← Chapters

အခန်း (၄၅၀-၄၅၀)

Vol. 45 Ch. 450-450

အခန်း (၄၅၀-၄၅၀)

Vol. 45 Ch. 450-450

အခန်း ၄၅၀ ၊ အပိုင်း (၁) - ငါ့အမြင်မှာတော့ မင်းက ပုရွက်ဆိတ်တစ်ကောင်ထက် မပိုဘူး

လီချန်ပေါ်သည် လုချင်းလက်ထဲရှိ မီးတောက်ကို မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်နေလေသည်။

ထိုမီးတောက်မှာ သူကိုယ်တိုင် ခက်ခက်ခဲခဲဖြင့် သန့်စင်ထားခဲ့ရသည့် အပြာရောင်မီးတောက်ဖြစ်ကြောင်း သူ အသေအချာကို သိထား၏။ သို့တိုင်အောင် သူ့ရှေ့မှ လူငယ်လေးကတော့ ထိုမီးတောက်ကို ဘာမဟုတ်သည့်အရာလေးတစ်ခုလို ပေါ့ပေါ့ပါးပါးပင် ဆုပ်ကိုင်ထားလေသည်။ မီးတောက်၏ ပြင်းထန်လှသော အပူရှိန်က ထိုလူငယ်အပေါ် မည်သည့်သက်ရောက်မှုမျှ မရှိနေခဲ့ချေ။

"မင်းက ဘယ်သူလဲ"

ပထမဆုံးအကြိမ်အဖြစ် လီချန်ပေါ်၏ နှလုံးသားထဲတွင် စိုးရိမ်ထိတ်လန့်မှုတစ်ခု စတင်ဖြစ်တည်လာခဲ့၏။ လုချင်းထံမှ ထွက်ပေါ်နေသော အငွေ့အသက်မှာ မွေးရာပါနယ်ပယ်မျှသာဖြစ်သော်လည်း၊ ဤမျှအဆင့်သာရှိသော လူတစ်ယောက်က သူ၏ဝိညာဉ်စွမ်းအားများဖြင့် သန့်စင်ထားသည့် မီးတောက်ကို လက်ဗလာဖြင့် ကိုင်တွယ်နိုင်သည်ဆိုခြင်းကို လီချန်ပေါ် တစ်ယောက် လုံးဝမယုံကြည်နိုင်အောင် ဖြစ်နေရ၏။

အခြားသော ကြည့်ရှုနေသူများမှာလည်း အလားတူပင် မှင်သက်အံ့ဩနေကြသည်။ အပြာရောင်မီးတောက်၏ ကြောက်မက်ဖွယ်ကောင်းလှသော အဖျက်စွမ်းအားကို သူတို့ ကိုယ်တိုင်ကိုယ်ကျ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီးပြီ မဟုတ်ပါလော။

မြို့တွင်းရှိ အဆောက်အအုံများတွင် အရည်ပျော်ကျသွားသော ကြီးမားလှသည့် အပေါက်ကြီးများက ထိုမီးတောက်၏ ဖျက်ဆီးနိုင်စွမ်းကို ငြင်း၍မရနိုင်အောင် သက်သေပြနေပါ၏။ သို့သော် ယခုအခါတွင်မူ ဘယ်ဆီကမှန်းမသိ ပေါ်လာသော လူငယ်တစ်ဦး၏ လက်ထဲတွင် ထိုမီးတောက်ကြီးက ဘာမှမဟုတ်သည့်ပုံစံဖြင့် ဆုပ်ကိုင်ခံထားရသည်ကို မြင်တွေ့လိုက်ကြရလေသည်။

ထို့အပြင် လုချင်း စကားမပြောမီအချိန်အထိ သူ တည်းခိုခန်းခေါင်မိုးပေါ်တွင် ရပ်နေသည်ကို မည်သူကမျှ သတိမထားမိခဲ့ကြချေ။

ထိုအခိုက်အတန့်တွင် ဤလူငယ်မှာ သာမန်လူတစ်ယောက် မဟုတ်နိုင်ကြောင်း လူတိုင်း နားလည်သဘောပေါက်သွားကြတော့၏။

"အဲဒါ..."

ထိုစဉ် လေထဲတွင် တွဲလောင်းဖြစ်နေဆဲဖြစ်သော ရေခဲနန်းတော်၏ နန်းတော်သခင်သည်လည်း လုချင်းကို လှမ်းမြင်လိုက်ရသည်။

သူမ၏ မျက်လုံးများမှာ တစ်ခုခုကို မှတ်မိသွားသဖြင့် ပြူးကျယ်သွားခဲ့လေ၏။ ဤလူငယ်၏ ပုံတူပန်းချီကားကို သူမ ယခင်က မြင်ဖူးထားခဲ့လေသည်။

"ငါက ဘယ်သူလဲဆိုတော့... ဒီတိုင်း ပွဲလာကြည့်တဲ့ ဖြတ်သွားဖြတ်လာတစ်ယောက်ပါပဲ"

လီချန်ပေါ်၏ မျက်လုံးများထဲမှ သတိထားစောင့်ကြည့်နေမှုကို သတိပြုမိလိုက်သောအခါ လုချင်းက ပြုံးစစဖြင့် ပြောလိုက်လေသည်။

"ဒါပေမဲ့ မင်းလုပ်ရပ်က နည်းနည်းတော့ လွန်လွန်းနေပြီ။ ရန်ငြိုးရှိရင် အဲ့ရန်ငြိုးဖြစ်ရတဲ့ အကြောင်းရင်းရှိသလို၊ အကြွေးရှိရင်လည်း အကြွေးရှင်ဆိုတာ ရှိကြတာပဲလေ။ ရေခဲနန်းတော်နဲ့ စာရင်းလာရှင်းတာဆိုရင်လည်း ထားလိုက်ပါတော့၊ ဘေးကလူတွေကိုပါ ထိခိုက်အောင်လုပ်ဖို့မှ မလိုတာ။ ငါ့မှာသာ စွမ်းရည်နည်းနည်းပါးပါး မရှိရင်၊ ငါနဲ့ ငါ့ညီမလေးပါ မင်းရဲ့ဝိညာဉ်မီးတောက်ကြောင့် ပြာကျသွားလောက်ပြီ။"

"အစွမ်းထက်တဲ့သူတွေ တိုက်ခိုက်ကြတဲ့အခါကျ ဘေးပတ်ဝန်းကျင်ကို ထိခိုက်မိတာက ရှောင်လွှဲလို့မရတဲ့ ကိစ္စပဲလေ"

လီချန်ပေါ်က အေးစက်စွာ ပြန်ပြောလိုက်လေသည်။ "ဘာမှနားမလည်တဲ့ ဒီပုရွက်ဆိတ်တွေကိုပဲ အပြစ်တင်ရမှာပေါ့။ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေရဲ့ တိုက်ပွဲကို သူတို့ကြည့်နိုင်မယ်လို့ ဘယ်လိုလုပ် တွေးရဲရတာလဲ။ ဒီလောကကြီးမှာ ခွန်အားကြီးသူကသာ ကြီးစိုးပြီး အားနည်းသူက သားကောင်သက်သက်ပဲ။ ခွန်အားရှိသူကပဲ စကားပြောခွင့်ရှိတယ်။ ဒီသဘောတရားကို မင်းလည်း နားလည်မှာ သေချာပါတယ်။"

"အစွမ်းအထက်ဆုံးသူကပဲ ရှင်သန်ရတာပေါ့လေ..." လုချင်းက စကားလုံးများကို အရသာခံနေသည့်အလား ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။ ထို့နောက် သူက ခပ်ဟဟ ရယ်မောလိုက်ပြီး "မင်းပြောတာ မမှားပါဘူး။ ဒီကမ္ဘာလောကကြီးကို အစွမ်းထက်တဲ့သူတွေကပဲ တကယ်ကြီး ကြီးစိုးခြယ်လှယ်နေကြတာပဲဟာ"

"မင်းကိုယ်တိုင်က သဘောတူတယ်ဆိုမှတော့၊ ပုရွက်ဆိတ်သာသာကောင်တွေအတွက် ဘာလို့ ဝင်စွက်ဖက်နေတာလဲ။"

လီချန်ပေါ်၏ မျက်နှာပေါ်တွင် သက်သာရာရသွားသည့် အရိပ်အယောင်လေးတစ်ခု လက်ခနဲ ပေါ်လာခဲ့လေသည်။

လူငယ်၏ အငွေ့အသက်က သူ့ကို စိတ်မသက်မသာ ဖြစ်စေပါ၏။ ထိုကဲ့သို့ အစွမ်းအစအားခန့်မှန်း၍မရနိုင်သောသူတစ်ယောက်အား သူ ရန်မစချင်ခဲ့ချေ။ သို့သော် လုချင်း၏ နောက်ထပ်ထွက်ပေါ်လာသော စကားများက သူ၏ မျက်နှာအမူအရာကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။

"သူတို့အတွက် ငါက ဝင်ပြောပေးနေတယ်လို့ ဘယ်သူကများ ပြောလို့လဲ။ ခုနက ငါပြောတာ မင်းမကြားဘူးလား။ မင်းရဲ့မီးတောက်က ငါ့ရဲ့အေးအေးဆေးဆေးနေချင်တဲ့စိတ်ကို လာနှောင့်ယှက်နေလို့လေ။"

လုချင်းသည် သူ၏ လက်ချောင်းများကို ပေါ့ပေါ့ပါးပါး ပွတ်ချေလိုက်ကာ လက်ထဲရှိ အပြာရောင်မီးတောက်ကို ငြိမ်းသတ်လိုက်သည်။

"ပွဲကောင်းလေးတစ်ခု ကြည့်ဖို့ ဒီကိုလာတာ။ ဒါပေမဲ့ မင်းရဲ့မီးတောက်တွေက ငါ့ညီမလေးကို ထိခိုက်အောင် လုပ်မိတော့မလိုဖြစ်သွားတယ်လေ။ အဲဒါကိုတော့ ငါ သည်းမခံနိုင်ဘူး။"

"အဲဒီလိုဆိုမှတော့ မင်းက ငါ့ကို ဆန့်ကျင်ဖို့ ဆုံးဖြတ်ထားတာပေါ့လေ" လီချန်ပေါ်၏ အသံမှာ အေးစက်သွား၏။

"မင်းကို ဆန့်ကျင်ရမယ် ဟုတ်လား။" လုချင်းက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ကာ ခေါင်းယမ်းလိုက်သည်။ "မင်းရဲ့ အားနည်းပြီး မတည်မငြိမ်ဖြစ်နေတဲ့ အငယ်တန်းအဆင့် ရွှေအမြုတေလေးနဲ့ဆိုရင် မင်းက ငါ့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့တောင် အရည်အချင်းမှ မမီတာ။ မင်းပြောခဲ့သလိုပဲ ဒီလောကကြီးကို အစွမ်းထက်တဲ့သူတွေကပဲ အုပ်ချုပ်တာလေ။ ကျင့်ကြံသူတချို့အတွက်တော့ သေမျိုးတွေက ပုရွက်ဆိတ်တွေထက် မပိုဘူးပေါ့။ ဒါပေမဲ့ မင်းလည်း ချွင်းချက်တော့ ဟုတ်မနေဘူးလေ။ ငါ့အမြင်မှာတော့ မင်းက ခပ်ကြီးကြီး ပုရွက်ဆိတ်တစ်ကောင်ထက် မပိုဘူး။"

မြို့တစ်မြို့လုံး တိတ်ဆိတ်ငြိမ်သက်သွားတော့၏။

ထိုစကားတို့ကို ကြားလိုက်ရသော သူတို့နားကိုပင် သူတို့မယုံနိုင်ကြချေ။ ဤလူငယ်သည် မိုးကြိုးအတိဒုက္ခကို ဖြတ်ကျော်ထားသော ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးအား ပုရွက်ဆိတ်တစ်ကောင်ဟု ခေါ်ဆိုဝံ့ခဲ့လေသည်။

"ကောင်းတယ်... အရမ်းကောင်းတယ်။"

လီချန်ပေါ်၏ မျက်နှာမှာ ဒေါသကြောင့် နီရဲတက်လာခဲ့လေ၏။

အသစ်တက်လှမ်းထားသော ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် သူသည် သူ၏ အသစ်ရရှိထားသော စွမ်းအားများကို အလွန်ဂုဏ်ယူမော်ကြွားနေခဲ့သော်လည်း၊ ယခုကဲ့သို့ လူသိရှင်ကြား အလွန်အမင်း အရှက်ခွဲခံလိုက်ရလေသည်။ သူ၏ ဒေါသတရားက သတိထားဆင်ခြင်နိုင်စွမ်းအားလုံးကို လောင်ကျွမ်းဖျက်ဆီးသွားခဲ့ပြီပင်။

"မင်းက သေဖို့ အဲဒီလောက်တောင် လောနေမှတော့၊ မင်း ဘာလုပ်နိုင်လဲဆိုတာ ကြည့်ရသေးတာပေါ့။" သူက ဟိန်းဟောက်လိုက်၏။

ထို့နောက် သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ ကြီးမားလှသော အပြာရောင် မီးတောက်တိုင်ကြီးတစ်ခုက လုချင်းနှင့် ရှောင်ယန်ဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ပစ်ဝင်သွားတော့သည်။

မီးတောက်များသည် ပြင်းထန်သော အပူရှိန်ဖြင့် လေထုကိုပင် တွန့်လိမ်သွားစေခဲ့ပြီး ၎င်းတို့၏ ဖျက်ဆီးနိုင်စွမ်း မည်မျှကြီးမားကြောင်း သက်သေပြနေလေ၏။

ဤလှုပ်ရှားမှုကို မည်သို့ တုံ့ပြန်မည်ကို ကြည့်ရန် လီချန်ပေါ်၏ အကြည့်များမှာ လုချင်းအပေါ်တွင်သာ စူးစိုက်နေ၏။

ဒင်း အစွမ်းထက်တဲ့ ဝိညာဉ်လက်နက်တစ်ခုကိုပဲ အားကိုးမှာလား။ ဒါမှမဟုတ် တခြား လှည့်ကွက်တစ်ခုခုများ သုံးမလား ကြည့်ကြရသေးတာပေါ့ကွာ။

သာမန် ကောင်လေးတစ်ယောက်က သူ၏ ဝိညာဉ်စွမ်းအားများဖြင့် ဖန်တီးထားသော မီးတောက်များကို ပြင်ပအကူအညီမပါဘဲ ခံနိုင်ရည်ရှိမည်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။

သို့သော် နောက်တစ်ခဏတွင် လီချန်ပေါ်၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားခဲ့ရတော့၏။

မီးတောက်များ သူ့ဆီသို့ ပြေးဝင်လာစဉ် လုချင်းက အနည်းငယ်မျှပင် တွန့်ဆုတ်သွားခြင်း မရှိခဲ့ချေ။ မျက်တောင်တစ်ချက်ပင် မခတ်ခဲ့။

ထိုအစား သူသည် လက်ချောင်းတစ်ချောင်းကို မြှောက်လိုက်ပြီး လေထဲတွင် ညင်သာစွာ တောက်လိုက်လေရာ မျက်စိဖြင့်မမြင်နိုင်သော စွမ်းအင်လှိုင်းတစ်ခုက ပြန့်ထွက်သွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တောင်များကို အရည်ပျော်စေနိုင်စွမ်းရှိသည့် လွှမ်းမိုးနိုင်လွန်းသော အပြာရောင် မီးတောက်ကြီးများမှာ အစအနပင်မကျန် ပျောက်ကွယ်သွားခဲ့ရရှာ၏။

ရေခဲနန်းတော်သခင်နှင့် တိုက်ပွဲအတွင်းကကဲ့သို့ လွင့်စဉ်ပြန့်ကျဲသွားခြင်း မဟုတ်ဘဲ လုံးဝ ငြိမ်းသတ်ခံလိုက်ရခြင်းပင် ဖြစ်သည်။

"မဖြစ်နိုင်ဘူး..."

လီချန်ပေါ်၏ ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းများ ထသွားလေသည်။ သူ ဂုဏ်အယူရဆုံး နည်းစနစ်မှာ ပေါ့ပေါ့ပါးပါး အလွယ်တကူ ချေဖျက်ခံလိုက်ရရုံသာမက၊ ၎င်းအား မည်သို့ လုပ်ဆောင်လိုက်သည်ကိုလည်း သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရပါ၏။ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်မှာ လုချင်းသည် မည်သည့် ဝိညာဉ်လက်နက်ကိုမျှ အသုံးပြုခဲ့သည့် အရိပ်အယောင် မရှိခြင်းပင်။ ဤစွမ်းဆောင်ရည်မှာ သူ၏ ကိုယ်ပိုင်စွမ်းအားသက်သက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်လောက်သည်။

လုချင်း၏ ခွန်အား နက်ရှိုင်းမှုကို သဘောပေါက်သွားသောအခါ၌ လီချန်ပေါ်၏ ရှင်သန်လိုသည့် ပင်ကိုယ်အသိစိတ်များ စတင်အလုပ်လုပ်လာခဲ့ချေပြီပင်။ သူသည် ပြတ်သားသော ရွေးချယ်မှုတစ်ခုကို ပြုလုပ်လိုက်တော့၏။

ထို့နောက် သူသည် ရေခဲနန်းတော်သခင်အား လှမ်းဆွဲလိုက်ပြီး ဆုတ်ခွာရန် ပြင်လိုက်လေသည်။ သူ၏ အစီအစဉ်မှာ သူမကို ဓားစာခံအဖြစ် အသုံးချပြီး လွတ်မြောက်ရန် ဖြစ်သည်။ သို့သော် သူ၏ လက်က သူမထံသို့ ရောက်တော့မည့်အချိန်လေးမှာပင် တည်ငြိမ်အေးဆေးသောအသံတစ်ခုက သူ့နားထဲတွင် ပဲ့တင်ထပ်သွားလေ၏။

"ရပ်လိုက်စမ်း။"

....

အခန်း ၄၅၀ ၊ အပိုင်း (၂) - ငါ့အမြင်မှာတော့ မင်းက ပုရွက်ဆိတ်တစ်ကောင်ထက် မပိုဘူး

လီချန်ပေါ်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး လုံးဝ တောင့်တင်းသွားသည်ကို ခံစားလိုက်ရ၏။ သူ့လက်မှာ ရေခဲနန်းတော်၏ နန်းတော်သခင်ကို ဖမ်းဆုပ်မိရန် လက်မအနည်းငယ်သာ လိုတော့သော်လည်း လုံးဝ လှုပ်ရှား၍ မရတော့ချေ။

ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူသည် အတွင်းစိတ်တွင် ဟိန်းဟောက်နေခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်မှာတော့ လေထဲတွင် အေးခဲနေသကဲ့သို့ ဖြစ်နေလေသည်။ မျက်ခွံကိုပင် သူ မလှုပ်ရှားနိုင်ချေ။ သူ၏ အတွင်းပိုင်းက ဝိညာဉ်စွမ်းအားများကို မည်မျှပင် အတင်းအကြပ် တွန်းအားပေးစေကာမူ အရာအားလုံးမှာ အချည်းနှီးသာ ဖြစ်ခဲ့လေ၏။

"ငါ ပြောသားပဲ၊ ငါ့အမြင်မှာတော့ မင်းက ခပ်ကြီးကြီး ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပါဘူးလို့။"

ဤအချိန်တွင် တည်းခိုခန်း၏အထက်၌ တိမ်လှေကားတစ်ခုက လုချင်းရှေ့တွင် ရုတ်တရက် ပေါ်လာပြီး ရေခဲနန်းတော်အထက် ကောင်းကင်ယံအထိ ဆန့်တန်းသွားလေသည်။ အောက်ဘက်မှ မရေမတွက်နိုင်သော အံ့အားသင့်နေသည့်အကြည့်များအောက်တွင် လုချင်းသည် ရှောင်ယန်ကို ခေါ်ဆောင်ကာ လီချန်ပေါ်ဆီသို့ ရောက်သည်အထိ တစ်လှမ်းချင်းစီ လျှောက်သွားလိုက်၏။

"မမချောချောလေး။"

ရှောင်ယန်က ရှေ့သို့ ပြေးသွားရာ သူမ၏ ခြေအောက်ရှိ တိမ်များက သူမကို တည်ငြိမ်စွာဖြင့် ထောက်ပံ့ပေးထားသည်။ သူမသည် ရေခဲနန်းတော်သခင်ထံသို့ ရောက်ရှိသွားပြီးနောက် နန်းတော်သခင်အား အသာအယာ ထူမပေးလိုက်၏။

လီချန်ပေါ် လှုပ်ရှား၍မရအောင် ဖြစ်သွားသည့်အခိုက်အတန့်လေးမှာပင် နန်းတော်သခင်ကို ချည်နှောင်ထားသော ဖိနှိပ်မှုစွမ်းအားမှာလည်း လွတ်ကင်းသွားခဲ့ပြီ ဖြစ်သည်။ သို့သော် ပြင်းထန်သော ဒဏ်ရာများကြောင့် သူမမှာ လှုပ်ရှားဖို့ပင် အလွန်အားနည်းနေခဲ့ရှာ၏။ ရှောင်ယန်၏ အကူအညီဖြင့်သာ နန်းတော်သခင်သည် မတ်တပ်ရပ်နိုင်ခဲ့ပြီး လုချင်းကို နက်ရှိုင်းစွာ ဦးညွှတ်လိုက်လေသည်။

"ကူညီပေးတဲ့အတွက် ဒီက သဘောထားမြင့်မြတ်တဲ့သခင်လေးကို ကျေးဇူးတင်ပါတယ်ရှင်။"

လုချင်းက ခေါင်းညိတ်ပြလိုက်ပြီး နောက်ထပ် စကားမဆိုခဲ့ချေ။

နန်းတော်သခင်သည် သူ၏လျစ်လျူရှုမှုကို မသင့်လျော်ဟု မထင်မှတ်ခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမရှေ့ရှိ လူငယ်လေးမှာ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး တခြားကမ္ဘာလောကမှ ရွှေအမြုတေအဆင့် ကျူးကျော်သူ နှစ်ဦးကိုပင် တစ်ကိုယ်တည်း‌ဖြင့် သတ်ဖြတ်ခဲ့သူဖြစ်ကြောင်း သူမ လုံးဝ ယုံကြည်သွားခဲ့လေသည်။

ထို့အပြင် သူသည် လျှို့ဝှက်နယ်မြေ လေးခုအနက်မှ အစွမ်းအထက်ဆုံး ဂိုဏ်းများထဲမှ တစ်ခုဖြစ်သော ရွှမ်ခုန်းဘုရားကျောင်းကို ၎င်း၏ လျှို့ဝှက်နယ်မြေနှင့်အတူ အမြစ်ပြတ် ချေမှုန်းခဲ့သူလည်း ဖြစ်သည်။

သူမ၏ မျက်လုံးများထဲရှိ ထူးဆန်းသော အကြည့်ကို သတိပြုမိသဖြင့် လုချင်းက မေးလိုက်သည်။

"မင်း ငါ့ကို သိနေတာလား။"

"ဟုတ်ကဲ့ရှင့်။ ရေခဲနန်းတော်မှာ သခင်လေးရဲ့ ပန်းချီကားတစ်ချပ် ရှိပါတယ်။" သူမက အမှန်အတိုင်း ပြန်ဖြေလိုက်ရင်းဖြင့် သူမ၏ နှလုံးသားမှာ တင်းကျပ်သွားခဲ့လေသည်။

လုချင်းက ထပ်မံခေါင်းညိတ်လိုက်ပြီး အံ့သြသည့်ဟန် မပြခဲ့ချေ။

ထျန်းကျီမျှော်စင်၏ မျှော်စင်သခင်က ရွှမ်ခုန်းဘုရားကျောင်း ပျောက်ကွယ်သွားခြင်းနှင့် ပတ်သက်၍ မေးမြန်းရန် ကျိုးလီရွာသို့ လာရောက်လည်ပတ်ပြီးနောက် အဓိက အင်အားစုများတွင် သူနှင့် ပတ်သက်သော သတင်းအချက်အလက်အချို့ ရှိနေလိမ့်မည်ဟု သူ ကြိုတင် မျှော်လင့်ထားခဲ့ပြီး ဖြစ်သည်။

ထို့နောက် သူ၏ အကြည့်များမှာ လှုပ်ရှား၍မရဖြစ်နေသော လီချန်ပေါ်ဆီသို့ ရောက်သွားတော့၏။ လုချင်း၏ အကြည့်ကို မြင်သောအခါ လီချန်ပေါ်၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ တစ်ဟုန်ထိုး မြင့်တက်လာခဲ့လေသည်။

အစောပိုင်းက စကားပြောဆိုမှုတိုင်းကို သူ ကြားခဲ့ရသည် မဟုတ်ပါလော။

အဲ့ဒီရွံစရာကောင်းတဲ့ မိန်းမက ဒီကြောက်စရာကောင်းတဲ့ လူငယ်ကို တကယ်ကြီး သိနေတာလား။ အဲ့လိုသာဆို ငါတော့ သေချာပေါက် သေရတော့မှာပဲ...

လီချန်ပေါ်သည် သနားညှာတာပေးဖို့ တောင်းပန်ချင်ခဲ့သော်လည်း လုချင်း၏ ဖိနှိပ်မှုအောက်တွင် သူသည် နှုတ်မှ စကားမပြောနိုင်သလို သူ၏ ဝိညာဉ်ဖြင့်ပင် စကားများ မပြောကြားနိုင်ခဲ့ချေ။

သူ၏ မျက်ခုံးကြားမှနေရာပင်လျှင် လုံးဝ ပိတ်ဆို့ခံထားရလေ၏။

လီချန်ပေါ်၏ တောင်းပန်နေသော မျက်လုံးများကို လျစ်လျူရှုကာ လုချင်းက အေးစက်စွာ ပြောလိုက်၏။

"စောစောကတော့ မင်းမိန်းမကို လွမ်းဆွတ်တမ်းတနေတဲ့အကြောင်း တော်တော်လေး အသံကောင်းဟစ်နေခဲ့တာပဲ။ မင်းရဲ့ခံစားချက်တွေက မင်းပြောသလောက် တကယ်ပဲ နက်ရှိုင်းသလားဆိုတာ ကြည့်ကြသေးတာပေါ့။"

လုချင်းသည် လက်ချောင်းတစ်ချောင်းကို အပြုံးလေးဖြင့် ဆန့်ထုတ်လိုက်ပြီး လီချန်ပေါ်၏ မျက်ခုံးကြားကို ညင်သာစွာ တောက်လိုက်၏။

ထိုအခါ၌ လီချန်ပေါ် တစ်ကိုယ်လုံး တုန်ရီသွားခဲ့လေသည်။ သူ၏ မျက်လုံးများမှာ ချက်ချင်းပင် လွတ်ဟာသွားခဲ့၏။

"သခင်လေး... ဒါက..." လီချန်ပေါ်၏ အသက်မဲ့သလိုဖြစ်နေသော မျက်နှာအမူအရာကို မြင်သောအခါ နန်းတော်သခင်က တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။

"ဒီတိုင်း ထင်ယောင်ထင်မှားဖြစ်အောင် လုပ်လိုက်ရုံလေးပါ။ စောင့်ကြည့်နေလိုက်၊ ပြီးရင် မင်း နားလည်လာလိမ့်မယ်။" လုချင်းက သူမ၏ မေးခွန်းကို ပယ်ချကာ ပြန်ဖြေလိုက်၏။

နန်းတော်သခင်သည်လည်း တိတ်ဆိတ်သွားပြီး အနီးကပ် စောင့်ကြည့်နေလိုက်လေသည်။ မကြာမီ လီချန်ပေါ်၏ လွတ်ဟာနေသော မျက်လုံးများတွင် ခံစားချက် အရိပ်အယောင်များ စတင်ပေါ်လာခဲ့တော့၏။ ပထမကတော့ ရုန်းကန်မှုသာ ပြုနေ၏၊ ထို့နောက် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့မှုများ ပေါ်လာခဲ့လေသည်။

"ဟင့်အင်း... ငါ မဟုတ်ဘူး ရှောင်လင်း... ငါ မင်းကို ဒုက္ခမပေးခဲ့ပါဘူးကွာ၊ မင်း သေရတာက ငါနဲ့ ဘာမှမဆိုင်ဘူးလို့" သူက အော်ဟစ်လိုက်သည်။

"မင်း ငါ့ကို ယုံရမယ်နော်။ ငါ မင်းကို တကယ် ချစ်ခဲ့တာပါကွာ... အဲဒီရတနာကို ခိုးဖို့ ငါ မင်းကို မလွှတ်ခဲ့ပါဘူး"

"မင်းနဲ့ ကလေး သေရတာက... ငါ့အပြစ် မဟုတ်ဘူး"

သူ၏ ကြောက်ရွံ့တုန်လှုပ်နေသောအသံက ပဲ့တင်ထပ်သွားပြီး နန်းတော်သခင်ကို စဉ်းစားစရာ ဖြစ်စေခဲ့သည်။ ရေခဲနန်းတော်မှ ထိုမိန်းကလေးငယ်၏ နာမည်တွင် "လင်း" ဟူသော စာလုံး ပါဝင်ကြောင်း သူမ ပြန်၍အမှတ်ရသွား၏။

ဤထင်ယောင်ထင်မှားဖြစ်မှုက လီချန်ပေါ်၏ ဇနီးနှင့် သက်ဆိုင်နေမည်လော။

လီချန်ပေါ် နောက်ထပ် ဘာပြောဦးမလဲဆိုတာကို သူမ တွေးတောနေစဉ် သူ၏ ကြောက်ရွံ့မှုမှာ ရူးသွပ်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့၏။

"ဟုတ်တယ်... အစကတည်းက ငါ အားလုံးကို အကြံအစည်ထုတ်ထားခဲ့တာ။"

"မင်းရဲ့မျိုးဆက်မှာ ရတနာတွေရှိတဲ့ ရေခဲနန်းတော်ရဲ့သခင်မလေးရှိတယ်ဆိုတာ သိလိုက်ရကတည်းက ငါ စပြီးအကြံထုတ်ခဲ့တာပဲ"

"ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ မင်းက ရိုးအတယ်၊ အမှန်နဲ့ အမှားကို မခွဲခြားတတ်ဘူး။ နည်းနည်းလေး လှည့်စားလိုက်ရုံနဲ့တင် ငါနဲ့ လက်ထပ်လာအောင်လို့ ငါ လုပ်နိုင်ခဲ့တယ်လေ"

"ငါတို့ရဲ့ ပုန်းအောင်းနေတဲ့ နေရာကို သူတို့ ရှာတွေ့သွားတာကလည်း ငါ့လက်ချက်ပဲ။ မဟုတ်ရင် အဲဒီမိန်းမကို ရန်ငြိုးဖွဲ့ပြီး ရတနာကို ခိုးဖို့ ငါ့ရဲ့အကြံအစည်အတိုင်း မင်းက ဘယ်လိုလုပ် လိုက်လုပ်မှာလဲ။"

"မင်းက အရူးပဲ။ သူက မင်းမိသားစုကို မျိုးတုံးသတ်ဖြတ်ခဲ့တာတောင် မင်းက သူ့အပေါ် သစ္စာရှိနေတုန်းပဲလေ။ တကယ်လို့ ငါသာ ဒဏ်ရာရချင်ယောင်မဆောင်ခဲ့ဘူးဆိုရင် မင်း သူ့ကို သစ္စာဖောက်ခဲ့မှာတောင် မဟုတ်ဘူးလေ။"

"ရတနာကို ခိုးပြီးတဲ့နောက်မှာ မင်းရဲ့ တည်နေရာကို ငါ တမင်သက်သက် ထပ်ပြီး သတင်းပေါက်ကြားစေခဲ့တယ်၊ ရေခဲနန်းတော်က မင်းကို ဖမ်းမိသွားအောင်လို့လေ"

"ကလေး ဟုတ်လား။ ဘာကလေးလဲ။ ငါ့ရဲ့ စွမ်းရည်တွေ ပြီးပြည့်စုံသွားတဲ့အခါကျ ငါသာ အလိုရှိရင် မရေမတွက်နိုင်တဲ့ အမျိုးသမီးတွေက ငါ့အတွက် ကလေးတွေ မွေးပေးလိမ့်မယ်။ မင်းကလေးလောက်ကတော့ ငါ့အတွက် ဘာမှမဟုတ်ဘူး။"

"ရွံစရာကောင်းတဲ့ မိန်းမ။ မင်း သေသွားပြီဆိုတော့ သေတဲ့အတိုင်းပဲ နေလိုက်လေ။ ငါ့ကို ဘာလို့ လာခြောက်လှန့်နေတာလဲ။"

"သောက်ကလေး ၊ မင်းက တရားမဝင်ကလေးပဲကွ။ ငါ့ကို အဖေလို့ မခေါ်နဲ့၊ ငါ မင်းကို သတ်ပစ်မယ်"

"ဟားဟား... ငါက အခု ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေပြီလေ။ မင်းရဲ့ သနားစရာကောင်းတဲ့ သရဲက ငါ့ကို ဘာလုပ်နိုင်မှာမလို့လဲ။"

သူ၏ ရူးသွပ်သော ရယ်မောသံများ ပဲ့တင်ထပ်သွားသောအခါ ရေခဲမြို့တော်ရှိ လူအုပ်ကြီးမှာ ကြောက်လန့်တကြား တိတ်ဆိတ်သွားကြလေသည်။ သူ၏ နက်ရှိုင်းသော ချစ်ခြင်းမေတ္တာနှင့် ဝမ်းနည်းပူဆွေးမှုအတွက် တစ်ချိန်က ချီးကျူးခံခဲ့ရသော လူတစ်ယောက်ထံမှ ဤစကားများ ထွက်ပေါ်လာလိမ့်မည်ဟု အများစုမှာ ယုံကြည်ဖို့ပင် အလွန်ခက်ခဲနေကြ၏။

"သူ့ရဲ့ နက်ရှိုင်းတဲ့ အချစ်ကြောင့် ငါ့မှာတော့ သူ့ကို လေးစားလိုက်ရတာကွာ။ ခုတော့ ဒီလူက ငါ တစ်ချိတ်က လေးစားခဲ့ရတဲ့ လီချန်ပေါ်ပဲဆိုတာကို ငါတော့ မယုံနိုင်ဘူး" သိုင်းပညာရှင်တစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။

"တကယ်ပါပဲကွာ... သူ့ရဲ့ ဇနီးနဲ့ ကလေးကို ဝမ်းနည်းပူဆွေးဖို့ သူ့ဂိုဏ်းနာမည်ကိုတောင် 'ချန်ဟန့်'လို့ ပေးခဲ့တာလေ။ ဒါပေမဲ့ သူတို့က သူ့ရဲ့ သစ္စာဖောက်မှုရဲ့ သားကောင်တွေ ဖြစ်နေခဲ့တာပဲ။"

...

ကျိန်ဆဲသံ မုန်တိုင်းများကြားတွင် လုချင်းသည် သူ၏ ဝိညာဉ်နည်းစနစ်ကို ရုတ်သိမ်းလိုက်လေသည်။

ထိုအခါ၌ လီချန်ပေါ်သည် ထင်ယောင်ထင်မှားဖြစ်မှုမှ နိုးလာပြီး မှင်သက်အံ့ဩသွားလေတော့၏။

All Chapters