← Chapters

အခန်း (၄၂၅-၄၂၆)

Vol. 43 Ch. 425-426

အခန်း (၄၂၅-၄၂၆)

Vol. 43 Ch. 425-426

အခန်း ၄၂၅ - ညှိနှိုင်းမလို့လား။ သူ့ကို မီးရှို့သတ်လိုက်တာက ပိုကောင်းပါတယ်လေ။

"ဝိညာဉ်ကျိန်စာတွေဘာတွေ မလိုပါဘူး" လုချင်းက အပြုံးဖြင့် ပြောလိုက်၏။

မီးခိုးရောင်ဝတ်စုံနှင့် လူငယ်၏ စကားများသည် အကောင်းဆုံးအနေအထားတွင် တစ်ဝက်တစ်ပျက် အမှန်တရားသာ ဖြစ်ကြောင်း သူ ရှင်းလင်းစွာ သိနေပေသည်။

သို့သော် လုချင်းသည် ဂရုမစိုက်ခဲ့ချေ။ ထိုလူသည် ဤကမ္ဘာလောက၏ ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထလာမည့်အကြောင်း ကြိုတင်သိရှိထားပြီး ကျူးကျော်ဝင်ရောက်ရန် ရောက်လာခြင်း မဟုတ်ကြောင်း အတည်ပြုနိုင်သရွေ့ လုံလောက်ပါ၏။

ပေါ့ပေါ့ပါးပါး လက်တစ်ချောင်းတောက်လိုက်ရာ စွမ်းအင်လှိုင်းတစ်ခုက မီးခိုးရောင်ဝတ်စုံနှင့် လူငယ်၏ မျက်ခုံးကြားနေရာသို့ ပစ်ဝင်သွားတော့သည်။

"မင်းစကားတွေကို ငါကိုယ်တိုင် စစ်ဆေးကြည့်မယ်" လုချင်းက ပြောလိုက်၏။

"နေပါဦး...."

ရင်းနှီးပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ကို ခံစားလိုက်ရသောအခါတွင်တော့ မီးခိုးရောင်ဝတ်စုံနှင့် လူငယ်၏ နှလုံးသားမှာ ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်သွားပြီး အလျင်စလိုပင် အော်ဟစ်လိုက်တော့၏။

သို့သော် သူ စကားမဆုံးမီမှာပင် ထင်ယောင်ထင်မှားဖြစ်မှုများက သူ၏ မျက်လုံးများရှေ့တွင် ပေါ်လာခဲ့လေသည်။ နောက်တစ်ခဏတွင်တော့ သူသည် အဆုံးအစမဲ့သော ထင်ယောင်ထင်မှားဖြစ်မှုထဲသို့ တစ်ဖန် ပြန်၍နစ်မြုပ်သွားလေတော့၏။

အသက်ဆယ်ရှိုက်စာခန့်အကြာတွင် လုချင်းသည် သူ၏ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကို ရုတ်သိမ်းလိုက်လေသည်။ မီးခိုးရောင်ဝတ်စုံနှင့် လူငယ်သည် ဖြည်းညင်းစွာ နိုးလာပြီး သူ၏ မျက်လုံးများမှာတော့ မောပန်းနေလေသည်။

ဤတစ်ကြိမ်တွင်တော့ သူ လုချင်းကို ကြည့်လိုက်သောအခါ သူ၏ အကြည့်များတွင် ကြောက်ရွံ့မှုများနှင့်ပဲ ပြည့်နှက်နေရှာသည်။

"မင်းက လုံးဝ ရိုးသားတာ မဟုတ်ဘူးပဲ" လုချင်းက တည်ငြိမ်စွာ မှတ်ချက်ချလိုက်၏။ "ဒီလိုဆိုမှတော့ ငြိမ်းချမ်းရေးကြာပန်းဆိုတာ တကယ်တော့ ဘာလဲ"

မီးခိုးရောင်ဝတ်စုံနှင့် လူငယ်မှာ ထိတ်လန့်သွားလေပြီပင်။

သူ၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်ကြီးက ဖော်ထုတ်ခံလိုက်ရပြီဖြစ်သဖြင့် သူ၏ တည်ငြိမ်မှုများကလည်း လုံးလုံးကိုပျက်စီးသွားခဲ့လေသည်။

အတွေးတစ်ချက်ဖြင့် သူသည် သူ၏ သိုလှောင်ရေး ဝိညာဉ်လက်နက်နှင့် ချိတ်ဆက်ကာ ယင်းကို ဖျက်ဆီးပစ်ရန် ကြိုးစားလိုက်လေ၏။

သို့ပေသိ သူ၏ သိုလှောင်ရေးအိတ် ပျောက်ဆုံးနေကြောင်း သိလိုက်ရသောအခါတွင်တော့ သူ အံ့အားသင့်သွားခဲ့ရသည်။

ရုတ်တရက် မော့ကြည့်လိုက်ရာ ရှုပ်ထွေးသော ပုံစံများ ပါဝင်သည့် အိတ်ငယ်လေးတစ်ခုကို ကိုင်ထားသော လုချင်းကို သူ မြင်လိုက်ရလေသည်။

" မင်း ရှာနေတာ ဒါလား" လုချင်းက မဲ့ပြုံးဖြင့် ပြုံးလိုက်၏။

ထိုအခါ၌ မီးခိုးရောင်ဝတ်စုံနှင့် လူငယ်မှာ သူ၏ သိုလှောင်ရေးအိတ်ကို ချက်ချင်းပင် မှတ်မိသွားကာ မျှော်လင့်ချက်မဲ့မှုများကသာလျှင် သူ့အား အလုံးစုံ လွှမ်းမိုးသွားတော့၏။

သူ၏ နောက်ဆုံး ညှိနှိုင်းနိုင်ဖို့အခွင့်အရေးပင် ပျောက်ဆုံးသွားပြီဖြစ်ကြောင်း သူ နားလည်လိုက်သည်။ ဝိညာဉ်စွမ်းအားများ ပိတ်ဆို့ခံထားရပြီး နေရာလွတ်အကျဉ်းထောင်ထဲတွင် ပိတ်မိနေသဖြင့် သိုလှောင်ရေးအိတ်ကို သူ မဖျက်ဆီးနိုင်တော့ချေ။

"ချန်ပေ့... ခင်ဗျားရဲ့ သတိထားနိုင်စွမ်းက တကယ့်ကို အထင်ကြီးစရာပါပဲဗျာ။ ဒီဝမ်ပေ့မှာ လုံးဝကို အံ့အားသင့်သွားရပါပြီ" မီးခိုးရောင်ဝတ်စုံနှင့် လူငယ်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။

"ဒါက သတိထားရုံသက်သက်ပါ၊ အထင်ကြီးစရာ ဘာမှမရှိပါဘူး" လုချင်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်လေသည်။

သိုလှောင်ရေးအိတ်မှာ ထိုလူ၏ ခါးတွင် ထင်ရှားစွာ ချိတ်ဆွဲထားခြင်း ဖြစ်သည်။ လုချင်းက ဘယ်လိုလုပ် မမြင်ဘဲ နေမည်နည်း။

သို့သော် အိတ်မှာ ကန့်သတ်ချက်တစ်ခုဖြင့် ကာကွယ်ထားသဖြင့် လောလောဆယ်တွင် ယင်းကို ဖွင့်ရန် မဖြစ်နိုင်သေးချေ။

"ချန်ပေ့... ခင်ဗျားက ငြိမ်းချမ်းရေးကြာပန်းအကြောင်း သိချင်တာလား။ ကျွန်တော် အပေးအယူတစ်ခု လုပ်ချင်ပါတယ်။ တကယ်လို့ ကျွန်တော့်ကို ချမ်းသာပေးမယ်လို့ ကျိန်ဆိုမယ်ဆိုရင် ငြိမ်းချမ်းရေးကြာပန်းကိုလည်း ပေးမဲ့အပြင် အဲဒါကို ဘယ်လိုသုံးရမလဲဆိုတာကိုပါ သင်ပေးပါ့မယ်။ ဘယ်လိုသဘောရလဲဗျ" မီးခိုးရောင်ဝတ်စုံနှင့် လူငယ်က သတိထား၍ မေးလိုက်သည်။

"ငါနဲ့ ညှိနှိုင်းမလို့လား" လုချင်းက သူ့ကို အေးစက်စက် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။ "အစောပိုင်းက မင်းရဲ့ တုံ့ပြန်မှုအရ ငြိမ်းချမ်းရေးကြာပန်းက ဒီသိုလှောင်ရေးအိတ်ထဲမှာ ရှိနေရမယ်။ အဲဒီလိုဆိုမှတော့ ငါ့ဆီမှာ ရှိနေပြီးသားအရာတစ်ခုအတွက် မင်းနဲ့ ဘာလို့ စေ့စပ်ညှိနှိုင်းရမှာလဲ"

"ငြိမ်းချမ်းရေးကြာပန်းက သိုလှောင်ရေးအိတ်ထဲမှာ တကယ်ရှိပါတယ်" မီးခိုးရောင်ဝတ်စုံနှင့် လူငယ်က ဝန်ခံလိုက်၏။ "ဒါပေမဲ့ အဲဒါက ကန့်သတ်ချက်တစ်ခုပါတဲ့ ရတနာသေတ္တာတစ်ခုထဲမှာ ပိတ်လှောင်ထားတာပါ။ တကယ်လို့ ကျွန်တော် သေသွားရင် သေတ္တာထဲက ဝိညာဉ်အမှတ်အသားကလည်း ပျောက်ကွယ်သွားပြီး သေတ္တာကလည်း သူ့ကိုယ်သူ ဖျက်ဆီးပစ်ပါလိမ့်မယ်။ အဲဒီအခါကျ ကြာပန်းလည်း ပါသွားမှာပဲ"

"ချန်ပေ့က အဲဒါတန်ဖိုးကို နားမလည်လို့ ဖြစ်ရမယ်။ ငြိမ်းချမ်းရေးကြာပန်းဆိုတာက နားလည်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်တယ်၊ ကျင့်ကြံခြင်းကို တိုးတက်စေတယ်၊ ပြီးတော့ ရွှေအမြုတေတွေကို သန့်စင်ပေးနိုင်တဲ့ အမြင့်ဆုံး ဝိညာဉ်ဆေးဝါး တစ်ခုပါ။ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတွေတောင် အဲဒီအတွက် ရူးသွပ်သွားနိုင်တယ်လေ။ ဒီလိုရတနာမျိုး ဖျက်ဆီးခံလိုက်ရတာကို ချန်ပေ့ မဖြစ်စေချင်လောက်ဘူးဆိုတာသေချာပါတယ်"

မီးခိုးရောင်ဝတ်စုံနှင့် လူငယ်သည် လုချင်းကို စူးစိုက်ကြည့်ရင်း စကားလုံးတစ်လုံးချင်းစီကို တမင်သက်သက် ပြောလိုက်၏။

"မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား" လုချင်း၏ အကြည့်များမှာ ရေခဲတမျှ အေးစက်သွားတော့၏။ "အဲဒီလိုဆိုရင်တော့ မင်း သွားသေလို့ရပြီ"

သူ စကားပြောနေစဉ် နေရာလွတ်အကျဉ်းထောင်အတွင်း အပြာရောင် ဝိညာဉ်မီးတောက်တစ်ခု လောင်ကျွမ်းလာပြီး လျင်မြန်စွာ ကြီးထွားလာလေသည်။

"အား"

လုချင်း၏ လက်ရှိ ခွန်အားနှင့် လီဟော်ဒယ်အိုး၏ စွမ်းအားတို့ဖြင့် ဝိညာဉ်မီးတောက်မှာ လုံးဝကို ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ဒဏ်ရာရထားသော မီးခိုးရောင်ဝတ်စုံနှင့် လူငယ်မှာ လုံးဝ မခုခံနိုင်ချေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ စတင်အရည်ပျော်လာတော့၏။ သူ၏ ကာကွယ်ရေး ငွေရောင်အလင်းတန်းကို အသက်သွင်းလိုက်သော်လည်း ထိုသည်က ရှောင်လွှဲ၍မရသောအရာကို အနည်းငယ်သာ နှောင့်နှေးစေနိုင်လေသည်။

"ချမ်းသာပေးပါ ချန်ပေ့။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ချမ်းသာပေးပါဗျာ"

မီးခိုးရောင်ဝတ်စုံနှင့် လူငယ်၏ မျက်လုံးများတွင် ကြောက်ရွံ့မှုတို့ဖြင့်သာ ပြည့်နှက်နေလေ၏။

ကြာပန်း၏ တန်ဖိုးကို သူ ဖော်ထုတ်ပြောပြခဲ့သော်လည်း လုချင်းသည် သူ့အား သတ်ဖို့အတွက် မည်သည့်တုံ့ဆိုင်းမှုမျှ မပြခဲ့ချေ။

ငြိမ်းချမ်းရေးကြာပန်း ဖျက်ဆီးခံရမည်ကို သူ တကယ်ပဲ ဂရုမစိုက်တာလား။

မခံမရပ်နိုင်သော မီးအပူရှိန်အောက်တွင် သူ၏ ခန္ဓာကိုယ်မှာ ပြိုကွဲသွားရပြီး ကာကွယ်ရေးနည်းစနစ်များ ကျရှုံးသွားသည်ကို ခံစားရရင်း မီးခိုးရောင်ဝတ်စုံနှင့် လူငယ်သည် သူ၏ ဂုဏ်သိက္ခာအားလုံးကို ဘေးဖယ်ထားကာ သနားညှာတာရန် တောင်းပန်လေတော့သည်။

သို့သော် လုချင်းမှာတော့ မျက်နှာအမူအရာ အေးစက်နေပြီး အနည်းငယ်မျှ လှုပ်ရှားခြင်း မရှိခဲ့ချေ။

သူသည် လက်သင်္ကေတတစ်ခုကို ပြုလုပ်လိုက်ရာ မီး၏စွမ်းအားကလည်း နှစ်ဆတိုးလာတော့၏။

တစ်ချိန်က အပြာရောင်ဖြစ်ခဲ့သော မီးတောက်များမှာ ၎င်းတို့၏ ပြင်းအား တိုးလာသည်နှင့်အမျှ ထိုးဖောက်မြင်နေရပြီပင်။

မီးခိုးရောင်ဝတ်စုံနှင့် လူငယ်၏ ခန္ဓာကိုယ်မှာတော့ ပိုပို၍မြန်ဆန်စွာ အရည်ပျော်လာလေသည်။ မီးတောက်သည် သူ၏ ခန္ဓာကိုယ်ကို သန့်စင်ရုံသာမက သူ၏ ဝိညာဉ်ကိုပါ လောင်ကျွမ်းစေခဲ့ပါ၏။ နာကျင်မှုမှာ အလွန်အမင်း ပြင်းထန်လွန်းလျသဖြင့် သူ့ခင်မျာမှာ ဆက်လက်၍ပင် မတောင်းပန်နိုင်တော့ချေ။

နာကျင်မှုနှင့် ကြောက်ရွံ့မှုတို့ကြားတွင် ပိတ်မိနေရင်း သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့ ပြာကျသွားသည်ကို အကူအညီမဲ့စွာဖြင့် စောင့်ကြည့်နေရုံသာ တတ်နိုင်လေတော့သည်။

ကြီးမားလှသော နေရာလွတ် ဖိနှိပ်မှုအောက်တွင် သူသည် သူ၏ ရွှေအမြုတေကိုပင် ကိုယ်တိုင်ဖျက်ဆီးပစ်ရန် မဖြစ်နိုင်ခဲ့ချေ။

အသက်ဆယ်ရှိုက်စာခန့်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ ဆက်လက်၍ ကျုံ့ဝင်သွားသော သွေးနှင့် အသားပုံငယ်လေးတစ်ခုအဖြစ် အရည်ပျော်သွားတော့၏။

နောက်ဆုံးတွင်တော့ မီးခိုးရောင်ဝတ်စုံနှင့် လူငယ်သည် လွတ်မြောက်ရန် မဖြစ်နိုင်ကြောင်း နားလည်သွားခဲ့လေသည်။

လုံးဝ မျှော်လင့်ချက်မဲ့နေမှုများကြားတွင် သူသည် သူ၏ ဝိညာဉ်ကို စုတ်ဖြဲပစ်မတတ် နောက်ဆုံး အော်ဟစ်သံတစ်ခုကို ထုတ်လွှတ်လိုက်တော့၏။

"မိစ္ဆာကောင်၊ မင်းလည်းပဲ ကြောက်စရာကောင်းတဲ့ သေဆုံးမှုမျိုးနဲ့ သေရလိမ့်မယ်။ ငါ့ဂိုဏ်းက ငါ့အတွက် လက်စားချေပေးလိမ့်မယ်ကွ"

ထို့နောက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

လုချင်း မီးတောက်များကို ငြိမ်းသတ်လိုက်သောအခါ နေရာလွတ်အကျဉ်းထောင်ထဲတွင် မှေးမှိန်နေသော အလင်းတန်းအချို့၊ မှေးမှိန်နေသော ရတနာအချို့နှင့်တကွ ကလေးလက်သီးဆုပ်အရွယ်အစားရှိ ရွှေရောင် ပုလဲလုံးငယ်လေးတစ်လုံးသာ ကျန်ရစ်ခဲ့လေသည်။

မီးခိုးရောင်ဝတ်စုံနှင့် လူငယ်၏ ခန္ဓာကိုယ်မှာတော့ လုံးဝကို ပြာကျသွားခဲ့လေပြီပင်။

"သခင်လေးက... သူ့ကို ချမ်းသာပေးမယ်လို့ ကျုပ် ထင်နေခဲ့တာ" ယန်က အံ့အားသင့်စွာဖြင့် ပြောလိုက်၏။

မီးခိုးရောင်ဝတ်စုံနှင့် လူငယ်၏ ကမ်းလှမ်းမှုကြောင့် သူကိုယ်တိုင်ပင် သွေးဆောင်ခံခဲ့ရသည်။ အကယ်၍ ငြိမ်းချမ်းရေးကြာပန်းသည် ဖော်ပြထားသလောက် အဖိုးတန်မည်ဆိုပါက အသက်တစ်ချောင်းကို ချမ်းသာပေးရန် တန်ပုံရပေ၏။

သို့သော် လုချင်းသည် သူ့ကို ပြတ်သားစွာ မီးရှို့သတ်ပစ်ခဲ့သည်။

"ဒီလူရဲ့ အကြံအစည်တွေက အရမ်းကို များလွန်းတယ်။ တကယ်လို့ သူ့ကို အသက်ရှင်လျက် ထားခဲ့ရင် ရှေ့လျှောက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မယ်။ ဝိညာဉ်ဆေးဝါး တစ်ခုလောက်က‌ အဲ့လောက်ထိ စွန့်စားရလောက်အောင် မတန်ဘူးလေ" လုချင်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

မီးခိုးရောင်ဝတ်စုံနှင့် လူငယ်တွင် သူ့ကို ကျောထောက်နောက်ခံပေးထားသော အစွမ်းထက်သည့် ဂိုဏ်းတစ်ခု သေချာပေါက် ရှိနေမည်ပင်။ သူ့ကို ပြန်လွှတ်ပေးလိုက်ခြင်းက ပူးပေါင်းကြံစည်မှုများနှင့် လက်စားချေမှုများကို မလွဲမသွေ ဖြစ်ပေါ်လာစေမည်သာ။

လုချင်းသည် ယုံကြည်မှုရှိသော်လည်း ကျယ်ပြန့်သော ကမ္ဘာလောကကြီးတစ်ခုမှ မသေမျိုးဂိုဏ်းတစ်ခု၏ စွမ်းအားကိုတော့ သူ အထင်သေးမည် မဟုတ်ချေ။

ထို့နောက် လုချင်းသည် သိုလှောင်ရေးအိတ်ဆီသို့ သူ၏ စိတ်ကိုအအာရုံစိုက်လိုက်တော့၏။

အတွင်းရှိ ဝိညာဉ်အမှတ်အသားမှာ ပျောက်ကွယ်သွားပြီဖြစ်ရာ အိတ်မှာ ပိုင်ရှင်မဲ့ဖြစ်သွားလေပြီပင်။ ဤအချက်က မီးခိုးရောင်ဝတ်စုံနှင့် လူငယ် လုံးဝ သေဆုံးသွားပြီဖြစ်ကြောင်းကို အတည်ပြုပေးနေပေသည်။

အတွေးတစ်ချက်ဖြင့် လုချင်းသည် အိတ်၏ ကန့်သတ်ချက်များကို သန့်စင်လိုက်ပြီး သူ၏ ကိုယ်ပိုင် ဝိညာဉ်အမှတ်အသားဖြင့် တံဆိပ်ခတ်နှိပ်လိုက်ကာ သူ့အပိုင်အဖြစ် သိမ်းပိုက်လိုက်လေတော့၏။

ထို့နောက်တွင် သူ၏ ဝိညာဉ်ရေးရာ အာရုံခံစားမှုကို အိတ်အတွင်းသို့ ထိုးသွင်းလိုက်ပြီး ကျောက်စိမ်းသေတ္တာတစ်ခုကို လျင်မြန်စွာ ထုတ်ယူလိုက်၏။

သူ၏ နတ်မျက်စိစွမ်းရည်ဖြင့် စစ်ဆေးပြီးနောက်၌ ယင်းကို ဖွင့်လိုက်သည်။

အတွင်း၌ သိပ်သည်းသော ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်နေသည့် ဖန်သားကဲ့သို့ ကြည်လင်နေသော ဝိညာဉ်ဆေးဝါးတစ်ခု ရှိနေပေသည်။ လုချင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့လေ၏။

"ရွှေအမြုတေ ကျင့်ကြံသူတစ်ယောက်တောင် သူတို့ရဲ့ အသက်ကို ကယ်ဖို့အတွက် ဘာလိမ်ညာမှုမျိုးမဆို ပြောလိမ့်မယ်လို့ ထင်သားပဲ"

...

အခန်း ၄၂၆ - အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများနှင့် မျက်နှာလိုမျက်နှာရ ပြုမူခြင်းများ။

"သခင်လေး... အဲဒါ ဘာလဲ"

လုချင်း၏ လက်ထဲရှိ ရတနာသေတ္တာအတွင်းမှ ဖန်သားကဲ့သို့ ကြည်လင်နေသော ကြာပန်းကို ယန်က လှမ်းကြည့်လိုက်ပြီး မနေနိုင်ဘဲ မေးလိုက်လေသည်။

"ကျွန်တော်သာ မမှားဘူးဆိုရင် ဒါ ငြိမ်းချမ်းရေးကြာပန်း ဖြစ်ရမယ်" လုချင်းက ပြန်ဖြေလိုက်သည်။

"ငြိမ်းချမ်းရေးကြာပန်းလား။ ဒါဆို ဟိုမီးခိုးရောင်ဝတ်စုံနဲ့ လူငယ်က စောစောက ကျုပ်တို့ကို ခြောက်လုံးလှန့်လုံး လုပ်သွားတာပေါ့လေ" ယန်က ချက်ချင်း သဘောပေါက်သွား၏။

"ဒီလိုပါပဲ" လုချင်းက ရတနာသေတ္တာကို ပိတ်လိုက်ရင်း ပြောလိုက်၏။

ယန်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ထပ်ပြောလိုက်လေသည်။ "သခင်လေးရဲ့ အမြင်အာရုံ စူးရှလို့သာ တော်သေးတာပေါ့။ သူ့ရဲ့ အကြံအစည်ကို ချက်ချင်း ဖောက်ထွင်းသိမြင်ခဲ့လို့သာ၊ မဟုတ်လို့ကတော့ ကျုပ်တို့တွေ သူ့ရဲ့လှည့်ကွက်ထဲ ကျသွားနိုင်တယ်လေ"

"သူ လိမ်နေတာလား မလိမ်ဘူးလားဆိုတာကို ကျွန်တော်လည်း လုံးဝကြီး သေချာနေခဲ့တာတော့မဟုတ်ဘူးဗျ။ ဒီတိုင်း ခြိမ်းခြောက်ခံရတာကို မကြိုက်လို့သာ သတ်လိုက်တာလေ" လုချင်းက ရတနာသေတ္တာကို သူ၏ သိုလှောင်ရေးအိတ်ထဲသို့ ထည့်လိုက်ရင်း ပြောလိုက်ပြီး အိတ်အတွင်းရှိ ပစ္စည်းများကို စတင်ရှာဖွေကြည့်လိုက်သည်။

မီးခိုးရောင်ဝတ်စုံနှင့် လူငယ် ချန်ရစ်ခဲ့သော သိုလှောင်ရေးအိတ်မှာ ထူးကဲကြောင်း ရှင်းလင်းလှပေ၏။ ယင်း၏ ပမာဏမှာ သူ့ညီလေး ပိုင်ဆိုင်ခဲ့သော နေရာလွတ် ကျောက်စိမ်းလက်စွပ်ထက် မသေးငယ်ချေ။

ထို့အပြင် အတွင်းရှိ ရတနာများမှာ အဖြူရောင်ဝတ်စုံနှင့် လူငယ် ပိုင်ဆိုင်ထားသည်ထက် များစွာ ပို၍များပြားလှပေသည်။

ဝိညာဉ်ကျောက်တုံး အရေအတွက်သက်သက်ကပင် ကျောက်စိမ်းလက်စွပ်ထဲတွင် ရှိသည်ထက် အဆပေါင်းများစွာ ပိုများနေပါ၏။

ထို့အပြင် ရှားပါး ဝိညာဉ်ဆေးပင်များနှင့် ဆေးလုံးများစွာလည်း ရှိနေသေးသည်။

လုချင်း ပစ္စည်းများကို စစ်ဆေးနေစဉ် အတွေးတစ်ခု ရုတ်တရက် ပေါ်လာပြီး ဝိညာဉ်ကျောက်တုံး တစ်တုံးက သူ၏ လက်ထဲတွင် ပေါ်လာခဲ့လေသည်။

ထိုကျောက်တုံးမှာ လုံးလုံးကြီး ဖောက်ထွင်းမြင်နေတာမဟုတ်သော်လည်း မြူခိုးနည်းနည်းလေးကို ထုတ်လွှတ်နေ၏။ လုချင်းသည် သူ၏ ဝိညာဉ်ရေးရာ အာရုံခံစားမှုဖြင့် ယင်းကို စုံစမ်းကြည့်လိုက်သောအခါ အတွင်း၌ ပါဝင်သော ကြီးမားလှသည့် စွမ်းအင်ကြောင့် အံ့အားသင့်သွားခဲ့ရသည်။

"ဒါ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးပဲ။ ဒီထဲက ဝိညာဉ်စွမ်းအင်က အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတစ်ခုထက်တောင် အများကြီး ပိုပြီးသန့်စင်နေတာပဲ" လုချင်းသည် ကျောက်တုံးကို ကိုင်မြှောက်လိုက်ရင်း သူ၏ မျက်နှာပေါ်တွင် ဝမ်းမြောက်မှု အရိပ်အယောင်လေးတစ်ခု လက်ခနဲ ပေါ်လာကာ ပြောလိုက်၏။

မီးခိုးရောင်ဝတ်စုံနှင့် လူငယ်၏ သိုလှောင်ရေးအိတ်ထဲတွင် ဝိညာဉ်ကျောက်တုံးအမြောက်အမြား ပါဝင်ရုံသာမက အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးတုံးလည်း ပါဝင်နေသေးသည်။

လုချင်းသည် ရုတ်တရက် ချမ်းသာသွားသည်ဟု ဆိုနိုင်ပေသည်။ ယခု သူ ပိုင်ဆိုင်ထားသော ဝိညာဉ်ကျောက်တုံး အရေအတွက်မှာ မသေမျိုးခေတ်မှ ရှေးဟောင်း မသေမျိုးဂိုဏ်းတစ်ခု၏ စုဆောင်းမှုနှင့်ပင် ယှဉ်နိုင်ပေသည်။

"ယန်ချန်ပေ့... ကျွန်တော် ခဏလောက် အပြင်ထွက်ဖို့ လိုတယ်ဗျ။ ဒီနေရာကို ယန်ချန်ပေ့ကိုပဲ လွှဲထားခဲ့မယ်နော်" လုချင်းသည် မီးခိုးရောင်ဝတ်စုံနှင့် လူငယ် ချန်ရစ်ခဲ့သော ဝိညာဉ်လက်နက်များနှင့် ဝိညာဉ်စွမ်းအား ရွှေအမြုတေကို သိမ်းဆည်းလိုက်ရင်း ပြောလိုက်၏။

သူ ထွက်ခွာတော့မည့်အချိန်လေးမှာပင် ပုံရိပ်တစ်ခုက သူ့ရှေ့သို့ ပြေးဝင်လာပြီး အမြီးများ နန့်ကာ မျက်နှာလိုမျက်နှာရ အမူအရာဖြင့် သူ့ကို ပတ်ပြေးနေလေသည်။

"ဝူရှင်း... မင်းကော အပြင်ထွက်ချင်လို့လား"

မြွေတစ်ကောင်၏ ပုံမှန် မာနထောင်လွှားမှုမျိုး လုံးဝ မရှိတော့သော အရောင်ငါးသွယ် တောင်ပံပါမြွေဆိုးကို လုချင်းက အကူအညီမဲ့စွာဖြင့် ကြည့်လိုက်သည်။

မြွေဆိုးသည် အစေ့အဆန်များကို ကောက်စားနေသော ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့နှယ် ချက်ချင်းပင် ခေါင်းကို အဆက်မပြတ် ညိတ်ပြလာရှာ၏။

ဝိညာဉ်လက်နက်နယ်မြေထဲတွင် ဘာမှမရှိသဖြင့် ၎င်းမှာ မခံနိုင်လောက်အောင်ထိကို ပျင်းရိနေခဲ့ရှာပြီပင်။

လုချင်း ခေတ္တမျှ စဉ်းစားလိုက်၏။ ယခု ဝူရှင်းမှာ ဝိညာဉ်အမှတ်အသားဖြင့် ချည်နှောင်ခံထားရပြီဖြစ်သဖြင့် သူ့ကို အပြည့်အဝ နာခံနေပြီ ဖြစ်သည်။ အပြင်ဘက်သို့ ခေါ်သွားလျှင်ပင် ပြဿနာရှာမည် မဟုတ်ချေ။

"ကောင်းပြီလေ... မင်း ငါနဲ့ လိုက်ခဲ့လို့ရတယ်။ ဒါပေမဲ့ ပြဿနာ မရှာဘူးလို့တော့ ကတိပေးရမယ်နော်" လုချင်းက ပြောလိုက်သည်။

မြွေဆိုးကလည်း တက်ကြွစွာဖြင့် ထပ်ပြီးခေါင်းညိတ်ပြလာ၏။

"ကောင်းပြီ‌၊ အဲဒါဆို ငါ့နောက်က လိုက်ခဲ့" ပြောရင်းဖြင့် လုချင်း ပြုံးလိုက်လေသည်။

ထို့နောက်တွင်တော့ သူ၏ ဝိညာဉ်ရေးရာ အာရုံခံစားမှုမှာ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားကာ ပျောက်ကွယ်သွားလေတော့၏။

အတွေးတစ်ချက်ဖြင့် သူသည် သိုလှောင်ရေးအိတ်နှင့် မြွေဆိုး နှစ်ခုစလုံးကို လီဟော်ဒယ်အိုးထဲမှ ထုတ်ယူလိုက်၏။

အပြင်ဘက်သို့ ရောက်သည်နှင့် အရောင်ငါးသွယ် တောင်ပံပါမြွေဆိုးသည် လုချင်းကို ချက်ချင်းပင် ပွတ်သီးပွတ်သပ် လုပ်ကာ အောက်ကျို့သော အစေခံတစ်ယောက်ကဲ့သို့ ပြုမူနေလေသည်။

လုချင်း စကားပြောတော့မည့်အချိန်လေးမှာပင် အပြင်ဘက်မှ အရိပ်တစ်ခုက ပျံသန်းလာပြီး အရိုးခိုက်မတတ် အေးစက်သော အလင်းတန်းအချို့ဖြင့် မြွေဆိုးကို ခုတ်ပိုင်းလိုက်တော့၏။

အေးစက်သော အလင်းတန်းမှာ အလွန်လျင်မြန်လွန်းသဖြင့် မြွေဆိုးခင်မျာ အချိန်မီ မရှောင်တိမ်းနိုင်ဘဲ တိုက်ရိုက်ထိသွားတော့သည်။

ထို့နောက်၌ ၎င်းသည် တုန်ရီသွားပြီး ပါးစပ်ကို ဟကာ တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်လိုက်တော့၏။

ထိုအခိုက်မှာပဲ လုချင်းသည် မြွေဆိုး၏ ခေါင်းကို အလျင်စလို ဖမ်းဆုပ်လိုက်ပြီး တိုက်ခိုက်သူကို အော်ခေါ်လိုက်လေသည်။ "ရှောင်လီ၊ နေဦး သူက ရန်သူမဟုတ်ဘူး"

ရှောင်လီမှာ ရပ်တန့်သွားပြီး ၎င်း၏ လက်သည်းများမှာ အေးစက်သော အလင်းတန်းများဖြင့် တောက်ပနေဆဲဖြစ်ကာ လုချင်းကို မျက်လုံးပြူးကာ စိုက်ကြည့်နေသည်။ "အားချင်း... အဲဒါ ဘာကြီးလဲ"

အပြင်ဘက်တွင် ရှောင်ယန်နှင့် စစ်တုရင်ကစားနေစဉ် လုချင်း၏ အခန်းထဲမှ အလွန်မနှစ်မြို့ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုကို ရုတ်တရက် အာရုံခံမိခဲ့ကြောင်း ရှောင်လီက ရှင်းပြလာ၏။

အပြေးအလွှား ဝင်လာသောအခါ တောင်ပံပါသော ထူးဆန်းသည့် မြွေတစ်ကောင်ကို တွေ့လိုက်ရသဖြင့် ချက်ချင်းလက်ငင်းကို တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

မမျှော်လင့်ဘဲ မြွေဆိုး၏ ခန္ဓာကိုယ်မှာ အလွန်တရာ မာကျောခိုင်မာနေပြီး ရှောင်လီ၏ လက်သည်းများကို ခြစ်ရာတစ်ခုမျှပင် မရှိဘဲ ခံနိုင်ရည်ရှိခဲ့လေသည်။

"ဒါက ဝူရှင်းလေ... လျှို့ဝှက်နယ်မြေထဲမှာ ငါ အညံ့ခံခိုင်းခဲ့တဲ့ ဝိညာဉ်သားရဲတစ်ကောင်ပါ။ ရှေ့လျှောက် သူလည်း ရွာကို ကာကွယ်ပေးလိမ့်မယ်" လုချင်းက အပြုံးဖြင့် ရှင်းပြလိုက်၏။

"ရွာကို ကာကွယ်မယ် ဟုတ်လား။ သူက အဲဒါကိုတောင် လုပ်နိုင်လို့လား"

ရှောင်လီသည် မြွေဆိုး၏ အငွေ့အသက်ကို စုံစမ်းကြည့်လိုက်ရာ ယင်းအပေါ်တွင် လုချင်း၏ စွမ်းအင်သဲ့သဲ့လေးကို တကယ်ပဲ တွေ့ရှိခဲ့ရသည်။ သို့သော် အကြောင်းပြချက်တစ်ခုခုကြောင့် မြွေက လုချင်းနှင့် ပွတ်သီးပွတ်သပ် လုပ်နေသည်ကို မြင်ရခြင်းက သူ့ကို အလွန်အမင်း ဒေါသထွက်စေခဲ့ပါ၏။

ရှောင်လီ၏ ရန်လိုမှုကို ခံစားမိသောအခါ၌ မြွေဆိုးသည် ယင်း၏ ရင်ဘတ်ကို မာနတထောင်ထောင်ဖြင့် ကော့လိုက်ပြီး အစောပိုင်းက ရှောင်လီ တိုက်ခိုက်ခဲ့သောနေရာသို့ ယင်း၏ တောင်ပံထိပ်လေးဖြင့် ညွှန်ပြကာ အနာအဆာကင်းသော အကြေးခွံများကို ကြွားလုံးထုတ်နေလေသည်။

"မင်းလို ညစ်ပတ်တဲ့ မြွေစုတ်ကများ"

မြွေဆိုး၏ ရန်စမှုကြောင့် ရှောင်လီမှာ ဒေါသတကြီး ဖြစ်သွားခဲ့ရသည်။ ပြီးနောက်၌ နေရာလွတ် စွမ်းအင်များက ၎င်း၏ ပတ်ဝန်းကျင်တွင် လှည့်ပတ်လာခဲ့သည်။

ဤမြင်ကွင်းကို မြင်သောအခါ လုချင်းမှာ ခေါင်းကိုက်လာသလိုတောင် ခံစားလိုက်ရသည်။ ဤနှစ်ကောင်က တွေ့တွေ့ချင်းမှာပင် ကမ္ဘာ့ရန်သူတွေကဲ့သို့ ပြုမူလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

သူသည် ရှောင်လီကို တည်ငြိမ်စေရန် ၎င်း၏ ခေါင်းကို အလျင်စလို ပုတ်ပေးလိုက်၏။ "တော်တော့ ရှောင်လီ။ ပြဿနာ မရှာနဲ့တော့"

ပြီးနောက် မြွေဆိုးဘက်သို့ လှည့်ကာ သူက အပြစ်တင်လိုက်သည်။ "ဝူရှင်း... မင်းလည်း အတူတူပဲ။ ရှောင်လီကို ရန်မစနဲ့။ ပြီးတော့လည်း နောက်ပိုင်း ငါ မရှိတဲ့အချိန်ကျရင် ရှောင်လီရဲ့ အမိန့်တွေကို မင်း နာခံရမယ်"

မာနထောင်လွှားနေခဲ့သော မြွေဆိုးမှာ ချက်ချင်းပင် တောင့်တင်းသွားပြီး လုချင်းကို မှင်သက်စွာဖြင့် စိုက်ကြည့်နေလေသည်။

ထိုစဉိ ရှောင်လီမှာတော့ ဝမ်းသာသွားခဲ့လေသည်။ ၎င်းသည် လုချင်း၏ ပခုံးပေါ်သို့ ခုန်တက်သွားပြီး ၎င်း၏ ရှေ့လက်ဖဝါးများကို မာနတထောင်ထောင်ဖြင့် ယှက်ထားကာ မြွေဆိုးကို အထက်စီးမှ ကြည့်နေလေ၏။

"ကြားလား၊ ညစ်ပတ်တဲ့ မြွေစုတ်။ အခုကစပြီး မင်း ငါ့စကားကို နားထောင်ရမယ်။ ငါက အရှေ့ကို သွားဆိုရင် မင်း အနောက်ကို သွားလို့မရဘူး။ ငါက ထိုင်ဆိုရင် မင်း မတ်တပ်ရပ်လို့မရဘူး"

မြွေဆိုးသည် ကန့်ကွက်ချင်ခဲ့သော်လည်း လုချင်း၏ တည်ငြိမ်ခိုင်မာလှသော အကြည့်အောက်တွင် ၎င်းသည် မလိုလားစွာဖြင့်သာ ခေါင်းညိတ်လိုက်ရရှာ၏။

မြွေဆိုး အညံ့ခံသွားသည်ကို မြင်သောအခါ၌ လုချင်းက ရှောင်လီ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်လေသည်။

"ကဲ... စိတ်မဆိုးပါနဲ့တော့။ ပြီးတော့ ဝူရှင်းအပေါ်မှာလည်း အရမ်းကြီး မတင်းကျပ်နဲ့။ သူက တော်တော်လေး စွမ်းဆောင်နိုင်တာမလို့ မင်းကို နည်းလမ်းမျိုးစုံနဲ့ ကူညီပေးနိုင်တယ်လေ"

ရှောင်လီကို ပို၍ချော့မော့ရန်အတွက် လုချင်းသည် ကြက်ဥအရွယ်အစားရှိ ရွှေရောင် သစ်သီးတစ်လုံးကို ထုတ်ယူလိုက်၏။

"ဒီတစ်ကြိမ် ရတနာတွေ အများကြီး ငါ ရခဲ့တယ်။ ဒီဝိညာဉ်သစ်သီးက မင်းရဲ့ စွမ်းအင်တွေကို သန့်စင်ဖို့ ကူညီပေးနိုင်တဲ့အပြင် မင်းရဲ့ ကျင့်ကြံခြင်းကိုလည်း ကြီးကြီးမားမားကို မြှင့်တင်ပေးနိုင်တယ်လေ"

ရွှေရောင် သစ်သီးအတွင်းရှိ ငြင်းဆန်၍မရနိုင်လောက်အောင် ဆွဲဆောင်မှုရှိသော ကြီးမားသည့် စွမ်းအင်များကို ခံစားလိုက်ရသောအခါတွင်တော့ ရှောင်လီ၏ မျက်လုံးများမှာ ဝမ်းသာအားရ ပြူးကျယ်သွားခဲ့လေသည်။

၎င်းသည် သစ်သီးကို ၎င်း၏ ရှေ့လက်ဖဝါးများဖြင့် ဖမ်းဆုပ်လိုက်ပြီး မျက်လုံးများမှာတော့ ဝမ်းမြောက်မှုကြောင့် တောက်ပနေလေ၏။

"ကျေးဇူးပါပဲ အားချင်း"

ထို့နောက် ရှောင်လီသည် ဝူရှင်းကိုပင် အောင်ပွဲခံသည့် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သေးပါ၏။ ဝူရှင်းမှာလည်း သစ်သီးကို မျှော်လင့်တကြီး စိုက်ကြည့်နေပြီး ယင်း၏ အရေးပါမှုကို ရှင်းလင်းစွာ နားလည်ထားပုံရပေသည်။

သို့သော် လုချင်းကတော့ မမြင်ယောင်ဆောင်နေလိုက်၏။

မီးခိုးရောင်ဝတ်စုံနှင့် လူငယ်၏ သိုလှောင်ရေးအိတ်ထဲတွင် တွေ့ရှိခဲ့ရသော ဤရှားပါးသစ်သီးမှာ ဝိညာဉ်သားရဲများအတွက် အလွန်အကျိုးကျေးဇူးများပြီး သွေးမျိုးရိုးကို သန့်စင်ပေးနိုင်ကာ ကျင့်ကြံခြင်းကိုလည်း မြှင့်တင်ပေးနိုင်ပေသည်။

တစ်လုံးတည်းသာ ရှိသဖြင့် သဘာဝကျကျပင် မရေမတွက်နိုင်သော အန္တရာယ်များတစ်လျှောက် သူနှင့်အတူ တိုက်ပွဲဝင်ခဲ့သော ရှောင်လီအတွက်သာခချန်ထားခဲ့တာပင်။

...

All Chapters