အခန်း (၄၂၇-၄၂၈)
Vol. 43 Ch. 427-428
အခန်း ၄၂၇ - ပြီးပြည့်စုံသော ရွှေအမြုတေ ကျင့်စဉ်။ ရွှေစားသည့် သားရဲကြီး။
"နောက်ဆုံးတော့ ရွှေအမြုတေအဆင့်ရဲ့ ပထမဆုံး အသွင်ပြောင်းလဲမှု သုံးခုအတွက် မူဘောင်ကို ငါ ပုံဖော်ဖန်တီးနိုင်ခဲ့ပြီ။ ဒီကျင့်စဉ်တွေကို ပုံဖော်ဖန်တီးရတဲ့ လုပ်ငန်းစဉ်က ငါ ထင်ထားခဲ့တာထက်တောင် အများကြီး ပိုခက်ခဲနေတာပဲ"
ယွီဟွာဂူအတွင်းတွင် လုချင်းသည် မျက်လုံးများကို ဖွင့်လိုက်ကာ စိတ်သက်သာရာရမှုနှင့် တွေးတောဆင်ခြင်မှုတို့ ရောယှက်နေသော သက်ပြင်းတစ်ချက်ကို ချလိုက်သည်။
မီးခိုရောင်ဝတ်စုံနှင့် လူငယ်အား သူ သတ်ဖြတ်ခဲ့သည်မှာ တစ်လတောင် ကြာသွားခဲ့ပြီပင်။ ဤအချိန်အတောအတွင်း လုချင်းမှာ တော်တော်လေးကိုအလုပ်များနေခဲ့ပါ၏။
သူသည် ရွာကို ကာကွယ်ထားသော ဝင်္ကပါ အကာအရံကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး အဖြူရောင်ဝတ်စုံနှင့် လူငယ်ထံမှ ရရှိခဲ့သော ရေဓာတ် ကျင့်စဉ်ကို ရှောင်ယန်အား ပေးခဲ့ကာ သူ့ဆရာ သန့်စင်ရန်အတွက် သင့်လျော်သော ဝိညာဉ်လက်နက် နှစ်ခုကိုပင် ရွေးချယ်ပေးခဲ့သေးသည်။ သို့သော် သူ၏ အားထုတ်မှုအများစုကိုတော့ သူ့ကိုယ်သူအတွက် အသင့်လျော်ဆုံး ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို ဖန်တီးရာတွင် အသုံးပြုခဲ့ပါ၏။
အစပိုင်းတွင် သူ၏ နတ်မျက်စိစွမ်းရည်၏အကူအညီဖြင့် နည်းစနစ်အသစ်တစ်ခုကို ဖန်တီးရာတွင် အချိန်ကြာမည်မဟုတ်ဟု လုချင်း ယုံကြည်ထားခဲ့သည်။ သို့သော် အမှန်တရားမှာ ထိုသို့ မဟုတ်ကြောင်း သက်သေပြခဲ့ပါ၏။ မိမိကိုယ်ပိုင် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို ဖန်တီးရခြင်း၏ ရှုပ်ထွေးမှုမှာ သူ မျှော်လင့်ထားသည်ထက်တောင် များစွာ သာလွန်နေခဲ့သည်။
သူ၏ ဝိညာဉ်စွမ်းအားများ၊ မဟာလမ်းစဉ် လက်ရေးစာမူများမှ ကိုးကားချက်များနှင့် မရေမတွက်နိုင်သော နည်းစနစ်များကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုခဲ့သော်လည်း သင့်လျော်သော ရွှေအမြုတေ ကျင့်စဉ်တစ်ခု၏ ပထမဆုံး အသွင်ပြောင်းလဲမှု သုံးခုကို ပုံဖော်ဖန်တီးရန်အတွက် တစ်လလုံးလုံး အချိန်ယူခဲ့ရ၏။ ယင်းတို့အနက် ပထမဆုံး အသွင်ပြောင်းလဲမှုတစ်ခုသာလျှင် အပြည့်အဝ အသေးစိတ်ကျပြီး အခြားနှစ်ခုမှာတော့ အနာဂတ်တွင် ထပ်မံ၍သန့်စင်ရန် လိုအပ်မည့် မူဘောင်များသာ ဖြစ်လေ၏။
"ဒါပေမဲ့လည်း တိုးတက်မှု ရှိလာတာက စိတ်သက်သာရာရစရာပါပဲလေ။ ဒီနည်းစနစ်ကို နာမည်ဘယ်လိုပေးရပါ့"
လုချင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ရင်း တွေးတောနေလေသည်။ သူ၏ အဓိက ကျင့်ကြံခြင်းနည်းစနစ်အဖြစ် ယင်းသည် မှတ်မိလွယ်ပြီး ကိုယ်စားပြုနိုင်သော နာမည်တစ်ခုကို လိုအပ်ပေ၏။ သူ၏ ဦးနှောက်ကို အပြင်းအထန် စဉ်းစားကြည့်သော်လည်း ကျေနပ်စရာကောင်းသော နာမည်တစ်ခုကိုတော့ သူ မစဉ်းစားနိုင်ခဲ့ချေ။ နောက်ဆုံးတွင်တော့ သူသည် လက်မြှောက်အရှုံးပေးလိုက်သောသက်ပြင်းတစ်ချက်နှင့်အတူ အဆုံးသတ်လိုက်ရတော့၏။
"ထားလိုက်တော့။ ဒီနေ့ကစပြီး ဒီနည်းစနစ်ကို 'ပြီးပြည့်စုံသော ရွှေအမြုတေ ကျင့်စဉ်' လို့ပံ နာမည်ပေးလိုက်တော့မယ်"
ထိုနာမည်က သူ၏ ပြီးပြည့်စုံသော ရွှေအမြုတေ၏ ထူးခြားသော သဘောသဘာဝနှင့် ကိုက်ညီလှပေသည်။
နည်းစနစ်ကို နာမည်ပေးပြီးနောက်၌ လုချင်းသည် ကျင့်ကြံခြင်းကို စတင်ရန် ပြင်ဆင်လိုက်လေသည်။ နည်းစနစ်တစ်ခုကို မည်မျှပင် ကောင်းမွန်စွာ ပုံဖော်ဖန်တီးထားစေကာမူ ယင်း၏ ထိရောက်မှုကို လက်တွေ့ကျင့်ကြံခြင်းမှတစ်ဆင့်သာ သက်သေပြနိုင်ပေ၏။
စိတ်ပိုင်းဖြတ်မှုဖြင့် လုချင်းသည် သူ၏ စိတ်ကို တည်ငြိမ်စေလိုက်ပြီး အသက်ရှူနှုန်းကို ထိန်းညှိကာ စတင်တရားထိုင်လိုက်တော့၏။ သူသည် ပြီးပြည့်စုံသော ရွှေအမြုတေ ကျင့်စဉ်တွင် အသေးစိတ်ဖော်ပြထားသော လမ်းကြောင်းအတိုင်း လိုက်ကာ သူ၏ ကျင့်ကြံခြင်းကို စတင်လိုက်လေသည်။
နည်းစနစ်ကို ဖန်တီးသူအနေဖြင့် ကျင့်စဉ်၏ အသေးစိတ်အချက်တိုင်းကို သူ မရေမတွက်နိုင်အောင် အကြိမ်ကြိမ် သေချာစွာ သန့်စင်ထားပြီး ဖြစ်သည်။ ထို့ကြောင့် ဤပထမဆုံး ကျင့်ကြံခြင်းတွင်ပင် လုချင်းသည် လွယ်ကူစွာ လုပ်ဆောင်နိုင်ခဲ့ပြီး နက်ရှိုင်းသော အာရုံစူးစိုက်မှုအခြေအနေသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့လေ၏။
သူ ကျင့်စဉ်ကို အသက်သွင်းလိုက်သည်နှင့် ဂူအတွင်းရှိ သိပ်သည်းသော ဝိညာဉ်စွမ်းအင်များကလည်း လှုပ်ခတ်လာပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် ဝင်ရောက်လာခဲ့လေသည်။
မကြာမီမှာပင် ဝိညာဉ်စွမ်းအင်၏ အသေးစား လည်ပတ်မှုတစ်ခု ပြီးဆုံးသွားခဲ့သည်။ ထိုအခါ၌ လုချင်းသည် သူ၏ ဝိညာဉ်စွမ်းအားတွင် သဲ့သဲ့လေးဖြစ်သော်လည်း သိသာထင်ရှားသော တိုးတက်မှုတစ်ခုကို ခံစားလိုက်ရပါ၏။
"အလုပ်ဖြစ်တယ်ဟ"
ဤအောင်မြင်မှုကြောင့် အားတက်သွားကာ လုချင်းသည် သူ၏ ကျင့်ကြံခြင်းကို ပြန်၍စတင်လိုက်တော့၏။ အသေးစား လည်ပတ်မှုတိုင်းတွင် ဂူ၏ ဝိညာဉ်စွမ်းအင်များမှာ လျင်မြန်စွာ စုပ်ယူခံနေရလေသည်။ ထိုစဉ် ယွီဟွာဂူ၏ ဝင်္ကပါ အကာအရံသည် ကုန်ခမ်းသွားသော စွမ်းအင်များကို ပြန်လည်ဖြည့်တင်းရန် စတင်လည်ပတ်လာပြီး ပြင်ပကမ္ဘာမှ စွမ်းအင်များကို ဆွဲယူနေလေသည်။
ဤလုံလောက်သော စွမ်းအင်ထောက်ပံ့မှုအောက်တွင် လုချင်း၏ ချီပင်လယ်အတွင်းရှိ ရွှေအမြုတေသည် လည်ပတ်မှုတိုင်းနှင့်အတူ တဖြည်းဖြည်း အားကောင်းလာခဲ့လေ၏။ သို့သော် နာရီဝက်ခန့်အကြာတွင် လုချင်းသည် မျက်မှောင်ကြုတ်ကာ မျက်လုံးများကို ဖွင့်လိုက်ပြန်၏။
ဂူ၏ ဝိညာဉ်စွမ်းအင်များမှာ သိသိသာသာ ပါးလွှာသွားခဲ့လေပြီပင်။ ဝင်္ကပါ အကာအရံ၏ ပြန်လည်ဖြည့်တင်းမှု အရှိန်ဖြင့်ပင် သူ၏ ကျင့်ကြံခြင်း လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်တော့ချေ။
ဂူအတွင်းရှိ ဝိညာဉ်စွမ်းအင်များ နှေးကွေးစွာ ပြန်လည်ပြည့်ဖြိုးလာမှုကို မျက်မှောင်ကြုတ်ကြည့်ရင်း လုချင်းသည် သူ၏ သိုလှောင်ရေးအိတ်ထဲမှ လုံးလုံးကြီးအလင်းပေါက်နေတာမဟုတ်သည့် တောက်ပနေသော ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်သည်။ ၎င်းမှာ အငယ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးတစ်တုံးပင်။
"ပြီးပြည့်စုံတဲ့ ရွှေအမြုတေ ကျင့်စဉ်အရ အကြီးစား လည်ပတ်မှုတိုင်းက အသေးစား လည်ပတ်မှု ၃၆ကြိမ် ပြီးဆုံးပြီးမှ ပြီးပြည့်စုံတာ။ အဲဒီတော့မှပဲ ကျင့်စဉ်ရဲ့ ပထမဆုံး အသွင်ပြောင်းလဲမှုက အပြည့်အဝ အသက်ဝင်တယ်လို့ မှတ်ယူလို့ရမယ်။ ဒါပေမဲ့ ငါက အကြီးစား လည်ပတ်မှု တစ်ကြိမ်တောင် မပြီးသေးဘူး၊ ဂူရဲ့ ဝိညာဉ်စွမ်းအင်တွေက မလုံလောက်တော့ဘူး။ ဝိညာဉ်ကျောက်တုံးတွေကိုပဲ ငါ အားကိုးရတော့မယ်"
ကျောက်တုံးကို ကိုင်ထားရင်း လုချင်းသည် ယင်း၏ စွမ်းအင်များကို သူ၏ စိတ်ဖြင့် လမ်းညွှန်လိုက်၏။ ထိုအခါ၌ ချက်ချင်းပင် ကြီးမားလှသော ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူခံလိုက်ရလေသည်။
မသေမျိုးခေတ်အတွင်း မဟာဗျူဟာမြောက် အရင်းအမြစ်တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသော ဝိညာဉ်ကျောက်တုံးမှာ ယင်း၏ တန်ဖိုးကို သက်သေပြခဲ့လေပြီပင်။ အငယ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးတစ်တုံးပင်လျှင် သာမန် ဝိညာဉ်စွမ်းအင်များထက် များစွာ သာလွန်သော စွမ်းအင်များ ပါဝင်နေပြီး ယင်း၏ သန့်စင်မှုမှာ နှိုင်းယှဉ်၍မရနိုင်ချေ။
ဝိညာဉ်ကျောက်တုံး၏ အကူအညီဖြင့် လုချင်း၏ အသေးစား လည်ပတ်မှု အရှိန်မှာ သိသိသာသာကို မြင့်တက်လာခဲ့၏။ နောက်ဆုံးတွင် ၃၆ကြိမ်မြောက် အသေးစား လည်ပတ်မှု ပြီးဆုံးပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်း တုန်ခါမှုတစ်ခုကို သူ ခံစားလိုက်ရလေသည်။ သူ၏ ပြီးပြည့်စုံသော ရွှေအမြုတေမှာ တုန်ခါသွားပြီး ကြိတ်ဆုံကျောက်တစ်ခု ကြိတ်ချေနေသကဲ့သို့ ဖြည်းညင်းစွာ လည်ပတ်လာခဲ့လေ၏။
လည်ပတ်မှု ရပ်တန့်သွားသောအခါ၌ လုချင်းသည် သူ့ရွှေအမြုတေ၏ စွမ်းအားတွေ သိသိသာသာကို တိုးတက်လာကြောင်း ရှင်းလင်းစွာ ခံစားလိုက်ရပါ၏။
ဤတိုးတက်မှုကြောင့် သူ၏ မျက်နှာပေါ်တွင် ဝမ်းမြောက်မှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။ သူ၏ရွှေအမြုတေ အားကောင်းလာခြင်းက ပြီးပြည့်စုံသော ရွှေအမြုတေ ကျင့်စဉ်၏ ပထမဆုံး အသွင်ပြောင်းလဲမှုမှာ ထိရောက်ပြီး အပြစ်အနာအဆာကင်းကြောင်း ပြသနေပေသည်။
သို့သော် သူ့လက်ထဲရှိ ဝိညာဉ်ကျောက်တုံးကို စစ်ဆေးကြည့်လိုက်သောအခါ၌ သူ၏ စိတ်လှုပ်ရှားမှုမှာ စိုးရိမ်ပူပန်မှုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့ရပြန်၏။ ယင်း၏ စွမ်းအင် ငါးပုံတစ်ပုံနီးပါးမှာ ကုန်ခမ်းသွားခဲ့ပြီပင်။
"အကြီးစား လည်ပတ်မှု တစ်ကြိမ်တည်းနဲ့တင် အငယ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးတစ်ခုရဲ့ စွမ်းအင် ငါးပုံတစ်ပုံတောင် ကုန်သွားပြီ။ အဲဒါက အရင်တုန်းက ဒီဂူထဲမှာ ရှိနေတဲ့ ဝိညာဉ်စွမ်းအင် အမြောက်အမြားကိုတောင် ထည့်မတွက်ရသေးဘူး။ ဒီပထမဆုံး အသွင်ပြောင်းလဲမှုကို အပြည့်အဝ ကျွမ်းကျင်ဖို့ဆိုရင် ဝိညာဉ်ကျောက်တုံး ဘယ်လောက်များတောင် လိုအပ်မှာလဲကွာ"
ယွမ်ဟောက်ကမ္ဘာလောကမှ ညီအစ်ကို ချန်ရစ်ခဲ့သော သိုလှောင်ရေး ဝိညာဉ်လက်နက်များထဲတွင် ကျင့်ကြံခြင်းကို မြှင့်တင်ပေးနိုင်သော ဆေးလုံးအချို့ ပါဝင်ကြောင်း သူ ပြန်အမှတ်ရသွား၏။ သို့သော် ၎င်းတို့အားလုံးကို သူ အသုံးပြုမည်ဆိုလျှင်ပင် သူ၏ လေ့ကျင့်မှုကို အချိန်ကြာရှည်စွာ ထောက်ပံ့ပေးနိုင်မည် မဟုတ်ချေ။
သူ၏ အနာဂတ် အရင်းအမြစ် လိုအပ်ချက်များကို တွက်ချက်ပြီးနောက်၌ လုချင်း၏ မျက်နှာမှာ မှောင်မိုက်သွားခဲ့လေသည်။
သူ၏ ပြီးပြည့်စုံသော ရွှေအမြုတေမှာ ငြင်းမရနိုင်အောင် အစွမ်းထက်သော်လည်း ယင်း၏ ကျင့်ကြံခြင်း ကုန်ကျစရိတ်မှာလည်း အလားတူပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။ သူ အစပိုင်းက လုံလောက်သော အရင်းအမြစ် စုဆောင်းမှုတစ်ခုဟု ထင်ထားခဲ့သောအရာမှာ ယခုအခါတွင်တော့ ရယ်စရာကောင်းလောက်အောင် မလုံလောက်တော့ချေ။
ဤပြီးပြည့်စုံသော ရွှေအမြုတေမှာ ရွှေစားသည့် သားရဲကြီး တစ်ကောင်နှင့် အတူတူပင် ဖြစ်လေတော့သည်။
ဖြေရှင်းချက်မတွေ့ဘဲ အတန်ကြာ တွေးတောပြီးနောက် လုချင်းသည် ဤကိစ္စကို လောလောဆယ်တော့ ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်တော့၏။ ဤသည်မှာ ရှောင်လွှဲ၍မရသောအရာ ဖြစ်ကြောင်း သူ သိပါ၏။ သူ၏ရွှေအမြုတေအဆင့်နှင့် စွမ်းအားများ ပို၍မြင့်မားလေလေ၊ ယင်းကို မြှင့်တင်ရန် ပို၍ခက်ခဲလေလေ ဖြစ်တော့မည်ပင်။ နောက်ဆက်တွဲ အသွင်ပြောင်းလဲမှုတိုင်းသည် အလွန်အမင်းကိုမှ များပြားလှသည့် အရင်းအမြစ် ပမာဏကို တောင်းဆိုပေလိမ့်မည်။
" ငါတော့ ရှေ့လျှောက် ပိုပြီးတော့တောင် ခရီးထွက်ရတော့မယ်ထင်ပါ့။ ယန်ရဲ့ပြောစကားအရဆိုရင် ဝိညာဉ်ကျောက်တုံးတွေက ယေဘုယျအားဖြင့် ကြီးမားတဲ့ ဖိအားတွေက ဝိညာဉ်စွမ်းအင်တွေကို စုစည်းပေးတဲ့ နေရာတွေမှာ ဖြစ်ပေါ်လေ့ရှိတယ်ဆိုပဲ။ တကယ်လို့ ဝိညာဉ်ကျောက်တုံး မိုင်းတွင်းတစ်ခု၊ နှစ်ခုလောက်ကိုသာ ငါ ရှာတွေ့နိုင်ခဲ့မယ်ဆိုရင် ဒီပြဿနာကို ဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်လောက်တယ်"
မသေမျိုးခေတ်နှင့် ပတ်သက်သော ယန်၏ သွန်သင်ချက်များကို လုချင်း ပြန်ပြီးအမှတ်ရသွား၏။ မသေမျိုးခေတ်တုံးကဆိုလျှင် ဝိညာဉ်ကျောက်တုံး မိုင်းတွင်းတစ်ခုကို ရှာဖွေတွေ့ရှိမှုတိုင်းသည် ကြီးမားသော ပဋိပက္ခများကို မလွဲမသွေ ဖြစ်ပေါ်စေခဲ့သည်။ မဟာဗျူဟာမြောက် အရင်းအမြစ်များဖြစ်သော ဝိညာဉ်ကျောက်တုံးများကို ဂိုဏ်းတိုင်းနှင့် ကျင့်ကြံသူတိုင်းက အလွန်အမင်းကိုမှ အလိုရှိခဲ့ကြသည်ပင်။ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူများပင်လျှင် ၎င်းတို့ကို မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ ရှာဖွေခဲ့ကြ၏။
သို့သော် လောလောဆယ်တွင်တော့ လုချင်းသည် အရင်းအမြစ်များအတွက် ယှဉ်ပြိုင်ရမည်ကို မစိုးရိမ်ခဲ့ချေ။ သူ၏ ခွန်အားဖြင့်ဆိုလျှင် တစ်စုံတစ်ယောက်က သူ့လက်ထဲမှ ရတနာတစ်ခုကိုတောင် လုယူနိုင်လိမ့်မည်ဟု သူ မထင်ပါချေ။
"ခရီးထွက်တာကို နောက်မှလုပ်လို့ရပါတယ်လေ။ သူ့ထက် အရင်ဖြေရှင်းရမဲ့ ပြဿနာတချို့ရှိနေသေးတယ်ဆိုတော့က....."
ထို့နောက်တွင်တော့ လုချင်း၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ပေါ်လာခဲ့လေတော့၏။
...
အခန်း ၄၂၈ - အနောက်ဘက် ပြည်နယ်သို့ ပြန်လည်ရောက်ရှိခြင်း၊ ဘုန်းကြီးအို၏ အတိဒုက္ခ။
"ရွှမ်ခုန်းဘုရားကျောင်း"
လုချင်း၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်သဲ့သဲ့လေး လက်ခနဲ ပေါ်လာခဲ့လေသည်။
သူ့နောက်သို့ လုပ်ကြံသူများကို အကြိမ်ကြိမ် စေလွှတ်ခဲ့သော ဂိုဏ်းကို သူ ဘယ်သောအခါမျှ မမေ့ခဲ့ချေ။
ယခင်က ရွှမ်ခုန်းဘုရားကျောင်းသည် ၎င်း၏ လျှို့ဝှက်နယ်မြေအတွင်းသို့ ဆုတ်ခွာသွားခဲ့သဖြင့် သူတို့အား ဖြေရှင်းရန် လောလောဆယ် မဖြစ်နိုင်ခဲ့ချေ။ သို့သော် ယခုအခါတွင်တော့ ဤအကြွေးကို ရှင်းလင်းရန် အချိန်ကျရောက်ပြီဟု သူ ခံစားရလေသည်။
ရွှေအမြုတေအဆင့်သို့ တက်လှမ်းသွားခြင်းအပြင် သူ၏ ယုံကြည်မှုအတွက် အကြောင်းရင်းမှာ...
အတွေးတစ်ချက်ဖြင့် လက်ဖဝါးအရွယ်အစားရှိ ရှေးဟောင်း ငွေရောင် လှေပျံငယ်လေးတစ်ခု လုချင်း၏ လက်ထဲတွင် ပေါ်လာခဲ့သည်။ အပြင်ပန်းတွင် အနည်းငယ် စုတ်ပြဲနေသော်လည်း ယင်းထံမှ ထွက်ပေါ်နေသော အငွေ့အသက်မှာတော့ သာမန်မဟုတ်ချေ။
ငွေရောင် လှေပျံကို စိုက်ကြည့်ရင်း လုချင်း၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာခဲ့၏။
လွန်ခဲ့သော တစ်လအတွင်း သူသည် ယွမ်ဟောက်ကမ္ဘာလောကမှ ညီအစ်ကို ချန်ရစ်ခဲ့သော ရတနာများအားလုံးကို စီစစ်ပြီးခဲ့ပြီပင်။
ပစ္စည်းများမှာ အထင်ကြီးလောက်စရာ ဖြစ်သော်လည်း မျက်စိကျစရာကတော့ အနည်းအကျဉ်းလောက်သာ။ ယင်းတို့အနက် သူ့ကို အစွဲဆောင်နိုင်ဆုံးအရာမှာကတော့ သဘာဝကျကျပင် နေရာလွတ် လှေပျံဟု ခေါ်သော ငွေရောင် လှေပျံပင် ဖြစ်လေသည်။
မည်သို့ပင်ဆိုစေ သူ၏ ဝိညာဉ်စွမ်းအားများက ယင်းကို တာအိုလက်နက်တစ်ခု၏ အပိုင်းအစအဖြစ် ခွဲခြားသတ်မှတ်ပေးခဲ့သည် မဟုတ်ပါလော။ ယင်း၏ ပျက်စီးနေသော အခြေအနေတွင်ပင် ယင်း၏ စွမ်းအားမှာ အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်တစ်ခုနှင့် ယှဉ်နိုင်ပေသည်။
နေရာလွတ် လှေပျံကို ရရှိပြီး မကြာမီမှာပင် လုချင်းသည် ယင်းကို သန့်စင်ခဲ့၏။ စမ်းသပ်မှုများမှတစ်ဆင့် ယင်း၏ ထူးကဲသော ဂုဏ်သတ္တိများကိုပါ သူ ရှာတွေ့ခဲ့လေသည်။
လှေပျံ၏ ပစ္စည်းမှာ အလွန်တရာ ထူးခြားပြီး လုံးဝ ဖျက်ဆီး၍မရနိုင်ချေ။
သူ၏လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် သူ၏ခွန်အားအားလုံးကို ယင်းအတွင်းသို့ လောင်းထည့်လိုက်လျှင်ပင် ခြစ်ရာတစ်ခုမျှပင် မချန်ထားနိုင်ခဲ့ချေ။
မီးခိုးရောင်ဝတ်စုံနှင့် လူငယ်သည် လှေနှင့်အတူ လွတ်မြောက်ရန် အရာအားလုံးကို စွန့်စားခဲ့သည်မှာ အံ့သြစရာတော့ မဟုတ်။ အကယ်၍ သူသာ အောင်မြင်သွားခဲ့ပါက လုချင်းသည် သူ့ကို အညံ့ခံခိုင်းနိုင်ခဲ့မည် မဟုတ်ချေ။
သို့သော် နေရာလွတ် လှေပျံ၏ ပစ္စည်းသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တစ်ခုနှင့် မပေါင်းစပ်နိုင်ချေ။ ယင်းကို သန့်စင်ပြီး ထိန်းချုပ်နိုင်သော်လည်း လုချင်းသည် ယင်းကို သူ၏ ခန္ဓာကိုယ်အတွင်း၌ သိမ်းဆည်း၍မရဘဲ နေရာလွတ် ဝိညာဉ်လက်နက်တစ်ခုထဲတွင်သာ သိမ်းဆည်းထားရလေသည်။
သူ၏ နတ်မျက်စိစွမ်းရည်ကပင် လှေ၏ ဖွဲ့စည်းတည်ဆောက်ပုံကို မဆုံးဖြတ်နိုင်ခဲ့ချေ။ သူ၏ အနာဂတ် ကျင့်ကြံခြင်းတိုးတက်မှုနှင့်အတူ သူ၏ ထိုးထွင်းသိမြင်မှုများ နက်ရှိုင်းလာမည်၊ မလာမည်မှာမူ မသိရသေးချေ။
ယင်း၏ ဖျက်ဆီး၍မရနိုင်မှုနှင့် အစွမ်းထက်သော ကာကွယ်ရေး စွမ်းရည်များအပြင် နေရာလွတ် လှေပျံတွင် အခြားလုပ်ဆောင်ချက် နှစ်ခုလည်း ရှိသေးပါ၏။
ပထမတစ်ခုမှာ ယင်း၏ မယုံနိုင်လောက်အောင် မြန်ဆန်သော အမြန်နှုန်းပင်။ ထိုသည်ကား မျက်စိကျိန်းမတတ် မြန်ဆန်လှခြင်းပင်ဖြစ်၏။
နေရာလွတ် လှေပျံ၏ ပျံသန်းမှုအမြန်နှုန်းမှာ အတော်လေးကိုမှ အံ့မခန်းဖြစ်ပြီး ရွှမ်ခုန်းဘုရားကျောင်း၏ အကြီးအကဲ ကျင်းချုံးထံမှ လုချင်း ယခင်က ရရှိခဲ့သော ရွှေရောင် လှေပျံမှာ နေရာလွတ်လှေပျံ၏ ဆယ်ပုံတစ်ပုံမျှပင် မမြန်ချေ။
ထို့အပြင် ဤသည်မှာ နေရာလွတ် လှေပျံ၏ ကန့်သတ်ချက် မဟုတ်ချေ။ ယင်းမှာ သူတို့ရှိနေသော ကမ္ဘာငယ်လေး၏ ကန့်သတ်ချက်သာ ဖြစ်ပေသည်။
သူ နေရာလွတ် လှေပျံကို စစချင်း သန့်စင်ခဲ့စဉ်က လုချင်းသည် ယင်း၏ အမြန်နှုန်းကို စမ်းသပ်ခဲ့သည်။ သိချင်စိတ်ကြောင့် သူသည် ယင်း၏ အရှိန်ကို တဖြည်းဖြည်း မြှင့်တင်ခဲ့လေ၏။
နောက်ဆုံးတွင်တော့ ကမ္ဘာငယ်လေး၏ ကောင်းကင်တာအို စည်းမျဉ်းများထံမှ သတိပေးချက်တစ်ခုကို သူ ရရှိခဲ့လေသည်။ အကယ်၍ လှေပျံက ဆက်လက်အရှိန်မြှင့်နေမည်ဆိုလျှင် ယင်းသည် ကမ္ဘာလောက၏ ခံနိုင်ရည်ကို ကျော်လွန်သွားမည်ဖြစ်ပြီး ၎င်းမှာ ကမ္ဘာလောကမှ နှင်ထုတ်ခံရမည်ပင်။
ထိုအခါမှသာ ကမ္ဘာလောကတိုင်းတွင် အမြန်နှုန်း ကန့်သတ်ချက်တစ်ခု ရှိကြောင်း လုချင်း သဘောပေါက်သွားခဲ့တော့၏။
သို့သော် နေရာလွတ် လှေပျံကို ကမ္ဘာလောက၏ အမြန်နှုန်း ကန့်သတ်ချက်အထိ တွန်းပို့ရန်အတွက် ဝိညာဉ်စွမ်းအား အမြောက်အမြား အသုံးပြုရန် လိုအပ်ပေသည်။ လုချင်း၏ ပြီးပြည့်စုံသော ရွှေအမြုတေဖြင့်ပင် ၎င်းကို အချိန်ကြာရှည်စွာ ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်း မရှိချေ။
ယင်း၏ အသက်ရှူမှားလောက်အောင် မြန်ဆန်သော အမြန်နှုန်းအပြင် နေရာလွတ် လှေပျံတွင် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော အခြားစွမ်းရည်တစ်ခုလည်း ရှိပါသေး၏။
ထိုသည်ကတော့ နေရာလွတ်ကို ဖြတ်သန်းသွားလာနိုင်ခြင်းပင်။
ဤစွမ်းရည်က ယင်းအား နေရာလွတ် ခုန်ပျံမှုများကို ပြုလုပ်နိုင်စေပြီး မျက်စိတစ်မှိတ်အတွင်း မိုင်သန်းပေါင်းများစွာကို ကျော်ဖြတ်နိုင်စေသည်။
ထို့အပြင် ၎င်းသည် နေရာလွတ်ကို ထိုးဖောက်သွားနိုင်ပြီး ကန့်သတ်ချက်များနှင့် အကာအရံများကိုတောင် လျစ်လျူရှုကာ လွတ်လပ်စွာ သွားလာနိုင်ပါ၏။
ဤနေရာလွတ်ကို ဖြတ်သန်းသွားလာနိုင်သော စွမ်းရည်မှာ ရွှမ်ခုန်းဘုရားကျောင်းကို ရင်ဆိုင်ရန်အတွက် လုချင်း၏ လျှို့ဝှက်လက်နက်ပင်။
"ရွှမ်ခုန်းဘုရားကျောင်း" သူက ရေရွတ်လိုက်၏။ "မင်းတို့ရဲ့ အကြီးမားဆုံး အားကိုးရာဖြစ်တဲ့ မင်းတို့ရဲ့ လျှို့ဝှက်နယ်မြေက ငါ့ရဲ့နေရာလွတ် လှေပျံကို တားဆီးနိုင်မလားဆိုတာ ငါ ကြည့်ချင်မိသား"
လုချင်းသည် အနောက်ဘက်သို့ လှမ်းကြည့်လိုက်ရာ သူ၏ မျက်လုံးများမှာ နေရာလွတ်ကို ထိုးဖောက်သွားသကဲ့သို့ ဖြစ်နေလေ၏။
ခဏအကြာတွင်တော့ အလင်းတန်းတစ်ခုက တောင်ပေါ်မှ ပစ်တက်သွားပြီး အနောက်ဘက် ကောင်းကင်ယံဆီသို့ လျင်မြန်စွာဖြင့် ပျံသန်းသွားလေတော့သည်။
...
အနောက်ဘက် ပြည်နယ်ရှိ လင်းတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာတွင် မိုးခြိမ်းသံများ ဟိန်းဟောက်နေပြီး လှည့်ပတ်နေသော မီးခိုးရောင် အတိဒုက္ခတိမ်တိုက်တစ်ခုက ကောင်းကင်ယံတွင် မြင့်မားစွာ ချိတ်ဆွဲထားကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့နေသော အစွမ်းထက်သည့် ကောင်းကင်ဘုံစွမ်းအားတစ်ခုကို ထုတ်လွှတ်နေလေသည်။
တစ်စုံတစ်ယောက်က မိုးကြိုးအတိဒုက္ခကို ရင်ဆိုင်နေခြင်း ဖြစ်သည်။
အတိဒုက္ခတိမ်တိုက် အငွေ့အသက်၏ အစွန်အဖျားတွင် ပုံရိပ်အချို့က စိုးရိမ်တကြီး ရပ်နေကြပြီး မျက်စိရှေ့တွင် ဖြစ်ပျက်နေသည်များကို စောင့်ကြည့်နေကြ၏။
ထိုသူတို့မှာတော့ ဟောင်းနွမ်းနေသော သင်္ကန်းများကို ဝတ်ဆင်ထားသည့် ဘုန်းကြီးအိုများ ဖြစ်ကြသည်။
အကယ်၍ လုချင်းသာ ထိုနေရာတွင် ရှိနေမည်ဆိုလျှင် သူတို့အထဲမှ တစ်ယောက်ကို သူတို့ ယခင် ရင်ဆိုင်တွေ့ဆုံခဲ့စဉ်က သေဘေးမှ သီသီလေး လွတ်မြောက်သွားခဲ့သော မျက်နှာနီနီ ဘုန်းကြီးဖြစ်သည့် အကြီးအကဲ ချီရှင်းအဖြစ် ချက်ချင်း မှတ်မိမည်ပင်။
"အကြီးအကဲ ချီရှင်း" အတိဒုက္ခ၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ခံစားရရင်း သူ၏ စိုးရိမ်ပူပန်မှုကို မဖုံးကွယ်နိုင်တော့ဘဲ ဘုန်းကြီးတစ်ပါးက မေးလိုက်သည်။ "အကြီးအကဲ ကျင်းချုံးက ဒီအတိဒုက္ခကို အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ထင်လား"
"သူ့အတွက်က ပြဿနာ မရှိသင့်လောက်ပါဘူး" အကြီးအကဲ ချီရှင်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ "ကျောင်းထိုင်ဆရာတော်က မနေ့က အောင်မြင်သွားခဲ့ပြီလေ၊ ပြီးတော့ အကြီးအကဲ ကျင်းချုံးက သူ့ရဲ့ လမ်းညွှန်မှုတွေကနေ အကျိုးကျေးဇူးတွေ ရထားတဲ့အပြင်ကိုမှ ကျောင်းထိုင်ဆရာတော်ရဲ့ အတိဒုက္ခကိုလည်း မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသေးတာပဲဟာ။ ဒီတစ်ခုက သိပ်တော့ မခက်ခဲလောက်ပါဘူး"
အကြီးအကဲ ချီရှင်း၏ အငွေ့အသက်မှာ တည်ငြိမ်ပြီး မယိမ်းယိုင်ချေ။ ယင်းက သူနှင့် လုချင်းတို့၏ နောက်ဆုံး ရင်ဆိုင်တွေ့ဆုံမှုတွင်လုချင်း၏ လီဟော်ဒယ်အိုးကြောင့် ရရှိခဲ့သော ပြင်းထန်သည့် ဒဏ်ရာများမှ လုံးဝ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း ပြသနေပေသည်။
အကြီးအကဲ ချီရှင်း၏ စိတ်အေးစေသော စကားများကို ကြားသောအခါ အခြားဘုန်းကြီးများမှာ အနည်းငယ် စိတ်အေးသွားကြလေသည်။
ဘုန်းကြီးအိုတစ်ပါးက ရယ်မောလိုက်ပြီး ပြောလိုက်၏။ "အကြီးအကဲ ချီရှင်း... အကြီးအကဲ ကျင်းချုံးက သူ့ရဲ့ အတိဒုက္ခကို အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်ပြီး ရွှေအမြုတေအဆင့်ကို ရောက်သွားပြီဆိုရင် နောက်တစ်ယောက်က အကြီးအကဲရဲ့အလှည့်ဖြစ်လောက်တယ်နော်။ ကျုပ်တို့အားလုံးထဲမှာ အကြီးအကဲရဲ့ အခြေခံအုတ်မြစ်က အခု အနက်ရှိုင်းဆုံးဖြစ်နေပြီလေ"
အခြားဘုန်းကြီးများက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြလေသည်။
အကြီးအကဲ ချီရှင်းသည် သူ၏ နောက်ဆုံး ရင်ဆိုင်တွေ့ဆုံမှုတွင် ပြင်းထန်သော ဒဏ်ရာများကို ရရှိခဲ့ပြီးနောက် သူ၏ သက်စောင့်စွမ်းအင်ကို ပြန်လည်ရရှိရန် နှစ်ပေါင်းများစွာ ကြာလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြသည်။
သို့သော် ကျောင်းထိုင်ဆရာတော်က သူ့ကို ကုသပေးရန်အတွက် ဘုရားကျောင်း၏ အနက်ရှိုင်းဆုံးနေရာမှ တန်ဖိုးကြီးသော ဝိညာဉ်လက်နက်တစ်ခုကို အသုံးပြုခဲ့၏။
မမျှော်လင့်ဘဲ အကြီးအကဲ ချီရှင်းသည် အပြည့်အဝ ပြန်လည်ကောင်းမွန်လာရုံသာမက ကြီးထွားလာရန်အတွက် ကန့်သတ်ချက်များကို ချိုးဖျက်ခြင်း ဟူသော နိယာမနှင့် ပတ်သက်သည့် ထိုးထွင်းသိမြင်မှုတစ်ခုကိုလည်း ရရှိခဲ့လေသည်။ သူ၏ ကျင့်ကြံခြင်းမှာ ထပ်မံတိုးတက်လာခဲ့ပြီး သူ၏ အခြေခံအုတ်မြစ်မှာလည်း သိသိသာသာကို နက်ရှိုင်းလာခဲ့လေသည်။
"ငါ အလျင်မလိုပါဘူး" အကြီးအကဲ ချီရှင်းက ခေါင်းယမ်းလိုက်ပြီး သူ၏ လေသံမှာ တည်ငြိမ်နေ၏။ "ငါ့ရဲ့ အတိဒုက္ခကို မစဉ်းစားခင် ငါ ရထားတာတွေကို တည်ငြိမ်အောင်လုပ်ဖို့ အချိန်ပိုပြီးလိုသေးတယ်"
မျက်နှာနီနီ ဘုန်းကြီးအိုသည်လည်း သူ၏ ကိုယ်ပိုင် အတိဒုက္ခသို့ အလျင်စလို ဝင်ရောက်ရန် စိတ်အားထက်သန်နေပုံ မပေါ်ချေ။ သူသည် မကြာသေးမီကမှ ပြန်လည်ကောင်းမွန်လာခဲ့ခြင်းဖြစ်ပြီး မိမိကိုယ်ကို အလွန်အမင်း မြန်ဆန်စွာ တွန်းအားပေးရန် မလိုလားချေ။
ထို့အပြင်...
ဤတစ်ကြိမ်တွင် သူ၏ ဒဏ်ရာများသည် သူ့အား "မဖန်တီးမီ ဖျက်ဆီးခြင်း" ဟူသော နိယာမများနှင့်အတူ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း၏ သံသရာကို နားလည်သဘောပေါက်ရန် ရှားပါးသော အခွင့်အရေးတစ်ခုကို ပေးစွမ်းခဲ့ပါ၏။ ဘုရားကျောင်း၏ တန်ဖိုးကြီး ဝိညာဉ်လက်နက်နှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ အခြေခံအုတ်မြစ်ကို ခိုင်မာစေခဲ့သည်။
သူ ရရှိထားသော ထိုးထွင်းသိမြင်မှုများကို အပြည့်အဝ ချေဖျက်ကာ အတွင်းပိုင်းသို့ ထည့်သွင်းပြီး ၎င်းတို့ကို သူ၏ ကျင့်ကြံခြင်း၏ အဓိကအချက်အဖြစ် ပြောင်းလဲရန် သူ စီစဉ်ထားလေသည်။
နောက်ဆုံးတွင် သူ၏ အတိဒုက္ခကို သူ ရင်ဆိုင်ရသောအခါ ယင်းကို ကျော်ဖြတ်ရန် သူ ပို၍ယုံကြည်မှု ရှိလာမည်သာမက အနီရောင် အတိဒုက္ခတိမ်တိုက်များ သို့မဟုတ် ဒဏ္ဍာရီလာ ရွှေရောင် အတိဒုက္ခတိမ်တိုက်များကိုပင် သူ ဆွဲဆောင်နိုင်ကောင်းဆွဲဆောင်နိုင်လိမ့်မည်။
မျက်နှာနီနီ ဘုန်းကြီးအိုသည် သူ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းတန်းတစ်ခုဖြင့် အရှေ့ရှိ ကောင်းကင်ယံမှ မီးခိုးရောင် အတိဒုက္ခတိမ်တိုက်များကို စိုက်ကြည့်နေလေ၏။
ရှေးဟောင်း မှတ်တမ်းများအရ ရွှေအမြုတေ အတိဒုက္ခအတွင်းရှိ အတိဒုက္ခတိမ်တိုက်များ၏ အရောင်သည် အတိဒုက္ခ၏ အရည်အသွေးပိုင်းဆိုင်ရာ အစွမ်းသတ္တိနှင့် အဆင့်တက်ပြီးနောက် ကျင့်ကြံသူ၏ အလားအလာကို ဖော်ပြနေပေသည်။
ရွှေရောင်တိမ်တိုက်များမှာ အစွမ်းအထက်ဆုံးဖြစ်ပြီး ၎င်းနောက်တွင် အနီရောင်၊ ထို့နောက် မီးခိုးရောင်တို့ အသီးသီး ဖြစ်ကြ၏။
မနေ့က ကျောင်းထိုင်ဆရာတော်၏ အတိဒုက္ခအတွင်း၌ အနီရောင်သဲ့သဲ့လေးဖြစ်နေသော တိမ်တိုက်များ ပေါ်လာခဲ့သည်။
ရွှေအမြုတေအဆင့်သို့ ရောက်ရှိပြီးနောက် ကျောင်းထိုင်ဆရာတော်၏ အငွေ့အသက်မှာ အလွန်တရာ အားကောင်းလာခဲ့သဖြင့် ၎င်းနောက်ပိုင်းတွင် အားနည်းသည့် ကာလကို အနည်းငယ်မျှပင် မပြသခဲ့ချေ။
ဤအရာကို မြင်တွေ့ရပြီးနောက် မျက်နှာနီနီ ဘုန်းကြီးသည်လည်း သူ၏ ကိုယ်ပိုင် ရည်မှန်းချက်များကို ဖွံ့ဖြိုးလာခဲ့၏။ သူသည် မီးခိုးရောင် တိမ်တိုက်များဖြင့် မည်သို့ ကျေနပ်နိုင်မည်နည်း။
"အကြီးအကဲ ကျင်းချုံးက သူ့ရဲ့ အတိဒုက္ခကို အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်ပြီးသွားတဲ့အခါကျ ရွှမ်ခုန်းဘုရားကျောင်းက ရွှေအမြုတေ ကျင့်ကြံသူ နှစ်ယောက်ကိုတောာင် ပိုင်ဆိုင်သွားပြီပဲ။ အဲဒီအခါကျရင် အခြား အဓိကလျှို့ဝှက်နယ်မြေသုံးခုကလည်း ရွှမ်ခုန်းဘုရားကျောင်းကို သူတို့ရဲ့ အထက်မှာ ရှိတယ်လို့ အသိအမှတ်ပြုရမှာတင်မကဘူး၊ ကျုံးကျိုးက ဟိုလျှို့ဝှက်ဆန်းကြယ်တဲ့ ရွှေအမြုတေ ကျွမ်းကျင်သူတွေကတောင် ကျုပ်တို့ကို ခြိမ်းခြောက်နိုင်တော့မှာ မဟုတ်ဘူးလေ"
အခြားဘုန်းကြီးတစ်ပါးက ကြားဖြတ်ပြောလိုက်သည်။ "ဒါနဲ့ စကားမစပ်... ဘယ်ကနေမှန်းမသိ ရုတ်တရက် ပေါ်လာတဲ့ ဟိုလျှို့ဝှက်ဆန်းကြယ်တဲ့ ကျွမ်းကျင်သူ နှစ်ယောက်က တကယ်တော့ ဘယ်သူတွေများလဲ"
"ကျောင်းထိုင်ဆရာတော် တွက်ချက်ထားသလိုမျိုး... သူတို့က တကယ်ပဲ အခြားကမ္ဘာလောကက ကျူးကျော်သူတွေများ ဖြစ်နေမလား" ဘုန်းကြီးတစ်ပါးက ဇဝေဇဝါဖြင့် မေးလိုက်၏။
"သူတို့ ဘယ်ကပဲလာလာ၊ သူတို့က စေတနာကောင်းတဲ့သူတွေ မဟုတ်တာကတော့ အသိသာကြီးပဲလေ" အခြားတစ်ပါးက ပြန်ဖြေလိုက်သည်။ "သူတို့ ပေါ်လာတာနဲ့ ကျုံးကျိုးက ဂိုဏ်းအများကြီးကို ဖျက်ဆီးပစ်ခဲ့တဲ့အပြင်ကိုမှ အသစ်ပေါ်လာတဲ့ လျှို့ဝှက်နယ်မြေ အများကြီးကိုလည်း သိမ်းပိုက်ခဲ့တယ်လေ။
သူတို့က ဒီကမ္ဘာလောကရဲ့ အရင်းအမြစ်တွေအားလုံးကို သိမ်းပိုက်ချင်နေတာ အသိသာကြီးပဲကို။ အဲ့ဒီနှစ်ယောက်က ကမ္ဘာကြီးကို စည်းလုံးအောင်လုပ်ဖို့အတွက် ကျုပ်တို့တွေ ချေမှုန်းရမယ့် အစွမ်းထက်တဲ့ ရန်သူတွေပဲ"
"ဟုတ်တယ်။ ဒါနဲ့ သူတို့ ပျောက်နေတာ အခုဆို တစ်လတောင်ကျော်သွားပြီပဲ" အခြားဘုန်းကြီးတစ်ပါးက ထပ်ပြောလိုက်၏။ "ကြည့်ရတာ သူတို့တွေ ဟိုလျှို့ဝှက်နယ်မြေတွေကနေ လုလာတဲ့ အရင်းအမြစ်တွေကို စုပ်ယူဖို့အတွက် တံခါးပိတ်ကျင့်ကြံဖို့ သွားတာဖြစ်လောက်တယ်။
သူတို့ ပြန်ပေါ်လာတဲ့အခါကျ ပိုပြီးတော့တောင် အစွမ်းထက်လာလိမ့်မယ်ဆိုတာက သေချာပေါက်ပဲ။ သူတို့ကို ကျုပ်တို့ အထင်သေးလို့ မဖြစ်ဘူး"
"ဘာပဲဖြစ်ဖြစ်ပါ" အခြားတစ်ပါးက သူတို့၏ စိုးရိမ်ပူပန်မှုကို ပယ်ချရင်း ပြောလိုက်သည်။ "တကယ်လို့ သူတို့သာ တံခါးပိတ်မကျင့်ကြံနေဘူးဆိုရင် ဆရာတော်လည်း သူ့ရဲ့ အတိဒုက္ခကို ရင်ဆိုင်ဖို့ အခွင့်အရေး ရခဲ့မှာမဟုတ်ဘူးလေ။
သူတို့က နှစ်ယောက်တည်းပါ။ ရွှမ်ခုန်းဘုရားကျောင်းမှာကျတော့ အများကြီးရှိတယ်လေ။
ကျုပ်တို့အားလုံး ကိုယ့်ရဲ့ အတိဒုက္ခတွေကို အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်သရွေ့ သူတို့ကို ကြောက်စရာ အကြောင်းမရှိပါဘူး"
"ပြီးတော့ မမေ့နဲ့... အခြားသူတွေအားလုံးထက် သေချာပေါက် ရှင်းလင်းပစ်ရမယ့် လူတစ်ယောက် ရှိသေးတယ်" မျက်နှာနီနီ ဘုန်းကြီးက အဆိပ်ပြင်းသော အမုန်းတရားများ ပြည့်နှက်နေသည့် လေသံဖြင့် ရုတ်တရက် ပြောလိုက်၏။ "သရဲမျက်နှာဖုံးရှင်ကို ရအောင်ရှာပြီးတော့ကို သတ်ပစ်ရမယ်။ ကောင်းကင်နဲ့ မြေကြီးရဲ့ ထောင့်တိုင်းကို ရှာရမယ်ဆိုရင်တောင်မှပေါ့"
"ဟုတ်တယ် အဲ့ဒီသရဲမျက်နှာဖုံးရှင်လည်း ပါတယ်"
"သူ့ကို အပြင်းထန်ဆုံး ပြစ်ဒဏ်မပေးနိုင်သရွေ့တော့ ရွှမ်ခုန်းဘုရားကျောင်းရဲ့ ကျဆုံးသွားတဲ့ တပည့်တွေရဲ့ ဝိညာဉ်တွေကလည်း ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အနားယူနိုင်မှာ မဟုတ်ဘူး"
"ဆရာတော်က သူ့ရဲ့ ကျင့်ကြံခြင်းကို တည်ငြိမ်အောင်လုပ်ပြီးတာနဲ့ သရဲမျက်နှာဖုံးရှင် ပုန်းနေတဲ့ နေရာကို ရှာဖို့အတွက် ကောင်းကင်ဘုံ တွက်ချက်မှုကို သုံးပေးဖို့ ချက်ချင်း တောင်းဆိုရမယ်။ သူ့ရဲ့ ရွှေအမြုတေ ကျင့်ကြံခြင်းနဲ့ ဝိညာဉ်လက်နက်တွေရဲ့ စွမ်းအားနဲ့ဆိုရင် သူ့ကို မရှာတွေ့နိုင်ဘူးဆိုတာ ကျုပ်တော့ မယုံဘူး"
အခြားဘုန်းကြီးများကလည်း ဝင်ရောက်ပြောဆိုလာကြပြီး သူတို့၏ လေသံများမှာလည်း အလားတူပင် အေးစက်နေကြလေ၏။
သရဲမျက်နှာဖုံးရှင်သည် ရွှမ်ခုန်းဘုရားကျောင်းမှ တပည့်များစွာကို သတ်ဖြတ်ခဲ့ပြီး ၎င်းတို့အထဲတွင် သူတို့၏ ကိုယ်ပိုင် တပည့်အချို့လည်း ပါဝင်လေသည်။
ဤမျှ နက်ရှိုင်းသောအမုန်းတရားများကို လက်စားမချေဘဲ ဒီတိုင်းတော့ ထား၍မရနိုင်ချေ။
ထိုအခိုက်၌ ရုတ်တရက်ကြီး ကျယ်လောင်သော ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားလေသည်။
ဘုန်းကြီးများသည် သရဲမျက်နှာဖုံးရှင်ကို ခြေရာခံမည့် အကြောင်းအရာနှင့် ပတ်သက်၍ အပြင်းအထန် ဆွေးနွေးနေကြစဉ် အရှေ့ဘက်ရှိ အတိဒုက္ခတိမ်တိုက် ဝဲကတော့ကြီးသည် နောက်ဆုံး အတိဒုက္ခမိုးကြိုးကို ပစ်ချလိုက်ပြီး ဖြည်းညင်းစွာ လွင့်စင်သွားလေတော့သည်။
ထိုအခါ၌ ဘုန်းကြီးများ၏ မျက်နှာများမှာ ဝမ်းမြောက်မှုများဖြင့် လင်းလက်သွားကြလေသည်။
"အကြီးအကဲ ကျင်းချုံးရဲ့ အငွေ့အသက်က အားကောင်းနေဆဲပဲ... ကြည့်ရတာ သူ့ရဲ့ အတိဒုက္ခကို အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီတူတယ်။ သူ ရွှေအမြုတေအဆင့်ကို ရောက်တော့မှာပဲ"
....