အခန်း (၉-၁၀)
Vol. 1 Ch. 9-10
အခန်း(၉) (Chapter – 9)
ရွှီရှစ်ရှင်းတွင် ဝိညာဉ်နှစ်မျိုး ပိုင်ဆိုင်ထားပေသည်။ ဝိညာဉ်အမြစ်တစ်ခုတည်းရှိသူများကဲ့သို့ စွမ်းရည်မကောင်းသော်လည်း သူသည် ငယ်ရွယ်စဉ်မှာပင် အောင်မြင်မှုများရရှိခဲ့လေ၏။
သူ့ကို ‘ခွေးကောင်’ ဟုခေါ်ခြင်းသည်လည်း ဤတစ်ကြိမ်သာ ပထမဆုံးပင်။
ပုံမှန်ဆိုလျှင် သူသည် ချက်ချင်းပြန်လည်ပြောဆိုလိမ့်မည်ပင်။ သို့သော် နဉ်ရွှီရရှိခဲ့သော ဝိညာဉ်ကျောက်များအကြောင်း စဉ်းစားမိသောအခါ သူသည် သူ့စိတ်ခံစားချက်များကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး အသံကိုနှိမ့်ကာ “နဉ်ရွှီ၊ မင်းကို တစ်နေ့လုံးတစ်ညလုံး စောင့်ခဲ့တာ၊ ဒါပေမဲ့ မင်းက ငါ့ကို တစ်ခါတောင် လာမရှာခဲ့ဘူး”
သူမသည် စိတ်ထားဖြူစင်သော ကျင့်ကြံသူနှင့် မကြာသေးမီကမှ ရင်းနှီးခဲ့ခြင်းက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသော်လည်း ယခုအချိန်သည် ထိုအကြောင်းကို ထုတ်ပြောရန် သင့်တော်သောအချိန် မဟုတ်ကြောင်း သူ သိနေပါသည်။
အရင်ကဆိုလျှင် သူသည် သနားစဖွယ်ဟန်ဆောင်လိုက်ပါက သူဘာလုပ်ခဲ့သည်ဖြစ်စေ ‘နဉ်ရွှီ’ က သူ့ကို ချက်ချင်း ခွင့်လွှတ်လိမ့်မည်။
ကံမကောင်းစွာဖြင့် သူ မသိခဲ့သည်မှာ သူ၏ ရှေ့မှ ‘နဉ်ရွှီ’သည် အရင်က နဉ်ရွှီမဟုတ်တော့ကြောင်းကိုပင်။ သူ့ကို အဆုံးမဲ့ သည်းခံနိုင်သော နဉ်ရွှီသည် သူမ၏ စိတ်ပျက်အားငယ်စွာဖြင့် သူမ၏ ဘဝကိုစွန့်လွှတ်ကာ ကျန်ရှိသောနေ့ရက်များကို ရောက်ရှိလာသူအသစ် တစ်ဦးကိုလွှဲပြောင်းပေးခဲ့တော့သည်။
အရင် နဉ်ရွှီအတွက်တော့ ရွှီရှစ်ရှင်းသည် သူမ၏အရာအားလုံးဖြစ်ခဲ့ပေသည်။
သို့သော် သူကတော့ သူမကိုစွန့်ပစ်ခဲ့ပြီး အခြားသူတစ်ဦးကို ရွေးချယ်သွားခဲ့သည်။
သူမ၏ နောက်ဆုံးအချိန်များတွင်ပင် သူမသည် သူ့အပေါ် မကျေမနပ်ဖြစ်မှု မရှိခဲ့ပေ။
စွန့်လွှတ်ရန်ရွေးချယ်သောအခါတွင်လည်း သူမ၏ကြင်နာမှုကိုပင် ထိန်းသိမ်းထားခဲ့လေ၏။
ရွှီရှစ်ရှင်းက သနားစဖွယ် ဟန်ဆောင်လိုက်သောအခါ ဖရဲသီးစားခြင်းစနစ်က လှောင်ပြောင် လိုက်တော့၏။ [နင်ကပဲ သူ့ကို စောင့်ခိုင်းခဲ့တဲ့အတိုင်းပဲ]
[နင် သူ့ကို စောင့်ခိုင်းခဲ့တာလား။ နင် သူ့ကို စောင့်ခိုင်းခဲ့တာလား။ နင် သူ့ကို စောင့်ခိုင်းခဲ့လို့လား။]
[သူကိုယ်တိုင် အလျှင်စလိုဖြစ်ပြီး စောင့်နေခဲ့တာလေ။ သူ ဘယ်သူ့ကို အပြစ်တင်နိုင်မလဲ။]
[အပြစ်တင်စရာ တစ်စုံတစ်ယောက်ရှိခဲ့ရင်တောင် သူ့ကိုပဲ ဖြစ်ရမယ်။]
နဉ်ရွှီ : …
ဖရဲသီးစားခြင်းစနစ်၏ ပါးစပ်သည် မှန်ကန်သောဘက်အားပြောဆိုသော်လည်း လုံးဝမညှာတာပေ။
ကံကောင်းစွာပင် သူမမှလွဲ၍ အခြားမည်သူမျှ ၎င်း၏အသံကို မကြားနိုင်ကြချေ။
မဟုတ်လျှင် ၎င်း၏ ဝေဖန်မှုစွမ်းရည်နှင့်ဆိုလျှင် လူဘယ်လောက်ကို စိတ်အနှောင့်အယှက်ဖြစ်စေမလဲဆိုသည်အား ဘယ်သူသိနိုင်မည်နည်း။
နဉ်ရွှီက လျစ်လျူရှုသောလေသံဖြင့် “ငါ သိပါတယ်။ တခြားကိစ္စမရှိရင် ထွက်သွားပေးလို့ရမလား ”
နဉ်ရွှီဆီမှ ပထမဆုံးအကြိမ် မောင်းထုတ်ခြင်းခံရသော ရွှီရှစ်ရှင်းသည် ရှက်ရွံ့ပြီး ဒေါသထွက်နေခဲ့သည်၊
“ဘာလဲ။ ငါတို့ လမ်းခွဲတာ တစ်လတောင်မပြည့်သေးဘူး၊ မင်း ငါ့ကို စိတ်မရှည်တော့ဘူးလား။ ဝိညာဉ်ကျောက် နည်းနည်းလေးတောင်ပေးဖို့ မင်း တွန့်တိုနေတာလား” ဟူ၍စကားလုံးများကိုပင် ဂရုမစိုက်တော့ပဲ ပြောလိုက်ချေသည်။
“ငါ ခုနကတည်းက မေးချင်နေတာ အဲ့ဒီ…” ‘စိတ်ထားဖြူစင်သည့်ကျင့်ကြံသူ’ ဟူသော စကားလုံးမထွက်မီပင် ဂိုဏ်းချုပ်မှ တိတ်တိတ်ပုန်း နားထောင်နေရင်း ရွှီရှစ်ရှင်း၏ အသံကို ပိတ်ပစ်လိုက်သည်။
“အာ… အာ…”
ရွှီရှစ်ရှင်းသည် ဘဲသံကဲ့သို့ အသံမျိုးသာ ထွက်နိုင်ခဲ့သည်။
နဉ်ရွှီသည် လျင်မြန်စွာ ထွက်သွားလိုက်သည်။
‘ဒါက ကြောက်စရာကောင်းတယ်။ မူရင်းပိုင်ရှင်ရဲ့ အရင်စေ့စပ်ထားသူ ရွှီရှစ်ရှင်းမှာ စိတ်ရောဂါ တစ်ခုခုရှိနိုင်တယ်ဟ။’
‘မဟုတ်ရင် ဘယ်လိုလုပ် ပုံမှန်စကားပြောနိုင်နေပြီးမှ ရုတ်တရက်ဖောက်သွားရမှာလဲ။
ဒါက တကယ်ကို ကြောက်စရာကောင်းတယ်။’
သို့သော် နဉ်ရွှီအတွက် ရွှီရှစ်ရှင်းသည် လူစိမ်းတစ်ဦးသာ ဖြစ်သောကြောင့် သူမသည် ဤကိစ္စသေးသေးလေးကို စိတ်ထဲမထားခဲ့ပေ။ 'ရွှီရှစ်ရှင်းမှာ တကယ်ပဲ စိတ်ရောဂါရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ သူမက ဘာကြောင့်ဂရုစိုက်ရမှာလဲ။'
ဖရဲသီးစားခြင်းစနစ်ကတော့ ပိုပြီးတောင် ဂရုမစိုက်ပါချေ။
…….
နဉ်ရွှီ နှင့် ဖရဲသီးစားခြင်းစနစ် ထွက်သွားပြီးနောက် ဂိုဏ်းချုပ်က ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။
သူသည် ရွှီရှစ်ရှင်းကို အေးစက်စွာကြည့်ပြီး မေးလိုက်ချေ။ “မင်း ဘာပြောတော့မလို့လဲ”
ရွှီရှစ်ရှင်းအပေါ် ချုပ်ချယ်ထားသော ပိတ်ပင်မှုကို ရုပ်သိမ်းလိုက်သောအခါ သူသည် ပထမဆုံး ဂိုဏ်းချုပ်ကို ဦးညွှတ်ပြီး ပြန်ဖြေလာ၏။ “ဂိုဏ်းချုပ်ကို ပြန်လည်ဖြေကြားပါတယ်၊ ကျွန်တော့်ရဲ့ အရင်စေ့စပ်ထားသူမှာ ထူးဆန်းတဲ့အရာတစ်ခုပေါ်လာပါတယ်။ ဒီထူးဆန်းတဲ့ အရာကြောင့် ကျွန်တော့်ရဲ့ အရင်စေ့စပ်ထားသူက အရင်ကနဲ့ မတူတော့တာလို့ ထင်မြင်မိပါတယ်။”
“အဲ့ဒီထူးဆန်းတဲ့ အရာက လူတွေရဲ့ စိတ်ကို ထိခိုက်နိုင်ပြီး၊ အဆိုးဆုံးအခြေအနေကတော့ ဂိုဏ်းကိုတောင် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဂိုဏ်းချုပ်အနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့ ကျွန်တော် တောင်းဆိုပါတယ်”
ဤစကားကိုကြားသောအခါ ဂိုဏ်းချုပ်က လှောင်ပြောင်ရယ်မောလိုက်တော့၏။
သူသည် သူ၏ (အင်္ကျီ)လက်ရှည်ကို ဝှေ့ယမ်းလိုက်ပြီး ရွှီရှစ်ရှင်းကို အပေါ်စီးမှကြည့်လျက် “မင်းက ဂိုဏ်းကို သိသာထင်ရှားပြီး ကြီးမားတဲ့ထိခိုက်မှု မဖြစ်စေခဲ့လို့၊ မင်းကို ပြန်လည်သုံးသပ်ခြင်းချောက်ကမ်းပါးမှာ တစ်နှစ်ပဲ အပြစ်ပေးလိုက်မယ်”
ရွှီရှစ်ရှင်း : ???
သူသည် ရှုပ်ထွေးသွားရ၏။ “ဂိုဏ်းချုပ်၊ ကျွန်တော် ဘာအမှားလုပ်ခဲ့လဲဆိုတာ မေးလို့ရမလား။”
'ဘာလို့ သူက ပြန်လည်သုံးသပ်တဲ့ ချောက်ကမ်းပါးကို ရုတ်တရက် အပို့ခံရတာလဲ။'
ဂိုဏ်းချုပ်သည် သူ့ကို အပိုတစ်ချက်တောင် မကြည့်ခဲ့ပေ။
ထူးချွန်သောဝိညာဉ်အမြစ်နှစ်မျိုးပါသည့် တပည့်ဖြစ်သော်ငြား သူ၏ အရင်စေ့စပ်ထားသူ အစားထိုးခံရတာကိုပင် သတိမထားမိခဲ့ချေ။ တကယ်ပဲ သူသည် အလွန် တုံးအလွန်းလှ၏။
ဤကဲ့သို့လူမျိုးအား ပြန်လည်သုံးသပ်ခြင်း ချောက်ကမ်းပါးကို ပို့ပြီး ဦးနှောက်ကို ကောင်းကောင်းသန့်စင်ခိုင်းသင့်ပါသည်။
……
ထိုစဥ် နဉ်ရွှီမှာတော့ ရွှီရှစ်ရှင်းကို ဂိုဏ်းချုပ်က အပြစ်ပေးလိုက်ကြောင်းမသိခဲ့ပေ။
သူမသာ သိခဲ့ပါက ‘ကောင်းလိုက်တာ’ ဟုပြောကောင်းပြောလိမ့်မည်။
နောက်တစ်နေ့နံနက်တွင် နဉ်ရွှီသည် ပုံမှန်အတိုင်း အချိန်မှန်ပင် ရင်ပြင်သို့ ရောက်လာခဲ့သည်။
၎င်းက သူမ၏ ကူးပြောင်းရောက်ရှိလာပြီးနောက် သုံးရက်မြောက်နေ့ပင်။
သူမ၏ နံနက်ခင်းအတန်းအား တက်ရောက်ရသည့် သုံးရက်မြောက်နေ့လည်းဖြစ်ပေသည်။
လွန်ခဲ့သောနှစ်ရက်က သူမသည် ချီကျင့်ကြံမှုဆေးလုံး(ရှောင်ကျဉ်ဆေး) တစ်လုံးတည်းဖြင့် ရုန်းကန်ခဲ့ရသည်။
သို့သော် ယနေ့တွင် သူမရောက်ရှိလာသည်နှင့် ဖရဲသီးစားခြင်းစနစ်ပြောသည့် စိတ်ထားဖြူစင်သောကျင့်ကြံသူက သူကိုယ်တိုင် ပေါင်းထားသော အသားပေါက်စီများနှင့်အတူ ရောက်လာတော့သည်။
သူ၏ မျက်လုံးများသည် နေရောင်ခြည်များပြည့်နေသည့်အလား တောက်ပနေ၏။
သူသည် ကြွေပန်းကန်လုံး တစ်ခုကိုကိုင်ထားပြီး “တာအိုမိတ်ဆွေ နဉ်၊ ဒါတွေက ဝိညာဉ်သားရဲအသားနဲ့ လုပ်ထားတဲ့ အသားပေါက်စီတွေပါ။ မြည်းစမ်းကြည့်ချင်လား”
မနေ့က ဖရဲသီးစားခြင်းစနစ်က ဘာမှမပြောခဲ့သော်လည်း ယခုအခါ သူမ၏ ရှေ့မှလူငယ်လေးသည် ချစ်စရာကောင်းသော စိတ်ထားဖြူစင်သည့်ကျင့်ကြံသူနှင့် တကယ်ပင် ဆင်တူကြောင်းသဘောပေါက်သွား၏၊ အထူးသဖြင့် လျှို့ဝှက်စွာ ချောင်းကြည့်တတ်သည့် ပုံစံမျိုးပင်။
(T/n - ရှက်နေလို့ သေချာမကြည့်ရဲတာ ၊ ခိုးခိုးပြီးချောင်းကြည့်နေတာကို ပြောတာပါ)
သူမက ဝမ်းသာအားရပြန်ဖြေလာသည်၊ “ရပါတယ်”
သူမသည် ပေါက်စီများကို ယူလိုက်သည်နှင့် ကျင့်ကြံသူက သူမကို ဂုဏ်ပြုလာခဲ့သည်၊ “ဂုဏ်ယူပါတယ်၊ တာအိုမိတ်ဆွေ၊ ချီကျင့်ကြံမှုပထမအဆင့်ကို ရောက်သွားပြီ။”
(T/n - ချီဓာတ်ဖွဲ့စည်းခြင်းအဆင့်)
နဉ်ရွှီ : ???
'သူမက ချီကျင့်ကြံမှုပထမအဆင့်ကို ရောက်သွားပြီလား။'
ဖရဲသီးစားခြင်းစနစ်က ပျင်းရိသောလေသံဖြင့် ပြောလာ၏၊ [နင် တခြားဘာကို မျှော်လင့်ထားတာလဲ။ နင်သိလား၊ အောင်မြင်ဖို့ အကောင်းဆုံးနည်းလမ်းက ဝိညာဉ်စွမ်းအင် အားလုံးကိုအသုံးပြုပြီး၊ ပြန်ဖြည့်၊ ပြီးရင် ထပ်အသုံးပြုပြီး ပြန်ဖြည့်တာပဲ။ ဒါပေမဲ့ ဒီနည်းလမ်းက အရမ်းပြင်းထန်လွန်းလို့ လူအနည်းငယ်ပဲ ဒီနည်းလမ်းကို သုံးနိုင်ဖို့ ဇွဲလုံ့လရှိကြတယ်။]
[ဒါပေမဲ့ မင်းကတော့ မတူဘူး။]
[နင် ဒီရက်တွေမှာ ဝိညာဉ်စွမ်းအင် အားလုံးကို ဘယ်နှကြိမ်သုံးခဲ့လဲဆိုတာ ရေတွက်ကြည့်လိုက်။]
နဉ်ရွှီ : …
'ဒါဆို အတင်းအဖျင်းတွေ နားထောင်တာမှာလည်း ဒီလိုအကျိုးသက်ရောက်မှုတွေ ရှိသေးတာပေါ့။'
နောက်ဆုံးတော့ ဖရဲသီးစားခြင်းက ဝိညာဉ်စွမ်းအင် အများကြီးသုံးစွဲလေ၏။ သူမ၏ ဝိညာဉ်စွမ်းအင် ကုန်သွားသည်နှင့် စနစ်ကနှေးကွေးလာခဲ့သည်။
ထို့ကြောင့် ဖရဲသီးဆက်စားနိုင်ရန် သူမသည် သူမ၏ ဝိညာဉ်စွမ်းအင်ကို ပြန်ဖြည့်ရလေ၏။
ထိုကဲ့သို့ သုံးလိုက် ၊ ပြန်ဖြည့်လိုက်နှင့် သူမသည် အားထုတ်မှုမရှိဘဲ ချီကျင့်ကြံမှုပထမအဆင့်ကို ရောက်ရှိသွားခဲ့တော့သည်။
နဉ်ရွှီက ပြုံးလိုက်ပြီး “ကျေးဇူးပါ၊ ရှင့်ရဲ့စွမ်းရည်က မနေ့ကထက် ပိုတိုးတက်လာတာသေချာတယ်”
သူမ၏စကားများကို ကြားသောအခါ စိတ်ထားဖြူစင်သောကျင့်ကြံသူ၏ မျက်လုံးများမှ အလင်းရောင်သည် ပိုမို တောက်ပလာချေ၏။
နဉ်ရွှီက လောကွတ်လုပ်ရုံသက်သက် မဟုတ်ပေ။
ကျင့်ကြံသူ၏ စွမ်းရည်များသည် မျက်စိဖြင့်ပင် မြင်သာအောင်အထိ တကယ်ပင်တိုးတက်လာခဲ့၏။
ဤကဲ့သို့သော တိုးတက်မှုနှုန်းအားကြည့်လျှင်ပင် သူသည် ကြီးမြတ်သော အစားအသောက်နတ်ဘုရား၏ မျိုးဆက်ဖြစ်ပြီး ကြီးမားသောအလားအလာရှိသည်မှာ သေချာလောက်၏။
အသားပေါက်စီ သုံးလုံးစားပြီးနောက် ယနေ့ သင်ကြားပေးမည့်သူ အကြီးအကဲဝူချီချွမ် ရောက်လာသည်။
သူသည် ရင်ပြင်သို့ ဝင်ရောက်လာသည်နှင့် “ဂိုဏ်းချုပ်က ဒီရက်ပိုင်း အလုပ်များနေလို့ ကိုယ်တိုင်မတက်ရောက်နိုင်ပါဘူး၊ ဒါကြောင့် ကျွန်တော်က သူ့ကိုယ်စား သင်ကြားပေးမှာပါ။ ကျွန်တော်က လက်နက်တောင်ထိပ်ရဲ့ တောင်ထိပ်သခင် ဝူချီချွမ်ပါ” ဟူ၍ ရှင်းပြခဲ့သည်။
တပည့်များအားလုံးက “တောင်ထိပ်သခင်ဝူ” ဟု တစ်သံတည်း အော်လိုက်ကြလေ၏။
သူတို့ စကားဆုံးသည်နှင့် မကြာသေးမီက သူတို့အရမ်းရင်းနှီးနေပြီဖြစ်သော အကျွမ်းတဝင်ရှိသည့် အသံကို ကြားလိုက်ရတော့၏။
“အော်၊ ဒါဆို တောင်ထိပ်သခင်ဝူက ဒီလိုပုံစံမျိုးကိုး။ ဟယ်ဟွမ်းဂိုဏ်းက အမျိုးသမီး ကျင့်ကြံသူက ဘာလို့ သူ့ကို ခေါ်သွားတာလဲဆိုတာ အံ့ဩစရာမရှိတော့ဘူး။”
ဤစကားလုံးအပြီးတွင် နောက်ထပ်အသံတစ်ခုက လျင်မြန်စွာ ထပ်လိုက်လာသည်။
ဤအသံသည်လည်း သူတို့၏ ရင်းနှီးသော မိတ်ဆွေတစ်ဦးဖြစ်ပါသည်။
ဖရဲသီးစားခြင်းစနစ်က စိတ်လှုပ်ရှားစွာဖြင့် ပြောလာ၏၊ [ဟုတ်တယ်မလား။ ဟုတ်တယ်မလား။ ဒီမျက်နှာ၊ ဒီအသံ၊ ဒီခန္ဓာကိုယ်ပုံစံက တကယ်ကိုကြည့်ကောင်းတယ်။ ဒါပေမဲ့ ကျင့်ကြံမှုက အရမ်းနိမ့်လို့ တိုက်ခိုက်ဖို့ သိပ်မစွမ်းသာဘူး။]
ဝူချီချွမ် : ……
၎င်းက အမှန်တရားဖြစ်နေသော်လည်း ကြားရတော့လည်း ရင်ထဲ နာကျင်သွားတာကတော့ အမှန်ပင်။
ဂိုဏ်းချုပ်သည် သူ့၏ သင်ကြားမှုနည်းလမ်းများကို တိုးတက်အောင်လုပ်ရန် စီစဉ်နေပြီး မကြာသေးမီက တပည့်သစ်များကို သင်ကြားပေးရန် အလုပ်များလွန်းနေသည်ကို သိထားသော ဝူချီချွမ်သည် ဘာက တွန်းအားပေးလိုက်သည်မသိ၊ သူသည် ထိုအလုပ်ကို ချက်ချင်းတာဝန်ယူခဲ့တော့၏။
ထိုအချိန်တွင် သူ၏ အပေါင်းအသင်း ကျင့်ကြံသူများက သူသည် သင်ကြားပေးသည့် အကြီးအကဲဖြစ်ချင်တာ တကယ် ဟုတ် ၊ မဟုတ် တစ်ကြိမ်မက အတည်ပြုခဲ့ကြပေသည်။
အကြိမ်ကြိမ်စဉ်းစားပြီးနောက် သူသည် ၎င်းကိုလုပ်ရန်ဆုံးဖြတ်ခဲ့လေသည်။
သူသည် ဤသင်ကြားမှုတာဝန်အား ယူဆောင်ပြီးနောက် ဘာတွေဖြစ်လာနိုင်သည်ကို သိထားပြီး စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားပါသည်။
သူ၏ဇာတ်လမ်းသည် ဂိုဏ်း၏နေရာအများစုတွင် ပျံ့နှံ့နေပြီး လူများစွာ၏ စကားပြောဆိုရာ အကြောင်းအရာဖြစ်လာသည်ကို သူ ကောင်းစွာသိပါသည်။ သို့သော် ကျင့်ကြံသူ၏ လမ်းကြောင်းသည် ကံကြမ္မာကို ဆန့်ကျင်ရန်ဖြစ်ပြီး အတိတ်တွင် ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့၊ အရေးကြီးသည်မှာ အနာဂတ်ဟု သူ ယုံကြည်ပါပေ၏။
သူသည် နှစ်တစ်ရာကြာ ဖမ်းဆီးခံထားရပြီး နှစ်တစ်ရာကြာ ကျင့်ကြံခြင်းကိုအတူ ပူးပေါင်းလုပ်ဆောင်ခဲ့ရသည်။ ၎င်းဟာ အမှန်ပင်ဖြစ်ပြီး သူ ငြင်းဆို၍မရပေ။
သို့သော် သူ၏ ကျင့်ကြံမှုလမ်းကြောင်းသည် ဆက်လက်ဖြစ်ပေါ်နေဆဲပင်။
ဝိညာဉ်အသွင်ပြောင်းလဲခြင်းနယ်ပယ်၏ အလယ်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးအနေဖြင့် သူ၏သက်တမ်းသည် အနည်းဆုံး နှစ်တစ်ထောင်ရှိနေသေးပါသည်။
လွန်ခဲ့သော နှစ်တစ်ရာ၏ ဖြစ်ရပ်များသည် သူ၏ဘဝတွင် အသေးအမွှားအကြောင်းအရာ တစ်ခုမျှသာဖြစ်လေ၏။
ဤအကြောင်းကြောင့် သူသည် စိတ်ပျက်အားငယ်ပြီး လူများကို ရင်ဆိုင်ရန် ရှက်ရွံ့နေပါက တာအိုကို ကျင့်ကြံခြင်း၏ အဓိပ္ပာယ်ကား အဘယ်နည်း။ သူ ဘာအောင်မြင်မှုကြီးများ ပြုလုပ်နိုင်မည်လော။
ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူသည် သူ၏ စိတ်ဝိညာဉ်နတ်ဆိုး(အရိပ်မဲကြီး) မဖြစ်သင့်သလို၊ ဖြစ်လည်းဖြစ်လာမည်မဟုတ်ချေ။
ဤအကြောင်းကို တွေးတောမိသောအခါ ဝူချီချွမ်သည် သူ၏စိတ် ကြည်လင်သွားသည်ဟု ခံစားရပြီး အဆုံးမဲ့သော ရည်မှန်းချက်ရှိသည့်စိတ်ဓာတ်သည် သူ့နှလုံးသားထဲတွင် ရေလှိုင်းများပမာ တက်လာတော့သည်။
ဖရဲသီးစားခြင်းစနစ်ကတော့ 'သူ၏ ကျင့်ကြံမှုဟာ အရမ်းနိမ့်လို့ တိုက်ခိုက်ဖို့ သိပ်မစွမ်းနိုင်ဘူး' ဟု ပြောခဲ့သည်။
ကောင်းပြီ၊ ဒါဆို သူသည် တိုက်ခိုက်ဖို့လုံလောက်သည့် ကျင့်ကြံမှုရှိသော ကျင့်ကြံသူတစ်ဦးဖြစ်လာအောင် ကြိုးစားမည်။ ထိုသို့လုပ်မှသာ သူသည် လွန်ခဲ့သော နှစ်တစ်ရာအတွင်း ခံစားခဲ့ရသောအခက်အခဲများ အချည်းနှီးမဖြစ်စေမှာပင်။
…..
ဝူချီချွမ်၏ သင်ကြားမှုနည်းလမ်းသည် ဂိုဏ်းချုပ်၏ နည်းလမ်းနှင့် လုံးဝကွဲပြားလှ၏။
သူ၏ သင်ခန်းစာများအား နားလည်လွယ်အောင်ရှင်းပြခြင်းကြောင့် တပည့်များ နားလည်ရန် ပိုမိုလွယ်ကူပေသည်။
သူမရောက်ရှိလာပြီး သုံးရက်မြောက်နေ့တွင် နဉ်ရွှီသည် နောက်ဆုံးတွင် ကျောင်းသားတစ်ဦးကဲ့သို့ စတင်ခံစားလာရတော့သည်။
သူမသည် ဖရဲသီးစားခြင်းစနစ်နှင့် မထိန်းနိုင်ပဲ စကားပြောမိခဲ့သည်၊ “သူက ကောင်းကောင်း သင်ပေးသားပဲ။”
အနည်းဆုံးတော့ သူမ လွယ်လွယ်ကူကူ နားလည်နိုင်ခဲ့ပါသည်။
အရင်က ဂိုဏ်းချုပ်၏ သင်ကြားမှုများသည် သူမကိုယ်သူမကို သံသယဝင် လုနီးပါးဖြစ်စေခဲ့၏။ သူမ ကူးပြောင်းမလာမီက သူမသည် ဂုဏ်သိက္ခာရှိသော၊ နာမည်ကြီးသောတက္ကသိုလ်မှ ကျောင်းသူ တစ်ဦးဖြစ်ခဲ့သည်။
'သူမ ကူးပြောင်းလာသည်နှင့် စာမတတ်သူဖြစ်သွားနိုင်ပါ့မလား။'
ကံကောင်းစွာပင် သူမ၏ ဥာဏ်ရည်က ပြဿနာမဟုတ်ခဲ့၊ ၎င်းသည် ဂိုဏ်းချုပ်၏ သင်ကြားမှုနည်းလမ်းသာဖြစ်ပါသည်။
နဉ်ရွှီ၏ စကားများကို ကြားသောအခါ ဖရဲသီးစားခြင်းစနစ်က လျင်မြန်စွာ ပြန်ဖြေလာသည်၊ [ဟုတ်တယ်မလား။]
[သူက ဂိုဏ်းချုပ်နဲ့ မတူဘူး။ သူက သာမန်မိသားစုကနေ မွေးဖွားလာတာဖြစ်ပြီး သူ့မိသားစုကနေ အကူအညီမရခဲ့ဘူး။ သူ ဒီအထိရောက်လာတာ သူ့ကြိုးစားမှုကြောင့်ပဲ ။]
[သူ ပထမဆုံးဝင်လာတုန်းက ကျင့်ကြံမှုအခြေခံတွေကို အချိန်အကြာကြီး အလေးအနက်ထား သင်ယူခဲ့တာ၊ သူကိုယ်တိုင်နားလည်ပြီးသားဆိုတော့ ဒီသင်ခန်းစာတွေကို ကောင်းကောင်း သင်ကြားပေးနိုင်တာပေါ့။]
[သူက အရမ်းဇွဲရှိတဲ့ကျင့်ကြံသူတစ်ယောက်ပဲ။ သူ့မှာရှိတဲ့ တစ်ခုတည်းသော အားနည်းချက်ကတော့ ကံမကောင်းတာရယ်၊ လိုအပ်တဲ့အရင်းအမြစ် မရှိတာရယ်ပဲ။]
[သူသာ ဂိုဏ်းချုပ်လိုမျိုး နောက်ခံကို ပိုင်ဆိုင်ခဲ့ရင် သူ့အောင်မြင်မှုတွေက အခုထက် အများကြီးပိုမြင့်မားလိမ့်မယ်။]
ဤစကားကိုကြားပြီးနောက် နဉ်ရွှီ အနည်းငယ်အံ့အားသင့်သွားရသည်။ “နင် သူ့ကို အတော်လေး လေးစားနေသလိုပဲ”။
ဖရဲသီးစားခြင်းစနစ်က ချီတုံချတုံမရှိဘဲ ပြန်ဖြေလေ၏၊ [ဟုတ်တာပေါ့။]
နဉ်ရွှီသည် မစပ်စုဘဲ မနေနိုင်ခဲ့ပေ၊ “နင် သူ့ကို သဘောကျလား”
ဖရဲသီးစားခြင်းစနစ်က သူ့လျှာဖြင့် အသံမြည်အောင်လုပ်လိုက်ကာ ၊ [ငါ ရုပ်ချောတဲ့သူတွေကို သဘောကျတယ်။ အားလုံးကို သဘောကျတယ်။]
[အသက်မဲ့ပစ္စည်းတစ်ခုအနေနဲ့ ငါ့ရဲ့ သဘောကျမှုက နင်နဲ့ မတူလောက်ဘူးထင်တယ်။]
[ဒါပေမဲ့ ဟုတ်တယ်၊ ငါ သူ့ကို တကယ်လေးစားတယ်။]
[ငါက အကောင်းမြင်ပြီး ကြိုးစားနေသူ ဘယ်သူ့ကိုမဆို၊ ဘာကိုမဆို လေးစားတယ်။]
နဉ်ရွှီ ခဏတာ စဉ်းစားပြီးပြန်ဖြေလာသည်။
“အရာအားလုံးကို ဖြတ်သန်းပြီးတဲ့နောက် သူ့ရဲ့ တာအိုစိတ် ထိခိုက်မှုမရှိခဲ့ဘူးလား”
[မရှိဘူး၊ ဒါပေမဲ့ အစပိုင်းမှာတော့ ရှိကောင်း ရှိနိုင်ပါတယ်။]
[မနေ့က ဂိုဏ်းကို ပြန်လာတဲ့အချိန် သူ့စိတ်ကို မညှိယူရသေးတာသိသာတယ်။ သူ့ရဲ့ တာအိုစိတ်က နည်းနည်းမတည်ငြိမ်ဘူး။]
[ဒါပေမဲ့ ဒီနေ့မှာတော့ သူက ပြင်ဆင်ပြီးသားဖြစ်နေပြီ။]
ဝိညာဉ်အသွင်ပြောင်းလဲခြင်းနယ်ပယ်အထိ ကျင့်ကြံခဲ့သူ တစ်ဦးအနေဖြင့် သူ၏တာအိုစိတ်က သာမန်တပည့်တစ်ဦးထက် အများကြီး ပိုမိုခိုင်မာနေသည်ဟုသာ ပြောနိုင်ပေသည်။
…..
ဝူချီချွမ်သည် ထိုသို့သော စကားများကို ကြားရလိမ့်မည်ဟု ဘယ်တော့မှ မမျှော်လင့်ခဲ့ပေ။
သူအား အသိအမှတ်ပြုသည့် လူများရှိသေးသည်ကိုး။
သူသည် ပေါ့ပေါ့ပါးပါးပင် ပြုံးလိုက်ချေသည်။
ဤအပြုံးသည် လျင်မြန်စွာပျောက်ကွယ်သွားသော ကြယ်ကဲ့သို့ဖြစ်သော်လည်း တပည့်များ၏ ရင်ထဲတွင် နက်ရှိုင်းသော အထင်အမြင်ကို ချန်ထားခဲ့တော့သည်။
ဖရဲသီးစားခြင်းစနစ်က သူ့လျှာအား ထပ်၍ဆော့ကစားကာ(ကျစ် ကနဲအသံပြုကာ) ပြောလာပြန်၏။ [ဒီမျက်နှာက တကယ်ပဲ ကြည့်ကောင်းတယ်၊ အဲ့ဒီဟယ်ဟွမ်းဂိုဏ်းက အမျိုးသမီးကျင့်ကြံသူက တော်တော်အခွင့်သာသွားတာပဲ။]
နဉ်ရွှီ ၊ “……”
[ဒါဆို ငါ့ရဲ့ Hostက ဒီအခွင့်အရေးကို ဘာလို့ မယူတာလဲ။ ငါတို့ နှစ်တစ်ရာစောပြီးကူးပြောင်းလာခဲ့မယ်ဆိုရင် ဟယ်ဟွမ်းဂိုဏ်းက အမျိုးသမီးကျင့်ကြံသူက ဘာလုပ်နိုင်မှာမလို့လဲ။]
နဉ်ရွှီ : “ဟင်?”
“နေပါဦး၊ ငါ မလိုပါဘူး၊ ကျေးဇူး”
ဖရဲသီးစားခြင်းစနစ်က ချက်ချင်း သူ့လေသံကို ပြောင်းလိုက်သည်၊ [ကောင်းပြီ၊ ဒါက အဖိုးကြီးတစ်ယောက်ပဲကို၊ နင် မကြိုက်တာက ပုံမှန်ပါပဲ။ နှစ်တစ်ရာကတည်းက သူက တော်တော်လေး အိုနေပြီရယ်]
ဝူချီချွမ် : …
‘နေပါဦး၊ ဖရဲသီးစားခြင်းစနစ်က ခုပဲ သူ့ကို ချီးမွမ်းလိုက်တာ မဟုတ်ဘူးလား။ အခုကျ ဘာလို့ သူ့ကို အဖိုးကြီးလို့ ပြန်ခေါ်နေရတာလဲ။’
ဖရဲသီးစားခြင်းစနစ်သည် ဘာတွေးနေသည်ကို သူတို့တွေ ဘယ်တော့မှ မသိနိုင်ဟုသာ ပြောနိုင်တော့သည်။ ခန့်မှန်းဖို့ ကြိုးစားရင်တောင်မှ မှန်မှာ မဟုတ်ချေ။
…..
ယနေ့ အခြေခံကျင့်ကြံခြင်းအတန်းပြီးနောက် နဉ်ရွှီသည် အစားအစာကျင့်ကြံသူများထံမှ နေ့လယ်စာအတွက် ဖိတ်ခေါ်မှုကို ထပ်မံရရှိခဲ့သည်။
သူမက ချီတုံချတုံဖြစ်နေလျက် “ဒါက ဒုက္ခပေးမိလွန်းရာမရောက်နေဘူးလားဟင် ”
အစားအစာကျင့်ကြံသူများက အမြန်ပြောလာ၏၊ “မဟုတ်ပါဘူး၊ မရောက်ပါဘူး၊ ဒီကတာအိုမိတ်ဆွေကို ဘယ်အချိန်မဆို ကြိုဆိုပါတယ်”
“ဟုတ်တယ်လေ။ ကျွန်တော်တို့က ခုမှ ဂိုဏ်းထဲကို ဝင်လာတဲ့တပည့်အသစ်တွေလေ။ ကျွန်တော်တို့ရဲ့ ချက်ပြုတ်မှုစွမ်းရည်ကို တန်ဖိုးထားတဲ့ ပထမဆုံးလူက ဒီတာအိုမိတ်ဆွေပဲ”
“တာအိုမိတ်ဆွေ၊ ကျွန်တော် ဒီနေ့ ပုံစံသစ်ဟင်းပွဲတစ်ခုကို ဖန်တီးခဲ့တယ်။ စမ်းစားကြည့်ပါဦး”
နဉ်ရွှီ : “ကောင်းပါပြီ၊ ကောင်းပါပြီ”
အစားအစာကျင့်ကြံသူများ၏ တောင်ထိပ်သို့ ရောက်ပြီးနောက် နဉ်ရွှီသည် နောက်တစ်ကြိမ် နေ့လယ်စာကို စားရန် စိတ်ရှည်စွာ စောင့်နေခဲ့တော့၏။
ထိုစဥ် လေထဲတွင် ဟင်းပွဲများ၏ မွှေးရနံ့များ ဖြည်းဖြည်းချင်း ပြည့်နက်လာချေသည်။
၎င်းသည် အရသာရှိစွာဖြင့် မွှေးနေသော်လည်း သူမသည် နေကြာစေ့ နှင့် ကိုလာကို သတိရနေသေးပေသည်။
'သူမ ဘာလုပ်ရမလဲ။ သူမ မုန့်ပဲသရေစာစားချင်နေပြီ။'
ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါးပြေလာသည်၊ [ဒါက လွယ်ပါတယ်။ စိတ်ထားဖြူစင်တဲ့ကျင့်ကြံသူကို နင့်အတွက် လုပ်ခိုင်းလိုက်။]
“ဟင် သူ လုပ်နိုင်ပါ့လား”။
[ကိုလာက နည်းနည်းခက်ခဲနိုင်တယ်၊ ဒါပေမဲ့ သူ့စွမ်းရည်နဲ့ဆိုရင် နင့်အတွက် အဆင့်နိမ့်ဗားရှင်းကို သေချာပေါက် လုပ်နိုင်လောက်တယ်။]
[နေကြာစေ့အတွက်တော့ ဒါက ဘာမှစိန်ခေါ်မှု မရှိပါဘူး၊ မဟုတ်ဘူးလား။]
ထိုအချိန်တွင် စိတ်ထားဖြူစင်သည့်ကျင့်ကြံသူသည် နဉ်ရွှီဘေးမှ ဖြတ်လျှောက်သွားခဲ့ရာ သူမက ခဏတာစဉ်းစားပြီးနောက်၌ သူ့ကို လက်လှမ်းပြလိုက်လေ၏။
သူမ၏ လက်ဟန်ကို မြင်သောအခါ စိတ်ထားဖြူစင်သည့်ကျင့်ကြံသူသည် အမြန်လျှောက်လာသည်။
“တာအိုမိတ်ဆွေ၊ မင်္ဂလာပါ”
နဉ်ရွှီက အမြန်ပြောလာ၏၊ “မင်္ဂလာပါ”
စိတ်ထားဖြူစင်သောကျင့်ကြံသူက “တာအိုမိတ်ဆွေ၊ စားချင်တာ တစ်ခုခုရှိလို့လား” ဟူ၍မေးခဲ့သည်။
နဉ်ရွှီသည် စိတ်ထားဖြူစင်သောကျင့်ကြံသူက ထိုလောက် တက်တက်ကြွကြွဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူမ ဘာမှမပြောဘဲ သူက သူမကို တိုက်ရိုက်မေးလာခဲ့သည်။
သူမက ခေါင်းညိတ်ပြီး သူမ စားချင်သည့်အရာကို သူ့အား ပြောပြချေသည်။
စိတ်ထားဖြူစင်သော ကျင့်ကြံသူက နှစ်စက္ကန့် စဉ်းစားပြီး လျင်မြန်စွာပြန်ဖြေလာလေ၏၊ “ရပါတယ်၊ ဒါပေမဲ့ ကျွန်တော် စမ်းသပ်မှုနည်းနည်းလုပ်ရဦးမယ်။ မနက်ဖြန်ကျမှ မြည်းစမ်းလို့ရ မှာ”
နဉ်ရွှီ အနည်းငယ်အံ့အားသင့်သွားရသည်။ “ရပါတယ်၊ ကျွန်မ တကယ်မစောင့်နိုင်တော့တာ,တော့မဟုတ်ပါဘူး”
“ကောင်းပြီ!”
ဖရဲသီးစားခြင်းစနစ်က အေးဆေးစွာ ပြောလာသည်၊ [တွေ့လား။ ဒါက မလွယ်ဘူးလား။]
နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်၏ အနာဂတ်ကို အမျှော်အမြင်ကြီးစွာဖြင့် ရှေးရှုတွေးခေါ်မှုကို တစ်ဖန် ချီးမွမ်းမိသည်။
အစားအစာကျင့်ကြံသူများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ကြိုတင်တည်ဆောက်ထားခြင်းသည် တကယ်ပင်လိုအပ်လေ၏။
အရာအားလုံး စီစဉ်ထားသည့်အတိုင်းဖြစ်သွားပါက မနက်ဖြန်တွင် သူမသည် နေကြာစေ့ စားနိုင်ပြီး ကိုလာ သောက်နိုင်လိမ့်မည်ပင်။
ထို့နောက် နဉ်ရွှီသည် နေ့လယ်စာကို တိတ်တဆိတ်စောင့်နေခဲ့တော့သည်။
သူမ နားနေတာ မကြာသေးခင်မှာပဲ ဖရဲသီးစားခြင်းစနစ်က ရုတ်တရက် ရယ်မောစပြုလာ၏။
နဉ်ရွှီကလည်း မေးလိုက်သည်။ “ဘာဖြစ်တာလဲ။ နောက်ထပ် အတင်းအဖျင်းတွေ ရှိသေးတာလား”
ဖရဲသီးစားခြင်းစနစ်က ရယ်မောလိုက်ချေသည်၊ [ဒါက… စိတ်လှုပ်ရှား…စရာပဲ…]
နဉ်ရွှီက အမြန်မေးလာသည်၊ “ဘာက စိတ်လှုပ်ရှားစရာလဲ”
'ကောင်းပြီ၊ စနစ်မှာ စွမ်းအင်ကုန်သွားပြန်ပြီ။'
ဤတစ်ကြိမ်မှာတော့ ‘စိတ်လှုပ်ရှားစရာ’ ဟုသာပြောပြီး ထပ်မံအသစ်ဖြည့်စွက်မှုများ မရှိတော့ချေ။
မကြိုးစားလို့မဖြစ်တော့ပေ။ ချီဓာတ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ရတာ တကယ်ပင် အဆင်မပြေပါ။ သူမ အခြေခံအုတ်မြစ်တည်ဆောက်ပြီးသည်နှင့် စိတ်တိုင်းကျ ဖရဲသီးများသာ အဝစားတော့မည်။
……
အခန်း (၁၀) (Chapter – ၁၀)
အထူးစီမံထားသည့် ဝိညာဉ်စွမ်းအင်ကြွယ်ဝသော အစားအစာကို စားပြီးနောက် ကြာရှည်စွာ ပျောက်ဆုံးနေခဲ့သည့် ဖရဲသီးစားခြင်းစနစ်သည် နောက်ဆုံးတွင် တစ်ဖန်ပြန်၍ အသံထွက်ပေါ်လာခဲ့၏။
[ဟဲဟဲဟဲဟဲဟဲ။]
နဉ်ရွှီသည် စနစ်၏ ရယ်သံကိုကြားသည်နှင့် ၎င်းသည် ဖရဲသီးကို စားနေဆဲဖြစ်သည်ကို သိလိုက်ပါသည်။
သူမသည် အရည်ရွှမ်းသော မုန်လာဥတစ်ခုအား ကိုက်စားလိုက်ပြီး မေးလိုက်သည်။ “စကားမပြောတော့ဘူးလား။ ဘာတွေများ ဒီလောက်စိတ်လှုပ်ရှားစရာကောင်းနေတာလဲ”
အခြားလူများအားလုံးသည်လည်း စိတ်ထဲမှ ပြင်းပြင်းထန်ထန် ခေါင်းညိတ်ကာ သိလိုစိတ်ပြင်းပြနေကြကုန်၏။
၎င်းသည် သူတို့ကို နာရီဝက်ကြာအောင် စိတ်ဝင်စားအောင်လုပ်ပြီးနေပြီဖြစ်၍ တစ်ခုခုကို ဖော်ထုတ်ဖို့ အချိန်ရောက်သင့်ပြီပင်။
ဤတစ်ကြိမ်တွင် ဖရဲသီးစားခြင်းစနစ်က မဆွဲဆန့်တော့ဘဲ တိုက်ရိုက်ပြောလိုက်တော့သည်။ [နင့်ရဲ့ စုတ်ပြတ်သတ်နေတဲ့ အရင်ကစေ့စပ်ထားဖူးတဲ့သူကို ဂိုဏ်းချုပ်က ပြန်လည်သုံးသပ်တဲ့ ချောက်ကမ်းပါးမှာ အပြစ်ပေးလိုက်တယ်၊ ဒါပေမဲ့ နှစ်တွေအကြာကြီး အဲ့ဒီမှာအပြစ်ပေးခံရတဲ့ တပည့်တွေ အများကြီးရှိတယ်လေ။ ဟဲဟဲဟဲဟဲဟဲ။]
ပြန်လည်သုံးသပ်ခြင်းချောက်ကမ်းပါးသည် တပည့်များအား အပြစ်ပေးရန်အတွက် အသုံးပြုသောနေရာတစ်ခုဖြစ်သည်ကို ပစ္စုပ္ပန်တွင်ရှိနေသော တပည့်များအားလုံး သိကြပါသည်။ ၎င်းသည် တစ်နှစ်ပတ်လုံး နှင်းများဖုံးလွှမ်းနေပြီး ကြမ်းတမ်းအေးခဲသော ရာသီဥတုရှိလေသည်။ ချီဓာတ်ဖွဲ့စည်းခြင်းအဆင့် တပည့်တစ်ဦးအတွက် ထိုနေရာတွင်နေထိုင်ခြင်းသည် ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရခြင်းနှင့် မခြားနားပေ။
ယေဘုယျအားဖြင့် ပြန်လည်သုံးသပ်ခြင်း ချောက်ကမ်းပါးသို့ ပို့ခံရသည့် တပည့်များသည် အနည်းဆုံးခြောက်လကြာနေထိုင်ရပေသည်။
ပြင်းထန်သောချိုးဖောက်မှုများကို ကျူးလွန်သူများကတော့ နှစ်ပေါင်းများစွာအပြစ်ပေးခံရနိုင်ပါသည်။
ထို့ကြောင့် ပြန်လည်သုံးသပ်ခြင်းချောက်ကမ်းပါးတွင် အပြစ်ပေးခံရသည့် တပည့်များစွာရှိနေခဲ့သည်။
ရွှီရှစ်ရှင်းအား ထိုနေရာသို့ ပို့လိုက်သည့်ကိစ္စနှင့်ပတ်သက်၍ နဉ်ရွှီတွင် ကြီးကြီးမားမားခံစားချက်မရှိချေ။ သူမက “ပြီးတော့” ဟုသာ မေးလိုက်ချေသည်။
[ပြီးတော့၊ ပြန်လည်သုံးသပ်ခြင်း ချောက်ကမ်းပါးမှာ အပြစ်ပေးခံရတဲ့ တပည့်တွေအထဲမှာ အနှစ်တစ်ထောင်သက်တမ်းရှိတဲ့ မြေခွေးနတ်ဆိုး တစ်ကောင်ရှိနေတယ်။]
နဉ်ရွှီ : “ဟမ်?”
အခြား အစားအသောက်ကျင့်ကြံသူများသည်လည်း မအံ့ဩဘဲ မနေနိုင်ခဲ့ပေ။
'မြေခွေးနတ်ဆိုး?'
ဂိုဏ်းထဲ၌ အနှစ်တစ်ထောင်မြေခွေးနတ်ဆိုး ဘယ်လိုလုပ်ရှိနေနိုင်မည်နည်း။
ဝမ့်ရှင်းဂိုဏ်းသည် လူသားတပည့်များကိုသာ လက်ခံသည့် *ရိုးရာဂိုဏ်းဖြစ်လေ၏။
မကြာသေးသောနှစ်များတွင် လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်အကြား ဆက်ဆံရေးသည် အမြဲတမ်းရှုပ်ထွေးနေခဲ့၏။ ရန်သူလည်းမဟုတ်၊ မိတ်ဆွေလည်းမဟုတ်ကြပေ။
လွန်ခဲ့သောရာစုနှစ်အတော်ကြာက လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်များအကြား စစ်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းသည် ကောင်းကင်ကိုပင် တုန်လှုပ်စေသော တိုက်ပွဲတစ်ခုဖြစ်ခဲ့လေသည်။ နောက်ဆုံးတွင် နတ်ဆိုးမျိုးနွယ်သည် အကြီးအကျယ်ဆုံးရှုံးခဲ့ပြီး ငြိမ်းချမ်းရေးကိုတောင်းခံကာ နောက်ထပ် နှစ်ပေါင်းငါးရာအတွင်း လူ့ဘုံအား ကျူးကျော်ခြင်းမပြုရန် သဘောတူသည့် ကောင်းကင်ကျိန်စာကို ဆန္ဒအလျောက် လက်မှတ်ရေးထိုးခဲ့ကြသည်။
ထိုတိုက်ပွဲကတည်းက လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်များအကြားတွင် တည်ငြိမ်သော ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားခဲ့ကြသည်။
သို့သော်…
နှစ်ငါးရာသဘောတူညီချက်သည် အဆုံးသတ်ဖို့နီးကပ်လာခဲ့ပြီပင်။
ထို့ကြောင့် နတ်ဆိုးမျိုးနွယ်သည် လှုပ်ရှားစပြု လာခဲ့တော့သည်။
ဖရဲသီးစားခြင်းစနစ်က ပရိယာယ်ကြွယ်ဝစွာဖြင့် ရယ်မောလာခဲ့၏။ [ဒီ မြေခွေးနတ်ဆိုးက ဂိုဏ်းထဲမှာ နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့တာ။ မနှစ်ကတော့ သူက တမင်တကာပြဿနာရှာပြီးတော့ကို ချောက်ကမ်းပါးမှာ အပြစ်ပေးခံခဲ့တာ၊ ဇိမ်ရှိတဲ့ဘဝကို စတင်ဖို့ပေါ့။ ဒီတစ်ကြိမ် ရွှီရှစ်ရှင်းက ချောက်ကမ်းပါးကို ရောက်သွားတဲ့အခါ မြေခွေးနတ်ဆိုးက သူ့ကို သဘောကျသွားတယ်လေ။]
[နင့်ရဲ့ ဆန်ကန်မြေလေးကောင်က သူ့ရဲ့စရိုက်ကို မေ့ထားရင်တော့ တော်တော်လေးရုပ်ချောပါတယ်။ ဒါ့အပြင် သူ့ရဲ့ ယန်ဓာတ်က မပျက်စီးသေးဘူး၊ ဒါက နတ်ဆိုးမျိုးနွယ်အတွက် အလွန်ကောင်းမွန်တဲ့ အားဖြည့်မှုတစ်ခုပဲကိုး။】
[နောက်ပြီးတော့၊ မြေခွေးနတ်ဆိုးတွေက လှပတယ်။ နတ်ဆိုးတစ်ကောင် ပိုအစွမ်းထက်လေ၊ သူတို့ရဲ့ရုပ်ရည်က ပိုပြီးရင်သပ်ရှုမောဖွယ် ဖြစ်လာလေပဲ။]
[ဝမ့်ရှင်းဂိုဏ်းထဲကို ပုန်းဝင်လာတဲ့ မြေခွေးနတ်ဆိုးက အကြီးအကဲတွေ သတိမထားမိစေဖို့ အနည်းဆုံးတော့ ယွမ်ယင်အဆင့်အထက်မှာ ရှိရမယ်]
(T/N- ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်)
[ငါ့ရဲ့ အကဲဖြတ်မျက်လုံးနဲ့ကြည့်မယ်ဆိုရင်တော့ ဒီ မြေခွေးနတ်ဆိုးက နတ်ဆိုးမျိုးနွယ်ရဲ့ ထိပ်တန်းအလှပဆုံး တစ်ဦးဖြစ်တယ်ဆိုတာ ငါ ဝန်ခံပါတယ်။]
[ဒါကြောင့်… တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ရွှီရှစ်ရှင်းက သူအလှမှာ ဖမ်းစားခံလိုက်ရတယ်လေ။]
[ဒီလူသားနဲ့ နတ်ဆိုးအတွဲက လောကကိုတောင် တုန်ခါသွားစေတဲ့ မိုးချိန်းသံလိုပဲ၊ ထိန်းချုပ်လို့မရတော့ဘူးပေါ့။]
နဉ်ရွှီ တစ်ခုခုကို သဘောပေါက်သွားရသည်။ “နေဦး၊ နေဦး၊ မြေခွေးနတ်ဆိုးက တမင်တကာ ပြဿနာရှာခဲ့တယ်လို့ နင်ပြောလိုက်တာလား”။
[ဟုတ်တယ်၊ အကြီးအကဲနဲ့ ဆရာသခင်အများကြီးရဲ့ရှေ့မှာတော့ သူက ဘာမှမလုပ်နိုင်ခဲ့ဘူး၊ ဒါပေမဲ့ ချောက်ကမ်းပါးမှာတော့ မတူဘူး။ အပြစ်ပေးခံရတဲ့ တပည့်တွေအတွက် တစ်လတစ်ကြိမ် ပီကူဆေးတွေ ပို့ပေးတဲ့အခါမှပဲ တစ်ယောက်ယောက်က အဲ့ဒီကိုသွားလေ့ရှိတာ။ အခြားသူတွေက မသွားကြဘူး။ အဲ့နေရာက ဂိုဏ်းရဲ့စောင့်ကြည့်မှုကနေ ဝေးကွာတဲ့နေရာတစ်ခုပဲ။ အဲ့ဒီမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ ဂိုဏ်းရဲ့ အဆင့်မြင့်အရာရှိအကြီးအကဲတွေတောင် မသိကြဘူး။]
ယေဘူယျအားဖြင့် ပြောရလျှင် ထိုနေရာကို မည်သူက အာရုံစိုက်မည်နည်း။
မြေခွေးနတ်ဆိုးက ၎င်းအချက်ကို အခွင့်ကောင်းယူခဲ့လေ၏။
နဉ်ရွှီ : တကယ်ပဲ ဒီလိုဖြစ်နိုင်တာလား။
“ပြီးတော့ရော” ဟူ၍ အခြားသူများအားလုံး သိလိုစိတ်ပြင်းပြနေသည့် မေးခွန်းကို နဥ်ရွှီတစ်ယောက် မေးလိုက်ချေသည်။
[ပြီးတော့၊ လူသားနဲ့ နတ်ဆိုးက သဘောဝအတိုင်းပဲ တွဲမိသွားကြတယ်လေ။ ပြီးတော့..ပြီးတော့ ရွှီရှစ်ရှင်း သဘောပေါက်သွားတာက… ဒါက တကယ်တော့ မြေခွေးဖို တစ်ကောင်တဲ့!! ဟားဟားဟား။] ဖရဲသီးစားခြင်းစနစ်သည် အတင်းအဖျင်းများကြောင့် ပျော်ရွှင်နေသည်မှာ ထင်ရှားလှ၏။
'မြေခွေးဖို!'
ရွှီရှစ်ရှင်းသည် ရှုပ်ထွေးသွားပြီးနောက် (အဖို၊ အမ) ယောက်ျားလား၊ မိန်းမလားဆိုတာတောင် မခွဲခြားနိုင်ခဲ့ဘူးလော။
'သူ ဘယ်လောက်တောင် ကြောင်တောင်တောင်ဖြစ်နေလိုက်မလဲ။'
နဉ်ရွှီ : ???
အခြား ကျင့်ကြံသူများ : ???
နားထောင်နေကြသော အနီးအနားမှ အကြီးအကဲများ : ???
နဉ်ရွှီ : “မဟုတ်သေးဘူး၊ နေဦး၊ ဒီဟာက…”
ဖရဲသီးစားခြင်းစနစ်က 'စိတ်လှုပ်ရှားစရာကောင်းသည်' ဟူ၍ ဘာကြောင့်ပြောလဲဆိုတာ အံ့ဩစရာမရှိပေ။
'ဘယ်သူကများ စိတ်လှုပ်ရှား မသွားဘဲနေမှာလဲ။'
သူမသည် အတင်းအဖျင်းတစ်လျှောက်လုံး မြေခွေးနတ်ဆိုးအား မြေခွေးနတ်ဆိုးမ ဟု အမြဲတမ်း တွေးထင်နေခဲ့သည်ပင် ၊ သို့ပေသိ တကယ်တော့ အထီးတစ်ကောင်ဖြစ်နေခဲ့လေ၏။
သူမသည် အခြေအနေကို မှားယွင်းစွာသုံးသပ်ခဲ့သည်။
[မြေခွေးနတ်ဆိုးက လှပတယ်၊ ပြီးတော့ ဒီတစ်ကောင်က ပိုပြီးတော့တောင် လှပတယ်၊ ဒါကြောင့် ယောက်ျားလား၊ မိန်းမလား ခွဲခြားရတာခက်ခဲတာဟ။ တစ်ချက်ကြည့်လိုက်ရုံနဲ့ ရွှီရှစ်ရှင်း ဖမ်းစားခံလိုက်ရတယ်လေ။]
နဉ်ရွှီ သက်ပြင်းချလိုက်သည်။ “ပြီးတော့ ဘာဆက်ဖြစ်လဲ”
ဖရဲသီးစားခြင်းစနစ်က သူ့လျှာကို နှစ်ကြိမ်လောက် တီးခေါက်လိုက်ပြီး [ပြီးတော့? ပြီးတော့ ဘာမှမဖြစ်တော့ဘူးလေ။]
နဉ်ရွှီ : “ဟမ်?”
“နေပါဦး၊ ရွှီရှစ်ရှင်းက ဒါက မြေခွေးနတ်ဆိုးအထီတစ်ကောင်ဆိုတာ သဘောပေါက်သွားတယ်လို့ နင် မပြောခဲ့ဘူးလား။ သူ ဒေါသမထွက်ဘူးလား၊ မဆဲဘူးလား၊ ဒါမှမဟုတ် ထိတ်လန့်မသွားဘူးလား”
[မလုပ်ဘူး၊ သူက အလျင်အမြန်ပဲ လက်ခံလိုက်တယ်။]
နဉ်ရွှီ : …
နားထောင်နေကြသော အခြားတပည့်များ : …
နဉ်ရွှီ အံ့အားသင့်သွားရသည်။
ထို့နောက်၌ နဉ်ရွှီ စိတ်ရှုပ်ထွေးသွားရသည်။
ပြီးနောက်တွင်တော့ နဉ်ရွှီတစ်ယောက် မယုံကြည်နိုင်ခဲ့ပေ။
“သူက… တကယ်ပဲ အဲ့ဒီလောက်တောင် လက်ခံနိုင်စွမ်းရှိတာလားဟ”
ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့တန်တန်နေခဲ့သည်။ [နောက် ဘာဆက်ဖြစ်မှာလဲ။ နင်သိသင့်တယ်၊ ဒီမြေခွေးနတ်ဆိုးက အနည်းဆုံးတော့ ယွမ်ယင်အဆင့်အထက်မှာ ရှိတယ်ဆိုတာကို၊ ရွှီရှစ်ရှင်းက ဘာလဲ။ နှစ်နှစ်တောင် မပြည့်သေးတဲ့ အတွင်းဂိုဏ်းက ချီသန့်စင်မှုအဆင့်(ချီဓာတ်ဖွဲ့စည်းခြင်းအဆင့်) တပည့်တစ်ယောက်ပဲလေ။ သူက မြေခွေးနတ်ဆိုးကို စိန်ခေါ်ရဲမှာတဲ့လား။]
[ပွင့်ပွင့်လင်းလင်းပြောရရင် ဒီမြေခွေးနတ်ဆိုးက သူ့ကို လက်တစ်ချောင်းနဲ့တောင် ချေမှုန်းနိုင်တယ်ရယ်။]
[ပြီးတော့ မမေ့ပါနဲ့၊ ဒီမြေခွေးနတ်ဆိုးရဲ့ ရုပ်ရည်က တကယ်ကို မယှဉ်နိုင်စရာပဲ။ ဝေဖန်စရာ ဘာမှမရှိဘူး။ ရွှီရှစ်ရှင်းက အရမ်းကို ကျေနပ်နေခဲ့တာ။]
[သူ မကျေနပ်တဲ့ တစ်ခုတည်းသောအရာက…]
နဉ်ရွှီကလည်း အခွင့်အရေးယူပြီး “သူ ဘာကို မကျေနပ်တာလဲ” ဟုမေးလိုက်ချေသည်။
ဖရဲသီးစားခြင်းစနစ် တိတ်ဆိတ်သွား၏။
ထိုသို့ပြောပြီးနောက် သူက ထပ်မံစကားမပြောတော့ပေ။
'သူက ဘယ်လိုများအဲ့ဒီလောက်တောင် လျှို့ဝှက်နိုင်ရတာလဲ။'
နဉ်ရွှီ စားပြီးသွားပြီပင်။ သူမ စုပ်ယူခဲ့သော ဝိညာဉ်စွမ်းအင်များအားလုံးကို သုံးစွဲပြီးသွားပြီ။
ဖရဲသီးစားခြင်းစနစ်က ဘာကြောင့် ပြန်တိတ်ဆိတ်သွားလဲဆိုတာ အံ့ဩစရာမရှိပေ။
သူမသည် သူမ၏ ကျင့်ကြံမှုကို လျင်မြန်စွာ တိုးတက်စေလိုပါသည်။
စားပြီးနောက် သူမသည် အစားအသောက်ကျင့်ကြံသူများကို ပြောပြီး သူမ၏ မြက်ဖြင့် ပြုလုပ်ထားသောတဲအိမ်သို့ ပြန်သွားခဲ့တော့သည်။
တပည့်အသစ်တစ်ဦးအနေဖြင့် သူမသည် ကိုယ်ပိုင် လိုဏ်ဂူကို ပိုင်ဆိုင်ခွင့်မရှိသေးပေ။ သူမပြန်ရောက်သည်နှင့် မြက်ဖျာပေါ်တွင် တင်ပျဉ်ခွေထိုင်၍ တရားထိုင်ခဲ့လေ၏။
လျင်မြန်စွာ တိုးတက်ရန်အတွက် သူမသည် အဆင့်မြင့်ဝိညာဉ်ကျောက်တုံးတစ်ခုကို ထုတ်ယူပြီး ၎င်း၏ စွမ်းအင်ကို စုပ်ယူခဲ့သည်။
သူမတွင် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ဆယ်လုံးသာရှိသဖြင့် တစ်လုံးကို အသုံးပြုလိုက်သည်နှင့် တစ်လုံးလျော့သွားမည်သာ။
သို့သော် ဝိညာဉ်ကျောက်တုံးများနှင့်ပတ်သက်လာလျှင် အဟောင်းကုန်မှ အသစ်လာနိုင်မည်။ အချိန်တန်လျှင်တော့ သူမ အသုံးပြုရမည်ပင်။
အခုအချိန်သည် အချိန်တန်ပြီဖြစ်၏။
တကယ်တော့ နဉ်ရွှီ လုံလောက်သော ဝိညာဉ်စွမ်းအင်ရသည်နှင့် ဖရဲသီးစားခြင်းစနစ်ပြန်ပေါ်လာ၏။
နဉ်ရွှီ : …
“ဒီလောက်တောင် လက်တွေ့ကျဖို့ လိုအပ်တာလား”
[လက်တွေ့ကျတာ မဟုတ်ပါဘူး hostရေ ဝိညာဉ်စွမ်းအင်မရှိဘဲ ငါ လှုပ်ရှားလို့မရဘူး၊ စကားပြောတာတောင် ပင်ပန်းတယ်။]
“နင် အရင်က စွမ်းအင်မလုံလောက်တုန်းကတောင် တစ်ခါတစ်လေ ဆက်ပြောနေခဲ့တယ် မဟုတ်ဘူးလား”
ဖရဲသီးစားခြင်းစနစ်က ပြန်ဖြေလာ၏။ [ဒါပေမဲ့ အဲ့ဒါကလည်း ဝိညာဉ်စွမ်းအင်ကို သုံးစွဲတယ်ဆိုတာ ငါ သိသွားပြီးလေ။ ပါးစပ်ပိတ်ထားတာက ပိုကောင်းသွားတာပေါ့။]
နဉ်ရွှီ : …
'ကောင်းပြီ။'
သူမသည် ၎င်းကို အလေးအနက်မတွေးတော့ပေ။
နောက်ဆုံးတော့ ဝိညာဉ်စွမ်းအင်ဆိုတာ ကြိုးစားလျှင် ရနိုင်သောအရာတစ်ခုပင်။ ယခုအချိန်မှာတော့ ဖရဲသီးစားခြင်းက အရေးအကြီးဆုံးဖြစ်လေ၏။
သူမ ဆက်ပြောလာ၏။ “နင် ဘာပြောတော့မလို့လဲ။ သူ ဘာကိုမကျေနပ်တာလဲ”
ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါးပင် ပြောလာသည်။ [ပြန်လည်သုံးသပ်တဲ့ချောက်ကမ်းပါးမှာ အပြစ်ပေးခံရတဲ့ တပည့်အများစု(90%)က မြေခွေးနတ်ဆိုးရဲ့ဖိနပ်အောက်က လူတွေပဲ။ ရွှီရှစ်ရှင်းက မနာလိုမဖြစ်နေရင်တောင် သူ မနာလိုဖြစ်တော့မဲ့ လမ်းကြောင်းပေါ်မှာ ရောက်နေပြီရယ်၊ ဒါကြောင့် သူမပျော်တာပေါ့။]
[နင်မသိဘူးလား၊ လူတစ်စုလုံးက အဲ့ဒီမှာ နေ့တိုင်းဇာတ်လမ်းဆင်နေကြတာ၊ ဟင်းဟင်းဟင်း။]
နဉ်ရွှီ : “ဟမ်?”
သို့သော် သူမ၏ အံ့အားသင့်မှုဟာ နှစ်စက္ကန့်သာကြာခဲ့ပြီး အလျင်အမြန် ပြန်လည်စိတ်တည်ငြိမ်သွားသည်။
သည်လိုဆိုတော့လည်း အကြောင်းအရာက ရှင်းလင်းသွားပြီပင်။
မြေခွေးနတ်ဆိုးက တမင်တကာ ပြဿနာရှာပြီး ချောက်ကမ်းပါးကို ဘာကြောင့် သွားရတယ်ဆိုတာ အံ့ဩစရာမရှိတော့ပေ။ ဘယ်သူမှ ဂရုမစိုက်သည့်အချိန်မှာ သူကတော့ ရိုင်းဆန်စွာဖြင့် သူ့အကွက်တွေကို စတင်လုပ်ဆောင်ခဲ့တော့သည်။
မြေခွေးနတ်ဆိုးများက… တကယ်ကို (စိတ်ခံစားမှုပြင်းပြလွန်း)လွန်လွန်းပေ၏။
သို့တိုင်…
“ဆိုတော့ သွေးဆောင်မခံရတဲ့ တပည့်တွေရှိနေသေးတာလား”
ဖရဲသီးစားခြင်းစနစ်က ပြန်ဖြေလာ၏။ [အင်း။]
နဉ်ရွှီ သက်ပြင်းချလိုက်ချေသည်။ “ဒါဆို သူတို့က တော်တော်ကောင်းတာပဲ”
ဖရဲသီးစားခြင်းစနစ်က သူ့လျှာကို တီးခေါက်လိုက်ပြီး ၎င်းကို ပယ်ချလိုက်သည်။
[ပြန်လည်သုံးသပ်ရတဲ့တောင်ကမ်းပါးမှာ တပည့် ၂၀ လောက်ပဲ ရှိတယ်။]
[အဲ့တော့ ကျန်တဲ့ တစ်ဆယ်ရာခိုင်နှုန်းဆိုတာ နှစ်ယောက်ကို ဆိုလိုတာ။]
[တစ်ယောက်က ဒဏ်ရာရထားတော့ မြေခွေးနတ်ဆိုးက စိတ်မဝင်စားဘူးလေ။]
[နောက်တစ်ယောက်ကတော့ ရုပ်ဆိုးတယ်၊ မြေခွေးနတ်ဆိုးရဲ့ အရသာ(အကြိုက်) မဟုတ်ဘူး။]
[ဒါကြောင့်၊ ဒီနှစ်ယောက်ပဲ မြေခွေးနတ်ဆိုးရဲ့ လက်အောက်ခံ မဖြစ်ခဲ့တာ။]
နဉ်ရွှီ : …
ကောင်းပြီ။ ကျန်ရှိနေသေးသည့် နှစ်ယောက်သည် မြေခွေးနတ်ဆိုး၏ ဆွဲဆောင်မှုကို တွန်းလှန်ခြင်းမဟုတ်—သူတို့ကို ဂရုမစိုက်ခြင်းသာဖြစ်ပါသည်။
‘ဒါဆို ဒီ မြေခွေးနတ်ဆိုးရဲ့ ညှို့အားက တကယ်ကို ဒီလောက်ထိတောင် အားကောင်းတာလား။’
ဖရဲသီးစားခြင်းစနစ်က မယုံကြည်ပေ။ [ဒါက ညှို့ယူတဲ့နည်းပညာ တစ်ခုပဲ။ တန်ဖိုးမရှိတဲ့အရာလေးပါ။]
[ရိုးရိုးသားသားပြောရရင် ဟယ်ဟွမ်းဂိုဏ်းက အဲ့ဒီ အမျိုးသမီးကျင့်ကြံသူထက် အများကြီး ပိုအားကောင်းတယ်။]
【အဲ့ဒီ အမျိုးသမီးကျင့်ကြံသူက သူ့ရဲ့မြင့်မားတဲ့ကျင့်ကြံမှု အပေါ်မှာပဲ အားထားပြီး သူ လိုချင်တာကို လုပ်ခဲ့တာပဲ။】
[ဒီ မြေခွေးနတ်ဆိုးကရော? ခုနစ်ပုံက သူ့ရဲ့ ရုပ်ရည်ပေါ်မှာ အားထားတယ်၊ သုံးပုံကတော့ ညှို့အားပေါ်မှာပဲ။]
[သူ့မှာလည်း နည်းနည်းပါးပါးတော့ အရည်အချင်းရှိတာပေါ့။ ]
………
ထိုအချိန်တွင်။
ဤအရာအားလုံးကို နားထောင်နေကြသော အကြီးအကဲများသည် သည်းခံ မနေနိုင်တော့ပေ။
ပထမတွင် သူတို့သည် မြေခွေးနတ်ဆိုးက ရွှီရှစ်ရှင်းကို သွေးဆောင်ခဲ့ကြောင်း ကြားသောအခါ သူတို့တွင် သိပ်ကြီးကြီးမားမားတုံ့ပြန်မှုမရှိခဲ့ပေ။
၎င်းက ကံကြမ္မာပဲ ဟု သူတို့တွေးခဲ့ကြသည်။
ရွှီရှစ်ရှင်း၏ ခရီးလမ်းခက်ခဲခြင်းနှင့် ဤအရာအားလုံးကို ခံစားရခြင်းက သူ့ဘာသာသူကြောင့်ပဲ ဟု သူတို့ အပြစ်တင်နိုင်ပါသည်။
သူတို့သည် မြေခွေးနတ်ဆိုးကို နောက်မှ ကိုင်တွယ်မည်ဟု တွေးခဲ့ကြလေ၏။
သို့သော် ဤအရာကိုကြားရသောအခါတွင်တော့ ချောက်ကမ်းပါးတွင် အပြစ်ပေးခံရသည့် တပည့်နှစ်ဆယ်နီးပါးအားလုံးသည် သွေးဆောင်ခံရပြီးသားဖြစ်သည်ကို သူတို့ ရုတ်တရက် သဘောပေါက်သွားရသည်။
သွေးဆောင်ခံရခြင်းမရှိသော နှစ်ယောက်ကလည်း မြေခွေးနတ်ဆိုး၏ အရသာ မဟုတ်လို့သာ ဖြစ်ပါသည်။
'ဒါကို သည်းခံနိုင်ရိုးလား။'
သူတို့ လုံးဝ သည်းမခံနိုင်ပါပေ။
ထိုမြေခွေးနတ်ဆိုးက သူတို့၏ ဝမ့်ရှင်းဂိုဏ်းကို ဘာထင်နေသနည်း။ နတ်ဆိုးတို့၏ ကစားကွင်းပင်လော။
အချို့တပည့်များက သူတို့၏ အပြစ်ပေးကာလကုန်ဆုံးပြီးသည့်တိုင် ဘာကြောင့် မထွက်ခွာချင်ကြတာလဲဆိုတာ အံ့ဩစရာမရှိပေ။
သူတို့သည် အပြစ်ရှိသေးသည်ဟု ခံစားရပြီး ကိုယ့်ကိုကိုယ် ဆက်လက်အပြစ်ပေးလိုသေးသည်ဟုသာ ပြောဆိုခဲ့ကြပေ၏။
စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ အကြီးအကဲက ဤရှင်းပြချက်ကို ကြားသောအခါ ဂိုဏ်း၏သွန်သင်မှုများ အကျိုးရှိကြောင်းပြသသော လက္ခဏာတစ်ခုဖြစ်သည်ဟူ၍ တွေးကာ ကျေနပ်နေခဲ့မိသည်။
သို့သော် ယခုတော့ ၎င်းတို့သည် လိမ်ညာမှုများသာဖြစ်လေ၏
သူတို့သည် ချောကိကမ်းပါးတွင် ပျော်ရွှင်နေကြပြီး ထွက်ခွာလိုခြင်းမရှိပေ။ ၎င်းက စိတ်ရင်းမှန်ဖြင့် နောင်တရခြင်းမဟုတ်။
ထိုမြေခွေးနတ်ဆိုးကို ဆက်လက် ဖျက်ဆီးခွင့်ပေးမည်ဆိုလျှင် အကျိုးဆက်များက စိတ်ကူးလို့မရနိုင်ဖြစ်သွားလိမ့်မည်ပင်။
ဂိုဏ်းချုပ်၏ မျက်နှာ မည်းမှောင်သွားတော့သည်။ “လန်ချန်၊ လူတွေ ခေါ်ပြီး ပြန်လည်သုံးသပ်တဲ့ချောက်ကမ်းပါးကို သွား၊ ပြီးတော့ ငါတို့ဂိုဏ်းကို ရှုပ်ထွေးအောင်လုပ်နေတဲ့ ဒီ… မြေခွေးနတ်ဆိုးကို ဖမ်းလာခဲ့”
စည်းကမ်းထိန်းသိမ်းရေးခန်းမအကြီးအကဲ လန်ချန်က ခေါင်းညိတ်ပြီး အမိန့်ကို လက်ခံခဲ့သည်။
အမိန့်ပေးပြီးနောက် ဂိုဏ်းချုပ်သည် အခြားအကြီးအကဲများဘက်သို့ လှည့်လိုက်ချေသည်။
“နတ်ဆိုးတစ်ကောင်က ငါတို့ဂိုဏ်းထဲကို ပုန်းဝင်နေခဲ့တယ်၊ အခုမှပဲ… သတိပေးမှုတစ်ခုကြောင့် ငါတို့သိလိုက်ရတာ။”
“ငါသံသယရှိတာက နတ်ဆိုးတွေဝင်ပုန်းနေတာ တစ်ယောက်ထက်မကလောက်ဘူး။”
“တပည့်အားလုံးရဲ့ အထောက်အထားတွေကို အသေးစိတ်စစ်ဆေးဖို့ လူတွေလွှတ်လိုက်ပါ။”
“နတ်ဆိုး ဒါမှမဟုတ် ဆိုးယုတ်တဲ့ကျင့်ကြံသူ တစ်ယောက်ယောက်ကိုတွေ့ရှိရင် သူတို့ကို အကျဉ်းချပြီး နောက်မှ စစ်ဆေးမေးမြန်းပါ”
အကြီးအကဲများ အားလုံးသည် လက်များကို ရိုသေစွာဆုပ်ကိုင်ပြီး အမိန့်ကို လက်ခံခဲ့ကြသည်။
…….
နဉ်ရွှီက သူမ ပေါ့ပေါ့ပါးပါးစားခဲ့သော ဖရဲသီးသည် ဂိုဏ်းကို အန္တရာယ်တစ်ခုအား အချိန်မီရှာဖွေတွေ့ရှိရန် ကူညီပေးခဲ့ကြောင်းလုံးဝမသိခဲ့ပေ။
ယခုအချိန်လေးတွင် သူမသည် သူမ စုတ်ပြတ်သတ်နေသောယခင်စေ့စပ်ထားသူ၏ အတင်းအဖျင်းများတွင် နစ်မြုပ်နေဆဲဖြစ်ပါသည်။
ဤအချိန်လေးတွင် သူမသည် စိတ်ဝိညာဉ်ကိုပင် ထိမှန်စေသော မေးခွန်းတစ်ခုမေးလိုက်ချေသည်။
“ဒါဆို သူက ယောက်ျားကို ကြိုက်တာလား၊ မိန်းမ ကို ကြိုက်တာလား”
“ပြီးတော့၊ သူနဲ့ မြေခွေးနတ်ဆိုးက ဘယ်သူက 1၊ ဘယ်သူက 0 လဲဟင်”
…….
E note :
1 dominant role
0 submissive role
BLအမျိုးအစားတွေမှာ သုံးလေ့ရှိတဲ့ လိင်ပိုင်းဆိုင်ရာ အခန်းကဏ္ဍကိုရည်ညွှန်းတဲ့စကားလုံး
1က ဦးဆောင်သူ (သို့) အပေါ်ထပ်
0က လက်ခံသူ (သို့) အောက်ထပ်
ဒါကြောင့် ဇာတ်ကောင်က “သူနဲ့ မြေခွေးနတ်ဆိုးမှာ ဘယ်သူက 1၊ ဘယ်သူက 0လဲ” လို့မေးတာက အဲ့ဇာတ်ကောင်တွေရဲ့ ဆက်ဆံရေးက ဘယ်သူက အပေါ်၊ ဘယ်သူကအောက်လဲဆိုတာ ဟာသနှောပြီး စူးစမ်းမေးမြန်းနေတာပါ။
……..