွေ မည်မျှလိုချင်လိုချင် ရှိသည်တဲ့လား။

အခြားသူတစ်ဦးသာ ဤစကားကိုပြောဆိုခဲ့ပါက ဝမ့်ရှင်းဂိုဏ်း၏ ထိပ်တန်းအကြီးအကဲများသည် အမှန်တကယ်ပင် ယုံကြည်ခဲ့ကြမည်မဟုတ်ပေ။ ဘာနောက်နေတာလဲ! ဤသူသည် ကောင်းကင်အဆင့်ဝင်နိုင်သည့် ကျင့်စဉ်များကို ဂေါ်ဖီထုပ်များကဲ့သို့ ထင်နေပါသလား။ မည်မျှလိုချင်လိုချင် အကုန်ရှိသည်တဲ့လား။ သူသာ အရည်အချင်းရှိပါက တစ်ခုလောက် ထုတ်ပြစမ်းပါဦးဟူ၍ ဆိုကြမည်ပင်။

သို့သော် ထူးဆန်းစွာပင် ဤစကားကို ပြောဆိုသူမှာ နက်နဲသော ဖရဲသီးစားခြင်းစနစ်သာဖြစ်လေသည်။ ဤအချက်ကြောင့် ထိုပြောဆိုချက်သည် မည်သို့ဆိုစေ ပိုမိုယုံကြည်ရသည်ဟု ထင်ရပေသည်။

ထို့ကြောင့် မေးခွန်းပေါ်လာသည်က– ၎င်းတွင် ကောင်းကင်အဆင့် ကျင့်စဉ်များ အမှန်တကယ် ရှိပါသလား။

ကောင်းကင်အဆင့်ကျင့်စဉ်များနှင့် နှိုင်းယှဉ်လျှင် ဂိုဏ်းခေါင်းဆောင်သည် ဖရဲသီးစားခြင်းစနစ်ပြောဆိုခဲ့သော စကားများကြောင့် ပိုမိုနက်ရှိုင်းစွာ ထိမိခဲ့တော့သည်။

၎င်းက ပြောခဲ့သည်။ [ဝိညာဉ်အမြစ်က အရေးကြီးလား။ ဟုတ်တယ်၊ အရေးကြီးတယ်။ ဒါပေမယ့် အထူးတလည် အရေးကြီးတာလား။ မဟုတ်နိုင်ဘူး။]

“အရည်အချင်း သီအိုရီ” သည် ကျင့်ကြံခြင်းလောကတွင် အဓိကအကျဆုံး အငြင်းပွားဖွယ်ရာ အကြောင်းအရာဖြစ်လေ၏။

ကျင့်ကြံသူတစ်ဦး၏ အနာဂတ်လမ်းကြောင်းသည် အစကတည်းက ကြိုတင်သတ်မှတ်ထားသည်ဟု လူအများက ယုံကြည်ကြပေသည်။ ဝိညာဉ်အမြစ် သုံးခု၊ ဝိညာဉ်အမြစ် လေးခု သို့မဟုတ် ဝိညာဉ်အမြစ် ငါးခုပင် ဖြစ်ပါစေ၊ ဤအရာအားလုံးကို အသုံးမဝင်သော ဝိညာဉ်အမြစ်များဟူ၍ သတ်မှတ်ကြပါသည်။

၎င်းတို့ကို တန်ဖိုးမထားကြပေ၊ ၎င်းတို့၏ဘဝတစ်လျှောက်လုံးတွင် အတွင်းဂိုဏ်းသားများသာ နေရသွားနိုင်သည်။ တံခါးပိတ်တပည့် သို့မဟုတ် ဂိုဏ်းခေါင်းဆောင်၏ တိုက်ရိုက်သီးသန့်တပည့် ဖြစ်လာရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ အကြီးအကဲ၏ တံခါးပိတ်တပည့် ဖြစ်လိုပါသလား။ အိပ်မက်သာ မက်နေပါတော့။

သို့သော် ဖရဲသီးစားခြင်းစနစ်က နတ်ဘုံ(ကောင်းကင်)သို့ တက်လှမ်းခဲ့သော မဟာစွမ်းအားရှင်သုံးဦးအနက် နှစ်ဦးမှာ တကယ်တမ်း အသုံးမဝင်သော ဝိညာဉ်အမြစ်များ ပိုင်ဆိုင်ထားသူများဖြစ်ခဲ့သည်ဟု ပြောဆိုခဲ့လေ၏။

ဤအချက်သည် သူ၏မျှော်လင့်ချက်များကိုများစွာ ကျော်လွန်ခဲ့တော့သည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်က ကျင့်ကြံခြင်းလောကသည် ကြီးမားသော ဘေးအန္တရာယ် တစ်ခုကို ကြုံတွေ့ခဲ့ရပါသည်။ ထိုမငြိမ်မသက်မှုအပြီးတွင် ကျင့်ကြံခြင်းလောက၏ မရေမတွက်နိုင်သော အဖိုးတန်ရတနာများ ပျောက်ဆုံးခဲ့ရပြီး ကောင်းကင်အဆင့်ကျင့်စဉ်များနှင့် အဓိက ဖြစ်ရပ်မှတ်တမ်းများ၏ များစွာသော အစိတ်အပိုင်းလည်း ပါဝင်ပေသည်။

၎င်းသည် လက်ရှိ ကျင့်ကြံသူများသည် လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ခန့်က ကျင့်ကြံခြင်းလောကအကြောင်းကို မည်သည်မျှ မသိရှိကြခြင်းကို ဆိုလိုပါသည်။ ထိုစဉ်က ဝိညာဉ်စွမ်းအင် မည်သို့ရှိသည်ကို သူတို့မသိရှိသကဲ့သို့ မည်မျှ အရည်အချင်းရှိသော ကျင့်ကြံသူများရှိခဲ့သည်ကိုလည်း မသိရှိကြပေ။ သဘာဝအတိုင်းပင် အသုံးမဝင်သော ဝိညာဉ်အမြစ်များဖြင့် ကောင်းကင်ဘုံသို့ တက်လှမ်းခဲ့သော မဟာစွမ်းအားပညာရှင်နှစ်ဦး ရှိခဲ့သည်ကို သူတို့ သိရှိနိုင်မည်မဟုတ်ပေ။

နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်တို့၏ စကားဝိုင်းသည် သူ့အတွက် ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်ပေးခဲ့တော့သည်။

ဂိုဏ်းခေါင်းဆောင်သည် နက်ရှိုင်းစွာ ထိမိခဲ့ပြီး သူ၏ ဘေးရှိ ဂိုဏ်းအကြီးအကဲများမှာမူ နားလည်သဘောပေါက်မှုသို့ ရောက်ရှိနေကြပြီ ဖြစ်ပေသည်။

ဖရဲသီးစားခြင်းစနစ်၏ စကားများ၊ အထူးသဖြင့် [စိတ်ဓာတ်က ဒုတိယ၊ ကံက တတိယ၊ အရည်အချင်း(ပါရမီ)က စတုတ္ထ] ဟူသော စကားများက သူမ၏ စိတ်ထဲတွင် အဆုံးမဲ့ ထပ်တလဲလဲ ပဲ့တင်ထပ်နေလေ၏။

၎င်းက စိတ်နေစိတ်ထား(စိတ်ဓာတ်)၊ ကံကောင်းခြင်း နှင့် အရည်အချင်းတို့တွင် ကံကောင်းခြင်း နှင့် အရည်အချင်းတို့သည် အချိုးကျအားဖြင့် ဒုတိယအဆင့်သာ ဖြစ်သည်ဟု ယူဆလေ၏။

သူမသည် ရေခဲဝိညာဉ်အမြစ် ပိုင်ဆိုင်သူဖြစ်ပြီး ကျင့်ကြံခြင်းတွင် အထူးချွန်ဆုံး ပါရမီရှင်များထဲမှ တစ်ဦးဖြစ်ကာ သူမ၏ ကံကောင်းခြင်းမှာလည်း မဆိုးခဲ့ပေ။ သူမသည် ရှားပါးသော ဆေးဖက်ဝင်အပင်များနှင့် အဖိုးတန်ရတနာများကို အမြဲ ရှာဖွေတွေ့ရှိနိုင်ခဲ့သည်။

သို့သော် သူမ၏ ကျင့်ကြံမှုသည် နှစ်ပေါင်းသုံးရာနီးပါး ရပ်တန့်နေခဲ့လေ၏။

လွန်ခဲ့သော နှစ်ပေါင်းသုံးရာအတွင်း သူမသည် အခွင့်အရေးများရှာဖွေရန် အမျိုးမျိုးသော လျှို့ဝှက်နယ်မြေများသို့ အကြိမ်ကြိမ် ဝင်ရောက်ခဲ့သော်လည်း ကံမကောင်းစွာပင် ဤမျှကြာမြင့်ပြီးနောက်တွင် သူမ၏ကျင့်ကြံမှုသည် အနည်းငယ်မျှပင် တိုးတက်လာခြင်းမရှိခဲ့ပေ။ ပိုမို စိတ်တိုပြီး စိုးရိမ်ပူပန်လာခြင်းမှအပ သူမမည်သည်မျှ မရရှိခဲ့ပေ။ သူမ ပိုမို စိုးရိမ်ပူပန်လေလေ၊ သူမ၏ ကျင့်ကြံမှုတွင် ပြဿနာများ ပိုမိုကြုံတွေ့ရလေလေပင်။

လက်ရှိတွင် သူမ၏ကျင့်ကြံမှုသည် ရပ်တန့်နေရုံသာမက ယုတ်လျော့စပြုနေပြီ ဖြစ်ပေသည်။

ဖရဲသီးစားခြင်းစနစ်၏ စကားများသည် သူမ၏နှလုံးသားထဲမှ အမှောင်ထုကို ဖယ်ရှားပေးသော ရောင်ခြည်တစ်ခုကဲ့သို့ပင် ဖြစ်သွားစေ၏။

သူမ၏ ကျင့်ကြံမှုမတိုးတက်ခြင်းမှာ သူမ၏ အရည်အချင်းညံ့ဖျင်းမှုကြောင့် မဟုတ်သကဲ့သို့ ကံမကောင်းမှုကြောင့်လည်း မဟုတ်ဘဲ သူမ၏ စိတ်နေစိတ်ထား ပြောင်းလဲသွားခြင်းကြောင့်ပင်။

သူမသည် အရည်အချင်းနှင့် ကံကောင်းခြင်းကို အမြဲတမ်း အရေးကြီးဆုံး အချက်များအဖြစ် မှတ်ယူခဲ့သော်လည်း တကယ်တမ်းတွင် သူမသည် သာမန်လူတစ်ဦးသာသာပင် ဖြစ်ခဲ့သည်။

သူမသည် မိမိကိုယ်ကို ပါရမီရှင်တစ်ဦးဟု ထင်ခဲ့ပြီး အရည်အချင်းသည် အရေးကြီးဆုံးအရာဟု ယူဆခဲ့မိပါသည်။ တကယ်တမ်းတွင် ငြိမ်းချမ်းသောစိတ်ကို ထိန်းသိမ်းထားခြင်းက အရေးအကြီးဆုံးဖြစ်လေသည်။ ဖရဲသီးစားခြင်းစနစ်ပြောသည့်အတိုင်း မှန်ကန်လှသည်– မှန်ကန်သော စိတ်နေစိတ်ထား ဖြင့်သာ ကျင့်ကြံခြင်းလမ်းကြောင်းတွင် ရေရှည်ခရီးဝေး သွားနိုင်ပေမည်။

စိတ်နေစိတ်ထား မကောင်းသူများသည် နောက်ဆုံးတွင် လမ်းပျောက်ကြပေလိမ့်မည်။ ပြီးတော့ သူမသည် သူမ၏မတည်မငြိမ်ဖြစ်နေသော နှလုံးသားကြောင့် အတိအကျပင် အရေးနိမ့်ခဲ့ရလေ၏။

ဖရဲသီးစားခြင်းစနစ်၏ ပေါ့ပေါ့ပါးပါး မှတ်ချက်တစ်ခုက သူမ နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့သော အခက်အခဲကို ဖြေလျှော့ပေးခဲ့တော့သည်။

သူမ၏ နှလုံးသားသည် လှုပ်ရှားလာပြီး ၎င်းသည် (အဆင့်တက်ရန်) အောင်မြင်မှုရရန် အကောင်းဆုံးအချိန် ဖြစ်ကြောင်း သူမ သဘောပေါက်ခဲ့ပေတော့သည်။ သူမက “ကျွန်မ အဆင့်တက်ဖို့ အရင်ပြန်နှင့်မယ်” ဟူ၍တီးတိုးပြောပြီးနောက် သူမ၏ ဓားဖြင့် ပျံထွက်သွားခဲ့လေ၏။

သူမ ကြွေးမြီရှိသော ကံကြမ္မာအကြွေးကိုမူ သဘာဝအတိုင်း စိတ်ထဲ၌ မှတ်သားထားခဲ့သည်။ သူမ အောင်မြင်မှုရရှိသည်နှင့် ပြန်ဆပ်ရန် ပြန်လာမည် ဖြစ်ပေသည်။

နဉ်ရွှီမှာမူ သူမ၏ ဖရဲသီးစားခြင်းစနစ်နှင့် ခဏတာ စကားပြောဆိုမှုက အရေးပါသော အခန်းကဏ္ဍမှပါဝင်ခဲ့ပြီး အကြီးအကဲတစ်ဦးပင် အောင်မြင်မှုရရှိရန် ကူညီပေးခဲ့သည်ကိုတော့ မသိရှိခဲ့ပေ။

မိုးလင်းရန် မဝေးတော့သည်ကို မြင်သောအခါ သူမသည် ထပ်မံတရားထိုင်ရန် ဆုံးဖြတ်ခဲ့လိုက်ချေသည်။ သူမ၏ ဝိညာဉ်စွမ်းအင်မှာ ကုန်ခမ်းနေပြီး မည်သည်မျှ မကျန်ရှိတော့ပေ။ သူမ မျက်လုံးများ ပြန်ဖွင့်သောအခါ ကောင်းကင်သည် မှောင်နေဆဲဖြစ်သော်လည်း သူမသည် ကျင့်ကြံရေးဝင်း၏ ရင်ပြင်သို့ နံနက်ခင်းအတန်းတက်ရောက်ရန် သွားရမည်ပင်။

အစ်မကြီးတစ်ဦး၏ ကြင်နာမှုကြောင့် သူမသည် ယနေ့တွင်လည်း ရင်ပြင်သို့ အောင်မြင်စွာရောက်ရှိခဲ့သည်။

သူမ ရောက်ရှိပြီး မကြာမီပင် နဉ်ရွှီ စတင် ဆာလောင်လာခဲ့တော့သည်။

မနေ့က “ရှောင်ကျဉ်ဆေး” ၏အာနိသင် ကုန်ဆုံးသွားပုံပင်။

သူမသည် သူမ၏သိုလှောင်အိတ်ထဲမှ ဆေးလုံးတစ်လုံးကို ထပ်ထုတ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်ပြီး “ဒီပစ္စည်းက တကယ်ကို ဆိုးတယ်၊ ဘာအရသာမှလည်း မရှိဘူး” ဟူ၍ဝေဖန်လိုက်ချေသည်။

ဖရဲသီးစားခြင်းစနစ်က စိတ်ပျက်စွာဖြင့် သက်ပြင်းချကာ

[ဒီကမ္ဘာငယ်က ရှောင်ကျဉ်ဆေးက ဒီလိုပဲ။ ဒါပေမယ့် နင်ကြိုက်တဲ့ အရသာရအောင် ဆေးဆရာတစ်ယောက်ကို တိုးတက်အောင်လုပ်ခိုင်းလို့ရတယ်။ ဒါမှမဟုတ် နင်ကိုယ်တိုင်လည်း လုပ်လို့ရတယ်။]

နဉ်ရွှီချက်ချင်း ငြင်းဆန်ခဲ့သည်။ “ကိုယ်တိုင်လုပ်ရတာ ပင်ပန်းလွန်းတယ်။ အပြီးသတ်ထုတ်ကုန်ကိုပဲ လိုချင်တယ်။”

ဖရဲသီးစားခြင်းစနစ်က ပြန်ဖြေလာ၏။ [ကောင်းပါပြီ၊ နင့်ကို *အချက်အပြုတ်မှာ ကျွမ်းကျင်သူတစ်ယောက်နဲ့ မိတ်ဆွေဖွဲ့ဖို့ ငါ အကြံပေးချင်တယ်။]

(T/N- အစားအသောက်ကျင့်ကြံသူပါ။ အစားအစာတွေနဲ့ လူတွေကို စွမ်းအားပိုင်းဖြစ်ဖြစ်၊ ကိုယ်ကာယပိုင်းဖြစ်ဖြစ် အားကောင်း၊ သန်မာလုပ်ပေးတာပါ။ )

နဉ်ရွှီ ပျင်းရိစွာ သမ်းဝါးပြီး “ဂိုဏ်းထဲမှာ စားဖိုမှူးတွေ ရှိတယ်လား”

[ရှိတယ်။ အနောက်တောင်ဘက်မှာ ရပ်နေတဲ့သူတွေ အကုန်လုံးက အစားအသောက်ကျင့်ကြံသူတွေပဲ။]

နဉ်ရွှီ စိတ်အားတက်ကြွလာပြီး “သူတို့ရဲ့ ချက်ပြုတ်အစွမ်းရည်တွေက ဘယ်လိုလဲ”

[မကောင်းဘူး။]

နဉ်ရွှီ၏ စိတ်အားထက်သန်မှုမှာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့တော့သည်။

အစားအသောက်ကျင့်ကြံသူများ : …

‘ဟေး၊ ဟေး၊ ဟေး၊ သူတို့ရှေ့မှာ ဒီလိုပြောတာ တကယ်ပဲ အဆင်ပြေရဲ့လား’

သူတို့သည် နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်တို့၏ စကားဝိုင်းကို အခြားသူများကြားနေရသည်အား နဉ်ရွှီ မသိရှိနိုင်ကြောင်း သိရှိလိုက်ကြပေသည်။

သူမ သိရှိခဲ့ပါက ဤမျှ ပေါ့ဆခဲ့မည် မဟုတ်ပေ။

ဤပြတ်သားသော အကဲဖြတ်မှုကို ပြုလုပ်ပြီးနောက် ဖရဲသီးစားခြင်းစနစ်က ထပ်ဖြည့်ပြောခဲ့လေ၏။

[ဒါပေမယ့် ဒါက ပုံမှန်ပဲ။ သူတို့က ခုမှစတာလေ။ သူတို့က ချက်ပြုတ်နည်းစနစ်တွေကို စနစ်တကျ မလေ့လာရသေးဘူးလေ။ သူတို့ထဲက တချို့က အလားအလာရှိတယ်လို့ ငါ ယုံကြည်တယ်။ နင် သူတို့နဲ့ မိတ်ဆွေဖွဲ့ဖို့ ငါ အကြံပေးချင်တယ်။ မကြာခင် အနာဂတ်မှာ ကျင့်ကြံခြင်းလောကက အရသာရှိတဲ့ အစားအစားတွေအမျိုးမျိုး စားရနိုင်တယ်လို့ ပြောလို့ရတယ်]

နဉ်ရွှီ စိတ်ဝင်စားလာပြီး ဆိုလေသည်။ “ကျင့်ကြံခြင်းလောကက အစားအစာတွေက… ငါတို့ရဲ့ အရင်ကမ္ဘာကဟာတွေနဲ့ အများကြီး ကွာခြားမှာပဲနော်။ ကောင်းပြီ၊ နောက်ကျမှ သွားတွေ့လိုက်ပါ့မယ်”

သူမသည် နောက်ပိုင်းတွင် ထိုအကြောင်းကို သိပ်မစဉ်းစားခဲ့သော်လည်း အစားအသောက်ကျင့်ကြံသူများမှာ စိုးရိမ်ပူပန်လာပြီး ခေါင်းများကုတ်နေမိကြတော့သည်။

'မင်း ဆက်ပြောပါဦး’

‘သူတို့ထဲမှာ ဘယ်သူက အလားအလာရှိတဲ့လူလဲ’

'ဒီမှာ လူပေါင်းဒါဇင်ချီပြီး ရှိနေတာလေ!’

'မင်းဘယ်သူ့ကို အတိအကျရည်ညွှန်းနေတာလဲ’

ကံမကောင်းစွာဖြင့် ဖရဲသီးစားခြင်းစနစ်က ထပ်မံ အသေးစိတ် ပြောဆိုခြင်းမရှိဘဲ သူတို့ကို မငြိမ်မသက်ဖြစ်စေခဲ့ပြီး အဖြေကို သိလိုစိတ် ပြင်းပြစေခဲ့လေသည်။

နဉ်ရွှီက သူမ၏ ဖရဲသီးစားခြင်းစနစ်နှင့် စကားပြောဆိုမှု ပြီးဆုံးသွားပြီဟု ထင်ခဲ့သော်လည်း သူမ စကားပြောပြီးသည်နှင့် စနစ်က ဆက်လက် ပြောဆိုလာ၏။

[နင့်ရဲ့ ဘယ်ဘက်ခြမ်းမှာ မြင်းမြီးပုံစံအမြင့်ချည်ထားတဲ့ အမျိုးသားကျင့်ကြံသူကို မြင်လား။]

နဉ်ရွှီ ဘယ်ဘက်သို့ ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည် “မြင်းမြီးပုံစံအမြင့်ချည်ထားတာတွေ အများကြီးပဲ။ ဘယ်သူ့ကို ပြောတာလဲ။”

ဖရဲသီးစားခြင်းစနစ်က လျှာဖျားတီးခေါက်ကာ(ကျစ်’ဆိုပြီး လုပ်ကာ) ပြောလာ၏။

[ကံအဆိုးဆုံးပုံစံ ပေါက်နေတဲ့တစ်ယောက်လေ]

အခြားသူများ – …

‘ဒီ ကံဆိုးသူက ဘယ်သူလဲ။’

ထိုမျက်နှာအမူအရာဖြင့် ဤညီအစ်ကိုသည် တကယ်တမ်း သူ့ကိုယ်သူဂရုစိုက်သင့်သည်။ ပေါ့ဆသော လုပ်ရပ် မလုပ်မိပါစေနှင့်။

ဖရဲသီးစားခြင်းစနစ်က ဤသို့ ပြောဆိုလိုက်သောအခါ နဉ်ရွှီသည် မည်သူဖြစ်သည်ကို လျင်မြန်စွာ ဖော်ထုတ်နိုင်ခဲ့သည်။

“မျက်လုံးမှာ အဖြူရောင်သုံးခုပါနေတဲ့ လက်ပိုက်ပြီး အနက်ရောင်နဲ့ အဖြူရောင်မင်ဆေးရောင်စုံဝတ်စုံ ဝတ်ထားတဲ့သူကို ပြောတာလား။”

[ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒီသူပဲ ဦးထုပ်စိမ်းဆောင်းခံရတဲ့သူရဲကောင်းကြီးလေ။]

အခြားသူများ : ဟင်?

ဦးထုပ်စိမ်းဆောင်းခံရသည့် သူရဲကောင်းကြီးကိုယ်တိုင် : ကောင်းပြီ၊ ခင်ဗျား ဘယ်သူ့ကို ဆိုလိုတာလဲ ကျွန်တော်သိပြီ။ ဒါက အရမ်းကို သိသာပါတယ်။

ဦးထုပ်စိမ်းဆောင်းခံရသည့်သူရဲကောင်းသည် နဂိုကတည်းက စိတ်မကောင်းစရာ ပုံပန်းသဏ္ဍာန်ဖြစ်နေခဲ့ပြီး ယခုမူ ပို၍ပင်ဆိုးရွားလာကာ အမြဲတမ်းပစ်မှတ်လွယ်ကူသူတစ်ဦးကဲ့သို့ ပုံပေါ်လာခဲ့သည်။

နဉ်ရွှီ : “နင် ဘာလို့ ဒီလိုပြောရတာလဲဆိုတာ ပိုပြီး အသေးစိတ် ပြောပြလို့ရလား။”

ဖရဲသီးစားခြင်းစနစ်က သူမကို ဆက်ပြီး မှန်းဆစေခြင်း မပြုဘဲ တိုက်ရိုက်ပြောလာခဲ့၏။

[ငါ ဒီလိုပြောတာ အကြောင်းပြချက်ရှိတယ်။ တကယ်တော့ ဒီဦးထုပ်းစိမ်းဆောင်းခံရတဲ့သူရဲကောင်းကြီးက နင်နဲ့ ဆက်စပ်နေတယ်။]

နဉ်ရွှီ၏ စိတ်ဝင်စားမှုများမှာ တိုးပွားလာပြီး “အို? ဘယ်လိုဆိုလိုတာလဲ”

[သူ့ရဲ့ အရင်ကစေ့စပ်ထားသူက နင့်ရဲ့ အရင်ကစေ့စပ်ထားသူနဲ့ ဖောက်ပြန်ခဲ့တာလေ။ တွေ့လား၊ နင်တို့နှစ်ယောက်က ဆက်စပ်နေပြီ မဟုတ်လား! နှစ်ယောက်စလုံးက နစ်နာခဲ့ရတဲ့ ဝိညာဉ်လေးတွေပါပဲ။]

နဉ်ရွှီ : “…”

၎င်းတို့သည် နစ်နာခဲ့ရသောဝိညာဉ်များ ဖြစ်သည်ဖြစ်စေ ၊ မဖြစ်သည်ဖြစ်စေ သူမသည် ၎င်းနှင့်ပတ်သက်၍ မည်သည့်ဆက်နွယ်မှုကိုမျှ အမှန်တကယ် မခံစားခဲ့ရပေ။

သူမ၏ ယခင်စေ့စပ်ထားသူ အကြောင်းကိုမူ… ထိုသူနှင့်ပတ်သက်သော မှတ်ဉာဏ်များအားလုံးကို သူမ ပြန်မရသေးပေ။ သူမ နစ်နာခဲ့ရသော်လည်း အနည်းငယ်မျှပင် ခါးသီးမှု သို့မဟုတ် ဝမ်းနည်းမှုကို မခံစားရချေ။

ရွှီရှစ်ရှင်းအား စနစ်က “အသုံးမကျသူ” ကျင့်ကြံသူအဖြစ် တံဆိပ်ခတ်ထားပြီးဖြစ်သောကြောင့် သူမသည် ခါးသီးဖို့ သို့မဟုတ် ဝမ်းနည်းဖို့ပင် မလိုအပ်ခဲ့ပေ။

ဖရဲသီးစားခြင်းစနစ်က ထိုတံဆိပ်တုံးကို ရိုက်နှိပ်ထားပြီးဖြစ်သောကြောင့် သူသည် သူ၏ဘဝတွင် မည်သည်ကိုမျှ အောင်မြင်မည်မဟုတ်ဟု ဆိုလိုပါသည်။

ထိုသို့ဆိုလျှင် အသုံးမဝင်ရန် သတ်မှတ်ထားသူတစ်ဦးအတွက် သူမအချိန်ဖြုန်းမည်လော။

မလိုအပ်ပေ!

ဖရဲသီးစားခြင်းစနစ်က ပုံရိပ်တစ်ခုကို စတင်ဖန်တီးခဲ့သည်။

[ဒါပေမယ့် အဲဒါကို သိပ်အာရုံမစိုက်နဲ့။ နစ်နာခဲ့ရတဲ့ ဝိညာဉ်တွေက အတိတ်ကပါပဲ။ အခုကစပြီး နင်က သူ မမီနိုင်တော့တဲ့သူတစ်ယောက် ဖြစ်လာလိမ့်မယ်။]

နဉ်ရွှီ : “ငါက ပထမကတည်းက ဂရုမစိုက်ခဲ့ပါဘူးနော်။”

ဖရဲသီးစားခြင်းစနစ်က မဲ့ပြုံးပြုံးပြီး

[ဝတ္ထုအများစုမှာ အဲဒီလူယုတ်မာနှစ်ယောက်ရဲ့ သစ္စာဖောက်ခြင်း ခံရပြီးနောက် နစ်နာခဲ့ရတဲ့ ဝိညာဉ်လေးတွေက ပုံမှန်အားဖြင့် မဟာမိတ်ဖွဲ့ပြီး လက်စားချေဖို့ အတူတကွ ကြံစည်တက်ကြတယ်လေ။ အဲဒီလို ဝတ္ထုအများစုမှာ နင့်ရဲ့အနေအထားကဆိုရင် သူတို့နဲ့အတူ အလုပ်လုပ်ရင်း နောက်ဆုံး ချစ်ကျွမ်းဝင်သွားပြီး လူယုတ်မာတွေကို ပြန်လက်စားချေပြီး ကျင့်ကြံတာမှာလည်း အများကြီး တိုးတက်လာတတ်ကြတယ်လေ]

နဉ်ရွှီ လေးလေးနက်နက် ခေါင်းညိတ်ပြီး “ဖြစ်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နင်ပြောသလိုပဲ၊ ပုံမှန်ဝတ္ထုတွေမှာပဲ ဖြစ်နိုင်တာ”

[အတိအကျပဲ။ နင်နဲ့ သူဆိုရင်တော့ မဖြစ်နိုင်ဘူး။]

နဉ်ရွှီသည် အသေးစိတ်ကို သိချင်နေပုံပင်။

ဖရဲသီးစားခြင်းစနစ်က လျှာဖျားတီးခေါက်ကာ လက်ညှိုးထိုးပြပြီ ရှင်းပြနေသကဲ့သို့ပုံဖြင့်

[သူက နင့်ရဲ့ အကြိုက်ပုံစံ(type) မဟုတ်ဘူး။]

[နင် နားလည်တယ်မလား။ တကယ်တော့ သူက နင်နဲ့နည်းနည်းလေးပဲ လွဲတာ မဟုတ်ဘူး၊ မီလီယံပေါင်းများစွာ လွဲနေတာ။]

[တိုတိုပြောရရင် သူက နင်နဲ့မတန်ဘူး။ နင်တို့နှစ်ယောက်က ဘယ်တော့မှလိုက်ဖက်နိုင်မှာ မဟုတ်ဘူး။ နင်တို့မှာ အဲဒီဓာတုဗေဒမိတာမျိုးလည်း မရှိဘူး။]

(T/N- chemistryမိတာ ၊ မမိတာ။ နင်တို့နှစ်ယောက် အရမ်း chemistryမိတာပဲ။ တစ်ခါတစ်လေ မြန်မာလိုပါပြောကြတယ်လေ။ ဓာတုဗေဒမိတယ် ရူပဗေဒမိတယ်နဲ့ စနောက်ကြတာမျိုးပါ)

နဉ်ရွှီ : …

“ဒီလောက်ထိ ပွင့်ပွင့်လင်းလင်းပြောဖို့ မလိုပါဘူး။”

သူမသည် ထိုဦးထုပ်စိမ်းဆောင်းခံရသည့်သူရဲကောင်း နှင့် ဇာတ်လမ်းတစ်ပုဒ်ရှိလိမ့်မည်ဟု မထင်ခဲ့သော်လည်း ဖရဲသီးစားခြင်းစနစ်၏ စကားများက သူမကို အနည်းငယ် ရှက်ရွံ့စေခဲ့ပေသည်။ ကျင့်ကြံသူများသည် နှိမ့်ချတက်သော စိတ်ထားကို ထိန်းသိမ်းထားသင့်ပါသည်။

အနီးအနားတွင် နားထောင်နေခဲ့သော ဦးထုပ်စိမ်းဆောင်းခံရသည့်သူရဲကောင်းအနေဖြင့်မူ ဓားတစ်ချောင်းက သူ၏နှလုံးသားကို ထိုးဖောက်လိုက်သကဲ့သို့ပင် ခံစားလိုက်ရလေတော့၏။

အခန်း (၆) (Chapter - 6 )

တပည့်အပေါင်းတို့သည် “ဦးထုပ်စိမ်းဆောင်းခံရသည့် သူရဲကောင်း”အား မသိမသာဖြင့်သနားစိတ်ပြည့်သော မျက်ဝန်းများဖြင့်ကြည့်ရှုကြကုန်၏။

တကယ့်ကို ဝမ်းနည်းစရာပင်။ ဤအချိန်တွင် ဦးထုပ်စိမ်းဆောင်းခံရသည့် သူရဲကောင်းသည် အစိမ်းရောင်အလင်းများ ထွက်ပေါ်နေသကဲ့သို့ပင် ထင်ရလေ၏။

ဖရဲသီးစားခြင်းစနစ်ဆီမှ အဆိပ်အတောက်နှင့်တူသော စကားများပြီးနောက် သူက ခေါင်းစဉ်ကို လျင်မြန်စွာပြောင်းလိုက်ချေသည်၊ [ဒါပေမဲ့…]

နဉ်ရွှီက ပူးပေါင်းဆောင်ရွက်ကာ မေးလိုက်သည်၊ “ ဘာကို ဒါပေမဲ့လဲ ”

[ရန်သူရဲ့ ရန်သူက ကိုယ့်ရဲ့ မိတ်ဆွေပဲဆိုတဲ့ စကားပုံရှိတယ်လေ။ အကယ်၍ပေါ့နော် လူတွေအံ့အားသင့်အောင်ထိ ဦးထုပ်စိမ်းဆောင်ခံရတဲ့သူက ထူးခြားတဲ့အောင်မြင်မှု တစ်ခုခုပြုလုပ်နိုင်မယ်ဆိုရင်၊ အဲ့ဒီ ယုတ်ညံ့တဲ့ အတွဲအတွက် ကြီးမားတဲ့ထိုးနှက်ချက် တစ်ခုဖြစ်လာမှာ သေချာတယ်။]

အယုတ်တမာနှင့် လမ်းခွဲပြီးနောက် အကြီးမားဆုံး လက်စားချေမှုက အဘယ်နည်း။

တစ်နေ့တာလုံး ငိုပြီး ဝမ်းနည်းမှုထဲ နစ်မွန်းနေခြင်းမဟုတ်ပေ။

အတိတ်ကို အမြဲတမ်းပြန်လည်အမှတ်ရပြီး တစ်နေရာတည်းတွင် ရပ်တန့်နေခြင်းလည်း မဟုတ်ပေ။

ထရပ်ပြီး ပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်းပင်ဖြစ်ပါသည်။

နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်၏ အဓိကအချက်ကို စတင်နားလည်လာခဲ့၏။ “ဒါဆို နင်ဆိုလိုတာက…”

ဖရဲသီးစားခြင်းစနစ်က ဆက်ပြောလာသည်၊ [ငါဆိုလိုတာက၊ နင်တို့နှစ်ယောက် ဘယ်တော့မှစုံတွဲ ဖြစ်လာမှာတော့မဟုတ်ဘူး၊ ပြီးတော့ နင်တို့ကြားမှာ ရိုမတ်တစ်ဆန်တဲ့ ဆက်နွယ်မှုလည်းမရှိဘူးဆိုပေမယ့် သူက တော်တော် သနားစရာကောင်းတဲ့အတွက် နင် သူ့ကို ကူညီပေးနိုင်တယ်။]

နဉ်ရွှီ ကူညီလိုခဲ့သည်၊ သို့သော် ပြဿနာမှာ “ငါ ဘယ်လိုကူညီရမှာလဲ”

သူမ၌ ဝိညာဉ်အမြစ်သုံးခုသာ ရှိပြီး အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံးဆယ်ခုမှလွဲ၍ အခြားဘာမှမရှိပေ။ သူမသည် ဦးထုပ်စိမ်းဆောင်းခံရသည့် သူရဲကောင်းအား မည်သို့မျှကူညီနိုင်မည်မဟုတ်ချေ။

[ကောင်းပြီ၊ စောစောစီးစီးပဲဖြစ်ဖြစ်၊ နောက်ကျတာပဲဖြစ်ဖြစ် နင်အခွင့်အရေးရမှာပါ။ ဒါပေမယ့် နင် သူ့ကို ခိုးကြောင်ခိုးဝှက်နဲ့ ကူညီရမယ်၊ ဒါမှ နင် အရှုပ်အထွေးတွေကနေ ကင်းဝေးမှာ။]

ဦးထုပ်စိမ်းဆောင်းခံရသည့် သူရဲကောင်း : '… အဲ့ဒါ မလိုအပ်ပါဘူး၊ သူ မဝံ့ရဲပါဘူး။'

နဉ်ရွှီ : '… ဦးထုပ်စိမ်းဆောင်းခံရသူကို အထင်သေးတာ များလွန်းနေတယ် မဟုတ်ဘူးလား။'

သူတို့နှစ်ဦး စကားပြောနေကြစဉ် ဂိုဏ်းချုပ်သည် ရင်ပြင်သို့ အချိန်မှီရောက်ရှိလာခဲ့သည်။ ဆိုလိုသည်မှာ ပင်ပန်း၍ ခက်ခဲသောနံနက်ခင်းသင်ခန်းစာများ စတင်တော့မည်ဖြစ်ပေသည်။

နဉ်ရွှီသည် အာရုံစိုက်ပြီး စိတ်ပါဝင်စားစွာ နားထောင်ရန်ကြိုးစားလာခဲ့၏။

ဖရဲသီးများကို စားသုံးနိုင်ရန် သူမ ကြိုးစားလုပ်ဆောင်ပြီး တိုးတက်ရမည်။

သူမ အဆင့်တက်သွားသည်နှင့် ပို၍ပင် စိတ်လှုပ်ရှားဖွယ်ရာ ဖရဲသီးများကိုစားသုံးနိုင်မည်ဖြစ်ပြီး၊ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသောအခါ အတင်းတုပ်ခံရမည့်သူများရှိရာ ကြီးမားသောပွဲများအား တိုက်ရိုက်ကြည့်ရှုနိုင်တော့မည်ဖြစ်သည်။

သို့သော် ဝမ်းနည်းဖွယ်ရာမှာ သူမ ဘာမှနားမလည်ခဲ့ပေ။ သူမ တကယ့်ကို နားမလည်ခဲ့ပေ။ (T/n - မနက်ခင်းသင်ခန်းစာတွေနားမလည်တာပါ)

ဖရဲသီးစားခြင်းစနစ်က ညည်းညူလာ၏၊ [နင် နားမလည်တာ မဆန်းပါဘူး။ သူပြောနေတာက တကယ်တော့ မခက်ခဲပါဘူး။ သူက ပိုပြီး ရိုးရှင်းတဲ့ နည်းလမ်းနဲ့ ရှင်းပြနိုင်ပေမယ့် အဲ့ဒီအစား သူက ရှုပ်ထွေးအောင်လုပ်နေတာ။]

နဉ်ရွှီသည် မသိစိတ်ကပင် သူမ၏ အသံကိုနိမ့်လိုက်မိသည်၊ “အာ? ဘာဖြစ်လို့လဲ”

ဖရဲသီးစားခြင်းစနစ်က တည့်တိုးဆန်စွာပြောလာ၏။ [သူက ပညာရှိဟန်ဆောင်တာတော့ မဟုတ်ပါဘူး။ သူရဲ့အရည်အချင်းကတော့ မပြည့်မီသေးဘူး။ နောင်မျိုးဆက်တွေမှာဆိုရင် သူ့လိုမျိုး သင်ကြားတဲ့ ဆရာကတော့ မိဘ‌တွေတိုင်ကြားတာခံရမှာ သေချာပေါက်ပဲ။ ]

ကျောင်းသားများ နားမလည်ဘူးဆိုလျှင် သူ၏ ကိုယ်ရေးရာဇဝင် မည်မျှထူးခြားသည်၊ ဆုများ၊ ဂုဏ်ထူးဆောင်ဘွဲ့များ မည်မျှ များပြားသည်ဖြစ်စေ အသုံးမဝင်တော့ချေ။ သင်ကြားခြင်းသည် ကျောင်းသားများ နားလည်လွယ်ရန်သာ ဖြစ်ရမည်။

နတ်ဘုရားအဖြစ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည့် ဂိုဏ်းချုပ် : …..

သူ နှစ်ကြိမ်လောက် ချောင်းဆိုးပြီးနောက်၌ အတန်းကို ခဏရပ်လိုက်သည်။ ထို့နောက်၌ သူက သူ့တပည့်များကို “နားမလည်တာများ ရှိပါသလား၊ တပည့်တို့” ဟုမေးလိုက်၏။

အသစ်ဝင်လာသောတပည့်များ အတွင်းဂိုဏ်းကဖြစ်စေ၊ အပြင်ဂိုဏ်းကဖြစ်စေ သူကိုယ်တိုင် ဦးဆောင်သင်ပေးခဲ့သည်။ သင်ခန်းစာကို နားမလည်ကြောင်း ပြောဆိုသည့် တပည့်တစ်ဦးမျှ မရှိခဲ့ဖူးပေ။

သူ၏ သင်ကြားနည်းချွတ်ယွင်းနေသည်ဟု သူ မထင်ခဲ့ဖူးပေ။

ဤစကားကို ကြားပြီးနောက် တပည့်များသည် တိတ်ဆိတ်သွားကြကုန်သည်၊ ယုံကြည်မှုရှိသော အနည်းငယ်သောသူတို့သာ “မေးချင်ရာ မေးပါ” ဟူသော အမူအရာများကို ပြသကြ၏။

တပည့်အများစု၏ ဗလာ ဖြစ်ပြီး ရှုပ်ထွေးနေသော ပုံစံများမှာ ထင်ရှားလွန်းလှသည်။

[တွေ့လား။ နင်တစ်ယောက်တည်း နားမလည်တာ မဟုတ်ဘူး။ ဝမ့်ရှင်းဂိုဏ်းက တစ်နှစ်ပြီးတစ်နှစ် ဘာကြောင့် အဆိုးဆုံးဖြစ်လာတာလဲ။ ထိပ်တန်းဂိုဏ်းဆယ်ဂိုဏ်းထဲမှာ ဘာကြောင့် သတ္တမနေရာရောက်နေတာလဲဆိုတာ အံ့ဩစရာမလိုတော့ပါဘူး။ အတိတ်ကိုပြန်ကြည့်ရင် ဝမ့်ရှင်းဂိုဏ်းက ကျင့်ကြံခြင်းလောကရဲ့ ထိပ်ဆုံးနေရာကိုတောင် ရောက်ဖူးတယ်။ ]

ကံမကောင်းစွာဖြင့် နှစ်ပေါင်းများစွာကြာပြီးနောက် ဝမ့်ရှင်းဂိုဏ်းသည် သိသိသာသာ ကျဆင်းသွားခဲ့ပြီး ယခင်ကကဲ့သို့ ဂုဏ်ယူဖွယ်ရာမရှိတော့ချေ။

ဂိုဏ်း၏ တပည့်များသည် ဤစကားကိုကြားသောအခါ အံ့အားသင့်သွားကြကုန်၏။

မှတ်တမ်းများ(စံချိန်များ)စတင်ကတည်းက ဝမ့်ရှင်းဂိုဏ်းသည် ထိပ်တန်းဂိုဏ်းကြီးဆယ်ဂိုဏ်းတွင် အဆင့်မြင့်ခဲ့သည်ဟူ၍ မရှိခဲ့ပေ။ ၎င်းတို့သည် တစ်ချိန်က ခေါင်းဆောင်(ထိပ်ဆုံးနေရာ) ဖြစ်ခဲ့ဖူးသည်ဟု မည်သူမျှတွေးထင်မိမည်မဟုတ်ပေ။

ထိုအချိန်က လက်ရှိနံပါတ်တစ်ဂိုဏ်းမှာ မည်သည့်နေရာတွင် ရှိနေသနည်း။

ကံမကောင်းစွာဖြင့် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က မှတ်တမ်းများသည် ကြာမြင့်စွာကတည်းက ပျောက်ဆုံးခဲ့ပြီး ယခုအခါ ၎င်းတို့သာ ဝမ့်ရှင်းဂိုဏ်း၏ အတိတ်က ဂုဏ်ယူဖွယ်ရာဘုန်းအာနုဘော်များကို သိကြတော့သည်။ သို့သော် ထိုအတိတ်က ဂုဏ်ယူဖွယ်ရာများသည် ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ တစ်စုံတစ်ယောက်က တောက်ပမှုအသစ် တစ်ခုကို ဖန်တီးနိုင်ရင် ကောင်းပေမည်။

ဤသို့ ပြောပြီးနောက် ဖရဲသီးစားခြင်းစနစ်က တီးတိုးပြောလေ၏။ [တကယ်တော့ သူပြောခဲ့တာတွေ အများစုက အဓိပ္ပာယ်မဲ့တယ်၊ လုံးဝ အသုံးမဝင်ဘူး၊ စကားလုံးအရေအတွက်ကို များအောင်လုပ်ပြီး နက်နဲအောင်လုပ်ပြတာပဲ။ ရိုးရှင်းအောင် ပြောရရင် “စိတ်ကို စုစည်းပါ၊ နှလုံးသားကို ငြိမ်သက်ပါစေ၊ ကိုယ့်ရဲ့ တာအိုကိုဆုပ်ကိုင်ထားပါ” ဆိုတဲ့ ရိုးရှင်းတဲ့ စကားလုံးရှစ်လုံးပဲရှိတယ်။]

နဉ်ရွှီသည် ခေါင်းညိတ်လိုက်ချေသည်။ “ခုလို ပြောလိုက်တော့ ကျွန်မ နားလည်သွားတယ်”

[ဟုတ်တယ်မဟုတ်လား။ ဒီနည်းနဲ့ဆို ပိုရိုးရှင်းတာပေါ့။]

“ဟုတ်တယ်။”

ဖရဲသီးစားခြင်းစနစ်သည် စက္ကန့်အနည်းငယ်ကြာမျှ တည်ကြည်နေခဲ့ရာမှ ရုတ်တရက် အော်ဟစ်လိုက်သည်၊ “အိုး! ဖရဲသီးကြီးပဲ!”

နဉ်ရွှီက လျင်မြန်စွာစိတ်ဝင်တစားဖြစ်သွား၏၊ “ဟင်? ဘာဖရဲသီးကြီးလဲ။ ဘာဖရဲသီးကြီးလဲလို့”

ဖရဲသီးစားခြင်းစနစ်က ဖရဲသီးကြီးတစ်လုံးအကြောင်း ပြောသည်နှင့် အခြားတပည့်များအားလုံးလည်း စိတ်ဝင်တစားဖြစ်သွားကြကုန်သည်။ သူတို့အားလုံး နားထောင်ရန် နီးကပ်စွာမှီလိုက်ကြပြီး ဂိုဏ်းချုပ်ပင် သူ၏ပို့ချမှုအရှိန်ကို လျှော့ချကာ သူ၏အာရုံစိုက်မှုအားလုံးကို နဉ်ရွှီဘက်သို့ ဦးတည်လိုက်လေ၏။ သို့သော် ထိုစကားတို့ကို ဖရဲသီးစားခြင်းစနစ် ပြောပြီးနောက်တွင် ဆက်လက်ပြောဆိုလာခြင်းမရှိတော့ပေ။

နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်၏ ပုံမှန်အပြုအမူကို ကျွမ်းကျင်သောကြောင့် ဝိညာဉ်စွမ်းအင် နည်းပါးခြင်းကြောင့်ဖြစ်ကြောင်း ချက်ချင်းသိလိုက်တော့သည်။

ကံမကောင်းစွာဖြင့် သူမသည် ရင်ပြင်တွင်ရှိနေသေးသဖြင့် ထိုင်ခြင်း သို့မဟုတ် အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူကာ စွမ်းအင်စုပ်ယူရန် အဆင်မပြေပေ။ ပြန်ရောက်ပြီးမှသာ ဖရဲသီးကို ဖြည်းဖြည်းချင်း စားသုံးရတော့မည်ဖြစ်သည်။

နဉ်ရွှီမှာ သိပ်စိတ်ပျက်မသွားပေ။ မည်သို့ပင်ဆိုစေ သူမသည် နောက်ဆုံးတွင် ဖရဲသီးကို စားသုံးရမည်ပင်။ သူမပတ်ဝန်းကျင်မှ တပည့်များသာ ကံမကောင်းသူများဖြစ်ကြလေ၏။

သူမ ဖရဲသီးကို ပြန်ရောက်ပြီးမှစားသုံးပါက သူတို့ကြားနိုင်မည်မဟုတ်ပေ။

ဟုတ်ပေသည်၊ သူတို့သည် နဉ်ရွှီ နေထိုင်ရာ (ဝမ်ချွမ်တောင်ထိပ်)မေ့လျော့မြစ်တောင်ထိပ်ထဲသို့ ခိုးဝင်နိုင်ကြပါသည်။ သို့သော် သူတို့သည် အခြားတောင်ထိပ်များမှ ပြင်ပတပည့်များဖြစ်ကြသောကြောင့် သူမ၏ တောင်ထိပ်သို့ တစ်စုတစ်ဝေးတည်းပြေးဝင်လာပါက မသင့်လျော်ပေ။

နဉ်ရွှီသည် သူမ၏ အတန်းဖော်များ၏ ရှုပ်ထွေးသောအတွေးများကို လုံးဝသတိမထားမိခဲ့ပေ။

ဂိုဏ်းချုပ်ပင် သူ၏ အတန်းကို အာရုံစိုက်မနေတော့ဘဲ သူ၏အမူအရာမှာ စဉ်းစားငေးမောနေခဲ့၏။

ဖရဲသီးစားခြင်းစနစ်၊ ယခင်ကပြောခဲ့သည့်အရာက သူ့ကို လှုံ့ဆော်မှုများစွာပေးခဲ့ပေသည်။ သူသည် ဤနည်းလမ်းဖြင့် နှစ်ပေါင်းနှစ်ရာကျော်သင်ကြားခဲ့ပြီး၊ ယခုအခါ သူ၏ နည်းလမ်းများကို ပြောင်းလဲရန် အချိန်ကျပြီဖြစ်နိုင်သည်ဟု ယူဆမိပါသည်။

ဖရဲသီးစားခြင်းစနစ်၊ မပြောခင်က သူ၏သင်ကြားဟန်တွင် ပြဿနာရှိနိုင်သည်ဟု သူဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပေ။ သို့သော် ယခုအခါ ကြားရသောအခါ သူသည် အမြင်ကျဉ်းမြောင်းပြီး ရှေးရိုးစွဲဖြစ်ခဲ့ကြောင်း သိလိုက်ရတော့သည်။

နတ်ဘုရားအဆင့်သို့ ရောက်ခါနီးဖြစ်သော ဂိုဏ်းချုပ်သည် သင်ခန်းစာကို ဆက်လက်သင်ကြားရန် စိတ်မဝင်စားတော့ပေ။ သူသည် သူ၏ နေအိမ်သို့ပြန်ပြီး ကိစ္စရပ်ကို ဆင်ခြင်သုံးသပ်ကာ သင်ကြားရေးအကြောင်းအရာကို မြှင့်တင်ဖို့စဉ်းစားရန် စီစဉ်ခဲ့လေ၏။

“ဒီနေ့ သင်ခန်းစာအတွက် ဒီလောက်ပါပဲ” ဟု ပြောပြီးနောက် သူသည် ချက်ချင်းထွက်ခွာသွားရာ၊ တပည့်များ၏အမြင်အာရုံမှ မျက်စိတစ်မှိတ်အတွင်း လုံးဝကွယ်ပျောက်သွားတော့သည်။

ဂိုဏ်းချုပ်ထွက်ခွာသွားသည်နှင့် နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်၏ သတိပေးချက်ကို မမေ့ခဲ့ပေ။

သူမ မည်သို့ ပြောသင့်သနည်း။

ဤဘဝတွင် သူမသည် အစားအစာကျင့်ကြံသူတစ်ဦး ဘယ်သောအခါမျှဖြစ်လာမည် မဟုတ်သော်လည်း အနည်းဆုံးတော့ကောင်းသော အစားအစာမြတ်နိုးသူတစ်ဦး ဖြစ်နိုင်ပါသည်။

သူမသည် ကောင်းသောအစားအစာမြတ်နိုးသူတစ်ဦး ဖြစ်လိုသဖြင့် အနာဂတ်၌အစားအစာကျင့်ကြံသူများ နှင့် ကောင်းမွန်သောဆက်ဆံရေးများ ကြိုတင်တည်ဆောက်ထားရန် အရေးကြီးပေသည်။

သူမသည် အစားအစာကျင့်ကြံသူများအုပ်စုထံသို့ ဖြည်းဖြည်းချင်းလျှောက်သွား၏၊ မည်သို့သဘာဝကျကျ နှုတ်ဆက်ရမည်ကို စဉ်းစားနေဆဲတွင်

သူတို့က သူမထံသို့ ဦးစွာနှုတ်ဆက်လာ၏။

“တာအိုမိတ်ဆွေ၊ မင်္ဂလာပါ”

“ မင်္ဂလာနေ့လည်ခင်းလေးပါ တာအိုမိတ်ဆွေ”

နဉ်ရွှီသည် အစားအစာကျင့်ကြံသူများထံမှ ထိုမျှလောက် ဖော်ရွေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သို့သော်ငြားလည်း သူမပြန်စဉ်းစားလိုက်သောအခါ ချက်ချင်းနားလည်သွားခဲ့သည်။ အစားအစာကျင့်ကြံသူများအဖြစ် ရွေးချယ်သူအများစု၏ ဝိညာဉ်အမြစ်များသည် မကောင်းမွန်ပေ။ ကောင်းမွန်ပြီး အရည်အချင်းရှိသူများက ဓားကျင့်ကြံမှုဘက်သို့ သွားကြမည်ပင်။ သူမသည် ဝိညာဉ်အမြစ်သုံးခုရှိပြီး သူတို့လည်း သူမနှင့် အတူတူပင်ဖြစ်နိုင်လောက်သည်။

ဖြစ်နိုင်သည်မှာ သူတို့အားလုံးသည် ဘဝတူများဖြစ်ကြသောကြောင့် သူမအပေါ် စိတ်အားထက်သန်ပြီး ရင်းနှီးဖော်ရွေသော သဘောထားရှိခြင်းဖြစ်မည်။

နဉ်ရွှီသည် သူမရရှိသည့် စိတ်ရင်းသဘောထားအတိုင်း ပြန်လည်တုံ့ပြန်တတ်သူဖြစ်ပါသည်၊– သူတို့က နွေးထွေးပါက သူမလည်းနွေးထွေးမည်၊ အေးစက်ပါက သူမလည်း အေးစက်မည် ဆိုသော လူအမျိုးအစားဖြစ်ပေသည်။ အစားအစာကျင့်ကြံသူများက ဖော်ရွေသောအချက်ပြမှုများကို ပြသနေပြီဖြစ်သောကြောင့် သူမသည် သဘာဝအတိုင်း နောက်ကျကျန်ရစ်၍မဖြစ်ပေ။

သူမက သူတို့ကို ရွှင်ရွှင်ပြုံးပြလိုက်၏၊ “မင်္ဂလာပါ၊ တာအိုမိတ်ဆွေတို့။”

“မင်္ဂလာပါ၊ မင်္ဂလာပါ”

“စားချိန် နီးနေပြီ။ ဘာများစားဖို့စီစဉ်ထားလဲ”

နဉ်ရွှီသည် ခါးသီးစွာပြုံးပြီး ခေါင်းခါလိုက်ချေသည်၊ “ကျွန်မ မနက်စာအတွက် *ဝိညာဉ်သန့်စင်ဆေးပြားစားပြီးပြီ။ ဒီနေ့ တခြား ဘာမှမလိုအပ်တော့ပါဘူး။”

(T/N- အခန်း(၁)မှာပါခဲ့တဲ့ ရှောင်ကျဉ်ဆေး(ပီကူ) နဲ့ အတူတူပါပဲ)

အစားအစာကျင့်ကြံသူများထဲမှ အရပ်ရှည်ရှည်၊ ကိုယ်ခန္ဓာသွယ်လျပြီး စိတ်အားထက်သန်သော(တက်ကြွသော) မျက်လုံးများရှိသည့် အမျိုးသမီးကျင့်ကြံသူတစ်ဦးက ဤစကားကိုကြားသောအခါ ပြောလာ၏၊ “ဝိညာဉ်သန့်စင်ဆေးပြားတွေမှာ အရသာမရှိဘူး။ တော်တော်လေးကို အရသာမရှိတာ။ တာအိုမိတ်ဆွေ၊ ကျွန်မတို့ကံပါလို့ ဆုံကြတာဖြစ်တဲ့အတွက် နေ့လယ်စာအတွက် အိမ်လုပ်ဟင်းပွဲတချို့ပြင်ဆင်နေတာ၊ ဘာလို့ လာပြီး မြည်းစမ်းမကြည့်တာလဲ။”

နဉ်ရွှီသည် ထိုကဲ့သို့သော ဖိတ်ခေါ်မှုကိုမမျှော်လင့်ခဲ့ပေ။

သူမ ပျော်ရွှင်စွာသဘောတူလိုက်၏။ “ကောင်းပြီလေ”

၎င်းက အချိန်ကိုက်ပင်၊ သူမက သူတို့၏ ချက်ပြုတ်နိုင်မှုစွမ်းရည်အား မြည်းစမ်းချင်စိတ် ပြင်းပြနေသလို ဖရဲသီးစားခြင်းစနစ်က ပြောချဲ့သော “အလားအလာရှိသူ” ဟာ ဘယ်သူတွေလဲဆိုသည်ကိုလည်း သိချင်နေပေသည်။

သူမတင်မက‌၊ ဤအစားအစာကျင့်ကြံသူများလည်း သိချင်စိတ် ပြင်းပြနေကြလေ၏။

သို့‌တိုင် ကံမကောင်းစွာပဲ ဖရဲသီးစားခြင်းစနစ်က တိတ်ဆိတ်သွားပြန်သည်၊ စကားတစ်ခွန်းမှ ထပ်မပြောချင်တော့ချေ၊ ဘာကြောင့်လဲဟု မေးမည်ဆိုလျှင် ဝိညာဉ်စွမ်းအင် ကုန်သွားသောကြောင့်ပင်။

သူတို့သည် အစားအစာကျင့်ကြံသူများ၏ နေထိုင်ရာတောင်ထိပ်သို့ ရောက်သောအခါ နဉ်ရွှီသည် ကျောက်တုံးကြီးတစ်ခုပေါ်တွင် အေးဆေးစွာထိုင်ကာ အစားအစာကို စိတ်ရှည်စွာစောင့်ဆိုင်းနေခဲ့သည်။

အစားအစာကျင့်ကြံသူများမှာ ကိုယ်ပိုင်အိုးများရှိကြပါသည်။

အိုးများသည် အရွယ်အစား၊ ပုံသဏ္ဍာန်နှင့် ပစ္စည်းများကွဲပြားကြပေသည်။

နဉ်ရွှီသည် အိုးတစ်လုံးမှာ အထူးပုံစံရှိပြီး ပင်လယ်ခရုပုံသဏ္ဍာန်နှင့်တူနေသည်အား သတိပြုမိလေ၏။

[မင်း… မ… မှား… ဘူး… ဒါက… ပင်လယ်ခရု… တစ်လုံး…ယွမ်ယင်….အဆင့်… ပင်လယ်ခရုပဲ။]

နဉ်ရွှီက သက်ပြင်းချလိုက်မိသည်၊ “အခုလောလောဆယ် စကားမပြောဘဲနေတာ ပိုကောင်းမယ် မထင်ဘူးလား”

ဤပြတ်တောင်းပြတ်တောင်း (စက်အသံ)အီလက်ထရွန်းနစ်အသံမှာ တကယ့်ကို ညှဉ်းပန်းနှိပ်စက်မှု တစ်ခုဖြစ်ပါသည်။

“ဒီလို ထူးခြားတဲ့အိုးရှိတယ်ဆိုရင် သူမက အလားအလာရှိတဲ့သူဖြစ်ရမယ် မဟုတ်လား”

မည်သူက ပင်လယ်ခရုကို အိုးအဖြစ်သုံးရန် စဉ်းစားမည်နည်း။ ထို့အပြင် ခရုခွံ၏အရောင်၏ဟာ အရမ်းကြည်လင်နေပြီး သာမန်ပစ္စည်းတစ်ခု မဟုတ်ကြောင်း ချက်ချင်းသိသာစေပါသည်။ မီးဖြင့်လောင်ကျွမ်းနေတာတောင်မှ ပျက်စီးခြင်းဟူသော လက္ခဏာမပြချေ။

နဉ်ရွှီ၊ ကိုယ့်ဘာသာတီးတိုးပြောနေချိန်မှာ ဖရဲသီးစားခြင်းစနစ်က အားအင်ချိနဲ့စွာဖြင့် ပြောလာ၏။ [အ…မ်း။]

နဉ်ရွှီ : …

“ရပြီ၊ ရပြီ နင်နဲ့ စကားမပြောတော့ဘူး။ ငါ့ကို ပြန်ဖြေစရာမလိုတော့ဘူး။”

ဤစကားပြောဆိုမှုကို ကြားပြီးနောက် ပင်လယ်ခရုအိုး ပိုင်ရှင်၏ မျက်လုံးများရုတ်တရက် တောက်ပသော အလင်းရောင်များထွက်ပေါ်လာခဲ့၏။

'သူက အလားအလာရှိသူတစ်ယောက်ဖြစ်နေတာပဲ!

သူက တကယ်ကို အလားအလာရှိသူ တစ်ယောက်ပဲ!!'

ထိုအချိန်မှာ သူမ၏ နှလုံးသားထဲ၌ ရည်မှန်းချက်များနှင့်သာ ပြည့်နေတော့၏။

သူမ နဉ်ရွှီကြိုက်နှစ်သက်မည့် ဟင်းတစ်ခွက်ကို ချက်ပြုတ်ရမည်၊ ထိုမှသာ “အလားအလာရှိသူ” ဆိုသောနာမည်နှင့် ထိုက်တန်မှာပင်။

အခြား အစားအစာကျင့်ကြံသူများလည်း အလေးအနက်ဖြစ်လာကြပြီး တစ်ဦးစီ သူတို့၏အကောင်းဆုံးစွမ်းရည်များကို ထုတ်သုံးကြကုန်သည်။ ဤအချိန်၌ မည်သူမျှမထိမ်ချန်ဘဲ အမြီးဖြန့်ထားသော ဒေါင်းများကဲ့သို့ သူတို့၏အကောင်းဆုံးအပိုင်းအား ပြသရန် ကြိုးစားနေကြလေ၏။

အလားအလာရှိသူတစ်ဦး ပေါ်လာပြီဆိုလျှင် နောက်ထပ်တစ်ဦးဟာ မည်သူ ဖြစ်လာမည်နည်း။

ဤအချိန်၌ အစားအစာကျင့်ကြံသူတိုင်း၏ နှလုံးသားသည် ရည်မှန်းချက်များ တိုးမြင့်လာလေသည်။

သူတို့၏ ဟင်းပွဲကလုံလောက်စွာ အရသာရှိနေသရွေ့ နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်က သူတို့ကို သတိပြုမိမှာသေချာပါသည်။

ခဏတာမျှ လေထဲတွင် အရသာရှိသော အစားအစာနံ့များ ပြန့်လွင့်နေပေသည်။

နဉ်ရွှီသည် လွန်ခဲ့သော နာရီအနည်းငယ်က ဝိညာဉ်သန့်စင်ဆေးပြားကို စားသုံးခဲ့ပြီးဖြစ်သော်လည်း ဤပြင်းထန်သောမွှေးရနံ့အား ရလိုက်သောအခါတွင်တော့ ဆာလောင်လာခဲ့တော့သည်။

သူမသည် အစားအစာကျင့်ကြံသူများကို ဒုတိယ အလားအလာရှိသောသူတစ်ဦးအား ရှာဖွေရန်ရည်ရွယ်ချက်မရှိဘဲ ကြည့်နေစဉ် ဖရဲသီးစားခြင်းစနစ်သည် ခဏတာမျှ တိတ်ဆိတ်နေပြီးမှ ပြန်လည်ပြောဆိုလာ၏၊

[အိုး… အံ့သြ…စရာပဲ! အရမ်း… စိတ်လှုပ်..ရှားစရာ…ကောင်းတယ်!]

နဉ်ရွှီ : ???

အခြားအစားအစာကျင့်ကြံသူများ : ???

နဉ်ရွှီက စိတ်ထဲတွင်လျင်မြန်စွာ မေးလိုက်မိသည်၊ “ဘာများ စိတ်လှုပ်ရှားစရာကောင်းတာလဲ”

“ငါ့ကိုလည်း နား‌ထောင်ခွင့်ပေးပါဦးဟ”

ဖရဲသီးစားခြင်းစနစ် ပြောခဲ့ပုံကို ကြည့်ခြင်းအားဖြင့် သူ ခုနကဖရဲသီးကြီးတစ်လုံး စားလိုက်ပုံပေါက်နေသည်မဟုတ်လား။

ကံမကောင်းစွာဖြင့် ဖရဲသီးစားခြင်းစနစ်သည် ဆက်သွယ်မှုပြတ်တောက်သွားသည့်နှယ် တိတ်ဆိတ်နေပြီး မည်သည့်အဖြေမှမပေးတော့ချေ။

နဉ်ရွှီ : ကောင်းပြီ၊ ကောင်းပြီ၊ နင်က ဒီလို ကစားချင်တာ‌ပေါ့။

‘စောင့်လိုက်ပါဦး၊ သူ(မ) ဒီအစားအစာကို စားပြီးတာနဲ့ သူ(မ)ရဲ့ အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံးတွေကို ချက်ချင်း အသုံးပြုလိုက်တော့မယ်၊ တစ်စက္ကန့်လေးတောင် မနားဘူး!

……….

All Chapters