အခန်း (၄၄၁-၄၄၁)
Vol. 45 Ch. 441-441
အခန်း ၄၄၁ ၊ အပိုင်း (၁) - လျှို့ဝှက်စာနှင့် ထျန်းလောင်၏ ထိတ်လန့်မှု
လင်းကျိယွဲ့၏ သတိပေးချက်အောက်တွင် ယန်ချန်းဟိုင်သည် အခြေအနေမှာ သူ ထင်ထားသည်ထက်တောင် များစွာ ပို၍ဆိုးရွားနေကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့လေသည်။
သူသည် ထပ်မံ၍နှောင့်နှေးရန် မဝံ့ရဲတော့ဘဲ အလွန်အမင်း အရေးတကြီးဖြစ်သော လျှို့ဝှက်စာတစ်စောင်ကို အလေးနက်ဆုံးသော လေသံဖြင့် ချက်ချင်း ရေးသားလိုက်တော့၏။
ထို့နောက် သူသည် စာကို ပေးပို့ရန်အတွက် သူ၏ အိမ်တော်မှ အမြန်ဆုံး သိမ်းငှက်တစ်ကောင်ကို စေလွှတ်လိုက်၏။
ထိုသို့ လုပ်ဆောင်ပြီးသည့်တိုင်အောင် လေးလံသော စိုးရိမ်ပူပန်မှုတစ်ခုက သူ၏ နှလုံးသားထဲတွင် ကိန်းအောင်းနေဆဲပင်။
တော်ဝင်မိသားစု၏ မာနကို သူ ကောင်းကောင်း သိနေပေသည်။
အထူးသဖြင့် မျိုးနွယ်စုအတွင်းရှိ အကြီးအကဲများပင်။ ထိုသူတို့၏ မာနထောင်လွှားမှုမှာ သူတို့၏ အရိုးများထဲအထိ စွဲမြဲနေပါ၏။
ဤအကြောင်းကြောင့် စာကို ရရှိပြီးနောက် တော်ဝင်မိသားစုက မည်သို့ တုံ့ပြန်မည်ကို သူ မခန့်မှန်းနိုင်ခဲ့ချေ။
ယခု သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ သူ၏ စာက အကြီးအကဲများအား အကြောင်းပြချက်ကို မြင်တွေ့လာစေရန်ပင် ဖြစ်လေသည်။
ဤကဲ့သို့သော တာဝန်များအတွက် အထူးလေ့ကျင့်ထားသည့် သိမ်းငှက်မှာ သာမန်မဟုတ်သော အရှိန်ဖြင့် ပျံသန်းသွားလေ၏။ ထို့ကြောင့် တစ်ရက်အတွင်းမှာပင် စာသည် တော်ဝင်မြို့တော်သို့ ရောက်ရှိသွားခဲ့သည်။
၎င်းသည် ခမ်းနားကြီးကျယ်သော နန်းတော်တစ်ခုတွင် ဆင်းသက်ခဲ့ပြီး စာပေးစာယူများကို လက်ခံရရှိရန် တာဝန်ရှိသော စာရေးတစ်ဦးက စာအိတ်ပေါ်ရှိ တော်ဝင်မိသားစု၏ သီးသန့် အရေးပေါ် တံဆိပ်ကို သတိပြုမိသွားခဲ့၏။
ထို့ကြောငိ့ နှောင့်နှေးရန် မဝံ့ရဲဘဲ စာရေးသည် စာကို နန်းတော်တွင်းသို့ ချက်ချင်း ပို့ဆောင်လိုက်တော့သည်။
မကြာမီ စာသည် နဂါးပုံစံများဖြင့် တန်ဆာဆင်ထားသော အဝါရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးထံသို့ ရောက်ရှိသွားခဲ့၏။
"တော်ဝင်မိသားစုကနေ အမြင့်ဆုံး ဦးစားပေး အရေးပေါ် စာတစ်စောင်လား"
အဝါရောင် ဝတ်ရုံရှင် အဘိုးအိုသည် စာပေါ်ရှိ တံဆိပ်ကြောင့် မျက်ခုံးပင့်လိုက်ပြီး အံ့အားသင့်မှု အရိပ်အယောင်တစ်ခုကို ပြသလိုက်လေသည်။
တော်ဝင်မိသားစုအတွင်း လူအနည်းငယ်သာ ဤအဆင့်ရှိ အာဏာကို ရယူနိုင်ပါ၏။
မျိုးနွယ်စု အကြီးအကဲများအပြင် ယင်းကို မင်းသားများနှင့် ဘုရင်များအတွက်သာ သီးသန့်ထားရှိခြင်း ဖြစ်သည်။
"ဒါက ဘယ်လို အရေးပေါ် ကိစ္စများ ဖြစ်နိုင်မလဲ"
အဘိုးအိုသည် တံဆိပ်ကို ဖျက်လိုက်သည်။ အစပိုင်းရှိ နှုတ်ခွန်းဆက်စကားကို ဖတ်လိုက်စဉ် သူ၏ မျက်နှာအမူအရာမှာ တောင့်တင်းသွားခဲ့လေ၏။
"အဲဒီ သားမိုက်ဆီကလား"
သို့သော် သူ ဆက်ဖတ်လိုက်သည်နှင့်အမျှ သူ၏မျက်နှာမှာ ဒေါသကြောင့် မှောင်မိုက်သွားတော့၏။
သူ ဖတ်ပြီးသွားသောအခါတွင်တော့ သူ၏ ဒေါသများမှာ ထိန်းချုပ်၍မရအောင် ပေါက်ကွဲထွက်လာခဲ့လေသည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ သူ၏ လက်ဖဝါးသည် သူ့ရှေ့ရှိ စားပွဲပေါ်သို့ ရိုက်ချလိုက်ရာ စားပွဲခင်မျာ အပိုင်းအစများအဖြစ်သို့ ကြေမွသွားရ၏။
"ရိုင်းစိုင်းလိုက်တာ။ ဒါက မလေးစားတာထက်ကို ကျော်လွန်နေပြီလေ"
ကြီးမားလှသော အငွေ့အသက်တစ်ခုက သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ကို အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
ဤအဝါရောင် ဝတ်ရုံရှင် အဘိုးအိုသည် အလွန်အစွမ်းထက်သော သိုင်းပညာရှင်တစ်ဦးဖြစ်ကြောင်း ထင်ရှားလှပေ၏။
စာကြည့်ခန်းအတွင်းရှိ ဆူညံသံက အပြင်ဘက်ရှိ အစောင့်များ၏ အာရုံကို ချက်ချင်းပင် ဆွဲဆောင်သွားခဲ့လေသည်။ သို့ဖြစ်၍ အရိပ်သဏ္ဌာန်ရှိသော ပုံရိပ်များက ထိုနေရာကို လျင်မြန်စွာဖြင့် ဝန်းရံလာခဲ့ကြ၏။
"ဘာမှမဖြစ်ဘူး။ နောက်ဆုတ်ကြစမ်း"
အချိန်အတန်ကြာပြီးနောက် အဘိုးအိုသည် သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်လိုက်ပြီး သူ၏ အငွေ့အသက်ကို ဖိနှိပ်ကာ အစောင့်များကို လက်ဝှေ့ယမ်း၍ မောင်းထုတ်လိုက်သည်။
ထို့နောက် သူသည် စာကို ပြန်ကောက်ယူလိုက်ပြီး မုန်တိုင်းထန်နေသော မျက်နှာအမူအရာဖြင့် အကြောင်းအရာများကို ပြန်၍ဖတ်ရှုနေလေသည်။
စာက သူ့ကို ဒေါသထွက်စေခဲ့သော်လည်း အကယ်၍ ထိုအကြောင်းအရာများသာ မှန်ကန်ပါက ဤကိစ္စမှာ တကယ့်ကို ကြီးမားသော အရေးပါမှု ရှိနေပေသည်။
သူ့သားဖြစ်သူ၏ စိတ်နေသဘောထားကို သိထားသဖြင့် သူသည် မဆင်မခြင်နှင့် ပေါ့ပေါ့ဆဆ နေတတ်သော်လည်း ဤကဲ့သို့သော ကိစ္စရပ်များကို ဘယ်သောအခါမျှ နောက်ပြောင်ပြောဆိုမည် မဟုတ်ချေ။
ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက်၌ အဘိုးအိုသည် သူ၏ ဒေါသကို ဖိနှိပ်လိုက်ပြီး စာကို သေချာစွာ ပြန်ခေါက်လိုက်တော့၏။
"ငါ့ရဲ့ မြင်းလှည်းကို ပြင်ဆင်လိုက်ကြစမ်း"
နာရီဝက်ခန့်အကြာတွင်တော့ အဘိုးအို၏ မြင်းလှည်းသည် မြို့တော်၏ ဆင်ခြေဖုံးရှိ ကြီးမားလှသော အိမ်တော်ကြီးတစ်ခုရှေ့သို့ ရောက်ရှိလာခဲ့လေသည်။
ရိုးရှင်းသော အဝါရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် အဘိုးအိုသည် မြင်းလှည်းပေါ်မှ ဆင်းလာခဲ့၏။
ဂိတ်တံခါးသို့ ချဉ်းကပ်လာရာ အိပ်စက်နေသော ဂိတ်စောင့် အဘိုးအိုတစ်ဦးကို သူ တွေ့လိုက်ရသည်။ အားနည်းသော ရုပ်သွင်ရှိနေသည့် ဂိတ်စောင့်အဘိုးအိုက သူ့ကို ရိုသေစွာ နှုတ်ဆက်လိုက်၏။ "ဖူပေါ်... မတွေ့ရတာ ကြာပြီနော်"
အဘိုးအိုထက် များစွာ ပို၍အသက်ကြီးပြီး ပိုမိုရင့်ရော်နေသော ဂိတ်စောင့်တွင် ရှေးဟောင်း သစ်ခေါက်ကဲ့သို့သော အသားအရေနှင့် ပါးလွှာပြီး ဖြူလွှလွှ ဆံပင်များ ရှိလေသည်။
မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် အဘိုးအိုသည် သွားမရှိသော အပြုံးတစ်ခုဖြင့် မျက်လုံးများပင် မှိတ်မိသည်အထိ ပြုံးလိုက်၏။ "ဪ... စုန့်ကျိလေးပဲ။ မင်း ငါ့ဆီကို မလာတာတောင် တော်တော်ကြာပြီနော်"
အဘိုးအိုသည် တောင်းပန်သော အပြုံးဖြင့် ပြုံးလိုက်လေ၏။ "နိုင်ငံရေး ကိစ္စတွေက ကျွန်တော့်ကို အလုပ်များအောင် လုပ်ထားတာကြောင့်ပါ ဖူပေါ်။ လာမလည်ဖြစ်တာကို ခွင့်လွှတ်ပေးပါဗျာ"
"အာ... ဟုတ်သားပဲ၊ ငါ မေ့တော့မလို့။ မင်းက အခု ဘုရင်ဖြစ်နေပြီကိုး။ ဒါပေမဲ့ ငါ့မှတ်ဉာဏ်ထဲမှာတော့ မင်းက အဝတ်အစား တစ်လွှာမှမပါဘဲ ပြေးလွှားနေခဲ့တဲ့ ကောင်လေးတစ်ယောက်ပဲလေ"
အဘိုးအိုသည် စိတ်ပျက်မှုနှင့် လက်မြှောက်အရှုံးပေးမှုတို့ကြားတွင် ပိတ်မိနေပြီး တိတ်ဆိတ်သွားလေသည်။
သူသည် ယန် နိုင်ငံကို ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော်လည်း ဤဂိတ်စောင့်အဘိုးအိုကတော့ သူ့အား သူ၏ ငယ်စဉ်က အပြုအမူများကို သတိပေးရန် ဘယ်သောအခါမျှ မပျက်ကွက်ခဲ့ချေ။
သို့တိုင်အောင် သူသည် မည်သည့် မလေးစားမှုကိုမျှ မပြသဝံ့ချေ။
ဖူပေါ်သည် သူ့ကို ကြီးပြင်းလာသည်အထိ စောင့်ကြည့်ခဲ့သူ ဖြစ်သည်။ မည်သည့် ရိုင်းစိုင်းမှုမျိုးမဆို မျိုးနွယ်စု အကြီးအကဲများထံမှ အပြစ်တင် ဆူပူမှုကို ဖြစ်ပေါ်စေလိမ့်မည်ပင်။
ယန် နိုင်ငံ၏ ဘုရင်တစ်ပါးအနေဖြင့်ပင် သူသည် ပထမဦးဆုံးနှင့် အရေးအကြီးဆုံးအဖြစ် ယန် မျိုးနွယ်စု၏ အဖွဲ့ဝင်တစ်ဦးအဖြစ် ဆက်လက်တည်ရှိနေဆဲပင်။ မျိုးနွယ်စု စည်းမျဉ်းများကို ချိုးဖောက်ခြင်းက သူ၏ အဆင့်အတန်း မည်သို့ပင်ရှိစေကာမူ ပြစ်ဒဏ်ကတော့ခံရမည်သာ။
အဘိုးအိုမှာ စိတ်ရှည်စွာဖြင့် ဖူပေါ်၏ ရှေးဟောင်းနှောင်းဖြစ်ပြောဆိုမှုများကို နားထောင်နေလေသည်။
နောက်ဆုံးတွင်တော့ ဖူပေါ်က သူ၏ ပုံပြင်များကို ပြောပြပြီးသောအခါ အဘိုးအိုက ရိုသေစွာ မေးလိုက်၏။ "ဖူပေါ်... ထျန်းလောင် အိမ်မှာ ရှိလား။ ကျွန်တော့်မှာ အရေးတကြီး ကိစ္စရှိလို့ သူ့ကို တွေ့မှ ဖြစ်မှာမလို့ပါ"
"မင်းက သခင်ကြီးဆီ လာတာလား။ တိုက်ဆိုင်လိုက်တာကွာ။ သူက လွန်ခဲ့တဲ့ နှစ်ရက်ကမှ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတာလေ။ မင်း ရောက်လာတဲ့အကြောင်း သူ့ကို သွားပြောလိုက်မယ်"
ဂိတ်စောင့် အဘိုးအိုသည် စကားပြောပြီးနောက် စိတ်ဓာတ်များ တက်ကြွလာကာ သူ၏ အသက်အရွယ်နှင့်မလိုက်၊ အံ့သြစရာကောင်းလောက်အောင် လျင်မြန်ဖြတ်လတ်မှုဖြင့် အိမ်တော်အတွင်းသို့ ဝင်ရောက်သွားတော့၏။
ထိုစဉ် အဝါရောင် ဝတ်ရုံရှင် အဘိုးအိုကတော့ တိတ်ဆိတ်စွာဖြင့်ပဲ ရပ်နေပြီး သူ၏ ဘေးဘက်တွင် လက်များကို ချထားကာ အလွန်အမင်း ရိုသေမှုဖြင့် စောင့်ဆိုင်းနေလေသည်။
ထျန်းလောင်၏ စွမ်းရည်များကို သူ သိပါ၏။ သူ ရောက်ရှိလာခြင်းကိုပင် ထိုလူ အာရုံခံမိပြီးနှင့်ပြီဖြစ်ကြောင်း သူ သေချာသိနေပေ၏။
သို့တိုင်အောင် သူသည် မည်သည့် စိတ်မရှည်မှုမျိုးကိုမျှ မပြသဝံ့ဘဲ ဆင့်ခေါ်မှုကိုသာ စောင့်ဆိုင်းနေလိုက်၏။
အချိန်အတန်ကြာပြီးနောက်၌ ဖူပေါ် ပြန်လာခဲ့သည်။
"ကောင်းပြီ စုန့်ကျိလေး... သခင်ကြီးက မင်းကို အခု တွေ့မယ်တဲ့"
"ကျေးဇူးတင်ပါတယ် ဖူပေါ်"
အဘိုးအိုသည် အိမ်တော်အတွင်းသို့ မဝင်မီ ရိုသေစွာဖြင့် ဦးညွှတ်လိုက်သေးပါ၏။
သူနှင့်အတူ ပါလာသော အစောင့်များကတော့ အပြင်ဘက်တွင်သာ ကျန်ရစ်ခဲ့ကြပြီး စကားတစ်ခွန်းမျှ မပြောဘဲ လေးနက်စွာ ရပ်နေကြလေသည်။
အဘိုးအို ဝင်ရောက်သွားသည်နှင့်အမျှ လန်းဆန်းသော အေးမြမှုတစ်ခုက သူ့ကို ကြိုဆိုနေပြီး ခန္ဓာကိုယ်နှင့် စိတ်နှစ်ခုစလုံးကို သက်သာရာရစေခဲ့သည်။
သူ၏ ပင်ပန်းနွမ်းနယ်မှုများ လွင့်စင်သွားသည့်အပြင် အသစ်ရှာဖွေတွေ့ရှိသော ကြည်လင်ပြတ်သားမှုတစ်ခုကိုတောင် သူ ခံစားလိုက်ရပါ၏။
ထို့ကြောင့် သူ့မှာ အံ့အားသင့်သွားရပြီး ခြေလှမ်းတို့ကို ရပ်တန့်ပြီးတော့တောင် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရတော့သည်။
ဤနေရာသို့ သူ မရေမတွက်နိုင်အောင် လာရောက်ခဲ့ဖူးသဖြင့် ယင်း၏ ပုံမှန်မဟုတ်သော လေထုကို အမြဲတမ်း သတိပြုမိခဲ့သည်။
သို့သော် ယနေ့တွင်တော့ ခံစားချက်မှာ သိသိသာသာကိုကွဲပြားနေပါ၏။ လေကို ရှူရှိုက်လိုက်ရုံဖြင့် သူ့ကိုယ်သူ နှစ်အတော်ကြာ ပိုမိုငယ်ရွယ်သွားသကဲ့သို့ ခံစားရစေခဲ့သည်။
"ဝင်လာခဲ့"
အဘိုးအို အံ့သြနေစဉ် သိမ်မွေ့သော အသံတစ်ခုက အိမ်တော်၏ ပိုမိုနက်ရှိုင်းသော နေရာမှ ထွက်ပေါ်လာခဲ့လေ၏။
သူသည် အလိုလိုပင် အသံလာရာသို့ လိုက်သွားခဲ့ရာ အေးချမ်းသာယာသော ခြံဝင်းတစ်ခုသို့ ရောက်ရှိလာခဲ့တော့သည်။
ထိုနေရာတွင် သူသည် ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။
ထိုသူ၏ မျက်နှာကို အဘိုးအိုက မှတ်မိသွားသောအခါ၌ သူ၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားခဲ့လေသည်။
"ထျန်းလောင်လား..."
"ငါပါပဲ" ထိုပုံရိပ်က တည်ငြိမ်စွာ ခေါင်းညိတ်ကာ ပြောလိုက်သည်။
အဘိုးအို၏ အံ့အားသင့်မှုမှာ ပို၍ပင်နက်ရှိုင်းလာခဲ့လေ၏။
ထျန်းလောင်၏ ရုပ်သွင်မှာ သိသိသာသာကို ပြောင်းလဲသွားခဲ့လေပြီပင်။
သူတို့ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က ထျန်းလောင်သည် သူ့ထက်ပင် ပိုမိုအားနည်းပြီး ပို၍အသက်ကြီးပုံရလေသည်။
ယခုအခါတွင်တော့ သူ၏ အသားအရေမှာ ချောမွေ့ပြီး နီတာရဲနေကာ သူ၏ ကိုယ်နေဟန်ထားမှာလည်း ခပ်မတ်မတ်ဖြစ်နေလေ၏။ သူသည် သူ၏ အထွတ်အထိပ်တွင် ရှိနေသော လူတစ်ယောက်နှင့်ပင် တူနေလေသည်။
ရင်းနှီးသော အသံနှင့်တကွ သူ၏ ယခင် ရုပ်သွင်နှင့် ဆင်တူမှုသာ မရှိခဲ့လျှင် အဘိုးအိုသည် ဤလူမှာ ထျန်းလောင်ဖြစ်ကြောင်းကို ယုံကြည်နိုင်မည် မဟုတ်ချေ။
....
အခန်း ၄၄၁ ၊ အပိုင်း (၂) - လျှို့ဝှက်စာနှင့် ထျန်းလောင်၏ ထိတ်လန့်မှု။
အဝါရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအိုမှာ သူရှေ့ကမြင်ကွင်းအပေါ် မယုံကြည်နိုင်ဖြစ်နေရှာ၏။ သူ့ရှေ့တွင် ရပ်နေသူမှာ အခြားသူမဟုတ်ဘဲ ထျန်းလောင်ပင်။
"မအံ့သြပါနဲ့။ မကြာသေးမီကမှ ငါ့ရဲ့ ကျင့်ကြံခြင်းမှာ အဆင့်တက်သွားခဲ့တယ်လေ၊ အဲဒီရဲ့ ရလဒ်အနေနဲ့ ငါ့ရဲ့ ရုပ်သွင်ကလည်း နည်းနည်းလောက် ပြောင်းလဲသွားခဲ့ရုံပါပဲ" ထျန်းလောင်က အဘိုးအို၏ မျက်နှာပေါ်ရှိ အံ့အားသင့်မှုများကို သတိပြုမိကာ အပြုံးဖြင့် ပြောလိုက်သည်။
အဝါရောင် ဝတ်ရုံရှင် အဘိုးအိုသည် လျင်မြန်စွာ သတိပြန်ဝင်လာပြီး အလွန်အမင်း ရိုသေစွာဖြင့် ပြောလိုက်၏။ "အတားအဆီးတွေကို ကျော်လွှားပြီး နားလည်ရခက်တဲ့ နက်ရှိုင်းတဲ့ အမြင့်ဆုံးအဆင့်ဆီကို တက်လှမ်းသွားနိုင်တဲ့အတွက် ထျန်းလောင်ကို ဂုဏ်ပြုပါတယ်"
သူ၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှု လှိုင်းလုံးတစ်ခုကို သူ ခံစားလိုက်ရ၏။ ထျန်းလောင်၏ အဆင့်တက်မှု သတင်းမှာ အစောပိုင်းကတည်းက သူ့ထံ ရောက်ရှိလာခဲ့သော်လည်း အဘိုးအိုသည် ထိုအချိန်မှစ၍ တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး သူ၏ ဆွေမျိုးများအား ကိုယ်ထင်ပြခြင်း မရှိခဲ့ချေ။ ယနေ့မှသာ အဆင့်တက်မှုက ထျန်းလောင်၏ ခန္ဓာကိုယ်ကို ပြန်လည်နုပျိုသွားစေပြီး သူ၏ ငယ်ရွယ်သော သက်စောင့်စွမ်းအင်များကို ပြန်လည်ရရှိစေခဲ့ကြောင်း အဝါရောင် ဝတ်ရုံရှင် အဘိုးအိုက သိရှိခဲ့ရခြင်း ဖြစ်သည်။
"ဒါက အခြေတည်အဆင့်လေးတင်ပါပဲ။ နားလည်ရခက်တဲ့အဆင့်လောက်တော့ မဟုတ်သေးပါဘူးကွာ။ ကျင့်ကြံခြင်း လမ်းစဉ်က နက်ရှိုင်းပြီး ကျယ်ပြန့်တယ်လေ။ ငါတို့အားလုံးက အစပိုင်းမှာပဲ ရှိပါသေးတယ်" ထျန်းလောင်က အဘိုးအို၏ မြှောက်ပင့်ပြောဆိုမှုကို ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းကာ ပယ်ချလိုက်လေသည်။
အရင်တုန်းကဆိုလျှင် ဤကဲ့သို့သော ချီးကျူးစကားမျိုးက သူ၏ မာနကို ကြီးထွားစေခဲ့ပေလိမ့်မည်။ သို့သော် မြင့်မြတ်သော တောင်တော်တွင် ချီသန့်စင်ခြင်း ကျင့်စဉ်ကို ရရှိပြီး သူ၏ မွေးရာပါ ချီစွမ်းအင်စစ်များကို ဝိညာဉ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲကာ ရာစုနှစ် နှစ်ခုကျော်ကြာ စုဆောင်းထားခဲ့သော အခြေခံအုတ်မြစ်ကို အသုံးပြု၍ အခြေတည်အဆင့်သို့ ရောက်ရှိခဲ့ပြီးနောက်တွင်တော့ ထျန်းလောင်သည် ကျင့်ကြံခြင်း၏ အဆုံးအစမရှိမှုကို သဘောပေါက်လာခဲ့တော့၏။
သူသည် ယခင်က ရေတွင်းထဲမှ ဖားသူငယ် ဖြစ်ခဲ့ကြောင်းကို ယခုတွင်တော့ နားလည်လာခဲ့လေပြီပင်။
ဟုတ်ပါ၏၊ ထျန်းလောင်သည် ဤကဲ့သို့သော ခံစားချက်မျိုးကို အသံထွက်၍ ပြောပြဖို့တော့ ရည်ရွယ်ချက် မရှိခဲ့ချေ။ အဝါရောင် ဝတ်ရုံရှင် အဘိုးအိုသည် မွေးဖွားပြီးနယ်ပယ်၏ အထွတ်အထိပ်တွင် ခိုင်မာသော ကျင့်ကြံမှုတစ်ခု ရှိသော်လည်း မွေးရာပါနယ်ပယ်သို့ ဝင်ရောက်ရန်မှာ အသက်အရွယ် အလွန်ကြီးရင့်နေပြီ ဖြစ်သည်။ ဤကဲ့သို့သော ထိုးထွင်းသိမြင်မှုများကို သူနှင့် မျှဝေခြင်းက မည်သည့်အကျိုးမျှ ရှိမည်မဟုတ်ချေ။
"ဒါနဲ့ စကားမစပ်... စုန့်ကျိလေး၊ မင်းဆီမှာ စိုးရိမ်ပူပန်မှု အရိပ်အယောင်လေး ရှိနေတာကို ငါ အာရုံခံမိတယ်။ ဒီနေ့ မင်း ဒီကို ဘာကိစ္စနဲ့ လာတာလဲ" ထျန်းလောင်က စကားလမ်းကြောင်း ပြောင်းလိုက်သည်။
အဝါရောင် ဝတ်ရုံရှင် အဘိုးအိုသည် မဖြေကြားမီ ခေတ္တမျှ တုံ့ဆိုင်းနေခဲ့မိ၏။ "ဟုတ်တယ် ထျန်းလောင်... ခင်ဗျားရဲ့ ဉာဏ်ပညာကို လိုအပ်နေတဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခုရှိလို့ ကျွန်တော် ရောက်လာတာပါ။ ဒီကိစ္စက အသေးအဖွဲလေး မဟုတ်ဘူး။ အဲဒါကို သေချာသာ မကိုင်တွယ်နိုင်ရင် ကျွန်တော်တို့ ယန် နိုင်ငံရဲ့ ကံကြမ္မာကိုတောင် အန္တရာယ်ဖြစ်စေနိုင်တယ်လေ"
ဤစကားကို ကြားသောအခါ ထျန်းလောင်က မျက်ခုံးပင့်လိုက်လေသည်။ "ဟေ... ဘာကိစ္စကများ အဲဒီလောက်တောင် ကြီးမားနေလို့လဲ"
အဘိုးအိုသည် ထျန်းလောင်၏ တည်ရှိမှုကြောင့် အနည်းငယ် စိတ်အေးသွားပြီး ရှင်းပြရန် စတင်ခဲ့တော့၏။ "အဲဒါက မကြာသေးမီကမှ ကျွန်တော် ရခဲ့တဲ့ လျှို့ဝှက်စာတစ်စောင်နဲ့ ပတ်သက်နေတာပါဗျ။ ကျွန်တော့်ရဲ့ သားမိုက် ယန်ချန်းဟိုင်က အရေးတကြီး ပေးပို့လာတာလေ..."
သူ စကားပြောနေစဉ် လုံခြုံစွာ ချိတ်ပိတ်ထားသော စာကို ထျန်းလောင်ထံသို့ ရိုသေစွာဖြင့် ကမ်းပေးလိုက်၏။
"အဲဒီမှာ ဘာတွေများ ရေးထားလို့လဲ" ထျန်းလောင်က ရေရွတ်လိုက်ပြီး စာကို ဖွင့်လိုက်စဉ် သူ၏ မျက်နှာအမူအရာမှာ လေးနက်သွားလေသည်။ သို့သော် သူ၏ မျက်လုံးများက ယင်း၏ အကြောင်းအရာများကို ဖတ်ရှုလိုက်သည်နှင့်အမျှ သူ၏ မျက်နှာမှာလည်း ပို၍ပင်လေးနက်လာခဲ့တော့၏။ အမည်မသိ ပုဂ္ဂိုလ်တစ်ဦး ပြသခဲ့သော သာမန်မဟုတ်သည့် စွမ်းရည်များကို ဖော်ပြထားသည့် အပိုင်းသို့ ရောက်သောအခါ သူ၏ လက်များမှာ အနည်းငယ်ပင် တုန်ရီသွားခဲ့လေ၏။
"လူတွေကို ဖမ်းဖို့အတွက် ဝိညာဉ်လက်နက်တွေကို သုံးတယ်၊ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီးတော့ ကောင်းကင်ယံဆီကို တိုက်ရိုက် ပျံတက်သွားတယ် ဟုတ်လား"
ထျန်းလောင်သည် စာကို စူးစိုက်ကြည့်နေလျက် သူ၏ မယုံကြည်နိုင်မှုမှာ အထင်းသားပင်။
ထျန်းလောင်၏ တုံ့ပြန်မှုကို သတိမထားမိသော အဝါရောင် ဝတ်ရုံရှင် အဘိုးအိုက မျှော်လင့်ချက်နှင့် စိတ်သက်သာရာရမှုတို့ ရောနှောကာ ပြောလိုက်သည်။ "ထျန်းလောင်... အဲဒီပုဂ္ဂိုလ်ရဲ့ နည်းလမ်းတွေက တကယ်ကို သာမန်မဟုတ်ဘူး။ အစပိုင်းက ဒီလောက် အစွမ်းထက်တဲ့ ရန်သူကို ကျွန်တော်တို့ ဘယ်လို ရင်ဆိုင်နိုင်မလဲဆိုပြီး ကျွန်တော် အရမ်း စိုးရိမ်နေခဲ့တာ။ ဒါပေမဲ့ အခု ခင်ဗျား ရှိနေပြီဆိုတော့ အဲဒီလူဆိုးကို ဖမ်းပြီး သားတော် ၇ကို ကျွန်တော်တို့ ကယ်တင်နိုင်လောက်တယ်လေ..."
သူ စကားမဆုံးမီမှာပင် ထျန်းလောင်က သူ့ကို ကြားဖြတ်ပြောလိုက်၏။ "သူ့ရဲ့ စည်းကမ်းချက်တွေကို သဘောတူလိုက်"
အဘိုးအိုမှာ တောင့်တင်းသွားပြီး မျက်လုံးများပင် ပြူးကျယ်သွားခဲ့ရ၏။ "ထျန်းလောင်... ခင်ဗျား ဆိုလိုတာက..."
"စာထဲမှာ ရေးထားတဲ့ စည်းကမ်းချက်တွေ အားလုံးကို သဘောတူဖို့ ငါ ဆိုလိုတာ" ထျန်းလောင်က ထပ်ပြောလိုက်ပြီး သူ၏ အကြည့်များမှာတော့ စာပေါ်တွင်သာ စူးစိုက်နေလေသည်။ "လီဝေ့ထျန်းရဲ့ မျိုးဆက်ကို ပို့ပေးရမှာပဲဖြစ်ဖြစ်၊ တောင်တန်းတစ်သိန်းကို လွှဲပြောင်းပေးရမှာပဲဖြစ်ဖြစ် အဲဒါတွေအားလုံးကို လုပ်ရမယ်။
မဟုတ်ဘူး၊ အဲဒီထက်ပိုကောင်းတာက လီဝေ့ထျန်းရဲ့မျိုးဆက်ကို ငါကိုယ်တိုင် သူ့ဆီကို လိုက်ပို့ပေးမယ်"
"ခ...ခင်ဗျားကိုယ်တိုင် လိုက်ပို့ပေးမယ် ဟုတ်လား" အဘိုးအို၏ အံ့အားသင့်မှုမှာ ပို၍ပင်နက်ရှိုင်းလာခဲ့ပြီး မယုံနိုင်စွာဖြင့် အော်ဟစ်လိုက်မိတော့၏။
"ဟုတ်တယ်။ အဲဒီပုဂ္ဂိုလ်အပေါ်ကို လုံးဝ ရိုးသားမှုရှိကြောင်း ငါတို့ ပြရမယ်" ထျန်းလောင်က လေးနက်စွာ ပြောလိုက်သည်။ "မဟုတ်ရင် ယန် နိုင်ငံ ပျက်စီးရုံနဲ့တင်ပြီးမသွားလောက်ဘူး။ ယန်မိသားစုကိုယ်တိုင်လည်း မျိုးတုံးသတ်ဖြတ်ခံရနိုင်တယ်လေ"
အဝါရောင် ဝတ်ရုံရှင် အဘိုးအိုမှာ စကားမပြောနိုင်တော့ဘဲ စိတ်ရှုပ်ထွေးနေလေသည်။ ကြောက်ရွံ့မှု အရိပ်အယောင် သဲ့သဲ့လေး ပါဝင်နေသော ထျန်းလောင်၏ ပုံမှန်မဟုတ်သည့် လေးနက်သော မျက်နှာအမူအရာကို သူ စိုက်ကြည့်နေရင်းဖြင့် နောက်ဆုံးတွင် နားလည်သွားခဲ့တော့၏။ စာထဲတွင် ဖော်ပြထားသော အခြေအနေမှာ သူ ထင်ထားသည်ထက်ပင် များစွာ ပို၍ဆိုးရွားနေရမည်ဖြစ်၏။
အဘိုးအိုမှာ သူ၏ တည်ငြိမ်မှုကို ပြန်လည်ရယူနိုင်ရန် အချိန်အတော်ကြာ ယူခဲ့ရပါ၏။ စမ်းသပ်သည့်အနေဖြင့် သူက မေးလိုက်လေသည်။ "ထျန်းလောင်..အဲဒီလူက ခင်ဗျားတောင် မရင်ဆိုင်နိုင်လောက်အောင်အထိ တကယ်ပဲ အဲဒီလောက်တောင် ကြောက်စရာကောင်းနေတာလား"
"ကြောက်စရာကောင်းတယ်ဆိုတာက စကားလုံးနဲ့တောင် ဖော်ပြလို့ မရဘူး။ သူ့ကို လုံးဝကိုမှ ထိလို့ကို မရတာ" ထျန်းလောင်က ခါးသီးသော အပြုံးဖြင့် ပြောလိုက်၏။ "တကယ်လို့ ယန်ချန်းဟိုင် စာထဲမှာ ရေးထားတာသာ မှန်တယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ရဲ့ ကျင့်ကြံခြင်းနဲ့ စွမ်းရည်တွေက နားလည်နိုင်စွမ်းထက်တောင် ကျော်လွန်နေတယ်လေ။ တကယ်လို့ သူသာ အလိုရှိမယ်ဆိုရင် တော်ဝင်မြို့တော်တစ်ခုလုံးကို လက်တစ်ချက် ဝှေ့ယမ်းရုံနဲ့တင် ဖျက်ဆီးပစ်နိုင်လောက်တယ်။ ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က သူနဲ့သာနှိုင်းယှဉ်လိုက်လို့ရှိရင် လေတိုက်ခံရတဲ့ ဖယောင်းတိုင်မီးလို ငြိမ်းသွားမှာပဲလေ"
အဝါရောင် ဝတ်ရုံရှင် အဘိုးအိုမှာ အသက်ရှူမှားသွားပြီး လေကို ပြင်းပြင်းရှူလိုက်ရလေ၏။ ဤပုဂ္ဂိုလ်ကို ရန်မစရန် မျိုးနွယ်စုအား ယန်ချန်းဟိုင်၏ စာက အဘယ်ကြောင့် အကြိမ်ကြိမ် တိုက်တွန်းခဲ့ပြီး ထိုသို့သော လုပ်ရပ်က တော်ဝင်မျိုးဆက်ကို လုံးဝ မျိုးတုံးသတ်ဖြတ်မှုသို့ ဦးတည်သွားစေမည်ဟု သတိပေးခဲ့ကြောင်းကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့လေသည်။ အစပိုင်းက ချဲ့ကားပြောဆိုခြင်းဟု သူ ထင်ခဲ့သောအရာမှာ ယခုအခါ၌ လုံးဝကို အမှန်တရားဖြစ်နေပုံရပေသည်။
သို့သော် အံ့အားသင့်မှုများကြားတွင် အဘိုးအိုသည် အခြေအနေ၏ အဓိပ္ပာယ်မရှိမှုကို မခံစားဘဲ မနေနိုင်ခဲ့ချေ။ "ထျန်းလောင်..." သူက သတိထား၍ မေးလိုက်၏။ "ဒီလောကမှာ ဒီလောက်တာင် နားလည်ရခက်တဲ့ စွမ်းအားရှိတဲ့သူ တစ်ယောက် တကယ်ပဲ ရှိနိုင်လို့လား။ မြင့်မြတ်တဲ့ တောင်တော်က သခင်ကြီးတွေတောင်မှ မြို့တစ်မြို့ကို လက်တစ်ချက် ဝှေ့ယမ်းရုံနဲ့တော့ မဖျက်ဆီးနိုင်ဘူးလေ"
"မင်း နားမလည်ပါဘူးကွာ။ ကမ္ဘာကြီးက ပြောင်းလဲသွားပြီကွ" ထျန်းလောင်က ခေါင်းယမ်းလိုက်ရင်း ပြောလိုက်၏။ "ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဉ်းတွေက ပြောင်းလဲသွားပြီ၊ ဒါ့အပြင် ဝိညာဉ်စွမ်းအင်တွေကလည်း ပြန်လည်နိုးထလာပြီလေ။ ပြီးတော့ မသေမျိုးလမ်းစဉ်ကလည်း ပြန်ပြီးပေါ်ပေါက်လာခဲ့ပြီ။ မသေမျိုးလမ်းစဉ်ရဲ့ နည်းလမ်းတွေကို ကျွမ်းကျင်ပြီး ဒီလိုအမြင့်ဆုံးကို ရောက်ရှိသွားတဲ့ သူတစ်ယောက်အတွက်တော့ မြို့တစ်မြို့ ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံကို ဖျက်ဆီးပစ်ဖို့ဆိုတာ ဖျက်ခနဲပေါ်လာတဲ့ အတွေးတစ်ခုလိုမျိုးပဲ အားစိုက်စရာတောင် မလိုဘူးကွ"
ထျန်းလောင်၏ အကြည့်များမှာ သူ့လက်ထဲရှိ စာပေါ်သို့ ပြန်၍ရောက်ရှိသွားလေသည်။ သူတို့၏ ခန္ဓာကိုယ်ကို အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး ကောင်းကင်ယံသို့ ပျံတက်သွားသူတစ်ဦး၏ ဖော်ပြချက်က သူ့အပေါ် ဖျောက်ဖျက်၍မရနိုင်သော အထင်အမြင်တစ်ခုကို ချန်ရစ်ခဲ့ပါ၏။
သူသည် အခြေတည်အဆင့်သို့ ရောက်ရှိသွားသော်လည်း လေဓာတ် အဆောင်ကို မကျွမ်းကျင်မချင်း သို့မဟုတ် ပျံသန်းရေး ဝိညာဉ်လက်နက်တစ်ခုကို သန့်စင်မပြီးမချင်း ပျံသန်းခြင်းမှာ သူ့အတွက်တော့ လက်လှမ်းမမီနိုင်သေးချေ။ သို့သော် ဤပုဂ္ဂိုလ်သည် သူ၏ အသားကိုပင် အလင်းရောင်အဖြစ် ပြောင်းလဲနိုင်ပြီး ကောင်းကင်သို့ တက်လှမ်းနိုင်ပါ၏။ ဤသည်မှာ ထျန်းလောင်၏ နားလည်နိုင်စွမ်းထက် များစွာ ကျော်လွန်နေသော လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခု ဖြစ်ပေသည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးသည် အခြေတည်အဆင့်ကိုတောင် ကျော်လွန်ပြီး ထိုထက်ပို၍မြင့်မားသည့် စိတ်ကူးယဉ်၍ပင်မရနိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိသွားပြီဖြစ်ရမည်ဟု ထျန်းလောင် တွေးလိုက်မိလေသည်။
ဤသူမှာ ယန် နိုင်ငံကဲ့သို့ နိုင်ငံငယ်လေးတစ်ခုက ရန်စရန် တတ်နိုင်သော သူတစ်ယောက် မဟုတ်ချေ။
"အခုချက်ချင်း ပြန်သွားပြီး လီဝေ့ထျန်းရဲ့ မျိုးဆက်ကို လွှတ်ပေးလိုက်၊ ပြီးတော့လည်း သူတို့ကို သေသေချာချာကို ဂရုတစိုက်နဲ့ ဆက်ဆံ" ထျန်းလောင်က အဘိုးအိုကို အမိန့်ပေးလိုက်၏။ "သူတို့ကို ချန်းကျိုးဆီ ငါကိုယ်တိုင် လိုက်ပို့ပေးဖို့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်လိုက်ဦးမယ်။ နှောင့်နှေးနေလို့မရဘူး။"
...