← Chapters

အခန်း (၄၄၃-၄၄၃)

Vol. 45 Ch. 443-443

အခန်း (၄၄၃-၄၄၃)

Vol. 45 Ch. 443-443

အခန်း ၄၄၃ ၊ အပိုင်း (၁) - အကြောင်းအကျိုးဆက်စပ်မှုကို ဖြေရှင်းခြင်း၊ လမ်းစဉ်ကို ရှာဖွေလိုသော နှလုံးသား

"ကျိယွဲ့... ဒါက သခင်လေးလု တံခါးပိတ်ကျင့်ကြံနေတဲ့ နေရာလား"

ကျိုးလီရွာ၏ အပြင်ဘက်တွင် ယန်ချန်းဟိုင်သည် သူ့ရှေ့၌ လှည့်ပတ်နေသော မြူခိုးများကို အံ့သြကြည်ညိုစွာဖြင့် စိုက်ကြည့်နေလေသည်။

သူ၏ အုပ်ချုပ်မှုနယ်မြေအတွင်း ဤကဲ့သို့သော ကောင်းကင်ဘုံ ဘေးမဲ့တောတစ်ခု ရှိနေကြောင်း သူ လုံးဝ မသိခဲ့ချေ။

သူ့ဘေးရှိ ထျန်းလောင်မှာတော့ ပို၍ပင် အံ့အားသင့်နေ၏။

သာမန်ပုံပေါက်နေသော ဤရွာလေးကို အလွန်အမင်း အစွမ်းထက်သော ဝင်္ကပါ အကာအရံတစ်ခုဖြင့် ကာကွယ်ထားကြောင်း သူ သဲ့သဲ့လေး အာရုံခံမိလေသည်။

အကာအရံ၏ စွမ်းအား အတိုင်းအတာ အစစ်အမှန်နှင့် ပတ်သက်၍မူ သူ၏ အခြေတည်အဆင့် ကျင့်ကြံမှုမှာ ယင်း၏ အစိတ်အပိုင်းလေးတစ်ခုကိုပင် ခွဲခြားသိမြင်ရန် မလုံလောက်ချေ။

ဤအရာကို သဘောပေါက်ပြီးနောက် ထျန်းလောင်သည် နက်ရှိုင်းသော ကျေးဇူးတင်မှုတစ်ခုကို ခံစားလိုက်ရတော့၏။

သူ ကိုယ်တိုင်ကိုယ်ကျ ဤခရီးကို လာခဲ့သည်မှာ ကံကောင်းလှပေသည်။

ရွာကို ဝန်းရံနေသော ပုံမှန်မဟုတ်သည့် ဖြစ်စဉ်များနှင့် ဝင်္ကပါ၏ ထိုးဖောက်၍မရနိုင်သော သဘောသဘာဝတို့ကို ကြည့်ခြင်းအားဖြင့် ဤနေရာတွင် ကျင့်ကြံနေသူမှာ ခန့်မှန်း၍မရနိုင်လောက်အောင် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရမည်။

အကယ်၍ ယန် နိုင်ငံသာ ဤပုဂ္ဂိုလ်ကို တကယ်ပဲ အမျက်ဒေါသ ထွက်စေခဲ့မည်ဆိုလျှင် ယင်း၏ ပျက်စီးမှုမှာ အလွန်လျင်မြန်စွာဖြင့် ရောက်ရှိလာမည်ဖြစ်ပြီး သူတို့ မည်သို့ ဖြစ်ပျက်သွားသည်ကိုပင် နားလည်နိုင်မည် မဟုတ်ချေ။

"ဟုတ်တယ်။ မင်းတို့ ဒီမှာ စောင့်နေဖို့ လိုလိမ့်မယ်။ သခင်လေးလုကို အသိပေးဖို့ ငါ အရင်အထဲကို ဝင်သွားလိုက်မယ်။ ကျိုးလီရွာက ဝင်္ကပါတစ်ခုနဲ့ ကာကွယ်ထားတာဆိုတော့ ပြင်ပလူတွေ လွတ်လွတ်လပ်လပ်နဲ့ ဝင်ရောက်လို့ မရဘူးလေ" လင်းကျိယွဲ့က ရှင်းပြလိုက်၏။

"ကျေးဇူးတင်ပါတယ် ကျိယွဲ့" ယန်ချန်းဟိုင်က ရိုသေစွာ ပြောလိုက်၏။

ထျန်းလောင်ကလည်း အလျင်စလို ထပ်ပြောလိုက်သည်။ "သခင်လေး လင်းကျိယွဲ့..ကျေးဇူးအများကြီးတင်ပါတယ်"

လင်းကျိယွဲ့သည် ရွာထဲသို့ ဝင်ရန် ပြင်ဆင်နေစဉ် အတွင်းမှ တည်ငြိမ်သော အသံတစ်ခု ပဲ့တင်ထပ်လာခဲ့လေသည်။ "ဒီလောက် ယဉ်ကျေးနေစရာမလိုပါဘူး။ တကယ်လို့ ပြောစရာရှိရင် ဒီမှာပဲ ပြောပါ"

အသံ ဆုံးသွားသည်နှင့်အမျှ အရှေ့ဘက်ရှိ မြူခိုးများမှာ လွင့်စင်သွားပြီး လုချင်း၏ ပုံရိပ်မှာ အတွင်းမှ ထွက်လာသည်ကို မြင်တွေ့လိုက်ရလေသည်။

သူ၏ ပခုံးပေါ်တွင် ရှောင်လီ နားနေပြီး အရောင်ငါးသွယ် တောင်ပံပါမြွေဆိုးကလည်း သူ၏ အနောက်မှ အနီးကပ် လိုက်ပါလာခဲ့လေ၏။

"သခင်လေးလု" လင်းကျိယွဲ့က အလျင်စလိုဖြင့် ရှေ့သို့ တိုးလာပြီး နှုတ်ဆက်လိုက်သည်။

သူတို့ ရောက်ရှိလာခြင်းကို လုချင်း သိရှိသွားခြင်းအတွက် သူ မအံ့သြခဲ့ချေ။ လုချင်း၏ စွမ်းရည်များဖြင့်ဆိုလျှင် မိုင်ပေါင်းများစွာအတွင်း မည်သည့်အရာမဆို သူ၏ အာရုံခံစားမှုမှ လွတ်ကင်းနိုင်ရန် မဖြစ်နိုင်ချေ။

သို့သော် သူ့ကို အံ့အားသင့်စေခဲ့သည်မှာ လုချင်းက ရွာအပြင်ဘက်သို့ ကိုယ်တိုင်ကိုယ်ကျ ထွက်လာရန် ရွေးချယ်ခဲ့ခြင်းပင်။

"အစ်ကို ကျိယွဲ့... သူတို့ကို ဒီကို ခေါ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ" လုချင်းက ယန်ချန်းဟိုင်နှင့် ထျန်းလောင်တို့ဆီသို့ သူ၏ အကြည့်ကို လှည့်လိုက်ရင်း ပြောလိုက်သည်။

သခင်လေးလုလား။

လင်းကျိယွဲ့၏ ခေါ်ဝေါ်မှုကို ကြားလိုက်ရသောအခါ ထျန်းလောင်သည် သူ့ရှေ့ရှိ လူငယ်လေးမှာ သူတို့ တွေ့ဆုံရန် လာခဲ့သော ပုဂ္ဂိုလ်ပင်ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်တော့၏။

ဦးညွှတ်ရန် သူ ရှေ့သို့ တိုးသွားသော်လည်း လုချင်း၏ အကြည့်များ သူ့အပေါ် ကျရောက်လာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်မှာ ချေမှုန်းပစ်မတတ် ဖိအားကြီးဖြင့် လွှမ်းမိုးခံလိုက်ရလေသည်။

မြင့်မားလှသော တောင်ကြီးတစ်လုံး သူ့အပေါ်သို့ ကျဆင်းလာသကဲ့သို့ ခံစားလာရသဖြင့် အသက်ရှူရန်ပင် ခက်ခဲလာတော့၏။ သူ့တစ်ကိုယ်လုံးမှာ မခံမရပ်နိုင်အောင် လေးလံနေပြီး စကားပြောရန်ပင် မဖြစ်နိုင်တော့ချေ။

သူ့ကို ပို၍ပင် ထိတ်လန့်စေခဲ့သည်မှာ လုချင်း၏ အကြည့်က အရာအားလုံးကို ထိုးဖောက်မြင်နိုင်သဖြင့် သူ၏ လျှို့ဝှက်ချက်များအားလုံးကို အနည်းငယ်မျှပင်ဖုံးကွယ်မထားဘဲ ဖော်ထုတ်နိုင်သည်ဟု ခံစားရခြင်းပင်။

"အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်လား။ မဆိုးပါဘူး။ ဒီကမ္ဘာလောကမှာ မွေးရာပါ ချီစွမ်းအင်စစ်ကို ဝိညာဉ်စွမ်းအင်အဖြစ် အပြည့်အဝ ပြောင်းလဲပြီးတော့ အခြေတည်အဆင့်ကို တက်လှမ်းနိုင်တာကတင် ကျင့်ကြံခြင်း ပါရမီကောင်းကို ပြနေတာပဲ" လုချင်းက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်ပြီး သူ၏ အကြည့်ကို ရုတ်သိမ်းလိုက်သည်။

ထိုအခါ၌ ထျန်းလောင်သည် ဖိအားများ လွင့်စင်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရလေသည်။ သူ၏ နဖူးမှ ချွေးအေးများကို သုတ်လိုက်ပြီး အလျင်စလို ပြန်ဖြေလိုက်၏။ "သခင်လေးကတော့ ကျုပ်ကို အထင်ကြီးလွန်းနေပါပြီ။ ကျုပ်ရဲ့ အားနည်းတဲ့ ကျင့်ကြံခြင်းအဆင့်က နေမင်းကြီးရဲ့ တောက်ပမှုနဲ့ နှိုင်းယှဉ်ရင်တော့ ပိုးစုန်းကြူးလေးရဲ့ အလင်းရောင်လောက်ပဲ ရှိတာပါ"

"ထျန်းလောင်..."

ယန်ချန်းဟိုင်သည် ထျန်းလောင်၏ အလွန်အမင်း နှိမ့်ချသော အမူအကျင့်ကို စောင့်ကြည့်ရင်း လုံးဝ အံ့အားသင့်သွားခဲ့လေ၏။

အစောပိုင်းက လီဝေ့ထျန်း၏ မျိုးဆက်များကို ချန်းခရိုင်သို့ ထျန်းလောင် ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးခဲ့စဉ်က သူ အံ့သြခဲ့ရပြီး ဖြစ်သည်။

မိသားစုအတွင်း ထျန်းလောင်၏ အဆင့်အတန်းမှာ ပြိုင်ဘက်ကင်းပြီး ယန်ချန်းဟိုင်၏ ဖခင်ဖြစ်သော ဘုရင်၏ အဆင့်အတန်းထက်ပင် သာလွန်နေလေသည်။

ဤကဲ့သို့သော ကိစ္စရပ်တစ်ခုကို သူ ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်မည်ဆိုသည်မှာ မိသားစုက ဤအခြေအနေကို မည်မျှ လေးနက်စွာ သဘောထားကြောင်း ပြသရန် လုံလောက်ပေ၏။

သို့သော် လုချင်းနှင့် တွေ့ဆုံရာတွင် ထျန်းလောင်က ဤမျှလောက် အရိုအသေပေးလိမ့်မည်ဟု ယန်ချန်းဟိုင် မမျှော်လင့်ထားခဲ့မိချေ။

သို့သော် ထျန်းလောင်ကမူ သူ၏ အပြုအမူနှင့် ပတ်သက်၍ မည်သည့် ပြဿနာကိုမျှ မမြင်ခဲ့ချေ။

ကျင့်ကြံခြင်းလမ်းစဉ်တွင် ခွန်အားကသာ အရေးအကြီးဆုံး ဖြစ်သည်။

လုချင်း၏ အကြည့်တစ်ချက်တည်းဖြင့်ပင် သူ၏ ကျင့်ကြံခြင်းမှာ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီး ထျန်းလောင်၏ နားလည်နိုင်စွမ်းအပြင်ဘက်တွင် လုံးဝ ရှိနေကြောင်း ရှင်းလင်းလှပေ၏။

လုချင်းနှင့်အတူ ပါလာသော ဝိညာဉ်သားရဲ နှစ်ကောင်ပင်လျှင် ထျန်းလောင်အတွက် သေစေနိုင်သော ခြိမ်းခြောက်မှု အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေလေသည်။

"တော်ပြီ။ ဒီလို ဟန်ဆောင်နေဖို့ မလိုပါဘူးဗျ" လုချင်းက ပြောလိုက်၏။ သူ၏ လေသံမှာ တည်ငြိမ်နေသော်လည်း အမိန့်ပေးသည့်ဟန် ပါဝင်နေလေသည်။ "ကျွန်တော့်ကို ပြောပါဦး၊ ယန်မိသားစုက ကျွန်တော် ခိုင်းထားတဲ့ ကိစ္စတွေကို လုပ်ပြီးသွားပြီလား"

"သခင်လေးရဲ့ ညွှန်ကြားချက်တွေအတိုင်း ကျုပ်တို့ တိတိကျကျကို လုပ်ခဲ့ပြီးပါပြီ" ထျန်းလောင်က အလျင်စလို ပြန်ဖြေလိုက်၏။ "လီဝေ့ထျန်းချန်ပေ့ရဲ့ မျိုးဆက်တွေအားလုံးကို ဘေးကင်းကင်းနဲ့ ဒီနေရာကို လိုက်ပို့ပေးပြီးပါပြီ။

တောင်တန်းတစ်သိန်းနဲ့ ပတ်သက်ပြီး ပြောရရင်တော့ အဲ့ကိစ္စက လုံးဝ ပြဿနာ မရှိပါဘူး။ အဲဒါက ကျုပ်တို့တွက် ဂုဏ်ယူစရာတောင် ဖြစ်မှာပါ။ တကယ်လို့ သခင်လေးသာ အလိုရှိမယ်ဆိုရင် ယန် နိုင်ငံ တစ်ခုလုံးကိုတောင် လက်နှစ်ဖက်နဲ့ ဆက်သဖို့ ကျုပ်တို့ ပြင်ဆင်ထားပါတယ်"

"ယန် နိုင်ငံရဲ့ ပိုင်နက်ကို ကျွန်တော် စိတ်မဝင်စားပါဘူး" လုချင်းက အပြုံးဖြင့် ပြောလိုက်သည်။ "ဒါပေမဲ့ တောင်တန်းတစ်သိန်းက ကျွန်တော့်ရဲ့ အနားယူရာ နေရာဖြစ်နေတော့ ဘယ်သူမှ ဝင်ရောက်စွက်ဖက်တာမျိုးကို ကျွန်တော် မလိုလားဘူးလေ"

"နားလည်ပါပြီ။ ဒီနေ့ကစပြီး သခင်လေးရဲ့ ခွင့်ပြုချက်မရှိဘဲ ယန် နိုင်ငံက ဘယ်သူမှ တောင်တန်းတစ်သိန်းကို ခြေချမှာ မဟုတ်ပါဘူး" ထျန်းလောင်က ပြတ်သားစွာ ကြေညာလိုက်သည်။

"ကောင်းပြီလေ။ ဒါဆိုလည်း ခင်ဗျားတို့ လူတွေကို ကျွန်တော် ပြန်ပေးလိုက်မယ်"

ထို့နောက်၌ လုချင်းက သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ပုံရိပ်အချို့ လေထဲတွင် ပေါ်လာပြီး မြေကြီးပေါ်သို့ လဲကျသွားလေတော့၏။

ထိုသည်တို့ကတော့ ဈေးကြီးသည့်အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူငယ်နှင့် သူ၏ မွေးရာပါနယ်ပယ် အစောင့်အဖွဲ့ပင် ဖြစ်လေသည်။

သို့သော် သူတို့၏ အခြေအနေမှာတော့ လုံးဝ မကောင်းမွန်နေပါချေ။

လွတ်မြောက်လာခဲ့သော်ငြား သူတို့သည် တွေဝေမိန်းမောနေသော အခြေအနေတွင် ရှိနေဆဲဖြစ်ပြီး တုံ့ပြန်မှု မရှိသလောက်ပင် ဖြစ်နေလေသည်။

အထူးသဖြင့် လူငယ်သည် သူ၏ ဝိညာဉ် လုံးဝ ဆွဲထုတ်ခံလိုက်ရသကဲ့သို့ လွတ်ဟာနေသော အကြည့်တစ်ခု ရှိနေလေ၏။

"သခင်လေး ၇"

ယန်ချန်းဟိုင်သည် လူငယ်၏ လက်မောင်းများ ပျောက်ဆုံးနေသည်ကို မြင်သောအခါ ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

သူ၏ အော်ဟစ်သံက လူငယ်နှင့် သူ၏ အစောင့်များကို သူတို့၏ တွေဝေမိန်းမောမှုထဲမှ လန့်နိုးသွားစေခဲ့သည်။ ဖြည်းညင်းစွာဖြင့် သူတို့၏ ပတ်ဝန်းကျင်ကို သူတို့ စတင်မှတ်မိလာကြသဖြင့် သူတို့၏ မျက်လုံးများမှာ ကြည်လင်မှုအချို့ကို ပြန်၍ရရှိလာခဲ့တော့၏။

"အစ်ကို ၄... ထျန်းလောင်၊ ကျွန်တော်တို့ လွတ်လာပြီလား" လူငယ်က မယုံနိုင်စွာဖြင့် ရေရွတ်လိုက်ပြီး အရာအားလုံးက အိပ်မက်တစ်ခု ဖြစ်နေမည်ကို စိုးရိမ်နေလေသည်။

အစောင့်များသည်လည်း သူ၏ ခံစားချက်ကို မျှဝေခံစားခဲ့ကြသော်လည်း ထိုအိပ်မက်ဆိုးကဲ့သို့ အကျဉ်းချခံရမှုမှ သူတို့ တကယ်ပဲ လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း မကြာမီ သဘောပေါက်သွားခဲ့ကြတော့၏။

"ခရိုင်အုပ်ချုပ်ရေးမှူး...ခင်ဗျားတို့ လူတွေကို ငါ ပြန်ပေးပြီးပြီ။ တခြားဘာကိစ္စမှမရှိတော့ဘူးဆိုရင်လည်း ပြန်ကြတော့" လုချင်းက အေးစက်စွာ ပြောလိုက်သည်။

သူ၏ အသံကို ကြားသောအခါ သခင်လေး ၇နှင့် အစောင့်များမှာ ကြောက်ရွံ့မှုကြောင့် တုန်ရီသွားကြရှာသည်။

သူ့ဘက်သို့ လှည့်ကြည့်လိုက်သည့်အခိုက် သူတို့၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လာလေ၏။

ထိုအမှောင်ထုကြီးစိုးနေသည့် အကျဉ်းထောင်ထဲတွင် သူတို့ ခံစားခဲ့ရသော ညှဉ်းပန်းနှိပ်စက်မှုမှာ သူတို့ ဘယ်သောအခါမျှ မေ့ပျောက်နိုင်မည်မဟုတ်သော အတွေ့အကြုံတစ်ခု ဖြစ်ပါ၏။

အထူးသဖြင့် သခင်လေး ၇အတွက်တော့ လုချင်းကို မြင်လိုက်ရခြင်းက မကောင်းဆိုးဝါးကို ကိုယ်တိုင်ကိုယ်ကျ စိုက်ကြည့်နေရသကဲ့သို့ ဖြစ်နေလေသည်။

သူ တစ်ချိန်က စိတ်ကူးခဲ့မိသော လက်စားချေလိုသည့် အတွေးများအားလုံးမှာ လုံးဝ လွင့်စင်သွားခဲ့ပြီဖြစ်ပြီး ဤကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်ထံမှ တတ်နိုင်သမျှ အဝေးဆုံးသို့ ထွက်ပြေးရန် မျှော်လင့်ချက်မဲ့သော ဆန္ဒတစ်ခုသာ ကျန်ရစ်တော့သည်။

ထျန်းလောင်သည် သူတို့၏ အခြေအနေကို စောင့်ကြည့်ရင်းဖြင့် သူတို့တွေ အကျဉ်းကျနေစဉ်အတွင်း ပြင်းထန်စွာ ဆင်းရဲဒုက္ခ ခံစားခဲ့ရကြောင်း နားလည်လိုက်လေသည်။

သို့တိုင်အောင် သူ မည်သည့် ညည်းညူမှုမျှ မပြုလုပ်ခဲ့ချေ။

ထို့အစား သူသည် လုချင်းကို နက်ရှိုင်းစွာ ဦးညွှတ်လိုက်လေ၏။ "သူတို့ရဲ့ အသက်တွေကို ချမ်းသာပေးတဲ့အတွက် သခင်လေးကို ကျေးဇူးတင်ပါတယ်"

....

အခန်း ၄၄၃ ၊ အပိုင်း (၂) - အကြောင်းအကျိုးဆက်စပ်မှုကို ဖြေရှင်းခြင်း၊ လမ်းစဉ်ကို ရှာဖွေလိုသော နှလုံးသား။

ယန်ချန်းရှန်နှင့် သူ၏ အဖော်များ ဖမ်းဆီးခံရသည့် အကြောင်းရင်းကို ထျန်းလောင် ကြာမြင့်စွာကတည်းက သိရှိထားပြီး ဖြစ်သည်။

လုချင်းသည် သနားညှာတာမှု ပြသနေပြီဖြစ်ကြောင်း သူ နားလည်ထားလေသည်။

အကယ်၍ အခြား အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးသာ ဖြစ်ခဲ့ပါက ဤကဲ့သို့သော စော်ကားမှုမျိုးကို ချက်ချင်း သတ်ဖြတ်ခြင်းဖြင့် တုံ့ပြန်ဖွယ် ရှိပေသည်။

ယန်ချန်းရှန်အတွက် သူ၏ လက်မောင်းများကိုသာ ဆုံးရှုံးလိုက်ရခြင်းမှာ ကြီးမားသော ကံကောင်းမှုတစ်ခု ဖြစ်နေပြီပင်။

ထို့အပြင် လုချင်း ပြသခဲ့သော လျှို့ဝှက်ဆန်းကြယ် စွမ်းအားများက ထျန်းလောင်၏ နှလုံးသားထဲရှိ ကြောက်ရွံ့မှုကို ပို၍ပင်နက်ရှိုင်းလာစေခဲ့၏။ သဘာဝကျကျပင် သူသည် အနည်းငယ်မျှသော မကျေနပ်မှုကိုမျှပင် မထားရှိဝံ့ချေ။

"ကောင်းပြီ၊ ခင်ဗျားတို့ အခု သွားလို့ရပြီ" လုချင်းက လျစ်လျူရှုကာ လက်ဝှေ့ယမ်းလိုက်သည်။

သို့သော် ယန်ချန်းဟိုင်မှာ ခေတ္တမျှ တုံ့ဆိုင်းနေခဲ့၏။ ဦးညွှတ်လိုက်ရင်း သူက မေးလိုက်လေသည်။ "ဒါဆို လီဝေ့ထျန်းရဲ့ မျိုးဆက် ဟိုလူငယ်လေးနဲ့ ပတ်သက်ပြီးတော့ ချန်ပေ့..."

"အဲ့ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ လူတစ်ယောက်ကို ငါ စီစဉ်ထားမယ်။ ခင်ဗျားတို့က သူတို့ရဲ့ နေထိုင်ရေးအတွက်ကိုပဲ အရင်ဆုံး စီစဉ်ပေးသင့်တယ်" လုချင်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

"ဟုတ်ကဲ့ပါ၊ ဒါဆို ကျွန်တော်တို့ကို ခွင့်ပြုပါဦး" ယန်ချန်းဟိုင်က ဦးညွှတ်ကာ သူ၏ အဖွဲ့နှင့်အတူ မထွက်ခွာမီ ပြောလိုက်လေသည်။

သူတို့ ထွက်သွားသည်နှင့် လင်းကျိယွဲ့က ရှေ့သို့ တိုးလာပြီး တောင်းပန်လိုက်လေ၏။ "သခင်လေးလု... ယန်ချန်းဟိုင်နဲ့ သူ့လူတွေကို ဒီကို ခေါ်လာဖို့ ဆုံးဖြတ်ခဲ့တာ ကျွန်တော်ပါ။ သခင်လေး ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

"အစ်ကို ကျိယွဲ့... ဘာတွေ ပြောနေတာလဲ။ သူတို့ကို ဒီကို ခေါ်လာပေးတာက ကျွန်တော့်ကို ဒုက္ခတစ်ခုပေါ့သွားအောင် လုပ်ပေးတာနဲ့တူတူပဲလေဗျာ" လုချင်းက အပြုံးဖြင့် ပြောလိုက်သည်။

ယခင်က လုချင်းသည် သူ၏ ခွန်အားမှာ အားနည်းနေသေးပြီး ရွှမ်ခုန်းဘုရားကျောင်းကဲ့သို့ အစွမ်းထက်သော ရန်သူကို ရန်စမိထားသောကြောင့် ကျိုးလီရွာကို လျှို့ဝှက်ထားခဲ့ခြင်း ဖြစ်သည်။ ရွာကို သူ မကာကွယ်နိုင်မည်ကို စိုးရိမ်ခဲ့သည်။

သို့သော် ယခု ရွှေအမြုတေအဆင့်သို့ တက်လှမ်းသွားပြီဖြစ်ပြီး ရွှမ်ခုန်းဘုရားကျောင်းလည်း ဖျက်ဆီးခံရကာ ကျိုးလီရွာမှာလည်း ဝင်္ကပါများဖြင့် ကာကွယ်ထားပြီဖြစ်ရာ ထိုစိုးရိမ်ပူပန်မှုများမှာ ပြဿနာ မဟုတ်တော့ချေ။

လုချင်း စိတ်မဆိုးကြောင်း ကြားလိုက်ရသောအခါ၌ လင်းကျိယွဲ့မှာ စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်တော့၏။

ယန်ချန်းဟိုင်၏ အဖွဲ့ကို ဤနေရာသို့ ခေါ်လာရန် ဆုံးဖြတ်ရာတွင် သူ၏ ပုံမှန် မူဝါဒများကို ဆန့်ကျင်ခဲ့ခြင်း ဖြစ်သည်။ ပထမဆုံးတစ်ချက်အနေဖြင့် သူ၏ သူငယ်ချင်းကို သူ တကယ်ပဲ ကူညီချင်ခဲ့သည်။ နောက်တစ်ချက်အနေဖြင့် သူ မရှိသည့်အချိန်တွင် ယန်မိသားစုက မဆင်မခြင် ပြုမူပြီး လုချင်းကို အလွန်အမင်း ဒေါသထွက်စေမည်ကို သူ စိုးရိမ်ခဲ့၏။

အကယ်၍ လုချင်းသာ တကယ်ပဲ ဒေါသထွက်သွားပြီး ယန်မိသားစုကို ဖျက်ဆီးပစ်ခဲ့မည်ဆိုလျှင် တော်ဝင်မိသားစု ပြိုလဲသွားမည်ဖြစ်ပြီး ယန် နိုင်ငံကို ရှုပ်ထွေးမှုများထဲသို့ တွန်းပို့လိုက်မည်သာ။ ရလဒ်အနေဖြင့် ဖြစ်ပေါ်လာမည့် မတည်ငြိမ်မှုများက အိမ်နီးချင်း နိုင်ငံများကို ရဲတင်းလာစေမည်ဖြစ်ပြီး သာမန် ပြည်သူလူထုမှာ အိုးမဲ့အိမ်မဲ့ဖြစ်မှုနှင့် ဆင်းရဲဒုက္ခများကို ခံစားရမည်ပင်။

ဤကဲ့သို့သော ဘေးအန္တရာယ်ကို ကာကွယ်ရန် လင်းကျိယွဲ့သည် သူ၏ မူဝါဒများကို အနည်းငယ် လျစ်လျူရှုခဲ့ရပါ၏။

ကံကောင်းထောက်မစွာဖြင့် ယန်မိသားစုသည် သင့်လျော်စွာ ပြုမူခဲ့ပြီး ထျန်းလောင်ကလည်း လုချင်း၏ စည်းကမ်းချက်များ အားလုံးကို ပညာရှိစွာ လိုက်လျောခဲ့လေသည်။

စိတ်အေးသွားရှာသော လင်းကျိယွဲ့က မေးလိုက်၏။ "သခင်လေးလု... လီဝေ့ထျန်းရဲ့ မျိုးဆက်တွေအတွက် ဘာအစီအစဉ်တွေများ ရှိပါသလဲဗျ"

ယန်ချန်းဟိုင်၏ ပြောပြချက်များမှတစ်ဆင့် လင်းကျိယွဲ့သည် အဖြစ်အပျက်များကို ဆက်စပ်ကြည့်ပြီး လီဝေ့ထျန်း၏ မျိုးဆက်များကို ကာကွယ်ရန်အတွက် လုချင်းက သခင်လေး ၇ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း နားလည်ခဲ့လေသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လင်းကျိယွဲ့သည် လီဝေ့ထျန်း၏ သမိုင်းကြောင်းကို စုံစမ်းကြည့်ခဲ့ရင်း သူ့အကြောင်းနှင့်ပတ်သက်၍ ကိစ္စများစွာ သိရှိလာခဲ့ရပါ၏။

လုချင်းသည် လီဝေ့ထျန်း ချန်ရစ်ခဲ့သောအရာ တစ်ခုခုကို အမွေဆက်ခံခဲ့ရပြီး ယင်းက သူ့အား ဤမျှ လျင်မြန်စွာ တိုးတက်စေကာ ဤမျှ ကြီးမားသော အောင်မြင်မှုများကို ရရှိစေခဲ့ခြင်း ဖြစ်မည်ဟုပင် သူ သဲ့သဲ့လေး ခန့်မှန်းမိပါ၏။ ထိုသို့သာမဟုတ်ပါက ကိုယ်တွင်းအင်္ဂါအဆင့်ရှိ သမားတော်တစ်ဦးအနေဖြင့် မွေးရာပါနယ်ပယ်သို့ ရောက်ရှိရန် လိုအပ်သော ကျင့်ကြံခြင်းနည်းလမ်းများနှင့် အရင်းအမြစ်များကို သူ မည်သို့ ရရှိနိုင်မည်နည်း၊ ဆရာနှင့် တပည့် နှစ်ဦးစလုံးကို တူညီသောအဆင့်သို့ ရောက်ရှိစေခြင်းမှာ ဆိုဖွယ်ရာပင် မရှိတော့ချေ။

"ဒီကိစ္စကို ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ဖြေရှင်းဖို့ ကျွန်တော် အလိုမရှိပါဘူး။ ဝေ့မိသားစုကိုပဲ တာဝန်ယူခိုင်းပြီးတော့ သူတို့ရဲ့ နေထိုင်ရေးအတွက် စီစဉ်ခိုင်းလိုက်ပါ့မယ်" လုချင်းက ပြန်ဖြေလိုက်သည်။

လီဝေ့ထျန်း၏ မျိုးဆက်များကို ကယ်တင်ပြီးနောက် အကြောင်းအကျိုးဆက်စပ်မှု အကြွေးမှာလည်း ပြေလည်သွားပြီဟု လုချင်း မှတ်ယူလိုက်လေသည်။

ဤအရာကို ကျော်လွန်၍ သူ ထပ်မံပတ်သက်ရန် မရည်ရွယ်ချေ။ ဝေ့မိသားစု၏ စွမ်းဆောင်ရည်များဖြင့် လူဒါဇင်အနည်းငယ်ရှိသော မိသားစုငယ်လေးတစ်ခုကို နေရာချထားပေးခြင်းမှာ ရိုးရှင်းသော အလုပ်တစ်ခု ဖြစ်သင့်ပေသည်။

လင်းကျိယွဲ့ကလည်း ခေါင်းညိတ်လိုက်ပြီး လုချင်းတွင် လီမိသားစုအတွက် ထပ်မံထောက်ပံ့ပေးရန် ရည်ရွယ်ချက် မရှိကြောင်း သဘောပေါက်သွားတော့၏။

...

ရွာသို့ ပြန်ရောက်သောအခါ လုချင်းသည် ဝေ့မိသားစု၏ ခြံဝင်းသို့ သွားပြီး ဝေ့ရှင်းဟယ်ကို ရှာကာ အခြေအနေကို အကြမ်းဖျင်း ရှင်းပြလိုက်လေသည်။

သူ ပြောသည်ကို ကြားပြီးနောက်၌ ဝေ့ရှင်းဟယ်သည် လီဝေ့ထျန်း၏ မျိုးဆက်များအတွက် နေရာထိုင်ခင်းများ ရရှိစေရန် ဝန်ထမ်းများကို ခရိုင်မြို့တော်သို့ သွားရောက်ဖို့ ချက်ချင်း စီစဉ်ပေးခဲ့လေ၏။

ဤကိစ္စ ပြေလည်သွားသည်နှင့် လုချင်းသည် သူ၏ နှလုံးသားထဲတွင် ရှင်းပြ၍မရနိုင်သော ပေါ့ပါးမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖယ်ရှားခံလိုက်ရသည့်အလား သူ၏ အတွေးများနှင့် စွမ်းအင်များမှာ ပို၍ပင်ချောမွေ့စွာ စီးဆင်းလာခဲ့ပါ၏။

"အကြောင်းအကျိုးဆက်စပ်မှုပဲလား"

သူ့အတွင်းရှိ ပြောင်းလဲမှုများကို ခံစားရရင်း လုချင်းက ရေရွတ်လိုက်ပြီး သူ၏ စိတ်ထဲတွင် အသစ်ရှာဖွေတွေ့ရှိသော ကြည်လင်ပြတ်သားမှုတစ်ခု ပေါ်ထွက်လာခဲ့လေသည်။

...

နောက်တစ်နေ့ နံနက်တွင် လုချင်း နိုးနိုးချင်းမှာပင် ရွာအပြင်ဘက်တွင် တက်ကြွသော ဆူညံသံများကို သူ ကြားလိုက်ရ၏။

အထူးသဖြင့် ဘိုးဘွားကန်တော့ခန်းမအနီးရှိ နေရာမှာ လှုပ်ရှားမှုများဖြင့် စည်ကားနေလေသည်။

သူ သဲ့သဲ့လေး ပြုံးလိုက်မိပါ၏။

အတွေးတစ်ချက်ဖြင့် သူ၏ ရွှေအမြုတေအဆင့် စွမ်းအားများက သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီး အညစ်အကြေးများကို ရှင်းလင်းပေးလိုက်လေသည်။ ရေချိုးခြင်း သို့မဟုတ် အလှပြင်ခြင်းကဲ့သို့သော သေမျိုးတို့၏ ကိစ္စရပ်များနှင့် ကင်းကွာကာ လတ်ဆတ်ပြီး သန့်စင်သော အငွေ့အသက်များဖြင့် သူ၏ အခန်းထဲမှ ထွက်လာခဲ့လိုက်တော့၏။

"ကိုကို... အပြင်ဘက်မှာ ဘာလို့ ဒီလောက်တောင် ဆူညံနေတာလဲဟင်"

ရှောင်ယန်သည် သူမ၏ အခန်းထဲမှ ထွက်လာပြီး မျက်လုံးများကို ပွတ်သပ်နေလေ၏။

မိန်းကလေးငယ်သည် မွေးရာပါနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူမ၏ အိပ်ရာထနောက်ကျသော အကျင့်မှာတော့ မပြောင်းလဲသေးချေ။ လုချင်းသာ သူမကို မနှိုးပါက သူမကလည်း ထလာမည်ပင် မဟုတ်ချေ။

"ဒီနေ့ ရွာမှာ ပွဲလေးတစ်ခု ရှိတယ်လေ။ ပျော်စရာတွေကို သွားကြည့်ချင်လား" လုချင်းက မေးလိုက်၏။

"တကယ်လား။ ရှောင်ယန်လည်း သွားချင်တယ်" မိန်းကလေးငယ်မှာ ချက်ချင်းပင် တက်ကြွသွားခဲ့လေ၏။

"ကောင်းပြီလေ... အရင်ဆုံး စားလိုက်ကြရအောင်၊ ပြီးရင် အဲဒီကို သွားကြတာပေါ့"

နံနက်စာ စားပြီးနောက်၌ မောင်နှမနှစ်ယောက်သည် ရှောင်လီနှင့် ဝူရှင်းတို့ကို ခေါ်ဆောင်ကာ ဘိုးဘွားကန်တော့ခန်းမဆီသို့ ဦးတည်သွားကြတော့၏။

သူတို့ ချဉ်းကပ်လာသည်နှင့်အမျှ ရွာသူရွာသားများက သူတို့ကို သတိပြုမိသွားကြလေသည်။

"အားချင်း လာပြီဟေ့" တစ်ယောက်ယောက်က အော်လိုက်လေသည်။

ဘိုးဘွားကန်တော့ခန်းမ အပြင်ဘက်ရှိ လူအုပ်ကြီးမှာ လျင်မြန်စွာ ဖယ်ပေးလိုက်ကြပြီး သူတို့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။

လုချင်းက ပြုံးလိုက်ပြီး ရှောင်ယန်ကို ခေါ်ကာ ရှေ့သို့ လျှောက်သွားလေ၏။ ရှောင်လီက သူ၏ ပခုံးပေါ်တွင် နားနေပြီး ဝူရှင်းကတော့ ရှောင်ယန်၏ အနောက်မှ လိုက်လာခဲ့သည်။

ဝိညာဉ်သားရဲ နှစ်ကောင်နှင့် ကြာမြင့်စွာကတည်းက ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သော ရွာသူရွာသားများမှာ မည်သည့် ကြောက်ရွံ့မှုမျှ မပြသခဲ့ကြချေ။

အချိန်ကြာလာသည်နှင့်အမျှ ရှောင်ယန်သည် သူမ၏ သူငယ်ချင်းများနှင့်အတူ မကြာခဏ ကစားလေ့ရှိပြီး သားရဲများကို ရွာရှိ ကလေးများနှင့် မိတ်ဆက်ပေးခဲ့လေသည်။ ဝူရှင်းပင်လျှင် အချစ်တော်တစ်ကောင် ဖြစ်လာခဲ့ပြီး ကလေးများကို ပျော်ရွှင်စေရန်အတွက် ၎င်းအပေါ်တွင် စီးနင်းခွင့်ပေးလေ့ရှိပါ၏။

အထိခံရခြင်းကို မနှစ်သက်သော ရှောင်လီ တစ်ကောင်တည်းသာလျှင် ခပ်ခွာခွာ နေလေ့ရှိသည်။ ကလေးများသည် ၎င်းကို အဝေးမှသာ အားကျစွာ ကြည့်လေ့ရှိကြပြီး အလွန်အမင်း နီးကပ်စွာ ချဉ်းကပ်ရန် ဘယ်သောအခါမျှ မဝံ့ရဲကြချေ။

"အားချင်း" ရှေ့သို့ တိုးလာရင်း အဘိုးကျန်းက အော်ခေါ်လိုက်သည်။ "ကျင့်ကြံတာကို သင်ယူချင်တဲ့ ရွာသူရွာသားတွေ အားလုံး ဒီမှာ စုဝေးနေကြပြီ"

"နားလည်ပါပြီဗျ"

လုချင်းက ခေါင်းညိတ်လိုက်ပြီး ရင်းနှီးသော မျက်နှာ ဒါဇင်အနည်းငယ်ခန့် စုဝေးနေသည့် လှေကားထစ်များဆီသို့ လှမ်းကြည့်လိုက်လေသည်။

သို့သော်...

သူတို့အထဲတွင် ဆံပင်များ အဖြူရောင်သန်းနေသော အဘိုးအိုတစ်ဦး ရပ်နေလေ၏။ လုချင်းမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်ကို မအောင့်နိုင်ခဲ့ချေ။ "အဘိုးကျောက်... အဘိုးလည်း ကျင့်ကြံချင်လို့လား"

အဘိုးအိုက ပြုံးပြလိုက်ရာ ကျိုးနေသော သွားအချို့ကို မြင်တွေ့လိုက်ရပါ၏။ "စိတ်ဝင်စားတဲ့သူ ဘယ်သူမဆို လာလို့ရတယ်လို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား။ တစ်နေကုန် ဘာမှလုပ်စရာ မရှိတော့ စမ်းကြည့်လိုက်ရင် ဘာဖြစ်မှာမို့လို့လဲ"

အဘိုးကျန်းက မျက်နှာကို လက်ဖဝါးဖြင့် အုပ်လိုက်ပြီး ဆူပူလိုက်သည်။ "အဘိုးကြီး...လူကဖြင့် သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေရပြီကိုး။ အဲ့တာတောင် မင်းက ကျင့်ကြံချင်နေတုန်းပဲလား။ ပြဿနာ မရှာဘဲနဲ့ ထွက်သွားစမ်းပါကွာ"

"မထွက်ဘူးကွာ" အဘိုးကျောက်က ခေါင်းမာစွာဖြင့် မေးစေ့ကို မော့ထားရင်း ပြန်ပြောလိုက်သည်။ "ဘာလို့ လူငယ်တွေပဲ ကျင့်ကြံခွင့် ရှိရမှာလဲ။ ငါက မသေမျိုးတစ်ယောက် ဖြစ်လာဖို့၊ ကောင်းကင်ယံမှာ ပျံသန်းဖို့ အမြဲတမ်း အိပ်မက်မက်ခဲ့တာကွ။ အဲဒီတုန်းက လူတိုင်းက ငါ့ကို လှောင်ပြောင်ခဲ့ကြတယ်လေ၊ ဒါပေမဲ့ ငါ့မိန်းမကတော့ ငါ့ကို ယုံကြည်ခဲ့တယ်။ ငါက လူပြန်ဝင်စားတဲ့ မသေမျိုးတစ်ယောက်လို့တောင် သူက ပြောခဲ့သေးတယ်။

သူ အခု မရှိတော့ဘူးပေမဲ့ သူ့အထင်မှားတာ မဟုတ်ဘူးဆိုတာကို သူ့အတွက် ငါ သက်သေပြချင်တယ်"

"မင်း..."

အဘိုးကျန်းမှာ ခေတ္တမျှ စကားမပြောနိုင်ဖြစ်သွားခဲ့ရရှာ၏။

ဤအရာကို မြင်သောအခါ လုချင်းက လက်ကို ဝှေ့ယမ်းလိုက်လေသည်။ "အဘိုးကျန်း... အဘိုးကျောက်မှာ လမ်းစဉ်ကို ရှာဖွေချင်တဲ့ နှလုံးသား ရှိနေတယ်ဆိုမှတော့ သူ့ကို စမ်းကြည့်ခွင့်ပေးလိုက်ပါလားဗျ"

ထိုသို့ပြောပြီးနောက် လုချင်းသည် သူ၏ လက်ကို ခါလိုက်ရာ အလင်းတန်းတစ်ခု ပျံထွက်သွားတော့လေ၏။

ထိုအလင်းတန်းမှာ တဖြည်းဖြည်းကြီးကြီးလာရင်းဖြင့် နှစ်မီတာမြင့်သော ကျောက်စိမ်းကျောက်တိုင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ မြေကြီးပေါ်သို့ အခိုင်အမာ ဆင်းသက်သွားလေတော့၏။

....

All Chapters