အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
အခန်း(၂၁)
ဤသည်ကို ကြားလိုက်ရသောအခါ နဉ်ရွှီ၏ စိတ်ဝင်စားမှုမှာ ပိုမိုပြင်းပြလာခဲ့သည်။ သူမသည် အကြီးအကဲလျှိူ၏မိန်းမအသွင်ကို အထူးပင် စိတ်ဝင်စားသွားခဲ့၏။
သူမက မေးမြန်းလိုက်ချေသည်။ “အကြီးအကဲက ဘယ်လောက်တောင်လှလို့လဲ၊ ဖော်ပြပေး”
ဖရဲသီးစားခြင်းစနစ်က လျှာအားတီးခေါက်၍ [ဘယ်လိုဖော်ပြရမလဲ။ အရမ်းလှတယ်လို့ပဲ ပြောလို့ရမယ်။ ဘယ်လောက်တောင်လှသလဲဆိုရင် လုံးဝကို အံ့မခန်းပဲ။ ဘယ်လိုမှ စကားလုံးနဲ့တောင် ဖော်ပြလို့မရဘူး။ သူအဲဒီလို ထပ်ဝတ်ရင်၊ မင်းကို သတိပေးမယ်၊ အဲဒီကျမှ သွားကြည့်လိုက်]
နဉ်ရွှီ ခေါင်းညိတ်ပြီး “ကောင်းပြီ”
ဖရဲသီးစားခြင်းစနစ်၏ ဖော်ပြချက်သည် မည်မျှပင် ပြတ်သားနေပါစေ၊ လူကိုယ်တိုင် မြင်ရသည်နှင့်တော့ နှိုင်းယှဉ်၍ မရသည့်အပြင်၊ ဖရဲသီးစားခြင်းစနစ်သည် အများအားဖြင့် အပြစ်ရှာတတ်ပြီး ဝေဖန်တတ်သည့်အတွက်၊ အကြီးအကဲလျှိူ၏ ပုံစံကို “အလွန်လှပသည်” ဟုပြောရခြင်းသည် သူသည် အမှန်တကယ်ပင် ရင်သပ်ရှုမောဖွယ် ကောင်းခြင်းပင်ဖြစ်သည်ဟု မှတ်ယူနိုင်သည်။
နဉ်ရွှီသည် အတင်းပြောသည်ကို ဆက်လုပ်နေလိုက်ပြီး “ဝူယင်းဂိုဏ်းက အကြီးအကဲက သူမိန်းမလိုဝတ်တာ ကျွမ်းကျင်မှန်းသိလား”
ဖရဲသီးစားခြင်းစနစ်က ထူးဆန်းစွာ ရယ်မောလိုက်ပြီး ပျင်းရိစွာ ပြန်ဖြေလာ၏။ [ သူဘယ်သိမလဲ]
နဉ်ရွှီသည် ဤအဖြေကို ကြားသောအခါ အံ့အားမသင့်တော့ပါ။
ထို့နောက် စနစ်က ဆက်၍ထပ်ဖြည့်ပြောလိုက်၏။ “ဘယ်လိုပြောရမလဲဆိုတော့ သူမိန်းမလိုဝတ်ရင် အရမ်းနူးညံ့ပြီး လှတယ်”
နူးညံ့တယ်…
နူးညံ့…
လူတိုင်း အံ့အားသင့်သွားကြကုန်သည်။ သူတို့သည် ထိုစကားလုံးကို သူတို့ရှေ့တွင် မတ်တပ်ရပ်နေသော အရပ်ရှည်ပြီး ခက်ထန်သည့် အကြီးအကဲလျှိူနှင့် ဘယ်လိုမှ ဆက်စပ်၍ မရပေ။
အကြီးအကဲလျှိူသည် အေးစက်ပြီး ခပ်လှမ်းလှမ်းတွင် နေတတ်သည်ဟုသာ ကျော်ကြားသည်။ တပည့်အများစုသည် သူ့ကို မတော်တဆပင် စိတ်မဆိုးသွားစေရန် သူနှင့်ပင် မျက်လုံးချင်းဆိုင်ရဲခြင်းမရှိကြ။ ယခုအခါ သူသည် တကယ်တမ်းနူးညံ့သည်ဟူ၍ တွေးရတော့မည်လား။
ဤသည်က ပုံပန်းသဏ္ဍာန်သည် လှည့်စားတတ်ကြောင်းကို အမှန်တကယ် သက်သေပြနေတော့သည်။
ထိုအတောအတွင်း၊ အကြီးအကဲလျှိူကိုယ်တိုင်လည်း သူ၏အေးစက်သော ပုံစံကို ထိန်းသိမ်းရန် မနည်းရုန်းကန်နေရ၏။
ဤသည်က အလွန်အမင်းပင် ပေါက်ကွဲစေနိုင်သည့် သတင်းတစ်ခုပင်။
သူ၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်သည် လူတိုင်း၏ ရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့လေပြီ။
သို့တိုင်အောင် ဖရဲသီးစားခြင်းစနစ်သည် မပြီးဆုံးသေးပေ။
“ကျင့်ကြံသူလောကရဲ့ လှပမှုအဆင့်သတ်မှတ်စာရင်းကို နင်သိတယ်မဟုတ်လား”
“အဲဒီအဆင့်သတ်မှတ်စာရင်းတွေက လူတစ်ယောက်ရဲ့ ကိုယ်ပိုင်အမြင်ပေါ်မှာပဲ မူတည်တယ်”
“ငါ့အမြင်အရဆိုရင် လှပမှုအဆင့်သတ်မှတ်စာရင်းထဲက ထိပ်တန်း အနည်းငယ် — ထိပ်ဆုံးသုံးယောက်ကလွဲပြီး အားလုံးက ထူးချွန်ကြပါတယ် — ဒါပေမယ့် အကြီးအကဲလျှိူ မိန်းမဝတ်စုံဝတ်ထားတဲ့ ပုံစံနဲ့တော့ မယှဉ်နိုင်ဘူး”
လူတိုင်း - !!!
အခု ဘယ်လိုလဲ? သူတို့၏ စိတ်ဝင်စားမှုသည် ပို၍ပင် ပြင်းထန်လာခဲ့ပြီပင်။
ဖရဲသီးစားခြင်းစနစ်က အကြီးအကဲလျှိူ၏ မိန်းမဝတ်စုံသည် အလှဆုံးအဆင့် သတ်မှတ်ခံရသူများထက် ပိုလှသည်ဟု ပြောကြားလိုက်သည်။
သူတို့ မြင်ချင်လာလေသည်။ အလွန်အမင်းပင် မြင်ချင်လာ၏။ ဘယ်အချိန်တွင် မြင်နိုင်မည်လဲ?
အကြီးအကဲလျှိူသည် ချီးကျူးခံရခြင်းကို ရှက်ရွံ့သဖြင့် လည်ချောင်းရှင်းကာ ဂိုဏ်းချုပ်ကို “ဂိုဏ်းချုပ်၊ မင်္ဂလာအချိန်ရောက်ပါပြီ။ ကျွန်ုပ်တို့ တပည့်ရွေးချယ်ခြင်းလုပ်ငန်းစဉ်ကို စတင်နိုင်ပါပြီ” ဟူ၍လှည့်၍ပြောလိုက်ချေ၏။
ဂိုဏ်းချုပ်က “ကောင်းပြီ” ပြတ်သားစွာ ပြန်ဖြေလာသည်။
ဂိုဏ်းချုပ်သည် အကြီးအကဲလျှိူကို မလေးစားခြင်းမဟုတ်ပါ။ သူသည် အကြီးအကဲလျှိူ၏ မိန်းမလျာဝတ်စုံဝတ်ထားသည့် ပုံစံသည် မည်မျှလှပသည်ကို တွေးတောခြင်းမှ ရပ်တန့်၍ မရနိုင်ခြင်းသာ။ ဖရဲသီးစားခြင်းစနစ်ကပင် အလွန်အမင်း ချီးကျူးထားသည်—မည်မျှ ရင်သပ်ရှုမောဖွယ် ကောင်းနိုင်မည်နည်း။
ဝမ်းနည်းစရာမှာ၊ မည်သူမှ ၎င်းကို မမြင်ဖူးသေးပေ။ နောက်တစ်ကြိမ်တွင်၊ သူတို့သည် ၎င်းကို အမှန်တကယ်ပင် မြင်ရလောက်မည်။
ဂိုဏ်းချုပ်က ပေါ့ပေါ့ပါးပါးပင် ချောင်းဟန့်လိုက်ပြီး လူအုပ်ကို “တပည့်တို့၊ ဒီနေ့က ဘာနေ့လဲဆိုတာ မင်းတို့အားလုံးသိတယ်မဟုတ်လား”
တပည့်များက ချက်ချင်းပင် စိတ်ကို ပြင်ဆင်လိုက်ပြီး “သိပါတယ်” ဟုတစ်ညီတည်း အော်ဟစ်လိုက်ကြ၏။
ဂိုဏ်းချုပ်က ပြုံးပြပြီး “ဒီနေ့ဟာ အကြီးအကဲတွေက တပည့်ရွေးချယ်တဲ့နေ့ပဲ။ အထူးအခြေအနေအချို့ကြောင့်၊ ဒီလုပ်ငန်းစဉ်ကို စောပြီး ရွှေ့ဆိုင်းခဲ့တယ်”
“အချိန်ပြောင်းလဲတာအပြင်၊ တပည့်ရွေးချယ်ရေး စည်းမျဉ်းတွေကိုလည်း ချိန်ညှိထားတယ်”
ဤသည်ကို ကြားလိုက်ရသော် တပည့်များ စိတ်ဝင်စားသွားတော့၏။
ချိန်ညှိထားတာလား?
ဘယ်လိုမျိုး ချိန်ညှိတာမျိုးလဲ?
ကံကောင်းစွာပင်၊ ဂိုဏ်းချုပ်သည် သူတို့ကို ကြာကြာထင်ကြေးပေးစေခြင်း မရှိပေ။
သူသည် သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ပြီး ဖြည်းညှင်းစွာ ရှင်းပြခဲ့သည် “အရင်နှစ်တွေတုန်းက၊ ကျုပ်တို့ဂိုဏ်းဟာ သူတို့ရဲ့ စိတ်ဝိညာဉ် အမြစ်တွေအပေါ်မှာပဲ အခြေခံပြီး တပည့်တွေကို ရွေးချယ်ခဲ့တယ်”
“ဒါပေမဲ့ ဒီနှစ်မှာတော့ ကျုပ်တို့ဟာ အဲဒီကန့်သတ်ချက်တွေကို လျှော့ချခဲ့တယ်”
“ဒါက စိတ်ဝိညာဉ် အမြစ်တွေကို ထည့်သွင်းစဉ်းစားနေသေးပေမဲ့၊ အဲ့တာ တစ်ခုတည်း ဆုံးဖြတ်တဲ့ အချက်တော့ မဟုတ်တော့ဘူးလို့ဆိုလိုတာ။ ကျုပ်တို့က အကျင့်စရိုက်နဲ့ စိတ်နေစိတ်ထားကိုလည်း အကဲဖြတ်သွားမယ်”
လူအုပ်စုတွင် တီးတိုးပြောသံများ ထွက်ပေါ်လာသည်။
ဂိုဏ်းချုပ်က တတိယ၊ စတုတ္ထ၊ သို့မဟုတ် ပဉ္စမအဆင့် စိတ်ဝိဉာဉ် အမြစ်များရှိသူများပင်လျှင် ယခုအခါ ဂိုဏ်းတွင်း တပည့်ဖြစ်လာရန် အခွင့်အရေးရနိုင်သည်ဟု ဆိုလိုခြင်းပင်လော?
အကယ်၍ ၎င်းသည် အမှန်တကယ်ဖြစ်ပါက၊ နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်တို့သည် ဝမ့်ရှင်းဂိုဏ်း၏ သမိုင်းကို ပြန်လည်ပုံဖော်ရန် အမှန်တကယ်ပင် ဦးတည်နေပြီဖြစ်သည်။
တပည့်အများအပြားသည် နဉ်ရွှီကို ခိုးကြည့်စပြုလာကြ၏။
နဉ်ရွှီသည် ဤအရာကို လုံးဝ မသိရှိခဲ့၊ ဂိုဏ်း၏ ပြောင်းလဲမှုများသည် သူမ၏ လွှမ်းမိုးမှုကြောင့်ဖြစ်ကြောင်း လုံးဝ မသိခဲ့ပေ။
သူမသည် ဖရဲသီးစားခြင်းစနစ်ကို “ဒီဂိုဏ်းက ဒီလောက်တောင် စဉ်းစားပေးမယ်လို့ ငါမထင်ထားခဲ့ဘူး” ဟုပင် ရိုးရိုးရှင်းရှင်း မှတ်ချက်ပေးခဲ့သည်။
စနစ်၏ လေသံတွင် ချီးကျူးမှု အရိပ်အယောင်ပါရှိပြီး [ဒါကောင်းတဲ့ ပြောင်းလဲမှုပဲ။ နင့်ရဲ့ ကျင့်ကြံမှု တိုးတက်လာပြီဆိုရင်၊ နင်စတုတ္ထနဲ့ ပဉ္စမအဆင့် စိတ်ဝိညာဉ် အမြစ်တွေရှိသူတွေအတွက် သင့်တော်တဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေကို ဖန်တီးပြီး၊ အမှတ်တွေနဲ့ လဲလှယ်လို့ရတယ်]
နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်က ဝမ့်ရှင်းဂိုဏ်းကို အကောင်းထင်မြင်ကြောင်း သိနှင့်ပြီးသားဖြစ်သောကြောင့် အံ့အားမသင့်တော့ပေ။
သူမသည် ဤဂိုဏ်း၏ အစိတ်အပိုင်းဖြစ်နေပြီဖြစ်သောကြောင့်၊ လူတိုင်း တစ်ယောက်တည်း အောင်မြင်သည်ထက် အတူတကွ ကြီးပွားလာရန် ပိုကောင်းသည်ဟု သူမ မှတ်ယူခဲ့သည်။
သူမ၏ အဖော်တပည့်များကို ကူညီခြင်းသည် သဘာဝကျသည်ဟု ထင်ခဲ့ပါသည်။
နောက်ဆုံးတွင်၊ လူတစ်ဦးသည် ဂိုဏ်းတစ်ခုလုံးကို ထောက်ပံ့နိုင်သည် မဟုတ်ပေ။ ဂိုဏ်းတစ်ခု၏ ကြီးထွားမှုသည် လူတိုင်း၏ ကြိုးပမ်းမှုအပေါ်တွင် မူတည်ပေသည်။
လက်ရှိတွင်၊ တပည့်များသည် ဖော်ရွေကြသည်၊ ဂိုဏ်းချုပ်က ဉာဏ်ပညာရှိပြီး အကြီးအကဲများသည် တစ်ဦးချင်းစီတွင် သူတို့၏ ခွန်အားများရှိကြပါသည်။ ထိုသို့သော အပြုသဘောဆောင်သည့် လေထုကြောင့် နဉ်ရွှီသည် ဂိုဏ်းပြောင်းရန် အကြောင်းပြချက်မရှိသည်ကို တွေ့ရှိခဲ့တော့၏။
သူမသည် အသင့်ပင် သဘောတူလိုက်သည် “ကောင်းပြီ”
နဉ်ရွှီ၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို ကြားလိုက်ရသော် ဂိုဏ်းချုပ်၏ အပြုံးသည် ပိုမိုကျယ်ပြန့်လာခဲ့သည်။
သူတို့သည် အလွန်ကောင်းမွန်သည့် တပည့်တစ်ဦးကို လက်ခံရရှိခဲ့ပေသည်။
ကံမကောင်းစွာဖြင့်၊ ဤကောင်းမွန်သော တပည့်သည် ဆရာယူရန် ရည်ရွယ်ချက်မရှိပေ။ ဂိုဏ်းချုပ်သည် ဤအရာဟာ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စေသည်ဆိုတာ တွေ့ရှိခဲ့ရသည်။
နောက်ဆုံးတွင်၊ ဂိုဏ်းအကြီးအကဲများသည် အရည်အချင်းမရှိခြင်း မဟုတ်ပါ—သူတို့ထဲမှ တစ်ဦးမျှ နဉ်ရွှီကို နည်းပြရန် ထိုက်တန်ပုံမပေါ်ခြင်းသာ။
ဂိုဏ်းချုပ်သည် ပေါ့ပေါ့တန်တန် သက်ပြင်းချလိုက်ပြီး ကြေညာလိုက်ချေသည်။ “အခု၊ နာမည်ခေါ်ခံရတဲ့ တပည့်တွေ၊ ရှေ့ထွက်ခဲ့ကြ”
လူတိုင်းသည် ကြေညာချက်အတွက် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေချိန်တွင်၊ ရင်ပြင်တစ်ဝှမ်းလုံးတွင် အသံတစ်ခု ထွက်ပေါ်လာ၏။
[အိုးဟို၊ ဂိုဏ်းချုပ်ရဲ့ အဓိကရန်သူ — ဒီခေတ်ရဲ့ ဓားနတ်ဘုရား — အခု ဒီကို လာနေတယ်]
[သူ့ရဲ့ အဖိုးတန်သားလေးကို ကယ်တင်ဖို့ အလျင်အမြန် လာနေတာလား၊ သူ့သားလေးက ဒုက္ခရောက်နိုင်တယ်ဆိုတော့လေ]
နဉ်ရွှီ - !!!
လူတိုင်း - !!!
အကြီးအကဲများ - !!!
ထိတ်လန့်စရာ သတင်းသည် စိမ့်ဝင်သွားသည်နှင့် ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါးပင် [ဒီလိုဆိုရင် စိတ်ဝင်စားစရာတွေ ဖြစ်တော့မယ်ထင်တယ်] ဟူ၍ပင် ထပ်ပြောလာ၏။
___
အခန်း(၂၂)
နဉ်ရွှီက ခဏတာ တောင့်ခဲသွားပြီး “ဓားနတ်ဘုရားလား”
ဖရဲသီးစားခြင်းစနစ်က တည်တည်ငြိမ်စွာ “ဟုတ်တယ်၊ ဓားနတ်ဘုရားပဲ”
ဓားနတ်ဘုရားဟု ခေါ်ဆိုနိုင်သူများသည် ဓားအတတ်ပညာ၏ ထိပ်ဆုံးသို့ ရောက်ရှိခဲ့ကြသော ကျွမ်းကျင်သူများဖြစ်ကြသည်။ ကျင့်ကြံသူလောကတစ်ခုလုံးတွင် ဓားနတ်ဘုရား သုံးဦးသာရှိပြီး၊ တစ်ဦးစီသည် နှစ်ပေါင်းများစွာ ကျော်ကြားခဲ့ကြ၏။ သူတို့အားလုံးသည် အစွမ်းထက်ဆုံး ဓားလှုပ်ရှားမှု “သောင်းချီသော ဓားများတစ်ချောင်းတည်းစုစည်း” ခြင်းကိုပြုလုပ်နိုင်ကြသည်။
“သောင်းချီသော ဓားများတစ်ချောင်းတည်းစုစည်း” ဆိုသည်မှာ အဘယ်နည်း?
၎င်းသည် ဓားနတ်ဘုရား၏ဓားညွှန်ရာအရပ်သို့ အခြားဓားအားလုံးသည် ဓားသမား၏ ဓားကိုနာခံခြင်းပင်။
တိုက်ပွဲမရှိဘဲ ရှုံးနိမ့်ရခြင်းဟူသည် အဘယ်နည်း?
ဤသည်ကား ဓားနတ်ဘုရားသည် “သောင်းချီသော ဓားများတစ်ချောင်းတည်းစုစည်း” ခြင်းကို ထုတ်ဖော်လိုက်သည့် တစ်ခဏချင်းတွင်၊ အခြားဓားကျင့်ကြံသူများသည် ရှုံးနိမ့်ပြီး ဖြစ်နေကြလိမ့်မည်။ ထိုအချိန်တွင် သူတို့သည် မိမိတို့၏ဓားများအပေါ် ထိန်းချုပ်မှု ဆုံးရှုံးသွားကြလိမ့်မည်။
မိမိတို့၏ဓားများအပေါ် ထိန်းချုပ်မှုမရှိဘဲ၊ မည်သို့ တိုက်ခိုက်နိုင်ကြမည်နည်း?
နဉ်ရွှီက သွားများကြိတ်ကာ “ကြည့်စရာပွဲတစ်ခုရှိတာလား? ဒါမျိုးပွဲက ငါတို့ကြည့်သင့်ရဲ့လား”
၎င်းသည် ဓားနတ်ဘုရားဖြစ်သည်!
လက်တစ်ဘက်လှုပ်ရုံဖြင့် ပင်လယ်ကို ပိုးစာပင်များ စိုက်ပျိုးရာဒေသအဖြစ်သို့ ပြောင်းလဲနိုင်သည့် ဓားနတ်ဘုရား! သူမ ကဲ့သို့သော သေးငယ်သည့်ချီစွမ်းအင် ကျင့်ကြံသူမျိုးမဟုတ်ဘူး!
သူတို့ သတိမမူခဲ့လျှင်၊ သူတို့သည် စိတ်လှုပ်ရှားမှုကို ကြည့်ရှုရုံဖြင့်ပင် မိမိတို့ အသက်ဆုံးရှုံးသွားနိုင်သည်!
ဖရဲသီးစားခြင်းစနစ်က နဉ်ရွှီ မှားယွင်းနားလည်ကြောင်း သိသောအခါ လျင်မြန်စွာ ရှင်းလင်းခဲ့တော့သည်၊ [သူက တိုက်ရိုက်ဝင်တိုက်မယ်လို့ နင်ထင်တာလား]
“သူ ဝင်မတိုက်ဘူးလား?”
ဖရဲသီးစားခြင်းစနစ်က ဖြည်းညင်းစွာ ပြန်ဖြေ၏၊ [သူ ဝင်မတိုက်ဘူး။ သူ ဓားနတ်ဘုရား ဖြစ်ရင်တောင်မှ၊ သူ အလိုရှိသလို မလုပ်နိုင်ဘူး။ ကျင့်ကြံသူလောကက သူ့ကစားကွင်း မဟုတ်ဘူး။]
[သူလုပ်နေတာက မတရားတာမို့၊ သူတားမြစ်ထားတဲ့ နည်းစနစ်တွေကို အသုံးပြုပြီး ဝမ့်ရှင်းဂိုဏ်းရဲ့ အတားအဆီးကို ကျော်ဖြတ်ပြီးတော့ သူ့ရဲ့ အဖိုးတန်သားလေး ထောင်ကျနေတဲ့နေရာကို တိုက်ရိုက်ဦးတည်သွားမှာ။]
[သူက တိတ်တဆိတ် ဝင်ရောက်လာမှာရယ်၊ ရှုပ်ယှက်ခတ်အောင် မလုပ်ဘူး။]
ဓားနတ်ဘုရားသည် မိမိ၏သားအား လျှို့ဝှက်စွာကယ်တင်မည်ကို ကြားလိုက်ရသောအခါ နဉ်ရွှီက သက်ပြင်းချလိုက်သည်။
အကယ်၍ ဝမ့်ရှင်းဂိုဏ်းသည် ဓားနတ်ဘုရားနှင့် ပဋိပက္ခဖြစ်ခဲ့ပါက၊ သူမကဲ့သို့သော အဆင့်နိမ့်တပည့်များသည် လွယ်ကူစွာ အမြောက်စာခံများဖြစ်သွားကြလိမ့်မည်။
သူမ၏ ကျင့်ကြံခြင်းခရီးသည် ယခုမှ စတင်ခဲ့ပြီးဖြစ်သည်၊ သူမသည် အမြောင်စာခံဖြစ်ရမည်ကို သဘောမကျပါချေ။
ဖရဲသီးစားခြင်းစနစ်က သက်ပြင်းချလိုက်၏၊ [သူတို့သာ အမှန်တကယ် ဒီနေရာမှာ တိုက်ခိုက်တော့မယ်ဆိုရင်၊ နင် ငါ့ကို ပြောဖို့တောင် မလိုဘူး၊ ငါက နင့်ကို အသက်ဘေးက လွတ်မြောက်အောင် ပြေးဖို့ ချက်ချင်းအော်ဟစ်မှာ။]
နဉ်ရွှီ: “…”
“နောက်တစ်ကြိမ် ငါသတိရထားမယ်။”
ထိုအချိန်တွင်၊ ဂိုဏ်းချုပ်က နာမည်များကို စတင်ခေါ်ဆိုနေပြီ။
တစ်ယောက်ပြီးတစ်ယောက်၊ နာမည်ခေါ်ခံရသော တပည့်များသည် ရှေ့သို့ ထွက်လာကြ၏။
သူတို့၏ မျက်နှာများသည် စိုးရိမ်ခြင်းနှင့် မျှော်လင့်ခြင်းတို့ဖြင့် ပြည့်နှက်နေလေသည်။
နဉ်ရွှီသည် သူတို့ခေါ်ခံရခြင်းအတွက် စိတ်လှုပ်ရှားနေသည်ဟု ထင်ခဲ့သည်၊ သို့သော် မသိခဲ့သည်မှာ သူတို့သည် ဖြစ်ပျက်နေသည့် ပွဲအတွက်လည်း စိတ်လှုပ်ရှားနေကြခြင်းပင်။
နဉ်ရွှီသည် ဂိုဏ်းချုပ်နှင့် သူမ၏ တပည့်ဖော်များသည် တပည့်ခံယူ အခမ်းအနား ကျင်းပနေစဉ်တွင်ပင် ပွဲအကြောင်း ဆွေးနွေးနေသည်အား မသိရှိခဲ့ပေ။
ဖရဲသီးစားခြင်းစနစ်က နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်သည်၊ ထို့နောက် ရုတ်တရက် ထူးဆန်းစွာ ရယ်မောလိုက်၏၊ [ဓားနတ်ဘုရား ရောက်လာတဲ့အချိန် အနည်းငယ် ကံဆိုးသွားတယ်။ အခု ဂိုဏ်းချုပ်က အကျဉ်းထောင်ထဲမှာ၊ သူတို့ နှစ်ယောက် ထိပ်တိုက်တွေ့ဖို့ အလားအလာများလွန်းတယ်။ အဲ့တာကြောင့် ငါက ကြည့်ဖို့ ပွဲရှိတယ်လို့ ပြောခဲ့တာ။]
နဉ်ရွှီက ခဏတာ စဉ်းစားပြီး အရေးကြီးသော မေးခွန်းတစ်ခုကို မေးလိုက်၏၊ “ဂိုဏ်းချုပ်နဲ့ ဓားနတ်ဘုရား တိုက်ခိုက်ရင်… ဘယ်သူ အနိုင်ရနိုင်လဲ?”
နဉ်ရွှီသည် ဂိုဏ်းချုပ်၏ ကျင့်ကြံခြင်းအကြောင်းကို အများကြီး မသိရှိခဲ့ပေ၊ သို့သော် ဖရဲသီးစားခြင်းစနစ်က ဖော်ပြခဲ့သည့်အတိုင်း၊ ဓားနတ်ဘုရားသည် ထင်ရှားစွာ အားကြီးပေ၏။
အကယ်၍ ဂိုဏ်းချုပ်သာပို၍ အားကြီးခဲ့ပါက၊ သူသည် လှည့်စားခံရကြောင်းသိရှိသည်နှင့် ချက်ချင်းပင် ဓားနတ်ဘုရားကို ရင်ဆိုင်ခဲ့လိမ့်မည်။
သို့သော် သူ မပြုလုပ်ခဲ့ပေ။
ယင်းအစား၊ သူသည် ဓားနတ်ဘုရား၏သားကို အကျဉ်းထောင်ထဲတွင် ပိတ်လှောင်ကာ နောက်ထပ် မည်သည့် အရေးယူဆောင်ရွက်မှုမှ မပြုခဲ့ပေ။
ဤသည်ကား ဂိုဏ်းချုပ်သည် အချိန်မှန်ကို စောင့်နေခြင်း သို့မဟုတ် ဓားနတ်ဘုရားကို တိုက်ရိုက် ရင်ဆိုင်ရန် ယုံကြည်မှုမရှိခြင်းကို ဆိုလိုပေလိမ့်မည်။
ဖရဲသီးစားခြင်းစနစ်က ပျင်းရိစွာ ပြန်ဖြေလာ၏၊ [သူတို့ အသက်အရွယ် အတူတူပေမဲ့၊ ဓားနတ်ဘုရားရဲ့ ကျင့်ကြံမှုအဆင့်က အများကြီးသာလွန်တယ်။]
နဉ်ရွှီ: !!!
လူတိုင်း: !!!
ဂိုဏ်းချုပ် အန္တရာယ်ကျရောက်နေပြီ!!!
ဂိုဏ်းအကြီးအကဲသည် သူ့ကို တိုက်ရိုက် ထိပ်တိုက်မတွေ့ရန်တိုက်တွန်းနေသည့် အကြောင်းကြားစာအား ဂိုဏ်းချုပ်ထံပေးပို့ရန် ပြင်ဆင်နေပြီဖြစ်သည်။
ယခုချိန် ယာယီ နောက်ဆုတ်မှုတစ်ခုကိုဟာ ပြဿနာမဟုတ်။
သို့သော် ဓားနတ်ဘုရားနှင့် ပဋိပက္ခဖြစ်နေချိန် ထိခိုက်ဒဏ်ရာရခြင်းသည် နစ်နာတာ ပိုများပေလိမ့်မည်။
[ဒါပေမဲ့] ဖရဲသီးစားခြင်းစနစ်က ရုတ်တရက် လေသံကို ပြောင်းလိုက်၏။ [အဲ့တာက အရင်က အခြေအနေ။]
နဉ်ရွှီက ပို၍ပင် ဒရမ်မာများ ထပ်မံလာမည်ကို ခံစားမိကာ ချက်ချင်းပင်နားစွင့်လိုက်၏။
သူမက လျင်မြန်စွာ “အခုကရော” မေးလိုက်သည်။
“အခုက…”
ဖရဲသီးစားခြင်းစနစ်က ရယ်မောလိုက်သည် သို့သော် တိုက်ရိုက်ပြန်မဖြေခဲ့ပေ။ ယင်းအစား၊ ၎င်းသည် နောက်ခံအကြောင်းအရာကို ရှင်းပြရန်စတင်ခဲ့သည်။
[နင် သိတယ် မလား၊ အဆင့်မြင့်ကျင့်ကြံသူတွေအတွက် ကလေးမွေးဖို့က ခက်ခဲတယ်။ ဓားနတ်ဘုရားက ဒီသားကို နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်နောက်ပိုင်းမှာ ရခဲ့တာ၊ ပြီးတော့ သူ့ကို အရမ်းတန်ဖိုးထားတယ်။ ဒါပေမဲ့ အဲဒီတုန်းက ဓားနတ်ဘုရားမှာ ရန်သူတွေ အလွန်များပြီး ကလေးကို ကာကွယ်ဖို့ ခိုင်မာတဲ့နောက်ခံမရှိဘူးလေ။]
[မထင်မှတ်ထားပဲ၊ သူ့ရဲ့ ရန်သူမှာ အသက်အရွယ်တူတဲ့ ကလေးတစ်ယောက် ရှိနေတာကို တွေ့ခဲ့တယ်။]
[ပိုကောင်းတာက၊ သူ့ရဲ့ ရန်သူက အဲဒီကလေးရဲ့အကြောင်းကို မသိခဲ့ဘူး။ ဒါက သူ့ကို ဆောင်ရွက်ဖို့ အခွင့်အရေး ပေးခဲ့တာပဲ။]
[သူက ကလေးတွေကို လဲလှယ်ဖို့ အကြံကိုထုတ်ဖော်ခဲ့ပြီး အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့တယ်။]
ဤအချက်တွင်၊ ဖရဲသီးစားခြင်းစနစ်က ရပ်တန့်ခဲ့ပြီး၊ နဉ်ရွှီက “ပြီးတော့” ဟုတိုက်တွန်းလာခဲ့၏။
[ပြီးရင်၊ နင်သိပြီးသားအတိုင်း၊ သူ အောင်မြင်ခဲ့တယ်။]
[လဲလှယ်မှု မပြုလုပ်မီ၊ သူက သူ့ရဲ့နှလုံးသွေး တစ်စက်ကို ကလေးအပေါ် ထားခဲ့တယ်။]
[ဒီသွေးစက်က သူ့ကို ကလေးရဲ့ အခြေအနေကို အချိန်အလိုက် ခံစားနိုင်စေတယ်။]
ဤသည်ကို ကြားလိုက်ရသောအခါ နဉ်ရွှီက သူမ၏ မေးကို ပွတ်သပ်ကာ မှတ်ချက်ပေးခဲ့သည်။ “သူ ဒီသားကို အရမ်းဂရုစိုက်တယ်ဆိုတာ ထင်ရှားတယ်။”
၎င်းသည် နားလည်နိုင်စရာပင်။
အဆင့်မြင့်ကျင့်ကြံသူများအတွက် ကလေးမွေးဖွားခြင်းသည် အလွန်ရှားပါး၏။
ထို့အပြင် ဤကလေးတွင် စိတ်ဝိညာဉ် အမြစ်များပင် ရှိနေပြီး၊ ကျင့်ကြံခြင်းလမ်းကြောင်းကို စတင်ရန် ခွင့်ပြုခဲ့သည်။
ဖရဲသီးစားခြင်းစနစ်က ရယ်မော၍၊ [အမှန်တရား ထွက်ပေါ်လာပြီးတဲ့နောက်၊ သားက အကျဉ်းထောင်ထဲကို ပစ်ချခံရတယ်လေ၊ သူ့ ဘဝကလည်း အဲ့အချိန်ကစပြီး လွယ်ကူမနေတော့ဘူး။]
နဉ်ရွှီက ပေါ့ပေါ့ပါးပါး ချောင်းဟန့်ကာ နောက်ထပ် မေးခွန်းမမေးတော့ပေ။
နှစ်ပေါင်းရှစ်ရာခန့် လိမ်လည်မှုသည် မသေးငယ်သော ကိစ္စပင်။
ဂိုဏ်းချုပ်သည် ရုတ်တရက် အရေးယူဆောင်ရွက်ခြင်း မပြုခဲ့သော်လည်း၊ သူသည် အမုန်းတရားဖြင့် ပြည့်နှက်နေမှာ သေချာပါသည်။
အမုန်းတရားကို ထည့်သွင်းစဉ်းစားပါက၊ ဓားနတ်ဘုရားသားအပေါ် သူ့အမျက်ဒေါသကို ဖောက်ထုတ်သည်က သဘာဝကျပေလိမ့်မည်။
နဉ်ရွှီက “ပြီးတော့? နင်က အဓိက အချက်ကို မရောက်သေးဘူး။ ဟုတ်တယ်မလား?”
ဖရဲသီးစားခြင်းစနစ်က ပြုံးလျက် [အလျင်မလိုပါနဲ့ အဓိက အချက်က လာနေပြီ။]
“ကောင်းပြီ!”
ဖရဲသီးစားခြင်းစနစ်က ဆက်လက်ပြောလာ၏၊ [အကျဉ်းထဲ ပစ်ချခံရပြီးတဲ့နောက်၊ အဲ့ဒီသားက ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်၊ သူ့အသက်အန္တရာယ် မရှိပေမဲ့၊ သူအများကြီး ခံစားခဲ့ရတယ်။]
[ဓားနတ်ဘုရားက ဒီနေ့မှ ဒီအကြောင်းကို သိတာ။]
[သူသိတဲ့အချိန် သူသီးသန့် ကျင့်ကြံနေခဲ့တာ။]
[သူ့သားအတွက် အရမ်း စိုးရိမ်နေလို့၊ သူ… နည်းနည်း အမှားလုပ်မိသွားသေးတယ်။]
နဉ်ရွှီ၏ ဝမ်းတွင်းက ဤသည်ကား အရေးကြီးသော ဖော်ထုတ်မှုတစ်ခုဖြစ်ကြောင်း ပြောပြနေခဲ့၏။
သူမက သတိပြုကာ “မြန်မြန်ပြောပါဦး။ ဘယ်လို အမှားမျိုးလဲ?” ဟုမေးလိုက်သည်။
တခြားတပည့်များကလည်း စိတ်ထဲကနေ ‘ဟုတ်တယ်၊ မြန်မြန်ပြောပါဦး’
မျှော်လင့်ထားသည့်အတိုင်း၊ ဖရဲသီးစားခြင်းစနစ်က ရယ်မောတော့သည်။
ထို့နောက် ၎င်းသည် နောက်ဆုံးတွင် ဖော်ပြခဲ့၏၊ [သူ့ စွမ်းအင် စီးဆင်းမှုက မှားပြီးစီးဆင်းသွားလို့ မထိန်းချုပ်နိုင်ဖြစ်သွားပြီး ပေါက်ကွဲထွက်သွားတာ… နေရာအနှံ့အပြားပဲ]
နဉ်ရွှီ: ???
လူတိုင်း: ???
အနှံ့အပြား ပေါက်ကွဲထွက်သွားတာ?!
စကားလုံးများပင်လျှင် ကြောက်စရာကောင်းနေပုံရသည်။
ဖရဲသီးစားခြင်းစနစ်က ပို၍ပင် ရယ်မောခဲ့သည်၊ [ရလဒ်? သူက အခု *မိန်းမစိုး ဓားနတ်ဘုရားဖြစ်သွားပြီ!]
(T/N- သင်းကွပ်ခံရတဲ့ယောင်္ကျား)
“ဖူးး…”
အဟမ်း!
ဟားဟားဟား!
နဉ်ရွှီတစ်ယောက် ကိုယ်ဘာသာကိုယ်ပင် တံတွေးသီးမတက်ဖြစ်သွားရကာ ဖရဲသီးစားခြင်းစနှစ်က ထိုစကားပြောပြီးမကြာခင်မှာပင် ပြင်းထန်စွာ ချောင်းဆိုးသွားရတော့၏။
ခလုတ်တစ်ခုဖွင့်လိုက်သည့်နှယ် တပည့်များသည်လည်း ကစဉ့်ကလျား ဖြစ်သွားကြပြီး၊ ရယ်မောမိရင်း မထိန်းချုပ်နိုင်ဘဲ ချောင်းဆိုးသွားကြကုန်သည်။
နဉ်ရွှီက မျက်နှာရဲလျက် အသက်ရှူမဝဖြစ်နေစဉ်၊ ရေတစ်ခွက် သူမရှေ့ရောက်လာ၏၊
“တာအိုမိတ်ဆွေ၊ ရေနည်းနည်းသောက်လိုက်ပါဦး”
သူအကူအညီယူ၍ ရေအား ကမန်းကတန်းပင် သောက်ချလိုက်သည်။ ချောင်းဆိုးရပ်သွားသောအချိန်မှ သူရှေ့ရှိသူဟာ ဖြူစင်သောကျင့်ကြံသူလေးမှန်း သတိပြုမိလိုက်၏။
သူမဟာ ချောင်းဟန့်၍ ဝတ်ကျေတမ်းကျေသဘောမျိုးဖြင့် ရှင်းပြလိုက်သည်။ “အဟမ်း၊ လေဝင်သွားလို့”
ထိုကျင့်ကြံသူဟာ ခေါင်းတစ်ချက်ငြိမ့်ပြလာ၏။
နဉ်ရွှီသည် ဤအခြေအနေအား အခွင့်ကောင်းယူ၍ သူမ ရေးထားသောစာရွက်ကို ထိုကျင့်ကြံသူလေးအား တိတ်တဆိတ်ပေးလိုက်ပြီး နှုတ်ခမ်းလှုပ်ရုံဖြင့် “မြန်မြန်ဖတ်။”
ထိုစာရွက်ထဲ၌ ဖြူစင်သောကျင့်ကြံသူ၏ ဆရာသခင်ဖြစ်ရန် သင့်လျော်သော အကြီးအကဲနာမည်ရေးထားပေသည်။
နဉ်ရွှီကနောက်ထပ်တစ်ရွက်ထပ်ပေးကာ “ဒါက ဦးထုပ်စိမ်း… မဟုတ်ပါဘူး ချင်းရီလော့ကိုပေးပေးပါ။”
“ကောင်းပါပြီ!”
ဖြူစင်သောကျင့်ကြံသူနှင့် ချင်းရီလော့အတွက် တပည့်ခံယူခြင်းက ပြေလည်သွားပြီဖြစ်၍ သူမအတွက် ဖရဲသီးစားရန်အချိန်ရသွားပြီပင်။
ထို့ကြောင့်သူမက “ကုလို့ရပါ့ဦးမလား?” ဟူ၍ မမေးမြန်းဘဲမနေနိုင်တော့ချေ။
ဖရဲသီးစားခြင်းစနစ်က ပြန်ဖြေလာသည်၊ [ရပါတယ်၊ ဒါပေမဲ့ အရမ်းခက်ခဲတယ်။]
ထို့နောက် ၎င်းက ပျော်ရွှင်စွာ ထပ်ပြောလာသည်က [သူ့ရဲ့ ဓားစွမ်းရည်တွေလည်း အားနည်းသွားတယ်။ ဂိုဏ်းချုပ်က အခု အနိုင်မရဘူးဆိုရင်တော့၊ ဒါက ရယ်စရာပဲ!]
___