အခန်း (၄၀၃-၄၀၄)
Vol. 41 Ch. 403-404
အခန်း (၄၀၃) - လူသစ်များ အဆင့်သတ်မှတ်ချက်၊ မီးတောက်မြို့တော်(၁)
လင်းတုန်သည် မိုးကြိုးဘိုးဘေးအဆောင်၏ စမ်းသပ်မှုကို ခံနိုင်ရည်ရှိခဲ့ပြီး လျှပ်စီးတန်းတစ်သိန်း၏ ရိုက်ခတ်မှုကို ခံခဲ့ရသည်။ သူ၏ ခန္ဓာကိုယ်မှာ မိုးကြိုးခန္ဓာကိုယ် တစ်ခုကို ပိုင်ဆိုင်ထားသကဲ့သို့ နောက်တစ်ဖန် ကြံ့ခိုင်လာခဲ့ပြီး လျှပ်စီးတိုက်ခိုက်မှုများကို မကြောက်ရွံ့တော့ဘဲ အလွန်တရာအစွမ်းထက်လာခဲ့သည်။
မိုးကြိုးရူန်းသင်္ကေတများ သူ၏ခန္ဓာကိုယ်အတွင်း၌ ဆင့်ကဲပြောင်းလဲလာခဲ့ပြီဖြစ်သည်။
ဤအခြေအနေများအောက်တွင် ၎င်းသည် သူ့အား မိုးကြိုးဧကရာဇ်ရတနာကျင့်စဉ်ကို ကျင့်ကြံရန်အတွက် ပြိုင်ဘက်ကင်းသော အခြေခံအုတ်မြစ်တစ်ခုကို ပေးစွမ်းခဲ့သည်။
ဝူယွမ်က သူ့ကို မိုးကြိုးဧကရာဇ်ရတနာကျင့်စဉ်ကို သင်ကြားပေးခဲ့ပြီး မိုးကြိုးဧကရာဇ် ရာဇလှံတံကိုလည်း လင်းတုန်အား ပေးအပ်ခဲ့သည်။
ဝူယွမ်၏ လက်ထဲတွင် ကောင်းကင်ပျံလွှားဓား ရှိပြီးဖြစ်သည်။ မိုးကြိုး ဧကရာဇ် ရာဇလှံတံက အစွမ်းထက်သော်လည်း အစ်မကြီးတစ်ယောက်လို ဖြစ်နေသော ကောင်းကင်ပျံလွှားဓားရှေ့တွင် ၎င်းမှာ အနည်းငယ် မူပိုနေသလို ဖြစ်နေသည်။
ကမ္ဘာသစ်ပင်၏ အချိန်ကြာမြင့်စွာ ပြုစုပျိုးထောင်မှုနှင့် အထူးဂရုစိုက်မှုတို့ကြောင့် ကောင်းကင်ပျံလွှား ဓားသည် ထိပ်တန်းအဆင့် သန့်စင်ယွမ်ရတနာ အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ၎င်း၏ ဝိညာဉ်အသိစိတ်မှာ ပိုမိုပြီးပြည့်စုံလာကာ ယခုအခါ ဟွမ်ယွမ်ကဲ့သို့ စစ်မှန်သော ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကိုယ်ထင်ပြနိုင်စွမ်း ရှိနေပြီဖြစ်သည်။
ကောင်းကင်ပျံလွှားဓားသည် ခြေလှမ်း၀က်နတ်ဘုရားရတနာဟု ဆိုနိုင်ပေသည်။
ဝူယွမ်ကို အံ့အားသင့်သွားစေသည်မှာ ကောင်းကင်ပျံလွှားဓား၏ စစ်မှန်သော ဝိညာဉ်က ချစ်စရာကောင်းသော ခရမ်းရောင်ဆံပင်နှင့် မိန်းမပျိုလေးတစ်ဦး ဖြစ်နေခြင်းပင်။
သူမ၏ သခင်နှင့် လုံးဝ မတူချေ။
အဘယ်ကြောင့် အမျိုးသမီး ဓားဝိညာဉ်လေးတစ်ဦး မွေးဖွားလာရသည်ကို ဝူယွမ်မသိရှိပေ။
သူသည် ကောင်းကင်ပျံလွှားဓားကို ကိုင်ဆောင်ချိန်တွင် အစ်ကိုတစ်ယောက်လို အမြဲတမ်း ဆက်ဆံခဲ့သည်။
ယခုအခါ ဓားဝိညာဉ် မိန်းမပျိုလေးတစ်ဦး ရုတ်တရက် မွေးဖွားလာသဖြင့် ဝူယွမ်က ‘သူမကိုအသုံးပြုပြီး လူတွေကိုသတ်တဲ့အခါ နာကျင်လို့ ငိုများငိုမလား’ ဟု တွေးမိလေသည်။
ဓားဝိညာဉ်လေး အရမ်းကြောက်တတ်မှာကို ကာကွယ်ရန် ဝူယွမ်သည် သူမအတွက် အကာအကွယ်အချို့ ထပ်ပေါင်းထည့်ပေးရန် ဆုံးဖြတ်လိုက်ပြီး ဓားကိုယ်ထည်၏ သတ္တုဂုဏ်သတ္တိကို မြှင့်တင်ရန်အတွက် သူမအား သတ္တုရူန်းသင်္ကေတများကို ကျင့်ကြံစေခဲ့သည်။
ဓားဝိညာဉ်လေးသည် ယခုလေးတင် မွေးဖွားလာသော်လည်း သူမသည် အတော်လေးဉာဏ်ရည်ကောင်းမွန်ပြီး ၎င်းမှာ ကမ္ဘာသစ်ပင်၏ အထူးလမ်းညွှန်မှုရလဒ် ဖြစ်ရမည်။
သူမသည် ရှေးဟောင်းကျောက်တိုင်ကမ္ဘာ၏ မူလအစအောက်တွင် မွေးဖွားလာသော သက်ရှိတစ်ခုအဖြစ်လည်း သတ်မှတ်ခံရပြီး ကောင်းကင်နှင့် မြေကြီး၏ နိယာမများနှင့် အလွန်ရင်းနှီးကျွမ်းဝင်မှု ရှိသည်။
‘သူမဘာသာသူ ကျင့်ကြံနိုင်လိမ့်မယ်'
၎င်းက ဝူယွမ်ကို ဒုက္ခများစွာ သက်သာစေခဲ့သည်။
ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်း၌ ဝူယွမ်သည် ကျယ်ပြောလှသော မိုးကြိုးအဆောက်အအုံ လေဟာနယ်ကို ပေါင်းစပ်လိုက်သည်နှင့်အမျှ မိုးကြိုးအဆောက်အအုံသည်လည်း မဟာရှေးဟောင်းဂိုဏ်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။
မိုးကြိုးနည်းလမ်းများကို အထူးပြုသော မိုးကြိုးခန်းမအသစ်တစ်ခုကို တည်ထောင်ခဲ့သည်။
ပြီးနောက် မိုးကြိုးခန်းမကို မိုးကြိုးဧကရာဇ်နှင့် ကျိုဖေးတို့၏ မူလအဖွဲ့ကပင် ဦးဆောင်ပြီး ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်း၌ တပည့်များကို လက်ခံနေသည်။
ယနေ့ခေတ် ရှေးဟောင်းကျောက်တိုင်ကမ္ဘာမှာ ကြီးပွားတိုးတက်နေပြီး ပိုမိုအစွမ်းထက်လာနေသည်။
ဝူယွင်သည် ကြီးထွားမှုအဆင့်သို့ ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။
ဝင်စားခြင်းအဆင့် စွမ်းအားဖြင့် မွေးဖွားလာသော ဝူယွင်၏ ကြီးထွားမှု အဆင့်သို့ ဝင်ရောက်သွားသည်နှင့်အမျှ ၎င်း၏ လက်ရှိစွမ်းအားမှာ ယင်းရွှမ်ဇီပင်လျှင် မရင်ဆိုင်ရဲသော အရာတစ်ခု ဖြစ်နေပြီဖြစ်သည်။
ဝင်စားခြင်းအဆင့် ရှိသူများထဲတွင် ၎င်း၏မီးတောက်များက မီးတောက် ဘိုးဘေးအဆောင်ကို ပိုင်ဆိုင်ထားသော မိုလော့နှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိလောက်ပေသည်။
အဘိုးအိုဖန်ထျန်းကလည်း များစွာ ပြန်လည်သက်သာလာခဲ့ပြီး အထွတ်အထိပ် ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားလေပြီ။
ချီရှင်းကလည်း ဝင်စားခြင်းအဆင့်သို့ တက်လှမ်းတော့မည်ဖြစ်သည်။
သူတို့အောက်တွင် ဆန်းကြယ်ရှင်ခြင်းအဆင့်နှင့် ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များလည်း လျင်မြန်စွာ များပြားလာနေသည်။
ဥပမာအားဖြင့် တောင်ဂိုဏ်း၏ ခန်းမလေးခုမှ ခန်းမသခင်များသည် ယခုအခါ ဆန်းကြယ်သေခြင်းအဆင့်သို့ ဝင်ရောက်သွားကြပြီဖြစ်သည်။ အခြားအကြီးအကဲများနှင့် သက်လတ်ပိုင်း အစွမ်းထက်ပုဂ္ဂိုလ်များကိုပါ ထည့်သွင်းရေတွက်လျှင် လူတစ်ဒါဇင်ကျော်က ဆန်းကြယ်သေခြင်းအဆင့်သို့ ခြေချသွားခဲ့ကြပြီဖြစ်သည်။
လက်ရှိတွင် ရှေးဟောင်းကျောက်တိုင်ကမ္ဘာသည် ဆန်းကြယ်သေခြင်းအဆင့်အောက်ရှိ သူများအတွက် အလွန်တရာကြွယ်ဝသော ကျင့်ကြံခြင်းအရင်းအမြစ်များကို ပိုင်ဆိုင်ထားသည်။ ထူးချွန်သောပါရမီ ရှိနေသရွေ့ ဆန်းကြယ်ရှင်ခြင်းအဆင့်သို့ ချိုးဖောက်ဝင်ရောက်ရန်အတွက် နှစ်အနည်းငယ်ဆိုသည်က လုံလောက်ပေသည်။
အမာခံ တိုက်ခိုက်ရေးသမားများ၏အရေအတွက် များပြားလာသည်နှင့်အမျှပေါ့။
ဝူယွမ်သည် စစ်တပ်တစ်ခုတည်ထောင်ရန် ပြင်ဆင်နေသည်။
ကမ္ဘာခြားနတ်ဆိုးများကို ကိုင်တွယ်ဖြေရှင်းရန် ဆန်းကြယ်ရှင်ခြင်းအဆင့်အထက် အစွမ်းထက်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသော စစ်တပ်တစ်ခုကသာ သိသာထင်ရှားသော အကျိုးသက်ရောက်မှုတစ်ခု ရှိမည်ဖြစ်သည်။
ကမ္ဘာခြားနတ်ဆိုးစွမ်းအင်၏ တိုက်စားမှုမှာ အလွန်တရာရက်စက်လှပြီး ဆန်းကြယ်ရှင်ခြင်းစွမ်းအား မရှိဘဲနှင့် ၎င်းကို မခုခံနိုင်ပေ။
ထို့ကြောင့် ဆန်းကြယ်ရှင်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသော စစ်တပ်တစ်ခုဖွဲ့စည်းရန် လိုအပ်သည်။
ဝူယွမ်သည် တပ်မှူးများအဖြစ်ဆောင်ရွက်ရန် လူလေးဦးကိုရွေးချယ်ခဲ့သည်။
ကျန်းယွဲ့၊ ယင်းရှောင်ရှောင်၊ ဝမ်ယန်နှင့် ရှန်ထူကျွယ်။
ဤလေးဦးကို ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းရှိ ဆန်းကြယ်ရှင်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များဖြင့် စစ်တပ်လေးခု ရွေးချယ်ဖွဲ့စည်းစေခဲ့သည်။
ကျန်းယွဲ့သည် ချိုမြိန်နှင်းစက်ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားပြီး တိုက်ပွဲကို ထိန်းသိမ်းရန်အတွက် ယွမ်စွမ်းအင်အမြောက်အမြား ထောက်ပံ့ပေးနိုင်သည်။ ယင်းရှောင်ရှောင် ကိုယ်တိုင်က အစွမ်းထက်သော ခေါင်းဆောင်မှု အရည်အချင်းများ ရှိသည်။
ဝမ်ယန်တွင် သတ်ဖြတ်လိုစိတ် ရှိပြီး ရှေ့တန်းစစ်ဗိုလ်ချုပ်ကောင်း တစ်ဦး ဖြစ်သည်။ ရှန်ထူကျွယ်သည် အထူးသဖြင့် အစွမ်းထက်သော ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ရှိပြီး ခန္ဓာကိုယ်ကျင့်ကြံသူတစ်စုကို ဦးဆောင်ကာ တိုက်ခိုက်နိုင်သည်။
သူတို့ကို လူငယ်မျိုးဆက်များထဲတွင် အကောင်းဆုံးများထဲမှ အကောင်းဆုံးဟု ဆိုနိုင်ပေသည်။
ဤအဖွဲ့လေးဖွဲ့အပြင် အကြီးအကဲချန်မို ဦးဆောင်သော အက္ခရာသခင်များအဖွဲ့လည်း ရှိသေးသည်။
ဝူယွမ်၏ အကူအညီဖြင့် အကြီးအကဲ ချန်မိုသည် ကောင်းကင်အက္ခရာသခင် မဟာပြည့်စုံခြင်းအဆင့်သို့ ချိုးဖောက်ဝင်ရောက်သွားခဲ့ပြီဖြစ်ပြီး အထွတ်အထိပ် ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးနှင့် နှိုင်းယှဉ်နိုင်လာပေသည်။
ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်း အစီအစဉ်များပြုလုပ်နေစဉ် ဝူယွမ်သည် မီးတောက်ပင်လယ်နယ်မြေဆီသို့ ခရီးသွားခဲ့သည်။
မီးတောက်ပင်လယ်နယ်မြေသည် မီးနတ်ဘုရားနန်းတော်၏ နယ်မြေဖြစ်သည်။
ဤတစ်ကြိမ်တွင် မိုလော့သည် မိုးကြိုးဘိုးဘေးအဆောင်၏ မူလစွမ်းအင် တစ်စိတ်တစ်ပိုင်းကို ယူဆောင်သွားပြီး ကောလဟာလတစ်ခုကို ဖန်တီးကာ ကမ္ဘာခြားနတ်ဆိုးများကို မြှူဆွယ်ရန် အသုံးပြုခဲ့သည်။ သူသည် ပြိုင်ပွဲတစ်ခုကျင်းပရန် စီစဉ်ထားပြီး ဗိုလ်စွဲသူသည် မိုးကြိုးဘိုးဘေးအဆောင်ကို ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းဖြန့်ခဲ့သည်။
နှစ်လ ကုန်လွန်သွားခဲ့ပြီဖြစ်ပြီး ကစဉ်ကလျားမိစ္ဆာပင်လယ်တစ်ခုလုံးသည်လည်း ဤသတင်းကို ရရှိသွားခဲ့ကြပြီဖြစ်သည်။ လူအများအပြားသည် မီးတောက်ပင်လယ်နယ်မြေဆီသို့ သွားနေကြပြီး အချို့က ဝင်ရောက်ယှဉ်ပြိုင်လိုကြသော်လည်း ပို၍များပြားသော လူများကမူ ပွဲကြည့်ရန် သွားနေကြခြင်းဖြစ်သည်။
ယခင်က မျိုးနွယ်စုကြီးငါးခု ကျင်းပခဲ့သော သိုင်းပြိုင်ပွဲကဲ့သို့ပင် ကြီးကျယ်ခမ်းနားသော ပွဲလမ်းသဘင်တိုင်းတွင် ပွဲကြည့်သူများမရှိခြင်းဟူ၍ မရှိပေ။
လမ်းခရီးတွင် ဝူယွမ်သည် မီးတောက်ပင်လယ်နယ်မြေဆီသို့ ဦးတည်နေသော အဖွဲ့အများအပြားနှင့်လည်း ကြုံတွေ့ခဲ့ရသည်။
ခရီးစဉ်အတွင်း ဝူယွမ်သည် သတင်းများစွာ ရရှိခဲ့ပြီး မကြာသေးမီက လူသစ်များ အဆင့်သတ်မှတ်ချက်အကြောင်းကို အများဆုံး ကြားခဲ့ရသည်။
၎င်းကို ကစဉ်ကလျားမိစ္ဆာပင်လယ်ရှိ ကောင်းကင်လျှို့ဝှက်ချက် မျှော်စင်ဟုခေါ်သော အင်အားစုတစ်ခုက စုစည်းထားခြင်းဖြစ်သည်။ သူတို့စုဆောင်းထားသော အချက်အလက်များအပေါ် အခြေခံ၍ လူငယ်မျိုးဆက် ပါရမီရှင်များကို အဆင့်သတ်မှတ်ပေးခဲ့သည်။
စာရင်းတွင် ပါဝင်နိုင်သူများအားလုံးမှာ သီးခြားပင်လယ်နယ်မြေတစ်ခုတွင် အလွန်ကျော်ကြားသူများ ဖြစ်ကြသည်။
ပြီးနောက် ဤလူသစ်များ အဆင့်သတ်မှတ်ချက်တွင် အဆင့်မြင့်မားသူများမှာ ဤတစ်ကြိမ် မိုးကြိုးဘိုးဘေးအဆောင် ပြိုင်ပွဲအတွက် လူကြိုက်အများဆုံး ယှဉ်ပြိုင်သူများလည်း ဖြစ်ကြသည်။
ဝူယွမ်လည်း စာရင်းတွင် ပါဝင်သော်ငြား သူ၏အဆင့်မှာ သိပ်မမြင့်မားဘဲ အဆင့်ခုနစ်တွင်သာ ရှိသည်။
ထို့အပြင် ဤအဆင့်ခုနစ်နေရာမှာ အငြင်းပွားဖွယ်ရာ အလွန်များပြားလှသည်။
အဘယ်ကြောင့်ဆိုသော် ဝူယွမ်၏ ကိုယ်ပိုင် အောင်မြင်မှုများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာသော မှတ်တမ်းများ များများစားစား မရှိဘဲ ဆန်းကြယ်သေခြင်းအဆင့်ဝက် အစွမ်းထက်ပုဂ္ဂိုလ်အရိုးအဘိုးအိုကို သတ်ဖြတ်ခဲ့ခြင်း တစ်ခုတည်းသာ အတော်လေး ရှင်းလင်းနေသောကြောင့်ဖြစ်သည်။ အခြားအောင်မြင်မှုများမှာ အတော်လေး ဝေဝါးနေသည်။
ဝူယွမ်သည် အထင်ကြီးစရာကောင်းသော အောင်မြင်မှုများစွာကို ရရှိခဲ့သော်လည်း သူ မည်မျှအစွမ်းထက်ကြောင်းကို သိရှိသူ များများစားစားမရှိဘဲ သူတို့က သူ၏လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးထားခဲ့ကြသည်။
ဤတစ်ကြိမ်တွင် ရှေးဟောင်းကျောက်တိုင်တစ်ခုလုံးကို သူက အားလုံးနီးပါး သိမ်းပိုက်လိုက်ပြီဟု ဆိုနိုင်သော်လည်း အဓိကအင်အားစုမှာ ဆန်းကြယ်သေခြင်းအဆင့် ကောင်းကင်နတ်ဆိုးမြွေပါ တစ်ကောင် ဖြစ်နေသည်။
ထို့ကြောင့် ဝူယွမ်သည် ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များကို မကြောက်ရွံ့ပုံပေါ်သော်လည်း သူတို့နှင့် အမှန်တကယ် ထိပ်တိုက်မတွေ့ဖူးသေးပေ။
ထိပ်တန်းဆယ်ဦးစာရင်းတွင် ပါဝင်သူအားလုံးနီးပါးမှာ ဆန်းကြယ်သေခြင်းအဆင့် အစပိုင်း သို့မဟုတ် ထိုထက်ပိုသော အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ လူအများအပြားက ဝူယွမ် အဆင့်ခုနစ် ချိတ်နိုင်ခြင်းကို သံသယရှိနေကြသည်။
သို့သော်လည်း ဤအရာမှာ ဝူယွမ်အတွက် အနေတော်ပင် ဖြစ်သည်။ သူသည် ယခင်က လူလုံးထွက်ပြမှုများကို တမင်တကာ လျှော့ချခဲ့ပြီး လင်းတုန်ကိုလည်း ဘိုးဘေးအဆောင်များအကြောင်း ထုတ်မပြောရန် သတိပေးခဲ့ခြင်းမှာ အလွန်အမင်း ထင်ပေါ်ကျော်ကြားမှု မဖြစ်စေရန်နှင့် ကမ္ဘာခြားနတ်ဆိုးများ၏ အာရုံစိုက်မှုကို မဆွဲဆောင်မိစေရန်ပင် ဖြစ်သည်။
မိုးကြိုး အဆောက်အအုံကဲ့သို့သော အင်အားစုပင်လျှင် ကမ္ဘာခြားနတ်ဆိုးများကြောင့် ပျက်စီးသွားခဲ့ရသဖြင့် သူတို့သည်လည်း အန္တရာယ်ရှိနေဆဲပင်။
ထို့အပြင် နတ်ဆိုးသူလျှို အင်အားစုဖြစ်သော ယွမ်ဂိုဏ်းလည်း ရှိနေသေးသည်။
သံသရာအဆင့်နှင့် နှိုင်းယှဉ်နိုင်သော ကမ္ဘာခြားနတ်ဆိုးဘုရင် နှစ်ကောင်သာ တစ်ပြိုင်နက်တည်း လာမည်ဆိုပါက သူတို့ အန္တရာယ်ရှိလာနိုင်သည်။
မီးတောက်ပင်လယ်နယ်မြေသို့ သွားသော ဤခရီးစဉ်တွင် မိုလော့၊ အခြားသူများနှင့် ပူးပေါင်းကာ အစွမ်းထက်သော ကမ္ဘာခြားနတ်ဆိုး အများအပြားကို ခြုံခိုတိုက်ခိုက်နိုင်ပြီး ကမ္ဘာသစ်ပင်အတွက် စွမ်းအင်ပါ၀ါဘဏ်များအဖြစ် ထားရှိနိုင်ပါက သူတို့၏စွမ်းအားကို ပိုမိုတိုးတက်လာစေနိုင်သည်။
ကမ္ဘာသစ်ပင်ကို ဗဟိုပြုထားသော ရှေးဟောင်းကျောက်တိုင်ကမ္ဘာသည် ဖွဲ့စည်းပြီး တည်ငြိမ်သွားသည်နှင့်တပြိုင်နက် ကမ္ဘာခြားနတ်ဆိုးဘုရင် အများအပြားကို တစ်ယောက်တည်းရင်ဆိုင်ရမည်ကို သူတို့ ကြောက်ရွံ့တော့မည်မဟုတ်ပေ။
ဝူယွမ်သည် လူသစ်များအဆင့်သတ်မှတ်ချက်ရှိ ထိပ်တန်းသုံးဦးကို အထူး အာရုံစိုက်ခဲ့သည်။
“လူသစ်များ အဆင့်သတ်မှတ်ချက်မှာ အဆင့်သုံး၊ အသွင်သောင်းချီတောင်တန်းက လူငယ် ဆင်ဘုရင်ကျိုးဇယ်၊ သူ့ရဲ့ အသွင်သောင်းချီ ကောင်းကင်ကျင့်စဉ်က ပြည့်စုံသွားပြီဖြစ်ပြီး အသွင်သောင်းချီ စွမ်းအားကို ပိုင်ဆိုင်ထားတယ်”
“လူသစ်များ အဆင့်သတ်မှတ်ချက်မှာ အဆင့်နှစ်၊ မီးနတ်ဘုရားနန်းတော်က မီးတောက်နတ်သမီးလေး ထန်ရှင်းလျန်၊ သူမက မိုလော့ရဲ့ အဓိကတပည့်၊ မီးတောက်ဘိုးဘေးအဆောင်ကို ထိန်းချုပ်သူနဲ့ မီးနတ်ဘုရားနန်းတော်ရဲ့ နောက်ထပ်ဆက်ခံသူ ဖြစ်တယ်”
အခန်း (၄၀၄) - လူသစ်များ အဆင့်သတ်မှတ်ချက်၊ မီးတောက်မြို့တော်(၂)
“လူသစ်များ အဆင့်သတ်မှတ်ချက်မှာ အဆင့်တစ်၊ မျက်နှာမပါသူ ရွှီရှို့၊ သူက ဆန်းကြယ်သေခြင်း၊ အလယ်အလတ်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ကို သတ်ခဲ့ဖူးတယ၊”
ကစဉ်ကလျားမိစ္ဆာပင်လယ်သည် တကယ်ကို ၎င်း၏ကျယ်ပြောမှုနှင့် ထိုက်တန်လှသည်။ ဤပါရမီရှင်များ အားလုံးမှာ သာမန်မဟုတ်ကြပေ။
သူတို့၏ စွမ်းအားမှာ အခြေခံအားဖြင့် ဆန်းကြယ်သေခြင်းအဆင့် အလယ်အလတ်တွင် ရှိကြသည်။
ဝူယွမ်သည်လည်း ယခု ဆန်းကြယ်သေခြင်းအဆင့် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ၎င်းမှာ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဘိုးဘေးအဆောင်ကြောင့် ဖြစ်ပြီး ဤမျှလောက်လျင်မြန်သော တိုးတက်မှုကို ရရှိစေခဲ့ခြင်းဖြစ်သည်။
သေချာပေါက် ဝူယွမ်နှင့် အခြားသူများ၏တိုးတက်မှု နှေးကွေးနေခြင်းမဟုတ်ပေ။ အဓိက အကြောင်းရင်းမှာ သူတို့သည် ခန္ဓာကိုယ်သန့်စင်ခြင်းကျမ်းနှင့် နတ်ဆင်ဖိနှိပ်ခြင်း အကျဉ်းထောင် စွမ်းအားကဲ့သို့သော အစွမ်းထက်သည့် ကျင့်စဉ်များကို ကျင့်ကြံကြခြင်းကြောင့် ဝူယွမ်နှင့် လင်းတုန်တို့သည် အဆင့်ချိုးဖောက်ဝင်ရောက်ရန် အခြားသူများထက် အရင်းအမြစ် ပိုမိုသုံးစွဲရန် လိုအပ်သောကြောင့်ဖြစ်သည်။
ဤကျင့်စဉ်များမှာ အစွမ်းထက်သော်လည်း ကျင့်ကြံရန် အလွန်ခက်ခဲလှသည်။
ဝူယွမ်နှင့် အခြားသူများကလည်း လမ်းခရီးတစ်လျှောက် ဤစာရင်းရှိ နာမည်ကြီးပုဂ္ဂိုလ်များအကြောင်းကို ဆွေးနွေးခဲ့ကြသည်။ အဆင့်တစ် မျက်နှာမပါသူ ရွှီရှို့သည် ဂိုဏ်း သို့မဟုတ် မူလအစမရှိဘဲ လျှို့ဝှက်ဆန်းကြယ်သော နောက်ခံတစ်ခုရှိပြီး သူ၏ တိုက်ပွဲအောင်မြင်မှုများမှလွဲ၍ အခြားသတင်းအချက်အလက် များများစားစား မရှိပေ။
အခြားတစ်ဖက်တွင် ဒုတိယအဆင့်ရှိ မီးတောက် နတ်သမီးလေး ထန်ရှင်းလျန်အကြောင်း လူအများအပြား ဆွေးနွေးနေသည်ကို ဝူယွမ် ကြားခဲ့ရသည်။ ကစဉ်ကလျားမိစ္ဆာပင်လယ်တွင် အသိအမှတ်ပြုခံထားရသော နံပါတ်တစ် အလှပဆုံး အမျိုးသမီးဖြစ်သည့် သူမသည် လှပရုံသာမက စွမ်းအား၊ စွမ်းရည်နှင့် အခြား ကဏ္ဍစုံတွင်လည်း ထိပ်တန်းအဆင့်တွင် ရှိနေသည်။
ကစဉ်ကလျားမိစ္ဆာပင်လယ်ရှိ လူငယ်မျိုးဆက်များထဲတွင် သူမကို စုစုပေါင်း စွမ်းအား၌ ယှဉ်ပြိုင်နိုင်သူ အနည်းငယ်သာ ရှိသည်... ပင်လယ်ဖိနှိပ် ဆန်းကြယ်ဝေလငါးကို စီးနင်းကာ ဝူယွမ်သည် မီးတောက် ပင်လယ်နယ်မြေသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
၎င်းသည် ကစဉ်ကလျားမိစ္ဆာပင်လယ်အတွင်း အတော်လေး ကျယ်ပြောပြီး ဗဟိုကျသော ပင်လယ်နယ်မြေတစ်ခုဖြစ်ကာ ဤပင်လယ်နယ်မြေအတွင်း၌ အခြား အင်အားစုများ မရှိပေ။ ဤနေရာတွင် ဧရာမ အင်အားစု တစ်ခုတည်းသာ ရှိပြီး ၎င်းမှာ မီးနတ်ဘုရားနန်းတော်ပင် ဖြစ်သည်။
“ပင်လယ်နယ်မြေရဲ့ ဗဟိုချက်မှာရှိတဲ့ မီးတောက်မြို့တော်ဆီကို တိုက်ရိုက် သွားကြတာပေါ့” ဝူယွမ်က ဆန်းကြယ်ဝေလငါးကို ရေထဲတွင်လမ်းညွှန်ရင်း ပြောလိုက်သည်။
မီးတောက် ပင်လယ်နယ်မြေအတွင်းသို့ တဖြည်းဖြည်း ဝင်ရောက်လာသည်နှင့်အမျှ ကောင်းကင်ယံတွင် မီးတောက်သံချပ်ကာများ ဝတ်ဆင်ထားသော လူအုပ်ကြီးများ ရံဖန်ရံခါ ပျံသန်းသွားသည်ကို ဝူယွမ် မြင်တွေ့နိုင်သည်။
သံချပ်ကာများအောက်မှ စူးရှသော၊ လင်းယုန်ကဲ့သို့ မျက်လုံးများက ပတ်ဝန်းကျင်ကို စောင့်ကြည့်နေကြသည်။
စစ်တပ်တစ်ခုနီးပါး ဖြစ်နေသော ဤအဖွဲ့များပေါ်တွင် ဝူယွမ်သည် သူတို့၏ရင်ဘတ်ရှိ မီးတောက် အမှတ်တံဆိပ်ကို မြင်တွေ့ရ၏။ ၎င်းမှာ မီးနတ်ဘုရားနန်းတော်၏ သင်္ကေတဖြစ်သည်။
ဤသူများမှာ မီးနတ်ဘုရားနန်းတော်၏ မီးနတ်ဘုရားအစောင့်အရှောက်များ ဖြစ်ကြောင်း ထင်ရှားလှသည်။
မီးတောက်မြို့တော်အနီးသို့ ရောက်ရှိလာသောအခါ ဝူယွမ်သည် ဆန်းကြယ်ဝေလငါးကို သိမ်းဆည်းလိုက်ပြီး လင်းတုန်နှင့် ဝူယွင် အပြင်သို့ ထုတ်လိုက်သည်။ ခရီးတိုလေး လျှောက်သွားပြီးနောက် ကျယ်ပြောလှသော အနီရင့်ရောင် ကုန်းမြေကြီးတစ်ခုကို သူတို့ မြင်တွေ့လိုက်ရသည်။ ထိုကုန်းမြေကြီးပေါ်တွင် ဧရာမ မြို့တော်ကြီးတစ်ခု ရှိနေပြီး အလွန် ကျယ်ပြောလှသဖြင့် ၎င်း၏ နယ်နိမိတ်များကိုပင် မမြင်တွေ့နိုင်လောက်အောင် ဖြစ်ကာ ဤပင်လယ်နယ်မြေအထက်တွင် ရစ်ခွေနေသော ရှေးဟောင်း မီးနဂါးကြီးတစ်ကောင်ပမာ ရပ်တည်နေသည်။
ဇောက်ထိုး မှောက်ထားသော ပန်းကန်လုံးပုံသဏ္ဌာန်ရှိ ဧရာမ အနီရင့်ရောင် အလင်းဒိုင်းကြီးတစ်ခုက မြို့တော်ကို လွှမ်းခြုံထားသည်။ အလင်းဒိုင်းအထက်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းတစ်ခု စိမ့်ဝင်ပျံ့နှံ့နေပြီး ထိုစွမ်းအားကြောင့် လေဟာနယ်ကပင် သိမ်မွေ့သော လိမ်ကောက်မှုတစ်ခုကို ပြသနေသည်။
မြို့တော်ပတ်လည်တွင် ရေတွက်၍မရနိုင်သော သက်တံရောင် အလင်းတန်းများက သည်းထန်သော မိုးရွာသွန်းမှုတစ်ခုပမာ ကျဆင်းလာပြီး နောက်ဆုံးတွင် အလင်းဒိုင်းကို ဖြတ်သန်းကာ မီးတောက်မြို့တော်အတွင်းသို့ ဝင်ရောက်သွားကြသည်။
“အစ်ကိုကြီး၊ ငါတို့ မီးနတ်ဘုရားနန်းတော်ကို တိုက်ရိုက်သွားကြမလို့လား” လင်းတုန်က မေးလိုက်သည်။
ဝူယွမ်က ဖြေလိုက်သည်။ “မလိုပါဘူး၊ မီးတောက်မြို့တော်မှာ ပြိုင်ပွဲဝင်မယ့် ပါရမီရှင်တွေကိုလက်ခံဖို့ သီးသန့် ဧည့်ခံအဆောင်တစ်ခု ရှိတယ်၊ ငါတို့ အဲဒီကို သွားမယ်၊ ပြီးတော့ မိုးကြိုးဘိုးဘေးအဆောင်ရဲ့ မူလစွမ်းအင် အပိုင်းအစကို ပြန်ယူဖို့ ပြိုင်ပွဲမှာလည်း ပါဝင်ရမယ်”
မိုးကြိုးဘိုးဘေးအဆောင်၏ မူလစွမ်းအင်မှာ ကမ္ဘာခြားနတ်ဆိုးများကိုဆွဲဆောင်ရန် မြှူစာတစ်ခုသာ ဖြစ်ပြီး ၎င်းကို မည်သူရရှိမည်ဆိုသည်မှာ အဓိကမဟုတ်ပေ။ သို့သော်လည်း ဤမူလစွမ်းအင်သည် မိုးကြိုးဘိုးဘေးအဆောင်အတွက် အလွန်အရေးကြီးနေသေးပြီး ပြန်လည်ရယူရမည်ဖြစ်သည်။
“ကောင်းပြီ”
လင်းတုန်က ခေါင်းညိတ်လိုက်သည်။ သူသည် ယခုအခါ ဘိုးဘေးအဆောင် နှစ်ခုကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ထားပြီး မူလစွမ်းအင်အပိုင်းအစတစ်ခု လျော့နည်းနေသော မိုးကြိုးဘိုးဘေးအဆောင်သည် ၎င်း၏စွမ်းအားကို များစွာ ထိခိုက်စေမည်ဖြစ်ကြောင်း ရှင်းလင်းစွာ နားလည်ထားသည်။
၎င်းကို ပြည့်စုံအောင် ပြုလုပ်ရမည်ဖြစ်သည်။
မြို့တော်အတွင်းသို့ ဝင်ရောက်ပြီးနောက် သူတို့သည် ဧည့်ခံအဆောင်၏ တည်နေရာကို အလွယ်တကူ စုံစမ်းမေးမြန်းနိုင်ခဲ့ပြီး အတန်ကြာ လမ်းလျှောက်ပြီးနောက် ခမ်းနားကြီးကျယ်သော အဆောက်အအုံကြီးတစ်ခုရှေ့သို့ ရောက်ရှိလာကြသည်။
ဝူယွမ်နှင့် အခြား နှစ်ဦးက ဧည့်ခံအဆောင်အတွင်းသို့ ဝင်ရောက်သွားကြသည်။ မီးတောက်ရောင် သံချပ်ကာများ ဝတ်ဆင်ထားသော မီးနတ်ဘုရား အစောင့်အရှောက် အများအပြား ရှိနေပြီး သူတို့အားလုံးမှာ ဆန်းကြယ်ရှင်ခြင်းအဆင့်အထက် စွမ်းအားများ ရှိကြသည်။ ၎င်းမှာ လူငယ်ပါရမီရှင်များ ပြဿနာရှာမည်ကို တားဆီးရန် ဖြစ်ကြောင်း ထင်ရှားလှသည်။
အဆောက်အအုံအတွင်းသို့ ဝင်ရောက်သည်နှင့်တစ်ပြိုင်နက် ပြင်းထန်သော လေထုက သူတို့ကို ချက်ချင်း ဆီးကြိုနေသည်။ ကျယ်ဝန်းသော ခန်းမကြီးအတွင်း လူများ ပြည့်နှက်နေပြီး သွက်လက်တက်ကြွနေသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
“ဝူယွမ်၊ သူ ရောက်လာပြီ”
“ဒီရက်စက်တဲ့လူက ကောင်းကင်မိုးကြိုး ပင်လယ်နယ်မြေမှာ ရတနာတွေအများကြီး လုယူခဲ့ပြီး လူအများအပြားကို လက်ဗလာနဲ့ ပြန်သွားစေခဲ့တယ်လို့ ငါ ကြားတယ်”
“ဟုတ်တယ်၊ ရွှမ်ထျန်း နန်းတော်နဲ့ နဝမမြောက် မြေအောက်ကမ္ဘာ ဂိုဏ်းက အင်အားစုတွေတောင် သူ့ကိုမယှဉ်နိုင်ခဲ့ဘူးလေ”
“သံသရာအဆင့် လျှို့ဝှက်ဂူထဲမှာ ပစ္စည်းကောင်းတွေ အများကြီးရှိရမယ်”
“နန်းတော်သခင် မိုလော့က မိုးကြိုးဘိုးဘေးအဆောင်ကို ယူသွားပုံရတယ်၊ ဒါပေမယ့် တခြား ပစ္စည်းတွေကိုတော့ ဝူယွမ်က ရသွားလောက်တယ်”
“ဒီကောင်ဆီမှာ ရတနာတွေ အများကြီးရှိပြီး လျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားတာ သေချာတယ်”
“သူ့ရဲ့ စွမ်းအားက အရမ်းအစွမ်းထက်တယ်လို့ ပြောကြတယ်၊ သူ မလှုပ်ရှားပေမယ့် သူ့ဘေးမှာ ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တွေကိုတောင် အနိုင်ယူနိုင်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်အနည်းငယ် ရှိတယ်ဆိုတော့ သူ့ကို အရမ်း လျှို့ဝှက်ဆန်းကြယ်သွားစေတယ်”
“ဟဲဟဲ၊ ဒီတစ်ခါ ပါရမီရှင်တွေ အားလုံးနီးပါး စုဝေးနေကြပြီ၊ သူက အဆင့်ခုနစ်ပဲ ရှိသေးတာ၊ ပြိုင်ပွဲမှာ သူ တစ်ယောက်တည်းသွားရမှာ၊ သူ ကံဆိုးဖို့များတယ်”
... အဆောက်အအုံအတွင်းသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ဝူယွမ်သည် အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားပြီး လူအများအပြားက သူ၏အကြောင်းကို စတင် ဆွေးနွေးကြလေသည်။
အခြား နည်းလမ်းမရှိပေ။ သူသည် ဤကာလအတွင်း နာမည်ကြီးလွန်းလာခဲ့သည်။ သူသည် သံသရာအဆင့် လျှို့ဝှက်ဂူကို တစ်ယောက်တည်း သိမ်းပိုက်ခဲ့ပြီး ရွှမ်ထျန်းနန်းတော်နှင့် နဝမမြောက် မြေအောက်ကမ္ဘာဂိုဏ်းကဲ့သို့သော အင်အားစုများပင် သူ့ကို မယှဉ်ပြိုင်နိုင်ခဲ့ပေ။
သံသရာအဆင့် လျှို့ဝှက်ဂူတွင် ဝူယွမ် ရတနာ မည်မျှရရှိခဲ့သည်ကို လူအများအပြားက ခန့်မှန်းနေကြပြီး အချို့က သူ့ကို လိုချင်တပ်မက်မှုများဖြင့် ကြည့်ကာ သူ့ကို သတ်ပြီး သူ၏ ရတနာများကို လုယူရန် စိတ်အားထက်သန်နေကြပုံရသည်။
ဝူယွမ်နှင့် အခြား နှစ်ဦးက ဤစူးစမ်းနေသော အကြည့်များကို ဂရုမစိုက်ဘဲ တည့်မတ်စွာ လျှောက်သွားကာ နေရာတစ်ခုကို ရှာလိုက်ကြသည်။
သူတို့ လက်ဖက်ရည် သောက်ရန် ပြင်နေစဉ် လူသုံးယောက်က သူတို့ဆီသို့ ချဉ်းကပ်လာသည်။
“အို၊ ငါ ပွဲကြည့်ရတော့မယ်ထင်တယ်”
“အဲဒါ ပင်လယ်လှန်မှောက်ဂိုဏ်းက ဟွမ်လင်း၊ ရေခဲဝိညာဉ်ဂိုဏ်းက ချန်ချင်းနဲ့ ကောင်းကင်ငါးမန်းဂိုဏ်းက လီလင်းပဲ၊ ကျစ် ကျစ်၊ သူတို့က လူသစ်များ အဆင့်သတ်မှတ်ချက်မှာ အဆင့်ရှစ်၊ ကိုးနဲ့ ဆယ် ချိတ်ထားတဲ့ ရက်စက်တဲ့သူတွေလေ”
“ဟားဟား၊ လူသစ်များ အဆင့်သတ်မှတ်ချက်မှာ အဆင့်ရှစ်၊ ကိုးနဲ့ ဆယ် ချိတ်ထားတဲ့သူတွေက အဆင့်ခုနစ် ချိတ်ထားတဲ့ ဝူယွမ်ကို လာရှာကြတယ်၊ သူတို့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
လူတိုင်းက ပွဲကြည့်ရန် အသင့်ပြင်ထားကာ သူတို့၏ အကြည့်များကို ရွှေ့လိုက်ကြသည်။
“မင်းက ဝူယွမ် မဟုတ်လား၊ မင်းက ရုတ်တရက် အဆင့်ခုနစ်ကို ခုန်တက်သွားတာပဲ၊ မင်းရဲ့ စွမ်းအားကို ငါ တကယ်သိချင်တယ်” ငါးမန်းသားရေအကြပ်ဝတ်စုံကို ဝတ်ဆင်ထားသော လီလင်းက ဝူယွမ်ကို တစ်ချက်ကြည့်ကာ အနည်းငယ် ထူးဆန်းသော အပြုံးဖြင့် ပြောလိုက်သည်။
သူ စကားပြောနေစဉ် ဝူယွမ်၏ ဘေးရှိ ဝူယွင်ကို အကဲခတ်လိုက်သောအခါ သူ၏ မျက်လုံးများ တောက်ပသွားပြီး သူမ၏ ဘေးတွင်ပင် ဝင်ထိုင်လိုနေသည်။
အခြား နှစ်ဦးကလည်း ရန်စသော အကြည့်များဖြင့် ကြည့်နေပြီး နှစ်ဦးစလုံးက ဝင်ထိုင်ရန် ပြင်နေကြသည်။
ဤသုံးဦးမှာ ပြဿနာလာရှာခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။
“သွားစမ်း”
ဝူယွမ်က အေးစက်စက် စကားတစ်ခွန်းတည်း ပြောလိုက်ရာ မမြင်ရသော စွမ်းအားတစ်ခုက ထိုသုံးဦးအပေါ်သို့ ချက်ချင်း ဖိနှိပ်သွားပြီး သူတို့ကို တွန်းထုတ်လိုက်လေသည်။
ထိုသုံးဦးမှာ အံ့အားသင့်သွားပြီး မတုံ့ပြန်နိုင်သေးပေ။
တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ လူများက ပွဲကြည့်နေသကဲ့သို့ ရယ်မောလိုက်ကြသဖြင့် ထိုသုံးဦးမှာ ရုတ်တရက် အရှက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
“မင်းက တော်တော်လေး မာနကြီးနေပုံရတယ်” လီလင်းက မျက်မှောင်ကြုတ်လိုက်သည်။
ဝူယွမ်က ပြန်ပြောလိုက်သည်။ “လေးစားမှုဆိုတာ တခြားသူတွေကို ပေးရမယ့်အရာ မှန်ပေမယ့် တစ်ခါတလေကျရင် လေးစားမှုကို ကိုယ်တိုင် ဖျက်ဆီးပစ်တာမျိုးလည်း ရှိတယ်၊”
“မင်းက အရမ်းကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေတာပဲ မဟုတ်လား၊ အဆင့်ခုနစ် ချိတ်ထားတာနဲ့ပဲ မင်းက ငါတို့အထက်မှာ ရှိနေပြီလို့ တကယ်ထင်နေတာလား” ဟွမ်လင်း၏ မျက်နှာမှာ ပို၍မှုန်ကုပ်လာသည်။ “ဒီနေ့ မင်းဆီကနေ ငါ တစ်ခုခု သင်ယူချင်တယ်”
ဟွမ်လင်း၏မျက်လုံးများ အေးစက်သွားပြီး သူ၏ခန္ဓာကိုယ်က ရှေ့သို့ ရုတ်တရက် ပစ်လွှတ်သွားလေသည်။
ခမ်းနားကြီးကျယ်သော ယွမ်စွမ်းအင်များက သူ၏လက်ဖဝါးထဲတွင် စုစည်းလာပြီး ဝေဝါး၀ါးကျားခေါင်းပုံသဏ္ဌာန်တစ်ခု ဖြစ်ပေါ်လာသည်။
ကျားခေါင်းက ၎င်း၏ ရက်စက်သော သွေးစွန်းနေသည့်ပါးစပ်ကို ဟလိုက်ရာ အပြင်းအထန် ဖိသိပ်ထားသော ယွမ်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသည့် ၎င်း၏ ထက်ရှသော သွားများက ပုံမှန်မဟုတ်သော ထက်ရှသည့် ယွမ်စွမ်းအင် လှုပ်ရှားမှုတစ်ခုကို ထုတ်လွှင့်နေသည်။
“ကျားဓားသွားစွမ်းအား”
လက်သီးတစ်ချက် ရောက်လာချိန်တွင် ဝူယွမ်က လုံးဝ မလှုပ်မယှက် နေနေသည်။ အဘယ်ကြောင့်ဆိုသော် လင်းတုန်က မတ်တတ်ရပ်လိုက်ပြီးပြီ ဖြစ်သောကြောင့်ပင်။
လင်းတုန်က ပြိုင်ဘက်၏ လက်သီးကို ဖမ်းဆုပ်လိုက်ရာ တောက်ပသော လျှပ်စီးတန်းတစ်ခုက သူ၏လက်ဖဝါးမှ ပစ်လွှတ်ထွက်ပေါ်လာသည်။ ဟွမ်လင်း၏ ခန္ဓာကိုယ်မှာ ချက်ချင်း တောင့်တင်းသွားပြီး သိပ်သည်းသော လျှပ်စီးများက သူ့အပေါ်တွင် ပေါက်ကွဲသွားကာ သူ့ကို မည်းနက်လောင်ကျွမ်းသွားစေပြီး တိုက်ရိုက် ဒူးထောက်သွားစေသည်။
အခြားနှစ်ဦးက ၎င်းကို မြင်သောအခါ ချက်ချင်း လှုပ်ရှားလိုက်ကြသည်။ သို့သော်လည်း လင်းတုန်က သူတို့ နှစ်ယောက်လုံးကို လက်သီးတစ်ချက်စီဖြင့် အနိုင်ယူလိုက်ပြီး သူ၏ ရက်စက်သော လျှပ်စီးလက်သီးများက သူတို့ကို ချက်ချင်းလွှမ်းမိုးသွားလေသည်။
မျက်စိတစ်မှိတ်အတွင်း ထိုသုံးဦးမှာ ခုခံနိုင်စွမ်း လုံးဝ ကင်းမဲ့သွားကြလေသည်။
လူတိုင်း အံ့အားသင့်သွားကြသည်။
“ဒီလူက ဘယ်သူလဲ”
“ဘုရားရေ၊ သူက လူသစ်များ အဆင့်သတ်မှတ်ချက်မှာ အဆင့်ရှစ်၊ ကိုးနဲ့ ဆယ် ချိတ်ထားတဲ့ ပါရမီရှင်တွေကို လက်သီး သုံးချက်တည်းနဲ့ အနိုင်ယူလိုက်တာလား”
“ဒီလိုလူမျိုးက ဘယ်လိုလုပ်ပြီး နာမည်မသိဖြစ်နေရတာလဲ”
“ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်က ဘာတွေ လုပ်နေတာလဲ၊ သူတို့ဆီမှာ ဒီလိုပုဂ္ဂိုလ်မျိုးအကြောင်း သတင်းအချက်အလက်တောင် မရှိဘူးလား”
“ဒီစွမ်းအားက ထိပ်တန်းသုံးယောက်ထဲမှာ ချိတ်ဖို့တောင် လုံလောက်လောက်တယ်”
“ဝူယွမ်က မလှုပ်ရှားရသေးဘူး၊ ပြီးတော့ သူ့ဘေးကလူကပဲ ပြိုင်ဘက်တွေကို ရှင်းလိုက်တာ၊ တကယ်ကို ကြောက်ဖို့ကောင်းတာပဲ”
လင်းတုန်က တည်ငြိမ်စွာ ပြန်ထိုင်လိုက်ပြီး ဝူယွမ်ကလည်း သူ၏လက်ဖက်ရည်ခွက်ကို အေးအေးဆေးဆေး ကောက်ကိုင်ကာ စတင် သောက်နေလေတော့သည်။