← Chapters

အခန်း (၄၄၄-၄၄၄)

Vol. 45 Ch. 444-444

အခန်း (၄၄၄-၄၄၄)

Vol. 45 Ch. 444-444

အခန်း ၄၄၄ ၊ အပိုင်း (၁) - ချစ်ရသူ မရှိတော့ဘူးဆိုမှတော့ ကျင့်ကြံခြင်းက ဘာအသုံးဝင်တော့မှာလဲ။

ကျောက်စိမ်းကျောက်တိုင်သည် မြေကြီးပေါ်သို့ ညင်သာစွာ ဆင်းသက်သွားပြီး ထူးခြားသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေလေသည်။ ၎င်း၏ပတ်ဝန်းကျင်တွင် မြူခိုးများ ရစ်ဝဲနေပြီး သာမန်မဟုတ်သော၊ လျှို့ဝှက်ဆန်းကြယ်သည့် ရုပ်သွင်ကို ပေးစွမ်းနေလေ၏။

ရွာသူရွာသားများ အံ့သြစွာဖြင့် စိုက်ကြည့်နေကြစဉ် လုချင်းက ပြောလိုက်သည်။ "ဒီကျောက်စိမ်းကျောက်တိုင်က ကျွန်တော် အထူးသန့်စင်ထားတဲ့ အရာတစ်ခုပါဗျ။ ခင်ဗျားတို့ဆီမှာ ကျင့်ကြံဖို့ ပါရမီ ရှိ၊ မရှိကို စမ်းသပ်နိုင်တဲ့ စွမ်းရည် ရှိပါတယ်"

လူတိုင်း၏ အကြည့်များမှာ သိချင်စိတ်များဖြင့် ပြည့်နှက်နေပြီး ကျောက်စိမ်းကျောက်တိုင်ဆီသို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားပြန်၏။

ဤလှပသော ကျောက်စိမ်းကျောက်တိုင်က ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ တက်လှမ်းရန် သူတို့၏ အလားအလာများကို ဖော်ပြပေးနိုင်သည်လော။

"အားချင်း... ငါတို့ ဘာလုပ်ဖို့ လိုလဲ" ရွာသားတစ်ဦးက မေးလိုက်သည်။

"တော်တော်လေး ရိုးရှင်းပါတယ်။ ခင်ဗျားတို့ အလှည့်ရောက်တဲ့အခါကျ ကျောက်စိမ်းကျောက်တိုင်ရှေ့မှာ ရပ်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ အသက်ရှူရမယ်၊ ပြီးရင်ကျ ခင်ဗျားတို့ရဲ့ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပါဗျ" လုချင်းက အပြုံးဖြင့် ပြောလိုက်သည်။

"ဒါပဲလား"

ရွာသူရွာသားများမှာ ပို၍ပင် အံ့အားသင့်သွားကြတော့၏။

သို့သော် သူတို့ကိုယ်သူတို့ ပြန်၍သတိပေးလိုက်ကြသည်။ လုချင်းမှာ သာမန်လူ မဟုတ်ချေ။ သူသည် မသေမျိုးများ၏ နယ်ပယ်မှ လာသူတစ်ဦး ဖြစ်ပေသည်။

သူက မသေမျိုးတစ်ဦး ဖြစ်နေပြီဖြစ်ရာ သူ မစွမ်းဆောင်နိုင်သည့်အရာ မရှိချေ။

"ဟုတ်ဗျ၊ အဲ့ဒီလောက်တောင် ရိုးရှင်းတာလေ။ ကဲ... ဘယ်သူ အရင်လုပ်မလဲ"

ရွာသူရွာသားများမှာ အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ စိတ်အားထက်သန်မှုမှာ တုံ့ဆိုင်းမှုများဖြင့် ရုတ်တရက် အစားထိုးသွားခဲ့လေသည်။ လူတိုင်းက ကျင့်ကြံခြင်းအတွက် ပါရမီရှိဖို့ မျှော်လင့်ထားကြသော်လည်း စမ်းသပ်မှုအတွက် ရှေ့သို့ ထွက်ရမည့် အတွေးက သူတို့အား ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားစေခဲ့၏။

နောက်ဆုံးတွင်တော့ လူတစ်ယောက်က အံကြိတ်ပြီး ရှေ့သို့ ထွက်လာခဲ့လေတော့သည်။ "ကျွန်တော် အရင်လုပ်မယ်"

ထိုလူ၏ မျက်နှာပေါ်ရှိ တင်းမာမှုကို မြင်သောအခါ လုချင်းက ရယ်မောလိုက်သည်။ "အစ်ကိုတာ့အန်း... စိတ်လျှော့ထားပါဗျာ။ စမ်းသပ်မှုက သက်တောင့်သက်သာ မရှိတာမျိုး မဖြစ်စေပါဘူးဗျ"

စစချင်း ထွက်လာပေးသည့်သူကတော့ လုချင်း၏ ပထမဆုံး ဈေးကြီးခရီးစဉ်တွင် အတူလိုက်ပါခဲ့ဖူးသော ဝမ်တာ့အန်း ဖြစ်လေသည်။ လုချင်း၏ နှစ်သိမ့်မှုကြောင့် ဝမ်တာ့အန်းမှာ သိသိသာသာကို စိတ်သက်သာရာရသွားပြီး ပြုံးပင် ပြုံးနိုင်ခဲ့လေ၏။ "အေးပါကွာ"

ထိုသို့ပြောပြီးနောက် သူသည် ကျောက်စိမ်းကျောက်တိုင်ရှေ့တွင် ရပ်လိုက်တော့သည်။ ပြီးနောက်ွင် ကျောက်စိမ်းကျောက်တိုင်ထံမှ ညင်သာသော အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဝမ်တာ့အန်းကို လွှမ်းခြုံသွားလေသည်။

အစပိုင်းတွင် သူ စိုးရိမ်နေခဲ့သော်လည်း အလင်းတန်းမှာ နွေးထွေးပြီး သက်သာရာရစေကြောင်း သူ လျင်မြန်စွာ သဘောပေါက်သွားခဲ့လေ၏။ ယင်းက လုံးဝ သက်တောင့်သက်သာရှိစေသော ထူးခြားသည့် စွမ်းအင်တစ်ခုကို သယ်ဆောင်ထားပါ၏။ သို့ဖြစ်၍ သူ၏ စိုးရိမ်ပူပန်မှုများ လွင့်စင်သွားပြီး အေးချမ်းတည်ငြိမ်သော စိတ်အခြေအနေဖြင့် အစားထိုးသွားခဲ့လေသည်။

ဆန့်ကျင်ဘက်အနေဖြင့် မြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသော အခြားရွာသူရွာသားများမှာတော့ ပို၍ပင်တင်းမာလာခဲ့ကြလေ၏။

လုချင်းသည်လည်း ကျောက်စိမ်းကျောက်တိုင်၏ ပြောင်းလဲမှုများကို စောင့်ကြည့်ရန် အာရုံစိုက်နေခဲ့ပါသည်။ သူ၏ နတ်မျက်စိစွမ်းရည်က ကောင်းကင်အောက်ရှိ အရာအားလုံး၏ အချက်အလက်များကို သိမြင်နိုင်စွမ်း ရှိသော်လည်း သူ၏ စွမ်းရည်မှတစ်ဆင့် ရရှိသော အသေးစိတ်အချက်အလက်များမှာ မကြာခဏ အကန့်အသတ် ရှိလေသည်။ သို့သော် ကျောက်စိမ်းကျောက်တိုင်မှာတော့ လူတစ်ဦး၏ ကျင့်ကြံခြင်း ပါရမီကို အကဲဖြတ်ရန် အထူးဖန်တီးထားခြင်းပင်။ ယင်းသည် မူလကတော့ လီဟော်ဂိုဏ်းက ၎င်း၏ တပည့်သစ်များ၏ အလားအလာကို အကဲဖြတ်ရန် အသုံးပြုခဲ့သော တန်ဖိုးကြီး ဝိညာဉ်လက်နက်တစ်ခု ဖြစ်ပေသည်။ ဤရွာသူရွာသားများအတွက်တေယ့ ယင်းမှာ အလွန်သင့်လျော်ပေ၏။

အဖြူရောင် အလင်းတန်းက ဝမ်တာ့အန်းကို ဆက်လက်လွှမ်းခြုံထားသော်လည်း ယင်းမှာ မပြောင်းလဲဘဲ ရှိနေခဲ့လေသည်။ နောက်ဆုံးတွင်တော့ ယင်းမှာ စတင်မှေးမှိန်လာခဲ့တော့၏။

လုချင်းက ညင်သာစွာဖြင့် သက်ပြင်းချလိုက်သည်။ "အစ်ကို တာ့အန်း... စိတ်မကောင်းပါဘူးဗျာ၊ ဒါပေမဲ့ မသေမျိုးလမ်းစဉ်ကို ကျင့်ကြံဖို့ မွေးရာပါ ပါရမီ အစ်ကို့မှာ မရှိဘူးဗျ"

"ငါ့မှာ ကျင့်ကြံဖို့ ပါရမီ မရှိဘူးလား"

ဝမ်တာ့အန်းမှာ မှင်သက်သွားပြီး သူ၏ မျက်နှာမှာ စိတ်ပျက်မှုများဖြင့် ကျဆင်းသွားတော့သည်။ ဤရလဒ်အတွက် သူ့ကိုယ်သူ ပြင်ဆင်ထားခဲ့သော်လည်း တကယ်တမ စကားလုံးများကို ကြားလိုက်ရခြင်းက နာကျင်နေဆဲပင်။

အခြားရွာသူရွာသားများမှာ တိတ်ဆိတ်သွားကြပြီး သူတို့၏ အစပိုင်းက စိတ်လှုပ်ရှားမှုများမှာ လျင်မြန်စွာဖြင့်ပဲ အေးစက်သွားခဲ့တော့၏။

ဝမ်တာ့အန်းသည် ရွာ၏ အသန်မာဆုံးသော လူများအနက်မှ တစ်ဦးဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ကာ သက်စောင့်စွမ်းအင်များလည်း အပြည့်အဝ ရှိလေသည်။ အကယ်၍ သူပင်လျှင် ကျင့်ကြံခြင်း ပါရမီ မရှိခဲ့လျှင် ကျန်သည့်သူတွေအတွက် ဘာမျှော်လင့်ချက်များ ရှိနိုင်ဦးမည်နည်း။

ကျင့်ကြံခြင်းအတွက် ပါရမီဆိုသည်မှာ သူတို့ ထင်ထားသည်ထက် များစွာ ပိုမိုရှားပါးကြောင်း ရွာသူရွာသားများ စတင်သဘောပေါက်လာသည်နှင့်အမျှ လေထုမှာ ပိုပို၍ငြိမ်သက်သွားခဲ့တော့၏။

ဝမ်တာ့အန်း၏ စိတ်ပျက်နေသော ပုံရိပ်က ဘေးသို့ ဆုတ်ခွာသွားသည်ကို မြင်သောအခါ လုချင်းသည်လည်း တိတ်ဆိတ်နေခဲ့လေသည်။

ကျောက်စိမ်းကျောက်တိုင်သည် အဓိကအားဖြင့် လူတစ်ဦး၏ ဝိညာဉ်စွမ်းအင်အပေါ် ဆွဲဆောင်မှုကို စမ်းသပ်ခြင်း ဖြစ်သည်။ အကယ်၍ ဝိညာဉ်စွမ်းအင်ကို အာရုံခံနိုင်ရန် ဆွဲဆောင်မှု အလွန်နည်းပါးလွန်းပါက ထိုလူသည် ကျင့်ကြံခြင်းကို စတင်ရန် လိုအပ်သော အခြေခံအုတ်မြစ် ရှိမည်မဟုတ်ချေ။ ဤသည်မှာ ဝမ်တာ့အန်း၏ အခြေအနေပင် ဖြစ်၏။

သူသည် သန်မာပြီး သက်စောင့်စွမ်းအင်များ အပြည့်အဝ ရှိသော်လည်း သူ၏ ဝိညာဉ်စွမ်းအင်အပေါ် ဆွဲဆောင်မှုမှာ အလွန်နည်းပါးလွန်းသဖြင့် ယင်းကို အာရုံခံရန်ပင် ကျော်လွှား၍မရနိုင်လောက်အောင် ခက်ခဲသော စိန်ခေါ်မှုတစ်ခု ဖြစ်ပေလိမ့်မည်။ ရှေ့ဆက်တိုးရန် အတွေးမှာ လုံးဝ မဖြစ်နိုင်ချေ။

ဝမ်တာ့အန်းပြီးနောက် အခြားရွာသားတစ်ဦးကလည်း ရှေ့သို့ ထွက်လာခဲ့၏။ တစ်ဖန် ကျောက်စိမ်းကျောက်တိုင်မှ မပြောင်းလဲဘဲ ရှိနေသော အဖြူရောင် အလင်းတန်းတစ်ခုပဲ ထွက်ပေါ်လာခဲ့ပြီး လုချင်းကလည်း ခေါင်းယမ်းလိုက်လေသည်။

ရွာသူရွာသားများက ရလဒ်ကို နားလည်လိုက်ကြ၏။ ဤလူသည်လည်း ကျင့်ကြံခြင်း ပါရမီ ကင်းမဲ့နေလေသည်။

ဝမ်တာ့အန်း၏ ဥပမာကို မြင်တွေ့ခဲ့ပြီးဖြစ်ရာ ဤရွာသားသည် စိတ်ပျက်မှုကို လက်ခံရန် ပို၍ပင်ပြင်ဆင်ထားခဲ့လေ၏။ မည်သို့ပင်ဆိုစေ ဝမ်တာ့အန်းကဲ့သို့ သန်မာသူတစ်ဦးကတောင် မကျင့်ကြံနိုင်ခဲ့လျှင် သူတို့တွေ မကျင့်ကြံနိုင်ခြင်းမှာ အံ့သြစရာတော့ မဟုတ်ချေ။

ရွာသူရွာသားများ တစ်ယောက်ပြီးတစ်ယောက် စမ်းသပ်မှုအတွက် ရှေ့သို့ ထွက်လာခဲ့ကြသော်လည်း ရလဒ်များမှာတော့ အတူတူပဲပင်။ အဖြူရောင် အလင်းတန်းမှာ မပြောင်းလဲဘဲ ရှိနေပြီး မည်သည့် ပြောင်းလဲမှု အရိပ်အယောင်မျှ မပြသခဲ့ချေ။ လူဆယ်ယောက်ကျော်မှာ ပါရမီ မရှိကြောင်းကို ဆက်တိုက် တွေ့ရှိခဲ့ရလေ၏။

ကျင့်ကြံခြင်းလမ်းစဉ်ဆိုသည်မှာ ခက်ခဲသောလမ်းတစ်ခုဖြစ်ကြောင်း လုချင်း အဘယ်ကြောင့် ပြောခဲ့သည်ကို ရွာသူရွာသားများ နောက်ဆုံးတွင် စတင်သဘောပေါက်လာကြတော့သည်။

ကျင့်ကြံခြင်း ပါရမီ ပိုင်ဆိုင်ထားခြင်းမှာ သူတို့ မျှော်လင့်ထားသည်ထက် များစွာ ပို၍ရှားပါးကြောင်း ထင်ရှားလာခဲ့လေ၏။ လူ ဒီလောက်များများထဲမှာမှ တစ်ယောက်မှတောင် အလားအလာကို မပြသသေးချေ။

စမ်းသပ်မှုများ ဆက်လက်လုပ်ဆောင်နေစဉ် အချိန်များ ဖြည်းညင်းစွာ ကုန်ဆုံးသွားခဲ့လေသည်။ မကြာမီ ရွာသူရွာသား ထက်ဝက်ကျော်ခန့် စမ်းသပ်ပြီးသွားခဲ့လေပြီပင်။ သို့တိုင်အောင် လူတစ်ယောက်ကမျှ ကျင့်ကြံရန် စွမ်းရည်ကို မပြသနိုင်ခဲ့ချေ။

ရွာတစ်ခုလုံးမှာ ကျင့်ကြံခြင်း ပါရမီ ကင်းမဲ့နေပြီလားဟု လူတိုင်းက စတင်တွေးတောလာချိန်မှာပင် ကျောက်စိမ်းကျောက်တိုင်၏ အလင်းရောင်မှာ နောက်ဆုံးတွင် ပြောင်းလဲသွားခဲ့တော့၏။

သန့်စင်သော အဖြူရောင် အလင်းတန်းမှာ အနီရောင်အလင်းသဲ့သဲ့လေးအဖြစ်သို့ မပြောင်းလဲမီ အနည်းငယ် တုန်ခါသွားခဲ့လေသည်။

"ဟင်" လုချင်း၏ မျက်နှာပေါ်တွင် အံ့သြမှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

"ပြောင်းလဲမှုတစ်ခု ရှိတယ်။ အလင်းရောင်က အနီရောင် ပြောင်းသွားပြီ"

ရွာသားတစ်ဦးက အော်ဟစ်လိုက်သည်။

ကျန်သည့်ရွာသူရွာသားများကလည်း ပြောင်းလဲမှုကို သတိပြုမိသွားကြပြီး မျှော်လင့်တကြီး မျက်လုံးများဖြင့် လုချင်းဆီသို့ လျင်မြန်စွာ လှည့်ကြည့်လိုက်ကြသည်။

သူတို့၏ အကြည့်အောက်တွင် လုချင်းက ပြုံးပြီး ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်ဗျ။ ဒီအနီရောင် အလင်းတန်းက စမ်းသပ်ခံနေရသူမှာ ကျင့်ကြံခြင်း ပါရမီ ရှိတယ်ဆိုတာ ညွှန်ပြနေတာပါဗျ"

အနီရောင် အလင်းတန်းထဲတွင် စိုးရိမ်တကြီး ရပ်နေသော မိန်းကလေးငယ်လေးဆီသို့ လှည့်ကာ သူက ပြောလိုက်သည်။ "အားယာ... ဂုဏ်ပြုပါတယ်။"

လူအုပ်ကြီးထဲမှ အောင်ပွဲခံသံများ ထွက်ပေါ်လာခဲ့လေသည်။

အားယာ၏ မိဘများမှာ ခံစားချက်များ လွှမ်းမိုးသွားပြီး သူတို့၏ မျက်နှာပေါ်တွင် မျက်ရည်များပင် စီးကျလာခဲ့၏။ သူတို့၏ သမီးကို လွှမ်းခြုံထားသော အလင်းတန်းသာ မရှိခဲ့လျှင် သူမကို ဖက်ရန်အတွက် သူတို့ ရှေ့သို့ ပြေးသွားမိကြပေလိမ့်မည်။

"ဝိုး အားယာက အရမ်းတော်တာပဲ"

အားယာ၏ ကစားဖော်များထဲမှ တစ်ဦးဖြစ်သော ရှောင်ယန်က ပျော်ရွှင်စွာ ခုန်ပေါက်နေလေသည်။ သူမ၏ သူငယ်ချင်းတွင် ကျင့်ကြံရန် အလားအလာ ရှိနေသည်ကို မြင်တွေ့ရသဖြင့် သူမ တကယ်ကို ပျော်ရွှင်နေခဲ့ပါ၏။

အားယာ ပြီးနောက် ရလဒ်များမှာ အနည်းငယ် စတင်ပြောင်းလဲလာခဲ့ပါသည်။ နောက်ထပ် လူငယ်တစ်ဦးနှင့် ကောင်လေးတစ်ယောက်သည်လည်း ကျောက်စိမ်းကျောက်တိုင်၏ အလင်းရောင်တွင် အပြောင်းအလဲများကို ဖြစ်ပေါ်စေခဲ့သော်လည်း သူတို့၏ အနီရောင် အလင်းတန်းမှာ အားယာလောက် မတောက်ပချေ။

သို့တိုင်အောင် မည်သည့်အဆင့်ရှိ ကျင့်ကြံခြင်း ပါရမီကိုမဆို ပိုင်ဆိုင်ထားခြင်းက အောင်ပွဲခံရန် အကြောင်းပြချက်တစ်ခု ဖြစ်နေဆဲဖြစ်ပြီး ထိုနှစ်ယောက်မှာ သူတို့၏ ရလဒ်များကြောင့် အလွန်ဝမ်းမြောက်နေကြလေ၏။

ကောင်လေး၏ စမ်းသပ်မှု ပြီးဆုံးသွားသောအခါ ရွာသားတစ်ဦးတည်းသာ စမ်းသပ်ရန် ကျန်ရှိနေတော့သည်။

လူတိုင်း၏ အကြည့်များမှာ သူ့ဆီသို့သာ ရောက်သွားပြီး သူတို့၏ မျက်နှာအမူအရာများမှာလည်း အနည်းငယ် ထူးဆန်းနေချေ၏။

နောက်ဆုံး လူမှာ အခြားသူမဟုတ်ဘဲ အဘိုးကျန်းပင်။

အဘိုးကျန်းက သက်ပြင်းချလိုက်ပြီး သူ၏ မျက်နှာကို ဖုံးအုပ်လိုက်လေသည်။ "ဒီအဘိုးကြက ဒီမှာ လာပြီးအရှက်ကွဲရမယ့်အစား အိမ်မှာပဲ နေခဲ့သင့်တာ"

...

အခန်း ၄၄၄ ၊ အပိုင်း (၂) - ချစ်ရသူ မရှိတော့ဘူးဆိုမှတော့ ကျင့်ကြံခြင်းက ဘာအသုံးဝင်တော့မှာလဲ။

ထိုလူမှာ အသက် ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ခန့် ရှိနေပြီဖြစ်ပြီး ခြေတစ်ဖက်က သင်္ချိုင်းထဲ ရောက်နေပြီ ဖြစ်သော်လည်း သူသည် စိတ်လှုပ်ရှားမှုများတွင် ပါဝင်ရန်နှင့် ကျင့်ကြံခြင်းကို သင်ယူရန် လိုလားနေဆဲပင်။

ဒါက လုံးဝ အဓိပ္ပာယ်မရှိတာပဲပင်။

အားချင်းမှာ စိတ်သဘောထား ကောင်းမွန်သောကြောင့်သာ၊ အကယ်၍ အားချင်းနေရာမှာ အခြား မသေမျိုး ဆရာတစ်ဦးသာ ဖြစ်ခဲ့လျှင် သူ့ကို ကြာမြင့်စွာကတည်းက မောင်းထုတ်လိုက်ပေလိမ့်မည်။

လုချင်းကတော့ လုံးဝ စိတ်မဆိုးခဲ့ချေ။ သူက အပြုံးဖြင့် အဘိုးကျောက်ကို ကြည့်ကာ ပြောလိုက်သည်။ "အဘိုးကျောက်... ကျေးဇူးပြုပြီး သွားပါ"

"ဟဲဟဲ... မင်းကို ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်ကွာ အားချင်းရာ"

အဘိုးကျောက်က အရှက်ရသည့် အရိပ်အယောင် အနည်းငယ်မျှ မရှိဘဲ ရယ်မောလိုက်ပြီး ကျောက်စိမ်းကျောက်တိုင်ဆီသို့ လျှောက်သွားတော့၏။

ယခင်ကဲ့သို့ပင် ကျောက်တိုင်မှ အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အဘိုးကျောက်ကို လွှမ်းခြုံသွားလေသည်။

ခေတ္တမျှ စောင့်ဆိုင်းပြီးနောက်၌ အလင်းရောင်မှာ မပြောင်းလဲဘဲ ရှိနေမည်ဖြစ်ပြီး အဘိုးကျောက်သည် သူ၏ဆန္ဒကို စွန့်လွှတ်ရလိမ့်မည်ဟု လူတိုင်းက ထင်မှတ်ထားခဲ့ကြ၏။

မမျှော်လင့်ဘဲ အဖြူရောင် အလင်းတန်းမှာ အသက်ခုနစ်ခါ၊ ရှစ်ခါရှူစာ အချိန်တိုအတွင်းမှာပင် ပြောင်းလဲသွားခဲ့သည်။

အချိန်တိုအတွင်းမှာပင် အလင်းရောင်မှာ အနီရောင်သို့ ပြောင်းလဲသွားပြီး အရောင်မှာ လျင်မြန်စွာဖြင့် ရင့်လာခဲ့လေ၏။

အသွင်ပြောင်းလဲမှု ရပ်တန့်သွားသောအခါ၌ သူ့ကို ဝန်းရံထားသော အလင်းရောင်မှာ နက်ရှိုင်းသော အနီရောင်ရင့်ရင့်အဖြစ်သို့ ပြောင်းလဲသွားပြီး မျက်စိဖြင့် သေချာမမြင်ရ‌နိုင်သော ရွှေရောင် အရိပ်အယောင်လေးတစ်ခုပါ ရောနှောနေလေသည်။

ဤမြင်ကွင်းက ရွာသူရွာသားများကို လုံးဝ မှင်သက်သွားစေခဲ့သည်။

လုချင်းပင်လျှင် သူ့ကို မတူညီသော အမြင်ဖြင့် မကြည့်ဘဲ မနေနိုင်ခဲ့ချေ။

"ဟင်၊ အဲ့ဒီအဘိုးကြီးက တကယ်ပဲ ကျင့်ကြံခြင်း ပါရမီတချို့ ရှိနေတာလား"

လီဟော်ဒယ်အိုးအတွင်းရှိ ဝိညာဉ်ဖြစ်သော ယန်ပင်လျှင် အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်မိပါ၏။

"လူတွေကို အပေါ်ယံကြည့်ပြီးတော့ တကယ်ပဲ အကဲဖြတ်လို့ မရပါလား။ အဘိုးကျောက်မှာ အခြေတည်အဆင့်ကို ရောက်နိုင်တဲ့ အလားအလာ ရှိလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ ဒါက... နည်းနည်းတော့ နှမြောစရာ ကောင်းတယ်" လုချင်းက သက်ပြင်းချကာ သူ့ဘာသာသူ တွေးလိုက်မိသည်။

ကျောက်တိုင်မှာ သူ၏ ဖန်တီးမှုဖြစ်သဖြင့် အလင်းရောင်များ၏ အရောင်များ၏ အရေးပါမှုကို သူ သဘာဝကျကျပင် နားလည်ထားလေ၏။

ကျောက်တိုင်မှ ထုတ်လွှတ်သော အလင်းရောင်တွင် အဆင့်သုံးဆင့် ရှိသည်။

ယင်းတို့ကတော့ အနီရောင်၊ ရွှေရောင်နှင့် ခရမ်းရောင်ပင်။ ဤအရောင်များက အတိုင်းအတာတစ်ခုအထိ စမ်းသပ်ခံရသူ၏ ကျင့်ကြံခြင်း အလားအလာကို ထင်ဟပ်ပြသနေပေ၏။

အနီရောင် အလင်းတန်းသည် သိုင်းကျင့်ကြံခြင်းတွင် မွေးရာပါနယ်ပယ်၏ ချီသန့်စင်ခြင်းအဆင့်၌ အမြင့်ဆုံး ကန့်သတ်ချက်တစ်ခု ရှိသည့် ပါရမီတစ်ခုကို ညွှန်ပြနေပေသည်။

ရွှေရောင် အလင်းတန်းသည် အခြေတည်အဆင့်သို့ ရောက်ရှိနိုင်သည့် အလားအလာကို ကိုယ်စားပြုပေ၏။

ရှားပါးသော ခရမ်းရောင် အလင်းတန်းအတွက်မူ ယင်းက ရွှေအမြုတေအဆင့်ကို ရရှိနိုင်သည့် အလားအလာရှိသော စစ်မှန်သည့် ပါရမီရှင်များကို မှတ်သားပြသနေပါ၏။

သို့သော် ကျောက်တိုင်သည် ကနဦး ပါရမီကိုသာ တိုင်းတာနိုင်ပြီး လူတစ်ဦး၏ နောက်ဆုံး အောင်မြင်မှုများကိုတော့ မတိုင်းတာနိုင်ပါချေ။

မည်သို့ပင်ဆိုစေ ကျင့်ကြံခြင်းလမ်းစဉ်သည် မသိနိုင်သော ဖြစ်နိုင်ခြေများဖြင့် ပြည့်နှက်နေပေသည်။ သာမန် ပါရမီရှိသူများပင်လျှင် ထူးခြားသော ကံကောင်းမှုများနှင့် အခွင့်အရေးများဖြင့် မျှော်လင့်ချက်များကို ကျော်လွန်နိုင်ပါ၏။

သို့တိုင်အောင် လုချင်းသည် အဘိုးကျောက်အတွက် နောင်တအချို့ကို မခံစားရဘဲ မနေနိုင်ခဲ့ချေ။ မည်သို့ပင်ဆိုစေ သူ၏ အသက်အရွယ်မှာ တကယ့်ကို ကြီးမားသော ကန့်သတ်ချက်တစ်ခု ဖြစ်ပေ၏။

"အားချင်း... အဘိုးကျောက်ရဲ့ ဒီအနီရောင် အလင်းတန်းက သူ့မှာ ကျင့်ကြံခြင်း ပါရမီ ရှိတယ်လို့ ဆိုလိုတာလား"

မှင်သက်နေသော တိတ်ဆိတ်မှုကို ဖြိုခွဲရင်း နောက်ဆုံးတွင် အဘိုးကျန်းက ကျယ်လောင်စွာ မေးလိုက်၏။

ချက်ချင်းပင် လူတိုင်း၏ အကြည့်များမှာ လုချင်းဆီသို့ ရောက်သွားခဲ့ရာ အထူးသဖြင့် အဘိုးကျောက်မှာ မျှော်လင့်ချက် ကြီးစွာဖြင့် သူ့ကို စိုက်ကြည့်နေလေသည်။

လူတိုင်း၏ အကြည့်အောက်တွင် လုချင်းက ညင်သာစွာ ခေါင်းညိတ်လိုက်၏။ "ဒါပေါ့ဗျာ။ ဒါ့အပြင် အဘိုးကျောက်ရဲ့ ပါရမီက တော်တော်လေး ကောင်းတယ်ဗျ။

သူ စောစောက ပြောခဲ့သလိုပဲ တကယ်လို့ သူသာ အဆင့်မြင့်မြင့်အထိ ကျင့်ကြံနိုင်မယ်ဆိုရင် သူ တကယ်ပဲ ပျံသန်းနိုင်လောက်တယ်"

ဤစကားများက လူတိုင်းကို မှင်သက်သွားစေခဲ့သည်။

အဘိုးကျောက်၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာခဲ့လေ၏။

သူ့ကိုယ်သူ ရေရွတ်ရင်း သူက ပြောလိုက်သည်။ "အားအဲ့... မင်း မြင်လား။ မင်း လူရွေး မမှားခဲ့ပါဘူးကွာ..."

အံ့အားသင့်နေဆဲဖြစ်သော အဘိုးကျန်းသည် ဤစကားများကို ကြားသောအခါ ဝမ်းနည်းမှုတစ်ခုကို ခံစားလိုက်ရလေသည်။

သူတို့ ငယ်စဉ်က အဘိုးကျောက်သည် ကောင်းကင်ယံတွင် ပျံသန်းမည့် အိပ်မက်များအကြောင်း မကြာခဏ ပြောလေ့ရှိသည်ကို သူ ပြန်၍အမှတ်ရသွားသည်။

သူက သူ၏ နတ်ဘုရားစွမ်းရည်များကို မေ့ပျောက်သွားခဲ့သော လူပြန်ဝင်စားသည့် မသေမျိုးတစ်ဦးဖြစ်ကြောင်းကိုသာ ပြောဆိုခဲ့ပြီး တစ်နေ့နေ့တွင် မသေမျိုးများကို ရှာဖွေကာ သူ၏ စွမ်းရည်များကို ပြန်လည်ရယူရန် ထွက်ခွာမည်ဟု ကတိပေးခဲ့လေ၏။

ထိုစဉ်တုံးကတော့ ယင်းစကားများက သူ့ကို ရွာမှ လှောင်ပြောင်မှုများသာ ယူဆောင်လာပေးခဲ့သည်။

တစ်ယောက်တည်းကသာ သူ့ကို ဘယ်သောအခါမျှ မလှောင်ပြောင်ခဲ့ချေ။ အမှန်တကယ်တော့ သူမသည် သူ့ကို စကားပြောရန်နှင့် သူ၏ ပုံပြင်များကို နားထောင်ရန် မကြာခဏ ရှာဖွေလေ့ရှိသည်။

ထိုမိန်းကလေး၏ နာမည်မှာတော့ အားအဲ့ ဖြစ်၏။

အဘိုးကျန်းသည် သူတို့ကို မြစ်ကမ်းနံဘေးတွင် မကြာခဏ မြင်တွေ့ခဲ့ရသည်။

အားအဲ့သည် ကျောက်စိမ်းရောင် ကျောက်တုံးကြီးတစ်ခုပေါ်တွင် ထိုင်ကာ ခြေထောက်များကို လွှဲရင်း အဘိုးကျောက်က သူ၏ မသေနိုင်ခြင်း အိပ်မက်များအကြောင်း စိတ်အားထက်သန်စွာ ပြောပြနေသည်ကို စိတ်ဝင်တစား နားထောင်လေ့ရှိသည်။

နောက်ပိုင်းတွင် သူမသည် မိသားစု၏ ကန့်ကွက်မှုများကို ဆန့်ကျင်ပြီး သူ့ကို လက်ထပ်ခဲ့လေ၏။

ဆယ်စုနှစ်များစွာ ကြာသွားခဲ့လေပြီပင်။ အားအဲ့မှာလည်း မရှိတော့ဘဲ သူတို့လည်း အသက်ကြီးလာခဲ့ကြပြီ ဖြစ်သည်။

သူ၏ သူငယ်ချင်းအိုကြီးကို ဝန်းရံထားသော နက်ရှိုင်းသည့် အနီရောင် အလင်းတန်းကို ကြည့်ရင်း အဘိုးကျန်း၏ မျက်လုံးများမှာလည်း စိုစွတ်လာခဲ့လေသည်။

သူသည် စိတ်သက်သာရာရမှုနှင့် ဝမ်းနည်းမှု နှစ်ခုစလုံးကို ခံစားလိုက်ရပါ၏။

နောက်ဆုံးတွင်တော့ သု၏သူငယ်ချင်း အသိအမှတ်ပြုခံရလိုက်သည်ကို တွေ့ရှိလိုက်ရသည့်အတွက် စိတ်သက်သာရာရမိသော်လည်း၊ တစ်ချိန်တည်းမှာပင် သူမ၏ အချစ်အတွက် တိုက်ပွဲဝင်ခဲ့သော်လည်း ဤအချိန်အခိုက်အတန့်ကို မြင်တွေ့ရန် ယခုအချိန်ထိ အသက်မရှင်နိုင်ခဲ့သော အားအဲ့အတွက် ဝမ်းနည်းမိလေသည်။

...

"ကောင်းပြီ" လုချင်းက လက်ဝှေ့ယမ်းကာ ကျောက်တိုင်ကို သိမ်းဆည်းလိုက်ရင်း ပြောလိုက်၏။

"စမ်းသပ်မှု ပြီးသွားပါပြီဗျ။ ကျွန်တော်တို့ ရွာအတွက်တော့ မဆိုးဘူးလို့ပြောရမယ်။ ကျင့်ကြံခြင်း ပါရမီရှိတဲ့သူ လေးယောက်တောင် ရှိတယ်လေ"

ရွာသူရွာသားများ၏ တုံ့ပြန်မှုများမှာ ရောနှောနေပါ၏။ အချို့က ပျော်ရွှင်နေကြပြီး အချို့ကတော့ စိတ်ပျက်နေကြ သို့မဟုတ် မနာလို ဖြစ်နေကြလေသည်။

ဤအရာကို မြင်သောအခါ လုချင်းက ပြုံးပြီး ပြောလိုက်၏။ "ကျင့်ကြံခြင်း ပါရမီ မရှိတဲ့သူတွေလည်း စိတ်မပျက်ကြပါနဲ့ဗျ။

ကျောက်တိုင်က ကျင့်ကြံခြင်းလမ်းစဉ်အတွက် ပါရမီကို တိုင်းတာတာပါ။ ဒါပေမဲ့ သိုင်းလမ်းစဉ်လည်း ရှိပါသေးတယ်ဗျ။

ဒီမှာ လေ့ကျင့်ရေးခန်းမတစ်ခု ဖွင့်ဖို့ သိုင်းနည်းပြ နည်းနည်း‌လောက် လွှတ်ပေးဖို့ ဝေ့မိသားစုကို ကျွန်တော် အကူအညီ တောင်းထားပါတယ်ဗျ။

တကယ်လို့ ခင်ဗျားတို့ စိတ်ဝင်စားရင် သိုင်းပညာကို လေ့ကျင့်လို့ ရပါတယ်။

ကျွမ်းကျင်သွားတဲ့အခါကျ သိုင်းလမ်းစဉ်ကလည်း မသေမျိုးလမ်းစဉ်လိုပဲ အစွမ်းထက်နိုင်တယ်လေ"

ဤစကားများက လူအုပ်ကြီးထဲတွင် မျှော်လင့်ချက်များကို ပြန်၍လင်းလက်လာစေခဲ့၏။

ဝမ်တာ့အန်းကလည်း အော်ဟစ်လိုက်သည်။ "အားချင်း... ငါတို့ သိုင်းပညာကို သင်ယူလို့ရတယ်လို့ ပြောတာလား"

"ဒါပေါ့" လုချင်းက ပြန်ဖြေလိုက်လေသည်။ "သိုင်းလမ်းစဉ်က ပါရမီ မရွေးဘဲ လူတိုင်းအတွက် ဖွင့်ထားတာလေ။

ဒါပေမဲ့ ခက်ခဲတယ်နော်။ အစ်ကိုတို့တွေ ဇွဲလုံ့လရှိဖို့တော့ လိုတယ်ဗျ"

"ဟား အခက်အခဲဆိုတာ ဘာလဲ။ နေ့တိုင်း နေပူကျဲကျဲနဲ့ မိုးသည်းသည်းထန်ထန် ရွာနေတဲ့ကြားက လယ်လုပ်ရတာထက် ပိုခက်နိုင်လို့လား" ဝမ်တာ့အန်းက ပြန်ပြောလိုက်သည်။

"ဟုတ်တယ်" အခြားသူများကလည်း သူတို့၏ စိတ်ပိုင်းဖြတ်ထားမှုများ ပြန်လည်နိုးထလာကာ ထောက်ခံလိုက်ကြ၏။

လုချင်းကတော့ တိတ်တဆိတ် ခေါင်းညိတ်လိုက်လေသည်။ ဘယ်နှယောက် ဆက်လုပ်မည်ကို သေချာမသိသော်လည်း ဤအရာက ကျိုးလီရွာအတွက် ကောင်းမွန်သော အစတစ်ခုဖြစ်ကြောင်း သူ သိနေပေသည်။

"အဘိုးကျောက်အတွက်ကတော့..." လုချင်းက သူ့ဆီသို့ လှည့်လိုက်ပြီး အခြား ပါရမီရှိသော ရွာသား သုံးဦးကို ကြည့်လိုက်လေသည်။

"ခင်ဗျားတို့ကို ကိုယ်တိုင်ကိုယ်ကျ သင်ပေးဖို့ ကျွန်တော့်မှာ အချိန်သိပ်မရှိပါဘူး၊ ဒါပေမဲ့ တစ်ယောက်ယောက်ကိုတော့ ကျွန်တော် စီစဉ်ထားပါတယ်"

သူ စကားမဆုံးမီမှာပင် အဘိုးကျောက်က သူ့ကို လက်ကာပြလိုက်၏။

"အားချင်း၊ မလိုပါဘူး။ အဘိုးကျန်း ပြောခဲ့သလိုပဲ ဒီအဘိုးကြီးက ဒီအတွက် အရမ်း အသက်ကြီးနေပါပြီကွာ"

"အဘိုး မကျင့်ကြံချင်ဘူးလားဗျ" လုချင်းက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး" အဘိုးကျောက်က ရယ်မောလိုက်လေသည်။ "ငါ့ရဲ့ ငယ်ရွယ်စဉ်က အိပ်မက်တွေက တကယ် မှန်၊ မမှန်ဆိုတာကို ကြည့်ဖို့ပဲ အဘိုး လာခဲ့တာပါကွာ။

အခု သိသွားပြီဆိုတော့ အဘိုးမှာ နောင်တ မရှိတော့ပါဘူး။

ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီးတော့ အဘိုးက အရမ်း အသက်ကြီးပြီးတော့ အရမ်း ပင်ပန်းနေပြီလေ"

"ဒါပေမဲ့ အဘိုးကျောက်... အဘိုးရဲ့ ပါရမီနဲ့ဆိုရင် အဘိုးရဲ့ သက်တမ်းကို သက်တမ်းတိုးနိုင်" လုချင်းက စတင်ပြောလိုက်သည်။

အဘိုးကျောက်က သူ့ကို ဖြတ်ပြောလိုက်ပြီး ခေါင်းယမ်းလိုက်လေ၏။ "အားအဲ့က မရှိတော့ဘူးလေ။ ချစ်ရသူမရှိတဲ့ကမ္ဘာမှာ အဲ့ဒီလောက် ကြာကြာအသက်ရှင်နေတာက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။ လူငယ်တွေကိုပဲ အာရုံစိုက်လိုက်ပါကွာ"

ထိုသို့ပြောပြီးနောက် သူသည် အိမ်သို့ ပြန်သွားလေတော့၏။

သူ၏ ခြံဝင်းသို့ ချဉ်းကပ်လာသောအခါ၌ သူ့အား စောင့်နေသည့်အလားနှယ် သူ့ကို ပြုံးပြနေသော အမျိုးသမီးတစ်ဦး ထိုနေရာတွင် ရပ်နေသည်ကို သူ သဲ့သဲ့လေး မြင်လိုက်ရသကဲ့သို့ပင်။

သူမ၏ အပြုံးမှာ မြစ်ကမ်းနံဘေးတွင် သူ့ပြောစကားများကို နားထောင်ခဲ့သည့် နေ့ရက်များကဲ့သို့ပင် တောက်ပနေလေ၏။

...

နောက်တစ်နေ့တွင်တေယ့ လုချင်းသည် သတင်းတစ်ခု ရရှိခဲ့သည်။ အဘိုးကျောက်သည် အိပ်ပျော်နေစဉ် ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့လေပြီပင်။

သူသည် အေးချမ်းတည်ငြိမ်သော မျက်နှာအမူအရာဖြင့် လဲလျောင်းနေပြီး လက်ထဲတွင် လက်ကိုင်ပဝါတစ်ထည်ကိုလည်း ကိုင်ထားလေ၏။ အမြတ်တနိုး ကိုင်ဆောင်ထားသော ယင်းလက်ကိုင်ပဝါလေးသည်ကား သူ၏ဇနီး အားအဲ့ထံမှ ချစ်သက်လက်ဆောင်လေးပင်တည်း။

...

All Chapters