အခန်း (၁၃-၁၄)
Vol. 2 Ch. 13-14
အခန်း (၁၃) )(Chapter – 13)
ဤလောကတွင်၊ ဝိညာဉ်သားရဲများကို သူတို့၏ အရည်အသွေးပေါ်မူတည်၍ အဆင့်များခွဲခြားထားသည်။ အဆင့် ၁ မှ ၃ အထိရှိသော ဝိညာဉ်သားရဲများကို အဆင့်နိမ့် ဝိညာဉ်သားရဲများဟုခေါ်ပြီး၊ အဆင့် ၄ မှ ၆ အထိရှိသော ဝိညာဉ်သားရဲများကို အလယ်အလတ် ဝိညာဉ်သားရဲများဟုခေါ်သည်။ အဆင့် ၆ မှ ၉ အထိရှိသော ဝိညာဉ်သားရဲများကိုမူ အဆင့်မြင့် ဝိညာဉ်သားရဲများဟု သတ်မှတ်ထားသည်။
အဆင့် ၉ အထက်တွင် ၎င်းတို့ကို နိမိတ်ကောင်းသည့်သားရဲများ၊ ကြမ်းကြုတ်သောသားရဲများ၊ သန့်စင်မွန်မြတ်သော သားရဲများ သို့မဟုတ် *နတ်ဘုရားသားရဲများဟု သတ်မှတ်ကြသည်။
(T/N- နတ်ဘုရားလောက,ကသားရဲ)
ဤအရာများသည် သာမန်ကျင့်ကြံသူများအတွက် လက်လှမ်းမမီသည့်အရာများပင်။
ကျင့်ကြံခြင်းလောကတွင် နတ်ဘုရားသားရဲများနှင့်ပတ်သက်၍ ဒဏ္ဍာရီများအမျိုးမျိုး ရှိသော်လည်း ၎င်းတို့ကိုနှစ်ပေါင်းများစွာ မမြင်တွေ့ခဲ့ရချေ။ ဤကမ္ဘာငယ်တွင် ထိုသို့သော နတ်ဘုရားသားရဲများ ရှိနေသေးလားဆိုသည်မှာလည်း မေးခွန်းထုတ်စရာဖြစ်ပေသည်။
ကျင့်ကြံသူအများစုအတွက်မူ အဆင့်မြင့် ဝိညာဉ်သားရဲများသည်ပင်လျှင် ရှားပါးပြီး ရရှိရန်ခက်ခဲသောအရာများ ဖြစ်ပါသည်။
ဝမ့်ရှင်းဂိုဏ်းကို ဥပမာအနေဖြင့် ကြည့်လျှင် ဝမ့်ရှင်းဂိုဏ်းသည် ဓားရေး၊ အဆောင်မန္တန်၊ အစီအရင်၊ သားရဲထိန်းချုပ်ခြင်းနှင့် အခြားအရာများကို လေ့လာသော ပြည့်စုံသောဂိုဏ်း ဖြစ်သော်လည်း ၎င်းတို့သည်မည်သည့်အရာတွင်မှ အထူးကျွမ်းကျင်ခြင်း မရှိပေ။ သားရဲထိန်းချုပ်ခြင်းအတွက် ထိပ်တန်းဂိုဏ်းမှာမူ သန့်စင်မွန်မြတ်သော သားရဲဂိုဏ်းဖြစ်ပေသည်။
သို့သော် သန့်စင်မွန်မြတ်သော သားရဲဂိုဏ်းတွင်ပင် အဆင့်မြင့်ဝိညာဉ်သားရဲများသည် အကန့်အသတ်ဖြင့်သာ ရှိလေ၏။
အများဆုံးတွေ့ရသည်မှာ အလယ်အလတ်ဝိညာဉ်သားရဲများသာ ဖြစ်သည်။
အဆင့် ၆ ဝိညာဉ်သားရဲသည် ဝိညာဉ်ဖြစ်ပေါ်ခြင်း အဆင့်ကျင့်ကြံသူနှင့် တူညီသော သန်မာသောတိုက်ခိုက်ရေး စွမ်းအားတစ်ခုအား ပိုင်ဆိုင်ထား၏။ အဆင့် ၆ ဝိညာဉ်သားရဲ ဥ တစ်လုံး၏ ဈေးနှုန်းသည် ထိပ်တန်းဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာ သို့မဟုတ် ထို့ထက်ပို၍ တန်ဖိုးရှိပေသည်။ အဆင့်မြင့်ဝိညာဉ်သားရဲများအတွက်မူ သူတို့၏တန်ဖိုးကို ထိပ်တန်း ဝိညာဉ်ကျောက်တုံးများဖြင့်ပင် တိုင်းတာ၍မရနိုင်ချေ။
ဝမ့်ရှင်းဂိုဏ်း၏ သားရဲတောင်ထိပ်တစ်ခုလုံးတွင် အဆင့်မြင့်ဝိညာဉ်သားရဲ သုံးကောင်သာ ရှိပါသည်။ တစ်ကောင်မှာ တောင်ထိပ်သခင်၏ စာချုပ်ချုပ်ဆိုထားသော သားရဲဖြစ်သည့် အဆင့် ၇ လေဝံပုလွေတစ်ကောင်ဖြစ်လေ၏။ ကျန်နှစ်ကောင်မှာ အဆင့် ၈ မိုးကြိုးကျား နှင့် အဆင့် ၈ စိတ်ကူးယဉ်လိပ်ပြာတို့ ဖြစ်သည်။
ဤဝိညာဉ်သားရဲ သုံးကောင်ကိုသားရဲတောင်ထိပ်၏ အဖိုးတန်ရတနားများဟုပင် ဆိုနိုင်သည်။ လေဝံပုလွေမှလွဲ၍ ကျန်နှစ်ကောင်ကို ဂရုစိုက်ပေးရန် အထူးပုဂ္ဂိုလ်များဖြင့် ထားရှိထား၏။ သူတို့၏ဘဝများသည် လူ့လောကမှ ဧကရာဇ်များ၏ ဘဝများနှင့် နှိုင်းယှဉ်နိုင်ပါသည်။
သို့ဆိုလျှင် ဖရဲသီးစားခြင်းစနစ်က ဘာပြောခဲ့ပါသနည်း။
အဆင့်မြင့်ဝိညာဉ်သားရဲကို ကံကောင်းထမပြီး ရရှိမည်တဲ့လား? ဂိုဏ်းအတွင်းတွင် အဆင့်မြင့်ဝိညာဉ်သားရဲ တစ်ကောင် တကယ်ရှိနေသည်လား?
သားရဲတောင်ထိပ်သခင်သည် ခဏတာ စိတ်ရှုပ်ထွေးသွားလေ၏။
နဉ်ရွှီအား ကျေးဇူးတင်ခြင်းအနေဖြင့် ဂိုဏ်းက အဆင့်နိမ့်ဝိညာဉ်သားရဲ ထောင်ပေါင်းများစွာထဲတွင် အလယ်အလတ် ဝိညာဉ်သားရဲ အနည်းငယ်ကို အထူး ရောနှောထားခဲ့ပါသည်။
ထိုအချိန်တွင် အလယ်အလတ် ဝိညာဉ်သားရဲများသည် နဉ်ရွှီထံသို့ ဆန္ဒအလျောက် ချဉ်းကပ်လာပြီး သူမအား ရွေးချယ်ခွင့်ပေးမည်ပင်။
သို့သော် ယခု အဆင့်မြင့် ဝိညာဉ်သားရဲတစ်ကောင် ပေါ်လာသောအခါ ဂိုဏ်း၏ ကြိုးစားမှုသည် အလဟသဖြစ်သွားနိုင်သည်။ သို့တိုင် ဂိုဏ်းတွင် အဆင့်မြင့် ဝိညာဉ်သားရဲ တစ်ကောင် ပိုရှိခြင်းသည် မလွဲမသွေ ကောင်းမွန်သော အရာတစ်ခုဖြစ်ပေသည်။
အကြီးအကဲများသည် သတင်းကြောင့် မှင်တက်နေဆဲဖြစ်ပြီး ဘာပြောရမှန်းမသိဖြစ်နေစဉ် ဖရဲသီးစားခြင်းစနစ်၏ ပျင်းရိသော အသံသည် ထပ်မံ၍ ထွက်ပေါ်လာ၏။
[ခဏလေး၊ နင်စာချုပ်ချုပ်တဲ့အခါ သာမန်အဖြစ်ဆုံး စာချုပ်ကိုပဲ အသုံးပြုလိုက်။]
နဉ်ရွှီက ပေါ့ပေါ့ပါးပါးပင် ပြန်မေးလိုက်သည်။ “ဘာဖြစ်လို့လဲ?”
ဖရဲသီးစားခြင်းစနစ်က ရှင်းပြလာ၏။ [ဒီ ဝိညာဉ်သားရဲက အဆင့် ၉ ပဲ ရှိတာ။]
[ကျင့်ကြံသူတစ်ယောက်ဟာ သူပိုင်ဆိုင်တဲ့ ဝိညာဉ်သားရဲနဲ့ တစ်သက်တာမှာ ကိုယ်ပိုင်ဝိညာဉ်သားရဲ တစ်ကောင်နဲ့ပဲ စာချုပ်ချုပ်လို့ရတယ်။ ပိုင်ရှင်က သူတို့ရဲ့ ကိုယ်ပိုင်ဝိညာဉ်သားရဲနဲ့ တစ်သက်တာလုံး ချည်နှောင်ခံထားရတယ်။]
[အခြား စာချုပ်တွေအတွက်တော့ အချိန်ကန့်သတ်ချက်ရှိတယ်။ သာမန်အဖြစ်ဆုံး စာချုပ်ကသာ အလွတ်လပ်ဆုံးပဲ။]
သားရဲတောင်ထိပ်သခင်၏ အတွင်းစိတ်ထဲကပင် တုန်လှုပ်သွားခဲ့တော့သည်။
အဆင့် ၉ ပဲရှိတာ...
အဆင့် ၉…
ပဲရှိတာ…
သူလည်း “အဆင့် ၉ ပဲရှိတာ” ဆိုသော ဝိညာဉ်သားရဲ ကိုလိုချင်ခဲ့မိသည်။
ဖရဲသီးစားခြင်းစနစ်က ဆက်ပြောလာလေ၏။ [သာမန်စာချုပ်နဲ့ဆိုရင် နင် ဒါမှမဟုတ် ဝိညာဉ်သားရဲက အချိန်မရွေး စာချုပ်ကို ဖျက်နိုင်တယ်။]
အချိန်မရွေး ဖျက်နိုင်တယ်? ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
နဉ်ရွှီ, “...ဒါ အဆင်ပြေမှာ သေချာရဲ့လား?”
ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေသည်။ [ဘာလို့ မရမှာလဲ? ဒီအဆင့်မြင့် ဝိညာဉ်သားရဲက အဆင့်နိမ့်ဝိညာဉ်သားရဲလို ဟန်ဆောင်နေတာမို့ ကိုယ်ပိုင်ဝိညာဉ်သားရဲအနေနဲ့ စာချုပ်ချုပ်ဖို့ မလိုချင်တာ ဒါမှမဟုတ် ဂိုဏ်းက မွေးမြူတာကို မလိုချင်တာ တစ်ခုခုဖြစ်လိမ့်မယ်။]
[သားရဲတောင်ထိပ်မှာရှိတဲ့ အဆင့် ၈ ဝိညာဉ်သားရဲ နှစ်ကောင်ကို အရမ်းကောင်းကောင်းမွန်မွန် ပြုစုထားပေမယ့် သူတို့က သူတို့ရဲ့ လွတ်လပ်မှုကို ဆုံးရှုံးထားကြရတာကိုး။]
[သူက လွတ်လပ်မှုကိုပဲ လိုချင်တာဖြစ်နိုင်တယ်]
[အကယ်၍ နင်က ဒီအဆင့် ၉ ဝိညာဉ်သားရဲနဲ့ သာမန်စာချုပ်ပဲ ချုပ်လိုက်ရင်၊ သူ ပျော်လောက်တယ်။] ဘာလို့လဲဆိုရင် သူတို့အချိန်မရွေး စာချုပ်ကိုဖျက်ပစ်လို့ရတာကြောင့်လေ။
နဉ်ရွှီသည် သေချာစွာ စဉ်းစားလိုက်သောအခါ ဖရဲသီးစားခြင်းစနစ်၏ အကြောင်းပြချက်သည် ကျိုးကြောင်းဆီလျော်သည်ကို တွေ့ရှိခဲ့သည်။ သူမကခေါင်းညိတ်ပြီး “ကောင်းပြီ၊ နင့် နည်းလမ်းအတိုင်းပဲ လုပ်ကြတာပေါ့။”
နဉ်ရွှီ၏ ဖရဲသီးစားခြင်းစနစ်နှင့် စကားပြောဆိုမှုကို လျှို့ဝှက်နားထောင်နေခဲ့သော အကြီးအကဲများနှင့် တပည့်များသည် ထိတ်လန့်သွားကြရသည်။ အဆင့် ၉ ဝိညာဉ်သားရဲကို မလိုချင်ဘူးတဲ့လား?!
သူတို့ ဘာလုပ်သင့်သလဲ။
အရမ်းအားကျတယ်! အရမ်းမနာလိုတယ်!
၎င်းကအဆင့် ၉ ဝိညာဉ်သားရဲတစ်ကောင်လေ! အပြင်မှာ ရောင်းချလိုက်မယ်ဆိုရင် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာ အလွယ်တကူရနိုင်ပြီး အစွမ်းထက်သော ကျင့်ကြံသူမြောက်မြားစွာ အပြိုင်အဆိုင်လိုချင်ကြမည့် အရာတစ်ခုပင်!
၎င်းကို သူတို့ဟာ အချိန်တိုလေးအတွက်ပဲ အသုံးပြုဖို့ စီစဉ်ထားခြင်းလား။
တခြားသူတစ်ယောက်ယောက်က သည်လိုမျိုးအကြံပေးခဲ့လျှင် အကြီးအကဲများက ဆဲဆိုကြိမ်းမောင်း လောက်လိမ့်မည်။
မင်း ကျင့်ကြံမှုကို စတင်တာတောင်သိပ်မကြာသေးဘဲ အဘယ်ကြောင့် မာနကြီးသွားရသနည်း။ အဆင့် ၉ ဝိညာဉ်သားရဲကိုတောင်မှ မလိုချင်ဘဲ နတ်ဘုရား ဒါမှမဟုတ် သန့်စင်မွန်မြတ်သော သားရဲများကို ပစ်မှတ်ထားနေခြင်းပေလော။ မင်းဘာလို့ ဤလောက်ထိ မျက်နှာပြောင်နိုင်ရသနည်း။
သို့သော် သည်လိုမျိုး အကြံပေးခဲ့သူကတော့ ဖရဲသီးစားခြင်းစနစ်ပင်ဖြစ်သည်။
ပြီးတော့ သူက တကယ်တမ်း နတ်ဘုရားသားရဲ တစ်ကောင်ကို ရှာဖွေနိုင်သော စွမ်းရည်ရှိနိုင်တာ ဖြစ်နိုင်ခြေအရမ်းမြင့်ပေသည်!
သူတို့ဘာလုပ်သင့်သလဲ!
ပို၍ပင် မနာလိုဖြစ်နေရပြီ! ပို၍ပင် အားကျနေရပြီ!
ဂိုဏ်းမှ အခြားသူများသည် ပျံသန်းနိုင်သော ဝိညာဉ်သားရဲများကို စာချုပ်ချုပ်ဆိုနေပြီဖြစ်သည်ကို မြင်သောအခါ နဉ်ရွှီသည် ချက်ချင်းပင် စတင်လုပ်ဆောင်ခဲ့သည်။
“ဘယ်မှာလဲ?”
ဖရဲသီးစားခြင်းစနစ်က သူ့လျှာကို တီးခေါက်ပြီး [အရှေ့တောင်ဘက်မှာ။ ငါ့ညွှန်ကြားချက်အတိုင်းပဲ လိုက်ခဲ့။]
“ဟုတ်ပြီ။”
နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်၏ ညွှန်ကြားချက်များအတိုင်း လိုက်ခဲ့ပြီး မိနစ်သုံးဆယ်ခန့် အကြာတွင် သူမရှေ့ရှိ ဝိညာဉ်သားရဲ ဆယ်ကောင်ခန့်ကိုကြည့်၍ တိတ်ဆိတ်သွားရ၏။
သူမသည် အဆင့်မြင့် ဝိညာဉ်သားရဲ တစ်ကောင်၏တည်ရှိမှုကို ဂိုဏ်းမှ မည်သူကမှ အဘယ်ကြောင့် သတိမထားမိကြသည်ကို နောက်ဆုံးတွင် နားလည်သွားသည်။
ဖရဲသီးစားခြင်းစနစ်သာမရှိခဲ့လျှင် သူမသည် သည်နေရာကိုလာပြီး အမြတ်ယူဖို့ ဘယ်တော့မှစဉ်းစားမိမည် မဟုတ်ပေ။
ဂုဏ်သိက္ခာရှိသော အဆင့် ၉ ဝိညာဉ်သားရဲတစ်ကောင်သည် တကယ်တမ်း ဝက်အသွင် ဟန်ဆောင်ထားလိမ့်မည်ဟု မည်သူကထင်မှတ် ထားနိုင်မည်နည်း။
ကျင့်ကြံသူများ၏ ထမင်းစားပွဲပေါ်မှာ မကြာခဏဆိုသလို တင်လေ့ရှိသော အဆင့်နိမ့်ဝိညာဉ်သားရဲဟာ ဝက်ပင်လော?!
တိတ်ဆိတ်သွားရသူသည် နဉ်ရွှီတစ်ယောက်တည်းမဟုတ်၊ သူမနောက်မှ ဝိညာဉ်စိတ်အာရုံများဖြင့် လျှို့ဝှက်လိုက်ကာကြည့်နေသော ဂိုဏ်းမှ အကြီးအကဲများသည်လည်း အလားတူပင် မှင်တက်နေခဲ့ကြတော့သည်။
အဆင့် ၉ ဝိညာဉ်သားရဲသည် အပြည့်အဝ ကြီးထွားလာပြီးလျှင် လူသားကျင့်ကြံသူ ကံကြမ္မာဘေးဒုက္ခ ကျော်လွှားခြင်းအဆင့်၏စွမ်းအားနှင့် နှိုင်းယှဉ်နိုင်ပါသည်။ မကြီးထွားခင်တွင်ပင် ထူးချွန်သော စွမ်းရည်ရှိသည့် ကျင့်ကြံသူများ အကြားမှ ထိပ်တန်းပါရမီရှင်တစ်ဦးနှင့် နှိုင်းယှဉ်နိုင်ပြီး သားရဲများအကြားမှာ တကယ့်အထူးချွန်ဆုံးပင်။
သို့သော် ဤဝိညာဉ်သားရဲတွင် မာန၏ အရိပ်အယောင်မရှိ၊ ထို့အစား အံ့ဩလောက်အောင် နှိမ့်ချပြီး လိုက်လျောညီထွေနေထိုင်နေ၏။
သူတို့သည် ဤတစ်ကြိမ် အဆင့်မြင့်ဝိညာဉ်သားရဲကို လက်လွတ်ဆုံးရှုံးရခြင်းဟာ မထူးဆန်းတော့ပါပေ။
—
နဉ်ရွှီသည် ခဏတာ တိတ်ဆိတ်နေပြီးနောက် “ဘယ်တစ်ကောင်လဲ?” ဟုမေးလာသည်။
ဖရဲသီးစားခြင်းစနစ်က ပြန်ဖြေလာသည်မှာ [အဲ့ဒီ ညာဘက်အစွန်ဆုံးက ဝက်စာကိုအများဆုံးစားနေတဲ့ အမြီးအလှုပ်ရှားဆုံး တစ်ကောင်ပဲ။]
နဉ်ရွှီ: “...”
ကောင်းပြီ၊ ဒီအသွင်အပြင်က အရမ်းထင်ရှားပါတယ်။ တစ်ချက်ကြည့်တာနဲ့တင် မြင်နိုင်တယ်။
“ဒါ အမှားအယွင်း မရှိလောက်ဘူးမလား?”
ဖရဲသီးစားခြင်းစနစ်က သူ့လျှာကို တီးခေါက်ပြီး [အမှားမရှိပါဘူး။ ငါ့ရဲ့ စွမ်းရည်ကို သံသယဝင်နေတာလား?]
“ငါ ဆိုလိုတာက အဆင့် ၉ ဝိညာဉ်သားရဲကို။”
[အမှားမရှိပါဘူး။]
“ကောင်းပြီ။”
ဒါဟာ အဆင့် ၉ ဝိညာဉ်သားရဲ တစ်ကောင်ဖြစ်နေတုန်းပဲ၊ ဒါပေမယ့် ဒီလောက်လေးလေးနက်နက်ကြီး ဟန်ဆောင်နေရတာလဲ? ဝက်ခြံထဲမှာ ရောနှောနေတာများ သံသယဖြစ်စရာ အရိပ်အယောင်တောင်မတွေ့ရဘူး။
ဖရဲသီးစားခြင်းစနစ်က ၎င်းဟာ အဆင့် ၉ ဝိညာဉ်သားရဲ ဖြစ်သည်ဟူ၍ ကျိန်ဆိုခြင်းမရှိခဲ့လျှင် နဉ်ရွှီက ဘယ်တော့မှယုံကြည်မည်မဟုတ်။
စိတ်ဝင်စားလာသဖြင့် နဉ်ရွှီက “သူ့မှာ ဝက်သွေးပါတာလား?”
ဖရဲသီးစားခြင်းစနစ် က [မပါဘူး] ဟုပြန်ဖြေလာ၏။
[အဲ့ဒါက ဝက်ဝိညာဉ်သားရဲနဲ့ ဘာမှမဆိုင်ဘူး။ သူ့ရဲ့တကယ့် ပုံစံကို အသက်စာချုပ်ချုပ်ပြီးမှ နင်သိရလိမ့်မယ်။]
“ဟုတ်ပြီ။”
နဉ်ရွှီသည် ခေါင့်ငုံ့၍ ဝက်စာကို စားနေသော ဝက်ဝိညာဉ်သားရဲရှေ့သို့ ဖြည်းဖြည်းချင်းလျှောက်သွားခဲ့သည်။
ပိုမိုနီးကပ်စွာ စစ်ဆေးလိုက်သောအခါ သူမသည် ၎င်းသည် ပန်းရောင်ဖျော့ဖျော့အရောင် ရှိသည်ကို တွေ့ရှိခဲ့တော့သည်။ အနည်းငယ် ညစ်ပတ်ခြင်း၊ အနံ့နံခြင်း၊ ဝခြင်းနှင့် အထူးသဖြင့် အစာများပုပ်တာမှလွဲ၍ တခြားသိပ်ကြီးကြီးမားမား အားနည်းချက်မရှိချေ။
နဉ်ရွှီသည် ၎င်း၏ရှေ့တွင် ဒူးထောက်လိုက်ပြီး “နင် ငါနဲ့ သာမန်စာချုပ်ချုပ်ချင်လား?”
ယေဘုယျအားဖြင့် ကျင့်ကြံသူတစ်ဦးသည် ဝိညာဉ်သားရဲတစ်ကောင်နှင့် စာချုပ်ချုပ်သောအခါ ဤအဆင့်များအား လိုက်နာရသည်။
ပထမဦးစွာ ဝိညာဉ်သားရဲက ဆန္ဒရှိ မရှိကို မေးမြန်းရ၏။
အကယ်၍ ၎င်းက ငြင်းဆန်ပါက ကျင့်ကြံသူသည် ဝိညာဉ်သားရဲ ကြိုက်နှစ်သက်သော အရာများ- အစားအစာ၊ ကစားစရာများ သို့မဟုတ် ၎င်း နှစ်သက်သော မည်သည့်အရာမဆိုကို ဝယ်ယူပေးရ၏။
ချော့မော့ရလေ၏။
ပုံမှန်အားဖြင့် ၎င်းအဆင့်များကိုပြုလုက်ပြီးလျှင် ဝိညာဉ်သားရဲအများစုသည် သဘောတူကြပါသည်။
အကယ်၍ ထိုနည်းလမ်းသည် အလုပ်မဖြစ်ပါက သူတို့သည် လက်လျှော့ကာ အခြားတစ်ကောင်ကို ရွေးချယ်နိုင်လေသည်။ လုံးဝထိုဝိညာဉ်သားရဲ တစ်ကောင်တည်းကိုသာလိုချင်ပါက ကျင့်ကြံသူသည် ဇွဲရှိရှိဖြင့် သံယောဇဉ်ကို တည်ဆောက်နိုင်ပေသည်။
ဤဝိညာဉ်သားရဲသည် ဝက်နှင့်တူသော်လည်း ၎င်းသည် အဆင့် ၉ ဝိညာဉ်သားရဲ ဖြစ်နေဆဲပင်။ နဉ်ရွှီသည် အတင်းအကျပ် စာချုပ်ချုပ်နိုင်ခြင်းမရှိ၊ သူမသည် ဆွေးနွေးရန်သာ ကြိုးစားနိုင်ပြီး သာမန်စာချုပ်ကို လက်ခံနိုင်မည်ဟု သူမမျှော်လင့်မိပေ၏။ အဘယ်ကြောင့်ဆိုသော် ဤစာချုပ်အမျိုးအစားသည် ဖျက်သိမ်းရန် လွယ်ကူလှသည်။
မည်သည့် ဘက်မှမဆို လက်လျှော့ချင်ပါက အချိန်မရွေး လုပ်ဆောင်နိုင်လေ၏။
သူမ စကားပြောလိုက်သည်နှင့် ဝက်သည် ရုတ်တရက် သူ့၏ကြီးမားသော ခေါင်းကို မော့လိုက်ချေသည်။
၎င်းတွင် ပန်းရောင်ဝက်နားရွက်ကြီးများဟာ လေထဲတွင် တလှုပ်လှုပ်နှင့်ဖြစ်နေသည်က ချစ်စရာကောင်းသော အသွင်အပြင်ကို ပို၍ ထင်ရှားစေတော့သည်။
ဝက်ဝိညာဉ်သားရဲသည် သူ့သေးငယ်ကာ တောက်ပသော မျက်လုံးများကို ပုတ်ခတ်လိုက်ပြီး နဉ်ရွှီက စောင့်ဆိုင်းနေချိန်တွင် မမျှော်လင့်ဘဲ သူမ၏လက်မောင်းကို ကိုက်လိုက်လေ၏။
နောက်တစ်ခဏတွင် သခင်-ကျွန်စာချုပ်ကို တည်ထောင်လိုက်နိုင်တော့သည်။
နဉ်ရွှီ, “???”
ဖရဲသီးစားခြင်းစနစ်: “...”
စောင့်ကြည့်နေသော တပည့်များနှင့် အကြီးအကဲများ: “...”
ဤဖြစ်ရပ်သည် တကယ်ပင် မမျှော်လင့်ထားသည့် အရာဖြစ်ပေသည်။
စက္ကန့်အနည်ငယ် တိတ်ဆိတ်ပြီးနောက် ဖရဲသီးစားခြင်းစနစ်သည် မထိန်းနိုင်ဘဲ အေယ်ဟစ်လိုက်လေသည်။ [ဘာဖြစ်တာလဲ? ဟမ်? ဘာတွေဖြစ်နေတာလဲ! ဒီလို အတင်းအကျပ်ရောင်းဝယ်တာမျိုးရှိလို့လား?]
[သူက ဂိုဏ်းမှာ အဆင့်နိမ့် ဝိညာဉ်သားရဲလိုမျိုး ဟန်ဆောင်နေတာ ကြာနေပြီလေ၊ အဲ့ဒါက ဘယ်သူနဲ့မှ စာချုပ်မချုပ်ချင်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလား?]
[ဘာဖြစ်လို့ ရုတ်တရက် တစ်စက္ကန့်တောင် မစဉ်းစားဘဲ သခင်-ကျွန်စာချုပ်ချုပ်လိုက်တာလဲ?]
[ငါက သာမန်စာချုပ်ဖြစ်ရမယ်လို့ ပြောခဲ့တာ! သာမန် သဘောတူညီချက်!! ဒါက ဘယ်လိုလုပ် မှားသွားနိုင်တာလဲ?]
နဉ်ရွှီသည် ကူကယ်ရာမဲ့စွာဖြင့် “စိတ်ကိုလျော့ပါဦး။”
သူမသည် ဖရဲသီးစားခြင်းစနစ်သည် ပါးစပ်ကြမ်းရုံသာမက စိတ်လည်းဆိုးတက်သည်ကို ပထမဆုံးအကြိမ်တွေ့လိုက်ရတော့သည်။
သူမသည်လည်း ဝက်ဝိညာဉ်သားရဲသည် ဘာကြောင့် သူမနှင့် သခင်-ကျွန်စာချုပ် ချုပ်ဆိုရန် စတင်လုပ်ဆောင်ခဲ့သည်ကို သိချင်နေမိသည်။
၎င်းက သူမ၏ အလားအလာကို မြင်လိုက်၍လား၊ သို့မဟုတ် အခြားအကြောင်းရင်း တစ်ခုရှိသေးလား?
၎င်းက သူမ၏ စိတ်ကူးသက်သက်လား မသိပေ၊ *သို့မဟုတ် သူမသည် ဝက်၏သေးငယ်သော မျက်လုံးများတွင် ဉာဏ်ပညာရှိသည့် အရိပ်အယောင်တစ်ခုကို တကယ်တမ်းမြင်လိုက်ရလား?
(T/N- ဝက်ရဲ့မျက်လုံးထဲမှာ ဉာဏ်ပညာရှိတဲ့အရိပ်အယောင်တစ်ခုခု မြင်မိလား' ဆိုတာက ဝက်မျက်လုံးထဲမှာက နဉ်ရွှီရှိတာလေ၊ ဝက်ကသူမကိုကြည့်နေလို့၊ ဉာဏ်ပညာရှိတယ်ဆိုတာက၊ သူမကအလားအလာရှိသူ ဉာဏ်ပညာရှိတဲ့သူဖြစ်တယ် ဆိုတာကို ဝက်မျက်လုံးထဲမှာ သူမ မြင်လိုက်မလားဆိုပြီး မေးခွန်းထုတ်နေတာမျိုးပါ။ *ကိုယ်ထင်တာပါ)
ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ ဖြစ်နိုင်လား?
စိတ်ဆိုးဒေါသထွက်နေသော ဖရဲသီးစားခြင်းစနစ်နှင့် မတူဘဲ နဉ်ရွှီသည် ပို၍ တည်ငြိမ်နေခဲ့သည်။
သူမသည် ပေါ့ပေါ့ပါးပါးပင် “ငါတို့ သခင်-ကျွန်စာချုပ်ချုပ်ဆိုပြီးပြီဆိုတော့ သူနဲ့ငါ ကံဆက်နေတယ်လို့ဆိုလိုတာပေါ့။”
ဖရဲသီးစားခြင်းစနစ်က မကျေနပ်စွာဖြင့် ပြန်ဖြေလာ၏ [ကံ? ဘာ ကံဆက်တာလဲ! နင်နဲ့ ကံဆက်မဲ့ဟာက ရှေ့မှာရှိနေသေးတယ်ဟ!]
ဖရဲသီးစားခြင်းစနစ်၏ မကျေနပ်မှုသည် ထင်ရှားလှသည်။
နဉ်ရွှီသည် သူနှင့်ချည်နှောင်ထားသော host ဖြစ်ပါသည်။
သူမ၏ ကိုယ်ပိုင်ဝိညာဉ်သားရဲသည် အနည်းဆုံး နတ်ဘုရားသားရဲတစ်ကောင်ဖြစ်ရမည် မဟုတ်လား?
သို့သော် ဘာဖြစ်သွားသနည်း။
သူမသည် အဆင့် ၉ ဝိညာဉ်သားရဲတစ်ကောင်နှင့် စာချုပ်ချုပ်ဆိုခဲ့၏။
လျှို့ဝှက် နားထောင်နေခဲ့သော တပည့်များသည် စိတ်ထဲမှအော်ဟစ်လိုက်ကြကုန်သည်။ ကျွန်တော်တို့ မနာလိုလိုက်တာ! ဒါအဆင့် ၉ ဝိညာဉ်သားရဲလေ! ကျွန်တော်တို့ စာချုပ်ချုပ်နိုင်မယ်ဆိုရင် အိပ်မက်ထဲမှာတောင် ရယ်မောပြီး နိုးထလာလိမ့်မယ်!
(T/N- မဖြစ်နိုင်လို့၊ အိမ်မက်ဆိုရင်တောင် ရယ်ပြီးသာ နိုးလာလိမ့်မယ်လို့ပြောတာပါ)
နဉ်ရွှီက ပခုံးတွန့်ပြီး “ပြီးသွားပြီလေ။ ဒီလောက်နဲ့ တော်လိုက်တော့။” အဆင့် ၉ ဝိညာဉ်သားရဲ တစ်ကောင်က အရမ်းကောင်းနေပါပြီ။ နတ်ဘုရား ဒါမှမဟုတ် သန့်စင်မွန်မြတ်တဲ့ သားရဲကို အတင်းအကျပ် တောင်းဆိုစရာမလိုပါဘူး။
ဖရဲသီးစားခြင်းစနစ်က လက်မလျှော့ပဲ ဝိညာဉ်သားရဲကို အပေါ်အောက် လှည့်ပတ် စကင်ဖတ်ကာ [ငါ ထပ်ကြည့်လိုက်မယ်၊ ပိုပြီး သေချာကြည့်လိုက်မယ်…] ဟူ၍သာ အပြစ်ပြောနေခဲ့၏။
နဉ်ရွှီတွင် ရွေးချယ်စရာ မရှိခဲ့ပေ။
ခဏတာ စကင်ဖတ်ပြီးနောက် ဖရဲသီးစားခြင်းစနစ်က ရုတ်တရက် ထအော်လိုက်ချေသည်။
နဉ်ရွှီ: “?”
“ဘာဖြစ်တာလဲ?”
ဖရဲသီးစားခြင်းစနစ်က ပြန်မဖြေချေ။
နဉ်ရွှီက ဆက်မေးလိုက်လေ၏။ “ဘာဖြစ်သွားတာလဲ?”
ဖရဲသီးစားခြင်းစနစ်က တုံ့ဆိုင်းစွာပင် တစ်လုံးချင်းစီးပြောလာသည်။ [ဟဲဟဲဟဲ၊ သူ...သူက!]
သူလား?
ပြီးတော့?
ဖရဲသီးစားခြင်းစနစ်: [...]
ကောင်းပြီ၊ ဘာမှထပ်မရှိတော့ဘူး။ သူ့ရဲ့ စွမ်းအင်က ကုန်သွားပြန်ပြီထင်တယ်။
ဒါဆို ဖရဲသီးစားခြင်းစနစ်က ဘာကိုတွေ့ခဲ့တာလဲ?
တပည့်များသည် စိတ်ထဲမှ အော်ဟစ်လိုက်ကြသည်။ ကျွန်တော်တို့ တကယ်သိချင်နေပြီ!!!
ဒါကြောင့်ပြောတာ ဖရဲသီးကို တစ်ဝက်တစ်ပျက်ပဲ မစားခိုင်းပါနဲ့တော့လို့။ ကျင့်ကြံသူနဉ်ရေ ခင်ဗျားရဲ့စွမ်းရည်ကို မြှင့်တင်ဖို့က တကယ်အရေးကြီးနေပြီဗျ!
____
အခန်း (၁၄) )(Chapter – 14)
ဖရဲသီးစားခြင်းစနစ်သည် ယာယီ အဆက်ပြတ်သွားခဲ့ပြီးနောက် နဉ်ရွှီသည်လည်း ဆက်လက်စကားမပြောတော့ပေ။
ဖရဲသီးစားခြင်းစနစ်နှင့် သူမ၏ဆက်သွယ်မှုကို ဆက်မကြားရတော့သောအခါ ကျန်တပည့်များသည် စိတ်မသက်မသာခံစားရနေ၏။
သူတို့၏ နှလုံးသားထဲတွင် တစ်ခုခု ပျောက်ဆုံးနေသကဲ့သို့ပင် ဖြစ်နေသည်။
ဘာတွေဖြစ်နေတာလဲ?
သူတို့သည် အမြဲတမ်းဒီလိုပဲနေလာတာမဟုတ်လော။ ယခုလို အဘယ်ကြောင့် ထူးဆန်းနေရသလဲ?
အချိန်ခဏလေးအတွင်းမှာပင် သူတို့သည် နဉ်ရွှီနှင့်ဖရဲသီးစားခြင်းစနစ်၏ တည်ရှိမှုကို အလွန် အကျွမ်းတဝင်ရှိနေခဲ့ကြပုံရသည်။ သူတို့စကားမပြောတော့သောအခါ မရင်းနှီးတော့သလိုပင် ဖြစ်သွားခဲ့သည်။
____
နာရီဝက်အကြာတွင် တပည့်သစ်များ အားလုံးသည် သူတို့၏ဝိညာဉ်သားရဲများကို ရွေးချယ်ပြီးစီးခဲ့ကြပြီး သားရဲတောင်ထိပ်တစ်ခုလုံးသည် သူတို့၏ပျော်ရွှင်သော ရယ်သံများဖြင့် ပြည့်နှက်နေတော့လေသည်။
ဂိုဏ်းချုပ်သည် သူ၏လည်ချောင်းကို ရှင်းလိုက်ပြီး ကျယ်လောင်စွာဖြင့် “တပည့် အပေါင်းတို့”
တပည့်များသည် ဂိုဏ်းချုပ်၏ ဆုံးမစကားများကို အာရုံစိုက်နားထောင်ရန် ချက်ချင်းပင် တိတ်ဆိတ်သွားကြကုန်သည်။
“ဒီနေ့မှာ မင်းတို့ရွေးချယ်ခဲ့တဲ့ သားရဲက အဆင့်နိမ့်ဝိညာဉ်သားရဲတွေဖြစ်နေပေမယ့် နောက်ပိုင်း သူတို့က အချိန်အကြာကြီး မင်းတို့ရဲ့ သစ္စာရှိတဲ့အဖော်တွေဖြစ်လာလိမ့်မယ်။ မင်းတို့ရဲ့ အဖော်တွေကို ဂရုတစိုက်၊ ကြင်ကြင်နာနာနဲ့ စိတ်ရှည်လက်ရှည် ဆက်ဆံပါ၊ နားလည်ကြလား?”
တပည့်များက ညီညီညာညာ “နားလည်ပါတယ်!” ဟူ၍ပြန်ဖြေကြလေသည်။
“ကောင်းပြီ။ ပထမတစ်လအတွက် ဂိုဏ်းက ဝိညာဉ်သားရဲအစာ ထောက်ပံ့ပေးမယ်၊ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာတော့ မင်းတို့က ကိုယ်တိုင်ရှာဖွေရလိမ့်မယ်!”
တပည့်များက ရွှင်လန်းစွာ အသံကျယ်ကျယ်ဖြင့် “နားလည်ပါတယ်၊ ဂိုဏ်းချုပ်!”
သားရဲတောင်ထိပ်ရှိ တပည့်များသည် တပည့်တစ်ဦးချင်းစီအား ဝိညာဉ်သားရဲအစာများကို စတင်ဖြန့်ဝေပေးကြပြီး နဉ်ရွှီသည်လည်း အစ်ကိုဝက်အတွက် ဝေစုကိုလက်ခံရရှိခဲ့သည်။
ဝိညာဉ်သားရဲအစာ အပြည့်ပါသောသိုလှောင်အိတ်ကို ကြည့်ပြီး အကြောင်းတစ်ခုခုကြောင့် နဉ်ရွှီဟာ ၎င်းသည်လုံလောက်မှုမရှိနိုင်ဟု ခံစားလိုက်ရသည်။
ဝိညာဉ်သားရဲအစာ ဖြန့်ဝေပြီးနောက် တပည့်များသည် ခွဲခွာရန် စတင်ခဲ့ကြသည်။
သူတို့ ပြန်လာရာ လမ်းတွင် သူတို့သည် သူတို့၏ ဝိညာဉ်သားရဲများနှင့် သူတို့စာချုပ်ချုပ်ဆိုခဲ့သော စာချုပ်အမျိုးအစားများကို စိတ်လှုပ်ရှားစွာ ဆွေးနွေးခဲ့ကြတော့သည်။
နဉ်ရွှီ အတွက်မူ...
သူမသည် သူမရှေ့တွင်ရှိသော အစ်ကိုဝက်ကို ကြည့်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့၏။ ယနေ့ ဂိုဏ်းချုပ်သည် တပည့်များကို ပျံသန်းနိုင်သော ဝိညာဉ်သားရဲများအား ရွေးချယ်ရန် အမိန့်ပေးခဲ့သည်ကို သူမ မမေ့ပေ။
သို့သော် အစ်ကိုဝက်ဟာ ပျံသန်းနိုင်ပါသလား?
ထို့အပြင် ဖရဲသီးစားခြင်းစနစ်က အစ်ကိုဝက်နှင့် သာမန်စာချုပ်ချုပ်ဆိုပြီးနောက် သူမသည် ၎င်း၏စစ်မှန်သော ပုံစံကို သဘာဝအတိုင်း သိရှိလိမ့်မည်ဟု ပြောခဲ့ပါသည်။ သို့သော် သူမသည် သာမန်စာချုပ်ကို မချုပ်ဆိုခဲ့ဘဲ သခင်-ကျွန် စာချုပ်ကို ချုပ်ဆိုခဲ့သည်။
သခင်-ကျွန် စာချုပ်ချုပ်ဆိုပြီးနောက်တွင်ပင် သူမသည် အစ်ကိုဝက်၏ စစ်မှန်သော သဘာဝကို မသိရှိသေးပေ။
၎င်းက ဖြစ်သင့်ပါသလား?
အခြားသူများ ခပ်လှမ်းလှမ်းမှ ထွက်ခွာသွားကြသည်ကို မြင်သောအခါ နဉ်ရွှီသည် ခဏတာ စဉ်းစားလိုက်ပြီး အစ်ကိုဝက်ကို မေးလိုက်ချေသည်။ “အစ်ကိုဝက်၊ နင့်ကို စီးနင်းဝိညာဉ်သားရဲအနေနနဲ့ အသုံးပြုလို့ရလား?”
အစ်ကိုဝက်သည် မတုံ့ပြန်ပေ။
ထိုအစား အစ်ကိုဝက်သည် သူ၏အပြုမှုများမှတဆင့် မရနိုင်ကြောင်းကို ရှင်းရှင်းလင်းလင်း ပြသခဲ့သည်။
နဉ်ရွှီက ၎င်းကိုကြိုတင်သိထားသဖြင့် သိပ်ပြီးစိတ်ပျက်ခြင်းမရှိပေ။
လက်လျှော့သော အမူအရာဖြင့် သူမသည် အစ်ကိုဝက်ကို သားရဲတောင်ထိပ်၏ ပို့ဆောင်ခြင်း အစီအရင်မှတဆင့် ခေါ်ဆောင်ခဲ့ပြီး နှစ်နာရီကျော်လမ်းလျှောက်ပြီးမှ နောက်ဆုံးတွင် သူမ၏အိမ်ငယ်လေးသို့ ပြန်ရောက်ခဲ့သည်။
ပြန်ရောက်သည်နှင့် သူမသည် အဆင့်မြင့်ဝိညာဉ်ကျောက်တုံးတစ်ခုကို ချက်ချင်းထုတ်ယူကာ စွမ်းအင်အား စုပ်ယူခဲ့၏။
အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများသည် အကန့်အသတ်ရှိသဖြင့် ဝိညာဉ်ကျောက်တုံးများ ပိုမိုရရှိရန်အစီအစဉ်ကို အကောင်အထည်ဖော်ရမည်ဖြစ်ပါသည်။
သေချာသည်မှာ ဝိညာဉ်စွမ်းအင် လုံလောက်သောအခါ ဖရဲသီးစားခြင်းစနစ်သည် အွန်လိုင်းပြန်တက်လာခဲ့သည်။
နဉ်ရွှီကမေးလာ၏ “နင် ဘာပြောမို့လဲ?”
ဖရဲသီးစားခြင်းစနစ်က ပျင်းရိစွာဖြင့် ပြန်ဖြေလိုက်သည်။ [ဘာမှမဟုတ်ပါဘူး၊ အစ်ကိုဝက်က မဆိုးပါဘူး။ သခင်-ကျွန် စာချုပ်ကချုပ်ပြီးပြီးပဲ ထားလိုက်ပါတော့။]
ဖရဲသီးစားခြင်းစနစ်၏ သဘောထားသည် လုံးဝပြောင်းလဲသွားခြင်းကို နဉ်ရွှီသည် ထပ်မံမမေးမြန်းခဲ့ပေ။ ရှင်းပြရမည့်အချိန် ရောက်လာသောအခါ ဖရဲသီးစားခြင်းစနစ်က ရှင်းပြလာလိမ့်မည်ဟု သူမယုံကြည်ပေသည်။
ယခုအချိန်တွင် သူမသည် ပြဿနာတစ်ခုတည်းကိုသာ အာရုံစိုက်နေမိသည်။ “အစ်ကိုဝက်ကို စီးနင်းဝိညာဉ်သားရဲအနေနဲ့ အသုံးပြုလို့မရတဲ့အတွက် ငါ အပြင်သွားတဲ့အခါ လမ်းလျှောက်ရဦးမယ်။”
တခြားတပည့်များ အားလုံးတွင် ပျံသန်းနိုင်သော ဝိညာဉ်သားရဲများရှိကြလေ၏။
သူမမှာ အဆင့် ၉ ဝိညာဉ်သားရဲ တစ်ကောင်ရှိနေသော်လည်း ပျံသန်းနိုင်သော ဝိညာဉ်သားရဲ တစ်ကောင်မျှ မရှိသေးပေ။
ဖရဲသီးစားခြင်းစနစ်သည် ခဏတာ တိတ်ဆိတ်နေပြီးနောက် [...ဒါက တကယ် ပြဿနာတစ်ခုပဲ။
[နှစ်စက္ကန့်အကြာတွင် ၎င်းသည် သူ၏မျက်နှာကိုကယ်တင်ရန်အတွက် [ဒါပေမယ့် အခု နင်က ချီဖွဲ့စည်းခြင်းရဲ့ ဒုတိယအဆင့်မှာရှိနေပြီ၊ ပိုက်ဆံ စရှာလို့ရပြီ။ နင့်မှာဝိညာဉ်ကျောက်တုံး လုံလောက်ပြီဆိုတာနဲ့ ပျံသန်းနိုင်တဲ့ ဝိညာဉ်သားရဲ ဒါမှမဟုတ် ပျံသန်းတဲ့ ယာဉ်ပျံတစ်စီး၊ ဘာမဆို ကလေးကစားစရာလိုပဲ အလွယ်တကူရနိုင်တယ်ရယ်။]
ပြောရတာကတော့ လွယ်ပေမယ့် လက်တွေ့လုပ်ကြည့်မှပဲ လွယ်မလွယ်သိရပေလိမ့်မည်။
ခဏလေး...
ချီဖွဲ့စည်းခြင်း ဒုတိယအဆင့်?
နဉ်ရွှီ ပထမက သတိမထားမိခဲ့ပေမယ့် ဖရဲသီးစားခြင်းစနစ်က ပြောပြလိုက်သောအခါ သူမသည် ချီဖွဲ့စည်းခြင်း၏ပထမအဆင့်မှ ဒုတိယအဆင့်သို့ တိုးတက်သွားပြီဖြစ်သည်ကို သဘောပေါက်ခဲ့တော့သည်။
သူမသည် မျက်တောင်ခတ်လျက် “ငါ အဆင့်တက်သွားပြန်တာလား?”
ဖရဲသီးစားခြင်းစနစ်က ရှင်းပြလာသည်။ [ဒါက နင် အစ်ကိုဝက်နဲ့ သခင်-ကျွန် စာချုပ်ချုပ်လိုက်လို့ပဲ။ သားရဲဝိညာဉ်နဲ့ သူ့ရဲ့ပိုင်ရှင်က အပြန်အလှန် ဖြည့်ဆည်းပေးရတယ်။ ဝိညာဉ်သားရဲရဲ့ ပင်ကိုယ်ပါရမီ ပိုမြင့်လေလေ၊ သူ့ရဲ့ ပိုင်ရှင်က အကျိုးကျေးဇူးပိုရလေလေပဲ။ အဲ့လိုပဲ ပိုင်ရှင်ရဲ့ကျင့်ကြံမှုပိုမြင့်လေလေ ဝိညာဉ်သားရဲကပိုပြီး အမြန်ကြီးထွားလေလေပဲ။]
နဉ်ရွှီသည် ခဏတာ စဉ်းစားလိုက်သည်။ “ငါ ချီဖွဲ့စည်းခြင်း အဆင့် စဝင်တာကနေ ဒုတိယအဆင့်ကို ရောက်ဖို့က လေးရက်ပဲ ကြာတယ်။ ငါ့ရဲ့ ကျင့်ကြံမှုအမြန်နှုန်းက အရမ်းမြန်နေတာလား?”
ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလာ၏။ [အဲဒီ အမြန်နှုန်းက သာမန်ပါပဲ။]
တကယ်တမ်းတွင် “သာမန်” ကျင့်ကြံမှု အမြန်နှုန်းရှိသော တပည့်များမှာမူ “...”
သူတို့ အရှက်ရသလို ခံစားရသည်။
သူတို့သည် ထိုသို့သော “သာမန်” ကျင့်ကြံမှု အမြန်နှုန်းကို ရရှိချင်လေ၏။
နဉ်ရွှီ: “...ငါ ဆိုလိုတာက ငါ့ရဲ့ ကျင့်ကြံမှု အမြန်နှုန်းက မလိုလားအပ်သော အာရုံစိုက်မှုကို ဆွဲဆောင်လာနိုင်မလားလို့”
ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့တန်တန် ပြန်ဖြေလာသည်။ [စိတ်မပူပါနဲ့၊ ငါရှိနေသရွေ့တော့ ကံကြမ္မာဘေးဒုက္ခ ကျော်လွှားခြင်းအဆင့် ဒါမှမဟုတ် အဲဒီထက်ပိုမြင့်တဲ့ ကျင့်ကြံသူ မဟုတ်ရင် သာမန်ကျင့်ကြံသူတွေက နင့်ရဲ့ တကယ့် ကျင့်ကြံမှုကို မသိနိုင်ဘူး။]
“ကောင်းပြီ!”
ခဏတာ စကားပြောပြီးနောက် အစ်ကိုဝက်သည် ဖြည်းဖြည်းချင်း လျှောက်လာပြီး သူ၏ နှာခေါင်းဖြင့် နဉ်ရွှီကို ထိုးလိုက်သည်။
နဉ်ရွှီ: “...”
“အစ်ကိုဝက်၊ နင်ဗိုက်ဆာနေတာလား?”
အစ်ကိုဝက်သည် ဆက်လက်မပြောပေ၊ သူမကို သူ၏ သေးငယ်သော မျက်လုံးများဖြင့်သာ တိတ်ဆိတ်စွာကြည်နေခဲ့လေ၏။
နဉ်ရွှီသည် ဂိုဏ်းမှ ပေးထားသော ဝိညာဉ်သားရဲအစာ အိတ်ကို ထုတ်ယူကာ အစာအချို့ကို ထုတ်ပေးခဲ့သည်။
ပြီးတော့...
“ပြီးတော့” မရှိတော့ပေ။
အဆင့်နိမ့် ဝိညာဉ်သားရဲများအတွက် တစ်လ ခံမည့် ဝိညာဉ်သားရဲစာသည် မိနစ်ပိုင်းအတွင်း အားလုံးကုန်ဆုံးသွားခဲ့တော့သည်။
တစ်စက်မှ မကျန်ခဲ့ပေ။
ထို့အပြင် အစ်ကိုဝက်က နောက်ထပ်လိုချင်ကြောင်း အချက်ပြသည့် အကြည့်ဖြင့် သူမကို ကြည့်နေသေး၏။
နဉ်ရွှီသည် ခဏတာ တိတ်ဆိတ်နေပြီးမှ ရယ်မောလိုက်ချေသည်။ “အစ်ကိုဝက်၊ နင့် အစားစားချင်စိတ်က တကယ်ကို တစ်မူထူးခြားတယ်ရော်။”
နဉ်ရွှီမှာ ဆက်လက် ပေးစရာမရှိတော့ကြောင်း သိရှိသဖြင့် အစ်ကိုဝက်သည် ဖြည်းဖြည်းချင်းလှည့်၍ အခန်းထောင့်တွင် လှဲအိပ်လိုက်တော့သည်။
ကျင့်ကြံသူလောကသို့ ရောက်ရှိလာပြီးကတည်းက နဉ်ရွှီသည် ဖရဲသီးစားချင်တိုင်းစားရရန်ပဲ ကြိုးစားခဲ့သော်လည်း ယခုအခါ တကယ့်ဖိအားကို ခံစားလိုက်ရသည်။
သူမ၏ ကိုယ်ပိုင်ဝိညာဉ်သားရဲက တကယ်အစားကြီးတာပဲ!
ဖရဲသီးစားခြင်းစနစ်သည် တိတ်ဆိတ်နေလေသည်။
၎င်းသည် စကားမပြောရဲပေ။
နဉ်ရွှီသည် သူ့ကိုယ်သူ တည်ငြိမ်အောင်ထားပြီး “နင်က ငါ ပိုက်ဆံစရှာလို့ရပြီလို့ ပြောတယ်လေ။ အကြံ တစ်ခုခုရှိလို့လား?” ဟုမေးလိုက်သည်။ လက်ရှိတွင် ဝိညာဉ်ကျောက်တုံးများ ရှာဖွေခြင်းသည် အရေးတကြီး ကိစ္စတစ်ခုဖြစ်သည်၊ မဟုတ်လျှင် သူမ၏ဝိညာဉ်သားရဲ ဗိုက်ဆာနေရလိမ့်မည်။
အစ်ကိုဝက်သည် သူမ၏ ကိုယ်ပိုင်သားရဲဖြစ်လာသောကြောင့် သူ့၏ ပိုင်ရှင်အနေဖြင့် သူမသည် သူ့ကိုကျွေးမွေးရမည်ဖြစ်သည် မဟုတ်လား။
ဤစကားကို ကြားသောအခါ ဖရဲသီးစားခြင်းစနစ်သည် စိတ်အားထက်သန်စွာ [ရှိတာပေါ့!] ဟူ၍ချက်ချင်းပြန်ဖြေ၏။
နဉ်ရွှီသည် နောက်ဆက်တွဲအား စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။
ဖရဲသီးစားခြင်းစနစ်က ဆိုးဆိုးရွားရွား ရယ်မောလာသည်။
[အဲဒီ့မတိုင်ခင်မှာ အရင်ဆုံးအရင်းအနှီး အချို့စုဆောင်းထားလို့ရတယ်။]
နဉ်ရွှီ: “ဘယ်လိုမျိုး?”
[ဥပမာ နင်ရှိနေတဲ့ တောင်ပေါ်မှာ အဖိုးတန်တဲ့အရာတစ်ခုရှိတယ်။ နင် သွားပြီး တူးလို့ရတယ်။]
နဉ်ရွှီ: “???”
အနီးအနားမှ လျှို့ဝှက်နားထောင်နေသော တောင်ဘက်နှင့်မြောက်ဘက် တောင်ထိပ်သခင်များသည်လည်း ရှုပ်ထွေးနေကြသည်။ ဘာ အဖိုးတန်တဲ့အရာလဲ?
သူတို့သည် အဖိုးတန်အရာတစ်ခုခု အကြောင်းကို မသိကြပေ။
လူတိုင်း သိကြသည်မှာ တောင်ဘက်နှင့် မြောက်ဘက်တောင်ထိပ်များသည် ပြင်ပဂိုဏ်းတပည့်များ နေရာဖြစ်ကြောင်းပင်။
၎င်းတို့သည် ဂိုဏ်းက အလေးအနက်မထားသော ပြင်ပဂိုဏ်းတပည့်အဖွဲ့ကို နေရာပေးထားသဖြင့် တောင်ဘက်နှင့် မြောက်ဘက်တောင်ထိပ်သခင်များသည်လည်း တခြားတောင်တိပ်သခင်များကြား၌ အရေးပါမှုအနည်းဆုံးပင်။
သူတို့သည် စည်းကမ်းထိန်းသိမ်းရေးခန်းမ အကြီးအကဲကဲ့သို့ အစွမ်းထက်ခြင်းမရှိ၊ သားရဲ တောင်ထိပ်ခေါင်းဆောင်ကဲ့သို့ ဂိုဏ်းချုပ်၏မျက်နှာသာကိုမရရှိ ၊ ဆေးတောင်ထိပ်သခင်ကဲ့သို့ အထောက်အကူမပြုနိုင်ကြပေ။
နှစ်ပေါင်းများစွာတွင် တပည့်အနည်းငယ်သာ သူတို့ကိုမြင်တွေ့ခဲ့ဖူးသည်။
တကယ်တော့ တပည့်များစွာသည် တောင်ဘက်နှင့်မြောက်ဘက် တောင်ထိပ်သခင်များဟာ မည်သူမည်ဝါဖြစ်သည်ကိုပင် မသိကြပေ။
ဝမ့်ရှင်းဂိုဏ်းတွင် ပင်မတောင်ထိပ်(၁၂)ခုနှင့် လက်အောက်ခံတောင်ထိပ် (၂၄)ခုရှိပေသည်။
ထို့ကြောင့် တောင်ထိပ်သခင် စုစုပေါင်း(၃၆)ယောက် ရှိပါသည်။
တောင်ဘက်နှင့်မြောက်ဘက် တောင်ထိပ်သခင်များသည် (၃၆)ယောက်ထဲတွင် အဆင့်အနိမ့်ဆုံးများဖြစ်လေ၏။
မကြာသေးမီ နှစ်များတွင် သူတို့သည် သူတို့၏တိုက်ခိုက်လိုစိတ်ကို ဆုံးရှုံးခဲ့ကြပြီး သူတို့၏ဂူများမှ ထွက်ခွာခြင်းသည်လည်း ရှားပါးလာ၏။
ပြင်ပဂိုဏ်းတပည့်များအကြားတွင် နဉ်ရွှီ၏ ပေါ်ပေါက်လာခြင်း သာမရှိခဲ့လျှင် သူတို့သည် သူတို့၏ ဂူများထဲတွင် ပုန်းခိုနေကြဦးမည်ပင်။
တောင်ဘက်နှင့် မြောက်ဘက် တောင်ထိပ်များကို မြေဆိလွှာမကောင်းသောနေရာများ အဖြစ်လူသိများသည်။ ပြင်ပဂိုဏ်းတပည့်များကို နေရာပေးထားသည့် တောင်ထိပ်တစ်ခုဟာ ဆင်းရဲသော တောင်ထိပ်တစ်ခုသာ ဖြစ်နိုင်ချေရှိသည်။
ဝိညာဉ်စွမ်းအင်နှင့် ဝိညာဉ်အပင်များပေါများသည့် ကောင်းမွန်သောတောင်ထိပ်များကို အခြားတောင်ထိပ်သခင်များက သိမ်းပိုက်ထားခဲ့ကြ၏။ ကျန်ရှိနေသည်မှာ သာမန် တောင်ထိပ်များသာဖြစ်ပေသည်။
သို့သော် ယခု ဖရဲသီးစားခြင်းစနစ်က ဘာပြောလိုက်သနည်း?!
တောင်ဘက်နှင့် မြောက်ဘက် တောင်ထိပ်များ၊ အခြောက်သွေ့ဆုံးနှင့် အဆင်းရဲဆုံးနေရာတွင် အဖိုးဆန်အရာရှိသည်တဲ့ပေလော?
ဘာအဖိုးတန်အရာလဲ?
ထိုအချိန်တွင် နဉ်ရွှီသည် အပြင်ဘက် ကောင်းကင်ကို ကြည့်လိုက်ပြီး “တစ်နာရီ၊ နှစ်နာရီ လောက်ဆို မှောင်ဝောာ့မယ်။”
ဖရဲသီးစားခြင်းစနစ်က စိတ်အားထက်သန်စွာ [စိတ်မစောပါနဲ့။ သန်းခေါင်ယံကို စောင့်လိုက်ဦး။]
[အဲ့ဒီ အဖိုးတန်အရာကို သန်းခေါင်ယံမှာပဲယူနိုင်တယ်]
“ကောင်းပြီ!”
ညသည် မျှော်လင့်ထားသည့်အတိုင်း ရောက်ရှိလာခဲ့သည်။
ဤအချိန်တွင် ပြင်ပဂိုဏ်းတပည့်များသည် သူတို့၏ အခန်းများတွင် တရားထိုင်နေကြခြင်း သို့မဟုတ် ကျင့်ကြံမှုနည်းစနစ်များကို လေ့လာနေကြခြင်းဖြင့် အလုပ်များနေကြ၏။ အပြင်ဘက်တွင် မည်သူမျှမရှိကြပဲ တိတ်ဆိတ်မှုကို အင်းဆက်ပိုးမွှားများနှင့် တိရစ္ဆာန်များ၏ အော်သံများကသာဖြိုခွဲနေကြ၏။
ဖရဲသီးစားခြင်းစနစ်၏လမ်းညွှန်မှု အောက်တွင် နဉ်ရွှီသည် သူမမြက်အိမ်ငယ်၏ နောက်ဘက်သို့ သတိထားပြီးသာ သွားခဲ့သည်။
ဤအချိန်မှာ သန်းခေါင်ယံမရောက်မီ နာရီဝက် ကျန်နေသေး၏။
ဖရဲသီးစားခြင်းစနစ်အဆိုအရ သူမသည် အဖိုးတန်အရာကို မြှုပ်နှံထားသည့် နေရာသို့ မိနစ်နှစ်ဆယ်အတွင်း ရောက်ရှိနိုင်ပြီး ဆယ်မိနစ်စောင့်ပြီးလျှင် တူနိုင်ပြီဖြစ်သည်။
နဉ်ရွှီသည် ဖြည်းဖြည်းချင်း ရွေ့လျားနေပြီး မှုန်ဝါးဝါးလရောင်၏ လမ်းညွှန်မှုဖြင့် မျက်မမြင်တစ်ဦးကဲ့သို့ လမ်းစရှာနေရ၏။ မိနစ်နှစ်ဆယ်အကြာတွင် သူမသည် သူမ၏ပန်းတိုင်သို့ ရောက်ရှိခဲ့ပြီပင်။ စနစ်က လမ်းညွှန်နေသော်လည်း သူမသည် လမ်းတစ်လျှောက် အန္တရာယ်ရှိသော တွင်းများစွာထဲသို့ ကျရောက်ခဲ့ပြီး သစ်ပင်ဟောင်းများ၏ အကိုင်းအခက်များကလည်း သူမကို ခြစ်မိခဲ့လေသည်။
ကံကောင်းထောက်မစွာ ရလဒ်က ကောင်းမွန်နေပေသည်။
ဤအချိန်တွင် သူမသည် မြစ်ကမ်းဘေးရှိ စိုစွတ်သော မြေကြီးပေါ်တွင် ရပ်နေ၏။ ကမ်းပါးတွင် ကျူပင်များပေါက်ရောက်နေသည်။ သူမ ကျူပင်များထဲသို့ ဝင်ရောက်လိုက်သည်နှင့် သူမ၏ ပုံရိပ်တစ်ခုလုံးသည် ၎င်းတို့ကြောင့် လုံးဝပုန်းကွယ်သွားခဲ့သည်။
“ဒီနေရာလား?”
[ဟုတ်တယ်။]
[အခု စိတ်ရှည်လက်ရှည် စောင့်လိုက်။]
“ကောင်းပြီ!”
ရှစ်မိနစ်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
သန်းခေါင်ယံမတိုင်မီ နှစ်မိနစ်သာ ကျန်ရှိတော့သောအခါ ဖရဲသီးစားခြင်းစနစ်၏ လေသံသည် မမျှော်လင့်ဘဲ လေးနက်လာပြီး [တူးဖို့ ပြင်ဆင်ထား!]
“ကောင်းပြီ!”
နဉ်ရွှီသည် ချီဖွဲ့စည်းခြင်း ဒုတိယအဆင့်တွင်ရှိသော ကျင့်ကြံသူတစ်ဦးပင်။ သူမသည် မည်သည့် နည်းစနစ်ကိုမှ တရားဝင်မလေ့လာခဲ့သော်လည်း လက်ချည်းသက်သက် မြေကြီးတူးခြင်းသည် သူမအတွက် ပြဿနာမဟုတ်ပါပေ။
ကျင့်ကြံသူတစ်ဦးအနေဖြင့် သူမ ပထမဆုံးလုပ်ဆောင်ရမည့် အရာသည် တူးခြင်းဖြစ်လိမ့်မည်ဟု မည်သူက တွေးထင်ထားနိုင်မည်နည်း။
သူမသည် ဖရဲသီးစားခြင်းစနစ်၏ ညွှန်ကြားချက်များ အတိုင်း တူးဖော်နေလိုက်၏။
[ဖြည်းဖြည်းချင်းတူး။]
[ပိုပြီး ညင်သာ။]
[သန်းခေါင်ယံ ရောက်တော့မယ်။]
[ရောက်ပြီ!]
[မြန်မြန်၊ ထုတ်လိုက်!]
မစဉ်းစားဘဲ နဉ်ရွှီသည် မြေကြီးထဲတွင် မြှုပ်နှံထားသည့် အရာဝတ္ထုကို တိုက်ရိုက် တူးထုတ်လိုက်ချေသည်။
အဖိုးတန်အရာကို တူးထုတ်လိုက်သည်နှင့် မှုန်ဝါးဝါးကျူပင်များနေရာသည် အနည်းငယ် တောက်ပလာပုံပင်။ သို့တိုင် အလင်းရောင်သည် သိပ်ပြီး မထင်ရှားသဖြင့် အလွယ်တကူ သတိထားမိမည်မဟုတ်ပေ။
ပစ္စည်းကို ထုတ်ယူပြီးနောက် ဖရဲသီးစားခြင်းစနစ်က သူမကို ထုတ်ယူခိုင်းသော အရာသည် မှန် တစ်ခုဖြစ်ကြောင်း နဉ်ရွှီသည် နောက်ဆုံးသဘောပေါက်ခဲ့သည်။
ဖရဲသီးစားခြင်းစနစ်က ရှင်းပြလာ၏။ [ဒါက ယင်-ယန် ကြေးမုံပဲ။ တာအိုကို ယင်နဲ့ ယန်အနေနဲ့ ခွဲခြားထားသလို၊ ချီစွမ်းအင်ကလည်း သူ့ရဲ့ ယင်နဲ့ ယန်ရှိတယ်။ ဒီအောက်မှာ ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်က နတ်ဆိုးသားရဲရဲ့ အရိုးစုကို မြှုပ်နှံထားပြီး ယင်စွမ်းအင်ကို ဖန်တီးထားတယ်။ ဒီယင်စွမ်းအင်က ယင်-ယန်ကြေးမုံကို အာဟာရဓာတ် ထောက်ပံ့ပေးတယ်။ ဒီယင်စွမ်းအင်သာမရှိဘူးဆိုရင် ယင်-ယန်ကြေးမုံက လွန်ခဲ့တဲ့အချိန်တွေကတည်းက ပျက်စီးသွားလောက်ပြီရယ်။]
နဉ်ရွှီသည် ယင်-ယန် ကြေးမုံကို သိပ်နားမလည်ခဲ့သော်ငြား ဖရဲသီးစားခြင်းစနစ်၏ ရှင်းပြချက်ကို ကြားပြီးနောက် သူမသည် ပိုပြီး နားလည်သွားခဲ့သည်။ သူမက ရုတ်တရက် သဘောပေါက်သွားပြီး မေးလိုက်ချေသည်။ “သန်းခေါင်ယံက ယင်နဲ့ ယန်စွမ်းအင်တွေ ပေါင်းစပ်တဲ့ပချိန်ပဲ၊ အဲ့ဒါကြောင့် နင်က သန်းခေါင်ယံမှာပဲ ထုတ်ယူလို့ရတယ်လို့ ပြောခဲ့တာလား?”
ဖရဲသီးစားခြင်းစနစ်က ချီးကျူးသည့်သဘောဖြင့် [ဟုတ်တယ်လေ။]
ထို့နောက် ဖရဲသီးစားခြင်းစနစ်၏ လေသံက ပြောင်းလဲသွားတော့သည်။ [ဒီယင်-ယန်ကြေးမုံမှာ အက်ကွဲကြောင်းတွေရှိနေပြီ။]
ဤစကားကို ကြားသောအခါ နဉ်ရွှီက ပိုမိုနီးကပ်စွာ ကြည့်လိုက်ရာ မှန်၏ မျက်နှာပြင်တွင် အက်ကွဲကြောင်းများစွာရှိနေသည်ကို အမှန်တကယ်တွေ့ရှိခဲ့၏။ တစ်ခုမှာ မျက်နှာပြင် တစ်ခုလုံးကို ဖြတ်သွားသည်။
ဖရဲသီးစားခြင်းစနစ်က ဝမ်းနည်းစွာဖြင့် [ဒီ ယင်-ယန်ကြေးမုံက မူလက နတ်ဘုရားတစ်ဝက်အဆင့်ရှိတဲ့ ပစ္စည်းတစ်ခုပဲ၊ ဒါက မဟာယာနအဆင့်မှာရှိတဲ့ ကြီးမြတ်တဲ့ကျင့်ကြံသူတစ်ဦးရဲ့ ကိုယ်ပိုင်ဝိညာဉ်ကိရိယာ။ ဒါပေမယ့် အခု ပျက်စီးသွားတဲ့အတွက် အဆင့်နိမ့်ဝိညာဉ်ကိရိယာလို့ သတ်မှတ်ရုံပဲရှိတော့တယ်။]
ဤလောကတွင် ပစ္စည်းအရည်အသွေး၏ အဆင့်သတ်မှတ်ချက်မှာ အောက်ပါအတိုင်းဖြစ်လေသည်-
[1]ဝိညာဉ်ရေးရတနာများ၊ မှော်ရတနာများ၊ အသုံးအဆောင်ပစ္စည်းများ၊ ဝိညာဉ်ရေးကိရိယာများ၊ နတ်ဘုရားတစ်ဝက်(အသုံးအဆောင်)ပစ္စည်းများ နှင့် နတ်ဘုရားပစ္စည်းများ။
(T/N- ရတနာ၊ပစ္စည်းတစ်ခုစီမှာ -အဆင့်နိမ့်၊ အလယ်အလတ်၊ အဆင့်မြင့်- ဆိုပြီးရှိပါတယ်။)
ဟုတ်ပါသည်၊ ဒဏ္ဍာရီလာ နတ်ဘုရားပစ္စည်းများနှင့် တာအိုကိရိယာများလည်းရှိပေသည်။
နတ်ဘုရားပစ္စည်းများနှင့် တာအိုကိရိယာများ နှစ်မျိုးလုံးကို နာမည်ဖြင့်သာသိကြပြီး ၎င်းတို့၏စစ်မှန်သော ပုံစံများကို ဘယ်တော့မှမမြင်ဖူးကြပေ။
သို့သော် ဖရဲသီးစားခြင်းစနစ်သည် အနည်းငယ်သာ ဝမ်းနည်းပြီးနောက် ပေါ့ပေါ့ပါးပါးပင်
[ဒီ ယင်-ယန်ကြေးမုံက နင့်အတွက် အခုအသုံးမဝင်ဘူး။ ဒါ့အပြင် သူ့ရဲ့ အဆင့်ကျဆင်းသွားပြီးတော့ ဆိုးဆိုးရွားရွားကို ပျက်စီးနေတဲ့အတွက် နတ်ဘုရားပစ္စည်းတစ်ခုအဖြစ် ပြန်ပြောင်းလဲဖို့က မဖြစ်နိုင်သလောက်ပဲ။ ဒါက ငါတို့နဲ့ မကိုက်ညီဘူး။]
နဉ်ရွှီ: “???”
“အဲ့လောက်ကြီးတော့ မဟုတ်လောက်ပါဘူး။”
ဖရဲသီးစားခြင်းစနစ်က လေးနက်စွာ [ဟုတ်တယ်။]
အကြီးအကဲများ: အားကျတယ်ဆိုတဲ့စကားတောင် ပြောရမှာ ငြီးငွေ့နေပြီ၊ တကယ်ငြီးငွေ့နေပြီ။
အဆင့်နိမ့်ဝိညာဉ်ကိရိယာအဆင့်ကို ကျဆင်းသွားရင်တောင်မှ ဤလောကရှိ ဝိညာဉ်ကိရိယာများ အကြားတွင် အဆင့်မြင့်နေဦးမည်။
အကယ်၍ ၎င်းသည် နတ်ဘုရားတစ်ဝက်ပစ္စည်း တစ်ခုဖြစ်နေသေးလျှင် ဝမ့်ရှင်းဂိုဏ်း တစ်ခုလုံးနဲ့တောင် ၎င်းကို ကာကွယ်နိုင်မည်မဟုတ်!
ထို့ကြောင့် အဆင့်နိမ့်ဝိညာဉ်ကိရိယာများဖြစ်နေသည်က ကောင်းပါသည်!
ဖရဲသီးစားခြင်းစနစ်က သူ့လျှာကို တီးခေါက်လိုက်သည်။
[ဒီ မှန်ကို စိတ်ဝိညာဉ်ကျင့်ကြံသူတွေကသာ အပြည့်အဝ အသုံးချနိုင်တယ်။]
[ကံကောင်းထောက်မပြီး တောင်ဘက်နဲ့ မြောက်ဘက် တောင်ထိပ်သခင်က စိတ်ဝိညာဉ် ကျင့်ကြံသူတစ်ယောက်ပဲ။]
[ငါတို့က တောင်ဘက်နဲ့ မြောက်ဘက် တောင်ထိပ်တွေနဲ့ အဆက်အသွယ်ရထားပြီးပြီ၊ ဒါကြောင့် တောင်ထိပ်သခင်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်တာက ဘယ်တော့မှအမှားဖြစ်မှာမဟုတ်ဘူး။]
ဤစကားကို ကြားပြီးနောက် နဉ်ရွှီသည် ဘာဖြစ်နေကြောင်းကို နားလည်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် တောင်ဘက်နှင့် မြောက်ဘက် တောင်ထိပ်သခင်သည် စိတ်လှုပ်ရှားလွန်းသဖြင့် စကားတောင်မပြောနိုင်တော့ချေ။
ဒါက ယင်-ယန် ကြေးမုံကို သူ့ကိုပေးမယ်လို့ ဆိုလိုတာလား?
အခြား တောင်ထိပ်သခင်များက မနာလိုစွာ ကြည့်နေကြကုန်၏။
စိတ်ဝိညာဉ် ကျင့်ကြံသူလား?
ဘယ်တောင်ထိပ်သခင်က ကျင့်ကြံနည်းပညာမျိုးစုံကိုမလေ့လာကြလို့လဲ?
တောင်ဘက်နှင့် မြောက်ဘက်တောင်ထိပ်သခင်မှလွဲ၍ အခြား စိတ်ဝိညာဉ်ကျင့်ကြံသူများသည်လည်း ဤနေရာတွင် ရှိနေကြပါသည်!
ဒါပေမယ့် ဖရဲသီးစားခြင်းစနစ်က တောင်ဘက်နဲ့ မြောက်ဘက် တောင်ထိပ်သခင်ကိုသာ ပြောပြခဲ့လေ၏။
မထင်ရှားသော၊ တန်းဖိုးမရှိဆုံး တောင်ဘက်နှင့် မြောက်ဘက်တောင်ထိပ်များသည် မြင့်တက်တော့မည်လော?
ဖရဲသီးစားခြင်းစနစ်၏ စကားများကို ကြားပြီးနောက် နဉ်ရွှီသည် ဖြည်းဖြည်းချင်း ပြောလာ၏။ “ဒါဆို နင့်ရဲ့ အကြံပြုချင်တာက...”
[ငါ့ရဲ့ အကြံပြုချင်တာက နင်ဒီယင်-ယန်ကြေးမုံကို တောင်ဘက်နဲ့ မြောက်ဘက်တောင်ထိပ်သခင်ကနေ ဝိညာဉ်ကျောက်တုံးတွေ၊ ဂိုဏ်းထောက်ပံ့ရေး အမှတ်တွေနဲ့ လဲလို့ရတယ်။ ဂိုဏ်းရဲ့ထောက်ပံ့ရေး အမှတ်တွေကို အစ်ကိုဝက်လိုအပ်တဲ့ အဆင့်မြင့်သားရဲအစာနဲ့ လဲလို့ရတယ်။]
နဉ်ရွှီသည် အနည်းငယ် တုံ့ဆိုင်းနေမိသည်။ “တောင်ဘက်နဲ့ မြောက်ဘက်တောင်ထိပ်သခင်၊ သူက...”
ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါးပင် [စိတ်မပူနဲ့၊ သူက မကြာသေးခင်က စိတ်ဓာတ်ကျနေပြီး၊ ဘာမှသိပ်မလုပ်ဘဲ၊ ရည်မှန်းချက်မရှိဘဲ၊ တခြားသူတွေက ခွဲထုတ်ထားခံရပေမယ့်၊ မီးကာကွယ်ရေး ပုံကားချပ်ကို ကြည့်ရတာ ကြိုက်ပေမယ့်၊ သူ့ရဲ့စရိုက်ကတော့ ယုံကြည်စိတ်ချလို့ရနိုင်တယ်။]
[သူက နင် ဒီယင်-ယန်ကြေးမုံကို ဘယ်လိုရခဲ့လဲဆိုတာတော့ မေးနိုင်တယ်။]
[သူ့ကို အမှန်အတိုင်း ပြောပြလိုက်ပါ။ သူအသေးစိတ် မေးမှာမဟုတ်လောက်ဘူး။]
[တပည့်တိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ကံတရားတွေရှိကြတယ်။ နင်ယင်-ယန် ကြေးမုံတစ်ခုရတာ ဘာများဖြစ်လို့လဲ?]
အားလုံးရှေ့တွင် နာမည်တပ်ခံရသော တောင်ဘက်နှင့် မြောက်ဘက်တောင်ထိပ်သခင်:...
ဖရဲသီးလုံလောက်စွာ စားထားသော တပည့်များ: ခဏလေး၊ ခဏလေး၊ တစ်ခုခု ထူးဆန်းတာရောပြီး သိလိုက်ရပြီ။
အာ၊ ဒါ၊ ဒါက...
သူ *မီးကာကွယ်ရေးပုံကားချပ်ကို ကြည့်ရတာ ကြိုက်တယ်ဆိုတာ သူတို့သိလိုက်တာ အဆင်ပြေရဲ့လား? ဒီတောင်ဘက်နဲ့ မြောက်ဘက် တောင်ထိပ်သခင်ကို နောက်တစ်ခါ ဘယ်လိုရင်ဆိုင်ရတော့မှာလဲ?!
______
[1]
ဝိညာဉ်ရေးကိရိယာများ၊(အနိမ့်ဆုံး)
ဝိညာဉ်ရေးရတနာများ၊
မှော်ရတနာများ၊
ရှေးဟောင်းအသုံးအဆောင်ပစ္စည်းများ၊
နတ်ဘုရားတစ်ဝက်ပစ္စည်းများနှင့်
နတ်ဘုရားပစ္စည်းများ။(အမြင့်ဆုံး)
E note: မီးကာကွယ်ရေးပုံကားချပ် တရုတ်ရှေးဟောင်းအိမ်တွေရဲ့ အဓိကဒေါက်တန်းတွေပေါ်မှာ ကပ်ထားလေ့ရှိပါတယ်။ မီးဘေးအန္တရာယ်ကနေ ကာကွယ်ဖို့ရည်ရွယ်တာပါ။ ဒီကားချပ်ကို နာမည်အမျိုးမျုးနဲ့လူသိများပါတယ်:
နွေဦးနန်းတော် ကားချပ်- အချစ်ရေးဆိုင်ရာ ရုပ်ပုံတွေကို ရည်ညွှန်းတဲ့နာမည်။
သေတ္တာအောက်ခြေရှိ ကားချပ်- သေတ္တာအောက်ခြေမှာ ဖွတ်ထားရတဲ့ ကားချပ်ဖြစ်လို့ ဒီနာမည်ပေးတာပါ။တံခါးနောက်ကွယ်ရှိ ကားချပ်- တံခါးနောက်မှာ ဖွတ်ထားရလို့။
ဒီကားချပ်မှာ ထင်ရှားတဲ့လက္ခဏာက ထင်ရှားတဲ့အချစ်ဇာတ်ဝင်ခန်းတွေပါတာ။
လျှိုဝှက်ထားတဲ့အရာက- အပြင်ကကြည့်ရင် သာမန်လိုဖြစ်ပေမယ့်၊ လျှို့ဝှက်တဲ့အနုပညာပုံစံတွေထည့်သွင်းထား။မကောင်းတဲ့လွှမ်းမိုးမှုတွေကနေကာကွယ်ဖို့လူငယ်၊ကလေးတွေကို ထိတွေ့ခွင့်မပြုပါဘူး။ အဲ့ဒီမကောင်းတဲ့လွှမ်းမိုးမှုတွေက လျှိုဝှက်တဲ့ ကာမဆိုင်ရာကားချပ်တွေရဲ့ ထူးခြားတဲ့လက္ခဏာပါ။
_____