အခန်း (၇-၈)
Vol. 1 Ch. 7-8
အခန်း (၇) (Chapter – 7)
နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်က လူတစ်ဦးကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းအောင် ဘယ်လိုလုပ်ရမယ်ဆိုသည်အား တိတိကျကျသိကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။
၎င်းသည် စွမ်းအင်လုံးဝကုန်ခမ်းသွားခြင်း မဟုတ်ပေ။
အတင်းအဖျင်းရှိသည့်အခါတိုင်း စကားအနည်းငယ် ထွက်လာပြီးနောက် ပျောက်ကွယ်သွားကာ တုံ့ပြန်မှုများကို တံငါမျှားနေခြင်းသာဖြစ်ပေသည်။
‘အရမ်း… စိတ်လှုပ်ရှား..စရာ..ကောင်းတယ်!’ ဟု ယခင်က ပြောပြီးနောက် ထပ်မံ ဘာမှမပြောလာတော့ပေ။ စနစ်၏ CPUကို အပူလွန်ကဲအောင် လုပ်မိမှာစိုးလို့ပေလော။ စကားများများ ပြောမိလျှင် သူ့ပါးစပ်လောင်သွားမှာစိုးလို့ပေလော။ စကားများများပြောမိလျှင် သူ့ပါးစပ်လုံးဝ ပိတ်သွားမှာဆိုးလို့ပေလော။
နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်ကို လက်ညှိုးထိုးပြောနေစဉ်အတွင်း သူမရှေ့တွင် လှပစွာစီစဉ်ထားသော ဝိညာဉ်သားရဲဟင်းပွဲတစ်ခုသည် ရုတ်တရက် ပေါ်လာခဲ့၏။
သူမက အနည်းငယ် မော့ကြည့်လိုက်ချိန် ရှက်ရွံ့နေသည့် လူငယ်လေးတစ်ဦး၏ မျက်နှာကိုမြင်လိုက်ရပေသည်။ သူ၏တောက်ပသော မျက်လုံးများနှင့် အနည်းငယ်စေ့ထားသော နှုတ်ခမ်းများတွင် စိတ်အားထက်သန်သော မျှော်လင့်ချက်အပြည့်ပါသည့် အမူအရာတစ်ခုရှိနေလေ၏။
“တာအိုမိတ်ဆွေ၊ ဒီဟင်းပွဲကို အဆင့်နိမ့် ဝိညာဉ်သားရဲအသားအမျိုးမျိုးနဲ့ လုပ်ထားတာပါ။ မြည်းစမ်းကြည့်ပါလား”
နဉ်ရွှီက မစဉ်းစားဘဲ ချက်ချင်းပြန်ဖြေလိုက်သည်၊ “ကောင်းပြီ”
ပြောရလျှင် ဟင်းပွဲများသည် လှပစွာ စီစဉ်ထားပါသည်။ သူမသည် မုန်လာဥနီကို နှင်းဆီပန်းများအဖြစ် ထွင်းထားသည်ကို ယခင်ကသာ မြင်ဖူးသော်လည်း ချက်ပြုတ်ထားသော အသားများကိုအမျိုးမျိုးသော သစ်သီးပုံသဏ္ဍာန်များအဖြစ် ထွင်းထားသည်ကို ယခုမှသာ ပထမဆုံး မြင်ဖူးခြင်းဖြစ်လေသည်။
သူမက ‘စပျစ်သီး’ တစ်လုံးကို ပေါ့ပေါ့ပါးပါးကောက်ယူပြီး ပါးစပ်ထဲ ထည့်လိုက်၏။
၎င်း၏ အရသာကောင်းမွန်ပုံကြောင့် သူမအံ့သြသွားခဲ့ရသည်။
‘စပျစ်သီး’ တွင် လတ်ဆတ်ပြီး နူးညံ့သောအသားဓာတ်ရှိပြီး ကိုက်လိုက်သောအခါပင် အရည်များထွက်လာလေ၏။
အတွင်းရှိ အရည်တွင်အနည်းငယ်သော စပျစ်ရနံ့ပါရှိသော်လည်း အရမ်းပြင်းခြင်းမရှိပေ။ ၎င်းသည် ဝိညာဉ်သားရဲအသားအား ပိုမိုမြှင့်တင်ပေးကာ လတ်ဆတ်ပြီး အဆီမပြန်သော(ဆီမရွှဲ) အရသာကို ဖြစ်ပေါ်စေပေသည်။
သူမ၏ စိတ်ထဲတွင် နဉ်ရွှီသည် ဤဟင်းပွဲကိုလက်မထောင်ကာ အကြီးအကျယ် ချီးကျူးလိုက်တော့သည်။
“ဒီ အစားအစာကျင့်ကြံသူချက်ထားတဲ့ အစားအစာမှာ ကြွယ်ဝတဲ့ ဝိညာဉ်စွမ်းအင်ပါဝင်တယ်!”
“စားပြီးတော့ ကျွန်မရဲ့ ဝိညာဉ်စွမ်းအင်တော်တော်လေး ပြန်လည်ကောင်းမွန်လာတယ်!”
“ဒါ အလားအလာရှိတဲ့သူဖြစ်ရမယ်၊ မဟုတ်ဘူးလား”
သူမသည် ဤနေရာသို့ ခုမှ ရောက်ရှိလာပြီး မူရင်းပိုင်ရှင်၏ မှတ်ဉာဏ်အချို့ကို အမွေဆက်ခံထားသော်ငြား ယေဘုယျအားဖြင့် အစားအစာကျင့်ကြံသူများ၏ ဟင်းပွဲများတွင် ဝိညာဉ်စွမ်းအင်အနည်းငယ် ပါဝင်သော်လည်း များများစားစား မဟုတ်ကြောင်း သူမ သိပါသည်။
အမြင့်ဆုံး အရည်အသွေးရှိသော ပါဝင်ပစ္စည်းများကို အသုံးပြုခဲ့လျှင်ပင် ချက်ပြုတ်ပြီးနောက် ကျန်ရှိသော ဝိညာဉ်စွမ်းအင်မှာ အနည်းငယ်မျှသာ ဖြစ်ပေသည်။
အစားအစာကျင့်ကြံမှုသည် တော်တော်လေး ဘေးရောက်သော အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုဖြစ်ဟာလေ၏။ ၎င်းတို့သည် ဆေးဝါးကျင့်ကြံသူများနှင့် နှိုင်းယှဉ်၍မရသော်လည်း ၎င်းတို့၏ဟင်းပွဲများတွင် ဆေးရည်များ၏ အစားထိုးအဖြစ် အသုံးဝင်မှုအချို့ရှိသေးသည်။
ဝိညာဉ်ကျောက်တုံးအကန့်အသတ်ရှိသော ကျင့်ကြံသူအချို့သည် အဆင့်မြင့်ဆေးပြားများကို မတတ်နိုင်သောအခါ အစားအစာကျင့်ကြံသူများ ချက်ပြုတ်ထားသော အစားအစားများအား ဝယ်ယူနိုင်ကြပေမည်။
သို့သော် ဤတာအိုမိတ်ဆွေ ချက်ပြုတ်ထားသော အစားအစာသည် မူရင်းပါဝင်ပစ္စည်းများ၏ ဝိညာဉ်စွမ်းအင်အားလုံးနီးပါးကို အနည်းငယ်မျှ ဆုံးရှုံးမှုမရှိဘဲ ထိန်းသိမ်းထားနိုင်သည်ဟုဆိုနိုင်ပါသည်။
ဖရဲသီးစားခြင်းစနစ်က စိတ်မပါ့တပါလေသံဖြင့် ပြန်ဖြေလာ၏၊ [ ကြီးမြတ်တဲ့အစားအသောက်နတ်ဘုရားရဲ့ ဆွေစဉ်မျိုးဆက်ဖြစ်သူ၊ သူက အလားအလာရှိသူတစ်ယောက်လို့ နင်ထင်လား။]
အတင်းအဖျင်းစနစ်က ဤသို့ပြောသည်နှင့် ပစ္စုပ္ပန်တွင်ရှိသော လူတိုင်း အနည်းငယ် အံ့အားသင့်သွားကြကုန်၏။ သို့သော် နဉ်ရွှီမှာ အစားအစာထဲတွင် နစ်မြောနေသောကြောင့် သတိမထားမိခဲ့ပေ။
'ကြီးမြတ်တဲ့အစားအသောက်နတ်ဘုရား?'
ကြီးမြတ်သောအစားအသောက်နတ်ဘုရားဟု ခေါ်ဆိုနိုင်သူ မည်သူမဆို အနည်းဆုံး *ကြီးမြတ်သောနတ်ဘုံသို့ တက်လှမ်းခြင်းအဆင့်၏ အစောပိုင်းအဆင့်သို့ ရောက်ရှိရမည်ဖြစ်ပြီး၊ ထိုအဆင့်ထက်ပိုမြင့်သူများဟာ လူ့လောက,ကနေ *နတ်ဘုရားလောကသို့တက်လှမ်းသွားနှင့်လောက်ပြီပင်။
ဤစကားကို ကြားပြီးနောက် လူငယ်လေးကိုယ်တိုင်ပင် အံ့သြသွားခဲ့ရသည်။
သူ၏ ဘိုးဘွားများထဲမှ တစ်ဦးသည် ကြီးမြတ်သောအစားအသောက်နတ်ဘုရား ဖြစ်ခဲ့သည်ဟု သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ပေသည်။
၎င်းသည် သူ၏ ဘိုးဘွားများပင် မသိနိုင်သောကိစ္စဖြစ်ပါသည်။ မဟုတ်ပါက ၎င်းတို့သည် ထိုမျှကောင်းစွာ ဖုံးကွယ်ထားမည် မဟုတ်ပေ။ သိရှိခဲ့လျှင်မူ ကျယ်ကျယ်ပြန့်ပြန့်ကြေညာခဲ့မည်မှာ သေချာပေသည်။
[လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်ကြာခဲ့ပြီးနောက် သွေးသားမျိုးရိုးက တော်တော်လေး ပါးလွှာ သွားပြီ၊ ဒါပေမယ့် နည်းနည်းတော့ ကျန်ပါသေးတယ်။]
[ဒီလူမှာ အရည်အချင်းအချို့တော့ ရှိတယ်။]
နဉ်ရွှီက နောက်ထပ် ‘လိမ္မော်သီး’ တစ်လုံးကို ကောက်ယူစားရင်း သူမ၏ စိတ်ထဲရှိ ဖရဲသီးစားခြင်းစနစ်ကို ဖြည်းဖြည်းချင်း ပြောလိုက်ချေသည်၊ “မှန်တယ်၊ ငါ အစားအစာကျင့်ကြံသူတွေနဲ့ ဆက်ဆံရေး တည်ဆောက်ထားသင့်တယ်။”
သူမ၏ အနာဂတ်အတွက် ကောင်းမွန်သော အစားအစားများရရှိရန် သူတို့အပေါ်မှီခိုနေရမည်ပင်။ သူတို့ထဲရှိ တစ်ဦးဟာ ကြီးမြတ်သောအစားအသောက်နတ်ဘုရား၏ ဆွေစဉ်မျိုးဆက်လည်းဖြစ်လေ၏။ မည်သူသိမည်နည်း၊ ထိုတာအိုမိတ်ဆွေ ကြီးထွားလာပါက၊ နောက်ထပ် မဟာအစားအစာနတ်ဘုရား ဖြစ်လာနိုင်ပါပေသည်။
[ဟမ့်။]
နဉ်ရွှီသည် အစားအစာကို နှစ်သက်စွာစားသုံးနေသော်လည်း အတင်းအဖျင်းများကို မမေ့ခဲ့ပေ။
“နင် ငါ့ကို အစောပိုင်းက ဘာအတင်းပြောမလို့လဲ၊ မပြောရသေးဘူးလေ”
ယခုတွင် ဝိညာဉ်စွမ်းအင် ရှိနေပြီဖြစ်သောကြောင့် ဖရဲသီးစားခြင်းစနစ်သည် ဘာကိုမျှဖုံးကွယ်မထားတော့ပေ။
[ဝမ့်ရှင်းဂိုဏ်းရဲ့ *ချီတောင်ထိပ်မှာ တောင်ထိပ်သခင်တစ်ယောက်ရှိတယ်။ သူက အရပ်ရှည်တယ် ချောမောခန့်ညားပြီးတော့ လက်နက်ပုံသွင်းတဲ့ပညာမှာလည်း အရမ်းကို အရည်အချင်းရှိတယ်ရယ်။]
(T/N- လက်နက်ပြုလုပ်တဲ့ လက်နက်တောင်ထိပ်ပါ)
နဉ်ရွှီသည် လူငယ်လေး၏ မျှော်လင့်တောင့်တသော အကြည့်အောက်တွင်ပင် ‘သခွားမွှေးသီး’ တစ်လုံးကို ကောက်ယူစားလိုက်၏။ ဤ ‘သခွားမွှေးသီး’ သည် ဝိညာဉ်ကြက်သားမှ ပြုလုပ်ထားပုံရ၏၊ အရည်ရွှမ်းကာ အရသာရှိပြီး အနည်းငယ်သော သစ်သီးရနံ့ပါရှိသဖြင့် လုံးဝဆွဲဆောင်မှုရှိလှပေသည်။
စားရင်းဖြင့် သူမ မေးလိုက်သည်၊ “ပြီးတော့ ဘာလဲ”
‘အရေးကြီးတဲ့အပိုင်းက တောင်ထိပ်သခင်က ချောမောခန့်ညားတယ်ဆိုတာချည်းတော့ မဟုတ်ဘူးမလား။’
ကျင့်ကြံသူများဟာ ဘယ်တော့မှ ရုပ်ဆိုးခြင်း မရှိပါချေ။
[လွန်ခဲ့တဲ့ နှစ်တစ်ရာကပေါ့၊ သူက တပည့်အဖွဲ့အတော်များများကို သမိုင်းဝင်လျှို့ဝှက်နယ်မြေ တစ်ခုထဲ ခေါ်သွားတယ်။ လဝက်ကြာပြီးနောက် ဂိုဏ်းကိုပြန်လာတဲ့လမ်းမှာ တစ်ခုခုဖြစ်ပြီး သူရုတ်တရက် ထွက်ခွာသွားခဲ့တာ။ အဲ့ဒါက လွန်ခဲ့တဲ့ နှစ်တစ်ရာကပဲ၊ အဲ့ဒီကတည်းက သူ့သတင်းဘာမှ မကြားရတော့ဘူး။ ဂိုဏ်းသားတချို့က သူ မတော်တဆအခြားလျှို့ဝှက်နယ်မြေ တစ်ခုထဲ ရောက်သွားတာလို့ ထင်ကြတာလေ။ တချို့ကတော့ သူ တစ်နေရာရာမှာ ပိတ်မိနေတာဖြစ်နိုင်တယ်လို့၊ တချို့ကတော့ သူ ကြီးမားတဲ့ အမွေအနှစ်တစ်ခုခုရရှိခဲ့တာလို့တောင် ထင်ကြေးပေးကြတယ်။ ဒါပေမဲ့ ဘယ်သူမှ သူ့လုံခြုံရေးအတွက် စိတ်မပူခဲ့ကြဘူး၊ ဘာလို့ဆို သူရဲ့အသက်မီးအိမ်က မမှိန်ဘဲနဲ့ ပိုပြီးတောက်လာလို့လေ]
နဉ်ရွှီသည် ဤစကားကြားသောအခါ တွေးဆဆဖြစ်သွားရ၏။ “ဒါဆို ဂိုဏ်းက သူ့ကို ရှာဖို့ ဘယ်သူမှမစေလွှတ်ခဲ့ဘူးလား”
[လွှတ်ခဲ့တာပေါ့၊ နှစ်အနည်းငယ်လောက် ရှာခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ အသက်မီးအိမ်က ပိုတောက်ပလာတာကို မြင်တော့ ဂိုဏ်းချုပ်က သူ ကြီးမားတဲ့ အခွင့်အရေး တစ်ခုခုရခဲ့တာဖြစ်ရမယ်လို့ ထင်ပြီးအလေးအနက် မထားတော့ဘူး။ သူတို့က အချိန်တန်ရင် အဲ့တောင်ထိပ်သခင်က ကြီးမားတဲ့ အခွင့်အရေးရခဲ့ရင် သဘာဝအတိုင်း ပြန်လာလိမ့်မယ်လို့ ထင်ခဲ့ကြတာလေ]
ထိုအချိန်တွင် တောင်ထိပ်သခင်က အခြားဘယ်နေရာကို သွားနိုင်မည်နည်း။
ထို့အပြင် သူကြီးမားသော အခွင့်အရေးတစ်ခုရခဲ့သည်ဆိုလျှင် အလွန်အမင်းအန္တရာယ်မရှိသည်မှာ သေချာလောက်ပါသည်။
သို့သော် ၎င်းသည် ထိုမျှရိုးရှင်းပါသလော။
ထိုမျှ ရိုးရှင်းလျှင် ဖရဲသီးစားခြင်းစနစ်က ၎င်းကို ထုတ်ပြောမည် မဟုတ်ချေ။
၎င်းသည် ဖရဲသီးကြီးတစ်လုံးရှိကြောင်း ခုလေးတင်ပြောခဲ့သေးပေသည်။
‘ဒါက တကယ်ပဲ ဖရဲသီးကြီးလား။
မဟုတ်ဘူး၊ ဒါက ဖရဲသီးအခွံတောင် မဟုတ်ဘူးရယ်။’
နဉ်ရွှီက ခန့်မှန်းလိုက်ချေသည်၊ “သူက မတော်တဆ လျှို့ဝှက်နယ်မြေတစ်ခုထဲ ရောက်သွားတာ ဒါမှမဟုတ် တစ်နေရာရာမှာ ပိတ်မိနေတာ မဟုတ်ဘဲ တခြားတစ်ခုခုဖြစ်ခဲ့တာဖြစ်ရမယ်၊ ဟုတ်တယ်မလား”
[ဟုတ်တယ်၊ ဒါပေမဲ့လည်း မဟုတ်ဘူး။]
နဉ်ရွှီသည် စိတ်မရှည်တော့သဖြင့် ဒေါသတကြီးဟန်ဆောင်ကာ “မြန်မြန်ပြောစမ်းပါ!” ဟုပြောလိုက်၏။
ဖရဲသီးစားခြင်းစနစ်ကလည်း ချက်ချင်း ပြန်ဖြေလာသည်၊ [သူ တကယ် တစ်နေရာရာမှာ ပိတ်မိနေခဲ့တာ။ ဒါပေမယ့် ကျင့်ကြံသူအများစုထင်ထားသလို လျှို့ဝှက်နယ်မြေ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့နေရာ မှာ မဟုတ်ဘဲနဲ့ [1]*ဟယ်ဟွမ်းဂိုဏ်းက အမျိုးသမီးကျင့်ကြံသူ တစ်ယောက်ရဲ့ လိုဏ်ဂူထဲမှာ ပိတ်မိနေခဲ့တာ။]
နဉ်ရွှီ : !!!
အစားအစာကျင့်ကြံသူများ : !!!
'သူတို့အားလုံး အသက်ရှူရပ်သွားကြကုန်သည်။ ၎င်းသည် သူတို့နားထောင်သင့်သော ကိစ္စမျိုးလား။'
ဤစကားကို ကြားသောအခါ နဉ်ရွှီသည် မသိစိတ်ဖြင့် အစားအစာကျင့်ကြံသူများကို ကြည့်လိုက်မိသည်။
အစားအစာကျင့်ကြံသူများက ချက်ချင်း သရုပ်ဆောင်ကာ လှုပ်ရှားလာကြလေ၏။
“အာ၊ အရမ်းမွှေးတာပဲ၊ မြည်းစမ်းကြည့်ချင်နေပြီ”
“ဒီနေ့ရဲ့ စွမ်းဆောင်ရည်က တကယ့်ကိုထူးခြားတယ်”
“ကျေနပ်စရာပဲ”
အစားအစာကျင့်ကြံသူများ ကိုယ်တိုင်အလုပ်ရှုပ်နေသည်ကို မြင်သောအခါ၌ နဉ်ရွှီက သူမ၏ အကြည့်ကို လျင်မြန်စွာ ပြောင်းကာ အတင်းအဖျင်းများကို ဆက်လက်နားထောင်လိုက်၏။
“ဒါဆို တောင်ထိပ်သခင်ကို အဲ့ဒီတုန်းက တိုက်ရိုက်ပြန်ပေးဆွဲ သွားတာပေါ့”
[မှန်တယ် မှန်တယ်!]
[အဲ့ဒီနှစ်က ဂိုဏ်းကိုပြန်လာနေတုန်း သူက ဝူရင်းပန်းအကြောင်း သတင်းတစ်ခုရခဲ့တယ်။ အဲ့ဒါက ဝိညာဉ်ပြုပြင်ရေးဆေးပြားပြုလုပ်တဲ့ အဓိကပါဝင်ပစ္စည်းပဲ။]
[သူ့ဝိညာဉ်က ထိခိုက်နေပြီး အရေးပေါ် ပြုပြင်ဖို့လိုနေခဲ့တာ။]
[အဲ့ဒါကြောင့် သတင်းရတာနဲ့ အမှန်ဖြစ်ဖြစ်၊ အမှားဖြစ်ဖြစ် သူသွားစုံစမ်းရမှာပဲလေ။]
[ဒါပေမယ့် အဲ့ဒါက ဟယ်ဟွမ်းဂိုဏ်းက အမျိုးသမီးကျင့်ကြံသူတစ်ယောက်က ပို့လိုက်တဲ့ သတင်းအမှားဖြစ်နေတာကို သူ မထင်ထားခဲ့ဘူး။]
[ပန်းတိုင်ကတော့ သူ့ကို လမ်းမှာဖမ်းဆီးနိုင်ဖို့ပဲ!]
နဉ်ရွှီ : “ ‘ဖမ်းဆီးခြင်း’ ဆိုတဲ့ စကားလုံးက အရမ်းကို သင့်လျော်ပါတယ်လေ…”
[လွန်ခဲ့တဲ့ နှစ်တစ်ရာက သူက ဒီအမျိုးသမီးကျင့်ကြံသူရဲ့ လိုဏ်ဂူထဲမှာ ပိတ်မိနေခဲ့တာ။ အဟမ်း… သူ တစ်မိနစ်လေးတောင် အပြင်မထွက်ခဲ့ရဘူး။ သူ မထွက်ချင်လို့ မဟုတ်ဘဲ၊ ထွက်လို့မရတာ…]
နဉ်ရွှီ : “ဘာလဲ? နင်ဆိုလိုတာက၊ သူ တကယ်ပဲ…”
[ဟုတ်တယ်။ မင်းထင်နေတာ အတိအကျပဲ။]
“ဒါဆို သူ ဘာကြီးမားတဲ့ အခွင့်အရေးမှမရခဲ့ဘူးပေါ့၊ ပြီးတော့ သူကြိုးစားပြီး ကျင့်ကြံနေတာလည်း မဟုတ်ဘူး။ သူက…”
[ဟုတ်တယ်၊ အတိအကျပဲ!]
သူ၏ အသက်မီးအိမ် ပိုတောက်ပလာခြင်းမှာ သူ၏ကျင့်ကြံမှု တကယ်ပင်အရှိန်အဟုန်ဖြင့်တိုးတက်နေသောကြောင့် ဖြစ်ပါသည်။
သို့သော် ဤအရှိန်အဟုန်ဖြင့် တိုးတက်ခြင်းမှာ ကြီးမားသော အခွင့်အရေးကြောင့် မဟုတ်သလို၊ ကြိုးစားအားထုတ်စွာ (ကျင့်ကြံအားထုတ်ခြင်း)တရားထိုင်ခြင်းကြောင့်လည်း မဟုတ်ပေ။ ၎င်းသည် ဟယ်ဟွမ်းဂိုဏ်း၏ အထူးနည်းလမ်းကြောင့်သာ ဖြစ်ပါသည်။
[ဟယ်ဟွမ်းဂိုဏ်းရဲ့ နည်းလမ်းက တကယ်တော့ တော်တော်ကောင်းတယ်။ နှစ်ဖက်စလုံးရဲ့ ကျင့်ကြံမှုကို ဘေးထွက်ဆိုးကျိုး အနည်းငယ်နဲ့မြှင့်တင်ပေးတာ။]
[ဒါပေမယ့် နင် အနာဂတ်မှာတစ်ယောက်ယောက်ကို တွေ့ခဲ့ရင်တောင် ဒီနည်းလမ်းကို နင် ကျင့်ကြံဖို့ ငါအကြံမပြုဘူး။ ရေရှည်မှာ ဒါကကောင်းတဲ့အကြံမဟုတ်ဘူး။]
နဉ်ရွှီ : …
“သတိပေးလို့ ကျေးဇူးတင်ပါတယ်”
ဖရဲသီးစားခြင်းစနစ်က နည်းပညာကို ပေါ့ပေါ့ပါးပါး ပြောခဲ့သော်လည်း နဉ်ရွှီအတွက် သူမ၏ ကိုယ်ပိုင် ကောင်းကင်အဆင့်နည်းလမ်း ရှိနှင့်ပြီးဖြစ်သောကြောင့် အခြားအရာများ… ပြောစရာပင်မလို၊ ရှောင်ကျဉ်တာအကောင်းဆုံးပင်။
[ဘာလို့ ငါအရမ်း စိတ်လှုပ်ရှားစရာကောင်းတယ်လို့ ပြောတာလဲဆိုရင် ဒီနည်းလမ်းက တကယ့်ကို တစ်မူထူးခြားလို့ပဲ။]
[နင် မသိသေးတာက ဒီနည်းလမ်းကို တစ်ယောက်ယောက်က အပြည့်အဝကျွမ်းကျင်သွားပြီဆိုရင်…ထားလိုက်တော့ မပြောတော့ဘူး။ ဝိညာဉ်စွမ်းအင် အလဟဿ ကုန်တာပဲရှိမယ်။]
နဉ်ရွှီ : “ကောင်းပြီ”
‘လူတစ်ယောက်ရဲ့ ဖရဲသီးစားချင်စိတ်ကို ဘယ်လိုဆွပေးရမယ်ဆိုတာ နင် တော်တော်သိသားပဲ။’
[ဒီနှစ်မှာ ဟယ်ဟွမ်းဂိုဏ်းက ဒီနှစ်ဒုတိယပိုင်းမှာ နှစ်တစ်ထောင်ပြည့် အထိမ်းအမှတ်ပွဲကျင်းပမှာ။ ဒီအမျိုးသမီးကျင့်ကြံသူက ဂိုဏ်းရဲ့အဆင့်မြင့်အရာရှိအကြီးအကဲ တစ်ယောက်ဖြစ်ပြီး မကြာသေးခင်ကပွဲတော်နဲ့ပတ်သက်တဲ့ ကိစ္စတွေဆွေးနွေးဖို့ မကြာခဏအပြင်ထွက်နေတယ်။ ဒီရက်ပိုင်း သူအရမ်းအလုပ်များနေတော့ လစ်ဟာမှုတစ်ခုဖြစ်သွားတယ်လေ၊ အဲ့ဒါကို တောင်ထိပ်သခင်က အခွင့်ကောင်းယူပြီး ခိုးထွက်လာတာ။]
နဉ်ရွှီက ခြောက်ကပ်ကပ်အသံဖြင့် ပြောလာ၏၊ “ဪ… ဟုတ်လား”
သူမ၌ မေးစရာများစွာရှိသော်လည်း ဘယ်ကစရမှန်း မသိပေ။
နှစ်တစ်ရာကြာအနီးကပ် ဆက်ဆံပြီးနောက် တောင်ထိပ်သခင်၌ ဤဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူ အပေါ် မည်သို့သောခံစားချက်များရှိလောက်မည်နည်း။
မုန်းတီးခြင်းလား၊ ချစ်ခြင်းလား၊ သို့မဟုတ် နှစ်ခုလုံးပင်လား။
၎င်းတို့မှာ တောင်ထိပ်သခင် ကိုယ်တိုင်သာ သိနိုင်သော အရာများဖြစ်ပေမည်။
[ဒါနဲ့၊ သူ ဂိုဏ်းကိုပြန်လာတော့မယ်။ တစ်မိနစ်၊ နှစ်မိနစ်လောက်ဆို ရောက်ပြီ။]
နဉ်ရွှီ : “ဟင်?”
'နင် အကြောင်းအရာပြောင်းလဲတာက အရမ်းမြန်လွန်းနေတာ မဟုတ်ဘူးလား?'
—
ချီတောင်ထိပ်၏ တောင်ထိပ်သခင် ဝူချီချွမ်သည် ဂိုဏ်းသို့ပြန်ရောက်သည်နှင့် ဂိုဏ်းတံခါးဝတွင် ဂိုဏ်းချုပ် နှင့် အကြီးအကဲအများအပြားအား တွေ့လိုက်ရလေ၏။
သူသည် အနည်းငယ် လွှမ်းမိုးခံရသည်။
'သူ ယနေ့ ပြန်လာမည်ကို သူတို့ဘယ်လိုလုပ်ပြီး သိနေကြတာလဲ။'
ဝူချီချွမ်က ရှေ့သို့တက်ကာ ဝမ့်ရှင်းဂိုဏ်း၏ အဆင့်မြင့်အဖွဲ့ဝင်များကို နှုတ်ဆက်လိုက်ချေသည်၊ “တာအိုမိတ်ဆွေတို့၊ မတွေ့ရတာကြာပြီ။”
“မတွေ့ရတာ ကြာပြီ”
ကျင့်ကြံသူများတွင် သက်တမ်းရှည်လျားသော်လည်း နှစ်တစ်ရာသည် တိုတောင်းသည် မဟုတ်ပေ။
နှုတ်ဆက်ပြီးနောက် ဂိုဏ်းချုပ်က ရှေ့သို့တက်ကာ သူ၏ ပခုံးကိုပုတ်လာ၏၊ “လာ၊ မင်း ပြန်မလာတာ နှစ်ပေါင်းများစွာရှိပြီ။ တောင်ထိပ်သခင်နေရာကိုတောင် အစားထိုးတော့မလို့။”
ဝူချီချွမ်က ပြုံးပြီး ပြန်ဖြေလေသည်၊ “ဂိုဏ်းချုပ်က အဲ့ဒီနေရာကို ကျွန်တော့်အတွက် ထားပေးထားလို့ ကျေးဇူးတင်ပါတယ်”
သူတို့သည် အတူတူ အတွင်းဘက်သို့ လျှောက်ဝင်လာကြ၏။
ဝူချီချွမ်မှာ သူ၏ ထင်ယောင်ထင်မှားဖြစ်နေခြင်းလား ၊ ဘာလား မသေချာပေ။ သို့သော် ဂိုဏ်းဆရာများက သူ့ကို တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေသည်ဟု သူ ခံစားနေရ၏။ သူတို့၏ အကြည့်များတွင် ဖုံးကွယ်ထားသောအဓိပ္ပာယ်များ ပါရှိနေပုံရပေသည်။
သနားခြင်း သို့မဟုတ် မနာလိုခြင်းဖြစ်နိုင်လေသည်။
မနာလိုဖြစ်ခြင်းကို သူ နားလည်နိုင်ပါသည်။
မည်သို့ပင်ဆိုစေ လွန်ခဲ့သော နှစ်တစ်ရာအတွင်း သူသည် ဝိညာဉ်အသွင်ပြောင်းလဲခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်မှ အလယ်အလတ်အဆင့်သို့ တက်လှမ်းခဲ့ပြီး၊ နှောင်းပိုင်းအဆင့်ရောက်ရန် တစ်လှမ်းသာလိုတော့၏။
သူ၏ ကျင့်ကြံမှုအပြောင်းအလဲများကို ချက်ချင်းသတိပြုမိကြမည်မှာ သေချာပေသည်။
သို့သော် ဤသနားခြင်းက ဘာကိုဆိုလိုသနည်း။
ဝူချီချွမ် နားမလည်ခဲ့ပေ။
ထိုအချိန်တွင် သူ၏အရင်းနှီးဆုံး ဂိုဏ်းတူညီအစ်ကို ရောင်းရင်းထဲမှ တစ်ဦးက သူ့ထံ လျှို့ဝှက်သတင်းတစ်ခု ပို့လာသည်၊
“အစ်ကိုကြီး၊ ခင်ဗျားရဲ့ လျှို့ဝှက်ချက်တွေ အားလုံး ပေါ်သွားပြီ…”
ဝူချီချွမ် : ???
၎င်း၏ အဓိပ္ပာယ်ကို နားမလည်မီ နောက်ထပ်သတင်းတစ်ခု ထပ်ပို့ပြန်သည်၊
“ရှက်စရာ မလိုပါဘူး။”
“ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းချုပ်က သူ့ရဲ့ အကြီးမားဆုံးရန်သူရဲ့ ကလေးကို နှစ်ပေါင်းရှစ်ရာကြာ ကျွေးမွေးခဲ့မိတာပဲလေ။”
“ဂိုဏ်းချုပ်တောင် ဘာမှ မပြောခဲ့ဘူးဆိုတော့ ခင်ဗျားအတွက်လည်း ဘာမှအထွေအထူး မဟုတ်ပါဘူး။”
ဝူချီချွမ် : ဟင်?
'ခင်ဗျား ဘာတွေ ပြောနေတာလဲ။'
‘ဂိုဏ်းချုပ်က သူ့ ရန်သူရဲ့ ကလေးကို နှစ်ပေါင်းရှစ်ရာကြာ ကျွေးမွေးခဲ့တယ်’ ဆိုသော အချက်ကြောင့် အံ့အားသင့်ရမလား၊ သို့မဟုတ် ‘ခင်ဗျားရဲ့ လျှို့ဝှက်ချက်တွေ ပေါ်သွားပြီ’ ဆိုသော စကားကြောင့် ရှုပ်ထွေးရမလား သူ မသိတော့ပေ။
ထိုသို့ဆိုလျှင် သူ မရှိသည့် နှစ်တစ်ရာအတွင်း ဝမ့်ရှင်းဂိုဏ်းမှာ တိတိကျကျဘာတွေဖြစ်ခဲ့ကြသနည်း။
……..
[1] ဟယ်ဟွမ်းဂိုဏ်း။ ‘အတူတကွ ပျော်ရွှင်စွာ ပေါင်းစည်းခြင်း’ လို့အဓိပ္ပာယ်ရတယ်။
နှစ်ထပ်ကျင့်ကြံခြင်းနည်း၊ အမျိုးသားနဲ့ အမျိုးသမီး အချင်းချင်းပေါင်းဖက်ပြီး ကျင့်ကြံတဲ့ နည်းလမ်းကို အသုံးပြုတဲ့ဂိုဏ်း။
………
အခန်း (၈) (Chapter – 8)
ဝူချီချွမ်က မျက်မှောင်အနည်းငယ်ကြုံ့လိုက်ပြီး “ဘယ်လိုလျှို့ဝှက်ချက်ဟောင်းတွေ ဖော်ထုတ်ခံရတာလဲ၊ မင်း ဘာကိုဆိုလိုတာလဲ” ဟူ၍ (စိတ်)အသံဖြင့် ပို့လွှတ်လိုက်သည်။ (T/N - စိတ်အချင်းချင်း ဆက်သွယ်ပြီး စကားပြောနေတာပါ)
သူ၏ *မိတ်ဆွေရောင်းရင်းတစ်ဦးက သူ့ကိုသတိပေးသည့်အကြည့်ဖြင့်ကြည့်ကာ “ငါ့လိုညီအစ်ကိုကောင်းတစ်ယောက်ဆီမှာ ဖုံးကွယ်ထားဖို့လိုလို့လား။ မင်းနဲ့ ဟယ်ဟွမ်းဂိုဏ်းက အမျိုးသမီးကျင့်ကြံသူ အကြောင်းကို ပြောနေတာ”
(T/N- တာအိုမိတ်ဆွေ၊ တပည့်အပေါင်းအပါ၊ တပည့်ချင်း၊ ဂိုဏ်းချုပ်လက်အောက်ကမလို့၊ ဖြစ်နိုင်တာက တခြားတောင်ထိပ်သခင်(အခွဲ) ဒါမှမဟုတ် ဂိုဏ်းရဲ့ဆရာသခင် )
ဝူချီချွမ် ခဏတာတောင့်တင်းသွားပြီး သူ၏ အမူအရာသည် အနည်းငယ်ပြောင်းလဲသွားချေသည်။
“မင်း…”
ဤကိစ္စသည် လျှို့ဝှက်ချက်သာဖြစ်သင့်ပါသည်။
'ဒီတော့ သူ့ရဲ့ မိတ်ဆွေရောင်းရင်းက ဘယ်လိုလုပ်သိနိုင်မှာလဲ။'
ဖြစ်နိုင်သည်မှာ သူ အလွန်အကျွံစဉ်းစားနေမိခြင်း ဖြစ်လိမ့်မည်။ သူ၏ မိတ်ဆွေက သူတွေးနေသည့်ကိစ္စကို ရည်ညွှန်းနေခြင်းမဟုတ်လောက်ပေ။
ထိုအကြောင်းကို ဆွေးနွေးရန် ယခုအချိန်သည် သင့်တော်သောအချိန် မဟုတ်ပါချေ။ ထို့ကြောင့် ဝူချီချွမ်သည် သူ၏အတွေးများကို ဖိနှိပ်ထားလိုက်တော့သည်။
သူသည် ဂိုဏ်းမှ နှစ်ပေါင်းတစ်ရာတိုင် ကင်းကွာနေခဲ့၏၊၊ ထိုအချိန်အတွင်း ချီတောင်ထိပ်တွင် ကိစ္စများစွာ စုပုံနေချေသည်။ သူ၏ (ကိုယ်ပိုင်) အတွင်းတပည့်များက ကိစ္စများကို စီမံခန့်ခွဲရာတွင် ကူညီခဲ့သော်လည်း အချို့ကိစ္စများကို တောင်ထိပ်သခင်ဖြစ်သူ၊ သူကသာ ဖြေရှင်းနိုင်ပါသည်။
သို့သော် ချီတောင်ထိပ်သို့ မပြန်မီ သူသည် ဂိုဏ်းချုပ်နှင့်အတူ ပင်မတောင်ထိပ်သို့ လိုက်ပါခဲ့တော့၏။
၎င်းသည် မဖြစ်မနေလုပ်ဆောင်ရမည့်လုပ်ထုံးလုပ်နည်း တစ်ခုပင်။
ဤနှစ်များတစ်လျှောက်လုံး သူသည် ဘယ်နေရာတွင် ရှိခဲ့သည်နှင့် ဘာတွေလုပ်ခဲ့သည်ကို ဂိုဏ်းချုပ်နှင့် အခြား မိတ်ဆွေရောင်းရင်းများအား ရှင်းပြရန်လိုအပ်ပေသည်။
ဝူချီချွမ်သည် ပြန်မလာမီကပင် သူ၏စကားများကို ပြင်ဆင်ထားပြီးသားဖြစ်ပါသည်။ သို့သော် ဤတစ်ကြိမ်တွင် ဂိုဏ်းချုပ်သည် မမေးမြန်းဘဲ လက်ကိုဝှေ့ယမ်းကာ “ဒီနှစ်ပေါင်းတစ်ရာအတွင်း ဂိုဏ်းထဲမှာအရာအားလုံးက အဆင်ပြေခဲ့တယ်။ မင်း ချီတောင်ထိပ်ကို အမြန်ပြန်တာကောင်းမယ်။ မင်းရဲ့တပည့်တွေက မင်းကို တွေ့ဖို့စိတ်အားထက်သန်နေကြတယ်”
ဝူချီချွမ် အနည်းငယ်တွေဝေသွားပြီး လက်နှစ်ဖက် ယှက်ကာ “ဂိုဏ်းချုပ် ဒါက… စည်းကမ်းနဲ့ မညီပါဘူး”
“ရတယ်၊ ပြန်လိုက်ပါ” ဂိုဏ်းချုပ်က ပြောပြီး သူ့ကို မကြည့်လိုဟန်ဖြင့်ခေါင်းလှည့်လိုက်တော့သည်။ ထိုကဲ့သို့သော ကောင်းမွန်သောတောင်ထိပ်သခင်သည် ဟယ်ဟွမ်းဂိုဏ်းရှိ အမျိုးသမီးကျင့်ကြံသူတစ်ဦးမှ နှစ်ပေါင်းတစ်ရာပြန်ပေးဆွဲခံထားရလေသည်။ မူလက ဂိုဏ်းချုပ်သည် ဝူချီချွမ်ဟာ ကြီးမားသောကံကောင်းမှု တစ်ခုခုရရှိခဲ့သည်ဟု ထင်ခဲ့သော်လည်း ၎င်းသည် ဤကဲ့သို့ဖြစ်လိမ့်မည်ဟု မည်သူက တွေးထားမိမည်နည်း။
ဂိုဏ်းချုပ်သည် ဝူချီချွမ်၏ မျက်နှာကို ကြည့်ရန်ပင် မဝံ့ရဲချေ။ သူကြည့်မိတိုင်း ဝူချီချွမ်သည် ထိုနှစ်ပေါင်းတစ်ရာအတွင်း မည်သို့ဖြတ်သန်းခဲ့သည်ကို မစဉ်းစားဘဲမနေနိုင်ခဲ့ပေ။
ဝူချီချွမ်သည် ပင်မတောင်ထိပ်မှထွက်ခွာသွားသောအခါ၊ သူသည် စိတ်ရှုပ်ထွေးနေခဲ့ရတော့၏။
ဂိုဏ်းထဲရှိ အရာအားလုံးသည် ထူးဆန်းနေသည်ဟုသာ ခံစားရပေသည်။
စည်းကမ်းများကို တန်ဖိုးအထားဆုံးဖြစ်သော ဂိုဏ်းချုပ်က မည်သည့် အပိုမေးခွန်းမှ မမေးဘဲ သူ့ကို ချက်ချင်းပြန်လွှတ်ခဲ့ချေသည်။
၎င်းသည် ယခင်ကဆိုလျှင် လုံးဝပင်မဖြစ်နိုင်သောအရာတစ်ခုသာ။
သူ၏ မိတ်ဆွေများက သူ့ထံ ပို့လွှတ်ခဲ့သော စကားကိုလည်းတွေးမိသွား၏။
သူ၏ ‘လျှို့ဝှက်ချက်များ’ ဖော်ထုတ်ခံရခြင်းဟူသည်က ဘာကိုဆိုလိုသနည်း။
သူသည် ချီတောင်ထိပ်သို့ ပြန်လာသည့် လမ်းတွင်ဖြည်းဖြည်းချင်းသာ လျှောက်လာခဲ့သည်၊ အတွေးများနက်နဲရင်းဖြင့်သာ၊ သူ၏ အရင်းနှီးဆုံးမိတ်ဆွေဖြစ်သော သားရဲတောင်ထိပ်သခင်က သူ့ကို မီလာ၏။
လှုပ်ရှားမှုကို သတိပြုမိသောအခါ ဝူချီချွမ်သည် ခေါင်းလှည့်ပြီး သူ၏ အရင်းနှီးဆုံးမိတ်ဆွေကို ကြည့်လိုက်ချေသည်။ “ဟဲအကို၊ ဂိုဏ်းချုပ်က…”
သားရဲတောင်ထိပ်သခင်က သူ၏ပခုံးကို ပုတ်ကာ “သိပ်မမေးပါနဲ့။ မင်း အစားအစာကျင့်ကြံသူတွေရှိတဲ့ တောင်ကို သွားသင့်တယ်။ ဒီအချိန်မှာ နဉ်ရွှီနဲ့ ဖရဲသီးစားတဲ့စနစ်တို့က အဲ့ဒီမှာရှိနေဦးမှာပဲ။ ညီအစ်ကိုတစ်ယောက်အနေနဲ့ ငါ မင်းကို ဒီအထိပဲ ကူညီနိုင်တယ်”
ဝူချီချွမ်သည် လုံးဝ ရှုပ်ထွေးသွားရတော့၏။
အကြောင်းရင်းကို မသိသော်လည်း သူသည် သူ၏အရင်းနှီးဆုံးမိတ်ဆွေ၏ အကြံဉာဏ်ကို လိုက်နာပြီး ဓားစီးကာ အစားအစာကျင့်ကြံသူများရှိရာ တောင်သို့ ချက်ချင်းဦးတည်သွားခဲ့လေသည်။
သူသည် တောင်သို့ နီးကပ်လာသောအခါ မရင်းနှီးသော အသံတစ်ခုကိုကြားလိုက်ရတော့၏။
[အို၊ မကောင်းတော့ဘူး၊ ဟယ်ဟွမ်းဂိုဏ်းက အမျိုးသမီးကျင့်ကြံသူက သူ့ရဲ့နာခံတတ်တဲ့ သုံ့ပန်းလေး ထွက်ပြေးသွားပြီဆိုတာသိသွားပြီ။]
[သူ ဒုက္ခရောက်တော့မှာပဲ။]
ဝူချီချွမ် : ???
__
ဤအချိန်တွင် နဉ်ရွှီသည် နေ့လယ်စာစားပြီးနောက် အချိုပွဲကိုလည်း မြိန်ယှက်စွာ စားသုံးနေခဲ့တော့သည်။
အစားအစာကျင့်ကြံသူများက ၎င်းကို ဂရုတစိုက်ပြင်ဆင်ခဲ့ကြလေ၏။ ၎င်းသည် ချိုသော်လည်း မအီပေ၊ လှပသော ပုံစံဖြင့်ပြင်ဆင်ထားခြင်းကြောင့် သူမသည် ၎င်းအား စားရမှာတောင် စိတ်မကောင်းဖြစ်မိနေတော့၏။
ကံကောင်းစွာပင် အချိုပွဲများစွာရှိပေသည်။ အစားအစာကျင့်ကြံသူများက သူမသည် အချိန်မရွေး၊ အလိုရှိသလောက် စားနိုင်သည်ဟုပင် စိတ်အားထက်သန်စွာ ကမ်းလှမ်းလာခဲ့ချေသည်။ ထိုအခါမှသာ သူမသည် ၎င်းတို့ကို ဖြည်းဖြည်းချင်းစတင်စားသုံးခဲ့လေ၏။
မမျှော်လင့်ထားသော ရုတ်တရက် စကားလုံးများကြောင့် နဉ်ရွှီသည် သူမ ခုမှတစ်ကိုက်စားလိုက်သည့် အချိုပွဲအား ထွေးထုတ်လုနီးပါးပင် ဖြစ်သွားရသည်။
“ဘာ… ဘာ”
ခေတ္တရပ်တန့်ပြီးနောက် နဉ်ရွှီက ထပ်ပြောလာ၏။ “ဒီလောက်တောင် မြန်တာလား ”
'ထိုမျှတိုတောင်းသောအချိန်အတွင်း ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူက ဝူချီချွမ်ထွက်ပြေးသွားပြီကို သိသွားပြီတဲ့လား။'
ဖရဲသီးစားခြင်းစနစ်က ပျင်းရိစွာပြန်ဖြေလေသည်။ [ဘာလို့ဆို သူက သူမ အလွန်အမင်း ဂရုစိုက်တဲ့သူပဲလေဟာ။ သူမအခွင့်အရေးရတာနဲ့ သူ့ကို စစ်ဆေးချင်တာ သဘာဝကျတယ် မဟုတ်ဘူးလား။]
“ဒါဆို အခု သူ ဘာဆက်လုပ်ဖို့ပြင်ဆင်လဲ”
နဉ်ရွှီ နှင့် ဖရဲသီးစားခြင်းစနစ် နှစ်ဦးစလုံး သတိမထားမိကြသော်လည်း အနီးနားရှိ အစားအစာကျင့်ကြံသူများအဖွဲ့သည် ပိုမိုကြားသိရရန်အတွက် နားစွင့်နေကြကုန်၏။
ထိုအချိန်တွင် အနီးနားတွင်ပုန်းအောင်းနေခဲ့သော ဝူချီချွမ်သည် အံ့အားသင့်စွာ တိတ်ဆိတ်နေပြီးနောက် ခဏအကြာမှ တုံ့ပြန်လာနိုင်ခဲ့သည်။
'ဒါကြောင့် ဒီလိုကိုး။'
သူပြန်လာမည်ဆိုသည်အား ဘယ်သူမှ မပြောပြခဲ့သော်လည်း သူ၏ ကျင့်ကြံသူအပေါင်းအသင်းမိတ်ဆွေ အားလုံးက ဂိုဏ်းဝင်ပေါက်မှာ ကြိုတင်သိရှိထားသည့်နှယ် စောင့်နေကြခြင်းဟာ အံ့ဩစရာမရှိတော့ပါပေ။
သူတို့က သူ့ကို သနားခြင်းရောနှောထားသော အကြည့်မျိုးနှင့် ကြည့်နေကြခြင်းဟာလည်း အံ့ဩစရာမရှိတော့ပေ။
ဂိုဏ်းချုပ်က သူရှင်းပြမည်ကိုပင် နားမထောင်ဘဲ သူ့ကို ချက်ချင်းပြန်လွှတ်လိုက်ခြင်းလည်း အံ့ဩစရာမရှိတော့ပေ။
နှစ်ပေါင်းတစ်ရာအတွင်း သူကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို လူတိုင်းက သိပြီးသားဖြစ်နေခြင်းကိုး။
'ဒီ…'
ဝူချီချွမ်သည် ရာစုနှစ်များစွာ အသက်ရှင်ခဲ့သော်လည်း ဤအချိန်တွင်တော့ သူသည် ရှက်ရွံ့မှုကို ခံစားခဲ့ရတော့၏။ သူ၏ ဂုဏ်မရှိသောအတိတ်ကို ငယ်ရွယ်သောတပည့်များအဖွဲ့တစ်ဖွဲ့ကို ထုတ်ဖော်လိုက်ရခြင်းသည် သူ့ကို လုံးဝအရှက်ရစေပါသည်။
သို့သော် သူသည် သူ၏ အရင်းနှီးဆုံးမိတ်ဆွေပြောခဲ့သည့်အရာအား ပြန်သတိရလိုက်ချေသည်။
‘ဂိုဏ်းချုပ်က သူ့ ရန်သူတော်ရဲ့သားကိုတောင် နှစ် ၈၀၀လောက် ထောက်ပံ့ပေးခဲ့ပြီးပြီ။ ဂိုဏ်းချုပ်ကတောင် ဘာမှမပြောခဲ့ဘူးဆိုတော့ မင်း စိတ်ပူစရာမရှိပါဘူး။’
'နောက်ဆုံးတော့ ဂိုဏ်းချုပ်က နှစ် ၈၀၀တောင် စွန့်ခဲ့ရပြီး သူကတော့ နှစ်တစ်ရာပဲပြန်ပေးဆွဲခံခဲ့ရတာလေ။
နှစ်ခုကို နှိုင်းယှဉ်ကြည့်လိုက်တော့ ဒါက သိပ်အရေးမကြီးသလိုပဲလား။'
ဝူချီချွမ်သည် နက်နဲသောအတွေးများဖြင့် ရှိနေစဉ် ဖရဲသီးစားခြင်းစနစ်၏ အသံသည် ပျင်းရိစွာ ထပ်မံထွက်ပေါ်လာပြန်၏။
[သူ ဘာလုပ်နိုင်ဦးမှာလဲ။ ဟုတ်တယ်၊ သူ့ကို ထပ်မံပြန်ပေးဆွဲဖို့ အကောင်းဆုံးအခွင့်အရေးကို စောင့်နေမှာပေါ့။]
ဤစကားလုံးများမှ နဉ်ရွှီသည် အဓိကအချက်အလက်အချို့ကို စုစည်းနိုင်ခဲ့လေသည်။ ဥပမာ- ထိုအမျိုးသမီးကျင့်ကြံသူသည် သူ့ကို ပြန်ယူရန် ဂိုဏ်းထဲသို့ အတင်းဝင်ရောက်သည်အထိ မရောက်သေးပေ။ သူမ၏ ရည်ရွယ်ချက်များ မည်သို့ပင်ရှိစေကာမူ သူမသည် စိတ်ရှည်စွာ စောင့်ဆိုင်းခြင်းမှလွဲ၍ အခြားရွေးချယ်စရာမရှိချေ။
ထိုသို့ဆိုလျှင် ၎င်းသည် ကြီးမားသောပြဿနာ တစ်ခုဖြစ်ပုံမရပေ။
နဉ်ရွှီက “အော်” ဟူ၍ပြန်ဖြေသည်။ “ဒါဆို အဆင်ပြေတယ်”
[အဆင်ပြေတယ်? ဟားဟားဟားဟား၊ မင်း အရမ်းရိုးရှင်းတယ်လို့ တွေးနေတာပဲ။]
[အဲ့ဒီအမျိုးသမီးကျင့်ကြံသူက ဝူချီချွမ်အပေါ်မှာ အဆိပ်တစ်မျိုးထားထားတယ်။ သူက ဆေးမသောက်ရင် လဆန်းရက်တိုင်းမှာ အဆိပ်အာနိသင် တက်လာလိမ့်မယ်။ အဲ့ဒီအခါ အမျိုးသမီးကျင့်ကြံသူက သူ့ကို လာရှာစရာမလိုဘဲ ဝူချီချွမ်က နာခံမှုရှိစွာပြန်သွားရမှာပဲ။ မဟုတ်ရင် သူ သည်းမခံနိုင်တဲ့ ဝေဒနာကို ခံစားရလိမ့်မယ်။]
နဉ်ရွှီ ‘အာ’ ဟူ၍ အသံပြုမိကာ
“ဒီလောက်တောင် ရက်စက်တာလား”
ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့တန်တန်ပြန်ဖြေလာ၏။ [ဒါက ဟယ်ဟွမ်းဂိုဏ်းပဲကိုး၊ သူတို့အများစုက ဒီလိုမျိုးတွေပဲလေ။ သူတို့က လူကောင်းတွေလို့ နင် ထင်နေတာလား။]
[အထူးသဖြင့် အဲ့ဒီအမျိုးသမီးကျင့်ကြံသူက လူကောင်းမဟုတ်ဘူး။]
[ဟယ်ဟွမ်းဂိုဏ်းမှာ ကောင်းတဲ့လူနည်းနည်းပါးပါး ရှိနိုင်ပါတယ်၊ ဒါပေမယ့် သူတို့က လက်တစ်ဖက်တောင်မပြည့်ဘူး။]
[စကားမစပ်၊ ငါ သူ့နာမည်ကို တစ်ခါမှမပြောဘဲ ‘အဲ့ဒီအမျိုးသမီး ကျင့်ကြံသူ’ လို့ပဲ ဘာလို့ခေါ်နေတာလဲ နင် သိလား။]
ဖရဲသီးစားခြင်းစနစ်က ကြီးမားသောအတင်းအဖျင်းများကိုပင် သိပေ၏။ ထို့ကြောင့် အမျိုးသမီးကျင့်ကြံသူ၏ နာမည်အား ဘယ်လိုလုပ် မသိဘဲနေမည်နည်း။
သို့တိုင် သူက တစ်ခါမှမပြောခဲ့ချေ။
နဉ်ရွှီက ရိုးသားစွာ ခေါင်းခါပြီး “မသိဘူး” ဟုသာပြောလာသည်။
ဖရဲသီးစားခြင်းစနစ်က လျင်မြန်စွာပြန်ဖြေလေ၏။
[ဘာလို့လဲဆိုတော့ ငါက ကံမကောင်းတာတွေကို ရှောင်ချင်လို့။]
နဉ်ရွှီ : …
‘နင်ကတော့လေ တကယ်ကို အတင်အဖျင်းပြောတဲ့စနစ်ပီသပါပေတယ်’
နဉ်ရွှီသည် သူမ၏ စိတ်ထဲတွင်ရှိနေသော မေးခွန်းကို ချက်ချင်းထုတ်မေးလိုက်ချေသည်။ “အဲ့ဒီအဆိပ်ကိုပျက်ပြယ်စေတဲ့ နည်းလမ်း နင့်မှာရှိလား။”
ဖရဲသီးစားခြင်းစနစ်က ရယ်မောလိုက်ပြီး [ငါ့မှာတော့ ရှိတာပေါ့။]
နဉ်ရွှီက ခေါင်းညိတ်လိုက်သည်။ ဖရဲသီးစားခြင်းစနစ်သည် အရမ်းတော်သောကြောင့် မသိလျှင် ထူးဆန်းလိမ့်မည်။
ဖရဲသီးစားခြင်းစနစ်က ချက်ချင်း ပြန်ထပ်ပြောလာသည်။ [အချိန်ကျရင် ဆေးကို ဝူချီချွမ်ဆီ ပို့ပေးဖို့ ငါ အကြံပေးချင်တယ်။]
နဉ်ရွှီ ရင်မောဟိုက်သွားရသည်။ “ဘာ”
ဖရဲသီးစားခြင်းစနစ်က ပွင့်လင်းစွာပင် ပြောလေ၏။ [အဲ့ဒီ အဖိုးကြီးမှာ ကောင်းတဲ့အရာတွေ အများကြီးရှိတယ်။ ဒီနှစ်ပေါင်းတစ်ရာအတွင်းမှာ အဲ့ဒီအမျိုးသမီးကျင့်ကြံသူက သူ့ကို ကောင်းတဲ့အရာတွေ အများကြီးပေးခဲ့တာ။]
အနီးနားရှိ အဖိုးကြီးဖြစ်သူ ဝူချီချွမ် : …
[အဲ့ဒီအထဲမှာ သတ္တမအဆင့် ဝိညာဉ်ဆေးပင် တစ်ခုပါတယ်၊ အဲ့ဒါကို နင့်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို တိုးတက်အောင်လုပ်ဖို့ အသုံးပြုနိုင်တယ်ရယ်။ ငါ နင့်ကို ပေးထားတဲ့ကျင့်ကြံတဲ့နည်းပညာကို ကျင့်ကြံအားထုတ်တဲ့အခါ အားထုတ်မှုတစ်ဝက်နဲ့တင် နှစ်ဆထိရောက်မှုကို ရလိမ့်မယ်။]
[သူ့အခြေအနေ ပိုဆိုးလာတဲ့အခါ နင်က ဆေးကို ပို့ပေးလိုက်။ ဒါက အသက်ကယ်တဲ့ လုပ်ရပ်ဖြစ်လိမ့်မယ်။ သူက နင့်ကို ကောင်းတဲ့အရာနဲ့ ဆုချမှာပဲလေ မဟုတ်ဘူးလား။ ဒီနှစ်ရာပေါင်းများစွာအတွင်း သူ့ရဲ့အမူအကျင့်အရ၊ သူက နင့်ကို ရတနာအချို့ ရွေးချယ်ခွင့်ပေးလိမ့်မယ်။ နင်က အဲ့ဒီ သတ္တမအဆင့်ဝိညာဉ်ဆေးပင်ကို ရွေးလိုက်ပေါ့]
အဆိပ်ဖြေဆေးကို ပို့ပေးခြင်းသည် ပြဿနာမရှိပေ။
ဖရဲသီးစားခြင်းစနစ်က ပြောဆိုပုံအရ ဆေးသည် ပြုလုပ်ရန် မခက်ခဲပါပေ။ နဉ်ရွှီပင် ကိုယ်တိုင် ပြုလုပ်နိုင်ဖွယ်ရှိသည်။ သို့သော် ပြဿနာမှာ…
“သူက အဲ့ဒီအမျိုးသမီးကျင့်ကြံသူဆီ ပြန်သွားချင်နေရင်ရော”
ဝူချီချွမ်သည် ခုမှ ထွက်ပြေးခဲ့သော်လည်း သူမသည် ဝတ္ထုများဖတ်ရှုခဲ့သည့် အတွေ့အကြုံအရ အချို့သောခံစားချက်များကို ဆုံးရှုံးသွားမှသာ နားလည်နိုင်သည်ဟူ၍ သိထားလေ၏။
အမျိုးသမီးကျင့်ကြံသူဘေး၌ ဖမ်းဆီးခံထားရစဉ် ဝူချီချွမ်သည် သူ၏စိတ်ကို မမြင်နိုင်ခဲ့ပေ။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သူပြန်ရောက်သောအခါ သူမကို ချစ်ကြောင်းသိသွားလိမ့်မည်လား။
ဖရဲသီးစားခြင်းစနစ်သည် သနားသလို လေသံဖြင့် “အဲ့ဒီအမျိုးသမီးကျင့်ကြံသူက နှစ်ထောင်ချီအသက်ရှိနေပြီ၊ သူမဘဝရဲ့အဆုံးကို နီးကပ်လာပြီ။ သူမက ငယ်ရွယ်နုပျိုတဲ့ မျက်နှာကိုတောင် ထိန်းထားဖို့ ခက်ခဲနေပြီရယ်။ ဝူချီချွမ်ကတော့… အင်း.. အချိန်တိုင်း… အဟမ်း အဟမ်း… သူက မျက်လုံးပိတ်ပြီး ခံစားခဲ့ရတာလေ။ ဆိုးလိုက်တာ၊ ဆိုးလိုက်တာ၊ ဆိုးလိုက်တာ။”
[ဝူချီချွမ်ရဲ့ အမြင်အာရုံက ကောင်းနေသရွေ့ သူက သူမကို စိတ်ဝင်စားမှာ မဟုတ်ဘူး။]
[အမ်.. သူ့အမြင်က အနည်းငယ်ကွဲပြားရင်တော့လည်း ငါ ဘာမှမပြောတော့ပါဘူး။]
ပုံမှန်အမြင်အာရုံနှင့် သဘောထားအမှန်ရှိသူ ဝူချီချွမ် : …
'ဒီနေ့ခေတ် လူငယ်မျိုးဆက်က ဒီလောက်… ဒီလောက်တောင်…
သူတို့စိတ်ထဲရှိရာ ပြောချင်ကြတာလား?'
စကားလုံးများသည် အလွန်ရဲတင်းသောကြောင့် ဝူချီချွမ်ပင် ရှက်ရွံ့သွားရ၏။
နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ် ပြောခဲ့သည့်အရာကို ဆက်လက်တွေးတောနေရင်း နားလည်သဘောပေါက်စွာ ခေါင်းညိတ်လိုက်ချေသည်။ တောင်ထိပ်သခင်သည် ဤနှစ်များအတွင်း လွယ်ကူသောဘဝကို မပိုင်ဆိုင်ခဲ့ရပုံပင်။ သူသည် ကျင့်ကြံမှုကို ရရှိခဲ့သော်လည်း သူ၏ လွတ်လပ်မှုကို ဆုံးရှုံးခဲ့ရသည်။
နောက်ဆုံးတွင် ထွက်ပြေးခဲ့သော်လည်း အဆိပ်ဘေးမှ လွတ်မြောက်သေးသည် မဟုတ်ပေ။
အစားအစာကျင့်ကြံသူများပင်လျှင် ဤတောင်ထိပ်သခင်ကို သနားခြင်းမရှိဘဲ မနေနိုင်ခဲ့ကြပေ။
ဝိညာဉ်အသွင်ပြောင်းလဲခြင်း အဆင့်ရှိသော အစွမ်းထက်သည့် ကျင့်ကြံသူတစ်ဦးတွင်ပင် သူ့ကိုယ်ပိုင် ရုန်းကန်မှုများရှိပါပေသည်။
လူတိုင်း၏ သနားခြင်းကို ခံနေရသော ဝူချီချွမ် : …
……..
ဖရဲသီးနှင့် အရသာရှိသော နေ့လယ်စာကို စားပြီးနောက် နဉ်ရွှီသည် ကျေနပ်အားရစွာပြန်လာခဲ့တော့သည်။
ထိုလူငယ်လေးသည် ကြီးမြတ်သောအစားအသောက်နတ်ဘုရား၏ မျိုးဆက်ဖြစ်သည်မှာ မှန်ပေသည်။ သူ၏ဟင်းပွဲများသည် အရသာရှိရုံသာမက ဝိညာဉ်စွမ်းအင်များလည်း ပြည့်ဝနေလေ၏။
သူ၏အစားအစာကို မစားခဲ့ရပါက ဝူချီချွမ်အကြောင်း အပြည့်အစုံကို လွယ်လွယ်ကူကူရရှိရန် သူမအတွက် ခက်ခဲလိမ့်မည်ပင်။
ဖရဲသီးစားခြင်းစနစ်က ၎င်းကို သိပ်အရေးမကြီးဟု ယူဆလေသည်။ [ဒါက ဘာမှမဟုတ်သေးဘူး။ သူ စပြီးကျင့်ကြံတဲ့အခါ သူ့ရဲ့ ချက်ပြုတ်မှုစွမ်းရည်က အဆင့်အတော်များများ တိုးတက်လာနိုင်တယ်။ အခုအဆင့်က သာမန်ပဲရှိသေးတာ။]
နဉ်ရွှီက ပေါ့ပေါ့ပါးပါး ရယ်မောပြီး “ဘယ်လိုပဲဖြစ်ဖြစ် သူနဲ့ ငါက သူငယ်ချင်းတွေ ဖြစ်နေပြီ။ အနာဂတ်မှာ အစားအသောက်အတွက် မရှားလောက်တော့ပါဘူး”
ဖရဲသီးစားခြင်းစနစ်က သဘောတူပေသည်။ [အဲ့ဒါမှန်တယ်။ ငါ သူ့ကို မျှော်လင့်ချက်အကြီးကြီးထားထားတယ်။]
[ဒီကလေး အရမ်းလည်း ရုပ်ချောတယ်။ သူက နောင်မျိုးဆက်တွေမှာ အရမ်းခေတ်စားလာမဲ့ *ဖြူစင်တဲ့အချစ်ပုံစံမျိုးနဲ့ ကိုက်ညီတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ]
ယခင်က နဉ်ရွှီသည် အစားအစာနှင့် ဖရဲသီးအပေါ်တွင် အာရုံစိုက်နေခဲ့ပြီး ကောင်လေး၏ ပုံပန်းသဏ္ဌာန်ကို အမှန်တကယ်ဂရုမစိုက်ခဲ့ပေ။
သို့သော် ယခုအခါ ဖရဲသီးစားခြင်းစနစ်က ထောက်ပြလိုက်သောအခါ ၎င်း၏ ဖော်ပြချက်သည် အလွန်တိကျသည်ကို သူမ သဘောပေါက်သွားရသည်။
ထိုကောင်လေးသည် အမှန်တကယ်ပင် သူမကို ဖြူစင်သောအချစ်ပုံစံမျိုးကို ပေးနေသည်။
“သူ…”
နဉ်ရွှီစကားကို မဆုံးမီ သူမ၏ရှေ့တွင် အော်ဟစ်သံ ကျယ်လောင်စွာထွက်ပေါ်လာ၏။
“နဉ်ရွှီ!”
‘သူတို့ စေ့စပ်ပွဲပျက်သွားတာ ဘယ်လောက်ကြာသေးလို့လဲ?
အခု သူက စိတ်ထားဖြူစင်တဲ့ ကျင့်ကြံသူတစ်ယောက်နဲ့တောင်တွေ့နေပြီလား?
အဲ့ဒီလူက ဘယ်သူလဲ?!’
ရွှီရှစ်ရှင်းကို ထပ်မံတွေ့လိုက်ရသောအခါ နဉ်ရွှီသည် ကူရာမဲ့ပြီး စကားမပြောနိုင်ဖြစ်နေရတော့သည်။
ဖရဲသီးစားခြင်းစနစ်က မထိန်းနိုင်ပဲ
[ဒီခွေးကောင်က ဘာလို့ ထပ်ရောက်လာတာလဲ။] ဟူ၍ပြောလိုက်ချေသည်။
ဖရဲသီးစားခြင်းစနစ်မှ ခွေးကောင်ဟု ခေါ်ခံလိုက်ရသော ရွှီရှစ်ရှင်း : …
(T/N- ဖြူစင်တဲ့အချစ်- ရိုးသားဖြူစင်ပြီး ရိုမန့်တစ်ဆန်သောအချစ်၊ လှည့်စားမှုကင်း၊ မဟုတ်မမှန်ကင်တဲ့ ဆက်ဆံရေးမျိုး)
………