← Chapters

အခန်း (၄၃၅-၄၃၆)

Vol. 44 Ch. 435-436

အခန်း (၄၃၅-၄၃၆)

Vol. 44 Ch. 435-436

အခန်း ၄၃၅ - ခန္ဓာကိုယ်ရော ဝိညာဉ်ကိုပါ သတ်ဖြတ်ခြင်း၊ ရွှမ်ခုန်းဘုရားကျောင်း ကျဆုံးခြင်း။

"လန်းဆန်းသွားတာပဲကွာ။ ဒီလောက် စိတ်လှုပ်ရှားစရာ ကောင်းတာမျိုး မခံစားရတာ တော်တော်တောင်ကြာပြီ"

အထက်ရှိ ကောင်းကင်ယံတွင် လီဟော်ဒယ်အိုးသည် လူတစ်ယောက်အရွယ်အစားသို့ ကျုံ့ဝင်သွားပြီးနောက် လုချင်း၏ဘေးတွင် ပြန်ပြီးလွင့်မျောနေလေသည်။ ရစ်ခွေနေသော နဂါးတစ်ကောင်၏ ပုံစံဖြင့် ရှိနေသော ယန်သည် ဒယ်အိုးကို ရစ်ပတ်ထားဆဲဖြစ်ပြီး ၎င်း၏ မျက်လုံးများမှာတော့ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေလေသည်။

သူပျက်စီးသွားခဲ့သည့် လွန်ခဲ့သော နှစ်သောင်းချီကတည်းက သူ၏ စွမ်းအားကို ဤမျှ လွတ်လပ်စွာ မထုတ်လွှတ်နိုင်ခဲ့ချေ။ သို့သော်...

"အဲ့ဒီဘုန်းကြီးအိုကြီးက အသက်ရှင်နေသေးတာလား" ယန်က အောက်ဘက်သို့ လှမ်းကြည့်လိုက်ပြီး အံ့အားသင့်သွားလေ၏။

မကြာမီက ရိုက်ချက်သည် ၎င်း၏ အထွတ်အထိပ် စွမ်းအား၏ ဆယ်ပုံတစ်ပုံကို ထုတ်လွှတ်လိုက်ခြင်းပင်။ ရွှေအမြုတေအဆင့်သို့ ယခုလေးတင် ဝင်ရောက်ထားသူတစ်ဦးအတွက် ရှင်သန်နိုင်ခြင်းမှာ တကယ်ကို မှတ်သားလောက်ဖွယ် ဖြစ်ပေသည်။

လုချင်း၏ အကြည့်များမှာလည်း အောက်ဘက်သို့ စူးစိုက်နေလေ၏။ ကြီးမားလှသော ကျောက်စိမ်းစင်မြင့်မှာ ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားပြီဖြစ်ပြီး ကြီးမားလှသော တွင်းကြီးတစ်ခုသာ ကျန်ရစ်ခဲ့တော့၏။

တွင်းကြီးအတွင်းတွင် ရွှမ်ခုန်းဘုရားကျောင်း၏ ကျောင်းထိုင်ဆရာတော်သည် လုံးဝ ပျက်စီးယိုယွင်းနေသော အခြေအနေဖြင့် လဲလျောင်းနေလေသည်။ သူ၏ ခန္ဓာကိုယ် တစ်ဝက်မှာ လုံးဝ ပျက်စီးသွားပြီဖြစ်ပြီး ကျန်ရှိနေသော တစ်ဝက်မှာလည်း အရည်ပျော်လုနီးပါး လောင်ကျွမ်းနေလေ၏။ သူ၏ ခေါင်းသာလျှင် အကောင်းပကတိ ကျန်ရှိနေခဲ့၏။

ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး၏ ပြိုင်ဘက်ကင်းသော သက်စောင့်စွမ်းအင်သာ မရှိခဲ့လျှင် သူ၏ ရုပ်သွင်နှင့် ဝိညာဉ်မှာ လုံးဝ ဖျက်ဆီးခံရမည်ပင်။

သို့သော် ရှင်သန်နေသော်ငြား ကျောင်းထိုင်ဆရာတော်မှာ ပြင်းထန်စွာ ဒဏ်ရာရနေပါ၏။ သူ၏ ဝိညာဉ်စွမ်းအား ရွှေအမြုတေမှာ ကွဲအက်လုနီးပါးဖြစ်နေပြီး သူ၏ မျက်ခုံးကြားနေရာမှာ ပြိုလဲလုနီးပါး ဖြစ်နေလေသည်။

ဤကဲ့သို့သော ဒဏ်ရာများသည် ကျင့်ကြံခြင်း ကျဆင်းမှုကို သေချာစေပေလိမ့်မည်။ သူ ပြန်ပြီးကောင်းမွန်လာလျှင်ပင် သူ၏ အနာဂတ် တိုးတက်မှုများမှာ ထာဝရ ပျက်စီးသွားပြီ ဖြစ်သည်။

တွင်းကြီးထဲတွင် လဲလျောင်းနေပြီး အနည်းငယ်မျှပင် ထိခိုက်မှုမရှိသော လုချင်းကို ကြည့်ရင်း ကျောင်းထိုင်ဆရာတော်၏ နှလုံးသားထဲတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေလေသည်။

ဤမိစ္ဆာကောင်က ဤမျှလောက် အစွမ်းထက်လိမ့်မည်ဟု သူ ဘယ်သောအခါမျှ စိတ်ကူးမထားခဲ့ဖူးချေ။ သူ၏ ဂိုဏ်းမှ တားမြစ်ထားသော နည်းစနစ်များနှင့် ဝိညာဉ်လက်နက်တစ်ခု၏ အကူအညီကိုတောင် အသုံးပြုခဲ့သော်လည်း သူ၏ ပြိုင်ဘက်ကို ခြစ်ရာတစ်ခုမျှပင် မပေးနိုင်ခဲ့ချေ။

အငွေ့အသက် အနည်းငယ်မျှပင် မယိမ်းယိုင်ခဲ့သော လုချင်းကို ကြည့်ရင်း ရွှမ်ခုန်းဘုရားကျောင်း၏ တပည့်များအတွက် မိမိ၏ ကိုယ်ပိုင် ခွန်အားဖြင့် လက်စားချေရန်မှာ မဖြစ်နိုင်ကြောင်း ကျောင်းထိုင်ဆရာတော် နားလည်လိုက်တော့၏။

ထို့အပြင် အစောပိုင်းက တောင်ကြီးကို ပြိုကွဲစေခဲ့သော ထိပ်တိုက်ရင်ဆိုင်မှုမှာ တောင်ပေါ်ရှိ ကျန်ရှိနေသော တပည့်များ၏ အသက်ကိုလည်း သေချာပေါက် နုတ်ယူသွားခဲ့ပြီပင်။ နှစ်သောင်းချီ၍ တည်တံ့ခဲ့သော အမွေအနှစ်တစ်ခုဖြစ်သည့် ရွှမ်ခုန်းဘုရားကျောင်းတွင် ယခုအခါ သူတစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။

ဤအတွေးက ဆရာတော်၏ မျက်လုံးများထဲတွင် ပို၍ပင် နက်ရှိုင်းသော အမုန်းတရားများကို လောင်ကျွမ်းစေခဲ့ပါ၏။

"မိစ္ဆာကောင်၊ အောင်ပွဲခံစောမနေနဲ့ဦး။ ရွှမ်ခုန်းဘုရားကျောင်း မရှိတော့ဘူးဆိုပေမယ့် မင်းလည်း ဒဏ်ရာမရဘဲနဲ့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ငါ မင်းကိုပါ အတူတူ သေရအောင်လို့ ဆွဲခေါ်သွားမယ်"

ထိုသို့ပြောပြီးနောက် သူသည် ရွှေရောင် ပုလဲလုံးတစ်လုံးကို အန်ထုတ်လိုက်ပြီး သူ၏ လက်ထဲတွင် ချေမှုန်းပစ်လိုက်တော့၏။

ပုလဲလုံး ကြေမွသွားသည်နှင့် လျှို့ဝှက်နယ်မြေ တစ်ခုလုံးမှာလည်း ပြင်းထန်စွာ တုန်ခါသွားတော့သည်။ အထက်ရှိ လွင့်မျောနေသည့် တောင်ကြီးမှာလည်း စတင်တုန်ခါလာပြီး ဖြည်းညင်းစွာဖြင့် အောက်သို့ ကျဆင်းလာခဲ့၏။ လျှို့ဝှက်နယ်မြေအတွင်းရှိ နေရာလွတ်မှာလည်း စတင်၍ မတည်မငြိမ် ဖြစ်လာခဲ့တော့သည်။

တစ်ချိန်တည်းမှာပင် တောင်ကြီးထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်တစ်ခုကို လုချင်း ခံစားလိုက်ရ၏။

"မကောင်းတော့ဘူး အဲဒီထိပ်ပြောင်ဘုန်းကြီးအိုကြီးက ဝိညာဉ်လက်နက်ကို ကိုယ်တိုင်ဖျက်ဆီးပြီး ဒီလျှို့ဝှက်နယ်မြေတစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ထားတာပဲ" ယန်က ရုတ်တရက် အော်ဟစ်လိုက်သည်။ "ဒီလျှို့ဝှက်နယ်မြေကြီး နှစ်သောင်းချီပြီး တည်ရှိနေခဲ့တာက အဲဒီလက်နက်က နေရာလွတ် တည်ငြိမ်မှုကို ထိန်းသိမ်းပေးထားလို့ပဲ။

တကယ်လို့ အဲဒါသာ ပျက်စီးသွားရင် တည်ငြိမ်မှုတွေလည်း ပျောက်ပျက်သွားပြီး ဒီလျှို့ဝှက်နယ်မြေကြီးလည်း ပျက်စီးသွားလိမ့်မယ်"

"ဟားဟားဟား... မင်းမှာ ထိုးထွင်းသိမြင်မှု နည်းနည်းတော့ ရှိသားပဲ၊ တွားသွားသတ္တဝါလေး" ယန်၏ စကားများကို ကြားသောအခါ၌ ကျောင်းထိုင်ဆရာတော်က ရူးသွပ်စွာ ရယ်မောလိုက်၏။ "အဲ့တော့လည်း ဘာဖြစ်လဲ။ လျှို့ဝှက်နယ်မြေရဲ့ ထွက်ပေါက်ကို ထိန်းသိမ်းထားတဲ့ ဝင်္ကပါက ခုနက ထိပ်တိုက်ရင်ဆိုင်မှုမှာ ပျက်စီးသွားခဲ့ပြီလေ။

မင်းတို့မှာ ထွက်ပေါက် မရှိတော့ဘူး။ ဒီမှာပဲ နေပြီး ရွှမ်ခုန်းဘုရားကျောင်းနဲ့တူတူ မြုပ်နှံခံလိုက်တော့"

ကျောင်းထိုင်ဆရာတော်သည် လုချင်းကို စူးစိုက်ကြည့်နေပြီး သေခြင်းတရားကို ရင်ဆိုင်ရန် အပြည့်အဝ ဆုံးဖြတ်ထားလေသည်။

မသေဆုံးမီ သူ၏ အကြီးမားဆုံး ဆန္ဒမှာ သူ၏ ရန်သူက သူတို့၏ နောက်ဆုံးအချိန်များတွင် ရုန်းကန်နေရပြီး မျှော်လင့်ချက်မဲ့နေသည်ကို မြင်တွေ့ရခြင်းပင်။ ယင်းက သူ့အတွက် ပြီးပြည့်စုံသော နာရေးတေးသီချင်းတစ်ခု ဖြစ်ပေလိမ့်မည်။

သို့သော် သူ့ကို စိတ်ပျက်စေခဲ့သည်မှာ အခြေအနေက မည်မျှပင် ဆိုးရွားနေပုံရစေကာမူ လုချင်း၏ တည်ငြိမ်သော အမူအကျင့်မှာတော့ စိုးစဉ်းမျှပင် မပြောင်းလဲသွားခဲ့ချေ။ သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှု အရိပ်အယောင်လေးမျှပင် မရှိခဲ့။

ယန်ပင်လျှင် ပို၍ စိုးရိမ်နေပုံရလေသည်။ "သခင်လေး... ကျုပ်တို့ ဘာလုပ်ကြမလဲ။ ဒီလျှို့ဝှက်နယ်မြေကြီး ပြိုကျသွားတဲ့အခါကျ ဖြစ်လာမယ့် ရှုပ်ထွေးနေတဲ့နေရာလွတ် စွမ်းအင်တွေက သေစေနိုင်လောက်တယ်လေ။ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်တောင် ရှင်သန်နိုင်မှာ မဟုတ်ဘူး ကျုပ်တို့ လီဟော်ဒယ်အိုးထဲကို ပြန်ဆုတ်ခွာပြီး ပြိုကျမှု ဖြစ်လာတဲ့အခါကျ အတင်းအကျပ် ထွက်သွားသင့်လား"

"မလိုပါဘူး" လုချင်း၏ လေသံမှာ အေးဆေးတည်ငြိမ်နေပြီး ယန်၏ အကြံပြုချက်ကို သူ ပယ်ချလိုက်၏။

လီဟော်ဒယ်အိုးသည် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်တစ်ခု ဖြစ်သော်လည်း နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ခဲ့ပြီး ကောင်းကင်ကြွေသံမဏိများ ပေါင်းစပ်ထားသော်လည်း ယင်း၏ အထွတ်အထိပ်သို့ မရောက်ရှိသေးချေ။ အတင်းအကျပ် ထွက်ခွာခြင်းက ပြင်းထန်သော ပျက်စီးမှုများကို ဖြစ်ပေါ်စေနိုင်ပြီး ယင်း၏ စွမ်းအားများကို သိသိသာသာ လျော့ကျသွားစေနိုင်သည်။

ခက်ခက်ခဲခဲဖြင့် အားထုတ်ခဲ့ရသော ပြန်လည်ပြုပြင်မှုများကို အလဟဿ ဖြစ်သွားစေရန် လုချင်းက ခွင့်ပြုမည် မဟုတ်ချေ။

တောင်ကြီးနှင့်အတူ နိမ့်ဆင်းသွားသော ကျောင်းထိုင်ဆရာတော်ကို ကြည့်ရင်း လုချင်း၏ မျက်လုံးများတွင် လှောင်ပြောင်မှု အရိပ်အယောင်လေးတစ်ခု ပါဝင်နေလေ၏။

"ထိပ်ပြောင် ဘုန်းကြီးအိုကြီး... ဒီလျှို့ဝှက်နယ်မြေသေးသေးလေးက ကျုပ်ကို ပိတ်လှောင်ထားနိုင်မယ်လို့ ခင်ဗျားက တကယ်ပဲ ထင်နေတာလား"

"မင်း ဘာပြောလိုက်တယ်" ဆရာတော်၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားခဲ့သည်။

နောက်တစ်ခဏတွင်တော့ လုချင်း၏ လက်ထဲ၌ ငွေရောင် လှေငယ်လေးတစ်ခု ပေါ်လာသည်ကို သူ မြင်လိုက်ရတော့၏။

"ဒါကို သိချင်နေတာလား" လုချင်းသည် ကျောင်းထိုင်ဆရာတော်၏ အတွေးများကို ခံစားသိရှိသွားသကဲ့သို့ သူ့လက်ထဲရှိ လှေလေးကို အချိန်ဆွဲကာ ကိုင်ထားလေသည်။

ထို့နောက် သူက အေးဆေးတည်ငြိမ်စွာ ရှင်းပြလိုက်၏။ "ဒါက နေရာလွတ် လှေပျံပဲ။ နာမည်အတိုင်းပဲ သူက နေရာလွတ်ကို ထိုးဖောက်ပြီး ဟာလာဟင်းလင်းပြင်ကိုတောင် ဖြတ်သန်းသွားလာနိုင်တယ်လေ။ ဒီလို လျှို့ဝှက်နယ်မြေသေးသေးလေးက သူ့အတွက် အတားအဆီးတောင် ဟုတ်မနေဘူး"

"နေရာလွတ် လှေပျံလား။ မဖြစ်နိုင်တာ၊ ဒီကမ္ဘာလောကမှာ ဒီလိုရတနာမျိုး ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ" ငွေရောင် လှေပျံလေးကို စိုက်ကြည့်ရင်း ကျောင်းထိုင်ဆရာတော်၏ အသံမှာ တုန်ရီနေခဲ့လေ၏။ သူ မယုံကြည်လိုချေ။

"ခင်ဗျား မကြာခင် သိလာပါလိမ့်မယ်" လုချင်း၏ အသံမှာ အေးစက်သွားလေသည်။ "ခင်ဗျားက ဒီလျှို့ဝှက်နယ်မြေကို ဖျက်ဆီးချင်နေတာဆိုတော့ ကျုပ်လည်း ခင်ဗျားကို မတားပါဘူး။ ဒါပေမဲ့ ကျုပ်လည်း နေမှာမဟုတ်ဘူးနော်။ ဒီညစ်ပတ်နေတဲ့ နေရာလွတ်ကြီးနဲ့တူတူ ခင်ဗျား သေလို့ရပြီ"

ထို့နောက် ပေါ့ပေါ့ပါးပါး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ လုချင်း၏ လက်မှ ဓားစွမ်းအင် ခုတ်ချက်တစ်ခု ပေါက်ကွဲထွက်လာပြီး ကျောင်းထိုင်ဆရာတော်ကို ရိုက်ခတ်သွားတော့၏။ တိုက်ခိုက်မှုက ဆရာတော်၏ ဒျန်ထျန်ကို ချေမှုန်းပစ်လိုက်ပြီး သူ၏ အားနည်းနေပြီဖြစ်သော ဝိညာဉ်စွမ်းအား ရွှေအမြုတေကိုပင် ဖျက်ဆီးပစ်လိုက်လေသည်။

သေလုမြောပါး ဖြစ်နေပြီဖြစ်သော ကျောင်းထိုင်ဆရာတော်သည် ယခုအခါ ဝိညာဉ်တောင် ပျက်စီးမည့် အစွန်းတစ်ဖက်တွင် ရောက်ရှိနေလေပြီပင်။ ကျန်ရှိနေသေးသော အမုန်းတရားကြိုးမျှင်လေးများကသာ သူ၏ အသိစိတ်ကို ဆက်လက်ထိန်းသိမ်းထားပေးလေသည်။

လုချင်းကို ဒေါသတကြီး စိုက်ကြည့်ရင်း ကျောင်းထိုင်ဆရာတော်သည် ငွေရောင် လှေပျံလေးက လုချင်း ပြောသကဲ့သို့ လုပ်ဆောင်နိုင်စွမ်း ရှိသည်ဆိုခြင်းကို ယုံကြည်ရန် ငြင်းဆန်နေလေ၏။

သို့သော် နောက်တစ်ခဏတွင်တော့ လုချင်း၏ လက်ထဲရှိ လှေပျံလေးမှာ ကြီးထွားလာပြီး ယင်း၏ ငွေရောင် တောက်ပမှုများက ပတ်ဝန်းကျင်ကို လင်းထိန်သွားစေခဲ့သည်။ လုချင်းသည် လီဟော်ဒယ်အိုးကို သိမ်းဆည်းလိုက်ပြီးနောက် လှေပေါ်သို့ တက်လိုက်တော့၏။

အစွမ်းထက်သော နေရာလွတ် လှိုင်းဂယက်တစ်ခုက နောက်က လိုက်လာခဲ့သည်။ အထက်ရှိ နေရာလွတ်တွင် ဝဲကတော့ကြီးတစ်ခု ပေါ်လာပြီးနောက်တွင် နေရာလွတ် လှေပျံသည် ယင်းအတွင်းသို့ ထိုးဆင်းသွားကာ လုံးဝ ပျောက်ကွယ်သွားလေတော့၏။

ထိုသို့ဖြင့် ကျောင်းထိုင်ဆရာတော်သည် အမှန်တရားကို သဘောပေါက်သွားရကာ သူ၏ နှလုံးသားမှာလည်း မျှော်လင့်ချက်မဲ့မှုထဲသို့ လုံးလုံးနစ်မြုပ်သွားလေတော့သည်။

"ဟင့်အင်း"

....

အခန်း ၄၃၆ - နေရာလွတ် ပျက်စီးခြင်း၊ အသေးစား အဖြစ်အပျက်လေးတစ်ခု။

"ဟင့်အင်း"

ရွှမ်ခုန်းဘုရားကျောင်း၏ ဆရာတော်က မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်စဉ် ကြီးမားလှသော လွင့်မျောနေသည့် တောင်ကြီးမှာ ပို၍ပင် မြန်ဆန်စွာ အောက်သို့ စတင်ကျဆင်းလာခဲ့လေ၏။

"လျှို့ဝှက်နယ်မြေကို ကိုယ်တိုင်ဖျက်ဆီးတာလား ဟင့်အင်း"

မြေကြီးပေါ်တွင် ဝူကျန့်မျှော်စင်၏ မျှော်စင်သခင်သည် လုချင်းနှင့် ရွှမ်ခုန်းဘုရားကျောင်း ဆရာတော်တို့ကြားရှိ စကားပြောဆိုမှုများကို ကြားလိုက်ရပြီး သူ၏ မျက်နှာအမူအရာမှာ သိသိသာသာကို ပြောင်းလဲသွားခဲ့လေသည်။

အကြီးအကဲယွဲ့သည်လည်း အလားတူပင် ထိတ်လန့်သွားခဲ့သည်။ "မျှော်စင်သခင်... ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ တကယ်လို့ ရွှမ်ခုန်းဘုရားကျောင်းသာ ပျက်စီးသွားရင် ကျွန်တော်တို့လည်း ဒီမှာ အမြုပ်ခံရမှာ မဟုတ်ဘူးလား"

မျှော်စင်သခင်၏ မျက်နှာမှာ ပြာနှမ်းသွားခဲ့လေသည်။

သူ ဘာလုပ်နိုင်မည်နည်း။

သူလည်း လုံးဝကို စွမ်းအားမဲ့နေလေပြီလေ။

ဆက်လက်ကျဆင်းလာနေသော ကြီးမားလှသည့် လွင့်မျောနေသည့် တောင်ကြီးနှင့် စတင်တုန်ခါကာ တွန့်လိမ်လာသော ပတ်ဝန်းကျင်ရှိ နေရာလွတ်ကို သူ စိုက်ကြည့်နေလေသည်။ နက်ရှိုင်းသော မျှော်လင့်ချက်မဲ့မှုတစ်ခုကသာ သူ၏ မျက်နှာပေါ်တွင် ပေါ်လာခဲ့လေသည်။

အရာအားလုံး ပြီးဆုံးသွားပြီဖြစ်ကြောင်း သူ သိလိုက်၏။

အရာအားလုံး ပြီးဆုံးသွားခဲ့ပြီ။

လျှို့ဝှက်နယ်မြေ၏ ထွက်ပေါက်မှာ ဖျက်ဆီးခံလိုက်ရပြီဖြစ်ပြီး ယင်း၏ အကာအရံများကို ဖောက်ထွင်းသွားရန် သူတို့တွင် စွမ်းရည် မရှိကြချေ။

သူတို့သည် ရွှမ်ခုန်းဘုရားကျောင်းနှင့်အတူ သေဆုံးရမည်မှာ ရှောင်လွှဲ၍မရနိုင်ဘဲ ဤလျှို့ဝှက်နယ်မြေအတွင်း လုံးဝကို ဖျက်ဆီးခံရမည် ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေက အသက်ရှင်ဖို့ မျှော်လင့်ချက်မဲ့နေတဲ့အချိန်မှာ ရွှမ်ခုန်းဘုရားကျောင်းရဲ့ ဓားတစ်လက်အဖြစ် နေဖို့ သဘောတူခဲ့ကြတယ်။ နှစ်ထောင်ပေါင်းများစွာ ကြာအောင် သူတို့အတွက် ဆိုးယုတ်တဲ့ အလုပ်တွေ အများကြီးကို လျှို့ဝှက်ပြီး လုပ်ပေးခဲ့ရတယ်။

အခု... ဒါက ဝဋ်လည်တာလား။ ရွှမ်ခုန်းဘုရားကျောင်းက ဘုန်းကြီးတွေနဲ့အတူ ကျွန်တော်တို့လည်း ဒီလျှို့ဝှက်နယ်မြေထဲမှာ မျိုးတုံးသတ်ဖြတ်ခံရဖို့ ကံကြမ္မာ ဖန်တီးထားတာလား"

ကြီးမားလှသော လွင့်မျောနေသည့် တောင်ကြီးက မြေကြီးပေါ်သို့ ရိုက်ခတ်သွားသည်ကိုသာ မျှော်စင်သခင် စောင့်ကြည့်နေလေသည်။

ထိုအခိုက် အလွန်တရာ အစွမ်းထက်လှသော တုန်ခါမှုလှိုင်းတစ်ခုက အပြင်ဘက်သို့ ဖြာထွက်သွားပြီး သူတို့ရှိရာသို့ တစ်ဟုန်ထိုး ပြေးဝင်လာခဲ့တော့၏။

သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာခဲ့လေသည်။

ထို့နောက် နောက်တစ်ခဏတွင်တော့ တုန်ခါမှုလှိုင်းက သူ့ကို လွှမ်းခြုံသွားသဖြင့် သူလည်း သတိလစ်သွားလေတော့သည်။

...

အနောက်ဘက်ပြည်နယ်၊ လင်းတောင်တန်းအတွင်း တောင်ထွတ်နှစ်ခု ပေါင်းဆုံရာမှ ဖြစ်ပေါ်နေသော ကြီးမားသည့် တံခါးပေါက်အနီး လေထဲတွင် နေရာလွတ် လှိုင်းဂယက်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

ခဏအကြာတွင်တော့ အနည်းငယ် စုတ်ပြဲနေသော ရှေးဟောင်းငွေရောင် နေရာလွတ် လှေပျံတစ်ခုက ယင်းမှ ထွက်ပေါ်လာခဲ့လေသည်။

လုချင်းသည် နေရာလွတ် လှေပျံထဲမှ ထွက်လာပြီးနောက် ယင်းကို ပြန်၍သိမ်းဆည်းလိုက်၏။

"ဒါဆို သခင်လေး... သခင်လေးဆီမှာ ဒီလျှို့ဝှက်လက်နက် ရှိနေခဲ့တာကိုး။ ဒီငွေရောင် လှေပျံက နေရာလွတ်ကို ဖြတ်သန်းသွားလာနိုင်တော့ လျှို့ဝှက်နယ်မြေ အကာအရံတွေကိုတောင် ထိုးဖောက်နိုင်တာပဲ။ အဲဒီနေ့က ဟိုမီးခိုးရောင်ဝတ်စုံနဲ့ လူငယ်က ဘာလို့ အဲဒီ‌လှေပျံထဲကို ဝင်ဖို့ အသေအလဲ ကြိုးစားနေခဲ့တာလဲဆိုတာ အံ့သြစရာ မရှိတော့ပါဘူးလေ"

ယန်သည် လုချင်း၏ဘေးတွင် ပေါ်လာပြီး ၎င်း၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေလေ၏။

လုချင်း အစောပိုင်းက နေရာလွတ် လှေပျံကို သန့်စင်ခဲ့စဉ်က ယင်း၏ စွမ်းရည်များကို ထုတ်ဖော်ပြသခဲ့ခြင်း မရှိချေ။ ယန်ပင်လျှင် ယင်းက နေရာလွတ်ကို ဖြတ်သန်းသွားလာနိုင်ကြောင်း မသိခဲ့။

"ဒီနေရာလွတ်ကို ဖြတ်သန်းသွားလာနိုင်စွမ်းက အစွမ်းထက်လှတာတော့ မဟုတ်ဘူး။ တိကျတဲ့ သွားလာမှုအတွက် ကြိုတင်သတ်မှတ်ထားတဲ့ နေရာလွတ် ကိုဩဒိနိတ်တွေ လိုသေးတယ်" လုချင်းက ရှင်းပြလိုက်၏။

"အဲဒါကြောင့် သခင်လေးက အစောပိုင်းတုန်းက အကြီးအကဲ ကျင်းချုံးကို တမင်သက်သက် အသက်ရှင်ခွင့် ပေးထားပြီး လျှို့ဝှက်နယ်မြေရဲ့ ဝင်ပေါက်ကို သူဖွင့်တာကို စောင့်နေခဲ့တာပေါ့လေ" ယန် ရုတ်တရက် သဘောပေါက်သွား၏။

"ရွှမ်ခုန်းဘုရားကျောင်းရဲ့ လျှို့ဝှက်နယ်မြေက နေရာလွတ် အလွှာတွေထဲမှာ ဖုံးကွယ်ထားတော့ ရှာရခက်တယ်။ တကယ်လို့ ကျွန်တော်သာ နေရာလွတ် လှေပျံကို အရမ်းကာရော သုံးခဲ့မယ်ဆိုရင် နေရာလွတ် လှိုင်းဂယက်တွေထဲမှာတင် ကျွန်တော် ပျောက်ဆုံးသွားနိုင်တယ်လေ" လုချင်းက ခေါင်းညိတ်လိုက်သည်။

ယင်းမှာ အဓိကအားဖြင့် သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ကြောင့် ဖြစ်သည်။ သူသည် နေရာလွတ်၏ စည်းမျဉ်းများကို အပြည့်အဝ နားလည်သဘောပေါက်ရန် လိုအပ်နေသေးပြီး များပြားလှသော နေရာလွတ် အလွှာများကြားတွင် ရွှမ်ခုန်းဘုရားကျောင်း၏ လျှို့ဝှက်နယ်မြေကို တိကျစွာ ရှာဖွေနိုင်ခြင်း မရှိချေ။

ထို့ကြောင့် လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်မှတစ်ဆင့် တိုက်ရိုက်ဝင်ရောက်ခြင်းမှာ အလုံခြုံဆုံး နည်းလမ်းဖြစ်ပေသည်။

အတွင်းသို့ ရောက်သည်နှင့် အရာအားလုံးမှာ များစွာ ပို၍ရိုးရှင်းသွားလေသည်။

သူသည် အပြင်ဘက်တွင် သူ၏ ဝိညာဉ်အမှတ်အသားတစ်ခုကို ချန်ရစ်ခဲ့ပြီးဖြစ်ရာ ပြင်ပနေရာလွတ်ကို အလွယ်တကူ ရှာဖွေနိုင်ပြီး အတွင်းမှနေ၍ ထွက်လာနိုင်ခြင်း ဖြစ်၏။

လူနှင့် လက်နက်ဝိညာဉ်တို့ စကားပြောနေစဉ် အနီးအနားရှိ တံခါးပေါက်မှ နေရာလွတ် လှုပ်ရှားမှုတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

အရာအားလုံးကို အမှုန့်ကြိတ်ပစ်နိုင်စွမ်းရှိပုံရသော ဖျက်ဆီးခြင်း အငွေ့အသက်တစ်ခုက တစ်ဟုန်ထိုး ထွက်ပေါ်လာပြီးနောက်၌ သူတို့နှစ်ယောက်စလုံးကို တုန်ရီသွားစေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် လှုပ်ရှားမှုမှာ အပြင်ဘက်သို့ ပျံ့နှံ့မသွားဘဲ တဖြည်းဖြည်းဖြင့်သာ လွင့်စင်သွားခဲ့လေသည်။

"ရွှမ်ခုန်းဘုရားကျောင်းရဲ့ လျှို့ဝှက်နယ်မြေက တကယ်ကြီး ပျက်စီးသွားတဲ့ပုံပဲနော်" ယန်က မှတ်ချက်ချလိုက်သည်။

"ရွှမ်ခုန်းဘုရားကျောင်းက ထိပ်ပြောင် ဘုန်းကြီးအိုကြီးက တော်တော် ရက်စက်တာပဲ။ နှစ်သောင်းချီတဲ့ အမွေအနှစ်ရှိတဲ့ လျှို့ဝှက်နယ်မြေတစ်ခုကိုတောင် တုံ့ဆိုင်းတာမျိုးမရှိဘဲ ဖျက်ဆီးပစ်လိုက်တာလေ"

ယန်ကို ပို၍ပင် စိတ်ထိခိုက်စေခဲ့သည်မှာ ဤပျက်စီးမှုက ဤကမ္ဘာလောကတွင် ကျန်ရှိနေသေးသော ရှေးဟောင်း ကျင့်ကြံခြင်းခေတ်၏ ထိပ်တန်းဂိုဏ်းများအနက်မှ တစ်ခု ပြတ်တောက်သွားခြင်းကို အမှတ်အသားပြုနေခြင်းပင်။

လုချင်းကတော့ တိတ်ဆိတ်နေလေသည်။ ရွှမ်ခုန်းဘုရားကျောင်းက သူ၏ဆရာကို ဘာသာပြောင်းရန် ကြိုးစားခဲ့သည့် အချိန်မှစ၍ သူနှင့် ထိုဂိုဏ်းကြားရှိ ပဋိပက္ခမှာ ပြန်ပြီးသင့်မြတ်၍မရနိုင်အောင် ဖြစ်သွားခဲ့လေပြီပင်။

အကယ်၍ သူသာ လျင်မြန်စွာ အားမကောင်းလာခဲ့လျှင် ရွှမ်ခုန်းဘုရားကျောင်း၏ လွှမ်းမိုးလိုသော နည်းလမ်းများကို ထောက်ရှုပါက သူနှင့် ပတ်သက်နေသူတိုင်း ကြာမြင့်စွာကတည်းက ကြောက်မက်ဖွယ်ကောင်းသော အဆုံးသတ်တစ်ခုနှင့် ရင်ဆိုင်ခဲ့ရမည်ကို သူ သေချာသိနေပေ၏။

"သခင်လေး...ခုနက လျှို့ဝှက်နယ်မြေထဲမှာ ရွှမ်ခုန်းဘုရားကျောင်းက ဘုန်းကြီးတွေအပြင် အဲဒီမှာ နေထိုင်တဲ့ တခြားသူတွေ ရှိနေသေးတယ်ဆိုတာကို သခင်လေးကော ခံစားမိလား" ယန်က ရုတ်တရက် မေးလိုက်၏။

"အင်း၊ တခြားသူတွေ ရှိသေးတယ်။ သူတို့ရဲ့ အငွေ့အသက်ကို ကြည့်ရတာ ဝူကျန့်မျှော်စင် အဖွဲ့ဝင်တွေ ဖြစ်ရမယ်" လုချင်းက ပြန်ဖြေလိုက်သည်။

ရွှေအမြုတေအဆင့်သို့ တက်လှမ်းပြီးကတည်းက လုချင်း၏ ဝိညာဉ်မှာ အရည်အသွေးပိုင်းဆိုင်ရာ အသွင်ပြောင်းလဲမှုတစ်ခုကို ခံယူခဲ့ရလေသည်။ သူ၏ အာရုံခံစားနိုင်စွမ်း အကွာအဝေးမှာ သိသိသာသာကို ကျယ်ပြန့်လာခဲ့ပါ၏။

ရွှမ်ခုန်းဘုရားကျောင်း လျှို့ဝှက်နယ်မြေမှာ ကျယ်ပြန့်သော်လည်း ၎င်း၏ ထက်ဝက်ခန့်ကို သူ အာရုံခံနိုင်လေသည်။ မြေကြီးပေါ်ရှိ လူများကို သူ ကြာမြင့်စွာကတည်းက အာရုံခံမိခဲ့ပြီး သူတို့၏ အငွေ့အသက်များဖြင့် သူတို့ကို ခွဲခြားသိမြင်ခဲ့ခြင်း ဖြစ်သည်။

အစပိုင်းက သူသည် ရွှမ်ခုန်းဘုရားကျောင်းကို ချေမှုန်းပြီးနောက် ထိုအမှိုက်ကောင်များကို ဖြေရှင်းရန် ရည်ရွယ်ထားခဲ့သည်။

သို့သော် လျှို့ဝှက်နယ်မြေကို ကိုယ်တိုင်ဖျက်ဆီးရန် ဆရာတော်၏ ဆုံးဖြတ်ချက်က သူ့ကို ကိုယ်တိုင်လုပ်ဆောင်ရမည့် ဒုက္ခမှ ကင်းဝေးသွားစေခဲ့၏။

"ကောင်းပြီလေ... အခု ရွှမ်ခုန်းဘုရားကျောင်းကို ဖြေရှင်းပြီးပြီဆိုတော့ ပြန်ကြတာပေါ့" လုချင်းက တော်တော်လေး ကောင်းမွန်သော စိတ်အခြေအနေဖြင့် ပြောလိုက်သည်။

ဤခရီးစဉ်တွင် အသေးအဖွဲ ပြဿနာလေးများ ရှိခဲ့သော်လည်း ယေဘုယျအားဖြင့် ချောမွေ့စွာ ပြီးဆုံးသွားခဲ့လေ၏။

တစ်ခုတည်းသော နောင်တရစရာမှာ ရွှမ်ခုန်းဘုရားကျောင်း၏ ဆရာတော်မှာ ရူးသွပ်လွန်းနေခြင်းပင်။ လုချင်းကို သူ မသတ်နိုင်သောအခါ၌ သူသည် လျှို့ဝှက်နယ်မြေကို ကိုယ်တိုင်ဖျက်ဆီးပစ်ခဲ့လေသည်။

ဤအချက်က လုချင်းအား ရတနာများ စုဆောင်းရန် အချိန်မပေးတော့ဘဲ ရွှမ်ခုန်းဘုရားကျောင်း၏ နှစ်သောင်းချီ၍ စုဆောင်းထားသော အရင်းအမြစ်များကို ဆုံးရှုံးသွားစေခဲ့၏။

သို့တိုင်အောင် ၎င်းမှာ ကြီးမားသော ပြဿနာတစ်ခုတော့ မဟုတ်ချေ။

ဝိညာဉ်စွမ်းအင် ခမ်းခြောက်နေသော ခေတ်ကာလတစ်ခုအတွင်း စုဆောင်းထားသော ရွှမ်ခုန်းဘုရားကျောင်း၏ အရင်းအမြစ်များသည် သူ့အတွက် တန်ဖိုးသိပ်ရှိမည် မဟုတ်ချေ။

မိမိကိုယ်ကို ဖြေသိမ့်ပြီးနောက်၌ လုချင်းသည် ရွှေရောင် လှေပျံကို ခေါ်ယူလိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ချန်းကျိုးဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။

သူ၏ အနောက်ဘက်တွင် တောင်ထွတ်များ ပေါင်းဆုံရာမှ ဖြစ်ပေါ်နေသော တံခါးပေါက်မှာ မပြောင်းလဲဘဲ တည်ရှိနေဆဲသာ။

နှစ်သောင်းချီ၍ ကမ္ဘာလောက၏ ကိစ္စရပ်များကို လျှို့ဝှက်စွာ လွှမ်းမိုးထားခဲ့သော အဓိက လျှို့ဝှက်နယ်မြေ လေးခုအနက်မှ တစ်ခုဖြစ်သည့် ရွှမ်ခုန်းဘုရားကျောင်း တိတ်တဆိတ် ဖျက်ဆီးခံလိုက်ရကြောင်းကို မည်သူမျှ မသိရှိခဲ့ကြချေ။

၎င်း၏ စခန်းချရာနေရာမှာ နေရာလွတ် လှိုင်းဂယက်များအတွင်း လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီပင်။

ရွှေအမြုတေအဆင့်သို့ ရောက်ရှိပြီးနောက် ရွှေရောင် လှေပျံကို ထိန်းချုပ်ရာတွင် လုချင်း၏ အမြန်နှုန်းမှာ ကြီးမားစွာ တိုးတက်လာခဲ့လေ၏။

တစ်နေကုန်ပင် မကြာလိုက်ဘဲ ချန်းကျိုးသို့ ပြန်ပြီးရောက်ရှိလာခဲ့လေပြီပင်။

ခရိုင်မြို့တော်ကို ဖြတ်ကျော်ပျံသန်းနေစဉ် သူ၏ ဝိညာဉ်ရေးရာ အာရုံခံစားမှုက အောက်ဘက်သို့ ပျံ့နှံ့သွားရာ လုချင်းတစ်ယောက် အနည်းငယ်ပင် မျက်မှောင်ကြုတ်လိုက်မိခဲ့သည်။

ထို့နောက် သူ၏ ပျံသန်းမှုကို ရပ်တန့်လိုက်ပြီး ရွှေရောင် လှေပျံကို သိမ်းဆည်းကာ အောက်သို့ ဆင်းသက်လိုက်၏။

မကြာမီ လုချင်းသည် မြို့တွင်းရှိ လမ်းထောင့်တစ်ခုသို့ ဆင်းသက်လိုက်လေသည်။

မှတ်သားစရာကောင်းသည်မှာ စည်ကားနေသော မြို့သူမြို့သား တစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ယံမှ သူ ဆင်းသက်လာသည်ကို သတိမထားမိကြဘဲ ဘာမှမဖြစ်ခဲ့သကဲ့သို့ ပြုမူနေကြခြင်းပင်။

လုချင်း၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် သာမန် သေမျိုးများရှေ့တွင် မိမိကိုယ်ကို ဖုံးကွယ်ထားခြင်းမှာ အားစိုက်စရာ မလိုချေ။

သူ၏ ဝိညာဉ်စွမ်းအားဖြင့် ပတ်ဝန်းကျင်ရှိ အလင်းရောင်ကို သိမ်မွေ့စွာ တွန့်လိမ်စေခြင်းဖြင့် သူသည် အလွယ်တကူ ကိုယ်ပျောက်သွားနိုင်လေသည်။

ဤနည်းစနစ်ကို ရှောင်လီ၏ မွေးရာပါ ကိုယ်ပျောက်စွမ်းရည်မှ စိတ်ကူးရခဲ့ခြင်း ဖြစ်၏။

လုချင်းသည် သူ၏ မျက်နှာမှ သရဲမျက်နှာဖုံးကို ဖယ်ရှားလိုက်ပြီးနောက် ပတ်ဝန်းကျင်ရှိ တွန့်လိမ်နေသော အလင်းရောင်ကို ဖျောက်ဖျက်လိုက်ကာ လမ်းထောင့်မှ ထွက်လာခဲ့လိုက်၏။

သူ လမ်းပေါ်သို့ ရောက်သည်နှင့် စူးရှသော အသံတစ်ခုက လေထုထဲတွင် ပဲ့တင်ထပ်သွားတော့သည်။

"အစ်ကို ၄... ဒါ အစ်ကို ၄ တာဝန်ယူရတဲ့ ခရိုင်မြို့တော်လား။ သိပ်ကို စုတ်ချာလွန်းတယ်နော်"

....

All Chapters