← Chapters

အခန်း (၄၀၁-၄၀၂)

Vol. 41 Ch. 401-402

အခန်း (၄၀၁-၄၀၂)

Vol. 41 Ch. 401-402

အခန်း (၄၀၁) - ရှောင်တျောင်း ထွက်ခွာသွားခြင်း၊ ကမ္ဘာခြားနတ်ဆိုးများကို ငါးမျှားခြင်း(၁)

မိုးကြိုးဧကရာဇ် ရတနာကျင့်စဉ်တွင် ပါဝင်သော မိုးကြိုးဧကရာဇ်သည် ယခု ဝူယွမ်မြင်တွေ့ မိုးကြိုးဧကရာဇ်နှင့် မတူပေ။

၎င်းမှာ တခြား အထူးအစွမ်းထက် ကမ္ဘာတစ်ခုမှ အထူးအစွမ်းထက်တည်ရှိမှုတစ်ခုဖြစ်သည့် မိစ္ဆာဘုရင်ဆယ်ပါးထဲမှတစ်ပါး ဖြစ်၏။

ရတနာကျင့်စဉ်နှင့် ပတ်သက်သော ကျယ်ပြောပြီး နက်နဲသည့်အချက်အလက်များက ဝူယွမ်၏ စိတ်ထဲသို့ ပေါင်းစပ်ဝင်ရောက်လာပြီး မိုးကြိုးတာအို သဘောတရားများက ဝူယွမ်၏အရိုးများပေါ်သို့ တိုက်ရိုက် ထွင်းထုခံလိုက်ရသည်။

စနစ်မှ ရရှိသော မိုးကြိုးဧကရာဇ် ရတနာကျင့်စဉ်သည် အရိုးပုံစံများအဖြစ် ပြောင်းလဲသွားပြီး ဝူယွမ်၏ အသားနှင့် အရိုးများအတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားကာ ယုံကြည်နိုင်စရာမရှိလောက်အောင် အံ့သြဖွယ်ကောင်းလှသည်။

၎င်းအတွင်းရှိ ရူန်းသင်္ကေတများ၏ ရှုပ်ထွေးမှုသည် မိုးကြိုးဘိုးဘေးအဆောင်ထက် လုံးဝ သာလွန်နေသည်။

မိုးကြိုးဘိုးဘေးအဆောင်သည် ထျန်းရွှမ်တိုက်ကြီး၏ ပြီးပြည့်စုံသော မိုးကြိုးတာအို သဘောတရားများကို ကိုယ်စားပြုပြီး ယခု ဝူယွမ်ရရှိခဲ့သော မိုးကြိုးဧကရာဇ် ရတနာကျင့်စဉ်မှာမူ စကြဝဠာနယ်ပယ်တစ်ခု၏ အမြင့်မြတ်ဆုံး မိုးကြိုးနိယာမကို ကိုယ်စားပြုသည်။

၎င်းသည် ပိုမိုမြင့်မားသော ကမ္ဘာတစ်ခုမှ ကောင်းကင်သိုင်းပညာတစ်ခု ဖြစ်သည်။

သူသည် မိုးကြိုးဧကရာဇ် ရတနာကျင့်စဉ်ကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်သရွေ့ ထျန်းရွှမ်တိုက်ကြီးကို သိမ်းပိုက်ရန်မှာ ပြဿနာ မဟုတ်ပေ။

သို့သော်လည်း ဝူယွမ်သည် ယခင်ကလောက် စိတ်မလှုပ်ရှားတော့ပေ။ သူသည် ပိုမိုမြင့်မားသော သိုင်းပညာများနှင့် ကျင့်စဉ်များကို အများအပြား ရရှိခဲ့သော်လည်း ၎င်းတို့ကို ကျင့်ကြံရန် အချိန်များများစားစား မရှိပေ။ ကံကောင်းထောက်မစွာဖြင့် စနစ်မှ ဆုချီးမြှင့်သော ကျင့်စဉ်များနှင့် သိုင်းပညာများတွင် အားသာချက်တစ်ခု ရှိသည်။ ၎င်းတို့ကို တိုက်ရိုက်ပေါင်းစပ်နိုင်ပြီး ရရှိသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ကျွမ်းကျင်ပိုင်နိုင်နိုင်သည်။

ယခု သူသည် လောကမူလ နတ်ဘုရားသုံးပါးပွင့်ခြင်း ကျင့်စဉ်ကိုပါ သင်ယူထားပြီးဖြစ်ရာ ဝူယွမ်သည် ကိုယ်ပွားသုံးခုဖြင့် တစ်ပြိုင်နက်တည်း ကျင့်ကြံနိုင်ပြီး ဤကျင့်စဉ်များနှင့် သိုင်းပညာများကို သူ၏ တိုးတက်မှုနှင့်အတူ အမီလိုက်နိုင်စေသည်။

သူ့တွင် နည်းလမ်းများ အလုံအလောက် ရှိနေပြီဖြစ်သည်။ ယခု ဝူယွမ် လိုအပ်နေသည်မှာ သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်မှုကို အရှိန်မြှင့်တင်ရန် ဖြစ်သည်။

သူ၏ ကျင့်စဉ်များကို လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် အပြည့်အဝ အကဲဖြတ်၍ မရတော့သော်လည်း နယ်ပယ်တစ်ခုစီကြားရှိ ကွာခြားချက်မှာ ထျန်းရွှမ်တိုက်ကြီးတွင် အလွန် သိသာထင်ရှားနေဆဲပင်။

နယ်ပယ် ပိုမိုမြင့်မားလေလေ ဤနယ်ပယ်ရှိ ကမ္ဘာကြီး၏ စွမ်းအားအပေါ် သူ၏ ထိန်းချုပ်နိုင်စွမ်းက ပိုမို အစွမ်းထက်လေလေ ဖြစ်သည်။

ဒင်၊ ဆိုင်းအင်လုပ်ခြင်း လုပ်ငန်းတာဝန် အသစ်ရရှိပါပြီ။ နောက်ထပ် ဆိုင်းအင်၀င်ရမည့်နေရာမှာ အဆုံးမဲ့တောင်တန်း ဖြစ်ပါသည်။

စနစ်၏ဆုကြေးကို လက်ခံပြီးနောက် ဝူယွမ်၏ အာရုံက မိုးကြိုးနယ်ပယ်ထဲသို့ ပြန်လည်ရောက်ရှိလာသည်။

လူတိုင်း၏ အကြည့်များအောက်တွင် ပေတစ်ရာခန့် ကမ္ဘာခြားနတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်ကို ဟွမ်ယွမ်နှင့် အခြားသူများ ထိန်းချုပ်ထားသော ကမ္ဘာသစ်ပင် အကိုင်းအခက်များက ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းသို့ ဆွဲသွင်းသွားကြသည်။ အခြားကမ္ဘာခြားနတ်ဆိုးဘုရင် နှစ်ကောင်ကဲ့သို့ပင် ၎င်းသည် ကမ္ဘာသစ်ပင်၏အမြစ်များအောက်တွင် ဖိနှိပ်ခံထားရပြီး သစ်ပင်၏ကြီးထွားမှုကို အာဟာရဖြစ်စေရန် ၎င်း၏စွမ်းအားများကို အဆက်မပြတ် ထုတ်ယူခံနေရသည်။

“ဒါက ဘယ်လို ဝိညာဉ်ရတနာမျိုးလဲ”

မိုလော့က အံ့အားသင့်နေသော မျက်နှာထားဖြင့် မေးလိုက်သည်။

ဤရှေးဟောင်းကျောက်တိုင်ကို သူ လုံးဝနားမလည်နိုင်ပေ။

“ဒါက ဝိညာဉ်ရတနာမဟုတ်ဘဲ နတ်ဘုရားရတနာ ဖြစ်ရမယ်၊ ရှေးဟောင်းခေတ်က ကောင်းကင်နဲ့ မြေကြီးကြားမှာ နတ်ဘုရားရတနာအများအပြား ရှိခဲ့တယ်၊ ငါသိသလောက်တော့ အဆောင်ဘိုးဘေးရဲ့ ဘေးမှာလည်း နတ်ဘုရားရတနာစာရင်းမှာ တတိယအဆင့်ရှိတဲ့ မဟာရှေးဟောင်းကျောက်တိုင် ရှိခဲ့တယ်”

“ဟုတ်တယ်၊ ဒါက တကယ်ပဲ မဟာရှေးဟောင်းကျောက်တိုင်ပဲ၊ သူက ကမ္ဘာခြားနတ်ဆိုးတွေအပေါ် အလွန်တရာ အစွမ်းထက်တဲ့ ဖိနှိပ်နိုင်စွမ်း ရှိတယ်၊ သူ့ရဲ့ ကျောက်တိုင်ဝိညာဉ်က အရမ်းအစွမ်းထက်ပြီး သူ ဖန်တီးခဲ့တဲ့ သိုင်းပညာတွေက ထိပ်တန်း ကောင်းကင်သိုင်းပညာတွေနဲ့တောင် ရင်ပေါင်တန်းနိုင်တယ်၊ အဲဒါကြောင့် သူက ကမ္ဘာခြားနတ်ဆိုးဘုရင်တစ်ကောင်ကို တစ်ယောက်တည်း ဖိနှိပ်ထားနိုင်တာ”

နတ်ဘုရားရတနာများမှာ မိုလော့နှင့် မိုးကြိုးဧကရာဇ်တို့အတွက် လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းတည်ရှိမှုများ ဖြစ်ကြသည်။ သူတို့အကြောင်း သိပ်မသိကြသဖြင့် သူတို့ကို ပို၍ ရိုသေလေးစား၊ တန်ဖိုးထားကြသည်။

ယခု ဝူယွမ် ထိုသို့ပြောသည်ကို ကြားသောအခါ သူတို့သည် ပို၍ပင် အံ့သြဖွယ်ကောင်းသည်ဟု ခံစားလိုက်ရသည်။

သို့သော်လည်း မိုးကြိုးဧကရာဇ်က ခဏတာတွေးတောလိုက်ပြီး ကိစ္စများမှာ ထိုမျှ ရိုးရှင်းပုံမရဟု ခံစားလိုက်ရသည်။ သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “မဟာရှေးဟောင်းကျောက်တိုင်က အစွမ်းထက်ပေမယ့် မင်းပြောသလောက်တော့ မဖြစ်နိုင်ဘူး၊ ဒီဧကရာဇ်ကို ပြန်လည်အသက်သွင်းဖို့ ကမ္ဘာခြားနတ်ဆိုး ဘုရင်တွေကိုတောင် သန့်စင်နိုင်တယ်ဆိုရင် ရှေးဟောင်းခေတ်တုန်းက ဒီနတ်ဘုရားရတနာက တောက်ပထွန်းလင်းခဲ့သင့်တယ်...”

မိုးကြိုးဧကရာဇ်၏ စကားများမှာ မဆုံးသေးသော်လည်း သူ၏အဓိပ္ပာယ်မှာ ရှင်းလင်းလှသည်။ မဟာရှေးဟောင်း ကျောက်တိုင်သာ တကယ် အစွမ်းထက်ပါက ထျန်းရွှမ်တိုက်ကြီးသည် ရှေးဟောင်းကောင်းကင်နှင့် မြေကြီး စစ်ပွဲတွင် ဤမျှလောက် ကြေကွဲဖွယ်ကောင်းသော ကံကြမ္မာကို ကြုံတွေ့ခဲ့ရမည်မဟုတ်ပေ။

ကမ္ဘာခြားနတ်ဆိုးများကို ကိုင်တွယ်ဖြေရှင်းရာတွင် အခက်ခဲဆုံးအပိုင်းမှာ သူတို့ကို အမြစ်ပြတ်သတ်ဖြတ်ရန် အရမ်း ခက်ခဲလွန်းခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ကမ္ဘာခြားနတ်ဆိုး အများအပြားကို ယခုအချိန်အထိ ဖိနှိပ်ထားခဲ့ရပြီး အဆောင်ဘိုးဘေးကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးပင်လျှင် ကမ္ဘာခြားနတ်ဆိုးဧကရာဇ်ကို မသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

“စီနီယာမိုးကြိုးဧကရာဇ်မှာ သံသယတွေရှိနေတယ်ဆိုရင် ကိုယ်တိုင်သွားကြည့်ဖို့ ရှေးဟောင်းကျောက်တိုင်ထဲကို ဝင်လို့ရပါတယ်၊ အခုလောလောဆယ်တော့ မိုးကြိုးဘိုးဘေးအဆောင်ကို ကျွန်တော်တို့ကို ပေးပါ၊ ဒီတစ်ခါ ကျွန်တော်တို့မှာ ဝါးမျိုခြင်းဘိုးဘေးအဆောင်နဲ့ ဘိုးဘေးကျောက်လက်ဖွဲ့ ပါလာတယ်ဆိုတော့ ကျွန်တော်တို့ကို မိုးကြိုးဘိုးဘေးအဆောင် ပေးလိုက်တာက သူ့ကို တိုက်ပွဲမှာ ပိုသာတဲ့အခန်းကဏ္ဍကနေ ပါဝင်ခွင့်ရစေလိမ့်မယ်”

“ဘိုးဘေးကျောက်လက်ဖွဲ့လား”

မေးခွန်းသင်္ကေတကြီးတစ်ခု မိုလော့၏စိတ်ထဲတွင် ချက်ချင်းပေါ်လာသည်။

မိုးကြိုးဧကရာဇ်ကမူ မျက်လုံးများကျဉ်းမြောင်းသွားပြီး ဝူယွမ်ကို အံ့အားသင့်စွာ ကြည့်ကာ မေးလိုက်သည်။ “ကောင်းကင်နဲ့ မြေကြီးရဲ့ နတ်ဘုရားရတနာတွေကနေ ရှေးဟောင်း အဆောင်ဘိုးဘေးသန့်စင်ခဲ့ပြီး ရှေးဟောင်းနတ်ဘုရားရတနာ စာရင်းမှာ ဒုတိယအဆင့်ရှိတဲ့ ဘိုးဘေးကျောက်လက်ဖွဲ့လား”

“ဟုတ်တယ်”

ဤအချိန်တွင် အလင်းလူရိပ်နှစ်ခုက ဝူယွမ်နှင့် လင်းတုန်၏ခန္ဓာကိုယ်များမှ ပစ်လွှတ်ထွက်ပေါ်လာသည်။ သူတို့မှာ ဟွမ်နှင့် ယန်တို့ဖြစ်ကြသည်။

သူတို့ ပေါ်လာသည်နှင့်တစ်ပြိုင်နက် နတ်ဘုရားရတနာများနှင့် သက်ဆိုင်သော အစွမ်းထက်သည့် အရှိန်အဝါကိုပါ ပြသလိုက်ရာ သာမန်သန့်စင်ယွမ်ရတနာများနှင့် လုံးဝယှဉ်၍မရနိုင်ပေ။

“ဒုတိယနဲ့ တတိယအဆင့်ရှိတဲ့ နတ်ဘုရားရတနာ နှစ်ခုလုံးက မင်းတို့ နှစ်ယောက်ဆီမှာ ရှိနေတာပဲ”

မိုးကြိုးဧကရာဇ်သည် ဝူယွမ်နှင့် အခြားသူများကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး သူ၏စိတ်ထဲတွင် အလွန်အမင်း တုန်လှုပ်သွားလေသည်။

သို့သော်လည်း မိုလော့ကမူ သူ နားမလည်သောကြောင့် အနည်းငယ် အဆက်အသွယ် ပြတ်နေသကဲ့သို့ ခံစားလိုက်ရသည်။

သူသည် ကောင်းကင်နှင့် မြေကြီး၏ အမှန်တရားကို နားလည်သဘောပေါက်သူ အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်ဟု မူလက ထင်မှတ်ခဲ့သော်လည်း ယနေ့ ဤလူငယ်နှစ်ဦးက သူ့ကို သင်ခန်းစာပေးလိုက်လေပြီ။

သူသည် မိုးကြိုးဘိုးဘေးအဆောင်အတွက် ယှဉ်ပြိုင်ရန် ပြင်ဆင်နေဆဲဖြစ်သော်လည်း ယခုအခါ သူ့တွင် ပြောခွင့်ဆိုခွင့်မရှိတော့ပုံရသည်။

အတော်လေးကို ရင်ခံစရာ ဖြစ်နေချေပြီ၊

“ဒါဆိုရင်လည်း မိုးကြိုးဘိုးဘေးအဆောင်က မင်းတို့ဆီမှာရှိတာ အကောင်းဆုံးပဲ”

“ငါ ယူ... “ မိုလော့ ၀င်ပြောရန်ပြင်လိုက်၏။

“မင်း အဲဒီအကြောင်းမတွေးသင့်ဘူး၊ မင်းဆီမှာ မီးတောက်ဘိုးဘေးအဆောင် ရှိနေပြီး၊ သူ့ရဲ့ ဂုဏ်သတ္တိက ငါ့ရဲ့မိုးကြိုးဘိုးဘေးအဆောင်နဲ့ ဆင်တူတယ်၊ နှစ်ခုစလုံးက အလွန်တရာကြီးစိုးပြီး ကြမ်းတမ်းတဲ့ စွမ်းအားတွေ ရှိတယ်၊ နှစ်ခုက အခြေခံအားဖြင့် သဟဇာတမဖြစ်ဘူး၊ အဲ့တာကို ယူထားတာက အမြတ်ထက် အရှုံးက ပိုများလိမ့်မယ်၊း”

မိုလော့၏ မျက်နှာမှာ မှုန်ကုပ်သွားပြီး ပြန်ပြောလိုက်သည်။ “ငါ အဲဒါကို သေချာပေါက်သိပါတယ်၊ ဒါပေမယ့် ငါက တခြားရည်ရွယ်ချက်တစ်ခုအတွက် ဘိုးဘေးအဆောင် လိုအပ်တယ်၊ ပြီးတော့ သူ့အတွက် ပိုသင့်တော်တဲ့ပိုင်ရှင်ကိုလည်း ငါ ရှာပေးမှာပါ”

ဝူယွမ်က မေးလိုက်သည်။ “စီနီယာမိုလော့က ဘိုးဘေးအဆောင်ကို ဘာအတွက်လိုအပ်တာလဲ”

“သေချာပေါက် ကမ္ဘာခြားနတ်ဆိုးတွေကို ကိုင်တွယ်ဖြေရှင်းဖို့ပေါ့”

“အို၊ ကမ္ဘာခြားနတ်ဆိုးတွေရဲ့ လက်ရှိအခြေအနေက ဘယ်လိုရှိလဲ”

“သူတို့က ပိုပိုပြီး နက်ရှိုင်းတဲ့နေရာမှာ ပုန်းအောင်းနေကြတယ်”

“ပြီးတော့ သူတို့က ပိုပြီး စနစ်တကျဖြစ်လာနေတယ်၊ ငါရထားတဲ့ သတင်းအချက်အလက်တွေအရ ဒီနယ်ပယ်မှာ အလွန်တရာကြောက်မက်ဖွယ်ကောင်းတဲ့ အဖွဲ့အစည်းတစ်ခုရှိတယ်၊ ပြီးတော့ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်းကို ကမ္ဘာခြားနတ်ဆိုးတွေနဲ့ ဖွဲ့စည်းထားတယ်”

“ဟိုတုန်းက မင်းရဲ့မိုးကြိုးအဆောက်အအုံကို တိုက်ခိုက်ခဲ့တဲ့ ကမ္ဘာခြားနတ်ဆိုးတွေကလည်း ဒီအဖွဲ့အစည်းရဲ့အောက်မှာ လှုပ်ရှားနေတာ ဖြစ်နိုင်ချေအရမ်းများတယ်”

“လွန်ခဲ့တဲ့ ရာစုနှစ်အနည်းငယ်အတွင်းမှာ ရှေးဟောင်းနတ်ဘုရားရတနာတွေကို ရရှိခဲ့တဲ့ ကံကောင်းတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တချို့ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ အရိပ်တွေရဲ့ တိုက်ခိုက်တာကို ခံခဲ့ရတယ်၊ ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ်တချို့တောင် ဝိုင်းဝန်းတိုက်ခိုက်တာကို ခံခဲ့ရတယ်”

မိုလော့၏မျက်နှာမှာ လေးနက်နေသည်။ ထျန်းရွှမ်တိုက်ကြီးသည် အပြင်ပန်းတွင် ငြိမ်းချမ်းနေပုံရသော်လည်း ဤငြိမ်းချမ်းမှုအောက်တွင် လျှို့ဝှက်ရေစီးကြောင်းများ ဆူပွက်နေကြောင်း ထိပ်တန်းပုဂ္ဂိုလ်များသာ သိရှိကြသည်။ အကယ်၍ ၎င်းသာ တစ်နေ့နေ့တွင် ပေါက်ကွဲလာပါက ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ပေသည်။

သူ၏ စကားများက မိုးကြိုးဧကရာဇ်နှင့် ဝူယွမ်တို့၏ မျက်နှာအမူအရာများကို လေးနက်သွားစေသည်။

ကမ္ဘာခြားနတ်ဆိုးများက ပုန်းအောင်းနေပြီး လူသားများ၏ ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအားများကို လျှို့ဝှက်ဖယ်ရှားနေခြင်း၊ ရှေးဟောင်းနတ်ဘုရားရတနာများနှင့် ဘိုးဘေးအဆောင်များကို ထိန်းချုပ်ထားသူများကို ဖယ်ရှားနေခြင်းမှာ ရေနွေးထဲတွင် ဖားတစ်ကောင်ကို ပြုတ်နေသည်နှင့် တူပြီး သူတို့ကို တစ်ယောက်ချင်းစီ အနိုင်ယူနေခြင်း ဖြစ်သည်။

“ကမ္ဘာခြားနတ်ဆိုးတွေနဲ့ စစ်ပွဲကြီးတစ်ခု ဆင်နွှဲရမှာကို ငါတို့ တကယ်တော့မကြောက်ပါဘူး၊ ဒါပေမယ့် ဒီကမ္ဘာခြားနတ်ဆိုးတွေက ပုန်းနေပြီး လုံးဝ ရှာလို့မတွေ့နိုင်တာက ကြောက်စရာကောင်းတယ်၊ ထပ်ပြောရရင် သူတို့က လူတွေရဲ့ စိတ်နှလုံးကို တိုက်စားတဲ့နေရာမှာ တော်တယ်၊ တစ်ခါတလေ ဘယ်အင်အားစုတွေကို ကမ္ဘာခြားနတ်ဆိုးတွေက ထိန်းချုပ်ထားတယ်ဆိုတာကို ခွဲခြားသိမြင်ဖို့တောင် မဖြစ်နိုင်ဘူး”

သူတို့ကို အနိုင်ယူနိုင်သော်လည်း သူတို့ကို ရှာမတွေ့နိုင်ခြင်းက အခက်ခဲဆုံး အပိုင်းဖြစ်သည်။

အခန်း (၄၀၂) - ရှောင်တျောင်း ထွက်ခွာသွားခြင်း၊ ကမ္ဘာခြားနတ်ဆိုးများကို ငါးမျှားခြင်း(၂)

ဝူယွမ်က ဤအချက်ကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်သည်။ သူသည်လည်း အတိုင်းအတာတစ်ခုအထိ ကမ္ဘာခြားနတ်ဆိုးများကို ရှာဖွေနေခဲ့ခြင်းဖြစ်သည်။

“အရှေ့ဘက်ရွှမ်ဒေသ ယွမ်ဂိုဏ်းက ကမ္ဘာခြားနတ်ဆိုးတွေရဲ့ ဖျက်ဆီးတာကို ခံထားရတယ်ဆိုတာ အတည်ပြုလို့ ရတယ်၊ သူတို့ထဲမှာ ကမ္ဘာခြားနတ်ဆိုးတွေရဲ့ သဲလွန်စတွေ အများကြီး ရှိတယ်၊ သူတို့ရဲ့ ယွမ်ဘုရင်ငယ် သုံးဦး မျိုးဆက် နှစ်ဆက်ကို ကျွန်တော် သတ်ခဲ့တယ်၊ ယခင်မျိုးဆက် ယွမ်ဘုရင်ငယခ သုံးဦးရဲ့ ခန္ဓာကိုယ်တွေထဲမှာ မိစ္ဆာမျိုးစေ့တွေကို ရှာတွေ့ခဲ့တယ်၊”

ဟဲယွမ်နှင့် အခြား နှစ်ဦးကို ဖမ်းဆီးရမိစဉ်က ဝူယွမ်သည် သူတို့ကို တိုက်ရိုက်ဖိနှိပ်ပြီး သူတို့၏ ကျင့်ကြံမှုများကို ဖျက်ဆီးပစ်ခဲ့သည်။ နောက်ပိုင်းတွင် သူတို့၏ခန္ဓာကိုယ်များကို ကမ္ဘာသစ်ပင်က စုပ်ယူလိုက်သောအခါ ခန္ဓာကိုယ်များအတွင်း၌ မိစ္ဆာမျိုးစေ့ စွမ်းအား ရှိနေကြောင်းကို ဟွမ်က ရှာဖွေတွေ့ရှိခဲ့သည်။

ဤအချက်တစ်ချက်တည်းဖြင့် ယွမ်ဂိုဏ်းသည် ကမ္ဘာခြားနတ်ဆိုးများနှင့် နက်ရှိုင်းစွာ ဆက်စပ်နေကြောင်း အတည်ပြုနိုင်ပေသည်။

“ယွမ်ဂိုဏ်းလား၊ သူတို့က အရှေ့ဘက်ရွှမ်ဒေသမှာလေ၊ ကစဉ်ကလျားမိစ္ဆာပင်လယ်နဲ့ အရမ်းဝေးတယ်၊ ဒါပေမယ့် သူတို့က ကမ္ဘာခြားနတ်ဆိုးတွေနဲ့ ဆက်စပ်နေသရွေ့တော့ ငါ သူတို့ဆီ အနှေးနဲ့အမြန် သွားလည်ရမှာပဲ”

“ဒါဆို စီနီယာက မိုးကြိုးဘိုးဘေးအဆောင်ကို သုံးပြီး ကမ္ဘာခြားနတ်ဆိုးတွေကို မြှူဆွယ်ချင်တာမဟုတ်လား”

မိုလော့က ပြောလိုက်သည်။ “ဟုတ်တယ်၊ ဒီကမ္ဘာခြားနတ်ဆိုးတွေက မိုးကြိုးဘိုးဘေးအဆောင်ကို ထိန်းချုပ်မယ့်သူ နောက်တစ်ယောက် ကမ္ဘာပေါ် ပေါ်လာတာကို သေချာပေါက် ခွင့်ပြုမှာမဟုတ်ဘူး၊ ငါက မိုးကြိုးဘိုးဘေးအဆောင်ကို ငါးစာအဖြစ်သုံးပြီး သတင်းဖြန့်လိုက်မယ်၊ အဲဒါက ပုန်းနေတဲ့ကမ္ဘာခြားနတ်ဆိုးတွေကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မယ်၊ အဲဒီအခါကျရင် သူတို့ကိုစုပြီး သတ်ပစ်လို့ရတာပေါ့၊”

“စီနီယာရဲ့စွမ်းအားနဲ့ ဘုရင်အဆင့် ကမ္ဘာခြားနတ်ဆိုးတစ်ကောင်ကို မြှူဆွယ်နိုင်ရင်တောင် ကိုင်တွယ်နိုင်မှာမဟုတ်ဘူး”

“ငါ တစ်ယောက်တည်းတော့ သေချာပေါက်မဟုတ်ဘူးပေါ့”

မိုလော့၏မျက်နှာမှာ ယုံကြည်ချက်များဖြင့် ပြည့်နှက်နေသည်။ ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ် အနည်းငယ်မှာ ဆွေးနွေးပြီးသားဖြစ်၏။

“မင်း ချင်းကျီရဲ့သိုင်းပညာကို သုံးတာ ငါ စောစောကမြင်လိုက်တယ်၊ ဒါဆို မင်း ချင်းကျီကိုသိရမယ် ဟုတ်တယ်မလား၊ ဒီလှုပ်ရှားမှုကို ချင်းကျီကဦးဆောင်လိမ့်မယ်”

“အင်း၊ စီနီယာချင်းကျီက ကျွန်တော်တို့အပေါ် ကောင်းကောင်းဆက်ဆံခဲ့တယ်၊ သူက လှုပ်ရှားမှုကိုဦးဆောင်တာဆိုတော့ ကျွန်တော် သေချာပေါက်ထောက်ခံရမှာပေါ့၊ အထူးသဖြင့် အဲဒါက ကမ္ဘာခြားနတ်ဆိုးတွေကို ဆန့်ကျင်တာဆိုတော့လေ”

“ကောင်းပြီ”

ဝူယွမ်နှင့် လင်းတုန်တို့ထက် မိုးကြိုးဘိုးဘေးအဆောင် ပိုင်ရှင်ဖြစ်ရန် ပိုသင့်တော်သူကို သူ ရှာမတွေ့နိုင်ခဲ့ပေ။

မိုလော့သည် မိုးကြိုးဘိုးဘေးအဆောင်၏ မူလစွမ်းအင်တစ်စွန်းတစ်စကို ယူကာ ချက်ချင်းထွက်ခွာသွားလေသည်။

သူနှင့် ဝူယွမ်တို့သည် သုံးလအကြာတွင် မီးနတ်ဘုရားနန်းတော်၌ ဤမူလစွမ်းအင်ကို ပြန်လည်ထုတ်ယူရန် သဘောတူခဲ့ကြသည်။

ထွက်ခွာသွားပြီးနောက် မိုလော့သည် သူ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ဖော်ကာ လျှို့ဝှက်ဂူအတွင်းသို့ ဝင်ရောက်လာသူအားလုံးကို မောင်းထုတ်လိုက်ပြီး မိုးကြိုးဘိုးဘေးအဆောင်မှာ ယခု သူ၏လက်ထဲတွင် ရှိနေပြီဖြစ်ကြောင်း သတင်းဖြန့်လိုက်သည်။

သူသည် လူငယ်ပါရမီရှင်များအတွက် ပြိုင်ပွဲတစ်ခု ကျင်းပမည်ဖြစ်ပြီး ဗိုလ်စွဲသူက မိုးကြိုးဘိုးဘေးအဆောင်၏ ပိုင်ရှင်ဖြစ်လာမည်ဟု ကြေညာခဲ့သည်။

ဝူယွမ်နှင့် အခြားသူများမှာ မိုးကြိုးနယ်ပယ်အတွင်း ကျန်ရစ်ခဲ့ကြပြီး မိုးကြိုးဧကရာဇ်ကို ပြန်လည်သက်သာလာစေရန် ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းသို့ ပြောင်းရွှေ့ပေးခဲ့ကြကာ လင်းတုန်က မိုးကြိုးဘိုးဘေးအဆောင်ကို သန့်စင်လေတော့သည်။

လင်းတုန် မသန့်စင်မီ ဝူယွမ်က ကစဉ်ကလျားသန္ဓေသားမှတစ်ဆင့် မိုးကြိုးဘိုးဘေးအဆောင်၏အမှတ်အသားကို အလွယ်တကူ ကူးယူထားလိုက်သည်။

ဤနည်းအားဖြင့် သူသည် ပြီးပြည့်စုံသော မိုးကြိုးရူန်းသင်္ကေတကို ရရှိသွားခဲ့သည်။

ထို့နောက် ဝူယွမ်သည် မိုးကြိုးအဆောက်အအုံ တစ်ခုလုံးကို ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်းသို့ ပြောင်းရွှေ့ဖို့ရာပြင်တော့သည်။

ဤအရာမှာ ကြီးမားသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး အချိန်အနည်းငယ် ယူရမည်ဖြစ်သည်။

သို့သော်လည်း ၎င်းကို ဟွမ်နှင့် ဟွမ်ယွမ်တို့က အဓိကအားဖြင့် ပြီးစီးအောင် လုပ်ဆောင်ကြမည်ဖြစ်သည်။

“အစ်ကိုကြီး၊ ကျွန်တော် အိမ်အရင်ပြန်ချင်တယ်”

“ကျွန်တော့်စွမ်းအားက အပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီး အဆင့်တစ်ဆင့်တောင် ထပ်တက်သွားပြီ၊ အခုကစပြီး ကျွန်တော့်ရဲ့တိုးတက်မှုက ကိုယ်ပိုင် နားလည်သဘောပေါက်မှုအပေါ်မှာပဲ အဓိက မူတည်လိမ့်မယ်၊ ရှေးဟောင်းကျောက်တိုင် ကမ္ဘာထဲမှာ ဆက်နေတာက ကျွန်တော့်အတွက် သိပ်ပြီး အကူအညီ မဖြစ်တော့ဘူး”

“ပြီးတော့ ကျွန်တော် အိမ်ကိုလွမ်းနေပြီ” ရှောင်တျောင်းကပြောလာလေ၏။

ဝူယွမ် ခဏတာ စဉ်းစားလိုက်သည်။

ရှောင်တျောင်း အိမ်ပြန်ချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း ဝူယွမ်က သူ့အတွက် စိုးရိမ်သဖြင့် ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်း၌ အထွတ်အထိပ်သို့ အရင်ဆုံး ပြန်လည်ရောက်ရှိစေခဲ့ခြင်းဖြစ်သည်။

သူ့တွင်လည်း ကိုယ်ပိုင်မိသားစုနှင့် မျိုးနွယ်စု ရှိသည်။ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့ပြီးနောက် ကောင်းကင်နတ်ဆိုးမြွေပါ မျိုးနွယ်စု၏ သခင်လေးတစ်ယောက်အနေဖြင့် သူ၏မျိုးနွယ်စုက သူ့ကို အလွန် လိုအပ်နေမည်မှာ သေချာလှသည်။

“ကောင်းပြီ”

သူက ညွှန်ကြားလိုက်သည်။ “ဟိုတုန်းက မင်း လိုက်လံတိုက်ခိုက်ခံရတုန်းက ကမ္ဘာခြားနတ်ဆိုးတွေက နောက်ကွယ်ကနေ လျှို့ဝှက်ကြိုးကိုင်နေတာ ဖြစ်နိုင်ချေအရမ်းများတယ်၊ မင်း ပြန်သွားတဲ့အခါ သတိထားရမယ်၊ အင်း... မင်းနဲ့အတူ ရှောင်ယန်ကိုထည့်ပေးလိုက်မယ်၊ သူ့ရဲ့ လက်ရှိ စွမ်းအားက အစွမ်းကုန်ထုတ်လွှတ်လိုက်ရင် ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်နဲ့ ယှဉ်နိုင်ပြီ၊ မင်းကိုကူညီနိုင်လိမ့်မယ်”

ဝူယွမ်သည် မဟာရှေးဟောင်းဝိညာဉ်မျိုးစေ့ကို ရရှိပြီးနောက် ၎င်းကို သူကိုယ်တိုင် အရင်မစုပ်ယူဘဲ ရှောင်ယန်၊ ပိုင်ယွမ်၊ ရှောင်တျောင်းနှင့် အခြားသူများ ကျင့်ကြံရန်အတွက် မဟာရှေးဟောင်းစွမ်းအင်များ ပိုမို ထုတ်လုပ်ပေးနိုင်ရန် ရှေးဟောင်းကမ္ဘာဦးစေတီအတွင်း၌ ထားရှိခဲ့သည်။

ယခုအခါ ခန္ဓာကိုယ်သန့်စင်ခြင်းကျမ်းကို ကျင့်ကြံသော သူတို့အားလုံးမှာ ဘုရင်ခန္ဓာကိုယ်အဆင့်သို့ ရောက်ရှိနေကြပြီဖြစ်သည်။

ရှောင်ယန်၏ အမြင့်ဆုံး မသေမျိုးခန္ဓာကိုယ်မှာ ဒေါသထွက်နေသော မသေမျိုးကြီးစိုးသူ ခန္ဓာကိုယ်ဖြစ်ပြီး အလွန်မြင့်မားသော ပေါက်ကွဲအား ရှိကာ တိုက်ခိုက်လေလေ ပိုမို အစွမ်းထက်လာလေလေ ဖြစ်သည်။ သာမန်ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကို တိုက်ခိုက်ရန်မှာ ပြဿနာ မဟုတ်ပေ။

ပြီးနောက် ရှောင်တျောင်း၏ အမြင့်ဆုံး မသေမျိုးခန္ဓာကိုယ်မှာ လေဟာနယ်ခန္ဓာကိုယ် ဖြစ်သည်။ သူသည် လေဟာနယ်အတွင်း၌ ပုန်းအောင်းနေနိုင်သဖြင့် ထွက်ပြေးခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းတို့တွင် အထူးကျွမ်းကျင်သည်။

ဝင်စားခြင်းအဆင့်တွင် ရှိသူများထဲမှ မည်သူမျှ သူ့ကိုမသတ်နိုင်ပေ။

ထို့ကြောင့် ရှောင်တျောင်း ပြန်သွားမည်ကို ဝူယွမ် သိပ်ပြီး မစိုးရိမ်ပေ။

ဝူယွမ်က ပြောလိုက်သည်။ “တကယ်လို့ အန္တရာယ်နဲ့ကြုံရရင် အဆောတလျင်မဝင်သွားနဲ့၊ မနိုင်ဘူးဆိုရင် ဝိညာဉ်သတင်းစကားပို့လိုက်၊ အကူအညီ ဘယ်လိုတောင်းရမလဲဆိုတာ မင်း သိရမယ်၊ မင်း အခု တစ်ယောက်တည်း တိုက်ခိုက်နေတာ မဟုတ်ဘူး၊ အရာအားလုံးအတွက် အစ်ကိုကြီး ဒီမှာရှိနေသေးတယ်”

ရှောင်တျောင်းက ပြုံးကာ ပြောလိုက်သည်။ “အစ်ကိုကြီး၊ မစိုးရိမ်ပါနဲ့၊ ဒီတစ်ခါ ကျွန်တော်ပြန်သွားတာက ကျွန်တော်ကိုဒုက္ခပေးခဲ့တဲ့ သူတွေကို စုံစမ်းဖို့ပဲ၊ ကောင်းကင်နတ်ဆိုးခန်းမ မျိုးနွယ်စုထဲမှာ သစ္စာဖောက်တွေ သေချာပေါက်ရှိရမယ်၊ သူတို့ကို ကျွန်တော် လျှို့ဝှက်စုံစမ်းမယ်”

ကစဉ်ကလျားမိစ္ဆာပင်လယ်သည် နတ်ဆိုးနယ်မြေနှင့် အတန်ငယ် ဝေးကွာသော်လည်း ရှောင်တျောင်းသည် သူ၏အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။ သူသည် နတ်ဆိုးနယ်မြေ၏ လေဟာနယ် သြဒီနိတ်များကို ပိုင်ဆိုင်ထားပြီး အစီအရင်တစ်ခုမှတစ်ဆင့် ထိုနေရာသို့ တိုက်ရိုက် သွားရောက်နိုင်သည်။

ရှောင်တျောင်းသည် လေဟာနယ်တွင် ရူန်းများကို ရေးဆွဲလိုက်ရာ မကြာမီ ရှုပ်ထွေးသော ဆက်သွယ်ရေးအစီအရင်တစ်ခု အောင်မြင်စွာ ဖြစ်ပေါ်လာသည်။ သူနှင့် ရှောင်ယန်တို့သည် ၎င်းအတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။

မိုးကြိုးဘိုးဘေးအဆောင်ကို သန့်စင်ရာတွင် လင်းတုန်သည် လျှပ်စီးတန်းတစ်သိန်း၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရန် လိုအပ်သည်။

ဤအရာအတွက် ဝူယွမ် မစိုးရိမ်ပေ။ လင်းတုန်၏ လက်ရှိ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှာ ယုံကြည်နိုင်စရာမရှိလောက်အောင် ကြံ့ခိုင်မာကျောနေပြီဖြစ်သည်။ မိုးကြိုးဘိုးဘေးအဆောင်၏ စမ်းသပ်မှုကို မဆိုထားနှင့် မိုးကြိုးဘိုးဘေးအဆောင်ကို တိုက်ရိုက်ရင်ဆိုင်ခြင်းကပင် ပြဿနာကြီးကြီးမားမား ဖြစ်လာမည်မဟုတ်ပေ။

ထိုသို့သောစမ်းသပ်မှုမျိုးက သူ၏ခံနိုင်ရည်ကို တိုးလာစေရန်သာ အထောက်အကူပြုသည်။

ဝူယွမ်သည်လည်း မိုးကြိုးဧကရာဇ်ရတနာကျင့်စဉ်ကို အာရုံစိုက်ကာ ကျင့်ကြံနေသည်။ အစောပိုင်းက မိုးကြိုးကန်ကြီးမှ ရရှိခဲ့သော မိုးကြိုးနှလုံးသား အမြောက်အမြားတွင် သန့်စင်သော မိုးကြိုးစွမ်းအင်များ ပါဝင်နေပြီး သူ၏ ပြီးပြည့်စုံသော မိုးကြိုးရူန်းသင်္ကေတ ရရှိထားမှုနှင့်အတူ မိုးကြိုးဧကရာဇ် ရတနာကျင့်စဉ်ကို ကျင့်ကြံရခြင်းမှာ အားစိုက်စရာမလိုဘဲ လျင်မြန်စွာ တိုးတက်လာခဲ့သည်။

တစ်လအတွင်းမှာပင် သူ၏ မိုးကြိုးဧကရာဇ် ရတနာကျင့်စဉ်သည် ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိသွားပြီး ၎င်းက ထုတ်လွှတ်လိုက်သော စွမ်းအားမှာ သူ အချိန်အတော်ကြာ ကျင့်ကြံခဲ့သော နတ်ဆင်ဖိနှိပ်ခြင်း အကျဉ်းထောင် စွမ်းအားထက် မနိမ့်ကျပေ။

သူ၏နယ်ပယ်သည်လည်း ဆန်းကြယ်သေခြင်းအဆင့် အစောပိုင်းသို့ သဘာဝကျကျ ချိုးဖောက်ဝင်ရောက်သွားခဲ့သည်။

လင်းတုန်သည် မိုးကြိုးဘိုးဘေးအဆောင်၏ မိုးကြိုးနယ်ပယ်ထဲတွင် လျှပ်စီးပစ်ခြင်းကို ခံနေရဆဲပင်။

ဝူယွမ်က ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ရူန်းသင်္ကေတကို အပြည့်အဝအသက်သွင်းကာ ဆန်းကြယ်သေခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်သို့ လျင်မြန်စွာ ရောက်ရှိရန် ကြိုးစားရင်း ဆက်လက်ကျင့်ကြံရန် ပြင်လိုက်သည်။

ထို့နောက် သူသည် မိုလော့၊ ချင်းကျီ၊ အခြားသူများနှင့်အတူ ငါးမျှားရန် မီးနတ်ဘုရားနန်းတော်သို့ သွားမည်ဖြစ်သည်။ ထိုအချိန်တွင် ပေါ်လာမည့် ကမ္ဘာခြားနတ်ဆိုးဘုရင်များမှာ သူတို့၏ အထွတ်အထိပ်အခြေအနေတွင် ရှိနေမည်ဖြစ်ပြီး ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲပေလိမ့်မည်။

ထိုအချိန်တွင် သူ၏ ပေါက်ကွဲအား ပိုမိုမြင့်မားလာစေရန်အတွက် ကျင့်ကြံခြင်းအဆင့်ကို အနည်းငယ် ပိုမိုမြှင့်တင်ရမည်ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း နောက်ထပ်တစ်လ ကုန်လွန်သွားခဲ့သည်။ သေမင်းတိတ်ဆိတ်ခြင်း ဆေးလုံး အမြောက်အမြားနှင့် ကမ္ဘာသစ်ပင်၏အကူအညီဖြင့် ဝူယွမ်သည် ဆန်းကြယ်သေခြင်းအဆင့် အလယ်အလတ်သို့ အောင်မြင်စွာ ချိုးဖောက်ဝင်ရောက်သွားခဲ့သည်။

လင်းတုန်သည်လည်း နောက်ဆုံးတွင် မိုးကြိုးဘိုးဘေးအဆောင်၏ စမ်းသပ်မှုမှ ထွက်ပေါ်လာခဲ့သည်။

သူသည် လျှပ်စီးတစ်သိန်း၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိခဲ့ပြီး မိုးကြိုးဘိုးဘေးအဆောင်ကို ရရှိခဲ့သည်။

“အစ်ကိုကြီး၊ ကျွန်တော်အောင်မြင်သွားပြီ”

“အရမ်းကောင်းတယ်၊ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်၊ အစ်ကိုကြီးက နောက်ထပ် အစွမ်းထက်တဲ့သိုင်းပညာတစ်ခုကို မင်းဆီ လက်ဆင့်ကမ်းပေးမယ်”

လင်းတုန်ထံသို့ မိုးကြိုးဧကရာဇ် ရတနာကျင့်စဉ်ကို သင်ကြားပေးရန် သူ ပြင်ဆင်လိုက်သည်။

လင်းတုန်၏ လက်ရှိ အခြေခံအုတ်မြစ်ဖြင့် ဤနတ်ဘုရားစွမ်းရည်ကိုကျင့်ကြံရန် အလွန်သင့်တော်ပေသည်။

All Chapters