အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
အပိုင်း ၂၅
ဝူလုချန် ပြောလိုက်သည့် စကားများသည် မီးခလုတ်အား ဖွင့်သည်ကဲ့သို့ တစ်စုံတစ်ခုကို စတင်လိုက်ဟန်တူ၏။ သူ စကားပြောပြီး မကြာမီပင် အခြားသော ကျင့်ကြံသူများသည်လည်း ချက်ချင်းဆိုသလို စတင်ပြောဆိုလာခဲ့ကြသည်။
နဉ်ရွှီ၊ စစ်ယန်၊ ချင်းရီလော့ နှင့် ဝူလုချန်တို့အပါအဝင် စုစုပေါင်း ရှစ်ဦးရှိပြီး ကျန်လေးဦးမှာ အစားအသောက် ကျင့်ကြံသူများဖြစ်ကြပေသည်။
နဉ်ရွှီသည် ထို အစားအသောက် ကျင့်ကြံသူများနှင့် အလွန်ရင်းနှီးခဲ့သည်။ အကြောင်းမှာ သူမသည် ၎င်းတို့ ပြုလုပ်ထားသော ဟင်းလျာများကို မကြာခဏဆိုသလို စားသုံးခဲ့ခြင်းကြောင့်ပင်။ သူတို့၏ ခင်မင်ရင်းနှီးမှုမှာ အတူတကွ စားသောက်ခဲ့သည့် အချိန်တိုင်း ပိုမိုနက်ရှိုင်းလာခဲ့သည်။ အကယ်၍ သူမ အရင်းနှီးဆုံးပုဂ္ဂိုလ်ကို ရွေးရမည်ဆိုလျှင် ထိုသူမှာ ဖြူစင်သောကျင့်ကြံသူသာဖြစ်ပေမည်။
ချင်းရီလော့နှင့်ပတ်သက်၍မူ နဉ်ရွှီသည် သူနှင့် သိပ်ရင်းနှီးမှု မရှိခဲ့ပေ။
သူတို့နှစ်ဦး ဆက်သွယ်မှု တစ်ခုတည်းမှာ ဖြူစင်သောကျင့်ကြံသူအား စာတစ်စောင် ပေးခိုင်းခဲ့စဉ်ကသာဖြစ်သည်။
စာရွက်ကို လက်ခံရရှိပြီးနောက် နဉ်ရွှီသည် ချင်းရီလော့ မည်သို့ ခံစားရမည်ကို မသိခဲ့ပေ။
သို့သော်လည်း သူတို့နှစ်ဦးစလုံးသည် လက်ထပ်ပွဲဖျက်သိမ်းခံခဲ့ရမှုကြောင့် သေကံမရောက်၊ အသက်မပျောက်ခဲ့သူများ ဖြစ်ခဲ့ကြသည့်အတွက် သူမ၏ ရည်ရွယ်ချက်များကို သူနားလည်နိုင်လိမ့်မည်ဟု သူမ ယုံကြည်ပါသည်။ နောက်ဆုံးတွင် သူ၏ အကြံပေးချက်ကို နားထောင်ပြီး အကြီးအကဲလျှိူ၏ တပည့်ဖြစ်လာခဲ့သည်မှာ ကောင်းမွန်သည့် ကိစ္စပင်။
ဤတစ်ကြိမ်တွင် ချင်းရီလော့သည် သူတို့၏အဖွဲ့တွင် တက်ကြွစွာ ပါဝင်ခဲ့သည်။
ထို့အပြင် အစားအသောက် ကျင့်ကြံသူများမှာလည်း မည်သည့် ဆန့်ကျင်မှုမျိုးကိုမှ ပြသခဲ့ခြင်းမရှိပေ။ သူတို့ ရှစ်ယောက်အဖွဲ့မှာ အလွန်သဟဇာတဖြစ်နေခဲ့သည်။
လမ်းတစ်လျှောက်တွင် အစားအသောက်ကျင့်ကြံသူ အချို့သည် စိတ်လှုပ်ရှားစွာ စကားပြောဆိုနေကြသည်မှာ ဓားဂူအတွင်းရှိ ဓားများအကြောင်း ဝူလုချန်က ဖော်ပြခဲ့သောကြောင့် ဖြစ်နိုင်ပေသည်။ ထို့ကြောင့် သူတို့၏ စကားဝိုင်းသည် ဓားများအကြောင်းကိုသာ အဓိကထား၍ ပြောဆိုခဲ့ကြတော့၏။
အစားအသောက်ကျင့်ကြံသူ တစ်ဦးက “ကျွန်တော်က လေးမျိုးဝိညာဉ်အမြစ်ပိုင်ရှင်ပါ။ ကျွန်တော့်ရဲ့ လိုအပ်ချက်က သိပ်မကြီးပါဘူး။ ကျွန်တော် ဓားတစ်ချောင်းရရင် ရပြီ”
ဖရဲသီးစားခြင်းစနစ်က နဉ်ရွှီအား ပျင်းရိစွာ ညည်းညူပြလာခဲ့သည်။ [ဒီလို မျှော်လင့်ချက်နည်းနည်းနဲ့ဆိုရင်တော့ ဘာပြဿနာမှမရှိပါဘူး။ ဒါပေမဲ့ ဒီလူက နည်းနည်းလေးတောင် ရည်မှန်းချက် ပိုထားလို့ မရဘူးလား?]
နောက်ထပ် အစားအသောက် ကျင့်ကြံသူ တစ်ဦးက ချက်ချင်းဆိုသလို “ကျွန်…ကျွန်တော်က လှတဲ့ ဓားတစ်ချောင်းလိုချင်တယ်”
ဖရဲသီးစားခြင်းစနစ်က လျှာအား တီးခေါက်၍ [ကျိုးပဲ့နေတဲ့ သံအစုတ်ပလုတ်မဟုတ်ဘူးဆိုရင် ရုပ်ဆိုးတဲ့ဓားဆိုတာ မရှိဘူး။ လက်နက် ကျင့်ကြံသူတွေရဲ့ အနုပညာ အမြင်က အမြဲတမ်းမြင့်တာကို၊ ရုပ်ဆိုးတဲ့ ဓားဆိုတာ ဘယ်လိုလုပ်ရှိနိုင်မှာလဲ?]
နောက်ထပ် အသံတစ်သံက “ကျွန်တော် ဓားနဲ့လေ့ကျင့်ဖို့ သင့်တော်မယ် ထင်တယ်၊ ဟုတ်တယ်မလား?”
[သင့်တော်ပါတယ်။ ခုနက အဲ့ဒီ အတုံးအအထက်စာရင် ပိုကောင်းပါသေးတယ်။]
နဉ်ရွှီမှာ စိတ်မကျေမချမ်းဖြစ်နေသော ဖရဲသီးစားခြင်းစနစ်ကို သနားမိခဲ့သည်။ အကြောင်းမှာ သူမတစ်ဦးတည်းသာ ၎င်း၏ တတွတ်တွတ်ပြောနေသည်အသံကို ကြားနိုင်ခဲ့ခြင်းကြောင့်ပင်။
၎င်း၏ စကားများတက်သည့်သဘောကို ထောက်ရှု့၍ လူအုပ်စုကြီးတစ်ခုလုံးနှင့် စကားပြောနိုင်သင့်၏၊ ဟုတ်တယ်မလား?
သို့သော် ကံမကောင်းစွာဖြင့် ယခုအချိန်တွင် သူမတစ်ဦးတည်းသာ ၎င်း၏ အဆုံးမရှိသောစကားများကို ကြားနိုင်ခဲ့သည်။
ဖရဲသီးစားခြင်းစနစ်၏အတွေးများကိုလည်း ကြားနိုင်သည့် တပည့်များကတော့.… စကားမပြောရဲကြပါပေ။
ဓားဂူထဲသို့ ရောက်သည်နှင့် နဉ်ရွှီသည် အမျိုးမျိုးသော ဓားများကြောင့် မျက်စိလည်သွားခဲ့ရသည်။
ဤဓားများသည် မြေကြီးထဲတွင် နက်နက်ရှိုင်းရှိုင်း ထိုးစိုက်ထားကြပြီး တိတ်ဆိတ်နေသော်လည်း သူတို့၏တည်ရှိမှုအား အားကောင်းစွာ ဖော်ပြနေသည်ကို သူမ ခံစားခဲ့ရဆဲပင်။ သူမ ပိုမိုနီးကပ်လာသောအခါ ဓားစွမ်းအင်များ ထွက်ပေါ်နေသည်ကိုပင် နဉ်ရွှီ ခံစားခဲ့ရသည်။
ကျင့်ကြံသူများက အချိန်ကြာမြင့်စွာ အသုံးမပြုခြင်းနှင့် စိတ်ဝိညာဉ်စွမ်းအင် ပြုစုပျိုးထောင်ခြင်း မရှိခြင်းတို့ကြောင့် ဓားစွမ်းအင်သည် ထက်မြက်သော်လည်း မည်သူ့ကိုမှ ထိခိုက်စေမည်မဟုတ်ပေ။
နဉ်ရွှီသည် ခေတ္တမျှ ကြောင်အသွားခဲ့ရသည်။ “ဓားတွေ အများကြီးပဲ”
သူမ၏ အံ့အားသင့်မှုကို ဖော်ပြပြီးနောက် သူမသည် ဖရဲသီးစားခြင်းစနစ်နှင့် ပေါ့ပေါ့ပါးပါး စကားပြောဆိုခဲ့၏။ “ဝမ့်ရှင်းဂိုဏ်းက တကယ်ကို နက်နဲတယ်လို့ ခံစားရတယ်” ဂိုဏ်းငယ် အများစုတွင် ဓားဂူ မရှိကြဘဲ၊ ရှိသည့်တိုင်အောင်လည်း အတွင်း၌ ဤမျှများပြားသော ဓားများ မရှိကြပါချေ။
ဖရဲသီးစားခြင်းစနစ်က ညည်းညူလာခဲ့၏။ [ဒါတွေက အဆင့်နိမ့်ပြီး အပြီးသတ်မပြုလုပ်ရသေးတဲ့ ဓားတွေ။]
ဤဓားများသည် ဓားဝိညာဉ်မပါရှိလို့သာ မဟုတ်လျှင် ထိုစကားကြားပြီး ထပုန်ကန်ကြလောက်မည်။
[ခဏလေး၊ နင့်အတွက် နည်းနည်းပိုကောင်းတဲ့ ဓားတစ်ချောင်းကို ငါရွေးပေးမယ်... ခဏလေးနော်!]
နဉ်ရွှီသည် ခဏကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း ဘာသံမှ မကြားခဲ့ရပေ။ ထို့ကြောင့် သူမသည် “ဘာဖြစ်နေတာလဲ?” ဟုမေးမြန်းခဲ့တော့သည်။
ထိုအချိန်တွင် သူတို့အဖွဲ့ထဲမှ တစ်ဦးသည် သင့်လျော်သော စိတ်ဝိညာဉ်ဓားကို ရှာတွေ့ခဲ့ပြီးဖြစ်သည်။
၎င်းကို ရွေးချယ်ခဲ့သူမှာ လှပသော ဓားတစ်ချောင်းလိုချင်ခဲ့သည့် အစားအသောက် ကျင့်ကြံသူပင်။
သူသည် ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး “ဒီတစ်ချောင်းပဲ”
နဉ်ရွှီနှင့် အခြားသူများက သူ့ကို ဂုဏ်ပြုစကားပြောဆိုခဲ့ကြသည်။
“ဂုဏ်ယူပါတယ်၊ တာအိုမိတ်ဆွေ။ မင်းရဲ့ *ကံကြမ္မာဓားကို ရရှိသွားပြီ။”
(T/N- သူနဲ့ လိုက်ဖက်ညီတဲ့၊ ကံကြမ္မာနဲ့ဆက်နွယ်နေတဲ့ဓား)
အစားအသောက် ကျင့်ကြံသူက “ကျေးဇူးတင်ပါတယ်၊ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟူ၍ ပြန်လည်ဖြေကြားခဲ့သည်။
ထိုအချိန်တွင် နှေးကွေးပြီး ပျင်းရိသော စက်အသံတစ်ခုက ပဲ့တင်သံထပ်လာခဲ့သည်။
[ဒါက ခန့်ညားပြီး အသုံးမဝင်ဘူး။]
နဉ်ရွှီ - “…”
အခြား အစားအသောက် ကျင့်ကြံသူများ: “…”
၎င်းဟာ အမှန်တရားဖြစ်သော်လည်း ကြားရသည်မှာ နာကျင်ပေသည်!
လှပသောဓားကို ရွေးချယ်ခဲ့သည့် အစားအသောက် ကျင့်ကြံသူသည် သိပ်စိတ်မပျက်ပုံမရပေ။ သူ့တွင် ကိုယ်ပိုင်အသိစိတ်ရှိပါသည်။ သူ့အရည်အချင်းနှင့်ဆိုလျှင် သူမည်မျှပင် ရှာဖွေပါစေ စွမ်းအားကြီးမားသော လက်နက်အား ရွေးချယ်နိုင်လိမ့်မည် မဟုတ်သည်ကို သူသိခဲ့သည်။
အကယ်၍ အခြေအနေသည် ထိုသို့ဖြစ်ခဲ့ပါက သူကြိုက်နှစ်သက်သည့် တစ်ချောင်းကို ရွေးချယ်ခြင်းက ပိုကောင်းပေ၏။ အနည်းဆုံးတော့ ထိုအရာက သူ့ကို ပျော်ရွှင်မှုပေးလိမ့်မည်။ သူ၏အရသာနှင့် ကိုက်ညီသည့် ဤဓားသည် ပြီးပြည့်စုံခဲ့သည်။
ဖရဲသီးစားခြင်းစနစ် ပြန်လည်ပြောဆိုသည်ကို ကြားပြီးနောက် နဉ်ရွှီကမေးမြန်းလာ၏။ “ခုနက ဘာပြောတော့မလို့လဲ?”
ဖရဲသီးစားခြင်းစနစ်သည် ခဏမျှ တိတ်ဆိတ်နေပြီးနောက် [သတင်းကောင်းတစ်ခုရယ်၊ သတင်းဆိုးတစ်ခုရယ် ရှိတယ်။ ဘယ်ဟာကို အရင်ကြားချင်လဲ?]
နဉ်ရွှီသည် နှစ်ခါပြန်မစဉ်းစားဘဲ [သတင်းဆိုးကို အရင်နားထောင်မယ်] ဟူ၍ ချက်ချင်းပြန်ဖြေခဲ့သည်။
အကယ်၍ သတင်းဆိုးက သူမအား စိတ်ဓာတ်ကျစေခဲ့သည်ဆိုလျှင် နောက်ပိုင်းတွင် သူမ၏စိတ်ဓာတ်ကို မြှင့်တင်ရန် သတင်းကောင်း ရှိသေးပေသည်။
သတင်းကောင်းဆိုတာက လူများကို စိတ်ခွန်အားပေးရန် ရည်ရွယ်ထားခြင်းသာ။
ဖရဲသီးစားခြင်းစနစ်က တိုက်ရိုက်ပြန်ဖြေခဲ့၏။ [သတင်းဆိုးကတော့ ဓားဂူထဲမှာရှိတဲ့ နင်နဲ့ အသင့်တော်ဆုံးဓားက အကောင်းဆုံး ဓားတော့မဟုတ်ဘူး]
နဉ်ရွှီ၏ ခံစားချက်မှာ တည်ငြိမ်နေခဲ့သည်။ “ဒါက သတင်းဆိုးလို့တော့ သိပ်ပြောလို့မရပါဘူး”
နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်နှင့် ချည်နှောင်ထားသော်လည်း ကူးပြောင်းဝင်ရောက်လာသူ၏ အရှိန်အဝါက အရာရာတိုင်းကို အကောင်းဆုံးဖြစ်အောင် လုပ်နိုင်သည်ဟူ၍ သူမ မထင်ခဲ့ပါပေ။
ကျင့်ကြံသူတစ်ဦးအနေဖြင့် မျှတသော စိတ်နေသဘောထားကို ထိန်းသိမ်းရန်မှာ အရေးကြီးသည်ဟု သူမယုံကြည်ထားပါသည်။
အကယ်၍ ကောင်းမွန်သည့်အရာများ အားလုံးကို သူမက ယူခဲ့ပါက အခြားသော ကျင့်ကြံသူများ မည်သို့ ရှင်သန်နိုင်မည်နည်း။
ကျင့်ကြံသူများ၏ စည်းမျဉ်းက ထိုသို့ ခွင့်မပြုပေ။
ထို့နောက်တွင် နဉ်ရွှီက မေးမြန်းခဲ့သည်။ “ဒါဆိုရင် သတင်းကောင်းက ဘာလဲ?”
ဤတစ်ကြိမ်တွင် ဖရဲသီးစားခြင်းစနစ်သည် အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့၏။ ခဏအကြာတွင် ၎င်းက [သတင်းကောင်းကတော့ ဓားဂူထဲမှာ ဓားဝိညာဉ်တစ်ခုကို မွေးဖွားပေးနေတဲ့ စိတ်ဝိညာဉ်ဓားတစ်ချောင်း ရှိနေတယ်ဟ။ ဒါက သေးငယ်တဲ့ ဝိညာဉ်ပေါက်စလေးပဲဖြစ်နေသေးပြီးတော့ နည်းနည်းလောက် ရောထွေးတဲ့ တုံ့ပြန်မှုလေးပဲပေးနိုင်ပေမဲ့ အချိန်တန်ရင် ဓားဝိညာဉ်က အပြည့်အဝကြီးထွားလာပြီး နိုးထလာမှာရယ်။ အဲဒီအချိန်မှာ ဒီဓားက အဆင့်မြင့် လက်နက်တစ်ခု ဖြစ်လာလိမ့်မယ်…]
နဉ်ရွှီ: !!!
သူတို့နှင့်အတူ ဓားဂူ ထဲသို့ ရောက်ရှိလာခဲ့သော အကြီးအကဲများ: !!!
ဘာ? ဓားဂူထဲမှာ ဒီလို ရတနာတစ်ခု ရှိနေတာလား?
ဆိုလိုသည်မှာ ဝမ့်ရှင်းဂိုဏ်းတွင် ရတနာများ လိုအပ်နေခြင်းမဟုတ်ဘဲ ၎င်းတို့ကို မှတ်မိနိုင်သည့် မျက်စိများ လိုအပ်နေခြင်းသာ!
ဖရဲသီးစားခြင်းစနစ် ပေါ်လာပြီးနောက် ရတနာများစွာကို မရှာတွေ့ခဲ့ဘူးလား?
ပထမဦးဆုံး၊ နဝမအဆင့် စိတ်ဝိညာဉ်သားရဲဖြစ်သည့် ဝက်ညီလေး၊ ထို့နောက် ယင်ယန်ကြေးမုံနှင့် ယခုတွင် ဓားဝိညာဉ်ကို မွေးဖွားပေးနေသည့် စိတ်ဝိညာဉ်ဓား!
ဤအရာများအားလုံးသည် အပြင်တွင် ရှာတွေ့ခဲ့ပါက သွေးထွက်သံယိုဖြစ်မှုနှင့် ပဋိပက္ခများကို အလွယ်တကူဖြစ်စေနိုင်သည့် ရတနာများပင်!
အကြောင်းအရာများကို ဆက်စပ်ပြီးနောက် နဉ်ရွှီသည် ဤအနာဂတ်မှာဖြစ်လာမည့် အဆင့်မြင့်စိတ်ဝိညာဉ်ဓားသည် သူမနှင့် မသက်ဆိုင်ကြောင်း နားလည်ခဲ့သည်။
သတင်းဆိုးကို အရင်ကြားပြီးမှ သတင်းကောင်းကိုကြားရပြီးနောက် ဘာကြောင့် သူမ အံ့ဩမှု မခံစားရသနည်း။
ဖရဲသီးစားခြင်းစနစ်က ရိုးသားစွာ ပြောခဲ့သည်မှာ [ဘာကြောင့်လဲဆိုတော့ ဒီအံ့အားသင့်စရာက တခြားတစ်ယောက်နဲ့ ဆိုင်နေလို့ပဲ။]
နဉ်ရွှီ: “...?”
သူမသည် မနေနိုင်ဘဲ “ဘယ်သူလဲ?”
ဖရဲသီးစားခြင်းစနစ်သည် အသေးစိတ် မပြောပြဘဲ [ဘယ်သူ ဆွဲထုတ်နိုင်မလဲ၊ အဲဒီသူနဲ့ပဲ ဆိုင်တယ်။] ဟူ၍ရိုးရှင်းစွာ ပြောလာခဲ့သည်။
နဉ်ရွှီသည် ဤဝိညာဉ်ဓားနှင့် ချိတ်ဆက်မှု မရှိခဲ့သော်လည်း ၎င်းက သူမအား စိတ်အားထက်သန်စွာ ကြည့်ရှုခြင်းကို ရပ်တန့်စေခဲ့ခြင်းမရှိပေ။
“ဓားက ဘယ်မှာလဲ?”
ဖရဲသီးစားခြင်းစနစ်က ညွှန်ပြခဲ့၏။ [ညာဘက်ကို သွား၊ ပြီးရင် ရှေ့ကို တည့်တည့်သွားပါ။ ပထမဆုံး လမ်းဆုံမှာ ဘယ်ဘက်ကို ကွေ့၊ ပြီးတော့ ရှေ့ကို တည့်တည့်သွားပြီး ညာဘက်ကို ကွေ့။]
နဉ်ရွှီသည် ခေတ္တမျှ ရပ်တန့်ခဲ့ပြီး “မိတ်ဆွေတို့၊ ကျွန်မနဲ့ တုံ့ပြန်တဲ့ စိတ်ဝိညာဉ်ဓားတစ်ချောင်းကို မှန်းဆမိပါတယ်။ ညာဘက်ကို သွားချင်ပါတယ်၊ ကျေးဇူးပြုပြီး ရှင်တို့ သွားချင်တဲ့နေရာကို လွတ်လွတ်လပ်လပ်သွားနိုင်ပါတယ်” ဟုရည်ရွယ်ချက်ရှိရှိ ပြောဆိုခဲ့သည်။ သူတို့ရှေ့တွင် လမ်းသုံးခုရှိပြီး တစ်ခုစီသည် မတူညီသော စိတ်ဝိညာဉ်ဓားများဆီသို့ ဦးတည်နေပေသည်။
သူမ စကားပြောပြီးသည်နှင့် ဖြူစင်သောကျင့်ကြံသူက ဦးဆောင်၍ “ကျွန်တော် မင်းနဲ့ လိုက်ခဲ့မယ်”
ချင်းရီလော့မှာ ဘာစကားမှ မပြောဘဲ ဖြူစင်သော ကျင့်ကြံသူ၏ နောက်တွင် ရပ်နေခဲ့ပြီး သူလည်း လိုက်ပါလိုကြောင်းကို ရှင်းလင်းစွာ ဖော်ပြနေခဲ့သည်။
အခြား အစားအသောက်ကျင့်ကြံသူ ငါးဦးမှာမူ မေးမြန်းရန်ပင် မလိုအပ်ခဲ့ပေ။ သူတို့သည်လည်း နောက်ကျကျန်ရစ်ရန် ဆန္ဒမရှိခဲ့ကြပေ။
ဘာပဲဖြစ်ဖြစ်၊ ၎င်းသည် ဓားဝိညာဉ် တစ်ခုကို မွေးဖွားပေးခဲ့သည့် စိတ်ဝိညာဉ်ဓား တစ်ချောင်းပင်။ ထိုစိတ်လှုပ်ရှားဖွယ်ရာကို ကြည့်ချင်စိတ်မရှိသူ မည်သူမဆို အရူးတွေသာ ဖြစ်လိမ့်မည်!
နဉ်ရွှီက ခေါင်းညိတ်ခဲ့သည်။ “ကောင်းပြီ၊ အခုပဲ သွားကြရအောင်။ လမ်းတစ်လျှောက်မှာ ရှင်တို့ထဲက တစ်ယောက်ယောက် သင့်လျော်တဲ့ ဝိညာဉ်ဓားကို တွေ့ခဲ့ရင် လက်လွတ်မခံပါနဲ့”
အားလုံးက “ကောင်းပြီ!” ဟုသာ တုံ့ပြန်ခဲ့ကြသည်။
နဉ်ရွှီနှင့် သူမ၏အဖွဲ့သည် ခမ်းနားသော စီတန်းလှည့်လည်မှုဖြင့် စတင် ထွက်ခွာခဲ့ကြတော့၏။
သူတို့သည် အဝေးကြီး မသွားခဲ့ရသေးချိန်တွင်ပင် အခြားဂိုဏ်းများမှ တပည့်အုပ်စုအချို့နှင့် ထိုလမ်းကြောင်းအတိုင်း လာနေကြသည်ကိုတွေ့ဆုံခဲ့ရသည်။
နဉ်ရွှီက သူမ၏စိတ်ထဲတွင် ဖရဲသီးစားခြင်းစနစ်အား “ဘာလို့ လူတွေ ဒီလောက်များနေရတာလဲ?”
ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေခဲ့သည်မှာ [ဝိညာဉ်ပေါက်စလေးပါတဲ့ ဝိညာဉ်ဓားက ထူးခြားတယ်။ သူတို့ကိုလည်း ဒီအရာက ဆွဲဆောင်ခဲ့ပုံပဲ။]
နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်၏အတွေးများကို ကြားနေရသည့် ကျင့်ကြံသူများ: …
ဝိညာဉ်ပေါက်လေးပါသည့် ဝိညာဉ်ဓားမှာအရှိန်အဝါ ထုတ်ပေးခြင်းမရှိခဲ့ပေ။ ဖရဲသီးစားခြင်းစနစ်ကြောင့်သာ သူတို့သိရှိခဲ့ခြင်းဖြစ်၏။
သူတို့၏ ဦးတည်ရာသို့ သွားနေစဉ်တွင် နဉ်ရွှီ၏အဖွဲ့မှ တပည့်နှစ်ဦးသည် သူတို့၏ ကိုယ်ပိုင် အသက်စိတ်ဝိဉာဉ်ဓားများကို ထပ်မံတွေ့ရှိခဲ့ကြသည်။
၎င်းတို့ထဲမှ တစ်ဦးမှာ ချင်းရီလော့ဖြစ်ပါသည်။
အံ့အားသင့်ဖွယ်ရာကတော့ အစကတည်းက စိတ်ဝင်စားမှုမရှိဘဲ တည်ငြိမ်နေခဲ့သည့် ဝူလုချန်သည် လမ်းတစ်လျှောက်တွင် ဓားများကို လှည့်ကြည့်ခြင်းပင်မရှိဘဲ စိတ်လှုပ်ရှားမှုကို လုံးဝမပြသခဲ့ပေ။
နဉ်ရွှီသည် မနေနိုင်ဘဲ “ရှင် ဝိညာဉ်ဓားတစ်ချောင်းကို မရွေးတော့ဘူးလား?”
ဝူလုချန်သည် ခါးသီးစွာ ပြုံးလျက် “ကျွန်တော် စိတ်ဝိညာဉ်ဓားတွေကနေ ထွက်ပေါ်လာတဲ့ရောင်ဝါကို မခံစားရဘူး။ ကျွန်တော် ဓားကျင့်ကြံတဲ့လမ်းနဲ့ မသင့်တော်ဘူးလို့ ထင်တယ်” ဖရဲသီးစားခြင်းစနစ်ကို သူတစ်ခါမှ သံသယမဝင်ခဲ့ဖူးသော်လည်း ဓားဂူထဲသို့ ရောက်ရှိလာပြီးနောက် စနစ်ပြောသည့်အတိုင်း မှန်သည်ကို ပိုမိုနက်နဲစွာ ခံစားခဲ့ရတော့သည်။
နဉ်ရွှီက သွယ်ဝိုက်၍ အကြံပြုခဲ့သည်။ “ ရှင်ခန္ဓာကိုယ်ကျင့်ကြံတဲ့ လမ်းကို ကြိုးစားကြည့်လို့ ရနိုင်တယ်ထင်တယ်။”
ဝူလုချန်သည် အလွယ်တကူ သဘောတူခဲ့သည်။ “အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ တာအိုမိတ်ဆွေ။ ကျွန်တော် ကြိုးစားကြည့်ပါ့မယ်”
ဤအရာကိုကြားပြီးနောက် နဉ်ရွှီက ဖရဲသီးစားခြင်းစနစ်အား “ဝူလုချန်က အကြံဉာဏ်ကို နားထောင်တက်သားပဲ။”
[အကြံဉာဏ်နားထောင်တာက ဗိုက်ပြည့်စေတယ်။ ပြဿနာမရှိပါဘူး။]
ခဏကြာ လမ်းလျှောက်ပြီးနောက် နဉ်ရွှီသည် နောက်ဆုံးတွင် တစ်စုံတစ်ခုကို ခံစားမိခဲ့သည်။
သူမသည် ခေတ္တမျှ ရပ်တန့်ခဲ့ပြီးနောက် ဓားတစ်ချောင်းဆီသို့ ရည်ရွယ်ချက်ရှိရှိ လျှောက်သွားခဲ့သည်။
ဤဓားသည် တောက်ပသော အပြာရောင်ဖြစ်ပြီး ၎င်း၏ဓားသွားတွင် သစ်ခွပုံစံများ ပါရှိသည်။ ဓားသည် ကျဉ်းမြောင်း၍ သိမ်မွေ့ပြီး လှပသောအရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။
ဟုတ်ပါသည်။ နဉ်ရွှီသည် ဤဓားမှ လှပမှုနှင့် တည်ငြိမ်အေးချမ်းမှု၊ ဂန္ထဝင်ဆန်မှုနှင့် ကဗျာဆန်မှုတို့ကို ခံစားခဲ့ရသည်။
ဖရဲသီးစားခြင်းစနစ်၏ လေသံတွင်လည်း ချီးကျူးမှု အနည်းငယ်ပါရှိသည်။ [ဒီဓားကိုပြုလုပ်ခဲ့တဲ့ လက်နက်ပြုလုပ်သူက လက်နက်ဆရာတစ်ယောက်ဖြစ်တဲ့အပြင် ကဗျာဆရာ၊ ပန်းချီဆရာနဲ့ နာမည်ကျော် လက်ရေးလှဆရာတစ်ယောက်လည်း ဖြစ်တယ်။]
[သူ့ စိတ်အားထက်သန်မှုက လက်နက်ပြုလုပ်တာ မဟုတ်ဘဲ ကဗျာနဲ့ ပန်းချီဆွဲတာဖြစ်တယ်လို့ ဆိုလိုရတယ်။ လက်နက်ပြုလုပ်တာက သူ့နှလုံးသားထဲက အနုပညာကို ပိုပြီး ကောင်းကောင်းမွန်မွန် ဖော်ပြနိုင်ဖို့အတွက် နည်းလမ်းတစ်ခုသာသာပဲ။]
[ဒီဓားက ပျော့ပျောင်းမှုရော သန်မာမှုပါ နှစ်မျိုးလုံးရှိပြီးတော့ ရေ၊ သစ်သားနဲ့ မြေသုံးမျိုးရှိတဲ့ စိတ်ဝိညာဉ်အမြစ်ကျင့်ကြံသူတွေအတွက် သင့်တော်တယ်။ တခြားနည်းနဲ့ပြောရရင်တော့ ဒါက နင့်အတွက် အရမ်းသင့်တော်တယ်။]
နဉ်ရွှီက “နာမည်ရှိလား?”
[ရှိတယ်။ မင်ယွဲ့တဲ့။ ဒါက သူ့ရဲ့နာမည်။]
နဉ်ရွှီသည် ဝမ်းမြောက်ဝမ်းသာ ပြောဆိုခဲ့သည်။ “ကောင်းပြီ၊ အခုကစပြီး ဒါဟာ ငါ့ရဲ့မင်ယွဲ့ပဲ”
သူမ၏ အသက်စိတ်ဝိညာဉ်ဓားကို ရရှိပြီးနောက် ဖရဲသီးစားခြင်းစနစ်က ရှင်းပြလာခဲ့သည်။ [ငါ နင့်အတွက် ပိုကောင်းတဲ့ ဓားတစ်ချောင်းကို မရှာပေးချင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ နှစ်တွေတစ်လျှောက် အဆင့်မြင့် လက်နက်ပြုလုပ်သူတွေက ဝိညာဉ်အမြစ် တစ်မျိုး၊ နှစ်မျိုးပဲရှိတဲ့ ကျင့်ကြံသူတွေအတွက် သင့်တော်တဲ့စိတ်ဝိဉာဉ်ဓားတွေကိုပဲ ပြုလုပ်ခဲ့ကြတာ။ တစ်ခါတစ်လေဆို နှစ်မျိုး စိတ်ဝိညာဉ်အမြစ် ကျင့်ကြံသူအနည်းငယ်အတွက်ပဲ လုပ်ခဲ့ကြတော့တာ။]
[သုံးမျိုး၊ လေးမျိုး၊ ဒါမှမဟုတ် ငါးမျိုးစိတ်ဝိညာဉ်အမြစ် ကျင့်ကြံသူတွေအတွက်ဆိုရင်တော့… သူတို့ လုံးဝ မစဉ်းစားကြဘူးရယ်။ ဒီလိုဓားတွေ ရှိခဲ့ရင်တောင် ဝမ့်ရှင်းဂိုဏ်းရဲ့ ဓားဂူထဲမှာရှိနေမှာ မဟုတ်ဘူး။]
[ဒါကြောင့်မို့ ဘာမှလုပ်လို့မရဘူး။ ငါတို့ ရှာလို့မတွေ့ခဲ့ဘူး၊ တကယ်ကို ရှာလို့မတွေ့ခဲ့တာ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ အသက် စိတ်ဝိညာဉ်ဓားက အသက်စိတ်ဝိညာဉ်သားရဲနဲ့ မတူဘူး။ နောက်ပိုင်းမှာ နင်နတ်ဘုရားလက်နက်တစ်ခုကို တွေ့ခဲ့ရင် မင်ယွဲ့ကို အဲ့တာနဲ့ အစားထိုးလို့ ရတယ်။]
နဉ်ရွှီ: … အဲဒါ အဆင်ပြေရဲ့လား?
ဖရဲသီးစားခြင်းစနစ် က ပေါ့ပေါ့ပါးပါး ပြောခဲ့သည်။ [ဒါက လွှင့်ပစ်တာမဟုတ်ပါဘူး၊ အစားထိုးတာ။ အဲ့ဒါကြောင့်မို့ အဆင်ပြေတယ်။ ကျင့်ကြံမှုလောကမှာ ပိုမိုသင့်တော်တဲ့ လက်နက်တစ်ခု ရောက်လာခဲ့ရင် မူရင်းလက်နက်ကို အစားထိုးတာ သာမန်ပါပဲ။]
[ကျင့်ကြံသူတွေက ဘာကိုရှာဖွေနေကြတာလဲ?]
[အဆင့်အမြင့်ဆုံး ကျင့်စဉ်တွေ၊ အဆင့်အမြင့်ဆုံး စိတ်ဝိညာဉ်သားရဲတွေ၊ အဆင့်အမြင့်ဆုံး လက်နက်တွေကိုပဲ။]
[ငါနဲ့ ချည်နှောင်လိုက်ပြီးတဲ့နောက် နင်အဲဒါတွေ အားလုံးကို မကြာခင်မှာ ပိုင်ဆိုင်လာလိမ့်မယ်!]
နဉ်ရွှီက လိုက်ဖက်ညီစွာ “ကောင်းပြီ၊ နင်ဆွဲပေးထားတဲ့ ပိုင်မုန့်ကြီးကို ငါစားပါ့မယ်!”
သူတို့ စကားပြောနေချိန်တွင်ပင် အနက်ရောင်နှင့် လေးလံသည့် ဓားတစ်ချောင်းသည် အလျင်အမြန်ဖြင့် ဓားဂူထဲမှ ရုတ်တရက် ပျံထွက်လာခဲ့သည်။ ၎င်းသည် အလွန်သန့်စင်ပုံမရသော်လည်း ၎င်း၏ ယေဘုယျပုံပန်းသဏ္ဍာန်မှာ တည်တည်ငြိမ်ငြိမ်နှင့် လေးလေးနက်နက်ရှိပေသည်။ ၎င်းသည် အလွန်အကျွံ သိမ်မွေ့ခြင်းမရှိသော်လည်း အကျည်းတန်သော ဓားတော့မဟုတ်ချေ။
၎င်းကို မြင်သည်နှင့် အားလုံးသည်တူညီမှုတစ်ခုကိုသာ ခံစားခဲ့ရတော့သည်။
ဒါက ဖရဲသီးစားခြင်းစနစ်ပြောခဲ့သည့် ဝိညာဉ်ပေါက်စလေးပါသည့် ဓားမဟုတ်ပေလော?
အားလုံး စိတ်လှုပ်ရှားနေချိန်တွင် သူတို့သည် နှေးကွေးသော စက်အသံ တစ်ခုကိုကြားခဲ့ကြ၏။
နောက်တစ်စက္ကန့်တွင် ပြတ်သားသည့်အသံက [ငါ သူများအပေါ်မှီတွယ်တက်တာမျိုးမြင်ဖူးပါတယ်၊ ဒါပေမဲ့ ဒီလိုမျိုးတော့ မမြင်ဖူးဘူး။]
[ဒီပေါက်စလေးက ဒီလောက်ထိ တွယ်ကပ်နေတက်မယ်လို့တော့ မမျှော်လင့်ခဲ့ဘူး။]
မှုန်ဝါးဝါးသာ သိရှိနိုင်သေးသော ဓားဝိညာဉ်ပေါက်စ: [???]
တပည့်များ: “…”
(T/N- ဓားဂူ= ဓားသင်္ချိုင်း)
အခန်း (၂၆)
ဖရဲသီးစားခြင်းစနစ်၏ သရော်တင်စီးသည့် မှတ်ချက်သည် ဆက်လက်တည်ရှိနေခဲ့သည်…
[ဒါလေးက သူ့ဘာသာသူ ပျံသန်းထွက်လာပြီး သူ့ရဲ့သခင်ကို ရွေးချယ်ခဲ့တာပဲလေ၊ နောက်ထပ် ဘာကြည့်စရာရှိတော့မလဲ?]
နဉ်ရွှီက “...ဘာကြည့်ချင်သေးလို့လဲ?”
ဖရဲသီးစားခြင်းစနစ်က မဆိုင်းမတွ ပြန်ဖြေခဲ့သည်မှာ [တပည့်တွေ တစ်ယောက်ပြီး တစ်ယောက်တက်ပြီး ဓားကိုဆွဲထုတ်ကြမယ်၊ ပြီးတော့ စိတ်ပျက်အားငယ်စွာ ပြန်ထွက်သွားကြတာကို ကြည့်ရမှာပေါ့။]
ဝိညာဉ်ဓားသည် သခင်တစ်ပါးတည်း အတွက်သာရည်ရွယ်ပြီး ၎င်းကို ဆွဲထုတ်ရန်ကြိုးစားခဲ့သည့် ကျန်လူများသည် ဘေးလူများသာ။
နဉ်ရွှီ: “???”
တပည့်များ: “...”
နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်ဟာ စကားလုံးများကို ဤမျှ ထက်မြက်စွာသုံးစွဲနိုင်မည်ဟု မျှော်လင့်မထားခဲ့ပေ။
နဉ်ရွှီ၏ အတွေးများကို ခံစားမိသည့်အလား ဖရဲသီးစားခြင်းစနစ်က ကျေနပ်အားရစွာ ထပ်လောင်းပြောဆိုခဲ့သည်။ [ကိုယ့်ကိုယ်ကိုယ် ပျော်အောင်လုပ်တဲ့ နည်းလမ်းတွေ ရှာတဲ့အခါမှ ဘဝကပိုပြီး စိတ်ဝင်စားဖို့ကောင်းလာတယ်လေ၊ နင်ရော အဲဒီလို မထင်ဘူးလား?]
နဉ်ရွှီ: “…”
သို့သော်လည်း ယနေ့တွင် ဖရဲသီးစားခြင်းစနစ်၏ဖျော်ဖြေမှုသည် လုံးဝပြိုလဲရန် သတ်မှတ်ထားခဲ့သည်။
ဝိညာဉ်ဓားသည် သူ့ဘာသာသူ ပျံသန်းထွက်လာခြင်း မရှိခဲ့ပါက တပည့်များသည် သူတို့၏ မျှော်လင့်ချက် အချို့ကို ဆက်လက်ထိန်းထားနိုင်ခဲ့ပြီး ၎င်း၏ သခင်ဖြစ်လာနိုင်သည်ဟု ယုံကြည်ခဲ့ကြပေမည်။ သို့သော် ယခုမူ ထိုမျှော်လင့်ချက်များမှာ လုံးဝ ပျက်စီးသွားခဲ့တော့၏။
ဓားသည် ဖြူစင်သောကျင့်ကြံသူအား လက်တွေ့ကျကျ ကပ်တွယ်နေခဲ့သည်။ သူ့၏လက်မောင်းတွင် ကပ်ထားခြင်းအပြင် သူ့၏ပါးပြင်ကိုပါ ချစ်ခင်စွာ ပွတ်သပ်နေခဲ့သည်။
ဝိညာဉ်ဓားသည် မည်သည့် အသံမှ မပြုလုပ်နိုင်သေးသော်လည်း ၎င်း၏လုပ်ရပ်များသည် လူတိုင်းအတွက် ရှင်းလင်းနေခဲ့ပါသည်၊ “သခင်၊ ချီ ချီ!”
ဖရဲသီးစားခြင်းစနစ်သည် သည်းမခံနိုင်တော့ပေ။ [အား၊ ဒါက သည်းမခံနိုင်စရာပဲ! ငါ ဒါကိုမကြည့်နိုင်တော့ဘူး!]
တစ်ဖက်တွင်မူ နဉ်ရွှီက အတော်ပင် ပျော်စရာကောင်းသည်ဟု ယူဆခဲ့၏။ ဝိညာဉ်ဓား၏ ဝိညာဉ်ပေါက်စသည် ရိုးသားသည့် အငွေ့အသက်လေးသာ(အသိဉာဏ်နည်းနည်းပဲ) ရှိနေသေးသော်ငြား ၎င်းသည် ဖြူစင်သော ကျင့်ကြံသူအား ဤမျှလောက်ပင် တွယ်တာနေတော့၏။
၎င်းသည် သူ့ကို တကယ် နှစ်သက်ပုံရသည်။
နဉ်ရွှီက “ဓားဝိညာဉ်ပေါက်စက မိန်းကလေးလား?” ဟုမေးမြန်းခဲ့၏။
ဤအချက်တွင် လူတိုင်းက နားစိုက်ထောင်ခဲ့ကြသည်။ သူတို့လည်း သိချင်စိတ်ရှိခဲ့ကြပေသည်။
ဤသို့ တွယ်တာပြီး ချစ်ခင်သော အမူအရာဖြင့် ဝိညာဉ်သည် အမျိုးသမီးဖြစ်ရမည်၊ ဟုတ်တယ်မလား?
သို့သော် ဖရဲသီးစားခြင်းစနစ်က အထင်အမြင်သေးစွာ ပြန်ဖြေခဲ့သည်မှာ [ဒါက ယောက်ျားလေးဟ။]
နဉ်ရွှီ: “!!!”
လူတိုင်း: “!!!”
နဉ်ရွှီက အကြောင်းပြချက် ပေးလာခဲ့သည်။ “ယောက်ျားလေးတစ်ယောက် တွယ်ကပ်တာက ထူးဆန်းတာမဟုတ်ပါဘူး။”
ဘာပဲဖြစ်ဖြစ်၊ ဒါကရိုးသားသည့် ပေါက်စလေးသာဖြစ်ပြီး သူ၏ ခံစားချက်အတိုင်း ပြုမူနေခြင်းသာ။
ကျား၊ မ မခွဲခြားဘဲ မည်သူမဆို ချစ်ခင်နိုင်ပါသည်။
သို့သော် ဖရဲသီးစားခြင်းစနစ်၏ ဝေဖန်မှုဟာ မပြီးဆုံးသေးပေ။ [ဒါက ကိုယ့်ကိုယ်ကို *သူ့ဆီမှာပစ်ချနေတာ။ အနာဂတ်မှာ အဆင့်မြင့် ဝိညာဉ်ဓားတစ်ချောင်းရဲ့ အေးတိအေးစက် ဖြစ်တည်မှုက ဘယ်မှာလဲ?!]
(T/N- အရမ်းရင်းနှီးနွေးထွေးနေတာ)
ထိုအချိန်တွင် ဝူလုချန်သည် ပြုံးကာ လက်နှစ်ဖက်ယှက်က ရှေ့သို့ တိုးလာခဲ့သည်။ “ဂုဏ်ယူပါတယ်၊ တာအိုမိတ်ဆွေ။”
အခြားသူများလည်း ထပ်တူ လုပ်ခဲ့ကြသည်။
“ဂုဏ်ယူပါတယ်!”
ဝိညာဉ်ဓားသည် ဖြူစင်သော ကျင့်ကြံသူကို ၎င်း၏ သခင်အဖြစ် ရွေးချယ်ခဲ့သည်မှာ လူတိုင်းအတွက် ရှင်းလင်းနေခဲ့ပါသည်။
ဖြူစင်သော ကျင့်ကြံသူကလည်း လက်နှစ်ဖက်ယှက်၍ ပြန်လည်ပြောခဲ့၏။ “အားလုံးကို ကျေးဇူးတင်ပါတယ်။”
ထို့နောက် သူ၏ ကိုယ်ပေါ်၌ အလွန်အမင်း ကပ်တွယ်နေသော ဓားကိုခိုင်မြဲစွာ ဆုပ်ကိုင်ခဲ့သည်။
သူ ကိုင်လိုက်သည်နှင့် သူ့ နှလုံးသားထဲတွင် ထူးဆန်းသော်လည်း ရင်းနှီးသော ခံစားမှုတစ်ခု ရုတ်တရက် ပေါ်ပေါက်လာ၏။
သူတို့သည် ယခင်က အကြိမ်ပေါင်းများစွာ ဘေးချင်းယှဉ်ပြီး တိုက်ခိုက်ခဲ့ဖူးသကဲ့သို့ ခံစားခဲ့ရသည်။
*“ဟေးယန်”
(T/N- 黑岩- blackrock)
သူသည် နာမည်ကို ဖြည်းဖြည်းချင်း ခေါ်လိုက်သည်။
ဤအရာကိုကြားရသောအခါ ဝိညာဉ်ဓားသည် ပို၍ပင် ကပ်တွယ်လာခဲ့၏။
၎င်းသည် သူ့လက်ပတ်လည်တွင် ဝဲပျံနေပြီး ရုတ်တရက် အလင်းရောင်တစ်ခုဖြင့် သူ့လက်ဖဝါးကို အနည်းငယ်ဖြတ်တောက်လိုက်သည်။ သွေးတစ်စက်ထွက်လာသည်နှင့် ၎င်းသည် တက်ကြွစွာ သူ့နှင့် စာချုပ်ချုပ်ဆိုခဲ့တော့သည်။
ဤအချိန်မှစ၍ဝိညာဉ်ဓားသည် သူ၏ဓားအစစ်အမှန် ဖြစ်သွားတော့၏။
ဝူလုချန်က “သူ့နာမည်က ဟေးယန်လား?”
ဓားကို စိုက်ကြည့်ရင်း ဖြူစင်သော ကျင့်ကြံသူက “ဟုတ်တယ်”
သူကိုင်လိုက်သည်နှင့် နာမည်သည် သူ့စိတ်ထဲတွင် သဘာဝအတိုင်း ပေါ်လာခဲ့သည်။ ရှင်းပြလို့ မရနိုင်တဲ့ စိတ်ကူးယဉ်ဆန်သော ပဲ့တင်သံတစ်ခုပင်။
ဤအချိန်မှစ၍ ၎င်းသည် သူ့၏အသက် စိတ်ဝိညာဉ်ဓားဖြစ်သွားပြီပင်။
ဝူလုချန်က ပြုံးလိုက်သည်။ “နာမည်က သူ့နဲ့ လိုက်ဖက်ပါတယ်။”
ဝိညာဉ်ဓားသည် လေးလံသော အနက်ရောင်ဓားဖြစ်ပြီး ကျယ်ပြန့်ကာ ရှေးဟောင်းပုံစံဖြစ်သည်။ နှစ်ထောင်ချီ ရာသီဥတုဒဏ်ခံခဲ့ရသော ကျောက်တုံးကဲ့သို့ ခိုင်မာပြီး ယုံကြည်စိတ်ချရသည်။
တပည့်များ၏ မျက်လုံးများမှာ မနာလိုစိတ်ဖြင့် တောက်လောင်နေတော့၏။
စိတ်ဝိညာဉ်ရှိသော ဝိဉာဉ်ဓား!
ကျင့်ကြံခြင်းလောက တစ်ခုလုံးတွင် ထိုသို့သော ဓားများသည် အလွန်ရှားပါးလှသည်။ တည်ရှိနေသော ဓား ၁၀ လက်ပင် မရှိခဲ့ပေ။
၎င်းတို့အများစုမှာ ထိပ်တန်းဂိုဏ်းကြီးသုံးခုနှင့်သာ သက်ဆိုင်၏။
သို့သော် ယနေ့တွင် တစ်ဦးသည် သူတို့မျက်စိရှေ့တွင် တပည့်တစ်ဦးကို အလွယ်တကူရွေးချယ်ခဲ့သည်။
မနာလိုစိတ်တစ်ခုခံစားရခြင်း မရှိနိုင်စရာမရှိပါပေ။ ဘာပဲဖြစ်ဖြစ်၊ စိတ်ဝိညာဉ်ရှိသော အဆင့်မြင့် ဝိညာဉ်ဓားကို မည်သူက မလိုချင်ဘဲနေမည်နည်း။
သို့သော်လည်း ဂိုဏ်းတူ တာအိုမိတ်ဆွေများ ဖြစ်ကြသောကြောင့် အများစုသည် အလျင်အမြန် စိတ်တည်ငြိမ်သွားကြပေသည်။
ယနေ့တွင် ဖြူစင်သော ကျင့်ကြံသူသည် ကံကောင်းခြင်းများရှိခဲ့၏။ မည်သူသိနိုင်မည်နည်း၊ မနက်ဖြန်တွင် သူတို့ အလှည့်ဖြစ်ချင်ဖြစ်လောက်ပေမည်။
သူတို့သည် သည်းခံမှုရှိရန်သာ လိုအပ်ပါသည်။
တပည့်များ၏ရင့်ကျက်မှုကို စောင့်ကြည့်ပြီးနောက် အကြီးအကဲများမှာ စိတ်သက်သာရာရခဲ့ကြ၏။
ဝမ့်ရှင်းဂိုဏ်း၏ တပည့်များအနေဖြင့် သူတို့သည် နားလည်သင့်သည်မှာ- သူတို့နှင့် မသက်ဆိုင်သည်များကို မလိုက်ပါနှင့်၊ သူတို့နှင့် သက်ဆိုင်သည်များကိုလည်း လုံးဝမစွန့်လွှတ်ပါနှင့်။
ထိုအချိန်တွင် တပည့်များသည် ဓားများကို ထပ်မံရှာဖွေရန် စတင်ခဲ့ကြသော်လည်း ရုတ်တရက် စိတ်တိုနေသော အသံတစ်ခုက ထိုအချိန်လေးကို ဖြတ်တောက်လိုက်တော့သည်။
[လူတိုင်းက ဖြူစင်တဲ့ကျင့်ကြံသူကို ကြည့်နေကြတယ်၊ ဒါကတော့ မျှော်လင့်ထားပါတယ်။ ဝိညာဉ်ဓားတစ်ချောင်းက သူ့ရဲ့သခင်ကို ရွေးချယ်တာက ရှားပါတယ်လေ။ ဒါပေမဲ့ ဘာလို့ အဲဒီလူက နင့်ကို စိုက်ကြည့်နေရတာလဲ?]
[သူ နင့်ကို စိတ်ဝင်စားနေတာလား?]
နဉ်ရွှီသည် တောင့်တင်းသွားခဲ့ရသည်။
“ဘယ်သူ့အကြောင်း ပြောနေတာလဲ?”
ဖရဲသီးစားခြင်းစနစ်က အလျင်အမြန် ပြန်ဖြေခဲ့သည်မှာ [ထောင့်က လူကို ပြောနေတာ၊ အရပ်ပုပြီး ပိန်သွယ်ပြီး သိပ်ပြီး အရေးမပါတဲ့လူ။]
[သူက နင့်ရဲ့ ညာဘက်မှာ။]
[သူကလည်း သူငယ်ချင်းသိပ်မရှိပုံပဲ။ ပြီးတော့ သူ နင့်ကို ကြည့်နေတဲ့ပုံစံကို ငါ မကြိုက်ဘူး။]
နဉ်ရွှီသည် တုံ့ဆိုင်းခဲ့သော်လည်း ကြည့်လိုက်သည်။
သို့သော် သူမ ထိုလမ်းကြောင်းသို့ လှမ်းကြည့်သည့်အချိန်တွင်ပင် ထိုလူသည် ခေါင်းငုံ့ထားပြီးဖြစ်သည်။ ထို့ကြောင့် သူ့မျက်နှာကို ဖတ်ရန် မဖြစ်နိုင်တော့ပေ။
ခဏနားပြီးနောက် နဉ်ရွှီက “အဲဒါ ဘယ်လို အကြည့်မျိုးလဲ?”
ဖရဲသီးစားခြင်းစနစ်သည် ခဏစဉ်းစားပြီးနောက် စကားလုံး တစ်လုံးတည်းဖြင့် ပြန်ဖြေခဲ့၏၊
[လောဘ။]
နဉ်ရွှီသည် မျက်တောင်ခတ်လိုက်ကာ။ “သူ ငါ့ဆီက ဘာကို လောဘကြီးနိုင်မှာလဲ?”
[နင့်ရဲ့ အလှကိုနေမှာပေါ့၊ တခြား ဘာရှိနိုင်သေးလို့လဲ?]
[သူက သံသယဖြစ်စရာကောင်းတယ်။ ငါ သူ့ကိုစောင့်ကြည့်ထားမယ်။]
“ကောင်းပြီ။”
ဤစကားပြောဆိုမှုကို ကြားရသောအခါ အနီးနားရှိ အကြီးအကဲများမှာ မလုံခြုံမှု တစ်ခုကိုခံစားခဲ့ရ၏။
လောဘ။
သူသည် ဖြူစင်သော ကျင့်ကြံသူ၏ဓားအသစ်ကို မကြည့်ဘဲ နဉ်ရွှီကိုသာ စိုက်ကြည့်နေခဲ့သည်။
၎င်းသည် ဖရဲသီးစားခြင်းစနစ်ကြောင့် ဖြစ်ရမည်။ ဓားထက်ပင်ပို၍ တန်ဖိုးရှိသော အရာဖြစ်ပေသည်။
အကြီးအကဲများသည် တပည့်အများစု၏ စိတ်ဓာတ်ကို ယုံကြည်ခဲ့ကြသော်လည်း မည်သူမျှ ထူးခြားသည့် လူများရှိလာမည်ကို အာမခံနိုင်မည်မဟုတ်။
လူများသည် အထူးအဆန်း ရတနာများဖြင့် သွေးဆောင်ခံရသောအခါ ပြောင်းလဲတတ်ကြပါသည်။
ဂိုဏ်းချုပ်ပင်လျှင် လုံးဝမပြောင်းလဲဟု မဆိုနိုင်ပေ။
ဖရဲသီးစားခြင်းစနစ်သည် သတင်းများပေးနိုင်ရုံတင်မကဘဲ၊ ရေတွက်မရနိုင်သော အခွင့်အလမ်းများကို ဖန်တီးပေးနိုင်၏။
သို့သော် ဂိုဏ်းချုပ်သည် ဘေးဥပဒ်မရှိဘဲ ကံကြမ္မာအချို့ကို အတင်းအကြပ် ယူဆောင်၍ မရနိုင်ကြောင်းသိခဲ့သည်။
တပည့်ငယ်များမှာမူ တူညီသော ထိန်းချုပ်နိုင်စွမ်းမရှိနိုင်ပေ။
လမ်းညွှန်မှုသည် လိုအပ်လိမ့်မည်ပင်။
လိုအပ်ပါက သူသည် နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်ကို ထိခိုက်ခြင်း သို့မဟုတ် ဖော်ထုတ်ခြင်းမပြုလုပ်ကြောင်း သေချာစေရန် စိတ်နတ်ဆိုးကျိန်ဆိုမှုများကို အတင်းအကြပ် ပြုလုပ်လိမ့်မည်။
ဤအတွေးများ သူ့စိတ်ထဲတွင် ပေါ်ပေါက်လာချိန်တွင် ဂိုဏ်းချုပ်သည် ရုတ်တရက် ဆူညံသံတစ်ခုကြောင့် ခေါင်းလှည့်လိုက်၏။
ထိုအဖြစ်အပျက်မှာ စစ်ယန်၏အသက် စိတ်ဝိညာဉ်ဓားအသစ်သည် ထောင့်တွင်ရပ်နေသော အမျိုးသားကျင့်ကြံသူတစ်ဦးကို မတော်တဆ လဲကျစေခဲ့ခြင်းဖြစ်သည်။
နောက်တစ်စက္ကန့်တွင် စစ်ယန်သည် ရှေ့သို့တိုးလာပြီး မြေပြင်မှ အမျိုးသား ကျင့်ကြံသူကို ဆွဲတင်ကာ “တောင်းပန်ပါတယ်၊ နည်းနည်း ဆိုးသွမ်းနေလို့ပါ” ဟူ၍တောင်းပန်ခဲ့သည်။
အမျိုးသား ကျင့်ကြံသူသည် ခေါင်းငုံ့လိုက်သည်။ စစ်ယန်ကိုင်ထားသော သူ၏ လက်ကောက်ဝတ်မှ နာကျင်မှုသည် ပိုမို သိသာလာခဲ့သည်။
သူသည် တိုးတိုးလေးရေရွက်ခဲ့၏။ “ကိစ္စမရှိပါဘူး”
ဤဖြစ်ရပ်လေးသည် လျင်မြန်စွာ ပြီးဆုံးသွားခဲ့ပြီး အဖွဲ့သည် သူတို့၏ အသက် စိတ်ဝိညာဉ်ဓားများကို ဆက်လက်ရွေးချယ်ခဲ့ကြပေသည်။
ဓားဂူ အတွင်းရှိ လမ်းငယ်တစ်လျှောက် လျှောက်နေစဉ် ဖရဲသီးစားခြင်းစနစ်သည် နဉ်ရွှီအား ဆက်တိုက် ပြောဆိုနေခဲ့သည်။
[သူ ကပ်တွယ်တာကို ရပ်လို့မရဘူးလား?]
နဉ်ရွှီက ရယ်မောလိုက်ချေသည်။ “မရဘူးတဲ့။”
လမ်းတစ်လျှောက်တွင် ဝိညာဉ်ဓားသည် ဖြူစင်သော ကျင့်ကြံသူအား ဆက်တိုက် ကပ်တွယ်နေခဲ့သည်။ တစ်ခါ ကျင့်ကြံသူ၏ဘယ်ဘက်ခြမ်းသို့ ပျံသန်းသွားလိုက်၊ နောက်တစ်ခါတွင် ညာဘက်ခြမ်းသို့ ပျံသန်းသွားလိုက် လုပ်နေ၏။ ထို့နောက် ၎င်းသည် အလှဆင်ပစ္စည်းတစ်ခုကဲ့သို့ ဖြူစင်သော ကျင့်ကြံသူ၏ခေါင်းပေါ်တွင် လှုပ်ရှားမှုမရှိဘဲ နားခိုခဲ့တော့သည်။
ဤမြင်ကွင်းကို ခဏတာ စောင့်ကြည့်ပြီးနောက် နဉ်ရွှီက ဖရဲသီးစားခြင်းစနစ်အား “ဝိညာဉ်ဓားတွေ သူတို့ရဲ့ချစ်ခင်မှုကို တည့်တိုးဖော်ပြတာက ကောင်းတဲ့အရာ မဟုတ်ဘူးလား?”
ဖရဲသီးစားခြင်းစနစ်ကအထင်အမြင်သေးစွာဖြင့် ပြန်ဖြေခဲ့သည်မှာ [မဟုတ်ဘူး၊ ဒါက အရမ်း ကပ်တွယ်လွန်းတယ်။]
[ကြည့်လို့ကိုမရဘူး။]
နဉ်ရွှီက သူမ၏ နှလုံးသားထဲတွင် တိတ်တိတ်လေး ရယ်မောခဲ့သည်။
“ရိုးသားတာက အမြဲတမ်း အစွန်းရောက်တဲ့ လက်နက်ပဲ။”
“ဒီလိုမျိုး စိတ်အားထက်သန်ပြီး တည့်တိုးချစ်ခင်မှုကို ရိုးသားတဲ့ ဓားဝိညာဉ်လေးကပဲ လွတ်လွတ်လပ်လပ် ဖော်ပြနိုင်မှာ။”
နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်နှင့် အပြန်အလှန် စကားပြောပြီးသည်နှင့် ဝိညာဉ်ဓားသည် ဖြူစင်သော ကျင့်ကြံသူ၏ခေါင်းပေါ်မှ နဉ်ရွှီ၏ဘေးဘက်သို့ ရုတ်တရက် ပျံသန်းသွားခဲ့ပြီး သူမ၏ လက်ဖဝါးကို ညင်သာစွာ ပွတ်သပ်ခဲ့သည်။
ထိုအခါ နဉ်ရွှီသည် တောင့်တင်းသွားခဲ့ရသည်။
“???”
ဖြူစင်သော ကျင့်ကြံသူသည် မျက်လုံးလေးမှေးသည်အထိ ပြုံးပြခဲ့၏။ “သူက မင်းကိုလည်း သဘောကျတယ်။”
နဉ်ရွှီ: “!!!”
ဖရဲသီးစားခြင်းစနစ်က ဟိန်းဟောက်လိုက်တော့သည်။ [တွယ်ကပ်လွန်းတဲ့ အင်းဆက်လေး၊ ငါ့ hostနဲ့ ဝေးဝေးနေစမ်း!]
နဉ်ရွှီ: “…”
အခြားတပည့်များ: တိတ်တိတ်လေး ပြုံးနေခဲ့ကြကုန်၏။
တစ်နာရီအကြာတွင် နဉ်ရွှီ၏အဖွဲ့ဝင် ရှစ်ဦးထဲမှ ဝူလုချန်မှလွဲ၍ ကျန်အားလုံးသည် သင့်လျော်သော ဝိညာဉ်ဓားများကို ရွေးချယ်ခဲ့ကြပေသည်။
သူတို့ ဓားဂူမှ ထွက်ခွာသည့်အချိန်တွင် အခြားတပည့်အများစုသည်လည်း အပြင်ဘက်သို့ ရောက်ရှိနေကြပြီဖြစ်သည်။
မျက်နှာအများစုတွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြလေသည်။ သို့သော် အနည်းငယ်မှာ အထူး စိတ်ကျေနပ်ဖွယ် ဓားကို မတွေ့ရှိခဲ့သောကြောင့် အနည်းငယ် စိတ်ပျက်နေခဲ့ကြ၏။ ယေဘူယျအားဖြင့်မူ ၎င်းသည် ကောင်းမွန်သော နေ့တစ်နေ့ပါပင်။
သူတို့၏ အသက်ဝိညာဥ်ဓားများကို ရွေးချယ်ပြီးနောက် တပည့်များသည် သက်ဆိုင်ရာ တောင်ထိပ်များသို့ လွတ်လပ်စွာ ပြန်သွားနိုင်ခဲ့ကြပေသည်။
နဉ်ရွှီသည် တောင်ဘက်-မြောက်ဘက် တောင်ထိပ်သို့ ပြန်ရောက်သည်နှင့် ဂိုဏ်းချုပ်ထံမှ အသံပေးပို့ခြင်းကို လက်ခံရရှိခဲ့သည်။
“သုံးရက်အကြာမှာ ဝမ့်ရှင်းဂိုဏ်းရဲ့ မှောင်ခိုဈေးကွက်ကို ဖွင့်လှစ်ပါမယ်။ လဲလှယ်စရာရှိတဲ့ တပည့်တွေဟာ ကြိုတင်ပြင်ဆင်ထားရမယ်။”
မက်ဆေ့ချ်ပြီးဆုံးသည်နှင့် အသံပေးပို့ခြင်းအဖြစ် အသုံးပြုခဲ့သော စက္ကူငှက်သည် ပြာများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ပြာများသည် လေထဲတွင် ပျံ့လွင့်သွားပြီး လျင်မြန်စွာ ပျောက်ကွယ်သွားလေ၏။
၎င်းသည် ကျင့်ကြံခြင်းလောကတွင် အသံပေးပို့ခြင်းကို နဉ်ရွှီ ပထမဆုံးအကြိမ် မျက်မြင်တွေ့ရှိခြင်းဖြစ်သည်။
သူမ ဝန်ခံခဲ့သည်မှာ- ၎င်းသည် အလွန် ဆန်းသစ်ပြီး အဆင်ပြေလှ၏။
သတင်းကို ကြားပြီးနောက် နဉ်ရွှီသည် မနေနိုင်တော့ဘဲ ဖရဲသီးစားခြင်းစနစ်အား “ဝမ့်ရှင်းဂိုဏ်းရဲ့ မှောင်ခိုဈေးကွက်ဆိုတာ ဘာလဲ၊ နင် သိလား?”
ဖရဲသီးစားခြင်းစနစ်က မဆိုင်းမတွ ပြန်ဖြေခဲ့၏။ [သိတယ်။]
[ဝမ့်ရှင်းဂိုဏ်းက လတိုင်းရဲ့ ရက်သတ္တပတ်ဝက်မှာ မှောင်ခိုဈေးကွက်တစ်ခုကို လက်ခံကျင်းပတယ်။]
[တပည့်တွေက သူတို့ရဲ့ ရုပ်ရည်ကိုအသွင်ပြောင်းပြီး သူတို့လိုအပ်တဲ့ ပစ္စည်းတွေနဲ့ သုံးစွဲနိုင်တဲ့အရာတွေကို ဝယ်ယူတာ၊ ရောင်းချတာ၊ ဒါမှမဟုတ် လဲလှယ်တာတွေ လုပ်နိုင်တယ်။]
[နင် အရင်က ဖောက်ခွဲရေးအဆောင်တွေ အများကြီး မဆွဲခဲ့ဘူးလား? နင်ဒါတွေကို မှောင်ခိုဈေးကွက်မှာ ရောင်းနိုင်တယ်။ ဒါ့အပြင် နင် မသုံးရသေးတဲ့ ပစ္စည်းအချို့ကိုလည်း ရောင်းနိုင်တယ်။]
ဤအရာကိုကြားရသောအခါ နဉ်ရွှီသည် နားလည်လာခဲ့သည်။
ဝမ့်ရှင်းဂိုဏ်း၏ မှောင်ခိုဈေးကွက်သည် ပုံမှန်ကျင်းပသည့် ဈေးပွဲတစ်ခုဖြစ်ပုံရသည်။
ဘာကြောင့် တပည့်များသည် သူတို့ကိုယ်သူတို့ အသွင်ပြောင်းရသည်ဆိုသော အချက်နှင့်ပတ်သက်၍မူ ၎င်းသည်ရောင်းချသူများမှ လဲလှယ်မှုများကို နောင်တရခြင်းနှင့် နောက်ပိုင်းတွင် ဝယ်သူများအတွက် ပြဿနာဖြစ်စေခြင်းကို ကာကွယ်ရန် ဖြစ်နိုင်သည်။
ဤနည်းဖြင့် မလိုအပ်သော အငြင်းပွားမှုများ အများအပြားကို ရှောင်ရှားနိုင်၏။
ဖရဲသီးစားခြင်းစနစ်က ရယ်မောခဲ့သည်။ [မှောင်ခိုဈေးကွက်တိုင်းမှာ တပည့်တွေက သူတို့ မသုံးရသေးတဲ့ ပစ္စည်းတွေကိုရောင်းဖို့ ဆိုင်ခန်းတွေ ဖွင့်ကြတယ်။]
[ဒါကြောင့်မို့လို့ အခု နင်နားလည်ပြီမလား?။]
[ဒါက ငါတို့ ကောင်းကောင်းကြီးလုပ်နိုင်မယ့် အခွင့်အရေးပဲ!]
တပည့်တစ်ဦးဦးသည် ရတနာတစ်ခုကို အမှိုက်အဖြစ် မှားယွင်းစွာယူဆပြီး စျေးပေါပေါဖြင့် ရောင်းခဲ့ပါက ဖရဲသီးစားခြင်းစနစ်က ချက်ချင်းသိလိမ့်မည်။
ဒါဟာ သူတို့ရဲ့ ရွှေရောင်အခွင့်အရေး မဟုတ်ဘူးလား?
နဉ်ရွှီ: !!!
အနီးနားရှိ ခိုးနားထောင်နေသော တပည့်များနှင့် အကြီးအကဲများ: !!!