အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
အခန်း (၉၁) အတင်းနားထောင်ရင်း လက်ပူးလက်ကြပ် မိသွားခြင်း
အထိန်းတော်ချောင်မှာ ဤကဲ့သို့ အထူးနေ့ရက်မျိုးတွင် ဧကရာဇ်အား သူမနှင့်အတူ နေ့လယ်စာ စားသုံးရန် သဘောတူစေရန် ကိုယ်လုပ်တော်လျန် မည်သို့သော လှည့်ကွက်များ သုံးခဲ့သနည်းဟု တွေးမိကာ အံ့သြမဆုံး ဖြစ်နေလေသည်။
ဤစကားကို ကြားသောအခါ ဧကရာဇ်ဝမ်ရွှမ်း မျက်မှောင်ကြုတ်သွားလေသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ အလွန် အလုပ်များနေခဲ့သဖြင့် ဤမျှ အရေးကြီးသော ကိစ္စရပ်ကို သူ လုံးဝ မေ့လျော့နေခဲ့လေသည်။
တစ်ဖက်တွင်မူ ဘိုးဘေးများ၏ စည်းမျဉ်းများ ရှိနေပြီး အခြားတစ်ဖက်တွင်မူ ကတိစကား ရှိနေလေသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် ဧကရာဇ်ဝမ်ရွှမ်းက ပြောလိုက်လေသည်။
"ဧကရီက ချုံဟွားနန်းဆောင်မှာ မယ်တော်ကြီးနဲ့အတူ ရှိနေလောက်တယ်... ငါကိုယ်တော် နည်းနည်း နောက်ကျမှ ရောက်လာခဲ့မည်လို့ သူမကို သွားပြောလိုက်..."
သူက သူမကို တွေ့ရန် ကိုယ်လုပ်တော်လျန်၏ နန်းဆောင်သို့ ကြိုတင်သွားရောက်ခဲ့ပြီး သူမနှင့်အတူ နေ့လယ်စာ စားသုံးရန် သဘောတူညီချက်အရမူ သူက အနည်းငယ်မျှသာ စားသောက်ပြီး ထွက်ခွာခဲ့လေသည်။
အကယ်၍ ယွင်ဟွားသာ ဤနေရာ၌ ရှိနေခဲ့မည်ဆိုပါက သူမ၏ စရိုက်အရ သူမသည် သေချာပေါက် ပြင်းထန်သော ဝေဖန်မှုများ ပြုလုပ်လိမ့်မည် ဖြစ်သည်။
"နှစ်ခုလုံး လိုချင်တာလား... ရှင်က လုံးဝကို လူယုတ်မာပဲ..."
ရှူယွီဆောင်။
ကိုယ်လုပ်တော်လျန်သည် ဧကရာဇ်ဝမ်ရွှမ်း၏ ရင်ခွင်ထဲတွင် ထိုင်နေပြီး သူမ၏ သွယ်လျဖြူဝင်းသော လက်နှစ်ဖက်က သူ၏ လည်ပင်းကို ရစ်ပတ်ထားကာ သူမ၏ သွားကြားတွင် အသားတစ်ဖတ်ကို ကိုက်ထားပြီး ဆွဲဆောင်မှုရှိသော မျက်ဝန်းများဖြင့် ဧကရာဇ်ဝမ်ရွှမ်းကို စိုက်ကြည့်ရင်း အသားကို ခွံ့ကျွေးနေလေသည်။
ဧကရာဇ်ဝမ်ရွှမ်းက ရယ်မောလိုက်လေသည်။
"ငါကိုယ်တော် မင်းနဲ့ဆို ဘာမှ မလုပ်နိုင်တော့ပါဘူးကွာ..."
တကယ်တော့ သူသည် ဤခံစားချက်ကို အတော်လေး နှစ်သက်နေလေသည်။
ထို့ကြောင့် သူက အသားဖတ်ကို လက်ခံရန် ပါးစပ်ကို ဟပေးလိုက်လေသည်။
ယွင်ဟွား၏ မျက်ဝန်းများ တောက်ပသွားလေသည်။
“အိုး..ဘုရားရေ... အရှင်မင်းကြီးက အတော်လေး ကစားတတ်တာပဲ..”
“ပန်းကလေး... အဲ့တာက အမြင်မတော်ဘူး... အမြင်မတော်ဘူး... အခုချက်ချင်း မျက်လုံးမှိတ်ထားလိုက်စမ်း..”
ရှင်ခြင်းသေခြင်းစာအုပ်က ယွင်ဟွား၏ မျက်လုံးများဆီသို့ ပျံသန်းသွားပြီး ၎င်း၏ တောင်ပံသေးသေးလေးများဖြင့် ကွယ်ထားလိုက်သည်။
မယ်တော်ကြီးနှင့် ဧကရီတို့မှာ မျက်နှာများ နီရဲသွားကြပြီး ခေါင်းကို တစ်ဖက်သို့ လှည့်သွားကြလေသည်။
တကယ်ကို ကြည့်မရအောင် ဖြစ်နေ၏။
ပြဇာတ်ကြည့်ရန် အစေခံမလေး၏ ဆွဲခေါ်လာခြင်းကို ခံရရာမှ သားဖြစ်သူက ကိုယ်လုပ်တော်တစ်ဦးနှင့် ပရောပရည်လုပ်နေသည်ကို မြင်တွေ့ရလိမ့်မည်ဟု မယ်တော်ကြီး တစ်ခါမျှ အိပ်မက်မမက်ဖူးပေ။
ရှောင်ရှူးရှူး ပြောတာ မှန်သည်။
ဤသည်က သေချာပေါက် အနည်းငယ် မျက်စိနောက်စရာ ကောင်းနေလေသည်။
ဧကရီမှာ လုံးဝကို အံ့အားသင့်သွား၏။
တကယ်ပဲလား။
အပြင်ပန်းပုံစံကို ကြည့်ပြီး ဆုံးဖြတ်၍ မရနိုင်ပေ… ဤကိုယ်လုပ်တော်လျန်သည် ကွယ်ရာတွင် ဤမျှ အတားအဆီးမဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူမက ဧကရာဇ်ထံမှ ဤမျှ ထူးခြားသော မျက်နှာသာပေးမှုကို ရရှိထားသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ဧကရီက သူမ ဤသို့ မလုပ်နိုင်ကြောင်း ကြေညာလိုက်လေသည်။
ယွင်ဟွားနှင့် ရှင်ခြင်းသေခြင်းစာအုပ်တို့၏ အသံများ အပြင်ဘက်မှ ထွက်ပေါ်လာရာ ဧကရာဇ်ဝမ်ရွှမ်းမှာ ဆွံ့အသွားလေသည်။
သူက အလိုအလျောက်ပင် ကိုယ်လုပ်တော်လျန်ကို သူ့အပေါ်မှ တွန်းဖယ်လိုက်ပြီး ပြတင်းပေါက်မှ ချောင်းကြည့်နေသော ခေါင်းသုံးလုံးအပေါ်သို့ သူ၏ အကြည့်များ ချက်ချင်း ကျရောက်သွားလေသည်။
*သုံး... သုံးယောက်လား…*
ဧကရာဇ်ဝမ်ရွှမ်းက ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး တံခါးဆီသို့ လျှောက်သွားလေသည်။
ကိုယ်လုပ်တော်လျန်မှာ အံ့အားသင့်သွားလေသည်။
"အရှင်မင်းကြီး... ဘယ်သွားမလို့လဲ... ကျွန်တော်မျိုးမကို ဂရုမစိုက်တော့ဘူးလား..."
ဧကရာဇ်ဝမ်ရွှမ်းသည် ကြားဟန်မပြဘဲ မြေကြီးပေါ်သို့ လဲကျသွားသော ကိုယ်လုပ်တော်လျန်ကို အာရုံစိုက်ရန် အချိန်မရှိတော့ပေ။
ဧကရာဇ်ဝမ်ရွှမ်းက တစ်တန်းတည်း ဆောင့်ကြောင့်ထိုင်နေသော လူသုံးဦးကို မြင်လိုက်ရချိန်တွင် သူ၏ နဖူးမှ သွေးကြောများ ပြင်းထန်စွာ ထောင်ထလာသည်။
သူ သက်ပြင်းရှည်ကြီးကို ရှူသွင်းလိုက်၏။
ထပ်မံ၍ မော့ကြည့်လိုက်ရာ ခြံဝင်းအတွင်းရှိ နန်းတွင်းအစေခံများနှင့် မိန်းမစိုးများအားလုံး ခေါင်းငုံ့ကာ တစ်ဖက်တွင် ရပ်နေကြလေသည်။
မည်သူကမျှ ဝင်ရောက်သတင်းပို့ခြင်းမရှိပေ။
ဤသည်မှာ မယ်တော်ကြီး၏ အမိန့်ဖြစ်ကြောင်း ဧကရာဇ်ဝမ်ရွှမ်း သံသယဖြစ်စရာမလိုဘဲ သိရှိလိုက်သည်။
အိုး..သူ နောင်တရသွားလေပြီ။
ကောင်းစွာ စဉ်းစားတွေးတောနိုင်စွမ်း မရှိခဲ့သည့်တိုင်အောင် ဤမိန်းကလေးကို နန်းတော်ထဲ ဝင်ရောက်ကာ ကျောင်းတက်ခွင့်ပြုရန် မယ်တော်ကြီး၏ အကြံပြုချက်ကို အဘယ်ကြောင့် နောက်ဆုံးတွင် ငါ သဘောတူခဲ့မိပါသနည်း။
ယွင်ဟွားက အနေခက်စွာ ပြုံးလိုက်မိသည်။
“ရှောင်ရှူးရှူး... သူက ငါတို့ကို ဘယ်လိုလုပ်ပြီး ရှာတွေ့သွားတာလဲ..”
"အရှင်မင်းကြီး... ကျွန်တော်မျိုးမရဲ့ အိမ်မွေးတိရစ္ဆာန်လေး ဖူကွေ့ကို ရှာဖို့ ဝင်လာတာပါ... အရှင် ယုံပါသလား..."
ထိုသို့ပြောပြီးနောက် ယွင်ဟွားက သူမ၏ လက်သေးသေးလေးကို ဖြန့်လိုက်ရာ သူမ၏ လက်ဖဝါးထဲတွင် ဝဖြိုးပြီး ဖြူဖွေးနေသော ခူကောင်တစ်ကောင် ပေါ်လာလေသည်။
မယ်တော်ကြီးနှင့် ဧကရီတို့ နှစ်ဦးစလုံး နောက်သို့ တစ်လှမ်း ဆုတ်သွားကြလေသည်။
ဧကရာဇ်ဝမ်ရွှမ်းခမျာ……
“ဟားဟား... ပန်းကလေး… နင် ဘယ်တုန်းက ပိုးကောင်တစ်ကောင်ကို ဖမ်းပြီး ချမ်းသာကြွယ်ဝမှုလို့ နာမည်ပေးလိုက်တာလဲ..”
ရှင်ခြင်းသေခြင်းစာအုပ်က ဗိုက်ကလေးကို ကိုင်ကာ ယွင်ဟွား၏ ခေါင်းပေါ်တွင် လူးလှိမ့်ရယ်မောနေလေသည်။
“ဟွားဟွား... ငါ့အမြင်တော့ ဧကရာဇ်က မယုံဘူးထင်တယ်... အခု သူ့ကို ကြည့်လိုက်ဦး... မုတ်ဆိတ်မွေးတွေ ထောင်ထပြီး နင့်ကို စိုက်ကြည့်နေတယ်... နင်က သူ့ကို ရူးသွားအောင် လုပ်နေတာပဲ…”
ယွင်ဟွားမှာ ပိုမို ဝေးကွာသွားသည်ကို မြင်သောအခါ မယ်တော်ကြီးက သူမ၏ အင်္ကျီလက်ကို ဆွဲကာ နောက်သို့ ပြန်ဆွဲယူလိုက်ပြီးနောက် သူမ၏ မျက်နှာမှာ မည်းမှောင်သွား၏။
"အရှင်မင်းကြီး... ဒီနေ့က ဘာနေ့လဲဆိုတာကို မေ့သွားပြီလား..."
ဧကရာဇ်ဝမ်ရွှမ်း၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။
ယွင်ဟွားက တိတ်တဆိတ် ရယ်မောလိုက်လေသည်။
“အကယ်၍ အရှင်မင်းကြီးက ကိုယ်လုပ်တော်လျန်နဲ့ နေ့လယ်စာစားမယ်ဆိုရင် ငါတို့ကလည်း အရှင်မင်းကြီးဆီ လာပြီး အတူစားရုံပဲပေါ့... ဘယ်လိုလဲ... သူက အံ့သြပြီး ပျော်သွားမှာလား..”
ဧကရာဇ်ဝမ်ရွှမ်း : အံ့ဩပြီး ပျော်ရမှာလား.. ကိုယ့်ခြေထောက်ကိုပဲ သွားအံ့သြလိုက်...
"အရှင်မင်းကြီး... ခုနက ကျွန်တော်မျိုးမ လဲကျသွားလို့ အရမ်းနာသွားတယ်..."
"နာသွားတယ်" ဟူသော စကားကို သူမ ဆုံးအောင် မပြောနိုင်မီမှာပင် ယခုလေးတင် ထွက်လာသော ကိုယ်လုပ်တော်လျန်မှာ လုံးဝ မှင်တက်သွားလေသည်။
"မ... မယ်တော်ကြီး..."
ကိုယ်လုပ်တော်လျန်၏ ခြေထောက်များ အားပျော့သွားကာ မြေကြီးပေါ်သို့ ချက်ချင်း ဒူးထောက်ကျသွားပြီး သူမ၏ အသံမှာလည်း ယခင်ကလောက် ဆွဲဆောင်မှု မရှိတော့ပေ။
မယ်တော်ကြီး၏ မျက်မှောင်များက အနည်းငယ် တွန့်ကွေးသွားလေသည်။
နန်းတွင်းမိန်းမဆောင်ရှိ အမျိုးသမီးများသည် ရေရှည်ရပ်တည်နိုင်ရန်အတွက် ပါးနပ်ပြီး တွက်ချက်တတ်ရန် လိုအပ်လေသည်။
ဆန့်ကျင်ဘက်အနေဖြင့် မယှဉ်ပြိုင် မတိုက်ခိုက်သူများသည်သာလျှင် တကယ့်ကို မိုက်မဲသူများ ဖြစ်ကြသည်။
မင်း၌ ကိုယ်ပိုင် အကြံအစည်ငယ်လေးများ ရှိနိုင်သော်လည်း တိုင်းပြည်၏ မိခင်ဖြစ်သူ၏ အခွင့်အရေးများကိုတော့ မည်သည့်အခါမျှ ကျော်လွန်မသွားရပေ။
မယ်တော်ကြီး ဘာကို မကျေမနပ်ဖြစ်နေကြောင်းကို ဧကရာဇ်ဝမ်ရွှမ်း သိသော်လည်း ဤကိစ္စတွင် သူလည်း အမှားလုပ်မိထားသဖြင့် ချောင်းဟန့်လိုက်လေသည်။
"မယ်တော်... ဒီနေ့ သားတော် သတိလက်လွတ် ဖြစ်သွားပါတယ်... ကိုယ်လုပ်တော်လျန်ကို အရင်ဆုံး ထခိုင်းလိုက်ပါ..."
မယ်တော်ကြီးက ဧကရာဇ်ဝမ်ရွှမ်းကို အေးစက်စွာ ကြည့်လိုက်လေသည်။
"မင်းက အရမ်းစွဲလမ်းနေလို့ အရေးကြီးတာကိုတောင် မခွဲခြားနိုင်တော့ဘူးလို့ ငါ ထင်တယ်..."
ထိုသို့ပြောပြီးနောက် ပင်မခန်းမဆောင်အတွင်းသို့ ခြေလှမ်းဝင်ရောက်သွားလေသည်။
ယွင်ဟွားက သူမ၏ ဝတ်ရုံစကို မကာ နောက်မှ လိုက်သွားလေသည်။
ထိုစဉ် မယ်တော်ကြီးက တော်ဝင်မီးဖိုဆောင်ကို ပြင်ဆင်ရန် အမိန့်ပေးထားသော နေ့လယ်စာများ ရောက်ရှိလာလေသည်။
ဧကရာဇ်ဝမ်ရွှမ်း၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွား၏။
*သူတို့က တကယ်ပဲ အတူတူ နေ့လယ်စာ စားဖို့ စီစဉ်ထားတာပဲ... ဟင်းလျာတွေ၊ ပန်းကန်တွေ၊ တူတွေ အားလုံး ပြင်ဆင်ပြီးနေပြီ*
ဧကရာဇ်ဝမ်ရွှမ်းက မြေကြီးပေါ်တွင် ဒူးထောက်နေသော ကိုယ်လုပ်တော်လျန်ကို နှလုံးနာကျင်စွာ ကြည့်လိုက်ပြီး ထူပေးလိုက်သည်။
သူ ထိုင်တော့မည့်ဆဲဆဲတွင် မယ်တော်ကြီး၏ မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားသည်။
"ဧကရာဇ်..."
မယ်တော်ကြီးက စားပွဲကို လက်ဖြင့် ဆောင့်ရိုက်လိုက်ရာ စားပွဲပေါ်ရှိ ပန်းကန်များနှင့် တူများ ခုန်ပေါက်သွားသည်။
"လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေက ရှိနေဖို့ လိုသေးတယ်..."
"မင်းမှာ ငါနဲ့အတူ နေ့လယ်စာစားဖို့ အချိန်မရှိမှတော့ မင်းနဲ့အတူ နေ့လယ်စာစားဖို့ ငါကိုယ်တိုင် လာခဲ့မယ်..."
ပုံမှန်အချိန်ဆိုလျှင် ကိစ္စမရှိသော်လည်း ယနေ့ သူမသည် ဒေါသထွက်နေသဖြင့် မျက်နှာသာရ ကိုယ်လုပ်တော်တစ်ဦးနှင့် စားပွဲတစ်လုံးတည်း အတူတူ ဘယ်သောအခါမှ ထိုင်စားမည် မဟုတ်ပေ။
မယ်တော်ကြီး ဒေါသထွက်လာသောအခါ နန်းတွင်းအစေခံများမှာ ကြောက်လန့်တကြား ဒူးထောက်ချလိုက်ကြသည်။
ဧကရာဇ်ဝမ်ရွှမ်းက သူ အမှားလုပ်မိထားကြောင်း သိသဖြင့် သူမအား မချေပတော့ပေ။ သူက ကိုယ်လုပ်တော်လျန်၏ လက်ကို ပုတ်ကာ သူမ၏ နားထဲသို့ နှစ်သိမ့်စကား အနည်းငယ်ကို တိုးတိုးလေး ပြောလိုက်၏။
ရှင်ခြင်းသေခြင်းစာအုပ်က အတောင်ပံများကို ခတ်ကာ သူတို့နှစ်ဦးကြားသို့ တိုးဝင်သွားပြီး စူးရှသော အသံဖြင့် အသံလွှင့်လိုက်လေသည်။
“ပန်းကလေး... ဧကရာဇ်က ခုနက ပြောလိုက်တယ်... ငါ့ရဲ့ ချစ်လှစွာသော ကိုယ်လုပ်တော်... မင်းကို ဒုက္ခရောက်စေတာ ငါ့အမှားပါ... နောက်မှ တောင်းပန်တဲ့အနေနဲ့ ငါ့ရဲ့ ကိုယ်ပိုင်ငွေတိုက်ထဲက ကောင်းမွန်တဲ့ ပစ္စည်းအချို့ကို ရွေးပြီး မင်းအတွက် ပေးပို့လိုက်ပါ့မယ်.. ဒီနေ့ ပြီးသွားရင် မနက်ဖြန်၊ သန်ဘက်ခါ၊ ပြီးတော့ နောက်ရက်တွေမှာလည်း မင်းနဲ့အတူတူပဲ ငါ နေပါ့မည်တဲ့…”
ယွင်ဟွားမှာ ရုတ်တရက် တုန်လှုပ်သွားပြီး "ဟင်း" ဟူသော အသံတိုးတိုးလေး ထွက်သွားလေသည်။
“ဒါက အရမ်းကို အပေါစားဆန်တယ်... အရမ်းကို သောက်ကျိုးနည်း အပေါစားဆန်လွန်းတယ်…”
ဧကရာဇ်ဝမ်ရွှမ်း……
ထိုမိန်းကလေးငယ်၏ ဘေးတွင် မျက်စိဖြင့် မမြင်နိုင်သော်လည်း အမြဲတမ်း ရှိနေတတ်ပြီး အတင်းအဖျင်း နားထောင်ရသည်ကို နှစ်သက်သော စာအုပ်တစ်ကောင် ရှိနေကြောင်းကို သူ မေ့သွားခဲ့သည်။
မယ်တော်ကြီး၏ နှုတ်ခမ်းများ တွန့်ကွေးသွားလေသည်။ သူမ တကယ့်ကို ကြည့်မနေရက်တော့ပေ။
ဧကရာဇ်ဝမ်ရွှမ်း၏ ပြတ်သားမှုနှင့် တည်ငြိမ်မှုအပေါ် ဧကရီ၏ အထင်ကြီးလေးစားမှုမှာ ဤအချိန်တွင် လုံးဝ ပျက်စီးသွားလုနီးပါး ဖြစ်သည်။
ကိုယ်လုပ်တော်လျန်က တစ်ဖက်တွင် ရပ်နေကာ သူမ၏ မျက်လုံးများမှာ နီရဲနေပြီး ယိမ်းယိုင်ယိုင် ဖြစ်နေသည်။
ဧကရာဇ်က သူမအား ကတိများစွာ ပေးခဲ့သော်လည်း သူမသည် မျက်နှာကို ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရသကဲ့သို့ ခံစားရပြီး နှလုံးကွဲကြေနေဆဲပင် ဖြစ်သည်။
ဧကရာဇ်ဝမ်ရွှမ်းက ကိုယ်လုပ်တော်လျန်က သူ့အား အသနားခံသော အကြည့်ဖြင့် စိုက်ကြည့်နေသည်ကို မြင်သောအခါ သူမအား မကြည့်မိစေရန် ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် ထိန်းချုပ်လိုက်ရသည်။
ကိုယ်လုပ်တော်လျန်က သူမ၏ ဝတ်ရုံစကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရာ သူမ၏ လက်ချောင်းများမှာ ဖြူလျော့နေပြီး သူမ၏ နှလုံးသားထဲတွင် မယ်တော်ကြီးနှင့် ဧကရီတို့အပေါ် မုန်းတီးမှုများ ပြည့်နှက်နေသည်။
ယွင်ဟွားနှင့် ရှင်ခြင်းသေခြင်းစာအုပ်တို့သည် သဘာဝကျကျပင် အမုန်းတရား အမျိုးမျိုးကို အလွန် အာရုံခံစားနိုင်စွမ်း ရှိကြရာ နှစ်ဦးစလုံးက ကိုယ်လုပ်တော်လျန်ကို မော့ကြည့်လိုက်ကြလေသည်။
“သူမက တကယ့်ကို မုန်းတီးမှုတွေ အများကြီး သိမ်းဆည်းထားတာပဲ..”
ယွင်ဟွားက မည်သို့ပင်ဖြစ်စေ စားသောက်ခြင်းသည် သူမ၏ ထိပ်တန်းဦးစားပေးဖြစ်ကြောင်း တိတ်တဆိတ် ရေရွတ်လိုက်လေသည်။
လူတိုင်းမှာ ခေတ္တမျှ တုံ့ဆိုင်းသွားကြ၏။
မယ်တော်ကြီးနှင့် ဧကရီတို့သည် ဤမုန်းတီးမှုက မည်သူ့ကို ရည်ညွှန်းနေကြောင်းကို သဘာဝကျကျပင် သိရှိနေကြသည်။
ဧကရာဇ်ဝမ်ရွှမ်း၏ စိတ်ထဲတွင် အတွင်းရေး ရုန်းကန်မှု တစ်ခဏတာ ဖြတ်ပြေးသွားသည်။
ဤသို့ မဖြစ်သင့်ပေ။ ကိုယ်လုပ်တော်လျန်သည် အလွန် နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သူဖြစ်ရာ သူမက မည်သို့များ မုန်းတီးမှုများကို သိမ်းဆည်းထားနိုင်မည်နည်း။
သို့သော် ယွင်ဟွား ပြောသည်ကို သူ ယုံကြည်ရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
နောက်တစ်စက္ကန့်တွင် သူက ရုတ်တရက် မော့ကြည့်လိုက်ရာ ယခုတိုင် ရှိနေဆဲဖြစ်သော ကိုယ်လုပ်တော်လျန်၏ အကြည့်ထဲတွင် တစ်ခုခု တောက်ပသွားသည်ကို မြင်လိုက်ရလေသည်။
*မုန်းတီးမှုလား…*
ဧကရာဇ်ဝမ်ရွှမ်း၏ နှလုံးသားမှာ တစ်ချက် ခုန်သွားသည်။
ထပ်မံ၍ ကြည့်လိုက်ရာ ကိုယ်လုပ်တော်လျန်မှာ သနားစရာကောင်းနေဆဲ ဖြစ်သည်။
“ပန်းကလေး... အရမ်းပြင်းထန်တယ်... အရမ်းပြင်းထန်တယ်... အဲ့မုန်းတီးမှုက ရုပ်လုံးပေါ်လာတော့မယ်”
အခန်း (၉၂) ကိုယ်လုပ်တော်လျန်နှင့် တော်ဝင်အမျိုးသမီးလျူ
လူတိုင်းမှာ အံ့အားသင့်သွားကြသည်။
ယွင်ဟွားသည် အစားအသောက်များကို စားသောက်ပြီးနောက် ကိုယ်လုပ်တော်လျန်ကို တစ်ချက်ကြည့်လိုက်ပြီး ဧကရာဇ်ကိုလည်း ထပ်မံကြည့်လိုက်လေသည်။
သူမက ပြဿနာရှာတော့မည်။ ပြဿနာရှာတော့မည်ပင်။
“ရှောင်ရှူးရှူး... ကိုယ်လုပ်တော်လျန်က လူကောင်းတစ်ယောက် မဟုတ်ဘူးလို့ နင် ပြောခဲ့တာကို ငါ မှတ်မိတယ်... လာပါ…ဒီမကောင်းတဲ့ ဧကရာဇ်ကို သင်ခန်းစာတစ်ခုလောက် ပေးလိုက်ကြစို့…”
ဧကရာဇ်ဝမ်ရွှမ်း၏ တူကိုင်ထားသော လက်မှာ တုန်ရီသွားလေသည်။
ရှင်ခြင်းသေခြင်းစာအုပ်မှာ လွန်စွာ ဇဝေဇဝါဖြစ်သွားပြီး ရှုပ်ထွေးနေသော ကံကြမ္မာများကြောင့် ရယ်မောမိလုမတတ် ဖြစ်သွားလေသည်။
“ပန်းကလေး... ငါ... ငါ နင့်ကို ပြောပြမယ်... ဒီကိုယ်လုပ်တော်လျန်က တကယ့်ကို အရည်အချင်းရှိတဲ့သူပဲ... သူမက..”
လူတိုင်းမှာ အတင်းအဖျင်း နားထောင်ရန်အတွက် နားစွင့်ထားလိုက်ကြသည်။
ထိုစဉ် နန်းတွင်းအစေခံမလေးတစ်ဦးက တော်ဝင်အမျိုးသမီးလျူ ရောက်ရှိလာကြောင်း လာရောက်သတင်းပို့လေသည်။
လူတိုင်းက မျက်မှောင်ကြုတ်လိုက်ကြ၏။
ရှင်ခြင်းသေခြင်းစာအုပ်က ယွင်ဟွား၏ ခေါင်းပေါ်တွင် စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေလေသည်။
“ပန်းကလေး... သူမ ရောက်လာပြီ... သူမ ရောက်လာပြီ... အခြားဇာတ်လိုက်က ဖရဲသီးတစ်လုံးနဲ့ ရောက်လာပြီ..”
ယွင်ဟွားက အံ့အားသင့်စွာ မေးလိုက်သည်။
"ရှောင်ရှူးရှူး... မုန်းတီးမှုတွေ ပျောက်သွားပြီလား..."
ထိုသို့ပြောပြီးနောက် ယွင်ဟွားက မော့ကြည့်လိုက်ရာ လွန်ခဲ့သော စက္ကန့်အနည်းငယ်ကမှ မျက်လုံးများ နီရဲကာ မျက်နှာပေါ်တွင် မုန်းတီးမှုများ ပြည့်နှက်နေခဲ့သော ကိုယ်လုပ်တော်လျန်မှာ ချက်ချင်းပင် မျက်နှာဝင်းပသွားသည်ကို မြင်လိုက်ရသည်။
ဤသည်က... သူမတို့၏ သဘောထား ပြောင်းလဲမှုက မြန်ဆန်လွန်းလှသည်။
တော်ဝင်အမျိုးသမီးလျူသည် ပင်မခန်းမဆောင်အတွင်းသို့ ခြေလှမ်းဝင်ရောက်လိုက်ချိန်တွင် အလွန်အမင်း ထိတ်လန့်သွားသည်။
သူမ၏ ခြေထောက်များ ခွေယိုင်သွားကာ မြေကြီးပေါ်သို့ ဒူးထောက်ကျသွား၏။
"အရှင်မင်းကြီး... ဧကရာဇ်... မယ်တော်ကြီးနဲ့ ဧကရီတို့ကို ကျွန်မမျိုးမ ဂါရဝပြုပါတယ်..."
သူမက မျက်နှာကို ဖုံးကွယ်ထားရန် ခေါင်းငုံ့လိုက်သော်လည်း သူမ၏ မျက်ဝန်းများထဲတွင် အေးစက်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။
သောက်ကျိုးနည်း။
ဧကရာဇ်နှင့် အခြားသူများက ကိုယ်လုပ်တော်လျန်နှင့်အတူ ဤနေရာတွင် အဘယ်ကြောင့် ရောက်နေကြသနည်း။
ဧကရာဇ်ဝမ်ရွှမ်းမှာ မူလကတည်းက စိတ်အခြေအနေ မကောင်းဖြစ်နေခဲ့ပြီး ယခု ဖရဲသီးစားနေသည်ကို အနှောင့်အယှက်ခံလိုက်ရသဖြင့် သဘာဝကျကျပင် သူ၏ မျက်နှာအမူအရာ ကောင်းမွန်မနေခဲ့ပေ။
"တော်ဝင်အမျိုးသမီးလျူ... ဒီနေရာကို မလာခင် နန်းဆောင်ထဲမှာ ဘယ်သူတွေ ရှိနေလဲဆိုတာကိုတောင် စုံစမ်းမကြည့်ခဲ့ဘူးလား..."
ဧကရာဇ်ဝမ်ရွှမ်း၏ လေသံမှာ သိပ်မကောင်းလှသော်လည်း ၎င်းက ကိုယ်လုပ်တော်လျန်အတွက် အထူးတလည် ကြမ်းတမ်းနေသကဲ့သို့ ဖြစ်နေကာ ဒေါသကြောင့် သူမ၏ ပဝါကို ဆုပ်ချေလုမတတ် ဖြစ်သွားစေသည်။
“မုန်းတီးမှုတွေ ပြန်ပေါ်လာပြန်ပြီ..”
ယွင်ဟွားက ကိုယ်လုပ်တော်လျန်ကို ထပ်မံ ကြည့်လိုက်လေသည်။ ဤတစ်ကြိမ်တွင် သူမ မုန်းတီးနေသူမှာ... ဧကရာဇ်ဝမ်ရွှမ်း ဖြစ်နေသလော။
ကိုယ်လုပ်တော်လျန်က ရှေ့သို့ လှမ်းလာပြီး တော်ဝင်အမျိုးသမီးလျူ၏ ဘေးတွင် ဒူးထောက်လိုက်သည်။
"အရှင်မင်းကြီး... ဒီနေ့ ကျွန်မမျိုးမ နေမကောင်းဖြစ်နေလို့ ညီမတော်လျူက အထူးတလည် လာရောက်ကြည့်ရှုပေးတာပါ..."
ဧကရာဇ်ဝမ်ရွှမ်းသည် ကိုယ်လုပ်တော်လျန်အပေါ် သနားစိတ်ဝင်သွားပြီး သူ၏ အမူအရာမှာ သဘာဝကျကျပင် နူးညံ့သွားသည်။
"အားလုံးပဲ ထကြတော့..."
"အရှင်မင်းကြီး... ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်..."
ကိုယ်လုပ်တော်လျန်က တော်ဝင်အမျိုးသမီးလျူကို ဂရုတစိုက် ထူပေးလိုက်ရာ သူမ၏ မုန်းတီးမှုများ ထပ်မံ ထွက်ပေါ်လာပြန်လေသည်။
ယွင်ဟွား၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။
သူမ၏ အကြည့်များက ထိုသူသုံးဦးကြားတွင် ဟိုဟိုဒီဒီ ရွေ့လျားနေလေသည်။
ဧကရာဇ်ဝမ်ရွှမ်းက ကိုယ်လုပ်တော်လျန်ကို မြတ်နိုးယုယသော အကြည့်များဖြင့် ကြည့်နေပြီး ကိုယ်လုပ်တော်လျန်က တော်ဝင်အမျိုးသမီးလျူကို နှလုံးနာကျင်စွာဖြင့် ကြည့်နေလေသည်။ အခြားတစ်ဖက်တွင်မူ တော်ဝင်အမျိုးသမီးလျူက ဧကရာဇ်ဝမ်ရွှမ်းကို လူသတ်ချင်သော အရိပ်အယောင်များဖြင့် စိုက်ကြည့်နေသည်။
ယွင်ဟွားသည် တုန်ရီနေသော လက်များဖြင့် ဟင်းရည်ပန်းကန်ကို ကောက်ကိုင်လိုက်ပြီး သက်ပြင်းရှည်ကြီးကို ရှူသွင်းလိုက်သည်။
“ရှောင်ရှူးရှူး... မယုံနိုင်စရာကောင်းတဲ့ တစ်ခုခုကို ငါ ရှာတွေ့သွားပြီလို့ ထင်တယ်…”
ရှင်ခြင်းသေခြင်းစာအုပ်မှာ အလွန် ပျော်ရွှင်နေသဖြင့် ခါးပင်မဆန့်နိုင်အောင် ဖြစ်နေလေသည်။
“ဟားဟား... ငါ သိတယ်... ငါတို့ရဲ့ ဧကရာဇ်က တကယ့်ကို သစ္စာဖောက်ခံရတဲ့သူပဲ... သူက ထပ်ပြီးတော့ ဂျိုတပ်ခံလိုက်ရပြန်ပြီ..”
မယ်တော်ကြီးနှင့် ဧကရီမှာ အပြောရခက်သွားကြသည်။
ဧကရာဇ်ဝမ်ရွှမ်းမှာ ခွေးခြေခုံပေါ်မှ ပြုတ်ကျလုမတတ် ဖြစ်သွား၏
*ငါ ထပ်ပြီး ဖောက်ပြန်ခံလိုက်ရပြန်ပြီလား*
သူ တုန်ရီသွားပြီး မည်းမှောင်နေသော မျက်ဝန်းများဖြင့် တော်ဝင်အမျိုးသမီးလျူကို စိုက်ကြည့်လိုက်သည်။
သူ့ရှေ့ရှိ ဤလူသည် ဤခန်းမဆောင်အတွင်း၌ သူ့အား ဂျိုတပ်ပေးနိုင်ဆုံးသူ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ရှောင်ရှူးရှူးက သူမ ဖရဲသီးတစ်လုံးနဲ့ ရောက်လာတယ်လို့ ယခုလေးတင် ပြောခဲ့သည် မဟုတ်ပါလား။
ဧကရာဇ်ဝမ်ရွှမ်းက လည်ချောင်းဟန့်လိုက်ပြီး လူတစ်ယောက်ကို ခေါ်လိုက်တော့မည့်ဆဲဆဲတွင် ရှင်ခြင်းသေခြင်းစာအုပ်၏ အသံ ထပ်မံ ထွက်ပေါ်လာပြန်သည်။
“ပန်းကလေး... ကိုယ်လုပ်တော်လျန်က ဧကရာဇ်ကို စကားပြောပြီး ခွင့်လွှတ်ပေးဖို့ ဘာလို့ မတောင်းဆိုရမှာလဲ... မည်သို့ပင်ဖြစ်စေ သူမရဲ့ အချစ်စစ်က တော်ဝင်အမျိုးသမီးလျူပဲ ဖြစ်နေတာကိုး…”
လူတိုင်းမှာ ဆွံ့အသွားကြလေသည်။
တိတ်ဆိတ်ခြင်း... သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်ခြင်းပင်။
ယွင်ဟွားသည် အနေခက်သော လေထုကို သတိမပြုမိဘဲ စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ ခေါင်းကို ကုတ်နေမိသည်။
“ရှောင်ရှူးရှူး... ဒီကိစ္စကို မေ့ထားလိုက်ကြစို့... ကိုယ်လုပ်တော်လျန်က အမျိုးသမီးတွေကို သဘောကျတာဆိုတော့ တခြားချစ်သူထားတာထက်တော့ ပိုကောင်းပါသေးတယ်... အနည်းဆုံးတော့ တရားမဝင် ကလေးတစ်ယောက် ရလာမှာ မဟုတ်ဘူးလေ..”
ရှင်ခြင်းသေခြင်းစာအုပ်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။
ဧကရာဇ်ဝမ်ရွှမ်း : ကျေးဇူးပါပဲကွာ။
မယ်တော်ကြီးနှင့် ဧကရီတို့က ဧကရာဇ်ဝမ်ရွှမ်းကို သနားကြင်နာသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။
သင်၏ ချစ်လှစွာသော ကိုယ်လုပ်တော်က အခြား ကိုယ်လုပ်တော်တစ်ဦးကို ချစ်ကြိုက်နေလေသည်။
ဧကရာဇ်ဝမ်ရွှမ်းမှာလည်း တုန်လှုပ်သွားပြန်သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူမနှင့် အတူရှိခဲ့သော ရင်းနှီးသည့် အထိအတွေ့များကို တွေးမိသောအခါ သူ၏ ရင်ထဲတွင် ပျို့အန်ချင်စိတ်များ လှိုင်းထလာသည်။
ဤအချိန်တွင် ယွင်ဟွားက မျက်မှောင်ကြုတ်လိုက်၏။
“နေပါဦး ရှောင်ရှူးရှူး... ကိုယ်လုပ်တော်လျန်က တော်ဝင်အမျိုးသမီးလျူကို သဘောကျတယ်ဆိုရင် သူမက ဧကရာဇ်နဲ့ ဘယ်လိုလုပ်ပြီး ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေရတာလဲ... သူမကိုယ်သူမ သန့်စင်အောင် ထားပြီး ဒီအဘိုးကြီးကို သူမအနား အကပ်မခံဖို့ ပြတ်ပြတ်သားသား ငြင်းဆန်သင့်တယ် မဟုတ်လား..”
အဘိုးကြီး ဧကရာဇ်ဝမ်ရွှမ်းက ယွင်ဟွားကို မကျေမနပ်ဖြစ်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
“ဟီးဟီးဟီး... ပန်းကလေး... ဒါက ဇာတ်လမ်းရဲ့ အခြားဗားရှင်းတစ်ခုဆီကို ရောက်သွားပြီ..”
လူတိုင်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားကြသည်။ ကိုယ်လုပ်တော်လျန်၏ မျက်လုံးများက နာခံမှုရှိစွာဖြင့် ခေါင်းငုံ့ကာ တစ်ဖက်တွင် ရပ်နေသော တော်ဝင်အမျိုးသမီးလျူအပေါ်သို့ အမြဲတမ်း ကျရောက်နေကြောင်းကို သူတို့လည်း သတိပြုမိကြလေသည်။
အဆင့်သတ်မှတ်ပေးရန် တကယ့်ကို ခက်ခဲလှသည်။
ယွင်ဟွားသည် ချက်ချင်းပင် စိတ်ဝင်စားသွားပြီး မြန်မြန်ပြောရန် ရှင်ခြင်းသေခြင်းစာအုပ်ကို တိုက်တွန်းလိုက်သည်။
“ပန်းကလေး... ကိုယ်လုပ်တော်လျန်က အဆင့်မြင့် ကိုယ်လုပ်တော် မဖြစ်လာခင်တုန်းက နန်းတော်ထဲမှာ လုံးဝကို လူရာမဝင်သလို ဖြစ်နေခဲ့တာ... သူမက မျက်နှာသာရဖို့ မယှဉ်ပြိုင်သလို ဘယ်သူ့ကိုမှလည်း ဖားယားဖို့ မကြိုးစားခဲ့ဘူး... ဒါကြောင့် အခြားကိုယ်လုပ်တော်တွေရဲ့ အနိုင်ကျင့်တာကို မကြာခဏ ခံခဲ့ရတယ်..”
“တစ်ကြိမ်တုန်းက တော်ဝင်ဥယျာဉ်ထဲမှာ သူမရဲ့ ခြေကျင်းဝတ် လည်သွားခဲ့ရာ တော်ဝင်အမျိုးသမီးလျူကပဲ သူမကို ပြန်ခေါ်လာပေးခဲ့တာ..”
“အတူတကွ အချိန်ပိုဖြုန်းလာကြတာနဲ့အမျှ သူတို့နှစ်ယောက်က ရင်းနှီးကျွမ်းဝင်လာကြတယ်... တော်ဝင်အမျိုးသမီးလျူက သူမနဲ့ မကြာခဏ စကားလာပြောလေ့ရှိပြီး သူမ အကြိုက်ဆုံး ဟင်းလျာတွေကိုတောင် ကိုယ်တိုင် ချက်ပြုတ်ပေးခဲ့တယ်... သူမ အအေးမိတာ ဒါမှမဟုတ် နေမကောင်းဖြစ်တိုင်း တော်ဝင်အမျိုးသမီးလျူက အခြားဘယ်သူ့ထက်မဆို ပိုပြီး စိုးရိမ်ပူပန်ပေးခဲ့တယ်..”
“တဖြည်းဖြည်းနဲ့ ကိုယ်လုပ်တော်လျန်က နက်ရှိုင်းတဲ့ နန်းတွင်းမိန်းမဆောင်အတွင်းမှာ ကွဲပြားခြားနားတဲ့ နွေးထွေးမှုမျိုးကို ခံစားလာရပြီး သူမရဲ့ နှလုံးသားက တော်ဝင်အမျိုးသမီးလျူအပေါ်ကို တဖြည်းဖြည်း ကျရောက်သွားခဲ့တာပဲ..】
လူတိုင်းမှာ ဆွံ့အသွားကြသည်။
ဧကရာဇ်ဝမ်ရွှမ်းမှာ အလွန်အမင်း မသက်မသာ ဖြစ်သွားပြီး ဆက်၍ နားမထောင်ချင်တော့ပေ။
သူက ရုတ်တရက် မတ်တတ်ရပ်လိုက်ရာ ယွင်ဟွားမှာ လန့်သွားလေသည်။
မယ်တော်ကြီး၏ အကြည့်များက သူ့အပေါ် ဝေ့ဝဲသွားချိန်တွင် ဧကရာဇ်ဝမ်ရွှမ်းမှာ လည်ချောင်းထဲတွင် တစ်ခုခု ဆို့နင့်သွားသကဲ့သို့ ခံစားလိုက်ရပြီး မလိုလားဘဲ ပြန်ထိုင်လိုက်ရသည်။
"အထိန်းတော်ကူ... နေ့လယ်စာ စားပြီးသွားရင် လက်ဖက်ရည်၊ သရေစာတွေနဲ့ သစ်သီးတချို့ သွားပြင်ဆင်ထားချေ... ငါက မထွက်သွားခင် ရှူယွီဆောင်မှာ အချိန်အနည်းငယ်လောက် ဆက်နေချင်သေးတယ်..."
ထို့နောက် သူမက ထို 'အတင်းအဖျင်းဝါသနာရှင် နှစ်ဦး' ကို လှမ်းကြည့်လိုက်လေသည်။
"ကိုယ်လုပ်တော်လျန်နဲ့ တော်ဝင်အမျိုးသမီးလျူတို့ နှစ်ယောက်စလုံးက နူးညံ့ပြီး အားနည်းကြတယ်... ဒီလောက်ကြာရှည်စွာ မတ်တတ်ရပ်နေရတာ ပင်ပန်းနေလောက်ပြီ... သူတို့လည်း အတူတူ ထိုင်ပြီး အနားယူရင်ကော ဘယ်လိုလဲ..."
"မှန်လှပါ မယ်တော်ကြီး..."
ဧကရာဇ်ဝမ်ရွှမ်း : …..
သူက အပြစ်တွေ အားလုံးကို ထမ်းပိုးရလောက်အောင် ဘယ်လို အပြစ်မျိုးတွေများ ကျူးလွန်ထားခဲ့မိပါသနည်း။
ဧကရီက သူမ၏ ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်သည်။
ဧကရာဇ်၏ ထိုက်တန်သော ပြစ်ဒဏ်ကို မြင်တွေ့ရသည်မှာ အလွန် ရယ်စရာကောင်းလှသည်။
ယွင်ဟွား၏ စရိုက်ကို သိရှိထားသော ရှင်ခြင်းသေခြင်းစာအုပ်က သူမကို ကြိုတင်သတိပေးလိုက်သည်။
“ပန်းကလေး... ငါ ဗုံးတစ်လုံး ဖောက်ချတော့မယ်.. တော်ဝင်အမျိုးသမီးလျူနဲ့ နီးကပ်အောင် တစ်နည်းနည်းနဲ့ ကြိုးစားလိုက်... သူမက သိုင်းပညာမှာ အရမ်းကျွမ်းကျင်တယ်... အုတ်ခဲကို အမြဲတမ်း အဆင်သင့် ပြင်ထား... ငါ အမိန့်ပေးတာနဲ့ သူမကို သတိလစ်သွားအောင် ထုပြီး ဖမ်းဆီးကာ ကုသိုလ်ကောင်းမှုအတွက် နာမည်ယူလိုက်..”
“ဒီတစ်ကြိမ်က ဧကရာဇ်အတွက် ရွှေတေးလ် တစ်သောင်းဆိုတဲ့ ကိစ္စလေးတင် မဟုတ်ဘူး... သူ့ရဲ့ အသက်ကိုပါ ကယ်တင်လိုက်နိုင်တဲ့ ကိစ္စပဲ..”
လူတိုင်းမှာ အံ့အားသင့်သွားကြသည်။
ဧကရာဇ်ဝမ်ရွှမ်းက အချက်ပြလိုက်ရာ လျှို့ဝှက်အစောင့်များက ပင်မခန်းမဆောင်အတွင်းမှ တိတ်တဆိတ် ဆုတ်ခွာသွားကြလေသည်။
"တော်ဝင်အမျိုးသမီးလျူ... ဘာလို့ မစားတာလဲ..."
ယွင်ဟွားက သူမရှေ့ရှိ ကွေ့ဟွာပန်းကိတ်မုန့်ကို ယူဆောင်လာပြီး တော်ဝင်အမျိုးသမီးလျူ၏ ဘေးတွင် သဘာဝကျကျပင် ဝင်ထိုင်လိုက်သည်။
"ဒါလေး မြည်းကြည့်ပါဦး... ကွေ့ဟွာပန်းကိတ်မုန့်က ဒီရာသီမှာ အထူးတလည် အရသာရှိတယ်..."
ယွင်ဟွားက သူမကို တောက်ပပြီး စိတ်အားထက်သန်သော မျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။
ဤသည်မှာ သူမ၏ "ရွှေလေး" ပင် ဖြစ်သည်။
ကိုယ်လုပ်တော်လျန်၏ မျက်နှာမှာ ချက်ချင်း အေးစက်သွားပြီး သူမ၏ မုန်းတီးမှုများက ယွင်ဟွားထံသို့ ပြောင်းလဲသွားသည်။
"သခင်မလေးယွင်... ညီမတော်လျူက ကွေ့ဟွာပန်းနဲ့ ဓာတ်မတည့်ဘူး..."
ထိုသို့ပြောပြီးနောက် ကိုယ်လုပ်တော်လျန်က ကွေ့ဟွာပန်းကိတ်မုန့် ပန်းကန်ကို ဘေးသို့ ရွှေ့လိုက်ပြီးနောက် တော်ဝင်အမျိုးသမီးလျူ၏ ရှေ့တွင် ပဲတီစိမ်းကိတ်မုန့်ကို ချထားပေးလိုက်လေသည်။
တော်ဝင်အမျိုးသမီးလျူက နားလည်မှုရှိစွာ ပြုံးပြလိုက်သည်။
ဧကရာဇ်ဝမ်ရွှမ်း၏ မျက်နှာမှာ အလွန်အမင်း တင်းမာနေ၏။
ယွင်ဟွားက "အို..." ဟု ရေရွတ်လိုက်ပြီး ဘေးတွင် အနေခက်စွာ ထိုင်နေလိုက်သည်။
တော်ဝင်အမျိုးသမီးလျူက သူမဘေးတွင် ထိုင်ကာ ပျော်ရွှင်စွာ စားသောက်နေသော ယွင်ဟွားကို ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများမှာ မည်းမှောင်သွားသည်။
မကောင်းသော ခံစားချက်တစ်ခုကို ခံစားနေရသည်။
“ရှောင်ရှူးရှူး... ငါ သူမဘေးမှာ ထိုင်နေပြီ... မြန်မြန် ပြောပြစမ်းပါ... ဒီတော်ဝင်အမျိုးသမီးလျူက အတိအကျ ဘယ်သူလဲ..”
သူမက သိုင်းပညာမှာ အလွန် ကျွမ်းကျင်တယ်... သူမက ကောင်းမွန်တဲ့ ကိုယ်လုပ်တော်တစ်ယောက် မဟုတ်တာ ရှင်းနေသည်။
ရှင်ခြင်းသေခြင်းစာအုပ်က လည်ချောင်းဟန့်လိုက်သည်။
“ပန်းကလေး... သူမက ပေကျန်းနိုင်ငံက သူလျှိုတစ်ယောက်ပဲ..”