အခန်း (၁၇-၁၈)
Vol. 2 Ch. 17-18
အခန်း (၁၇) (Chapter – 17)
နဉ်ရွှီသည် စက္ကန့်အနည်းငယ်ခန့် ရပ်တန့်နေပြီးနောက် “သူ ရူးသွားပြီလား?” ဟုခက်ခက်ခဲခဲပင် ပြောလိုက်ရသည်။
ဖရဲသီးစားခြင်းစနစ်ကလည်း စိတ်ပျက်နေဟန်ဖြင့် [သူ မရူးပါဘူး၊ သူ့ရဲ့အာရုံက ကျင့်ကြံမှုပေါ်မှာ မရှိတော့တာပဲ။ သူက သူ့အချိန်တွေကို အဓိပ္ပာယ်မရှိတဲ့အရာတွေကို တွေးနေတာနဲ့ပဲကုန်ဆုံးနေတယ်။]
ထို့နောက် လူတစ်ယောက်နှင့်စနစ်တစ်ခုတို့သည် တိတ်ဆိတ်သွားပြီး တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်နေကြတော့သည်။
ခဏအကြာ၌ နဉ်ရွှီက “သူ့အကြောင်း မေ့လိုက်ပါတော့၊ ကံမကောင်းတာတွေ။ ငါတို့ စိတ်ဝိညာဉ်ကျောက်တုံးတွေ ရှာဖို့ပဲအာရုံစိုက်သင့်တယ်။” သူမသည် မြေခွေးဖိုနတ်ဆိုးများကို သနားမိပေသည်။
[ကောင်းပြီလေ!]
ဖရဲသီးစားခြင်းစနစ်သည် ပေါက်ကွဲခြင်းအဆောင်၏ အဓိကအချက်များကို အတိုချုပ်ရှင်းပြပြီးနောက် နဉ်ရွှီအား အစီအရင်မန္တန်စက္ကူ၊ စုတ်တံနှင့် သွေးနီရောင်အမှုန့်တို့အတွက် အထွေထွေခန်းမဆောင်သို့ အမြန်သွားရန် တိုက်တွန်းခဲ့သည်။ နဉ်ရွှီလည်း ထပ်မံနှောင့်နှေးချင်စိတ်မရှိတော့ဘဲ အထွေထွေခန်းမဆောင်သို့ တန်းတန်းမတ်မတ် ဦးတည်ခဲ့သည်။
ပေါက်ကွဲခြင်းအဆောင်အား ရေးဆွဲနည်းအပြည့်အစုံကို ကြားပြီးနောက် အဆောင်မန္တန်တောင်ထိပ်သခင်သည် အလွန်အကျိုးရှိခဲ့ပြီး အဆောင်အသစ်များ ရေးဆွဲရန်အတွက် စိတ်ကူးစိတ်သန်းအချို့ပင် ရရှိခဲ့၏။
သူမလက်ထဲတွင် ကောင်းမွန်သောအရာများ အများကြီးမရှိပေ။ အများစုမှာ ရေ၊ သစ်သားနှင့် မြေကြီးစွမ်းအားမျိုး ကျင့်ကြံသော နဉ်ရွှီအတွက် မသင့်လျော်ပေ။ သို့သော်လည်း သူမတွင် ဝက်ကြီးအတွက် သင့်လျော်သော အစာများ အတော်လေးများများ ရှိပါသည်။
ဤသည်မှာ သူမဝိညာဉ်သားရဲသည် အစားရွေးပြီး အကောင်းဆုံးကိုသာ စားတက်ခြင်းကြောင့်ပင်။ အချိန်ကြာလာသည်နှင့်အမျှ သူမသည် ၎င်း၏အရသာနှင့် ကိုက်ညီသော ဝိညာဉ်သားရဲအစာများအားလုံးကို စုဆောင်းနိုင်ခဲ့သည်။
မန္တန်တောင်ထိပ်သခင်သည် ဝက်ကြီးရှေ့တွင် အစာအိတ်တစ်အိတ်ကို ချပေးလိုက်ချေသည်။
အစာများသည် ဝိညာဉ်သားရဲများအတွက် အလွန်ဆွဲဆောင်မှုရှိသော အနံ့ကိုထုတ်လွှတ်နေ၏။
သူမသည် ဝက်ကြီးကို လှောင်ပြောင်၍ “နောက်သုံးနှစ်အတွက် မင်းရဲ့သခင်ကို ကျေးဇူးတင်တဲ့အနေနဲ့ မင်းရဲ့အစားအစာတွေကို နေ့တိုင်းလာပြီး ပြင်ဆင်ပေးမယ်။ တခါတလေ ကျွန်မ မအားရင်တော့ ကျွန်မရဲ့တပည့်တွေကို စေလွှတ်ပြီး လုပ်ခိုင်းပါ့မယ်။”
ဝက်ကြီးသည် သူ့၏မျက်လုံးလေးများဖြင့် ပျင်းရိစွာ ကြည့်လိုက်ပြီးနောက် သူ့၏ကြီးမားသောခေါင်းကို ငုံ့ကာ သူ့၏အစားအစာကို ဖြည်းဖြည်းချင်း စားသုံးစပြုလာသည်။
ဝက်က အစားအစာကို ကြိုက်နှစ်သက်သည်ကိုမြင်သောအခါ မန္တန်တောင်ထိပ်သခင်၏ စိတ်သက်သာရာရသွား၏။
သူမသည် နဉ်ရွှီကို ကိုယ်တိုင်ကျေးဇူးမတင်နိုင်သည့်အပြင် ကျေးဇူးတင်ကြောင်းပြသရန် သင့်လျော်သောအရာမရှိသဖြင့် ဝက်ကြီးကိုသာ ဦးစွာချော့မော့ရပေသည်။
ကံကောင်းစွာဖြင့် ဝက်ကြီးသည် အစာများကိုနှစ်သက်ပုံရ၏။
ဤနည်းဖြင့် သူမသည် အနည်းဆုံး ဒီကြွေးမြီလေးကို ဖြေရှင်းနိုင်ခဲ့ပါသည်။
____
အထွေထွေခန်းမဆောင်သို့အသွားတွင် နဉ်ရွှီသည် တပည့်များစွာ ထိုနေရာသို့ဦးတည်နေသည်ကို မမျှော်လင့်ဘဲ သတိပြုမိသည်။
အချို့သည် အရှိန်အပြည့်ဖြင့် ပြေးနေကြပြီး အချို့သည် ဓားများပေါ်တွင် ပျံသန်းနေကြလေသည်။ ခြွင်းချက်မရှိ သူတို့အားလုံး၏ မျက်နှာများတွင် စိတ်လှုပ်ရှားပြီး ထူးဆန်းသော အပြုံးများရှိနေ၏။
တပည့်များ ပို၍ပို၍ ထိုနေရာသို့ ဦးတည်နေသည်ကိုမြင်သောအခါ နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်အား “သူတို့ ဘာလုပ်နေကြတာလဲ?” ဟူ၍မေးမိလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က တိတိကျကျမသိသဖြင့် [ငါလည်း မသိဘူး။ ဂိုဏ်းမှာ ထူးခြားတဲ့အဖြစ်အပျက်တစ်ခုမှ မရှိပါဘူး။]
ဖရဲသီးစားခြင်းစနစ်သည် အသုံးဝင်သောသတင်းအချက်အလက်များကို မစုဆောင်းနိုင်ခဲ့ပုံပင်။ နောက်ဆုံးတွင် ၎င်းသည် သေးငယ်သော အသေးစိတ်အချက်အလက်များကို လွဲချော်တတ်သည်ဟု နာမည်ကျော်ကြားပေသည်။
သိချင်စိတ်ပြင်းပြနေသော နဉ်ရွှီသည် ဂိုဏ်းသားတစ်ဦးကို ရပ်တန့်၍မေးရန် ဆုံးဖြတ်ခဲ့တော့၏။
တပည့်သည် ရပ်လိုက်သောအခါ သူမက သူမ၏လက်များကို တွဲယှက်ကာ ယဉ်ကျေးစွာဖြင့် “တစ်ခုလောက်မေးလို့ရမလား။ ရှင်တို့အားလုံး ဘယ်သွားနေကြတာလဲ?”
ထိုတပည့်သည် သူမကို သဘာဝအတိုင်းသိနေပါသည်။
နဉ်ရွှီပင်၊
သူမသည် လက်ရှိတွင် ဝမ့်ရှင်းဂိုဏ်းတွင် အထင်ရှားဆုံးနှင့် ဆွဲဆောင်မှုအရှိဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး တပည့်တိုင်းက သူမကိုသိကြလေ၏။ သူမအား အတင်းအဖျင်းများ၏ ဖခင်ဟုပင် မှတ်ယူနိုင်ပါသည်။
ရပ်တန့်ခံရပြီးနောက် ထိုကဲ့သို့သော ထင်ရှားသောပုဂ္ဂိုလ်နှင့် တွေ့ဆုံရသည့်အတွက် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာတပည့်က “ပျော်စရာကောင်းတာကို သွားကြည့်တာပါ။” ဟု တီးတိုးပြောလိုက်ချေသည်။
“ပျော်စရာလား?”
နဉ်ရွှီက ဆက်မေးလာ၏။ “ဘာပျော်စရာလဲ?”
တပည့်သည် အနည်းငယ်ချောင်းဟန့်လိုက်ပြီးနောက် *မီးခလုတ်တစ်ခုဖွင့်လိုက်သည့်နှယ် မရပ်မနားချောင်းဆိုးလာ၏။
(T/N- အခြေအနေတစ်ခု ရုတ်တရက်ပြောင်းလဲသွားတာကိုဖော်ပြ)
သူမ ဘာပြောနိုင်မှာလဲ။
သူတို့သည် သားရဲတောင်ထိပ်သို့ ပျော်စရာကောင်းသည့်အရာကို သွားကြည့်ကြမည်ဟု သူမအား ပြောပြရမည်လော။
ရွှီရှစ်ရှင်းသည် သားရဲထက်ပိုဆိုးအောင် မည်သို့ပြုမူမည်ကို ကြည့်ရန်လော။
သူသည် မြေခွေးဖိုနတ်ဆိုးလေးများကို ထိုကဲ့သို့ပြုလုပ်ရန် ရည်ရွယ်နေသည့်အတွက် မည်မျှရူးသွပ်နေသည်ကို ကြည့်ရန်ပင်လော။
ဤအတင်းအဖျင်း၏ အစိတ်ဝင်စားဆုံးအပိုင်းမှာ သားရဲတောင်ထိပ်သခင်သည် ၎င်းကိုသိသည်နှင့်တစ်ပြိုင်နက် မြေခွေးဖိုနတ်ဆိုးများကို ကာကွယ်ရန် တောင်နောက်ပိုင်းသို့ ချက်ချင်းအပြေးသွားခဲ့ခြင်းပင်။
တပည့်များသည် သားရဲတောင်ထိပ်သခင်ကို တောင်နောက်ပိုင်းသို့ အပြေးသွားသည်ကို မြင်သောအခါ သူတို့ရယ်ချင်နေသော်လည်း ရယ်ရဲခြင်းမရှိချေ။
တစ်နေ့တွင် ဉာဏ်ရည်ဉာဏ်သွေး မနိုးထသေးသော သာမန်သားရဲများပင်လျှင် သားရဲတောင်ထိပ်တွင် မလုံခြုံနိုင်တော့သည်ကို မည်သူကများ တွေးထင်ထားမည်နည်း။ မည်သည့်ကျင့်ကြံသူက ထိုကဲ့သို့သော သာမန်သားရဲများကို အနိုင်ကျင့်မည်နည်း။
ရွှီရှစ်ရှင်းတစ်ယောက်သာ ဖြစ်နိုင်ပုံရသည်။
ဤတပည့်များသည် စိတ်ဝင်စားဖွယ်ရာဖြစ်ရပ်ကို ကြည့်ရန်အတွက်သာ လိုက်ပါလာကြ၏။
သို့သော်လည်း သူတို့သည် နဉ်ရွှီကို ဤအကြောင်းများအားလုံးကို ပြောပြနိုင်မည်မဟုတ်ပေ။
ပြောပြခဲ့ပါက သူတို့မည်သို့သိရှိကြောင်း ရှင်းပြရမည်ဖြစ်သည်။
ရှင်းပြခြင်းသည် သဲလွန်စအချို့ကိုဖော်ပြသလိုဖြစ်သွားလိမ့်မည်။
နဉ်ရွှီက သူတို့သည် သူမနှင့် ဖရဲသီးစားခြင်းစနစ်၏ အတွေးများကိုကြားနိုင်သည်ကို သိရှိသွားခြင်းမှရှောင်ရှားရန် ထိုတပည့်သည် မသိဟန်ဆောင်ခဲ့တော့၏။
ထိုတပည့်၏ ချောင်းဆိုးခြင်းသည် အလွန်ပြင်းထန်သဖြင့် နဉ်ရွှီက သူမကို သနားသွားပြီး သွားခွင့်ပြုရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။
ထိုတပည့်လွတ်မြောက်ပြီးနောက် စိတ်သက်သာရာရသွား၍ သက်ပြင်းချလိုက်၏၊ သူမ ကျော်ဖြတ်နိုင်ခဲ့ပြီပင်။
နဉ်ရွှီသည် အခြားတပည့်အချို့ကိုလည်း ရပ်တန့်ရန် ကြိုးစားခဲ့သော်လည်း ခြွင်းချက်မရှိ သူတို့အားလုံးသည် ပြင်းထန်စွာချောင်းဆိုးစပြုကြပြီး၊ သူတို့၏ရည်ရွယ်ချက် အစစ်အမှန်၏အရိပ်အယောင်များ ပေါ်မလာစေရန် အစွမ်းကုန်ပီပြင်စွာ သရုပ်ဆောင်ခဲ့ကြလေသည်။
နဉ်ရွှီလည်း စိတ်ရှုပ်ထွေးသွားရသည်။
“သူတို့ ဘာဖြစ်နေကြတာလဲ?”
ဖရဲသီးစားခြင်းစနစ်က စိတ်အားထက်သန်မှုမရှိဘဲ ပြန်တုံ့ပြန်ခဲ့၏။ [ဘယ်သိပါ့မလဲ၊ လေဝင်ပြီး ရင်ကျပ်သွားတာနေမှာပေါ့။]
နဉ်ရွှီ မော့ကြည့်လိုက်သည်။
လေတိုက်နှုန်းသည် ယနေ့ တကယ်ပင်ပြင်းထန်ပြီး သူမ၏ဆံပင်နက်များကို လှိုင်းထန်စေပေသည်။
သို့သော် တပည့်များစွာသည် တစ်ချိန်တည်းမှာ လေဝင်တာက နည်းနည်းတော့ လွန်ကဲနေ၏၊ ဟုတ်တယ်မလား?
ဖရဲသီးစားခြင်းစနစ်က ရှင်းပြလာသည်။ [ကျင့်ကြံသူလောကထဲက လေက နင်နေခဲ့ဖူးတဲ့ကမ္ဘာထဲက လေနဲ့မတူဘူး။ သူတို့ရဲ့ကျင့်ကြံမှုက နိမ့်တော့ ဒီလေကိုမခံနိုင်တာပုံမှန်ပါပဲ။]
နဉ်ရွှီသည် လက်ရှိတွင် “ချီသန့်စင်ခြင်းအဆင့်” ၏ ဒုတိယအလွှာ၌ ရှိနေ၏။
သူတို့၏ ကျင့်ကြံမှုအဆင့်သည် သူမထက်နိမ့်ပါက ဤတပည့်များသည် “ချီသန့်စင်ခြင်းအဆင့်” ၏ပထမအလွှာတွင် အများဆုံးရှိနေကြမည်ပင်။
ထိုသို့ဆိုလျှင် ကျင့်ကြံသူလောကထဲက လေကိုမခံနိုင်တာ ကျိုးကြောင်းဆီလျော်ပုံ ရပါသည်။
အကယ်၍ သူတို့က သဘောတူနိုင်လျှင် သေချာပေါက် အားရပါးရ ခေါင်းညိတ်ကြလိမ့်မည်။
ဟုတ်တယ်!
ဒါက လေကြောင့်ပဲ!
သူတို့က စကားမပြောချင်တာမဟုတ်ဘူး!
တပည့်များထံမှ သူမ လိုချင်သော သတင်းအချက်အလက်ကို မရရှိတော့သောအခါ နဉ်ရွှီ၏ စိတ်ဝင်စားမှုဟာ ပျောက်ဆုံးသွားတော့သည်။
မေ့လိုက်ပါတော့၊ ငွေနဲ့ ပစ္စည်းလဲလှယ်ဖို့က အရေးကြီးတယ်။
____
နဉ်ရွှီ အထွေထွေခန်းမဆောင်သို့ ရောက်သောအခါ သူမကို အမျိုးသားတပည့်တစ်ဦးက ကြိုဆိုလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က စိတ်အားထက်သန်စွာ မိတ်ဆက်ပေးဆလ၏။ [ဒီတစ်ယောက်က ထိပ်တန်းဧည့်ကြိုပဲ။]
နဉ်ရွှီ အနည်းငယ် အံ့အားသင့်သွားရသည်။ “အထွေထွေခန်းမဆောင်မှာ ထိပ်တန်းဧည့်ကြိုတောင်ရှိတယ်လား?”
ဖရဲသီးစားခြင်းစနစ်က ရယ်မောလျက် [ဟုတ်တယ်။ ဒါပေမယ့် နင် အရင်တစ်ခါလာတုန်းက သူက ခွင့်ယူထားတော့ နင်သူ့ကို မတွေ့လိုက်ရဘူး။]
၎င်းက ဆက်ပြော၏။ [သူ့က အဲဒီတစ်ယောက်ပဲ။]
“ဘယ်သူလဲ?”
[(လက်ညှိုးထိုးပြ)]
ဖရဲသီးစားခြင်းစနစ်၌ ခန္ဓာကိုယ်ရှိပါက လက်နှစ်ဖက်ဖြင့် ညွှန်ပြနေမည်မှာ သေချာပါသည်။
နဉ်ရွှီ: “ခဏလေး၊ ထိပ်တန်းဧည့်ကြိုမှာ ထူးခြားတဲ့စွမ်းရည်တွေရှိလား?”
“ထိပ်တန်းဧည့်ကြို” ဆိုတဲ့အသုံးအနှုန်းက ဒီမှာသုံးလို့ရပါလား။
ဖရဲသီးစားခြင်းစနစ်က ဥပမာပေးလေသည်။ [သူ့မှာရှိတဲ့ ထူးခြားတာရှိဆိုရင်တော့ သူ့ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုပိုကောင်းတာ၊ ပိုနွေးထွေးတဲ့သဘောထားရှိတာ၊ ပိုတောက်ပတဲ့အပြုံးရှိတာ၊ ပိုနှစ်လိုဖွယ်ကောင်းတဲ့ရုပ်ရည်ရှိတာနဲ့ ပိုသာလွန်တဲ့ပြောဆိုနိုင်စွမ်းတွေဖြစ်လိမ့်မယ်။]
[အထွေထွေခန်းမဆောင်မှာ တပည့်စုစုပေါင်း ၆၉ယောက်ရှိတယ်။]
[ပြီးတော့ သူက သုံးလအတွင်းမှာပဲ ဒီတပည့်တွေထဲကနေ ထင်ပေါ်လာခဲ့တာ။]
[ဂိုဏ်းထဲက အမျိုးသား၊ အမျိုးသမီးတပည့်တွေအားလုံး သူ့နဲ့ပြောဆိုဆက်ဆံရတာကို ကြိုက်ကြတယ်။]
[သူက ၆၉ ယောက်ထဲမှာ နံပါတ်တစ်တပည့်ဖြစ်တယ်ဆိုတာ သေချာတယ်။]
နဉ်ရွှီ အံ့အားသင့်သွားရသည်။ “အထင်ကြီးစရာပဲ!” ဒီလိုဆိုရင် သူက ထိပ်တန်းရောင်းချသူ(top sale) မဟုတ်ဘူးလား။
ဤအချိန်တွင် နံပါတ်တစ်ရောင်းသူသည် မပြောင်းလဲသော အမူအရာဖြင့် နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်က သူ့အကြောင်း ဆွေးနွေးနေသည်ကို သူ့ရှေ့တွင် နားထောင်နေလေ၏။ သူ့၏နှုတ်ခမ်းကွေးညွှတ်မှုမှာ မပြောင်းလဲဘဲ အပြည့်စုံဆုံးထောင့်တွင် ရှိနေပေသည်။
သင့်လျော်သောအချိန်တွင် သူကစကားပြောပြီး “တာအိုမိတ်ဆွေ၊ ဘာတွေလဲလှယ်ချင်တာရှိလဲခင်ဗျ?” ဟုနှုတ်ဆက်လိုက်သည်။
သူ၏အသံသည် ကျောင်စိမ်းခဲလေးဟာ ရေအိုင်မျက်နှာပြင်ပေါ်သို့ ကျရောက်သွားသည့်နှယ် ရေကိုထိသောအခါ လူတစ်ဦး၏နှလုံးသားတွင် လှိုင်းများဖြစ်ပေါ်စေသည်။
နဉ်ရွှီက မှတ်ချက်ပြုလိုက်ချေသည်။ “ထိပ်တန်းဧည့်ကြိုဖြစ်တာနဲ့အညီ သူ့ရဲ့အသံက တကယ်ကိုကောင်းတာပဲ။”
ဖရဲသီးစားခြင်းစနစ်က ရယ်မောလျက် [ဟုတ်တယ်မလား? ငါလည်း အရမ်းကောင်းတယ်လို့ ထင်တယ်။]
၎င်း စိတ်ကူးယဉ်လိုက်သည်မှာ [သူသာ အဲဒီအသံနဲ့ သီချင်းလေးတစ်ပုဒ်ဆိုရင် အရမ်းကောင်းမှာပဲ!]
နဉ်ရွှီ အံ့ဩသွားရ၏။ “သူက သီချင်းတွေဆိုတတ်တယ်လား?”
[မသိပါဘူး၊ သူသီချင်းဆိုတာ မကြားဖူးဘူး။ အဲဒီအသံနဲ့ဆိုရင် သီချင်းလေးတစ်ပုဒ်ဆိုဖို့ အကောင်းဆုံးဖြစ်မှာလို့ ပြောတာ။]
[တချို့အခြေအနေတွေအတွက်လည်း အတော်လေးသင့်လျော်ပါတယ်….နေပါတော့၊ banခံရမှာဆိုးလို့ မပြောတော့ဘူး။]
နဉ်ရွှီ: “…”
သူမက သူမနှင့် ချိတ်ဆက်ထားသော စနစ်ဟာ လျှာဖျားထက်ရှကာ စိတ်နေစိတ်ထားမကောင်းသည့်အပြင် နည်းနည်းလည်း ရိုင်းပြသည်ကို ပထမဆုံးအကြိမ် သဘောပေါက်လိုက်ရသည်။
ကံကောင်းစွာဖြင့် ၎င်းသည် သူလိုချင်သမျှကို လုပ်ဆောင်နိုင်ပုံမပေါ်ပေ။ ၎င်းသည် အလွန်အကျွံလုပ်မိပါက ban ခံရလိမ့်မည်။
banခံရပါက မည်မျှကြာမည်ကို သူမ,မသိပေ။
နဉ်ရွှီက စိတ်ရင်းမှန်ဖြင့် “ကန့်သတ်ချက်အတွင်းမှာပဲ ရှိနေအောင်လုပ်၊ ဟုတ်ပြီလား?”
ဖရဲသီးစားခြင်းစနစ်က ဒရမ်မာခင်း၍ သက်ပြင်းချလိုက်သည်။ [ဟုတ်ပါပြီ!]
ထိပ်တန်းဧည့်ကြို၏ပြီးပြည့်စုံသောအပြုံးသည် ပထမဆုံးအကြိမ် အက်ကွဲကြောင်းများ ပြသလာ၏။
၎င်းက ဖရဲသီးစားခြင်းစနစ်၏ စွမ်းအားပင်လော။
သူ ဆက်မခံနိုင်တော့ပုံရသည်။
နဉ်ရွှီက လဲလှယ်ရန်လိုအပ်သော အရာများကိုစာရင်းပြုစုပြီးနောက် ထိပ်တန်းဧည့်ကြိုသည် သူမအတွက် ပစ္စည်းများကိုသွားယူပေးသည်။
သူထွက်သွားသည်နှင့်တစ်ပြိုင်နက် ဖရဲသီးစားခြင်းစနစ်သည် ဆေးပင်များစွာကို စာရင်းပြုစုနေ၏။
နဉ်ရွှီက ရှုပ်ထွေးစွာ ကြည့်ပြီး မေးလာသည်။ “ဒါတွေက ဘာတွေလဲ?”
ဖရဲသီးစားခြင်းစနစ်က ပျင်းရိစွာ သမ်းဝါးလျက်
[ဝူချီချွမ် အဆိပ်မိတော့မယ်၊ ဒါကြောင့် အဆိပ်ဖြေဆေး စလုပ်ဖို့လိုတယ်။]
နဉ်ရွှီက ခေါင်းညိတ်၍ “အဆိပ်ဖြေဆေး လုပ်တာ ခက်ခဲလား? ဘာလို့ ဒီလောက်ဆေးပင်တွေနဲ့ ဝိညာဉ်အပင်တွေ အများကြီးလိုတာလဲ?”
[မခက်ပါဘူး၊ အဆိပ်ဖြေဆေးအတွက် ဝိညာဉ်အပင်သုံးပင်ပဲ လိုတယ်။]
“ဒါဆို ကျန်တာတွေကရော?”
ဖရဲသီးစားခြင်းစနစ်က မတွန့်ဆုတ်ဘဲ ပြန်ဖြေလာ၏။ [သူတို့မှာ တခြားအသုံးဝင်တာတွေ ရှိတယ်။]
နဉ်ရွှီက သိချင်မိသွားသည် “ဘာအသုံးဝင်မှုတွေလဲ?”
ဖရဲသီးစားခြင်းစနစ်က [ငါတို့ ကျင့်ကြံသူလောကထဲ ရောက်လာပြီဆိုတော့ ပိုပြီးရည်မှန်းချက်ကြီးသင့်တယ် မလား? ပိုပြီးကြီးကြီးမားမား တွေးကြည့်စမ်းမှာ!]
[နင်က ငါ့ကို ချိတ်ဆက်ထားပြီးပြီဆိုတော့ အရေးပါတဲ့ပုဂ္ဂိုလ်တစ်ယောက် မဖြစ်ဘူးလား?]
နဉ်ရွှီ မရယ်ဘဲမနေနိုင်တော့ချေ၊ “နင် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်နေတာပဲ။”
[ဟုတ်တာပေါ့။] ဖရဲသီးစားခြင်းစနစ်က ပြန်မေးလာသည် [နင်ရော မဟုတ်ဘူးလား?]
နဉ်ရွှီက ခဏလောက်စဉ်းစားပြီးမှ “ဟုတ်မယ်လို့ထင်တယ်။” ဟူ၍ ပြန်ဖြေလာသည်။
ဖရဲသီးအား လွတ်လွတ်လပ်လပ်နှင့် အမြန်ဆုံး စားရရန်အတွက် မကြာသေးခင်ကမှ သူမ တော်တော်လေး ကြိုးစားနေခဲ့ပါသည်။
ဖရဲသီးစားခြင်းစနစ်ဟာ သူမ၏အဖြေကို ကျေနပ်နေခဲ့၏။
[ကောင်းပြီ၊ နင်လည်း ဟုတ်တယ်ဆိုတော့ အောင်မြင်ဖို့အတွက် ပထမဆုံးခြေလှမ်းက ထိပ်တန်းဧည့်ကြိုကို နင့်ရဲ့လက်အောက်ငယ်သားအဖြစ် ခေါ်ယူဖို့ပဲ။]
နဉ်ရွှီ: “???”
အဆောင်စက္ကူ၊ စုတ်တံနှင့် သွေးနီရောင်အမှုန့်တို့ကိုယူလာသော အထွေထွေခန်းမဆောင်၏ ထိပ်တန်းဧည့်ကြို: ???
“မဟုတ်သေးဘူး၊ ဒါက စီးပွားရေးနဲ့ ဘာဆိုင်လို့လဲ?”
ဖရဲသီးစားခြင်းစနစ်က လေးနက်စွာဖြင့် [ဆိုင်တာပေါ့၊ ဆက်စပ်နေတယ်လေ။]
ဖရဲသီးစားခြင်းစနစ်က မေးလိုက်သည်။ [ သူ့ကို ကိုယ်ကျိုးအတွက် လက်အောက်ငယ်သားအဖြစ် ခေါ်ခိုင်းနေတယ်လို့ နင်ထင်နေတာလား? ဥပမာ-သူ သီချင်းလေးတွေဆိုတာကို နားထောင်ချင်တာမျိုး?]
နဉ်ရွှီက ရှက်ရွံ့စွာဖြင့် ပြန်မေးလိုက်တော့သည်။ “အဲလိုမဟုတ်ဘူးလား?”
ဖရဲသီးစားခြင်းစနစ်က “ကျွတ်” ဟုအသံပြု၍ [နင်က ငါ့ကိုအထင်သေးလွန်းတယ်။]
နဉ်ရွှီက စိတ်ရှည်သည်းခံသော အမူအရာပြုလျက် ပြောလာ၏။ “ဒါဆိုရင် သူ့ကို လက်အောက်ငယ်သားအဖြစ် ခေါ်ယူတာက ဘာအကျိုးရှိလို့လဲ?”
ဖရဲသီးစားခြင်းစနစ်က စိတ်ရှည်စွာဖြင့် လမ်းညွှန်ပေးလေ၏။ [ကျင့်ကြံမှုလောကထဲမှာ ပိုက်ဆံအများဆုံးရတဲ့နေရာက ဘာနေရာလဲဆိုတာ နင်သိလား?]
[ဒါက သေချာပေါက် လေလံပွဲရုံပဲ။]
[ဝတ္ထုတွေထဲမှာ ဇာတ်လိုက်တွေက အမြဲ လေလံပွဲရုံတွေမှာ ပိုက်ဆံသွားဖြုန်းကြတယ်၊ ဒါပေမယ့်!]
[ငါတို့က ဘာလို့ လေလံပွဲရုံပိုင်ရှင်တွေ မဖြစ်နိုင်ရမှာလဲ?]
[အဲဒီအချိန်မှာ ထိပ်တန်းဧည့်ကြိုကို နင်အတွက် လေလံပွဲတင်ရောင်းသူအဖြစ် ထားလိုက်ရင် ဘာများစိုးရိမ်စရာရှိတော့မှာလဲ?]
[ပြိုင်ဘက်ပစ္စည်းတွေထက် အလျင်အမြန်ရောင်းထွက်သွားလိမ့်မယ်၊ ပြီးတော့ နင်မကြာခင်မှာပဲ ချမ်းသာသွားလိမ့်မယ်လေ။]
နဉ်ရွှီက ပထမပိုင်းတွင် ဖရဲသီးစားခြင်းစနစ်သည် နည်းနည်းရိုင်းပြသည်ဟူ၍ တွေးထင်ဖူး၏။
အထွေထွေခန်မဆောင်၏ ထိပ်တန်းတပည့်ကို လက်အောက်ခံအဖြစ် ခေါ်ယူမည်လား? ယုံကြည်စိတ်ချလို့မရဘူးလို့ ထင်ရတယ်....
သို့သော် ၎င်းက ဆက်ပြောနေချိန်တွင် သူမသည် အနည်းငယ် ကျိုးကြောင်းဆီလျော်မှုရှိသည်ဟု စတင်တွေးတောလာမိသည်။
ဖရဲသီးစားခြင်းစနစ်က ရယ်မော၍ [ကံကောင်းတာက သူ့အကြောင်း အတင်းအဖျင်းတွေ အများကြီး ငါသိထားတယ်၊ နင်နားထောင်ချင်လား?]
နဉ်ရွှီ၊ “???”
အထွေထွေခန်းမဆောင်၏ ထိပ်တန်းဧည့်ကြို: “!!!”
____
T/N- အထွေအထွေခန်းမဆောင်ကို သိုလှောင်ရုံလို့လည်းပြန်ခဲ့တယ်ထင်တယ်။ နဉ်ရွှီအရင်က လာတုန်းက။ ဘယ်လိုရေးခဲ့လည်းမမှိတ်မိတော့ဘူး။
^_________^
အခန်း (၁၈) (Chapter – 18)
နဉ်ရွှီသည် အလိုအလျောက် သူမရှေ့မှအထွေထွေခန်းမဆောင်၏ ထိပ်တန်းဧည့်ကြိုကို တစ်ချက်ကြည့်လိုက်သည်။
ဖရဲသီးစားခြင်းစနစ်မှ “ထိပ်တန်းဧည့်ကြို” ဟူ၍ ခေါ်လောက်အောင်ပင် ဤပုဂ္ဂိုလ်၏ရုပ်ရည်သည် သဘာဝအတိုင်း ထိပ်တန်းအဆင့်တွင် ရှိနေ၏။ အနည်းငယ်ပိုပါက မိန်းမဆန်သွားနိုင်ပြီး၊ အနည်းငယ်လျော့ပါက သာမန်ဖြစ်သွားနိုင်သော်လည်း ယခုတော့ အံဝင်ခွင်ကျဖြစ်နေလေသည်။
သူ၏မျက်နှာသွင်ပြင်များသည် နူးညံ့သိမ်မွေ့သော်လည်း အမျိုးသားကျင့်ကြံသူများ၏ ဆွဲဆောင်မှုနှင့် တည်ငြိမ်မှုတို့လည်း ရှိပေ၏။
ရိုးရိုးသားသားပြောရလျှင် သူ၏ရုပ်ရည်နှင့် အသံမျိုးနှင့်ဆိုလျှင် ကျင့်ကြံသူလောကရှိ နာမည်ကျော်ပျော်ရွှင်စရာအိမ်တော် “လော်ရယ်နန်းဆောင်” တွင်ပင် သူသည် ထိပ်တန်းဖျော်ဖြေသူ ဖြစ်နိုင်မည်ပင်။
ဖရဲသီးစားခြင်းစနစ်က “ငါက သူ့အကြောင်း အတင်းအဖျင်းတွေ အများကြီးသိထားတယ်၊ နင်နားထောင်ချင်လား?” ဟုပြောလိုက်ပြီးနောက် နဉ်ရွှီက ပူးပေါင်းဆောင်ရွက်ဟန်ဖြင့် “ဘယ်လို အတင်းအဖျင်းတွေလဲ?” ဟူ၍မေးလိုက်သည်။
ဖရဲသီးစားခြင်းစနစ်ဟာ ၎င်း၏ထူးခြားသောရယ်သံကို ထပ်မံ ထုတ်လွှတ်လိုက်တော့သည်။ ပုံမှန်အားဖြင့် ၎င်းသည် ထိုကဲ့သို့ ရယ်မောသောအခါ အရည်ရွှမ်းသော အတင်းအဖျင်းများကို ဖွင့်ချတော့မည်ဟု အဓိပ္ပာယ်ရပါသည်။
ထိုအချိန်တွင် ထိပ်တန်းဧည့်ကြိုသည် သင့်တော်သောအချိန်တွင် “တာအိုမိတ်ဆွေ၊ ခင်ဗျားလိုအပ်တဲ့ မန္တန်စက္ကူ၊ စုတ်တံတွေနဲ့ သွေးနီးရောင်အမှုန့်တွေ ဒီမှာရှိတယ်။ ကျေးဇူးပြု၍ စစ်ဆေးပေးပါဦး။” ဟုပြောလိုက်သည်။
ဤအသံသည် နံနက်ခင်းလေညင်းကဲ့သို့ ချောမွေ့နေပြီး နဉ်ရွှီ၏ ဖရဲသီးစားခြင်းစနစ်နှင့် စကားပြောဆိုမှုကို အောင်မြင်စွာရပ်တန့်သွားစေသည်။
ဖရဲသီးစားခြင်းစနစ်သည် ခေတ္တမျှ တိတ်ဆိတ်သွားလေ၏။
ထိပ်တန်းဧည့်ကြို၏လုပ်ငန်းကိုင်တွယ်နိုင်စွမ်းမှာ ထိပ်တန်းဖြစ်ကြောင်းသေချာပါသည်။ သူသည် နဉ်ရွှီလိုအပ်သည့် ပစ္စည်းများအားလုံးကို ယူလာပေးသည်။ အဆောင်များနှင့် အခြားပစ္စည်းများကို သိမ်းဆည်းပြီးနောက် သူသည် ဖရဲသီးစားခြင်းစနစ်က တောင်းဆိုခဲ့သည့် ဆေးပင်များကိုပြောလိုက်၏။
မလိုအပ်သောစကားတစ်ခွန်းမှ မပြောဘဲ သူသည် “ခဏလောက် စောင့်ပေးပါခင်ဗျာ။” ဟုသာထိထိရောက်ရောက် ပြောလိုက်သည်။
သူ၏အမူအရာနှင့် လေသံသည် လုံးဝသာမန်ဖြစ်သော်လည်း သူ၏ရုပ်ရည်၊ အသံနှင့် နှုတ်ခမ်း၏ပြီးပြည့်စုံသော ကွေးညွှတ်မှုတို့ကြောင့် အသာမန်ဆုံးဝါကျပင်လျှင် သာမန်မဖြစ်တော့ပေ။
၎င်းက ထိပ်တန်းဧည့်ကြို၏ စီးပွားရေးလုပ်နိုင်စွမ်းလား။ အပြည့်စုံဆုံးအမူအရာနှင့် လေသံဖြင့် တပည့်အများစု မလုပ်ဆောင်နိုင်သည့် အကျိုးသက်ရောက်မှုကိုပင်ရရှိခဲ့သည်။
နဉ်ရွှီက ချီးကျူးလာ၏။ “ထိပ်တန်းဧည့်ကြိုဖြစ်တာနဲ့အညီ တကယ်ကိုထူးခြားတယ်။”
ထိပ်တန်းဧည့်ကြိုက အထူးတလည်ဘာမှ မပြောခဲ့သော်လည်း နဉ်ရွှီသည် အထွေထွေခန်းမဆောင်တွင် ရှိနေရသည်ကို အကြောင်းတစ်ခုခုကြောင့် အလွန်ပျော်ရွှင်နေမိ၏။
ဖရဲသီးစားခြင်းစနစ်ကလည်း သဘောတူသည်။ [ဟုတ်တယ်မလား?]
[ဒါက ထိပ်တန်းဧည့်ကြိုကပေးနိုင်တဲ့ စိတ်ခံစားချက်ရဲ့တန်ဖိုးပဲ။]
[ကြိုးစားအားထုတ်စရာမလိုဘဲ အလိုအလျောက် ကောင်းမွန်တဲ့ခံစားချက်တွေကို ပေးစွမ်းနိုင်တယ်။]
နဉ်ရွှီက လျှို့ဝှက်စွာ လက်မထောင်ပြလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က သူ့ကို နံပါတ်တစ်(ထိပ်တန်းပဲ)ဟူ၍ခေါ်ဆိုရခြင် အကြောင်းရင်းမှာ မှန်ကန်ပါသည်။ သူသည် လက်မထောင်ထိုက်သူပင်! သူဒါကိုရထိုက်လေ၏။
ဖရဲသီးစားခြင်းစနစ်က ရုတ်တရက် မေးခွန်းတစ်ခုမေးလာ၏။ [ငါ သူ့ကို ဘာလို့ ထိပ်တန်းဧည့်ကြိုလို့ ခေါ်တာလဲ နင်သိလား]
ထိုစကားကို ကြားသောအခါ နဉ်ရွှီသည် သူမ၏စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ပေါ်လာ၏။
“သူ... လော်ရယ်နန်းဆောင်မှာ အလုပ်လုပ်ခဲ့လို့လား?”
ဖရဲသီးစားခြင်းစနစ်က ပြန်ဖြေလာ၏။ [ငါ့ရဲ့ hostဖြစ်တာနဲ့အညီ အရမ်းထက်မြက်တာပဲ]
နဉ်ရွှီက နှိမ့်ချစွာဖြင့် “နင် လိုတာထက်ပိုပြီး ချီးမွမ်းလွန်းနေပြီ။”
ဖရဲသီးစားခြင်းစနစ်က ဖြည်းဖြည်းချင်းပြောလာသည်။ [အဲဒီအချိန်က သူက ဝမ့်ရှင်းဂိုဏ်းကို မဝင်သေးဘူး၊ သူကသာမန်လူတစ်ယောက်ပဲ။]
ထိုအချိန်တွင် ထိပ်တန်းဧည့်ကြိုသည် အတွင်းမှရုတ်တရက်ထွက်လာပြီး “တာအိုမိတ်ဆွေ၊ နှစ်ဘယ်လောက်ရှိတဲ့ လရောင်မြက်ကို လိုချင်တာလဲ?” ဟု တက်ကြွစွာမေးသည်။
နဉ်ရွှီ ခေတ္တ မှင်တက်သွားပြီး “နှစ်သုံးရာ။ ကျွန်မ ခုနကပဲ ပြောခဲ့တယ်လေ။”
ထိပ်တန်းဧည့်ကြိုက ခေါင်းညိတ်လိုက်သည်၊ ထိုဆွဲဆောင်မှုရှိပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသော အသံကို ဆက်လက်သုံးစွဲကာ “ကျွန်တော်သိပါတယ်။ ဒီမှာ နှစ်ငါးရာရှိတဲ့ လရောင်မြက်တွေရှိတယ်ဆိုတာ ပြောပြချင်တာပါ။ ဒါက အာနိသင် ပိုပြင်းတယ်။ နှစ်သုံးရာမြက်ထက် အမှတ်နှစ်ရာပဲ ပိုကုန်မှာပါ။ နှစ်သုံးရာမြက်အစား နှစ်ငါးရာမြက်နဲ့ လဲလှယ်ချင်ပါသလား?” ဟုဆိုလေသည်။
နဉ်ရွှီက ဖရဲသီးစားခြင်းစနစ်ကို “ထိပ်တန်းဧည့်ကြိုက အရမ်းတာဝန်ယူမှုရှိတယ်။”
ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလေသည်။ [ဟုတ်တယ်မလား?]
[သူ့ကို ပြောလိုက်၊ နှစ်သုံးရာမြက်ပဲ လုံလောက်တယ်လို့။]
နဉ်ရွှီက “ဟုတ်ပြီ!” ဟူ၍ပြန်ဖြေ၏။
ထိပ်တန်းဧည့်ကြိုက ဆေးပင်များကို ပြင်ဆင်ရန် ထွက်သွားသည်နှင့် ဖရဲသီးစားခြင်းစနစ်၏ အသံသည် ထပ်မံထွက်ပေါ်လာပြန်သည်။
အနီးနား၌ ဆေးပင်စုဆောင်းနေသော ထိုလူသည် အစပိုင်းတွင် ရှက်ရွံ့မှုအား ခံစားရသော်လည်း ဆယ်မိနစ်ကြာသောအခါ ထုံထိုင်းသွားတော့သည်။
မေ့လိုက်ပါတော့။
ဤကြီးမားသော ရှက်ရွံ့စရာကိစ္စမှာ ရှောင်လွှဲမရနိုင်ပုံပင်။ သူ တားဆီးရန် ကြိုးစားခဲ့သော်လည်း အချည်းနှီးဖြစ်ပုံရသည်။
ဘာပဲဖြစ်ဖြစ်၊ လျှို့ဝှက်ချက်များကို ဖော်ထုတ်ခံရသော ပထမဆုံးပုဂ္ဂိုလ်လည်းမဟုတ်ပေ။
ဂိုဏ်းချုပ်ပင်လျှင် အေးဆေးစွာ လက်ခံခဲ့သဖြင့် သူ့လိုသာမန်တပည့်တစ်ဦးက ဘာကြောင့်မလက်ခံနိုင်ရမည်နည်း။
ထိုအတွေးနှင့်အတူ ထိပ်တန်းဧည့်ကြို၏ စိတ်ထဲမှ နောက်ဆုံးကျန်ရှိသော မသက်မသာခံစားမှုဟာ ပျောက်ကွယ်သွားပေသည်။
___
အထွေထွေခန်းမဆောင်တွင်။
ဖရဲသီးစားခြင်းစနစ်က စကားပြောမရပ်နိုင်တော့ချေ။ [ငါ သူ့ကို သာမန်လူတစ်ယောက်လို့ ခုနကပဲ ပြောခဲ့တယ်မလား?]
နဉ်ရွှီက ပူးပေါင်းဆောင်ရွက်၍ “အွန်း။”
[အမှတ်မထင်ပဲ သူက လော်ရယ်နန်းဆောင်ရဲ့ပိုင်ရှင်က သဘောကျပြီး အဲဒီမှာ အလုပ်သမားတစ်ယောက်ဖြစ်လာခဲ့တာ။]
[ဒါက “အကျော်ကြားဆုံး” အပျော်အိမ်ဖြစ်တာကြောင့် လော်ရယ်နန်းဆောင်အတွင်းက ပြိုင်ဆိုင်မှုက သဘာဝအတိုင်း ပြင်းထန်တယ်လေ]
[အဲဒီအချိန်တုန်းက အမျိုးသားမော်ဒယ်လေးယောက်ရှိတယ်....ကောင်းပြီ၊ ငါသူတို့ကို အမျိုးသားမော်ဒယ်လို့ပဲခေါ်မယ်၊ ငါ သူတို့ကို အမျိုးသားအဖော် (**ကျွန်-ရှောင်ကွမ်း) လို့ခေါ်ရတာကို မကြိုက်ဘူး။]
နဉ်ရွှီ: “…”
“နင့်သဘောပဲ။”
သူမကလည်း “အမျိုးသားမော်ဒယ်” ဆိုတာ ပိုကောင်းတယ်လို့ ထင်မိသည်။ ဘာကြောင့်လဲဆိုလျှင် သူမက ခေတ်သစ်အသုံးအနှုန်းတွေကို တွေးနေသေးပြီး ခေတ်သစ်ဝေါဟာရများကလည်း နားလည်ရပိုလွယ်သောကြောင့်ပင်။
ဖရဲသီးစားခြင်းစနစ်က ဆက်ပြောလာသည်။ [အဲဒီအချိန်မှာ အမျိုးသားမော်ဒယ်လေးယောက်က ထိပ်တန်းဧည့်ကြိုရာထူးအတွက် ယှဉ်ပြိုင်ခဲ့ကြတယ်။]
[လော်ရယ်နန်းဆောင်ရဲ့ နေ့စဉ်ဝင်ငွေက ကြောက်စရာကောင်းလွန်းတယ်ဆိုတာ နင်သိသင့်တယ်။ ပုံမှန်အမျိုးသားမော်ဒယ်တစ်ယောက်နဲ့ ထိပ်တန်းဧည့်ကြိုတစ်ယောက်ရတဲ့ ရင်းမြစ်တွေက ကမ္ဘာနှစ်ခုလိုပဲ ကွာခြားတယ်။]
[ဒီလုပ်ငန်းထဲ ဝင်ပြီးတာနဲ့ အမျိုးသားမော်ဒယ်အများစုက သဘာဝအတိုင်း အကောင်းဆုံးဖြစ်ချင်ကြတယ်လေ။]
[လော်ရယ်နန်းဆောင်က အမျိုးသားနှင့် အမျိုးသမီးမော်ဒယ်တွေကို ကောင်းကောင်းဆက်ဆံတယ်။ သူတို့ပိုဝင်ငွေရှာနိုင်လေ၊ အမြတ်ဝေစုပိုရလေပဲ။]
[အဲဒီအချိန်က အမျိုးသားမော်ဒယ်လေးယောက်က ရာထူးအတွက် အပြင်းအထန် တိုက်ခိုက်ခဲ့ကြတယ်၊ ဒါပေမယ့်! အဲ့ဒီမှာပဲ အလှည့်အပြောင်းက စတာပဲ! အထွေထွေခန်းမဆောင်ရဲ့ ထိပ်တန်းဧည့်ကြိုက ထင်ရှားလာတာ။]
[အဲဒီအချိန်က ဖောက်သည်တွေကို သူ့ရဲ့အသုံးအများဆုံး စကားက “ကျွန်တော်က hot တယ်။ ကျွန်တော့်ကို ရွေးပါ” တဲ့လေ။]
နဉ်ရွှီ: “…”
ဆေးပင်များကို တိတ်တဆိတ်ယူနေသူ: “…”
အရှက်ရပြီး ကိုးရိုးကားရားအနိုင်ဆုံးအချိန်... တကယ်ကို ရောက်လာခဲ့ပြီ။
အရမ်းရှက်စရာကောင်းတယ်!
ဒါက အတင်းအဖျင်းပြောခံရသူ ဖြစ်ရတဲ့ခံစားချက်ပဲ။
ဒီအချိန်မှာပဲ သူ နောက်ဆုံးတော့နားလည်သွားပြီ!
___
ဖရဲသီးစားခြင်းစနစ်က စိတ်လှုပ်ရှားစွာပင်။ [သူက အရမ်းhotတာကြောင့် အဲဒီအချိန်က သူ့ကိုအများဆုံးရွေးချယ်ခဲ့ကြတယ်။ နင်သိတဲ့အတိုင်းပဲ၊ ကျင့်ကြံသူလောကထဲမှာ ချမ်းသာတဲ့လူတွေမရှားဘူးလေ၊ ချမ်းသာတဲ့အမျိုးသမီးတွေက ပိုတောင်ပေါများတယ်။]
[လော်ရယ်နန်းဆောင်က တကယ်တော့ တရားဝင်ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီးမော်ဒယ်တွေရှိပေမယ့် နန်းဆောင်ထဲမှာတော့ သူတို့က စကားပြောဖော်လုပ်ပေးတာမျိုးနဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်ပဲ ပေးတာများတယ်။ ဟုတ်တယ်၊ သူတို့ကို အပြင်ကို ခေါ်ထုတ်သွားလို့တော့ ရတယ်။]
[သူ့ရဲ့အရည်အချင်းနဲ့ စွမ်းရည်တွေကို အားကိုးပြီး သူက အဲဒီလမှာ လုံးဝ ထင်ပေါ်လာခဲ့တယ်၊ တစ်ကြိမ်ထက်မက အပြင်ကို ခေါ်ထုတ်ခံခဲ့ရတယ်။]
အပြင်ခေါ်ထုတ်သွားပြီး ဘာလုပ်လဲဆိုတာကတော့ တစ်ဦးချင်းစီ၏ အမြင်အပေါ် မူတည်ပါပေသည်။
ဖရဲသီးစားခြင်းစနစ်၏စကားများကို ကြားပြီးနောက်မှာ တခြားတပည့်တွေအတွက် အရင်းအမြစ်များ လဲလှယ်ပေးနေသော တပည့်များနှင့် အမျိုးမျိုးသော ကျင့်ကြံမှုရင်းမြစ်များ လာလဲလှယ်သော ဂိုဏ်းတူညီအစ်ကိုမောင်နှမများအားလုံး အံ့အားသင့်သွားကြကုန်သည်။
ဘာလဲ...?
သူတို့ ဒါတွေကိုတောင် နားထောင်လို့ရတာလား။
ဒါက... နည်းနည်းစိတ်လှုပ်ရှားကောင်းတယ်! ကောင်းတယ်၊ ကြိုက်တယ်၊ အတင်းအဖျင်းတွေပိုပေးပါဦး!
အထွေထွေခန်းမဆောင်၏ ထိပ်တန်းဧည့်ကြိုက ဤသို့ဘဝမျိုး ရှိခဲ့သည်ဟု မည်သူကများ တွေးထင်ထားမိမှာလဲ။ ခဏလေး၊ မဟုတ်ဘူး၊ အရင်က အထွေထွေခန်းမဆောင်ရဲ့ ထိပ်တန်းဧည့်ကြိုက ဒီလိုဘဝမျိုး ရှိခဲ့တယ်!
ဤစကားကိုကြားပြီးနောက် နဉ်ရွှီ အတော်လေးကျေနပ်သွားခဲ့သည်။ ထိပ်တန်းဧည့်ကြို၏အတိက်က အတွေ့အကြုံများ အလွန်များလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့မိပါ။ လော်ရယ်နန်းဆောင်မှာပင် ထိပ်တန်းဧည့်ကြို ဖြစ်နိုင်ခဲ့လျှင် အဆောင်တန်းမှာ ဘာလို့ မအောင်မြင်နိုင်မှာလဲ?
အထွေထွေခန်းမဆောင်ကို ဝင်ရောက်ခြင်းက ရေထဲကငါးလိုမလွယ်ကူဘူးလား။
ဖရဲသီးစားခြင်းစနစ်က “ကျွတ်” ဟုအသံပြု၍ [ဒီအတင်းအဖျင်းတွေ နင့်ကို ပြောပြတာက နင့်ပျော်ရွှင်ဖို့ရယ်၊ သူ့ကို နင့်ရဲ့လက်အောက်ငယ်သားအဖြစ်ခေါ်ယူဖို့ နင့်ကို ကူညီဖို့ပဲရယ်ပဲ။]
ပထမတွင် နဉ်ရွှီ၏အမူအရာသည် ပေါ့ပါးနေခဲ့သော်လည်း ဤစကားကိုကြားသောအခါ သူမ၏မျက်ခုံးများ အနည်းငယ်တွန့်ချိုးသွားသည်။ “နင်ဆိုလိုတာက?”
ဖရဲသီးစားခြင်းစနစ်က ထင်ရှားသော ချီးကျူးမှုဖြင့် [နင့်မှာ လူမှုဆက်ဆံရေးလည်းမရှိဘူး၊ အရင်းအမြစ်တွေလည်းမရှိဘူး၊ နင့်ရဲ့ဝိညာဉ်အမြစ်က တခြားသူတွေရဲ့မျက်စိမှာ သုံစားမရဘူးလေ “နင့်ကို အလုပ်လုပ်တာနဲ့” နဲ့ “အထွေထွေခန်းမဆောင်ရဲ့ ထိပ်တန်းဧည့်ကြိုဖြစ်တာ” ကြားမှာ၊ ဉာဏ်ကောင်းတဲ့လူတွေဆို ဘာကိုရွေးရမယ်ဆိုတာ သိတယ်။]
ဖရဲသီးစားခြင်းစနစ်၏ လေသံ၌ လေးစားမှုများဟာ ထင်ရှားနေပေသည်။ [ဒါပေမယ့် ငါသူ့အပေါ်မှာ မျှော်လင့်ချက်တွေ အများကြီး ထားထားတယ်။]
[အထွေထွေခန်းမဆောင်မှာ အလုပ်လုပ်နေတာက သူ့ရဲ့စွမ်းရည်ကို လုံးဝဖြုန်းတီးနေတယ်လို့ ငါထင်တယ်။ သူ ဒီထက်မကပိုကောင်းနိုင်တယ်။]
[သူသာ နင့်ရဲ့လေလံပွဲတင်ရောင်းသူ ဖြစ်လာရင် နင်တို့နှစ်ယောက်စလုံးအတွက် အကျိုးရှိလိမ့်မယ်။]
သူမ၏လေလံပွဲရုံအလုပ်ဟာ စတင်ပြီးနေသကဲ့သို့ပင် ပြောနေလေ၏။
နဉ်ရွှီဟာ ကူကယ်ရာမဲ့စွာ “ငါ့မှာ လေလံပွဲရုံတောင် မရှိသေးဘူးလေ။”
ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလာ၏။ [နင် ဖြစ်ချင်ရင် အဲဒါက လွယ်ပါတယ်။]
[လေလံပွဲရုံပိုင်ဆိုင်ဖြစ်ရတာ မခက်ပါဘူး၊ စိတ်ဝိညာဉ်ကျောက်တုံးတွေ ရှိရုံနဲ့ လုံလောက်တယ်။ ဒါပေမယ့် အရည်အချင်းရှိတဲ့သူတွေကို ခေါ်ယူတာက အဲ့လောက်မလွယ်ဘူး။]
[သူက ဒါအတွက် ပြီးပြည့်စုံတယ်။]
ဖရဲသီးစားခြင်းစနစ်သည် ဤအရည်အချင်းရှိသော ထိပ်တန်းဧည့်ကြိုကို လက်လွတ်ခံချင်စိတ်မရှိကြောင်း ရှင်းလင်းနေပါသည်။
သို့သော် နဉ်ရွှီ၏အတွင်းစိတ်ခုခံမှုက ပြင်းထန်နေ၏။
သူမက တိုက်ရိုက်မေးလိုက်သည်။ “ဒီအတင်းအဖျင်းကို သုံးပြီး သူ့ကို ခြိမ်းခြောက်စေချင်တာလား?” သူကသဘောမတူရင် ဒီအတင်းအဖျင်းတွေကို ဖော်ထုတ်ပြီး ဂိုဏ်းထဲမှာ အသက်မရှင်နိုင်အောင်လုပ်မလို့လား?
အခြားတပည့်များက သူတို့၏စိတ်ထဲတွင် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ဘဲ အော်ဟစ်နေကြတော့သည်။ မလိုပါဘူး၊ သူတို့က သိပြီးသားပါ။
ဖရဲသီးစားခြင်းစနစ်က ပြန်ဖြေလာသည်။ [ဒါက နောက်ဆုံး အကွက်ပဲ။ ခြိမ်းခြောက်တာနဲ့ မြှူဆွယ်တာနှစ်ခုလုံးလုပ်လို့ရတယ်။ ဟုတ်တယ်၊ ငါက သူ့ကို မြှူဆွယ်ရတာပိုကြိုက်တယ်။ နောက်ဆုံးလက်နက်အနေနဲ့ပဲ ငါ ခြိမ်းခြောက်တာတွေကိုလုပ်မှာ။]
နဉ်ရွှီက ခေါင်းညိတ်လိုက်သည်။ “အဲဒါကို ငါလည်းသဘောတူတယ်။”
တခြားသူများအား ခြိမ်းခြောက်ခြင်းက အရမ်းအဆင့်နိမ့်ကျပါသည်။ သူမ သူ့ကို အေးအေးချမ်းချမ်းပဲ ခေါ်ယူနိုင်တာ အကောင်းဆုံးပင်။
လူတစ်ယောက်နှင့် စနစ်တစ်ခုတို့သည် ဤအရာကို ဆွေးနွေးနေစဉ်တွင် ထိပ်တန်းဧည့်ကြိုသည် နဉ်ရွှီလိုအပ်သော ဆေးပင်များဖြင့်ပြန်ရောက်လာခဲ့သည်။
သူသည် ပြုံးရွှင်သောမျက်နှာဖြင့် အပြင်သို့ထွက်လာပြီး “တာအိုမိတ်ဆွေ၊ ခင်ဗျားလိုတဲ့ ဆေးပင်တွေက သိုလှောင်အိတ်ထဲမှာရှိပါတယ်။ ကျေးဇူးပြုပြီးစစ်ဆေးပေးပါ။”
နဉ်ရွှီက သူ့ဆီမှ သိုလှောင်အိတ်ကိုယူလိုက်သောအခါ ‘ကျွန်တော်က hotတယ်၊ ကျွန်တော့်ကို ရွေးပါ’ ဆိုသောစကားလုံးများက သူမ၏စိတ်ထဲ၌ အဆုံးမရှိပဲ့တင်ထပ်နေမိတော့သည်။
သူမသည် ခေါင်းငုံ့လိုက်ပြီး သူ့ကို အပိုတစ်ချက်တောင် မကြည့်တော့ပေ။
ဘယ်သူ နားလည်နိုင်မလဲ။ သူ ဒီတာအိုမိတ်ဆွေ မျက်နှာကို တကယ်မကြည့်ရဲတော့ဘူး!
____
E note:
ရှောင်ကွမ်းဆိုတာ အပျော်အိမ်မှာ အလုပ်လုပ်တဲ့ ယောင်္ကျားလေးအစေခံ- နိမ့်ကျတဲ့ အခန်းကဏ္ဍကိုရည်ညွှန်းတဲ့(ပြည့်တန်ဆာ)သဘောပါဝင်တယ်။ ခေတ်သစ်မှာ ယောင်္ကျားလေးမော်ဒယ်အဖြစ် ပြောင်းခေါ်တယ်။ အဆိုးမြင်သမိုင်းကြောင်းကို ဖယ်ရှားဖို့ပါ၊ ဝန်ဆောင်မှုပေးတဲ့ အခန်းကဏ္ဍကို ရည်ညွှန်းပါတယ်။