← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁)(Chapter – 11)

နဉ်ရွှီမေးပြီးနောက် ဖရဲသီးစားခြင်းစနစ်သည် ချက်ချင်းပြန်မဖြေခဲ့ပေ။ ထိုအစား ၎င်းက ပြန်မေးလာခဲ့သည်၊ [နင်ဘယ်လိုထင်လဲ?]

သူမ ဘယ်လို ထင်သလဲ?

နဉ်ရွှီသည် သူမ၏မေးစေ့ကို ပွတ်သပ်ခဲ့ပြီး တစ်ပိုင်းချင်းစီ ဆန်းစစ်ရန်စတင်ခဲ့သည်၊ “ရိုးရိုးသားသား ပြောရရင် ငါရွှီကို အကြိမ်အနည်းငယ်တွေ့ဖူးတယ်၊ သူက လွှမ်းမိုးရန်လိုတဲ့ရောင်ဝါ လုံးဝမရှိဘူး။ နင်ပြောတဲ့ မြေခွေးနတ်ဆိုးက ယောက်ျားလေးလား မိန်းကလေးလားခွဲခြားဖို့ ခက်တယ်လို့ပြောထားတော့ သူက ချစ်စရာကောင်းတဲ့ 0နဲ့တူရမယ်။ ဒါကြောင့် နှစ်ယောင်စလုံးကအတော်လေး… အင်း…တစ်ခုခုပါပဲ။”

သို့သော် မကြာမီပင် နဉ်ရွှီသည် အကြောင်းအရာကို ပြောင်းလိုက်ပြီးနောက် စိတ်အားထက်သန်စွာဖြင့် “ဒါပေမယ့် ပြန်ပြောရရင်….”

“0နှစ်ယောက်ဖြစ်နေရင်တောင် တစ်ယောက်ကတော့ 1ဖြစ်လာနိုင်ပါတယ်”

နဉ်ရွှီသည် ပြတ်ပြတ်သားသားပြောခဲ့သည်၊ “ဒါဆို ငါကတော့ မြေခွေးနတ်ဆိုးလို့ပဲဆက်ပြီး ခန့်မှန်းမယ်။”

ဘာပဲဖြစ်ဖြစ် ၎င်းသည် ယွမ်ယင်အဆင့်ထက်မြင့်မားသော ကျင့်ကြံမှုရှိသည့် နတ်ဆိုးကြီးဖြစ်ပေသည်။ သူသည် 0ကဲ့သို့ ဖြစ်နေလျှင်ပင် 1၏ ရောင်ဝါအချို့ ရှိနေမည်ပင်။

နဉ်ရွှီဆန်းစစ်နေစဉ် သူမနှင့် ဖရဲသီးစားခြင်းစနစ်တို့၏ စကားပြောဆိုမှုကို နားထောင်နေသော ကျင့်ကြံသူများသည် ကြက်သေသေခဲ့ကြရသည်။ သူတို့သည် သူတို့ ပြောနေသည့်အရာကို ဘာမှ နားမလည်ခဲ့ကြပေ!

သို့သော် အကြောင်းအရာနှင့် ဘာသာစကားကို နားလည်အောင်တွေးပြီးနောက် သူတို့သည် ၎င်းကို နည်းနည်းလေး နားလည်နိုင်ခဲ့သည်။

ကျင့်ကြံသူတစ်ဦးချင်းစီတွင် သူတို့၏ကိုယ်ပိုင်အတွေးများ ရှိခဲ့ကြ၏။

နဉ်ရွှီက မြေခွေးနတ်ဆိုးဟု ခန့်မှန်းခဲ့ပြီး သူတို့သည် ရွှီရှစ်ရှင်းဟု ခန့်မှန်းခဲ့ကြသည်။

ဘာပဲဖြစ်ဖြစ် သူသည် နှစ်ခုတွဲဝိညာဉ်အမြစ်များရှိပြီး ဝမ့်ရှင်းဂိုဏ်း၏ အတွင်းဂိုဏ်းတပည့်ဖြစ်ပေသည်။ သူသည် လွှမ်းမိုးရန်လိုမှုကင်းမဲ့မည်မဟုတ်ပေ။ ပြိုင်ဘက်သည် ဝိညာဉ်ဖြစ်ပေါ်ခြင်း အဆင့်ထက်(ယွမ်ယင်အဆင့်ထက်) မြင့်မားသော အစွမ်းထက်သည့် သတ္တဝါဖြစ်နေလျှင်ပင် ဘာဖြစ်သလဲ? ကျင့်ကြံသူများအနေဖြင့် ၎င်းတို့သည် အခက်အခဲများကို ရဲရဲရင့်ရင့်ရင်ဆိုင်သင့်ပါသည်။

ဤကျင့်ကြံသူများသည် တည့်တိုးသမားများဖြစ်ပြီး တာအိုကို ရိုသေကြသည်ဟူ၍ ပြောနိုင်ပေသည်။ ၎င်းတို့သည် စိတ်ပိုင်းဆိုင်ရာရှုပ်ထွေးခြင်း သို့မဟုတ် ချစ်ခြင်းမေတ္တာအတွက် 0 ဖြစ်လိုခြင်းသည် ဘာကိုဆိုလိုသည်အား မနားလည်နိုင်ခဲ့ပါ။

နဉ်ရွှီ၏ ခွဲခြမ်းစိတ်ဖြာ၊ဆန်းစစ်ချက်ကို ကြားပြီးနောက် ဖရဲသီးစားခြင်းစနစ်က မှတ်ချက်ပေးလာ၏၊ [နင် ပြောတာ… အဓိပ္ပာယ်…ရှိတယ်… ဒါပေမယ့်…]

ဒါပေမယ့် ဘာလဲ?

ဖရဲသီးစားခြင်းစနစ်က ပြန်ဖြေခဲ့သည်၊ […]

ကောင်းပြီ။ ၎င်းတွင် မည်သည့် ဒါပေမယ့်မျှမရှိတော့ချေ။

အချိန်တိုအတွင်း အဆင့်မြင့်ဝိညာဉ်ကျောက် တစ်ခုဆုံးရှုံးခဲ့ပြီး ၎င်းသည် ဖရဲသီးစားခြင်းက တကယ် ဈေးမပေါဘူးဆိုတာကိုသာ ပြသခဲ့ပါသည်။

အဆင့်မြင့်ဝိညာဉ်ကျောက် တစ်ခုအသုံးပြုပြီးနောက် နဉ်ရွှီသည် နောက်ထပ် အသုံးမပြုတော့ရန် ဆုံးဖြတ်လိုက်လေ၏။ သူမသည် သူမ၏ စိတ်ကို အာရုံစိုက်ခဲ့ပြီး လေးလေးနက်နက် တရားထိုင်၊ကျင့်ကြံရန် စတင်ခဲ့တော့သည်။ ဝိညာဉ်ကျောက်များ မရှိတော့သောကြောင့် သူမသည် တရားထိုင်ရန်နှင့် ဖရဲသီးစားရန်သာ လုပ်နိုင်ခဲ့၏။

၎င်းသည် သူမအပေါ် များစွာ သက်ရောက်မှုမရှိခဲ့သော်လည်း လျှို့ဝှက်စွာ နားထောင်နေကြသော ထိုကျင့်ကြံသူများနှင့် ဂိုဏ်းချုပ်အတွက်မူ ခက်ခဲခဲ့သည်။

ဖရဲသီးစားခြင်းကို တစ်ဝက်တစ်ပျက်ဘယ်လိုလုပ် စားလို့ရမည်နည်း။?

လူတွေရဲ့စိတ်ခံစားချက်တွေကို လှောင်ပြောင်ခြင်းက အနည်းငယ် အလွန်အကျွံမဖြစ်သွားတယ် မဟုတ်ဘူးလား?

ဒါဆို သူတို့ရဲ့ ဂိုဏ်းတူညီအစ်ကိုရွှီရှစ်ရှင်းက 0လား 1လား?

သူတို့ ရှင်းလင်းတဲ့အဖြေကို ပေးနိုင်လား?

ဂိုဏ်းချုပ်သည် သူ၏ဘေးရှိ ဆေးတောင်ထိပ်သခင်အားမေးခဲ့သည်၊ “အပြင်ဂိုဏ်းတပည့်တွေကို အလွန်အကျွံမပေါ်လွင်စေဘဲ ဝိညာဉ်ကျောက်တွေ ပေးပို့ဖို့ နည်းလမ်းတစ်ခုခုရှိလား?”

ဤမေးခွန်းက ဆေးတောင်ထိပ်သခင်ကို တကယ် ကြောင်အစေခဲ့သည်။

သူက ခေါင်းခါခဲ့သည်၊ “ဒီလို အစဉ်အလာမျိုးမရှိပါဘူး။”

အပြင်းဂိုဏ်းတပည့်များသည် ဂိုဏ်းတွင် ယေဘုယျအားဖြင့် တန်ဖိုးရှိသည်ဟု သတ်မှတ်ခြင်းမခံရပေ။ အပြင်းဂိုဏ်းတပည့်များကို စကားထဲထည့်ပြောစရာပင်မလိုပေ၊ အတွင်းဂိုဏ်းတပည့်များကပင် ဝိညာဉ်ကျောက်များလက်ခံရရှိခဲ့သည့် အစဉ်အလာမျိုးမရှိခဲ့ပေ။ ၎င်းတို့သည် ဂိုဏ်း၏ လစဉ်ခွဲတမ်းအရ ခွဲဝေပေးသည့်အရာကိုသာ ရရှိခဲ့ဖူးပါသည်။

ခဏတာ တွေဝေပြီးနောက် ဆေးတောင်ထိပ်သခင်က ပြောခဲ့သည်၊ “သူမကို သီးသန့်တပည့် ဒါမှမဟုတ် အတွင်းဂိုဏ်းတပည့်အဖြစ် လက်ခံမှသာ ဖြစ်နိုင်မယ်။”

နဉ်ရွှီကို သီးသန့်တပည့် သို့မဟုတ် အတွင်းဂိုဏ်းတပည့်အဖြစ် လက်ခံပြီးသည်နှင့် သူမ၏ သခင်သည် သူမအား အမျိုးမျိုးသော ဝိညာဉ်ကျောက်များနှင့် မှော်ရတနာလက်နက်များကိုပေးရန် တရားဝင်သည့်အကြောင်းပြချက် ရှိလာမည်ဖြစ်ပေသည်။ ဆရာဟာ တပည့်တစ်ဦးအား အကျိုးအမြတ်များပေးခြင်းက လုံးဝ သဘာဝကျမည်ပင်၊ မှန်သည်မဟုတ်ပေလော?

သို့သော်…

ဝိညာဉ်အမြစ်သုံးခုရှိသည့် ကျင့်ကြံသူတစ်ဦးကို သီးသန့်တပည့်အဖြစ် လက်ခံခြင်း?

ဤအတွက်လည်း လုပ်ခဲ့ဖူးသော အစဉ်အလာမျိုးမရှိခဲ့ပေ။

၎င်းတို့သည် သူမအတွက် ရုတ်တရက် အထူးအခွင့်အရးလုပ်လိုက်ပါက သူမနှင့် ဖရဲသီးစားခြင်းစနစ်တို့ တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခြင်းမှ တားဆီးရန်ခက်ခဲလိမ့်မည်ပင်။ ၎င်းတို့သည် နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်တို့မှာ တစ်စုံတစ်ခုရှာဖွေတွေ့ရှိပါက ၎င်းတို့ မမျှော်လင့်သည့် တစ်စုံတစ်ရာဖြစ်လာနိုင်သည်ဟုပင် သူတို့၌ အလိုလိုသိစိတ် တစ်ခုရှိခဲ့လေ၏။

ဥပမာအားဖြင့်…

၎င်းတို့သည် ဤပုဂ္ဂိုလ်နှင့် စနစ်၏စည်းလုံးသော စိတ်၏အသံကို ရုတ်တရက် မကြားနိုင်တော့ခြင်းပင်။

ထို့ကြောင့် ဝိညာဉ်ကျောက်များပေးပို့ရန် ဆုံးဖြတ်ချက်ကို အလွန်အမင်း သတိထားပြီး ကိုင်တွယ်ရမည်ဖြစ်ပါသည်။

ပထမဆုံးအကြိမ်အဖြစ် ဂိုဏ်းချုပ်သည် အခြေအနေကို ခက်ခဲသည်ဟူ၍ ခံစားလိုက်ရတော့သည်။

ဝိညာဉ်ကျောက်များ ပေးပို့လိုသော်လည်းမပေးနိုင်… ကျင့်ကြံခြင်းလောကတွင် သူတို့ထက် ပိုမိုကံဆိုးသော ကျင့်ကြံသူများ ရှိနေပေဦးမည်လော?

____

အစားအသောက်ကျင့်ကြံသူများသည် တိတ်တဆိတ်ထွက်သွားခဲ့ကြသည်။ သူတို့သည် စိတ်ပူပန် ရှုပ်ထွေးခဲ့ကြပြီး သူတို့၏ စိတ်များသည် ရွှီရှစ်ရှင်းနှင့် မြေခွေးနတ်ဆိုးတို့၏ စိတ်ခံစားမှုဆိုင်ရာ ပတ်သက်မှုများဖြင့်သာ ပြည့်နှက်နေခဲ့လေ၏။

ရွှီတာအိုကျင့်ကြံသူသည် မည်သို့…

သူသည် တကယ်…

၎င်းက ဘယ်လို ဖြစ်နိုင်ရသနည်း?

ကျင့်ကြံသူတစ်ဦး၏တာအိုစိတ်သည် ခေါင်းလောင်းကဲ့သို့ ခိုင်မာသင့်သည်၊ ဒါက မှန်သည်မဟုတ်ပေလော?

သူသည် ဤမျှသေးဖွဲသော မှော်ပညာ၏ ဖမ်းစားခြင်းအောက်သို့ မည်သို့ ကျရောက်နိုင်သနည်း?

အမျိုးသမီး အစားအသောက်ကျင့်ကြံသူတစ်ဦးက သူမ၏အသံကို နှိမ့်ချခဲ့ပြီး တီးတိုးပြောလာ၏၊ “အဲ့ဒီ မြေခွေးဖိုနတ်ဆိုးမှာ အဲ့ဒီလောက်ဆွဲဆောင်မှုရှိတယ်လို့ နင်တို့ထင်လား?”

အားကောင်းပြီး တည့်တိုးသမားဖြစ်သည့် အမျိုးသားအစားအသောက် ကျင့်ကြံသူတစ်ဦးက ပေါ့ပေါ့ပါးပါးပင် ရယ်လိုက်ပြီး၊ “ဘယ်သူသိမှာလဲ? ဘာပဲဖြစ်ဖြစ် ငါက မြေခွေးဖိုနတ်ဆိုးတွေကို စိတ်မဝင်စားဘူးလေ”

အမျိုးသမီး အစားအသောက်ကျင့်ကြံသူက သူ၏လျှာကို တီးခေါက်ခဲ့ပြီး မယုံကြည်ဘဲပြောလာခဲ့၏၊ “ဖရဲသီးစားတဲ့စနစ် ခုနကပြောတာကို နင်မကြားဘူးလား? တပည့်နှစ်ဆယ်ကျော်လောက်က သူ့ရဲ့ကျွန်တွေဖြစ်လာခဲ့တယ်တဲ့။”

အမျိုးသားအစားအသောက်ကျင့်ကြံသူက သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းခဲ့သည်၊ “အဲ့လိုဆိုလည်း ဘာဖြစ်လဲ? ငါအသက်နှစ်ဆယ်ကျော်နေခဲ့ပြီး ဘယ်တော့မှ မစွဲလမ်းခဲ့ဖူးသေးဘူး။ သူတို့က ယောက်ျားလေးလား မိန်းကလေးလား အရေးမကြီးပါဘူး၊ ငါက သူတို့ကို စိတ်မဝင်စားဘူး! ငါက ကြီးမြတ်တဲ့တာအိုပညာကိုသာ သစ္စာစောင့်သိချင်တာ!”

အမျိုးသမီးကျင့်ကြံသူက သူ့ကို စောင်းငဲ့ကြည့်ခဲ့ပြီး လှောင်ပြောင်ခဲ့သည်၊ “နင်က ခေါင်းမာနေတာ။ နင်က အဲ့ဒီမြေခွေးဖိုနတ်ဆိုးကို တကယ်မမြင်ဖူးဘူးလေ။ နင်သာမြင်ဖူးရင် နင်ဘယ်သူ့ထက်မဆို ပိုပြီးမြန်မြန် ကျဆုံးလိမ့်မယ်။”

ထိုနောက်တွင် အစားအသောက်ကျင့်ကြံသူများ အားလုံးရယ်မောခဲ့ကြပြီး တည့်တိုးသမား၊ အမျိုးသားအစားအသောက်ကျင့်ကြံသူကပင် သူ၏ ခေါင်းနောက်ကို ကုတ်ပြီး ပါဝင်ခဲ့သည်။

၎င်းတို့ ရယ်မောခြင်း ရပ်လိုက်သောအခါ ၎င်းတို့သည် စစ်ယန် မရယ်ခဲ့သည်ကို သတိပြုမိခဲ့ကြသည်။ စစ်ယန်သည် ဖရဲသီးစားခြင်းစနစ်က ရည်ညွှန်းခဲ့သော စိတ်နှလုံးသားဖြူစင်သည့် ကျင့်ကြံသူသာ ဖြစ်ပါသည်။

တည့်တိုးဆန်သော အမျိုးသားအစားအသောက်ကျင့်ကြံသူက သူ့လက်ကို သူ၏ ပုခုံးပေါ်တွင် ရဲရဲဝံ့ဝံ့တင်ခဲ့ပြီး မေးလာခဲ့သည်၊ “စစ်ယန်၊ မင်းဘာတွေ စဉ်းစားနေတာလဲ?”

စစ်ယန်က ပစ္စုပ္ပန်သို့ ပြန်ရောက်လာခဲ့ပြီး ပြန်ဖြေလာ၏၊ “ကျွန်တော် အကောင်းဆုံးကိုလာနဲ့ အရသာအမျိုးမျိုးရှိတဲ့ နေကြာစေ့/ ဖရဲသီးစေ့တွေဘယ်လို ပြုလုပ်ရမလဲဆိုတာ စဉ်းစားနေတာ။”

၎င်းတို့သည် ဖရဲသီးစေ့များနှင့် ပတ်သက်၍ အားလုံးသိကြသော်လည်း ကိုလာက ဘာလဲ? ဟူ၍ တစ်စုံတစ်ဦးက ဤမေးခွန်းကို မေးလာခဲ့သည်။

စစ်ယန်က ၎င်းသည် အဖျော်ယမကာတစ်မျိုးဖြစ်သည်ဟုသာ ပြောပြီးများစွာ မရှင်းပြခဲ့ပေ။

အမျိုးသမီး အစားအသောက်ကျင့်ကြံသူက သူ၏ မေးစေ့ကို ပွတ်သပ်လျက် “ဒါဆို နင့်မှာ အခု စိတ်ကူးတစ်ခုခု ရှိပြီလား?”

“နည်းနည်းတော့ရပြီ၊ ဒါပေမယ့် အစမ်းလေ့ကျင့်ဖို့တော့ လိုသေးတယ်။”

အမျိုးသမီးကျင့်ကြံသူက သူ့ကို သံသယဖြစ်စွာကြည့်လာခဲ့၏၊ “ဒါက တကယ် အဲ့လောက် အရေးတကြီးဖြစ်နေတာလား? နင်ကဖရဲသီးစားဖို့ကိုတောင် စိတ်မဝင်စားဘူး။”

စစ်ယန်က သူမကို ကြည့်လာသည်၊ သူ၏ မျက်လုံးနက်များသည် အပေါ်ယံ၌ ကြည်လင်နေသော်လည်း အောက်ခြေ၌ နက်ရှိုင်းမှုရှိနေလေ၏။

သူက မှေးမှိန်စွာ ပြုံးပြလာသည်၊ “ကျွန်တော်က ဖရဲသီးစားရတာကို မကြိုက်ဘူး။” တကယ်တော့ သူသည် အခြားလူများ၏ပြဿနာများကို စိတ်မဝင်စားပေ။ ရွှီရှစ်ရှင်း၏ ဖရဲသီးကိုစားခြင်းက နဉ်ရွှီအတွက် အရသာရှိသော အစားအစာ ပြုလုပ်ခြင်းလောက် စိတ်မဝင်စားပေ။

လူတိုင်းက သိချင်စိတ် ရှိခဲ့ကြသည်။

သို့သော် ဤခေတ်တွင် ဖရဲသီးစားခြင်းကို မကြိုက်သော တစ်စုံတစ်ဦး ရှိနေသေး၏။

စစ်ယန်သည် ကြီးမြတ်သောအစားအသောက်နတ်ဘုရား၏ မျိုးဆက် အမှန်တကယ်ဖြစ်သည်ဟု ပြောနိုင်ပါသည်။ သူသည် ဟင်းချက်ခြင်းဟူသော ကျွမ်းကျင်မှုများကိုသာ ဂရုစိုက်ပုံရပြီး အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်ပေ။

____

နဉ်ရွှီသည် ညတစ်ညလုံး တရားထိုင်ခဲ့သည်။

သူမ တိတ်တဆိတ် ညကိုဖြတ်သန်းခဲ့စဉ် ဂိုဏ်းတစ်ခုလုံး ညလုံးပေါက် အလုပ်များခဲ့သည်ကို သူမ မသိခဲ့ချေ။

သူတို့သည် နှစ်တစ်ထောင်မြေခွေးနတ်ဆိုးတစ်ဦး ဂိုဏ်းအတွင်းသို့ ခိုးဝင်ခဲ့သည်ကို သိရှိပြီးနောက် ဂိုဏ်းချုပ်နှင့် အကြီးအကဲများအားလုံး မငြိမ်မသက်ဖြစ်ခဲ့ကြရသည်။ ထို့နောက် သူတို့သည် ဂိုဏ်းရှိတပည့်များ အားလုံးကို ညလုံးပေါက် စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ကြသည်။ ဤ စုံစမ်းစစ်ဆေးမှုအတွင်း သူတို့သည် နတ်ဆိုးသူလျှို အချို့ကို ရှာဖွေတွေ့ရှိခဲ့လေ၏။ ဤနတ်ဆိုး သူလျှိုများကို သဘာဝအတိုင်း ကိုင်တွယ်ရမည် ဖြစ်ပါသည်။

ဂိုဏ်းချုပ် ရင်ဆိုင်ရမည့် တစ်ခုတည်းသော ပြဿနာသည် နှစ်တစ်ထောင်မြေခွေးနတ်ဆိုးကို မည်သို့ ကိုင်တွယ်ရမည်ဆိုသည်ပင်။

မြေခွေးဖိုနတ်ဆိုး၏ကျင့်ကြံမှုသည် ဝိညာဉ်ဖြစ်ပေါ်ခြင်းနှောင်းပိုင်းအဆင့်တွင်သာ ရှိခဲ့သော်လည်း သူသည် သူ၏ အဆင့်ထက်ပိုပြီး တိုက်ခိုက်နိုင်စွမ်းရှိပါသည်။ သူ့ကို ဖမ်းရန် အတော်လေး အားထုတ်မှုလိုအပ်ခဲ့လေ၏။

အကြီးမားဆုံး ခုခံမှုသည် ရွှီရှစ်ရှင်းနှင့် မြေခွေးနတ်ဆိုး၏ “လက်အောက်ငယ်သားများ” မှလာခဲ့သည်။

သူတို့သည် ဂိုဏ်းအား မြေခွေးနတ်ဆိုးကို ဖမ်းဆီးဖို့ ကူညီရန်ငြင်းဆိုခဲ့သည်သာမက မြေခွေးနတ်ဆိုး ထွက်ပြေးလွတ်မြောက်‌‌စေရန်ပင် ကြံရွယ်ခဲ့ကြ၏။

ဂိုဏ်းချုပ်၏ မျက်နှာသည် ခက်ထန်နေသည်၊ “သူရဲ့ ဆွဲ‌ဆောင်မှုက မျှော်လင့်ထားတာထက်ပိုပြီး အစွမ်းထက်တယ်။”

ရွှီရှစ်ရှင်းမှလွဲ၍ ကျန်ရှိသော တပည့်များသည် ဂိုဏ်းတွင် အနည်းဆုံး ဆယ်နှစ်ကြာ ရှိနေခဲ့သည်။ သူတို့သည် အစစ်မှန်ဆုံး သင်ကြားမှုများကိုရရှိခဲ့ပါသည်။

သို့သော် ဤသင်ကြားမှုများအားလုံးသည် မြေခွေးနတ်ဆိုး၏ ဆွဲဆောင်မှုထက် မသာလွန်နိုင်ခဲ့ချေ။

အရင်က ဖြစ်ခဲ့သောအရာနှင့် ပတ်သက်၍ အကြီးအကဲများသည် ဘာပြောရမည်ကို မသိခဲ့ကြပေ။

ဤအချိန်တွင် စည်းကမ်းထိန်းသိမ်းရေးခန်းမမှူးက အကြံပြုလာခဲ့သည်၊ “ဂိုဏ်းချုပ်၊ ကျွန်တော် မြေခွေးနတ်ဆိုးကို လူသိရှင်ကြား ကွပ်မျက်ဖို့ အကြံပြုပါတယ်။”

ဤအကြံပြုချက်ကို ပြုလုပ်လိုက်သည်နှင့် သားရဲတောင်ထိပ်သခင်မှ ပြင်းထန်သော ဆန့်ကျင်မှုနှင့် ချက်ချင်း ရင်ဆိုင်ခဲ့ရသည်။

သူက ပြောလာသည်က၊ “ဒီ ယောက်ျားလေး မြေခွေးနတ်ဆိုးရဲ့ (ဆွဲဆောင်မှုက)စိတ်ညှို့စွမ်းရည်က ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ ခင်ဗျား မြင်ခဲ့တယ်လေ။ ခင်ဗျား သူ့ကို လူသိရှင်ကြား ပြသလိုက်တာနဲ့ သူကဂိုဏ်းထဲကကျန်တဲ့ တပည့်တွေကိုပါ ဖမ်းစားလိုက်ရင် ဘယ်လိုလုပ်မလဲ?”

စည်းကမ်းထိန်းသိမ်းရေးခန်းမမှူးက ပြန်လည် ခွန်းတုန့်ပြန်လာသည်၊ “ဒါဆို ဘာဖြစ်လဲ? ကျွန်တော်တို့ တပည့်တွေကို တစ်ခဏတာ ကာကွယ်ပေးနိုင်တယ်၊ ဒါပေမယ့် ကျွန်တော်တို့ သူတို့ကို ထာဝရကာကွယ်ပေးနိုင်ပါ့မလား? ဝမ့်ရှင်းဂိုဏ်းရဲ့တပည့်တွေအနေနဲ့ သူတို့က အခက်အခဲတွေကို တက်တက်ကြွကြွ၊ ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး ကျော်လွှားသင့်တယ်။”

“ဒီတစ်ကြိမ် ကျွန်တော်တို့ မြေခွေးနတ်ဆိုးကို အချိန်မီ ရှာဖွေတွေ့ရှိတာ ကံကောင်းတာပဲ။”

“ကျွန်တော်တို့ သတိပေးခံထားရတာ မဟုတ်ရင် ဘယ်လိုလုပ်မလဲ?”

“တပည့်တစ်ယောက်က ဒီမြေခွေးနတ်ဆိုးနဲ့ မတော်တဆတွေ့ဆုံမိရင် သူတို့က အလွယ်တကူ ကျရှုံးသွားမှာပဲ မဟုတ်ဘူးလား?”

“သူတို့က အတွေ့အကြုံရရှိပြီး မြေခွေးမျိုးနွယ်ရဲ့ ထူးဆန်းတဲ့ အစွမ်းတွေကို နားလည်သွားပြီးတော့ နောက်တစ်ကြိမ် ဒီအခြေအနေနဲ့ တွေ့ဆုံလာတဲ့အခါ သူတို့က နတ်ဆိုးထောင်ချောက်ထဲကို အလွယ်တကူ ကျမှာ မဟုတ်တော့ဘူး။”

စည်းကမ်းထိန်းသိမ်းရေးခန်းမမှူး၏ ရှင်းပြချက်အား ကြားပြီးနောက် အကြီးအကဲများ အားလုံး နက်နက်ရှိုင်းရှိုင်းတွေးတောခဲ့ကြသည်။

ခန်းမမှူးပြောတာ အဓိပ္ပာယ်မရှိတာ မဟုတ်ပေ။

နောက်ဆုံးတွင် ဂိုဏ်းချုပ်သည် ဆုံးဖြတ်ချက်ကို ချခဲ့သည်၊ “ကျွန်တော်တို့ ဂိုဏ်းရဲ့တပည့်တွေက ဂရုတစိုက် ပျိုးထောင်ရမယ့် နူးညံ့တဲ့ပန်းတွေ မဟုတ်ဘူး။ သူတို့က လေပြင်းနဲ့ ရင်ဆိုင်ရတဲ့အခါ မြန်မြန်ကြီးထွားလာတဲ့ ပေါင်းပင်တွေလို ဖြစ်သင့်တယ်။”

“ဒါကြောင့် ကျွန်တော်က ခန်းမမှူးရဲ့ အကြံပြုချက်ကို ထောက်ခံတယ်။”

“အလွန်ရိုးသားတဲ့ တပည့်တွေဆိုတာက ကောင်းမွန်တဲ့အရာ မဟုတ်ဘူး။”

“သူတို့အနာဂတ်မှာပိုပြီး ရွေးချယ်မှုတွေနဲ့ သွေးဆောင်မှုတွေကို ရင်ဆိုင်ရလာနိုင်တယ်။”

“မှန်ကန်တဲ့ ရွေးချယ်မှုကို ဘယ်လိုလုပ်ရမလဲဆိုတာ သင်ယူတာက သူတို့အခု အာရုံစိုက်သင့်တဲ့အရာပဲ။”

ဂိုဏ်းချုပ်၏ စကားများကို အကြီးအကဲများက တညီတညွတ်တည်း သဘောတူခဲ့ကြသည်။

ထို့ကြောင့် နောက်တစ်နေ့တွင် နဉ်ရွှီသည် ရင်ပြင်သို့ ရောက်သောအခါ သူမသည် ဂိုဏ်းတူ‌ညီအစ်ကိုမောင်နှမများထံမှ ယနေ့မနက်ပိုင်းအတန်းမရှိကြောင်း သိရှိခဲ့ရသည်။

နဉ်ရွှီသည် ရှုပ်ထွေးမှုဖြင့် မျက်တောင်ခတ်ခဲ့မိသည်၊ “မနက်ပိုင်း အတန်းမရှိတာကို ငါတို့ ဒီမှာ ဘာလုပ်နေတာလဲ?”

တပည့်တစ်ဦးက လျှို့ဝှက်ဆန်းကြယ်စွာ မျက်တောင်ခတ်ခဲ့ပြီး ပြောခဲ့သည်၊ “ကျွန်တော်တို့က မြေခွေးဖိုနတ်ဆိုးကို လူသိရှင်ကြား ကွပ်မျက်တာကို စောင့်နေကြတာ။”

နဉ်ရွှီ: “ဟင်?”

သူမသည် အလျင်အမြန် ဖရဲသီးစားခြင်းစနစ်အား မေးလိုက်လေသည်၊ “ဘာတွေ ဖြစ်နေတာလဲ?”

[ညက ငါ ပျင်းနေခဲ့တာ၊ ခဏလေး၊ ငါစစ်ဆေးလိုက်ဦးမယ်။]

ခဏအကြာတွင် ဖရဲသီးစားခြင်းစနစ်သည် ဖြည်းဖြည်းချင်း စကားပြောခဲ့သည်၊ [အိုး၊ ဒီမြေခွေးနတ်ဆိုးက အကြီးအကျယ် ဆူပူမှုဖြစ်စေခဲ့ပြီး အဲ့ဒါက ဂိုဏ်းထဲက အကြီးအကဲတစ်ယောက်ရဲ့အာရုံကို ဖမ်းစားခဲ့တာ၊ ပြီးတော့ သူ အဖမ်းခံခဲ့ရတယ်။]

နဉ်ရွှီ: “ဆူပူမှု ဖြစ်စေခဲ့တာ? နင် ဘာကိုဆိုလိုတာလဲ?”

[အတိအကျပဲ။ အသေးစိတ်ကိုတော့ ငါသိပ်မသေချာဘူး။ ငါထည့်သွင်းထားတဲ့ စနစ်က နည်းနည်း ခေတ်နောက်ကျနေတယ်။]

နဉ်ရွှီမှာ ထိတ်လန့်သွားရသည်၊ “အမ်? ဒါက ဘာကိုဆိုလိုတာလဲ?”

ဖရဲသီးစားခြင်းစနစ်က ရှင်းပြလာ၏၊ [ငါ စနစ်ရဲ့နောက်ဆုံးထွက်ဗားရှင်းကို ထည့်သွင်းမထားဘူး။]

နဉ်ရွှီက အလျင်အမြန်မေးခဲ့သည်၊ “ဒါဆို ဘာလို့ အဆင့်မမြှင့်တာလဲ?”

ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလေ၏၊ [အဆင့်မြှင့်တာ? အဲ့ဒါက ဝိညာဉ်စွမ်းအင် အများကြီးယူရတယ်။ အခုတော့ ဒီတိုင်းသုံးရအောင်ပါ။]

နဉ်ရွှီ: “ကောင်းပြီ၊ နင်အဆင့်မမြှင့်ဘူးဆိုရင် နင်ပေးနေတဲ့ဖရဲသီးက အစစ်အမှန်ရောဖြစ်ရဲ့လား?”

[သေချာပေါက် ဒါက အစစ်အမှန်ပေါ့ဟ။ နင်ယုံကြည်စိတ်ချနိုင်တယ်။ ငါမရနိုင်တဲ့ ဖရဲသီး အသေးလေးတွေ အချို့ရှိကောင်းရှိနိုင်တယ်၊ ဒါပေမယ့် အဲ့ဒါကကိစ္စမရှိဘူး။ ဖရဲသီး အကြီးကြီးရှိနေသရွေ့ သေးသေးလေးတွေက အရေးမကြီးပါဘူး။]

နဉ်ရွှီသည် အနည်းငယ် မသက်မသာ ဆက်ခံစားနေမိတော့သည်။

သို့သော် သူမဘာလုပ်နိုင်မည်နည်း။ ဘာပဲဖြစ်ဖြစ် သူမသည် ယခုအချိန်တွင် ဝိညာဉ်စွမ်းအင် အနည်းဆုံးရှိသူ ဖြစ်နေသည်။

ဝိညာဉ်စွမ်းအင်… သူမသည် ချီကျင့်ကြံမှုအဆင့်၏ ပထမအဆင့်တွင်သာ ရှိသေးသည်။ သူမသည် အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်သို့ ဘယ်တော့မှ ရောက်နိုင်မည်နည်း? သူမ ရောက်သွားလျှင် အရာအားလုံးက ပိုပြီး ကောင်းမွန်လာနိုင်၏။

သူတို့ စကားပြောနေစဉ် မြေခွေးနတ်ဆိုးကို စည်းကမ်းထိန်းသိမ်းရေးခန်းမမှ လူများဟာတွဲခေါ်လာခဲ့သည်။

ချက်ချင်းပင် ရင်ပြင်တွင် ဆူညံမှုဖြစ်လာတော့သည်။

မြေခွေးနတ်ဆိုးကို လှောင်အိမ်ထဲတွင် လက်ထိပ်ခတ်ထားသည်။ ဖမ်းဆီးခံပြီးနောက် သူ၏အဝတ်အစားများ ရှုပ်ပွနေခဲ့ပြီး သူ၏ဆံပင်နှင့် အဝတ်များတွင် သွေးများပေကျံနေကာ သူ၏မျက်နှာတွင်ပင် သွေးများစိမ့် ထွက်နေသည့် ဓားဒဏ်ရာရှည်တစ်ခု ရှိနေလေ၏။

သို့သော် သူသည် ရှက်ရွံ့ပုံမပေါ်ပေ၊ ယင်းအစား သူသည် အတော်လေး ဆွဲဆောင်မှုရှိနေပုံ ပေါ်နေ၏။

မြေခွေးနတ်ဆိုးပေါ်လာသည်နှင့် တပည့်များအများအပြား ဖမ်းစားခံခဲ့ရသည်။ သူတို့သည် သူ့ကိုမျက်တောင်မခတ်ဘဲ စိုက်ကြည့်ခဲ့ကြကုန်၏။

ဂိုဏ်းချုပ်နှင့် အကြီးအကဲများသည် စိတ်ပျက်အားငယ်စွာ ခံစားနေရချိန်တွင် သူတို့သည် ရုတ်တရက် ရှင်းလင်းသော အသံကို ကြားခဲ့ကြသည်။

“သူက တကယ် ရုပ်ချောပါတယ်၊ ဒါပေမယ့် ငါဘာလို့ စိတ်မဝင်စားရတာလဲ။ အဲ့ဒီအစား နည်းနည်း ရွံရှာသလိုတောင် ခံစားနေရတယ်?”

အားလုံး: ဟင်???

နောက်တစ်စက္ကန့်တွင် အခြားအသံတစ်ခု ဖြည်းဖြည်းချင်း ပြောလာခဲ့သည်။

ထိုအသံက ပြောခဲ့သည်မှာ [ဒါက ပုံမှန်ပဲ၊ ဘာလို့ဆို နင်က မြေခွေးရဲ့ အနံ့ဆိုးကို ရနေတာမလို့လေ။]

[ဒီအနံ့က အရမ်းပြင်းတယ်၊ ဒါကြောင့် နင်ရွံရှာသလို ခံစားရတာက သဘာဝပါပဲ။]

ကျက်သရေရှိစွာနှင့် သူ၏ဆွဲဆောင်မှုကို တမင်တကာ ထုတ်လွှတ်နေသော မြေခွေးနတ်ဆိုးကြီး: ???

……

အခန်း (၁၂) )(Chapter – 12)

ထိုမြေခွေးနတ်ဆိုးသည် သူ့၏ရုပ်ရည်နှင့် ဆွဲဆောင်မှုအားကို နှစ်ပေါင်းများစွာ အားကိုးခဲ့ရာ၊ အဘယ်အရာမျှ မတားဆီးနိုင်ဟုပင် ဆိုနိုင်ခဲ့ပေသည်။

လူပေါင်းများစွာသည် သူ၏အစွမ်းအောက်၌ ကျရှုံးခဲ့ကြရလေ၏။

သူ့လိုမျိုး ကျင့်ကြံမှုအဆင့်ကိုရောက်သောအခါ မြေခွေးမျိုးနွယ်၏ မွေးရာပါအားနည်းချက်များသည် မပြောပလောက်တော့ပေ။ ဥပမာအားဖြင့်၊ လောကမှ မကြာခဏဝေဖန်ခံရသော မြေခွေးအနံ့သည် သူ့ထံတွင် လုံးဝရှိနိုင်မည်မဟုတ်၊ အနံ့ရှိသည်ဆိုဦးတော့ သင်းပျံ့သောရနံ့မျှသာ ဖြစ်ပေလိမ့်မည်။

သို့ဆိုလျှင် ဤဘယ်ကလာမှန်းမသိသောအသံဟာ ဘာပြောလိုက်ပါသနည်း။

သည်အနံ့က အသက်ရှူကြပ်လောက်အောင် ပြင်းထန်တယ်တဲ့လေ။

ဘယ်မှာလဲ အနံ့က?

ဘယ်မှာလဲလို့?!

သူ့အောက်မှ လူများသည် သူ၏မွှေးရနံ့ကိုသာ စွဲလမ်းခဲ့ကြပြီး မည်သူကမျှ သူ့တွင်အနံ့ရှိသည်ဟု ပြောဆိုခဲ့ဖူးခြင်းမရှိပေ...

ထိုအချိန်တွင်၊ ဝမ်ရှင်းဂိုဏ်းမှ တပည့်အများစုသည် သူ၏ဆွဲဆောင်မှု မပျက်ယွင်းသေးကြောင်း သက်သေပြခဲ့ကြပါသည်။ မြေခွေးနတ်ဆိုးတစ်ဦးအနေဖြင့် သူသည် သူ့ကိုယ်၌ အနံ့ရှိမရှိကို မည်သူထက်မဆိုပိုသိနိုင်ပေသည်။

ဒါဆို ဒီအသံနှစ်ခုက ဘာတွေပြောနေမှန်းတောင် သူတို့သိကြရဲ့လား?

—

ထိုမြေခွေးနတ်ဆိုး၏ ညှို့ယူမှုအောက်တွင် ကျရှုံးခဲ့သော တပည့်များသည် ထိုစကားပြောဆိုမှုကို ကြားလိုက်ရသောအခါ ချက်ချင်းပင် အသိဉာဏ်အချို့ ပြန်လည်ရရှိခဲ့ကြကုန်၏။

အနံ့က အရမ်းပြင်းတယ်။

အရမ်းပြင်းတယ်…

အို.. ဘုရားရေ၊ သူတို့က အနံ့ပြင်းတဲ့ မြေခွေးတစ်ကောင်ရဲ့ ဆွဲဆောင်မှုညှို့အားအောက်မှာ ကျရှုံးခဲ့ကြတာလား။

ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်သလဲ။

သူတို့သည် မြေခွေးနတ်ဆိုး၏ ဆွဲဆောင်မှုများအောက်တွင် မြောပါလုမတတ် ဖြစ်ခဲ့ကြရသည်။

သူတို့၏ တည်ငြိမ်မှုဟာ ထိုလောက်အထိ အလွယ်တကူ ကျရှုံးနိုင်သည်ပေလော။

တပည့်အများအပြားသည် စိတ်ပျက်အားငယ်မှုကို မထိန်းချုပ်နိုင်ခဲ့ကြပေ။

ယခင်ကတပည့်များ၏အပြုအမူများနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်နေခဲ့သော အကြီးအကဲအချို့၏မျက်နှာတွင်မူ ယခုအခါအပြုံးများကို တွေ့မြင်နိုင်ပေသည်။

သေးငယ်သော မှားယွင်းမှုတစ်ခုသည် ကြီးမားသောပြဿနာမဟုတ်ချေ၊ အရေးကြီးသည်မှာ ပြန်လည်သုံးသပ်ခြင်းပင် ဖြစ်သည်။

တစ်ဦးသည် ပို၍ပြန်လည်သုံးသပ်လေလေ၊ အနာဂတ်တွင်မထင်မှတ်ထားသော အန္တရာယ်များထဲကျရှုံးရန် အလားအလာနည်းလေလေပင်။

ထိုအချိန်တွင်၊ လူတိုင်းသည် ကိုယ်ပိုင်အတွေးများထဲ နစ်မြုပ်နေခဲ့ကြကုန်၏။

ထို့နောက်၊ ထိုအသံနှစ်ခုသည် ထပ်မံ၍ထွက်ပေါ်လာတော့သည်။

“သူတို့ ဘာဖြစ်နေကြတာလဲ? အနံ့မရကြဘူးလား?” အကယ်၍ သူတို့အနံ့ရကြသည်ဆိုလျှင်၊ ထိုသို့သော စွဲမက်ဖွယ်ရာ အကြည့်များကို သူတို့မျက်နှာပေါ်တွင်ရှိလာမည်မဟုတ်ချေ။

“အကယ်၍ သူတို့က အနံ့ကိုရပြီးတော့လည်း မြေခွေးနတ်ဆိုးကို မတွန်းလှန်နိုင်ဘူးဆိုရင်တော့၊ ငါ့မှာ ပြောစရာဘာမှမရှိတော့ပါဘူး။”

ဖရဲသီးစားခြင်းစနစ်က ငြီးငွေ့စွာဖြင့်၊ [သူတို့က အနံ့မရကြဘူးထင်တယ်။]

နဉ်ရွှီက အံ့ဩသွားပြီး “ဒါဆို ငါက ဘယ်လိုလုပ် အနံ့ရနေတာလဲ?”

ဖရဲသီးစားခြင်းစနစ်က သူ့လျှာအား တီးခေါက်လိုက်ပြီး [အဲ့ဒါ နင့်ရဲ့ *ရိုးသားဖြူစင်တဲ့စိတ်ကြောင့်ပဲ။]

(T/N- စိတ်ဓာတ်ပျော့တာ၊ ဉာဏ်ရည်မထက်မြက်တာ စသဖြင့်)

ရိုးသားဖြူစင်သောစိတ်ရှိသူများတွင် ပုံမှန်အားဖြင့် နောက်ဆက်တွဲစကားလုံးလေးလုံး ပါတတ်သည်- ကိုယ်ခန္ဓာသန်စွမ်းခြင်း။

နဉ်ရွှီက အမျက်ထွက်ဟန်ဆောင်၍ “ထပ်ပြောစမ်းပါဦး?”

ဖရဲသီးစားခြင်းစနစ်က ရှင်းပြလာ၏။ [ငါက နင့်ရဲ့ ရိုးသားဖြူစင်တဲ့စိတ်အကြောင်း ပြောတာ၊ ဘာမှထိခိုက်စေလိုစိတ်မရှိဘူး၊ အဲ့ဒါက နင့်ကို ချီးကျူးနေတာ။]

[မြေခွေးနံ့က မြေခွေးမျိုးနွယ်ရဲ့ မွေးရာပါအနံ့ပဲ။ သူတို့ရဲ့ ကျင့်ကြံမှုဘယ်လောက်ပဲမြင့်မြင့်၊ ကောင်ကင်ဘုံကိုတက်တော့မယ့် မြေခွေးမျိုးနွယ်ကြီးတွေတောင်မှ အဲ့ဒီအနံ့ကအမြဲရှိနေတာရယ်။ ဒါပေမယ့် ဒီအနံ့ကိုဖုံးကွယ်ထားလို့ရတယ်။ ကျင့်ကြံမှုကပိုမြင့်လေလေ ဖုံးကွယ်နိုင်စွမ်း ပိုကောင်းလေလေပဲ]

[ဒါပေမယ့် အဲ့ဒါက ဖုံးကွယ်လိုက်တာနဲ့ ပျောက်ကွယ်သွားတယ်လို့လည်း မဆိုလိုပါဘူး။]

[လူအများစုက ဒီအယောင်ပြတာတွေမှာ လှည့်စားခံရတယ်လေ။ အဲ့ဒါကြောင့် အသက်ရှူကြပ်လောက်အောင် ပြင်းထန်တဲ့အနံ့က သူတို့အတွက် သင်းပျံ့တဲ့ရနံ့တစ်ခု ဖြစ်သွားနိုင်တာပဲ]

[ဒါပေမယ့် ရိုးသားဖြူစင်တဲ့စိတ်နဲ့ သန့်စင်တဲ့နှလုံးသားရှိတဲ့ လူတွေကတော့ ဒီအယောင်ပြတာတွေ၊ လှည့်ဖြားတာတွေမှာ လွယ်လွယ်ကူကူမကျရောက်နိုင်ဘူး။ သူတို့က အမှန်တရားကို ပိုင်းခြားသိမြင်နိုင်တယ်၊ အသွင်အပြင်တွေကတစ်ဆင့် မြင်နိုင်ကြတယ်။]

[ကြည့်၊ တပည့်အများစုက ဒီမြေခွေးနတ်ဆိုးရဲ့ သွေးဆောင်မှုအောက်မှာ ကျရှုံးခဲ့ကြပေမယ့် နင်ကတော့ မကျရှုံးခဲ့ဘူး။ ဒါက ဘာကို သက်သေပြနေတာဖြစ်မလဲ?]

[အဲ့ဒါက ငါ နင့်ကို ရိုးသားဖြူစင်တဲ့စိတ်ရှိတယ်လို့ ပြောတဲ့အခါ၊ ငါက တကယ်တော့ နင့်ကို ချီးကျူးနေတာဆိုတာကို သက်သေပြနေတာပဲလေ။]

နဉ်ရွှီက အနည်းငယ် ချောင်းဟန့်ပြီး “ချီးကျူး စကားအတွက်ကျေးဇူးတင်ပါတယ်!” ဟူ၍ပြောလာခဲ့၏။ ချီးကျူးစကားကြောင့် သူမ အနည်းငယ် ရှက်ရွံ့လာခဲ့တော့သည်။

ထိုစကားပြောဆိုမှုကို ကြားပြီးနောက် တပည့်များစွာသည် သူတို့၏ခေါင်းများကို ငုံ့ခဲ့ကြသည်။ ဤစကားများသည် သူတို့၏နားများကို ပိုမိုပွင့်လင်းစေပြီး အတော်လေးထိမိစေကာ သူတို့အားနက်နက်ရှိုင်းရှိုင်းပင် ပြန်လည်သုံးသပ်စေခဲ့သည်။

ဤမျှရှည်ကြာစွာ ကျင့်ကြံပြီးနောက်၊ မူရင်းရည်ရွယ်ချက်များကို မေ့ရန်လွယ်ကူလှသည်။

မည်သူမဆို အစပိုင်းတွင် မည်မျှသန့်စင်သည်ဖြစ်စေ၊ ကျင့်ကြံသူတန်ခိုးရှင်များ တောင်များကိုရွှေ့၊ ပင်လယ်အား ပိုင်းဖြတ်နိုင်သော စွမ်းရည်ကို မြင်တွေ့ပြီးနောက်၊ တန်ခိုးရှင်းများ၏ လေ၊မိုးကို ခေါ်ဆောင်နိုင်သောစွမ်းရည်အား မြင်တွေ့ပြီးနောက်၊ အခြားသူများအပေါ် အမိန့်ပေးနိုင်ခြင်းတို့ကို မြင်တွေ့ပြီးနောက် မလွဲမသွေအခြားသော အတွေးများနှင့် ဆန္ဒများကို ဖြစ်ပေါ်စေလိမ့်မည်။

ဥပမာအားဖြင့်၊ သူတို့၏ကျင့်ကြံမှုကို အရှိန်မြှင့်ရန် ဖြတ်လမ်းတစ်ခုကို ရယူသလိုမျိုးပင်။

သို့မဟုတ် စိတ်ဖိစီးမှုများအား ရင်ဆိုင်ရတာမျိုးပင်။ အခြားသူများက ပိုမိုကောင်းမွန်သော စွမ်းရည်များရှိနေချိန်တွင် သူတို့သည် သာမန်အတိုင်းသာ ရှိနေသည်ကို မေးခွန်းထုတ်လာကြတာမျိုးပင် ဖြစ်သည်။

စသည်ဖြင့်…

ဤအရာများသည် တပည့်များ၏နှလုံးသားကို မဖြူစင်အောင် လုက်ပေးလိုက်ချေ၏။

တစ်ခါတစ်ရံတွင်၊ ဖြူစင်သော လူတစ်ဦးဖြစ်ခြင်းသည် ကျင့်ကြံမှုလမ်းခရီးတွင် ပို၍ အကျိုးရှိနိုင်ပေသည်။

တပည့်များက အသိအမြင်အချို့ ရရှိခဲ့သည်ကိုမြင်သောအခါ ဂိုဏ်းချုပ်က စိတ်ကျေနပ်စွာခေါင်းညိတ်လာခဲ့သည်။

ဤသည်မှာ သူသည်မြေခွေးနတ်ဆိုးကို လူသိရှင်ကြားပြသရန် ဆုံးဖြတ်ခဲ့ရခြင်း၏ အကြောင်းရင်းလည်းဖြစ်ပါသည်။ သို့သော်လမ်းညွှန်မှုအဖြစ် ဩဇာညောင်းစေခဲ့သည်မှာ နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်အကြား စကားပြောဆိုမှုပင်ဖြစ်သွားသည်...

သူသည် သူ၏အကြည့်ကို မြေခွေးဖိုနတ်ဆိုးဘက်သို့ လှည့်လိုက်ပြီး “ဒီနေ့ ဒီနေရာကို ဘာကြောင့် စုရုံးရတာလဲဆိုတာကို တပည့်တို့အားလုံး သိကြလိမ့်မယ်လို့ ကျုပ်ယုံကြည်တယ်။”

“ဒီမြေခွေးနတ်ဆိုးကို မြင်ရဲ့လား?”

လှောင်အိမ်ထဲတွင် တစ်ချိန်က မာနကြီးပြီး အေးစက်ခဲ့သော မြေခွေးနတ်ဆိုးသည် ဒူးထောက်၍ ထိုင်နေရကာ သူ၏ကျယ်ပြန့်သောလက်ရှည်ဝတ်ရုံဟာ လှောင်အိမ်တစ်ခုလုံးအား ဖုံးလွှမ်းထားပေသည်။ အလင်းမရောက်နိုင်သော နေရာတွင် သူ၏မျက်လုံးနှင့် မျက်ခုံးကကျဆင်းနေပြီး သူ ဘာတွေးနေသည်ကို မည်သူမျှမသိချေ။

တပည့်များက ညီညီညာညာ “မြင်ပါတယ်!” ဟုဆိုလာလေ၏။

ဂိုဏ်းချုပ်က အေးစက်စွာဖြင့် ရှက်စရာကောင်းလှသော မြေခွေးနတ်ဆိုးကို ကြည့်လျက် လှောင်ပြောင်လိုက်ချေ၏။

“ဒီမြေခွေးနတ်ဆိုးက နှစ်ပေါင်းများစွာ ဂိုဏ်းထဲကို လျှို့ဝှက်ဝင်ရောက်လာပြီး သူ့ရဲ့ အဆင့်မြင့်ကျင့်ကြံမှုကို အသုံးချပြီးတော့ ဂိုဏ်းကိုဖရိုဖရဲဖြစ်စေခဲ့တယ်။ ဒါတင်မကသေးဘူး တပည့်များစွာရဲ့ ရည်ရွယ်ချက်တွေကိုလည်း မတည်မငြိမ် ဖြစ်စေခဲ့တယ်”

“ကျင့်ကြံသူတစ်ယောက်ရဲ့ ဖြူစင်တဲ့စိတ်ထားက အလွန်အရေးကြီးတယ်ဆိုတာကို ခင်ဗျားတို့သိထားရမယ်။”

“သူက ဖြူစင်စိတ်တွေကို အနှောင့်အယှက် ပေးခဲ့တယ်၊ အဲ့ဒါက သူတို့ရဲ့ ကျင့်ကြံမှုလမ်းကြောင်းကို ဖြတ်တောက်တာနဲ့ ဘာကွာလို့လဲ?”

“ဒီနေ့မှာတော့ ဂိုဏ်းက ဒီမြေခွေးနတ်ဆိုးကို စံနမူနာအဖြစ်နဲ့ ကွပ်မျက်ဖို့ ဆုံးဖြတ်လိုက်တယ်!”

ဂိုဏ်းချုပ် စကားဆုံးသောအခါ တပည့်များက ညီညီညာညာ သူတို့၏အသံများကို မြှင့်တင်ပြီး “ကွပ်မျက်လိုက်! ကွပ်မျက်လိုက်! ကွပ်မျက်လိုက်!”

ခဏတာတွင်၊ ရင်ပြင်တစ်ခုလုံးသည် ကျယ်လောင်ပြီး ညီညာသောအသံများဖြင့် ပြည့်နှက်နေခဲ့တော့သည်။

သို့သော် အဘယ်ကြောင့်မှန်းမသိ၊ မြေခွေးနတ်ဆိုးသည် တုံ့ပြန်ခြင်းမရှိသေးပေ။ သူသည် သူ၏သေခြင်းကို စောင့်နေသကဲ့သို့ တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေ၏။ သူသည် ပိတ်ပင်ထားသော ကန့်သတ်ချက်များ အများအပြားဖြင့် ချည်နှောင်ခံထားရပြီး စကားပြောနိုင်ခြင်း သို့မဟုတ် သူ၏ နတ်ဆိုးစွမ်းအားများကို အသုံးပြုနိုင်ခြင်းမရှိပေ။

သို့သော် ရိုးရှင်းသော လုပ်ရပ်များမှာမူ ပြုလုပ်နိုင်သေးပါသည်။

သူ၏ပုံမှန်မဟုတ်သော အမူအရာသည် မေးခွန်းတစ်ခုကို ပေါ်ပေါက်စေခဲ့သည်—သူသည် သူ၏ကံကြမ္မာကို တကယ်တမ်း လက်ခံတော့မည်လား?

ဂိုဏ်းချုပ်က အနည်းငယ် မျက်မှောင်ကြုတ်ပြီး သူ့စိတ်ထဲရှိ မငြိမ်မသက်ဖြစ်နေသည့် ခံစားချက်တစ်ခု ပေါ်လာတော့၏။

နောက်ထပ် ရှုပ်ထွေးမှုများကို ရှောင်ရှားရန်အတွက် ဂိုဏ်းချုပ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး စည်းကမ်းထိန်းသိမ်းရေးခန်းမ အကြီးအကဲအား ချက်ချင်း ကွပ်မျက်ရန် အချက်ပြလိုက်ချေသည်။

စည်းကမ်းထိန်းသိမ်းရေးခန်းမမှူးသည် ရှေ့သို့ တစ်လှမ်းတိုးလာပြီး ပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် မြေခွေးနတ်ဆိုးသည် ရုတ်တရက် သူ့ခေါင်းကိုမော့လိုက်လေ၏။

ယခင်က သူသည် သူ့ကံကြမ္မာကို လက်ခံထားသကဲ့သို့ ခေါင်းငုံ့နေခဲ့သည်။

ဤတစ်ကြိမ်တွင် သူ၏မျက်နှာကို မော့လိုက်သည်။ ထိုအချိန်တွင်၊ သူ၏မျက်နှာထားသည် တည်ငြိမ်ပြီး စိတ်မဝင်စားသောပုံပေါက်နေပြီး၊ ထိတ်လန့်ခြင်း၊ စိတ်မလုံခြုံမှု သို့မဟုတ် အသက်ရှင်ရန် ရုန်းကန်လိုသောစိတ်မျိုး မည်သည်မျှမရှိချေ။ သူသည် စိတ်အနှောင့်အယှက်ဖြစ်စေလောက်အောင် တည်ငြိမ်နေပေသည်။

ဂိုဏ်းချုပ်သည် ကြောက်ရွံ့မှုတစ်ခုကို ခံစားလိုက်ရချိန်တွင် မြေခွေးနတ်ဆိုးသည် သူ၏နှုတ်ခမ်းများကို အနည်းငယ်မြှင့်တင်ပြီး နဉ်ရွှီကို တိကျစွာ စိုက်ကြည့်လိုက်တော့သည်။

သူ၏ အသက်ရှူကြပ်လောက်အောင် ပြင်းထန်သော မြေခွေးနံ့အကြောင်း ပြောဆိုခဲ့သော လူငယ်သည် ထိုသူဖြစ်ပေလော?

ကောင်းပြီ။

သူသည် သူမကို မှတ်ထားလိုက်ပြီ။

စိုက်ကြည့်ခံလိုက်ရသော နဉ်ရွှီသည် အဆိပ်ပြင်းသော မြွေတစ်ကောင်က သူမကို စိုက်ကြည့်နေသကဲ့သို့ ချက်ချင်းခံစားလိုက်ရ၏။ သူမ၏ပတ်ဝန်းကျင်တွင် ဝိညာဉ်စွမ်းအင်များ လှိုင်းထန်လာပြီး သူမ၏ အန္တရာယ်အာရုံခံစနစ်ဟာ အဆက်မပြတ် မြည်နေတော့သည်။

သူမသည် ဖရဲသီးစားခြင်းစနစ်ကို လျင်မြန်စွာပင် မေးလိုက်သည်။ “ဘာဖြစ်တာလဲ? သူ ငါ့ကိုကြည့်နေတာလား?”

[ဟုတ်တယ်]

နဉ်ရွှီက ရှုပ်ထွေးသွားပြီး “ဘာလို့ သူ ငါ့ကိုကြည့်နေတာလဲ?” ဘာလို့ တခြားသူကိုမဟုတ်တာလဲ?

ဖရဲသီးစားခြင်းစနစ်သည်လည်း တူညီစွာ ရှုပ်ထွေးနေခဲ့သည်။

သူကခန့်မှန်းပြီး [ရွှီရှစ်ရှင်းရဲ့ စေ့စပ်ထားဖူးတဲ့သူ ဖြစ်လို့လားမသိဘူး။ ဘာပဲဖြစ်ဖြစ် ရွှီရှစ်ရှင်းက အခုရန်ပွဲရဲ့ အစိတ်အပိုင်းဖြစ်သွားပြီကိုး၊ ပြီးတော့ သူက သူ့လူတွေထဲက တစ်ယောက်ပဲလေ။ သူက သူ့လူရဲ့ စေ့စပ်ထားဖူးတဲ့လူကို စပ်စုတာမဆန်းပါဘူး။]

နဉ်ရွှီ: …

ဒီရှင်းပြချက်ကတော့ ကောင်းပါတယ်၊ ဒါပေမယ့် ခန့်မှန်းတာကို ရပ်လိုက်ပါဦး။

သူ့စိတ်ထဲက ဤအသံကို ကြားလိုက်သော မြေခွေးနတ်ဆိုးသည် သူ့မျက်လုံးများတွင် စိတ်ဝင်စားမှုကို ပြသလာခဲ့သည်။ ဒီလူက တကယ်တမ်း ရွှီရှစ်ရှင်းရဲ့ အရင်က စေ့စပ်ထားဖူးတဲ့လူလား?

ဒါပေမယ့်…

ဘာလို့ ရွှီရှစ်ရှင်းက သူ(မ)အကြောင်းကိုပြောပြတာ တစ်ခါမှ မကြားဖူးတာလဲ?

ထိုအချိန်တွင် ဂိုဏ်းချုပ်က “လုပ်တော့!” ဟုအော်လိုက်ချေသည်။

စည်းကမ်းထိန်းသိမ်း‌ရေးခန်းမမှူးသည် လုပ်ဆောင်ရန် ရွှေ့လျားလိုက်သည်နှင့် မြေခွေးနတ်ဆိုးသည် သူ၏ကိုယ်ပေါ်ရှိ ကန့်သတ်ထားမှုများကို ချက်ချင်း ဖောက်ဖျက်လိုက်သည်။

ကန့်သတ်ထားမှုများကို ရုပ်သိမ်းလိုက်သည်နှင့် သူ၏ကျင့်ကြံမှုသည် ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်နှောင်းပိုင်းမှ ရုတ်တရက် တိုးတက်လာပြီး အသွင်ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိကာ

[1]*ကံကြမ္မာဘေးဒုက္ခကိုကျော်လွှားခြင်းအဆင့်ဆီသို့ ဦးတည်သွားခဲ့တော့သည်။

ဤပြောင်းလဲမှုသည် မျက်တောင်တစ်ခတ်အတွင်းဖြစ်ပွားခဲ့သည်။

ဂိုဏ်းချုပ်က လေးနက်စွာဖြင့် “ကံကြမ္မာဘေးဒုက္ခ ကျော်လွှားတဲ့အဆင့်…”။ သူသည် ကံကြမ္မာဘေးဒုက္ခ ကျော်လွှားခြင်းအဆင့်၏ အစောပိုင်း၊ အလယ်ပိုင်း သို့မဟုတ် နှောင်းပိုင်း ဖြစ်သည်ကိုမူ သူ၏လက်ရှိကျင့်ကြံမှုဖြင့်ပင် မပြောနိုင်ချေ။

မြေခွေးနတ်ဆိုးက ပျင်းရိစွာ “ငါ အခုသွားတော့မယ်၊ နောက်တစ်ခါ မင်းတို့နဲ့လာကစားပါဦးမယ်”

ထို့နောက် သူသည် နဉ်ရွှီကို စိန်ခေါ်သောအမူအရာဖြင့် မျက်လုံးတစ်ဖက်မှတ်ပြပြီး “မင်းတို့ ဂိုဏ်းကတပည့်တွေရဲ့ ယန်စွမ်းအင်က အရသာရှိတယ်။ ငါတကယ်ကြိုက်တယ်။”

ထိုသို့ပြောပြီးနောက် သူသည် လေဟာပြင်ကိုဖောက်ထွင်းပြီး တစ်စက္ကန့် အတွင်းမျက်စိအောက်မှ ပျောက်ကွယ်သွားခဲ့တော့သည်။

စိုက်ကြည့်ခံလိုက်ရသော နဉ်ရွှီသည် လုံးဝ ရှုပ်ထွေးသွားရသည်။ “အဲ့ဒါက ဘာကိုဆိုလိုတာလဲ?”

ဖရဲသီးစားခြင်းစနစ်၏ အသံသည် စိတ်မဝင်စားပုံပေါက်နေ၏။ [နင့်ကို ရန်စ‌တာလို့ဆိုလိုတယ်။]

နဉ်ရွှီက ပို၍ပင် ရှုပ်ထွေးသွားပြီး “ဘာလို့လဲ?” ဟူ၍မေးလာသည်။

[နင်က ရွှီရှစ်ရှင်းနဲ့ စေ့စပ်ထားဖူးတဲ့လူဖြစ်လို့နေမှာပေါ့ဟ၊ သူဘာလုပ်သွားတယ်ဆိုတာ နင်နားမလည်ဘူးလား?]

ထိုသို့ဖြစ်နိုင်ပါသလား? သို့ပေသိ သူမက ထိုအရာကိုတောင် လိုချင်မနေပေ! ထို့အပြင် သူမသည် ရွှီရှစ်ရှင်း၏ယလင်စေ့စပ်ထားဖူးသူဖြစ်ခြင်းကြောင့် ကံကြမ္မာဘေးဒုက္ခ ကျော်လွှားခြင်းအဆင့် ကျင့်ကြံမှုရှိသော မြေခွေးနတ်ဆိုး၏ အာရုံစူးစိုက်မှုကို ရရှိခဲ့ခြင်းလား?

ရွှီရှစ်ရှင်း၊ ဆန်ကုန်မြေလေးကောင်ကတော့ အမြန်ဆုံးသွားသေလိုက်ချည်တော့!

နဉ်ရွှီသည် တွေးမရခဲ့ပေ။ “သူက ငါ ရွှီရှစ်ရှင်းနဲ့ စေ့စက်ထားဖူးတယ်ဆိုတာ ဘယ်လိုလုပ် သိတာလဲ?”

[ရွှီရှစ်ရှင်းက သူ့ကိုပြောပြခဲ့တာ ဖြစ်နိုင်တယ်။ သူကမြေခွေးနတ်ဆိုးနဲ့ စွဲလန်းနေတာမို့ သူ့ရဲ့လျှို့ဝှက်ချက် အများစုကို ထုတ်ဖော်ပြောပြခဲ့တယ်လေ။]

နဉ်ရွှီ: …

ဆန်ကုန်မြေလေးကောင်က အချစ်အရူးရူးနေသည့်သူ ဖြစ်နေသည်အား သူမ မမျှော်လင့်ထားခဲ့ပေ။

နဉ်ရွှီက ဆက်လက်မေးလာသည်။ “သူက ငါ့ကို ရန်စတော့ရော ဘာအကျိုးရှိသွားမှာမလို့လဲ? ရွှီရှစ်ရှင်းက ငါ့အတွက် အရင်ကစေ့စပ်ထားဖူးတဲ့ အသုံးချခံလေးသာသာပဲဟာကို”

သူမသည် အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်ပါချေ။ အရာတစ်ခုကိုသာ စိုးရိမ်ခဲ့သည်။

“သူ ငါ့ကို တိုက်ခိုက်ဖို့ကြိုးစားမှာလား?”

‘မဟုတ်ဘူးဆိုရင် ဘာလို့ သူ(မ)ကို လာပြီးစိန်ခေါ်မှာလဲ?’

[ဖြစ်နိုင်ခြေ မြင့်တယ်။]

နဉ်ရွှီ: “……”

[စိုးရိမ်မနေပါနဲ့ host။ ရန်သူတွေတိုက်ခိုက်လာတာရှိရင် ငါ နင့်ကို ကြိုတင်သတိပေးမယ်၊ ပြီးတော့ နင့်ကို အချိန်မီရှောင်ရှားနိုင်ဖို့ ကူညီပါ့မယ်။]

နဉ်ရွှီသည် အနည်းငယ် စိတ်သက်သာရာ ရသွားသော်လည်း အခြားတစ်ခုကိုတွေးမိသောအခါ သူမသည်အနည်းငယ် စိတ်မလုံမခြုံဖြစ်ရပြန်သည်။ “ဒါပေမယ့် နင်သူ့ရဲ့ တကယ့် ကျင့်ကြံမှုအဆင့်ကိုတောင် မစစ်ဆေးနိုင်သေးဘူးလေ!”

ယခင်က ဖရဲသီးစားခြင်းစနစ်သည် ဤ မြေခွေးနတ်ဆိုး၏ ကျင့်ကြံမှုအဆင့်ကို အနည်းဆုံး ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ထက် မြင့်မားသည်ဟုသာ ဖော်ပြခဲ့သည်။

အတိအကျ မည်မျှပိုမြင့်သည်ကို မပြောခဲ့ပေ။

သူမပြောချင်၍လား သို့မဟုတ် မသိ၍လား?

[ဒီကိစ္စက ရှုပ်ထွေးတယ်၊ ကျင့်ကြံမှုလောကရဲ့ လျှို့ဝှက်ချက်အချို့ပါ ပါဝင်နေတာ။ နင်က ချီသန့်စင်ခြင်း အဆင့်ပဲရှိသေးတာကို သိထားလဲ အကျိုးမရှိဘူး။]

[နင် တကယ်စိတ်ပူတယ်ဆိုရင် ရွှေအမြုတေအဆင့်ကို အမြန်ဆုံး တက်လှမ်းလိုက်။ အဲ့ဒီအခါကျရင် ငါ စနစ်ကို အဆင့်မြှင့်တင်နိုင်ပြီ၊ အဲ့ဒီအခါ ကျင့်ကြံမှုလောကတစ်ခုလုံးကမှာ နင့်မသိတဲ့ လျှို့ဝှက်ချက်မရှိတော့ဘူး။]

[ကြီးကြီးသေးသေး ဖရဲသီးတွေ အကုန် နင်စားရပြီပဲမှတ်။]

[ဒါပေမယ့် အခုတော့ ဖရဲသီးသေးသေးလေးတွေကိုပဲ စားသင့်တယ်။ အရမ်းကြီးရင် နင်စားနိုင်မှာမဟုတ်တော့ဘူး]

နဉ်ရွှီသည် ခဏတာတွေးပြီး ဖရဲသီးစားခြင်းစနစ်၏ စကားများသည် အဓိပ္ပာယ်ရှိသည်ဟု ခံစားမိလာ၏။ “ကောင်းပြီ။”

—

မြေခွေးနတ်ဆိုး ဂုဏ်သိက္ခာရှိစွာ ထွက်ခွာသွားပြီးနောက် ရင်ပြင်၏ လေထုသည် အနည်းငယ် ငြိမ်သက်သွားခဲ့သည်။

မြေခွေးနတ်ဆိုးတစ်ဦးသည် ကံကြမ္မာဘေးဒုက္ခ ကျော်လွှားခြင်းအဆင့်၏ ကျင့်ကြံမှုအဆင့်ကိုရရှိနိုင်မည်ဟု မည်သူကမှထင်မှတ်ထားခဲ့ခြင်းမရှိပေ။

ဝမ်ရှင်းဂိုဏ်းတစ်ခုလုံးကိုကြည့်လျှင် ကံကြမ္မာဘေးဒုက္ခ ကျော်လွှားခြင်းအဆင့်ရှိသော အကြီးအကဲနှစ်ဦးသာရှိပေသည်။

ဤအကြီးအကဲနှစ်ဦးသည် နှစ်ပေါင်းများစွာကြာအောင် ဂိုဏ်းပြင်ပသို့်မထွက်ဘဲ တံခါးပိတ်ကျင့်ကြံနေကြသဖြင့် သူတို့၏ လက်ရှိအခြေအနေကို မည်သူမျှ မသိကြပေ။

ကံကောင်းစွာဖြင့် မြေခွေးနတ်ဆိုးသည် ကြာကြာနေရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

ဤသည်မှာ ဝမ်ရှင်းဂိုဏ်းမှ အဆင့်မြင့်ဂိုဏ်းဥလျှောင်များကို အသက်ရှူချောင်စေခဲ့၏။

လုပ်စရာဘာမှမရှိသဖြင့် နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်နှင့် ဆက်လက် စကားပြောဆိုနေခဲ့သည်။

“ဘာလို့ သူက အေးအေးဆေးဆေး ထွက်သွားတာလဲ?”

ဖရဲသီးစားခြင်းစနစ်က ပျင်းရိစွာဖြင့် ပြန်ဖြေလာ၏။ [မထွက်သွားဘဲ သူက ဒီမှာ ဘာလုပ်ရမှာလဲ။ ဝမ်ရှင်းဂိုဏ်းမှာ အစုလိုက်အပြံလိုက်သတ်ဖြတ်ပွဲ စမလို့လားဟ?]

[မဖြစ်နိုင်ဘူးရယ်။ သူ လိုချင်ရင်တောင် အဲ့လိုလုပ်နိုင်မှာ မဟုတ်ဘူး။]

[ဘာလို့လဲဆိုရင် လူမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်တွေကြားက ငြိမ်းချမ်းရေးသဘောတူစာချုပ်က အသက်ဝင်နေသေးတာကိုး]

[နှစ်ငါးရာ သက်တမ်းပြည့်ဖို့ဆို ဆယ်နှစ်ပဲ ကျန်တော့တယ်။]

[ဒီဆယ်နှစ်အတွင်းမှာတော့ ခြုံငုံပြောရရင် အခြေအနေကတော့တည်ငြိမ်နေဦးမှာပဲ။]

[အဲ့ဒီဆယ်နှစ်ပြီးရင်တော့ ဘာဖြစ်မလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။]

နဉ်ရွှီ: “!!!”

“နင်ဆိုလိုတာက ဆယ်နှစ်ပြီးရင် လူတွေနဲ့ နတ်ဆိုးတွေ စစ်ပွဲဖြစ်တော့မှာလား?”

[ဖြစ်နိုင်တယ်]

[လွန်ခဲ့တဲ့နှစ်ငါးရာက နတ်ဆိုးမျိုးနွယ်စုက ရှုံးနိမ့်ခဲ့တယ်လေ၊ ဒီနှစ်တွေအတွင်းမှာ သူတို့က သူတို့ရဲ့ ဆုံးရှုံးခဲ့တဲ့ ဂုဏ်သိက္ခာကို ပြန်ရချင်နေတာ။]

[ဒါပေမယ့် အဲ့ဒါကို အခုတွေးနေတာက အရမ်း စောသေးပါတယ်။]

[နင်က ချီဖွဲစည်းတဲ့အဆင့်ပဲ ရှိသေးတယ်။]

နဉ်ရွှီ: … နောက်ဆုံး စကားက တော်တော်ထိခိုက်စေတယ်!

နဉ်ရွှီ၏ ဖရဲသီးစားခြင်းစနစ်နှင့်စကားပြောဆိုမှုသည် ဝမ်ရှင်းဂိုဏ်းမှ အဆင့်မြင့်ဂိုဏ်းဥ‌လျှောင်များအတွက် သတိပေးချက်တစ်ခုဖြစ်ခဲ့လေ၏။

ဟုတ်ပေသည်။

နှစ်ငါးရာ သဘောတူညီချက်သည် ဆယ်နှစ်ပဲ ကျန်တော့ပါသည်။

သူတို့အတွက် ကျန်ရှိသောအချိန်က မများတော့ချေ။

—

မနက်ပိုင်းက လူသိရှင်ကြား ကွပ်မျက်မှုသည် နောက်ဆုံးတွင် ကျရှုံးမှုဖြင့်သာ အဆုံးသတ်ခဲ့ရသည်။

နဉ်ရွှီသည် ဂိုဏ်းချုပ်၏ မျက်နှာအနေအထားအားကြည့်၍ အများကြီး မဖတ်နိုင်ခဲ့သော်လည်း သူ၏စိတ်ခံစားမှုဟာတော့ သာယာနေမှာ မဟုတ်‌ဘူးဆိုတာ သိသာပါပေသည်။

ဤအခြေအနေတွင် ဂိုဏ်းချုပ်က သတင်းကောင်းအချို့ကို ကြေညာခဲ့တော့သည်။

တပည့်သစ်များသည် ယခုအခါ သားရဲတောင်ထိပ်သို့သွားကာ သူတို့ကိုယ်တိုင်၏ စီးတော်ယာဥ်များကို ရွေးချယ်နိုင်ပြီပင်!

ရရှိနိုင်သော စီးတော်ယာဉ်များအားလုံးသည် အဆင့်နိမ့်ဝိညာဉ်သားရဲများ ဖြစ်သော်လည်း သူတို့သည် ဝိညာဉ်သားရဲများဖြစ်နေဆဲပင်။

အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်တွင်သာ ကျင့်ကြံသူများသည် ဓားပေါ်တွင် ပျံသန်းနိုင်ပြီး၊ ချီဖွဲ့သည်းခြင်း အဆင့်မှ တပည့်များသည် ပျံသန်းနိုင်သော ဝိညာဉ်သားရဲများကို အသုံးပြု၍သာ ခရီးသွားနိုင်ပေသည်။

ဤသတင်းကို ကြေညာသောအခါ ရင်ပြင်တစ်ခုလုံး စိတ်လှုပ်ရှားမှုဖြင့် ပေါက်ကွဲသွားပြီး တပည့်များ၏ မျက်နှာများသည် ပျော်ရွှင်မှုဖြင့် ပြည့်နေခဲ့တော့သည်။

သူတို့သည် နောက်ဆုံးတွင် သူတို့ကိုယ်ပိုင် ဝိညာဉ်သားရဲများကို ရရှိတော့မည်ပင်။

မကြာမီ၊ တပည့်တစ်ထောင်ကျော်ကို ပို့ဆောင်ရေးအစီအရင်မှတစ်ဆင့် သားရဲတောင်ထိပ်သို့ ရောက်ရှိသွားခဲ့သည်။

သားရဲတောင်ထိပ်သခင်က တပည့်များ ရွေးချယ်ရန်အတွက် ဝိညာဉ်သားရဲတစ်သောင်းနီးပါးကို လွှတ်ပေးခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် မြင်ကွင်းဟာ အလွန်စည်ကားနေ၏။ ဝိညာဉ်သားရဲများသည် မြေပြင်ပေါ်တွင် ပြေးလွှားနေကြကာ၊ ကောင်းကင်တွင် ပျံသန်းနေကြလျက်၊ ရေထဲတွင် ကူးခတ် နေကြ၏— တောင်ထိပ်တစ်ခုလုံးတွင် ဝိညာဉ်သားရဲ အမျိုးအစားများစွာ ရုန်းရင်းဆန်ခတ်ဖြစ်နေကြကုန်သည်။ ဝိညာဉ်သားရဲများ,များပြားလာ‌လျှင် ပဋိပက္ခများ ဖြစ်ပွားလာနိုင်ပါသည်။

ထင်သည့်အတိုင်းပင်၊ ငှက်အမျိုးအစား ဝိညာဉ်သားရဲနှစ်ကောင်သည် ကောင်းကင်တွင် တိုက်ခိုက်နေကြတော့သည်။

ကောင်းကင်မှကျလာသော အမွှေးအတောင် အချို့ကို ဖမ်းဆုပ်ပြီးနောက် နဉ်ရွှီက မေးလာ၏။ “ဘာလို့ မြေပြင်ပေါ်မှာ ပြေးလွှားနေတဲ့ ဟာတွေနဲ့ ရေထဲမှာ ကူးခတ်နေတဲ့အကောင်တွေလည်း ရှိတာလဲ?”

ဖရဲသီးစားခြင်းစနစ်က သမ်းဝါးလျက် ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလာ၏။ [အို…. ပျံသန်းတဲ့ကောင်တွေက တချို့တပည့်တွေကို မကြိုက်လို့နေမှာပေါ့။ ]

[ရွေးစရာမရှိတော့တဲ့အခါ သူတို့ တခြားဟာတွေကိုပဲရွေးရမှာ‌ပေါ့။]

နဉ်ရွှီက ထိတ်လန့်သွားပြီး “အဲ့လိုလဲ ရတယ်လား?”

[ဟုတ်တယ်၊ ကျင့်ကြံသူအချို့ စီးနင်းသားရဲရွေးတဲ့အခါ ကံတရားက အရမ်းညံ့တယ်။]

နဉ်ရွှီက သူ၏နှုတ်ခမ်းကို ကိုက်ပြီး စိတ်လှုပ်ရှားမှုနှင့် အနည်းငယ်သော စိုးရိမ်မှုဖြင့် “ဒါဆို၊ ငါ့ရဲ့ ကံကရော ဘယ်လိုရှိမယ်လို့ နင်ထင်လဲ?”

ဖရဲသီးစားခြင်းစနစ်က လေးနက်စွာ [ငါကတော့ နင့်ရဲ့ကံက အရမ်းကောင်းတယ်လို့ ထင်တယ်။]

[Host၊ ကံကောင်းထောက်မပြီးတော့ အဆင့်မြင့် ဝိညာဉ်သားရဲကိုရတော့မယ်။]

ဂိုဏ်းအကြီးအကဲများ: ???

ဘာ?

အဆင့်မြင့် ဝိညာဉ်သားရဲလား?

အဲ့ဒီအဆင့်မြင့် ဝိညာဉ်သားရဲတွေက ဘယ်ကလာတာလဲ?

သားရဲတောင်ထိပ်သခင်: သူက ဒီဝိညာဉ်သားရဲ တွေကို ဒီလောက်ကြာအောင်ထိ မွေးမြူခဲ့တာပါ၊ ဒီအဆင့်နိမ့် ဝိညာဉ်သားရဲတွေထဲမှာ အဆင့်မြင့် ဝိညာဉ်သားရဲတွေပါနေတာကို သူဘာလို့မသိရတာလဲ?

မင်း တကယ်နောက်နေတာ မဟုတ်ဘူးမလား?!

______

[1] ကံကြမ္မာဘေးဒုက္ခကိုကျော်လွှားတဲ့အဆင့်ဆိုတာက လူ့လောကမှာ နောက်ဆုံးအဆင့်၊ နတ်ဘုရားလောကကို တက်လှမ်းနိုင်ဖို့ ကျော်ဖြတ်ရတဲ့၊ အဆုံးအဖြတ်ပေးတဲ့ အဆင့်။ ကောင်းကင်ကစေလွှတ်တဲ့ စမ်းသပ်မှုလို့လဲခေါ်ပါတယ်။ ဥပမာ- ကောင်းကင်မိုးကြိုး၊ မီးတိုက်စားခံရတာ၊ စိတ်ပိုင်းဆိုင်ရာစမ်းသပ်မှုတို့ပါ။ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို ဆုံဖြတ်ပေးတဲ့ အဆင့်။

All Chapters