အခန်း (၇၉၁-၇၉၂)
Vol. 80 Ch. 791-792
အခန်း (၇၉၁) ရွှေရောင်နတ်မင်းကြီး ၊ ကျိန်စာအတတ် ၊ မှင်သက်ဖွယ်ဓားတစ်ချက် ၊ ရွှေရောင်မြူခိုးများနှင့် ကြီးထွားလာခြင်း
သန်းခေါင်ယံအချိန်သို့ ရောက်သောအခါ...
ထိုအိန္ဒိယ ကမ္မဋ္ဌာန်းရဟန်းတစ်စုနှင့် မဟာယာန ဂိုဏ်းသားများမှာ တောင်ကြားထဲသို့ ပြန်လည်ရောက်ရှိလာကြသည်။ နှစ်ဖက်အုပ်စုကြားတွင် မည်သို့သော သဘောတူညီချက် ရရှိသွားသည်မသိ၊ အပြန်အလှန် တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ကြသော်လည်း တစ်ဦးကိုတစ်ဦး ကြည့်သည့် အကြည့်များထဲတွင်မူ ရန်ငြိုးများ ပြည့်နှက်နေဆဲပင်။ သူတို့၏ သင်္ကန်းများပေါ်တွင် သွေးကွက်များ ပေကျံနေပြီး နှစ်ဖက်စလုံးတွင် လူအတော်များများ သေဆုံးသွားခဲ့ပုံရသည်။
လီယန်ချူ အံ့သြမိသည်မှာ ထိုအင်အားကြီးနှစ်စုစလုံးသည် ကျန်ရှိနေသည့် တခြားသော အလွတ်တန်းကျင့်ကြံသူများကို လာရောက်ရန်စခြင်း မပြုတော့ပေ။
ရှောင်ယွင်ယိက အခွင့်ကောင်းယူကာ ‘ကျောက်ဆိန်’ ကို လုယူသွားခဲ့သော်လည်း အိန္ဒိယရဟန်းများမှာ ပြဿနာရှာရန် လာမလုပ်ကြချေ။ အခြေအနေမှာ ထူးဆန်းလောက်အောင် ငြိမ်သက်နေသဖြင့် တစ်စုံတစ်ခု လွဲချော်နေသကဲ့သို့ ခံစားရသည်။
ရှောင်ယွင်ယိတွင်လည်း တစ်ခုခုကို ယုံကြည်ချက်ရှိရှိ တုံ့ပြန်နိုင်စွမ်းရှိနေ၍သာ ဤမျှ အေးဆေးနေခြင်း ဖြစ်ပေလိမ့်မည်။ လီယန်ချူသည် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာမိသည်။ ထိုလူမှာ ဤအင်အားကြီး သုံးစုထဲမှ တစ်စုစုနှင့် ပတ်သက်နေသလား သို့မဟုတ် သူကိုယ်တိုင်ကပင် ထိုအင်အားကြီး တစ်စုထဲမှ လူတစ်ယောက် ဖြစ်နေမလား။
ဤသို့ တွေးမိသည်နှင့်တစ်ပြိုင်နက် ရှောင်ယွင်ယိ၏ နူးညံ့သိမ်မွေ့ပြီး သဘောထားကြီးဟန်ရှိသော အပြုံးများမှာ လျှို့ဝှက်ချက်အချို့ ဖုံးကွယ်ထားသကဲ့သို့ လီယန်ချူ ခံစားလိုက်ရသည်။
လီယန်ချူသည် တင်ပလ္လင်ခွေ ထိုင်ကာ တရားမှတ်နေရင်း သူ၏ ဝိညာဉ်စွမ်းအားနှင့် ကျင့်စဉ်များကို အဆက်မပြတ် မြှင့်တင်နေသည်။
“တောက်... တောက်...”
သူ၏ နားထဲတွင် ရေစက်ကျသံများ ကြားလိုက်ရသည်။ လီယန်ချူသည် ချက်ချင်းပင် မျက်လုံးဖွင့်လိုက်ရာ သူကိုယ်သူ မှောင်မိုက်နေသည့် ဟင်းလင်းပြင်တစ်ခုထဲ ရောက်နေသည်ကို တွေ့လိုက်ရသည်။ ဤနေရာမှာ သူ့အတွက် အတော်လေး ရင်းနှီးနေသည်။
“ကောင်းပုကျေးရွာ”
ပြီးခဲ့သည့်အကြိမ် ကောင်းပုကျေးရွာရှိ နက်နဲသော ဖြစ်တည်မှုတစ်ခုက သူ့ထံ အကူအညီတောင်းသံ ပေးပို့စဉ်ကလည်း ဤကဲ့သို့ပင် ဖြစ်ခဲ့သည်။ သို့သော် လီယန်ချူ ခဏကြာအောင် စောင့်ကြည့်နေသော်လည်း အခြားမည်သည့်အသံမျှ မကြားရပေ။ ရေစက်ကျသံမှလွဲ၍ ကျန်အရာအားလုံးမှာ တိတ်ဆိတ်နေသည်။
“ဒါ ကောင်းပုကျေးရွာက အရာမဟုတ်ဘူးလား”
လီယန်ချူ အံ့အားသင့်သွားသည်။ ဤထင်ယောင်ထင်မှား နယ်မြေ မှာ ပြီးခဲ့သည့်အကြိမ်နှင့် တစ်ပုံစံတည်း တူညီနေသည်။
“တောက်... တောက်...”
ရေစီးသံမှာ ပိုမိုမြန်ဆန်လာပြီး ကျယ်လောင်လာသော်လည်း ပြီးခဲ့သည့်အကြိမ်ကကဲ့သို့ ဦးရေပြားကို ထုံကျင်သွားစေသည့် အကူအညီတောင်းသံမျိုး ပေါ်မလာပေ။ နောက်ဆုံးတွင် အချိန်အတော်ကြာအောင် ရေစက်ကျသံများကို ကြားနေရပြီးနောက် ပတ်ဝန်းကျင်မှ အမှောင်ထုများ ပျောက်ကွယ်သွားသည်။
လီယန်ချူ မျက်လုံးဖွင့်လိုက်ပြီး မျက်ခုံးပင့်ကာ ရေရွတ်လိုက်သည်။
“ဒါ ဘာအခြေအနေလဲ... မြင်ကွင်းကိုပဲ အစမ်းသရုပ်ပြနေတာလား”
သူသည် ရင်ဘတ်ထဲရှိ ‘စိတ်ကြည်လင် ကျောက်စိမ်းကို စမ်းကြည့်လိုက်ရာမှ အဖြေကို ချက်ချင်း သဘောပေါက်သွားသည်။
“ငါ့ရဲ့ ဝိညာဉ်အကာအကွယ် ရတနာက တားဆီးထားတာ ဖြစ်မယ် ”
စိတ်ကြည်လင်ကျောက်စိမ်း သည် ဝိညာဉ်ကို ထိခိုက်စေမည့် မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို ကာကွယ်ပေးနိုင်စွမ်း ရှိသည်။ ၎င်းမှာ ကုသိုလ်အမှတ် ၃ သိန်းတန် တန်ဖိုးကြီး ရတနာတစ်ခု မဟုတ်ပါလား။
လီယန်ချူ တွေးကြည့်လေလေ ဤသို့ဖြစ်နိုင်ခြေ ပိုများလေလေပင်။ ဤအဆောင်ကျောက်က သူ၏ ကိုယ်ပေါ်တွင် အားကောင်းသည့် လှိုင်းဖြတ်စက် တစ်ခု တပ်ဆင်ထားသကဲ့သို့ ဖြစ်နေသဖြင့် တစ်ဖက်မှ အသံများ သူ့ထံသို့ မရောက်နိုင်ခြင်း ဖြစ်ပေလိမ့်မည်။
“အသံမရောက်လာနိုင်ပေမဲ့ အဆောင်ကျောက်ကိုတော့ ဖယ်လို့မဖြစ်ဘူး။ ဒီနယ်မြေက အလွန်ထူးဆန်းတယ်၊ နောက်ထပ် ဘယ်လိုအရာမျိုးတွေနဲ့ ထပ်တိုးဦးမလဲ မသိနိုင်ဘူး”
သူ့စိတ်ထဲတွင် Firewall ကိုတော့ ပိတ်ထား၍ မဖြစ်ဟု ဆုံးဖြတ်လိုက်သည်။
နေဝန်းနီကြီးမှာ စတင် ထွက်ပေါ်လာသည်။ ကြက်ဖတွန်သံနှင့်အတူ ကောင်းကင်ထက်တွင် ကြီးမားလှသော နေမင်းကြီး ပေါ်ထွန်းလာပြီး လူတို့၏ စိတ်နှလုံးထဲမှ မကောင်းသော ခံစားချက်အားလုံးကို နှင်ထုတ်ပေးနေသကဲ့သို့ပင်။ လီယန်ချူသည် ဤကမ္ဘာနှင့် လောကကြားရှိ ခမ်းနားထည်ဝါသော အငွေ့အသက်များကို ခံစားနေမိသည်။
သို့သော် ရုတ်တရက် လီယန်ချူ မျက်မှောင်ကြုတ်လိုက်မိသည်။
“ကြက်တွန်သံက ဘယ်က ထွက်လာတာလဲ”
သူ့မျက်နှာမှာ ထူးဆန်းသွားသည်။ ဤနေရာမှာ ကြက်တွေလည်း ရှိတာလား သို့သော် ပြန်စဉ်းစားကြည့်လျှင်လည်း လက်ခံနိုင်စရာပင်။ ဤနေရာသို့ ရောက်ကတည်းက ခြင်၊ ပုစဉ်းရင်ကွဲ၊ စာကလေးနှင့် ပင့်ကူများကို သူ တွေ့ခဲ့ပြီးဖြစ်သည်။ လောကပြင်ပတွင် သာမန်အကောင်လေးများ ဖြစ်ကြသော်လည်း ဤနေရာတွင်မူ ရှေးဟောင်းသားရဲကြီးများကဲ့သို့ စွမ်းအားပြင်းထန်ကြသည်။ ထို့ကြောင့် ကြက်တစ်ကောင် ရှိနေခြင်းမှာလည်း မဆန်းတော့ပေ။
လီယန်ချူ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသည်။ စာကလေးတစ်ကောင်နှင့် ကျီးကန်းတစ်ကောင်ပင် သားရဲကြီးများကဲ့သို့ စွမ်းအားရှိနေလျှင်၊ ကြက်တစ်ကောင်ရှိနေပါက ထိုကြက်မှာ မည်မျှအထိ ကြီးမားနေမည်နည်း။
အင်အားကြီး သုံးစုလုံးမှာ ငြိမ်သက်နေကြသည်။ လီယန်ချူ သတိထားမိသည်မှာ ရှီမျိုးနွယ်စုမှ ပျောက်ဆုံးသွားသည့် လူလေးဦးမှာ ပြန်လည်ပေါ်ထွက်လာခြင်းပင်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ထိုသူလေးဦးမှာ သေဆုံးခြင်း သို့မဟုတ် ပျောက်ဆုံးသွားခြင်း မဟုတ်ဘဲ တစ်စုံတစ်ခုကို သွားရောက် စုံစမ်းထောက်လှမ်းနေခြင်း ဖြစ်ကြောင်း သိသာသည်။
တောင်ကြားထဲရှိ အလွတ်တန်း ကျင့်ကြံသူများမှာလည်း အတော်လေး နည်းပါးသွားပြီ ဖြစ်သည်။ လီယန်ချူတို့ အဖွဲ့မှလွဲလျှင် ၃ ယောက် သို့မဟုတ် ၄ ယောက်ခန့်သာ ကျန်ရှိတော့သည်။ ကျန်သည့်လူများမှာ မနေ့ညက အပြင်ဘက်တွင် သေဆုံးသွားခြင်း သို့မဟုတ် ထွက်ခွာသွားခြင်း ဖြစ်ပေလိမ့်မည်။
ဤကမ္ဘာကြီးမှာ အလွန်ကျယ်ပြောလှသည်။ ဤတောင်ကြားထဲတွင် ချီလုံ ပုံသဏ္ဌာန်ရှိသော နဂါးသွေးကြော ဝိညာဉ် ရှိနေသကဲ့သို့ အခြားနေရာများတွင်လည်း အဖိုးတန်ရတနာများ ရှိနေနိုင်သည် မဟုတ်ပါလား။ လူတိုင်းက အင်အားကြီး သုံးစုကြားထဲတွင် စွန့်စားပြီး အမြတ်ထုတ်ချင်ကြသည် မဟုတ်ချေ။
လီယန်ချူသည် နေမင်းကြီး၏ အနေအထားကို ကြည့်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ ရှောင်ယွင်ယိ၏ ခန့်မှန်းချက်အရ မွန်းတည့်ချိန် ရောက်သည်နှင့် နဂါးသွေးကြောဝိညာဉ်မှာ အပြည့်အဝ ရင့်ကျက်လာတော့မည်။ ထိုအချိန်သည် အင်အားကြီး သုံးစု၏ တိုက်ပွဲစတင်မည့် အချိန်ဖြစ်သလို၊ သူတို့ကဲ့သို့ လူများအတွက် အခွင့်ကောင်းယူရန် အချိန်လည်း ဖြစ်သည်။
ယွမ်ရှူက လီယန်ချူ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
“ရှီမျိုးနွယ်စုရဲ့ အဘိုးအိုကြီး ပျောက်နေတယ်”
လီယန်ချူ လှည့်ကြည့်လိုက်ရာ မြင်းရထားထဲတွင် ရှိနေသည့် ပြင်းထန်သော အငွေ့အသက်များ ပျောက်ကွယ်နေသည်ကို တွေ့လိုက်ရသည်။
“ဒီလို အရေးကြီးတဲ့အချိန်မှာ ရှီမျိုးနွယ် အဘိုးအိုက ဘယ်ကို သွားတာလဲ”
မွန်းတည့်ချိန် ရောက်လာသော်လည်း ရှီမျိုးနွယ်အဘိုးအို ပေါ်မလာသေးပေ။ ထိုစဉ် ငြိမ်သက်နေသည့် ရေကန်မျက်နှာပြင်မှ ပြင်းထန်သော စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ရေကန်ရေများမှာ ဆူပွက်နေသကဲ့သို့ အပြင်ဘက်သို့ လျှံတက်လာပြီး သိပ်သည်းလှသော သက်စောင့်စွမ်းအား များ ပျံ့နှံ့လာသည်။
မနေ့ညက ဒဏ်ရာရထားသည့် အိန္ဒိယရဟန်းများနှင့် မဟာယာန ဂိုဏ်းသားများမှာ ထိုသက်စောင့်စွမ်းအားများကြောင့် ဒဏ်ရာများမှာ မျက်စိရှေ့တင် ပျောက်ကွယ်သွားပြီး ခွန်အားများ ပြန်လည်ပြည့်ဖြိုးလာကြသည်။
“ဒါ အမှန်တကယ်ပဲ ကောင်းကင်နဲ့မြေကြီးရဲ့ ရတနာပဲ ချီလုံအဖြစ် အသွင်ပြောင်းနေတဲ့ နဂါးသွေးကြော ဝိညာဉ်က အငွေ့အသက်လေး ထွက်လာတာတင် ဒီလောက် စွမ်းအားကြီးတာ ”
ရှောင်ယွင်ယိက မျက်လုံးထဲတွင် လောဘရိပ်များ ယှက်သန်းလျက် ပြောလိုက်သည်။
ဘေးမှ ကျင့်ကြံသူများလည်း ထိုနည်းတူပင်။ ဤကဲ့သို့သော ရတနာမျိုးကို တစ်စိတ်တစ်ပိုင်းမျှ ရရှိလျှင်ပင် ကောင်းကင်၏ ဖန်တီးမှုကို ရယူနိုင်မည် ဖြစ်ရာ အသက်နှင့်လဲ၍ လုယူရန် ထိုက်တန်လှသည်။ ကျင့်ကြံသူတိုင်း၏ သွေးထဲတွင် ‘လုယူခြင်း’ ဆိုသည့် ဗီဇ ရှိနေကြသည် မဟုတ်ပါလား။
ရေပြင်ပေါ်တွင် ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး ကြီးမားလှသော သတ္တဝါကြီးတစ်ကောင်မှာ ရေထဲမှ ဖြည်းညင်းစွာ ခေါင်းမော့လာသည်။ ပတ်ဝန်းကျင်တွင် မင်္ဂလာရှိသော တိမ်တိုက်အငွေ့အသက်များ ဝန်းရံနေသည်။ ၎င်းမှာ စွမ်းအင်များ အလွန်သိပ်သည်းခြင်းကြောင့် ဖြစ်ပေါ်လာသည့် အသွင်သဏ္ဌာန်ပင်။ ဤကဲ့သို့သော နေရာမျိုးမှာ ကျင့်ကြံသူများအတွက် အထူးကောင်းမွန်သည့် နတ်ဘုရားနယ်မြေနဲ့ တူတူပင် ဖြစ်သည်။
ထိုသတ္တဝါကြီး အပြည့်အဝ ပေါ်ထွက်လာသောအခါ အားလုံးမှာ ထိတ်လန့်သွားကြသည်။ ချီလုံ ၏ အေးစက်သော မျက်လုံးအစုံမှာ လူသားကျင့်ကြံသူများကို မည်သည့် ခံစားချက်မျှ မပါဘဲ ငုံ့ကြည့်နေသည်။
“အခုပဲ”
ရှောင်ယွင်ယိက တိုးတိုးလေး ပြောရင်း မဟာယာနနှင့် အိန္ဒိယ အုပ်စုနှစ်ခုကို ကြည့်လိုက်သည်။
“ခဏနေရင်တော့ နဂါးနဲ့ကျား တိုက်ပွဲဖြစ်ကြတော့မှာပဲ”
လီယန်ချူက ရှောင်ယွင်ယိကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောပေ။
“အုန်းးးး”
နဂါးဟိန်းသံ တစ်ခု တောင်ကြားထဲတွင် ပဲ့တင်ထပ်သွားပြီး မျက်စိဖြင့် မြင်နိုင်သည့် စွမ်းအင်လှိုင်းများမှာ ရေပြင်ပေါ်ရှိ လှိုင်းကြက်ခွပ်များကဲ့သို့ ပြန့်နှံ့သွားသည်။
ဤအကြိမ်တွင် မဟာယာန ရဟန်းအိုကြီးမှာ စတင် တိုက်ခိုက်လိုက်သည်။ သူ၏ မျက်နှာမှာ အစိမ်း၊ အဖြူ၊ အမည်း၊ အနီရောင်များ ချက်ချင်း ပြောင်းလဲသွားပြီး ပါးစပ်မှ ဂါထာမန္တန်များကို ရွတ်ဖတ်လိုက်သည်။
ဝုန်း... ဝုန်း
ကောင်းကင်ထက်မှ မင်္ဂလာရှိသော အလင်းများ ကျဆင်းလာပြီး ကြီးမားလှသော ရွှေရောင်နတ်မင်းကြီး တစ်ပါးမှာ တိမ်တိုက်များထဲမှ ဆင်းသက်လာသည်။ လက်ထဲတွင် ကြီးမားသော နတ်ဆိုးနှိမ်နင်းရေး တုတ် ကို ကိုင်ဆောင်ထားသည်။
ထို့နောက် မြေပြင်ကြီး ကွဲအက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော သရဲကြီး တစ်ကောင် မြေကြီးထဲမှ တက်လာသည်။
ရွှေရောင်နတ်မင်းကြီးမှာ ဘာသာရေးဆိုင်ရာ အကာအကွယ်နတ်ဘုရား ဖြစ်သော်လည်း၊ ထိုသရဲကြီးမှာမူ ရဟန်းအိုကြီး၏ ဝိညာဉ်ခေါ်ကျိန်စာ အတတ် ပင် ဖြစ်သည်။ ဤနှစ်ခုစလုံးမှာ အလွန် အစွမ်းထက်ကြသည်။ သရဲကြီးက ချီလုံထံသို့ အရင်ဆုံး ပြေးဝင်သွားပြီး၊ ရွှေရောင်နတ်မင်းကြီးကလည်း သူ၏ တုတ်ကြီးဖြင့် ရိုက်ချလိုက်သည်။
နဂါးသွေးကြော ဝိညာဉ်မှာလည်း တတိယအဆင့် ကျင့်ကြံသူထက် မနိမ့်သော စွမ်းအားများ ရှိသော်လည်း ရဟန်းအိုကြီး၏ ကျိန်စာအတတ်မှာ အလွန် ကြောက်စရာကောင်းလှသည်။ ခဏချင်းပင် ချီလုံကို ဝိုင်းပတ်ဖမ်းဆီးလိုက်ပြီး သရဲကြီးက ချီလုံကို ကုန်းပေါ်သို့ အတင်းဆွဲတင်ရန် ကြိုးစားနေသည်။
ဤမြင်ကွင်းမှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။ ရွှေရောင်နတ်မင်းကြီးရော၊ သရဲကြီးပါ အလွတ်တန်း ကျင့်ကြံသူများ တစ်ဦးချင်း ရင်ဆိုင်နိုင်သည့် အရာများ မဟုတ်ပေ။
ထိုစဉ် အိန္ဒိယ ရဟန်းငယ်မှာ ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူ၏ ကိုယ်ပေါ်တွင် ရွှေရောင်အလင်းများ ဝန်းရံသွားပြီး ကြွက်သားများမှာလည်း ရွှေရောင်ကျောက်တုံးများကဲ့သို့ တောက်ပလာသည်။ သူသည် ခံ့ညားထည်ဝါသော နတ်ဘုရားတစ်ပါးနှင့်ပင် တူနေတော့သည်။ သူ၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာသော အလင်းတန်းများမှာ သူ့ကို အကာအကွယ်ပေးရုံသာမက ရန်သူကို သတ်ဖြတ်နိုင်သည့် စွမ်းအားများလည်း ရှိသည်။
ရဟန်းငယ်၏ ခြေတစ်လှမ်းကြောင့် မြေပြင်ကြီး ကွဲအက်သွားပြီး ရှေးဟောင်း ဆင်နှင့်နဂါးများ ပြေးဝင်လာသည့်အလား အရှိန်အဟုန်ဖြင့် သရဲကြီးကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။ သရဲကြီးမှာလည်း ချက်ချင်းပင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိသည့် အသွင်သို့ ပြောင်းလဲကာ ပြန်လည်တိုက်ခိုက်သည်။
မဟာယာနဂိုဏ်းမှာ ဗုဒ္ဓဘာသာ၏ နက်နဲသော အခွဲတစ်ခု ဖြစ်သဖြင့် သရဲခေါ်ယူခြင်း၊ ဆေးပညာနှင့် ထူးဆန်းသော ကျိန်စာအတတ်များစွာ ရှိသည်။ ထိုသရဲကြီးမှာ အပါယ်ဘုံမှ ကြောက်မက်ဖွယ် သတ္တဝါ ဖြစ်သော်လည်း ရဟန်းငယ်၏ လက်သီးချက်ကြောင့် နောက်သို့ ခြေလှမ်းအစိတ်ခန့် ဆုတ်ခွာသွားရသည်။ ရဟန်းငယ်၏ ဆင်နှင့်နဂါး ခွန်အား မှာ အမှန်တကယ်ပင် အံ့မခန်းလှသည်။
ဝုန်း... ဝုန်း
တောင်ကြားတစ်ခုလုံး လှုပ်ခါသွားသည်။ မြေပြင်ပေါ်မှ သရဲကြီးသာမက ကောင်းကင်မှ ရွှေရောင်နတ်မင်းကြီးပါ ရဟန်းငယ်ကို ဝိုင်းဝန်းတိုက်ခိုက်ကြရာ နှစ်ဖက်သား အပြင်းအထန် တိုက်ခိုက်ကြလေတော့သည်။ အိန္ဒိယ ယောဂအတတ်မှာ ခန္ဓာကိုယ်ကို အလွန်ပျော့ပျောင်းစေသဖြင့် အနီးကပ် တိုက်ခိုက်မှုများတွင် အလွန်အားသာလှသည်။
ချီလုံမှာမူ ရေပြင်ပေါ်တွင် ဝဲပျံနေပြီး သူ၏ ကိုယ်ပေါ်မှ သက်စောင့်စွမ်းအားများဖြင့် တိရစ္ဆာန်မျိုးစုံကို ဖန်တီးကာ အပြင်ဘက်သို့ တိုက်ခိုက်စေသည်။ ၎င်းမှာ နဂါးသွေးကြော ဝိညာဉ်၏ ကိုယ်ပိုင်ကာကွယ်ရေး နည်းလမ်းပင် ဖြစ်သည်။
ဤအချိန်တွင် ရှီမျိုးနွယ်စုဝင်များလည်း စတင် လှုပ်ရှားလာသည်။ သူတို့၏ ကိုယ်ပေါ်မှ တိမ်တိုက်အငွေ့အသက်များမှာ ခြင်္သေ့၊ ကျား၊ ဝက်ဝံ၊ ဒေါင်းနှင့် လင်းယုန်များအဖြစ် ပြောင်းလဲကာ နဂါးဝိညာဉ် ဖန်တီးထားသည့် သတ္တဝါများနှင့် တိုက်ခိုက်ကြသည်။
တိုက်ပွဲမှာ အလွန်ပင် ပြင်းထန်လှသည်။ ရှီမျိုးနွယ်စုသာမက မဟာယာနနှင့် အိန္ဒိယရဟန်းများ၊ အလွတ်တန်း ကျင့်ကြံသူများပါ နဂါးဝိညာဉ်၏ တိုက်ခိုက်မှုကို ခံနေကြရသည်။ အကယ်၍ ရေရှည်တိုက်ပွဲဖြစ်ပါက ဤနေရာရှိ လူအားလုံး ပေါင်းလျှင်ပင် နဂါးဝိညာဉ်ကို ယှဉ်နိုင်မည် မဟုတ်ပေ။
လီယန်ချူသည် နဂါးသွေးကြော ဝိညာဉ်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး ဤမျှလောက် သတ်ဖြတ်နိုင်စွမ်း ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ တောင်ကြားထဲတွင် တိုက်ခိုက်သံများ၊ စွမ်းအင်ပေါက်ကွဲသံများနှင့် ဟိန်းဟောက်သံများမှာ နားကွဲမတတ် ကျယ်လောင်နေသည်။
ရုတ်တရက် ကျားဖြူကြီးတစ်ကောင် လီယန်ချူထံသို့ ပြေးဝင်လာသည်။ ထိုကျားဖြူမှာ ကိုယ်ထည်အလွန်ကြီးမားပြီး ပြင်းထန်သော လေမုန်တိုင်းများကို ထိန်းချုပ်နိုင်သည်။ ခုနတင်ကပင် ထိုကျားဖြူသည် အတွင်းအား ကျွမ်းကျင်သည့် လူသန်ကြီးတစ်ယောက်ကို တစ်လုတ်တည်း ဝါးမြိုပစ်လိုက်သည်ကို လီယန်ချူ မြင်လိုက်ရသည်။
ထိုလူသန်ကြီးမှာ သာမန်လူသားအဖြစ်နှင့် သရဲတစ္ဆေများကို သတ်ဖြတ်နိုင်သည့် အထွတ်အထိပ် သိုင်းသမား တစ်ဦး ဖြစ်သော်လည်း၊ ကျားဖြူကြီး၏ ရှေ့တွင်မူ ဘာမှ မတတ်နိုင်ဘဲ သေဆုံးသွားရသည်။ ကျားဖြူကြီးမှာ ချီလုံ၏ တိမ်တိုက်စွမ်းအားမှ ဖန်တီးထားသဖြင့် ကိုယ်ထည် အစစ်အမှန် မရှိသော်လည်း စွမ်းအားမှာမူ အလွန်ကြီးမားလှသည်။
ကျားဖြူကြီးက လီယန်ချူရှေ့သို့ ရောက်လာသောအခါ လီယန်ချူ၏ ကိုယ်ပေါ်တွင် ယင်နှင့်ယန် အငွေ့အသက်များ ထွက်ပေါ်လာပြီး ထိုကျားဖြူကို ချက်ချင်းပင် ရိုက်ခွဲပစ်လိုက်သည်။ ကျားဖြူမှာ ပျက်စီးသွားပြီးနောက် စွမ်းအင်များအဖြစ် ပြောင်းလဲသွားကာ လေထဲတွင် ပျောက်ကွယ်သွားသည်။ ဤစွမ်းအင်များကို ကျင့်ကြံသူများက စုပ်ယူ၍ မရနိုင်ချေ။
ဘေးမှ ဝက်ဝံကြီးတစ်ကောင်ကို တိုက်ခိုက်နေသည့် ရွှေရောင်ဝတ်ရုံနှင့် အဘိုးအိုမှာ လီယန်ချူ၏ အစွမ်းကို မြင်ပြီး မှင်သက်သွားသည်။ သာမန်လူတစ်ယောက်ကဲ့သို့ အေးဆေးနေသည့် ဤတာအိုဆရာငယ်က ကျားဖြူကို တစ်ချက်တည်းနှင့် ခြေမှုန်းနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဝုန်း
ကျယ်လောင်သော အသံကြီးနှင့်အတူ သရဲကြီးမှာ ရဟန်းငယ်၏ လက်သီးချက်ကြောင့် တောင်ကတုံးထဲသို့ ကျွံဝင်သွားသည်။ ရွှေရောင်နတ်မင်းကြီးမှာလည်း အတိုက်ခိုက်ခံရသဖြင့် ကိုယ်ထည်တွင် အပေါက်အပြဲများ ဖြစ်နေပြီ။ ရဟန်းငယ်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ရဟန်းအိုကြီးထက် သာလွန်နေသည်မှာ သိသာလှသည်။
သို့သော် ရဟန်းအိုကြီးမှာ တုန်လှုပ်ခြင်း မရှိဘဲ သူ၏ မျက်နှာတွင် အနီနှင့် အစိမ်းရောင်များ ပိုမိုမြန်ဆန်စွာ လှည့်ပတ်လာသည်။ သူက လက်ဟန်တစ်ခု ပြုလုပ်လိုက်ပြီး
“ရွှေရောင်နတ်မင်း ကျိန်စာ - ပျက်စီး၊ ချေမှုန်း၊ သုတ်သင် ”
ရဟန်းငယ်၏ အရေပြားများမှာ ချက်ချင်းပင် ကွဲအက်လာပြီး သွေးများ ပန်းထွက်လာသည်။ အိန္ဒိယရဟန်းများမှာ ထိတ်လန့်သွားပြီး ရဟန်းငယ်ထံသို့ အပြေးအလွှား သွားရောက် ကူညီကြသည်။
ရဟန်းငယ်ကလည်း လက်တစ်ထောင် ဘုရားလောင်း ပုံရိပ်ကို ထပ်မံထုတ်ဖော်ပြီး ရဟန်းအိုကြီး၏ ကျိန်စာကို ပြန်လည်ဖိနှိပ်လိုက်သည်။ သို့သော် သူ၏ မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ ယိုစီးကျလာသည်မှာ သူ၏ ဝိညာဉ်မှာ ပြင်းထန်စွာ ဒဏ်ရာရသွားကြောင်း ပြသနေသည်။
ထိုစဉ်...
မှင်သက်ဖွယ်ရာ ဓားအလင်းတန်းတစ်ခုမှာ ရှီမျိုးနွယ်အဘိုးအို၏ မြင်းရထားထဲမှ လျှပ်စီးကဲ့သို့ ထွက်ပေါ်လာသည်။ ထိုဓားစွမ်းအင် မှာ အလွန်ပင် ပြင်းထန်ပြီး လမ်းကြောင်းတစ်လျှောက်ရှိ သတ္တဝါများ၊ မဟာယာနရဟန်းများ၊ အိန္ဒိယရဟန်းများနှင့် ရှီမျိုးနွယ်စုဝင် နှစ်ဦးကိုပါ သတ်ဖြတ်သွားသည်။
ထိုဓားအလင်းမှာ ရဟန်းငယ်၏ ရင်ဘတ်ကို တည့်တည့် ဖောက်ထွက်သွားပြီး သူ၏ အသက်စွမ်းအားများကို ဖျက်ဆီးပစ်လိုက်သည်။ လက်တစ်ထောင် ပုံရိပ်ကြီးမှာလည်း ပျောက်ကွယ်သွားရသည်။ ဤအလှည့်အပြောင်းမှာ လူတိုင်းကို အံ့အားသင့်စေခဲ့သည်။ အမြဲတမ်း တိတ်ဆိတ်နေသည့် ရှီမျိုးနွယ်အဘိုးအိုက ဤမျှ ကြောက်စရာကောင်းသည့် ဓားချက်ကို ထုတ်သုံးလိမ့်မည်ဟု မည်သူမျှ မထင်ထားပေ။
လီယန်ချူ မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုဓားချက် ထွက်ပေါ်လာစဉ် မြင်းရထားအတွင်းပိုင်းကို သူ လှမ်းမြင်လိုက်ရရာ မြင်းရထားထဲတွင် လူတစ်ယောက်မျှ မရှိနေပေ ဆိုလိုသည်မှာ ရှီမျိုးနွယ်အဘိုးအိုသည် မြင်းရထားထဲတွင် ရှိမနေဘဲ တစ်နေရာရာသို့ ကြိုတင်ရောက်နှင့်နေခြင်း ဖြစ်သည်။
အိန္ဒိယ ယောဂအတတ်ကြောင့် ရဟန်းငယ်မှာ ချက်ချင်း သေဆုံးခြင်း မရှိသေးသော်လည်း တိုက်ပွဲဝင်နိုင်စွမ်း မရှိတော့သဖြင့် သူ့တပည့်များ၏ အကာအကွယ်ဖြင့် တောင်ကြားထဲမှ ဆုတ်ခွာသွားရတော့သည်။
“အုန်းးး”
နဂါးသွေးကြော ဝိညာဉ်ဖြစ်သည့် ချီလုံသည် တစ်စုံတစ်ခုကို သိရှိသွားသည့်အလား သူ၏ ကိုယ်ပေါ်မှ ရွှေရောင်အလင်းများ ပိုမိုတောက်ပလာပြီး ခမ်းနားသော မြင်ကွင်းများ ပေါ်ထွက်လာသည်။ ထိုရတနာမှာ ရှောင်ယွင်ယိ ပြောသည်ထက်ပင် ပို၍ အဖိုးတန်ပုံရသည်။
ချက်ချင်းပင် တိမ်တိုက်မှ ဖန်တီးထားသည့် သတ္တဝါအားလုံး ပျောက်ကွယ်သွားပြီး ရွှေရောင်မြူခိုးများအဖြစ် ပြောင်းလဲကာ တောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ချီလုံမှာလည်း ထိုမြူခိုးများထဲတွင် ပျောက်ကွယ်သွားသည်။ ရဟန်းအိုကြီးနှင့် ရဟန်းငယ်တို့ တိုက်ခိုက်နေစဉ်အတွင်း ချီလုံမှာ ပိုမိုကြီးထွားလာရန် အခွင့်အရေး ရသွားခြင်း ဖြစ်သည်။
ထိုမြူခိုးများထဲတွင် လမ်းပျောက်နေစဉ် စူးရှသော အော်သံတစ်ခု ထွက်ပေါ်လာသည်။ လီယန်ချူ သွားရောက်ကြည့်ရှုသောအခါ မဟာယာန ရဟန်းတစ်ပါး၏ ခန္ဓာကိုယ်မှာ တစ်ဝက်နီးပါး ပျောက်ကွယ်နေပြီး သွေးအိုင်ထဲတွင် လဲနေသည်ကို တွေ့ရသည်။ သူ၏ ကလီစာများမှာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေပြီး တစ်စုံတစ်ခုက တစ်လုတ်တည်းနှင့် ဝါးမြိုပစ်လိုက်သည့်အလားပင်။
လီယန်ချူနှင့်အတူ ယွမ်ရှူနှင့် ရှီမျိုးနွယ်စုမှ ကျင့်ကြံသူ ဇနီးမောင်နှံတို့လည်း ရောက်လာကြသည်။ သူတို့က လီယန်ချူကို တစ်ချက်ကြည့်ပြီး မြူခိုးများထဲ ပြန်လည် ပျောက်ကွယ်သွားကြသည်။
လီယန်ချူက အလောင်းကို ကြည့်ကာ
“မနေ့ညက အရာပဲ” ဟု တိုးတိုးလေး ပြောလိုက်သည်။ ယွမ်ရှူကလည်း ခေါင်းငြိမ့်ပြသည်။
“ဒါက ချီလုံရဲ့ လက်ချက်လား၊ ဒါမှမဟုတ် တစ်ယောက်ယောက်က အခွင့်ကောင်းယူနေတာလား”
လီယန်ချူက မေးသော်လည်း ယွမ်ရှူက ခေါင်းခါပြသည်။ ထိုတာအိုဆရာမလေးမှာ အမြဲတမ်း တည်ငြိမ်ပြီး စကားနည်းလှသည်။
မနေ့ညက အလောင်းမှာ ခန္ဓာကိုယ်တစ်ဝက်သာ အစားခံရသော်လည်း၊ အခုတစ်ယောက်မှာမူ တစ်ကိုယ်လုံးနီးပါး အစားခံထားရသည်။ ထိုအရာမှာ လူသားများကို စားရင်း ပိုမိုကြီးထွားလာနေသည်လား။
ဝုန်း... ဝုန်း
မဟာယာန ရဟန်းအိုကြီးတွင် ထူးခြားသော အစွမ်းရှိသဖြင့် ဤမြူခိုးများကြားတွင် ချီလုံကို ရှာတွေ့သွားပြီး ရွှေရောင်နတ်မင်းကြီးဖြင့် ထပ်မံတိုက်ခိုက်နေသည်။ အပါယ်ဘုံမှ သရဲကြီးမှာလည်း ရဟန်းအိုကြီး၏ ခေါ်ယူမှုကြောင့် လီယန်ချူ ရှိရာဘက်သို့ ပြေးလာသည်။ ထိုသရဲကြီးမှာ သွေးသားကို ဆာလောင်မွတ်သိပ်နေသူ ဖြစ်ရာ လီယန်ချူကို မြင်သည်နှင့် ဟိန်းဟောက်ကာ ပြေးဝင်လာတော့သည်။
လီယန်ချူကတော့ တည်ငြိမ်စွာပင် ပြုံးလိုက်မိသည်။
“မင်းကတော့ ကိုယ့်သေတွင်းကိုယ် တူးပြီး ရောက်လာတာပဲ။”
အခန်း (၇၉၂) ရှီမျိုးနွယ်အဘိုးအို၊ သုတ်သင်ရှင်းလင်းခြင်း နှင့် ငါ့လူငယ်ဘဝကအတိုင်းပင်
မဟာယာနဂိုဏ်းမှ တတိယအဆင့် ကျွမ်းကျင်သူဖြစ်သော ရဟန်းအိုကြီးသည် မှန်ကန်သောနှုတ်ထွက်ဂါထာ နှင့် ကျိန်စာအတတ်များကို ပိုင်နိုင်စွာ ထိန်းချုပ်နိုင်သူဖြစ်သည်။ သူသည် အိန္ဒိယကမ္မဋ္ဌာန်းရဟန်းကိုပင် ကျိန်စာဖြင့် အပြင်းအထန် ဒဏ်ရာရစေခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူ၏ ဝိညာဉ်စွမ်းအား မည်မျှနက်နဲသည်ကို သိသာလှသည်။
ယခုအခါ သူသည် နတ်ဆိုးနှိမ်နင်းရေးတုတ်ကို ကိုင်ဆောင်ထားသည့် ရွှေရောင်နတ်မင်းကြီးကို စေခိုင်းကာ ချီလုံနဂါးကို ရင်ဆိုင်နေသည်။ သို့သော် ရုတ်တရက် ရဟန်းအိုကြီး၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။
အကြောင်းမှာ သူ၏ အောက်လမ်းအတတ်ဖြင့် ခေါ်ယူထားသော အပါယ်ဘုံမှ သရဲကြီးမှာ... ပျောက်ကွယ်သွားသောကြောင့်ပင်။
မဟာယာနရဟန်းအိုကြီးသည် ရွှေရောင်မြူခိုးများရှိရာသို့ လှည့်ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ဘယ်သူလဲ”
သူ အလွန်အံ့သြသွားမိသည်။ ထိုသရဲကြီး၏ စွမ်းအားမှာ အလွန်ပြင်းထန်သော်လည်း ယခုမူ မည်သည့် အငွေ့အသက်မျှ ကျန်မနေဘဲ တစ်ခဏအတွင်း ပျောက်ကွယ်သွားခြင်းဖြစ်သည်။ ဆိုလိုသည်မှာ တစ်စုံတစ်ယောက်က ထိုသရဲကြီးကို စက္ကန့်ပိုင်းအတွင်း ‘အပြတ်ရှင်း’ လိုက်ခြင်းပင် ဖြစ်သည်။
ရဟန်းအိုကြီး၏ စိတ်ထဲတွင် လေးလံသွားသော်လည်း လက်မှ မန္တန်များကို ဆက်လက်ရွတ်ဖတ်နေဆဲပင်။ ရွှေရောင်နတ်မင်းကြီး၏ တုတ်ကြီးမှာ ချီလုံ၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။ ထိုစဉ် ချီလုံ၏ အေးစက်သော မျက်လုံးများက ရဟန်းအိုကြီးထံသို့ ရုတ်တရက် ဝေ့ကြည့်လာသည်။
ရဟန်းအိုကြီး၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး ဝိညာဉ်မှာ လွင့်စင်မတတ် ခံစားလိုက်ရသည်။ ထိုတစ်ခဏအတွင်း သူ၏ ဝိညာဉ်ကာကွယ်ရေးစနစ်မှာ ပြိုလဲလုနီးပါး ဖြစ်သွားခဲ့ရသည်။
ချီလုံသည် ရဟန်းအိုကြီး၏ ရှေ့သို့ ချက်ချင်းရောက်ရှိလာပြီး ကြီးမားလှသော နဂါးပါးစပ်ကြီးကို ဟကာ ရဟန်းအိုကြီးကို ဝါးမြိုရန် ပြင်လိုက်သည်။
“ဗောဓိသတ်ကျိန်စာ... နှိပ်ကွပ်စမ်း”
ရဟန်းအိုကြီး၏ အသံအဆုံးတွင် ကြီးမားလှသော ချီလုံမှာ ထူးဆန်းသည့် နတ်ဘုရားစွမ်းအားတစ်ခု၏ ချုပ်နှောင်မှုကို ခံလိုက်ရပြီး လှုပ်ရှား၍မရတော့ပေ။ တစ်ချိန်တည်းမှာပင် ရဟန်းအိုကြီး၏ ကိုယ်ပေါ်မှ အငွေ့အသက်များမှာလည်း အားနည်းသွားသည်။
ရွှေရောင်နတ်မင်းကြီး၏ တုတ်ကြီးက ချီလုံ၏ကိုယ်ပေါ်သို့ ထပ်မံကျရောက်သွားရာ “ဝုန်း” ခနဲ အသံကြီးနှင့်အတူ ချီလုံ၏ ကိုယ်ထည်မှာ သုံးပေခန့်သာရှိသော နဂါးလေးတစ်ကောင်အဖြစ် သေးငယ်သွားတော့သည်။ သို့သော် ထိုနဂါးလေးမှာ ခန့်ညားထည်ဝါသော အငွေ့အသက်များကို ထုတ်လွှတ်နေဆဲဖြစ်ပြီး ရေကန်မျက်နှာပြင်ပေါ်တွင် ပျံဝဲနေသည်။
ရဟန်းအိုကြီးက အခြေအနေကို ထိန်းချုပ်နိုင်ပြီဟု ထင်မှတ်နေစဉ်မှာပင် ရေကန်ရေများမှာ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ရဟန်းအိုကြီးထံသို့ တိုးဝင်လာသည်။ ထိုရေများထဲတွင် စင်ကြယ်လွန်းသော စွမ်းအားများ ပါဝင်နေသည်။
ရဟန်းအိုကြီးသည် ရွှေရောင်နတ်မင်းကြီးကို သူ့ရှေ့တွင် အကာအကွယ်အဖြစ် ထားရှိလိုက်သည်။ ရွှေရောင်နတ်မင်းကြီး၏ ကိုယ်ပေါ်မှ ရွှေရောင်အလင်းတန်းများက အကာအကွယ်တံတိုင်းတစ်ခုကို ဖန်တီးလိုက်သော်လည်း၊ ရေကန်ရေများနှင့် ထိတွေ့လိုက်သည်နှင့် ဆီးနှင်းပေါ်သို့ ရေပူလောင်းချလိုက်သကဲ့သို့ ထိုတံတိုင်းမှာ အရည်ပျော်ကျသွားတော့သည်။
ရဟန်းအိုကြီးသည် အနောက်သို့ ဆုတ်ခွာရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
“မင်းတို့တွေ အခုထိ မလှုပ်ရှားသေးဘူးလား၊ ဒီနဂါးဝိညာဉ် ထွက်ပြေးသွားရင်တော့ အားလုံး အချည်းနှီးပဲ ဖြစ်သွားလိမ့်မယ်”
ထိုစဉ် မြူခိုးများထဲမှ ပုံရိပ်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ ၎င်းမှာ ဆံပင်နှင့် မုတ်ဆိတ်ဖြူနေသော အဘိုးအိုတစ်ဦးဖြစ်သည်။ သူ၏ မျက်ခုံးများမှာ ဓားကဲ့သို့ စူးရှနေပြီး မျက်လုံးများမှာ အေးစက်လှသည်။ ခါးတွင်လည်း ရှေးဟောင်းဓားတစ်လက်ကို ချိတ်ဆွဲထားသည်။
သူသည် ဒေါသထွက်နေသော ရဟန်းအိုကြီးကို ကြည့်ကာ ခပ်အေးအေးပင် ပြောလိုက်သည်။
“မဟာယာန ရဟန်းကြီးက တည်ငြိမ်မှု မရှိလှပါလား”
ထိုသူမှာ ရှီမျိုးနွယ်စု၏ အဘိုးအို ပင် ဖြစ်သည်။ သူ၏ အသားအရေမှာ ကလေးငယ်တစ်ဦးကဲ့သို့ နုနယ်နေပြီး သေခါနီးလူအိုတစ်ယောက်နှင့် လုံးဝမတူပေ။ သူက လက်ဟန်တစ်ခု ပြုလုပ်လိုက်ရာ သူ၏ကိုယ်ပေါ်တွင် တိမ်တိုက်များ ဖုံးလွှမ်းသွားပြီး အပြာရောင်နဂါး တစ်ကောင် ပေါ်ထွက်လာသည်။
ထိုအပြာရောင်နဂါးမှာ အကြေးခွံ၊ ဦးချိုနှင့် လက်သည်းများအထိ အစစ်အမှန်အတိုင်း ထင်ယောင်ထင်မှားဖြစ်စေလောက်အောင် အသက်ဝင်လှသည်။ အပြာရောင်နဂါး ပေါ်လာသည်နှင့် ချီလုံနဂါးလေး၏ အငွေ့အသက်ကို ဖိနှိပ်လိုက်ပြီး၊ အကာအကွယ်များကို ဖျက်ဆီးနေသည့် ရေကန်ရေများကိုလည်း ရေထဲသို့ ပြန်လည်တွန်းပို့လိုက်သည်။
ရှီမျိုးနွယ်စု၏ နတ်သားရဲလေးပါး ကျင့်စဉ်မှာ ဤအဘိုးအို၏ လက်ထဲတွင် အံ့မခန်း စွမ်းအားကြီးလှသည်။ ရဟန်းအိုကြီးမှာ ထိုအဘိုးအိုကို ကြည့်ရင်း စိတ်ထဲတွင် လေးလံသွားမိသည်။ ဤရှီမျိုးနွယ် အဘိုးအိုနှင့် ပူးပေါင်းခြင်းသည် ကံကောင်းခြင်းလား၊ ကံဆိုးခြင်းလား သူ မဝေခွဲနိုင်တော့ပေ။
ရုတ်တရက် အပြာရောင်နဂါးမှာ ရွှေရောင်နတ်မင်းကြီးရှိရာသို့ ဆင်းသက်လာပြီး ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်သွားသည်။ ရွှေရောင်နတ်မင်းကြီးမှာ ကြိုတင်ပြင်ဆင်ထားသဖြင့် ရွှေရောင်အလင်းတန်းများဖြင့် ကာကွယ်နိုင်ခဲ့သော်လည်း ရဟန်းအိုကြီးမှာ ဒေါသထွက်သွားသည်။
“မင်းက နဂါးဝိညာဉ်ကိုပဲ မဟုတ်ဘဲ ငါ့အသက်ကိုပါ ရယူဖို့ ကြံစည်နေတာကိုး”
သူသည် ရင်ဘတ်ထဲမှ ရွှေရောင်ဆေးလုံးတစ်လုံးကို ထုတ်ကာ သောက်လိုက်ရာ သူ၏ စွမ်းအားများမှာ ချက်ချင်းပင် ပြန်လည်ပြည့်ဖြိုးလာပြီး ပိုမိုအားကောင်းလာသည်။ ၎င်းမှာ မဟာယာနဂိုဏ်း၏ အဖိုးတန် ကုသဆေးပင် ဖြစ်သည်။ ရဟန်းအိုကြီးမှာ အသက်နှင့်လဲ၍ တိုက်ခိုက်ရန် ပြင်လိုက်ပြီဖြစ်သည်။
တောင်ကြားထဲတွင် ပြင်းထန်သော ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ လီယန်ချူသည် ခေါင်းမော့ကြည့်လိုက်ရာ ရွှေရောင်မြူခိုးများထဲတွင် ခန့်ညားထည်ဝါသော အပြာရောင်နဂါးကြီးတစ်ကောင်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားသည်။
“ချီလုံနဂါး မဟုတ်ဘူးလား”
သူ စဉ်းစားနေစဉ်မှာပင် ပြင်းထန်သော လေတိုးသံနှင့်အတူ မြွေဟောက်ကြီးတစ်ကောင် ပြေးဝင်လာသည်။ ထိုမြွေကြီးမှာ အရင်က တွေ့ခဲ့သည့် မြွေများနှင့်မတူဘဲ မျက်လုံးထဲတွင် လူသားတစ်ယောက်ကဲ့သို့ အသိဉာဏ်ရှိနေသည်။ ၎င်းမှာ ရှီမျိုးနွယ်စုဝင်များ၏ ကျင့်စဉ်မှ ဖန်တီးထားခြင်းပင်။
မြွေကြီးသာမက ခြင်္သေ့၊ ကျား၊ ဝက်ဝံ နှင့် သစ်ကျားများစွာမှာလည်း မြူခိုးများထဲမှ ထွက်ပေါ်လာပြီး ဝတ်ရုံဖြူဆရာမလေး ယွမ်ရှူ၊ မဟာယာနရဟန်းများနှင့် လေလွင့် ကျင့်ကြံသူများကိုပါ ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။
“ဝုန်း”
လီယန်ချူသည် သူ့ထံသို့ ပြေးဝင်လာသော မြွေကြီးကို လက်တစ်ချက်တည်းနှင့် ရိုက်ခွဲပစ်လိုက်သည်။ မြူခိုးများထဲတွင် ပုန်းကွယ်နေသော ရှီမျိုးနွယ်စုမှ လူငယ်တစ်ဦးမှာ ထိုမြင်ကွင်းကို မြင်ပြီး မှင်သက်သွားသည်။ သူသည် မိသားစုထဲတွင် ထိပ်သီးပါရမီရှင် မဟုတ်သော်လည်း သာမန် ကျင့်ကြံသူများထက် များစွာ သာလွန်သူ ဖြစ်သည်။
သူ ဖန်တီးထားသည့် မြွေကြီးကို ဤတာအိုဆရာငယ်က သာမန်ကာလျှံကာ လက်တစ်ချက်နှင့် ခြေမှုန်းလိုက်သည်ကို သူ မယုံကြည်နိုင်ဖြစ်နေသည်။
လီယန်ချူက လှမ်းကြည့်လိုက်သောအခါ ထိုလူငယ်မှာ ကြောက်လန့်တကြား နောက်သို့ ဆုတ်ခွာသွားသည်။ သို့သော် လီယန်ချူက လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော လေဓားတစ်ချက် ထွက်ပေါ်သွားပြီး...
“ရှပ်”
ထိုလူငယ်၏ ခေါင်းမှာ မြေပြင်ပေါ်သို့ လိမ့်ကျသွားတော့သည်။ သူ သေဆုံးခါနီး တစ်ခဏအတွင်း သူ၏ ကိုယ်လက်မဲ့ ခန္ဓာကိုယ်ကို သူကိုယ်တိုင် မြင်လိုက်ရသေးသည်။
‘ဘာတွေဖြစ်သွားတာလဲ... ဒီမှာ လူသတ်နတ်ဘုရားတစ်ပါး ပုန်းနေတာလား’ ဟု သူ တွေးနေရင်းပင် သူ၏ အသိစိတ်များ ပျောက်ကွယ်သွားတော့သည်။
လီယန်ချူကတော့ ထိုလူငယ်၏ အတွေးကို ဂရုမစိုက်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။
“ရှီမျိုးနွယ်စုက တောင်ကြားထဲမှာရှိတဲ့ လူအားလုံးကို သတ်ဖို့ ကြံစည်နေတာလား”
တစ်ဖက်တွင် လေလွင့်ကျင့်ကြံသူ နှစ်ဦးမှာ ဒဏ်ရာများဖြင့် ရှီမျိုးနွယ်စုဝင်တစ်ဦး၏ ရှေ့တွင် ကြောက်လန့်နေကြသည်။ ထိုသူတို့ထဲတွင် ဆုန့်ရင် ဆိုသည့် အမျိုးသမီးလေးလည်း ပါဝင်သည်။ သူမသည် ရှေးဟောင်းဂူတစ်ခုမှ ရရှိထားသည့် ‘ဆံထိုး’ လက်နက်ဖြင့် ခုခံနေသော်လည်း အခြေအနေမှာ မဟန်တော့ပေ။
ရှီမျိုးနွယ်စုမှ အရပ်ရှည်ရှည် လူငယ်က အေးစက်စွာ ပြောလိုက်သည်။
“မင်းတို့လို လေလွင့် ကျင့်ကြံသူတွေက ဒီနဂါးဝိညာဉ်ကို လုဖို့ ကြံစည်ရဲတာလား”
“ရှင်တို့က လူအားလုံးကို အပြတ်ရှင်းဖို့ လုပ်နေတာလား”
ဆုန့်ရင်က ဒေါသတကြီး မေးလိုက်သည်။
“နောက်ကျသွားပြီ။ ဒီနေ့ ဒီနေရာဟာ မင်းတို့ရဲ့ သင်္ချိုင်းဖြစ်ရမယ်”
ထိုလူငယ်က သူ၏ ကိုယ်ပေါ်မှ အနီရောင်ငှက် နှင့် လိပ်နက်ကြီး ပုံရိပ်များကို စေလွှတ်ကာ တိုက်ခိုက်လိုက်သည်။ ဆုန့်ရင်နှင့် ဘေးမှ အဘိုးအိုတို့မှာ ထိုပြင်းထန်သော စွမ်းအားကို မယှဉ်နိုင်တော့ဘဲ မျက်နှာများ ဖြူလျော့သွားကြသည်။
သေရတော့မည်ဟု ထင်မှတ်နေစဉ်မှာပင် ယင်နှင့်ယန် စွမ်းအားတစ်ခုက ထိုပုံရိပ်များကို ရိုက်ခွဲပစ်လိုက်သည်။
“ဘယ်သူလဲ” ရှီမျိုးနွယ် လူငယ်က အော်ဟစ်လိုက်သည်။
ခန့်ညားထည်ဝါသော အသွင်အပြင်နှင့် ကျောတွင် ရှေးဟောင်းဓားတစ်လက်ကို လွယ်ထားသည့် တာအိုဆရာငယ်တစ်ဦး ထွက်ပေါ်လာသည်။ သူ၏ ကိုယ်ပေါ်တွင် ပြင်းထန်သော အငွေ့အသက်များ မရှိသော်လည်း သူ၏ မျက်လုံးများကမူ သာမန်လူမဟုတ်ကြောင်း သက်သေပြနေသည်။
လီယန်ချူသည် ဘာမှမပြောပေ။ သူ မြင်တွေ့ခဲ့ရသည့် ရှီမျိုးနွယ်စုဝင်တိုင်း၏ ကိုယ်ပေါ်တွင် မကောင်းသော ရန်ငြိုးအငွေ့အသက်များနှင့် သွေးကွက်များ ဖုံးလွှမ်းနေသည်။ သူတို့၏ စွမ်းအားမှာ လူသားများကို ယဇ်ပူဇော်ပြီး ရရှိထားခြင်းဖြစ်မည်ဟု သူ သံသယဝင်နေသည်။
ရှီမျိုးနွယ် လူငယ်က လိပ်နက် ပုံရိပ်ကို သူ့ကိုယ်နှင့် ပေါင်းစပ်ကာ လီယန်ချူထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။ လီယန်ချူက လက်ကို လှန်လိုက်ရာ နဂါးပုံသဏ္ဌာန် စွမ်းအင်တစ်ခု ထွက်ပေါ်သွားပြီး ထိုလူငယ်ကို ဝါးမြိုပစ်လိုက်သည်။ ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ပြာဖြစ်သွားပြီး လီယန်ချူမှာ မြူခိုးများထဲသို့ ပြန်လည်ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။
ဆုန့်ရင်နှင့် ဘေးမှ အဘိုးအိုမှာ ပါးစပ်အဟောင်းသားနှင့် ကျန်ရစ်ခဲ့သည်။
“ဒီဆရာလေးက ဘယ်သူလဲ”
“ဖြစ်နိုင်တာကတော့ သူဟာ ယန်ဝိညာဉ် အဆင့် ကျွမ်းကျင်သူ တစ်ယောက်ပဲ ဖြစ်ရမယ်”
ဟု ဆုန့်ရင်က မှတ်ချက်ပေးသည်။
ဘေးမှ အဘိုးအိုက ခေါင်းငြိမ့်ကာ
“ဒီဆရာလေးရဲ့ ရုပ်ရည်က ငါငယ်ငယ်တုန်းကနဲ့တောင် တော်တော်လေး ဆင်သေးတယ်”
ဟု ပြောလိုက်ရာ ဆုန့်ရင်က သူ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေတော့သည်။
လီယန်ချူသည် မြူခိုးများထဲတွင် လျှင်မြန်စွာ ရွေ့လျားနေရင်း တိုက်ခိုက်သံများကို ကြားလိုက်ရသည်။ ရှီမျိုးနွယ်မှ အဘိုးအိုတစ်ဦးက မဟာယာနရဟန်းတစ်ပါးကို တိုက်ခိုက်နေခြင်းဖြစ်သည်။ ထိုစဉ် ထူးဆန်းသော အရာတစ်ခုက မဟာယာနရဟန်းကို တစ်ခဏအတွင်း ဝါးမြိုပစ်လိုက်ရာ ခေါင်းတစ်ခုတည်းသာ မြေပေါ်သို့ ကျန်ရစ်တော့သည်။
“အဲဒီအရာ ထပ်ပေါ်လာပြန်ပြီ” လီယန်ချူက တွေးလိုက်သည်။
ရှီမျိုးနွယ်အဘိုးအိုက လီယန်ချူကို မြင်သည်နှင့် တိုက်ခိုက်လိုက်သော်လည်း လီယန်ချူက လုံဟူရှန်း၏ ယင်ယန်ကျင့်စဉ်ဖြင့် ခုခံကာ ထိုအဘိုးအိုကိုပါ ရှင်းလင်းပစ်လိုက်သည်။
ထိုစဉ် မြူခိုးများထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ခန့်ညားထည်ဝါသော တာအိုဝတ်စုံနှင့် မျက်လုံးများမှာ ကြယ်တာရာကဲ့သို့ တောက်ပနေသည့် ဝတ်ရုံဖြူတာအိုမလေး ယွမ်ရှူ ပင် ဖြစ်သည်။
“လီတာအိုဆရာ၊ ရှင် ဒီမှာရှိနေတာကိုး”
သူမက ညင်သာစွာ ပြောလိုက်သည်။
လီယန်ချူက ခေါင်းငြိမ့်ပြသည်။ ယွမ်ရှူက လီယန်ချူ၏ အနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
“တစ်ခုခုတော့ မှားနေပြီ။ ရှီမျိုးနွယ်စုအပြင် အမှောင်ထဲမှာ လူသတ်နေတဲ့ နောက်ထပ် အရာတစ်ခု ရှိသေးတယ်”
လီယန်ချူက သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ကာ
“သွားရအောင်၊ တခြားနေရာတွေကို သွားကြည့်ရအောင်” ဟု ပြောလိုက်သည်။
သူတို့နှစ်ဦး မြူခိုးများထဲတွင် အတူတူ လျှောက်လာကြသည်။
ရုတ်တရက် လီယန်ချူသည် တိုက်ခိုက်သံများကို ကြားလိုက်ရသဖြင့် ရှေ့သို့ ကြည့်လိုက်ရာ... ထူးဆန်းစွာပင် ယွမ်ရှူ သည် မဟာယာနရဟန်း နှစ်ပါး၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံနေရသည်ကို တွေ့လိုက်ရသည်။
‘ဒါဆို ငါ့ဘေးက ယွမ်ရှူက ဘယ်သူလဲ’
သူ့ဘေးမှ ယွမ်ရှူကို လှည့်ကြည့်လိုက်သောအခါ သူမက သူ့ကို ကြည့်ကာ ထူးဆန်းပြီး ကြောက်စရာကောင်းသော အပြုံးတစ်ခုဖြင့် ပြုံးပြနေသည်။ ထို့နောက် ထိုပုံရိပ်မှာ လီယန်ချူထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။
“ဘုန်း”
ထိုပုံရိပ်မှာ လီယန်ချူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရန် ကြိုးစားသော်လည်း ပြင်းထန်သော တိုက်မိသံနှင့်အတူ အပြင်သို့ ပြန်လည်ကန်ထွက်သွားသည်။ ထိုအရာမှာ ယွမ်ရှူ၏ ပုံစံမှ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်ပုံစံသို့ ပြောင်းလဲသွားပြီး အံ့သြတုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
“မဖြစ်နိုင်တာ... တာအိုဆရာတစ်ယောက်က ဘယ်လိုလုပ် ဒီလောက် သန်မာတဲ့ ခန္ဓာကိုယ်မျိုး ရှိနေရတာလဲ”
လီယန်ချူက ပြုံးလိုက်ကာ “မာတယ်မလား” ဟု ပြောရင်း လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ထိုအရာမှာ ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။
လီယန်ချူက မျက်မှောင်ကြုတ်ကာ
“ဒါက ဘာလဲ၊ ဝိညာဉ်ခန္ဓာတစ်ခုလား”
ဟု တွေးမိသည်။
သူသည် မိမိ၏ သန်မာသော ခန္ဓာကိုယ်ကို ဖုံးကွယ်ထားသော်လည်း ထိုအရာက သူ့ကို အလွယ်တကူ ဝင်ရောက်ပူးကပ်နိုင်မည်ဟု ထင်မှတ်ကာ အနားသို့ ကပ်လာခြင်းဖြစ်သည်။
လီယန်ချူသည် အစစ်အမှန် ယွမ်ရှူရှိရာသို့ လျှင်မြန်စွာ သွားရောက်ခဲ့သည်။ သူ ရောက်သွားချိန်တွင် ယွမ်ရှူမှာ မဟာယာနရဟန်းတစ်ပါးကို သတ်ဖြတ်လိုက်ပြီးဖြစ်သည်။ သို့သော် လီယန်ချူ၏ ပုံစံအတိုင်း အသွင်ဆောင်ထားသည့် ဝိညာဉ်တစ်ခုက ယွမ်ရှူ၏ အနားသို့ ကပ်သွားပြီး သူမကို လုပ်ကြံရန် ပြင်နေသည်။
“ရှူး”
လီယန်ချူသည် လျှပ်စီးကဲ့သို့ ပြေးဝင်သွားပြီး ထိုဝိညာဉ်တုကို ဖမ်းချုပ်လိုက်သည်။ သူ၏ မျက်လုံးများမှ အလင်းတန်းများ ထွက်ပေါ်လာပြီး ကြည့်လိုက်ရာ ထိုအရာမှာ ပြင်းထန်သော မကောင်းသော အငွေ့အသက် များဖြင့် ဖွဲ့စည်းထားသည့် ဝိညာဉ်စုတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။