← Chapters

အခန်း (၄၃၈-၄၃၉)

Vol. 44 Ch. 438-439

အခန်း (၄၃၈-၄၃၉)

Vol. 44 Ch. 438-439

အခန်း ၄၃၈ ၊ အပိုင်း (၂) - အရင်းအမြစ်၊ မင်း ယူရဲလား။

အိမ်တော်ထိန်းဝေ့၏ နှလုံးသား လှုပ်ရှားသွားခဲ့လေသည်။ သူ၏ အလှည့် ရောက်လာပြီဖြစ်ပုံရပေသည်။ သူ အနည်းငယ် ဦးညွှတ်လိုက်၏။ "ကျုပ်က ဝေ့ဟိုင်ပါ။ သခင်လေး ၇ကို ဂါရဝပြုပါတယ်"

မမျှော်လင့်ဘဲ လူငယ်၏ မျက်နှာအမူအရာမှာ မှောင်မိုက်သွားလေသည်။ "အိမ်တော်ထိန်းဝေ့... ခင်ဗျားရဲ့ ဝေ့မိသားစုက တော်တော်လေး မာနကြီးပုံရတယ်။ ခင်ဗျားတို့ရဲ့ မိသားစုခေါင်းဆောင်ကို ကျွန်တော် ဖိတ်ကြားခဲ့ပေမယ့် အဲဒီအစား ခင်ဗျားလို သာမန် အစေခံတစ်ယောက်က ရောက်လာတယ်လေ

ကျွန်တော့်ရဲ့ ဖိတ်ကြားချက်က ခင်ဗျားရဲ့သခင်ကိုယ်တိုင် လာရောက်ရလောက်အောင်အထိ မတန်ဘူးလို့ ပြောချင်တာလား"

အိမ်တော်ထိန်းဝေ့ မတုံ့ပြန်နိုင်မီမှာပင် ယန်ချန်းဟိုင်က အနည်းငယ် တုန်ရီသွားခဲ့၏။

ယန်ချန်းဟိုင်က အလျင်စလို ပြောလိုက်လေသည်။ "ငါကပဲ အိမ်တော်ထိန်းဝေ့ကို ဒီကို ဖိတ်ခဲ့တာ။ ဝေ့မိသားစုခေါင်းဆောင်နဲ့ ပတ်သက်ပြီး ပြောရရင် သူက မွေးရာပါနယ်ပယ် ကျင့်ကြံသူတစ်ယောက်လေ။ အဲ့တေ။့ လောကီရေးရာတွေကနေ ကင်းကွာသွားတာ ကြာပြီ"

ထိုအချိန်တွင် အိမ်တော်ထိန်းဝေ့ကလည်း ဝင်ပြောလိုက်၏။ "သခင်လေး ၇ နားလည်ပေးဖို့ ကျုပ် တောင်းဆိုပါရစေဗျ။ မိသားစုခေါင်းဆောင်က မကြာသေးမီကမှ သူ့ရဲ့ ကျင့်ကြံခြင်းမှာ ထိုးထွင်းသိမြင်မှုတွေကို ရခဲ့တော့ တံခါးပိတ်ကျင့်ကြံနေတာ အချိန်အတော်ကြာပြီဖြစ်လို့ သခင်လေးရဲ့ဖိတ်ကြားမှုကို တက်ရောက်ဖို့ မဖြစ်နိုင်လို့ပါဗျ"

ဈေးကြီးသည့်အဝတ်အစားများကို ဝတ်ဆင်ထားသော လူငယ်မှာ ဘာမှမပြောသော်လည်း သူ၏ မကျေနပ်မှုမှာတော့ သူ၏ မျက်နှာပေါ်တွင် ထင်ရှားနေလေသည်။ သူ တိတ်ဆိတ်နေသော်လည်း သူ၏ အစောင့်များထဲမှ တစ်ဦးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏ယ

"ဟွန့်၊ အခုမှ အဆင့်တက်လှမ်းထားတဲ့ မွေးရာပါနယ်ပယ် ကျင့်ကြံသူအသစ်တစ်ယောက်က ဒီလို မာနကြီးဖို့ ရဲတယ်ပေါ့လေ။ မသိတဲ့သူတွေဆိုရင် သူက ပိုမြင့်တဲ့ နယ်ပယ်တစ်ခုကိုတောင် ချိုးဖောက်သွားပြီလို့ ထင်သွားဦးမယ်"

တစ်ချိန်တည်းမှာပင် သဲ့သဲ့လေးဖြစ်သော မွေးရာပါ ဖိအားတစ်ခုက အိမ်တော်ထိန်းဝေ့အပေါ်သို့ ကျဆင်းလာပြီး သူ၏ ခန္ဓာကိုယ်ကို နိမ့်ဆင်းသွားစေကာ သူ၏ မျက်နှာကို နီရဲသွားစေခဲ့သည်။

ယန်ချန်းဟိုင်မှာလည်း အလားတူပင် နေမထိထိုင်မသာ ဖြစ်သွားသော်လည်း သူ၏ နှလုံးသားထဲတွင်တော့ အံ့အားသင့်မှုများ ပြည့်နှက်နေလေ၏။

ကိုယ်တွင်းအင်္ဂါအဆင့်တွင်သာ ရှိနေသူတစ်ဦးအနေဖြင့် သခင်လေး ၇၏ အစောင့်သည်လည်း မွေးရာပါနယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်နေကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

မွေးရာပါနယ်ပယ် ကျင့်ကြံသူတစ်ဦးက သခင်လေး ၇အတွက် သာမန် အစောင့်တစ်ယောက်အဖြစ် အမှုထမ်းနေတာလား။

ဒါက ဘယ်လို အခြေအနေမျိုးလဲ။

ယန်ချန်းဟိုင်၏ စိတ်ထဲတွင် ဇဝေဇဝါဖြစ်မှုများဖြင့် ရှုပ်ထွေးသွားလေသည်။

မြို့တော်နှင့် ဝေးကွာသော ချန်းခရိုင်တွင် နှစ်အတော်ကြာ နေထိုင်ခဲ့ပြီးနောက် ကမ္ဘာလောကကြီးတွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများကို သူ နားမလည်နိုင်တော့ကြောင်း ယန်ချန်းဟိုင် သဘောပေါက်လိုက်၏။

"တော်ပြီ၊ နောက်ဆုတ်လိုက်တော့" ဈေးကြီးသောအဝတ်အစားများကို ဝတ်ဆင်ထားသော လူငယ်က အမိန့်ပေးလိုက်သည်။

သူ၏ စကားကို ကြားသည်နှင့် အစောင့်ကလည်း သူ၏ အငွေ့အသက်ကို ချက်ချင်း ရုတ်သိမ်းလိုက်လေ၏။

အိမ်တော်ထိန်းဝေ့၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး ဟန်ချက်ပင် လွတ်လုနီးပါး ဖြစ်သွားကာ နဖူးပေါ်တွင်လည်း ချွေးစက်များ ပေါ်လာခဲ့သည်။ ဤအရာကို မြင်သောအခါ ယန်ချန်းဟိုင်၏ နှလုံးသားမှာ ထပ်မံတုန်လှုပ်သွားခဲ့ရပြန်၏။

အစောင့်၏ နာခံမှုက သူသည် ယန်ထျန်းဟွာအပေါ် သံသယကင်းကင်းဖြင့် သစ္စာရှိကြောင်း ပြသနေပေသည်။

"အစ်ကို ၄ကို သူတို့နဲ့ မိတ်မဆက်ပေးရသေးဘူး ထင်တယ်" လူငယ်က ယန်ချန်းဟိုင်၏ အတွေးများကို ဖတ်သိနေသည့်အလား ပြောလိုက်သည်။

"သူတို့က ကျွန်တော့်ရဲ့ ကိုယ်ရံတော် တပ်မှူးတွေလေ၊ ယန်မိသားစုရဲ့ အထက်တန်းလွှာတွေဆိုလည်း မမှားဘူးပေါ့။ ကျွန်တော့်ကို ကာကွယ်ဖို့အတွက် အကြီးအကဲ ထျန်းလောင်က အထူးတာဝန်ပေးထားတာလေ"

အစောင့်တပ်မှူးတွေ...

ဆိုလိုတာက ဒီအစောင့်တွေ အားလုံးက မွေးရာပါနယ်ပယ် ကျင့်ကြံသူတွေလား။

ယန်ချန်းဟိုင်သည် သာမန်ပုံပေါက်နေသော အစောင့်များကို ကြည့်လိုက်ပြီး သူ၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေလေသည်။

အဓိပ္ပာယ်မရှိသည့် ခံစားချက်တစ်ခု သူ့အတွင်း၌ ပေါ်ပေါက်လာခဲ့သည်။ မြို့တော်နှင့် သူ ဝေးကွာနေချိန်အတွင်း မိသားစုထဲတွင် ဘာတွေဖြစ်ပျက်ခဲ့သနည်း။

ယန်မိသားစုသည် ယခုအခါ မွေးရာပါနယ်ပယ် ကျင့်ကြံသူများကို မင်းသားတစ်ပါး၏ အစောင့်များအဖြစ် ပေါ့ပေါ့ပါးပါး တာဝန်ပေးအပ်နိုင်ပြီပင်။ ထို့အပြင် တစ်ယောက်တည်းမဟုတ်ဘဲ လူအများကြီးကို ပေးအပ်ခဲ့တာပင်ဖြစ်၏။

ပြီးတော့ အကြီးအကဲ ထျန်းလောင်က ယန်ထျန်းဟွာကို အဲဒီလောက်တောင် အလေးထားလို့ သူ့ကို ကာကွယ်ဖို့ မွေးရာပါနယ်ပယ် ကျင့်ကြံသူ ဒီလောက်အများကြီးကို တာဝန်ပေးခဲ့တာလား။

ဤအချိန်တွင် သူ၏ ညီလေး ၇သည် ထီးနန်းတက်ရန် သူ၏ တောင်းဆိုမှုနှင့် ပတ်သက်၍ အဘယ်ကြောင့် ဤမျှ ယုံကြည်မှု ရှိနေရကြောင်း ယန်ချန်းဟိုင်တစ်ယောက် နောက်ဆုံးတွင် နားလည်သွားခဲ့တော့၏။ အကြီးအကဲ ထျန်းလောင်၏ မျက်နှာသာပေးမှုဖြင့် ဤအရာမှာ မဖြစ်နိုင်ခြင်းထက် ဖြစ်နိုင်ခြေ ပိုများနေပုံရပေသည်။

ခေတ္တမျှ ယန်ချန်းဟိုင်၏ ခံစားချက်များမှာ အလွန်အမင်း ရှုပ်ထွေးသွားခဲ့၏။

ယန်ချန်းဟိုင်၏ မျက်နှာအမူအရာကို မြင်သောအခါ ဈေးကြီးသည့်အဝတ်အစားများကို ဝတ်ဆင်ထားသော လူငယ်သည် ခြိမ်းခြောက်ရန် သူ၏ ရည်ရွယ်ချက် အောင်မြင်သွားကြောင်း သိလိုက်သဖြင့် သဲ့သဲ့လေး ပြုံးလိုက်လေသည်။

ထို့နောက် သူက အိမ်တော်ထိန်းဝေ့ဆီသို့ လှည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ "အိမ်တော်ထိန်းဝေ့... ပြန်သွားပြီးတော့ ခင်ဗျားတို့ရဲ့ မိသားစုခေါင်းဆောင်ကို ကျွန်တော် တော်တော်လေးကိုမကျေမနပ်ဖြစ်သွားတယ်လို့ ပြောလိုက်ပါ။

တကယ်လို့ သူသာ ကျွန်တော့်ရဲ့ ခွင့်လွှတ်မှုကို ရချင်တယ်ဆိုရင် လုံလောက်တဲ့ ရိုးသားမှုကို ယူဆောင်လာပြီးတော့ ကျွန်တော့်ကို ကိုယ်တိုင်ကိုယ်ကျ တောင်းပန်မှပဲရမယ်။

မဟုတ်ရင် ယန် နိုင်ငံအတွင်းမှာ ဝေ့မိသားစု ခြေချစရာ နေရာမရှိတော့ဘူးလို့ ကျွန်တော် အာမခံနိုင်တယ်နော်"

"ဟုတ်ကဲ့ပါ သခင်လေး ၇။ မိသားစုခေါင်းဆောင်ကို ဒီအကြောင်း ချက်ချင်း တင်ပြပေးပါ့မယ်" အိမ်တော်ထိန်းဝေ့က လက်ရှိ အခြေအနေများအပေါ် အလျှော့ပေးခြင်း၏ ဉာဏ်ပညာကို နားလည်ကာ ရိုသေစွာ ပြန်ဖြေလိုက်သည်။

"ဪ... ပြီးတော့ နောက်ထပ် တစ်ခု ရှိသေးတယ်" လူငယ်က ထပ်ပြောလိုက်သည်။ "မြောက်ဘက်နယ်စပ်က ထျန်းချန်းဂိုဏ်းရဲ့ အာရုံစိုက်မှုကို တစ်ချိန်က ရခဲ့ဖူးတဲ့ ရတနာတစ်ခုကို ခင်ဗျားတို့ရဲ့ ဝေ့မိသားစုက ပိုင်ဆိုင်ထားတယ်လို့ ကျွန်တော် ကြားထားတယ်။

တကယ်လို့ အဲဒီရတနာကို သူ့ရဲ့ လက်ဆောင်ထဲမှာ ထည့်ပေးမယ်ဆိုရင်တော့ ဒီပြစ်မှုကို ကျွန်တော် ခွင့်လွှတ်ချင်ကောင်းခွင့်လွှတ်ပေးနိုင်လောက်ပါရဲ့။ ပြီးတော့လည်း ကျွန်တော့်ဆီမှာ သစ္စာခံဖို့ အခွင့်အရေးတစ်ခုတောင် သူ့ကို ပေးကောင်းပေးလိမ့်မယ်လို့လည်း ခင်ဗျားတို့ရဲ့ မိသားစုခေါင်းဆောင်ကို ပြောလိုက်ပါ"

အိမ်တော်ထိန်းဝေ့ နောက်ဆုံးတွင် နားလည်သွားခဲ့တော့၏။ အစကတည်းက သခင်လေး ၇၏ ရည်ရွယ်ချက်မှာ ဝေ့မိသားစုကို ပစ်မှတ်ထားရန်ပင် ဖြစ်သည်။

ဤသို့ ဖိတ်ကြားသည်မှာ အကြောင်းပြချက် သက်သက်သာ ဖြစ်သည်။ မိသားစုခေါင်းဆောင် တက်ရောက်ခဲ့လျှင်ပင် သခင်လေးက ရတနာကို တောင်းဆိုရန် အခြားအကြောင်းပြချက်တစ်ခုကို ရှာတွေ့မည်သာ။

ဤအရာကို နားလည်သွားသောအခါ အိမ်တော်ထိန်းဝေ့သည် အတွင်းစိတ်တွင် တည်ငြိမ်သွားခဲ့လေ၏။ ရတနာသည် ယခု မည်သူ၏ လက်ထဲတွင် ရှိနေကြောင်းကို သူ အတိအကျ သိနေပေသည်။

သို့တိုင်အောင် ထိုအသိ၏ အရိပ်အယောင်များကို သူ မပြသဘဲ ရိုသေစွာဖြင့်သာ ပြောလိုက်၏။ "နားလည်ပါပြီ။ မိသားစုခေါင်းဆောင် သိအောင် ကျုပ် ပြောပေးပါ့မယ်"

ဤအချက်တွင် ယန်ချန်းဟိုင်၏ အတွေးများ လှုပ်ရှားသွားခဲ့လေသည်။ ဝေ့မိသားစုနှင့် ထိုပုဂ္ဂိုလ်တစ်ဦးကြားရှိ ဆက်စပ်မှုကို သူ ပြန်အမှတ်ရလိုက်ပါ၏။

မင်းသားကို သတိပေးသင့်၊ မပေးသင့် သူ စဉ်းစားနေစဉ် အခန်းထဲတွင် တည်ငြိမ်သော အသံတစ်ခုက ရုတ်တရက် ပဲ့တင်ထပ်သွားတော့သည်။

"မိသားစုခေါင်းဆောင်ကို ဒုက္ခပေးစရာ မလိုပါဘူး။ ရတနာက ငါ့လက်ထဲမှာ ရှိတယ်။ မေးစရာရှိတာက... မင်း ယူရဲလား"

"ဘယ်သူလဲ"

"ဘာ"

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ထိုနေရာရှိ လူတိုင်း အံ့အားသင့်သွားကြပြီး အထူးသဖြင့် မွေးရာပါနယ်ပယ် အစောင့်များ၏ မျက်နှာအမူအရာမှာ ထိတ်လန့်မှုကြောင့် ပြောင်းလဲသွားခဲ့လေသည်။

သူတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို အာရုံမခံမိခဲ့ချေ။

နောက်တစ်ခဏတွင်တော့ ပို၍ပင် အံ့မခန်းဖြစ်ရသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့လေသည်။ အခန်းထဲတွင် ပုံရိပ်တစ်ခု ပေါ်လာပြီး သူ ဘယ်လို ဝင်လာခဲ့သည်ကို မည်သူမျှ မမြင်လိုက်ကြချေ။

အစောင့်များသည် မင်းသား၏ရှေ့တွင် ချက်ချင်း နေရာယူလိုက်ကြလျက် သူတို့၏ သတိထားမှုမှာ အမြင့်ဆုံးသို့ ရောက်ရှိသွားတော့သည်။

"သခင်လေးလု" အိမ်တော်ထိန်းဝေ့သည် ခုမှရောက်လာသူကို ချက်ချင်းပင် မှတ်မိသွားပြီး ဝမ်းသာအားရ အော်ဟစ်လိုက်တော့၏။

"သခင်လေးလု" ယန်ချန်းဟိုင်မှာလည်း အလားတူပင် မှင်သက်သွားခဲ့လေ၏ယ

သူသည် ဤပုဂ္ဂိုလ်အကြောင်းကို တွေးနေခဲ့ရုံသာ ရှိသေးပြီး ယခုအခါ အတွေးဖြင့် ခေါ်ယူလိုက်သည့်အလား ဤနေရာတွင် ပေါ်လာခဲ့လေပြီပင်။

"မင်းက ဘယ်သူများလဲ" လူငယ်က မေးလိုက်ပြီး သူ၏ အံ့သြမှုကို သူ၏ ယုံကြည်မှုဖြင့် ဖုံးကွယ်ထားလိုက်သည်။ ကျူးကျော်ဝင်ရောက်လာသူမှာ သူ့ထက်ပင် ငယ်ရွယ်ပုံရသော လူငယ်တစ်ဦးဖြစ်သည်ကို မြင်သောအခါ၌ သူသည် တည်ငြိမ်မှုကို လျင်မြန်စွာဖြင့် ပြန်ပြီးရယူလိုက်၏။

"ငါ ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး" လုချင်းက ခံစားချက်ကင်းမဲ့စွာ ပြန်ဖြေလိုက်သည်။ "ဝေ့မိသားစုရဲ့ ရတနာကို မင်း လိုချင်နေတာမလား။ ဒီမှာပဲ။ မင်း ယူရဲလားဆိုတာ ကြည့်ကြသေးတာပေါ့"

လုချင်းသည် သူ၏ လက်ကို ဆန့်တန်းလိုက်ရာ သူ၏ လက်ဖဝါးထဲတွင် လက်မအရွယ်အစားရှိ ရှေးဟောင်း ဒယ်အိုးငယ်လေးတစ်ခုကို ပြသလိုက်လေသည်။

"အဲဒါ ရတနာလား"

ဝေ့မိသားစု၏ ရတနာက လုချင်းထံသို့ မည်သို့ ရောက်ရှိသွားကြောင်းကို မင်းသားက နားမလည်သော်လည်း ဒယ်အိုးကို မြင်လိုက်ရခြင်းက သူ၏ အာရုံကို ချက်ချင်း ဖမ်းစားသွားခဲ့လေ၏။

သေးငယ်သော်လည်း ရှေးဟောင်း ဒယ်အိုးငယ်လေးသည် ထူးခြားပြီး သာမန်မဟုတ်သော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည်။

မွေးရာပါနယ်ပယ် အစောင့်များအတွက်တော့ ဝိညာဉ်လက်နက်၏ တာအိုစွမ်းအင်များသဲ့သဲ့လေး ပါဝင်နေမှုမှာ ငြင်း၍မရနိုင်ချေ။

"ဒီဒယ်အိုးက မယုံနိုင်လောက်အောင် ရှားပါးတဲ့ ရတနာတစ်ခုပဲ" အစောင့်များထဲမှ တစ်ဦးက လျှို့ဝှက်နည်းစနစ်တစ်ခုမှတစ်ဆင့် မင်းသားကို တိုးတိုးလေး ပြောလိုက်သည်။ "အဲဒါက ဒဏ္ဍာရီလာ ဝိညာဉ်လက်နက်တစ်ခုတောင် ဖြစ်နိုင်တယ်။ တကယ်လို့ ကျွန်တော်တို့သာ အဲဒါကို သိမ်းပိုက်ပြီး အကြီးအကဲ ထျန်းလောင်ကို ဆက်သနိုင်ရင် သူ အရမ်းဝမ်းသာသွားလိမ့်မယ်"

"ဝိညာဉ်လက်နက်တစ်ခုလား" မင်းသား၏ နှလုံးသားမှာ လှုပ်ရှားသွားခဲ့လေ၏။

သူ၏ ကျင့်ကြံခြင်းမှာ ကိုယ်တွင်းအင်္ဂါအဆင့်၏ အထွတ်အထိပ်သို့သာ ရောက်ရှိသေးသော်လည်း ကျင့်ကြံခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ ခိုင်မာသော နားလည်မှုတစ်ခု သူ့တွင် ရှိလေသည်။ အထူးသဖြင့် အကြီးအကဲ ထျန်းလောင်၏ မျက်နှာသာပေးမှုကို ရရှိပြီးနောက် ကျင့်ကြံခြင်းလမ်းစဉ်နှင့် ပတ်သက်၍ သိသာထင်ရှားသော ဗဟုသုတများကို သူ ရရှိခဲ့၏။

ဒယ်အိုး၏ ကြီးမားလှသော တန်ဖိုးကို သဘောပေါက်သွားသောအခါ၌ သူ၏ အတွေးများ ရှုပ်ထွေးသွားတော့၏။ သို့သော် အပြင်ပန်းတွင်တေယ့ သူသည် တည်ငြိမ်နေဆဲဖြစ်ပြီး အပြုံးဖြင့် ယန်ချန်းဟိုင်ဆီသို့ လှည့်လိုက်လေသည်။

"ဒီသူရဲကောင်းလေးက အစ်ကို ၄ရဲ့ သူငယ်ချင်းလား။ တကယ့်ကို မှတ်သားလောက်ဖွယ် ပါရမီရှင်လေးပဲနော်။ ကျွန်တော့်ကို ဘာလို့ မိတ်မဆက်ပေးရသေးတာလဲ"

သို့သော် ယန်ချန်းဟိုင်၏ ရှုပ်ထွေးနေသော မျက်နှာအမူအရာကို သတိပြုမိလိုက်သောအခါ သူ၏ အပြုံးမှာ တောင့်သွားခဲ့လေသည်။ သူ့ကို တစ်ခုခုအကြောင်း သတိပေးရန် ယန်ချန်းဟိုင်က တုံ့ဆိုင်းနေသကဲ့သို့ပင်။

...

အခန်း ၄၃၉ ၊ အပိုင်း (၁) - ဖမ်းဆီးခြင်း၊ ပိုင်နက်နှင့် လုချင်း၏ စည်းကမ်းချက်များ။

ယန်ချန်းဟိုင်၏ မျက်နှာအမူအရာမှာ တောင့်သွားပြီး သေသပ်လှပစွာ ဝတ်ဆင်ထားသော လူငယ်အား ခေတ္တမျှ မှင်သက်သွားစေခဲ့သည်။ သူ အခြေအနေကို နားမလည်မီမှာပင် လုချင်းက ပြောလိုက်၏။

"ဘာဖြစ်လို့လဲ။ မင်းတို့က မယူချင်ဘူးဆိုရင်တော့ ငါ့ဘာသာငါပဲ မင်းတို့ကို အထဲကိုဝင်လာဖို့ ဖိတ်ခေါ်ရတာပေါ့"

နောက်တစ်ခဏတွင် လူငယ်သည် လုချင်း၏ လက်ထဲရှိ လီဟော်ဒယ်အိုးငယ်လေး ရုတ်တရက် ကြီးထွားလာရင်း ကြီးမားသည့် အရာဝတ္ထုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို ထိတ်လန့်တကြား ကြည့်နေခဲ့လေသည်။ ထိုဒယ်အိုးမှာ သူတို့ဆီသို့ ပြေးဝင်လာနေပြီပင်။

ထို့နောက်၌ သူ၏ အမြင်အာရုံမှာ မှောင်မိုက်သွားပြီး သူ ဘာကိုမျှ မသိတော့ချေ။

လူငယ်နှင့် သူ၏ အစောင့်များကို ဖမ်းဆီးပြီးနောက် လုချင်းသည် လီဟော်ဒယ်အိုးကို သိမ်းဆည်းလိုက်ပြီး အံ့သြမှုကြောင့် တောင့်နေပြီဖြစ်သော ယန်ချန်းဟိုင်နှင့် အိမ်တော်ထိန်းဝေ့တို့ဆီသို့ သူ၏ အကြည့်ကို လှည့်လိုက်သည်။

ဤကဲ့သို့သော ကောင်းကင်ဘုံ နည်းလမ်းမျိုးကို သူတို့ ယခင်က တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။ ဒယ်အိုးငယ်လေးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမားလှသော ဝိညာဉ်လက်နက်ကြီးတစ်ခုအဖြစ် ကြီးထွားလာနိုင်ပြီး လူများကို တစ်ကောင်လုံး မျိုချပစ်နိုင်လေသည်။ ထိုမြင်ကွင်းမှာ အံ့သြကြည်ညိုဖွယ်ကောင်းသလို ကြောက်မက်ဖွယ်လည်း ကောင်းလှပေ၏။

လုချင်း လှမ်းကြည့်လိုက်သောအခါမှသာ ယန်ချန်းဟိုင်သည် တုန်ရီသွားပြီး သတိပြန်ဝင်လာခဲ့တော့သည်။ သူက အလျင်စလို ပြောလိုက်လေသည်။

"သခင်လေးလု... အဲဒီလူက ကျွန်တော့်ရဲ့ ညီလေး ၇ပါ။ သနားညှာတာပေးဖို့ တောင်းပန်ပါတယ်"

ယန်ချန်းဟိုင်သည် သူ၏ ညီလေး ၇ဟုခေါ်သော သူအပေါ် တွယ်တာမှု သိပ်မရှိသော်လည်း အကယ်၍ သူ၏ စောင့်ကြည့်မှုအောက်တွင် သူ့ကို တစ်ခုခု ဖြစ်သွားစေမိပါက မိသားစုက သူ့ကို သေချာပေါက် အပြစ်တင်ပေလိမ့်မည်ပင်။ ထို့အပြင် မျိုးနွယ်စုက ပင်ပန်းဆင်းရဲစွာ ပြုစုပျိုးထောင်ခဲ့သော မွေးရာပါနယ်ပယ် အစောင့်များ ဆုံးရှုံးသွားခြင်းက သူတို့၏ အရင်းအမြစ်များအတွက် သိသာထင်ရှားသော ထိုးနှက်ချက်တစ်ခု ဖြစ်ပေလိမ့်မည်။

"ဪ...ညီလေး ၇လား။ သူက မင်းကို အရှက်ကွဲအောင်လို့ ထောင်ချောက်ဆင်ပြီး ဒီခေါင်ဖျားတဲ့ ခရိုင်လေးကို ပြည်နှင်ဒဏ်ပေးခံရအောင် လုပ်ခဲ့တဲ့သူမလား။ အဲ့ဒါတောင် သူ့အတွက် ခင်ဗျားက တောင်းပန်နေတုန်းပဲလား" လုချင်း၏ လေသံမှာ တည်ငြိမ်နေသော်လည်း ပြတ်သားနေလေ၏။

လုချင်းသည် သူတို့၏ အစောပိုင်း စကားပြောဆိုမှုများကို ကြားခဲ့ရမည်ဖြစ်ကြောင်း ယန်ချန်းဟိုင် သဘောပေါက်လိုက်၏။ ခါးသီးစွာ ပြုံးလိုက်ရင်း သူက ပြောလိုက်သည်။

"ပွင့်ပွင့်လင်းလင်း ပြောရရင် သခင်လေးလု... ကျွန်တော့်ရဲ့ အဲဒီညီကို ကျွန်တော် သိပ်ပြီး ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က သွေးချင်းဆက်နေတာလေ။ ကျွန်တော့်မျက်နှာကိုထောက်ပြီး သူ့ကို ချမ်းသာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

"ဒီနေရာမှာ ခင်ဗျား သြဇာမညောင်းဘူး"

လုချင်း၏ အဖြေကြောင့် ယန်ချန်းဟိုင်မှာ ခေတ္တမျှ စကားမပြောနိုင်ဖြစ်သွားခဲ့ရ၏။

"အစောပိုင်းက လီဝေ့ထျန်းကို ခင်ဗျား ပြောခဲ့တယ်နော်။ သူနဲ့ ငါနဲ့က ဆက်စပ်မှု နည်းနည်းရှိတယ်။ ခရိုင်အုပ်ချုပ်ရေးမှူး ယန်... ခင်ဗျားရဲ့ ညီလေး ၇ကို အသက်ရှင်စေချင်ရင် ရှင်းပါတယ်။ စာပို့ခိုနဲ့ဖြစ်ဖြစ်၊ မြင်းနဲ့ အမြန်ပို့‌ပေးတာပဲဖြစ်ဖြစ် ငါ အချက်နှစ်ချက် တောင်းဆိုချင်တယ်။

ပထမတစ်ခုက မင်းတို့ရဲ့ ယန်မိသားစုက လီဝေ့ထျန်းရဲ့ မျိုးဆက်တွေကို လဝက်အတွင်း ဒီခရိုင်ကို ပို့ပေးရမယ်။ ဒုတိယတစ်ခုက အခုကစပြီး တောင်တန်းတစ်သိန်းက ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိရမယ်၊ 'ယန် နိုင်ငံ' ရဲ့ အုပ်ချုပ်မှုအောက်မှာ ဆက်မရှိရတော့ဘူး။

တကယ်လို့ ဒီအချက်နှစ်ချက်ကို ငါ ကျေနပ်လောက်အောင် မင်းတို့ ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် ခင်ဗျာူရဲ့ ညီလေး ၇ကို ချမ်းသာပေးဖို့ ငါ စဉ်းစားပေးကောင်းစဉ်းစားပေးမှာပေါ့"

လုချင်းက လီဝေ့ထျန်းနှင့် ဆက်စပ်မှုရှိကြောင်း ပြောလိုက်သဖြင့် ယန်ချန်းဟိုင်မှာ အံ့အားသင့်သွားခဲ့လေသည်။ လုချင်းသည် ချုပ်တည်းမှု ပြသခဲ့ပြီးဖြစ်ကြောင်း သူ လျင်မြန်စွာ နားလည်လိုက်၏။ အကယ်၍ အခြား အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးသာ ဖြစ်ခဲ့ပါက သူ၏ ညီလေး ၇မှာ ချက်ချင်းပင် သတ်ဖြတ်ခံရဖွယ် ရှိပေသည်။

သို့သော် လုချင်း၏ ဒုတိယ တောင်းဆိုချက်ကို ကြားသောအခါ၌ ယန်ချန်းဟိုင်၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးသွားတော့၏။

"သခင်လေးလု... လီဝေ့ထျန်းချန်‌ပေ့ရဲ့ မျိုးဆက်တွေကို နေရာပြောင်းရွှေ့ပေးတာကတော့ လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ တောင်တန်းတစ်သိန်းကို သခင်လေးရဲ့ ပိုင်နက်အဖြစ် တောင်းဆိုတာကတော့ ကျွန်တော့်မျိုးနွယ်စုကို ရှင်းပြဖို့ ခက်ခဲပါလိမ့်မယ်ဗျ။ တော်ဝင်မိသားစုကလည်း သေချာပေါက် သဘောတူမှာ မဟုတ်ဘူးလေ"

ခေါင်ဖျားပြီး အန္တရာယ်များသော်လည်း ထိုတောင်တန်းများသည် ယန် နိုင်ငံအတွက် အရေးပါသော ဆေးပင်များနှင့် သားရေများ ရရှိရာ ကြွယ်ဝသော အရင်းအမြစ်တစ်ခု ဖြစ်ပေသည်။ ၎င်းတို့ကို လွှဲပြောင်းပေးခြင်းက တော်ဝင်နန်းတော်မှ ခုခံမှုများကို မလွဲမသွေ ဖြစ်ပေါ်စေမည်ပင်။

"ခရိုင်အုပ်ချုပ်ရေးမှူး ယန်... ခင်ဗျား အထင်လွဲနေတဲ့ပုံပဲ" လုချင်းက အေးစက်စက် ပြန်ဖြေလိုက်၏။ "ခင်ဗျားတို့ရဲ့ ယန် နိုင်ငံ သဘောတူညီချက်ကို ငါ တောင်းဆိုနေတာ မဟုတ်ဘူး။ ခင်ဗျားကို အသိပေးနေတာ။ ခုချိန်ကစပြီး တောင်တန်းတစ်သိန်းက ငါ့အပိုင်ဖြစ်သွားပြီ။

တကယ်လို့ ခင်ဗျားတို့ရဲ့ တော်ဝင်မိသားစုက ကန့်ကွက်စရာ ရှိရင်လည်း ငါ မြို့တော်ကို အမြဲတမ်း သွားလည်လို့ ရပါတယ်။ အဲဒီအခါကျရင် ယန် နိုင်ငံက ယန်မိသားစုပိုင် ဖြစ်နေဦးမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပေါ့"

လုချင်း၏ တည်ငြိမ်သော အမူအကျင့်က ယန်ချန်းဟိုင်၏ နှလုံးသားကို ကြက်သီးထသွားစေခဲ့၏။ လုချင်း၏ စိတ်သဘောထားနှင့် ပတ်သက်၍ လင်းကျိယွဲ့၏ ယခင် သတိပေးချက်ကို သူ ပြန်ပြီးသတိရလိုက်သည်။ ယဉ်ကျေးပုံရသော ဤလူငယ်သည် တကယ်တော့ အလွန် ရက်စက်ကြမ်းကြုတ်သူ ဖြစ်ပေသည်။

လုချင်း ယခုလေးတင် ပြသခဲ့သော သဘာဝလွန်လုနီးပါး နည်းလမ်းများကို ပြန်ပြီးသတိရလိုက်သောအခါ၌ ယန်ချန်းဟိုင်၏ ကြောက်ရွံ့မှုမှာ ပို၍ပင်နက်ရှိုင်းလာခဲ့လေ၏။ လုချင်းကို မြို့တော်သို့ ဝင်ခွင့်ပြုခြင်းက ထိန်းချုပ်၍မရနိုင်သော ဘေးအန္တရာယ်တစ်ခုသို့ ဦးတည်သွားစေမည်ကို သူ အလိုလိုပင် ခံစားမိလိုက်သည်။

သူက အလျင်စလိုဖြင့် ပြောလိုက်သည်။ "သခင်လေးလု... ကျေးဇူးပြုပြီး စိတ်တည်ငြိမ်အောင် ထားပါ။ မျိုးနွယ်စုဆီကို ချက်ချင်း သတင်းပို့ပြီး လီဝေ့ထျန်းချန်ပေ့ရဲ့ မျိုးဆက်တွေကို ချန်းခရိုင်ကို အမြန်ဆုံး ခေါ်ဆောင်လာဖို့ သေချာလုပ်ပေးပါ့မယ်။ တောင်တန်းတစ်သိန်းနဲ့ ပတ်သက်ပြီး ပြောရရင် သခင်လေး လိုချင်တယ်ဆိုရင် သခင်လေးပိုင်ပါတယ်။ အဲဒီဒေသက ယန် နိုင်ငံအတွက် သိပ်အရေးမပါပါဘူး"

မျိုးနွယ်စုက မည်သို့ တုံ့ပြန်မည်ကို ယန်ချန်းဟိုင် သေချာမသိသော်လည်း လောလောဆယ်တွင်တော့ လုချင်းအား စိတ်ငြိမ်အောင် လုပ်ရမည်ကို သူ သိနေပေသည်။ သူ့ကို မြို့တော်သို့ ချီတက်ခွင့်ပြုခြင်းမှာ လုံးဝ စဉ်းစား၍ မရနိုင်ချေ။

"ကောင်းပြီလေ။ မှတ်ထားပါ၊ ခင်ဗျားကို အများဆုံး လဝက် အချိန်ပေးထားတယ်။ အိမ်တော်ထိန်းဝေ့... သွားကြရအောင်"

လုချင်းက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ထွက်ခွာရန် လှည့်လိုက်တော့၏။

"ဟုတ်ကဲ့ပါ သခင်လေး" အိမ်တော်ထိန်းဝေ့က ရိုသေစွာ တုံ့ပြန်လိုက်ပြီး လုချင်းနောက်သို့ မလိုက်မီ ယန်ချန်းဟိုင်ကို အနည်းငယ် ဦးညွှတ်လိုက်လေသည်။

အိမ်တော်ထိန်းဝေ့မှာ အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း အတွင်းစိတ်တွင်တော့ အလွန်ဝမ်းမြောက်နေပါ၏။ သခင်လေး ၇သည် သူ့အစောင့်များ၏ အကူအညီကို အားကိုးလျက် အစောပိုင်းက သူ၏ ဖိနှိပ်သော အမူအကျင့်ဖြင့် အိမ်တော်ထိန်းဝေ့အား အရှက်ခွဲခဲ့သည်။ အိမ်တော်ထိန်းဝေ့သည် ထိုအချိန်က သည်းခံခဲ့ပြီး နောင်တွင် တန်ပြန်တိုက်ခိုက်ရန် မိသားစုနှင့် တိုင်ပင်ဖို့ ရည်ရွယ်ခဲ့သော်လည်း လုချင်း၏ ရုတ်တရက် ရောက်ရှိလာမှုက အခြေအနေကို လုံးဝ ပြောင်းပြန်ဖြစ်သွားစေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

လုချင်း၏ လုပ်ရပ်များမှာ လွှမ်းမိုးနိုင်လွန်းလှပေ၏။ သခင်လေး ၇ကို ထပ်မံစကားပြောခွင့်ပင်မပေးဘဲ ဖမ်းဆီးပိတ်လှောင်ပစ်လိုက်လေ၏။

မင်းသားနှင့်အတူ ပါလာသော အစွမ်းထက်သည့် မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများပင်လျှင် ခုခံနိုင်စွမ်း မရှိခဲ့ချေ။

ဤအရာက အိမ်တော်ထိန်းဝေ့ကို အလွန်အမင်း ကျေနပ်သွားစေခဲ့ပြီး လုချင်း၏ မယုံနိုင်လောက်သော စွမ်းရည်များအပေါ် သူ၏ လေးစားမှုမှာ ပို၍ပင်နက်ရှိုင်းလာခဲ့ရတော့၏။

"သခင်လေးလု... ဝေ့အိမ်တော်မှာ အနားယူချင်သေးလား" တည်းခိုခန်းမှ ထွက်လာပြီးနောက် အိမ်တော်ထိန်းဝေ့က ရိုသေစွာ မေးလိုက်သည်။

"မလိုပါဘူးဗျ။ ကျွန်တော် ရွာကို ပြန်ဖို့ပဲ စီစဉ်ထားလို့ပါ" လုချင်းက ရှင်းလင်းစွာ ငြင်းဆိုလိုက်၏။ မည်သို့ပင်ဆိုစေ ဝေ့အိမ်တော်သို့ သွားလည်ရန် အကြောင်းပြချက် သိပ်မရှိချေ။

ဝေ့ဇနီးမောင်နှံ၊ ဝေ့ရှန်ဟိုင်နှင့် ဝေ့ရှင်းဟယ်၊ ထို့အပြင် ဝေ့ကျိဟောက်တို့သည် ယခုအခါ ကျိုးလီရွာရှိ ဒုတိယအိမ်တော်တွင်သာ အနေများကြသည်။ ခရိုင်မြို့တော်တွင် အိမ်တော်ထိန်းဝေ့နှင့် တခြားအိမ်တော်ထိန်းအချို့သာလျှင် မိသားစု၏ ကိစ္စရပ်များကို စီမံခန့်ခွဲကြလေ၏။

"ဒီနေ့ကိစ္စတွေအတွက် စိတ်မပူပါနဲ့ အိမ်တော်ထိန်းဝေ့။ ရွာကို ပြန်ရောက်တာနဲ့ အကြီးအကဲဝေ့နဲ့ တခြားသူတွေကို ကျွန်တော် ပြောပြလိုက်ပါ့မယ်" လုချင်းက ပြောလိုက်၏။

"ဟုတ်ကဲ့ပါ" အိမ်တော်ထိန်းဝေ့ကလည်း ရိုသေစွာ တုံ့ပြန်လိုက်သည်။

"ပြီးတော့ ဒီမှာ၊ ဒါတွေ ယူထားလိုက်ပါဗျ"

လုချင်းသည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်ပြီး ယင်းအပေါ်သို့ သူ၏ လက်ချောင်းကို ဖွဖွလေး လှုပ်ရှားလိုက်လေသည်။ လျှို့ဝှက်ဆန်းကြယ်သော မန္တန်အက္ခရာများ လေထဲတွင် ပေါ်လာပြီး ကျောက်စိမ်းပြားအတွင်းသို့ မြုပ်ဝင်သွား၏။ အသက်အနည်းငယ်ရှိုက်စာအချိန်အတွင်းမှာပင် သူသည် ကျောက်စိမ်းအဆောင်တစ်ခုကို ဖန်တီးလိုက်၏။

ထို့နောက် သူသည် ကျောက်စိမ်းပုလင်းတစ်ခုကို ထုတ်ယူလိုက်ပြီး အဆောင်နှင့်အတူ အိမ်တော်ထိန်းဝေ့ထံသို့ ကမ်းပေးလိုက်တော့သည်။

"ကျွန်တော် မြင်ရသလောက်ဆိုရင် အိမ်တော်ထိန်းဝေ့က ကိုယ်တွင်းအင်္ဂါအဆင့်ရဲ့ အထွတ်အထိပ်ကိုတောင် ရောက်နေပြီလေ။ ဝိညာဉ်ခွန်အား စွမ်းရည်တွေရှိတဲ့ သိုင်းပညာ မဟာသခင်တစ်ယောက် ဖြစ်လာဖို့ နီးစပ်နေပြီ‌လို့ ပြောရမယ်။ ဒီကျောက်စိမ်းပုလင်းထဲက ဆေးလုံးတွေက အိမ်တော်ထိန်းဝေ့ရဲ့ အခြေခံအုတ်မြစ်ကို ခိုင်မာစေပြီးတော့ မွေးရာပါနယ်ပယ်ထဲကို ဝင်ရောက်ဖို့ အရှိန်မြှင့်ပေးပါလိမ့်မယ်ဗျ။

ဒါ့အပြင်ကိုမှ ဒီကျောက်စိမ်းအဆောင်ကို ဝတ်ထားလို့ရှိရင် ဒီနေ့လို အခြေအနေမျိုးမှာ အိမ်တော်ထိန်းဝေ့ကို ကာကွယ်ပေးလိမ့်မယ်လေ။ အခြားတစ်ဖက်က လူကသာ ကျွန်တော့်ထက် မစွမ်းသရွေ့တော့ သူတို့ရဲ့ အငွေ့အသက်က အိမ်တော်ထိန်းဝေ့အပေါ်မှာ သက်ရောက်မှု ရှိမှာမဟုတ်ပါဘူးဗျ"

"သခင်လေး... ဒါက..." လုချင်း၏ လက်ထဲရှိ ပစ္စည်းများကို ကြည့်ရင်း အိမ်တော်ထိန်းဝေ့ တုံ့ဆိုင်းနေလေသည်။

"ယူထားလိုက်ပါ။ ဒါတွေက ကျွန်တော့်အတွက် အသေးအဖွဲလေးပါ။ ကျွန်တော့်အတွက်လည်း အသုံးမဝင်တာမလို့ အရမ်းကြီး တွေးမနေပါနဲ့"

....

All Chapters