← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃)

ဤအချိန်၌ပင်၊ ဂိုဏ်းချုပ်သည် မှောင်မိုက်သော၊ စိုစွတ်သော ထောင်ထဲတွင် ထိုင်နေ၏။ ရှစ်ရာ့ငါးဆယ်နှစ်များကြာအောင် သူမွေးမြူခဲ့သည့် သားလေးကို ကြည့်ရှုပြီးနောက်၊ သူသည် ခါးသီးမှုများ ခံစားရနေဆဲဖြစ်သည်။

ရှစ်ရာ့ငါးဆယ်နှစ်များ လှည့်စားမှုအား အလွယ်တကူ မည်သို့ ပြီးဆုံးနိုင်မည်နည်း။

အနည်းဆုံး၊ သူသည် ဤကာလအတွင်း ကျော်လွှားသွားနိုင်မည်မဟုတ်ကြောင်း သိပေသည်။

ယခုအချိန်ထိ သူသည် အမှန်တရားကို ရှာဖွေတွေ့ရှိသောအခါ ခံစားခဲ့ရသော နှလုံးကြေကွဲဖွယ် နာကျင်မှုကို ပုံရိပ်အား မြင်ယောင်မိဆဲပင်။

အကျဉ်းထောင်သည် တပည့်ရွေးချယ်ပွဲ ကျင်းပရာ ရင်ပြင်နှင့် ဝေးလံလှ၏။ ထို့ကြောင့် သူသည် နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်တို့၏ စကားပြောဆိုမှုကို မကြားခဲ့ရပေ။

ကံကောင်းစွာဖြင့်၊ သူသည် အတင်းအဖျင်းကို ချစ်ခင်သော ဂိုဏ်းဝင်များအုပ်စုကို ရရှိခဲ့သည်။

ဂိုဏ်းချုပ်သည် နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်တို့၏စကားပြောဆိုမှုကို သူထံသို့ ချက်ချင်း ပြန်လည်ပြောပြခဲ့သည်။

သူ၏ ရန်သူသည် မိန်းမစိုးဖြစ်လာသည်ကို သိသောအခါ ဂိုဏ်းချုပ်သည် ရယ်မောရင်း ချောင်းဆိုးမိသည်။

ဘာလဲ?

ဒါ အမှန်ပဲလား?

မဟုတ်ဘူး၊ ဒီလိုမေးခွန်းတောင် မမေးသင့်ဘူး။

ဖရဲသီးစားခြင်းစနစ်က ပြောလျှင်၊ ၎င်းသည် အမှန်တရား ဖြစ်ရမည်ပင်။

“နေရာအနှံ့ ပေါက်ကွဲမှု” ဟူသော စကားစုကိုတွေးရင်း ဂိုဏ်းချုပ်သည် ရယ်မောရင်း ထွက်လာသည်။

“နေရာအနှံ ပေါက်ကွဲတာ၊ ဟားဟား! ဘယ်လောက်တောင် ပြီးပြည့်စုံတဲ့ ဖော်ပြချက်လဲ! အနှံ့အပြား ပေါက်ကွဲတာ!”

သူသည် မျက်ရည်များ ထွက်လာအောင် ရယ်မောခဲ့သည်။

သူ၏သွေးစွန်းနေသော သားသည် ရက်များစွာ ညှင်းပန်းနှိပ်စက်မှုကို ခံခဲ့ရပြီး၊ ကြောက်ရွံ့စွာဖြင့် ခေါင်းကို မော့ကြည့်လာ၏။

အနှံ့အပြား ပေါက်ကွဲမှု? ဂိုဏ်းချုပ်သည် အလွန်အမင်း ထိခိုက်ဒဏ်ရာရနေသဖြင့် သူ့စိတ်ကို ဆုံးရှုံးသွားသလော။

ဂိုဏ်းချုပ်သည် ဆယ့်ငါးမိနစ်အပြည့် ရယ်မောပြီးမှ ရပ်တန့်သွားပေသည်။

မူလက သူသည် ထောင်ထဲတွင် ကြာကြာနေရန် စီစဉ်ထားခြင်းမရှိပေ။ သူ့သား၏ မျက်နှာကို မြင်တိုင်း၊ ၎င်းသည် ရှစ်ရာ့ငါးဆယ်နှစ်များ လှည့်စားမှုကို သတိရစေကာ အဆုံးမဲ့ စိတ်ဆိုးမှုကို ဖြစ်စေ၏။

သို့သော် ယခုမူ၊ သူသည် သူ့စိတ်ကိုပြောင်းလဲခဲ့သည်။

သူသည် ကိုယ်တိုင် သူ၏ ရန်သူ၊ မိန်းမစိုးဖြစ်လာသူနှင့် တွေ့ဆုံလိုလေသည်။

သူသည်မနေနိုင်ပဲတွေးတော့မိသည်က- အချို့သော အစိတ်အပိုင်းကို ဆုံးရှုံးပြီးနောက်၊ သူ့ ရန်သူဟာ မည်သို့ ဖြစ်လာမည်နည်း။

သူ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ်၊ သူသည် သူ့ရန်သူဟောင်းကို ပြန်လည်တွေ့ဆုံရန် စိတ်အားထက်သန်စွာ စောင့်မျှော်နေမိသည်။

___

ရင်ပြင်၌

ဂိုဏ်း၏ တပည့်ရွေးချယ်ပွဲသည် ဆက်လက်ကျင်းပနေဆဲဖြစ်သည်။

ဤအချိန်၌၊ ရွေးချယ်ခံရသော တပည့်အားလုံး ရှေ့သို့ ထွက်လာကြ၏။

၁၃၀၀ သောကျောင်းသားသစ်များထဲမှ၊ ၂၀၀သာ ရွေးချယ်ခံရသည်။

ကျင့်ကြံသူလောက၏ ကြမ်းတမ်းမှု အမှန်တရားသည် ပေါ်ထွက်လာသည်။

သို့သော်လည်း၊ နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်တို့က မည်သည့် အကျိုးသက်ရောက်မှုမှ မရှိချေ။

နဉ်ရွှီက “ကျင့်ကြံမှုအတွင်း တစ်စုံတစ်ဦးက အမှားလုပ်မိတဲ့အခါ စိတ်ဝိညာဉ် စွမ်းအင်အောက်ကို စီးဆင်းတာက ပုံမှန်လား?”

ဖရဲသီးစားခြင်းစနစ်သည် သူမ၏ စိုးရိမ်မှုကို နားလည်ပြီး ပျင်းရိစွာ ပြန်ဖြေ၏။ [မဟုတ်ဘူး။]

နဉ်ရွှီက အံ့အားသင့်သွားသည်။ “ဒါဆို ဘယ်လိုလုပ် သူ…”

သူမ ရည်ညွှန်းသော “သူ” သည် မိန်းမစိုးဓားနတ်ဘုရားဖြစ်သည်။

ဖရဲသီးစားခြင်းစနစ်က လျှာကို တီးခေါက်၍ [စိတ်မပူပါနဲ့။ နင်ကျင့်ကြံမှုအတွင်း အမှားလုပ်မိရင်တောင် ဒီလိုမျိုး နင့်ကို ဖြစ်ခွင့်ပြုမှာ မဟုတ်ဘူး။ နောက်ဆုံးတော့ ပြဿနာက သူကျင့်ကြံခဲ့တဲ့ ကျင့်စဉ်ရှိတယ်။ အဲ့တာမှာ အနည်းငယ် ချို့ယွင်းချက် ရှိတာ။]

[အဲဒီ ချို့ယွင်းချက်က ပုံမှန်အခြေအနေတွေမှာ ပေါ်မလာဘူး။ ဒါပေမဲ့ အရေးကြီးတဲ့ အချိန်တွေမှာ ပြဿနာတွေ ဖြစ်စေတယ်။]

နဉ်ရွှီက စပ်စုလာသည်။ “သူ ဘယ်လို ကျင့်စဉ် ကျင့်ကြံခဲ့တာလဲ?”

ဖရဲသီးစားခြင်းစနစ်က ရှင်းပြသည် [ဒါက လျှို့ဝှက်ဒေသတစ်ခုမှာ အမှတ်တမဲ့ တွေ့ရှိခဲ့တဲ့ ကောင်းကင်-အဆင့် ကျင့်စဉ်။]

[ဒီကျင့်စဥ်ကြောင့်၊ သူ နာမည်ကြီးလာပြီး အနှစ်ရာချီအတွင်းမှာ ၁၄ပြည်ထောင်ကို လွှမ်းမိုးနိုင်တဲ့ ဓားနတ်ဘုရားဖြစ်လာခဲ့တာ။]

နဉ်ရွှီက “ကျင့်စဥ်မှာ ချို့ယွင်းချက်တွေ ရှိတယ်ဆိုတာ သူ သိရဲ့လား?”

[သူ သိတယ်]

[သူ အမြဲတမ်း သိတယ်။]

[ဘာကြောင့်လဲဆိုတော့ သူတွေ့ခဲ့တဲ့ ကျင့်စဉ်က အစကတည်းက မပြီးပြည့်စုံခဲ့လို့ပဲ။]

ဤစကားကို ကြားလိုက်ရသောအခါ နဉ်ရွှီသည်ဓားနတ်ဘုရား၏ ဆုံးဖြတ်ချက်ကို အတော်အတန် နားလည်နိုင်ခဲ့သည်။

ကောင်းကင်-အဆင့် ကျင့်စဉ်များသည် ကျင့်ကြံသူလောကတွင် အလွန်ရှားပါးလှ၏။

၎င်းသည် မပြီးပြည့်စုံခဲ့သော်လည်း၊ ၎င်းသည် မရေမတွက်နိုင်သော လူများ တိုက်ခိုက်ယူမည့် ပစ္စည်းတစ်မျိုးပင်။

“ကြွယ်ဝမှုသည် အန္တရာယ်ရှိသည်” ဟူသော ဆိုရိုးစကားသည် ပြီးပြည့်စုံစွာ ပေါ်လွင်နေသည်။ သူသည် ၎င်းကို ကျင့်ကြံရန် ရဲရင့်စွာရွေးချယ်ခဲ့ပေသည်။

မပြီးပြည့်စုံသော ကျင့်စဉ်များသည် အန္တရာယ်ရှိနိုင်ကြောင်း သူမသိခဲ့သလော?

ဟုတ်ပါသည်၊ သူ သိပေ၏။

သို့သော် အန္တရာယ်များနှင့် အကျိုးကျေးဇူးများကို ချိန်ဆပြီးနောက် သူသည် ကြီးထွားမှုကို အားပေးသည့် လမ်းကြောင်းကိုသာ ရွေးချယ်ခဲ့သည်။

ကျင့်ကြံသူများသည် အမြဲတမ်း ရွေးချယ်မှုများပြုလုပ်နေကြရသည်။

မည်သည့် ကျင့်စဉ်များကို ကျင့်ကြံရမည်နည်း၊ မည်သည့် အကြီးအကဲနောက်ကို လိုက်နာသင်ယူရမည်နည်း…

နဉ်ရွှီ တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ဖရဲသီးစားခြင်းစနစ်က ပျင်းရိစွာပင်

[ငါ ပေးတဲ့ ကောင်းကင်-အဆင့် ကျင့်စဉ်အားလုံးက ချို့ယွင်းချက် ကင်းမဲ့တယ်။ နင်စိတ်ချမ်းချမ်းသာသာ နေနိုင်တယ်။]

နဉ်ရွှီ၏ ယခင် ဝမ်းနည်းမှုသည် တစ်ချက်တည်း ပျောက်ကွယ်သွားတော့၏။ “ကျေးဇူးတင်ပါတယ်”

နောက်ဆုံးတွင်၊ ဖရဲသီးစားခြင်းစနစ်သည် သူမနှင့် ချည်နှောင်ထားသောကြောင့်၊ သူမသည် အများစုသော ကျင့်ကြံသူများထက် ပို၍ကံကောင်းလှ၏။

နှစ်ယောက်သား စကားပြေကောင်းနေစဉ်၊ ကျောင်းသားသစ်များထဲမှ တစ်ဦးတည်းသော ကောင်းကင်-အမြစ် တပည့်သည် ရှေ့သို့ ထွက်လာခဲ့သည်။

ဂိုဏ်းချုပ်က “ချင်းရွှိုက် ကောင်းကင်မီးအမြစ်ပိုင်ရှင်၊ ဘယ်အကြီးအကဲဆီမှာ မင်း တပည့်ခံချင်လဲ?”

ချင်းရွှိုက်သည် လက်ချင်းယှက်ကာ လေးစားစွာ “ကျွန်တော် ခင်ဗျားဆီမှာ တပည့်ခံချင်ပါတယ်”

ဂိုဏ်းချုပ်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ “ကောင်းတယ်။ ဒီအချိန်ကစပြီး၊ မင်းက ငါ့ရဲ့ သတ္တမမြောက်တပည့်ပဲ။ မင်းရဲ့ အကြီးအကဲတွေကို လေးစားပြီး၊ မင်းရဲ့အပေါင်းအသင်းတွေကို တန်ဖိုးထား၊ ကြိုးစားလေ့ကျင့်ဖို့ သတိရပါ။ နားလည်လား?”

ချင်းရွှိုက်က “တပည့်တော်နားလည်ပါပြီ!” ဟု အသံကျယ်စွာပြန်ဖြေခဲ့သည်။

ချင်းရွှိုက်၏ တရားဝင် စာရင်းသွင်းပြီးနောက်၊ ဒုတိယ တပည့် ‘နှစ်ထပ် ဝိညာဉ်အမြစ်’ သည် ရှေ့သို့ ထွက်လာ၏။

နဉ်ရွှီက ဖရဲသီးစားခြင်းစနစ်ကို တိုးတိုးလေးဆိုလိုက်၏။ “ဒီနှစ်မှာ ကောင်းကင်-အမြစ် တပည့်တစ်ယောက်တည်းလား?”

ဖရဲသီးစားခြင်းစနစ်က ပျင်းရိစွာ ပြန်ဖြေသည်: [ဟုတ်တယ်။ ကောင်းတဲ့ အပင်ပေါက်အားလုံးကို ထိပ်တန်း အဆင့်ဂိုဏ်းတွေက သိမ်းသွားတယ်။ ဒီ တစ်ခုကတော့ သတိမမူမိလိုက်လို့ရယ်။]

ဘယ်လောက်တောင် ကံကောင်းတဲ့ ရှာဖွေမှုလဲ။

ချင်းရွှိုက်သည် ဝေးလံခေါင်သီသော ကျေးရွာတွင် မနေခဲ့ပါက၊ ဝမ့်ရှင်းဂိုဏ်း မရောက်မီကပင် အခြား ဂိုဏ်းတစ်ခုက ခေါ်ဆောင်သွားလိမ့်မည်။

နဉ်ရွှီက “ဒါဆို သူက ငါတို့ထဲမှာ အကောင်းဆုံး ဝိညာဉ်အမြစ်ရှိတဲ့သူပေါ့”

[မဟုတ်ဘူး။]

“အာ?”

ကျန်လူများ: “အာ?”

ချင်းရွှိုက်က အင်အားအကြီးဆုံး မဟုတ်ဘူးလား? ဒါဆို ဘယ်သူလဲ?

နဉ်ရွှီက စိတ်ဝင်စားလာသည်။ “တစ်စုံတစ်ယောက်ရဲ့ အမှန်တကယ် အမြစ်တွေကို မသိတာလား?”

[မဟုတ်ဘူး။]

‘စကားရှည်နေတာကို ရပ်လိုက်။ ငါတို့ကို ပြောလိုက်တော့။’

လူတိုင်းက စပ်စုလိုစိတ်ဖြင့် သေတော့မည်ပင်။

ဖရဲသီးစားခြင်းစနစ်က နောက်ဆုံးတွင် ပြန်ဖြေလာ၏။ [တစ်ကမ္ဘာလုံးမှာ ဒြပ်စင်ငါးမျိုး အမြစ်တွေလို့ထင်ပြီး သတ်မှတ်ခံထားရတဲ့ ရှုပ်ထွေးတဲ့အမြစ်တစ်ခု ရှိတယ်။]

[ဒီ ဂိုဏ်းရဲ့အကဲဖြတ်မှု ဘယ်လောက် ညံ့ဖျင်းတယ်ဆိုတာ ဒါက ပြသနေတယ်။ သူတို့က ကျောက်စိမ်းကို ကျောက်စရစ်ခဲလို့ မှားယွင်းထင်ခဲ့တယ်။]

နဉ်ရွှီ: !!!

ကျန်သူများ: !!!

နဉ်ရွှီက ထပ်ပြောသည် “ရှုပ်ထွေးတဲ့အမြစ်?”

[ဟုတ်တယ်၊ ရှုပ်ထွေးတဲ့အမြစ်၊ ကမ္ဘာဦးအစကတည်းက အင်အားအကြီးဆုံး ဝိညာဉ်အမြစ်အနေနဲ့ ချီးကျူးခံခဲ့ရတယ်။ နှစ်ပေါင်း ၁၂၀၀၀မှာ တစ်ယောက်တည်းကပဲ အဲဒါနဲ့ မွေးဖွားနိုင်တယ်။]

[ဒါပေမဲ့ ဒီအင်အားအကြီးဆုံး အမြစ်ကို အမှိုက်အဖြစ်ပယ်ချခံခဲ့ရတယ်။ ဝမ့်ရှင်းဂိုဏ်းက တကယ်ကို ကျဆင်းနေခဲ့ပြီ။]

[လွန်ခဲ့တဲ့ ထောင်ပေါင်းများစွာမှာသာ၊ အဲဒီလို အမှားလုပ်မိတာ ပြင်းထန်တဲ့ အမှားလို့သတ်မှတ်ခံရလိမ့်မယ်!]

နဉ်ရွှီ၏ မျက်လုံးများသည် ရွေးချယ်ခံရသော တပည့် ၂၀၀ကို စကင်ဖတ်နေခဲ့၏။

သူတို့ထဲမှ အယောက်ကိုးဆယ်ဟာ ဒြပ်စင်ငါးမျိုး အမြစ်များရှိပေသည်။

၎င်းတို့ထဲမှ တစ်ဦးသည် ဤဒဏ္ဍာရီလာ အရည်အချင်းကို ဖုံးကွယ်ထားလေ၏။

__

အကျဉ်းထောင်ထဲ၌

ဓားနတ်ဘုရားသည် နောက်ဆုံးတွင် တားမြစ်ထားသောကျင့်စဉ်များကို အသုံးပြု၍ ဝမ့်ရှင်းဂိုဏ်း၏အတားအဆီးကို ချိုးဖောက်ခဲ့သည်။

ဒဏ်ရာရပြီး အားနည်းနေသောကြောင့်၊ သူသည် အထဲထဲသို့ ဝင်ရောက်ရန် အတော်အတန် ကြိုးစားခဲ့ရ၏။

တစ်စက္ကန့်အတွင်း သူသည် အကျဥ်းထောင်ထဲသို့ရောက်ရန် ပို့ဆောင်ခြင်း အစီအရင်အသုံးပြုခဲ့၏။

လွန်ခဲ့သော ၈၀၀ နှစ်အတွင်း၊ သူသည် သူ၏ချစ်မြတ်နိုးရပါသော သားလေးမှ တဆင့်ဝမ့်ရှင်းဂိုဏ်း၏အသေးစိတ် အချက်အလက်တိုင်းကို ပုံဆွဲခဲ့သည်။

အမှန်တကယ် သူသည် တပည့်အများစုထက်ပင် ဂိုဏ်းကို ပို၍သိပေ၏။

မူလက သူသည်လျင်မြန်စွာ ဆောင်ရွက်ပြီး ပဋိပက္ခကိုရှောင်ရှားရန် စီစဉ်ခဲ့လေသည်။

သူ၏တစ်ခုတည်းသော ရည်မှန်းချက်မှာ သူ့သားကိုကယ်တင်ပြီး ချက်ချင်း ထွက်ခွာရန် ဖြစ်ပါသည်။

သို့သော်လည်း၊ ကံကြမ္မာက အခြားအစီအစဉ်များ စီစဉ်နေတော့၏။

သူသည် သူ့ရန်သူနှင့် ဤနေရာတွင် ဆုံတွေ့မည်ကို မမျှော်လင့်ခဲ့ပေ။

သူ၏ဓားကို ဆုပ်ကိုင်လျက်၊ သူသည် အလိုအလျောက်ပင် “ခင်ဗျား…”

ဂိုဏ်းချုပ်က ပြုံးပြပြီး တစ်လုံးချင်းစီ ပြန်ဖြေသည် “ငါပဲ”

ထူးဆန်းစွာ ပေါ့ပေါ့တန်တန် အမူအရာဖြင့်၊ သူသည် ဓားနတ်ဘုရားကိုပင် ကြိုဆိုခဲ့သည်။

“မတွေ့ရတာကြာပြီနော်၊ ချီရှင်း။”

ချီရှင်းက မျက်မှောင်ကြုတ်လိုက်မိသည်။

မထွက်ခွာမီ၊ သူသည် ကံကြမ္မာခန့်မှန်းချက်တစ်ခုပြုလုပ်ခဲ့ပြီး၊ နိမိတ်များသည် အဆင့်မြင့်အဖွဲ့ဝင်များနှင့် တွေ့ဆုံနိုင်သော အန္တရာယ်နည်းပါးကြောင်း ဖော်ပြထားပါသည်။

သို့သော်လည်း၊ ဤနေရာတွင် သူတွေ့ဆုံရန်မလိုလားဆုံးသော လူနှင့် မျက်နှာချင်းဆိုင်လိုက်ရ၏။

ဂိုဏ်းချုပ်သည် ဝိညာဉ်သားရဲဥနှစ်လုံးအား ထုတ်ယူ၍ ချေမွကာ လှောင်ပြောင်လိုက်ချေသည်။

“ဒီနေ့၊ ဒီဥတွေလိုပဲ ခင်ဗျားတော့ ပြီးသွားပြီ!”

ဓားနတ်ဘုရား: !!

အခန်း (၂၄)

ဝိညာဉ်သားရဲဥ ကြေမွသွားသည်...

ကြေမွသွားသည်။ ကွဲကြေနေသော ဥခွံများသည် မြေပြင်ပေါ်တွင် ရှုပ်ပွစွာ ပြန့်ကျဲနေပြီး ဥအရည်များကလည်း နေရာအနှံ့သို့ စီးကျနေသဖြင့် မရှင်းပြနိုင်သော ဝမ်းနည်းကြေကွဲမှုကို ဖြစ်ပေါ်စေ၏။

မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ဥခွံများသည် ဓားနတ်ဘုရား၏ မျက်လုံးများကို စူးရှစေခဲ့သည်။

ရုတ်တရက် ဓားနတ်ဘုရားသည် ဒေါသတကြီး အော်ဟစ်လိုက်ချေသည်။ သူ၏လက်ထဲရှိ ဝိညာဉ်ဓားသည် ပြင်းထန်သောမျဉ်းကွေးတစ်ခုကို ဆွဲလိုက်တော့သည်။

“ဖူကုန်း၊ ဒါကိုယူလိုက်!”

ဂိုဏ်းချုပ်သည် ဤနေရာတွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည်။

သူ၏သားအရင်း မဟုတ်ကြောင်း သိရှိပြီးကတည်းက သူသည် ဒေါသအမြောက်အများကို ထိန်းချုပ်ထားခဲ့ရပြီး ထုတ်ဖော်ရန် နေရာမရှိခဲ့ပေ။ ယခုတွင် တရားခံသည် နောက်ဆုံး၌ သူ့ရှေ့တွင် ပေါ်လာခဲ့သည်။ သူသည် မည်သို့လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်မည်နည်း။

သူသည် လွတ်ငြိမ်းချမ်းသာခွင့်ကို မပေးရုံသာမက အခြေအနေကို အခွင့်ကောင်းယူကာ သံကိုပူတုန်းထုမည်ပင်။ သို့မဟုတ်လျှင် သူ့နှလုံးသားထဲက မီးသည် သူ့ကိုပင် လောင်ကျွမ်းသွားတော့မည်!

ထိုနှစ်ဦး တိုက်ပွဲတွင် ဆုံတွေ့သည့်အချိန်တွင် ဝိညာဉ်ကြက်တစ်ကောင်သည် ဂိုဏ်းချုပ်၏ သိုလှောင်လက်စွပ်ထဲမှ ရုတ်တရက် ပြေးထွက်လာ၏။

ထိုဝိညာဉ်ကြက်သည် တောက်ပသော အမွေးအတောင်များရှိပြီး အော်သံကျယ်လောင်လှသည်။ ၎င်းသည် သိုလှောင်လက်စွပ်ထဲမှ ထွက်သည်နှင့် ၎င်း၏အရောင်စုံ အမွေးအတောင်များကို သပ်ရပ်အောင် လှည့်ပြီးပြင်ဆင်နေသည်။ နောက်တစ်စက္ကန့်တွင် ထိုဝိညာဉ်ကြက်သည် အန္တရာယ်ကို သိရှိပုံရပြီး ကတော့ကတော့(ကြက်အော်သံ)နှင့် အော်ကာ ပျံထွက်သွားတော့၏။

ကျင့်ကြံသူလောကမှ ဝိညာဉ်ကြက်များသည် လူ့လောကရှိ သာမန်ကြက်မများနှင့် ကွဲပြားကြသည်။ ခဏအတွင်းမှာပင် ၎င်းသည် အဝေးကြီးသို့ ပျံသန်းသွားခဲ့ပြီးဖြစ်သည်။

ဂိုဏ်းချုပ်သည် သူ၏ဝိညာဉ်ကြက် ပျံထွက်သွားသည်ကို မြင်သောအခါ သူသည် အဓိပ္ပာယ်မရှင်းလင်းသည့်စကားကို ပြောလိုက်သည်၊ “ကြက်က ပျံသွားပြီ။”

ပျံသန်းနေသောကြက်နှင့် ကွဲကြေနေသော ဝိညာဉ်သားရဲဥသည် “ကြက်ပျံ၊ ဥကြေ” ဟူသော စကားစုကို ပေါင်းစပ်ဖွဲ့စည်းခဲ့သည်။ မူလက “ကြက်ပျံ၊ ဥကြေ” ဟူသော စကားစုဟာ “အရာခပ်သိမ်း အချည်းအနှီးဖြစ်သွားသည်” ဟူ၍ အဓိပ္ပာယ်ရသည်။

သို့သော်လည်း ဓားနတ်ဘုရားသည် ၎င်းကို အခြားအရာတစ်ခုနှင့် ဆက်စပ်မိပုံရပြီး သူ၏မျက်နှာသည် ပို၍ပင် ဖြူဖတ်ဖြူလျော်ဖြစ်သွားကာ သူ၏ညာလက်၊ ဝိညာဉ်ဓားကို ကိုင်ထားသောလက်တွင် အကြောများ ထောင်ထလို့‌နေ၏။

ခဏချင်းအတွင်း သူ၏ဝိညာဉ်စွမ်းအင်သည် တိုးမြင့်လာပြီး အရူးအမူးဖြစ်သွားသည့် အခြေအနေတွင် ရှိနေတော့သည်။ “ချီရှင်း! သွားသေလိုက်စမ်း!”

ဂိုဏ်းချုပ်သည် ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့သို့ အလျင်စလိုတိုးသွားသည်။ သူသည် သူ့ကိုယ်ပိုင်အသက် ဝိညာဉ်ဓားကို မြှောက်လိုက်ပြီး ဓားနတ်ဘုရား၏ သတ်ဖြတ်စွမ်းကြီးသည့်တိုက်ခိုက်မှုကို အတင်းအကျပ် ပိတ်ဆို့လိုက်သည်။

အရင်ကဆိုလျှင် ဂိုဏ်းချုပ်ဟာ ဤတိုက်ခိုက်မှုကို လုံးဝ ပိတ်ဆို့နိုင်မည်မဟုတ်ပေ။ ပိတ်ဆို့နိုင်လျှင်တောင် သူသည် ပြင်းထန်စွာ ဒဏ်ရာရရှိလိမ့်မည်။ သူနှင့် ဓားနတ်ဘုရားကြားက ကွာခြားချက်သည် တစ်ညတည်းနှင့်ကျော်လွှားနိုင်သည့်အရာ မဟုတ်ပေ။

ဓားနတ်ဘုရားသည် ဓားပညာတွင် သူ့ကိုယှဥ်နိုင်သူမရှိသည့်အတွက် ဓားနတ်ဘုရားဟု ခေါ်ခြင်းခံရသည်။ သူ့ကို မည်သူမျှ ယှဥ်နိုင်မည်မဟုတ်ပေ။

သို့သော်လည်း ဤအချိန်တွင် ဓားနတ်ဘုရား၏စိတ်အခြေအနေသည် မတည်မငြိမ်ဖြစ်နေပြီး သူ၏ရောင်ဝါဟာ ရှုပ်ထွေးနေသည်၊ သူခံခဲ့ရသည့် ဒဏ်ရာကလည်း မကျက်သေးပေ။ သူသည် ဝိညာဉ်ရေးရာရှုပ်ထွေးမှု အခြေအနေတွင် ရှိနေ၏။ ထို့ကြောင့် ဂိုဏ်းချုပ်သည် တိုက်ခိုက်မှုကို လွယ်လွယ်ကူကူ ပိတ်ဆို့နိုင်ခြင်း မရှိခဲ့သော်လည်း သူသည် ၎င်းကို ရင်ဆိုင်နိုင်ခဲ့သည်။

ဂိုဏ်းချုပ်၏မျက်လုံးများထဲရှိ မီးတောက်များသည် ပြင်းထန်စွာ လောင်ကျွမ်းနေတော့၏။ သူ၏တိုက်ခိုက်လိုစိတ်သည် တိုးမြင့်လာပြီး သူသည် လှောင်ပြောင်သည့်သဘောဖြင့် “ချီရှင်း၊ နှစ်ပေါင်းများစွာကြာလာပြီး မင်းရဲ့ခွန်အားက တကယ်ပဲ ဒီလောက်တောင် ဆိုးရွားသွားတာလား?”

__

ဂိုဏ်းချုပ်နှင့် ဓားနတ်ဘုရားတို့သည် မြေအောက်ခန်းတွင် တိုက်ခိုက်နေစဥ် ဖရဲသီးစားခြင်းစနစ်သည် ရုတ်တရက် ထူးဆန်းသော ရယ်သံတစ်ခုကို ထုတ်လွှတ်လိုက်ချေသည်။

ဖရဲသီးစားခြင်းစနစ်သည် ထပ်ပြီး ရယ်လိုက်၏။ ယခုတွင် ဘယ်အတင်းအဖျင်းအသစ်များ ရှိနေသနည်း?

ပလာဇာရှိ(ရင်ပြင်ရှိ) လူတိုင်းသည် သူတို့၏နားများကို ချက်ချင်းစွင့်လိုက်ကြကုန်သည်။

နဉ်ရွှီက အံ့ဩစွာဖြင့် မေးမြန်းလိုက်၏၊ “ဘာတွေဖြစ်နေတာလဲ?”

ဖရဲသီးစားခြင်းစနစ်သည် ထိန်းမနိုင်သိမ်းမရ ရယ်လိုက်သည်၊ [ကြက်ပျံသွားပြီ! ဘယ်လိုတိုက်ဆိုင်မှုကြီးလဲ။ ဒီတစ်ခါ ဂိုဏ်းချုပ်က မတော်တဆ ခေါင်းကိုမှန်သွားတာပဲ။]

နဉ်ရွှီက စူးစမ်းလိုစိတ်ဖြင့် “အဲဒါက ဘာကိုဆိုလိုတာလဲ?”

ဖရဲသီးစားခြင်းစနစ်သည် နဉ်ရွှီ အတွက် မြေအောက်ခန်းမှ ဖြစ်ရပ်များကို ပြန်ဖွင့်ပြသည်၊ ဂိုဏ်းချုပ်၏ ပထမဆုံး ကြမ်းတမ်းသောစကားများဖြစ်သည့် [ကွဲကြေသွား] ဟူသောစကားများအပါအဝင်ပင်။

နဉ်ရွှီသည် ခဏတာ အံ့ဩသွားပြီး ဖရဲသီးစားခြင်းစနစ်၏ စိတ်ခံစားချက်နှင့်ပင် ထပ်တူခံစားလိုက်သည်၊ “တိုက်ဆိုင်လိုက်တာ?”

ဖရဲသီးစားခြင်းစနစ်သည် ပျော်ရွှင်သောလေသံဖြင့် ‌[ဟုတ်တယ်၊ ဒါကြောင့် ငါ ဒါက မတော်တဆ ထိမှန်တာလို့ ပြောခဲ့တာ။ ဂိုဏ်းချုပ်က ဓားနတ်ဘုရားရဲ့ နှလုံးသားကို မရည်ရွယ်ဘဲ ထိုးနှက်လိုက်တာ။]

[ဓားနတ်ဘုရားက ကြက်ဥတွေ ဒါမှမဟုတ် ကြက်တွေနဲ့ပတ်သက်တဲ့ ဘယ်အရာကိုမှ ခုခံနိုင်မှာ မဟုတ်ဘူး။ ကြားလိုက်တာနဲ့ သူက ပေါက်ကွဲသွားမှာ သေချာတယ်။]

နဉ်ရွှီ၏မျက်ခုံးများသည် ပျော်ရွှင်မှုဖြင့် ကွေးလိုက်မိ၏။

၎င်းက တကယ်ကို နှလုံးသားကို ထိမှန်သွားတာဖြစ်နိုင်သည်!

မကြာမီမှာပင် သူမသည် ရယ်စရာတစ်စုံတစ်ခုကို တွေးလိုက်မိပုံရပြီး “ဂိုဏ်းချုပ်နဲ့ ဓားနတ်ဘုရားက တိုက်ခိုက်နေကြတာလား? တိုက်ပွဲက ဘယ်လိုလဲ?”

ဖရဲသီးစားခြင်းစနစ်က မှတ်ချက်ပေးသည်၊ [ဂိုဏ်းချုပ်က တည်တည်ငြိမ်ငြိမ်နဲ့ အသာစီးရနေတယ်။]

“ကြက်ပျံ၊ ဥကြေ” ဟူသော အခိုက်အတန့်ပြီးနောက် ဓားနတ်ဘုရား ထိန်းချုပ်ထားခဲ့သည့် စွမ်းအင်နောက်ဆုံးအစွန်းအဖျားသည် ရုတ်တရက် ပျောက်ကွယ်သွားသည်။ ဓားနတ်ဘုရား၏ တာအိုနှလုံးသားက မတည်မငြိမ်ဖြစ်နေသည်တော့ မဟုတ်ပေ၊ သို့သော် ဤကိစ္စသည် အလွန်အရေးကြီး၍၊ သူခဏတာ စိတ်အနှောင့်အယှက်ဖြစ်သွားသည်က ပုံမှန်ပါပင်။

[ဓားနတ်ဘုရားက လက်ရှိမှာ ဂိုဏ်းချုပ်ရဲ့ တိုက်ခိုက်မှုတွေနဲ့ လွှမ်းမိုးခံနေရတယ်။ သူရဲ့ခွန်အားက အဆုံးသတ်နေပြီ။]

ဂိုဏ်းချုပ်က အသာစီးရနေသည်ကို ကြားလိုက်သောအခါ ပလာဇာရှိအကြီးအကဲများနှင့် တပည့်များသည် ချက်ချင်း စိတ်အေးချမ်းသာရသွားကြသည်။

ဂိုဏ်းချုပ်သည် အကူအညီမလိုအပ်သည့်အတွက် ဂိုဏ်းအကြီးအကဲများသည် တပည့်များခေါ်ယူခြင်းကို အာရုံစိုက်နိုင်တော့သည်။

နာမည်ခေါ်ခံရသည့် တပည့်များသည် တစ်ဦးချင်းစီ ရှေ့သို့တိုးလာကြပြီး သူတို့၏ တပည့်အပေါင်းအပါများ ရှေ့တွင် သူတို့ရွေးချယ်ထားသည့် ဆရာသခင်များကို ဦးညွှတ်အရိုအသေပြုကြသည်။

“ချင်းရီလော့၊ မီး-သစ်-ရွှေ သုံးထပ်ဆင့်ဝိညာဉ်အမြစ်ပိုင်ရှင်၊ ဘယ်သူ့လက်အောက်တွင် တပည့်ခံယူလိုလဲ?”

ဦးထုပ်စိမ်းသူရဲကောင်းဟုလည်း သိထားသည့် ချင်းရီလော့က လေးစားစွာဖြင့် ပြန်ဖြေသည်၊ “ကျွန်တော် အကြီးအကဲလျှိူရဲ့ လက်အောက်မှာ တပည့်ခံယူလိုပါတယ်”

အကြီးအကဲလျှိူ၊ သူ၏ မိန်းမလိုဝတ်ဆင်ခြင်း၏ လျှို့ဝှက်ချက်ကို လူတိုင်းက ဖော်ထုတ်ခဲ့ပြီးဖြစ်သည်၊ နှုတ်ခမ်းတွန့်ချိုး၍ ပြုံးလိုက်ပြီး ပုံမှန်အတိုင်းပင် ပေါ့ဆသောလေသံဖြင့် ပြန်ဖြေလိုက်သည်၊ “လက်ခံတယ်”

ချင်းရီလော့က အလျှင်အမြန် ကျေးဇူးတင်၏၊ “ကျေးဇူးတင်ပါတယ်၊ ဆရာ!”

ထို့နောက် တခြားတပည့်များစွာသည် မတူညီသည့် အကြီးအကဲများကို ဦးညွှတ်အရိုအသေပြုကြသည်။

အချိန်ကုန်လွန်သွားပြီပင်၊ ဂိုဏ်းအကြီးအကဲ အသံသည် ပလာဇာတွင် ပဲ့တင်ထပ်နေ၏၊ “စစ်ယန်၊ ငါးထပ်ဝိညာဉ်အမြစ်ပိုင်ရှင်၊ ဘယ်သူရဲ့လက်အောက်မှာ တပည့်ခံယူလိုလဲ?”

နောက်တစ်စက္ကန့်တွင် နဉ်ရွှီသည် အလွန်ရင်းနှီးသော အသံကို ကြားလိုက်သည်။

ထိုအသံသည် ရှင်းလင်းပြီး တည်ငြိမ်သည်၊ ထို့အပြင် စကားလုံးတိုင်းကို ရှင်းရှင်းလင်းလင်း အသံထွက်ခဲ့သည်၊ “ကျွန်တော် အကြီးအကဲချူရဲ့ လက်အောက်မှာ တပည့်ခံယူလိုပါတယ်”

အကြီးအကဲချူသည် နဉ်ရွှီက ဖြူစင်သောကျင့်ကြံသူကို အကြံပြုခဲ့သူဖြစ်သည်၊ အနည်းငယ်ထူးခြားသည့် စရိုက်ရှိသော်လည်း အလွန်သစ္စာရှိပြီး ကာကွယ်တတ်၏။

စစ်ယန် တပည့်မခံယူသေချိန် နဉ်ရွှီသည် ရုတ်တရက် သဘောပေါက်လိုက်သည်က၊ “သူ့နာမည်က စစ်ယန်တဲ့ကိုး”

ဖရဲသီးစားခြင်းစနစ်က ပျင်းရိစွာ မှတ်ချက်ပေးလာ၏။ [ဟုတ်တယ်၊ ဒါပေမယ့် ဖြူစင်တဲ့ကျင့်ကြံသူက ပိုကောင်းတယ် မဟုတ်လား?]

နဉ်ရွှီက သဘောတူလိုက်သည်၊ “တကယ်။ ဒီကနေစပြီး သူ့ကို အဲဒီလိုပဲ ခေါ်ကြရအောင်”

ဖရဲသီးစားခြင်းစနစ်က သတိပေးသည်။ [သူ့ကို နာမည်မှားပြီး မခေါ်မိဖို့ သေချာလုပ်။]

“မခေါ်မိပါဘူး”

နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ် ရှေ့တွင်သာ ထိုကဲ့သို့ ခေါ်လိမ့်မည်။ ဖြူစင်သောကျင့်ကြံသူနှင့် ရင်ဆိုင်သည့်အခါတွင် သူမသည် ပုံမှန်အားဖြင့် သူ့ကို တာအိုမိတ်ဆွေဟုသာ ခေါ်ခဲ့ပါသည်။

ကျန်ရှိသည့်တပည့်များက သူတို့၏ဆရာသခင်များကို ဆက်လက်ရွေးချယ်နေစဥ် ဖရဲသီးစားခြင်းစနစ်သည် မြေအောက်ခန်းမှ တိုက်ပွဲအခြေအနေကို နဉ်ရွှီအား ထုတ်လွှင့်ပြသနေခဲ့၏။

[ဂိုဏ်းချုပ်က တိုက်ပွဲမှာပိုပြီး ရဲတင်းလာတယ်၊ ဓားနတ်ဘုရားကတော့ တစ်ဆင့်ပြီးတစ်ဆင့် နောက်ဆုတ်နေရတယ်။]

[ဒီလိုပါပဲ... အရင်ကဖြစ်ပျက်ခဲ့တဲ့အရာက ဓားနတ်ဘုရားအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိပုံ ရတယ်။]

[သူ့ရဲ့ရောင်ဝါက သိသိသာသာ ပြောင်းလဲသွားရုံပဲမကဘူး၊ သူ့ရဲ့ဓားစွမ်းအင်တောင် ပြောင်းလဲသွားတယ်။ သူ့ရဲ့ခွန်အားက သိသိသာသာ လျော့ကျသွားပြီး သူ့အပြင်းထန်ဆုံး သတ်ဖြတ်တဲ့လှုပ်ရှားမှုကိုတောင် မသုံးနိုင်တော့ဘူး။]

[သူက အရင်က အေးတိအေးစက်နဲ့ မာနကြီးတဲ့ ဓားနတ်ဘုရားဆိုရင် အခုတော့ နည်းနည်း ပျော့ညံ့တဲ့သူ ဖြစ်သွားပြီ။]

နဉ်ရွှီ: “…”

အခြားတပည့်များ: !!!

ဒါက သူတို့ကြားသင့်တဲ့အရာလား?

ဖရဲသီးစားခြင်းစနစ်၏ ဤမှတ်ချက်များကြောင့် တပည့်များသည် ဓားနတ်ဘုရားနှင့် ပတ်သက်ပြီး စူးစမ်းလိုစိတ်ဖြစ်ပေါ်လာခဲ့ကာ သူယခု ဘယ်လိုပုံစံဖြစ်နေသည်ကို မြင်တွေ့ဖို့ စိတ်အားထက်သန်နေကြတော့သည်။

နဉ်ရွှီကလည်း မှတ်ချက်ပေးလာသည်၊ “ဒါက ပုံမှန်ပါပဲ။ နောက်ဆုံးတော့... အဟမ်း၊ အဟွတ်။” ရှေးခေတ်က မိန်းမစိုးတွေက ခွဲစိတ်ခံရပြီးနောက် ပြောင်းလဲသွားတာမဟုတ်ဘူးလား? သူတို့ရဲ့အသံတွေက ပိုမြင့်လာတယ်၊ သူတို့ရဲ့အပြုအမူနဲ့ လှုပ်ရှားမှုတွေတောင် သိသိသာသာ ပြောင်းလဲသွားတယ်လေ။

လက်ရှိ ဓားနတ်ဘုရားသည် ကျင့်ကြံသူလောကမှာရှိတဲ့ မိန်းမစိုးပုံစံဖြစ်နေ၏။

ထိုအချိန်တွင် ဖရဲသီးစားခြင်းစနစ်သည် ရုတ်တရက် သူ့၏လျှာကိုတီးခေါက်ကာ ‘ကျစ်’ဆိုသော အသံပြု၍ [သူ ထွက်ပြေးသွားပြီ!]

နဉ်ရွှီ: “ဟင်?”

ဖရဲသီးစားခြင်းစနစ်က သူ့၏လျှာကို ထပ်ပြီးတီးခေါက်၍ အသံပြုကာ၊ [သူက သူ့ရဲ့တန်ဖိုးရှိတဲ့သားကိုတောင် ဂရုမစိုက်ဘဲ လေကိုခွင်းပြီး ထွက်ပြေးသွားတယ်]

မကောင်းသည့်အခြေအနေတွင်ရှိသော ဓားနတ်ဘုရားသည် ပို၍ပို၍ အစွမ်းထက်လာသော ဂိုဏ်းချုပ်နှင့် ရင်ဆိုင်ရပြီး လိုက်မမီနိုင်သောကြောင့် ထွက်ပြေးရန်သာ ရွေးချယ်ခဲ့သည်။

ဂိုဏ်းချုပ်က သူ့ကို မလိုက်ခဲ့ပေ၊ သူသည် ဓားစာခံကို လက်ထဲတွင် ရှိနေသေးပြီး ဓားနတ်ဘုရား ပြန်လာလိမ့်မည်ဟု ယုံကြည်ထား၏။

နဉ်ရွှီသည် ဓားနတ်ဘုရား ထွက်ပြေးသွားသည်ကို ကြားသောအခါ သူမသည် သိပ်ခံစားခဲ့ရခြင်းမရှိပေ။

သို့သော်လည်း တပည့်များကတော့ နောင်တရနေကြ၏။

ကံမကောင်းစွာဖြင့် သူတို့သည် “ကြက်ပျံ၊ ဥကြေ” ဖြစ်ရပ်ပြီးနောက် ဓားနတ်ဘုရားကို မမြင်ခဲ့ကြပေ။ သူတို့သည် သူ့ကို နောက်တစ်ကြိမ် ဘယ်အချိန်မှာ ဆုံတွေ့ကြလိမ့်မည်ကို မည်သူသိနိုင်မည်နည်း?

__

တပည့်များအားလုံး သူတို့၏သခင်များကို ရွေးချယ်ပြီးစီးသည့်အခါ ဂိုဏ်းချုပ်သည် နောက်ထပ်ကြေညာချက်တစ်ခုကို ပြုလုပ်လာ၏။

“ဓားကျင့်ကြံမှုလမ်းစဥ်ကို လိုက်ဖို့ ရွေးချယ်တဲ့ တပည့်တွေက နောက်ဘက်တောင်ပေါ်က ဓားဂူကို သွားပြီး ကိုယ်နဲ့ လိုက်ဖက်တဲ့ဓားတစ်ချောင်းကို ရွေးချယ်နိုင်ပါတယ်။”

ဤအရာကို ကြားလိုက်သောအခါ တပည့်များအားလုံးက စိတ်လှုပ်ရှားမှုများကို ပြသကြကုန်သည်။

ဤသည်မှာ ဝမ့်ရှင်းဂိုဏ်း၏ ရှေးဟောင်းအစဉ်အလာတစ်ခုဖြစ်ကာ ဓားကျင့်ကြံသူ အသစ်များအားလုံးသည် ဓားဂူမှ ဓားတစ်ချောင်းကို ရွေးချယ်နိုင်ပါသည်။

နဉ်ရွှီသည် ခဏတာ စဥ်းစားပြီးနောက် ဖရဲသီးစားခြင်းစနစ်ကို ပြောလာ၏၊ “နင်က ငါ့ကို အရင်က အဆောင်မန္တန်ဆွဲနည်း သင်ပေးခဲ့ပေမယ့် ငါဓားကျင့်ကြံမှုလမ်းစဥ်ကို အဓိကထားပြီး ကျင့်ကြံချင်သေးတယ်”

ဓားသည် ထက်ရှပြီး အစွမ်းထက်လှ၏။

လမ်းစဥ်အားလုံးထဲတွင် ဓားကျင့်ကြံမှုသည် တကယ်ကို နံပါတ်တစ်ပင်။

ဖရဲသီးစားခြင်းစနစ်က သူမကို ချက်ချင်း ထောက်ခံလိုက်သည်၊ [ကျင့်သင့်တာပေါ့။ နင်ကျင့်ကြံချင်ရင် ကျင့်လိုက်။ ငါ့မှာ ဓားကျင့်ကြံသူတွေအတွက် သင့်တော်တဲ့ ကောင်းကင်အဆင့်ကျင့်စဥ်တွေ အများကြီးရှိတယ်၊ နင်ဓားရွေးပြီးရင် တစ်ခုပေးမယ်။]

အနာဂတ်နှင့်ပတ်သက်ပြီး နဉ်ရွှီသည် ရင့်ကျက်သည့် စီမံကိန်းတစ်ခု စိတ်ထဲ၌ ရှိပြီးသားဖြစ်သည်၊ “ဓားကျင့်ကြံမှုကို အဓိကထားပြီး အချိန်ရရင် မန္တန်တွေ၊ ဗေဒင်တွေလည်း ကျင့်ကြံမယ်။”

[အကောင်းဆုံးပဲ။ အခု ဓားတစ်ချောင်း ရွေးဖို့ သွားရအောင်!]

တပည့် ၁,၃၀၀ ထဲမှ တပည့်ရာကျော်က ဓားကျင့်ကြံမှုလမ်းစဥ်ကို သူတို့၏အဓိကလမ်းစဥ်အဖြစ် သို့မဟုတ် ဖြည့်စွက်လမ်းစဥ်အဖြစ် လိုက်ဖို့ ရွေးချယ်ခဲ့ကြသည်။

သူတို့ထဲတွင် ချင်းရီလော့၊ စစ်ယန်နှင့် နဉ်ရွှီ၏တာအိုမိတ်ဆွေများဖြစ်သော အစားအသောက်ကျင့်ကြံသူအချို့လည်း ပါဝင်၏။

သူတို့အုပ်စုသည် စိတ်အေးချမ်းသာစွာဖြင့် အနောက်ဘက်တောင်သို့ ထွက်ခွာသွားကြသည်။

ချင်းရီလော့နှင့် စစ်ယန်တို့သည် စကားသိပ်မပြောတတ်ကြပေ၊ ထို့ကြောင့် စကားဝိုင်းသည် နဉ်ရွှီနှင့် သူ၏အစားအသောက်ကျင့်ကြံသူသူငယ်ချင်းများကြားတွင် အများစုဖြစ်ပေါ်သည်။

ကြမ်းတမ်းသည့်ပုံစံရှိသော အစားအသောက်ကျင့်ကြံသူ ဝူလုချန်သည် စိတ်အားထက်သန်စွာဖြင့် သူ၏လက်များကို ပွတ်သပ်ကာ၊ “ငါ ဘယ်လိုဓားမျိုးကို ရွေးချယ်ရမလဲ မသိဘူး။”

အခြားကျင့်ကြံသူများက သူ့ကို နှစ်သိမ့်လိုက်သည်၊ “မင်းနဲ့လိုက်ဖက်တဲ့ ဓားတစ်ချောင်းကို သေချာပေါက် ရွေးချယ်နိုင်မှာပါ။”

“မင်းက အဆင့်မြင့်ဝိညာဉ်ဓားတစ်ချောင်းကိုတောင် ရွေးချယ်နိုင်လောက်တယ်!”

ဤသဟဇာတဖြစ်သည့်အသံများ လေထုထဲပြည့်နေစဥ် မညီညွတ်သည့်အတွေးတစ်ခုက ရုတ်တရက် ပေါ်လာ၏။

ဖရဲသီးစားခြင်းစနစ်သည် ပျင်းရိစွာပင်၊ [သူလိုလူမျိုးက သူနှစ်သက်တဲ့ဓားကို ရွေးချယ်ဖို့ ခက်ခဲလိမ့်မယ်။]

နဉ်ရွှီ: “…”

အခြားကျင့်ကြံသူများ: “…”

ဝူလုချန်: !!!

သူလိုလူမျိုး…?

သူက ဘယ်လိုလူမျိုးလဲ?

သူတို့သည် ဖရဲသီးစားခြင်းစနစ်၏ ထက်မြက်သောစကားလုံးများကို အသားကျနေပြီဖြစ်သော်လည်း ပစ်မှတ်က သူတို့ကိုယ်တိုင်ဖြစ်သည့်အခါ ခံနိုင်ရည်ရှိရန် ခက်ခဲလှပါသည်။

ဝူလုချန်၏ အပြုံးသည် သူ့၏မျက်နှာပေါ်တွင် ပုံပျက်သွားရသည်။ ကံကောင်းစွာဖြင့် ထိုအချိန်တွင် သူသည် မတော်တဆ ညစ်ပတ်သည့်အရာတစ်ခုကို နင်းမိသွားသဖြင့် သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်က အံဝင်ခွင်ကျ ဖြစ်နေခဲ့၏။

အခြားအစားအသောက်ကျင့်ကြံသူများသည် အခြေအနေ မဆိုးရွားအောင် တင်းမာမှုကို လျှော့ချဖို့ အလျင်အမြန် ကြိုးစားလိုက်ကြသည်။

စက္ကန့်အနည်းငယ် တိတ်ဆိတ်ပြီးနောက်တွင် နဉ်ရွှီက ပြောလာ၏၊ “ကောင်းတဲ့စကားတစ်ခုခု ပြောပါဦးလား”

ဖရဲသီးစားခြင်းစနစ်က ပြန်ဖြေလိုက်သည်၊ [ငါအမှန်တရားကိုပဲ ပြောနေတာ။ သူက ဓားကျင့်ကြံဖို့ တကယ်မသင့်တော်ဘူး။ သူက တခြားသူတွေထက် အဆပေါင်းရာချီ ပိုပြီး ကြိုးစားရင်တောင် သူတို့ရရှိတဲ့ရလဒ်ရဲ့ တစ်ရာခိုင်နှုန်းတောင် မရရှိနိုင်ဘူး။]

နဉ်ရွှီ: !!!

အခြားသူများ: !!!

ကွာခြားချက်က အများကြီးပဲ!

နဉ်ရွှီက ဖြည်းဖြည်းချင်းပင်၊ “နင်ပြောသလိုဆိုရင် သူက ဓားကျင့်ကြံဖို့ လုံးဝမသင့်တော်တာ အမှန်ပဲ။”

[ဟုတ်တယ်၊ တကယ်တော့ သူ့ရဲ့ကြီးမားတဲ့ကိုယ်ခန္ဓာနဲ့ဆို သူက ခန္ဓာကိုယ်ကျင့်ကြံမှုအတွက် ပိုသင့်တော်တယ်။ ဓားကျင့်ကြံမှုမှာ အချိန်ဖြုန်းတာထက် သူက ခန္ဓာကိုယ်လေ့ကျင့်မှုမှာပဲ အာရုံစိုက်သင့်တယ်။ အဲဒါက ပိုပြီး ထိရောက်လိမ့်မယ်။]

ဤစကားဝိုင်းကို ကြားလိုက်သောအခါ ဝူလုချန်ဟာ စဥ်းစားနေသည့်ပုံရသည်။

သူသည် မသင့်တော်ကြောင်း သိရှိလျှင် အတင်းအကျပ်မလုပ်တော့ပေ။

နောက်ဆုံးတော့ ဓားကျင့်ကြံမှုကို ဖြည့်စွက်ဖို့ သူဆုံးဖြတ်ခဲ့သည့်အကြောင်းရင်းက ၎င်းသည် သူ့ကိုယ်သူ ကာကွယ်ရန် လုံလောက်စွာ အစွမ်းထက်သည်ဟု သူထင်ခဲ့သောကြောင့် ဖြစ်ပါသည်။

သို့သော် ဓားကျင့်ကြံမှုက ပိုကြိုးစားပြီး ရလာဒ်နည်းသည်ဆိုလျှင်နှင့် ခန္ဓာကိုယ်ကျင့်ကြံမှုက ပိုကောင်းသည့်ရလဒ်များ ရရှိနိုင်သည်ဆိုလျှင် သဘာဝအားဖြင့် သူသည်ဓားကိုပဲ ဆက်လက်ကျင့်ကြံမည်မဟုတ်တော့ပေ။

__

Note:

“ကြက်ပျံ၊ ဥကြေ” (鸡飞蛋打) သည် အရာများ မှားယွင်းသွားသည့် သို့မဟုတ် ပြိုကွဲသွားသည့် အခြေအနေတစ်ခုကို ရည်ညွှန်းသည့် တရုတ်စကားပုံတစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် ရှုပ်ထွေးမှု သို့မဟုတ် ရုတ်တရက်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လေ့ရှိသည်။ ၎င်းကို အင်္ဂလိပ်စကားဖြင့်ဆိုရလျှင် “things falling apart” သို့မဟုတ် “a mess” ကဲ့သို့ပင် မမျှော်လင့်ထားသော ဖြစ်ရပ်တစ်ခုသည် ဆိုးရွားသည့်အဖြစ်များစွာကို ဖြစ်ပေါ်စေသည့် ဇာတ်လမ်းကိုဖော်ပြရန် အသုံးပြုနိုင်သည်။

ထိုစကားစုသည် ကြက်တစ်ကောင် ပျံသန်းပြီး ဥများကွဲခြင်း၏ရုပ်ပုံကို ပေါ်လွင်စေပြီး ရှုပ်ထွေးမှုနှင့် ပျက်စီးမှုကို ဖော်ပြနိုင်သည်။ ၎င်းသည် မှားယွင်းသွားသည့် မည်သည့်အခြေအနေကိုမဆို ဖော်ပြနိုင်သည်၊ အထူးသဖြင့် တည်ငြိမ်သင့်သည့် သို့မဟုတ် ထိန်းချုပ်ထားသည့်အရာတစ်ခုသည် ရှုပ်ထွေးမှုအဖြစ်သို့ ပြောင်းလဲသွားသည့်အခါ ဖြစ်သည်။

All Chapters