အခန်း (၄၄၅-၄၄၅)
Vol. 45 Ch. 445-445
အခန်း ၄၄၅ ၊ အပိုင်း (၁) - ကျင့်ကြံခြင်းတွင် တိုးတက်မှု၊ မျှော်စင်သခင်၏ အလည်အပတ်
လု အိမ်တော်၏ နံနက်ခင်းစောစောအချိန်၌
လုချင်းသည် သူ၏ ကျင့်ကြံခြင်းမှ နိုးထလာခဲ့လေသည်။
သူ့လက်ထဲရှိ ဝိညာဉ်ကျောက်တုံးမှာ ၎င်း၏ တောက်ပမှုအားလုံး ဆုံးရှုံးသွားခဲ့သည့်အပြင် ဝိညာဉ်စွမ်းအင်များလည်း လုံးဝ ကုန်ခမ်းသွားခဲ့လေပြီပင်။ သူ့အတွင်းရှိ ဝိညာဉ်စွမ်းအား ရွှေအမြုတေကို သူ ခံစားလိုက်ရရင်း ညင်သာစွာ သက်ပြင်းချလိုက်၏။
အငယ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးလုံးကို သန့်စင်ခဲ့သော်လည်း သူ့ရွှေအမြုတေ၏ စွမ်းအားမှာ အနည်းငယ်မျှသာ တိုးတက်လာခဲ့ပြီး ပြောင်းလဲမှုမှာ မသိသာသလောက်ပင် ဖြစ်နေလေသည်။
"ဝိညာဉ်ကျောက်တုံးတွေ သိပ်မကျန်တော့ဘူး။ ဒီနှုန်းနဲ့ဆိုရင် ရွှေအမြုတေရဲ့ ပထမဆုံး အသွင်ပြောင်းလဲမှုကို ပြီးမြောက်ဖို့ဆိုတာ ဝေးကွာတဲ့ အိပ်မက်တစ်ခုလိုတောင် ဖြစ်နေပြီ"
လုချင်းက သူ့ကိုယ်သူ တွေးလိုက်မိသည်။
အဘိုးကျန်း ကွယ်လွန်သွားခဲ့သည်မှာ တစ်နှစ်တောင်ကြာသွားခဲ့ပြီပင်။
ဤတစ်နှစ်အတွင်း လုချင်းသည် ပြီးပြည့်စုံသော ရွှေအမြုတေ ကျင့်စဉ်၏ ပထမဆုံး အသွင်ပြောင်းလဲမှု သုံးခုကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ခဲ့ပါ၏။ သို့သော် သူ၏ ကျင့်ကြံခြင်း တိုးတက်မှုမှာ တော်တော်လေးကို ဝမ်းနည်းကြေကွဲချင်စရာကောင်းလောက်အောင်အထိ နှေးကွေးနေခဲ့သည်။ သူသည် ရွှေအမြုတေအဆင့်၏ အစောပိုင်းအဆင့်တွင်သာ ရှိနေသေးပြီး ပထမဆုံး အသွင်ပြောင်းလဲမှုမှာလည်း တစ်ဝက်သာ ပြီးစီးသေးသည်။ ယင်းကို အပြည့်အဝ ပြီးမြောက်ရန်အတွက် ရှည်လျားသော ခရီးစဉ်တစ်ခု ကျန်ရှိနေသေးပါ၏။
ကျင့်ကြံခြင်းအတွက် ဝိညာဉ်ကျောက်တုံးများကို အသုံးပြုနေသော်လည်း တိုးတက်မှုမှာတော့ ဤကဲ့သို့ နှေးကွေးနေဆဲပင်။ ၎င်းတို့ မပါဘဲ ကောင်းကင်ဘုံ ဝိညာဉ်စွမ်းအင်များကို စုပ်ယူခြင်းအပေါ်တွင်သာ မှီခိုနေရပါက သူ၏ တိုးတက်မှုမှာ ပို၍ပင် နှေးကွေးနေမည်မှာ သေချာလှပေ၏။
ပြဿနာ၏ အရင်းအမြစ်မှာ ကမ္ဘာလောကရှိ လက်ရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ သူ၏ ကျင့်ကြံခြင်းကို ထောက်ပံ့ရန် မလုံလောက်တော့ခြင်းပင်။ ယွီဟွာဂူအတွင်းရှိ ဝင်္ကပါ အစီအရင်များက ဝိညာဉ်စွမ်းအင်များကို စုဆောင်းပေးနေသော်လည်း ယင်းတို့ကို သူ စုပ်ယူပြီး သန့်စင်သည့် အရှိန်ကိုတော့ မမီနိုင်တော့ချေ။
ရလဒ်အနေဖြင့် လွန်ခဲ့သော ခြောက်လအတွင်း ဝိညာဉ်ကျောက်တုံးများကို အသုံးပြုခြင်းဖြင့်သာ သူသည် သိသာထင်ရှားသော တိုးတက်မှုကို ရရှိနိုင်ခဲ့ပါ၏။ သို့သော် သူ၏ အငယ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ပမာဏမှာ ထက်ဝက်ကျော် ကုန်ခမ်းသွားခဲ့ပြီပင်။
လုချင်း ခန့်မှန်းချက်အရ ကျန်ရှိနေသော ကျောက်တုံးများကို အသုံးပြုမည်ဆိုလျှင်ပင် ၎င်းတို့သည် ပထမဆုံး အသွင်ပြောင်းလဲမှုကို ပြီးမြောက်ရန်နှင့် ဒုတိယအဆင့်သို့ သီသီလေး ရောက်ရှိရန်သာ လုံလောက်ပေတော့မည်။
"တကယ်လို့ ပထမဆုံး အသွင်ပြောင်းလဲမှုကတောင် ဒီလောက်ထိစိန်ခေါ်မှုဖြစ်နေပြီဆိုရင်လည်း ဒုတိယ အသွင်ပြောင်းလဲမှုအတွက် လိုမယ့် အရင်းအမြစ်တွေက ဒီ့ထက်အဆပေါင်းများစွာ တိုးလာမှာ မဟုတ်ဘူးလား"
တွေးလိုက်ရုံဖြင့်ပင် သူ၏ ဦးရေပြားကို ကျဉ်လာစေခဲ့သည်။
ပြီးပြည့်စုံသော ရွှေအမြုတေသည် အလွန်တရာ အစွမ်းထက်သော်လည်း ကျင့်ကြံရန်အတွက် သာမန် ရွှေအမြုတေများထက် အလွန်အမင်းကိုများသည့် အရင်းအမြစ်များ ပို၍လိုအပ်ပေသည်။ ရွှေအမြုတေအဆင့်၏ နောက်ပိုင်းအဆင့်များသို့ တက်လှမ်းလာသည်နှင့်အမျှ အရင်းအမြစ် လိုအပ်ချက်များက မည်မျှလောက်အထိ ကြောက်မက်ဖွယ်ကောင်းလာမည်ကို လုချင်း စိတ်ကူးပင် မယဉ်နိုင်တော့ချေ။
ဤပြီးပြည့်စုံသော ရွှေအမြုတေသည် တကယ်ကို ရွှေစားသည့် သားရဲကြီး တစ်ကောင်ပင် ဖြစ်လေသည်။
"ဒါ့အပြင်ကိုမှ တာအိုစည်းချက် ပဉ္စမအကြိမ် ထွက်လာတဲ့အချိန်ကနေစပြီး ဒီကမ္ဘာက ဝိညာဉ်စွမ်းအင် ကြီးထွားမှုတွေကလည်း တဖြည်းဖြည်းနဲ့ တည်ငြိမ်လာခဲ့တယ်လေ။ အဲ့တော့ နောက်ထပ် တာအိုစည်းချက်ကလည်း အချိန်အတော်ကြာတဲ့အထိကို ဖြစ်လာမှာ မဟုတ်ဘူး"
လုချင်းသည် ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများ ပိုမိုတည်ငြိမ်လာသည်ကို ခံစားရရင်း သူ၏ ပတ်ဝန်းကျင်နှင့် တိတ်တဆိတ် သဟဇာတဖြစ်အောင် နေထိုင်နေလေသည်။ ကမ္ဘာလောက၏ ဝိညာဉ်စွမ်းအင်များ၏ နောက်ထပ် အသွင်ပြောင်းလဲမှု ဖြစ်ပေါ်လာရန်မှာ အချိန်အတော်ကြာ လိုအပ်ပေလိမ့်မည်။
ဤအရာက သူ့အတွက် မမျှော်လင့်ထားသောအရာတော့ မဟုတ်ချေ။
ယခင် မသေမျိုးခေတ်တွင် ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာပြီးနောက်၌ ၎င်း၏ အမြင့်ဆုံး သိပ်သည်းဆသို့ ရောက်ရှိရန် ရာစုနှစ်ပေါင်းများစွာ အချိန်ယူခဲ့ရကြောင်း ယန်ကလည်း ပြောပြခဲ့ဖူးလေသည်။
ယခု ကမ္ဘာလောက ပြန်လည်နိုးထလာပြီးနောက် အချိန်တိုလေးသာ ရှိသေးရာ နောက်ထပ် အသွင်ပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်လာရန် အချိန်အတော်ကြာ လိုအပ်ပေလိမ့်မည်။
"ငါ အဖြေတစ်ခု ရှာဖို့ လိုနေတဲ့ပုံပဲ။ ယန်ချန်ပေ့ ပြောပြခဲ့တဲ့ နေရာတွေက ဝိညာဉ်ကျောက်တုံး သွေးကြောတွေများ စပြီးထုတ်လုပ်နေလောက်ပြီလား မသိဘူး"
လုချင်းက တွေးတောနေလေသည်။
ယခင် မသေမျိုးခေတ်၏ အကြွင်းအကျန်တစ်ခုအနေဖြင့် ယန်သည် ထိုအချိန်က ထင်ရှားသော ဝိညာဉ်ကျောက်တုံး သွေးကြောများ၏ တည်နေရာများအပါအဝင် လျှို့ဝှက်ချက်များစွာကို သိရှိထားပါ၏။ သို့သော် ယခု ဝိညာဉ်ရေးရာ ပြန်လည်နိုးထမှု စတင်ချိန်တွင် ထိုနေရာများက ဝိညာဉ်ကျောက်တုံးများကို စတင်ထုတ်လုပ်နေပြီလားဆိုသည်မှာတော့ မသေချာသေးချေ။
သူ၏ အနာဂတ် ကျင့်ကြံခြင်းလမ်းစဉ်ကို တွေးတောနေစဉ် လုချင်းသည် သူ၏ နှလုံးသားထဲတွင် အပြောင်းအလဲတစ်ခုကို ရုတ်တရက် ခံစားလိုက်ရလေ၏။
သူ၏ ဝတ်ရုံထဲမှ ဆက်သွယ်ရေး အဆောင်တစ်ခုကို ထုတ်ယူလိုက်ပြီး စာကို ဖတ်ရန် သူ၏ ဝိညာဉ်ရေးရာ အာရုံခံစားမှုကို ထည့်သွင်းလိုက်၏။
"အားချင်း... တရားထိုင်ပြီးရင် လာခဲ့ပါဦး"
စာမှာ သူ၏ဆရာထံမှ ဖြစ်သည်။
"ဆရာ တခုခုများဖြစ်နေလို့လားမသိ"
သိချင်စိတ် အနည်းငယ်ဖြင့် လုချင်းသည် တရားထိုင်ခန်းမှ ထွက်လာခဲ့ပြီး မကြာမီ တောင်ခါးပန်းရှိ ခြံဝင်းသို့ ရောက်ရှိလာခဲ့လေသည်။
သူ ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် သူ၏ဆရာသည် ဇီးပင်အောက်တွင် ဧည့်သည်နှစ်ဦးနှင့် လက်ဖက်ရည်သောက်နေသည်ကို သူ တွေ့လိုက်ရပါ၏။
သူတို့ထဲမှ တစ်ဦးမှာ လင်းကျိယွဲ့ဖြစ်သော်လည်း အခြားတစ်ဦးကတော့ သူ့ကို အံ့အားသင့်သွားစေခဲ့သည်။
"ထျန်းကျီမျှော်စင်ရဲ့ မျှော်စင်သခင်လား"
အလွန်လှပပြီး ယဉ်ကျေးသိမ်မွေ့သော အငွေ့အသက်ကို ထုတ်လွှတ်နေသည့် အဘိုးအိုကြောင့် လုချင်းမှာ အံ့သြသွားသဖြင့် ခြေလှမ်းများကိုပင် ရပ်တန့်သွားခဲ့မိလေသည်။
"မတွေ့ရတာ ကြာပြီနော် သခင်လေးလု" မျှော်စင်သခင်က အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
"ဂုဏ်ယူမိပါတယ် ချန်ပေ့။ ဒီလို ခေါင်ဖျားတဲ့ နေရာမျိုးကို ခင်ဗျား လာလည်လိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားခဲ့ဘူး" လုချင်းက ရိုသေစွာ ပြန်ဖြေလိုက်၏။
"မင်းကတော့ နှိမ့်ချလွန်းနေပါပြီကွာ လူငယ်လေးရာ။ ဒီနေရာက ကျုံးကျိုးနဲ့တောင် ယှဉ်နိုင်တဲ့ ဝိညာဉ်စွမ်းအင်တွေ ပြည့်လျှံနေတာပဲကိုး။ မင်းလို ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက် ဒီနေရာကနေ ထွက်ပေါ်လာတာ အံ့သြစရာ မဟုတ်တော့ပါဘူးကွာ" မျှော်စင်သခင်က လေးစားစွာဖြင့် မှတ်ချက်ချလိုက်သည်။
"ချန်ပေ့ကတော့ မြှောက်ပင့်လွန်းနေပါပြီဗျာ" လုချင်းကလည်း ယဉ်ကျေးသော အပြုံးဖြင့် ပြောလိုက်သည်။ "ဒါပေမဲ့ ခင်ဗျား ချန်းကျိုးကို ဘာကိစ္စနဲ့ လာတာလဲလို့ မေးလို့ရမလားဗျ"
မျှော်စင်သခင်ကဲ့သို့သော အဆင့်အတန်းရှိသူတစ်ဦးသည် အလွန်အရေးကြီးသော ကိစ္စရပ်များဖြင့် အမြဲတမ်း အလုပ်များနေကြောင်း လုချင်း သိထားလေသည်။ ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ သူသည် ကျုံးကျိုးမှ ထွက်ခွာမည် မဟုတ်သလို ချန်းကျိုးကဲ့သို့ ခေါင်ဖျားသော နေရာမျိုးသို့ လာရောက်ရန်မှာ ဆိုဖွယ်ရာပင် မရှိတော့ချေ။
ထို့အပြင် သူ၏ဆရာက သူ့ကို အထူးတလည် ဆင့်ခေါ်ခဲ့ခြင်းက ဤအလည်အပတ်မှာ အရေးကြီးကြောင်း ညွှန်ပြနေပေသည်။
လုချင်း တွေးတောနေစဉ် မျှော်စင်သခင်က သူ့ကို အနီးကပ် လေ့လာနေလေ၏။
ကျုံးကျိုးတွင် သူတို့ နောက်ဆုံးတွေ့ဆုံခဲ့စဉ်ကကဲ့သို့ပင် မျှော်စင်သခင်သည် လုချင်း၏ ကျင့်ကြံခြင်းနှင့် ပတ်သက်၍ ဘာမျှ ခွဲခြားမသိမြင်နိုင်ခဲ့ချေ။ လုချင်း၏ မကြာသေးမီက အဆင့်တက်မှုများမှာ ထင်ရှားသော်လည်း သူ၏ အစစ်အမှန် အနက်ရှိုင်းဆုံး အရာများမှာတော့ လုံးဝကို ဖုံးကွယ်ခံထားရဆဲပင်။
မျှော်စင်သခင်၏ ကောင်းကင်ဘုံ တွက်ချက်မှု နည်းစနစ်မှာ လုချင်းအပေါ်တွင်တော့ အသုံးမဝင်ချေ။ သူ အာရုံခံနိုင်သည့် တစ်ခုတည်းသောအရာမှာ လုချင်းသည် ပို၍ပင် ခန့်မှန်း၍မရနိုင်အောင် ဖြစ်လာခြင်းပင်။
လင်းကျိယွဲ့၏ အစောပိုင်း စာများကို ပြန်၍သတိရသွားသောအခါ၌ မျှော်စင်သခင်၏ နှလုံးသားမှာ လေးလံလာခဲ့တော့၏။ လုချင်း၏ ကျင့်ကြံခြင်းမှာ သူတို့၏ နားလည်နိုင်စွမ်းထက်ပင် ကျော်လွန်သော အဆင့်တစ်ခုသို့ တကယ်ပဲ ရောက်ရှိသွားခဲ့လေပြီပင်။
"ပွင့်ပွင့်လင်းလင်း ပြောရရင် လူငယ်လေး... ကျုပ် ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိတယ်" နောက်ဆုံးတွင် မျှော်စင်သခင်က ပြောလိုက်ပြီး သူ၏ လေသံမှာ လေးနက်သွားလေသည်။
"တစ်စုံတစ်ယောက်ကိုယ်စား တစ်ခုခုကို စုံစမ်းဖို့ ကျုပ် ဒီကို ရောက်နေတာလေ"
"ဪ... ကျေးဇူးပြုပြီး မေးပါ။ တကယ်လို့ ကျွန်တော် သိတဲ့ကိစ္စဆိုရင် သေချာပေါက် ဖြေပေးပါ့မယ်" လုချင်းက ပြန်ဖြေလိုက်၏။
ဤစကားကို ကြားသောအခါ မျှော်စင်သခင်၏ မျက်နှာအမူအရာမှာ လေးနက်သွာတော့၏။ သူသည် လုချင်းကို တိုက်ရိုက်ကြည့်ကာ ပြောလိုက်လေသည်။ "ဒါက အဓိကလျှို့ဝှက်နယ်မြေ လေးခုထဲက တစ်ခုဖြစ်တဲ့ ရွှမ်ခုန်းဘုရားကျောင်းနဲ့ ပတ်သက်နေတာပါ"
"လွန်ခဲ့တဲ့ တစ်နှစ်က သရဲမျက်နှာဖုံး တပ်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ပုံရိပ်တစ်ခုက ရွှမ်ခုန်းဘုရားကျောင်းကို တိုက်ခိုက်ခဲ့ပြီးတော့ တပည့်တွေနဲ့ အကြီးအကဲ အများကြီးကို သတ်ပစ်ခဲ့တယ်လေ။
အဲ့တာကြောင့် ဘုရားကျောင်းက သူ့ရဲ့ လျှို့ဝှက်နယ်မြေထဲကိုတောင် ဆုတ်ခွာသွားခဲ့ရပြီးတော့ ဝင်ပေါက်ကိုတောင် လုံးဝ ပိတ်ဆို့ထားခဲ့ရတာပေါ့။ တစ်နှစ်ကျော်ကြာတဲ့အထိ သူတို့နဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်မှာ ဘာသတင်းမှ မရတော့ဘူးလေ။
အစပိုင်းကတော့ ရွှမ်ခုန်းဘုရားကျောင်းက သရဲမျက်နှာဖုံးရှင် ဒါမှမဟုတ် အဲဒီအချိန်က ရှိနေခဲ့တဲ့ အခြားကမ္ဘာလောကက ဧည့်သည်နှစ်ယောက်ကို ရန်မစမိအောင်လို့ ခပ်လျှိုလျှိုနေနေတယ်လို့ပဲ အများစုက ယုံကြည်ခဲ့ကြတယ်လေ။
ဒါပေမဲ့ နောက်ပိုင်း မင်းက အဲဒီ ဧည့်သည်နှစ်ယောက်ကို ရှင်းလင်းပစ်ပြီးတဲ့နောက်မှာတောင် ရွှမ်ခုန်းဘုရားကျောင်း ပြန်ပေါ်လာမယ့် အရိပ်အယောင်ကို မတွေ့ရသေးဘူး။
မကြာသေးမီကမှ တခြား လျှို့ဝှက်နယ်မြေတွေကလည်း အဲ့တာကို သိချင်လာကြတော့ အနောက်ဘက် ပြည်နယ်မှာ စုံစမ်းဖို့ သံတမန်တွေတောင် စေလွှတ်ခဲ့ကြတယ်။
သူတို့ အံ့သြသွားရတာက ရွှမ်ခုန်းဘုရားကျောင်းရဲ့ လျှို့ဝှက်နယ်မြေကို လုံးဝ ဆက်သွယ်လို့ မရတော့တာပဲ။ ဘယ်စာကိုမှ တုံ့ပြန်မှု မရှိသလို လှုပ်ရှားမှု အရိပ်အယောင်လည်း မရှိတော့ဘူးလေ။
အသေအချာ စုံစမ်းစစ်ဆေးပြီးနောက်မှာ ကောက်ချက်ချလိုက်တာကတော့ တုန်လှုပ်စရာပဲ။
ရွှမ်ခုန်းဘုရားကျောင်းရဲ့ လျှို့ဝှက်နယ်မြေက ပျောက်ကွယ်သွားပြီတဲ့လေ။
အဲဒါက လျှို့ဝှက်နယ်မြေတစ်ခုလုံးနဲ့အတူ လူတွေပါ လုံးဝ ပျောက်ကွယ်သွားတာကြီး။
သခင်လေးလု... ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်း တစ်ခုခု သိလား"
ထိုအခါ မျှော်စင်သခင်၏ စူးရှသော အကြည့်များမှာ လုချင်းအပေါ်သို့ ကျရောက်သွားတော့၏။
သို့သော် လုချင်းကတော့ တည်ငြိမ်စွာ ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။ "ချန်ပေ့ရဲ့ ပြောတဲ့စကားတွေအရဆိုရင် ဒီကိစ္စက ကျွန်တော်နဲ့ ဆက်စပ်နေတယ်လို့ ချန်ပေ့က သံသယဝင်နေတဲ့ပုံပဲနော်"
....
အခန်း ၄၄၅ ၊ အပိုင်း (၂) - ကျင့်ကြံခြင်းတွင် တိုးတက်မှု၊ မျှော်စင်သခင်၏ အလည်အပတ်။
ထျန်းကျီမျှော်စင်၏ မျှော်စင်သခင်သည် တိတ်ဆိတ်နေခဲ့လေသည်။
အချို့သော ကိစ္စရပ်များကို အတိအလင်း ပြောပြရန် မလိုအပ်ချေ။
သို့သော် နှစ်သောင်းချီ၍ တည်တံ့ခဲ့သော ရှေးဟောင်း လျှို့ဝှက်နယ်မြေတစ်ခုမှာ အရိပ်အယောင်လေးတောင် မကျန်ဘဲ ပျောက်ကွယ်သွားခဲ့လေပြီပင်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်ရပ်မျိုးမှာ ကောင်းကင်အောက်ရှိ မည်သည့် အင်အားစု၏ စွမ်းဆောင်ရည်ထက်မဆို ကျော်လွန်နေလေ၏။
အကယ်၍ ခန့်မှန်းရမည်ဆိုလျှင် လုချင်းမှလွဲ၍ ဤကဲ့သို့ ထူးကဲသော စွမ်းရည်မျိုး ရှိသူ အခြားမည်သူမျှ မရှိချေ။
မည်သို့ပင်ဆိုစေ သူသည် အလွန်အမင်း အစွမ်းထက်သော ရွှေအမြုတေအဆင့် ပြင်ပကမ္ဘာမှ ကျူးကျော်သူ နှစ်ဦးကို အားစိုက်စရာမလိုဘဲ သတ်ဖြတ်နိုင်ခဲ့သူ ဖြစ်သည် မဟုတ်ပါလော။
ပို၍အရေးကြီးသည်မှာ လုချင်းသည် ရွှမ်ခုန်းဘုရားကျောင်းနှင့် ပြန်လည်သင့်မြတ်၍မရနိုင်သော ရန်ငြိုးတစ်ခု ရှိနေခြင်းပင်။
သက်သေအထောက်အထားများအားလုံးကို ထောက်ရှုပါက ယုံကြည်ရန် ခက်ခဲသော်ငြား...
ရွှမ်ခုန်းဘုရားကျောင်း၏ လျှို့ဝှက်နယ်မြေ ပျောက်ကွယ်သွားခြင်းမှာ လူသားတို့၏ လုပ်ရပ်ကြောင့်သာ ဖြစ်မည်ဆိုလျှင်...
ထိုသို့ဆိုလျှင် လုချင်းမှလွဲ၍ ဤနားလည်၍မရနိုင်သော လုပ်ရပ်ကို အောင်မြင်နိုင်သူ ဒုတိယမြောက် လူမရှိနိုင်ဟု ထျန်းကျီမျှော်စင်၏ မျှော်စင်သခင်က တွေးလိုက်မိပါ၏။
မျှော်စင်သခင်၏ မျက်လုံးများထဲရှိ အမူအရာကို မြင်သောအခါ လုချင်းက သဲ့သဲ့လေး ပြုံးလိုက်လေသည်။ "လေးစားရပါတဲ့ မျှော်စင်သခင်ရဲ့ စိတ်ထဲမှာ အဖြေတစ်ခု ရှိနေပြီဆိုမှတော့ ကျွန်တော့်ကို ဘာလို့ လာမေးနေဦးမှာလဲ"
မျှော်စင်သခင်၏ နှလုံးသားမှာ တုန်ခါသွားခဲ့လေ၏။ "ဒီလိုဆိုတော့ တကယ်ပဲ..."
"တခြားကိစ္စတွေကိုတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ ချန်ပေ့ကို ကျွန်တော် ပြောပြနိုင်တာကတော့...
ဟုတ်တယ်၊ ရွှမ်ခုန်းဘုရားကျောင်းရဲ့ လျှို့ဝှက်နယ်မြေ လုံးဝ ပျောက်ကွယ်သွားပြီဗျ။
အခုကစပြီး ကမ္ဘာပေါ်မှာ အဓိက လျှို့ဝှက်နယ်မြေ သုံးခုပဲ ရှိတော့မယ်။
ရွှမ်ခုန်းဘုရားကျောင်းကတော့ သမိုင်းထဲမှာပဲ ရှိနေတော့မဲ့ ဖြစ်တည်မှုလေး ဖြစ်သွားပြီပေါ့ဗျာ"
မျှော်စင်သခင်နှင့် လင်းကျိယွဲ့တို့မှာ သူတို့ ရပ်နေသည့် နေရာမှာပင် မှင်သက်သွားကြတော့၏။
ဤနေရာသို့ မလာမီ သူတို့ ခန့်မှန်းထားခဲ့သော်ငြား...
ယင်းမှာ ခန့်မှန်းချက်သက်သက်သာ ဖြစ်သည်။ ရွှမ်ခုန်းဘုရားကျောင်း၏ လျှို့ဝှက်နယ်မြေမှာ မလွဲမသွေ ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်မည်မဟုတ်ချေ။
နယ်မြေကို ပိတ်ဆို့ရန်အတွက် လျှို့ဝှက်နည်းစနစ် အချို့ကို အသုံးပြုခဲ့ခြင်း ဖြစ်နိုင်ပေသည်။
မည်သို့ပင်ဆိုစေ ယခင် ကျင့်ကြံခြင်းခေတ်မှ ရှေးဟောင်း အင်အားစုတစ်ခုအနေဖြင့် သူတို့တွင် အစွမ်းထက်သော ဝင်္ကပါများ သို့မဟုတ် နည်းစနစ်များ ရှိနေမည်ဟု တွေးထင်ခြင်းမှာ သိပ်ပြီး ယုတ္တိမတန်လှချေ။
သို့သော် ယခု ရွှမ်ခုန်းဘုရားကျောင်း၏ လျှို့ဝှက်နယ်မြေ လုံးဝ ပျောက်ကွယ်သွားပြီဖြစ်ပြီး သမိုင်းထဲ၌သာ တွေ့ရတော့မည်ဟူသော လုချင်း၏ အတည်ပြုချက်ကို ကြားလိုက်ရသောအခါတွင်တော့...
ဆရာနှင့် တပည့် နှစ်ယောက်စလုံးမှာ လုံးဝကို တုန်လှုပ်သွားကြရှာတော့၏။
ဆန့်ကျင်ဘက်အနေဖြင့် ဘေးတွင်ရှိနေသော သမားတော်ကြီးချန်မှာတော့ တည်ငြိမ်နေခဲ့လေသည်။
လုချင်းသည် ရွှမ်ခုန်းဘုရားကျောင်း ပျက်စီးသွားခြင်းအကြောင်းကို လွန်ခဲ့သော တစ်နှစ်ကတည်းက သူ့အား အသိပေးခဲ့ပြီး ဖြစ်သည်။
"သခင်လေးလု... ဒါက... ဒါက တကယ့်ကိုပဲ..."
အချိန်အတော်ကြာပြီးနောက် မျှော်စင်သခင်သည် သူ၏ တည်ငြိမ်မှုကို ပြန်၍ရယူနိုင်ခဲ့သော်လည်း ခေတ္တမျှ သူ ဘာပြောရမည်ကို မသိခဲ့ချေ။
"ဒါက လျှို့ဝှက်နယ်မြေတစ်ခု ပျက်စီးသွားတာသက်သက်ပါပဲ။ ချန်ပေ့က ဘာလို့ ဒီလောက်တောင် စိတ်ပူနေရတာလဲဗျ။
ဒါ့အပြင် ရွှမ်ခုန်းဘုရားကျောင်းရဲ့ လျှို့ဝှက်နယ်မြေထဲမှာ ရွှမ်ခုန်းဘုရားကျောင်းက ဘုန်းကြီးတွေအပြင် တခြားဘာတွေ မြင်ခဲ့ရသေးလဲဆိုတာကို ခန့်မှန်းကြည့်နိုင်မလား"
မျှော်စင်သခင်မှာ တောင့်တင်းသွားသော်လည်း ဉာဏ်ထက်မြက်သူဖြစ်သဖြင့် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားခဲ့လေ၏။
"မဟုတ်မှလွဲရော..."
"ဟုတ်တယ်။ ကောင်းကင်အောက်က အဓိက ဂိုဏ်းကြီးတွေအားလုံးရဲ့ လိုက်လံနှိမ်နင်းတာကို ခံခဲ့ရတဲ့ ဝူကျန့်မျှော်စင် လုပ်ကြံသူတွေရဲ့ အကြွင်းအကျန်တွေက ရွှမ်ခုန်းဘုရားကျောင်းရဲ့ လျှို့ဝှက်နယ်မြေထဲမှာ အကောင်းပကတိအတိုင်း အသက်ရှင်နေကြတယ်လေ
ဒါပေမဲ့ စိတ်ချပါ ချန်ပေ့... သူတို့လည်း လျှို့ဝှက်နယ်မြေနဲ့အတူ သေဆုံးသွားခဲ့ပါပြီဗျ"
"ဒါဆို အမှန်ပဲပေါ့..." မျှော်စင်သခင်က ရေရွတ်လိုက်၏။
အမှန်တကယ်တော့ ဝူကျန့်မျှော်စင်၏ အကြွင်းအကျန်များ ပထမဆုံး ပြန်လည်ပေါ်ပေါက်လာချိန်ကတည်းက ဤမျှလောက်ကို သူ သံသယဝင်နေခဲ့ပြီး ဖြစ်သည်။
ယခု လုချင်းထံမှ ကြားလိုက်ရမှသာ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
"ချန်ပေ့ ဒီကို လာရတဲ့ ရည်ရွယ်ချက်ကို ကျွန်တော် နားလည်ပါတယ်။ အဲ့တာကြောင့် ချန်ပေ့ကို တာဝန်ပေးလိုက်တဲ့သူတွေကို ပြောပြလို့ ရပါတယ်ဗျ...
ကျွန်တော်က ရန်ငြိုးတွေနဲ့ ကျေးဇူးတရားတွေအပေါ်မှာ အမြဲတမ်း ရှင်းလင်းပြတ်သားတဲ့သူပါ။ အကြောင်းပြချက်မရှိဘဲ ကျွန်တော် မသတ်ပါဘူးဗျ။
ကျွန်တော့်ကို ရန်မစသရွေ့တော့ ရန်ငြိုးတွေ ဖန်တီးဖို့လည်း စိတ်မဝင်စားပါဘူးဗျ"
ရွှမ်ခုန်းဘုရားကျောင်း၏ လျှို့ဝှက်နယ်မြေ ပျောက်ကွယ်သွားခြင်းက အခြား အဓိက လျှို့ဝှက်နယ်မြေ သုံးခုကြားတွင် တပ်လှန့်သံများ ဖြစ်ပေါ်စေခဲ့မည်ကို လုချင်း ကောင်းကောင်း သိနေပေသည်။
မည်သို့ပင်ဆိုစေ လျှို့ဝှက်နယ်မြေတစ်ခု၏ ကျောထောက်နောက်ခံဖြင့် နှစ်သောင်းချီသော အမွေအနှစ်ရှိသည့် အင်အားစုတစ်ခုက ဒီလိုပဲ ပျောက်ကွယ်သွားခဲ့သည် မဟုတ်ပါလော။
အကယ်၍ ဤကိစ္စကို ရှင်းရှင်းလင်းလင်းသာ မလုပ်ပါက အခြား လျှို့ဝှက်နယ်မြေ သုံးခုမှ လူများသည်လည်း ကောင်းစွာ အိပ်ပျော်နိုင်ကြမည် မဟုတ်ချေ။
ထို့ကြောင့် မျှော်စင်သခင်ထံသို့ သူ၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြောပြလိုက်ခြင်း ဖြစ်သည်။
သူ့ကို ရန်မစသရွေ့ အရာအားလုံးကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ပေသည်။
သို့သော် သူတို့၏ ကန့်သတ်ချက်များကို မသိသူများရှိပါက ရွှမ်ခုန်းဘုရားကျောင်း လျှို့ဝှက်နယ်မြေတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ထပ်မံဖြစ်ပေါ်စေရန် သူလည်း ဝန်လေးမည် မဟုတ်ချေ။
မျှော်စင်သခင်သည် လုချင်း၏ စကားများတွင် ပါဝင်သော နောက်ကွယ်မှ အဓိပ္ပာယ်ကို သဘာဝကျကျပင် နားလည်လိုက်၏။
သူက ချက်ချင်း ပြန်ဖြေလိုက်သည်။ "သခင်လေးလု... စိတ်ချပါ။ မင်းရဲ့ စကားတွေကို အခြား အဓိက လျှို့ဝှက်နယ်မြေ သုံးခုဆီကို ကျုပ် ပြန်ပြောပြပေးပါ့မယ်"
"ဟုတ်ကဲ့ပါဗျ... အခု အရေးကြီးတဲ့ ကိစ္စတွေ ပြီးသွားပြီဆိုတော့ အားလုံးပဲ ထိုင်ပြီး လက်ဖက်ရည် သောက်ကြတာပေါ့" ထိုအချိန်တွင် သမားတော်ကြီးချန်က ဝင်ပြောလိုက်ပြီး လေးလံသော လေထုကို ပြယ်သွားစေခဲ့သည်။
တိုက်ဆိုင်စွာပင် သူ့ရှေ့ရှိ ဆူပွက်နေသော စမ်းရေမှာ ပွက်ပွက်ဆူလာခဲ့လေပြီပင်။
မျှော်စင်သခင်သည်လည်း နေရာယူလိုက်၏။
သမားတော်ကြီးချန်ကလည်း ဇီးပွင့်လက်ဖက်ရည်ကို စတင်ဖျော်လေတာ့သည်။
ဆူပွက်နေသော စမ်းရေကို လက်ဖက်ခြောက်များအပေါ်သို့ လောင်းချလိုက်သည်နှင့် ထူးခြားပြီး လန်းဆန်းသော ရနံ့တစ်ခုက ခြံဝင်းတစ်ခုလုံးကို လျင်မြန်စွာ ပြည့်နှက်သွားလေ၏။
မျှော်စင်သခင်သည် လေကို ပြင်းပြင်းရှူသွင်းလိုက်ရာ သူ့အတွင်းရှိ ဝိညာဉ်စွမ်းအင်များ သဲ့သဲ့လေး လှုပ်ခတ်သွားသကဲ့သို့ ကြည်လင်ပြတ်သားမှုနှင့် လန်းဆန်းမှုတို့ကို ချက်ချင်း ခံစားလိုက်ရလေသည်။
သမားတော်ကြီးချန် သူ့အတွက် ငှဲ့ပေးထားသော ဇီးပွင့်လက်ဖက်ရည်ခွက်ကို ကြည့်ရင်း သူက မအော်ဟစ်ဘဲ မနေနိုင်ခဲ့ချေ။ "ဘယ်လောက်တောင် ကောင်းလိုက်တဲ့ လက်ဖက်ရည်လဲ"
လင်းကျိယွဲ့က ပြုံးပြီး ပြောလိုက်သည်။ "ဆရာ... ဒီလက်ဖက်ရည်ကို သေချာ အရသာခံကြည့်ရမယ်နော်ဗျ။ သမားတော်ကြီးချန် ဖျော်ထားတဲ့ ဇီးပွင့်လက်ဖက်ရည်က ဒီလောကမှာ ပြိုင်ဘက်ကင်းပဲ။ ကမ္ဘာပေါ်မှာ အကောင်းဆုံး လက်ဖက်ရည်လို့ ခေါ်ရင်တောင် ချဲ့ကားရာ မကျဘူးမလို့လေ"
"ကျိယွဲ့ကတော့ မြှောက်ပင့်နေတာပဲ" သမားတော်ကြီးချန်က ခေါင်းယမ်းရင်း ပြောလိုက်သည်။ "ဒီဇီးပင်က ပန်းတွေက နည်းနည်း ထူးခြားရုံလေးပါ။ ကမ္ဘာပေါ်မှာ အကောင်းဆုံး လက်ဖက်ရည်ဆိုတဲ့ ဘွဲ့နဲ့တော့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ"
သူသည် ပထမဆုံး လက်ဖက်ရည်ခွက်ကို မျှော်စင်သခင်ထံသို့ ကမ်းပေးလိုက်သည်။ "ကျေးဇူးပြုပြီး သောက်ပါဦး မျှော်စင်သခင်"
မျှော်စင်သခင်ကလည်း မငြင်းဆန်ခဲ့ချေ။ သူသည် ခွက်ကို လက်ခံလိုက်ပြီး လက်ဖက်ရည်မှာ ဖန်သားကဲ့သို့ ကြည်လင်နေကာ ၎င်း၏ ရနံ့မှာလည်း ပြင်းထန်ကြောင်း တွေ့လိုက်ရလေသည်။
ထို့နောက် သူ့ခင်မျာ သည်းမခံနိုင်တော့ဘဲ တစ်ငုံ သောက်လိုက်တော့၏။
လက်ဖက်ရည်က သူ့ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်နှင့် သူ၏ တစ်ကိုယ်လုံး လန်းဆန်းသွားသည်ကို ခံစားလိုက်ရလေသည်။ထို့ပြင် သူ့အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ အလိုလိုပင် လည်ပတ်လာပြီး သိသိသာသာကို ပိုပြီးတက်ကြွလာခဲ့ပါ၏။
မျှော်စင်သခင်၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့တော့သည်။ "ဒီဇီးပွင့်လက်ဖက်ရည်က..."
"ဟားဟား ဆရာ... ဒီလက်ဖက်ရည်ရဲ့ အံ့ဖွယ် ဂုဏ်သတ္တိတွေကို ဆရာ ခံစားမိလားဗျ" လင်းကျိယွဲ့က ဝမ်းသာအားရ ပြောလိုက်သည်။ "ဒီဇီးပွင့်လက်ဖက်ရည်က သာမန် သောက်စရာ မဟုတ်ဘူး။
အဲဒီမှာ ဝိညာဉ်အနှစ်သာရတွေ ပါဝင်နေတော့ ဝိညာဉ်စွမ်းအင်ကိုလည်း အားကောင်းစေနိုင်သလို ကျင့်ကြံခြင်းကိုတောင် မြှင့်တင်ပေးနိုင်တယ်ဗျ။
အဲဒါက ဝိညာဉ်ဆေးဝါးတစ်ခုလို့တောင် ဆိုရမယ်။ တကယ့်ကိုဝိညာဉ်လက်ဖက်ရည်အစစ်ပါဗျာ။
ဒါကြောင့်မို့လို့လည်း ကမ္ဘာပေါ်မှာ အကောင်းဆုံး လက်ဖက်ရည်လို့ ကျွန်တော် ပြောရတာပေါ့"
"ကမ္ဘာပေါ်မှာ အကောင်းဆုံး လက်ဖက်ရည်ဆိုတဲ့ ဘွဲ့ပေးထားတာက တကယ်မှန်တယ်။ ဒီဇီးပွင့်လက်ဖက်ရည်က သူ့နာမည်နဲ့ တကယ်လည်း လိုက်ဖက်တယ်လေ"
မျှော်စင်သခင်သည် သူ့ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုများကို အံ့သြနေပြီး သူ၏ လေးစားမှုကို မထိန်းချုပ်နိုင်ခဲ့ချေ။
တစ်ချိန်တည်းမှာပင် သူသည် မအံ့သြဘဲ မနေနိုင်ခဲ့။
ဤအလည်အပတ်ခရီးက သူ့ကို တုန်လှုပ်မှုအများအပြား ယူဆောင်လာပေးခဲ့သည်။
ကျိုးလီရွာ၏ ထူးခြားမှုများအကြောင်း သူ့တပည့် ပြောပြသည်ကို ယခင်က ကြားခဲ့ရသော်လည်း ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရခြင်းမှာတော့ လုံးဝ ကွဲပြားလှပေသည်။
ဤခေါင်ဖျားသော တောင်ပေါ်ရွာလေးတွင် ကျုံးကျိုးနှင့်တောင် ယှဉ်နိုင်သော ဝိညာဉ်စွမ်းအင်များ ရှိနေလေ၏။
ရွာကို ကာကွယ်ထားသော ဝင်္ကပါမှာ အလွန်တရာ နက်ရှိုင်းလွန်းလှသဖြင့် သူပင်လျှင် ယင်း၏ ရှုပ်ထွေးမှုများကို ခွဲခြား၍မရနိုင်ခဲ့ချေ။
ယခုတွင်လည်း သူသည် ကျင့်ကြံခြင်းကို မြှင့်တင်ပေးနိုင်သည့် လက်ဖက်ရည်ကို မြည်းစမ်းခဲ့ရလေပြီပင်။
လင်းကျိယွဲ့သည် ဤနေရာသို့ ရောက်လာပြီးနောက် ကျုံးကျိုးသို့ ဘယ်သောအခါမျှ မပြန်ချင်တော့သည်မှာ အံ့သြစရာ မဟုတ်တော့ချေ။
ဤနေရာသည် တကယ်ကို ကျင့်ကြံခြင်းအတွက် အကောင်းဆုံး နေရာတစ်ခု ဖြစ်ပေသည်။
မျှော်စင်သခင်၏ ချီးကျူးစကားများကို နားထောင်ရင်း လုချင်းသည် တိတ်ဆိတ်နေခဲ့၏။ သူသည် သူ၏လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး တစ်ငုံ သောက်လိုက်ပါ၏။
ရွာအတွင်းသို့ ကမ္ဘာမြေ၏ ဝိညာဉ်စွမ်းအင်များကို စုဆောင်းရန်အတွက် ဝင်္ကပါကို သူ လုပ်လိုက်ကတည်းက ဤခြံဝင်းအတွင်းရှိ ဇီးပင်မှာလည်း ပို၍ပို၍ပင် သာမန်မဟုတ်တော့ချေ။
ယခုအချိန်တွင် ယင်း၌ သိသာထင်ရှားသော ဝိညာဉ်အနှစ်သာရတစ်ခု ရှိနေပြီး စစ်မှန်သော ဝိညာဉ်သစ်ပင်တစ်ပင်အဖြစ် အရည်အချင်းပြည့်မီနေလေပြီပင်။
ယင်းမှ ပွင့်အာလာသော ဇီးပန်းများသည် မျှော်စင်သခင်နှင့် လင်းကျိယွဲ့ကဲ့သို့သော အဆင့်နိမ့် ကျင့်ကြံသူများအတွက်တောင် ကြီးမားသော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပေ၏။
ဟုတ်ပါ၏၊ သူ့အတွက်တော့ ၎င်းမှာ အရသာရှိသော လက်ဖက်ရည်တစ်ခွက်သာ။
သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်အရ ဝိညာဉ်ကျောက်တုံးများ သို့မဟုတ် အဆင့်မြင့် ဝိညာဉ်ဆေးဝါးများသာလျှင် သူ့ကို အထောက်အကူ ပြုနိုင်ပါ၏။ သာမန် ပစ္စည်းများမှာ အကျိုးသက်ရောက်မှု မရှိတော့ချေ။
သူ၏ ကျင့်ကြံခြင်း တိုးတက်မှုကို ပြန်၍တွေးတောမိသောအခါ၌ လုချင်းတစ်ယောက် ခေါင်းကိုက်ချင်လာသလိုလိုတောင် ဖြစ်သွားရှာတော့၏။
....