အခန်း (၄၃၃-၄၃၄)
Vol. 44 Ch. 433-434
အခန်း ၄၃၃ -အခြေခံအုတ်မြစ်ကို ဖြတ်တောက်ခြင်း၊ ရိုက်ချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း။
ဘုန်း
အနည်းငယ် အားစိုက်လိုက်ရုံဖြင့် လုချင်းသည် အကြီးအကဲ ကျင်းချုံး၏ ခေါင်းကို ချေမှုန်းပစ်လိုက်ပြီး လုံးဝကို ကြေမွသွားစေခဲ့၏။
ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး။
ကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံးသူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံရသော တည်ရှိမှုတစ်ခု။
ထိုသို့သောလူက လုချင်း၏ အလွယ်တကူ ဖျက်ဆီးခြင်းကို ခံလိုက်ရလေသည်ပင်။
အနည်းငယ်မျှသော ခုခံမှုပင် မရှိဘဲ အကြီးအကဲ ကျင်းချုံး၏ ရုပ်သွင်နှင့် ဝိညာဉ်မှာ လုံးလုံးကို ဖျက်ဆီးခံလိုက်ရပြီး သူ၏ သက်စောင့်စွမ်းအင်မှာလည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ချုပ်ငြိမ်းသွားခဲ့၏။
ဤအံ့မခန်း မြင်ကွင်းက ရွှမ်ခုန်းဘုရားကျောင်းမှ ဘုန်းကြီးများအားလုံးကို လုံးဝ မှင်သက်သွားစေခဲ့သည်။
ဝင်္ကပါတစ်ခုအတွင်း နေရာယူထားသော ကျွမ်းကျင်သည့် ကျင့်ကြံသူများစွာဖြင့် ဝန်းရံခံထားရသော်လည်း ဤ "မိစ္ဆာကျင့်ကြံသူ" သည် သူတို့ကို အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ ဤမျှလောက် ရိုင်းစိုင်းစွာ ပြုမူရဲလိမ့်မည်ဟု သူတို့ ဘယ်သောအခါမျှ မမျှော်လင့်ထားခဲ့ကြချေ။
သူသည် သူတို့၏ မျက်စိရှေ့မှာပင် အကြီးအကဲ ကျင်းချုံး၏ ခေါင်းကို ချေမှုန်းပစ်ခဲ့သည်။
"အကြီးအကဲ ကျင်းချုံး"
ဘုန်းကြီးများစွာမှာ ဝမ်းနည်းစွာဖြင့် အော်ဟစ်လိုက်ကြလေသည်။
တောင်ထိပ်ပေါ်ရှိ တည်ရှိမှု တစ်နည်းအားဖြင့် လုချင်း အနီးကပ် စောင့်ကြည့်နေခဲ့သော တည်ရှိမှုပင်လျှင် လုချင်း၏ ပြတ်သားမှုနှင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ရာတွင် လုံးဝ ရိုင်းစိုင်းစွာပြုမူမှုကြောင့် အံ့အားသင့်သွားသကဲ့သို့ သဲ့သဲ့လေး လှုပ်ခတ်သွားခဲ့လေ၏။
"မိစ္ဆာကျင့်ကြံသူ၊ ရွှမ်ခုန်းဘုရားကျောင်းက မင်းနဲ့ ဘယ်တော့မှ တစ်မြေတည်းနေ တစ်ရေတည်းသောက်မှာ မဟုတ်ဘူးကွ။ ဝင်္ကပါကို အသက်သွင်းကြ။ ငါ့နောက်လိုက်ပြီး ဒီမိစ္ဆာကောင်ကို သတ်ပစ်ကြစမ်း"
အခြေတည်အဆင့် ဘုန်းကြီးတစ်ပါးသည် ဝမ်းနည်းမှုနှင့် ဒေါသတို့ကြောင့် မျက်လုံးများ နီရဲနေပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ အဝါရောင် စက်လုံးပုံစံ ဝိညာဉ်လက်နက်တစ်ခုကို ခေါ်ယူလိုက်တော့၏။
သူ၏ အမိန့်ပေးမှုအောက်တွင် ပတ်ဝန်းကျင်ရှိ ဒေါသထွက်နေသော ဘုန်းကြီးများကလည်း သူတို့၏ သွေးနှင့် ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်လိုက်ကြ၏။ ထို့နောက် သူတို့၏ စွမ်းအားများမှာ ပေါက်ကွဲထွက်လာပြီး ဝင်္ကပါမှတစ်ဆင့် ယှက်နွှယ်သွားကာ ၎င်း၏ အလယ်ဗဟိုရှိ အခြေတည်အဆင့် ဘုန်းကြီးအပေါ်သို့ စုဆုံကျရောက်သွားလေ၏။
မွေးရာပါနယ်ပယ်နှင့် အခြေတည်အဆင့်ရှိ ကျင့်ကြံသူ ရာကျော်၏ ပေါင်းစပ်ထားသော ခွန်အားများမှာ တစ်ဟုန်ထိုး ထွက်ပေါ်လာချိန်၌ လျှို့ဝှက်နယ်မြေအတွင်းရှိ နေရာလွတ်ကိုပင် တုန်ခါသွားစေခဲ့သည်။
ကြီးမားလှသော စွမ်းအားများ သူ့အပေါ်သို့ စုစည်းလာသောအခါ၌ ဝင်္ကပါ၏ အလယ်ဗဟိုရှိ ဘုန်းကြီးမှာ မျက်နှာပင်နီရဲလာခဲ့လေသည်။ သူ၏ရှေ့ရှိ အဝါရောင် စက်လုံးပုံစံ ဝိညာဉ်လက်နက်မှာ ပြင်းထန်သော အလင်းတန်းများ ဖြာထွက်လာပြီး ယင်း၏ စွမ်းအားမှာလည်း တစ်ဟုန်ထိုး မြင့်တက်သွားလေ၏။
ပြီးနောက်၌ ကြီးမားလှသော စက်လုံးပုံစံ စွမ်းအားတစ်ခု ဖြစ်ပေါ်လာပြီး လွှမ်းမိုးနိုင်လွန်းသော အရှိန်အဟုန်ဖြင့် လုချင်းဆီသို့ ဖိနှိပ်လာခဲ့တော့သည်။
ယင်းဝိညာဉ်လက်နက် သူ့ထံသို့ မရောက်မီမှာပင် လုချင်းသည် ကြီးမားလှသော မြေဆွဲအားတစ်ခုက သူ့အပေါ်သို့ ကျဆင်းလာပြီး သူ့ကို အောက်သို့ ဖိချနေသည်ကို ခံစားလိုက်ရ၏။
"မြေကမ္ဘာသွေးကြော သံလိုက်စွမ်းအားလား" လုချင်းက ရေရွတ်လိုက်ပြီး သူ၏ မျက်လုံးများကလည်း အနည်းငယ် ကျဉ်းမြောင်းသွားသည်။
ဤဝင်္ကပါမှတစ်ဆင့် ရွှမ်ခုန်းဘုရားကျောင်းမှ ဘုန်းကြီးများ၏ ပေါင်းစပ်ထားသော စွမ်းအားမှာ ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့် အသွင်ပြောင်းလဲမှု ရွှေအမြုတေ ကျင့်ကြံသူတစ်ဦး၏ စွမ်းအားနှင့် ယှဉ်နိုင်ပေသည်။ ပို၍အားနည်းသော ရွှေအမြုတေ ကျွမ်းကျင်သူတစ်ဦး၊ တစ်နည်းအားဖြင့် အဖြူရောင်ဝတ်စုံနှင့် လူငယ်ကဲ့သို့ အစွမ်းထက်သူတစ်ဦးပင်လျှင် လွတ်မြောက်ရန် ရုန်းကန်ရဖွယ် ရှိပေ၏။
နှစ်သောင်းချီသော အမွေအနှစ်ရှိသည့် အင်အားစုတစ်ခုအနေဖြင့် မျှော်လင့်ထားသည့်အတိုင်းပဲဟု လုချင်းက လေးစားစွာဖြင့် တွေးလိုက်မိလေသည်။
သို့သော် သူတို့က မြေကမ္ဘာသွေးကြော သံလိုက်စွမ်းအားဖြင့် သူ့ကို နှိမ်နင်းနိုင်လိမ့်မည်ဟု ထင်နေပါက သူတို့ လုံးဝကို မှားယွင်းနေပြီပင်။
အတွေးတစ်ချက်ဖြင့် သူ၏ မျက်ခုံးကြားရှိ မြေကမ္ဘာဝိညာဉ်ပုလဲသည် အနည်းငယ် တုန်ခါသွားပြီး အဝါရောင် အလင်းတန်းတစ်ခုက သူ့ကို ဝန်းရံသွားကာ ဖိနှိပ်ထားသော မြေဆွဲအားအား လုံးဝကို ပျက်ပြယ်သွားစေခဲ့တော့၏။
ရွှမ်ခုန်းဘုရားကျောင်းမှ ဘုန်းကြီးများ မတုံ့ပြန်နိုင်မီမှာပင် လုချင်းသည် သူ၏ လက်ကို ဆန့်တန်းလိုက်သည်။ ထို့နောက် ကြီးမားလှသော မြေကမ္ဘာသွေးကြော သံလိုက်စွမ်းအား လှိုင်းလုံးကြီးတစ်ခု ပြန့်ထွက်သွားပြီး ကျောက်စိမ်းစင်မြင့်တစ်ခုလုံးကို မျက်စိတစ်မှိတ်အတွင်းမှာပင် လွှမ်းခြုံသွားလေသည်။
လက်ကောက်ဝတ် တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် ရွှမ်ခုန်းဘုရားကျောင်းမှ ဘုန်းကြီးများအားလုံးသည် လွှမ်းမိုးနိုင်လွန်းသော စွမ်းအားတစ်ခုကြောင့် လေထဲသို့ မြှောက်တင်ခံလိုက်ရသည်ကို ကူကယ်ရာမဲ့စွာဖြင့်သာ တွေ့ရှိလိုက်ကြသည်။
"ထိပ်ပြောင် ဘုန်းကြီးအိုကြီး... ခင်ဗျားက ကိုယ့်ကိုကိုယ် ကိုယ်ထင်မပြချင်ဘူးဆိုမှတော့ ခင်ဗျားရဲ့ တပည့်တွေနဲ့ နောက်လိုက်တွေကို မြေမှုန့်အဖြစ် ပြောင်းပစ်တာကိုပဲ စောင့်ကြည့်နေလိုက်တော့" လုချင်းက တောင်ထိပ်ဆီသို့ လှမ်းကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။
သူ စကားပြောနေစဉ် နောက်ဆုံးရိုက်ချက်ကို ပေးရန်အတွက် သူ၏ လက်ကို မြှောက်လိုက်တော့၏။
"သူတို့ကို ချမ်းသာပေးပါ"
နောက်ဆုံးတွင် တောင်ထိပ်ပေါ်ရှိ တည်ရှိမှုမှာလည်း ဆက်လက်၍ ငြိမ်မနေနိုင်တော့ချေ။ အစွမ်းထက်သော အငွေ့အသက်တစ်ခု ပေါက်ကွဲထွက်လာပြီး ယင်း၏ ဖိအားမှာ ကောင်းကင်ယံသို့ပင် တစ်ဟုန်ထိုး တက်သွားလေ၏။
ထို့နောက်၌ ပုံရိပ်တစ်ခုက လျင်မြန်စွာ ဆင်းသက်လာပြီး ကြီးကျယ်ခမ်းနားသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေလေသည်။
"ဆရာတော်"
လေထဲတွင် တွဲလောင်းဖြစ်နေသော ဘုန်းကြီးများမှာ ရင်းနှီးသော အငွေ့အသက်ကို ခံစားရသောအခါ၌ အလွန်ဝမ်းမြောက်သွားကြပြီး အချို့ဆိုလျှင် ကျယ်လောင်စွာပင် အော်ဟစ်လိုက်ကြသည်။ "ဆရာတော် ဒီမိစ္ဆာကောင်ကို မြန်မြန်သတ်ပေးပါ၊ အကြီးအကဲ ကျင်းချုံးလည်း သူ့လက်ချက်နဲ့ သေသွားပြီဗျ"
သို့သော် လုချင်းက နှာခေါင်းရှုံ့လိုက်သည်။ "အခုမှ ပေါ်လာတာလား။ နောက်ကျသွားပြီ"
ထိုစကားလုံးများ သူ၏ နှုတ်ခမ်းမှ ထွက်ခွာသွားသည်နှင့် သူ၏ လက်ကို အောက်သို့ ဖိချလိုက်တော့၏။
ထိုအခါ၌ လေထဲတွင် တွဲလောင်းကျနေသော ဘုန်းကြီးများမှာ သူတို့၏ ခန္ဓာကိုယ်များ မခံမရပ်နိုင်အောင် လေးလံသွားသည်ကို ရုတ်တရက် ခံစားလိုက်ရလေသည်။ မြေကမ္ဘာသွေးကြော သံလိုက်စွမ်းအား၏ ကြီးမားလှသော ခွန်အားက သူတို့ကို ကြိတ်ချေပစ်လိုက်ရာ ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး အောက်ဘက်ရှိ ကျောက်စိမ်းစင်မြင့်ပေါ်သို့ ပြုတ်ကျသွားကြတော့၏။
ဘုန်း
လုချင်း၏ ကြီးမားလှသော စွမ်းအားအောက်တွင် ကျောက်စိမ်းစင်မြင့်တစ်ခုလုံး တွန့်လိမ်ကောက်ကွေးသွားခဲ့ရသည်။ ရွှမ်ခုန်းဘုရားကျောင်းမှ ဘုန်းကြီးများ၏ ခန္ဓာကိုယ်များမှာ သူတို့၏ ကျင့်ကြံခြင်းအဆင့် မည်သို့ပင်ရှိစေကာမူ ခွဲခြား၍မရနိုင်လောက်အောင် ကြိတ်ချေခံလိုက်ရပြီး ပုံစံများပင်ပျက်ယွင်းသွားခဲ့ကြရ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျယ်ပြန့်လှသော စင်မြင့်ကြီးမှာ သွေးများဖြင့် စိုရွှဲသွားပြီး သေဆုံးခြင်း၏ အနံ့အသက်များမှာလည်း လေထဲတွင် ထူထပ်နေကာ ငရဲပြည်မှ မြင်ကွင်းတစ်ခုနှင့်ပင် တူနေလေတော့သည်။
မွေးရာပါနယ်ပယ်ဖြစ်စေ၊ အခြေတည်အဆင့်ဖြစ်စေ၊ ဘုန်းကြီးတိုင်းမှာ ခြွင်းချက်မရှိ သတ်ဖြတ်ခံလိုက်ရလေပြီပင်။
ဘုန်း
ပုံရိပ်တစ်ခုက လေထဲတွင် ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ အကြည့်များမှာ အောက်ဘက်ရှိ ရွံရှာဖွယ် မြင်ကွင်းပေါ်တွင် စူးစိုက်နေလေသည်။ သတ်ဖြတ်မှုများကြားတွင် ရပ်နေသော လူမှာ လုချင်းပင် ဖြစ်၏။
"ထိပ်ပြောင် ဘုန်းကြီးအိုကြီး... ခင်ဗျားက နောက်ဆုံးတော့ ထွက်လာဖို့ ဆုံးဖြတ်လိုက်ပြီလား" လုချင်းက ထိုပုံရိပ်ဆီသို့ မော့ကြည့်လိုက်သည်။
ထိုပုံရိပ်မှာ သင်္ကန်းကို ဝတ်ဆင်ထားသော ဝဝဖိုင့်ဖိုင့် ဘုန်းကြီးတစ်ပါးဖြစ်ပြီး သူ၏အသားအရေမှာ ကလေးငယ်တစ်ဦးကဲ့သို့ ချောမွေ့ကာ နီရဲနေလေ၏။
သို့သော် ကျောင်းထိုင်ဆရာတော်၏ မျက်လုံးများမှာ သူ၏ ကျဆုံးသွားသော တပည့်များ၏ သက်မဲ့ခန္ဓာကိုယ်များပေါ်တွင်သာ ဝမ်းနည်းမှုများဖြင့် ငေးကြည့်နေလေသည်။ ရွှမ်ခုန်းဘုရားကျောင်း ပြီးဆုံးသွားပြီဖြစ်ကြောင်း သူ သိလိုက်ပါ၏။
ဤစင်မြင့်သည် တစ်ချိန်က ဂိုဏ်း၏ အထက်တန်းအကျဆုံး ကျင့်ကြံသူများ၏ နေအိမ်ဖြစ်ခဲ့သည်။ ယခုအခါ သူတို့အားလုံး လုချင်း၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
သူ လုချင်းကို သတ်နိုင်ခဲ့လျှင်ပင် တပည့်များစွာ သေဆုံးသွားခြင်းက ရွှမ်ခုန်းဘုရားကျောင်း၏ မလွဲမသွေ ကျဆင်းမှုကို သေချာစေခဲ့သည်။
နှစ်သောင်းချီ၍ တည်ဆောက်ခဲ့သော ဂိုဏ်း၏ အခြေခံအုတ်မြစ်မှာ သူ၏ စောင့်ကြည့်မှုအောက်တွင် ဖျက်ဆီးခံလိုက်ရသည်ဟူသော အတွေးက ဆရာတော်အား အကြမ်းဖက်လိုသော ဒေါသများဖြင့် ပြည့်နှက်သွားစေခဲ့သည်။ သူ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းသွားပြီး လုချင်းကို စူးစိုက်ကြည့်နေလေသည်။
"မိစ္ဆာကျင့်ကြံသူ၊ ရွှမ်ခုန်းဘုရားကျောင်းက မင်းနဲ့ ဘာရန်ငြိုးတွေများ ရှိလို့ ငါတို့ကို မျိုးတုံးသတ်ဖြတ်တဲ့အထိ လုပ်ရတာလဲ"
"ရန်ငြိုးလား" လုချင်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ "ခင်ဗျား မေ့သွားတာကလည်း ပုံမှန်ပါပဲ။ ရွှမ်ခုန်းဘုရားကျောင်းရဲ့ မကောင်းမှုတွေက ရေတွက်လို့တောင် မနိုင်ဘူးလေ။
တကယ်လို့ ခင်ဗျားရဲ့ ရန်သူတွေကို ခင်ဗျား မမှတ်မိတော့ဘူးဆိုရင်လည်း ကျုပ်ပဲ ရှင်းပြရတာပေါ့။ ဒီနေ့ ကျုပ်က ကောင်းကင်ဘုံရဲ့အလိုတော်ကို ထိန်းသိမ်းဖို့ လာခဲ့တာပဲ"
"ကောင်းကင်ဘုံရဲ့ အလိုတော်ကို ထိန်းသိမ်းဖို့ ဟုတ်လား" ဆရာတော်က ဒေါသတကြီး ရယ်မောလိုက်၏။ "အဲဒီလိုဆိုရင် မင်းကို အရင်ဆုံး ငါ ဖျက်ဆီးပစ်မယ်၊ မိစ္ဆာကောင်"
ပြီးနောက်တွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုက ဆရာတော်ထံမှ ပေါက်ကွဲထွက်လာပြီး သူ၏ တည်ရှိမှုမှာ ပိုပို၍အားကောင်းလာကာ လုချင်းအောက်ရှိ ကျောက်စိမ်းစင်မြင့်မှာ လည်း စတင်တွန့်လိမ်လာခဲ့တော့၏။
စင်မြင့်ပေါ်တွင် ကျဆင်းနေသော သွေးများမှာ ကျဆုံးသွားသော ဘုန်းကြီးများ၏ အလောင်းများနှင့်အတူ မြေကြီးထဲသို့ စိမ့်ဝင်သွားလေသည်။
ဆရာတော်၏ အငွေ့အသက်မှာ တစ်ဖန် ပြန်ပြီးမြင့်တက်လာပြီး အမည်းရောင် ချီစွမ်းအင်များက သူ့ကို ဝန်းရံလာခဲ့၏။
"ဝိညာဉ်လက်နက် တစ်ခုလား"
ထိုစဉ် ပုံမှန်မဟုတ်သော အခြေအနေ၏ အရင်းအမြစ်ကို လုချင်း သဘောပေါက်သွားခဲ့သည်။
"ဒါဆို ဒီလျှို့ဝှက်နယ်မြေကို ထိန်းသိမ်းထားတဲ့ ရွှမ်ခုန်းဘုရားကျောင်းရဲ့ ဝိညာဉ်လက်နက်က တောင်ကြီးကိုယ်တိုင်နဲ့ ပေါင်းစပ်ထားတာပေါ့လေ။
ခင်ဗျားက အချိန်ဆွဲပြီး အဲဒီရဲ့ စွမ်းအားကနေတစ်ဆင့် ခင်ဗျားရဲ့ အဆင့်ကို တည်ငြိမ်အောင် လုပ်နေခဲ့တာကိုး"
လုချင်းသည် ဆရာတော်ဆီသို့ ဓားစွမ်းအင် ခုတ်ချက်တစ်ခုကို ပေါ့ပေါ့ပါးပါး ထုတ်လွှတ်လိုက်သည်။
ထိုစွမ်းအင် မရောက်မီမှာပင် ဆရာတော်၏ ပတ်ဝန်းကျင်တွင် အလင်းတန်းတစ်ခု ပေါ်လာပြီး တိုက်ခိုက်မှုကို လမ်းလွှဲသွားစေခဲ့၏။
"ဝိညာဉ်လက်နက် အကာအကွယ်တစ်ခုပဲ" လုချင်းက မှတ်ချက်ချလိုက်သည်။
သူတို့အောက်ရှိ တောင်ကြီး၏ အခြေခံအုတ်မြစ်ကို သူ မဖျက်ဆီးနိုင်သရွေ့ ဝိညာဉ်လက်နက်၏ ကာကွယ်ရေးကို ချိုးဖျက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
အမည်းရောင် ချီစွမ်းအင်များ သူ့ကို ဝန်းရံလာသည်နှင့်အမျှ ကျောင်းထိုင်ဆရာတော်၏ အငွေ့အသက်မှာလည်း ပိုပို၍မတည်မငြိမ် ဖြစ်လာသည်ကို မြင်လိုက်ရသောအခါ၌ လုချင်းသည် ကောင်းကင်ယံသို့ လျင်မြန်စွာ ရွေ့လျားသွားတော့၏။
သူသည် ရှေးဟောင်း ဒယ်အိုးငယ်လေးတစ်ခုကို ခေါ်ယူလိုက်ရာ ယင်းသည် သူ၏ရှေ့တွင် လွင့်မျောနေရင်း လျင်မြန်စွာ ကြီးထွားလာလေတော့၏။
....
အခန်း ၄၃၄ - ဝိညာဉ်လက်နက်များ၏ ထိပ်တိုက်ရင်ဆိုင်မှု၊ ကမ္ဘာမြေကို တုန်လှုပ်စေသော တိုက်ပွဲကြီး
လေထဲတွင် ရွှမ်ခုန်းဘုရားကျောင်း ကျောင်းထိုင်ဆရာတော်၏ ဝိညာဉ်ရေးရာ ဖိအားများ ဆက်လက်မြင့်တက်လာသည်နှင့်အမျှ လုချင်းသည်လည်း အချိန်မဆွဲတော့ဘဲ လီဟော်ဒယ်အိုးကို ခေါ်ယူလိုက်တော့၏။
ဤလျှို့ဝှက်နယ်မြေကို နှစ်သောင်းချီ၍ ဖိနှိပ်ထားသော ရွှမ်ခုန်းဘုရားကျောင်း ဝိညာဉ်လက်နက်သည် လျှို့ဝှက်နယ်မြေကိုယ်တိုင်၏ နေရာလွတ်နှင့် နက်ရှိုင်းစွာ ယှက်နွှယ်နေလေသည်။
ယင်း၏ ဖိနှိပ်မှုကို ချိုးဖျက်ရန်မှာ လွယ်ကူမည်မဟုတ်ချေ။
ထို့ကြောင့် လုချင်းသည် သူ၏ကိုယ်ပိုင် ဝိညာဉ်လက်နက်ဖြင့် ၎င်းကို ရင်ဆိုင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
သူ၏ လက်ရှိ ကျင့်ကြံခြင်းဖြင့် လုချင်း၏ ခွန်အားမှာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ပြီးပြည့်စုံသော ရွှေအမြုတေကို ဖွဲ့စည်းထားသူတစ်ဦးအနေဖြင့် သူ၏ ဝိညာဉ်စွမ်းအား သန့်စင်မှုမှာ ရွှေအမြုတေအဆင့်၏ တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်ရှိ ကျင့်ကြံသူများထက်ပင် သာလွန်နေပေ၏။
လီဟော်ဒယ်အိုးကို ထုတ်လွှတ်လိုက်သောအခါ၌ ၎င်းသည် လက်မအရွယ်အစားရှိသော ပုံစံမှ လေထဲတွင် လျင်မြန်စွာ ကြီးထွားလာပြီး တောင်ငယ်လေးတစ်လုံး အရွယ်အစားအထိ ကြီးမားလာခဲ့လေသည်။
ယင်းမှ ထုတ်လွှတ်လိုက်သော အငွေ့အသက်မှာ ကြောက်မက်ဖွယ်ကောင်းလှပြီး ပတ်ဝန်းကျင်ရှိ လျှို့ဝှက်နယ်မြေ၏ နေရာလွတ်မှာ ဖိအားကို မခံနိုင်တော့သည့်အလား စတင်တုန်ခါလာခဲ့တော့၏။
ထို့နောက်၌ နက်ရှိုင်းသော ဟိန်းဟောက်သံကြီးတစ်ခု ပဲ့တင်ထပ်သွားလေသည်။
ဒယ်အိုး၏ အဝကနေ အစိမ်းရောင် မီးတောက်များ ရစ်ပတ်ထားသော ဦးချိုပါ နဂါးကြီးတစ်ကောင် ထွက်ပေါ်လာပြီးနောက် ဒယ်အိုးကို ရစ်ပတ်လိုက်၏။ ယင်း၏ မီးအိမ်ကဲ့သို့သော မျက်လုံးများက အောက်ဘက်ရှိ ရွှမ်ခုန်းဘုရားကျောင်း ကျောင်းထိုင်ဆရာတော်ကို စူးစိုက်ကြည့်နေလေသည်။
သူ၏ ပုံစံအစစ်အမှန်ဖြစ်သော နဂါးကြီးအဖြစ်ဖြင့် ရှိနေသော ယန်မှာ ဝမ်းသာအားရ ဖြစ်နေပုံပင်။
သူသည် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကြာအောင် ပိတ်လှောင်ခံထားရသည်။ ယခုအခါတွင်တော့ သူသည် သူ၏ ပုံစံအစစ်အမှန်ကိုတောင် ပြန်၍ အသွင်ပြောင်းနိုင်နေပြီဖြစ်ပြီး သူ၏ ယခင်က လွှမ်းမိုးနိုင်စွမ်းကိုလည်း ပြန်၍ရယူနိုင်နေပြီ ဖြစ်သည်။
ထို့အပြင် ဤတစ်ကြိမ် သူ၏ ပြန်ပြီးပေါ်ထွက်လာမှုမှာ ရှေးဟောင်း မသေမျိုးခေတ်၏ အမွေအနှစ်တစ်ခုဖြစ်သော ရွှမ်ခုန်းဘုရားကျောင်းနှင့် ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုဖြင့် မှတ်တမ်းဝင်သွားမည်ပင်။
ယန်၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများနှင့်သာ ပြည့်လျှံနေတော့၏။
....
"အဲဒါ ဘာကြီးလဲ"
ကြီးမားလှသော ဒယ်အိုးကြီး ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ၌ အကြီးအကဲယွဲ့၏ အသံမှာ တုန်ရီနေပြီး အော်ဟစ်လိုက်တော့၏။
"အဲဒါက ဝိညာဉ်လက်နက်တစ်ခုပဲ၊ ပြီးတော့ မယုံနိုင်လောက်အောင် အစွမ်းထက်တဲ့ တစ်ခုပဲ"
ကောင်းကင်ယံကို အနီးကပ် စောင့်ကြည့်နေသော ဝူကျန့်မျှော်စင်၏ မျှော်စင်သခင်သည်ပင် သူ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။ အထက်တွင် ဖြစ်ပျက်နေသည်များကို ပို၍ရှင်းလင်းစွာ မြင်နိုင်ရန် လျှို့ဝှက် အမြင်အာရုံ နည်းစနစ်တစ်ခုကို သူ အသက်သွင်းလိုက်ရာ သူ၏ မျက်လုံးများမှ အမည်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
"တစ်ယောက်ယောက်က ရွှမ်ခုန်းဘုရားကျောင်းကို တိုက်ခိုက်နေတာပဲ။ အဲဒါကလည်း ဟိုသရဲမျက်နှာဖုံးရှင်ပဲ"
"ဘာ.... ရွှမ်ခုန်းဘုရားကျောင်းကို တိုက်ခိုက်နေတာလား"
အကြီးအကဲယွဲ့မှာ ပို၍ပင် အံ့အားသင့်သွားခဲ့ရသည်။ အဓိက လျှို့ဝှက်နယ်မြေ လေးခုအနက်မှ တစ်ခုကို တစ်စုံတစ်ယောက်က ကျူးကျော်ဝင်ရောက်နိုင်လိမ့်မည်ဟု သူ မယုံကြည်နိုင်သလောက်ပင် ဖြစ်နေပြီး ရွှမ်ခုန်းဘုရားကျောင်းကိုယ်တိုင်ကို စိန်ခေါ်ရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်သလောက်ပင်။
"ဟုတ်တယ်၊ ခုနက ဘာလို့ ဒီလောက်တောင် ကြီးမားတဲ့ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့လဲဆိုတာ အံ့သြစရာ မဟုတ်တော့ဘူးပဲ။ အဲဒီသရဲမျက်နှာဖုံးရှင်က ရွှမ်ခုန်းဘုရားကျောင်းအပေါ်မှာ ကြီးမားတဲ့ ဖိအားတွေ ပေးနေတဲ့ပုံပဲ"
မျှော်စင်သခင်မှာ အံ့အားသင့်နေသော်လည်း သူ၏ လေသံတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပါဝင်နေလေသည်။ "ဒါက ငါတို့ရဲ့ အခွင့်အရေး ဖြစ်နိုင်တယ်
တကယ်လို့ ဟိုသရဲမျက်နှာဖုံးရှင်နဲ့ ရွှမ်ခုန်းဘုရားကျောင်းသာ တိုက်ပွဲမှာ အချင်းချင်း အားကုန်သွားမယ်ဆိုရင်...
ဒီလျှို့ဝှက်နယ်မြေကနေ လွတ်မြောက်ဖို့ ငါတို့ အခွင့်အရေးရနိုင်တယ်"
"လျှို့ဝှက်နယ်မြေကနေ လွတ်မြောက်ဖို့လား"
ဤစကားကို ကြားသောအခါ အကြီးအကဲယွဲ့သည်လည်း အလားတူပင် စိတ်လှုပ်ရှားသွားခဲ့လေ၏။
ဤကျိန်စာသင့်နေသော နေရာမှ ထွက်ခွာခြင်းမှာ မျိုးဆက်ပေါင်းများစွာသော ဝူကျန့်မျှော်စင် လုပ်ကြံသူများ၏ အိပ်မက်တစ်ခု ဖြစ်ခဲ့သည်။
အကယ်၍ သူတို့သာ တကယ် ထွက်ခွာနိုင်မည်ဆိုလျှင် မည်သည့်တန်ဖိုးကိုမဆို ပေးဆပ်မည်ပင်။
"အခုဆို အဲဒီသရဲမျက်နှာဖုံးရှင်က ရွှမ်ခုန်းဘုရားကျောင်းကို ဘယ်လောက်အထိ တွန်းအားပေးနိုင်မလဲဆိုတာအပေါ်မှာပဲ မူတည်တော့တယ်"
မျှော်စင်သခင်သည် သူ၏ နှလုံးသားထဲတွင် တိတ်တဆိတ် ဆုတောင်းနေလေတော့၏။
ထိုအချိန်တွင် အထက်ရှိ ကောင်းကင်ဘုံ အနှောင့်အယှက်များကြောင့် လန့်ဖြန့်နေကြသော အခြားလုပ်ကြံသူများသည် မျှော်စင်သခင်၏ စကားများကို ကြားလိုက်ရပြီး မျှော်လင့်ချက်များ တစ်ဟုန်ထိုး မြင့်တက်လာသည်ကို ခံစားလိုက်ရလေသည်။
ဝူကျန့်မျှော်စင်၏ အဖွဲ့ဝင်များမှာ ပို၍စိတ်လှုပ်ရှားလာသည်နှင့်အမျှ အထက်ရှိ တိုက်ပွဲမှာလည်း အံ့မခန်း အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့လေ၏။
လုချင်းသည် လီဟော်ဒယ်အိုးကို ထုတ်လွှတ်လိုက်ပြီး ယင်း၏ ကြီးမားလှသော စွမ်းအားကို လမ်းကြောင်းပေးလိုက်သောအခါ၌...
ရွှမ်ခုန်းဘုရားကျောင်း ဆရာတော်သည်လည်း သူ၏ လျှို့ဝှက်နည်းစနစ်အတွက် ဂါထာရွတ်ဆိုခြင်းကို ပြီးစီးသွားခဲ့ပြီး သူ၏ အငွေ့အသက်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့တော့သည်။
လုချင်း၏ ဝိညာဉ်ရေးရာ အာရုံခံစားမှုများမှတစ်ဆင့် ကျောင်းထိုင်ဆရာတော်၏ စွမ်းအားမှာ သူ ယခင်က ရင်ဆိုင်ခဲ့ရသော မီးခိုးရောင်ဝတ်စုံနှင့် လူငယ်ထက် အားမနည်းကြောင်း သူ သိနိုင်လေ၏။
"မိစ္ဆာကောင်၊ နှစ်သောင်းချီပြီး တည်ဆောက်ထားတဲ့ ရွှမ်ခုန်းဘုရားကျောင်းရဲ့ အခြေခံအုတ်မြစ်ကို မင်းကများ ဖျက်ဆီးရဲတယ်ပေါ့လေ။ ဒီနေ့ ငါက ဒီသွေးကြွေးကို ဆပ်ဖို့ မင်းရဲ့ အသက်ကို ယူပစ်မယ်ကွ"
ကျောင်းထိုင်ဆရာတော်သည် ယခုအခါ၌ အမည်းရောင် ချီစွမ်းအင်များဖြင့် ဖုံးလွှမ်းနေလေပြီပင်။ သူ၏ မျက်နှာမှာ အရောင်နှစ်မျိုးရှိသော မျက်နှာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဘယ်ဘက်မှာ အနီရောင်ဖြစ်ကာ ညာဘက်မှာ အမည်းရောင်ဖြစ်နေပြီး သရဲတစ္ဆေဆန်သော၊ အန္တရာယ်ရှိလှသည့် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေလေ၏။
ယခုအချိန်၌ အေးချမ်းတည်ငြိမ်သော ဘုန်းကြီးတစ်ပါး၏ အမူအကျင့်မှာ လုံးလုံးကို ပျောက်ကွယ်သွားခဲ့လေပြီပင်။ သူ၏ ရုပ်သွင်မှာ မကောင်းဆိုးဝါး မိစ္ဆာတစ်ကောင်နှင့်တောင် တူနေလေပြီဖြစ်၏။
"သွား"
ကျောင်းထိုင်ဆရာတော်၏ ဒေါသတကြီး ဟိန်းဟောက်သံကို တုံ့ပြန်သည့်အနေဖြင့် လုချင်း၏ မျက်နှာအမူအရာမှာ အနည်းငယ်မျှပင် မပြောင်းလဲခဲ့ချေ။
သူသည် လက်သင်္ကေတတစ်ခုကို ပြုလုပ်လိုက်ပြီး အောက်သို့ ညွှန်ပြလိုက်၏။
ချက်ချင်းပင် မိုးခြိမ်းသံကဲ့သို့ နဂါးဟိန်းဟောက်သံကြီးက ကောင်းကင်ယံကို တုန်လှုပ်သွားစေခဲ့သည်။
ယခုအခါ ၎င်း၏ စွမ်းရည်အပြည့်အဝကို အသုံးပြုနေပြီဖြစ်သော ဦးချိုပါ နဂါးကြီးသည် လီဟော်ဒယ်အိုးကို တားဆီး၍မရသော အရှိန်အဟုန်ဖြင့် ရှေ့သို့ တွန်းပို့ကာ ကောင်းကင်ယံမှ အောက်သို့ ရိုက်ချလိုက်စဉ် စိတ်လှုပ်ရှားစွာဖြင့် ဟိန်းဟောက်လိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဒယ်အိုးသည် ကျောင်းထိုင်ဆရာတော်၏ ကျောက်စိမ်းစင်မြင့်ကို ရိုက်ခတ်သွားလေသည်။
နောက်ဆုံးစက္ကန့်လေးမှာပင် ကြီးမားလှသော ရွှမ်ခုန်းဘုရားကျောင်းမှ တောက်ပသော အကာအရံတစ်ခု ထွက်ပေါ်လာပြီး လီဟော်ဒယ်အိုးကို ခုခံရန် အထက်သို့ တက်လာခဲ့၏။
ဘုန်း
ယင်းတိုက်မိမှုမှာ ကမ္ဘာမြေကိုတောင် တုန်လှုပ်စေခဲ့သည်။
တောင်အရွယ်အစားရှိ လီဟော်ဒယ်အိုးသည် လွင့်မျောနေသော တောင်ကြီးကို ဝင်တိုက်မိသွားရာ ကမ္ဘာမြေကို ဝင်တိုက်မိသော ဥက္ကာပျံတစ်ခုနှင့်ပင် ခပ်ဆင်ဆင်ဖြစ်နေလေ၏။
ရိုက်ခတ်မှု၏ လွှမ်းမိုးနိုင်လွန်းသော စွမ်းအားက အပြင်ဘက်သို့ ပေါက်ကွဲထွက်လာပြီး ယင်း၏ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
ပတ်ဝန်းကျင်ရှိ နေရာလွတ်ပင်လျှင် စတင်တွန့်လိမ်လာပြီး ပြဲထွက်လာကာ လွှစာသွားပုံစံ အမည်းရောင် အက်ကွဲကြောင်းများ ပေါ်လာခဲ့လေ၏။
ဤဝိညာဉ်လက်နက် နှစ်ခု၏ ထိပ်တိုက်ရင်ဆိုင်မှုမှာ လျှို့ဝှက်နယ်မြေ ခံနိုင်ရည်ရှိသည်ထက် များစွာ သာလွန်နေပြီး နေရာလွတ်ကိုယ်တိုင်ကိုပင် ပေါက်ပြဲသွားစေခဲ့ကြောင်း ရှင်းလင်းလှပေသည်။
ရလဒ်အနေဖြင့် ဖြစ်ပေါ်လာသော တုန်ခါမှုလှိုင်းများသည် ကောင်းကင်မှ မြေကြီးဆီသို့ ပျံ့နှံ့သွားပြီး ကျယ်ပြန့်သော တောင်တန်းများနှင့် တောင်ကြားများကို မြေပြင်နှင့် တစ်ပြေးညီ ဖြစ်သွားစေခဲ့၏။
"မကောင်းတော့ဘူး အားလုံးပဲ၊ ဝပ်နေကြ"
သူ၏ လျှို့ဝှက် အမြင်အာရုံ နည်းစနစ်မှတစ်ဆင့် တိုက်ပွဲကို စောင့်ကြည့်နေခဲ့သော မျှော်စင်သခင်သည် ဖြူရော်နေသော မျက်နှာဖြင့် ရုတ်တရက် အော်ဟစ်လိုက်သည်။
အခြားလုပ်ကြံသူများသည် အပြည့်အဝ နားမလည်ကြသော်လည်း မျှော်စင်သခင်အပေါ် သူတို့၏ ယုံကြည်မှုက သူတို့ကို အလိုလိုပင် မြေကြီးပေါ်သို့ ဝပ်ချသွားစေခဲ့၏။
စက္ကန့်ပိုင်းလေးအတွင်းမှာပင် ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားလှသော စွမ်းအားလှိုင်းတစ်ခုက ကောင်းကင်ယံမှ ဆင်းသက်လာပြီး ယင်း၏ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို အမှုန့်ကြိတ်ပစ်လိုက်တော့၏။
ကံဆိုးသော လုပ်ကြံသူအချို့မှာ လေထဲသို့ လွင့်စင်သွားကြပြီး သွေးများ အန်ထုတ်ကာ သူတို့၏ ကံကြမ္မာမှာလည်း မသေချာတော့ချေ။
ဖုန်မှုန့်များ နောက်ဆုံးတွင် ငြိမ်သက်သွားသောအခါ၌ ဝူကျန့်မျှော်စင်၏ အသက်ရှင်ကျန်ရစ်သူများသည် အားယူ၍ ထရပ်လိုက်ကြသော်လည်း သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် လုံးဝကိုမှင်သက်သွားကြတော့၏။
မျိုးဆက်ပေါင်းများစွာ သူတို့၏ နေအိမ်ဖြစ်ခဲ့သော သူတို့၏ စခန်းချရာနေရာမှာ ယခုအခါ လူသူကင်းမဲ့သော လွင်တီးခေါင်ပြင်တစ်ခုသာ ဖြစ်နေလေပြီပင်။
မရေမတွက်နိုင်သော ရဲဘော်ရဲဘက်များမှာ ပြုတ်ကျလာသော ကျောက်တုံးကြီးများနှင့် သစ်ပင်ကြီးများအောက်တွင် ပိမိနေပြီး သူတို့၏ ခန္ဓာကိုယ်များမှာလည်း ခွဲခြား၍မရနိုင်လောက်အောင် ကျိုးပဲ့နေလေ၏။
"ဒါက... ဘာလဲ"
လုပ်ကြံသူများသည် ပျက်စီးယိုယွင်းမှုများကို ဘာမှမတွေးနိုင်တော့ဘဲ ဒီတိုင်းသာ စိုက်ကြည့်နေကြမိပြီး ယခုလေးတင် ဖြစ်ပျက်သွားခဲ့သည်ကို နားမလည်နိုင်အောင် ဖြစ်နေကြလေသည်။
"မျှော်စင်သခင်"
အကြီးအကဲယွဲ့သည် မြေကျင်းတစ်ခုထဲမှ တွားသွားထွက်လာပြီး စိုးရိမ်တကြီး အော်ခေါ်လိုက်သည်။
သို့သော် မျှော်စင်သခင်ကတော့ သူ့ကို လျစ်လျူရှုထားလိုက်လေသည်။ ဖုန်မှုန့်များနှင့် မြေကြီးများဖြင့် ဖုံးလွှမ်းနေသော မျှော်စင်သခင်သည် နားလည်၍မရနိုင်သော အရာတစ်ခုကို မြင်တွေ့လိုက်ရသည့်အလား ပြူးကျယ်နေသော ကြောက်လန့်ဖွယ် မျက်လုံးများဖြင့် ကောင်းကင်ယံကို စိုက်ကြည့်နေ၏။
သူ၏ အကြည့်လမ်းကြောင်းအတိုင်း လိုက်ကြည့်လိုက်ရာ အကြီးအကဲယွဲ့သည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ပြီးနောက်တွင်တော့ တောင့်တင်းသွားခဲ့ရတော့၏။
အခြားလုပ်ကြံသူများကလည်း အလားတူ လိုက်လုပ်ကြရာ သူတို့ မြင်တွေ့လိုက်ရသောအရာက သူတို့အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။
ရှေးပဝေသဏီကတည်းက သူတို့အထက်တွင် လွင့်မျောနေခဲ့ပြီး အံ့သြကြည်ညိုမှုနှင့် ခမ်းနားကြီးကျယ်မှုတို့၏ သင်္ကေတတစ်ခုဖြစ်ခဲ့သော တစ်ချိန်က အစွမ်းထက်သည့် ရွှမ်ခုန်းဘုရားကျောင်းမှာ ယခုအခါတွင်တော့ ကြီးမားလှသော အစိတ်အပိုင်းကြီးတစ်ခု ပျောက်ဆုံးနေလေပြီပင်။ တောင်ကြီး၏ သုံးပုံတစ်ပုံခန့်မှာ ကြီးမားလှသော သားရဲကြီးတစ်ကောင်က ကိုက်ဖြတ်သွားသည့်အလား လုံးဝ ပျက်စီးသွားခဲ့လေပြီဖြစ်၏။
ကျောက်စရစ်ခဲများနှင့် အပျက်အစီးများမှာ ကောင်းကင်ယံမှ ဆက်လက်ကျဆင်းနေပြီး ကမ္ဘာပျက်မတတ် ပျက်စီးယိုယွင်းနေသော မြင်ကွင်းတစ်ခုကို ဖန်တီးနေလေသည်။
ဝူကျန့်မျှော်စင်၏ လုပ်ကြံသူများသည် ဤကဲ့သို့သော စွမ်းအားမျိုးကို ယခင်က တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။ ၎င်းက ခွန်အားနှင့် ပတ်သက်သော သူတို့၏ နားလည်မှုများအား လုံးလုံးကိုရိုက်ချိုးပစ်လိုက်၏။
ဤအခိုက်တွင် သူတို့၏ နှလုံးသားထဲတွင် ဇဝေဇဝါဖြစ်မှုများနှင့်အတူ အတွေးတစ်ခုတည်းသာ ပဲ့တင်ထပ်နေလေသည်။
"ဘာတွေဖြစ်သွားခဲ့တာလဲ"
...
"အားးးးးး မိစ္ဆာကောင်၊ ငါ မင်းနဲ့အတူ သေပစ်မယ်"
သူတို့၏ တွေဝေမိန်းမောမှုများကြားတွင် သွေးပျက်စရာကောင်းလောက်အောင် အော်ဟစ်သံကြီးတစ်ခုက လေထုကို ထိုးဖောက်သွားလေသည်။
လက်စားချေလိုသော သရဲတစ္ဆေတစ်ကောင်ကဲ့သို့ စူးရှပြီး အရိုးခိုက်မတတ် အေးစက်သော ထိုအသံက ကြားလိုက်ရသူတိုင်း၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေခဲ့လေတော့၏။
...