← Chapters

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း(၁၅) (Chapter – 15)

တောင်ဘက်-မြောက်ဘက် တောင်ထိပ်သခင်သည် တစ်နေ့တွင် သူ၏ မီးကာကွယ်ရေးပုံကားချပ်အား နှစ်သက်ပုံကို ဖရဲသီးစားခြင်းစနစ်ဟုခေါ်သော ထူးဆန်းသောအရာတစ်ခုက လူသိရှင်ကြားဖော်ထုတ်လိမ့်မည်ဟု ဘယ်တော့မှ ထင်ခဲ့မိမည်မဟုတ်ပေ။

ရှက်စရာကောင်းလား?

ဟုတ်တယ်၊ ရှက်စရာကောင်းတယ်။

သူ ဘယ်လောက်ပဲ ထင်ရှားမှုမရှိပါစေ၊ သူသည် တောင်ထိပ်တစ်ခု၏သခင် ဖြစ်နေဆဲဖြစ်ပြီး အပြင်ဂိုဏ်းတပည့် တစ်သောင်းနီးပါးကို တာဝန်ယူထား၏၊ ထို့ကြောင့် သူ၏မျက်နှာကို ထိန်းသိမ်းထားရမည်ပင်။

သို့သော် ယခုလို အခြေအနေသို့ ရောက်ရှိလာသောအခါ သူသည် အေးဆေးစွာ လက်ခံရုံသာရှိသည်။ တခြားတောင်ထိပ်သခင်များ၏ နောက်ပြောင်သောအကြည့်များကို သတိထားမိသောအခါ တောင်ဘက်-မြောက်ဘက် တောင်ထိပ်သခင်သည် အစပိုင်းတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ယားယံနေသကဲ့သို့ပင် တုန်ရီကာရှက်ရွံ့နေမိ၏။ သို့သော် မကြာမီတွင် သူသည် သူ၏တည်ငြိမ်မှုကို ပြန်လည်ရယူပြီး ပုံမှန်အတိုင်း ပြုမူနေခဲ့သည်။

ဂိုဏ်းချုပ်သည် သူပြိုင်ဘက်၏သားကို နှစ်ပေါင်း၈၀၀ကြာ ပြုစုပျိုးထောင်ခဲ့ပြီး ဝူချီချွမ်ကို ဟယ်ဟွမ်ဂိုဏ်းမှ အမျိုးသမီး ကျင့်ကြံသူတစ်ဦးက နှစ်ပေါင်း ၁၀၀ ကြာဖမ်းဆီးခဲ့၏။ ဤအသေးအမွှားလေးဟာ ၎င်းတို့နှင့်နှိုင်းယှဉ်လျှင် ဘာမှမပြောပလောက်ပေ။

သူသည် ပေါ့ပေါ့ပါးပါးပြုံးလိုက်ပြီး တခြားတောင်ထိပ်သခင်များ၏ နောက်ပြောင်သော အကြည့်များကို ရင်ဆိုင်ကာ သူ၏နှုတ်ခမ်းအားလှုပ်ရှား၍ “စိတ်အေးအေးထားလိုက်”

ပထမမှာဂိုဏ်းချုပ်၊ ပြီးတော့ ဝူချီချွမ်၊ အခု သူ့အလှည့်…

တခြားတောင်ထိပ်သခင်များ၏ အလှည့်သည် မကြာမီ ရောက်လာတော့မည်လော?

ဖရဲသီးစားခြင်းစနစ် ရှေ့၌ လျှို့ဝှက်ချက်များမထားနိုင်သည်အား သဘောပေါက်သောအခါ အကြီးအကဲများသည် တစ်ယောက်ပြီးတစ်ယောက် မပြုံးနိုင်တော့ပေ။

ဖရဲသီးစားခြင်းစနစ်က တောင်ဘက်-မြောက်ဘက် တောင်ထိပ်သခင်၏ စိတ်ဓာတ်ကို အာမခံခဲ့ကြောင်း သိရှိပြီးနောက် နဉ်ရွှီသည် စိတ်ချသွားခဲ့၏။ ကျင့်ကြံမှုလောကတွင် သတိထားခြင်းသည် ပိုကောင်းပါသည်။

သို့သော် မီးကာကွယ်ရေးကားချပ်?

သူ တကယ်ပဲ ဒီအရာကို ကြည့်တာလား?

[ဟုတ်တယ်၊ သူအချိန်ရတိုင်း ကြည့်လေ့ရှိတယ်။ ကျင့်ကြံတာကလွဲရင် ဒါက သူ့ရဲ့တစ်ခုတည်းသော ဝါသနာပဲ။] ဟူ၍ ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါး ပြောလာသည်။

နဉ်ရွှီ’ “...?”

အချိန်ရတိုင်း ကြည့်နေတက်တာလား? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

တောင်ဘက်-မြောက်ဘက် တောင်ထိပ်သခင်: မပြောနဲ့တော့၊ မပြောနဲ့တော့!

ဖရဲသီးစားခြင်းစနစ်သည် နှစ်ခါလောက် ရယ်မောပြီး [ဒါပေမယ့် သူ စုဆောင်းထားတဲ့ မီးကာ‌ကွယ်ရေးကားချပ်တွေက သိပ်ပြီး သေသပ်လှပတာမျိုး မရှိဘူး။ ဟုတ်တယ်၊ မပြည့်စုံဘူး။ တကယ့် ထိပ်တန်း မီးကာကွယ်ရေးပုံကားချပ်က အခု အနည်းငယ်ပဲ ကျန်တော့တာ၊ ပြီးတော့ အားလုံးက အဖိုးကြီးတစ်ယောက်လက်ထဲမှာ ရှိနေတာ။]

[ပြောရရင် အဲ့ဒါတွေကတကယ်ကို... သြချလောက်အောင် ကြည့်ကောင်းလွန်းတယ်။]

မည်သည့် အဖိုးကြီးဖြစ်ကြောင်းကို ဖရဲသီးစားခြင်းစနစ်က မပြောပြခဲ့၊ နဉ်ရွှီကလည်း စိတ်မဝင်စားသဖြင့် မမေးခဲ့ချေ။

တောင်ဘက်-မြောက်ဘက် တောင်ထိပ်သခင်သည် စိတ်ထဲ၌ပင် အရမ်းသိ‌ချင်နေခဲ့သည်။ ထိပ်တန်း မီးကာကွယ်ရေးပုံကားချပ်ဟုခေါ်သည့် အရာသည် မည်သို့ရှိပုံကို တကယ်တမ်းမြင်ချင်မိလေ၏။

ကံမကောင်းစွာပင် ဖရဲသီးစားခြင်းစနစ်သည် အချက်အလက်တစ်ခုမျှ ထပ်မံဖော်ထုတ်မပြခဲ့ပေ။

နဉ်ရွှီသည် ယင်-ယန် ကြေးမုံကို ကိုင်ထားပြီး မေးလာ၏။ “ဒါဆို မနက် အတန်းချိန်ပြီးမှ တောင်ဘက်-မြောက်ဘက် တောင်ထိပ်သခင်ကို လဲလှယ်ဖို့ သွားရှာရမှာလား?”

[ရတယ်လေ၊ ဒါပေမယ့် အစ်ကိုဝက်က အဲဒီအချိန်အထိ မခံနိုင်လောက်ဘူး။] ဟုဖရဲသီးစားခြင်းစနစ်က ပြန်ဖြေလေသည်။

နဉ်ရွှီ: “??”

“နင် ဘာကို ဆိုလိုတာလဲ?”

ဖရဲသီးစားခြင်းစနစ်သည် [နင် သတိမထားမိခဲ့ဘူးလား? ဝက်ခြံထဲက ဝက်တွေ ဆယ်ကောင်မှာ အစ်ကိုဝက်ကလွဲလို့ ကျန်တဲ့ ဝက်တွေက တော်တော်ပိန်နေကြတယ်လေ? အဲဒါက သူတို့ရဲ့ အစာအများစုက အစ်ကိုဝက်ရဲ့ ဗိုက်ထဲကို ရောက်သွားခဲ့လို့ပဲ။]

[အစ်ကိုဝက်က အများကြီး စားတယ်။]

[ပြီးတော့ သူ ဗိုက်ဆာနေတုန်းပဲ။]

[သူ ခဏလောက်ပဲ မစားရတာတောင် ပိန်လာပြီ!]

နဉ်ရွှီ: “...”

သူမသည် ကောင်းကင်ကို တစ်ချက် ကြည့်လိုက်ပြီး “ဒါပေမယ့် အခု အရမ်းနောက်ကျနေပြီလေ၊ အဆင်မပြေလောက်ဘူးထင်တယ်?”

ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလာ၏။ [အဲဒါ ဘာအဆင်မပြေစရာရှိလို့လဲ? ကျင့်ကြံသူတွေက မအိပ်ကြဘူးလေ။]

နဉ်ရွှီ: “ကောင်းပြီ၊ ဒါဆို ငါအခုပဲ သူ့ကို သွားရှာလိုက်မယ်။”

တောင်ဘက်-မြောက်ဘက် တောင်ထိပ်သခင်၏ ဂူအိမ်သည် ရှာဖွေရန်မခက်ခဲပေ၊ ၎င်းသည်တောင်ဘက်-မြောက်ဘက် တောင်ထိပ်၏အမြင့်ဆုံးတွင် တည်ရှိပါသည်။

သူမသည် ပိတ်ဆို့ထားသောနေရာသို့ မရောက်မီ ရပ်တန့်လိုက်ပြီး သူမ၏လက်ဖဝါးများကို ပူးယှက်ကာ “တောင်ဘက်-မြောက်ဘက် တောင်ထိပ်မှ အပြင်ဂိုဏ်းတပည့် နဉ်ရွှီက တောင်ထိပ်သခင်ကို လာရောက်တွေ့ဆုံပါတယ်” ဟူ၍နှုတ်ခွန်ဆက်သ လိုက်ချေသည်။

မကြာမီ ပိတ်ဆို့ထားမှုသည် ပွင့်သွားခဲ့ပြီး အတွင်းမှ နက်ရှိုင်းသော အသံတစ်ခု ထွက်ပေါ်လာ၏။ “ဝင်ခဲ့။”

နဉ်ရွှီ ဝင်ရောက်လိုက်သောအခါ သူမ ပထမဆုံးမြင်ရသည်မှာ တောင်ဘက်-မြောက်ဘက် တောင်ထိပ်သခင်ပင်။ သူ၏ ပုံပန်းသဏ္ဌာန်သည် သူ၏ အသံကဲ့သို့ပင် ကြမ်းတမ်းလှသည်။ ခန္ဓာကိုယ် ထွားကြိုင်းပြီး ရှုပ်ပွနေသော မုတ်ဆိတ်မွှေးများဖြင့် သူ၏အသွင်အပြင်ဟာ သပ်ရပ်ခြင်းမရှိချေ။

ဖရဲသီးစားခြင်းစနစ်၏ သူ့ကို သုံးသပ်ချက်နှင့်ကိုက်ညီပေသည်။

ရည်းမှန်းချက်မရှိ၊ စိတ်ဓာတ်ကျပြီး အပျက်သဘောဆောင်နေသူ။

တောင်ထိပ်သခင်၏ဂူအိမ်သည် အလွန် ကျယ်ဝန်းသည်မှာ သဘာဝပင်။ အပြင်အဆင်ဟာ ရိုးရှင်းသည်ဟု မြင်ရသော်လည်း အပြင်ဂိုဏ်းတပည့်၏ မြက်အိမ်ငယ်လေးနှင့်တော့ နှိုင်းယှဉ်၍မရပေ။

ဂူအတွင်းတွင် ညပုလဲတစ်လုံးသည် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်ပေးနေ၏။

နဉ်ရွှီသည် မဆိုင်းမတွ သူမ၏ရည်ရွယ်ချက်ကို ချက်ချင်းပြောပြလိုက်သည်။

ဖရဲသီးစားခြင်းစနစ်က ပြောခဲ့သကဲ့သို့ တောင်ဘက်-မြောက်ဘက် တောင်ထိပ်သခင်သည် ယင်-ယန် ကြေးမုံ၏ဇစ်မြစ်ကို သိပ်မမေးပေ။ သူသည် ဖော်ရွေသော အမူအရာဖြင့် “ယင်-ယန်ကြေးမုံက ပျက်စီးနေပေမယ့် ဒါကအဆင့်နိမ့် ဝိညာဉ်ပစ္စည်းတစ်ခုပဲ၊ ထိပ်တန်း ဝိညာဉ်ကျောက်တုံး သန်းပေါင်း၈၀နဲ့ ဂိုဏ်းရဲ့အထောက်အပံ့ အမှတ် ၁၀၀,၀၀၀ တန်ဖိုးရှိတယ်။”

“ ဂိုဏ်းအထောက်အပံ့ အမှတ်တွေကို ချက်ချင်း ပေးလို့ရပါတယ်။ ဒါပေမယ့် ကျုပ်မှာ အခုထိပ်တန်း ဝိညာဉ်ကျောက်တုံး အများကြီးမရှိသေးဘူး၊ ဒါကြောင့် ခွဲပြီးပေးမယ်။ ဒါက အဆင်ပြေလား?”

နဉ်ရွှီသည် “အဆင်ပြေပါတယ်၊ တောင်ထိပ်သခင်။” ဟု ပြန်ဖြေရင်း ဖရဲသီးစားခြင်းစနစ်နှင့် စကားပြောလိုက်၏။ “ငါတို့ ချမ်းသာသွားပြီ၊ ချမ်းသာသွားပြီ!”

ဖရဲသီးစားခြင်းစနစ်ကတော့ ပုံမှန်အတိုင်းပင် [ပုံမှန်ပါပဲ၊ များနေတယ်လို့ထင်ရပေမယ့် တကယ်တမ်းသုံးလိုက်ရင် မြန်မြန်ကုန်သွားမှာပဲ။]

အဓိကအချက်ကတော့ ဖရဲသီးစားခြင်းစနစ်က သုံးစွဲသော ဝိညာဉ်စွမ်းအင်သည် မြင့်မားလှ၏။ အနာဂတ်တွင် ဝိညာဉ်စွမ်းအင်များ ပိုကုန်လာတော့မှာပင်။

နဉ်ရွှီသည် တော်တော်လေး ကျေနပ်နေခဲ့သည်။ “ဒီလောက်တောင်များတဲ့ ဝိညာဉ်ကျောက်တုံးတွေကို ငါ့အတွက် အချိန်အကြာကြီး သုံးလို့ရမယ်ထင်တယ်။”

[အင်း၊ ဒါလည်းဟုတ်ပါတယ်။]

တောင်ဘက်-မြောက်ဘက် တောင်ထိပ်သခင်က ဝိညာဉ်ကျောက်တုံးများကို အသုတ်လိုက်ခွဲ၍ပေးမည်ဟု ပြောသော်လည်း နဉ်ရွှီက ဤတစ်ကြိမ်တွင် သူမသည် အနည်းဆုံး ထိပ်တန်းဝိညာဉ်ကျောက်တုံး ၁၀သန်းလောက်ရရှိနိုင်မည်ဟု ခန့်မှန်းမိသည်။

သို့သော် သူမသည် သိုလှောင်လက်စွပ်အား ရရှိသောအခါ သူမ မှားနေကြောင်းကို သဘောပေါက်ခဲ့၏။

ထိပ်တန်းဝိညာဉ်ကျောက်တုံး ၁၀သန်းလား? အတွင်းတွင် ထိပ်တန်းဝိညာဉ်ကျောက်တုံး တစ်သောင်းသာရှိလေ၏။

နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်ကို စိတ်ထဲမှ ကျိန်ဆဲလိုက်ချေသည်။ “ဘာဖြစ်တာလဲ? ဘာလို့ ဒီလောက်လေးပဲရှိတာလဲ? ထိပ်တန်း ဝိညာဉ်ကျောက်တုံး တစ်သောင်းနဲ့ ထိပ်တန်း ဝိညာဉ်ကျောက်တုံး သန်းပေါင်း ၈၀ကြား ကွာခြားချက်က ကြီးလွန်းနေတယ်ဟ!”

ဖရဲသီးစားခြင်းစနစ်သည် ခဏတာ တိတ်ဆိတ်နေပြီးမှ [သူ့ရဲ့ ဂူကို စကင်ဖတ်လိုက်တော့ တန်ဖိုးရှိတဲ့ အရာတစ်ခုမှ မရှိဘူးဆိုတာ တွေ့ရတယ်။]

[သူ တကယ် ဆင်းရဲတယ်။]

[သူ စိတ်ဓာတ်ကျနေတာ တော်တော်ကြာပြီနဲ့တူတယ်။]

[တကယ်ပဲ ပယ်ခံရပြီး လျစ်လျူရှုခံရပြီးနောက်ပိုင်း သူ့ရဲ့အလုပ်မှာလဲ စိတ်ဓာတ်ပဲကျနေတာလေ၊ သူ အာရုံစိုက်မှုတွေအားလုံးကို မီးကာကွယ်ရေး ပုံကားချပ်တွေမှာပဲ အာရုံစိုက်နေတာရယ်။]

[အဲ့လို အရာတွေနဲ့ ကစားနေတာက လူတစ်ယောက်ရဲ့ ရည်မှန်းချက်ကို တကယ် ပျက်စီးစေနိုင်တယ်။]

[ငါတို့ ဒီကနေ သင်ခန်းစာယူသင့်တယ်!]

နဉ်ရွှီ: “...ငါတို့တွေလို့ မပြောပါနဲ့။”

သူမသည် မီးကာကွယ်ရေးပုံကားချပ်များမှာ ဘယ်တော့မှ လမ်းပျောက်မှာ မဟုတ်ချေ။

မလိုလားအပ်သော အရာများတွင် သူမ စိတ်စွဲလမ်းခြင်း မဖြစ်စေရပေ။

တောင်ဘက်-မြောက်ဘက် တောင်ထိပ်သခင်: ... မဆူပါနဲ့တော့၊ မပြောပါနဲ့တော့၊ အခု ကိုယ့်အမှားကို ကိုယ်သိပါပြီ။

နဉ်ရွှီသည် သူမ၏ လက်ထဲတွင်ကိုင်ထားသော သိုလှောင်လက်စွပ်ကို ကြည့်ပြီး ဖရဲသီးစားခြင်းစနစ်အား မေးလိုက်ချေသည်။ “ငါတို့ အခုဘာလုပ်သင့်သလဲ?”

သူမသည် မူလက ချက်ချင်း ချမ်းသာလိမ့်မည်ဟုထင်ခဲ့သော်လည်း စည်းစိမ်ဥစ္စာက ရောက်ရှိလာသော်လည်း အလွန်ချမ်းသာခြင်းနှင့်တော့ မသက်ဆိုင်ပုံရပေသည်။

ဖရဲသီးစားခြင်းစနစ်က ညည်းညူလိုက်၏။ [အခု လုပ်စရာသိပ်မရှိဘူး။ အနည်းဆုံးတော့ သူ့ရဲ့ စိတ်ဓာတ်ကို ငါအာမခံနိုင်တယ်။ သူက ခွဲပြီးပေးမယ်လို့ ပြောခဲ့တာမလို့ သူသေချာပေါက်ပေးပါလိမ့်မယ်။]

သူသည် သေချာပေါက်ပေးလိမ့်မည်၊ သို့သော် ပေးဆပ်ခြင်းကို ပြီးစီးရန် နှစ်ပေါင်း မည်မျှကြာမည်ကိုပင် ရှင်းရှင်းလင်းလင်းမသိရချေ။

ဖရဲသီးစားခြင်းစနစ်က ဤသို့ပြောသောအခါ တောင်ဘက်-မြောက်ဘက် တောင်ထိပ်သခင်ပင်လျှင် ရှက်ရွံ့သွားရ၏။

ထို့ကြောင့် သူ စတင်ပြောလိုက်၏။ “ဒါဆို ဒီလိုလုပ်ကြမလား? မင်းအတွက် ကတိစာချုပ် တစ်ခုရေးပေးမယ်၊ နှစ်တစ်ရာ အတွင်းအကြွေးဆပ်ဖို့ ကြိုးစားမယ်။ မင်းရဲ့ ဂိုဏ်းအထောက်အပံ့ အမှတ်တွေက မလုံလောက်ရင် ဝိညာဉ်ကျောက်တုံးတွေကိုလည်း အထောက်အပံ့အမှတ်တွေအဖြစ် ပြောင်းလဲလို့ရတယ်။”

ထို့အခါမှ ဖရဲသီးစားခြင်းစနစ်သည် အနည်းငယ် ကျေနပ်သွားခဲ့သည်။ [ဒါဆို အဆင်ပြေတယ်။]

[အထောက်အပံ့ အမှတ် တစ်သိန်းကတော့ အစ်ကိုဝက်ကိုကျွေးဖို့ သေချာပေါက် မလုံလောက်ဘူး။]

[တစ်ဖက်မှာလည်း အထောက်အပံ့ အမှတ်က နေရာတွေအများကြီးမှာ အရမ်းအသုံးဝင်တယ်။]

[အဲဒါတွေကို ပြောင်းလဲတာက ရှုံးတော့ မရှုံးပါဘူး။]

နဉ်ရွှီက “ကောင်းပြီ!” ဟုပြန်ဖြေလာ၏။

အကြွေးပေးဆပ်ရန်ကတိစာချုပ်ရေး ပြီးနောက် နဉ်ရွှီသည် ၎င်းကို သူမ၏ သိုလှောင်လက်စွပ်တွင် ထည့်သွင်းလိုက်သည်။

ဤတစ်ကြိမ် သူမ၏ ခရီးစဉ်သည် ဆုလာဘ်မပါဘဲ မပြန်ရခဲ့ပေ။

အနည်းဆုံးတော့ သူမသည် သိုလှောင်လက်စွပ် တစ်ခု ရရှိခဲ့ပါသည်။

သည်မတိုင်ခင်မှာ သူမပထမဆုံးဂိုဏ်းဝင်တုန်းက တပည့်များကို ထုတ်ပေးသည့် အခြေခံအကျဆုံး သိုလှောင်အိတ်ကို အသုံးပြုခဲ့ရသည်။ ၎င်းတွင် စွမ်းရည်အရမ်းနည်းပြီး အစာရှောင်ဆေးပြား ပုလင်းအနည်းငယ်နှင့်ပင် ပြည့်နေနိုင်၏။

သို့သော် ဤတစ်ကြိမ်တွင် တောင်ဘက်-မြောက်ဘက် တောင်ထိပ်သခင်သည် ဝိညာဉ်ကျောက်တုံးများကို သိုလှောင်လက်စွပ်ထဲ၌ ထည့်၍ပေးခဲ့၏။

နဉ်ရွှီက စိတ်ကောင်းဝင်နေပြီး ဖရဲသီးစားခြင်းစနစ်အား “တောင်ထိပ်သခင်က တော်တော်လေး ရက်ရောတယ်။” ရိုးသားစွာ ပြောရရင် သူသည် ပိုကောင်းသော သိုလှောင်အိတ်ကို အသုံးပြုနိုင်သော်လည်း သိုလှောင်လက်စွပ်ကိုသာ အသုံးပြုခဲ့၏။

ဖရဲသီးစားခြင်းစနစ်ကလည်း။ သဘောတူခဲ့လေသည်။ [ဟုတ်တယ်မလား?]

[သူ တကယ်တော့မဆိုးပါဘူး။]

[သူ့မှာ ရှိတယ်ဆိုရင် သေချာပေါက် ဖုံးကွယ်ထားမှာ မဟုတ်ဘူး။ သူ အရမ်းရက်‌ရောတယ်ရယ်၊ ပြဿနာက သူ့မှာ မရှိတဲ့အရာအချို့ရှိနေတာပဲ။]

[အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများလိုမျိုးပေါ့။]

[သူ ပိုင်ဆိုင်တဲ့ အများဆုံးအရာတွေက မီးကာကွယ်ရေးပုံကားချပ်တွေ ဖြစ်နိုင်တယ်။]

တောင်ဘက်-မြောက်ဘက် တောင်ထိပ်သခင်: ... မဝေဖန်ပါနဲ့တော့၊ မဝေဖန်ပါနဲ့တော့၊ စောင့်ကြည့်၊ ကျုပ်မကြာခင် ထိပ်ဆုံးကိုရောက်တော့မှာ။

ယင်-ယန် ကြေးမုံကို ရရှိပြီးနောက် သူ၏ကျင့်ကြံမှု အမြန်နှုန်းသည် မြန်ဆန်လာလိမ့်မည်။

နဉ်ရွှီလို တပည့်မျိုးရှိသော တောင်ဘက်-မြောက်ဘက် တောင်ထိပ်သည် ဘယ်လိုလုပ် ကြီးပွားမလာဘဲ နေမည်နည်း။?

တောင်ထိပ်သခင်တစ်ဦးအနေဖြင့် သူသည် စိတ်ဓာတ်ကျနေလို့ မရတော့ပေ။

___

တောင်ဘက်-မြောက်ဘက် တောင်ထိပ်မှ ထွက်ခွာပြီးနောက် မိုးမလင်းသေးချေ။

အားလပ်ချိန်ကို အသုံးချပြီး နဉ်ရွှီသည် ဂိုဏ်း၏ အမျိုးမျိုးသော ခန်းမသို့သွားကာ အထောက်အပံ့ အမှတ် ၁၀၀,၀၀၀ ကို လဲလှယ်ခဲ့သည်။ ထို့နောက် ၎င်းတို့ထဲမှ ၅၀,၀၀၀ အား အဆင့်မြင့်သားရဲအစာအဖြစ် ပြောင်းလဲခဲ့တော့၏။

လဲလှယ်ပြီးနောက် သူမသည် အစ်ကိုဝက်အတွက် နေ့စဉ် အစားအစာကို ထောက်ပံ့ရန် မြက်အိမ်ငယ်လေးသို့ ချက်ချင်းပြန်လာခဲ့သည်။

အစ်ကိုဝက် စတင်စားသောအခါ သူမသည် အပြေးအလွှား ရင်ပြင်သို့ သွားခဲ့လေသည်။

သူမသည် အချိန်မီ ရောက်ရှိခဲ့ပြီး ရောက်ရှိသည်နှင့် တပြိုင်နက် တောင်ထိပ်သခင်ဝူချီချွမ်သည်လည်း ရောက်ရှိလာခဲ့၏။

ယနေ့ သူမသည် အချိန်ကို တကယ်တမ်း တိကျစွာခန့်မှန်းခဲ့ပါသည်။

ဝူချီချွမ်သူ၏ ဟောပြောချက်ကို စတင်သောအခါ နဉ်ရွှီသည် တစ်ယောက်ယောက်က သူမဆီသို့ ဂရုတစိုက် ရွေ့လျားလာသည်ကို သတိထားမိလိုက်ချေသည်။

နောက်တစ်စက္ကန့်တွင် သူမသည် သူမ၏လက်ဖဝါးထဲတွင် နွေးထွေးပြီး နူးညံ့သော ဘန်းမုန့်အနည်းငယ်ကို ခံစားလိုက်ရသည်။

သူမသည် ခဏတာ မှင်တက်သွားပြီးတော့ ဘေးသို့လှည့်ကြည့်လိုက်၏။

သူမသည် စိတ်ထားဖြူစင်သော ကျင့်ကြံသူလေးက စိတ်အားထက်သန်သော အမူအရာဖြင့် သူမအား ကြည့်နေသည်ကို မြင်ခဲ့ရသည်။

နဉ်ရွှီသည် စိတ်ထားဖြူစင်သော ကျင့်ကြံသူလေး၏ ကြင်နာမှုကို လက်ခံခဲ့ပြီး နှုတ်ခမ်းအား လှုပ်ရှား၍ “ကျေးဇူးတင်ပါတယ်။”

စိတ်ထားဖြူစင်သော ကျင့်ကြံသူလေး၏ မျက်လုံးများသည် တောက်ပလာပြီး သူသည် သူမကို ပြုံးပြပြီးမှ သူ၏မူလနေရာသို့ သတိထားစွာ ပြန်ဆုတ်သွားခဲ့တော့သည်။

သူတို့၏ သေးငယ်သောအပြုအမှုများအား ဝူချီချွမ်သည် မျက်လုံးကိုသာမှိတ်၍ မသိကျိုးကျွန်ပြုခဲ့၏။

နဉ်ရွှီသည် သူမ၏လက်ထဲတွင် ဘန်းမုန့်များကို ကိုင်ထားပြီး အနည်းငယ် စိတ်မသက်မသာခံစားနေရသည်။

သူမ မစားချင်သောကြောင့် မဟုတ်ပါ၊ သို့သော် တောင်ထိပ်သခင်ဝူ၏ အကြည့်အောက်တွင် စားခြင်းသည် အထက်တန်းကျောင်း၏ မနက်ပိုင်း စာကျက်ချိန်တွင် မုန့်ခိုးစားခြင်းနှင့် တူနေ၏။

၎င်းဟာ မသင့်လျော်ပေ။

ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါးပင်

[စားလိုက်။ ငါ ပုံရိပ်ယောင်နည်းစနစ်ကို အသုံးပြုပြီး ဖုံးကွယ်ပေးလိုက်မယ်။]

နဉ်ရွှီ: “ကောင်းပြီ!”

စိတ်ထားဖြူစင်သော ကျင့်ကြံသူလေးက ပေးထားသော ဝိညာဉ်ပေါကြွယ်သော ဘန်းမုန့်များကို ပျော်ရွှင်စွာစားပြီးနောက် နဉ်ရွှီသည် မနက်ပိုင်း ဟောပြောချက်တွင် နှစ်မြှုပ်သွားခဲ့၏။

ဖရဲသီးသီးအား လွတ်လွတ်လပ်လပ်စားနိုင်ရန်အတွက် သူမကြိုးစားရမည်!

ထိုနေ့ ဟောပြောချက်ပြီးဆုံး ပြီးနောက် ဝူချီချွမ်သည် တပည့်များကို ချက်ချင်းမခွဲခွာစေဘဲ လူသိရှင်ကြား အရာတစ်ခုကို ကြေညာခဲ့သည်။

“တပည့်တို့၊ တစ်နှစ်အကြာမှာ ဂိုဏ်းရဲ့ အကြီးအကဲတွေ တပည့်လက်ခံမယ့် အခမ်းအနားကို လာမယ့်သောကြာနေ့ကို ရွှေ့ဆိုင်းလိုက်ပြီ။”

“တပည့်တို့က ကိုယ်နှစ်သက်တဲ့နေရာကိုရွေးချယ်ရရှိနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားလို့ရပါပြီ။”

ဤသတင်းကို ကြားသောအခါ တပည့်များသည် ထိတ်လန့်သွားကြကုန်သည်။

ဘာ?!

တပည့်များကိုလာမယ့် အပတ်မှာ လက်ခံတော့မှာလား?

ဝမ့်ရှင်းဂိုဏ်းရဲ့ အစဉ်အလာက အတွင်းဂိုဏ်းနဲ့ အပြင်ဂိုဏ်းတပည့်များဟာ တစ်နှစ်တာ မနက်ခင်း သင်ခန်းစာများကို လေ့လာပြီးမှသာ အကြီးအကဲများက တပည့်များအဖြစ် ခေါ်ဆောင်ဖို့ အကောင်းဆုံးတပည့်အနည်းငယ်ကို ရွေးချယ်လေ့ရှိလေ၏။

ဘာကြောင့် ဒီနှစ်အများကြီး စောပြီး ရွှေ့ဆိုင်းလိုက်သနည်း?

ရုတ်တရက် နားမလည်နိုင်ဖြစ်သွားရပြီး မကြာမီ၌ သူတို့အားလုံး တစ်ဦးမျက်နှာ တစ်ဦးကြည့်လျက် သဘောပေါက်သွားကြကုန်၏။

၎င်းဟာ သူတို့ နဉ်ရွှီအတွက် အပြိုင်အဆိုင် တိုက်ခိုက်နေကြလို့ပင်!

တောင်ဘက်-မြောက်ဘက် တောင်ထိပ်သခင်သည် အဆင့်နိမ့် ဝိညာဉ်ပစ္စည်းတစ်ခုကို ရရှိခဲ့ကြောင်း သတင်းသည် ဂိုဏ်း၏ နေရာအများစုသို့ အချိန်တိုအတွင်း ပြန့်နှံ့သွားပေသည်။ သိသင့်သူဖြစ်စေ၊ မသိသင့်သူဖြစ်စေ အခုတော့ အကုန်သိရှိနေကြပြီ ဖြစ်ပါသည်။

သိပ်တောင်မကြာသေးဘဲ တောင်ဘက်-မြောက်ဘက် တောင်ထိပ်သခင်က တကယ့် အကျိုးကျေးဇူးများကို ရရှိနေပြီပင်။ အချိန်ကုန်လွန်သွားလျှင် ကောင်းသောအရာများ အားလုံးကို သူ သိမ်းယူသွားမည် မဟုတ်ပေလော။

ဘာဖြစ်လို့လဲဆိုလျှင် ဖရဲသီးစားခြင်းစနစ်ဟာ သူနှင့် နဉ်ရွှီးက တောင်ဘက်-မြောက်ဘက် တောင်ထိပ်မှာနေထိုင်တာဖြစ်သဖြင့် တောင်ဘက်-မြောက်ဘက် တောင်ထိပ်သခင်နှင့် ကောင်းမွန်သော ဆက်ဆံရေး တစ်ခုရှိရန်လည်း လိုအပ်သည်ဟူ၍ ပြောခဲ့၏။

သည်လိုမျိုး အခြားတောင်ထိပ်များမှ တောင်ထိပ်သခင်များနှင့် အကြီးအကဲများသည် ဆက်ပြီး မထိုင်နိုင်တော့ပေ။

လု!

သူတို့သည် သူမကို လုယူရမည်!

ဤအချက်ကို သိရှိပြီးနောက် နဉ်ရွှီသည်သိပ်ပြီး စိတ်ပူခြင်းမရှိပေ။

ဘယ်လိုပြောရမလဲ? သူမသည် ဝိညာဉ်အမြစ် သုံးမျိုးရှိပြီး အသုံးမဝင်သော ကျင့်ကြံသူ တစ်ဦးသာ။ မျက်စိကောင်းသော အကြီးအကဲ တစ်ဦးဆိုလျှင် သူမအား တပည့်အဖြစ် စဉ်းစားလိမ့်မည်မဟုတ်။

နဉ်ရွှီက ဖရဲသီးစားခြင်းစနစ်နှင့် စကားပြောနေခဲ့၏။ “တပည့်ရွေးချယ်ပွဲက ငါတို့နဲ့ ဘာမှမဆိုင်လောက်ဘူး ဟုတ်တယ်မလား?”

ဖရဲသီးစားခြင်းစနစ်က စိတ်မဝင်စားစွာ ပြန်ဖြေလာ၏။ [ငါတို့နဲ့ ဘာမှမဆိုင်ဘူး။]

အကြီးအကဲများသည် သူတို့၏ နှလုံးသားများထဲတွင် တိတ်တဆိတ် အော်ဟစ်လိုက်မိတော့သည်။

ဘယ်လိုလုပ် ဘာမှမဆိုင်ရမှာလဲ? သေချာပေါက်ဆိုင်တာပေါ့!

သူတို့က နဉ်ရွှီကိုလုယူနိုင်ရန်အတွက် ရွေးချယ်ပွဲကို စောရွှေ့လိုက်ခြင်းပင်။

ကံမကောင်းစွာဖြင့် နဉ်ရွှီသည် ဤအချက်ကို ဘယ်တော့မှ သိရှိလိမ့်မည် မဟုတ်ပေ။

ဖရဲသီးစားခြင်းစနစ်သည် မထိန်းနိုင်ဘဲ ထောက်ပြလာ၏။ [တပည့်လက်ခံဖို့ အရည်အချင်းရှိတဲ့ အကြီးအကဲတွေက ဘာမှမသိဘဲ ဟောင်ဖွာဟောင်ဖွာလုပ်တက်တဲ့သူတွေ၊ စိတ်ဓာတ်မကောင်းတဲ့သူတွေ၊ ဒါမှမဟုတ် ရုပ်ဆိုးတဲ့သူ၊ ကံမကောင်းတဲ့သူတွေကြည့်ပဲ]

[ဥပမာ ဝူချီချွမ်း။]

[သူ ရုပ်ချောတယ်၊ ဒါပေမယ့် သူ့ရဲ့ ကံကတော့ တကယ်ဆိုးတယ်။ ကံဆိုးတဲ့ သူတွေအနားမှာရှိနေရင် နင့်ရဲ့ ကိုယ်ပိုင်ကံကိုပါ မလွဲမသွေထိခိုက်စေလိမ့်မယ်၊ နင်သူ့ကြောင့် ထိခိုက်တာမျိုး မဖြစ်သင့်ဘူးလေ။]

ရင်ပြင်ပေါ်တွင် ရှိနေဆဲဖြစ်သည့် ဝူချီချွမ်: ...

[နောက်ဥပမာတစ်ခုက ဂိုဏ်းချုပ်ပဲ။]

[သူ့နောက်ခံက ခိုင်မာတယ်၊ အရည်အချင်းရှိတယ်၊ ရုပ်လည်းချောတယ်။ သူက အသက်ကြီးပေမယ့် အရင်းအမြစ်တွေအများကြီးရှိတယ်။ ပြဿနာက သူ့ရဲ့ ဦးနှောက်က တကယ်အသုံးမဝင်ဘူး။]

သူ၏သင်ကြားမှု နည်းစနစ်များကို ဘယ်လိုတိုးတက်စေမလဲဟု စဉ်းစားနေသော ဂိုဏ်းချုပ်သည် ရုတ်တရက် နှာချေလိုက်တော့သည်။

[နောက် ဥပမာက တောင်ဘက်-မြောက်ဘက် တောင်ထိပ်သခင်။]

[သူက လူကောင်းတစ်ယောက်။ ဟုတ်တယ်၊ သူကလူကောင်းတစ်ယောက်ပဲ။ ဒါပဲရှိတယ်။ ဒါက သူ့ရဲ့ တစ်ခုတည်းသောအားသာချက်ပဲ။]

တောင်ဘက်-မြောက်ဘက် တောင်ထိပ်သခင်: ကြိုးစားနေတယ်၊ ကျုပ်ကြိုးစားနေတယ်လို့!

[ဒါကြောင့်... ထူးခြားတဲ့ သူ တစ်ယောက်မှမရှိဘူး။]

[တကယ်ကို ရွေးချယ်စရာမရှိဘူး။]

[စိတ်ထဲကတောင် လိုက်လျောညီထွေဖြစ်အောင် နေလို့မရဘူး။]

[အဲ့ဒါကြောင့်... အပြင်ဂိုဏ်းတပည့်အဖြစ်ပဲ ဆက်နေလိုက်တော့။]

တပည့်တစ်ဦးအတွက် တိုက်ခိုက်ရန် အသင့်ရှိနေသော အကြီးအကဲများ: ဟမ်?

မဟုတ်သေးဘူးလေ၊ ဒါက တကယ်ပဲလိုအပ်လို့လား? အရမ်း ပြင်းထန်လွန်းတယ်ဟေ့။

____

အခန်း (၁၆)(Chapter – 16)

နဉ်ရွှီက ဖရဲသီးစားခြင်းစနစ်မှ ချမှတ်ထားသော စည်းမျဉ်းများဟာ အလွန်ပြင်းထန်သည်ဟု ခံစားခဲ့ရသည်။

“ကျင့်ကြံသူလောကတစ်ခုလုံးကို ကြည့်လိုက်ရင်တောင် နင့်ရဲ့စံနှုန်းနဲ့ ကိုက်ညီတဲ့လူ ရှိမှာမဟုတ်ဘူး၊ မဟုတ်လား?”

ဂိုဏ်းချုပ်နှင့် ဝူချီချွမ်တို့လို ကျင့်ကြံသူများပင် ရေတွက်လို့မကုန်သော တပည့်များအတွက် စံပြပုဂ္ဂိုလ်များဖြစ်နေကြပါပြီ။ ဂိုဏ်းဝင်ရန် ကြိုးစားနေသော်ငြား အရည်အချင်းမပြည့်မီလို့ ရုန်းကန်နေရသော လူများ ဘယ်လောက်တောင် များနေပြီလဲ? သို့သော် ဖရဲသီးစားခြင်းစနစ်၏ မျက်လုံးထဲမှာတော့ သူတို့နှစ်ဦးစလုံးမှာ ငြင်းလို့မရသည့် ချို့ယွင်းချက်များ ရှိနေဆဲပင်။

ဖရဲသီးစားခြင်းစနစ်က တုံ့ပြန်လိုက်၏။

[ရှိတယ်။ ကျင့်ကြံအားထုတ်သူဆိုတာ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် တွေးသင့်တယ်။ ကံကောင်းတာ၊ ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိတာမျိုး၊ ထူးချွန်တဲ့ အရည်အချင်း၊ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်နဲ့ တခြား အချက်အလက်တွေအားလုံးမှာ — အကောင်းဆုံးရမှတ်က တစ်ဆယ်ဆိုရင်၊ ပြီးပြည့်စုံတဲ့ ကျင့်ကြံသူတစ်ယောက်က အချက်အလက်အားလုံးမှာ ၉.၉ နဲ့အထက် ရတယ်။ ဒီလိုလူတွေ တကယ်ရှိတယ်။]

ဤစကားကိုကြားလိုက်သောအခါ ရင်ပြင်ပေါ်က တပည့်တွေအားလုံး နားရွက်များထောင်ကုန်ကြတော့သည်။

ဝူချီချွမ်တောင်မှ အနည်းငယ် ထိတ်လန့်သွားပုံရသည်။

ဖရဲသီးစားခြင်းစနစ်ဆီကနေ ထိုလောက်မြင့်မားသည့် ချီးကျူးမှုကို ဘယ်သူကရရှိနိုင်မှာလဲ?

မကြာသေးခင်ရက်တွေမှာ ဝူချီချွမ်ဟာ စနစ်၏ထက်ရှသောလျှာနှင့် အတော်လေး ရင်းနှီးနေပြီဖြစ်၏၊ ဤမျှတင်းကျပ်ပြီး အပြစ်ရှာတက်သော ဖရဲသီးစားခြင်းစနစ်၏ မျက်လုံးတွင်ပင် ထိုလူတစ်ဦးက အချက်အလက်အားလုံးမှာ ၉.၉ နှင့်အထက် ရမှတ်ရှိသည်ဆိုတော့ သူသည် ဘယ်လို ထူးခြားတဲ့ပုဂ္ဂိုလ်မျိုးဖြစ်နေမှာလဲ?

နဉ်ရွှီမှာ အံ့အားသင့်သွားပြီး “ဘယ်သူလဲ?” ဟုမေးလိုက်ချေသည်။

ဖရဲသီးစားခြင်းစနစ်က ပျင်းရိစွာပြန်ဖြေလာ၏ [ကံမကောင်းစွာနဲ့ပဲ၊ အဲဒီလူက လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်ကတည်းက ဆုံးသွားခဲ့ပြီ။]

တပည့်များ၏ စိတ်အားထက်သန်သော အမူအရာများ ချက်ချင်းပင် မှေးမှိန်သွားခဲ့သည်။

ဘာ? သူတို့သာ သေဆုံးသွားပြီဆိုရင် ဘာဆက်ပြောစရာ ရှိတော့မှာလဲ? အတိတ်က ဘယ်လောက်ထူးချွန်ထက်မြက်သော သူများဖြစ်ပါစေ၊ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဖုန်မှုန့်တွေဖြစ်သွားကြပြီပင်။

နဉ်ရွှီလည်း ထိုစကားကို ကြားပြီးနောက် စိတ်ဝင်စားမှုအနည်းငယ် လျော့ကျသွားလေ၏။

သို့သော်လည်း ဖရဲသီးစားခြင်းစနစ်က ဆက်လက်ပြောစရာများ ရှိနေပုံရသည်။ ၎င်းကဖြည်းဖြည်းချင်း ဆက်ပြောလာ၏။ [သူက သူနဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့ ဂိုဏ်းဖော်တွေကို အရမ်းယုံကြည်ခဲ့လို့ပဲ ရှုံးနိမ့်ခဲ့ရတာ။ ဒါပေမယ့် သူ မသိခဲ့တာက သူ့ရဲ့အရည်အချင်းနဲ့ ကံကြမ္မာက မမြင်ရတဲ့ ဓားတစ်ချောင်းလိုပဲ၊ မနာလိုစိတ်နဲ့ နုနယ်တဲ့မာနရှိတဲ့သူတွေကို အလွယ်တကူ ထိခိုက်စေနိုင်တာကို။

နင်အခုဆို ခန့်မှန်းမိလောက်ပါပြီ၊ နောက်ဆုံးမှာတော့ သူက သူ့ရဲ့အရင်းနှီးဆုံး သူငယ်ချင်းတွေနဲ့ ဂိုဏ်းဖော်တွေရဲ့ လက်ချက်နဲ့သေဆုံးခဲ့ရတယ်။

သူက အသက် ၁၀၈ နှစ်မှာသေဆုံးခဲ့တာ။]

နဉ်ရွှီသည် ပုံပြင်၏အစပိုင်းကို တုံ့ပြန်ပုံက ကောင်းနေခဲ့သော်ငြား နောက်ဆုံးစာကြောင်းကိုကြားပြီးနောက် သူမအသက်ရှူရပ်လုနီးပါး ဖြစ်သွားခဲ့ရသည်။

ဘာပဲဖြစ်ဖြစ်၊ သူမဟာ အရင်ကမ္ဘာ၌ အသက်နှစ်ဆယ်ကျော် နေခဲ့ရပြီး၊ ကျင့်ကြံသူလောကထဲ ရုတ်တရက် ရောက်လာသည့်အခါပင် အပြည့်အဝ အသားမကျသေးချေ။ အသက် ၁၀၈ နှစ်အထိ နေခဲ့ရသည်ဟူ၍ ကြားသိရသောအခါ သူမ၏ ပထမဆုံးတုံ့ပြန်မှုကတော့ ၎င်းဟာ တော်တော်လေး အသက်ရှည်ရှည် နေခဲ့ရသည်ဟူ၍ပင်။

နဉ်ရွှီ၏ အတွေးများကို ခံစားမိပုံရသော ဖရဲသီးစားခြင်းစနစ်က ပျင်းရိစွာ ထပ်ပြောလာ၏။ [၁၀၈ နှစ်မှာ သူက “ကံကြမ္မာ‌ ဘေးဒုက္ခခံခြင်းအဆင့်” ကို ရောက်နေပြီ၊ သူ့ရဲ့အရည်အချင်းက ရှေးဟောင်းလောကကြီးကိုပါ တုန်လှုပ်စေနိုင်လောက်အောင်ထိ ထူးခြားတယ်။ ရှေးခေတ်က စိတ်စွမ်းအင် အထွတ်အထိပ်ရောက်တဲ့ အချိန်မှာတောင် သူ့လိုလူမျိုး ရှိမှာမဟုတ်ဘူး။သူ့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် အနည်းဆုံး နှစ်ပေါင်း ငါးထောင်လောက် အသက်ရှင်နိုင်တယ်။]

ရှေ့တွင်လဲမရှိဖူး၊ နောက်တွင်လည်း မရှိနိုင်သည့် ဤမျှထူးချွန်ထက်မြက်သော ကျင့်ကြံမှုလောကမှ ပုဂ္ဂိုလ်တစ်ဦးဖြစ်သောကြောင့် နဉ်ရွှီ ချက်ချင်းပဲ သတိဝင်လာပြီး “ဒီအကြီးအကဲအတွက် အရမ်းနှမြောစရာကောင်းတာပဲ။” ဟုနောင်တရစွာ ပြောလိုက်ချေသည်။

ထိုစကားကို ကြားပြီးနောက် ဖရဲသီးစားခြင်းစနစ်က နှစ်ခါရယ်မောလိုက်၏။

၎င်း၏စက်သံက နားထောင်လို့မကောင်းသော်ငြား မဆိုးလှပေ။

သို့သော် အကြောင်းရင်းတစ်ခုခုကြောင့် နဉ်ရွှီက သူ့ရယ်သံထဲမှာ ပျော်ရွှင်မှု အရိပ်အယောင်ကိုသိရှိနိုင်ခဲ့သည်။ ဖရဲသီးစားခြင်းစနစ်ဟာ

[သူ သေဆုံးခဲ့ပေမယ့် ပြန်လည်မွေးဖွားခဲ့တယ်။] ဟူ၍ပြောသည်ကို သူမ ကြားလိုက်ရတော့သည်။

နဉ်ရွှီ: “ဟင်?”

တပည့်များ: “ဟင်?”

အကြီးအကဲများ: “ဟင်?”

ထိုအချိန်တွင် ရင်ပြင်ပေါ်ရှိ တပည့်များအားလုံးသည် ဤအလှည့်အပြောင်းကြီးကြောင့် အပြည့်အဝ စိတ်ဝင်စားသွားကြကုန်သည်။

သူက သေဆုံးပြီး ပြန်လည်မွေးဖွားခဲ့တယ်?

နဉ်ရွှီ၏ အံ့အားသင့်မှုနှင့် မျက်လုံးများ ပြူးကျယ်လာသည်အား မြင်သောအခါ ဖရဲသီးစားခြင်းစနစ်က ကြင်နာစွာဖြင့် ဆက်ရှင်းပြလာ၏။

[ငါ အရင်က ပြောခဲ့သလိုပဲ၊ လူနဲ့ နတ်ဆိုးမျိုးနွယ်စုတွေကြားက နှစ် ၅၀၀ ငြိမ်းချမ်းရေးစာချုပ်က ဆယ်နှစ်ပဲကျန်တော့တယ်။ငါ အရင်က အများကြီးမပြောခဲ့မိဘူး။

ဒါပေမယ့်၊ နင်အခုဆိုရင် ခန့်မှန်းမိလောက်ပါပြီ။ မကြာခင် လောကကြီးပရမ်းပတာဖြစ်မယ့်အချိန် ရောက်လာတော့မယ်။]

စနစ်က ထိုနေရာတွင် ရပ်သွားခဲ့သည်။

သို့သော်လည်း ဝတ္ထုအများအပြားကို ဖတ်ဖူးသည့် နဉ်ရွှီသည် ပရမ်းပတာဖြစ်နေသော လောကကြီးအတွင်း ထူးချွန်သူများ ပေါ်ထွက်လာသည်ကို ကောင်းစွာသိပါသည်။ ထိုကဲ့သို့ ရှုပ်ထွေးပွေလီသော အခြေအနေမျိုးတွင်၊ သူရဲကောင်းတစ်ဦးသည် အမြဲတစေ ပေါ်ထွက်လာပြီး လူတိုင်းကိုဦးဆောင်ကာ ပရမ်းပတာဖြစ်နေသော လောကကြီးအား(စစ်ပွဲ) အဆုံးသတ်စေခဲ့သည်။

နဉ်ရွှီက ခန့်မှန်းလိုက်ချေသည်။ “ဒါဆိုရင်၊ သူက စစ်ပွဲကို အဆုံးသတ်မယ့် သူရဲကောင်းဖြစ်မှာပေါ့?”

ဖရဲသီးစားခြင်းစနစ်က နှစ်ခါ ရယ်မောလိုက်၏။ [အခုချိန်မှာတော့ ပြောဖို့ခက်တယ်။ သူပြန်လည်မွေးဖွားပြီးတဲ့နောက် သူ့ရဲ့မှတ်ဉာဏ်တွေအားလုံး ဆုံးရှုံးသွားပြီး၊ သူအခုကျင့်ကြံတဲ့ လမ်းကြောင်းက သူ့ရဲ့အရင်ဘဝနဲ့ အရမ်းကိုကွဲပြားတယ်။ လက်ရှိမှာတော့ သူ့မှာ “ချီသန့်စင်ခြင်းအဆင့်” ပဲရှိသေးတယ်။]

[သူ့ရဲ့ ရန်သူတွေထဲက တစ်ယောက်မှလွဲလို့ ကျန်တာအားလုံး အသက်ရှင်နေတုန်းပဲ။ နှစ်တစ်ထောင်ကြာသွားပြီဆိုတော့ သူတို့အားလုံး ကျင့်ကြံသူလောကရဲ့ big shotတွေ ဖြစ်နေကြပြီလေ။]

[ဝမ်းနည်းစရာကောင်းတာက သူက ဒါကိုမသိဘူး။]

[ကျင့်ကြံသူလောကမှာရှိတဲ့ ကျင့်ကြံသူတွေလည်း သူတို့ ဘာလုပ်ခဲ့တယ်ဆိုတာ မသိကြဘူး။]

[သူ သေဆုံးပြီးနောက် သူ့ရဲ့ဂူ၊ သူ့ရဲ့ ကိုယ်ပိုင်ပစ္စည်း၊ သူ့ရဲ့ ကိုယ်ပိုင်ဝိညာဉ်သားရဲနဲ့ သူ့ဆီကနေ ယူလို့ရတဲ့ အရာအားလုံးကိုယူခဲ့တယ်ဆိုတာ သူတို့မသိကြဘူး။]

[ကျင့်ကြံသူလောကမှာရှိတဲ့ ကျင့်ကြံသူတွေအတွက်တော့ သူတို့က လလိုပဲသန့်ရှင်းပြီး မွန်မြတ်တယ်လေ။]

[ဘယ်သူမှ မသိကြဘူး၊ သူတို့က ရွှံ့လိုပဲ စက်ဆုပ်စရာကောင်းတယ်ဆိုတာကို]

ဤအချိန်တွင် တပည့်အများအပြားသည် “ကံဆိုးသည့်လူ” ကိုသနားကြင်နာမိကြကုန်၏။

ထိုကဲ့သို့သော အဖြစ်ဆိုးသို့ ကျရောက်ရခြင်းအတွက် မည်မျှတောင် ခါးသီးနေမည်နည်း?

ကျင့်ကြံမှုအတွက် ထိုမျှလောက် ကြိုးစားအားထုတ်ခဲ့သော်လည်း နောက်ဆုံးတွင် အခြားသူများကိုသာ အကျိုးပြုခဲ့ရသည်လား?

နဉ်ရွှီ သူမ၏လက်သီးကို ဆုပ်လိုက်ချေသည်။ ဤသို့သော အဖြစ်မျိုး သူမအပေါ်ဖြစ်လာမည်ဟု စိတ်ကူးပင် မယဉ်မိအောင် သူမ ကြိုးစားခဲ့သည်။ သူမသာ စိတ်ကူးမိခဲ့ပင်လျှင် ရူးသွပ်သွားနိုင်သည်ပင်။

နဉ်ရွှီက သတိထား၍ “ဒီကံမကောင်းတဲ့လူက အခု ဘယ်ဂိုဏ်းမှာ ရှိနေတာလဲ?” ဟု မေးလိုက်ချေသည်။ သူမသာ သူ့ကိုဆက်သွယ်နိုင်ခဲ့လျှင် သူမက အနည်းငယ် သတိပေးနိုင်မည်လား? မဟုတ်ပါက သူ့ကို မသိဘဲထားလိုက်ခြင်းက အလွန်ကြေကွဲဖွယ်ကောင်းလိမ့်မည်။

ဖရဲသီးစားခြင်းစနစ်က လေးလေးနက်နက်ပင် ပြန်ဖြေလာ၏။ [သူက နင့်ရဲ့ ဂိုဏ်းတူညီအစ်ကိုပဲ။]

ဘာ?

ဂိုဏ်းအတူတူပဲလား?

ဘဝအသစ်တစ်ခု၌ ပြန်လည်မွေးဖွားလာသော အကြီးအကဲသည် ဝမ့်ရှင်းဂိုဏ်းတွင်လည်း ရှိနေသည်လား?

ဘယ်သူလဲ?!

သူက အပြင်ဂိုဏတပည့်တွေ ဒါမှမဟုတ် အတွင်းဂိုဏ်းတပည့်တွေထဲက တစ်ယောက်လား?

ထိုအချိန်တွင် တပည့်အများအပြားသည် အိပ်မက်မက်စပြုလာကြသည်။ ထိုအံ့မခန်းအကြီးအကဲသည် ၎င်းတို့၏အရင်ဘဝက သူတို့ကိုယ်တိုင်များ ဖြစ်နေမည်လော?

ဘယ်သူကများ အံ့သြစရာကောင်းသောနောက်ခံတစ်ခုရှိသည်အား စိတ်ကူးယဉ်ရတာ မကြိုက်ဘဲနေနိုင်မှာလဲ?

ဘယ်သူကများ ရှုပ်ထွေးပွေလီသည့်လောကကြီးထဲမှာ သူရဲကောင်းတစ်ယောက် ဖြစ်လာရန် စိတ်ကူးယဉ်ရတာ မကြိုက်ဘဲ နေနိုင်မှာလဲ?

ဘယ်သူကများ အံ့မခန်းအရည်အချင်းနှင့် တောက်ပသော အနာဂတ်ကို ပိုင်ဆိုင်ဖို့ စိတ်ကူးယဉ်ရတာ မကြိုက်ဘဲနေနိုင်မှာလဲ?

ဤအရာတွေအားလုံးကို ကြားပြီးနောက် နဉ်ရွှီဟာ ဤဖရဲသီးအား အပြီးသတ် တစ်ခါတည်စားရမည်ဟူ၍ ခံစားခဲ့ရသည်။

တပည့်များ၏ မျှော်လင့်နေသော အကြည့်တွေအောက်မှာ သူမက “နင် ဘယ်သူ့အကြောင်း ပြောနေတာလဲ?” ဟုမေးလိုက်သည်။

ဟုတ်ပါသည်၊ ဖရဲသီးစားခြင်းစနစ်က ဘယ်သူ့အကြောင်း ပြောနေတာလဲ?

ဂိုဏ်း၏ အကြီးအကဲတွေတောင် စိတ်ဝင်စားနေကြတော့၏။

ဝမ့်ရှင်းဂိုဏ်းဟာ နှစ်ပေါင်းများစွာ ကျဆင်းလာပြီးနောက် ကံကြမ္မာ၏ သားတော်ကို တကယ်ပဲ ရရှိခဲ့သည်ပင်လော?

ဖရဲသီးစားခြင်းစနစ်ဟာ ကူကယ်ရာမဲ့စွာ ပြန်ဖြေလာ၏။ [ငါ တကယ်ပြောပြချင်ပါတယ်၊ ဒါပေမယ့် အခုချိန်မှာတော့ မပြောနိုင်ဘူး။]

[အချိန်က မကျသေးဘူး။]

[ဒါပေမယ့်။]

ဖရဲသီးစားခြင်းစနစ်က ခဏရပ်ပြီး ပျင်းရိစွာထပ်ပြောလာ၏။ [စိတ်မပူပါနဲ့။]

[တွေ့ဆုံဖို့ သတ်မှတ်ထားတဲ့သူတွေက ဘယ်တော့မဆို တွေ့ကြမှာပဲ။] တစ်ဦးနှင့်တစ်ဦး မလွဲသင့်သည့်သူများဟာ လွဲချော်သွားမှာမဟုတ်ချေ။

ထိုစကားကို ကြားပြီးနောက် နဉ်ရွှီက တွေးတောရင်း ခေါင်းညိတ်လိုက်လေ၏။

အချိန်မကျသေးသရွေ့ ထိုယုတ်မာသော ပုဂ္ဂိုလ်များ၏ ကိုယ်ပိုင်လက္ခဏာများကို ဖော်ထုတ်ရန် ဖိအားပေးစရာမလိုအပ်ပေ။

ဤဖရဲသီးကို နောက်မှ စားရန်သိမ်းထားလိုက်တော့သည်။

____

ထိုနေ့က မနက်ခင်းသင်တန်းပြီးဆုံးပြီးနောက် တပည့်များစွာသည် အချိန်အတော်ကြာရပ်နေခဲ့ကြ၏။ နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ် ထွက်သွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ကံကြမ္မာ၏သားတော်အကြောင်းကို တီးတိုးစကားပြောစပြုကြတော့သည်။

ကျင့်ကြံသူ Aက စိုးရိမ်တကြီးဖြင့် “ဒီလူက ဘယ်သူလဲ?” ဟုမေးလာသည်။

ကျင့်ကြံသူ Bက ဝမ်းနည်းသောမျက်နှာဖြင့် “နှစ်ပေါင်းတစ်ထောင်လောက်က ကျင့်ကြံမှုမှတ်တမ်းတွေအားလုံး ပျောက်ဆုံးသွားတာက နှမြောစရာကောင်းတာပဲ။ မဟုတ်ရင် ဒီလိုထူးခြားတဲ့ အရည်အချင်းရှိတဲ့ကျင့်ကြံသူကို သေချာပေါက် မှတ်တမ်းတင်ထားလိမ့်မယ်။ အခုတော့ ဒီဂိုဏ်းသားက ဘယ်သူလဲဆိုတာတောင် မသိရတော့ဘူး။”

ကျင့်ကြံသူ A၏ မျက်လုံးများ လင်းလက်သွား၏။ “ဒီကံကြမ္မာရဲ့သားတော်က ငါပဲလို့ စိတ်ကူးယဉ်လို့ရမလား?”

ကျင့်ကြံသူ Bက လှောင်ပြောင်လိုက်သည်။ “သွားပါကွာ။ မင်းသာ ကံကြမ္မာရဲ့သားတော်ဆိုရင် ငါလည်း ကံကြမ္မာရဲ့သားတော်ဖြစ်နိုင်တာပဲ။”

အလားတူ စကားဝိုင်းများသည် ရင်ပြင်၏ ထောင့်တိုင်းတွင် ပဲ့တင်ထပ်နေ၏။

ဖရဲသီးကြီးတစ်လုံးကို ချန်ထားခဲ့ပြီးနောက် နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်တို့သည် ၎င်းတို့၏နေအိမ်သို့ အေးအေးဆေးဆေးပြန်လာကြသည်။

ယခုတော့ ဖရဲသီးများ အလုံအလောက် စားပြီးပြီဖြစ်သလို ကျင့်ကြံမှုမှာလည်း တိုးတက်မှု သိသိသာသာ ရရှိခဲ့ပြီဖြစ်တာကြောင့် အလုပ်ကိုစဖို့ အချိန်ရောက်ပြီဖြစ်ပါသည်။

နဉ်ရွှီဟာ “နင် အရင်ကပြောခဲ့တဲ့ ပိုက်ဆံရှာဖို့နည်းက ဘာလဲ?” ဟူ၍ မေးလိုက်သည်။ ဝိညာဉ်ကျောက်တုံးများက အမြဲတစေ လိုအပ်နေ၏။ ပိုက်ဆံရှာရန် နည်းလမ်းရှိသည်ဆိုလျှင် သူမ သေချာပေါက်အသုံးချမှာပင်။

ဖရဲသီးစားခြင်းစနစ်က ရယ်မောလိုက်ချေသည်။ ပိုက်ဆံရှာဖို့အကြာင်း ပြောရရင်၊ ဒါက *အစီအရင်အဆောင်ရေးဆွဲတာပဲ။ ကုန်ကျစရိတ်နည်းတယ်၊ စည်းကမ်းချက်လည်းနည်းတယ်၊ စတင်ဖို့မြန်တယ်။ ငါ့မှာ ရှေးခေတ်ကတည်းက ပျောက်ကွယ်သွားတဲ့ အဆင့်မြင့် အဆောင်ရေးဆွဲနည်းတွေအများကြီးရှိတယ်၊ နင့်ကို ချမ်းသာစေရမယ်လို့ အာမခံတယ်။]

(T/N- အဆောင်၊ မန္တန်စက္ကူ)

ဤစကားကို ကြားလိုက်သောအခါ နဉ်ရွှီက သိပ်ပြီး တုံ့ပြန်မှုမရှိခဲ့သော်ငြား၊ အနီးအနားမှာ ချောင်းနားထောင်နေသော ဖူဖုန်းအကြီးအကဲက အသက်ရှူနှုန်း အနည်းငယ် မြန်လာခဲ့သည်။ သူ အခု ဘာကြားလိုက်တာလဲ?!

ရှေးခေတ်က၊ ပျောက်ကွယ်သွားပြီဖြစ်တဲ့ အဆောင်ရေးဆွဲနည်းတွေလား?

သူရော ချောင်းနားထောင်လို့ရမလား?

ဖရဲသီးစားခြင်းစနစ်က ဖုံးကွယ်ထားလိုခြင်းမပါ။ အဘယ်ကြောင့်ဆိုသော် သူနှင့်နဉ်ရွှီ၏ စကားပြောဆိုမှုများအား လူများအမြဲကြားနေနိုင်သည်ကို မသိရှိသောကြောင့်ပေ။ အကယ်၍ သူ သိခဲ့လျှင်ပင် သိပ်ဂရုစိုက်မည်မဟုတ်။

ကျင့်ကြံမှုရတနာများကို မြှုပ်နှံထားလို့ မဖြစ်ချေ၊ မျိုးဆက်တစ်ခုကနေ တစ်ခုကို လက်ဆင့်ကမ်းသယ်ဆောင်ရမည်။ ထိုမှသာ ဘိုးဘွားများ၏ ကြိုးစားအားထုတ်မှုများဟာ အချည်းနှီး မဖြစ်မှာပင်။

[လက်ရှိမှာ နင်ကချီသန့်စင်ခြင်းအဆင့်ရဲ့ ဒုတိယအဆင့်မှာ ရှိနေတယ်။ နင့်ပထမအဆင့် “ပေါက်ကွဲခြင်းအဆောင်” ကိုရေးဆွဲနိုင်တယ်။]

နဉ်ရွှီက အဆောင်ရေးဆွဲတာနှင့် သိပ်ရင်းနှီးမှုမရှိသော်ငြား၊ ကျင့်ကြံသူလောကမှာ အသုံးများသော ပထမအဆင့် အဆောင်တွေထဲ၌ ပေါက်ကွဲခြင်းအစီအရင်အဆောင် မရှိသည်ကို သိပါသည်။ ဖျက်ဆီးခြင်းအဆောင်သာရှိလေ၏။

ဖရဲသီးစားခြင်းစနစ်က ရှင်းပြလာသည်။ [ပထမအဆင့်တွေ ဖြစ်ပေမယ့်၊ ပေါက်ကွဲခြင်းအဆောင်က ဖျက်ဆီးခြင်းအဆောင်ရဲ့ စွမ်းအားထက် သုံးဆပိုတယ်။ ဒါပေမယ့် နင်သာ အဓိကအချက်တွေကို နားလည်သွားရင်တော့ ပေါက်ကွဲခြင်းအဆောင်ကို ရေးဆွဲတာက ဖျက်ဆီးခြင်းအဆောင်ကို ရေးဆွဲတာထက် ပိုလွယ်သွားလိမ့်မယ်။]

ထို့နောက် ဖရဲသီးစားခြင်းစနစ်က ပထမအဆင့် ပေါက်ကွဲခြင်းအဆောင်ကို ရေးဆွဲရန်အဓိကအချက်များကို စတင်ရှင်းပြလာသည်။

နဉ်ရွှီက သေချာနားထောင်နေချိန်မှာ ဖူဖုန်းအကြီးအကဲကတော့ လုံးဝအာရုံစိုက်နေသည်။ “ဒီလိုလုပ်တာကိုး။ ဒီလိုလုပ်လို့ရတာကိုး!” ဟုပင် ရေရွတ်နေ၏။ အဓိကအချက်များကို ပြောပြသောအခါ ဖူဖုန်းအကြီးအကဲက မှတ်တမ်းတင်ရန်အတွက် စုတ်တံနှင့် မှင်တောင် ထုတ်လိုက်သေးသည်။

ဒါပေမယ့်!

ပေါက်ကွဲခြင်းအဆောင်ကို ရေးဆွဲသော အရေးကြီးဆုံးအဆင့်မှာ ဖရဲသီးစားခြင်းစနစ်က ရုတ်တရက် ရပ်တန့်သွားပြီး ရယ်မောစပြုလာသည်။

နဉ်ရွှီက ပေါ့ပေါ့ပါးပါးပင် “ဘာဖြစ်တာလဲ?” ဟူ၍မေးလိုက်ချေသည်။

ဖရဲသီးစားခြင်းစနစ်ဟာ လေးလေးနက်နက်ပင် ပြန်ဖြေလေသည်။ [သားရဲတောင်ထိပ်က မြေခွေးတွေ ဒုက္ခရောက်တော့မယ်။] သူ့၏ လေသံက အနည်းငယ် လှောင်ပြောင်နေတာ ရှင်းနေပါသည်။

ထိုစကားကို ကြားလိုက်သောအခါ နဉ်ရွှီ၏ စိတ်ဝင်စားမှု မြင့်တက်လာ၏။ “ဘာလို့ ဒီလိုပြောတာလဲ?”

ဖရဲသီးစားခြင်းစနစ်က အံ့ဩနေဆဲဖြစ်ပြီး ပြန်ဖြေသည်က [နင်ရဲ့ အသုံးမကျတဲ့ စေ့စပ်ထားဖူးတဲ့သူက မြေခွေးဖိုလေးတွေကို စိတ်ဝင်စားလာတာလေ။ ဒါပေမယ့် ဒါတွေက နိုးထမှုမရှိသေးတဲ့ မြေခွေးတွေလေ! သူတို့ဘာနားလည်နိုင်မှာလဲ?]

နဉ်ရွှီ: “ဟင်?”

ဖရဲသီးစားသူများ: “ဟင်?”

နဉ်ရွှီ သူမ၏မျက်လုံးများကို အနည်းငယ် ပြူးလိုက်မိသည်။ သူမ တွေးမိသလိုများဖြစ်နေမလား? “နင် ဘာကိုဆိုလိုတာလဲ? ပိုတိတိကျကျ ပြောပြပါဦး။”

ဖရဲသီးစားခြင်းစနစ်က ရယ်မောလိုက်၏။ [ဆိုလိုတာက၊ အဲဒီမြေခွေးနတ်ဆိုးကောင်လေး ထွက်သွားပြီးနောက်မှာ၊ နင့်နဲ့ စေ့စပ်ဖူးတဲ့သူလေးက အထီးကျန်နေတာ၊ တကယ်ကို အထီးကျန်နေတာ။ သူ့ရဲ့ အထီးကျန်ဆန်မှုနဲ့အတူ သူကနိုးထမှုမရှိသေးတဲ့ မြေခွေးဖိုလေးတွေကို လိုက်ကြည့်နေတာပဲ။ သူက ဝမ့်ကွမ်းလိုမျိုးပဲပြုမူနေတယ်လို့ ပြောလို့ရတယ်။]

နဉ်ရွှီမှာသာ ယခု ဖရဲသီးတစ်လုံးကိုင်ထားရင် အောက်ကိုပြုတ်ကျသွားလိမ့်မည်ပင်။

နဉ်ရွှီ အံ့အားသင့်စွာဖြင့် “ဝမ့်ကွမ်းဆိုတာကို အဲဒီလိုအသုံးပြုရတာလား?”

မဟုတ်ဘူး၊ ဒီဖရဲသီးက ပေါက်ကွဲနိုင်တယ်! ဒါကကျင့်ကြံသူလောကရဲ့ ကိုယ်ကျင့်တရားကိုကျော်လွန်သွားတာ ဖြစ်နိုင်တယ်။

ပြီးတော့၊ သူမရဲ့ အသုံးမကျတဲ့ စေ့စပ်ဖူးတဲ့သူက ဒီလောက် မယဉ်ကျေးတာလား? သူမ မြေခွေးဖိုလေးတွေကို ဘယ်လိုများ ပြန်ရင်ဆိုင်နိုင်တော့မှာလဲ? နိုးထမှုမရှိသေးတဲ့ မြေခွေးတွေက ဘာအပြစ်လုပ်ခဲ့လို့လဲ?

ဖရဲသီးစားသူများ: “ဟုတ်တယ်၊ ဒီကိစ္စပြီးရင် သူတို့ မြေခွေးဖိုလေးတွေကို ဘယ်လိုများ မျက်နှာချင်းဆိုင်နိုင်တော့မှာလဲ!” သားရဲတောင်ထိပ်မှာ မြေခွေးဖိုလေးတွေ အများကြီး ရှိနေတာကိုး!

____

E note:

(1)ဝမ့်ကွမ်းဆိုတာက ‘ရယ်စရာကောင်းအောင်ကို သိမ်မွေ့ဟန်ဆောင်းခြင်း’ ‘မိုက်မဲစွာဖြင့် ကျက်သရေရှိဟန်ဆောင်ခြင်း’ လို့ဘာသာပြန်ဆိုနိုင်ပါတယ်။

(2)နှစ် 500 ငြိမ်းချမ်းရေးစာချုပ်က ကုန်ဖို့ 5နှစ်ပဲကျန်တယ်လို့ပြောထားပေမယ့်၊ ရှေ့ပိုင်းမှာ 10နှစ်ကျန်တယ်လို့ပြောထားမိတဲ့အတွက်၊ 10နှစ်လို့ပဲရေးထားပါတယ်။

___

ဝမ့်ကွမ်းအဓိပ္ပာယ်ကိုပြန်ရှင်းပြပေးပါ့မယ်။

လှောင်ပြောင်သော အဓိပ္ပာယ်- တစ်စုံတစ်ယောက်က အရာရာကို ခမ်းနားလှပနေအောင်၊ ကျက်သရေရှိနေအောင် အလွန်အကျွံ ဟန်ဆောင်တဲ့အခါ၊ အဲဒီအပြုအမူဟာ သဘာဝမကျဘဲ ရယ်စရာကောင်းနေတာကို ဆိုလိုတာဖြစ်ပါတယ်။

ကြေကွဲဖွယ် အဓိပ္ပာယ်- တစ်ခါတစ်ရံမှာတော့ ချစ်ရတဲ့သူတစ်ယောက်ကို သတိရနေတဲ့အခါ၊ သူနဲ့ဆင်တူတဲ့အရာတွေကိုမြင်ပြီး ပုံမှန်မဟုတ်တဲ့စွဲလမ်းမှုမျိုးနဲ့ တန်ဖိုးထားတာကို ရည်ညွှန်းနိုင်ပါတယ်။

All Chapters