အခန်း (၉၉-၁၀၀)
Vol. 10 Ch. 99-100
အခန်း (၉၉) ယွင်ဟွား အရိုက်ခံရသော်လည်း နောက်ဆုံးတွင် သူမ၏ ဖခင်ကို ညီလာခံသို့ ကုန်းပိုးသွားခဲ့သည်
အော်ခေါ်လိုက်မည်ဆိုပါက မိန်းကလေးငယ်သည် မပျော်မရွှင် ဖြစ်သွားပေလိမ့်မည်။
သူမသာ မခေါ်ခဲ့လျှင် သူမ၏ သမီးငယ်လေး ပျော်ရွှင်ရမည် ဖြစ်သော်လည်း ယွင်ရှောင်ထျန်းမှာမူ မျက်နှာပျက်ရပေလိမ့်မည်။
ပျော်ရွှင်မှုလော... ရှက်ရွံ့မှုလော…
ချွေ့ဝမ်ရှင်း၏ စိတ်မှာ လုံးဝ တိမ်းညွတ်သွားခဲ့ပြီ ဖြစ်၏။
ဟုတ်ပေသည်။
သူမ၏ သမီးငယ်လေးက ပို၍ အရေးကြီးပေသည်။
သူမသည် လည်ချောင်းကို ညှစ်ကာ မကြားရသလောက် တိုးတိတ်သော အသံဖြင့် ပြောလိုက်၏။
"ယောကျာ်း... သမီးလေးက ရှင့်ကို ညီလာခံဆီ ကုန်းပိုးသွားချင်နေတယ်... ထတော့လေ..."
ချွေ့ဝမ်ရှင်းက သူမအနေဖြင့် သတိပေးပြီးပြီဟု မှတ်ယူလိုက်လေသည်။
ချက်ချင်းဆိုသလိုပင် သူမသည် အပေါ်ရုံအင်္ကျီကို ဝတ်ဆင်လိုက်ပြီး တံခါးဆီသို့ လျှောက်သွားရာ တံခါးမင်းတုပ်ကို ကလော်ဖွင့်ရန် ကြိုးစားနေသော တောက်ပနေသည့် ဓားသွားတစ်ခုကို မြင်တွေ့လိုက်ရ၏။
"ပန်းကလေး... ဖြည်းဖြည်းလုပ်... ဖြည်းဖြည်းလုပ်... အသံမထွက်စေနဲ့... နင့်မိဘတွေ နိုးသွားရင် ငါတို့ ဒုက္ခရောက်လိမ့်မယ်..."
အပြစ်ရှိသလို ခံစားနေရသောကြောင့် ရှင်ခြင်းသေခြင်းစာအုပ်သည် မသိစိတ်မှပင် ၎င်း၏ အသံကို အတိုးဆုံးအထိ လျှော့ချလိုက်လေသည်။
"ငါ အကောင်းဆုံး ကြိုးစားနေတာပဲ... ငါ့လက်တွေ တုန်နေတာကို မမြင်ဘူးလား..."
ယွင်ဟွားက မျက်လုံးလှန်လိုက်၏။ သူမ၌ မှော်စွမ်းအင်များ ရှိနေသေးပါက အိမ်ထဲသို့ မျက်စိတစ်မှိတ်အတွင်း ဝင်ရောက်နိုင်မည် ဖြစ်သည်။ အဘယ်ကြောင့် တံခါးကို ကလော်ဖွင့်နေရန် လိုအပ်မည်နည်း။
ချွေ့ဝမ်ရှင်းသည် တံခါးနောက်ကွယ်မှနေ၍ သူတို့၏ စကားဝိုင်းကို နားထောင်ရင်း ကူကယ်ရာမဲ့စွာဖြင့် သူမ၏ နဖူးကို ပွတ်သပ်လိုက်လေသည်။
သူမ၏ သမီးက ဤလှုပ်ရှားမှုများအားလုံးကို မည်သည့်နေရာမှ သင်ယူလာခဲ့ပါသနည်း။
ကောင်းပြီလေ... သူမက ကိုယ့်သမီးလေးပဲ... ကိုယ် သူမကို ကူညီပေးရမှာပေါ့…။
"ဂျလောက်" ဟူသော အသံနှင့်အတူ တံခါးပွင့်သွားလေသည်။
ယွင်ဟွားက ရပ်တန့်သွားပြီး သူမ၏ မိခင်ကို ထိတ်လန့်တကြား ကြည့်လိုက်၏။
"အိုး... ဝိုး..."
ရှင်ခြင်းသေခြင်းစာအုပ်က သက်ပြင်းချလိုက်ပြီး ၎င်း၏ စာမျက်နှာများအတွင်းသို့ ချက်ချင်း တိုးဝင်သွားလေသည်။ ၎င်းသည် ဤသေမင်းတမန် မြင်ကွင်းကို မတွေ့မြင်လိုပေ။
ယွင်ဟွားက သူမ၏ လက်များကို ကျောဘက်သို့ အလျင်အမြန် ပို့လိုက်ပြီး မျက်လုံးများက စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ ကြည့်ရှုနေလေသည်။
"အမေ... သမီး... သမီး အဖေ့ကို ကုန်းပိုးပြီး ညီလာခံကို ခေါ်သွားချင်လို့ပါ... အခု ဘယ်အချိန်ရှိပြီလဲ... အဖေက အိပ်နေတုန်းပဲ..."
ချွေ့ဝမ်ရှင်း၏ နှုတ်ခမ်းများ တွန့်ကွေးသွား၏။ သူမသည် "ကုန်းပိုး" ဟူသော စကားလုံးကို ကြားလိုက်ရပေသည်။
"သမီး အဖေ့ကို ကုန်းပိုးချင်ရင် မြန်မြန်သွားလုပ်လေ..."
ချွေ့ဝမ်ရှင်းသည် သူမ၏ သမီးငယ်လေးအတွက် လမ်းဖယ်ပေးလိုက်သည်။ ဟွားအာသည် ဆူပူသောင်းကျန်းလိုနေသဖြင့် သူမအနေဖြင့်လည်း အလိုလိုက်ရမည် ဖြစ်၏။
ယွင်ဟွားက အံ့အားသင့်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
ရှင်ခြင်းသေခြင်းစာအုပ်သည် စိတ်လှုပ်ရှားစွာဖြင့် စာအုပ်ထဲမှ တစ်ဖန် ပြန်လည်ပျံထွက်လာခဲ့သည်။
"ပန်းကလေး... နင့်အမေက တကယ့်ကို ကောင်းတာပဲ... နင်က လူသတ်ရင် သူက အလောင်းဖျောက်ပေးမယ့်ပုံပဲ... တကယ့် သားအမိတွေပါလား..."
ဟုတ်ပေသည်...။
ယွင်ဟွားသည် ရင်အုပ်ကို ဆန့်ထုတ်လိုက်ပြီး အခန်းထဲသို့ ခိုးဝင်ကာ သူမဖခင်၏ ကုတင်ရှေ့တွင် ရပ်လိုက်လေသည်။
သူမသည် စောင်ကို လိပ်ကာ ထုပ်ပိုးလိုက်ပြီး ပခုံးပေါ်သို့ တင်ကာ ထမ်းလိုက်၏။
ထင်ထားသည့်အတိုင်းပင် ခွန်အားကြီးမားခြင်း၏ အားသာချက်မှာ မိမိလုပ်ချင်သည့်အရာကို လုပ်နိုင်ခြင်းပင် ဖြစ်ပေသည်။
အိမ်တော်ရှိ အစေခံအားလုံး..…
ယွင်ချင်းမော့သည် စောစောထလေ့ရှိပြီး နေ့စဉ်မနက်တိုင်း ကြက်ပျံငှက်မနား ဆူညံနေသည့် အခြေအနေများကိုလည်း ကျင့်သားရနေပြီ ဖြစ်သည်။
သူသည် အိမ်ရှေ့ခြံဝင်းသို့ ရောက်သည်နှင့် တစ်ပြိုင်နက် သူ၏ ညီမဖြစ်သူက စောင်အလိပ်ကြီးတစ်ခုကို ထမ်းလာသည်ကို မြင်တွေ့လိုက်ရ၏။ သူ၏ အကြည့်များက နောက်ဘက်သို့ ရွေ့လျားသွားပြီး ခြေထောက်များ အားပျော့သွားကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားလေသည်။
သူ ဘာပြောရမည်ကိုပင် မသိတော့ပေ။
*ညီမလေး... နင်ကတော့ တကယ့်ကို တစ်မူထူးခြားလွန်လတယ်... နင်က ကိုယ့်အဖေကိုတောင် အနိုင်ကျင့်ရဲနေပြီလား…*
လွန်ခဲ့သော နှစ်ရက်ခန့်က ယွင်ရှောင်ထျန်းသည် သူ၏ မိဘများက သူ့အား ဆူပူကြိမ်းမောင်းနေသည်ဟု အိပ်မက်မက်ခဲ့သော်လည်း သူတို့ အတိအကျ ဘာပြောနေသည်ကိုမူ မကြားရပေ။ သူက သူတို့ရှေ့တွင် ဒူးထောက်ကာ သူ၏ အမှားများကိုသာ ဝန်ခံနေရလေသည်။
ရုတ်တရက် ယွင်ရှောင်ထျန်း၏ အမြင်အာရုံများ ဝေဝါးသွားပြီး သူ၏ မိဘများက သူ့အား ဇောက်ထိုးဆွဲချကာ ထပ်မံ၍ ဆုံးမစကားပြောနေသကဲ့သို့ ခံစားလိုက်ရ၏။
ယွင်ရှောင်ထျန်းသည် ခေါင်းမူးပြီး လူမိုက်မူးမေ့နေသကဲ့သို့ ခံစားရကာ သူ၏ ရင်ဘတ်ကို တစ်စုံတစ်ခုက ဖိထားသကဲ့သို့ အလွန်တရာ ခံရခက်လှပေသည်။
သူသည် မျက်လုံးများကို ဖွင့်ရန် ရုန်းကန်လိုက်ပြီး ရင်းနှီးနေသော ပတ်ဝန်းကျင်မှာ အဝေးသို့ ဆုတ်ခွာသွားလေသည်။
"ပန်းကလေး... နင် ဒီနေ့ နင့်အဖေကို ညီလာခံဆီ ကုန်းပိုးသွားပြီးရင် အရိုက်ခံရတာကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး..."
"ဘာကြောက်စရာရှိလို့လဲ... ငါက ခြေတံတိုလေး မဟုတ်တော့ဘူး... အဖေ့ထက် အများကြီး ပိုပြေးနိုင်တယ်... ပြီးတော့ ငါ့မှာ မှော်အကာအကွယ်ရတနာ ရှိနေသေးတာကို..."
ယွင်ရှောင်ထျန်း၏ စိတ်အာရုံများမှာ တစ်ခဏမျှ ဗလာကျင်းသွားလေသည်။
နောက်တစ်စက္ကန့်တွင်။
နားကွဲမတတ် ဟိန်းဟောက်သံကြီးတစ်ခုက ယွင်မိသားစုအိမ်တော် တစ်ခုလုံး၌ ပဲ့တင်ထပ်သွား၏။
"ယွင်ဟွား..."
"ငါ ဒီနေ့ နင့်ကို သေအောင် ရိုက်သတ်ပစ်မယ်... အသုံးမကျတဲ့ ကောင်မလေး..."
ယွင်ဟွားက တုန်ရီသွားပြီး စောင်နှင့်တကွ မြေပြင်ပေါ်သို့ ပစ်ချခံလိုက်ရလေသည်။
သူမ၏ ဖခင်က မည်သို့များ နိုးလာရပါသနည်း။
ယွင်ရှောင်ထျန်းသည် စောင်အောက်မှ ထွက်လာပြီး သူ ပါးလွှာသော အင်္ကျီတစ်ထည်သာ ဝတ်ဆင်ထားသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သစ်ကိုင်းတစ်ကိုင်းကို ချိုးကာ ယွင်ဟွားကို ရိုက်နှက်ရန် လိုက်လံဖမ်းဆီးတော့သည်။
သို့သော်…
ယွင်ဟွား၏ ခြေထောက်များမှာ သူမ၏ ဖခင်လောက် မြန်မြန် မပြေးနိုင်သေးပေ။
"အဖေ... အဖေ... သမီးတို့ စကားနဲ့ အေးအေးဆေးဆေး ပြောကြရအောင်လေ..."
ယွင်ဟွားသည် အရိုက်ခံလိုက်ရပြီး နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွား၏။ အကာအကွယ်ရတနာက တမင်တကာများ လုပ်နေသလားဟု သူမ တွေးမိသော်လည်း အသက်အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် ယုံကြည်စိတ်ချရကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။
၎င်းက ယနေ့တွင် အဘယ်ကြောင့် ထပ်မံ၍ သပိတ်မှောက်နေရပြန်သနည်း။
"အေးအေးဆေးဆေး ပြောရမယ် ဟုတ်လား... ငါက တစ်နိုင်ငံလုံးရဲ့ ဝန်ကြီးချုပ်ကွ... ငါ့မှာ ရှက်တတ်တဲ့စိတ် မရှိဘူးလို့ ထင်နေလား..."
ယွင်ရှောင်ထျန်းက ဒေါသတကြီး အော်ဟစ်လိုက်၏။
"အိမ်တော်ထဲက အစေခံတွေ အကုန်လုံး တုန်ရီပြီး ရယ်ချင်စိတ်ကို အစွမ်းကုန် အောင့်ထားရတာကို နင် မမြင်ဘူးလား..."
ဤကလေးမစုတ်က သူ့ကို ညီလာခံဆီတောင် ကုန်းပိုးသွားချင်နေသေးသည်တဲ့လေ။
"ငါ ဒီနေ့ အရမ်းဒေါသထွက်တယ်... ငါ ဒီနေ့ အရမ်းဒေါသထွက်တယ်..."
ယွင်ရှောင်ထျန်းက အလွန်အမင်း ဒေါသထွက်နေသဖြင့် ကောင်းစွာပင် မဆဲဆိုနိုင်တော့ဘဲ လက်စားချေရန်သာ ပြင်လိုက်တော့သည်။
"အား... အဖေ... တဖြည်းဖြည်း လုပ်ပါ... ဖြည်းဖြည်း..."
ညီလာခံ စတင်ရန် အချိန်အနည်းငယ် လိုသေးရာ ယွင်ဟွားက ရှေ့မှ ပြေးပြီး ယွင်ရှောင်ထျန်းက နောက်မှ မလျှော့တမ်း လိုက်လံဖမ်းဆီးနေလေသည်။
ရှင်ခြင်းသေခြင်းစာအုပ်က ယွင်ဟွား အရိုက်ခံရသည်ကို မြင်သောအခါ ယွင်ရှောင်ထျန်း၏ နားအနီးသို့ ပျံသန်းသွားပြီး ပြင်းပြင်းထန်ထန် ကျိန်ဆဲလေတော့သည်။
"နင် ဘယ်လိုတောင် ရဲတင်းရတာလဲ... ဒီအဘိုးကြီးစုတ်... ငါ့ရဲ့ ပန်းကလေးက ငရဲပြည်က နတ်သမီးလေးတစ်ပါးပဲ... ဒီဘဝမှာ သူမက နင့်ရဲ့ သမီးဖြစ်လာတာကိုက နင်က အမွှေးတိုင်တွေ ထွန်းညှိပြီး ပူဇော်နေသင့်တာ..."
"နင်က သူ့ကို ရိုက်ရဲသေးတယ်ပေါ့လေ... ငါ့ကို ယုံလိုက်... ဒီစာအုပ်က နင့်ရဲ့ သက်တမ်းကို နှစ်အနည်းငယ်လောက် တိုသွားအောင် နည်းလမ်းရှာပစ်မယ်..."
"ရပ်လိုက်စမ်း... ဒီစာအုပ်က နင့်ကို ရပ်ဖို့ ပြောနေတယ်... မဟုတ်ရင် ငါ... ငါ နင့်ကို သေအောင် ကိုက်ပစ်မယ်..."
ရှင်ခြင်းသေခြင်းစာအုပ်သည် ကျယ်လောင်စွာ "ဝူး" ဟု အော်ဟစ်လိုက်ပြီး ယွင်ရှောင်ထျန်း၏ ခေါင်းကို ရူးသွပ်စွာ စတင်ကိုက်ခဲတော့သော်လည်း အချည်းနှီးသာ ဖြစ်သည်။ သူက ယွင်ဟွားထက်ပင် ပို၍ ကျယ်လောင်စွာ အော်ဟစ်ငိုယိုနေလေသည်။
ယွင်မိသားစုအိမ်တော် တစ်ခုလုံးတွင် အော်ဟစ်သံများ၊ ဟိန်းဟောက်သံများနှင့် ငိုယိုသံများဖြင့် ပြည့်နှက်နေ၏။
ရှင်ခြင်းသေခြင်းစာအုပ်သည် ရူးသွပ်စွာ ပျံသန်းသွားပြီး အော်ဟစ်လိုက်သည်။
"ယွင်ရှောင်ထျန်း... နင် စောင့်နေလိုက်... ငါ အခုချက်ချင်း ဘိုးဘေးခန်းမကို သွားပြီး ပန်းကလေးရဲ့ အဘိုး ယွင်ကျန်းရှန်ကို နင့်အိပ်မက်ထဲ ထပ်ဝင်ပြီး ဆုံးမပေးဖို့ သွားတောင်းဆိုမယ်..."
"ရှောင်ရှူးရှူး... နင်ပြောတာ မှန်တယ်... မြန်မြန်... အဘိုးကို ခေါ်လိုက်..."
ဤစကားများ ထွက်ပေါ်လာပြီးနောက်။
လူတိုင်းသည် အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေကြပြီး သူတို့၏ သူငယ်အိမ်များမှာ ပြင်းထန်စွာ ကျုံ့ဝင်သွားကြ၏။
ယွင်ရှောင်ထျန်းက ရပ်တန့်သွားလေသည်။
သူ နားလည်သွားပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ်ရက်က သူ၏ မိဘများအကြောင်းကို အဘယ်ကြောင့် ဤမျှ မကြာခဏ အိပ်မက်မက်နေရသည်မှာ မဆန်းတော့ပေ။
ကောင်းပြီလေ...။
ယွင်ရှောင်ထျန်းသည် အံကြိတ်လုနီးပါး ဖြစ်သွားကာ ပြောလိုက်၏။
"ယွင်ဟွား... ငါ ဒီနေ့ နင့်ကို အဆုံးအမ မပေးနိုင်ရင် ငါက နင့်ရဲ့ ဖခင်အရင်း မဟုတ်တော့ဘူး..."
သူမသည် အကူအညီမည်သို့ တောင်းခံရမည်ကို သိရှိထားပြီး ဖခင်ဖြစ်သူ ယွင်ကျန်းရှန်ကိုပင် အကူအညီတောင်းခံနေပြီ ဖြစ်၏။
"အား..."
"အဘိုး... ကယ်ပါဦး..."
"ဧကရာဇ်ထိုက်ကျူကို ခေါ်ရင်တောင် နင့်အတွက် ဘာမှအသုံးဝင်မှာ မဟုတ်ဘူး..."
ပရမ်းပတာနိုင်လှသော နံနက်ခင်းတစ်ခုပင် ဖြစ်ပေသည်။
ယွင်ဟွားက ရထားလုံးထဲတွင် ထိုင်ရင်း သူမ၏ တင်ပါးကို ပွတ်သပ်ကာ ထောင့်တစ်နေရာသို့ ကျုံ့ဝင်နေလေသည်။ သူမသည် ဖခင်ဖြစ်သူ၏ ရိုက်နှက်မှုကို နှစ်ချက်မျှ ခံလိုက်ရ၏။
"ပန်းကလေး... နင့်အဖေက အရမ်းရက်စက်လွန်းတယ်... အရမ်းရက်စက်တယ်... ငါတို့ အဲ့လိုအဖေမျိုး မလိုချင်တော့ဘူး..."
ရှင်ခြင်းသေခြင်းစာအုပ်က ယွင်ဟွားကို ယုယကြင်နာစွာ ဖက်တွယ်ထားရင်း ထိုအဘိုးကြီးစုတ်ကို ပြင်းထန်စွာ စိုက်ကြည့်နေလေသည်။
သပ်ရပ်စွာ ပြင်ဆင်ပြီးနောက် ယွင်ရှောင်ထျန်းသည် ဒေါသထွက်မနေတော့ဘဲ လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်သုံးနေ၏။
နန်းတော်တံခါးဝသို့ ရောက်ရှိသောအခါ ယွင်ရှောင်ထျန်းက ရထားလုံးပေါ်မှ ပထမဆုံး ဆင်းသွားပြီး ရှင်ခြင်းသေခြင်းစာအုပ်က ယွင်ဟွား၏ နားနားသို့ ကပ်ကာ တစ်စုံတစ်ရာကို တီးတိုးပြောလိုက်လေသည်။
"ပန်းကလေး... နင်က ဘယ်လိုပဲဖြစ်ဖြစ် အရိုက်ခံလိုက်ရပြီဆိုတော့ ဒီလမ်းစဉ်အတိုင်း ဆက်သွားလိုက်တော့... ငါ နောက်ကျရင် နင့်အဖေကို ခေါ်သွားပြီး သူ ဘာမှ ပြန်မလုပ်နိုင်ခင် ရိုက်နှက်ပစ်မယ်..."
၎င်း၏ ပန်းကလေးကို အနိုင်ကျင့်ရဲသူ မည်သူ့ကိုမဆို ၎င်းက ဘယ်သောအခါမှ ခွင့်လွှတ်မည် မဟုတ်ပေ။
ယွင်ဟွားက ခေါင်းညိတ်လိုက်ပြီး သူမ၏ ဖခင်နောက်သို့ တိတ်ဆိတ်စွာ လိုက်ပါသွားလေသည်။
အရာရှိများမှာ အံ့အားသင့်သွားကြ၏။
တွေ့ဆုံခဲ့ရသည်မှာ သိပ်မကြာသေးသော်လည်း ယခင်က ပုပုလုံးလုံးနှင့် ရှိနေခဲ့သော မိန်းကလေးငယ်မှာ များစွာ ပြောင်းလဲသွားခဲ့လေပြီ။
ယွင်ဟွား၏ စစ်မှန်သော ကိုယ်ပိုင်လက္ခဏာကို သိရှိထားသည့် အရာရှိများကမူ တိတ်ဆိတ်နေကြ၏။
သူမ၏ ကံကြမ္မာ ဟောကိန်းထုတ်နိုင်စွမ်းနှင့် ပတ်သက်၍ ထူးခြားလှသော စွမ်းရည်များကြောင့် အခြားအရာရှိများမှာလည်း ဆွံ့အလျက် ရှိနေကြသည်။
သူမ၏ ဖခင်ဖြစ်သူ တော်ဝင်ညီလာခံခန်းမအတွင်းသို့ ဝင်ရောက်တော့မည့်အချိန်တွင် ယွင်ဟွား၏ မျက်လုံးများက အရောင်လက်သွားပြီး နောက်ဘက်မှနေ၍ အပြင်းအထန် ပြေးလာခဲ့လေသည်။
ယွင်ရှောင်ထျန်းက သူ၏ လုပ်ဖော်ကိုင်ဖက်များကိုပင် ပြုံးရွှင်စွာ နှုတ်ဆက်နေသေး၏။
နောက်တစ်စက္ကန့်တွင် သူ၏ ခြေထောက်များသည် မြေပြင်မှ ကြွတက်သွားကာ ခေါင်းက ဇောက်ထိုးဖြစ်သွားပြီး ယွင်ဟွားက သူ့အား ညီလာခံခန်းမအတွင်းသို့ ကုန်းပိုး၍ ဝင်သွားလေတော့သည်။
ယွင်ရှောင်ထျန်းက ဟိန်းဟောက်လိုက်၏။
"ယွင်ဟွား... နင် ကလေးမစုတ်..."
"အရမ်းတော်တယ်... ပန်းကလေး..."
အရာရှိများမှာ ဆွံ့အသွားကြတော့သည်။
အခန်းအတွင်း၌ ရယ်မောသံများ ပေါက်ကွဲထွက်ပေါ်လာ၏။
ချန်ကျဲဟန်သည် အလွန်အမင်း ရယ်မောနေသဖြင့် မတ်တပ်ပင် ဖြောင့်ဖြောင့် မရပ်နိုင်တော့ပေ။ ယခင်က မိန်းကလေးငယ်သည် သူမ၏ ဖခင်ဖြစ်သူ ကုန်းပိုးခေါ်ဆောင်ခြင်း သို့မဟုတ် ဆွဲခေါ်ခြင်းကို ခံခဲ့ရသော်လည်း ယနေ့တွင်မူ ပြောင်းပြန်ဖြစ်နေလေပြီ။
ဤမိန်းကလေးငယ်သည် ဤအကြံအစည်ကို အချိန်အတန်ကြာကတည်းက တွေးထားခဲ့ခြင်း ဖြစ်မည်လားဟု သူ တွေးတောမိလေသည်။
အခန်း (၁၀၀) သားအဖနှစ်ဦး ရန်ဖြစ်ကြပြီး ဧကရာဇ်မှာ ဒုက္ခရောက်ရခြင်း
နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော ဧကရာဇ်ဝမ်ရွှမ်းသည် သူ၏ ပေါင်ကို ဆွဲလိမ်လိုက်ပြီး မျက်နှာမည်းမှောင်နေသော ယွင်ရှောင်ထျန်းကို လှမ်းကြည့်လိုက်လေသည်။
သူသည် ခေါင်းကိုလှည့်ကာ နေရာပြောင်းသွားပြီဖြစ်သော ယွင်ဟွားကို လှမ်းကြည့်လိုက်ပြီး နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ပေါင်ကိုပုတ်ကာ ရယ်မောလိုက်တော့သည်။
"ဟားဟားဟား..."
"ဟားဟားဟား..."
ဧကရာဇ်ဝမ်ရွှမ်းက ဦးဆောင်၍ ရယ်မောလိုက်ရာ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိအားလုံးကလည်း လိုက်ပါရယ်မောကြလေသည်။
ယွင်ရှောင်ထျန်း၏ မျက်နှာမှာ မင်ရည်များ ကျဆင်းလာနိုင်မတတ် မည်းမှောင်သွား၏။
မင်းသားစုသည် လှမ်းကြည့်လိုက်ရာ သူ၏ မိသားစုကို မည်သူကမျှ အန္တရာယ်မပြုခဲ့သည်မှာ သေချာသွားသဖြင့် သူသည် အကျယ်လောင်ဆုံး ရယ်မောနေသူပင် ဖြစ်သည်။
ချန်ကျဲဟန်သည် ယွင်ရှောင်ထျန်းကို သူ၏ လက်မောင်းဖြင့် တံတောင်တွတ်လိုက်ပြီး ပါးပြင်များ နီရဲလျက် မေးလိုက်၏။
"ဒီနေ့မနက်က မင်းရဲ့သမီးက မင်းကို အိပ်ရာထဲကနေ ကုန်းပိုးခေါ်လာတယ်ဆို..."
ယွင်ရှောင်ထျန်းသည် သူ့အား သတ်ပစ်ချင်စိတ်ပေါက်သွားပြီး ပြင်းထန်စွာ စိုက်ကြည့်လျက် ပြောလိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း..."
အိမ်ရှေ့စံသည် နောက်သို့ အနည်းငယ်မှီချလိုက်ပြီး နောက်ပြောင်လိုက်၏။
"အမတ်ယွင်... ဒါက သားအဖနှစ်ဦးကြားက ချစ်ခြင်းမုန်းခြင်း ဆက်ဆံရေးဆိုတာလား..."
ဒုတိယမင်းသားကလည်း ဝင်ရောက်ပြောဆိုလိုက်သည်။
“အမတ်ယွင်... မနက်ဖြန်မနက်ကျရင်ရော အမတ်ငယ်ယွင်က ခင်ဗျားကို ကုန်းပိုးလာလိမ့်မယ်လို့ ထင်သလား..."
ယွင်ရှောင်ထျန်းမှာ ကျိန်ဆဲချင်စိတ်များ ပေါက်လာတော့သည်။
ယွင်ဟွားသည် သူမ၏ ဖခင်ထံမှ ထွက်ပေါ်လာသော ဖိနှိပ်လိုသည့် အငွေ့အသက်ကို ခံစားလိုက်ရပြီး နောက်သို့ ဆုတ်သွားကာ သူ့အား မကြည့်ရဲတော့ပေ။
ပြဿနာများကို ဖန်တီးနေသူဖြစ်သော ရှင်ခြင်းသေခြင်းစာအုပ်သည် တံတွေးကို ခက်ခဲစွာ မြိုချလိုက်သော်လည်း နောက်ဆုတ်ရန် ငြင်းဆန်နေဆဲ ဖြစ်၏။
"ပန်းကလေး... မကြောက်နဲ့... ငါတို့ရဲ့ အစီအစဉ်ကို မမေ့နဲ့နော်... နင့်အဖေကို တစ်ဆင့်ပြီးတစ်ဆင့် ဖြုတ်ချပြီး ယွင်မိသားစုကို သိမ်းပိုက်ကာ သူ့ကို အိမ်ထဲကနေ နှင်ထုတ်ပစ်မယ်..."
လူတိုင်းမှာ ဆွံ့အသွားကြလေသည်။
ကောင်းကင်ဘုံ၏ စည်းမျဉ်းများကိုပင် အာခံရဲသော သမီးတစ်ဦးနှင့်အတူ အမတ်ယွင်အနေဖြင့် ငိုရမည်လား၊ ရယ်ရမည်လားပင် မသိတော့ပေ။
ဧကရာဇ်ဝမ်ရွှမ်းသည် ရယ်မောပြီးနောက် ပျော်ရွှင်စွာ ရယ်မောနေဆဲဖြစ်သော ကျန်းဝမ်ချန်ကို လှမ်းကြည့်လိုက်လေသည်။
ဤမိန်းကလေးက သူမ၏ ဖခင်ကို မသတ်ဖြတ်မီ သူ့ကိုလည်း သတ်ဖြတ်ချင်နေပုံရသည် မဟုတ်ပါလား။
*သူက ဒုတိယအဆင့် စစ်ဆေးရေးမှူး ဖြစ်ချင်နေတယ်…*
မိန်းကလေးငယ် နောက်ထပ် အကျိုးဆောင်မှုတစ်ခု ပြုလုပ်မည့်အချိန်အထိ စောင့်ဆိုင်းပြီးမှ သူမအား လက်ဝဲ သို့မဟုတ် လက်ယာ စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်လိုက်လျှင် ကောင်းမည်လား။
ဧကရာဇ်ဝမ်ရွှမ်း၏ အမူအရာကို ကြည့်ခြင်းအားဖြင့် အထိန်းတော်ချောင်သည် ဧကရာဇ်၏ အတွေးများကို ခန့်မှန်းမိသွား၏။ သူသည် နောက်ထပ် စာအုပ်ငယ်တစ်အုပ်ကို ပြင်ဆင်ထားသင့်ပေသည်။
တစ်အုပ်က မင်းသမီး၏ ရာထူးတိုးမြှင့်ခြင်း မှတ်တမ်းဖြစ်ပြီး အခြားတစ်အုပ်ကမူ ဝန်ကြီးချုပ်၏ ရာထူးတိုးမြှင့်ခြင်း မှတ်တမ်းပင် ဖြစ်သည်။
ကျန်းဝမ်ချန်သည် ဧကရာဇ်ဝမ်ရွှမ်း၏ မျက်လုံးထဲမှ သနားကြင်နာမှု အရိပ်အယောင်တစ်ခုကို သတိပြုမိလိုက်၏။ ချက်ချင်းပင် သူ၏ ရယ်မောသံများ ရုတ်တရက် ရပ်တန့်သွားပြီး မကောင်းသော ကြိုတင်ခံစားမှုတစ်ခုက သူ၏ ရင်ထဲသို့ ဝင်ရောက်လာလေသည်။
သူသည် မသိစိတ်မှပင် ခေါင်းလှည့်ကာ ယွင်ဟွားကို လှမ်းကြည့်လိုက်သည်။
ယွင်ဟွားသည် တောက်ပနေသော မျက်လုံးများဖြင့် သူ့အား စိုက်ကြည့်နေ၏။ သူမက ပြုံးဖြီးဖြီး လုပ်ပြလိုက်သောအခါ ကျန်းဝမ်ချန်မှာ ထိတ်လန့်သွားတော့သည်။
"ရှောင်ရှူးရှူး... မြန်မြန်လုပ်... သူက ဧကရာဇ်အပါအဝင် အရာရှိအားလုံးကို ကြီးကြပ်နိုင်တဲ့ ဒုတိယအဆင့် စစ်ဆေးရေးမှူးပဲ..."
ကျန်းဝမ်ချန်၏ သူငယ်အိမ်များမှာ ကျုံ့ဝင်သွား၏။
*မဖြစ်နိုင်ဘူး... သူက အမတ်လေးယွင်ကို သွားပြီး ရန်စမိတာမျိုး မရှိပါဘူးနော်…*
"မစိုးရိမ်ပါနဲ့... ငါ့တာဝန်ထားလိုက်... သူ့မှာ ဘာမှမကျန်တော့တဲ့အထိ ငါ အကုန်ဆွဲချွတ်ပစ်မယ်..."
ရှင်ခြင်းသေခြင်းစာအုပ်၏ စကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်းက ကျန်းဝမ်ချန်ကို လှမ်းကြည့်လိုက်ကြပြီး ချက်ချင်းပင် စိတ်အားထက်သန်လာကြ၏။ သူတို့သည် အတင်းအဖျင်းများ မကြားရသည်မှာ အတော်ကြာပြီဖြစ်ရာ အားလုံးက နားစွင့်နေကြလေသည်။
ကျန်းဝမ်ချန်သည် ခေါင်းမူးသွားသော်လည်း ဧကရာဇ်ဝမ်ရွှမ်းကမူ ဤအကွက်ဟောင်းကို အလိုအလျောက် မှတ်မိနေ၏။ ဧကရာဇ်က တစ်ချက်ကြည့်လိုက်သည်နှင့် သူ၏ တစ်ဖက်တစ်ချက်စီရှိ အရာရှိနှစ်ဦးက သူ့အား တွဲကူပေးထားလိုက်ကြသည်။
*အရှင်မင်းကြီး... ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ ဦးလေးအရင်းပါ... ကျွန်တော်မျိုးအပေါ် ခုလိုလုပ်ရက်ပါသလား…*
ဧကရာဇ်ဝမ်ရွှမ်းသည် ကျန်းဝမ်ချန်၏ စွပ်စွဲမှုကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး လည်ချောင်းဟန့်ကာ တိုင်းရေးပြည်ရာများကို ဆက်လက်ဆွေးနွေးလေသည်။
ယွင်ဟွားသည် ဤအကြောင်းအရာများကို နားထောင်ရန် စိတ်မဝင်စားပေ။ သူမသည် အင်္ကျီလက်စွပ်ထဲမှ မုန့်အချို့ကို တိတ်တဆိတ် ထုတ်ယူလိုက်ပြီး ဧကရာဇ်ကို လှမ်းကြည့်ကာ ပါးစပ်ထဲသို့ ဆက်တိုက် သွတ်သွင်းနေလေသည်။
သူမသည် မနက်ခင်းက ထွက်ပြေးရန်သာ အာရုံစိုက်နေခဲ့ရပြီး သူမစားခဲ့သော တစ်ခုတည်းသော ပေါက်စီမှာလည်း ကြေညက်သွားခဲ့သည်မှာ ကြာလှပြီ ဖြစ်၏။
ထောင်ကျီက သူမကို တိတ်တဆိတ် ပေးထားခဲ့ခြင်း ဖြစ်သည်။
ဤအရာကို မြင်တွေ့ရသောအခါ လူတိုင်းမှာ တိတ်ဆိတ်နေကြ၏။ သူမသည် တော်ဝင်ညီလာခံခန်းမထဲတွင် အိပ်ပျော်နေလျှင်ပင် ဧကရာဇ်က ဂရုမစိုက်ခဲ့ရာ ခိုးစားသည့်ကိစ္စကိုမူ ဆိုဖွယ်ရာပင် မရှိတော့ပေ။
ယွင်ရှောင်ထျန်းသည်လည်း ဗိုက်ဆာနေခဲ့ရာ သူ၏ သမီးငယ်လေး တိတ်တဆိတ် စားသောက်နေသည်ကို မြင်သောအခါ ပို၍ပင် ဗိုက်ဆာလာတော့သည်။
ယနေ့တွင် သူသည် သမီးငယ်လေး၏ လှည့်စားခြင်းကို နှစ်ကြိမ်တိုင်တိုင် ခံလိုက်ရသဖြင့် အံကြိတ်လိုက်လေသည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုးရဲ့ သမီးအငယ်ဆုံး ယွင်ဟွားက တိတ်တဆိတ် ခိုးစားနေပါတယ်... သူမရဲ့ အစားအစာတွေအားလုံးကို သိမ်းဆည်းဖို့ အရှင်မင်းကြီးကို တောင်းဆိုပါတယ်..."
ဖခင်ဖြစ်သူ သူက ဗိုက်ဆာနေမှတော့ သမီးဖြစ်သူ သူမကလည်း ဗိုက်ဆာခံသင့်ပေသည်။
ဧကရာဇ်ဝမ်ရွှမ်းမှာ ဆွံ့အသွားလေသည်။
လူတိုင်းမှာလည်း နားမလည်နိုင် ဖြစ်သွားကြ၏။
"ဖူး..."
ယွင်ဟွားသည် ပါးစပ်ထဲမှ အရည်များကို ပန်းထုတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ပါးစပ်ကို အလျင်စလို သုတ်ပစ်လိုက်လေသည်။
သူမသည် ခေါင်းကို ရုတ်တရက် လှည့်လိုက်ပြီး မီးဟပ်မတတ် မျက်လုံးများဖြင့် သူမ၏ ဖခင်ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်၏။
ချက်ချင်းဆိုသလိုပင် ယွင်ဟွားက ပြန်လည်ချေပလိုက်သည်။
"အရှင်မင်းကြီး... အဖေက အရှင်မင်းကြီးကို ကပ်စေးနဲတယ်လို့ တိတ်တဆိတ် ပြောခဲ့တယ်... သူက အရှင်မင်းကြီးဆီက တစ်ခုခု တောင်းတာကို အရှင်မင်းကြီးက ငြင်းလိုက်တယ်တဲ့... အရှင်မင်းကြီးက သဘောထားသေးသိမ်တယ်တဲ့လေ..."
ယွင်ရှောင်ထျန်းသည် သူ၏ ရင်ဘတ်ကို ရုတ်တရက် ဖိကိုင်လိုက်၏။
"အရှင်မင်းကြီး... ကျွန်တော်မျိုးရဲ့ သမီးက အရှင်မင်းကြီး ညီလာခံ ကျင်းပတာ အရမ်းကြာလွန်းလို့ သူမကို တစ်နေ့ခင်းလုံး မတ်တပ်ရပ်နေရတယ်လို့ ညည်းညူနေတယ်... အရှင်မင်းကြီးက အရမ်း စကားရှည်တယ်တဲ့..."
ယွင်ဟွားသည် လည်ချောင်းထဲတွင် တစ်စို့သွားသကဲ့သို့ ခံစားလိုက်ရပြီး မြိုချ၍လည်းမရ၊ ထွေးထုတ်၍လည်းမရ ဖြစ်သွားလေသည်။
"အရှင်မင်းကြီး... အဖေက အရှင်မင်းကြီး အရမ်းဂျီးများပြီး အသေးအဖွဲ ကိစ္စလေးတွေကအစ အမြဲတမ်း ပွစိပွစိ ပြောနေတယ်လို့ ပြောတယ်... အရမ်း အလုပ်ရှုပ်တယ်တဲ့..."
"အရှင်မင်းကြီး... ကျွန်တော်မျိုးရဲ့ သမီးက အရှင်မင်းကြီးဟာ ကလေးသူငယ်တွေကို အလွဲသုံးစားလုပ်ပြီး မိုးမလင်းခင် ညီလာခံတက်ခိုင်းတာကြောင့် သူမရဲ့ ကြီးထွားမှုကို ထိခိုက်စေတယ်လို့ ပြောတယ်... အရှင်မင်းကြီးမှာ ကိုယ်ချင်းစာတရား မရှိဘူးတဲ့..."
သားအဖနှစ်ဦး စကားပြောနေစဉ် သူတို့နှစ်ဦးစလုံးသည် ညီလာခံခန်းမ၏ အလယ်တွင် ရပ်လျက် တစ်ဦးကိုတစ်ဦး စိုက်ကြည့်ကာ အံကြိတ်နေကြလေသည်။
"အရှင်မင်းကြီး... အဖေက..."
"ပါးစပ်ပိတ်ထားစမ်း..."
"နောက်ထပ် အသံတစ်သံ ထွက်လာသေးရင်... မင်းတို့နှစ်ယောက်စလုံး တံခါးအပြင်ဘက်မှာ သွားရပ်နေကြ..."
ဧကရာဇ်ဝမ်ရွှမ်းမှာ အလွန်အမင်း ဒေါသထွက်နေသဖြင့် တုန်ရီနေလေသည်။ ဤသားအဖနှစ်ဦးသည် လုံးဝ တိုင်တန်းနေကြခြင်း မဟုတ်ဘဲ သူ၏ အတိတ်ကို တူးဆွကာ သူ့အား သွယ်ဝိုက်သောနည်းဖြင့် ပြစ်တင်ဝေဖန်နေကြခြင်း ဖြစ်သည်မှာ ထင်ရှားလှ၏။
သားအဖနှစ်ဦး တစ်ဦးကိုတစ်ဦး စွပ်စွဲနေကြသည်ကို ကြည့်ရှုရင်း လူတိုင်းမှာ တိတ်ဆိတ်သွားကြလေသည်။
တကယ့်ကို ဇာတ်လမ်းရှည်ကြီးပင် ဖြစ်ပေသည်။
ကျန်းဝမ်ချန်က သူ့ကိုယ်သူ တိတ်တဆိတ် ညှို့ယူနေလေသည်။
*မင်းတို့ သားအဖနှစ်ယောက် ကြိုက်သလောက် ငြင်းခုံကြပါ... ငါ့ကို ဂရုမစိုက်ကြပါနဲ့... ကျေးဇူးပြုပြီး ငါ့ကို ဂရုမစိုက်ကြပါနဲ့... ငါ့ကို လူမရှိသလိုပဲ သဘောထားလိုက်ကြပါ…*
ယွင်ဟွားက နှုတ်ခမ်းဆူထားပြီး အရှုံးပေးရန် ဆန္ဒမရှိသကဲ့သို့ ယွင်ရှောင်ထျန်းကလည်း နောက်ဆုတ်ပေးရန် ခေါင်းမာမာဖြင့် ငြင်းဆန်နေ၏။ ဧကရာဇ်ဝမ်ရွှမ်းသည် ခေါင်းကိုက်စွာဖြင့် သူတို့ကို ကြည့်လိုက်ပြီး သူ၏ နားထင်များကို ပွတ်သပ်လိုက်လေသည်။
"မင်းတို့နှစ်ယောက်... အပြင်သွားရပ်နေကြစမ်း..."
ထိုနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ပြင်းထန်စွာ စိုက်ကြည့်နေကြဆဲ ဖြစ်သည်။
ဧကရာဇ်ဝမ်ရွှမ်းက ဟိန်းဟောက်လိုက်၏။
"အခု သွားကြစမ်း..."
"ကောင်းပြီ... သွားမယ်လေ..."
"ဒါဆိုလည်း သွားရပ်တာပေါ့..."
တစ်ဦးက ဘယ်ဘက်တွင် ရပ်နေပြီး အခြားတစ်ဦးက ညာဘက်တွင် ရပ်နေကြရာ သူတို့သည် တံခါးစောင့်နှစ်ဦးနှင့် ပုံစံတူလှပေသည်။
"ဟတ်ချိုး..."
"ဟတ်ချိုး..."
ဆောင်းဦးလေပြေက အေးစိမ့်နေပြီး ယွင်ဟွားနှင့် ယွင်ရှောင်ထျန်းတို့မှာ အအေးဒဏ်ကြောင့် တုန်ရီနေကြလေသည်။
ကျန်းဝမ်ချန်သည် အလွန်ဝမ်းသာသွားပြီး ကမ္ဘာမြေ၏ ထောင့်တစ်နေရာတွင် သူ့ကို မေ့ပျောက်သွားကြပြီဟု တွေးလိုက်၏။
ရှင်ခြင်းသေခြင်းစာအုပ်သည် ၎င်း၏ စာမျက်နှာများကို လှန်လှောပြီးနောက် ငိုယိုလျက် ပန်းကလေးထံသို့ တိုင်တန်းရန် ပြင်လိုက်သော်လည်း ခေါင်းထွက်လာသည်နှင့် တစ်ပြိုင်နက် ဆွံ့အသွားလေသည်။
"ပန်းကလေး... နင် ဘာလို့ နန်းဆောင်အပြင်ဘက်မှာ ရပ်နေရတာလဲ... ဧကရာဇ်က နင့်ကို အနိုင်ကျင့်လိုက်တာလား..."
ရှင်ခြင်းသေခြင်းစာအုပ်သည် မျက်လုံးများ ပြူးကျယ်သွားကာ ၎င်း၏ တောင်ပံများကို ခါးတွင်ထောက်လျက် စတင်ကျိန်ဆဲတော့သည်။
"သူက တော်တော် သတ္တိကောင်းနေပါလား..."
"ငါ့ရဲ့ ပန်းကလေးက လွန်ခဲ့တဲ့ နှစ်ရက်ကမှ သူ့အတွက် နန်းတွင်းထဲက မိန်းမချင်းသာ သဘောကျတဲ့ နောက်ထပ် ကိုယ်လုပ်တော်တစ်ယောက်နဲ့ အမျိုးသား ကိုယ်လုပ်တော်တစ်ယောက်ကို ရှာဖွေဖို့ ကူညီပေးခဲ့တာကို..."
"အဲ့ဧကရာဇ်အိုကြီး... သူက ဘယ်လောက်တောင် မြန်မြန်ဆန်ဆန် ကျောခိုင်းသွားရတာလဲ... သူက အလုပ်ပြီးတာနဲ့ ပစ်ချထားခဲ့တာပဲ... သိုင်းကျင့်ဝတ်ဆိုတာ လုံးဝ မရှိဘူး... စောင့်ကြည့်နေလိုက်... ငါ သူ့ကို ဒုက္ခရောက်အောင် လုပ်ပစ်မယ်..."
အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများမှာမူ ဆွံ့အသွားကြလေသည်။
သူတို့ ဘာတွေ ကြားလိုက်ရပါသနည်း။
*အိုး... နေပါဦး…*
သူတို့ နားတွေကို ပိတ်ထားသင့်သည် မဟုတ်ပါလား။ ဧကရာဇ်၏ မျက်နှာမှာ ဖြူလျော့သွားပြီးနောက် နီရဲလာသည်ကို သူတို့ မမြင်ကြဘူးလား။
ဧကရာဇ်ဝမ်ရွှမ်းသည် သားအဖနှစ်ဦး၏ မျက်နှာပေါ်သို့ သွေးတစ်လုတ်ခန့် ပန်းထုတ်ပစ်ချင်စိတ်များ ပေါက်သွားလေသည်။
*မင်းတို့ ပစ်မှတ်ထားတဲ့သူ မှားမနေဘူးဆိုတာ သေချာရဲ့လား…*
*ဒီနေ့ ငါတို့ ဖော်ထုတ်မယ့်သူက ငါမဟုတ်ဘူး... ဒုတိယအဆင့် စစ်ဆေးရေးမှူး ကျန်းဝမ်ချန်လေ…*
"ပန်းကလေး... ငါ အခုချက်ချင်း ဧကရာဇ်ရဲ့ မှတ်တမ်းတွေကို သွားစစ်ကြည့်လိုက်ဦးမယ်..."
"မင်းတို့နှစ်ယောက်... ဒီကို ဝင်ခဲ့ကြစမ်း..."
ဧကရာဇ်ဝမ်ရွှမ်းက လေးပုံတစ်ပုံနာရီပင် မကြာမီ သူတို့ကို ပြန်လည်ဆင့်ခေါ်လိုက်လေသည်။
ယွင်ရှောင်ထျန်းသည် တိတ်ဆိတ်နေပြီး ယွင်ဟွားကလည်း သူမ၏ ဖခင်ဘေးတွင် လိမ္မာရေးခြားရှိစွာ ရပ်နေ၏။
ဖြောင့်မတ်သော အရာရှိတစ်ဦးပင်လျှင် မိသားစု အငြင်းပွားမှုများကို ဖြေရှင်းရန် ခက်ခဲတတ်ပြီး နောက်ဆုံးတွင် ဒုက္ခရောက်ရသူမှာ မိမိကိုယ်တိုင်သာ ဖြစ်ပေသည်။
ဧကရာဇ်ဝမ်ရွှမ်းသည် နံနက်ခင်း ညီလာခံကို အလွန်တရာ မျှော်လင့်နေခဲ့သော်လည်း ယခုအခါတွင်မူ သူ၏ ရင်ထဲ၌ နာကြည်းမှုများဖြင့် ပြည့်နှက်နေလေသည်။
သူတို့နှစ်ဦးစလုံး မိုးမလင်းမီ ညီလာခံသို့ တက်ရောက်နေကြသည် မဟုတ်ပါလား။
ကောင်းပြီလေ... သူ ပြောင်းလဲပစ်မည်။
"ဧကရာဇ်အမိန့်တော်... မနက်ဖြန် ညီလာခံကို နံနက် ၁ နာရီမှ ၃ နာရီအတွင်း ကျင်းပမည်….မည်သူမှ နောက်မကျစေရသလို ခွင့်လည်း မတောင်းစေရ... သို့မဟုတ်ပါက လစာရဲ့ ထက်ဝက်ကို ဒဏ်ရိုက်ခံရမည်ဖြစ်ပြီး နန်းဆောင်များကို တစ်လတိတိ သန့်ရှင်းရေးလုပ်ရန် အမိန့်ချမှတ်ခံရမည်..."
"ညီလာခံ ရပ်နားပြီ..."
ဧကရာဇ်ဝမ်ရွှမ်းက နှာမှုတ်လိုက်ပြီး သူ၏ အင်္ကျီလက်စွပ်ကို ခါရမ်းကာ ဧကရီထံသို့ တိုင်တန်းရန် ထွက်သွားလေသည်။ ယနေ့တွင် သူသည် အလွန်တရာ မတရားခံရသည်ဟု ခံစားနေရ၏။
ဧကရာဇ်ဝမ်ရွှမ်း ထွက်ခွာသွားပြီးနောက် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိအားလုံးသည် ယွင်ရှောင်ထျန်းနှင့် သူ၏ သမီးကို စိုက်ကြည့်နေကြလေသည်။
ယွင်ဟွားသည် သူမ၏ ခန္ဓာကိုယ်ကို တစ်ချက် တုန်ခါလိုက်၏။
ယွင်ရှောင်ထျန်းကလည်း တံတွေးကို ခက်ခဲစွာ မြိုချလိုက်လေသည်။
"သမီး..."
"အဖေ..."
"ပန်းကလေး... ပြေးတော့..."