← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉) (Chapter – 19)

နဉ်ရွှီသည် သူမ၏သိုလှောင်အိတ်ကိုယူပြီး ထွက်ခွာရန်ပြင်ဆင်နေစဉ် ဖရဲသီးစားခြင်းစနစ်က ရုတ်တရက် “သူ့ကို ရွေးပါ!” ဟုပြောလိုက်သည်။

နဉ်ရွှီ: …

ထိပ်တန်းဧည့်ကြို: …

နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်က သူမကို ထိပ်တန်းဧည့်ကြိုနှင့် တွေ့ဆုံရန်၊ လက်အောက်ခံအဖြစ် ခေါ်ယူရန်၊ ကိုယ်တိုင်တွေ့ဆုံ စကားပြောရန်ဆိုလိုကြောင်း နားလည်သော်လည်း “သူ့ကို ရွေးပါ” ဟူသော စကားကိုကြားရသည်မှာ တစ်နည်းနည်းဖြင့် မှားယွင်းနေသလို ခံစားရမိတော့သည်။

ဖရဲသီးစားခြင်းစနစ်: [ထိပ်တန်းဧည့်ကြိုက အထွေထွေ‌ခန်းမဆောင်မှာ တစ်လကို နှစ်ကြိမ်ပဲပေါ်လာတာ။ ဒီအခွင့်အရေးကို လွဲချော်သွားရင် နောက်ထပ် တစ်လခွဲလောက်စောင့်ရလိမ့်မယ်။]

နဉ်ရွှီ: “ဂိုဏ်းဖော်ဂိုဏ်းသားတွေ အများကြီးရှိနေတော့ သိပ်မအဆင်ပြေဘူး။”

ဖရဲသီးစားခြင်းစနစ်: [နင့်ရဲ့ လေလံပွဲရုံကိုစဉ်းစား၊ နင့်ရဲ့ သိုလှောင်လက်စွပ်ထဲကို မကြာခင် စီးဝင်လာမယ့် မရေမတွက်နိုင်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို စဉ်းစား၊ နင့်ရဲ့ မြင့်တက်လာမယ့် စီးပွား‌ရေးကို စဉ်းစား၊ host၊ ဘာကို စောင့်နေတာလဲ?!]

လေလံပွဲရုံနှင့် ပြိုင်ဘက်များသည် မမြင်ရသေးသော်လည်း ဖရဲသီးစားခြင်းစနစ်၏စကားက အချက်အချာကျပါသည်။ နောက်ဆုံးတွင် သူမသည် ကျင့်ကြံမှုကိုစတင်လိုက်ပြီဆိုလျှင် အဘယ်ကြောင့် ပို၍ရည်ရွယ်ချက်ကြီးကြီးမားမား မထားရမည်နည်း။

ထိုသို့ဆိုလျှင် ဘာကြောင့် တုံ့ဆိုင်းနေရမည်နည်း။ အမြန်ဆုံးလုပ်ဆောင်လိုက်တာ ပိုကောင်းပါသည်။ ပထမဦးစွာ လက်အောက်ခံတစ်ဦးကို ခေါ်ယူပြီးမှ ဆက်လုပ်ရမည်! စနစ်က ထိပ်တန်းဧည့်ကြိုအပေါ် မျှော်လင့်ချက်များ ထိုလောက်ထားထားပြီး သူလည်း အမှန်တကယ် ထူးခြားသောစွမ်းရည်များ ရှိခြင်းကြောင့် ၎င်းက လက်လွတ်မခံသင့်သော အခွင့်အရေးပင်။

နဉ်ရွှီသည် သူမ၏ ထွက်ခွာမှုကို ရပ်တန့်လိုက်ပြီး ထိပ်တန်းဧည့်ကြိုဘက်သို့ လှည့်ကာ ပြုံးပြလိုက်သည်။ “တာအိုမိတ်ဆွေ ကျွန်မတို့ ကျောက်စိမ်းတံဆိပ်ပြားချင်း လဲလို့ရမလား။ နောက်တစ်ကြိမ် အထွေထွေခန်းမဆောင်ကိုလာတဲ့အခါ ရှင့်ကို လာရှာပါ့မယ်။”

ကျင့်ကြံသူလောကတွင် လူများသည် ကျောက်စိမ်းတံဆိပ်ပြားများမှတစ်ဆင့် အချင်းချင်း ဆက်သွယ်ကြပေသည်။ ကျောက်စိမ်းတံဆိပ်ပြားသည် သူမ၏ ယခင်ကမ္ဘာမှ “wechat” နှင့်တူညီလေသည်။

ထိပ်တန်းဧည့်ကြိုက ကျောက်စိမ်းတံဆိပ်ကို တောင်းခံ,ခံရခြင်းမှာ မထူးဆန်းကြောင်း ရှင်းနေ၏၊ သူသည် သူ့၏သိုလှောင်အိတ်မှ တစ်ခုကိုထုတ်ယူကာ လက်နှစ်ဖက်ဖြင့် သူမအားပေးလိုက်ချေသည်။ “မိတ်ဆွေ၊ ကျေးဇူးပြုပြီး။”

နဉ်ရွှီသည် သူမ၏စိတ်ထဲ၌ပင် ခေါင်းညိတ်လိုက်မိသည်။ “ကျောက်စိမ်းတံဆိပ်ပြားကို လက်နှစ်ဖက်နဲ့ကမ်းပေးတာ၊ မဆိုးဘူးပဲ။”

ဖရဲသီးစားခြင်းစနစ်က တီးတိုးပြောလာ၏။ [မဟုတ်ရင် သူက ဘယ်လိုလုပ် ထိပ်တန်းဧည့်ကြိုဖြစ်လာမှာလဲ? သူ့ရဲ့ ဉာဏ်ရည်က မြင့်တယ်လေ။]

[သူသာ ဆန္ဒရှိရင် ချမ်းသာတဲ့အမျိုးသမီးတွေနဲ့ အမျိုးသားတွေကို သူ့အတွက်ပြိုင်ဆိုင်ဖို့တောင် ဆွဲဆောင်နိုင်တယ်ရယ်။]

[အဲလိုဖြစ်လာရင် လေလံပွဲတင်တဲ့ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေ မြင့်တက်မသွားနိုင်ဘူးလား?]

[ ထိပ်တန်းဧည့်ကြိုရှေ့မှာ ချမ်းသာတဲ့အမျိုးသမီးပဲဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ်၊ လွယ်လွယ်နဲ့ အရှုံးမပေးချင်ကြဘူးလေ၊ ဟုတ်တယ်မလား? ရှုံးနိမ့်ရင် အရမ်းရှက်စရာကောင်းမှာ။]

နဉ်ရွှီ: “...ဒါက နင့်စိတ်ထဲမှာရှိနေတဲ့အရာပေါ့။”

သူမသည် ဖရဲသီးစားခြင်းစနစ်ဟာ အစီအစဉ်ချရာတွင် ကောင်းမွန်သည်ကိုဝန်ခံပါသည်။

ဖရဲသီးစားခြင်းစနစ်က ဂရုမစိုက်ဘဲ [သူတို့က ငါတို့ရဲ့ လေလံပွဲရုံမှာ မသုံးရင်တောင် တခြားနေရာမှာ သွားသုံးမှာပဲလေ။]

[ဒီလိုဆိုရင် ငါတို့ကပဲ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ရှာသင့်တာမဟုတ်ဘူးလား?]

နဉ်ရွှီ ခဏလောက်စဉ်းစားပြီး “နင်ပြောတာ မှန်တယ်” ဟူ၍ပြောလိုက်၏။

နောက်ဆုံးတော့ စိတ်ဝိညာဉ်ကျောက်တုံးများက ချမ်းသာသော အမျိုးသားများနှင့် အမျိုးသမီးများ၏ အိတ်ကပ်ထဲမှာပဲ ရှိပြီး၊ ဘယ်သူက ထိုစိတ်ဝိညာဉ်ကျောက်တုံးများကို ရနိုင်မယ်ဆိုသည်က သူတို့၏ကိုယ်ပိုင်စွမ်းရည်ပေါ်မှာ မူတည်ပေသည်။

နားထောင်နေတဲ့ ဂိုဏ်းတူညီအစ်ကိုမောင်နှမများ: “ဒီလိုလုပ်လို့ရတာကိုး!”

ကျောက်စိမ်းတံဆိပ်များကို လဲလှယ်ပြီးနောက် နဉ်ရွှီသည် အထွေထွေခန်းမဆောင်ကနေ ထွက်ခွာသွားပြီး ထိပ်တန်းဧည့်ကြိုနှင့် ကိုယ်တိုင်တွေ့ဆုံ စကားပြောဖို့ သင့်တော်တဲ့အချိန်ကိုရှာရန် စီစဉ်လိုက်၏။

သူမ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ခန်းမထဲမှာ ကျန်နေခဲ့သော ဂိုဏ်းဖော်ဂိုဏ်းသားများ၏ အကြည့်များသည် ထိပ်တန်းဧည့်ကြိုကို ပို၍ပင်ပြင်းထန်ပြစွာ ကြည့်နေကြကုန်တော့သည်။

သူက အထွေထွေခန်းမဆောင်၏ ထိပ်တန်းဧည့်ကြိုဖြစ်ရုံသာမက လော်ရယ်နန်းဆောင်၏ ထိပ်တန်းဧည့်ကြိုလည်း တစ်ချိန်ကဖြစ်ခဲ့ဖူးသည်ဆိုတာကို သိလိုက်ရလေ၏။

လော်ရယ်နန်းဆောင်သည် ကျင့်ကြံသူလောကတွင် နာမည်ကြီးသောနေရာဖြစ်ပါသည်။

သူတို့လို အဆင့်နိမ့်တပည့်များမှာ နာမည်ကိုသာကြားဖူးပြီး ဘယ်တုန်းကမှ ခြေမချဖူးကြပေ။

ကောလာဟလအရ အာဏာရှိသောပုဂ္ဂိုလ်များစွာဟာ တစ်ညတည်းမှာပင် အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းကျော် သုံးစွဲခဲ့ဖူးသည်ဟူ၍ သိရပေသည်။ လော်ရယ်နန်းဆောင်၏ကြမ်းပြင်ဟာ စိတ်ဝိညာဉ်ကျောက်တုံးနှင့် ဖန်းလိုင်ကျွန်းက ကျောက်များနှင့် ပြုလုပ်ထားသည်ဟုပင် ဆိုလေ၏။

သင်၏ကြွယ်ဝမှုဟာ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး သန်းအနည်းငယ်ပင် မရှိလျှင် လော်ရယ်နန်းဆောင်၏တံခါးနားပင် မကပ်နိုင်ဟုလည်းကြားဖူးပေ၏။ လော်ရယ်နန်းဆောင်၏ လက်ရှိထိပ်တန်းဧည့်ကြိုကလည်း ကောင်းကင်ဝိညာဉ် အမြစ်ရှိသော ပါရမီရှင်တစ်ဦးပင်...

သူတို့က ကောလာဟလများ အများကြီးကြားဖူးကြသော်ငြား ကံမကောင်းစွာဖြင့် အရင်းအမြစ်များကို ခြေရာခံမရသည့်အတွက် မှန်မမှန်မသိကြချေ။

ယခုတော့ တာအိုမိက်ဆွေတစ်ဦးက လော်ရယ်နန်းဆောင်မှာ ရှိခဲ့ဖူးသည်ဆိုတာ ရုတ်တရက်သိလိုက်ရချိန် သူတို့၏စိတ်ထဲ၌ မရေမတွက်နိုင်သော မေးခွန်းများ ပေါ်လာတော့သည်။

သူတို့ဟာ သာမန်ကျင့်ကြံသူများကို လော်ရယ်နန်းဆောင်ထဲသို့ ဝင်ခွင့်မပြုတာ တကယ်လားဟူ၍ မေးချင်ကြပါသည်။ ဝင်ဖို့အတွက် တကယ်ပဲ ချမ်းသာဖို့ လိုအပ်သည်လော။

သူတို့သည် လော်ရယ်နန်းဆောင်၌ ထိပ်တန်းဧည့်ကြိုဖြစ်ခဲ့ပြီးမှ ဘာကြောင့် အထွေထွေခန်းမဆောင်သို့လာပြီး ဝမ့်ရှင်းဂိုဏ်း၏တပည့် ဖြစ်လာခဲ့တာလဲဟူ၍ မေးချင်ကြပါသည်။

သူတို့မှာ ပိုပြီးတော့တောင် မေးခွန်းများရှိနေသေးသည်...

သို့တိုင် ကိုယ်ရေးကိုယ်တာမေးခွန်းများဖြစ်သည်ကြောင့် အသံကျယ်ကျယ်နှင့် မေးလို့မရချေ။

ထို့ကြောင့် သူတို့သည် နောက်တစ်ကြိမ် ဖရဲသီးစားခြင်းစနစ်က အတင်းအဖျင်းများ ပိုပြီး ဖော်ထုတ်ပေးလိမ့်မယ်ဟုသာ မျှော်လင့်နိုင်ကြတော့၏။

တပည့်များဟာ အလွန်ကိုယ်ရေးကိုယ်တာဆန်သော မေးခွန်းများ မမေးတော့သည်ကို မြင်တော့ ထိပ်တန်းဧည့်ကြိုက နောက်ဆုံး၌ ရှည်လျားသည့်သက်ပြင်းကို ချလိုက်နိုင်သွားလေပြီပင်။

သူက ဂိုဏ်းချုပ်နှင့် ဝူအကြီးအကဲတို့၏ ခံစားချက်များကို နောက်ဆုံးတော့ နားလည်သွားပါပြီ။

လူတိုင်းက မလွယ်ကူကြပေ။

နဉ်ရွှီ သူမ၏သေးငယ်သောမြက်အိမ်သို့ ပြန်ရောက်သောအခါ ပထမဆုံးလုပ်ဆောင်သည်မှာ အဆောင်စက္ကူ၊ စုတ်တံနှင့် သွေး‌နီးရောင်မှုန့်တို့အား ထုတ်ယူကာ ပေါက်ကွဲခြင်းအဆောင်များ စတင်ရေးဆွဲခြင်းပင်။

သူမသည် အကြိမ်များစွာ ကျရှုံးခဲ့လေ၏။

လေးကြိမ်ဆက်တိုက် ကျရှုံးပြီးနောက် နဉ်ရွှီရပ်လိုက်တော့သည်။ သူမ ခဏစဉ်းစားပြီး “နင့်ရဲ့ ရှင်းပြချက်ကို နားထောင်ပြီးတော့ အဆောင်ရေးဆွဲတာက လွယ်တယ်လို့ ငါထင်ခဲ့တာ၊ ဒါပေမယ့် စမ်းကြည့်လိုက်တော့ ငါစိတ်ကူးထားသလောက် မလွယ်ကူဘူးဆိုတာ နားလည်သွားပြီ။”

ဖရဲသီးစားခြင်းစနစ်က သူမကို နှစ်သိမ့်လာ၏။ [အခက်ခဲဆုံးအပိုင်းက အစပိုင်းပဲ။ နင်ကျွမ်းကျင်သွားတာနဲ့ မခက်တော့ပါဘူး။ နင့်ရဲ့ အရင်ကကျရှုံးခဲ့တာတွေက ဝိညာဉ်စွမ်းအင်ကို လိုက်လျောညီထွေဖြစ်အောင် အသုံးပြုနိုင်ခြင်းမရှိသေးလို့ပဲ။]

[ဝိညာဉ်စွမ်းအင်ကို နင့်ရဲ့လက်ထဲက သဲလို့ စိတ်ကူးကြည့်လိုက်။]

[ဒီသဲကို ညီညီညာညာနဲ့ ပုံမှန်အရှိန်လေးနဲ့ ကျလာအောင် လုပ်ဖို့လိုတယ်။]

[အလားတူပဲ၊ နင့်ရဲ့ ဝိညာဉ်စွမ်းအင်ကိုလည်း တဖြည်းဖြည်း၊ ညီညီညာညာနဲ့ တည်တည်ငြိမ်ငြိမ် ထုတ်လွှတ်ဖို့လိုတယ်။]

[နင်ဝိညာဉ်စွမ်းအင်ကို အသုံးပြုတာမှာ ဟန်ချက်ညီသွားတာနဲ့ အဆောင်က သဘာဝအတိုင်း ပုံပေါ်လာလိမ့်မယ်။]

ဖရဲသီးစားခြင်းစနစ်၏ အသေးစိတ်ရှင်းပြချက်ကို လိုက်နာပြီး နဉ်ရွှီသည် ပေါက်ကွဲခြင်းအဆောင် တစ်ဖန် ထပ်ရေးဆွဲလိုက်၏။ ဤတစ်ကြိမ်မှာတော့ သူမ အောင်မြင်သွားခဲ့တော့သည်။

ဖရဲသီးစားခြင်းစနစ်မှာ လက်မရှိသဖြင့် စကားပြောခြင်းမှတစ်ဆင့်သာ ဂုဏ်ပြုနိုင်တော့သည်။

[ဘန်း! ဖြောင်း! ဖြောင်း! Host ပေါက်ကွဲခြင်းအဆောင်ကို အောင်အောင်မြင်မြင် ရေးဆွဲနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်!]

နဉ်ရွှီ သက်ပြင်းချလိုက်ပြီး စိတ်သက်သာရာရသော အပြုံးတစ်ခုကိုပင် ပြလာ၏။ “ကျေးဇူးတင်ပါတယ်။”

ဖရဲသီးစားခြင်းစနစ်၏ အကူအညီမပါဘဲ သူမသည် ဤမျှအလျင်အမြန် အောင်မြင်နိုင်မည်မဟုတ်ပေ။

ဤပေါက်ကွဲခြင်းအဆောင်တစ်ခုကို ရေးဆွဲရန်အတွက် သူမသည် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ဆယ်ခုကို အသုံးပြုခဲ့ရသည်။

ဤဝိညာဉ်ကျောက်တုံးများမရှိပါက ဖရဲသီးစားခြင်းစနစ်သည် ဝိညာဉ်စွမ်းအင်မလုံလောက်မှုကြောင့် ကြာမြင့်စွာကတည်းက အော့ဖ်လိုင်းဖြစ်နေပြီပင်။

ဝိညာဉ်ကျောက်တုံးများသည် တကယ်ပင် အဖိုးတန်သောအရာများဖြစ်ပါသည်။

ဖရဲသီးစားခြင်းစနစ်က သူမကိုလေလံပွဲရုံဖွင့်ရန် ဤမျှစိတ်အားထက်သန်နေရခြင်းမှာ အံ့သြစရာမရှိတော့ပေ။

ခဏနားပြီးနောက် နဉ်ရွှီသည် နောက်ထပ် ပေါက်ကွဲခြင်းအဆောင်ဆယ်ခုကို ရေးဆွဲပြီးမှသာ ရပ်လိုက်၏။

ထိုဆယ်ခုထဲမှ ခုနစ်ခုအောင်မြင်ပြီး သုံးခုကျရှုံးခဲ့သည်။ အောင်မြင်မှုနှုန်းမှာ မဆိုးလှပေ။ ပို၍ထူးခြားသည်မှာ အောင်မြင်သော အစီအရင်သုံးခုမှာ အဆင့်မြင့်များဖြစ်နေကြ၏။

ဖရဲသီးစားခြင်းစနစ်: [host နင်က အဆောင်ရေးဆွဲတာမှာ အရည်အချင်းရှိတာပဲ။]

နဉ်ရွှီ: “ချီးကျူးပေးတဲ့အတွက် ကျေးဇူးပါ။” သူမသည် အောင်မြင်သော အဆောင်များကို သိမ်းဆည်းလိုက်သည်။ သူမသည် ၎င်းတို့ကို ဝိညာဉ်ကျောက်တုံးများဖြင့် လဲလှယ်ရန် စီစဉ်ခြင်းမရှိဘဲ ကိုယ့်ကိုယ်ကိုကာကွယ်ရန်အတွက်သာ သိမ်းထားရန် ရည်ရွယ်ပါသည်။

အဆောင်များ ရေးဆွဲပြီးသောအခါ အချိန်မစောတော့ပေ။ နဉ်ရွှီသည် နံနက်ပိုင်းသင်တန်းအတွက် အချိန်မရောက်မီ နာရီအနည်းငယ် တရားထိုင်နေခဲ့သည်။

ထိုနေ့တွင် နဉ်ရွှီရင်ပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် တစ်ခုခုမှားယွင်းနေကြောင်း သတိပြုမိလိုက်ချေသည်။

သူမ၏ ဂိုဏ်းဖော်ဂိုဏ်းသားများ၏ မျက်နှာများသည် မျှော်လင့်ခြင်းနှင့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။

ဘာဖြစ်နေတာလဲ။

ဘာဖြစ်နေလဲဆိုသည်အား ဖရဲသီးစားခြင်းစနစ်ကို မေးရန်ပြင်နေစဉ် စိတ်ထားဖြူစင်သောကျင့်ကြံသူက ရုတ်တရက် သူမနောက်မှပေါ်လာပြီး “ဒီနေ့က အကြီးအကဲတွေနဲ့ တောင်ထိပ်သခင်တွေ တပည့်တွေခေါ်ယူတဲ့နေ့။” ဟု ပြောလိုက်ချေသည်။

စိတ်ထားဖြူစင်သော ကျင့်ကြံသူက သတိပေးလိုက်သောအခါ နဉ်ရွှီသတိရသွားသည်။

နောက်ဆုံးတွင် သူမသည် ပုံမှန်တပည့်များနှင့်ကွဲပြားပါသည်။ သူတို့သည် ရုတ်တရက် ကံကောင်းခြင်းကို မျှော်လင့်နေကြ၏၊ အကြီးအကဲတစ်ဦးဦးက သူတို့ကို သတိပြုမိပြီး အတွင်းဂိုဏ်းတပည့်အဖြစ် လက်ခံရန်မျှော်လင့်နေကြလေ၏။

သို့တိုင် ယခုချိန်မှာ နဉ်ရွှီကတော့ သာမန်အပြင်ဂိုဏ်းတပည့်တစ်ဦးသာ ဖြစ်ချင်ပါသည်။

ဆရာတစ်ဦးကို လက်ခံဖို့က နောက်မှစ‌ဥ်းစားမည်။ ထို့ကြောင့် သူမသည် အကြီးအကဲများ၏ တပည့်ခေါ်ယူမှုအပေါ် သိပ်အာရုံမစိုက်ခဲ့ပေ။

နဉ်ရွှီက “အို၊ အခုသတိရပြီ။” ဟုပြောလိုက်၏။

စိတ်ထားဖြူစင်သော ကျင့်ကြံသူက တပည့်ခေါ်ယူမှုအကြောင်းကို ထပ်မံမပြောတော့ပေ။ သူသည် နဉ်ရွှီအား ဘန်းမုန့်လေးအနည်းငယ်ကို ဦးစွာပေးပြီးနောက် သိုလှောင်အိတ်တစ်ခုကို အနည်းငယ်ပြုံးပြကာပေး၍ “မင်းလိုချင်တဲ့ ကိုလာနဲ့ နေကြာစေ့တွေ အဆင်သင့်ဖြစ်ပြီ။ ဒါပေမယ့် သူတို့က မင်းလိုချင်တဲ့အရသာအတိုင်း ဖြစ်မဖြစ်တော့ မသေချာဘူး။”

နဉ်ရွှီမှာ အံ့ဩသွားရသည်။ သူမသည် စိတ်ထားဖြူစင်သော ကျင့်ကြံသူဟာ ကိုလာနှင့် အခြားမုန့်များကို အချိန်မီလုပ်နိုင်လိမ့်မည်ဟု ယုံကြည်သော်လည်း သူတကယ်လုပ်ခဲ့သည်ကို သိလိုက်ရသောအခါ သူမသည် အနည်းငယ်အံ့အားသင့်ပြီး ဝမ်းသာနေမိသည်။

သူမသည် သိုလှောင်အိတ်ထဲမှ ကိုလာကို ထုတ်ယူကာ အရသာမြည်းစမ်းရန် ပြင်ဆင်လိုက်သည်။

နောက်တစ်စက္ကန့်တွင် ရှည်လျားပြီး ဖြူဖွေးသောလက်တစ်ဖက်က သူမကိုတားလိုက်၏။

ဖြူစင်သော ကျင့်ကြံသူက သူမကို သတိပေးလာ၏။ “ဘန်းမုန့်တွေ အရင်စား၊ အစာအိမ်ကို ဖြည့်လိုက်။”

နဉ်ရွှီ ရပ်တန့်သွားပြီး “ကောင်းပြီ။”

သူမ ဘန်းမုန့်များအား စားပြီးနောက် သူမသည် စိတ်အားထက်သန်စွာ ကိုလာကို ဖွင့်ပြီး တစ်ငုံသောက်လိုက်သည်၊ သူမ၏မျက်နှာမှာ ပျော်ရွှင်မှုဖြင့် လင်းလက်လာတော့သည်။

သူမ တစ်ငုံသောက်သည်နှင့် မျက်လုံးများ အနည်းငယ်ပြူးကျယ်သွားရ၏။

စိတ်ထားဖြူစင်သော ကျင့်ကြံသူက သူမကို စိတ်အားထက်သန်သော အမူအရာဖြင့်ကြည့်လာ၏။ “ဘယ်လိုလဲ?”

နဉ်ရွှီက လက်မထောင်ပြကာ “ဒီအရသာပဲ!”

ဖြူစင်သော ကျင့်ကြံသူ၏ ကိုယ်တိုင်ပြုလုပ်ထားသော ကိုလာသည် အရသာနှင့် အနံ့ ၉၀%ကို အတုခိုးနိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

အခုဆို သူမ၏ ဖရဲသီးစားဖော်စားဖက်သည်လည်း အဆင်သင့်ဖြစ်ပြီ။ ယခုမှစ၍ ဖရဲသီးစားခြင်းသည် ပို၍ပင် စိတ်လှုပ်ရှားဖွယ်ဖြစ်လာလိမ့်မည်!

_____

နဉ်ရွှီ သူမ၏မနက်စာကို စားပြီးနောက် မကြာမီဂိုဏ်းချုပ်၊ အမျိုးမျိုးသော တောင်ထိပ်သခင်များနှင့် အကြီးအကဲများအားလုံး ရင်ပြင်သို့တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသည်။

ကျင့်ကြံသူ တစ်ဦးချင်းစီက သူတို့၏ ဂုဏ်သိက္ခာရှိသောရုပ်ရည်များဖြင့် နတ်ဆိုးကဲ့သို့သော အရှိန်အဝါဖြင့် ပေါ်လာခဲ့၏။ ယနေ့သည် အထူးနေ့ဖြစ်သောကြောင့် အကြီးအကဲများအားလုံး ခမ်းခမ်းနားနား ဝတ်စားဆင်ယင်ထားကြပေသည်။ ရလဒ်အနေဖြင့် ရင်ပြင်သည် အမျိုးမျိုးသော စတိုင်လ်များနှင့် ရုပ်ရည်များဖြင့် ပြည့်နှက်နေတော့သည်။

ဝိညာဉ်ရတနာများသည် လင်းလက်တောက်ပသော အလင်းရောင်များကို ထုတ်လွှတ်နေပြီး တပည့်အုပ်စုကို မနာလိုစွာ နဉ်ရွှီ ကိုယ်တိုင်က တပည့်ဖြစ်ဖို့ စိတ်မဝင်စားသော်လည်း သူမတွင် လက်ခံရမည့်ဆရာလိုအပ်သော အစားအစာကျင့်ကြံသူ မိတ်ဆွေများရှိပါသည်။ ထို့ကြောင့် သူမသည် ဒါဇင်များစွာသော တောင်ထိပ်သခင်များနှင့် အကြီးအကဲများကို ဂရုတစိုက် လေ့လာခဲ့တော့သည်။

သူတို့ကို စောင့်ကြည့်ပြီးနောက် သူမသည် ဖရဲသီးစားခြင်းစနစ်ကို “ဘယ်အကြီးအကဲတွေက အစားအစာကျင့်ကြံသူတွေလဲ?” ဟုမေးလိုက်၏။

ဖရဲသီးစားခြင်းစနစ်က ပြန်ဖြေလေသည်။ [ဘယ်ဘက်အစွန်ဆုံးက သုံးယောက်စလုံးက အစားအစာကျင့်ကြံသူတွေပဲ။]

နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်က ညွှန်ပြသောဘက်သို့ လိုက်ကြည့်သည်။ တကယ်ပင် ဘယ်ဘက်အစွန်ဆုံးတွင် သာမန်မီးခိုးရောင်ဝတ်စုံနှင့် အကြီးအကဲသုံးဦးကို သူမတွေ့လိုက်ရ၏။ ကောင်းမွန်စွာဝတ်ဆင်ထားပြီး တောက်ပနေသော အလယ်တွင် ရပ်နေသည့်အကြီးအကဲများနှင့် နှိုင်းယှဉ်ပါက ဤသုံးဦးသည် တစ်နည်းနည်းဖြင့် သနားစရာကောင်းနေတော့သည်။

သူတို့သည် အစွန်းတွင် နေရာယူရုံသာမက ၎င်းတို့၏ဝတ်စုံများမှာလည်း အရိုးရှင်းဆုံးနှင့် ဈေးအသက်သာဆုံးအမျိုးအစားဖြစ်ပါသည်။ ဤသေးငယ်သော အသေးစိတ်အချက်အလက်များမှ အစားအစာကျင့်ကြံသူများသည် ဂိုဏ်းအတွင်း၌ အရေးမပါကြောင်းနှင့် အစွန်အဖျားရောက်နေကြောင်း ရှင်းလင်းနေတော့သည်။

တပည့်များခေါ်ယူရန် ရည်ရွယ်သည့် အကြီးအကဲစုစုပေါင်း ၆၆ ယောက်ရှိသော်လည်း အစားအစာကျင့်ကြံသူ အကြီးအကဲသုံးဦးသာ ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့သည်။ သူတို့၏ကိုယ်ရည်ကိုယ်သွေးနှင့် အရည်အချင်းများ မည်သို့ရှိသည်ကိုတော့ မသိရသေးပေ။

နဉ်ရွှီ စဉ်းစားဟန်ဖြင့် “စိတ်ထားဖြူစင်တဲ့ ကျင့်ကြံသူက ဘယ်အကြီးအကဲကို ရွေးသင့်တယ်လို့ နင်ထင်လဲ?” နောက်ဆုံးတွင် စိတ်ထားဖြူစင်သော ကျင့်ကြံသူက သူမအတွက် နေ့စဉ် မနက်စာယူလာပေးခဲ့သဖြင့် နဉ်ရွှီဟာ သူ့အတွက် အကောင်းဆုံးဆရာကို ရှာဖွေရာတွင် ကူညီပေးခြင်းက မှန်ကန်သည်ဟု ခံစားရပါသည်။

သို့သော် ဖရဲသီးစားခြင်းစနစ်က တုံ့ဆိုင်းနေဟန်ဖြင့် [တကယ်တော့ ဒီသုံးယောက်စလုံးက သိပ်မကောင်းဘူး။]

အစားအစာကျင့်ကြံသူ အကြီးအကဲသုံးဦး: …

နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်၏စံနှုန်းများ မည်မျှမြင့်ကြောင်း နားလည်နေပြီး ဖြစ်ပါသည်။ ကျင့်ကြံသူလောကတစ်ခုလုံးတွင် ၎င်း၏မျက်လုံးကို ဖမ်းစားနိုင်သူ ဆယ်ဦးထက်ပိုမရှိနိုင်ဘဲ၊ ၎င်း၏ချီးကျူးမှုကို ရရှိနိုင်သူ သုံးဦးထက်ပိုမရှိနိုင်ပေ။

သူမက ပေါ့ပေါ့ပါးပါးပင် ပြောလာလေသည်။ “စိတ်ထားဖြူစင်တဲ့ ကျင့်ကြံသူက ဆရာတစ်ယောက်ကို လက်မခံသင့်ဘူးလို့ ပြောချင်တာလား?”

ဖရဲသီးစားခြင်းစနစ်က ပြန်ဖြေလာသည်။ [အဲ့လို မဟုတ်ဘူး။]

[သူက နင်နဲ့မတူဘူး။ သူ့မှာ ငါမရှိဘူး၊ အဲ့ဒါကြောင့် သူ့ကိုလမ်းပြပေးဖို့ ဆရာတစ်ယောက်လိုအပ်တယ်။]

နဉ်ရွှီက ခေါင်းညိတ်လိုက်ချေသည်။ “ဒါဆို ဒီသုံးယောက်ထဲက အသင့်တော်ဆုံးတစ်ယောက်ကို ရွေးကြရအောင်လား?”

ဖရဲသီးစားခြင်းစနစ်က တီးတိုးပြောလာ၏။ [ဘယ်ဘက်အစွန်ဆုံးက တစ်ယောက်က ပုံမှန်အရည်အချင်းနဲ့ ကျင့်ကြံမှုအဆင့်လဲမမြင့်ဘူး၊ ဒါပေမယ့် သူကကြိုးစားတယ်၊ လေ့လာရတာကိုကြိုက်တယ်၊ နည်းနည်းထူးဆန်းတဲ့စိတ်ထားရှိတယ်၊ ဒါပေမယ့် ပွင့်လင်းပြီး သစ္စာရှိတယ်။]

[အလယ်က တစ်ယောက်က ပိုအရည်အချင်းရှိပြီး ကျင့်ကြံမှုလည်း ပိုမြင့်တယ်၊ ဝိညာဉ်ဖြစ်‌ပေါ်ခြင်းအလယ်ပိုင်းအဆင့်မှာရှိတယ်၊ ဒါပေမယ့် သူ့စိတ်ထားက ပိုဆိုးတယ်၊ သူမှာ အကြံအစည်တွေအများကြီးရှိတယ်။ သူကတပည့်တွေလည်း အများကြီးလက်ခံထားပြီးသား၊ တချို့ကစိတ်ထဲမှာ အကြံအစည်များပြီး အုပ်စုဖွဲ့ရတာကိုကြိုက်ကြတယ်။ စိတ်ထားဖြူစင်တဲ့ကျင့်ကြံသူလေးသာ ဝင်ရောက်လာရင် သူ့ကို အခွင့်ကောင်းယူခံရနိုင်တယ်။]

နဉ်ရွှီက ချက်ချင်းပဲ ဆုံးဖြတ်လိုက်၏၊ “ဒါဆို အလယ်ကတစ်ယောက်ကကို မစဉ်းစားတော့ဘူး။”

သူမက ဆက်ပြော၏၊ “ကျန်တာက နောက်ဆုံးတစ်ယောက်ပဲ။”

[နောက်ဆုံးတစ်ယောက်... ငါကတော့ ပုံမှန်ပဲလို့ပဲ ပြောနိုင်တယ်။ သူ့ရဲ့ကိုယ်ကျင့်တရား၊ စိတ်ထားနဲ့ အရည်အချင်းတွေက အရမ်းပုံမှန်ပဲ၊ သူ့အကြောင်း ထူးခြားတာ ဘာမှမရှိဘူး။ သူ့ရဲ့အေးတိအေးစက်ပုံစံကို ဖော်ပြဖို့ ငါ့မှာစကားလုံးတောင်မရှိဘူး]

နဉ်ရွှီက ခဏစဉ်းစားပြီး “နင်ပြောတဲ့အတိုင်းဆိုရင် ဒီသုံးယောက်ထဲက တစ်ယောက်ကို ရွေးရမယ်ဆိုရင် ဘယ်ဘက်အစွန်ဆုံးကတစ်ယောက်က အကောင်းဆုံးဖြစ်မယ် ထင်တယ်?”

အနည်းဆုံးတော့ ဖရဲသီးစားခြင်းစနစ်က သူ့ကို ပွင့်လင်းပြီး သစ္စာရှိသည်ဟူ၍ ဖော်ပြခဲ့ပေသည်။ ထိုအချက်တစ်ခုတည်းနှင့်ပင် သူက ကျန်အကြီးအကဲနှစ်ဦးထက် အများကြီးသာနေပါပြီ။

[ဟုတ်တယ်၊ ဘယ်ဘက်အစွန်ဆုံးက တစ်ယောက်က လက်ခံနိုင်စရာရှိတယ်။]

ထို့နောက် ဖရဲသီးစားခြင်းစနစ်က လေသံပြောင်းကာ [တကယ်တော့၊ စိတ်ထားဖြူစင်တဲ့ကျင့်ကြံသူ အတွက် အသင့်အတင့်ရှိတဲ့ဆရာဆိုရင် လုံလောက်ပါတယ်။]

[ငါ့မှာ ‘အဆင့်မြင့်အစားအစာကျင့်ကြံသူများရဲ့သီအိုရီ’ ဆိုတဲ့ စာအုပ်တစ်အုပ်ရှိတယ်။ ဒါက သူ့ကို အခက်အခဲတွေ အများကြီးကနေ ကယ်တင်နိုင်လိမ့်မယ်။ နင်နောက်မှ ကူးပြီး သူ့ကို ပေးလိုက်လို့ရတယ်။]

[သူက နင့်အတွက် နေ့တိုင်း အစာပြင်ပေးတယ်၊ နင်လည်း သူ့အတွက် အစာပြင်ပေးနိုင်တာပဲ။]

နဉ်ရွှီက ပြုံးလျက် “ကောင်းပြီ!”

သူတို့၏စကားပြောဆိုမှုပြီးနောက် တပည့်များစွာသည် စိတ်ထားဖြူစင်‌သော ကျင့်ကြံသူကို ချက်ချင်းပင် မနာလိုသော မျက်လုံးများဖြင့် ကြည့်လိုက်ကြမိတော့သည်။

တပည့်များ: အစ်ကို၊ မင်းဘာအမှားမှ မလုပ်ခဲ့ဘူး။ မင်းဘာမှအမှားမလုပ်ပဲ၊ ကျွန်တော်တို့ကိုမနာလိုဖြစ်စေတာပဲ။ အစ်ကို၊ ကျွန်တော်တို့ တကယ် ချဉ်တူးနေရပြီ။

သူမ၏ မိတ်ဆွေလေးအကြောင်း စဉ်းစားပြီးနောက် နဉ်ရွှီသည် ဦးထုပ်စိမ်းသူရဲကောင်းအကြောင်းကိုလည်း မမေ့ခဲ့ပေ။

ဘာကြောင့်လဲဆိုလျှင် ဖရဲသီးစားခြင်းစနစ်က သူ့ကိုကူညီရန် ကြိုးစားမည်ဟု ပြောခဲ့သည်ကိုး။

ဦးထုပ်စိမ်းသူရဲကောင်းအကြောင်း ဖော်ပြသောအခါ ဖရဲသီးစားခြင်းစနစ်၏လေသံမှာ အနည်းငယ် ပျော်ရွှင်မှုများပါလာလေ၏။

[ဟဲဟဲ...သူ…]

နဉ်ရွှီက စိတ်ဝင်စားမှုဖြင့် “သူ ဘာဖြစ်ခဲ့တာလဲ?” ဟုမေးလိုက်သည်။

ဖရဲသီးစားခြင်းစနစ်က လှည့်ပတ်မနေဘဲ တိုက်ရိုက်ပြော၏။ [သူက လွန်ခဲ့တဲ့ရက်အနည်းငယ်က လေ့ကျင့်ဖို့တောင်အောက်ကို ဆင်းသွားတယ်။]

နဉ်ရွှီက “ပြီးတော့?” ဟုထပ်မေးလိုက်သည်။

[ပြီးတော့၊ သူအတွေ့အကြံယူနေတဲ့အတွင်မှာ ယန်ကျင်းဂိုဏ်းရဲ့ အမျိုးသမီးငယ်လေးနဲ့ မတော်တဆတွေ့ဆုံခဲ့တယ်။]

[ဒီအမျိုးသမီးငယ်လေးက ပြိုင်ဘက်တစ်ဦးရဲ့ လျှို့ဝှက်အဆိပ်ခတ်ခြင်းကိုခံရပြီး အချစ်အဆိပ်မိသွားတာ။]

(T/N- စိတ်ကြွဆေးထင်တယ်)

[အဲဒီအချိန်က မှောင်နေပြီး အနီးအနားမှာရှိတဲ့ တစ်ယောက်တည်းသော အမျိုးသားကျင့်ကြံသူက ဦးထုပ်စိမ်းသူရဲကောင်းပဲ။ အခြေအနေက အရမ်းအန္တရာယ်များနေတာ။]

နဉ်ရွှီ၏မျက်လုံးများ အနည်းငယ်ပြူးကျယ်သွားပြီး သူမ၏မျက်လုံးအောက်ခြေရှိ စိတ်လှုပ်ရှားမှုက သူမ၏စိတ်ခံစားချက်အမှန်ကို ဖော်ပြနေတော့သည်။

“ဦးထုပ်စိမ်းသူရဲကောင်းက တကယ်ပဲ... ဒီလိုအရာမျိုးနဲ့တွေ့ခဲ့တာလား?”

သူမသည် သူမ၏လည်ချောင်းကို ရှင်း၍ “ပြီးတော့?”

အခြားတပည့်များကလည်း တစ်ပြိုင်တည်း နားများထောင်လိုက်ကြကုန်၏။

တပည့်များခေါ်ယူရန် ရောက်လာသည့် အကြီးအကဲများပင်လျှင် အားရုံစိုက်လာကြလေသည်။

ဤသို့ အချစ်‌အကြောင်း အတင်းအဖျင်းမျိုးကို လူအများအပြားက အကြိုက်ဆုံးပင်။

ဘယ်သူကများ ထိုသို့အရာမျိုးကို နားထောင်ရတာ မကြိုက်ဘဲ နေနိုင်မည်နည်း။

ဒီလိုအတင်းအဖျင်းမျိုး ပိုပြီးပြောပေးပါဦး! သူတို့ ဒါကိုကြိုက်တယ်!

နဉ်ရွှီ၏မျက်လုံးများမှ အရောင်အလင်းကိုမြင်သောအခါ ဖရဲသီးစားခြင်းစနစ်က host၏စိတ်ဝင်စားမှုကို အောင်မြင်စွာ ဆွပေးနိုင်ခဲ့ကြောင်း သိလိုက်ရတော့သည်။

နဉ်ရွှီက တိုက်တွန်းလာ၏။ “နောက် ဘာဆက်ဖြစ်တာလဲ?”

ပုံမှန်ဇာတ်လမ်းအရ နောက်ဆက်တွဲအဖြစ်အပျက်များက တစ်နည်းနည်းနှင့် ပေါ်ပေါက်လာသင့်ပါသည်။

သို့သော်လည်း ဖရဲသီးစားခြင်းစနစ်က ရယ်မောပြီး ဖြည်းဖြည်းချင်းပြောလာ၏။ [ပြီးတော့ သူထွက်ပြေးသွားခဲ့တယ်။]

သူ ထွက်ပြေးသွားခဲ့သည်...

ထွက်ပြေး...

ဘာလဲ?

ထိုစိတ်ကူးယဉ်ဆန်သော အရာများ လုံးဝမဖြစ်ခဲ့ဘဲ၊ ဘာကြီး? သူက ထွက်ပြေးသွားခဲ့တယ်?!

တပည့်များက ဦးထုပ်စိမ်းသူရဲကောင်းအား: ခင်ဗျားမလုပ်နိုင်တာလား?! ဒီလိုပဲထွက်ပြေးသွားခဲ့တယ်တဲ့လား?!

ဦးထုပ်စိမ်းသူရဲကောင်း ကိုယ်တိုင်: …ဒုတိယအကြိမ် အရှက်ရစရာကိစ္စကြီးပါ ညီအစ်ကိုတို့ရယ်။

___

E Note:

[點他!] ဟူသည့် စကားစုကို “သူ့ကို ရွေးလိုက်” သို့မဟုတ် “သူ့ကို ခေါ်လိုက်” ဟုဘာသာပြန်ဆိုနိုင်သည်။ ဤအကြောင်းအရာတွင် နဉ်ရွှီကို သူ့အား လက်အောက်ငယ်သားအဖြစ်လက်ခံရန် ဟာသဆန်စွာ တိုက်တွန်းသည့် သဘောဖြစ်ပါသည်။

(T/N- ကျွန်တော်က hotတယ်၊ ကျွန်တော့ကိုရွေးပါ၊ ဆိုပြီးပြောတဲ့စကားကိုယူပြီး စနောက်ပြီးပြောတဲ့သဘောပါ)

အခန်း (၂၀) (Chapter – 20)

အတင်းအဖျင်းနားထောင်သူအုပ်စုသည် သူတို့၏နှုတ်ခမ်းများကို ရယ်မောရန် ပြင်ဆင်နေကြစဥ် ရုတ်တရက် အေးခဲသွားကြရသည်။

ဘာလဲ? ဒါကတကယ်လား? အဲဒီ့ အမျိုးသမီးက ယန်ကျင်းဂိုဏ်းရဲ့ သမီးအကြီးဆုံးပဲ! သေးငယ်တဲ့ဂိုဏ်းတစ်ခုက နာမည်မရှိတဲ့ အမျိုးသမီးကျင့်ကြံသူတစ်ယောက် မဟုတ်ဘူး!

တဖြည်းဖြည်း နိမ့်ကျလာသော ဝမ့်ရှင်းဂိုဏ်းနှင့်မတူဘဲ ယန်ကျင်းဂိုဏ်းကတော့ တိုးတက်နေ၏။ ထိပ်တန်းဆယ်ဂိုဏ်းထဲမှာ အဆင့်မြင့်မြင့် မရှိသေးသော်ငြား သူ့၏ အလုံးစုံခွန်အားက အလွန်တောင့်တင်းပါသည်။ ဂိုဏ်းကြီးတွေတောင်မှ သူ့ကို ပေါ့ပေါ့တန်တန်သဘောမထားရဲကြပေ။

ထို့အပြင် သမီးအကြီးဆုံးဟူ၍ ခေါ်ဆိုသတ်မှတ်နိုင်သူမှာ ဂိုဏ်းချုပ်၏တစ်ဦးတည်းသောသမီး ရှီယွဲ့ယွဲ့ကိုသာ ဖြစ်၏။ ရှီယွဲ့ယွဲ့က ရေနှင့် သစ်သားဝိညာဉ်အမြစ်နှစ်ခုရှိကာ သူမသည် အသက်လေးဆယ်ကျော်သာ ရှိသေးပေမယ့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်၏ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီပင်။

ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကို ရောက်ရန် နီးစပ်နေပါပြီ။

ထို့အပြင် သူမသည် အဆင်းရူပါအလှဆုံး စာရင်းမှာလည်း ပါဝင်ပေသည်။

ဝမ့်ရှင်းဂိုဏ်းက တပည့်အများစုသည် ရှီယွဲ့ယွဲ့အား လူကိုယ်တိုင် မမြင်ဖူးကြသော်ငြား သူမ၏ နာမည်ကိုတော့ ကြားဖူးကြပါသည်။ ဘာကြောင့်လဲဆိုလျှင် သူမက ကျင့်ကြံသူလောကထဲ၌ အကျော်ကြားဆုံးနှင့် အရည်အချင်းရှိသူများထဲက တစ်ဦးဖြစ်လို့ပင်။ ဘယ်ကျင့်ကြံသူက သူမကို မသိဘဲ နေမည်နည်း။

သို့သော်လည်း ယန်ကျင်းဂိုဏ်းနှင့် ဆက်ဆံရေး တည်ဆောက်ရန် ဤသို့ရွှေအခွင့်အရေးမျိုးကို ဦးထုပ်စိမ်းသူရဲကောင်းက လွဲချော်ခဲ့ရသည်။

ဖရဲသီးစားခြင်းစနစ်က သက်ပြင်းချလိုက်မိသည်။ [အဲဒီတုန်းက အခြေအနေက အရမ်းအန္တရာယ်များတယ်။ သူသာ ရှီယွဲ့ယွဲ့ကို ကူညီခဲ့ရင် ဆုလာဘ်ကောင်းကောင်းတွေ ရခဲ့မှာပဲ။ သူက နောက်လာမယ့် နှစ်အနည်းငယ်အတွက် ကျင့်ကြံရေးအရင်းအမြစ်တွေကို စိုးရိမ်စရာလိုတော့မှာတောင် မဟုတ်လောက်ဘူး။]

သို့တိုင် ထိုအစား ဦးထုပ်စိမ်းသူရဲကောင်းက ထွက်ပြေးခဲ့လေ၏။

နဉ်ရွှီသည် တော်တော်လေး တိတ်ဆိတ်နေပြီးမှ လူတိုင်း၏စိတ်ထဲက မေးခွန်းကို မေးမြန်းလိုက်သည်။ “ဘာလို့ သူက ထွက်ပြေးခဲ့တာလဲ?”

ဖရဲသီးစားခြင်းစနစ်က ရှုပ်ထွေးသည့်လေသံဖြင့်ပြန်ဖြေ၏။ [မသိဘူး။ ငါသိတာက ရှီယွဲ့ယွဲ့က သူ့ကိုလိုက်ကပ်ပြီးတော့ သူ(မ)ကို ကူညီရင် ဆုလက်ဆောင်ကောင်းကောင်း ပေးမယ်လို့ပြောခဲ့တယ်၊ စိတ်ဝိညာဉ်ကျောက်တုံးတွေ၊ ဆေးလုံးတွေလိုမျိုးပေါ့။]

ဤစကားကိုကြားတော့ တပည့်များစွာဟာ ရင်ထဲ၌ပင် နာကျင်ခံစားရမိတော့သည်။

ထိုသို့ ကောင်းကင်ဘုံကပေးသည့် အခွင့်အရေးကို ဦးထုပ်စိမ်းသူရဲကောင်းက စွန့်ပစ်လိုက်သည်!

ထိုနေရာမှာ သူတို့ထဲက တစ်ဦးဦးသာဆိုလျှင် ဘယ်လောက်တောင် ကောင်းလိုက်မည်နည်း။

သူတို့သည် ဤအံ့သြစရာကောင်းသည့် အခွင့်အရေးကို သေချာပေါက် ဖမ်းဆုပ်ထားမည် ဖြစ်ပါသည်။

အချစ်အဆိပ်ကို မည်ကဲ့သို့ ဖြေရှင်းရမည်ဆိုသည့် နည်းလမ်းများ အများကြီးရှိပေ၏။ နှစ်ယောက်စလုံး ပတ်သက်ရန်မလိုပါ။ အလွယ်ဆုံးနည်းလမ်းကတော့ အဆိပ်ဖြေဆေးလုံးနှင့်ပင်။ တစ်လုံးမရလျှင်နှစ်လုံးတိုက်ရမည်။

သို့မဟုတ် အဆင့်မြင့်အဆိပ်ဖြေဆေးလုံးတစ်လုံး ဝယ်နိုင်ပါသည်။ ဝိညာဉ်ကျောက်တုံး မလုံလောက်လျှင် ရှီယွဲ့ယွဲ့ကိုသာ တောင်းနိုင်၏၊ ဂိုဏ်းချုပ်၏သမီးဖြစ်သောကြောင့် ထိုသို့အရာများက မရှားလောက်ချေ။

အားလုံး မဖြစ်နိုင်လျှင်တော့ လူများကိုစုစည်းပြီး သူမကို ကူညီနိုင်ပါသည်။ ရှီယွဲ့ယွဲ့သည် အချစ်အဆိပ်၏လွှမ်းမိုးမှုအောက်တွင် ရှိနေပြီး သူမ၏စိတ်က ရှင်းလင်းမည်မဟုတ်ပေ။ သေချာပေါက် သူတို့ကူညီရန် တစ်ယောက်ယောက်ကို ခေါ်လာနိုင်ပါသည်၊ မဟုတ်လော?

ကံမကောင်းစွာဖြင့်...

ဤနည်းလမ်းများထဲက တစ်ခုကိုမှ ဦးထုပ်စိမ်းသူရဲကောင်းက မသုံးခဲ့ပေ။

ဖရဲသီးစားခြင်းစနစ်ကလည်း ညည်းညူလိုက်၏။ [ဆေးလုံးတစ်လုံးတည်းနဲ့ ဖြေရှင်းနိုင်တဲ့ကိစ္စကို ဦးထုပ်စိမ်းသူရဲကောင်းက ကပ်ရောဂါကိုရှောင်ရှားသလိုမျိုး ပြုမူပြီးတော့ ရှီယွဲ့ယွဲ့ကို တွန်းထုတ်ပစ်လိုက်တယ်လေ။ သူက တကယ်ကို အဆိုးဆုံးပဲ။]

နဉ်ရွှီ: …

တခြားသူတွေ: …

ဤတစ်ကြိမ်တွင် နဉ်ရွှီမှာ အကြာကြီးတိတ်ဆိတ်သွားခဲ့ရ၏။

သူမက မေးလာသည်။ “နောက် ဘာဆက်ဖြစ်တာလဲ?”

ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေသည်။ [သူမကို တွန်းထုတ်ပြီးတော့ သူက ထွက်ပြေးသွားတာပဲ။]

ထွက်ပြေးသွားတယ်...

ထွက်...ပြေး...

“ထွက်ပြေးသွားတယ်” ဟူသောစကားလုံးသည် လူတိုင်း၏စိတ်ထဲ၌ ရှင်းလင်းပြတ်သားသော ပုံရိပ်တစ်ခုအား ပုံဖော်လိုက်သလိုပင်၊ သူတို့သည် အဖြစ်အပျက်ကို အလွယ်တကူ စိတ်ကူးကြည့်နိုင်ကြတော့သည်။

ဦးထုပ်စိမ်းသူရဲကောင်း အပေါ်အာရုံမစိုက်ဘဲ နဉ်ရွှီသည် အမျိုးသမီးကျင့်ကြံသူကို ပိုစိတ်ပူနေမိသည်။ သူမက မေးလာ၏။ “ရှီယွဲ့ယွဲ့ရော ဘာဖြစ်သွားလဲ?”

ဖရဲသီးစားခြင်းစနစ်က ရှင်းပြလေသည်။ [နှစ်နာရီကြာ ရုန်းကန်ပြီးတော့ သူ(မ)ရဲ့ ဆရာတူအစ်ကို ရောက်လာတယ်။]

[အချိန်မီ အဆိပ်မဖြေနိုင်ခဲ့ပေမယ့် နောက်တော့ သူ(မ) ပြန်ကောင်းလာပါတယ်၊ အဲ့ဒါကြောင့် ဘာပြဿနာမှတော့မရှိဘူး။ သူ(မ)ရဲ့ ကျင့်ကြံမှုမှာ အနည်းနည်း ဆုတ်ယုတ်သွားရုံပဲ။]

တပည့်များအားလုံး: ကျင့်ကြံမှုမှာ အနည်းနည်း ဆုတ်ယုတ်ရုံ...ပဲ ?

ပဲ…

ထိုအနည်းငယ် ဆုတ်ယုတ်မှုသည် ပြန်ကောင်းလာဖို့ နှစ်ပေါင်းများစွာ ကြာနိုင်ပါသည်။ ပုံမှန်အားဖြင့် တစ်စုံတစ်ယောက်သည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်၏ နောက်ဆုံးအဆင့်ကနေ အလယ်အဆင့်ကို ကျသွားသောအခါ “ကျင့်ကြံမှုဆုတ်ယုတ်ခြင်း” ဟူသော ဝေါဟာရကိုသုံးပေသည်။

အကယ်၍ ၎င်းသည် သေးငယ်သည့် ဆုံးရှုံးမှုဆိုလျှင် ဝိညာဉ်ဆေးလုံးများဖြင့် ပြန်လည်ကောင်းမွန်စေနိုင်ပါသည်။

နဉ်ရွှီက အရေးကြီးသည့်မေးခွန်းတစ်ခုကို မေးလိုက်သည်။ “သူ့ကို ကူညီဖို့ ငြင်းဆိုခဲ့တဲ့လူက ဝမ့်ရှင်းဂိုဏ်းက တပည့်တစ်ယောက်ဆိုတာကို သူ(မ)သိလား?”

ဖရဲသီးစားခြင်းစနစ်က ရယ်မောလိုက်မိ၏။ [သူ(မ)မသိဘူး။ ဦးထုပ်စိမ်းသူရဲကောင်းက ဘာအသံမထွက်ဘဲနဲ့ အရာရာကို ရှောင်ရှားနိုင်ခဲ့တယ်လေ။ ရှီယွဲ့ယွဲ့က သူ့ကို သာမန်ကျင့်ကြံသူတစ်ယောက်လို့ပဲ ထင်ခဲ့မှာ။]

နဉ်ရွှီ: !!!

တခြားသူတွေ: !!!

ဒီတော့ ဒါကဦးထုပ်စိမ်းသူရဲကောင်းရဲ့ ပုံစံအမှန်ပေါ့!

နဉ်ရွှီက ချီးကျူးသည့်လေသံဖြင့် “ဦးထုပ်စိမ်းသူရဲကောင်းက တကယ်တစ်မျိုးပဲ”

ပုံမှန်ဝတ္ထုများထဲတွင် အမှောင်ဖုံးနေသည့် ကောင်းကင်အောက်၌ တစ်ဦးတည်းကျန်ရှိကြချိန် အမျိုးသားနှင့် အမျိုးသမီးတို့သည် တစ်ခုခုပတ်သက်မိကြသည်မှာ များသော်လည်း ဦးထုပ်စိမ်းသူရဲကောင်းကတော့ ထိုကဲ့သို့ဇာတ်လမ်းမျိုးများကို လုံးဝရှောင်ရှားရန် ရွေးချယ်ခဲ့လေသည်။

ဖရဲသီးစားခြင်းစနစ်က လေးလေးနက်နက် ထပ်ပြောလာ၏။ [သူက မြွေကိုက်ခံရပြီးတော့ ကြိုးကိုတောင် မြွေထင်ပြီး ကြောက်နေတဲ့သူလိုလူမျိုးဟ။ ကျင့်ကြံသူတွေက စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်၊ ဟုတ်တယ်မလား? စေ့စပ်ပွဲ ဖျက်သိမ်းခံရတာ၊ သစ္စာဖောက်ခံရတာ ဘာမှမဟုတ်ပါဘူး။ ဒါပေမယ့် သူက တစ်ကြိမ် နာကျင်ခံစားရပြီးနောက်မှာ သူ့ရှေ့မှာရောက်လာတဲ့ အခွင့်အရေးကိုတောင် လွဲချော်သွားရတယ်လို့။]

[သူ ဘာမှ အများကြီးလုပ်စရာမလိုဘူးလေ၊ အဆိပ်ဖြေဆေးလုံးတစ်လုံးလောက် ပေးလိုက်ရုံပဲ၊ ဟုတ်တယ်မလား?]

[ဒါပေမယ့် သူမလုပ်ခဲ့ဘူး။]

[အဲဒါကို ဘာလိုခေါ်လဲ? အဲဒါကို ဒုံးဝေးတာလို့ခေါ်တယ်!]

ဖရဲသီးစားခြင်းစနစ်၏ စကားများကြောင့် စိတ်ကိုလုံးဝထိမှန်သွားသော ဦးထုပ်စိမ်းသူရဲကောင်း: ……

သူက တကယ်ပဲ ပြဿနာတစ်စုံတစ်ရာနှင့် ပတ်သက်ချင်စိတ်မရှိခဲ့ပေ။ ယန်ကျင်းဂိုဏ်းက ပေးနိုင်သည့် အကျိုးကျေးဇူးများနှင့် နှိုင်းယှဉ်လျှင် သူသည် ရှီယွဲ့ယွဲ့လိုမျိုး ထူးချွန်သူတစ်ဦးနှင့် ပတ်သက်မည့်အစား ငြိမ်းချမ်းစွာကျင့်ကြံရခြင်းကိုသာ ပိုလိုချင်ပါသည်။

သူသည် သာမန်ဝိညာဉ်အမြစ်နှင့် သာမန်နောက်ခံရှိသည့် စေ့စပ်ထားသည့်မိန်းကလေးတစ်ဦးကိုတောင် မကိုင်တွယ်နိုင်သောကြောင့် ကောင်းကင်ဘုံ၏ဂုဏ်ယူစရာကို မည်ကဲ့သို့လုပ်ပြီး ကိုင်တွယ်နိုင်မည်နည်း။ သူ ရှီယွဲ့ယွဲ့ကို ကူညီခဲ့လျှင် သူမ၏အရှက်ရဖွယ်ရာမြင်ကွင်းအား မြင်သွားသည်ဟု တွေးပြီးတော့ သူ့ကို နှုတ်ပိတ်ပစ်ချင်လျှင် မည်ကဲ့သို့လုပ်မည်နည်း။

ကျင့်ကြံသူလောကသည် အချစ်ဇာတ်လမ်းများနှင့် ပြည့်နေသည်မဟုတ်ပေ။ ၎င်းသည်နောက်ကျောဓားနှင့် ထိုးခြင်းနှင့် ရတနာများအတွက် တိုက်ခိုက်ခြင်းများသာ ပိုများ၏။

နဉ်ရွှီ ခဏစဉ်းစားပြီး “နင်အရင်က ပြောတာ မှန်တယ်၊ သူက တကယ်ပဲ အကူအညီလိုအပ်တယ်။”

သူ့စေ့စပ်ထားဖူးသူ၏ စွန့်ပစ်ခြင်းခံရသည့် အတွေ့အကြုံသည် ဦးထုပ်စိမ်းသူရဲကောင်း၏ စိတ်နေသဘောထားအား ပြောင်းလဲစေခဲ့၏။ သူသည် အန္တရာယ်တစ်စုံတစ်ရာကို ထပ်မံယူချင်စိတ်မရှိတော့ပေ၊ သူသည် အသက်ရှင်ဖို့သာ လိုချင်နေသည်။

အသက်ရှင်ချင်ခြင်းသည် ကောင်းပါသည်။

သို့သော်လည်း အသက်ရှင်ခြင်းသည် တာအိုစိတ်နှလုံးသားကို ထိခိုက်စေ၏၊ ထို့အပြင် အခွင့်အရေးများကို လွဲချော်စေပေသည်။

ကျင့်ကြံသူများသည် ရှေ့ကိုဆက်တိုးရမည်!

ရှီယွဲ့ယွဲ့ကို ကူညီခြင်းကို ဥပမာအနေနှင့်ယူကြည့်လျှင် အန္တရာယ်နှင့် ဆုလာဘ်နှစ်မျိုးစလုံးရှိနေပါသည်။ သူမ ကယ်တင်ခံရပြီးနောက် သူ့ကိုပြန်ပြီး လက်စားချေနိုင်ပါသည်။ ၎င်းသည်မဖြစ်နိုင်သည့်အရာ မဟုတ်ပေ။

သို့သော်လည်း သူသည် မျက်ကွယ်ပြုရန် ရွေးချယ်လိုက်လျှင်တော့ အလားအလာရှိသည့် ဆုလာဘ်ကို လွဲချော်သွားလိမ့်မည်ပင်။

ရှီယွဲ့ယွဲ့သည် တံတားကို မီးရှို့မည့်လူစားမျိုးလား? သူမဟာ ကျေးဇူးသိတက်သူလား? သူမသည် “အကြောင်းနှင့်အကျိုးကို စဉ်းစားတက်သူလား?

ထိုကဲ့သို့သော အခွင့်အရေးသည် ရှားပါးလှ၏။

သူမကိုကူညီခြင်းက သူ့ကို ယန်ကျင်းဂိုဏ်းနှင့် ဆက်သွယ်ပေးနိုင်ပြီး၊ ကျင့်ကြံသူလောကတွင် ဆက်သွယ်မှုများ ပိုများခြင်းသည် အခွင့်အရေးများ ပိုများခြင်းကို ဆိုလိုပေသည်။

မကူညီခြင်းကတော့ တည်ငြိမ်သည့် ကျင့်ကြံမှုဘဝကို ရရှိစေသော်လည်း တိုးတက်ဖို့ အခွင့်အရေးများကို လွဲချော်သွားလိမ့်မည်။ ဤဘဝ၌ အကြီးအကျယ်အောင်မြင်နိုင်ဖွယ် မရှိတော့ပေ။

ဟုတ်ပါသည်၊ ထိုအရာတွေအားလုံးသည် ကျင့်ကြံသူ၏ ရွေးချယ်မှုပေါ်တွင် မူတည်ပါသည်။

သို့သော်လည်း အမြဲတမ်းအသက်ရှင်ရန် ကြိုးစားနေသည်ကလည်း မဟုတ်သေးပေ။

ဦးထုပ်စိမ်းသူရဲကောင်းသည် ယခုမှစပြီး အမျိုးသမီးကျင့်ကြံသူများအားလုံးကို ရှောင်ရှားရန် စီစဉ်နေခြင်းလား?

ဖရဲသီးစားခြင်းစနစ်က ထောက်ခံလေသည်။ [ဟုတ်တယ်မလား?]

[အခု အရေးကြီးဆုံးကတော့ ဦးထုပ်စိမ်းသူရဲကောင်းရဲ့ ယုံကြည်မှုကို မြှင့်တင်ပေးဖို့ပဲ။]

[သူ ကျရှုံးခဲ့ရတဲ့ အတွေ့အကြုံက သူရဲ့အစကတည်းက ကြောက်တတ်သည့် စိတ်ကို ပိုဆိုးစေခဲ့တာ။]

[သူသာ ကောင်းကောင်းနေနိုင်ခဲ့ရင် သူ့ ရွံစရာကောင်းတဲ့စေ့စပ်ဖူးတဲ့သူရဲ့ မျက်နှာကို ဖြတ်ရိုက်ပစ်နိုင်မှာရယ်။]

[သူတို့ ပြတ်ပြီးတဲ့နောက် ဘယ်‌လောက်တောင် ကောင်းကောင်းနေနေလဲဆိုတာ သူ(မ)ကိုပြလိုက်။]

နဉ်ရွှီသည် ဦးထုပ်စိမ်းသူရဲကောင်း၏ စေ့စပ်ဖူးသူသည် မည်သူဖြစ်သည်ကို မသိခဲ့သော်ငြားလည်း သူမသည် သူတို့နှစ်ဦးစလုံးဟာ(ရွှီရှစ်ရှင်း) ဆိုးရွားသောလူများပဲဟူသော မြင်သည့်အမြင်ကိုတော့ မပြောင်းလဲခဲ့ပေ။ ဤကဲ့သို့မှ မဟုတ်လျှင် မူရင်းပိုင်ရှင်သည် ဘဝကိုလက်လျှော့သည့်အထိ ဖြစ်သွားမည်မဟုတ်ပါ။

ရွှီရှစ်ရှင်းကတော့ ယခုအရှက်ရစရာဖြစ်ခဲ့သော်လည်း သူ့ကိုအရှက်ရစေရုံဖြင့် မလုံလောက်သေးပေ။

ဖရဲသီးစားခြင်းစနစ်က ဆက်ပြောလာ၏။ [ဦးထုပ်စိမ်းသူရဲကောင်း ချင်းရီလော့မှာ နင်နှင့်တူတဲ့ ဝိညာဉ်အမြစ်သုံးမျိုးရှိတယ်၊ ဒါပေမယ့် သူ့မှာက ရေ၊ မီးနဲ့ မြေကြီးရှိတာ၊ ဒီပေါင်းစပ်ပုံက ခက်ခဲနက်နဲလွန်းတယ်၊ ဘာလို့လဲဆိုတော့ ရေ နဲ့ မီး က သဟဇာတမဖြစ်လို့ပဲ။]

[ငါ့မှာ ‘ရေမီးကျင့်စဉ်’ ဆိုတဲ့ ကျင့်စဉ်တစ်ခုရှိတယ်။ ဒါက ရေ နဲ့ မီး ဝိညာဉ်အမြစ်တွေကို ပိုပြီးတော့ သဟဇာတဖြစ်အောင် ကူညီပေးနိုင်တယ်၊ ဒါပေမယ့် ပြဿနာကတော့ သူ့ရဲ့ လက်ရှိကျင့်ကြံမှုနဲ့ဆိုရင် သူက ရေမီးကျင့်စဉ်ကို သိနေရင်တောင် အဲဒါကို မပြုလုပ်နိုင်သေးဘူး။]

အကြီးအကဲများ: !!!

ဘာကြီး?

ရေမီးကျင့်စဉ်ဆိုတာ တကယ်ပဲတာလား၊ ဒါက ရေနဲ့ မီး ဝိညာဉ်ရင်းမြစ်တွေကို ပိုပြီး သဟဇာတဖြစ်အောင် လုပ်ပေးတယ်လား?

သူအဆင်မပြေခဲ့ရင် သူတို့ကိုယ်တိုင် စမ်းကြည့်မယ်! သူ မလုပ်နိုင်ဘူး၊ ဒါပေမယ့် သူတို့က လုပ်နိုင်တယ်လေ!

နဉ်ရွှီက မျက်မှောင်ကြုတ်၍ “ဒါဆို ဘယ်လိုလုပ်သင့်လဲ?”

[အခုချိန်မှာတော့ ကောင်းတဲ့ဖြေရှင်းချက် မရှိသေးဘူး။ ချင်းရီ‌လော့ကို ကောင်းတဲ့ဆရာတစ်ယောက် အရင်ရှာခိုင်းရမယ်။]

နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်၏စကားထဲက ဖုံးကွယ်ထားသည့်အဓိပ္ပာယ်ကို ချက်ချင်းနားလည်လိုက်သည်။ “နင်က တစ်ယောက်ယောက်ကို ရွေးပြီးသွားပြီလား?”

ဖရဲသီးစားခြင်းစနစ်က ဝန်ခံလေ၏။ [ဟုတ်တယ်။ နင်အဲဒီ့ အနက်ရောင်ဝတ်ရုံဝတ်ထားပြီးတော့ ခက်ထန်တဲ့အကြည့်နဲ့ အကြီးအကဲကိုမြင်လား?]

အကြီးအကဲများ ပထမဆုံး ရောက်လာကတည်းက နဉ်ရွှီသည် ထိုအကြီးအကဲကို ချက်ချင်းသတိထားမိခဲ့ပါသည်။

အဘယ်ကြောင့်ဆိုသော် ထိုအကြီးအကဲမှာ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါရှိကာ ချဥ်းကပ်ဖို့ ခက်ခဲပုံပေါက်နေလို့ပင်။

နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်အား “သူက ခက်ထန်လွန်းတယ်” ပုဂ္ဂိုလ်ရေးအရ နဉ်ရွှီသည် ထို့သို့သောလူမျိုးများကို ဆက်ဆံရခြင်းအား မကြိုက်ပေ၊ ဘာလို့လဲဆိုလျှင် ပိုပြီး စိတ်ဖိစီးမှုများကာ ထိုကဲ့သို့ ရေခဲမျက်မှာမျိုးဟာ အောက်ကတပည့်များကိုပင် အေးခဲစေနိုင်ပေသည်။

ဖရဲသီးစားခြင်းစနစ်က ရယ်မောလျက် [နင်စောနကပဲ ခက်ထန်လွန်းတယ်လို့ ပြောတာမလား။]

[သူ့အကြောင်း လျှို့ဝှက်ချက်လေးတစ်ခု ပြောပြမယ်။ ဒီလျှို့ဝှက်ချက်ကို ကြားပြီးရင် နင်အဲ့လို ခံစားရတော့မှာ မဟုတ်ဘူး။]

နဉ်ရွှီ ချက်ချင်း စိတ်ဝင်စားသွားရသည်။ “ဘာလဲ?”

ဖရဲသီးစားခြင်းစနစ်က ကြီးမားသည့်ဖော်ထုတ်မှုတစ်ခုကို ထုတ်လိုက်၏။ [ဒီလို ခပ်တည်တည်ပုံပေါက်တဲ့ အကြီးအကဲလျှိူက အတွင်းပိုင်းမှာ ဒီလောက်ထိ အေးစက်မနေဘူး။ သူက အေးတိအေးစက်မဖြစ်တာတင်မကဘူး၊ အမျိုးသမီးလို ဝတ်တတ်တဲ့သူ၊ ‘လုံးဝအကြီးစား’ အမျိုးသမီးလို ဝတ်တက်တဲ့သူပဲ!]

နဉ်ရွှီ: !!!

တပည့်များ: !!!

အကြီးအကဲလျှိူ: …

ဖရဲသီးစားခြင်းစနစ်က ဆက်ပြောသည်။ [သူ့ရဲ့ ခပ်တည်တည်နေတဲ့ပုံစံက ဟန်ဆောင်မှုတစ်ခုပဲ!]

[သူက ဓားကျင့်ကြံသူတစ်ယောက်၊ ဒါပေမယ့် သူ့ရဲ့ဇနီးလေးက သူ့ဓားမဟုတ်ဘူး။ ဒါက နှုတ်ခမ်းနီ၊ ပေါင်ဒါ၊ *ရေလက်ရှည်ဝတ်ရုံတွေ၊ ဂါဝန်ရှည်တွေနဲ့ ဆံပင်အလှဆင်ပစ္စည်း အမျိုးအမျိုးကိုပဲ။]

နဉ်ရွှီသည် ဤအတင်းအဖျင်းနှင့် ပတ်သက်ပြီး အံ့ဩသွားခဲ့ရသည်။ တကယ်တော့ ကျင့်ကြံသူလောကသည် ကျယ်ပြန့်ပြီးတော့ ဓားကျင့်ကြံသူများ အမျိုးမျိုးရှိပါသည်။

သို့တိုင် ဓားကျင့်ကြံသူ၏ ဇနီးသည် ဓားတစ်ချောင်းဖြစ်ရမည်ဟု စည်းမျဉ်းမရှိပါ!

ထိုသို့ဈိုလျှင် အကြီးအကဲသည် နှုတ်ခမ်းနီနှင့် ပေါင်ဒါကို ကြိုက်ခြင်းဟာ လုံးဝပြဿနာ မရှိပေ! လုံးဝပြဿနာမရှိပေ!

နဉ်ရွှီသည် သူမ၏ နှုတ်ခမ်းကိုစေ့ပြီး မျှော်လင့်တကြီးဖြင့် “နင် သူ့ကို အမျိုးသမီးဝတ်စုံနှင့် မြင်ဖူးလား?”

ဖရဲသီးစားခြင်းစနစ်က တွန့်ဆုတ်ခြင်းမရှိဘဲ ပြန်ဖြေလေ။ [မြင်ဖူးတာပေါ့။]

“သူက လှလား?”

မကြာခင်မှာပဲ ဖရဲသီးစားခြင်းစနစ်သည် ရယ်မောလိုက်တော့၏၊ သူ့၏ရယ်သံက ပေါ့ပေါ့ပါးပါးဖြစ်ကာ အနည်းငယ် နောက်ပြောင်နေသည့်ပုံဖြင့် [လှတယ်၊ သူက အရမ်းလှတယ်၊ သူက အရင်တစ်ခါတုန်းက အမျိုးသမီးဝတ်စုံနှင့် အပြင်ထွက်ခဲ့ပြီးတော့ ဝူယင်းဂိုဏ်းက အကြီးအကဲတစ်ယောက်ကိုတောင် ရူးသွပ်သွားအောင် လုပ်နိုင်ခဲ့တယ်။]

[ဒီနေ့အထိ အဲဒီအကြီးအကဲက သူ့ကို မမေ့နိုင်သေးဘူး!]

နဉ်ရွှီသည် အထင်ကြီးသွားသည့်အသံဖြင့် “ဝိုး!” ဟူ၍ပင် အော်လိုက်မိ၏။

တပည့်များကလည်း သူတို့၏စိတ်ထဲ၌ “ဝိုး!” ဟူ၍ မနေနိုင်ဘဲ အော်မိသွားတော့သည်။

အကြီးအကဲ: …

ဘာလဲ? ဒီလျှို့ဝှက်ချက်အကြောင်း သူတောင် မသိဘူး! ဒါ... ဒါက တော်တော်လေး အံ့ဩစရာကောင်းတယ်!

____

All Chapters