အခန်း (၇၉၉-၈၀၀)
Vol. 80 Ch. 799-800
အခန်း (၇၉၉) စိတ်ဆန္ဒအတိုင်းသာ၊ တာအိုအရှင်သခင်၏ စိတ်ဆန္ဒသက်ရောက်ခြင်း နှင့် လျှို့ဝှက်လက်မည်းကြီး
လီယန်ချူသည် ခါးကိုအသာအယာကိုင်းညွတ်ကာ ဖုန်းနတ်ဘုရားလေး ကို ပြန်လည်ကောက်ယူလိုက်သည်။ ထိုလေးပေါ်တွင် မဆုတ်မနစ်သော ဇွဲလုံ့လစိတ်ဓာတ်တစ်ခု ထပ်မံကိန်းအောင်းသွားသကဲ့သို့ပင်။ သူ၏မျက်နှာမှာ တည်ငြိမ်နေသော်လည်း မျက်ဝန်းများအတွင်း၌မူ ခံစားချက်လှိုင်းအချို့ လှုပ်ခတ်နေသည်။
သူသည် မိမိကိုယ်မိမိ စတေး၍ သားရဲဆိုးကြီးများကို ရုန်းကန်တိုက်ခိုက်နေကြသည့် ဘီလူးကျောက်ရုပ်များကို ကြည့်လိုက်မိသည်။ မြင်ကွင်းမှာ အလွန်ပင် ရက်စက်ကြမ်းတုတ်လှသလို ကြေကွဲဖွယ်ရာလည်း ကောင်းလှသည်။
မျက်လုံးတစ်လုံးတည်းပါသော ဘီလူးကျောက်ရုပ်တစ်ရုပ်သည် သားရဲတစ်ကောင်ကို အပြင်းအထန် ဒဏ်ရာရအောင် တိုက်ခိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်မှာလည်း အပိုင်းပိုင်းအစစ ကြေမွသွားခဲ့ရသည်။ ခန္ဓာကိုယ်တစ်ဝက်မှာ လီယန်ချူ၏ခြေရင်းနားသို့ လွင့်စင်ကျလာသည်။
လီယန်ချူ ငြိမ်သက်စွာ ကြည့်နေမိသည်။ ဤမျက်လုံးတစ်လုံးတည်းပါသော ဘီလူးကျောက်ရုပ်ကို သူမှတ်မိသည်။ ထိုစဉ်က ရွာအပြင်ဘက်တွင် လီယန်ချူက မိုးကြိုးလက်ဝါး ကိုအသုံးပြု၍ ကောင်းကင်မိစ္ဆာကို တိုက်ခိုက်နေစဉ်၊ သူ၏ပြင်းထန်လှသော အရှိန်အဝါကြောင့် ဤကျောက်ရုပ်သည် ထိခိုက်မည်စိုးသဖြင့် အဝေးသို့ ရှောင်ပြေးခဲ့ဖူးသည်။
ဤလူငယ်တာအိုဆရာ၏ အစွမ်းထက်မှုကို သူသိသဖြင့် ဘေးမသင့်စေရန် ဝေးဝေးမှ ရှောင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုကဲ့သို့ သားရဲဆိုးကြီးများကို တိုက်ခိုက်ရာတွင်မူ သူသည် အနည်းငယ်မျှ နောက်ဆုတ်ခြင်း မရှိခဲ့ပေ။ ယခုအခါ သူ၏ကိုယ်တွင်းမှ လက်ကျန်ဆန္ဒ များမှာ ကုန်ဆုံးသွားပြီဖြစ်သဖြင့် အသက်မဲ့သော ကျောက်ရုပ်အကျိုးအပဲ့တစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။
သို့သော်ငြားလည်း ထိုမျက်လုံးတစ်လုံးမှာမူ လီယန်ချူကို စိုက်ကြည့်နေဆဲပင်။
“ဒါ မင်းတို့ စောင့်ရှောက်ချင်တဲ့ ယုံကြည်ချက်လား...”
“ဒါဆိုရင်... မင်းတို့ရဲ့ အဲဒီစွဲလမ်းမှုကို ငါပဲ အဆုံးသတ်ပေးလိုက်မယ်”
လီယန်ချူ၏ စကားသံအဆုံးတွင်မူ၊ ပျောက်ကွယ်သွားသင့်ပြီဖြစ်သော ထိုမျက်လုံးတစ်လုံးတည်းနှင့် ဘီလူးမှာ ဖြည်းညှင်းစွာ မျက်လုံးမှိတ်သွားတော့သည်။
လီယန်ချူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသည်။
လီယန်ချူ၏လက်ထဲမှ ဖုန်းနတ်ဘုရားလေးကို မက်မောနေသည့် အစွမ်းထက်ကျင့်ကြံသူတစ်ဦးမှာ မျက်လုံးများ အရောင်တောက်လာပြီး အခွင့်ကောင်းယူကာ လုယူရန် ရှေ့သို့တိုးလိုက်သည်။ ၎င်းမှာ တတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ကျောတွင် ရှေးဟောင်းဓားတစ်လက်ကို လွယ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားဖြစ်သည်။
သို့သော် သူ၏အင်္ကျီလက်ကို တစ်စုံတစ်ယောက်က လှမ်းဆွဲလိုက်သည်။ ၎င်းမှာ သူ၏ အသက် (၁၃) နှစ်အရွယ် တပည့်မလေးဖြစ်သည်။ ထိုမိန်းကလေးမှာ မွေးရာပါ ဓားဝိညာဉ် ကို ပိုင်ဆိုင်ထားသော်လည်း ဓားကျင့်ရသည်မှာ ပျင်းလှသဖြင့် သူ၏ဆရာသင်ပေးသော ဓားကျင့်စဉ်များမှာ ရှုပ်ထွေးလွန်း၍ မမှတ်မိဟု အမြဲငြင်းလေ့ရှိသည်။
တတိယအဆင့် အစွမ်းထက်ဓားကျင့်ကြံသူဖြစ်သော ဆရာမှာလည်း တပည့်မလေးကို အပြစ်မဆိုခဲ့ပေ။ ယခုအခါ ထိုတပည့်မလေးက သူ၏အင်္ကျီလက်ကို ဆွဲကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ဆရာ့မှာ အသက်က တစ်ချောင်းတည်းရှိတာ... ဘာလို့ မမြတ်နိုးတာလဲဟင်”
ထိုဓားကျင့်ကြံသူသည် တပည့်မလေး၏ ကြည်လင်သောမျက်ဝန်းများကို ကြည့်ကာ ခန္ဓာကိုယ်တစ်ခုလုံး တုန်တက်သွားတော့သည်။
ထိုအချိန်တွင် လီယန်ချူ၏ မျက်နှာမှာ ရေပြင်ကဲ့သို့ တည်ငြိမ်နေသည်။ သူသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ တစ်ကိုယ်လုံးမှ အရှိန်အဝါများ ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။
သွေးအားများသည် သမုဒ္ဒရာကြီးကဲ့သို့ ဆူပွက်လာပြီး ဦးခေါင်းထက်တွင် တောက်ပလှသော ရွှေရောင်နေမင်းကြီးတစ်စင်း ပေါ်ထွက်လာကာ ညကောင်းကင်ယံ တစ်ခုလုံးကို လင်းထိန်သွားစေသည်။ အလွန်ပင် ခန့်ညားထည်ဝါလှပေသည်။
ကောင်းကင်ယံမှ လမင်းကြီးပင်လျှင် သူ၏ပြင်းထန်လှသော သွေးအားများ၏ ရိုက်ခတ်မှုကို ခံလိုက်ရပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဆူပွက်နေသည့်အလား လေထုများမှာလည်း ပူပြင်းလာတော့သည်။
ဤကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်နှင့် မြေကမ္ဘာ၏ ထူးခြားသော နိမိတ်များ ကြောင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ နောက်သို့ ဆုတ်ခွာကုန်ကြသည်။
တတိယအဆင့် ဓားကျင့်ကြံသူမှာလည်း အံ့သြသွားကာ မိမိ၏ တပည့်မလေးကို လှည့်ကြည့်လိုက်မိသည်။
စိတ်ထဲတွင်လည်း
“တော်သေးတာပေါ့... ခုနက ငါစိတ်မစောခဲ့လို့” ဟု တွေးကာ စိတ်သက်သာရာ ရသွားတော့သည်။
လီယန်ချူ၏ အရှိန်အဝါမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး တစ်ကိုယ်လုံးတွင် ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းနေသည်။ သူသည် တဟုန်းဟုန်းတောက်လောင်နေသည့် ဧရာမ မီးဖိုကြီးတစ်ခုကဲ့သို့ပင်။
ရှီမိသားစု ဘိုးဘေးကြီးသည် မျက်နှာအေးစက်သွားကာ မျက်ခုံးများကို ပင့်၍ အော်ဟစ်လိုက်သည်။
“မင်းလို နောက်ပေါက်က မရပ်သေးဘူးလား”
“ဒီနတ်ဘုရားမြေကို ဖျက်ဆီးပစ်ချင်နေတာလား”
လီယန်ချူသည် ထိုအသံကို မကြားသကဲ့သို့ပင်။ သူသည် ဖုန်းနတ်ဘုရားလေးကို လပြည့်ဝန်းကဲ့သို့ တင်းတင်းဆွဲလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။ ရှီမိသားစု ဘိုးဘေးကြီးပင်လျှင် မျက်လုံးများ ကျဉ်းမြောင်းသွားရသည်။
တောက်ပလှပသော အလင်းတန်းတစ်ခု ဖြစ်ပေါ်လာပြီး...
ရှူး...
ဟင်းလင်းပြင်ကို ဖောက်ထွက်သွားကာ ကောင်းကင်ယံ၌ နေမင်းတစ်စင်း ပေါက်ကွဲထွက်လာသကဲ့သို့ ဖြစ်သွားသည်။
တတိယအဆင့်ရှိပြီး ကိုယ်တွင်းစွမ်းအား သမုဒ္ဒရာကဲ့သို့ များပြားလှသော သားရဲကြီးတစ်ကောင်မှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားတော့သည်။ ဖုန်းနတ်ဘုရားလေးတွင် ဘီလူးကြီး၏ မဆုတ်မနစ်သော စိတ်ဓာတ်များ ပါဝင်နေသဖြင့် မြားတစ်စင်၏ အစွမ်းမှာ ဤမျှအထိ ပြင်းထန်နေခြင်းဖြစ်သည်။
“မင်းတစ်ယောက်တည်းနဲ့ ဒီကမ္ဘာက သားရဲအားလုံးကို ရင်ဆိုင်ချင်တာလား... ဒါက ပုစဉ်းရင်ကွဲက ရထားလုံးကို တားသလိုပဲ အလကားပဲ”
ဟု ရှီဘိုးဘေးက အေးစက်စွာ ပြောလိုက်သည်။
လီယန်ချူက သူ့ကို တစ်ချက်မျှ အေးစက်စွာ ကြည့်လိုက်သည်။ ရှီဘိုးဘေးမှာ ခန္ဓာကိုယ် တုန်ခါသွားကာ သူ၏အကြည့်ကို တိုက်ရိုက်မရင်ဆိုင်ရဲတော့ပေ။
ဤရိုင်းစိုင်းကြမ်းတမ်း သော ကမ္ဘာရှိ သားရဲကြီးများသည် အလွန်ပင် အစွမ်းထက်ကြသည်။ ဤတာအိုဆရာလေး တစ်ယောက်တည်းနှင့် မည်သို့မျှ မယှဉ်နိုင်ဘဲ နောက်ဆုံးတွင် ဤနေရာ၌ပင် ပျောက်ကွယ်သွားရလိမ့်မည်ဟု ရှီဘိုးဘေးက ယူဆထားသည်။
သူသည် အသက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သဖြင့် လီယန်ချူနှင့် တိုက်ခိုက်ပြီး အင်အားမဖြုန်းလိုပေ။ သို့သော် အခြားလျှို့ဝှက်သော အကြောင်းရင်းတစ်ခုမှာ လီယန်ချူနှင့် အကြည့်ချင်းဆုံလိုက်စဉ် သူ၏စိတ်ထဲ၌ ကြောက်ရွံ့စိတ်တစ်ခု အလိုအလျောက် ဖြစ်ပေါ်သွားခြင်းပင်...။
သားရဲကြီးများသည် လီယန်ချူ၏ အရှိန်အဝါကြောင့် တုန်လှုပ်နေကြသော်လည်း ၎င်းတို့မှာ မွေးရာပါ ရက်စက်ကြမ်းတမ်းသူများဖြစ်သဖြင့် ဤအတိုင်း ဆုတ်ခွာသွားကြမည် မဟုတ်ပေ။
“ပုစဉ်းရင်ကွဲက ရထားလုံးကို တားတယ် ဟုတ်လား...”
လီယန်ချူက အေးစက်စွာ ရယ်မော်လိုက်သည်။ သူ၏အသံမှာ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားတော့သည်။
ဝုန်း... ဝုန်း...
ပေတစ်ထောင် မြင့်မားလှသော ရှေးဟောင်း နတ်ဘုရားပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာသည်။ ဦးခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအရှိန်အဝါများ ဖုံးလွှမ်းနေသည်။ လက်ထဲတွင် ကျောက်ထျန်းတံဆိပ်၊နဂါးငါးပါးစက်ဝိုင်း ၊ မီးလျှံမြှား ၊ မီးကျီးကန်းတစ်သောင်းအိုး နှင့် မီးလျှံဓားဟူသော အစွမ်းထက် မီးနတ်ဘုရားလက်နက် ငါးမျိုးကို ကိုင်ဆောင်ထားသည်။
ခြေထောက်တွင် မီးနဂါးကို နင်းထားပြီး မျက်ဝန်းများမှာ လျှပ်စီးတန်းများကဲ့သို့ပင်။ ၎င်းမှာ တောင်ပိုင်း မီးနတ်ဘုရား ၏ နတ်ဘုရားပုံရိပ် ပင် ဖြစ်သည်။
ဤရှေးဟောင်းနတ်ဘုရားကြီး ပေါ်လာသည်နှင့် တစ်ကမ္ဘာလုံး တိတ်ဆိတ်သွားတော့သည်။ သားရဲဆိုးကြီးများနှင့် တိုက်ခိုက်နေသော ကျောက်ရုပ်များအားလုံး အရှိန်သတ်သွားကြသည်။ အကြောင်းမှာ ဤနတ်ဘုရားပုံရိပ်၏ ဖိအားမှာ တောင်တစ်လုံးကဲ့သို့ အလွန်ပင် ပြင်းထန်လှသောကြောင့် ဖြစ်သည်။
“ရွှေကြိမ်လုံးကိုကိုင်ပြီး လောကကို လှည့်လည်တယ်၊ ရွှေချပ်ဝတ်ကို ဝတ်ဆင်ပြီး အစွမ်းပြတယ်... လင်ကွမ်းနတ်စစ်သူကြီး ကို ဖိတ်ခေါ်ခြင်း ကျိန်စာ... ပွင့်စေ ”
လီယန်ချူ၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားပြီး ဟင်းလင်းပြင်ထဲမှ အလွန်ပင် ကြီးမားလှသော နတ်ဘုရားစွမ်းအားများ ကျရောက်လာတော့သည်။ ရွှေချပ်ဝတ်ဝတ်ဆင်ထားသော နတ်စစ်သူကြီးတစ်ပါး ပေါ်လာသည်။
လက်ထဲတွင် ရွှေကြိမ်လုံးကို ကိုင်ဆောင်ထားကာ အရှိန်အဝါမှာ မြင့်မြတ်သန့်စင်ပြီး လျှပ်စီးလက်သံများလည်း ထွက်ပေါ်နေသည်။ ၎င်းမှာ လင်ကွမ်းဖိတ်ခေါ်ခြင်း ကျိန်စာမှတစ်ဆင့် ငှားရမ်းထားသည့် ဝမ်လင်ကွမ်း ၏ နတ်ဘုရားစွမ်းအားပင် ဖြစ်သည်။
အဆင့်မြင့်အတတ် - တစ်ကိုယ်မှ သုံးကိုယ်ခွဲခြင်း
လီယန်ချူသည် ဤမဟာအတတ်ကို အစောကတည်းက တတ်မြောက်ထားပြီးဖြစ်သည်။ ယခုအခါ နတ်ဘုရားပုံရိပ်ကြီး နှစ်ခု၏ အရှိန်အဝါမှာ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေတော့သည်။
ရှီမိသားစု ဘိုးဘေးကြီးမှာ မျက်နှာပျက်သွားကာ တည်ငြိမ်နေသော အမူအရာမှာ ပျောက်ကွယ်သွားပြီး ထိတ်လန့်တုန်လှုပ်သွားတော့သည်။
“မဖြစ်နိုင်တာ”
“ဒီတာအိုဆရာလေးက ဘယ်သူမို့လို့လဲ”
ဝုန်း... ဝုန်း... ဝုန်း...
ပေါက်ကွဲသံများ တစ်ဆက်တည်း ထွက်ပေါ်လာကာ ကောင်းကင်တွင် နေမင်းများစွာ ပေါ်လာသကဲ့သို့ ဖြစ်နေသည်။ ပြင်းထန်လှသော လေဖိအားများ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့သည်။
လီယန်ချူသည် တစ်ကိုယ်မှ သုံးကိုယ်ခွဲခြင်း အတတ်ကို အသုံးပြုကာ မီးနတ်ဘုရားပုံရိပ်ဖြင့် မီးကျီးကန်းများ၊ မီးနဂါးများကို စေလွှတ်၍ သားရဲကြီးများကို ဝါးမြိုလိုက်သည်။ မီးလျှံဓားဖြင့် ခုတ်ပိုင်းကာ၊ မိုင်သောင်းချီမီးခိုးမြူဖြင့် မြားများပစ်ခတ်ပြီး၊ ကျောက်ထျန်းတံဆိပ်ဖြင့် နတ်ဘုရားမီးများကို ထုတ်လွှတ်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သားရဲကြီး နှစ်ကောင်မှာ မီးနတ်ဘုရားပုံရိပ်၏အောက်တွင် ပြာအဖြစ် ပြောင်းလဲသွားတော့သည်။ ဝမ်လင်ကွမ်း၏ စွမ်းအားမှာလည်း အလွန်ပင် ပြင်းထန်လှသည်။
နတ်စစ်သူကြီးငါးရာ၏ အကြီးအကဲ၊ လောကကို ပြစ်ဒဏ်ခတ်သည့် တုထျန်း ၏ စစ်မှန်သော ယန်စွမ်းအား သည် ဟင်းလင်းပြင်တစ်ခုလုံးကို လွှမ်းမိုးထားသည်။ ရွှေကြိမ်လုံး တစ်ချက်ကျတိုင်း သားရဲတစ်ကောင် သေဆုံးရပြီး စစ်မှန်သော ယန်အရှိန်အဝါများက လောကကြီးကို လင်းထိန်စေကာ နတ်ဘုရားအစစ်အမှန် ဆင်းသက်လာသကဲ့သို့ပင်။
လီယန်ချူ၏ ကိုယ်ပေါ်မှ ရွှေရောင်သွေးအားများသည် သမုဒ္ဒရာကဲ့သို့ ဆူပွက်နေသည်။ ရှေးဟောင်းစိတ်ဓာတ်များ ကိန်းအောင်းနေသော ဖုန်းနတ်ဘုရားလေးမှ နတ်ဘုရားမြားများကို ဆက်တိုက် ပစ်ခတ်လိုက်သည်။
ဝုန်း... ဝုန်း... ဝုန်း...
ဟင်းလင်းပြင်ထဲတွင် ရွှေရောင်လှိုင်းလုံးများ ပေါက်ကွဲထွက်နေသည်။ အစောပိုင်းက မောက်မာလှသော သားရဲကြီးများမှာ လီယန်ချူ၏ရှေ့တွင် ခုခံနိုင်စွမ်းမရှိဘဲ တစ်ကောင်ပြီးတစ်ကောင် သေဆုံးကုန်ကြသည်။ လီယန်ချူသည် ဤကမ္ဘာရှိ ရှေးဟောင်းဘီလူးကြီးများ၏ စိတ်ဓာတ်များ မိမိကိုယ်ပေါ်သို့ စီးဝင်လာသည်ကို ခံစားနေရသည်။ သတ်ဖြတ်လိုစိတ်များမှာ ကောင်းကင်တိမ်တိုက်များကိုပင် ဖောက်ထွက်သွားတော့သည်။
မျက်မှောက်ရှိ ဘီလူးကျောက်ရုပ်များသာမက လီယန်ချူက သားရဲများကို သတ်ဖြတ်လိုက်သည်နှင့်အမျှ ဤကမ္ဘာမြေအတွင်းရှိ ပြင်းထန်လှသော ရှေးဟောင်းစိတ်ဓာတ်များမှာလည်း လီယန်ချူထံသို့ စုပြုံရောက်ရှိလာကြသည်။ လီယန်ချူ၏ ကိုယ်ပေါ်မှ သွေးအားများမှာ ထပ်မံဆူပွက်လာပြီး ကြွက်သားများမှာ ပေါက်ကွဲထွက်တော့မည့် အင်အားများ ပြည့်နှက်လာကာ နဂါးများ လှည့်ပတ်နေသကဲ့သို့ပင်။
ကောင်းကင်ယံမှ သားရဲငှက်ကြီးတစ်ကောင်မှာ မြားထိမှန်ကာ သွေးမြူများအဖြစ် ပေါက်ကွဲပျက်စီးသွားတော့သည်။ ကျင့်ကြံသူများမှာ မဟာယင်လရောင်ဝါကို စုပ်ယူရန် မစဉ်းစားရဲတော့ဘဲ အသက်လုကာ ထွက်ပြေးကုန်ကြသည်။
“ဒီတာအိုဆရာလေးက ဘယ်သူလဲ... ဘာလို့ သွေးချီအားတွေက ဒီလောက်တောင် ပြင်းထန်နေရတာလဲ”
“ဘာလို့ မီးနတ်ဘုရားပုံရိပ်က ဆင်းသက်လာတာလဲ... သူက နတ်ဘုရားတစ်ပါး လူဝင်စားတာလား”
“မဖြစ်နိုင်တာ နတ်ဘုရားဆိုရင်တောင် ဘယ်လိုလုပ်ပြီး နတ်ဘုရားပုံရိပ် နှစ်ခုရဲ့ စွမ်းအားကို တစ်ပြိုင်နက် သုံးနိုင်မှာလဲ”
လူသားကျင့်ကြံသူများမှာ လီယန်ချူ၏ စွမ်းအားကိုကြည့်ကာ အံ့သြတုန်လှုပ်နေကြသည်။ ၎င်းမှာ ဒဏ္ဍာရီလာ နတ်ဘုရားများ ဆင်းသက်လာပြီး မိစ္ဆာများကို နှိမ်နင်းနေသကဲ့သို့ပင်။
ဝုန်း... ဝုန်း... ဝုန်း...
တောင်တစ်လုံးကဲ့သို့ ကြီးမားလှသော သားရဲကြီးများမှာ တစ်ကောင်ပြီးတစ်ကောင် လဲကျကုန်သည်။ လီယန်ချူသည် ရတနာ အချို့ကိုလည်း ထုတ်သုံးလိုက်သည်။
ရှေးကျလှသော မှန်တစ်ချပ်သည် လေထဲတွင် ကြီးမားလာကာ နတ်ဘုရားအလင်းများကို ထုတ်လွှတ်နေသည်။ ကျန့်ကျောင့်ဓား သည် ဟင်းလင်းပြင်ကို ခွဲထွက်သွားသည်။ အစီရင်ဝတ်စုံပေါ်တွင် စစ်မှန်သော ယန်မိုးကြိုးမီးတောက်များ ဖုံးလွှမ်းနေသည်။
၎င်းအပြင် ယင်ယန်ဓာတ်ပုလင်း ပေါ်လာပြီး သားရဲများကို ချေဖျက်ကာ အိုးထဲသို့ ဖမ်းယူလိုက်သည်။
ကျင်းထဲ့ကျန်းလှံ သည် ကြယ်တံခွန်ကဲ့သို့ ကောင်းကင်ကို ခွဲခြမ်းသွားပြီး မည်သည့်အရာကိုမဆို ဖောက်ထွက်နိုင်စွမ်းရှိနေသည်။
လီယန်ချူ၏ ဝိညာဉ် မှာ အလွန်ပင် သန်မာလှသဖြင့် ဤရတနာများအားလုံးကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။ မြင်ကွင်းကို ကြည့်နေသူများမှာ ကြောက်ရွံ့လွန်းသဖြင့် အသည်းတုန်မတတ် ဖြစ်နေကြရသည်။ မည်သူမျှ ရတနာလုရန် မစဉ်းစားရဲတော့ပေ။
လီယန်ချူ၏ ကိုယ်တွင်းစွမ်းအားမှာ သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းပြီး ခန္ဓာကိုယ်မှာလည်း အလွန်သန်မာလှသည်။ သူသည် တစ်ကိုယ်မှ သုံးကိုယ်ခွဲခြင်းအတတ်နှင့် ရတနာများကို အသုံးပြုကာ သားရဲများကို သုတ်သင်နေသည်။ ဤတိုက်ပွဲမှာ အလွန်ပင် အားရကျေနပ်စရာ ကောင်းလှသည်။
သို့သော် ဤမျှအင်အားထုတ်သုံးခြင်းမှာ ကိုယ်တွင်းစွမ်းအားနှင့် ဝိညာဉ်အင်အားကို အလွန်အမင်း ကုန်ဆုံးစေသည်။ အကယ်၍ လီယန်ချူတွင် နှစ်ပေါင်း (၂၀၀၀) ကျင့်ကြံမှု အရှိန်အဝါသာ မရှိပါက ပုံမှန် ယန်ဝိညာဉ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးမှာ စောစောစီးစီးပင် စွမ်းအားကုန်ခမ်းသွားပေလိမ့်မည်။
“ဒီလောက်ထိ အင်အားတွေ သုံးနေတာ... မင်း ဘယ်လောက်ကြာကြာ ခံနိုင်မှာလဲ”
ဟု ရှီဘိုးဘေးက တိုးတိုးလေး ပြောလိုက်သည်။
သူသည် ဤလူငယ်မှာ ထူးခြားသော ပါရမီရှင်ဖြစ်ကြောင်း ဝန်ခံသော်လည်း၊ လျှို့ဝှက်အတတ်ဖြင့် ကြည့်လိုက်ရာ လီယန်ချူမှာ တတိယအဆင့် အစောပိုင်းတွင်သာ ရှိသေးကြောင်း တွေ့လိုက်ရသည်။ ဤမျှ စွမ်းအားထုတ်သုံးခြင်းမှာ ခန္ဓာကိုယ်အတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေလိမ့်မည်။
သို့သော် ရုတ်တရက် ရှီဘိုးဘေး၏ မျက်နှာ ပျက်သွားပြန်သည်။ လီယန်ချူ၏ ကိုယ်ပေါ်မှ ပို၍ ပြင်းထန်လှသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်ကို သူခံစားလိုက်ရသည်။
လီယန်ချူသည် ဆန်းကြယ်သော ခံစားချက်တစ်ခုကို ရရှိလိုက်သည်။ သူသည် ပထမဆုံးအကြိမ် တစ်ကိုယ်မှ သုံးကိုယ်ခွဲခြင်းအတတ်ကို အသုံးပြု၍ တိုက်ခိုက်ခြင်းဖြစ်ရာ၊ အင်အားအပြည့် ထုတ်သုံးလိုက်စဉ်မှာပင် အချိန်အတော်ကြာ မတိုးတက်ဘဲ ငြိမ်နေသော သူ၏ ကျင့်စဉ်အဆင့်မှာ လှုပ်ခတ်သွားတော့သည်။
ဝုန်း...
သူ၏ ကိုယ်ပေါ်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး တစ်ကမ္ဘာလုံးကို လင်းထိန်သွားစေသည်။ ယန်ဝိညာဉ် အဆင့်တက်ခြင်းမှာ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေနိုင်သော နိမိတ်များ ဖြစ်ပေါ်စေတတ်သည်။
သို့သော် လီယန်ချူတွင် ပြဿနာတစ်ခုရှိနေသည်မှာ သူသည် လူသားလောကတွင် အဆင့်တက်နေခြင်းမဟုတ်ဘဲ ဤရိုင်းစိုင်းကြမ်းတမ်း သော ကမ္ဘာငယ်လေးထဲတွင် အဆင့်တက်နေခြင်း ဖြစ်သည်။
ရှီဘိုးဘေး ပြောသကဲ့သို့ပင် ဤကမ္ဘာမှာ ပျက်စီးနေပြီဖြစ်သဖြင့် ကောင်းကင်မိုးကြိုးများပင် ဆင်းသက်လာနိုင်ခြင်း မရှိတော့ပေ။ ဤကဲ့သို့ ပျက်စီးနေသော နေရာတွင် အဆင့်တက်ပါက အောင်မြင်လျှင်ပင် ပုံမှန်ထက် အားနည်းသွားပေလိမ့်မည်။
ကျင့်ကြံရေးလောကတွင် လူသားလောက၌ တာအိုတရားများ ပြတ်တောက်နေပြီဟု ယူဆကြသော်လည်း အမှန်စင်စစ်မှာ အားနည်းသွားခြင်းသာ ဖြစ်သည်။ သို့သော် ဤကမ္ဘာမှာမူ တကယ်ပင် သေဆုံးနေခြင်းဖြစ်သည်။
“မင်းက ဘယ်လောက်ပဲ ပါရမီရှင်ဖြစ်ပါစေ... ဒီလို ပျက်စီးနေတဲ့ နေရာမှာ တာအိုတရားတွေ လုံးဝ ပြတ်တောက်နေပြီ... မင်း အဆင့်တက်သွားရင်တောင် အခုအခြေအနေကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး”
တောင်တန်းများကြားမှ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးများ ထပ်မံထွက်ပေါ်လာကြသည်။ အချို့မှာ မဟာယင်လရောင်ဝါကြောင့် ရောက်လာခြင်းဖြစ်ပြီး၊ အချို့မှာမူ တိုက်ပွဲအရှိန်အဝါကြောင့် ရောက်ရှိလာခြင်းဖြစ်သည်။
ရှီဘိုးဘေးသည် လီယန်ချူအပေါ်တွင် အငြိုးအတေးကြီးစွာ ရှိနေသည်။ အကြောင်းမှာ လီယန်ချူက အလွန်ငယ်ရွယ်ပြီး အလားအလာကောင်းလှသလို၊ ယခုကဲ့သို့ စိတ်လိုလက်ရ တိုက်ခိုက်နေသည့် အရှိန်အဝါမှာ သူကဲ့သို့ အသက်လုနေရသူများတွင် မရှိသောကြောင့်ဖြစ်သည်။
ကျင့်ကြံသူတိုင်းမှာ ကောင်းကင်နှင့် မြေကြီးကို လှည့်လည်ကာ ပင်လယ်ကို တုန်လှုပ်စေချင်ကြသည်သာ။ မည်သူက ကျောက်ရုပ်ကဲ့သို့ ငြိမ်နေချင်ပါမည်နည်း။
ရှီဘိုးဘေးသည် သက်တမ်းရှည်ရန်အတွက် နှစ်ပေါင်း (၂၀၀) တိုင်တိုင် ပင်ပန်းစွာ ကျင့်ကြံခဲ့ရသည်။ အသက်ရှူခြင်းကိုပင် အမှားတစ်ခုအဖြစ် ခံစားနေရသူဖြစ်သည်။ သို့သော် လီယန်ချူမှာမူ ပေါ်လာသည်နှင့် နတ်ဘုရားပုံရိပ်နှစ်ခုကို ထုတ်သုံးကာ သွေးချီအားများက နေမင်းကဲ့သို့ တောက်ပနေပြီး ရတနာများစွာဖြင့် သားရဲများကို နှိမ်နင်းနေသည်။ မိမိလုပ်ချင်သောအရာကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်နေခြင်းမှာ အလွန်ပင် အားကျစရာ ကောင်းလှသည်။
စိတ်ဆန္ဒအတိုင်းသာ သူတစ်ပါး မလုပ်ဝံ့သောအရာကို လုပ်ဆောင်ခြင်းမှာ ကျင့်ကြံခြင်း၏ အနှစ်သာရပင် ဖြစ်သည်။
ရှီဘိုးဘေးသည် ဤတာအိုဆရာလေး ထိုနေရာ၌ပင် ပျောက်ကွယ်သွားရန် ဆုတောင်းနေမိသည်။ သို့သော် နောက်ထပ်ဖြစ်ပျက်လာသောအရာမှာ သူ၏မျက်နှာကို ဖြူလျော့သွားစေတော့သည်။
ရှေးဟောင်းစွမ်းအားများသည် လီယန်ချူ၏ ကိုယ်ပေါ်သို့ စုပြုံရောက်ရှိလာပြီး စင်ကြယ်လှသော စွမ်းအားများအဖြစ် ပြောင်းလဲကာ လီယန်ချူကို ထောက်ပံ့ပေးလိုက်သည်။ လီယန်ချူ၏ ခန္ဓာကိုယ်မှာ အဆက်မပြတ် ပြောင်းလဲနေပြီး သွေးအားများမှာ ဆူပွက်နေသည်။ ရွှေရောင်အလင်းတန်းများမှာ မိုင်ပေါင်းတစ်ရာပတ်လည်အတွင်း ပူပြင်းလှသော အရှိန်အဝါများကို ပျံ့နှံ့စေသည်။
ထို့ပြင် ဟင်းလင်းပြင်ထဲမှ ကြီးမားလှသော စိတ်ဆန္ဒတစ်ခု ဆင်းသက်လာကာ လီယန်ချူ၏ ကိုယ်ပေါ်သို့ ကျရောက်သွားတော့သည်။ လီယန်ချူသည် အလင်းတန်းပေါင်းသောင်းခြောက်ထောင်နှင့်အတူ အလွန်ပင် ခန့်ညားထည်ဝါသွားတော့သည်။
ရှီဘိုးဘေးမှာ မှင်တက်သွားကာ
“ဒီကမ္ဘာရဲ့ တာအိုတရားတွေက လုံးဝ ပြတ်တောက်မသွားသေးဘူးလား”
“ဘာလို့ ဒီလူငယ်ဆီကို ဆင်းသက်လာရတာလဲ”
ကျင့်ကြံသူတစ်ဦး အဆင့်တက်လျှင် ကောင်းကင်နိမိတ်များ ပြတတ်သော်လည်း တာအိုအရှင်သခင်၏ စိတ်ဆန္ဒ ဆင်းသက်လာခြင်းမှာမူ ထိုသူအား အသိအမှတ်ပြုခြင်း ပင် ဖြစ်သည်။
လောကကြီးအတွင်း သတ္တဝါပေါင်း ကုဋေကုဋာ ရှိနေသည့်အနက် ဘာကြောင့် ဤလူတစ်ယောက်တည်းဆီသို့ တာအိုစိတ်ဆန္ဒ ဆင်းသက်လာရသနည်း။ မြေပြင်နတ်ဘုရား အဆင့်သို့ တက်လှမ်းစဉ် မိုးကြိုးဒဏ်ကို ကျော်ဖြတ်နိုင်မှသာ ရရှိနိုင်သည့် အခွင့်အရေးမျိုး ဖြစ်သည်။
ရှီဘိုးဘေးမှာ ရူးသွပ်သွားသကဲ့သို့ ဖြစ်နေသည်။
“မဖြစ်နိုင်တာ”
သူ၏ ကိုယ်ပေါ်မှ ယန်ဝိညာဉ်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ ရှေးကျလှသော ဓားလွယ်ထားသည့် လူလတ်ပိုင်း တာအိုဆရာတစ်ဦးဖြစ်သည်။ သူသည် စစ်မှန်သော ယန်ဘိုးဘေးကို စိတ်ကူးပုံဖော်ကာ ကျင့်ကြံထားခြင်း ဖြစ်သည်။
ချန်း...
နဂါးဟိန်းသံကဲ့သို့ ဓားသံထွက်ပေါ်လာပြီး ဓားကို ဆွဲထုတ်ကာ လီယန်ချူဆီသို့ ခုတ်ပိုင်းလိုက်သည်။ ဤဓားချက်မှာ ကောင်းကင်နှင့် မြေကြီးကို ခွဲခြားနိုင်ပြီး နတ်ဘုရားနှင့် မိစ္ဆာများကိုပင် သတ်ဖြတ်နိုင်သည်။ လီယန်ချူ၏ အဆင့်နှင့်ဆိုလျှင် ဤဓားချက်ကို သေချာစွာ ခုခံရမည် ဖြစ်သည်။
သို့သော် လီယန်ချူက ကောင်းကင်ယံသို့ အေးစက်စွာ လှမ်းကြည့်လိုက်ရာ မျက်ဝန်းထဲမှ မိုးကြိုးများ ပေါက်ကွဲထွက်လာသကဲ့သို့ပင်။ သူသည် လက်ဝါးကို ရိုက်ချလိုက်ရာ ကမ္ဘာမြေ၏ စွမ်းအားများ စုစည်းလာပြီး ဧရာမ လက်ဝါးကြီးတစ်ခု ကောင်းကင်မှ ကျဆင်းလာတော့သည်။
ဓားအလင်းတန်းများ ပျောက်ကွယ်သွားပြီး ရှီဘိုးဘေး၏ နတ်ဘုရားပုံရိပ်မှာလည်း အစိတ်စိတ်အမွှာမွှာ ကြေမွသွားကာ ကြယ်ပွင့်များအဖြစ် ပြောင်းလဲသွားတော့သည်။
ရှီဘိုးဘေးသည် သူ၏ အစွမ်းအထက်ဆုံး ဓားချက်ကို ထုတ်သုံးလိုက်သော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် ချေဖျက်ခြင်း ခံလိုက်ရပြီး သူ၏အခြေအနေမှာ သေလားရှင်လား မသိနိုင်တော့ပေ။
လီယန်ချူ၏ ဝိညာဉ်အတွင်းမှ ငါးရောင်ခြည် အလင်းတန်းများ ထွက်ပေါ်လာသည်။
ယန်ဝိညာဉ် အလယ်အလတ်အဆင့်
သူ အဆင့်တက်စဉ်မှာပင် ဤကမ္ဘာ၏ တာအိုစိတ်ဆန္ဒကို ရရှိခဲ့ခြင်းဖြစ်သည်။ ထိုပျက်စီးနေသော ကမ္ဘာတွင် ဤသည်မှာ နောက်ဆုံးသော တာအိုစိတ်ဆန္ဒ ဖြစ်ပေလိမ့်မည်။ လီယန်ချူ၏ အရှိန်အဝါမှာ ကောင်းကင်သို့ တိုင်အောင် မြင့်တက်သွားတော့သည်။
မီးနတ်ဘုရားပုံရိပ်နှင့် ဝမ်လင်ကွမ်းတို့၏ ကိုယ်ပေါ်တွင်လည်း တောက်ပလှသော အလင်းတန်းများ ဖုံးလွှမ်းသွားကာ သားရဲကြီးများကို မီးတောက်များဖြင့် အပြတ်အသတ် သတ်ဖြတ်လိုက်တော့သည်။
ဝုန်း... ဝုန်း...
ထိုစဉ်မှာပင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။ ဤရိုင်းစိုင်းကြမ်းတမ်းသော ကမ္ဘာမြေအတွင်းမှ ရှေးဟောင်း တားမြစ်ချက် တစ်ခု နိုးထလာသည်။ ၎င်းမှာ အလွန်ပင် ကြီးမားလှသော လက်မည်းကြီး တစ်ခုဖြစ်ပြီး သေခြင်းတရားနှင့် မကောင်းသော နိမိတ်များ ဖုံးလွှမ်းနေသည်။
အစောပိုင်းက နတ်မိမယ်နှင့် တိုက်ခိုက်ခဲ့သော သွေးသားမိစ္ဆာကြီးမှာ ဤလက်မည်းကြီးနှင့် ယှဉ်လိုက်ပါက ပိုးစုန်းကြူးနှင့် လမင်းကြီးကဲ့သို့ပင်။
ဤလက်မည်းကြီးမှာ ကမ္ဘာမြေ၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသကဲ့သို့ပင်။ တစ်ကိုယ်လုံးမှ မိစ္ဆာမီးတောက်များမှာ အစစ်အမှန်ကဲ့သို့ပင်။ ကျင့်ကြံသူအားလုံးမှာ ရင်ထဲမှနေ၍ တုန်လှုပ်ခြောက်ခြားသွားကြသည်။ ၎င်းမှာ ခုခံလိုစိတ်ပင် မရှိတော့လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားပင် ဖြစ်သည်။
ကမ္ဘာပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာသံများ ပေါ်ထွက်လာပြီး လူသားများကို စိတ်ဓာတ်ကျဆင်းကာ ချောက်နက်ထဲသို့ ကျဆင်းသွားစေတော့သည်။ အစွမ်းထက်သော ကျင့်ကြံသူများမှာ ဝိညာဉ်ကို ကာကွယ်ရန် ကျိန်စာများ ရွတ်ဖတ်နေကြသော်လည်း ရူးသွပ်ကုန်ကြသည်။ သူတို့၏ မျက်လုံးများမှာ နီရဲလာပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာသည်။
လူလတ်ပိုင်း ဓားကျင့်ကြံသူမှာ ဓားတစ်လက်ဖြင့် မိမိနှင့် တပည့်မလေးကို ကာကွယ်ထားသော်လည်း မိစ္ဆာသံများကြောင့် ဝိညာဉ်မှာ တုန်လှုပ်နေရသည်။ သူ ယန်ဝိညာဉ်အဆင့်ကို ရောက်ရှိခဲ့သည့်အချိန်မှစ၍ ယခုကဲ့သို့ အခြေအနေမျိုး တစ်ခါမျှ မကြုံခဲ့ဖူးပေ။ ဤတားမြစ်ချက်၏ စွမ်းအားမှာ မကြားဖူးလောက်အောင်ပင် ပြင်းထန်လှသည်။
“ဒီတာအိုဆရာလေးက ဘယ်လိုအရာမျိုးကို သွားပြီး နှိုးလိုက်တာလဲ...”
ဟု ဓားကျင့်ကြံသူမှာ ထိတ်လန့်နေမိသည်။
မိစ္ဆာသံများမှာ ဒီရေကဲ့သို့ တိုးဝင်လာပြီး ကောင်းကင်တစ်ခုလုံး မှောင်အတိ ကျသွားတော့သည်။ လမင်းနှစ်စင်းလုံး ကွယ်ပျောက်သွားပြီး သေခြင်းတရား အငွေ့အသက်များသာ ပြည့်နှက်နေတော့သည်။
လီယန်ချူ၏ မျက်ဝန်းများမှာ လျှပ်စီးများကဲ့သို့ အေးစက်နေသည်။ မိစ္ဆာသံများက သူ့ကို လွှမ်းမိုးရန် ကြိုးစားသော်လည်း သူ၏ဝိညာဉ်ကို အနည်းငယ်မျှ မလှုပ်ခတ်နိုင်ပေ။
“ရိုင်းစိုင်းလှချည်လား”
လီယန်ချူ၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားကာ ရူးသွပ်နေသော ကျင့်ကြံသူများအားလုံး သတိပြန်ဝင်လာကြသည်။ သို့သော် ထိုလက်မည်းကြီး၏ သေခြင်းအငွေ့အသက်မှာ မလျော့ပါးသွားဘဲ လီယန်ချူဆီသို့ တဟုန်ထိုး ရောက်ရှိလာသည်။ လီယန်ချူက တစ်စုံတစ်ခုသော တားမြစ်ချက်ကို ထိတွေ့မိသွားပုံရသည်။
လီယန်ချူ၏ မျက်နှာမှာ တည်ကြည်နေပြီး တိုက်ပွဲဝင်လိုစိတ်များ ဆူပွက်နေသည်။ မျက်ဝန်းထဲတွင် ခရမ်းရွှေရောင်ဓာတ်များ လှည့်ပတ်နေကာ၊ ကိုယ်ပေါ်တွင် ဆန်းကြယ်လှသော မီးနတ်ဘုရားကျိန်စာ စာလုံးများ စီးဆင်းနေသည်။ မီးနတ်ဘုရားပုံရိပ်နှင့် ဝမ်လင်ကွမ်းတို့မှာ တောက်ပလှသော အလင်းတန်းများနှင့်အတူ ထိုကြောက်မက်ဖွယ် လက်မည်းကြီးဆီသို့ တဟုန်ထိုး ဝင်ရောက်တိုက်ခိုက်လိုက်တော့သည်။
ဟင်းလင်းပြင်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ဂမ္ဘီရအတတ်များ ပေါက်ကွဲထွက်နေသည်။ သေခြင်းအငွေ့အသက်များနှင့် လီယန်ချူ၏ နတ်ဘုရားအတတ်များ ထိပ်တိုက်တွေ့ဆုံလိုက်စဉ်၊ ကောင်းကင်ယံတွင် ဧရာမ မှိုပွင့်ကြီးများကဲ့သို့ လေလှိုင်းများ ပေါက်ကွဲထွက်လာတော့သည်။
ဝုန်း... ဝုန်း... ဝုန်း...
ထိုစဉ်မှာပင်... အလွန်ပင် ကြီးမားလှသော နတ်မိမယ်၏ ပုံရိပ်ကြီး ပေါ်ထွက်လာပြီး လက်ထဲမှ ရွှေနဂါးကတ်ကြေးဖြင့် ထိုလျှို့ဝှက်လက်မည်းကြီးကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်လိုက်တော့သည်။
အခန်း (၈၀၀) အစွမ်းထက်လှသော နတ်ဘုရားစွမ်းအား
ဝုန်း... ဝုန်း... ဝုန်း...
လီယန်ချူသည် မဟာအတတ်ကို အသုံးပြုကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ရတနာများကို ထိန်းချုပ်၍ ထိုကြောက်မက်ဖွယ်ကောင်းသော လက်မည်းကြီးကို အကြိမ်ရာပေါင်းများစွာ ပြန်လည်တိုက်ခိုက်လိုက်သည်။ နတ်မိမယ်သည်လည်း သူမ၏ နတ်ဘုရားအတတ်ကို အသုံးပြုကာ ရွှေနဂါးကတ်ကြေးကို ရွှေနဂါးနှစ်ကောင်အဖြစ် ပြောင်းလဲစေပြီး ထိုလက်မည်းကြီးကို ဖြတ်တောက်ရန် ကြိုးစားလိုက်သည်။
ယခုအခါ ဤရိုင်းစိုင်းကြမ်းတမ်းသော ကမ္ဘာမြေအတွင်း၌ လီယန်ချူသည် တာအိုစိတ်ဆန္ဒ၏ ထောက်ပံ့မှုကို ရရှိထားသဖြင့် ပုံမှန်ထက် များစွာသာလွန်သော စွမ်းအားများကို ထုတ်ဖော်နိုင်နေပြီဖြစ်သည်။ သူ၏ ကိုယ်ပေါ်မှ သွေးအားများသည် တောက်ပလှသော ရွှေရောင်နေမင်းကြီးကဲ့သို့ပင် ဆူပွက်နေပြီး သူက အသံကျယ်ကြီးဖြင့် ဟိန်းဟောက်လိုက်သည်။
“လာစမ်း...”
ကျန့်ကျောင်ဓားသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ သူ၏လက်ထဲသို့ ရောက်ရှိလာသည်။ ဓားသွားပေါ်တွင် ဆန်းကြယ်လှသော တုန်ခါသံများ ထွက်ပေါ်နေပြီး လှိုင်းလုံးများကဲ့သို့ အရှိန်အဝါများ ပျံ့နှံ့သွားတော့သည်။ သူ၏ နောက်ကျောဘက်တွင်လည်း မြင့်မားလှသော သိုင်းတာအို၏ နတ်ဘုရားပုံရိပ်ကြီး ပေါ်ထွက်လာကာ နတ်ဘုရားအလင်းတန်းများ တောက်ပနေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် လီယန်ချူ၏ ကိုယ်ပေါ်မှ အလင်းတန်းပေါင်း သောင်းခြောက်ထောင် ထွက်ပေါ်လာပြီး ဟင်းလင်းပြင်တစ်ခုလုံး လင်းထိန်သွားတော့သည်။ မီးနတ်ဘုရားပုံရိပ်သည် မီးနဂါးကို နင်း၍ နတ်ဘုရားမီးလက်နက် ငါးမျိုးကို ကိုင်ဆောင်ထားသလို၊ ဝမ်လင်ကွမ်း၏ စွမ်းအားကိန်းအောင်းနေသော ရွှေချပ်ဝတ်ဝတ် နတ်စစ်သူကြီးသည်လည်း ရွှေကြိမ်လုံးကို ကိုင်ကာ စစ်မှန်သော ယန်စွမ်းအားများကို ထုတ်လွှတ်နေသည်။
လီယန်ချူသည် သွေးအားများ ဆူပွက်လျက် ဧရာမနတ်ဘုရားပုံရိပ်ကြီးနှင့်အတူ ကျန့်ကျောင်ဓားကို ကောင်းကင်ယံ၌ ဝိုင်းစက်စွာ ဝှေ့ယမ်းလိုက်သည်။ ဓားအလင်းတန်းသည် ကောင်းကင်နှင့် မြေကြီးကို ခွဲခြားပစ်လိုက်သကဲ့သို့ပင်... သဲကန္တာရထဲမှ လပြည့်ဝန်းကြီး ထွက်ပေါ်လာသည့်အလား အလွန်ပင် ခန့်ညားလှပေသည်။
ရှစ်ခွင်မှန်၏ ဖြူစင်သော နတ်ဘုရားအလင်းတန်း၊ အစီရင်ဝတ်စုံ၏ စစ်မှန်သော ယန်မိုးကြိုးမီးတောက်များ၊ ယင်ယန်ဓာတ်ပုလင်းမှ ဆန်းကြယ်လှသော ဓာတ်နှစ်ပါးနှင့် ကျင်းထဲ့ချန်းလှံ၏ မည်သည့်အရာကိုမဆို ဖောက်ထွက်နိုင်စွမ်းရှိသော ချွန်ထက်မှုတို့သည် တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်သွားတော့သည်။
ဝုန်း... ဝုန်း... ဝုန်း...
မကောင်းသော နိမိတ်များ ဖုံးလွှမ်းနေသည့် ကောင်းကင်မှ လက်မည်းကြီးမှာ နောက်သို့ ဆုတ်ခွာသွားရပြီး လက်ချောင်းတစ်ချောင်းမှာ ဖြတ်တောက်ခြင်း ခံလိုက်ရသည်။ ထိုလက်ချောင်းသာမက ၎င်းပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါး အငွေ့အသက်များပါ ပျက်စီးသွားရသည်။ ထိုရှေးဟောင်း တားမြစ်ချက်ကြီးသည် တဖြည်းဖြည်း ဝေဝါးလာကာ ကောင်းကင်ယံမှ ပျောက်ကွယ်သွားတော့သည်။ ၎င်းမှာ အခြားကမ္ဘာတစ်ခုသို့ အတင်းအကျပ် မောင်းထုတ်ခံလိုက်ရသကဲ့သို့ပင် ဖြစ်သည်။
ကျင့်ကြံသူအားလုံးမှာ ကောင်းကင်ယံမှ တောက်ပလှသော ထိုပုံရိပ်ကို မော့ကြည့်ရင်း ရင်ထဲ၌ ကြောက်ရွံ့လေးစားစိတ်များ ဖြစ်ပေါ်လာကြသည်။ လီယန်ချူ၏ အရှိန်အဝါမှာ အလွန်ပင် ပြင်းထန်လှသဖြင့် ရွှေနဂါးကတ်ကြေးကို ကိုင်ဆောင်ထားသည့် နတ်မိမယ်ပင်လျှင် သူ၏အရှိန်အဝါအောက်တွင် မှေးမှိန်သွားရသည်။
ထိုနတ်မိမယ်၏ ဝိညာဉ်မှာ အလွန်ပင် ကြီးမားလှပြီး ရွှေနဂါးနှစ်ကောင်မှာ သူမ၏ ဘေးပတ်ပတ်လည်၌ ပျံသန်းနေကြသည်။ သူမ၏ မျက်နှာကို သေချာစွာ မမြင်ရသော်လည်း သူမထံမှ မြင့်မြတ်သန့်စင်သော အရှိန်အဝါကို ခံစားနေရသည်။ နတ်မိမယ်သည် လီယန်ချူကို ခဏမျှ စိုက်ကြည့်ပြီးနောက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။
လီယန်ချူသည် သူ၏ နတ်ဘုရားအတတ်များနှင့် ရတနာများကို ပြန်သိမ်းလိုက်ရာ ကမ္ဘာမြေပေါ်မှ တောက်ပသော အလင်းတန်းများလည်း ပျောက်ကွယ်သွားတော့သည်။ ဤနေရာရှိ တောင်တစ်လုံးကဲ့သို့ ကြီးမားလှသော သားရဲကြီးများမှာ သေဆုံးသူသေ၊ ဒဏ်ရာရသူရနှင့် ကျန်ရှိသူများမှာလည်း တောအုပ်ထဲသို့ အသက်လုကာ ထွက်ပြေးကုန်ကြသည်။ ဤအရာအားလုံးကို ပြုလုပ်ခဲ့သူမှာ ယခုအခါ ဓားကိုကိုင်၍ တည်ငြိမ်စွာ ရပ်နေသော လူငယ်တာအိုဆရာလေးပင် ဖြစ်သည်။
သူ၏ မျက်ဝန်းများမှာ လျှပ်စီးများကဲ့သို့ အေးစက်နေပြီး သူ၏ တာအိုဝတ်စုံမှာ လေထဲတွင် တဖျတ်ဖျတ် လှုပ်ခတ်နေသည်။ သူ၏ ကိုယ်နေဟန်ထားမှာ တောင်တစ်လုံးကဲ့သို့ ခိုင်ခံ့လှပေသည်။ ကောင်းကင်ယံမှ လမင်းကြီးမှာလည်း ယခင်ကကဲ့သို့ အေးမြသော လရောင်များကို ထုတ်လွှတ်ခြင်း မရှိတော့ဘဲ နူးညံ့သိမ်မွေ့သော အလင်းတန်းများကိုသာ ကမ္ဘာမြေပေါ်သို့ ဖြန့်ကျက်ပေးနေတော့သည်။
ဤကမ္ဘာငယ်လေးထဲသို့ ရောက်ရှိနေကြသော လူသားကျင့်ကြံသူ အားလုံးသည် ထူးခြားသော ဆက်နွှယ်မှုတစ်ခုကို ခံစားလိုက်ရသည်။
ရုတ်တရက် အလင်းမျက်နှာပြင်ကြီးတစ်ခု ပေါ်ထွက်လာရာ ၎င်းမှာ သဲကန္တာရထဲမှ ထင်ယောင်ထင်မှား မြင်ကွင်း တစ်ခုကဲ့သို့ပင်။ ထိုမြင်ကွင်းထဲတွင် နတ်ဘုရားနန်းတော်များနှင့် ရတနာများ နေရာအနှံ့ ရှိနေသည်ကို တွေ့ရသည်။
ငါးရောင်ခြည် အလင်းတန်းများ ထွက်ပေါ်နေပြီး မြင့်မြတ်လှသော ကျောက်စိမ်းတံတားကြီးတစ်ခု ရှိနေကာ ထိုတံတားအောက်တွင် စစ်မှန်သော ယန်နတ်ဘုရားဓား တစ်လက်မှာ အလင်းများ တောက်ပလျက် ချိတ်ဆွဲထားသည်။
ထိုအလင်းမျက်နှာပြင်မှတစ်ဆင့်ပင် ထိုနတ်ဘုရားဓား၏ ကြီးမားလှသော အရှိန်အဝါကို ခံစားနေရသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုဓားမှာ ကျင့်ကြံသူအားလုံး၏ အာရုံကို ဖမ်းစားသွားတော့သည်။
“နတ်ဘုရားဓား...”
လူလတ်ပိုင်း ဓားကျင့်ကြံသူက တိုးတိုးလေး ရေရွတ်လိုက်သည်။ အကယ်၍ ထိုဓားကိုသာ ရရှိခဲ့လျှင် သူ၏ ကျင့်စဉ်မှာ ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်လောက်အောင် တိုးတက်သွားပေလိမ့်မည်။ ထိုကဲ့သို့သော စစ်မှန်သော ယန်ရတနာ မျိုးသည် ကျင့်ကြံသူတိုင်းအတွက် အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။
အလင်းမျက်နှာပြင်မှာ တဖြည်းဖြည်း ဝေဝါးသွားပြီး ကောင်းကင်ယံမှ လမင်းကြီးမှာလည်း ပျောက်ကွယ်သွားတော့သည်။ နေနှစ်စင်း တစ်ပြိုင်နက် ပေါ်ထွက်နေသော ထူးခြားသည့် နိမိတ်များ ပျောက်ကွယ်သွားကာ နဂိုမူလ လမင်းကြီးသာ ကောင်းကင်တွင် ကျန်ရှိတော့သည်။ နောက်တစ်ခဏ၌ ထိုရိုင်းစိုင်းကြမ်းတမ်းသော ကမ္ဘာငယ်လေးထဲမှ လူသားကျင့်ကြံသူအားလုံး၏ ပုံရိပ်များမှာ တစ်ဦးပြီးတစ်ဦး ပျောက်ကွယ်သွားကြတော့သည်။
လီယန်ချူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ သူသည် ထိုကမ္ဘာငယ်လေးထဲမှ ထွက်လာခဲ့ပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူသည် ယခုအခါ ဖယောင်းတိုင်မီးများ လင်းထိန်နေသော ကျယ်ဝန်းသည့် အခန်းတစ်ခုထဲသို့ ရောက်ရှိနေသည်။ အခန်းထဲတွင် သင်းပျံ့သော ရနံ့လေးများ ရှိနေသည်။
လီယန်ချူ ရုတ်တရက် ပေါ်လာသည်နှင့် အခန်းထဲရှိ အမျိုးသမီးတစ်ဦးမှာ သူမ၏ နှုတ်ခမ်းလွှာကို တင်းတင်းစေ့ထားကာ စားပွဲအနားကို လက်နှစ်ဖက်ဖြင့် အားပြုထားရင်း မျက်နှာလေး နီမြန်းနေသည်။ သူမက ရုတ်တရက် ပေါ်လာသော လူကို မြင်လိုက်ရသောအခါ အလန့်တကြား အော်ဟစ်လိုက်တော့သည်။
“အားးးးးးးးးးးး”
လီယန်ချူ၏ နှုတ်ခမ်းမှာ အနည်းငယ် တွန့်သွားသည်။ သူသည် ချက်ချင်းပင် မြေလျှိုးအတတ် ကို အသုံးပြုကာ မီးခိုးငွေ့အဖြစ် ပြောင်းလဲ၍ ပျောက်ကွယ်သွားတော့သည်။ အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော ထိုအမျိုးသမီးငယ်မှာ ဆက်တိုက် အော်ဟစ်နေဆဲဖြစ်ပြီး ငြိမ်သက်နေသော ညဉ့်ဦးယံကို လှုပ်ခတ်သွားစေတော့သည်။
လီယန်ချူသည် ထိုအိမ်ကြီးမှ ထွက်လာကာ လမ်းမပေါ်သို့ ရောက်ရှိလာသည်။ သူ၏ စိတ်ထဲတွင် အနည်းငယ် ဝေဝါးနေမိသည်။
“ပြန်ရောက်လာပြီပဲ”
ဤသည်မှာ လူသားလောက၏ ခံစားချက်ပင် ဖြစ်သည်။
သူက ခဏမျှ ကြောင်အသွားမိသည်။ ပြီးခဲ့သည့်တစ်ခေါက် လင်ရွှီး နယ်မြေမှ ထွက်လာစဉ်က အမျိုးသမီးတစ်ဦး ရေချိုးနေသည့်နေရာသို့ ရောက်သွားခဲ့ပြီး၊ ယခုတစ်ခေါက်မှာမူ လူတွေ အရေးကြီးကိစ္စ ဆောင်ရွက်နေသည့် နေရာသို့ တိုက်ရိုက်ရောက်သွားခဲ့ခြင်း ဖြစ်သည်။ ထိုလူငယ်လေးမှာ စိတ်ဒဏ်ရာများ ရသွားမလားဟုပင် လီယန်ချူ တွေးမိလိုက်သည်။
သူတစ်ပါး၏ အိပ်ယာထဲက ကိစ္စများကို သူ စိတ်မဝင်စားသော်လည်း အိမ်ကြီးအိမ်ကောင်းများတွင် လင်သေသွားသော မုဆိုးမလေးနှင့် ချောချောလှလှ အစေခံလေးတို့၏ ကိစ္စမျိုးမှာ ဖြစ်လေ့ရှိသည်သာ။
ညဉ့်နက်နေပြီဖြစ်သဖြင့် လမ်းမပေါ်တွင် လူသူကင်းမဲ့ကာ တိတ်ဆိတ်နေသည်။ လီယန်ချူအတွက် အခက်တွေ့နေရသော ကိစ္စတစ်ခုမှာ တည်းခိုရန် နေရာမရှိခြင်းပင်။ သူ၏ ဝိညာဉ်အသိ ကို ဖြန့်ကျက်လိုက်ရာ မြို့ထဲရှိ မြင်ကွင်းများမှာ သူ၏ ဦးနှောက်ထဲသို့ ရောက်ရှိလာသည်။ တည်းခိုရန် နေရာတစ်ခု ရှာနေစဉ် ထူးခြားသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသဖြင့် သူ၏ မျက်ခုံးများ ပင့်တက်သွားကာ မြေလျှိုးအတတ်ဖြင့် ထပ်မံ ပျောက်ကွယ်သွားတော့သည်။
ပိုင်အိမ်တော် သည် နာမည်ကျော် လူချမ်းသာအိမ်ကြီး ဖြစ်သည်။ အိမ်တော်ထဲတွင် နန်းဆောင်များ၊ ရေကန်များနှင့် ဥယျာဉ်များစွာ ရှိသည်။ ညဉ့်နက်နေပြီဖြစ်သော်လည်း အိမ်တော်ထဲတွင် မီးများ လင်းထိန်နေဆဲပင်။
လူလတ်ပိုင်း တာအိုဆရာတစ်ဦးသည် ခြံထဲတွင် အမွှေးတိုင်များ ထွန်းညှိကာ လက်ထဲ၌ မက်မွန်သားဓားကို ကိုင်ထားသည်။ သူက အရက်တစ်ငုံငုံ၍ မှုတ်ထုတ်လိုက်ရာ အဝါရောင် အစီရင်စာရွက်မှာ ချက်ချင်း မီးတောက်သွားတော့သည်။ သူသည် သုံးပါးစင်ကြယ် ခေါင်းလောင်းကို လှုပ်ယမ်းကာ ဂါထာများ ရွတ်ဖတ်နေသည်။ ဂါထာဆုံးသည်နှင့် ဘေးရှိ လင်မယားနှစ်ဦးမှာ စိုးရိမ်တကြီးဖြင့် မေးမြန်းကြသည်။
“ကွေ့ချန်းဆရာကြီး... ဘယ်လိုလဲ... အဲဒီမိစ္ဆာကို နှင်ထုတ်နိုင်မလား”
ဆရာကြီး ကွေ့ချန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့... ဒီမိစ္ဆာကို ကျုပ် နှိမ်နင်းပေးပါ့မယ်”
ခန္ဓာကိုယ် အားနည်းနေသော လူငယ်လေးတစ်ဦးမှာ အစေခံများ၏ ဖိထားခြင်းကို ခံနေရသော်လည်း အော်ဟစ် ပြောဆိုနေသည်။
“ဒါက မိစ္ဆာမဟုတ်ဘူး ဒါက နတ်သမီး... ဟော်နတ်သမီးလေး ပါ ”
မိဘနှစ်ပါးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ စိုးရိမ်စိတ်များ ပိုလာကြသည်။ ဆရာကြီး ကွေ့ချန်း အစီရင်လုပ်လိုက်စဉ်မှာပင် ခြံထဲတွင် လေပြင်းများ တိုက်ခတ်လာပြီး တိမ်တိုက်များက လမင်းကို ဖုံးအုပ်သွားတော့သည်။ လှပသော အမျိုးသမီးတစ်ဦး ပေါ်ထွက်လာပြီး လက်ထဲတွင် ကြာပန်းကို ကိုင်ဆောင်ထားကာ အလွန်ပင် မြင့်မြတ်လှပေသည်။ ထိုလူငယ်လေးက မြင်လိုက်ရသောအခါ “နတ်သမီးလေး နတ်သမီးလေး” ဟု အော်ဟစ်တော့သည်။
ဆရာကြီး ကွေ့ချန်းက မက်မွန်သားဓားကို မြှောက်ကာ အော်ဟစ်လိုက်သည်။
“ဘယ်က မိစ္ဆာလဲ... မင်းရဲ့ နာမည်ကို ပြောစမ်း”
ကြာပန်းကို ကိုင်ထားသော အမျိုးသမီးက ပြုံးလိုက်ကာ
“ဘယ်က တာအိုဆရာလဲ... သာမန်လူသားဖြစ်လို့ နတ်ဘုရားကို မမှတ်မိတာလား”
ဆရာကြီး ကွေ့ချန်း၏ မျက်နှာမှာ ပို၍ မည်းမှောင်သွားကာ အစီရင်စာရွက်များကို ထိုအမျိုးသမီးထံသို့ ပစ်ပေါက်လိုက်သည်။ စာရွက်များမှာ မီးတောက်သွားသော်လည်း ထိုအမျိုးသမီးက အသာအယာ မှုတ်ထုတ်လိုက်ရုံဖြင့် မီးများ ငြိမ်းသွားပြီး အစီရင်စာရွက်များ မြေပေါ်သို့ ကျသွားတော့သည်။ သူမက ထပ်မံ မှုတ်ထုတ်လိုက်ရာ ဆရာကြီး ကွေ့ချန်းမှာ မြေပေါ်သို့ လွင့်စင်ကျသွားပြီး အစီရင်စားပွဲလည်း မှောက်သွားတော့သည်။
“နတ်ဘုရားကို မမှတ်မိလို့ အနည်းငယ် အပြစ်ပေးလိုက်တာပဲ... နောက်တစ်ခါ ထပ်ပြီး ရိုင်းစိုင်းဦးမလား”
သူမ၏ အစွမ်းမှာ ပိုင်အိမ်တော်ရှိ လူအားလုံးကို ထိတ်လန့်သွားစေသည်။ သူမသည် တိမ်တိုက်ကို စီး၍ ဆင်းသက်လာပုံမှာ အမှန်တကယ်ပင် နတ်သမီးတစ်ပါးကဲ့သို့ပင်။ သူမက ပိုင်သခင်ကြီးကို ပြောလိုက်သည်။
“ကျွန်မက ကောင်းကင်ဘုံက ဟော်နတ်သမီးပါ... ရှင့်သားနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ က ရေစက်ရှိခဲ့လို့ အဲဒီရေစက်ကို ပြန်ဆက်ဖို့ လာခဲ့တာပါ”
ပိုင်သခင်ကြီးမှာ ကုန်သည်တစ်ဦး ဖြစ်သော်လည်း ဤမျှ အောင်မြင်နေသူဖြစ်သဖြင့် လွယ်လွယ်နှင့် မယုံကြည်ပေ။ နောက်ပြီး ဘယ်က နတ်သမီးက လူသားရဲ့ အသက်ဓာတ် ကို စုပ်ယူမှာလဲ မိမိသားမှာ ပိန်ချော်နေပြီဖြစ်ပြီး နောက်ထပ် အစုပ်ခံရလျှင် အသက်ပါ သေသွားနိုင်ပေသည်။
“ကျွန်တော့်သားက ငယ်ပါသေးတယ်... နတ်သမီးက ခွင့်လွှတ်ပေးပါ... ကျွန်တော် နတ်သမီးအတွက် အမွှေးတိုင်တွေနဲ့ ပူဇော်ပေးပါ့မယ်”
ဟု ပိုင်သခင်ကြီးက တောင်းပန်လိုက်သည်။
ထိုအမျိုးသမီးက ခေါင်းခါလိုက်ပြီး
“ကျွန်မက ရေစက်ကို ပြန်ဆက်ဖို့ လာတာပါ” ဟုသာ ပြောနေသည်။
ပိုင်သခင်ကြီးမှာ စိတ်ပျက်သွားကာ ဆရာကြီး ကွေ့ချန်းကိုလည်း အားကိုးမရတော့သဖြင့် စိုးရိမ်နေစဉ်၊ လူငယ်တာအိုဆရာလေးတစ်ဦးမှာ လေထဲမှ အသာအယာ ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။
ထိုလူငယ်၏ ခါးတွင် ရှေးဟောင်းဓားတစ်လက်ကို ချိတ်ဆွဲထားပြီး၊ မျက်နှာမှာ ခန့်ညားကာ ထည်ဝါလှပေသည်။ သူ၏ အရှိန်အဝါမှာ အလွန်ပင် မြင့်မြတ်လှသည်။ ထိုမိမိကိုယ်မိမိ ဟော်နတ်သမီးဟု ဆိုသူမှာ လီယန်ချူ ရောက်လာသည်ကိုပင် သတိမထားမိဘဲ ပိုင်အိမ်တော်သားများ၏ အကြည့်ကြောင့် နောက်လှည့်ကြည့်လိုက်ရာ
“ဘယ်က တာအိုဆရာလေးလဲ... ငါ့ကို မြင်တာတောင် ဘာလို့ ဦးမချတာလဲ”
လီယန်ချူက ပြုံးလိုက်ပြီး လက်ချောင်းဖြင့် အသာအယာ ညွှန်လိုက်ရာ ထိုအမျိုးသမီးမှာ ချက်ချင်းပင် လှုပ်မရတော့ဘဲ အချုပ်အနှောင် ခံလိုက်ရသည်။ လီယန်ချူ၏ စွမ်းအားများ ကျရောက်သွားသည်နှင့် သူမမှာ မူလပုံစံဖြစ်သော မြေခွေးဝါ တစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။
“ပုံရိပ်ယောင်အတတ် လေး နည်းနည်းတတ်တာနဲ့ လာပြီး ရိုင်းစိုင်းနေတာလား”
လီယန်ချူက အသာအယာ ပြုံးလိုက်မိသည်။ အစောပိုင်းက မြင်ခဲ့ရသော ရွှေနဂါးကတ်ကြေးနှင့် နတ်မိမယ်၏ အစွမ်းမှာ အလွန်ပင် ကြီးမားလှသဖြင့် အကယ်၍ ဤမြေခွေးဝါကိုသာ နတ်သမီးဟု ခေါ်ရလျှင် မိမိကိုယ်မိမိ နတ်မင်းကြီး ဟုပင် ခေါ်ရတော့မည်။
ပိုင်အိမ်တော်သားများမှာ မှင်တက်သွားကြသည်။ လီယန်ချူက တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ့နာမည်က လီ လို့ ခေါ်တယ်... ဒီမှာ မိစ္ဆာအငွေ့အသက်တွေ တွေ့လို့ လာပြီး နှိမ်နင်းပေးတာပါ”
ပိုင်သခင်ကြီး၏ မျက်လုံးများမှာ အရောင်တောက်သွားတော့သည်။ ဤလီဆရာလေးမှာ ရှုပ်ထွေးလှသော အစီရင်များ လုပ်နေသည့် ဆရာကြီး ကွေ့ချန်းထက် ပို၍ အစွမ်းထက်သော တာအိုပညာရှင်ဖြစ်ကြောင်း သူ သိလိုက်ရသည်။
“ကျေးဇူးတင်ပါတယ် ဆရာကြီး... ကျွန်တော့်အိမ်မှာပဲ ခဏလောက် တည်းခိုသွားပါ... ကျွန်တော် ကောင်းကောင်းမွန်မွန် ဧည့်ခံပါရစေ”
ထို့နောက်တွင်တော့ လီယန်ချူသည် ထိုမြေခွေးဝါကို စွမ်းအားဖြင့် ချုပ်နှောင်ကာ ထင်းဂိုဒေါင်ထဲတွင် ပိတ်ထားလိုက်ပြီး ပိုင်အိမ်တော်၏ ဧည့်သည်ဆောင်တွင် တည်းခိုလိုက်တော့သည်။ လီယန်ချူသည် ပိုင်အိမ်တော်သားများထံမှ သိလိုက်ရသည်မှာ ယခုနေရာသည် ကျန်းနန် နယ်မြေအတွင်းရှိ ဖုန်းမြို့ ဖြစ်ပြီး၊ ကျိုဖုန်းတောင် နှင့် မိုင် ၁၀၀ ခန့်သာ ဝေးကွာတော့ကြောင်း သိလိုက်ရသည်။
ထိုရိုင်းစိုင်းကြမ်းတမ်းသော ကမ္ဘာကြီးထဲမှ ထွက်လာခဲ့ပြီးနောက် လီယန်ချူမှာ အစပိုင်းတွင် အနည်းငယ် ကျင့်သားမဖြစ်နေသော်လည်း များစွာသော နယ်မြေများကို ဖြတ်သန်းခဲ့ဖူးသဖြင့် ချက်ချင်းပင် စိတ်ကို ပြန်လည်ထိန်းညှိလိုက်သည်။
ဤတစ်ခေါက် တိုက်ပွဲတွင် သူသည် တတိယအဆင့် အလယ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး သူ၏ ဝိညာဉ်မှာ ငါးရောင်ခြည် အလင်းတန်းများ ထွက်ပေါ်နေသည်။ နောက်တစ်ဆင့် တက်လှမ်းနိုင်လျှင် ယန်ဝိညာဉ် နောက်ဆုံးအဆင့်သို့ ရောက်ရှိမည်ဖြစ်ကာ၊ ထို့နောက်တွင်မူ မြေပြင်နတ်ဘုရား အဆင့်သို့ တက်လှမ်းရန် ကြိုးစားနိုင်ပြီဖြစ်သည်။
သူ၏ ဝိညာဉ်သာမက ခန္ဓာကိုယ်မှာလည်း တတိယအဆင့် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူ၏ ဝိညာဉ်အသိထဲတွင် ယခုအခါ မီးနတ်ဘုရားပုံရိပ်များသာမက ထိုကမ္ဘာငယ်လေးမှ ရရှိခဲ့သော ရွှေရောင် တာအိုစိတ်ဆန္ဒ အပိုင်းအစများလည်း ရှိနေသည်။ ထိုအပိုင်းအစများမှာ သူ၏ ခန္ဓာကိုယ်ကို ပိုမိုသန်မာစေပြီး သူ၏ သွေးအားများမှာ အစွမ်းထက်သော မိစ္ဆာနတ်ဘုရားများနှင့်ပင် ယှဉ်နိုင်စွမ်း ရှိနေသည်။
လီယန်ချူသည် သူ၏ လက်ဖဝါးကို ဖြန့်ကြည့်လိုက်ရာ လမင်းငယ်လေးတစ်စင်း ပေါ်ထွက်လာသည်။ အကယ်၍ ထိုကမ္ဘာငယ်လေးထဲမှ လူများသာ မြင်လိုက်ရလျှင် အလွန်ပင် အံ့သြသွားကြပေလိမ့်မည်။
အကြောင်းမှာ ထိုလမင်းမှာ ကောင်းကင်ယံမှ လမင်းနှင့် တစ်ပုံစံတည်း တူနေသောကြောင့် ဖြစ်သည်။
သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ထိုလမင်းမှာ အခန်းမျက်နှာကြက်တွင် ချိတ်ဆွဲလျက်သား ဖြစ်သွားပြီး အခန်းတစ်ခုလုံးကို လင်းထိန်သွားစေကာ အေးမြသော လရောင် များကို ထုတ်လွှတ်ပေးနေသည်။ လီယန်ချူသည် အလွန်ပင် လန်းဆန်းသွားရသည်။
“ဒါကိုပါ ယူလာမိတာလား...”
ဟု လီယန်ချူက ပြုံးလိုက်သည်။ ထိုလရောင်မှာ သူ၏ ဝိညာဉ်ကို အမြဲတမ်း ပြုစုပျိုးထောင်ပေးနေမည် ဖြစ်သည်။
ထို့အပြင် သူ၏ လက်ထဲတွင် အစွမ်းထက်သော ဖုန်းနတ်ဘုရားလေး လည်း ရှိနေသည်။ ထိုလေးပေါ်တွင် ရှေးဟောင်း စိတ်ဓာတ်များ ကိန်းအောင်းနေပြီး ၎င်းမှာ အလွန်ပင် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ယခုအခါ ထိုလေးမှာ ကျင်းယဲ့ချန်းလှံ နှင့်ပင် အစွမ်းချင်း တူညီနေပြီဖြစ်ကာ၊ လေးအတွင်းမှ စွမ်းအားများကို ထုတ်သုံးလိုက်လျှင် ကျင်းယဲ့ချန်းထက်ပင် ပို၍ ပြင်းထန်နိုင်ပေသည်။
လီယန်ချူသည် ရှောင်ယွင်ယိ ဆီမှ ရရှိခဲ့သော ရတနာများကိုလည်း ပြန်လည်စစ်ဆေးကြည့်သည်။ အရိုးပြားဖြူ တစ်ခု၊ တတိယအဆင့် စွမ်းအားရှိသော တံဆိပ်ပြားတစ်ခု၊ လူတို့၏ ကံကောင်းခြင်းကို ဆုတ်ယုတ်စေသော အမွှေးတိုင် ၊ သားရေဖြင့် ပြုလုပ်ထားသော ကျမ်းစာတစ်စောင်နှင့် ပညာရှိတစ်ဦး၏ စာထွင်းဓား တို့ ဖြစ်ကြသည်။
သူသည် အရိုးပြားဖြူကို သေချာကြည့်လိုက်သည်။ ၎င်းပေါ်ရှိ ဆန်းကြယ်သော အစီရင်စာလုံးများကို သူ၏ လက်ချောင်းဖြင့် ထိတွေ့လိုက်ရာ သူ၏ ကိုယ်တွင်းမှ သွေးအားများမှာ ချက်ချင်းပင် ဆူပွက်လာတော့သည်။
“ဒါက ခန္ဓာကိုယ် ကျင့်စဉ်တစ်ခုပဲ...”
လီယန်ချူသည် မျက်လုံးများကို မှိတ်၍ ထိုစာလုံးများကို အာရုံခံကြည့်ရာ စာလုံးသုံးလုံးကို တစ်ခါတည်း တတ်မြောက်သွားတော့သည်။ သူ မျက်လုံးဖွင့်လိုက်စဉ်တွင် မျက်ဝန်းထဲမှ နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာပြီး ကိုယ်တွင်းမှ သွေးအားများမှာ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်နေကာ သမုဒ္ဒရာကြီးကဲ့သို့ပင် ပြင်းထန်လှသည်။
“တတိယအဆင့် အလယ်အလတ် ခန္ဓာကိုယ်အတွက်တောင် အကျိုးရှိတာလား”
လီယန်ချူသည် အလွန်ပင် ဝမ်းသာသွားသည်။ ထိုအရိုးပြားပေါ်ရှိ စာလုံးများကိုသာ အကုန်တတ်မြောက်လျှင် သူ၏ ခန္ဓာကိုယ်မှာ ပို၍ အစွမ်းထက်လာပေလိမ့်မည်။ သူသည် စာလုံး (၈) လုံးအထိ ဆက်တိုက် ကျင့်ကြံလိုက်ရာ သူ၏ သွေးအားများမှာ အလွန်ပင် ပူပြင်းလာပြီး ကျောင်းနတ်ဆရာကြီး ပေးထားသော အစီရင်ကပင် သူ၏ သွေးအားများကို မဖုံးဖိနိုင်တော့ပေ။ ထို့ကြောင့် သူသည် ပိုင်အိမ်တော် ပျက်စီးသွားမည် စိုးသဖြင့် ကျင့်ကြံခြင်းကို ခေတ္တရပ်နားလိုက်သည်။
ရုတ်တရက် လီယန်ချူသည် မိစ္ဆာအငွေ့အသက် အချို့ကို ခံစားလိုက်ရသည်။ သူသည် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ သူ၏ ဝိညာဉ်အသိထဲတွင် မြင်ကွင်းတစ်ခု ပေါ်လာသည်။ ကောင်းကင်ယံမှ တိမ်တိုက်များကို စီးနင်း၍ နတ်ဘုရားလေးပါး ဆင်းသက်လာကြသည်။
၎င်းတို့မှာ လက်ထဲတွင် တောင်ဝှေးကို ကိုင်ထားသော ထဲ့ကွေ့လီ ၊ မြည်းကို ပြောင်းပြန်စီးထားသော ကျန်းကော်လောင် ၊ ဟန့်ကျန့်လီ နှင့် ကျောတွင် ဓားလွယ်ထားသော လွီတုံးပင်း တို့ ဖြစ်ကြသည်။
စုစုပေါင်း နတ်ဘုရား လေးပါးဖြစ်ပြီး အလင်းတန်းများ တောက်ပလျက် ရှိနေကြသည်။