← Chapters

အခန်း (၄၂၉-၄၃၀)

Vol. 43 Ch. 429-430

အခန်း (၄၂၉-၄၃၀)

Vol. 43 Ch. 429-430

အခန်း ၄၂၉ - အဆုံးအစမဲ့သော အမုန်းတရား၊ သောင်းချီသောနည်းစနစ် လက်ဖဝါးသိုင်း

လှည့်ပတ်နေသော မိုးကြိုးအတိဒုက္ခ ဝဲကတော့ကြီး လုံးဝ လွင့်စင်သွားသည်နှင့် အကြီးအကဲ ချီရှင်းနှင့် အခြားသူများသည် ရှေ့သို့ ပြေးသွားရန် သူတို့၏ လှုပ်ရှားမှုနည်းစနစ်များကို လျင်မြန်စွာ အသုံးပြုလိုက်ကြလေသည်။ အတိဒုက္ခတိမ်တိုက်များ ရှိခဲ့သောနေရာ၏ အောက်ဘက်သို့ သူတို့ ရောက်ရှိသွားသောအခါ၌ နှစ်မိုင်ပတ်လည်အတွင်းရှိ မြင်ကွင်းမှာ လုံးဝကို ပျက်စီးယိုယွင်းနေလေ၏။

ထိုနေရာတစ်ဝိုက်တွင် မီးလောင်ကျွမ်းနေသော သစ်ပင်များ ပြန့်ကျဲနေပြီး ၎င်းတို့အထဲမှ အများအပြားမှာ မီးတောက်နေဆဲပင် ဖြစ်သည်။

ဤနေရာကို ဖျက်ဆီးပစ်ခဲ့သော အတိဒုက္ခမိုးကြိုး၏ ကြီးမားလှသော ဖျက်ဆီးခြင်းစွမ်းအားမှာ ထင်ရှားလှပေသည်။

အပျက်အစီးများကြားတွင် စုတ်ပြဲနေသော ပုံရိပ်တစ်ခုက တင်ပျဉ်ခွေထိုင်နေပြီး လေးနက်သော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေ၏။

ထိုစဉ် သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ သဲ့သဲ့လေး တောက်ပနေလေသည်။ သူ၏ သင်္ကန်းများမှာ စုတ်ပြဲနေသော်လည်း သူ့ကို ဝန်းရံထားသော ရွှေရောင်အလင်းတန်းများမှာတော့ မွေးရာပါ ခမ်းနားကြီးကျယ်မှုတစ်ခုကို သယ်ဆောင်ထားပြီး လူများကို သူ၏ အကြည့်နှင့် ရင်ဆိုင်ရန် မဝံ့ရဲအောင် ဖြစ်စေခဲ့သည်။

အကြီးအကဲ ကျင်းချုံး တရားထိုင်နေသည်ကို သိရှိသွားသော အကြီးအကဲ ချီရှင်းနှင့် အခြားသူများသည် သူ့အား အနှောင့်အယှက်ပေးခြင်းမှ ချက်ချင်း ရှောင်ကြဉ်လိုက်ကြသည်။ ို့နောက် သူတို့သည် သူ့ကို ကာကွယ်ရန်အတွက် ကာကွယ်ရေး ဝင်္ကပါတစ်ခုကိုတောင် ဖွဲ့စည်းလိုက်ကြကာ လူစုခွဲလိုက်ကြ၏။

မကြာမီမှာပင် အကြီးအကဲ ကျင်းချုံး၏ ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားသည်ကို သူတို့ သတိပြုမိလိုက်ကြပြီး သူ့ကို ဝန်းရံထားသော ရွှေရောင်အလင်းတန်းများမှာလည်း ပို၍ပင် တောက်ပလာခဲ့လေသည်။

ပြီးနောက်တွင်တော့ သဟဇာတဖြစ်ပြီး ပြီးပြည့်စုံသော အငွေ့အသက်တစ်ခုက သူ့ထံမှ ထွက်ပေါ်လာခဲ့တော့၏။

"သူ ရွှေအမြုတေကို အောင်အောင်မြင်မြင်နဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီဟေ့"

အကြီးအကဲ ချီရှင်းနှင့် အခြားသူများ၏ မျက်နှာပေါ်တွင် ဝမ်းမြောက်မှုများ ပေါ်လာခဲ့လေသည်။

အကြီးအကဲ ကျင်းချုံးသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ သူ၏ အကြည့်များအတွင်း ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး ချိုးဖောက်၍မရနိုင်သော အာဏာစက် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေလေ၏။

"အတိဒုက္ခကို ကျော်ဖြတ်နိုင်ခဲ့ပြီးတော့ စိန်ဓာတ်တော် အမြုတေကို ဖွဲ့စည်းနိုင်ခဲ့တဲ့အတွက် အကြီးအကဲ ကျင်းချုံးကို ဂုဏ်ပြုပါတယ်ဗျာ။ အခုဆို အမတလမ်းစဉ်က လက်တစ်ကမ်းအလိုမှာပဲလေ"

အကြီးအကဲ ချီရှင်းနှင့် အခြားသူများကလည်း တညီတညွတ်တည်း ဂုဏ်ပြုလိုက်ကြလေ၏။

"အတိဒုက္ခကို ကျော်ဖြတ်နေတုံး ကျုပ်ကို ကာကွယ်ပေးခဲ့တဲ့ ဆရာတူ ညီအစ်ကိုတွေကို ကျေးဇူးတင်ပါတယ်" အကြီးအကဲ ကျင်းချုံးက သူ့ကို ဝန်းရံထားသော ရွှေရောင်အလင်းတန်းများကို ရုတ်သိမ်းလိုက်ပြီး ကျေးဇူးတင်စကားဆိုရန် မတ်တပ်ရပ်ကာ ဦးညွှတ်လိုက်ရင်း ပြောလိုက်၏။

"ဟားဟား အကြီးအကဲ ကျင်းချုံးကတော့ဗျာ... မျှော်လင့်ထားတဲ့အတိုင်း ခင်ဗျားရဲ့ အခြေခံအုတ်မြစ်က ကျုပ်တို့အားလုံးထဲမှာ အနက်ရှိုင်းဆုံးပါပဲ။ ကျောင်းထိုင်ဆရာတော်ပြီးရင် ခင်ဗျားက စိန်ဓာတ်တော်အမြုတေအဆင့်ကို ဒုတိယမြောက် ရောက်တဲ့သူပဲလေ" ဘုန်းကြီးတစ်ပါးက ရယ်မောကာ မှတ်ချက်ချလိုက်၏။

"ကျုပ်က ပိုပြီး စိတ်မရှည်ဖြစ်ခဲ့လို့ပါ။ ခင်ဗျားတို့ရဲ့ စုဆောင်းထားတာတွေကလည်း ကျုပ်ထက် မလျော့ပါဘူး။ မကြာခင်မှာပဲ ခင်ဗျားတို့အားလုံးလည်း အတိဒုက္ခတွေကို အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်ပြီး စိန်ဓာတ်တော်အမြုတေတွေကို ဖွဲ့စည်းနိုင်လိမ့်မယ်လို့ ကျုပ် ယုံကြည်ပါတယ်" အကြီးအကဲ ကျင်းချုံးက နှိမ့်ချစွာ ပြန်ဖြေလိုက်၏။

"အကြီးအကဲ ကျင်းချုံး... အခု ခင်ဗျားက ရွှေအမြုတေအဆင့်ကို ရောက်သွားပြီဆိုတော့ ရွှမ်ခုန်းဘုရားကျောင်းမှာ ကျောင်းထိုင်ဆရာတော်အပါအဝင် ရွှေအမြုတေ ကျင့်ကြံသူ နှစ်ယောက်တောင် ရှိသွားပြီ။ ရွှမ်ခုန်းဘုရားကျောင်းကို ဘယ်သူကများ စော်ကားရဲသေးလဲ ကြည့်ကြသေးတာပေါ့" အခြားဘုန်းကြီးတစ်ပါးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"အကြီးအကဲ ခူရုံ... ခင်ဗျားက ဟိုသရဲမျက်နှာဖုံးရှင်ကို ပြောနေတာလား" ထိုနာမည်ကို ကြားသောအခါ အကြီးအကဲ ကျင်းချုံး၏ မျက်နှာအမူအရာမှာ လေးနက်သွားလေသည်။ "စိတ်မပူပါနဲ့။ အဲဒီမိစ္ဆာကောင်က ဝိညာဉ်လက်နက်တစ်ခုရဲ့ စွမ်းအားကိုပဲ အားကိုးခဲ့တာလေ။ သူ့ရဲ့ ခွန်အားအစစ်အမှန်က ထူးခြားတာ ဘာမှမရှိပါဘူး။

တကယ်လို့ သူသာ ပြန်လာရဲမယ်ဆိုရင် သူ အသက်ရှင်လျက် ထွက်မသွားရဘူးဆိုတာကို ကျုပ် သေချာပေါက် အာမခံပါတယ်။ ပြီးတော့ သူ မလာဘူးဆိုရင်တောင်မှ ကျုပ်ရဲ့ ကျင့်ကြံခြင်းကို တည်ငြိမ်အောင်လုပ်ပြီးတာနဲ့ သူ့ကို လိုက်ရှာမှာပါ။

ကျုပ်တို့ရဲ့ တပည့်တွေ အများကြီး သူ့လက်ချက်နဲ့ သေဆုံးခဲ့ရတာလေ။ ဒီလို အမုန်းတရားကို မဖြေရှင်းဘဲထားစရာလား။ ကျုပ်ကတော့ ဒီတိုင်းကြီး ပြီးသွားခွင့်မပြုနိုင်ဘူး။"

သရဲမျက်နှာဖုံးရှင်၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့သော တပည့်များကို တွေးမိသောအခါ အကြီးအကဲ ကျင်းချုံး၏ နှလုံးသားမှာ နာကျင်သွားခဲ့ရသည်။ သူ၏ အတော်ဆုံး တပည့်နှစ်ယောက်လည်း သေဆုံးသွားခဲ့ရသဖြင့် ထိုမိစ္ဆာကို တစ်နေ့နေ့တွင် ကိုယ်တိုင် ဖျက်ဆီးပစ်ရန် သူ၏ သန္နိဋ္ဌာန်ကို ပို၍ခိုင်မာစေခဲ့ပါ၏။

ရွှမ်ခုန်းဘုရားကျောင်း၏ အကြီးအကဲများသည် သရဲမျက်နှာဖုံးရှင်ကို မည်သို့ရှာဖွေရမည်ကို တွေးတောနေစဉ်...

အသံသဲ့သဲ့လေးတစ်ခုက သူတို့၏အထက်မှ ရုတ်တရက် လွင့်ပျံလာခဲ့တော့၏။

"ဟုတ်လို့လား။ ကျုပ် အခု ဒီကို ရောက်နေပြီလေ။ ခင်ဗျားတို့ ဘာလုပ်နိုင်မှာလဲ"

"ဘယ်သူလဲ"

အကြီးအကဲ ကျင်းချုံးနှင့် အကြီးအကဲ ချီရှင်းတို့မှာ အံ့အားသင့်သွားကြကာ အထက်သို့ ချက်ချင်း မော့ကြည့်လိုက်ကြလေသည်။

ထိုစဉ် နေရောင်ခြည်ကို နောက်ခံထားကာ ပုံရိပ်တစ်ခုက လေထဲတွင် ရပ်နေလေ၏။ အမည်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရွှေရောင် လှေငယ်လေးတစ်ခုပေါ်တွင် ရပ်နေကာ သူ၏ မျက်နှာကို သရဲမျက်နှာဖုံးတစ်ခုဖြင့် ဖုံးကွယ်ထား၏။ သူ၏ အကြည့်များမှာ အေးစက်နေပြီး သူတို့အပေါ်သို့ လွှမ်းခြုံထားလေသည်။

"မင်းပဲ"

"မိစ္ဆာကောင်"

အထက်ရှိ ပုံရိပ်ကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ၌ ဘုန်းကြီးများ၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားကြတော့၏။ အချို့ဆိုလျှင် မျက်ရည်များပင် ကျလာမတတ် စူးစိုက်ကြည့်နေကြလေသည်။

လုချင်း၏ ပေါ်လာမှုက သူတို့၏ ဒေါသကို ရှင်းလင်းစွာ လှုံ့ဆော်ပေးလိုက်ခြင်းပင်။

သူတို့ကို ပို၍ပင် အံ့အားသင့်စေခဲ့သည်မှာ ဤသရဲမျက်နှာဖုံးရှင်သည် သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ သတိမထားမိဘဲ သူတို့၏ ခေါင်းပေါ်သို့ တိုက်ရိုက် မည်သို့ ရောက်ရှိလာခဲ့သနည်း ဆိုခြင်းပင်။ အကယ်၍ သူသာ သူတို့ကို အစောပိုင်းက တိုက်ခိုက်ခဲ့လျှင် သူတို့မှာ လုံးဝကို ကာကွယ်နိုင်စွမ်းမဲ့နေမည် မဟုတ်ပါလော။

ဤမိစ္ဆာ၏ ကိုယ်ပျောက်နည်းစနစ်မှာ ကြောက်မက်ဖွယ်ကောင်းလှပေ၏။

သို့သော် အံ့အားသင့်မှုမှာ လျင်မြန်စွာပင် စိတ်လှုပ်ရှားမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

လွန်ခဲ့သော မိနစ်အနည်းငယ်ကပင် ဤမိစ္ဆာကို မည်သို့ရှာဖွေကာ သူတို့၏ ကျဆုံးသွားသော တပည့်များအတွက် လက်စားချေရမည်ကို သူတို့ တွေးတောနေခဲ့ကြသည်။ သို့သော် ယခုအခါ ဤနေရာတွင် သူသည် သူတို့၏ အိမ်တံခါးဝသို့ ကိုယ်တိုင် လာရောက်ပို့ဆောင်ပေးနေလေပြီပင်။

"မိစ္ဆာကောင် မင်းက ကိုယ့်ကိုကိုယ် လာကိုယ်ထင်ပြရဲသေးတယ်ပေါ့လေ" အကြီးအကဲ ချီရှင်းက အော်ဟစ်လိုက်ပြီး သူ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေကာ အသက်သွင်းရန် အဆင်သင့်ဖြစ်နေသော ဝရဇိန် နတ်ဆိုးနှိမ်လက်နက်တစ်ခုကို ခေါ်ယူလိုက်၏။

အခြားဘုန်းကြီးများကလည်း လုချင်းအား တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေကာ သူတို့၏ ဝိညာဉ်လက်နက်များကို စတင်ခေါ်ယူလိုက်ကြသည်။

မိစ္ဆာကောင်မှာ အစွမ်းထက်ပြီး ဝိညာဉ်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားသော်လည်း ယခုအခါ ရွှမ်ခုန်းဘုရားကျောင်းတွင် အသစ်တက်လှမ်းထားသော ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးဖြစ်သည့် အကြီးအကဲ ကျင်းချုံး ရှိနေပြီ ဖြစ်သည်။ အတူတကွ ပူးပေါင်းပါက ဤရန်သူကို ဖယ်ရှားပစ်နိုင်မည်ဟု သူတို့ ယုံကြည်မှု ရှိနေကြလေ၏။

အကြီးအကဲ ကျင်းချုံးသည်လည်း လုချင်း၏ ရုတ်တရက် ပေါ်လာမှုကြောင့် အံ့အားသင့်သွားခဲ့သော်လည်း သူ၏ တုန်လှုပ်မှုကို လျင်မြန်စွာ ဖိနှိပ်လိုက်လေသည်။ ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးအနေဖြင့် သူ၏ စူးရှသော ပင်ကိုယ်အသိစိတ်က မိစ္ဆာသည် ဝိညာဉ်လက်နက်တစ်ခု၏ စွမ်းအားကို အသုံးပြု၍ သူ၏ တည်ရှိမှုကို ဖုံးကွယ်ထားကာ စုံစမ်းထောက်လှမ်းမှုများကို ရှောင်ကွင်းသွားခြင်းဖြစ်မည်ဟု သူ့အား ပြောပြနေ၏။

စိတ်တည်ငြိမ်သွားပြီးနောက်၌ သူသည် လုချင်းကို အေးစက်စွာ ပြောလိုက်သည်။

"မင်းက သေလမ်းကို ရွေးလိုက်တာပဲ။ ဝိညာဉ်လက်နက်တစ်ခု ပိုင်ဆိုင်ထားရုံနဲ့ ထင်တိုင်းကြဲခွင့် ရှိတယ်လို့ မင်း ထင်နေတာလား။ ဒီနေ့ မင်းဆီက အဲဒီလက်နက်ကို ငါ ယူပြမယ်၊ ပြီးတော့ အဆုံးအစမဲ့တဲ့ ဗုဒ္ဓတရားတော်တွေကို သုံးပြီး မင်းကို ငရဲ ၁၈ထပ်ဆီကို ပို့ပေးမယ်။ အဲဒီမှာ မင်း သတ်ဖြတ်ခဲ့တဲ့ တပည့်တွေရဲ့ အသက်တွေအတွက် မင်း အပြစ်ပေးခံရလိမ့်မယ်"

သူ စကားပြောနေစဉ် အကြီးအကဲ ကျင်းချုံး၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့သည်။ အစွမ်းထက်သော အငွေ့အသက်က မုန်တိုင်းတစ်ခုအလား ထိုနေရာတစ်ဝိုက်ကို တိုက်ခတ်သွားပြီး အနီးအနားရှိ သစ်ပင်များကို ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့ပါ၏။

"အကြီးအကဲ ကျင်းချုံး"

အခြားဘုန်းကြီးများမှာ သူ၏ လွှမ်းမိုးနိုင်လွန်းသော စွမ်းအားကို ခံစားရသောအခါ အားတက်သွားကြလေသည်။ အထူးသဖြင့် အကြီးအကဲ ချီရှင်းမှာ သူ၏ ယုံကြည်မှုများ တစ်ဟုန်ထိုး မြင့်တက်လာသည်ကို ခံစားလိုက်ရ၏။

အကြီးအကဲ ကျင်းချုံး ထုတ်လွှတ်လိုက်သော အငွေ့အသက်မှာ သူတို့၏ နောက်ဆုံး ရင်ဆိုင်တွေ့ဆုံမှုတွင် မိစ္ဆာကောင်က သူ၏ ဝိညာဉ်လက်နက်ကို ထုတ်လွှတ်ခဲ့စဉ်ကထက်ပင် ပို၍ အားကောင်းနေပေသည်။ ဤတစ်ကြိမ်တွင်တော့ မိစ္ဆာကောင်သည် သူ၏ ကံကြမ္မာမှ လွတ်မြောက်နိုင်မည် မဟုတ်တော့ချေ။

သို့သော် အောက်ဘက်ရှိ ဘုန်းကြီးများမှာ ဖြောင့်မတ်သော စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေစဉ် လုချင်းမှာတော့ မျက်နှာအမူအရာကင်းမဲ့နေဆဲပင်။

သူ၏ အကြည့်များမှာ အရေးမပါသော ဖျော်ဖြေသူတစ်စုကို ကြည့်နေသကဲ့သို့ အေးစက်နေလေ၏။

ဤဂရုမစိုက်မှုက ဘုန်းကြီးများကို ပို၍ပင် ဒေါသထွက်စေခဲ့သည်။

အကြီးအကဲ ကျင်းချုံး၏ မျက်နှာမှာ မှောင်မိုက်သွားပြီး သူက အော်ဟစ်လိုက်သည်။ "ဘုရားကို စော်ကားတဲ့ မိစ္ဆာကောင်၊ ရွှမ်ခုန်းဘုရားကျောင်းရဲ့ အထက်က ကောင်းကင်ယံက မင်းလိုကောင်တွေအတွက် မဟုတ်ဘူး။ အခုချက်ချင်း ဆင်းခဲ့စမ်း"

သူ စကားပြောလိုက်သည်နှင့် သူ့ပတ်ဝန်းကျင်ရှိ ရွှေရောင်အလင်းတန်းများသည် ပေပေါင်းများစွာ အရွယ်အစားရှိသော ကြီးမားသည့် ဗုဒ္ဓလက်ဖဝါးကြီးတစ်ခုအဖြစ် စုစည်းသွားပြီး လုချင်းဆီသို့ ပစ်လွှတ်လိုက်တော့၏။

တစ်ချိန်တည်းမှာပင် အကြီးအကဲ ချီရှင်းနှင့် အခြားသူများကလည်း သူတို့၏ ဝိညာဉ်လက်နက်များဖြစ်သည့် ဝရဇိန် နတ်ဆိုးနှိမ်လက်နက်၊ ရွှေရောင် သပိတ်၊ ဈာန်တောင်ဝှေး နှင့် အခြားအရာများကို အသက်သွင်းလိုက်ကြတော့သည်။ ထိုသည်တို့အားလုံးမှာ ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေကာ လုချင်းကို ချေမှုန်းရန် ရည်ရွယ်၍ ဗုဒ္ဓလက်ဖဝါးကြီး၏ နောက်သို့ လိုက်ပါသွားကြလေသည်။

သူတို့၏ ဝိညာဉ်လက်နက်များ၏ ပေါင်းစပ်ထားသော စွမ်းအားများက ကြီးမားသော ရွှေနဂါးကြီးတစ်ကောင်အလား လုချင်းဆီသို့ ပြေးဝင်သွားစဉ် ကောင်းကင်ယံတစ်ခုလုံးမှာ ရွှေရောင် တောက်ပမှုများဖြင့် လင်းထိန်သွားခဲ့လေ၏။

ဖျက်ဆီးခြင်းစွမ်းအားမှာ အလွန်တရာ ကြီးမားလှသဖြင့် ယင်းက ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများကိုပင် လှိုင်းထသွားစေခဲ့သည်။

ဤလွှမ်းမိုးနိုင်လွန်းသော တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်လျှင် လုချင်း၏ ပုံရိပ်မှာ တောင်ပြိုကျမှုရှေ့မှ ပိုးဖလံလေးတစ်ကောင်အလား အရေးမပါသကဲ့သို့ ဖြစ်နေလေသည်။

သို့သော် သူ၏ မျက်နှာအမူအရာမှာတော့ လုံးဝကို တည်ငြိမ်နေဆဲပင်။ သူ၏ မျက်လုံးများထဲတွင် ခံစားချက်အရိပ်အယောင် သဲ့သဲ့လေးမျှပင် မရှိချေ။

"သေလမ်းကို ရှာနေတဲ့ အရူးတွေ"

သူသည် လက်ကို မြှောက်ကာ လက်သင်္ကေတတစ်ခုကို ပြုလုပ်လိုက်ပြီး ရှေ့သို့ ဖိချလိုက်တော့၏။

ထိုလက်ဟန်တစ်ခုတည်းဖြင့်ပင် ဆယ်မိုင်ပတ်လည်အတွင်းရှိ ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများမှာ လှုပ်ခတ်သွားခဲ့ရလေသည်။ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များမှာလည်း မီးလောင်နေသကဲ့သို့နှယ် ဆူပွက်လာခဲ့ကာ လျင်မြန်စွာဖြင့် စုစည်းလာကြတော့၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် မိုင်ပေါင်းများစွာ ကျယ်ဝန်းသော အရောင်ငါးသွယ် အလင်းတန်းများဖြင့် တောက်ပနေသည့် ကြီးမားလှသော လက်ဖဝါးကြီးတစ်ခုက ကောင်းကင်ယံထက်တွင် ရုပ်လုံးပေါ်လာခဲ့လေသည်။

သောင်းချီသောနည်းစနစ် လက်ဖဝါးသိုင်း၏ ဤမျှလောက်အထိ ကြီးမားလှသော ရုပ်လုံးပေါ်လာမှုကြီးက သူတို့အပေါ်သို့ ကျဆင်းလာသောအခါ၌ အောက်ဘက်ရှိ ဘုန်းကြီးများမှာ လုံးဝကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေကြလေတော့၏။

...

အခန်း ၄၃၀ - သစ်ပင်ကို လှုပ်ခါချင်နေသည့် ပုရွက်ဆိတ်၊ လက်ဖဝါးတစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း

သောင်းချီသောနည်းစနစ် လက်ဖဝါးသိုင်း၏ အရောင်ငါးသွယ် ဖန်သားရောင် အလင်းတန်းများသည် စုစည်းသွားသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်သို့ ဖြာထွက်သွားပြီး လွှမ်းမိုးနိုင်သော အစွမ်းအာဏာ လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။ ယင်း၏ အငွေ့အသက်သဲ့သဲ့လေး ယိုစိမ့်ထွက်လာမှုကပင် ရွှမ်ခုန်းဘုရားကျောင်းမှ ဘုန်းကြီးများ၏ ပေါင်းစပ်ထားသော ခွန်အားဖြင့် ခေါ်ယူထားသည့် ကြီးမားသော ရွှေနဂါးကြီးကို လေတိုက်ခံရသော ဖယောင်းတိုင်မီးကဲ့သို့နှယ် တုန်ခါသွားစေခဲ့ပြီး ယင်း၏ ရွှေရောင်အလင်းတန်းမှာလည်း အန္တရာယ်ရှိလောက်အောင် မှေးမှိန်သွားခဲ့လေသည်။

တစ်ချိန်က အလွန်မြန်ဆန်လှသော နဂါးကြီး၏ ပျံတက်မှုမှာ ရုတ်တရက် ရပ်တန့်သွားခဲ့၏။ ယင်းသည် ရွှံ့နွံတစ်ခုထဲသို့ ကျွံဝင်သွားပြီး ရှေ့သို့ တိုးရန် ရုန်းကန်နေရသကဲ့သို့ ဖြစ်နေလေသည်။

"ဘာ... အဲဒါကြီးက ဘာကြီးလဲ"

ရွှမ်ခုန်းဘုရားကျောင်းမှ ဘုန်းကြီးများသည် ကောင်းကင်ကိုတောင် ဖုံးလွှမ်းထားနိုင်သည်အထိ ကြီးမားလှသော အရောင်ငါးသွယ် လက်ဖဝါးကြီးကို စိုက်ကြည့်ရင်း ပြိုကျနေသော တောင်ကြီးတစ်ခုနှင့် ဟိန်းဟောက်နေသော ဆူနာမီလှိုင်းကြီးတစ်ခုကဲ့သို့ ဖိအားကို ခံစားလိုက်ရလေ၏။

သူတို့၏ မျက်လုံးများမှာ လွတ်ဟာနေပြီး သူတို့၏ မျက်နှာများမှာတော့ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေသည်။

အစွမ်းထက်သော ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည့် အကြီးအကဲ ကျင်းချုံးပင်လျှင် သူ၏ ကိုယ်ပိုင် အာရုံခံစားမှုများကို မယုံကြည်နိုင်ဘဲ မှင်သက်နေလေသည်။

ရှောင်လွှဲစရာ မရှိချေ။ လုချင်း ခေါ်ယူလိုက်သော လက်ဖဝါးကြီးမှာ နားလည်နိုင်စွမ်းထက် ကျော်လွန်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလှပေ၏။

ယင်းထံမှ ဖြာထွက်နေသော အသက်ရှူကြပ်ဖွယ် ဖိအားကို ခံစားရဖို့ မပြောနှင့်၊ ယင်းကို စိုက်ကြည့်ရုံမျှဖြင့်ပင် ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေရန် လုံလောက်ပေသည်။

"သေစမ်း"

လုချင်းသည် ဓာတ်ကြီးငါးပါး ဝိညာဉ်စွမ်းအားကို သောင်းချီသောနည်းစနစ် လက်ဖဝါးသိုင်းအတွင်းသို့ ထည့်သွင်းလိုက်ပြီး ယင်း၏ ဖွဲ့စည်းမှုကို အပြီးသတ်ရန် ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများကို အသုံးချလိုက်၏။ ယင်းနောက်၌ မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ ကြီးမားလှသော လက်ဖဝါးကြီးကို အောက်ဘက်သို့ ဖိချလိုက်တော့သည်။

လက်ဖဝါးကြီး ရွေ့လျားသွားသည်နှင့် နားကွဲမတတ် ပေါက်ကွဲသံကြီးတစ်ခုပါ တစ်ဆက်တည်း ထွက်ပေါ်လာခဲ့ကာ ယင်း၏ အင်အားသည် ကမ္ဘာမြေကို တုန်လှုပ်စေသည့်အပြင် ကောင်းကင်ကိုပင် ပြိုကွဲစေမတတ် ဖြစ်နေလေ၏။

မိုင်ပေါင်းများစွာပမာဏအထိ ကြီးမားလှသည့် လက်ဖဝါးကြီးသည် လွှမ်းမိုးနိုင်လွန်းသော ခွန်အားဖြင့် အောက်သို့ ကျဆင်းလာခဲ့သည်။ ယင်း၏ အစွမ်းအာဏာမှာ ဖော်ပြ၍မရနိုင်လောက်အောင်အထိ ကြီးမားလှပြီး လေထဲတွင် အစွမ်းထက်သော လေဆင်နှာမောင်းများကိုတောင် ဖြစ်ပေါ်စေခဲ့ပါ၏။

ယင်း၏ အစွန်အဖျားများတွင် စွမ်းအင်အလွှာများ ပေါက်ကွဲထွက်လာမှုကြောင့် ဖြူလွှလွှ မြူခိုးများပင် ပေါ်ထွက်လာခဲ့လေသည်။

"မကောင်းတော့ဘူး"

သေဆုံးခြင်း၏ ဖိနှိပ်ထားသော အငွေ့အသက်က အကြီးအကဲ ကျင်းချုံးအား သတိဝင်သွားစေခဲ့သည်။

သူက ဟိန်းဟောက်လိုက်၏။ "အားလုံးပဲ၊ ခင်ဗျားတို့ရဲ့ အစွမ်းကုန် ခွန်အားကို ထုတ်သုံးကြ တကယ်လို့ ဒီတိုက်ခိုက်မှုကို ကျုပ်တို့ မတားဆီးနိုင်ရင် ကျုပ်တို့အားလုံး သေရလိမ့်မယ်"

အခြားဘုန်းကြီးများသည်လည်း အန္တရာယ်ကို သတိပြုမိသွားကြပြီး သူတို့၏ ဝင်္ကပါအပေါ်သို့ အသက်သွေးများကို ချက်ချင်း အန်ထုတ်လိုက်ကြလေသည်။ ပြီးနောက်၌ သူတို့သည် အသက်ကိုပင် ပဓာနမထားဘဲ သူတို့၏ ဝိညာဉ်စွမ်းအားကို ကန့်သတ်ချက်များအထိ တွန်းပို့လိုက်ကြတော့၏။

သူတို့၏ အပြင်းအထန် အားထုတ်မှုမှာ ကြောက်မက်ဖွယ်ကောင်းသော ဆိုးကျိုးများနှင့်အတူ လာလေသည်။ မျက်နှာများ ဖြူရော်သွားကြသည့်အပြင် အချို့သော ဘုန်းကြီးများမှာ မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ် စသည့် အပေါက် ခုနစ်ပေါက်မှ သွေးများ စတင်ယိုစီးလာကာ သူတို့၏ ရုပ်သွင်များမှာလည်း ကြောက်မက်ဖွယ်ကောင်းလာတော့၏။

သို့သော် မည်သူတစ်ဦးတစ်ယောက်ကမျှ အလျှော့ပေးရန် မဝံ့ရဲကြချေ။

လုချင်း၏ လွှမ်းမိုးနိုင်လွန်းသော တိုက်ခိုက်မှု၏ ကြီးမားလှသော ကြောက်မက်ဖွယ်ကောင်းမှုက သူတို့အား အသက်ရှင်ရန် တိုက်ပွဲဝင်ခြင်းမှလွဲ၍ အခြားရွေးချယ်စရာ မပေးခဲ့ချေ။ ယခု ကျရှုံးခြင်းက တိုက်ပွဲဝင်ရန် အခွင့်အရေးပင် ရတော့မည်မဟုတ်ကြောင်း ဆိုလိုပေသည်။

သူတို့၏ အားထုတ်မှုများဖြင့် ကောင်းကင်ယံရှိ ရွှေနဂါးကြီးမှာ ပြန်လည်ရှင်သန်လာပုံရပြီး ပိုပို၍ပင်တောက်ပလာကာ ပို၍ ကြီးမားသော အစွမ်းအာဏာကို ထုတ်လွှတ်လာခဲ့လေ၏။ ၎င်းသည် ပြင်းထန်စွာ ဟိန်းဟောက်လိုက်ပြီး အောက်သို့ ကျဆင်းလာနေသော သောင်းချီသောနည်းစနစ် လက်ဖဝါးသိုင်းဆီသို့ တစ်ဟုန်ထိုး တက်သွားတော့သည်။

"ကျုပ်တို့ အဲဒါကို တားထားရမယ်"

ဤအခိုက်၌ ဘုန်းကြီးများသည် သူတို့၏ စိတ်ဆန္ဒအားလုံးကို ရွှေနဂါးကြီးအပေါ်တွင်သာ အာရုံစိုက်ထားကြလေသည်။

ဝိညာဉ်စွမ်းအားကို ကန့်သတ်ချက်အထိ ဆွဲဆန့်ထားရသော ဘုန်းကြီးတစ်ပါးသည် ဖိအားအောက်တွင် သူ၏ ကျင့်ကြံခြင်းနယ်ပယ် ချောင်ကျလာသည်ကိုပင် ခံစားလိုက်ရ၏။ လုချင်း၏ တိုက်ခိုက်မှုမှ သက်ရောက်လာသော ကြီးမားလှသည့် ဖိအားက သူ့အား အလားအလာသစ်များကို ဖွင့်ဟရန် တွန်းအားပေးခဲ့ကြောင်း သူ သဘောပေါက်လိုက်ပါ၏။

ဤတိုက်ပွဲအပြီးတွင် သူသည် သူ၏ ကောင်းကင်အတိဒုက္ခကို သေချာပေါက် ကျော်ဖြတ်နိုင်မည်ဖြစ်ပြီး ရွှေအမြုတေအဆင့်သို့ ရောက်ရှိနိုင်တော့မည်ပင်။

ဖော်ပြရန် အချိန်ယူရသော်လည်း လုချင်းတစ်ယောက် ဓာတ်ကြီးငါးပါး သောင်းချီသောနည်းစနစ် လက်ဖဝါးသိုင်းကို ထုတ်သုံးလိုက်ချိန်မှသည် ဘုန်းကြီးများ သူတို့၏ စွမ်းအားများကို ကန့်သတ်ချက်အထိ တွန်းပို့လိုက်သည့်အချိန်အထိ ဤအရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

ဘုန်းကြီးများ၏ သက်စောင့်စွမ်းအင်ဖြင့် အားဖြည့်ထားသော ရွှေနဂါးကြီးသည် နောက်ဆုံးတွင်တော့ သူတို့၏ အပြင်းအထန် မျှော်လင့်ချက်များကြားမှ ကြီးမားလှသော လက်ဖဝါးကြီးနှင့် ရင်ဆိုင်မိသွားလေ၏။

သို့သော်...

တိုးညင်းသောအသံတစ်ခု ထွက်ပေါ်လာခဲ့ပါ၏။

သောင်းချီသောနည်းစနစ် လက်ဖဝါးသိုင်း အနည်းငယ် တုန်ခါသွားသည့်အခိုက်အတန့်လေးမှာပင် ရွှေနဂါးကြီး၏ တောက်ပမှုမှာ ချက်ချင်း ငြိမ်းအေးသွားရသည့်အပြင် ယင်းရွှေနဂါးကြီးကလည်း မရေမတွက်နိုင်သော အပိုင်းအစများအဖြစ်သို့ ကြေမွသွားလေတော့သည်။

ရွှေနဂါးကြီး ဖျက်ဆီးခံလိုက်ရရုံသာမက ဘုန်းကြီးများ၏ ဗုဒ္ဓဝိညာဉ်လက်နက်များမှာလည်း ပြင်းထန်စွာ ပျက်စီးသွားခဲ့ရပါ၏။ ၎င်းတို့၏ အလင်းတန်းများကလည်း မှေးမှိန်ကာ ပြန့်ကျဲသွားကြလေသည်။

ထိုစဉ် လက်ဖဝါးကြီးမှာတော့...

အနည်းငယ်မျှပင် ထိခိုက်မှု မရှိခဲ့ချေ။

၎င်းသည် အရှိန်ပင် မလျော့သွားခဲ့ချေ။

ထိုမြင်ကွင်းမှာ အင်းဆက်လေးတစ်ကောင်က မြင့်မားလှသော ဘီလူးကြီးတစ်ကောင်ကို အချည်းနှီး စိန်ခေါ်နေသကဲ့သို့ဖြစ်ပြီး လက်ဖဝါးတစ်ချက်တည်းဖြင့် လွယ်ကူစွာ ကြိတ်ချေခံလိုက်ရခြင်းပင် ဖြစ်သည်။

"ပုစဉ်းရင်ကွဲက မြင်းရထားကို တားတာနဲ့တောင် တူနေပါရော...အင်းးးး ပုရွက်ဆိတ်က သစ်ပင်ကြီးကို လှုပ်ခါချင်နေတာကို"

ဘုန်း

ရွှေနဂါးကြီး ကြေမွသွားပြီး ဗုဒ္ဓဝိညာဉ်လက်နက်များ ပြိုကျသွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့နှင့် ဝိညာဉ်ရေးရာ အာရုံခံစားမှုဖြင့် ချိတ်ဆက်ထားသော ဘုန်းကြီးများမှာ သွေးများ အန်ထုတ်ကာ မြေကြီးပေါ်သို့ လဲကျသွားကြတော့၏။

ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့နှယ် ဆက်လက်ကျဆင်းလာနေသော ကြီးမားသည့် လက်ဖဝါးကြီးကို ကြည့်ရင်း သူတို့၏ မျက်နှာများမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေလေသည်။

ဝုန်း

လက်ဖဝါးကြီးသည် ရွှမ်ခုန်းဘုရားကျောင်းမှ ဘုန်းကြီးများ ရပ်နေသည့်နေရာကို ရိုက်ခတ်သွားပြီး ကမ္ဘာမြေကိုတောင် တုန်လှုပ်စေခဲ့ကာ သူတို့၏အောက်ဘက်ရှိ တောင်ကုန်းကိုတောင် မြေပြင်နှင့် တစ်ပြေးညီ ဖြစ်သွားစေခဲ့သည်။

အဆုံးအစမရှိသော စွမ်းအားလှိုင်းများက ပျံ့နှံ့သွားပြီး ဆယ်မိုင်ပတ်လည်အတွင်းရှိ မြေပြင်ကို လှိုင်းထသွားစေခဲ့ပါ၏။

ကျောက်တုံးများနှင့် သစ်ပင်များမှာတော့ အမြစ်မှပင် ကျွတ်ထွက်ကုန်ကာ ကောင်းကင်သို့ လွင့်စင်သွားပြီးနောက်၌ ပုံစံပျက်စွာဖြင့် အောက်သို့ ပြန်၍ကျဆင်းလာကြလေ၏။

ကမ္ဘာပျက်မတတ် မြင်ကွင်းမှာ ကမ္ဘာပျက်မည့်နေ့ ကျရောက်လာသကဲ့သို့ပင်။

အချိန်အတန်ကြာပြီးနောက် ရှုပ်ထွေးမှုများ ငြိမ်သက်သွားသောအခါ၌ လုချင်းသည် သူ၏ လက်ကို ရုတ်သိမ်းလိုက်တော့၏။

ထိုစဉ် အောက်ဘက်ရှိ ရှုခင်းမှာတော့ ပျက်စီးယိုယွင်းမှုများကို ဖော်ပြနေပါ၏။ တောင်ကုန်းများမှာ မြေပြင်နှင့် တစ်ပြေးညီ ဖြစ်သွားသည့်အပြင် ကြီးမားလှသော လက်ဖဝါးပုံစံ တွင်းကြီးတစ်ခုတောင် ကျန်ရစ်ခဲ့လေသည်။ ယင်းပုံစံတွင် လက်ချောင်းငါးချောင်းမှာ အတော်လေးကို ထင်ရှားပြီး ရှင်းလင်းနေပါ၏။

ရွှမ်ခုန်းဘုရားကျောင်းမှ ဘုန်းကြီးများမှာတော့ သူတို့၏ သက်စောင့်စွမ်းအင်များက ကြာမြင့်စွာကတည်းက လွင့်စင်သွားခဲ့ပြီဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်ဆိုလျှင် အရိပ်အယောင်မျှပင် မကျန်တော့ချေ။

လုချင်းသည် သူ ဖန်တီးခဲ့သော ကြီးမားလှသည့် ပျက်စီးမှုကို အကဲခတ်ကြည့်လိုက်ပြီး ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

လွန်ခဲ့သော တစ်လအတွင်း သူ၏ ပြီးပြည့်စုံသော ရွှေအမြုတေ ကျင့်စဉ်ကို သန့်စင်ခြင်းအပြင် သူသည် ယွမ်ဟောက်ကမ္ဘာလောကမှ ညီအစ်ကိုထံမှ ရရှိခဲ့သော တာအိုသိုင်းပညာများကိုလည်း လေ့လာခဲ့ပါ၏။ ၎င်းတို့အနက် အဖြူရောင်ဝတ်စုံနှင့် လူငယ်၏ သောင်းချီသောနည်းစနစ် လက်ဖဝါးသိုင်းမှာ သူ့ကို စိတ်ဝင်စားစေခဲ့သည့်အတွက် သူသည်လည်း ထိုသည်ကို နက်ရှိုင်းစွာ လေ့လာခဲ့လေသည်။

သူ၏ အားထုတ်မှုများမှတစ်ဆင့် လက်ဖဝါးသိုင်းကို သူ၏ ကိုယ်ပိုင် ဝိညာဉ်စွမ်းအား ဂုဏ်သတ္တိများနှင့် အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ကာ ဓာတ်ကြီးငါးပါး သောင်းချီသောနည်းစနစ် လက်ဖဝါးသိုင်းကို ဖန်တီးနိုင်ခဲ့သည်။

၎င်းသည် ဓာတ်ကြီးငါးပါး၏ စွမ်းအားကို ကိုယ်စားပြုသောကြောင့် ယင်း၏ စွမ်းအားမှာ မူလနည်းစနစ်ထက်တောင် များစွာ သာလွန်နေပေ၏။

ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် လုချင်းတစ်ယောက် ၎င်းကို အစွမ်းကုန် ထုတ်လွှတ်လိုက်ခြင်းဖြစ်ပြီး ရလဒ်များမှာတော့ သူ မျှော်လင့်ထားသည်ထက်တောင် သာလွန်နေခဲ့သည်ပင်။

ဓာတ်ကြီးငါးပါး သောင်းချီသောနည်းစနစ် လက်ဖဝါးသိုင်းမှာ သူ၏ ဓားသိုင်းများကဲ့သို့ပင် အစွမ်းထက်ကြောင်း သက်သေပြခဲ့ပြီး ယခုအခါ သူ၏ လျှို့ဝှက်လက်နက်များထဲမှ တစ်ခုအဖြစ် အသုံးပြုနိုင်ပြီ ဖြစ်သည်။

အကယ်၍ သူသာ မီးခိုးရောင်ဝတ်စုံနှင့် လူငယ်နှင့် တိုက်ပွဲအတွင်း ယင်းကို အသုံးပြုခဲ့လျှင် ပြိုင်ဘက်မှာ ရုန်းကန်ရန် သို့မဟုတ် လွတ်မြောက်ရန် အခွင့်အရေး မရှိဘဲ လှုပ်ရှားမှု တစ်ချက်တည်းဖြင့်ပင် ကိစ္စပြတ်သွားမည်သာ။

ကြီးမားလှသော လက်ဖဝါးရာကြီးကို ကြည့်ရင်း လုချင်းသည် သူ၏ လက်ကို ဆန့်တန်းလိုက်ကာ အရပ်မျက်နှာအနှံ့မှ မှေးမှိန်နေသော ရွှေရောင်အလင်းတန်းများကို ဆွဲယူလိုက်၏။

၎င်းတို့မှာ ဘုန်းကြီးများ၏ ကြေမွသွားသော ဗုဒ္ဓ ဝိညာဉ်လက်နက်များ၏ အကြွင်းအကျန်များ ဖြစ်ကြသည်။

လုချင်းအတွက် ၎င်းတို့က အသုံးမဝင်သော်လည်း ရတနာများ ဖန်တီးရန်အတွက် သုံးလိုလျှင်တော့ တန်ဖိုးရှိလှပေသည်။

၎င်းတို့ကို သူ၏ ကောင်းကင်နှင့် မြေကြီး ချီအိတ်ထဲသို့ သိမ်းဆည်းလိုက်ပြီးနောက်၌ လုချင်းသည် အောက်ဘက်ရှိ ပျက်စီးယိုယွင်းမှုများကို အဓိပ္ပာယ်ပါပါ အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်၏။ ပြီးနောက်မှ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ယံတွင် ပျောက်ကွယ်သွားလေတော့သည်။

သူ ထွက်ခွာသွားပြီး အချိန်အတော်ကြာသည်အထိ ကြီးမားလှသော လက်ဖဝါးရာကြီးမှာ တိတ်ဆိတ်စွာဖြင့်ပဲ ကျန်ရစ်နေခဲ့လေသည်။

ထိုအချိန်တွင်ပဲ ၎င်း၏ အလယ်ဗဟိုတွင် ပုံရိပ်တစ်ခုက ရုတ်တရက်ကြီး မြေကြီးထဲမှ ရုန်းကန်ထွက်လာခဲ့လေ၏။

သူကား အခြားသူမဟုတ်ဘဲ အကြီးအကဲ ကျင်းချုံးပင်။

All Chapters