အခန်း (၉၃-၉၄)
Vol. 10 Ch. 93-94
အခန်း (၉၃) တော်ဝင်အမျိုးသမီးလျူ၏ လျှို့ဝှက်ချက်
*ဘာ... ပေကျန်းနိုင်ငံမှ သူလျှိုတစ်ဦးတဲ့လား…”
လူတိုင်း၏ နှလုံးသားများမှာ တစ်ချက် ခုန်သွားကြသည်။
ဧကရာဇ်ဝမ်ရွှမ်းက သူ၏ လက်ဖက်ရည်ပန်းကန်လုံးကို ဆောင့်ချလိုက်ရာ သူ၏ မျက်နှာမှာ မည်းမှောင်ပြီး ကြောက်မက်ဖွယ် ကောင်းနေသည်။
"ဧကရာဇ်..."
မယ်တော်ကြီးက သူ့အား မနှစ်မြို့သော အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး.
"မင်းရဲ့ အပြုအမူကို ဆင်ခြင်စမ်း... ဟွားအာကို မလန့်စေနဲ့..."
ဧကရာဇ်ဝမ်ရွှမ်းမှာ ဆွံ့အသွားလေသည်။ ထိုမိန်းကလေးက ကြောက်လန့်သွားမည်တဲ့လား။
သာမန်မဟုတ်သော အပြုအမူမျိုး မပြသရန် မယ်တော်ကြီးက သူ့အား သတိပေးနေခြင်းဖြစ်ကြောင်း သူ သဘာဝကျကျပင် သိရှိထားသည်။
ကိုယ်လုပ်တော်လျန်မှာမူ မည်သို့မျှ ထိခိုက်မှုမရှိဘဲ သူမ၏ အာရုံများမှာ တော်ဝင်အမျိုးသမီးလျူအပေါ်၌သာ အမြဲတမ်း ကျရောက်နေပြီး သူမအား အရသာရှိသော အစားအသောက်များကို အဆက်မပြတ် ခွံ့ကျွေးနေလေသည်။
"ကျေးဇူးတင်ပါတယ် အစ်မတော်..."
တော်ဝင်အမျိုးသမီးလျူက ခေတ္တမျှ ငြင်းဆန်လိုက်ပြီးနောက် အရေးမပါသော သူတစ်ဦးကဲ့သို့ ဆက်လက် နေထိုင်နေသည်။
ကိုယ်လုပ်တော်လျန်၏ ဖားယားမြှောက်ပင့်နေသော အမူအရာကို ကြည့်ပြီးနောက် ဧကရာဇ်ဝမ်ရွှမ်း၏ မှုန်ကုပ်နေသော မျက်နှာကို ထပ်မံကြည့်ရှုလိုက်ရာ ယွင်ဟွားသည် သူမ၏ နှုတ်ခမ်းကို စုလိုက်ပြီး
"ကောင်းကင်ဘုံရေ..."
“ရှောင်ရှူးရှူး... ဧကရာဇ်က သူ့ရဲ့ ချစ်လှစွာသော ကိုယ်လုပ်တော်က အခြားအမျိုးသမီးတွေအပေါ် ဂရုစိုက်ပြပြီး သူ့ကို လျစ်လျူရှုထားတာကို မြင်တော့ နည်းနည်း မနာလိုဖြစ်နေတယ်..”
"ဖူး..."
မယ်တော်ကြီးသည် ဆက်၍ သည်းမခံနိုင်တော့ဘဲ ပါးစပ်ထဲရှိ လက်ဖက်ရည်များကို ထွေးထုတ်လိုက်မိသည်။
ဧကရာဇ်ဝမ်ရွှမ်း၏ မျက်နှာမှာ နီရဲသွားပြီးနောက် ဖြူလျော့သွားတော့သည်။
တစ္ဆေကမှ မနာလိုဖြစ်လိမ့်မည်။
ဧကရီက သူမ၏ ပါးစပ်ကို အုပ်ကာ အပြင်းအထန် ချောင်းဆိုးလိုက်လေသည်။ ဧကရာဇ်၏ တုံ့ပြန်မှုမှာ မနာလိုဖြစ်နေခြင်း မဟုတ်ဘဲ အခြားအမျိုးသမီးကို သတ်ပစ်ချင်ရုံမျှမက ဖြစ်နေခြင်းပင်။
ယွင်ဟွားက သူတို့ကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်ပြီး.
"မယ်တော်ကြီး... ဧကရီ... အဆင်ပြေရဲ့လား..."
"ဘာမှမဖြစ်ပါဘူး... ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး အရမ်းစိတ်လှုပ်ရှားသွားလို့ ထွေးထုတ်မိသွားတာပါ..."
"ငါလည်း နည်းနည်း မြန်မြန်စားမိသွားလို့ သီးသွားတာပါ..."
ယွင်ဟွားက တုံ့ပြန်လိုက်ပြီးနောက် ရှင်ခြင်းသေခြင်းစာအုပ်နှင့် ဆက်လက် စကားပြောနေသည်။
မယ်တော်ကြီးနှင့် ဧကရီတို့ နှစ်ဦးစလုံး သက်ပြင်းချလိုက်ကြ၏။
တော်ဝင်အမျိုးသမီးလျူ၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး လေထုမှာ အနည်းငယ် ထူးဆန်းနေကြောင်းကို ခံစားလိုက်ရလေသည်။
“ပန်းကလေး... တော်ဝင်အမျိုးသမီးလျူက ပေကျန်းနိုင်ငံက သူလျှိုဆိုတာကို ကိုယ်လုပ်တော်လျန်ကလည်း သိထားတယ်..”
ဧကရာဇ်ဝမ်ရွှမ်းက သူ၏ ဒေါသကို မြိုသိပ်ထားရန် ပေါင်ပေါ်ရှိ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားလိုက်သည်။
“အချစ်ရူးမကြီး..”
ယွင်ဟွားက သူမ၏ စိတ်ထဲတွင် မှတ်ချက်ပြုလိုက်သည်။
“သူမက အချစ်ရူးရုံတင် မဟုတ်ဘူး... တော်ဝင်အမျိုးသမီးလျူရဲ့ ဦးနှောက်ဆေးတာကိုပါ ခံထားရတာ..”
နှလုံးသားရော မျက်လုံးများပါ တော်ဝင်အမျိုးသမီးလျူအပေါ်၌သာ ရှိနေသော ကိုယ်လုပ်တော်လျန်ကို ကြည့်ကာ ရှင်ခြင်းသေခြင်းစာအုပ်က ခေါင်းခါလိုက်သည်။
“ရောင်းစားခံရတာတောင် ငွေကူရေတွက်ပေးနေရတာ ဘယ်လောက်တောင် သနားစရာကောင်းလိုက်သလဲ…”
“ပန်းကလေး... ကိုယ်လုပ်တော်လျန်က တော်ဝင်အမျိုးသမီးလျူကို ချစ်မိသွားပြီဆိုတာကို သိလိုက်ရပြီးနောက်မှာ ရဲရဲဝင့်ဝင့်ပဲ အချစ်ကို ဖွင့်ဟဝန်ခံလိုက်လို့ တော်ဝင်အမျိုးသမီးလျူက လုံးဝ ဇဝေဇဝါ ဖြစ်သွားခဲ့ရတယ်..”
“တော်ဝင်အမျိုးသမီးလျူက မူလက ကိုယ်လုပ်တော်လျန်ကို သူမရဲ့ အမိန့်တွေကို နာခံဖို့ အဆိပ်ခတ်ပြီး အတင်းအကျပ် ခိုင်းစေဖို့ ရည်ရွယ်ထားခဲ့တာ... ဒါပေမဲ့ သူမက ဗျူဟာပြောင်းလိုက်ပြီး ကိုယ်လုပ်တော်လျန်ကို သူမလည်း သဘောကျပါတယ်တဲ့... ဒါပေမဲ့ ပေကျန်းက သူလျှိုတစ်ယောက်ဖြစ်တဲ့အတွက် အဆိပ်ခတ်ခံထားရပြီး တာဝန်ကျရှုံးခဲ့ရင် သေရလိမ့်မှာမို့ သူတို့နှစ်ယောက်ကြား ဆက်ဆံရေးက မဖြစ်နိုင်ပါဘူးလို့ ပြောလိုက်တယ်..”
ယွင်ဟွားသည် အတင်းအကျပ် ပြုံးလိုက်ရာ သူမ၏ အမူအရာမှာ ဖတ်ရခက်နေလေသည်။
“ကိုယ်လုပ်တော်လျန်က အဲဒါကို ယုံသွားတာလား... တကယ်တော့ တော်ဝင်အမျိုးသမီးလျူက သူမကို လုံးဝ သဘောမကျဘူးး..”
ရှင်ခြင်းသေခြင်းစာအုပ်က ခေါင်းညိတ်လိုက်သည်။
“ကိုယ်လုပ်တော်လျန်က အချစ်ကို ဒီလောက်အရူးအမူးဖြစ်နေတော့ ဘယ်လိုလုပ် မယုံဘဲ နေနိုင်မှာလဲ..”
“တော်ဝင်အမျိုးသမီးလျူက သူမကို အစကနေ အဆုံးအထိ အသုံးချနေခဲ့တာ... သူမက အဆိပ်မိထားလို့ ဧကရာဇ်ဝမ်ရွှမ်းကို အလုပ်အကျွေး မပြုနိုင်ဘူးလို့တောင် အကြောင်းပြခဲ့သေးတယ်... အဲဒါကို ကိုယ်လုပ်တော်လျန်က ကိုယ်တိုင် ဆန္ဒပြုပြီး ဝင်လုပ်ပေးခဲ့တာလေ..”
ဧကရာဇ်ဝမ်ရွှမ်း : ….
သူ သည်းခံလိုက်မည်။ သူ သည်းခံလိုက်မည်။
ယွင်ဟွားက သူမ၏ လျှာကို ခေါက်လိုက်ပြီး ဧကရာဇ်ဝမ်ရွှမ်းကို သနားကြင်နာသော အကြည့်ဖြင့် ကြည့်လိုက်မိသည်။
“ရှောင်ရှူးရှူး... တော်ဝင်အမျိုးသမီးလျူက ပေကျန်းက သူလျှိုတစ်ယောက် ဖြစ်နေမှတော့ သူမကိုယ်သူမ ပေးဆပ်ဖို့ ကြာမြင့်စွာကတည်းက ပြင်ဆင်ထားသင့်တာပေါ့... အဆိပ်မိထားတယ်တို့၊ အလုပ်အကျွေး မပြုနိုင်ဘူးတို့ဆိုတဲ့ သူမရဲ့ စကားတွေကို ငါ မယုံဘူး…”
ရှင်ခြင်းသေခြင်းစာအုပ်..…
နောက်တစ်စက္ကန့်တွင် ၎င်းသည် ယွင်ဟွား၏ ခေါင်းပေါ်၌ ခါးပင်မဆန့်နိုင်အောင် ရယ်မောနေလေတော့သည်။
ယွင်ဟွားက သူမရှေ့ရှိ လက်ဖက်ရည်ပန်းကန်လုံးကို အေးအေးဆေးဆေး ကောက်ကိုင်လိုက်ပြီး မှုတ်လိုက်သည်။
၎င်း၏ ညှို့ယူဖမ်းစားနိုင်သော ရယ်သံက ခန်းမဆောင်တစ်ခုလုံး ပဲ့တင်ထပ်သွားသော်လည်း ဧကရာဇ်ဝမ်ရွှမ်းအတွက်မူ ၎င်းမှာ မကောင်းသော နိမိတ်တစ်ခုပင် ဖြစ်နေသည်။
“ဟားဟား... ပန်းကလေး... တော်ဝင်အမျိုးသမီးလျူက တကယ်တော့ ယောကျ်ားတစ်ယောက်ပဲ... သူက ဧကရာဇ်နဲ့ အတူအိပ်ချင်ပေမဲ့ ဧကရာဇ်က လက်ခံချင်မှ လက်ခံမှာလေ..”
"ခွမ်း..."
ယွင်ဟွား၏ လက်သေးသေးလေးမှာ တုန်ရီသွားပြီး သူမ၏ လက်ထဲရှိ လက်ဖက်ရည်ပန်းကန်လုံးမှာ အက်ကွဲသံနှင့်အတူ ကွဲကြေသွားသည်။
“ယောကျ်ား..”
မယ်တော်ကြီးနှင့် ဧကရီတို့က ခေါင်းများကို တစ်ဖက်သို့ လှည့်သွားကြပြီး ဧကရီမှာ ကောင်းကင်ကို မော့ကြည့်ကာ သူတို့၏ မျက်နှာပေါ်ရှိ အပြုံးများကို အစွမ်းကုန် မြိုသိပ်ထားကြ၏။
ဧကရာဇ်ဝမ်ရွှမ်း၏ မျက်နှာမှာ ဆိုးရွားစွာ မည်းမှောင်နေပြီး သူ၏ မျက်တောင်ထောင့်မှ ကြွက်သားများမှာ ပြင်းထန်စွာ တွန့်ကွေးနေလေသည်။
သူ ဆက်လက်၍ သည်းခံလိုက်ပြန်သည်။
နန်းတွင်းအစေခံမလေးများသည် ကွဲကြေသွားသော ကြွေပန်းကန်ကွဲများကို ချက်ချင်း ရှင်းလင်းလိုက်ကြသည်။
ယွင်ဟွားက အရေးပါသူကြီးများကို အပြစ်ရှိသလို ခံစားချက်ဖြင့် ကြည့်လိုက်ရာ သူတို့က သူမကို သိပ်အာရုံစိုက်နေပုံ မပေါ်ကြောင်း သတိပြုမိလိုက်သည်။
သူမ သက်ပြင်းချလိုက်၏။
တော်ဝင်အမျိုးသမီးလျူ၏ စိုးရိမ်ပူပန်မှုများ ပိုမို ကြီးထွားလာလေသည်။
သူမက နားထင်များကို ပွတ်သပ်ကာ မတ်တတ်ရပ်လိုက်ပြီး...
"အရှင်မင်းကြီး…ဒီကိုယ်လုပ်တော် ရင်ဘတ်ထဲက အောင့်နေလို့ အနားယူဖို့ ပြန်သွားချင်ပါတယ်..."
သူမသည် ကိုယ်လုပ်တော်အဖြစ် ကိုယ့်ကိုယ်ကိုယ် ရည်ညွှန်းနေသော ယောကျ်ားတစ်ယောက်ဖြစ်သည်ဟူသော အတွေးကြောင့် ဧကရာဇ်ဝမ်ရွှမ်းမှာ လုံးဝကို ရွံရှာစက်ဆုပ်သွားသည်။
"ညီမတော်လျူ... နေမကောင်းဖြစ်နေလို့လား... နင့်အတွက် သမားတော်ကို အခုချက်ချင်း သွားခေါ်ခိုင်းလိုက်မယ်..."
ဧကရာဇ်ဝမ်ရွှမ်း စကားမပြောနိုင်မီ ကိုယ်လုပ်တော်လျန်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"မလိုပါဘူး..."
တော်ဝင်အမျိုးသမီးလျူ၏ အကြည့်များမှာ အနည်းငယ် ရှောင်လွှဲနေလေသည်။ အမှန်တကယ်တော့ သူသည် ဤနေရာမှ ထွက်ခွာသွားချင်နေမိသည်။
"အစ်မတော်... သမားတော်ကို ခေါ်ဖို့ မလိုပါဘူး... ကျွန်မ ပြန်သွားပြီး ခဏလောက် အနားယူလိုက်ရုံနဲ့ ရပါတယ်..."
ထို့နောက် သူမက ဧကရာဇ်ဝမ်ရွှမ်းကို အရိုအသေပေးလိုက်ပြီး
"အရှင်မင်းကြီး... ခွင့်ပြုပေးပါ..."
ဧကရာဇ်ဝမ်ရွှမ်းက မျက်လုံးများကို ပင့်တင်လိုက်ရာ သူ၏ အကြည့်များထဲတွင် အေးစက်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး အေးစက်စွာ ပြောလိုက်လေသည်။
“သမားတော်ဝူကို သွားခေါ်ချေ..."
ကိုယ်လုပ်တော်လျန်မှာ တိတ်တဆိတ် ဝမ်းသာနေသော်လည်း တော်ဝင်အမျိုးသမီးလျူမှာမူ ချွေးအေးများ ပြန်လာလေသည်။
အတော်လေး ကောင်းသွားပြီ...။
ယွင်ဟွားမှာ အုတ်ခဲကို ဆွဲထုတ်လုမတတ် ဖြစ်သွားလေသည်။ အကယ်၍ သူမက ဤတော်ဝင်အမျိုးသမီးလျူကို တကယ်ပဲ ထွက်သွားခွင့်ပြုလိုက်မည်ဆိုပါက သူမက အုတ်ခဲဖြင့် ဖြေရှင်းပစ်မည် ဖြစ်သည်။
“ဒါပေမဲ့ ရှောင်ရှူးရှူး... ဒီတော်ဝင်အမျိုးသမီးလျူက ယောကျ်ားတစ်ယောက်ဆိုရင် သူက ရွေးချယ်မှုအဆင့်ဆင့်ကို ဘယ်လိုလုပ်ပြီး ရှောင်တိမ်းနိုင်ခဲ့တာလဲ..”
ဤစကားကို ကြားသောအခါ ဧကရာဇ်ဝမ်ရွှမ်းသည်လည်း ဤပြဿနာကို စဉ်းစားတွေးတောလိုက်သည်။
ရွေးချယ်မှု လုပ်ငန်းစဉ်တွင် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အိမ်ထောင်စုစာရင်း မှတ်ပုံတင်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းများ ပါဝင်သည့်အပြင် တော်ဝင်နန်းတွင်းရေးရာဌာန၏ ကိုယ်ရေးအချက်အလက် စစ်ဆေးအတည်ပြုခြင်းများလည်း ပါဝင်လေသည်။ အမျိုးသမီးတစ်ဦး ခိုးဝင်လာခဲ့မည်ဆိုလျှင် နားလည်နိုင်သော်လည်း ယောကျ်ားတစ်ယောက် ခိုးဝင်နိုင်ခဲ့သည်ဆိုသည်မှာ တကယ့်ကို မယုံနိုင်စရာပင် ဖြစ်သည်။
“ပန်းကလေး... စစ်ဆေးမှုကို အောင်မြင်ခဲ့တဲ့သူက တကယ့် တော်ဝင်အမျိုးသမီးလျူ အစစ်ပဲ... ဒီလူက အရိုးကျုံ့ပညာရပ်ကို တတ်ကျွမ်းပြီး လူတွေရဲ့ မျက်နှာအရေခွံကို ခွာချတဲ့နေရာမှာ သူ့ရဲ့ စွမ်းရည်က ပြိုင်ဘက်ကင်းပဲ..”
“သူက မူလက လျှို့ဝှက်အစောင့်တပ်စခန်းကို စိမ့်ဝင်ဖို့ ရည်ရွယ်ထားခဲ့တာ... ဒါပေမဲ့ ကျရှုံးသွားခဲ့တယ်... အဲဒီအစား သူက အရေးမပါတဲ့ တော်ဝင်ကိုယ်လုပ်တော်တစ်ယောက်ရဲ့ သရုပ်ကို ပြောင်းလဲယူလိုက်ပြီး သင့်တော်တဲ့ ဓားတစ်လက်ကို တိတ်တဆိတ် ရွေးချယ်ခဲ့တာ..”
လူတိုင်းမှာ အံ့အားသင့်သွားကြသည်။
ထိုဓားမှာ 'ကိုယ်လုပ်တော်လျန်' ပင် ဖြစ်ကြောင်းကို ချက်ချင်း သဘောပေါက်သွား၏။
“အိုး... ဟုတ်သားပဲ ပန်းကလေး... သူက အဆိပ်ပညာရှင် တစ်ယောက်လည်း ဖြစ်တယ်…”
ရှင်ခြင်းသေခြင်းစာအုပ်က ထပ်ဖြည့်ပြောလိုက်လေသည်။
“ကိုယ်လုပ်တော်လျန်က ဧကရာဇ်ကို မြူဆွယ်နိုင်ခဲ့တာက တော်ဝင်အမျိုးသမီးလျူ ဖော်စပ်ထားတဲ့ ဝိညာဉ်ဖမ်းစားမှုအမှုန့်ကို သူ့အပေါ် ဖြန်းလိုက်လို့ပဲ... အခုလောလောဆယ်မှာ ဧကရာဇ်က ကိုယ်လုပ်တော်လျန်ကိုပဲ စိတ်ဝင်စားနေတာ... အချိန်ပိုရသွားရင်တော့ သူ့ရဲ့ စိတ်က လုံးဝ ပြုစားခံလိုက်ရပြီး သူမ မေးတဲ့ ဘယ်မေးခွန်းကိုမဆို ဖြေကြားပေးကာ လျှို့ဝှက်ချက်မှန်သမျှ အကုန်ဖွင့်ပြောမိလိမ့်မယ်..”
“နှစ်အနည်းငယ်ကြာသွားရင် အဆိပ်က သူ့ရဲ့ ဝိညာဉ်ထဲအထိ စိမ့်ဝင်သွားပြီး ဒီအဘိုးကြီးက သူမအတွက်ဆို မီးထဲရေထဲတောင် ဆင်းဖို့ ဆန္ဒရှိနေလိမ့်မယ်... ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းဆက်ပြောင်းလဲတာကိုတောင် ဦးတည်သွားနိုင်တယ်..”
ဤစကားများကို ပြောလိုက်ပြီးနောက်…
ဧကရာဇ်ဝမ်ရွှမ်းမှာ အသက်ရှူမှားသွားပြီး တုန်ရီနေသော လက်များဖြင့် သူ၏ ရင်ဘတ်ကို ပုတ်လိုက်သည်။
ယခုမူ ဤမိန်းကလေးကို နန်းတော်ထဲ ဝင်ရောက်ကာ ကျောင်းတက်ခွင့်ပြုလိုက်ခြင်းအတွက် သူ လုံးဝ နောင်တမရတော့ပေ။
ထိုအဘိုးကြီး ယွင်ရှောင်ထျန်း ပြောတာ မှန်ပေသည်။
မိန်းကလေးငယ်လေးတစ်ယောက် ရှိနေခြင်းဖြင့် နန်းတွင်းမိန်းမဆောင်ကို ရှင်းလင်းပေးနိုင်ပြီး ညဘက် ကောင်းကောင်း အိပ်ပျော်နိုင်မည် ဖြစ်သည်။
“အဆိပ်သုံးတယ်..”
ယွင်ဟွားမှာ အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်ပြီး သူမ၏ နေရာကို ဘေးသို့ ရွှေ့လိုက်လေသည်။
“ရှောင်ရှူးရှူး... နင်က လုံးဝကို သစ္စာမရှိတာပဲ... ငါ့ကို သူ့အနား ဒီလောက်နီးကပ်အောင် သွားခိုင်းရက်တယ်... သူက ငါ့ကို အဆိပ်ခတ်သွားမည်ကို နင် မကြောက်ဘူးလား..”
ရှင်ခြင်းသေခြင်းစာအုပ်က ၎င်း၏ တောင်ပံသေးသေးလေးများကို ပွတ်သပ်ကာ ဖြောင့်မတ်မှန်ကန်သော ဒေါသဖြင့် ပြောလိုက်လေသည်။
“ပန်းကလေး... ငါ ဒီနေရာမှာ ရှိတယ်လေ… နင် အဆိပ်မိပြီး သေသွားရင်တောင်မှ နင့်ကို ငရဲပြည်ကနေ ပြန်ဆွဲထုတ်လာဖို့ နည်းလမ်းကို ငါ ရှာပေးပါ့မယ်..”
၎င်းနှင့် ပန်းကလေးတို့ လူ့ပြည်သို့ ပြန်လည်ဝင်စားရန် ပစ်ချခံလိုက်ရချိန်တွင် ငရဲပြည်မှ သေမင်းတမန်များ မည်မျှ ဝမ်းသာအားရ ဖြစ်ခဲ့ကြသည်ကို သူ မမေ့သေးပေ။
ဘယ်သူ သိနိုင်မှာလဲ။ အကယ်၍ ပန်းကလေးသာ ထိုနေရာသို့ တကယ် ဆင်းသွားခဲ့မည်ဆိုလျှင် သူတို့က သူမကို ရိုရိုသေသေဖြင့်ပင် ပြန်ပို့ပေးကောင်း ပို့ပေးလိမ့်မည်။
ယွင်ဟွားမှာ စကားပင် နင် သွားလေသည်။
“ပန်းကလေး... အခု နင် စွမ်းဆောင်ပြရမယ့် အလှည့်ရောက်ပြီ..”
ယွင်ဟွားက သတင်းစကားကို လက်ခံရရှိကြောင်း အသိအမှတ်ပြုလိုက်ပြီး စားပွဲအောက်ရှိ သူမ၏ လက်သေးသေးလေးကို တစ်ချက် လှုပ်ခါလိုက်ရာ ရွှေအုတ်ခဲလေးက သူမ၏ လက်ဖဝါးထဲတွင် ပေါ်လာသည်။
သူမက ခေါင်းလေးကို လှည့်ကာ တော်ဝင်အမျိုးသမီးလျူကို တောက်ပသော မျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။
"တော်ဝင်အမျိုးသမီးလျူ…ရှင့်ကို ဒီအရာရှိက ပေးစရာတစ်ခုရှိတယ်..."
အခန်း (၉၄) ကိုယ်လုပ်တော်လျန် ကွယ်လွန်သွားပြီး ယွင်ဟွားက ဒုတိယအဆင့်အရာရှိ ဖြစ်လိုခြင်း
နောက်တစ်စက္ကန့်တွင် တလက်လက် တောက်ပနေသော ရွှေအုတ်ခဲလေးတစ်ခုက သူမမျက်စိရှေ့တွင် ပေါ်လာ၏။
တော်ဝင်အမျိုးသမီးလျူ…
ယွင်ဟွားက ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး သူ သတိမထားမိသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ အုတ်ခဲဖြင့် သူ၏ ခေါင်းပေါ်သို့ ထုချလိုက်လေသည်။ ထိုသူမှာ အလွန်အမင်း သတိလစ်သွားတော့၏။
"အား..."
"တော်ဝင်အမျိုးသမီးလျူ..."
ကိုယ်လုပ်တော်လျန်က အော်ဟစ်လိုက်ပြီး တော်ဝင်အမျိုးသမီးလျူအား ဖက်ထားရန် ရှေ့သို့ ပြေးသွားကာ ယွင်ဟွားကို သွေးဆာနေသော အကြည့်ဖြင့် စိုက်ကြည့်လျက်…
"နင့်လို မိန်းမယုတ်လေးက သူ့ကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့လေ..."
ဤအချိန်၌ ကိုယ်လုပ်တော်လျန်၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး ယွင်ဟွားအား အရှင်လတ်လတ် အရေခွံခွာကာ အရွတ်များကို ဆွဲထုတ်ပစ်ချင်စိတ်များ ပြင်းပြနေ၏။ သူမသည် အံကိုကြိတ်လိုက်ပြီး သူမ၏ ဆံပင်မှ ဆံထိုးကို ဆွဲထုတ်ကာ ယွင်ဟွား၏ ရင်ဘတ်ဆီသို့ ချိန်ရွယ်လိုက်လေသည်။
"ဖမ်းထားလိုက်စမ်း..."
ဧကရာဇ်ဝမ်ရွှမ်း၏ အသံမှာ ရေခဲတမျှ အေးစက်နေ၏။
"ကိုယ်တော်ရဲ့ ကံကောင်းစေသော ကြယ်ပွင့်လေးကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့... မင်းက သေချင်နေတာပဲ..."
မြောက်ပိုင်းနယ်စပ်နိုင်ငံမှ သူလျှိုများနှင့် ဆက်သွယ်ကာ ၎င်းတို့ကို ထိန်းချုပ်ရန် ကြိုးစားဝံ့သူ မည်သူမဆို တစ်မိသားစုလုံး သုတ်သင်ခံရမည် ဖြစ်သည်။ ဧကရာဇ်ဝမ်ရွှမ်းသည် ကိုယ်လုပ်တော်လျန်အား လူသေတစ်ယောက်ကဲ့သို့ ကြည့်လိုက်လေသည်။
"အရှင်မင်းကြီး... အရှင်မင်းကြီး..."
ကိုယ်လုပ်တော်လျန်၏ လက်မောင်းများကို အစောင့်များက ဖမ်းဆုပ်လိုက်သည့်အခါမှသာ သူမသည် သတိပြန်ဝင်လာ၏။ သူမက ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။
"အရှင်မင်းကြီး... သခင်မလေးယွင်က ဘာအကြောင်းပြချက်မှမရှိဘဲ လူတွေကို တိုက်ခိုက်ခဲ့တာပါ... သူမကို ဘာလို့ မဖမ်းတာလဲ..."
ဤသခင်မလေးယွင်သည် အလွန် မျက်နှာသာပေးခံရကြောင်း နန်းတော်ထဲတွင် သူမ ကြားဖူးထား၏။ အကြောင်းမဲ့သက်သက် ပြဿနာထဲ ပါသွားမည်ကို စိုးရိမ်သဖြင့် အစကတည်းက သူမရော တော်ဝင်အမျိုးသမီးလျူပါ သူမအား မစော်ကားခဲ့ကြပေ။
“ဒါက မတရားပါဘူး အရှင်မင်းကြီး…ဒါက မတရားပါဘူး..."
ကိုယ်လုပ်တော်လျန်၏ မျက်လုံးများမှာ မျက်ရည်များဖြင့် ဝေဝါးနေပြီး သူမ၏ အသံမှာ ရေကဲ့သို့ နူးညံ့နေ၏။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ဝိညာဉ်ဖမ်းစားခြင်းအမှုန့်၏ အာနိသင်များ ကျန်ရှိနေသေးရာ ဧကရာဇ်၏ သနားကြင်နာမှုကို အနည်းငယ် နိုးဆွပေးနိုင်မည် ဖြစ်သည်။
သို့သော် ဧကရာဇ်ဝမ်ရွှမ်းက သူမအား သေမတတ် မုန်းတီးနေပြီး ထိုအမုန်းတရားသည် ဆေး၏ အာနိသင်များကို ကြာမြင့်စွာကတည်းက ဖိနှိပ်ထားပြီးဖြစ်ကြောင်းကို သူမ မသိခဲ့ပေ။
"မတရားဘူး ဟုတ်လား..."
ဧကရာဇ်ဝမ်ရွှမ်းက အေးစက်စွာ နှာမှုတ်လိုက်၏။
"မင်းပြောတာ လုံးဝမှန်တယ်... ကိုယ်တော်က ချိန်ခွင်တစ်ခုဆိုရင် သူမဘက်ကို သေချာပေါက် တိမ်းညွှတ်နေမှာပဲ... အဲ့လိုဆိုရင်ရော ဘာဖြစ်လဲ..."
"ဒါ့အပြင် သူမကို ကိုယ်တော်ကိုယ်တိုင်က နက္ခတ်တာရာ လေ့လာရေးဌာနရဲ့ ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ထားတာလေ... ဗေဒင်ဟောခြင်းနဲ့ နိမိတ်ဖတ်ခြင်းတွေက သူမရဲ့ ကျွမ်းကျင်မှုတွေပဲ... ကောင်မလေးက လှုပ်ရှားလိုက်ပြီဆိုတာနဲ့ မင်းတို့ဆီမှာ သေချာပေါက် ပြဿနာတစ်ခုခု ရှိနေလို့ပဲ..."
ရှင်ခြင်းသေခြင်းစာအုပ်က တကျွတ်ကျွတ်စုပ်သပ်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
“ပန်းကလေး... ဒီဧကရာဇ်အိုကြီးက အတော်လေး မဆိုးဘူး... နင် သူနဲ့ အဆင်ပြေအောင် နေလို့ရတယ်... အကယ်၍ နင်က ချေးပုံတစ်ပုံကို လက်ညှိုးထိုးပြီး မွှေးတယ်လို့ ပြောရင်တောင် ဧကရာဇ်က တကယ်ယုံချင်ယုံနေမှာပဲ..”
လူတိုင်း……
ဧကရာဇ်ဝမ်ရွှမ်း... ..သူ ထိုသို့ လုပ်မည်မဟုတ်ပေ။
“ရှောင်ရှူးရှူး... နင်ကမှ နောင်ကျရင် ကျောင်းပိုတက်ဖို့ လိုနေတဲ့သူလို့ ငါ ထင်တယ်…”
ယွင်ဟွားက ကိုယ်လုပ်တော်လျန်ဆီသို့ ဖြည်းညင်းစွာ မလျှောက်သွားမီ မျက်လုံးလန်ပြလိုက်၏။
"ကိုယ်လုပ်တော်လျန်... ရှင်နဲ့ တော်ဝင်အမျိုးသမီးလျူကြားက လျှို့ဝှက်ချက်လေးတွေကို ငါ အကုန်သိတယ်နော်..."
ကိုယ်လုပ်တော်လျန်၏ မျက်လုံးများတွင် ထိတ်လန့်မှုတစ်ချက် ဖြတ်ပြေးသွားသည်။ ယွင်ဟွားက သူမ၏ လက်သေးသေးလေးများဖြင့် အချက်များကို တစ်ခုချင်းစီ ရေတွက်ပြလိုက်၏။
"မြောက်ပိုင်းနယ်စပ် သူလျှို... နက်ရှိုင်းတဲ့ သံယောဇဉ်... ကိုယ့်ကိုယ်ကိုယ် စတေးဖို့ ဆန္ဒရှိခြင်း... ဝိညာဉ်ဖမ်းစားခြင်းအမှုန့်..."
"ကိုယ်လုပ်တော်လျန်... ဒါတွေက ရင်းနှီးနေသလိုများ ခံစားရလား..."
ဤစကားကို ကြားသောအခါ ကိုယ်လုပ်တော်လျန်၏ သူငယ်အိမ်များ ရုတ်တရက် ကျုံ့သွားသည်။ သူမအပေါ် ကျရောက်နေသော ဧကရာဇ်ဝမ်ရွှမ်း၏ ရက်စက်သော အကြည့်ကို သူမ မြင်တွေ့နေရပြီ ဖြစ်သည်။ ယွင်ဟွားသည် ဧကရာဇ်ဝမ်ရွှမ်း၏ ဘေးသို့ လျှောက်သွားကာ သူမ၏ လက်များကို ပွတ်သပ်လျက်…
"အရှင်မင်းကြီး... တော်ဝင်အမျိုးသမီးလျူက မြောက်ပိုင်းနယ်စပ်က သူလျှိုပါ... ကိုယ်လုပ်တော်လျန်က တော်ဝင်အမျိုးသမီးလျူကို ချစ်မြတ်နိုးပြီး နယ်ရုပ်လေးတစ်ရုပ်ဖြစ်လာဖို့ ဆန္ဒရှိခဲ့တာပါ... သူမက အရှင်မင်းကြီးကို အဆိပ်ခတ်ပြီး စိတ်လွတ်သွားအောင်တောင် လုပ်ခဲ့တာပါ..."
"မဟုတ်ပါဘူး... မဟုတ်ရပါဘူး အရှင်မင်းကြီး... တော်ဝင်အမျိုးသမီးလျူက မြောက်ပိုင်းနယ်စပ်က သူလျှိုဆိုတာကို ကျွန်တော်မျိုးမ မသိခဲ့ပါဘူး..."
ကိုယ်လုပ်တော်လျန်သည် ထိတ်လန့်မှုကြောင့် တုန်ယင်နေသော်လည်း အစောင့်များ၏ ဖမ်းဆုပ်ထားခြင်းကို ခံရသဖြင့် အနည်းငယ်မျှ လှုပ်ရှား၍ မရပေ။
"ဟွန့်..."
"သေရခါနီးအချိန်ရောက်နေတာတောင် နင်က ဝန်မခံချင်သေးဘူးလား..."
ယွင်ဟွားသည် ကိုယ်လုပ်တော်လျန်အား အေးစက်စွာ ကြည့်လိုက်ပြီးနောက် ခြေတစ်လှမ်းတိုးကာ တော်ဝင်အမျိုးသမီးလျူ၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူမ၏ လက်သေးသေးလေးများဖြင့် သူ၏ မျက်နှာအနှံ့ကို စမ်းသပ်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူမ၏ မျက်လုံးများ အရောင်လက်သွားသည်။
သူမသည် ဤကိုယ်လုပ်တော်လျန်အား သူမ မသေဆုံးမီတွင် သူမ အမှန်တကယ် ချစ်မြတ်နိုးခဲ့သောအရာမှာ မည်သည့်အရာဖြစ်ကြောင်းကို သိစေချင်ခဲ့သည်။
"ဗြိ" ဟူသော အသံတစ်သံနှင့်အတူ ယွင်ဟွားသည် တော်ဝင်အမျိုးသမီးလျူ၏ မျက်နှာမှ လူသားအရေခွံ မျက်နှာဖုံးကို ဆွဲခွာလိုက်၏။ သူစိမ်းယောက်ျားတစ်ဦး၏ မျက်နှာ ပေါ်ထွက်လာလေသည်။
"ကြည့်စမ်း ကိုယ်လုပ်တော်လျန်... ရှင်သဘောကျနေတဲ့ တော်ဝင်အမျိုးသမီးလျူက တကယ်တော့ ယောက်ျားတစ်ယောက်ပဲ... သူက ရှင့်ကို အစကနေ အဆုံးအထိ လိမ်ညာနေခဲ့တာ... ဘာပဲဖြစ်ဖြစ် ယောက်ျားတစ်ယောက်က နောက်ယောက်ျားတစ်ယောက်ကို အလုပ်အကျွေး မပြုနိုင်ဘူးလေ..."
“ပန်းကလေး... နင် မေ့သွားပြီလား... နင်းကော်မြို့စားရဲ့ သားဟောင်းနဲ့ မင်ယွမ်နယ်စားရဲ့ ဆက်ခံသူတို့က ယောက်ျားနှစ်ယောက် မဟုတ်ဘူးလား..”
“ဟုတ်သားပဲ..”
ယွင်ဟွားသည် မည်သို့ဖြစ်ပျက်နေကြောင်းကို ရုတ်တရက် သဘောပေါက်သွားပြီးနောက် သူမ၏ အကြည့်သည် ဧကရာဇ်ဝမ်ရွှမ်းနှင့် မြေပြင်ပေါ်ရှိ တော်ဝင်အမျိုးသမီးလျူ အတုတို့ကြားတွင် အပြန်ပြန်အလှန်လှန် ဝေ့ဝဲသွားလေသည်။ ဧကရာဇ်ဝမ်ရွှမ်းသည် အလိုအလျောက်ပင် သူ၏ တင်ပါးများကို ကျုံ့လိုက်ပြီး ယွင်ဟွားအား အံကြိတ်ကာ စိုက်ကြည့်လိုက်၏။
ကိုယ်လုပ်တော်လျန်သည် တော်ဝင်အမျိုးသမီးလျူ၏ မျက်နှာစစ်ကို ကြည့်ရင်း နှုတ်ခမ်းများ တုန်ယင်နေလေသည်။
"မဟုတ်ဘူး... မဟုတ်ဘူး..."
"ဘယ်လိုလုပ် ခုလိုဖြစ်နိုင်မှာလဲ... သူမက ဘယ်လိုလုပ် ယောက်ျားတစ်ယောက် ဖြစ်နေနိုင်မှာလဲ... မဟုတ်ဘူး... ငါ မယုံဘူး... ဒါက အစစ်အမှန် မဟုတ်ဘူး... အစစ်အမှန် မဖြစ်နိုင်ဘူး..."
ကိုယ်လုပ်တော်လျန်သည် အရူးအမူးဖြစ်နေသော မိန်းမတစ်ဦးကဲ့သို့ ပြုမူနေပြီး ပြိုလဲလုမတတ် အော်ဟစ်ဆူညံနေသည်။ ဧကရာဇ်ဝမ်ရွှမ်းသည် သူမ၏ အဓိပ္ပာယ်မရှိသော စကားများကို နားမထောင်ချင်တော့ပေ။ သူမသည် သူမ၏ အမျိုးသမီးချစ်သူအတွက်သာ သူ့ကို မြူဆွယ်ရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ၎င်းမှာ အချည်းနှီးသာ ဖြစ်သွားခဲ့သည်။
"အစောင့်တို့... သူမကို ဆွဲထုတ်သွားပြီး ကိုယ်လုပ်တော်လျန်ကို ချက်ချင်း ကွပ်မျက်လိုက်စမ်း... သူမရဲ့ မိသားစုကို စုံစမ်းစစ်ဆေးပြီး တုံလင်နိုင်ငံရဲ့ ဥပဒေတွေအတိုင်း တင်းတင်းကျပ်ကျပ် အပြစ်ပေးရမယ်... တော်ဝင်အမျိုးသမီးလျူ သေဆုံးရတဲ့ အကြောင်းရင်းမှန်ကို သူမရဲ့ မိသားစုကို အသိပေးပြီး ကိုယ်တော့်ရဲ့ ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် ရွှေသပြာတစ်ထောင်နဲ့ ပိုးထည်အလိပ်တစ်ရာကို ချီးမြှင့်လိုက်..."
ဧကရာဇ်ဝမ်ရွှမ်းက အမိန့်တော် ထုတ်ပြန်လိုက်သည်နှင့် တစ်ပြိုင်နက် ကိုယ်လုပ်တော်လျန်မှာ ချက်ချင်း သတိပြန်ဝင်လာ၏။
"အရှင်မင်းကြီး... အရှင်မင်းကြီး... လူတွေရဲ့ အပြစ်တွေက သူတို့ရဲ့ မိသားစုတွေဆီကို မသက်ရောက်သင့်ပါဘူး... ကျွန်တော်မျိုးမရဲ့ ဆွေမျိုးစုကို ချမ်းသာပေးဖို့ အရှင်မင်းကြီးကို တောင်းပန်ပါတယ်..."
"အရှင်မင်းကြီး..."
ဆူညံသံများကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားသော ဧကရာဇ်ဝမ်ရွှမ်းသည် သူ၏ လက်ကို ဝှေ့ယမ်းကာ မြေပြင်ပေါ်ရှိ မြောက်ပိုင်းနယ်စပ် သူလျှိုများနှင့်အတူ သူမ၏ ပါးစပ်ကို ပိတ်ပြီး ဆွဲထုတ်သွားရန် အမိန့်ပေးလိုက်သည်။
အပြစ်က မိသားစုဆီ မသက်ရောက်ဘူး ဆိုသည်မှာ ဘာသဘောနည်း။ သူမက ဧကရာဇ်ကို လှည့်စားရန် ကြိုးစားခဲ့စဉ်က သူမ၏ မိသားစုကို အဘယ်ကြောင့် မတွေးခဲ့သနည်း။
ခေါင်းကိုက်သဖြင့် နားထင်များကို ပွတ်သပ်နေသော ဧကရာဇ်ဝမ်ရွှမ်းအား ယွင်ဟွား စောင့်ကြည့်နေစဉ် သူမ၏ ရင်ခုန်သံများ တစ်ဖန် မြန်ဆန်လာပြန်သည်။
“မြင်တယ်မလား... အမျိုးသမီးတွေ အများကြီး ဝန်းရံနေတဲ့အတွက် သူ့အသက်တောင် နီးပါး ဆုံးရှုံးရတော့မလို့... မိန်းမတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ လှုပ်ရှားမှုတိုင်းက အသေအပျောက် ဖြစ်စေနိုင်တယ်…”
“ပန်းကလေး... နင်ပြောတာ မှန်တယ်... ဒီဧကရာဇ်က အဆင်ပြေပါတယ်... သူက အမြဲတမ်း နင့်ဘက်မှာရှိနေပြီး နင့်ရဲ့ အကြီးမားဆုံး နောက်ခံလူပဲ…”
ရှင်ခြင်းသေခြင်းစာအုပ်သည် ခဏတာ စဉ်းစားလိုက်ပြီးနောက် ဆက်ပြောလေသည်။
“ဒီအစွမ်းထက်တဲ့ နောက်ခံလူ စောစောစီးစီး မသေဆုံးသွားအောင် သူ့ကို ကြီးကြပ်ရမယ်... သူ့ကို တိုက်တွန်းပြီး အလုပ်တွေ ပိုလုပ်ခိုင်းရမယ်... အဲ့လိုမှသာ အဲ့တာမှမြေခွေးမလေးရဲ့ ပြုစားတာကို နောက်တစ်ကြိမ် ထပ်မခံရမှာ..”
မယ်တော်ကြီးနှင့် ဧကရီတို့၏ ပခုံးများမှာ ထိန်းမနိုင်သိမ်းမရ တုန်ခါနေလေသည်။
ဧကရာဇ်ဝမ်ရွှမ်း…
“ဒါနဲ့ ပန်းကလေး... အရာရှိအားလုံးနဲ့ ဧကရာဇ်ကို ကြီးကြပ်ရတဲ့ အရာရှိရာထူးနာမည်က ဘာလဲဟင်... အဆင့်ဘယ်လောက်လဲ…”
“စစ်ဆေးရေးမှူး... ဒုတိယအဆင့်လေ..”
ယွင်ဟွားက မေးစေ့ကို ပွတ်သပ်လိုက်၏။
“ပန်းကလေး... ရာထူးများများ ယူထားရတာကို နင် ကန့်ကွက်မလား... ဒါမှာ ဒုတိယအဆင့် အရာရှိရာထူးနော်... ပြီးတော့ ငါတို့သာ ကြိုးကြိုးစားစား လုပ်မယ်ဆိုရင် နင့်အဖေရဲ့ ရာထူးကိုတောင် ရောက်နိုင်သေးတယ်…”
ယွင်ဟွား၏ ရှင်းလင်းတောက်ပသော မျက်လုံးများက အဆက်မပြတ် မျက်တောင်ခတ်နေပြီး သူမ၏ နှလုံးသားမှာ စိတ်လှုပ်ရှားမှုကြောင့် တဒိတ်ဒိတ် ခုန်နေလေသည်။
“ပြဿနာမရှိပါဘူး... သေချာပေါက် ကန့်ကွက်စရာ မရှိပါဘူး ရှောင်ရှူးရှူး... ဒါဆိုရင် မနက်ဖြန်ကျမှ သူ့ကို ရှင်းကြတာပေါ့..”
ဤစကားများကို ပြောဆိုလိုက်လေသည်။ ဧကရာဇ်နှင့် ဧကရီ နှစ်ဦးစလုံးက မယ်တော်ကြီးအား လှည့်ကြည့်လိုက်ကြ၏။ မယ်တော်ကြီးမှာ ဆို့နင့်သွားသည်။
စစ်ဆေးရေးမှူး ကျန်းဝမ်ချန်က သူမ၏ မောင်အရင်း ဖြစ်လေသည်။ ဤကောင်မလေးသည် သူမ၏ မောင်ဖြစ်သူကို သတ်ပြီး ရာထူးကို သူမကိုယ်တိုင် ရယူချင်နေခြင်း ဖြစ်သည်။ မယ်တော်ကြီးမှာ ရယ်ရမလို ငိုရမလိုပင် ဖြစ်နေတော့၏။
ဟွားအာ၊ နင် သူ့ကို ဖယ်ရှား၍ ရမည်မဟုတ်ပေ။ သူမ၏ မောင်ဖြစ်သူအား ကြိုက်သလောက် စစ်ဆေးနိုင်သော်လည်း သူသည် လုံးဝကို သန့်ရှင်းဖြူစင်သူ ဖြစ်သည်။ သူမသည် ကွယ်လွန်သူ ဧကရာဇ်ဟောင်းနှင့် လက်ထပ်ခဲ့ချိန်မှစ၍ ကျန်းမိသားစုသည် အမြဲတမ်း ရိုးသားဖြောင့်မတ်ခဲ့ပြီး မည်သည့်အခါမှ အုပ်စုမဖွဲ့သလို မျက်နှာလိုက်ခြင်းလည်း မရှိခဲ့ပေ။ ထို့အပြင် မျိုးဆက်သစ်လူငယ်များသည်လည်း ကျား၊ မ မရွေး အမြဲတမ်း အကောင်းဆုံးဖြစ်ခဲ့ကြသည်။
ဧကရာဇ်ဝမ်ရွှမ်းက ကျန်းမိသားစုကို ယုံကြည်သော်လည်း မနက်ဖြန်တွင် ၎င်းတို့၏ ဒုက္ခများမှ ဖရဲသီးစားနိုင်မည်ဆိုသည့် အတွေးက သူ့ကို နှောင့်ယှက်နေဆဲ ဖြစ်သည်။ သူသည် စတင်၍ မျှော်လင့်လာမိတော့၏။
ယနေ့ နေ့လယ်စာစားပွဲမှာ မြောက်ပိုင်းနယ်စပ်နိုင်ငံမှ သူလျှိုတစ်ဦးကို ဖော်ထုတ်နိုင်ခဲ့သဖြင့် အတော်လေး အဖြစ်အပျက်များပြားသော ကိစ္စတစ်ခု ဖြစ်ခဲ့သည်။ ဧကရာဇ်ဝမ်ရွှမ်းသည် မြောက်ပိုင်းနယ်စပ်နိုင်ငံရှိ သူလျှိုများကို ဖြေရှင်းရုံသာမကဘဲ "ဝိညာဉ်ဖမ်းစားခြင်းအမှုန့်" ဟုခေါ်သော ဆေး၏ အာနိသင်များ သူ၏ ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေမည်ကို စိုးရိမ်သဖြင့် သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးရန် သမားတော်ကိုပါ ဆင့်ခေါ်ခဲ့ရသောကြောင့် အလျင်အမြန် ထွက်ခွာသွားလေသည်။
ယွင်ဟွားသည် ဧကရာဇ်ဝမ်ရွှမ်း၏ နောက်မှ လိုက်ပါသွားသော အထိန်းတော်ချောင်ကို ကြည့်ကာ…
"အယ်..."
“ရှောင်ရှူးရှူး... အဘိုးချောင်ရဲ့ လိပ်ခေါင်းရောဂါက သက်သာသွားပြီလား... ဒီတစ်ကြိမ်တော့ သူ တင်ပါးကို စုပြီး လမ်းမလျှောက်တော့ဘူးပဲ…”
ရှေ့မှ အထိန်းတော်ချောင်မှာ ခြေခေါက်သွားလေသည်။
"ဘုရားရေ... အမတ်ယွင်ငယ်... ဘာလို့ ကျွန်တော့်ကို ထပ်ပြီး တိုက်ခိုက်ရပြန်တာလဲ..."