အခန်း (၄၀၅-၄၀၆)
Vol. 41 Ch. 405-406
အခန်း (၄၀၅) - ကမ္ဘာခြားနတ်ဆိုးများ၏ ပစ်မှတ်၊ ဝူရွှမ်ကို စည်းရုံးခြင်း(၁)
လင်းတုန်၏ လှုပ်ရှားမှုက ဧည့်ခံ ဆောင်အတွင်းရှိ လူတိုင်းကို ချက်ချင်း အံ့အားသင့်သွားစေသည်။
ဤနေရာရှိ လူများအားလုံးမှာ လူငယ် ပါရမီရှင်များ၊ ပြိုင်ပွဲအတွက် ပြင်ဆင်နေကြသော အစွမ်းထက် ကျင့်ကြံသူများ ဖြစ်ကြပြီး အများစုမှာ လူသစ်များ အဆင့်သတ်မှတ်ချက်တွင် ပါဝင်နိုင်စွမ်းရှိသော ပါရမီရှင်များ ဖြစ်ကြသည်။
ထိပ်တန်း အယောက်တစ်ရာတွင် ပါဝင်သူ အများအပြား ဤနေရာတွင် ရှိနေကြသည်။
လင်းတုန်၏ လှုပ်ရှားမှုကို မြင်တွေ့ရသောအခါ ဤနေရာရှိ လူများအားလုံး အလွန် အံ့အားသင့်သွားကြသည်။ သူလို အမည်မသိ လူတစ်ယောက်က လူသစ်များ အဆင့်သတ်မှတ်ချက်တွင် အဆင့်ရှစ်ဆယ် သို့မဟုတ် ကိုးဆယ်ခန့်ရှိသော ကျင့်ကြံသူများကို လက်သီး သုံးချက်တည်းဖြင့် အနိုင်ယူလိုက်ခြင်းမှာ ကြောက်မက်ဖွယ်ကောင်းသော အောင်မြင်မှုတစ်ခုပင် ဖြစ်သည်။
ထိပ်တန်း ဆယ်ဦးစာရင်းဝင် ကျင့်ကြံသူများပင်လျှင် လင်းတုန်၏ စွမ်းရည်ကို မြင်တွေ့ပြီးနောက် ယုံကြည်မှု အနည်းငယ် လျော့ကျသွားသည်ဟု ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်တိုင်ပင် လင်းတုန်ကဲ့သို့ မစွမ်းဆောင်နိုင်သောကြောင့်ဖြစ်သည်။
ထိုသုံးဦးစလုံးမှာ ဆန်းကြယ်သေခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
“မင်းရဲ့ နည်းလမ်းတွေက နည်းနည်းတော့ အရမ်း ရက်စက်လွန်းနေတယ် မဟုတ်လား”
ဤအချိန်တွင် အပေါ်ထပ်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ အညိုရောင် ဝတ်ရုံနှင့် အမျိုးသားတစ်ဦးက ဝိုင်အိုးတစ်လုံးကို ကိုင်ကာ ညင်သာစွာ လှုပ်ရမ်းရင်း အေးဆေးစွာ ထိုင်နေ၏။
သူ၏ အကြည့်များက လင်းတုန်အပေါ်သို့ စူးစိုက်နေပြီး စကားတစ်ခွန်းမျှ မပြောသော်လည်း လူအများ၏ နှလုံးသားကို တုန်လှုပ်သွားစေနိုင်သော အရှိန်အဝါတစ်ခု သူ၏ထံမှ ပြန့်ကျဲထွက်ပေါ်နေသည်။
“အစ်ကိုကြီး ချင်းထန်၊” ဟွမ်လင်း၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားပြီး သူက လှမ်းခေါ်လိုက်သည်။
လူသစ်များ အဆင့်သတ်မှတ်ချက်တွင် စတုတ္ထအဆင့်ရှိသော ယောင်ချင်းထန်ပင် ဖြစ်သည်။
လူတိုင်းက အညိုရောင် ဝတ်ရုံနှင့် အမျိုးသားကို လှည့်ကြည့်လိုက်၏။
ဝူယွမ်က လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
“မင်း စမ်းတောင် မစမ်းကြည့်ရသေးဘဲနဲ့ ရက်စက်လား မရက်စက်ဘူးလားဆိုတာ ဘယ်လိုလုပ် သိမှာလဲ၊ သူတို့က ဒီလို ရက်စက်တဲ့ အရသာကို ကြိုက်တာလည်း ဖြစ်နိုင်တာပဲ” ဝူယွမ်က လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
“ပြီးတော့ ဒီရက်စက်မှုကို လာမြည်းစမ်းဖို့ ဘယ်သူကမှ သူတို့ကို အတင်းအကျပ် မလုပ်ခိုင်းပါဘူး၊ သူတို့ကိုယ်တိုင်က မြည်းစမ်းချင်လို့ အပေါ်ကို အတင်း တက်လာခဲ့ကြတာပဲ”
လင်းတုန်က အထင်သေးစွာ ပြောလိုက်သည်။
“ယောင်ချင်းထန် ဟုတ်လား၊ မင်း သဘောကျရင် မင်းလည်း လာစမ်းကြည့်လေ၊ ဘေးကနေပြီး ပါးစပ်သရမ်းနေတာက အောက်တမ်းကျလွန်းတယ်”
ဘေးကနေပြီး ခနဲ့တဲ့တဲ့ ပြောတတ်သူများကို သူ အထင်သေး၏။ ဟွမ်လင်းနှင့် အခြား နှစ်ဦးက သူတို့ကို အရင်စတင် ရန်စခဲ့ခြင်းဖြစ်ပြီး သူတို့ မနိုင်သောအခါ သူတို့ကို ရက်စက်သည်ဟု စွပ်စွဲနေကြသည်။
ယောင်ချင်းထန်က ခေါင်းလှည့်ကာ ဖရိုဖရဲနှင့် သွေးသံရဲရဲ ဖြစ်နေသော လူသုံးယောက်တို့ကို ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် သူ မလှုပ်ရှားခဲ့ပေ။ သို့သော်လည်း သူ၏ လေသံမှာ စူးရှနေပြီး ပြောလိုက်သည်။
“မင်းတို့က အရမ်းကို မာနကြီးတာပဲ၊ ဒီနေရာက မီးနတ်ဘုရားနန်းတော်ရဲ့ ဧည့်ခံ ဆောင်ပဲ၊ ငါက မင်းတို့နဲ့ တိုက်ခိုက်ဖို့ စိတ်မဝင်စားဘူး၊ ပြိုင်ပွဲကျမှ မင်းတို့ ဒီလို မာနကြီးနိုင်သေးလားဆိုတာ ကြည့်ကြသေးတာပေါ့”
“မင်းလို အဆင့်အတန်းမရှိတဲ့သူက ငါတို့အပေါ် မှတ်ချက်ပေးဖို့ အရည်အချင်း မပြည့်မီပါဘူး၊ တကယ်လို့ အဲဒီ သုံးယောက်လို ငါ့ကို လက်သီးနဲ့ ရင်ဆိုင်ရဲတယ်ဆိုရင်တော့ မင်းကို ငါ အထင်ကြီးမိမှာပါ၊ ဒါပေမယ့် အခုတော့ မင်းက မီးနတ်ဘုရားနန်းတော်ကို အကြောင်းပြချက်တစ်ခုအနေနဲ့ သုံးနေတာပဲ၊ မင်းနဲ့ ဟန်ဆောင်ကောင်းတဲ့ မယားငယ် တစ်ယောက်နဲ့ ဘာကွာခြားလို့လဲ၊”
လင်းတုန်က ဘာယဉ်ကျေးမှုမျှ မရှိဘဲ ပြန်လည်ချေပလိုက်သည်၏။
ယောင်ချင်းထန်သည် သူ၏ အသိအကျွမ်းများ အရိုက်ခံရသည်ကို မြင်တွေ့ခဲ့ရပြီး သူတို့ကို မျက်နှာပြန်ရစေရန် ကူညီပေးလိုသော်လည်း လင်းတုန်၏ လက်သီးများကို သတိထားနေခဲ့သည်။
သူက ခြိမ်းခြောက်ရုံသာ လုပ်ရဲသည်။ ဤကဲ့သို့သော လူမျိုးသည် လူကောင်းလုပ်ချင်သော်လည်း အရိုက်ခံရမည်ကို ကြောက်ရွံ့သဖြင့် အလွန်တရာ သတ္တိကြောင်သူ ဖြစ်သည်။
ယောင်ချင်းထန်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး အရှိန်အဝါတစ်ခု သူ၏ ခန္ဓာကိုယ်မှ ဆူပွက်လာ၏။
“ငါက မင်းကို တကယ်ကြောက်နေတယ်လို့ ထင်နေတာလား”
“အမှန်ပဲ”လင်းတုန်က လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး သူ့ကို အေးတိအေးစက် ကြည့်ကာ သူ့ကို လက်သီးတစ်ချက် ထိုးနိုင်ရန် သူ အပေါ်ထပ်မှ ဆင်းလာမည့် အချိန်ကိုသာ စောင့်နေလိုက်သည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းက စောင့်ကြည့်နေကြပြီး ယောင်ချင်းထန်က သူ အရှက်ကွဲနေပြီဟု ခံစားလိုက်ရသည်။ သူ လှုပ်ရှားရန် ပြင်လိုက်ချိန်မှာပင် ငွေခေါင်းလောင်းသံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာသည်။
“လူကြီးမင်းတို့၊ ဒီနေရာက အရပ်မျက်နှာအသီးသီးက အစွမ်းထက်ပုဂ္ဂိုလ်တွေကို ကြိုဆိုဖို့ ငါတို့မီးနတ်ဘုရားနန်းတော်ရဲ့ နေရာပါ၊ ဒီမှာ တိုက်ခိုက်ကြတာက မသင့်ဝောာ်ပါဘူး”
ဤအသံက လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။ အဆောက်အအုံအတွင်း၌ အကြည့်များက အသံလာရာဆီသို့ လျင်မြန်စွာ ရွှေ့သွားကြသည်။ အနီရင့်ရောင် သံချပ်ကာ ဝတ်ဆင်ထားသော အစောင့်အများအပြား အဆောက်အအုံ၏ ပင်မအဝင်ပေါက်ဘက်မှ ရုတ်တရက် ဝင်ရောက်လာသည်ကို သူတို့ မြင်တွေ့လိုက်ရ၏။ ဤအစောင့်များ၏ ရှေ့ဆုံးတွင် ကျက်သရေရှိသော ခန္ဓာကိုယ်အချိုးအစားနှင့် တောက်ပနေသော အမျိုးသမီးတစ်ဦး ရှိနေသည်။
“မီးတောက် နတ်သမီးလေး၊ ထန်ရှင်းလျန်”
“ဒီတူမလေးက ရက်စက်တဲ့သူပဲ”
“သူမ ဒီမှာရှိနေရင် တိုက်ခိုက်မှုတွေ ဖြစ်လာမှာ မဟုတ်တော့ ဘူး။”
လူတိုင်း၏ အကြည့်များက သူမအပေါ်သို့ စူးစိုက်သွားကြသည်။ ဝူယွမ်ကလည်း စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။
သူမသည် အနီရောင် သံချပ်ကာအပျော့စားကို တင်းကျပ်စွာ ဝတ်ဆင်ထားသဖြင့် သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ် ကကောက်ကြောင်းများ ပေါ်လွင်နေ၏။ အနည်းငယ် ကောက်ကွေးနေသော သူမ၏ အနီရောင် ဆံပင်များက သူမ၏ ခါးအထိ ကျဆင်းနေပြီး သူမ၏ မျက်နှာမှာ အလွန်တရာ လှပကာ ရေးဆွဲထားသကဲ့သို့ မျက်ခုံးများနှင့် နှင်းပမာ ဖြူဖွေးသော အသားအရေ ရှိသည်။
သူမ၏ ကိုယ်ဟန်အနေအထားမှာ ဆွဲဆောင်မှုရှိသော်လည်း မျက်ခုံးနှစ်ခုကြားတွင် အမျိုးသားတစ်ဦးကဲ့သို့ ရဲရင့်ပြီး သတ္တိရှိသည့် စိတ်ဓာတ် အရိပ်အယောင်တစ်ခု ရှိနေသည်။ ဤဆွဲဆောင်မှုနှင့် ရဲရင့်မှုတို့ ပေါင်းစပ်သွားသောအခါ ၎င်းသည် အဆုံးအစမဲ့သော ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေလေသည်။
သူမသည် တကယ်ကို အံ့မခန်း အလှပိုင်ရှင် တစ်ဦးပင်။
“မျှော်လင့်ထားတဲ့အတိုင်းပဲ၊ မီးတောက်နတ်သမီးလေးရဲ့ ကျော်ကြားလှတဲ့ အလှတရားက သူမထက်တောင် အရင်ဦးစွာ နာမည်ကြီးနှင့်နေတာပဲ။ တကယ့် ပြိုင်ဘက်ကင်းတဲ့ အလှမျိုးပဲ”
“သူမက မိုလော့ အနှစ်သက်ဆုံး အဓိက တပည့်ဖြစ်ပြီး မီးနတ်ဘုရားနန်းတော်ရဲ့ အနာဂတ် ဆက်ခံသူတောင် ဖြစ်နိုင်တယ်လို့ ပြောကြတယ်။”
“ဒီအမျိုးသမီးကို အညံ့ခံအောင် လုပ်နိုင်တဲ့သူ ဘယ်သူမဆို မီးနတ်ဘုရားနန်းတော် တစ်ခုလုံးက အနာဂတ်မှာ သူ့ဟာ ဖြစ်လာလိမ့်မယ်။”
“ဒီကစဉ်ကလျားမိစ္ဆာပင်လယ်မှာ ထန်ရှင်းလျန်နဲ့ ထိုက်တန်တဲ့ လူငယ် ပါရမီရှင်တွေ မမွေးဖွားလာသေးဘူး ထင်တယ်”
“ဒီအမျိုးသမီးက ယဉ်ပါးဖို့ ခက်တဲ့ မြင်းရိုင်းမလေးပဲ”
ယောင်ချင်းထန်သည် ထန်ရှင်းလျန် ရောက်လာသည်ကို မြင်သောအခါ ချက်ချင်း အပြုံးမျက်နှာဖြင့် ပြောလိုက်သည်။
“မမလေး ထန်၊ မင်း အချိန်ကိုက် ရောက်လာတာပဲ၊ ဒီလူက ဧည့်ခံ ဆောင်မှာ ကြမ်းကြမ်းတမ်းတမ်း ပြုမူနေလို့ မင်းတို့ မီးနတ်ဘုရားနန်းတော် ကိုယ်စား သူတို့ကို သင်ခန်းစာပေးမလို့ လုပ်နေတာ”
“ဟုတ်လား ဒါဆိုရင် မင်းကို ကျေးဇူးတင်ရမှာပေါ့” ထန်ရှင်းလျန်က တောက်ပစွာ ပြုံးကာ တခစ်ခစ် ရယ်မောရင်း ပြောလိုက်သည်။
သူမသည် စောစီးစွာ ရောက်ရှိနေခဲ့ပြီး ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှကို သိရှိပြီးဖြစ်သော်လည်း ယောင်ချင်းထန်မှာ ဤမျှ မျက်နှာပြောင်တိုက်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
ယောင်ချင်းထန်က ခြောက်ကပ်ကပ် ရယ်မောကာ ပြောလိုက်သည်။
“မလိုပါဘူးဗျ မမလေး ထန် မရောက်လာခင် ကျတော် သိပ်ပီးမလုပ်ရှားလိုက်ပါဘူး”
“ဟားဟား”
ထန်ရှင်းလျန်က တခစ်ခစ် ရယ်မောလိုက်ပြီး ယောင်ချင်းထန်ကို ဆက်လက် အာရုံမစိုက်တော့ပေ။
သူမက လင်းတုန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝူယွမ်ဆီသို့ လျှောက်သွားကာ အနည်းငယ် နောင်တရသော လေသံဖြင့် ပြောလိုက်သည်။
“မင်း လှုပ်ရှားမယ်လို့ ငါမျှော်လင့်ထားခဲ့တာ”
ဝူယွမ်က ပြုံးကာ ပြောလိုက်သည်။
“ညီလေးနှစ် ရှိနေမှတော့ ဒီလို အခြေအနေမျိုးအတွက် ကျတော် မလိုပါဘူး၊ တစ်ကယ်လို့ မိန်းခလေး ထန်က တကယ် စူးစမ်းချင်တယ်ဆိုရင် ကျတော်ယှဉ်ပြိုင်နိုင်ပါတယ်”
“ဟီးဟီး သခင်လေးနဲ့ကျမ မတိုက်ခိုက်ပါဘူး၊ ဒီကိုမလာခင် ဆရာရ သခင်လေးနဲ့ မတိုက်ခိုက်တာ အကောင်းဆုံးပဲလို့
မှာလိုက်ပါတယ်”
ထန်ရှင်းလျန်က ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုကို ပြသကာ စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သပြောလိုက်၏။
“သွားရအောင် ကျမ ဆရာက သခင်လေး ကို တွေ့ချင်နေတယ်”
ထိုသို့ပြောပြီးနောက် သူမက အပြင်သို့ ထွက်သွားလေသည်။
ထန်ရှင်းလျန်သည် ဝူယွမ်နှင့် အခြား နှစ်ဦးကို ခမ်းနားကြီးကျယ်သော ခန်းမတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။
မိုလော့က သူတို့ကို ဤနေရာတွင် စောင့်နေနှင့်ပြီဖြစ်သည်။
“မျှော်လင့်ထားတဲ့အတိုင်းပဲ၊ မင်းတို့က မိုးကြိုးဘိုးဘေးအဆောင်ကို အောင်မြင်စွာ ရရှိသွားခဲ့တာပဲ၊” မိုလော့က လင်းတုန်ကို တစ်ချက်ကြည့်ကာ အနည်းငယ် အံ့အားသင့်နေဆဲပင်။
ဘိုးဘေးအဆောင်၏ စမ်းသပ်မှုကို ကျော်ဖြတ်ရန် မည်မျှ ခက်ခဲကြောင်းကို သူသာလျှင် သိရှိ၏။
“ငါ နည်းနည်း အံ့ဩမိတယ်၊ မင်းက ဘာလို့ ဘိုးဘေးအဆောင်ကို မလိုချင်ခဲ့တာလဲ” သူက ဝူယွမ်ကို မေးလိုက်သည်။
ယုတ္တိတန်တန် တွေးကြည့်မည်ဆိုလျှင် ဝူယွမ်၏ စွမ်းအားမှာ လင်းတုန်ထက် ဘိုးဘေးအဆောင်ကို ထိန်းချုပ်ရန် ပိုမို သင့်တော်သည်။
ဝူယွမ်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးကာ ပြောလိုက်သည်။
“ငါ့မှာ ကိုယ်ပိုင် အခွင့်အရေးတွေ ရှိပြီးသားပါ၊ နန်းတော်သခင် မိုလော့ စိုးရိမ်စရာ မလိုပါဘူး၊ ဘိုးဘေးအဆောင်က ငါ့ရဲ့ ညီလေးနှစ် လက်ထဲမှာ သူ့ရဲ့ အခန်းကဏ္ဍကနေ ဆက်ပြီး ပါဝင်နိုင်သေးတယ်၊ ပြီးတော့ ငါလည်း ဘိုးဘေးအဆောင်ကြောင့် အားနည်းသွားမှာ မဟုတ်ပါဘူး”
ကစဉ်ကလျားသန္ဓေသား ရှိနေသဖြင့် ဝူယွမ်သည် ဘိုးဘေးအဆောင် ရှစ်ခုစလုံးကို ရရှိသည်ထက်ပင် ပိုမို အစွမ်းထက်နေသည်။
သူသည် ဘိုးဘေးအဆောင် ရှစ်ခုစလုံးကို ပုံတူကူးယူပြီး ဝိညာဉ်စုဆောင်းခြင်း၊ နယ်နိမိတ်ပိုင်းခြားခြင်း၊ ချုပ်နှောင်ခြင်းနှင့် မာယာ ကဲ့သို့သော ရူန်းသင်္ကေတ အများအပြားကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်သွားသည်နှင့်တပြိုင်နက် သာမန် တိုက်ခိုက်မှုတိုင်းသည် ဘိုးဘေးအဆောင် တစ်ခုနှင့် နှိုင်းယှဉ်နိုင်ပေလိမ့်မည်။
အကယ်၍ ၎င်းကို ကောင်းကင်နှင့် မြေကြီး ရှေးဟောင်း အစီအရင် စွမ်းအားများစွာဖြင့် ပေါင်းစပ်လိုက်ပြီး ချယ်အက္ခရာလျှို့ဝှက်ချက်ကို အသက်သွင်းလိုက်ပါက ထိုစွမ်းအားမှာ ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်ရန်ပင် လုံလောက်လောက်ပေသည်။
ထို့အပြင် ကစဉ်ကလျားသန္ဓေသားသည် ဘိုးဘေးအဆောင်၏ ငြင်းပယ်မှု မခံရပေ။ သန္ဓေသားအတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားသည်နှင့်တပြိုင်နက် ၎င်းတို့အားလုံးမှာ ဝူယွမ်၏ စွမ်းအားများ ဖြစ်လာမည်ဖြစ်သည်။
၎င်းမှာ ဘိုးဘေးအဆောင်၏ စွမ်းအားကို ညီမျှစေရန် မူလကျောက်လက်ဖွဲ့ကို အသုံးပြုရခြင်းထက် များစွာ ပိုမို ထိရောက်လှသည်။
“ကောင်းပြီ၊ မင်း အရမ်း အစွမ်းထက်တယ်ဆိုတာ ငါ သိပါပြီ”
မိုလော့က ပြောလိုက်သည်။
“ဒီတစ်ခါ မင်းကို ငါ ခေါ်လိုက်တာ အကြောင်းနှစ်ခု ရှိတယ်၊ ပထမတစ်ခုက မိုးကြိုးဘိုးဘေးအဆောင် ပြိုင်ပွဲနဲ့ ပတ်သက်ပြီးတော့ပေါ့”
အခန်း (၄၀၆) - ကမ္ဘာခြားနတ်ဆိုးများ၏ ပစ်မှတ်၊ ဝူရွှမ်ကို စည်းရုံးခြင်း(၂)
“ငါတို့ ရထားတဲ့ သတင်းအချက်အလက်တွေအရ ကမ္ဘာခြားနတ်ဆိုးတွေက အလွယ်တကူ ကိုယ်ထင်ပြမှာ မဟုတ်ဘူး၊ သူတို့က လူတွေကြားထဲမှာ ပုန်းနေဖို့၊ ဒါမှမဟုတ် လူတွေကို ထိန်းချုပ်ပြီး ပြိုင်ပွဲမှာ တရားဝင် ပါဝင်ဖို့နဲ့ မိုးကြိုးဘိုးဘေးအဆောင်ကို လုယူရန် လူတိုင်းကို အနိုင်ယူဖို့ ဖြစ်နိုင်ချေ အရမ်းများတယ်”
“ဒီတစ်ခါ ပါဝင်ယှဉ်ပြိုင်တဲ့ အစွမ်းထက် ကျင့်ကြံသူတွေ အရမ်းများလွန်းတယ်၊ ပြီးတော့ ငါတို့က အသေးစိတ် စစ်ဆေးတာတွေ လုပ်လို့မရဘူး၊ ဒါကြောင့် ကမ္ဘာခြားနတ်ဆိုးတွေ ပုန်းအောင်းနေတဲ့ သူတစ်ယောက်ကသာ ဗိုလ်စွဲသွားရင် မိုးကြိုးဘိုးဘေးအဆောင်ရဲ့ စစ်မှန်မှုက ထုတ်ဖော်ခံရမှာဖြစ်ပြီး ငါတို့ရဲ့ အစီအစဉ်လည်း ပေါက်ကြားသွားလိမ့်မယ်၊ အဲဒီလိုဆိုရင် ငါတို့ အရေးတကြီး မြူဆွယ်ဖို့လုပ်ထားတဲ့ ကမ္ဘာခြားနတ်ဆိုးတွေက သေချာပေါက် ထွက်ပြေးပြီး ပျောက်ကွယ်သွားလိမ့်မယ်”
နတ်ဆိုး သစ္စာဖောက်များ တည်ရှိနေခြင်းမှာ အလွန် ပြဿနာများလှ၏။
“ဆရာ သူတို့က အရမ်း အစွမ်းထက်တယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား၊ သူတို့ကို ပြိုင်ပွဲမှာ ပါဝင်ခွင့်ပြုလိုက်ပါ၊ အဲဒီ ပုန်းအောင်းနေတဲ့ ကမ္ဘာခြားနတ်ဆိုးတွေကို သူတို့ သေချာပေါက် အနိုင်ယူနိုင်လိမ့်မယ်၊ အဲဒါက မိုးကြိုးဘိုးဘေးအဆောင်ကို ထုတ်ဖော်မခံရအောင် ကာကွယ်ပေးနိုင်မယ် မဟုတ်ဘူးလား” ထန်ရှင်းလျန်က မေးလိုက်သည်။
မိုလော့က ခေါင်းယမ်းလိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် လေးနက်သွား၏။ “ဒါက ငါ ပြောချင်တဲ့ ဒုတိယအချက်ပဲ၊”
သူက ဝူယွမ်နှင့် လင်းတုန်တို့ကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။
“အရှေ့ဘက်ရွှမ်ဒေသက ယွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး သုံးယောက်ကို မင်းတို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့တယ်၊ ပြီးတော့ ယွမ်ဂိုဏ်းက ကမ္ဘာခြားနတ်ဆိုးတွေနဲ့ ပူးပေါင်းကြံစည်နေနိုင်ခြေ အရမ်းများတယ်”
“ကစဉ်ကလျားမိစ္ဆာပင်လယ်က ဒီသတင်းအချက်အလက်ကို မရသေးဘူးဆိုတော့ မင်းတို့မှာ ဝင်စားခြင်းအဆင့်နဲ့ နှိုင်းယှဉ်နိုင်တဲ့ စွမ်းအားရှိတယ်ဆိုတာကို လူအများစုက မသိကြဘူး”
“ဒါပေမယ့် ဒီကမ္ဘာခြားနတ်ဆိုး အဖွဲ့အစည်းတွေကတော့ သိနေလောက်ပြီ၊”
“မင်းတို့ ရုတ်တရက် ပေါ်လာတာက ပြိုင်ပွဲရဲ့ မူလ အစီအစဉ်ကို ဖျက်ဆီးပစ်လိုက်တာပဲ၊”
“အကယ်၍ ကမ္ဘာခြားနတ်ဆိုးတွေက မင်းတို့အကြောင်း သိပေမယ့် ပြိုင်ပွဲမှာ ပါဝင်ဖို့ လူတွေကို စေလွှတ်ဖို့ ကြံစည်နေတာဆိုရင် အဲဒီ ပုန်းအောင်းနေတဲ့ ကမ္ဘာခြားနတ်ဆိုးတွေက မင်းတို့ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့သူတွေ မဟုတ်လောက်ဘူး၊ သူတို့က ဗိုလ်ချုပ်အဆင့် ကမ္ဘာခြားနတ်ဆိုးတွေ ဖြစ်ဖို့ အရမ်းများတယ်၊”
“ထပ်ပြောရရင် မင်းတို့နှစ်ယောက်က ကမ္ဘာခြားနတ်ဆိုးတွေရဲ့ ပစ်မှတ် ဖြစ်နေလောက်ပြီ၊ သူတို့သာ လှုပ်ရှားမယ်ဆိုရင် မင်းတို့ကို သေချာပေါက် ထည့်တွက်ထားမှာဖြစ်ပြီး အဆင့်မြင့် ကမ္ဘာခြားနတ်ဆိုးတွေကို သေချာပေါက် ပိုလွှတ်လိမ့်မယ်၊ အဲဒီအချိန်ကျရင် ကမ္ဘာခြားနတ်ဆိုးတွေရဲ့ အဓိက ပစ်မှတ်က မိုးကြိုးဘိုးဘေးအဆောင်ကနေ မင်းတို့ဆီ ပြောင်းသွားနိုင်တယ်၊
ဘာလို့လဲဆိုတော့ အရှေ့ဘက်ရွှမ်ဒေသမှာ မင်းတို့ ပြသခဲ့တဲ့ အလားအလာအရ မင်းတို့နှစ်ယောက်က ဘိုးဘေးအဆောင်ထက် ကမ္ဘာခြားနတ်ဆိုးတွေအတွက် ပိုကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေလို့ပဲ”
မိုလော့၏ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ပြီးနောက် ဝူယွမ်လည်း လေးနက်စွာ စတင် တွေးတောလေတော့၏။
ယွမ်ဂိုဏ်းကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့သော ကမ္ဘာခြားနတ်ဆိုးမြို့တော် တိုက်ပွဲအပြီးတွင် သူ့ကို ကမ္ဘာခြားနတ်ဆိုးများက ထိုအချိန်ကတည်းက ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ရမည်။
ကမ္ဘာခြားနတ်ဆိုးများက သူ့ကို ထိုအချိန်ကတည်းက ရှာဖွေနေခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော်လည်း နောက်ပိုင်းတွင် ဝူယွမ်သည် တောင်ဂိုဏ်း တစ်ခုလုံးကို တိုက်ရိုက် ခေါ်ဆောင်ကာ ပျောက်ကွယ်သွားခဲ့ပြီး ကစဉ်ကလျားမိစ္ဆာပင်လယ်တွင် ပြန်လည်ပေါ်လာခဲ့သည်။
ဤကာလအတွင်း ဝူယွမ်အကြောင်းကို သိရှိသူ များများစားစား မရှိခဲ့ဘဲ သိရှိသူများမှာလည်း ကမ္ဘာခြားနတ်ဆိုးများနှင့် လုံးဝ ဆက်စပ်မှု မရှိသည်မှာ သေချာသည်။
မည်သို့ပင်ဆိုစေ ကစဉ်ကလျားမိစ္ဆာပင်လယ်ကို မီးနတ်ဘုရားနန်းတော်က ကြီးစိုးထားပြီး ကမ္ဘာခြားနတ်ဆိုးများကို ဖိနှိပ်ရာတွင် အထူးပြုထားသဖြင့် ကမ္ဘာခြားနတ်ဆိုးများမှာ ဤနေရာတွင် စွမ်းအား များများစားစား မရှိသည်မှာ သေချာ၏။ သူတို့ ဝူယွမ်အကြောင်းကို ခဏတာ မသိရှိခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။
သို့သော်လည်း သံသရာအဆင့် လျှို့ဝှက်ဂူအပြီးတွင် ဝူယွမ်၏ နာမည်ဂုဏ်သတင်းမှာ အလွန်အမင်း ထိုးတက်သွားခဲ့ပြီး ဟွမ်ယွမ်နှင့် မိစ္ဆာကောင် သုံးကောင် ပေါ်လာခြင်းက ကမ္ဘာခြားနတ်ဆိုးများသည် ကစဉ်ကလျားမိစ္ဆာပင်လယ်အတွင်းသို့ လျှို့ဝှက်စွာ ဝင်လာပြီဖြစ်ကြောင်း ညွှန်ပြနေ၏။
သူတို့က ဝူယွမ်အကြောင်း သိကြသည်။
ပြီးတော့ ဝူယွမ်က အခု မီးတောက်မြို့တော်မှာ ရောက်နေတယ်။
ထို့ကြောင့် မိုလော့နှင့် အခြားသူများ၏ ကမ္ဘာခြားနတ်ဆိုးများအတွက် ငါးစာမှာ မိုးကြိုးဘိုးဘေးအဆောင် အပါအဝင် ဝူယွမ်နှင့် အခြားသူများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဤနည်းအားဖြင့် အကယ်၍ ကမ္ဘာခြားနတ်ဆိုးများကသာ ငါးစာကို အမှန်တကယ် စားခဲ့မည်ဆိုပါက လာမည့် ကမ္ဘာခြားနတ်ဆိုး အရေအတွက်သည် မီးနတ်ဘုရားနန်းတော်၏ စွမ်းအားထက် သေချာပေါက် ကျော်လွန်နေမည်ဖြစ်သည်။
သူတို့က ဝူယွမ်နှင့် အခြားသူများကို မကာကွယ်နိုင်မည်ကို မိုလော့က စိုးရိမ်နေခြင်းဖြစ်သည်။
ဝူယွမ်က ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။
“ခင်ဗျားက ငါတို့အတွက် စိုးရိမ်နေတာဆိုရင်တော့ နန်းတော်သခင် မိုလော့ စိတ်ချလို့ ရပါတယ်၊ ကမ္ဘာခြားနတ်ဆိုးတွေ မလာမှာကို ဒါမှမဟုတ် လုံလောက်တဲ့ အရေအတွက် မလာမှာကိုတောင် ငါ ကြောက်နေတာ၊ ထပ်ပြောရရင် ငါတို့က ကမ္ဘာခြားနတ်ဆိုးတွေကို တကယ်ပဲ မနိုင်ဘူးဆိုရင်တောင် ငါတို့ လွတ်မြောက်ဖို့က ပြဿနာကြီးကြီးမားမား မဟုတ်ဘူး၊ အဓိက စိုးရိမ်ရမှာက မင်းရဲ့ မီးနတ်ဘုရားနန်းတော်ပဲ၊ ဘာပဲဖြစ်ဖြစ် စစ်မြေပြင်ကို ဒီမှာ ရွေးချယ်ထားတာဆိုတော့ ကမ္ဘာခြားနတ်ဆိုးတွေက အရမ်း အစွမ်းထက်နေရင် မင်းတို့ လွတ်မြောက်ဖို့ နေရာရှိမှာ မဟုတ်ဘူး၊”
“မင်းက အဲဒီလို ပြောမှတော့ ငါ စိတ်အေးသွားပြီ၊ ဒီမီးနတ်ဘုရားနန်းတော်ကို တည်ထောင်ရတဲ့ မူလရည်ရွယ်ချက်က ကမ္ဘာခြားနတ်ဆိုးတွေကို ဖယ်ရှားဖို့ပဲ၊ အကယ်၍ တိုက်ပွဲကြီးတစ်ခုမှာ တကယ်ပဲ ဖျက်ဆီးခံရမယ်ဆိုရင်တောင် သူ ထိုက်တန်တဲ့ နေရာမှာ သေဆုံးသွားတာပဲ” မိုလော့က ပြတ်သားသော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။ သူ၏ အသွင်အပြင်ကို ကြည့်ခြင်းအားဖြင့် သူသည် ကမ္ဘာခြားနတ်ဆိုးများနှင့် အတူတကွ သေဆုံးရန် ကြိုတင်စီစဉ်ထားပြီးဖြစ်ကြောင်း ထင်ရှားလှသည်။
“ဒါပေမယ့်...” မိုလော့က ခေတ္တ ရပ်တန့်သွားပြီး ပြောလိုက်၏။
“တကယ်လို့ အဲဒီအခြေအနေကို ရောက်လာခဲ့ရင်၊ ပြီးတော့ မင်းတို့ လွတ်မြောက်နိုင်မယ်ဆိုရင် ကျေးဇူးပြုပြီး ရှင်းလျန်ကို မင်းတို့နဲ့အတူ ခေါ်သွားပေးပါ”
“ဆရာ၊ နောက်ဆုံးအချိန်အထိ ဆရာနဲ့အတူ ကျွန်မ တိုက်ပွဲဝင်ပါ့မယ်၊ ဘယ်တော့မှ ထွက်မပြေးပါဘူး” ထန်ရှင်းလျန်က ပို၍ပင် ပြတ်သားပြီး ကြီးစိုးသည့် စိတ်ဓာတ်ဖြင့် ပြောလိုက်သည်။
“ကျွန်မရဲ့ လက်အောက်က မီးနတ်ဘုရား အစောင့်အရှောက်တွေကလည်း စတေးခံဖို့ အချိန်အကြာကြီးကတည်းက ပြင်ဆင်ထားပြီးသားပါ၊”
ဝူယွမ်က ပြုံးကာ ပြောလိုက်၏။
“မင်းတို့ ဆရာတပည့် နှစ်ယောက်စလုံး သေရမှာကို မကြောက်ကြဘူး ထင်တယ်၊ ဒါပေမယ့် စတောင် မစရသေးဘူးလေ၊ ဒီလောက်ကြီး အဆိုးမြင်နေစရာ မလိုပါဘူး၊ စီနီယာ ချင်းကျီလည်း ဒီမှာ ရှိတယ် မဟုတ်ဘူးလား၊ ကမ္ဘာခြားနတ်ဆိုး ဘုရင် အများအပြား မလာသရွေ့ အဲဒီအခြေအနေကို ရောက်မှာ မဟုတ်ပါဘူး”
သူသည် ယခု ဗိုလ်ချုပ်အဆင့် ကမ္ဘာခြားနတ်ဆိုးများအတွက် မစိုးရိမ်တော့ဘဲ သူတို့သည် ကမ္ဘာခြားနတ်ဆိုး ဘုရင်များ ဖြစ်နေလျှင်တောင် သူတို့၏ အရေအတွက်က သုံးကောင်ထက် မကျော်လွန်သရွေ့နှင့် သံသရာအဆင့်၏ တတိယအဆင့်နှင့် နှိုင်းယှဉ်နိုင်သော ထိပ်တန်း ကမ္ဘာခြားနတ်ဆိုး ဘုရင်များ မဟုတ်သရွေ့ သူ ကိုင်တွယ်နိုင်သေးသည်။
“မင်းက တော်တော် အကောင်းမြင်တာပဲ၊ ကမ္ဘာခြားနတ်ဆိုးတွေကို ဆန့်ကျင်ဖို့ မင်းဆီမှာ ဘယ်လို ဖဲချပ်တွေ ရှိလဲဆိုတာ ငါ တကယ် သိချင်မိတယ်၊ မင်းကို သူ နားမလည်နိုင်ဘူးလို့ ချင်းကျီက ပြောခဲ့တယ်၊ မင်းက လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတာပဲ” မိုလော့က အံ့ဩတကြီး ရေရွတ်လိုက်သည်။
သို့သော်လည်း ဝူယွမ်၏ စကားများက သူ့ကို အတော်လေး ယုံကြည်မှု ပေးစွမ်းခဲ့သည်။
မည်သို့ပင်ဆိုစေ သူသည် မီးတောက် ဘိုးဘေးအဆောင်ကို ထိန်းချုပ်သူ ဖြစ်သည်။ ကမ္ဘာခြားနတ်ဆိုး ဘုရင်တစ်ပါးကို ရင်ဆိုင်ရချိန်တွင်ပင် သူသည် မသေမချင်း တိုက်စားနိုင်စွမ်းရှိ၏။
ဝူယွမ်က ပြောလိုက်သည်။
“ပြိုင်ပွဲက ရက်အနည်းငယ် လိုသေးတယ်၊ ငါ မပါဝင်ပါဘူး၊ ငါ့ရဲ့ ညီလေးနှစ် လင်းတုန်ကိုပဲ လွှဲပေးလိုက်မယ်၊ သူနဲ့ဆိုရင် နတ်ဆိုးဗိုလ်ချုပ် ရှိနေရင်တောင် သူတို့ ဗိုလ်စွဲမှာ မဟုတ်ဘူး”
မိုလော့၏ စကားများက သူ့ကို လေးနက်စွာ တွေးတောစေခဲ့၏။ ထိုကမ္ဘာခြားနတ်ဆိုးများကို သူ သေချာပေါက် သတိထားရမည်ဖြစ်သည်။
ပြင်ဆင်မှုအချို့ ပြုလုပ်ရန် သူ ဆုံးဖြတ်လိုက်သည်။
သူ၏ အခန်းသို့ ပြန်ရောက်သောအခါ ဝူယွမ်သည် ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းသို့ ဝင်ရောက်သွားလေသည်။
သူသည် မိစ္ဆာလေ လျှို့ဝှက်ဂူ၏ လျှို့ဝှက်ဂူသခင် ဝူရွှမ်ကို ဖိနှိပ်ထားသော နေရာသို့ ပထမဆုံး လာခဲ့ပြီး ဟွမ်ယွမ်ကို သူ့အား လွှတ်ပေးစေခဲ့သည်။
ဝူရွှမ်က ဝူယွမ်ကို တည်ငြိမ်စွာ ကြည့်နေပြီး ဒေါသထွက်ခြင်း မရှိပေ။ ဖိနှိပ်ခံထားရသည့် ကာလအတွင်း အစပိုင်းတွင် ထိရောက်မှုမရှိသော ခုခံမှုများအပြီးတွင် ဝူရွှမ်သည် တည်ငြိမ်စွာ စတင်တွေးတောခဲ့သည်။
ဝူယွမ်၏ စွမ်းအားမှာ သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။ အစပိုင်းတွင် သူသည် လူငယ်လေးတစ်ယောက်မျှသာ ဖြစ်သည်ဟု ထင်မှတ်ခဲ့သော်လည်း သူ့ကို သတ်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသည်။ တစ်ဖက်လူက သူ့ကို မသတ်ခြင်းကပင်ရှင်သန်ဖို့ အခွင့်အရေးရခဲ့ခြင်း ဖြစ်၏။
ပို၍ အရေးကြီးသည်မှာ ဖိနှိပ်ခံရပြီးနောက် ဤရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်း၌ ဝူရွှမ်သည် ပိုမို ရှင်းလင်းသော တာအို နိယာမများကို ခံစားခဲ့ရပြီး ရှင်သန်ခြင်းနှင့် သေဆုံးခြင်းအပေါ် သူ၏ နားလည်သဘောပေါက်မှုမှာ ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ တက်လှမ်းသွားခဲ့သည်။
သူ့ကို ဖိနှိပ်ထားသော ဤနတ်ဘုရားရတနာအပေါ် သူ အလွန်တရာ စူးစမ်းလိုစိတ် ဖြစ်လာခဲ့သည်။ ထိုသို့သော နတ်ဘုရားရတနာမျိုးကို ပိုင်ဆိုင်နိုင်သူ ဝူယွမ်မှာ သေချာပေါက် သာမန် မဟုတ်ပေ။
ဤစိတ်ထားဖြင့် ဝူရွှမ်သည် ဝူယွမ်နှင့် တည်ငြိမ်စွာ ဆက်သွယ်ရန် ဆုံးဖြတ်လိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဤတစ်ကြိမ် ဝူယွမ် လာရောက်ရခြင်းမှာလည်း သူနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်သွယ်လိုသောကြောင့် ဖြစ်သည်။
ဝူယွမ်က သူ့ကို ကြည့်ကာ ပြောလိုက်သည်။
“လျှို့ဝှက်ဂူသခင် ဝူရွှမ်၊ နေကောင်းတယ်လို့ ယုံကြည်ပါတယ်”
ဝူရွှမ်က ပြောလိုက်၏။
“လူကြီးမင်းက ကျွန်တော့်ကို ဖိနှိပ်ထားပေမယ့် မသတ်ဘူးဆိုတော့ လူကြီးမင်းမှာ ရည်ရွယ်ချက် တစ်ခုခု ရှိရမယ်၊ ဘာလို့ ပွင့်ပွင့်လင်းလင်း မပြောတာလဲ”
“လျှို့ဝှက်ဂူသခင် ဝူရွှမ်က ဉာဏ်ကောင်းတဲ့သူပဲ၊ မင်းနဲ့ စကားဝှက်တွေ မသုံးတော့ဘူး၊ ငါတို့ကြားမှာ နက်ရှိုင်းတဲ့ ရန်ငြိုး မရှိပါဘူး၊ ရတနာတချို့အတွက် အငြင်းပွားမှုလေး တစ်ခုပါပဲ၊ အများဆုံး ငါက မင်းတို့ရဲ့ အလှူခံ ပုဂ္ဂိုလ် အရိုးအဘိုးအိုကို သတ်ခဲ့တယ်၊ ဒါပေမယ့် သူက သေချင်လို့ လာတာ၊ မင်းရဲ့ တပည့် ရှဲ့ယန်၊ အကြီးအကဲ မိုရှဲ့၊ ဒီလူတွေ အားလုံး အသက်ရှင်နေပါသေးတယ်၊ သူတို့ကို ငါ အကျဉ်းချထားရုံပါပဲ”
ဝူယွမ်သည် လျှို့ဝှက်ဂူသခင် ဝူရွှမ်နှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုရန် ဆုံးဖြတ်လိုက်ပြီး ကမ္ဘာခြားနတ်ဆိုးများ တည်ရှိနေမှုနှင့် လက်ရှိ အခြေအနေများကို သူ့အား ခွဲခြမ်းစိတ်ဖြာပြကာ လူသားများဘက်မှ ရပ်တည်ပြီး ကမ္ဘာခြားနတ်ဆိုးများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကူညီပေးရန် သူ၏ မျှော်လင့်ချက်ကို ဖော်ပြခဲ့သည်။
ဝူရွှမ်သည် ဝင်စားခြင်းအဆင့် အစွမ်းထက် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ကောင်းမွန်သော တိုက်ခိုက်ရေးသမား တစ်ဦးဖြစ်၏။ ဤတစ်ကြိမ်တွင် ကမ္ဘာခြားနတ်ဆိုး အများအပြား လာရောက်ပါက အနည်းဆုံးတော့ ဗိုလ်ချုပ်အဆင့် ကမ္ဘာခြားနတ်ဆိုး တစ်ကောင်ကို ထိန်းချုပ်ထားရန် သူ ကူညီပေးနိုင်သည်။ သူ့ကို အသုံးမချခြင်းက ဖြုန်းတီးရာကျပေသည်။
ထို့အပြင် ဤအစွမ်းထက် ကျင့်ကြံသူများသည် ကမ္ဘာခြားနတ်ဆိုးများကို တိုက်ခိုက်သည့် တိုက်ပွဲတွင် အနှေးနှင့်အမြန် ပါဝင်ရမည်မှာ အမှန်ပင်ဖြစ်၏။