← Chapters

အခန်း (၄၄၆-၄၄၆)

Vol. 45 Ch. 446-446

အခန်း (၄၄၆-၄၄၆)

Vol. 45 Ch. 446-446

အခန်း ၄၄၆ ၊ အပိုင်း (၁) - ဝိညာဉ်ကျောက်တုံးများ ပြတ်လပ်ခြင်းနှင့် ကမ္ဘာအနှံ့ ခရီးစဉ်တစ်ခု။

လုချင်းသည် သူ၏ ကျင့်ကြံခြင်းနှင့် ပတ်သက်၍ အခက်အခဲတစ်ခုနှင့် ရင်ဆိုင်နေရလေသည်။

ဝိညာဉ်ကျောက်တုံးများအပြင် သူ၏ ကျင့်ကြံခြင်း တိုးတက်မှုကို သိသိသာသာ မြှင့်တင်ပေးနိုင်သည့် ထူးကဲသော ရတနာနှစ်ခု သူ့ထံတွင် ရှိလေ၏။ ဓာတ်ကြီးငါးပါး လျှို့ဝှက်နယ်မြေမှ သူရရှိခဲ့သော ဓာတ်ကြီးငါးပါး ကြာပန်းနှင့် မီးခိုးရောင်ဝတ်စုံနှင့်လူငယ်ထံမှ ရရှိခဲ့သော ငြိမ်းချမ်းရေးကြာပန်းတို့ပင် ဖြစ်၏။

ကြာပန်းနှစ်ခုစလုံးမှာ အလွန်အမင်း အစွမ်းထက်သော ဆေးဖက်ဝင်စွမ်းအင်များ ပါဝင်သည့် အမြင့်ဆုံး ဝိညာဉ်ဆေးပင်များ ဖြစ်ကြပြီး ခန့်မှန်း၍မရနိုင်လောက်အောင် တန်ဖိုးကြီးမားသော ရှားပါး ရတနာများ ဖြစ်ကြသည်။ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးအတွက်ပင်လျှင် ၎င်းတို့မှာ အလွန်အကျိုးကျေးဇူး ရှိလှပေသည်။

သို့သော် ၎င်းတို့၏ တန်ဖိုးအစစ်အမှန်မှာ ဆေးလုံးဖော်စပ်ခြင်းအတွက် ၎င်းတို့၏ အလားအလာတွင် ရှိနေပါ၏။ ဤကြာပန်းများကို ဆေးလုံးများအဖြစ် သန့်စင်ခြင်းမှာ ၎င်းတို့၏ ဆေးဖက်ဝင်စွမ်းအင်ကို အပြည့်အဝ ထုတ်လွှတ်ရန် အကောင်းဆုံး နည်းလမ်းဖြစ်ပေ၏။ ကျင့်ကြံခြင်းကို မြှင့်တင်ရန်အတွက် ၎င်းတို့ကို တိုက်ရိုက် စားသုံးခြင်းက ၎င်းတို့၏ စွမ်းအားအများစုကို အလဟဿ ဖြစ်သွားစေမည်ဖြစ်ရာ ဤကဲ့သို့သော ရှားပါး ရတနာများကို အလွဲသုံးစားလုပ်ရာ ရောက်ပေလိမ့်မည်။

ထို့ကြောင့် လုံးဝ မလွှဲမရှောင်သာသော အခြေအနေမျိုးမှလွဲ၍ ဤအမြင့်ဆုံး ဝိညာဉ်ဆေးပင် နှစ်ခုကို မကြာမီကာလအတွင်း အသုံးပြုရန် လုချင်း ရည်ရွယ်ချက် မရှိခဲ့ချေ။

"ဒီကိစ္စတွေ ပြေလည်သွားတဲ့အထိ စောင့်ပြီးမှ သင့်လျော်တဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို ရှာဖို့ ကမ္ဘာအနှံ့ ခရီးထွက်တာက ပိုကောင်းလောက်တယ်" လုချင်းက သူ၏ နှလုံးသားထဲတွင် ဆုံးဖြတ်လိုက်သည်။

လက်ဖက်ရည် သောက်ပြီးနောက်၌ ထျန်းကျီမျှော်စင်၏ မျှော်စင်သခင်သည် ထွက်ခွာရန် မတ်တပ်ရပ်လိုက်‌တော့၏။ လုချင်းနှင့် တခြားသူများက သူ့ကို ဆက်နေရန် တိုက်တွန်းခဲ့သော်လည်း မျှော်စင်သခင်တွင် ဖြေရှင်းရန် အရေးကြီးသော ကိစ္စများ ရှိနေပြီး လုချင်းထံမှ သူရရှိခဲ့သော သတင်းများကို အခြား အဓိက လျှို့ဝှက်နယ်မြေများဆီသို့ ပြန်၍ပေးပို့ရန်လည်း လိုအပ်သေးပါ၏။ ထို့ကြောင့် သူတို့၏ ကမ်းလှမ်းချက်ကို သူက ယဉ်ကျေးစွာ ငြင်းပယ်ခဲ့လေသည်။

"သခင်လေးလု... ဒီကို ကျုပ် လာတုန်းက သခင်မြတ်တွေကလည်း ကျုပ်ကို စကားပါးခိုင်းလိုက်သေးတယ်"

"အဲဒီတုန်းက ဖြစ်ခဲ့တာတွေက နားလည်မှုလွဲတာ သက်သက်ပဲဆုိတာရယ်၊ ပြီးတော့ မင်းအနေနဲ့ သူတို့အပေါ် ဘာရန်ငြိုးမှ မထားဘူးလို့ မျှော်လင့်ပါတယ်လို့ သူတို့က စကားပါးခိုင်းလိုက်တယ်လေ"

"ပထမ သခင်ကြီးက ထပ်ပြောခဲ့သေးတယ်။ မင်းက မြင့်မြတ်သော တောင်တော်ရဲ့ အလေးစားရဆုံး ဧည့်သည် အမြဲတမ်း ဖြစ်နေမှာပါဆိုပြီး‌တော့ပါ။ တစ်နေ့နေ့မှာ မင်းရဲ့ လမ်းညွှန်မှုကို သူ ရနိုင်မယ်လို့လည်း မျှော်လင့်နေပါတယ်တဲ့"

မထွက်ခွာမီ မျှော်စင်သခင်က ဤစကားများကို မမျှော်လင့်ထားစွာဖြင့် ပြောလိုက်သည်။

လုချင်းကလည်း ပြုံးပြီး ပြန်ပြောလိုက်၏။ "ဘယ်သူ့ကိုမှ လမ်းညွှန်ပေးမယ်လို့ ကျွန်တော် မပြောဝံ့ပါဘူး‌ဗျာ။ သခင်မြတ်သုံးပါးကို ကျွန်တော် အမြဲတမ်း လေးစားခဲ့ရတာပါ။ တကယ်လို့ ရှေ့လျှောက် အခွင့်အရေး ရခဲ့ရင် မြင့်မြတ်သော တောင်တော်ကို သွားလည်ပြီး သူတို့နဲ့ ကျင့်ကြံခြင်းအကြောင်း သေချာပေါက် ဆွေးနွေးလိုက်ပါ့မယ်"

မြင့်မြတ်သော တောင်တော်၏ သခင်မြတ်သုံးပါးအပေါ် လုချင်းတွင် မည်သည့် မကောင်းသော ရည်ရွယ်ချက်မျှ မရှိခဲ့ချေ။ မည်သို့ပင်ဆိုစေ မြင့်မြတ်သော တောင်တော်သည် ကမ္ဘာပေါ်မှ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည် မဟုတ်ပါလော။

သူတို့ ယခင်က ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပတ်သက်၍ လုချင်းသည် အရမ်းကြီး အလေးအနက် မထားခဲ့ချေ။ သူသည် မည်သည့် ဆုံးရှုံးမှုအစစ်အမှန်ကိုမျှ မခံစားခဲ့ရချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ဆရာသည် ထိုအတွေ့အကြုံမှ ကံကောင်းသော အခွင့်အရေးတစ်ခုကိုပင် ရရှိခဲ့သေးပါ၏။

ထို့ကြောင့် သူတို့၏ စေတနာကောင်းကို သူ ဝမ်းသာအားရ လက်ခံလိုက်လေသည်။

"ကောင်းပါပြီ။ ကျုပ် ပြန်ရောက်တဲ့အခါကျ သခင်မြတ်တွေကို ဒီအကြောင်း စကားပါးပေးပါ့မယ်" မျှော်စင်သခင်က ဝမ်းသာအားရ ပြောလိုက်သည်။

အကယ်၍ မြင့်မြတ်သော တောင်တော်က လုချင်းနှင့် သူတို့၏ ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်အောင် လုပ်နိုင်မည်ဆိုလျှင် ၎င်းမှာ သူ အလွန်အမင်း အလိုရှိသော ရလဒ်တစ်ခု ဖြစ်ပေလိမ့်မည်။

မျှော်စင်သခင်နှင့် သူ၏ တပည့် ထွက်ခွာသွားပြီးနောက်၌ လုချင်းသည် သမားတော်ကြီးချန်ဆီသို့ လှည့်လိုက်၏။

" အခြေတည်အဆင့် အထွတ်အထိပ်ကို ရောက်ရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်ဆရာ။ အခုဆို ဆရာက ရွှေအမြုတေအဆင့်ကို ရောက်ဖို့ တစ်လှမ်းပဲ လိုတော့တယ်"

အမှန်တကယ်ပင် ဤအချိန်အတွင်း သူ့ဆရာ၏ အငွေ့အသက်မှာ ပြီးပြည့်စုံစွာ သဟဇာတဖြစ်နေကြောင်း၊ ယင်းက အခြေတည်အဆင့် အထွတ်အထိပ်သို့ သူ၏ အဆင့်တက်မှုကို ညွှန်ပြနေကြောင်း လုချင်း သတိပြုမိခဲ့လေသည်။

သမားတော်ကြီးချန်က ပြုံးလိုက်၏။ "အားချင်း... ငါ ဒီလောက်မြန်မြန် တိုးတက်နိုင်ခဲ့တာက မင်းပေးခဲ့တဲ့ ကျင့်ကြံခြင်းနည်းလမ်းတွေနဲ့ ဆေးလုံးတွေကြောင့်ပါပဲကွာ"

"ဆေးလုံးတွေဆိုတာက အရန်ကိရိယာသက်သက်ပါ ဆရာရဲ့။ ဆရာရဲ့ အောင်မြင်မှုတွေက ဆရာ့ရဲ့ပင်ကိုယ်ပါရမီကြောင့်ပါ။ လူတစ်ယောက်ရဲ့ အခြေခံအုတ်မြစ် ခိုင်မာမှပဲ ဆေးလုံးတွေကို ခွန်အားအဖြစ် ပြောင်းလဲနိုင်တာလေ" လုချင်းက အပြုံးဖြင့် ပြောလိုက်၏။

မီးခိုးရောင်ဝတ်စုံနှင့် လူငယ်နှင့် သူ၏ ဆရာတူညီလေးကို အနိုင်ယူပြီးနောက် လုချင်းသည် သူတို့၏ နေရာလွတ် ဝိညာဉ်လက်နက်များမှ ကျင့်ကြံခြင်း နည်းလမ်းများနှင့် ဆေးလုံး အများအပြားကို ရရှိခဲ့လေသည်။ အချို့ကိုတော့ သူ့ကိုယ်သူအတွက် ချန်ထားခဲ့သော်လည်း အများစုကိုတော့ သူ့ဆရာအား ပေးဝေခဲ့လေ၏။

ထို့အပြင် ဝင်္ကပါ အကာအရံ၏ အကူအညီဖြင့် ကျိုးလီရွာရှိ ဝိညာဉ်စွမ်းအင်များမှာ လွန်ခဲ့သော တစ်နှစ်အတွင်း ပိုပို၍ ပေါများလာခဲ့သည်။

ဤအဆင်ပြေသော အခြေအနေများကြောင့် သမားတော်ကြီးချန်သည် သူ၏ ကျင့်ကြံခြင်းတွင် မှတ်သားလောက်ဖွယ် တိုးတက်မှုများကို ရရှိခဲ့ပြီး အတားအဆီး အများအပြားကို ချိုးဖောက်ကာ အခြေတည်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့လေသည်။

မာကူး၊ ဝေ့ကျိအန်းနှင့် ဟူကျိကျစ်တို့သာမက သူတို့၏ တပည့်များသည်လည်း တစ်နှစ်အတွင်း အဆင့်တက်မှုများကို ရရှိခဲ့ကြပြီး မွေးရာပါနယ်ပယ်သို့ ဝင်ရောက်ခဲ့ကြလေသည်။

ဤမျှ လျင်မြန်သော တိုးတက်မှုများမှာ အံ့သြစရာတော့ မဟုတ်ချေ။ ကျုံးကျိုးသို့ ခရီးသွားပြီးနောက် သူတို့ သုံးဦးစလုံးသည် ကောင်းကင်ဘုံစွမ်းအင် အနည်းငယ်ကို စုပ်ယူခဲ့ကြပြီး ၎င်းက သူတို့၏ မွေးရာပါ ပါရမီများကို အလွန်အမင်း တိုးတက်လာစေခဲ့ပါ၏။ သူတို့၏ ကိုယ်ခန္ဓာဖွဲ့စည်းတည်ဆောက်ပုံများမှာ ယခုအခါ ပါရမီရှင်များနှင့်ပင် ယှဉ်နိုင်နေပြီ ဖြစ်သည်။

ကျိုးလီရွာကဲ့သို့ ဝိညာဉ်စွမ်းအင် ကြွယ်ဝသော နေရာမျိုးတွင် ကျင့်ကြံခြင်းအပြင် သမားတော်ကြီးချန်နှင့် လုချင်းတို့ထံမှ ရံဖန်ရံခါ လမ်းညွှန်မှုများ ရရှိခြင်းကြောင့် သူတို့၏ လျင်မြန်သော တိုးတက်မှုမှာ သဘာဝကျလှပေ၏။

မျှော်စင်သခင်၏ အလည်အပတ်ပြီးနောက် လအနည်းငယ်အကြာ....

တစ်နေ့တွင် ယွီဟွာဂူအတွင်း၌ လုချင်းသည် သူ၏ တရားထိုင်ခြင်းမှ နိုးထလာခဲ့၏။

သူ့လက်ထဲရှိ အရောင်မှေးမှိန်နေပြီဖြစ်သော အငယ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးကို ကြည့်ရင်း သူ တိတ်ဆိတ်သွားခဲ့လေသည်။ ဤဝိညာဉ်ကျောက်တုံးမှာ သူ ပိုင်ဆိုင်သော နောက်ဆုံး အငယ်တန်းအဆင့် ကျောက်တုံးဖြစ်ပြီး ယခုအခါ လုံးဝ ကုန်ခမ်းသွားခဲ့လေပြီပင်။

သူ၏ ဝိညာဉ်စွမ်းအား ရွှေအမြုတေ၏ အခြေအနေကို ခံစားကြည့်လိုက်ရာ ပထမဆုံး အသွင်ပြောင်းလဲမှုကို ပြီးမြောက်ရန် အလွန်ဝေးကွာနေသေးကြောင်း သူ သဘောပေါက်လိုက်သည်။

မီးခိုးရောင်ဝတ်စုံနှင့် လူငယ်တို့ထံမှ ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို သူ ပထမဆုံး ရရှိခဲ့စဉ်က လုချင်းသည် ချမ်းသာသွားသည်ဟုတောင် ခံစားခဲ့ရသည်။ ယန်၏ အဆိုအရ ထိုဝိညာဉ်ကျောက်တုံးများသည် ယခင် ကျင့်ကြံခြင်းခေတ်မှ ကြီးမားသော မသေမျိုးဂိုဏ်းတစ်ခု၏ အရန်ပစ္စည်းများနှင့် ညီမျှပေသည်။

သို့သော် သူ့ကို အံ့အားသင့်စေခဲ့သည်မှာ ထိုကြီးမားလှသော ပမာဏပင်လျှင် သူ၏ ပြီးပြည့်စုံသော ရွှေအမြုတေ၏ ပထမဆုံး အသွင်ပြောင်းလဲမှုအတွက် မလုံလောက်ခဲ့ချေ။ ထိုကဲ့သို့သော ကျင့်ကြံခြင်းအတွက် လိုအပ်သော အရင်းအမြစ်များမှာ စိတ်ကူးယဉ်၍မရနိုင်လောက်အောင် ကြီးမားလှပါ၏။

"အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေကို ငါ စသုံးဖို့ လိုအပ်နေပြီများလား"

လုချင်းသည် အခြားဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်ယူလိုက်၏။

ယခင် ကျောက်တုံးထက် များစွာ ပို၍ကြည်လင်ရုံသာမက ပိုပြီးတောက်ပနေသော ဤကျောက်တုံးမှာ မီးခိုးရောင်ဝတ်စုံနှင့် လူငယ်တို့ထံမှ သူ ရရှိခဲ့သော အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများအနက်မှ တစ်ခုဖြစ်လေသည်။

၎င်းကို ကိုင်ထားရင်း လုချင်း တုံ့ဆိုင်းနေခဲ့မိ၏။

သူ ရရှိခဲ့သော အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး အရေအတွက်မှာ အကန့်အသတ်ရှိသည်။ ဒါဇင်အနည်းငယ်ခန့်သာ ရှိပါ၏။ ကျင့်ကြံခြင်းအပြင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများတွင် ဝင်္ကပါများ စီမံခြင်း၊ ဝိညာဉ်လက်နက်များ ဖန်တီးခြင်း သို့မဟုတ် ခရီးသွားလာမှုအတွက် နေရာလွတ် လှေပျံကို စွမ်းအင်ပေးခြင်းကဲ့သို့သော အခြားအသုံးဝင်မှု များစွာ ရှိလေသည်။

အချိန်အတန်ကြာ စဉ်းစားပြီးနောက် လုချင်းသည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများကို ချန်ထားရန် ဆုံးဖြတ်လိုက်တော့၏။

ဝိညာဉ်ကျောက်တုံးများမှာ မဟာဗျူဟာမြောက် အရင်းအမြစ်များ ဖြစ်ကြသည်။ ၎င်းတို့အားလုံးကို တစ်ပြိုင်နက်တည်း သုံးစွဲပစ်ခြင်းက အနာဂတ်မှ အရေးပေါ် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်မှု မရှိဘဲ ဖြစ်သွားစေနိုင်ပေသည်။

ထို့အပြင် သူ၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် သူ့ရွှေအမြုတေ၏ ပထမဆုံး အသွင်ပြောင်းလဲမှုကို ပြီးမြောက်ခြင်းမှာ ဤကမ္ဘာလောကတွင် ရှင်သန်ရန်အတွက် အရေးမကြီးလှချေ။

"ခရီးတစ်ခုစထွက်ဖို့ အချိန်ရောက်လာပြီ ထင်တယ်" လုချင်းက သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး သူ၏ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်တော့သည်။

သူသည် အခန်းထဲမှ ထွက်လာပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ရွာသို့ လျင်မြန်စွာဖြင့် ပြန်လာခဲ့သည်။

"အားချင်း ပြန်ရောက်ပြီလား"

ရွာသားအချို့သည် ကောင်းကင်ယံမှ အလင်းတန်းကို သတိပြုမိကြသော်လည်း သူတို့၏ အလုပ်များကို ဆက်လက်လုပ်ဆောင်နေကြလေ၏။ လုချင်း၏ မကြာခဏ အဝင်အထွက်များကို သူတို့အားလုံး အသားကျနေကြပြီပင်။

"ကိုကို... ပြန်ရောက်ပြီပေါ့"

သူ ခြံဝင်းထဲသို့ ဆင်းသက်လိုက်သည်နှင့် ရှောင်ယန်သည် သူ့ကို ကြိုဆိုရန် အပြေးအလွှား ထွက်လာခဲ့ပြီး ရှောင်လီနှင့် ဝူရှင်းတို့ကလည်း အနောက်မှ လိုက်လာခဲ့ကြသည်။

"အင်း၊ ပြန်ရောက်ပြီ" လုချင်းက ပြန်ဖြေလိုက်၏။

ရှောင်ယန်ကို ကြည့်ရင်း အကြံဉာဏ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့လေသည်။

"ရှောင်ယန် ညီမလေး... အိမ်မှာနေရတာ ပျင်းနေပြီလား။ ကိုကိုနဲ့အတူတူ စွန့်စားခန်းလေးတစ်ခုကို လိုက်ခဲ့မလား"

"ညီမလေးတို့ ဘယ်သွားကြမှာလဲဟင်။ ဈေးကြီးကို သွားမှာလား" ရှောင်ယန်က သိချင်စိတ်ဖြင့် ခေါင်းစောင်းကာ မေးလိုက်၏။

သူမ အနည်းငယ် ကြီးပြင်းလာပြီဖြစ်သော်လည်း သူမ၏ အပြစ်ကင်းစင်မှုမှာတော့ မပြောင်းလဲသေးချေ။ လုချင်းက ဈေးသို့ သွားမည့် ခရီးစဉ်ကို ဆိုလိုသည်ဟု သူမ ထင်မှတ်နေခဲ့လေသည်။

"အဲဒီထက် ပိုဝေးတဲ့ နေရာကို သွားကြမယ်။ ကိုကိုတို့ ကျုံးကျိုးကို သွားခဲ့တဲ့ ခရီးစဉ်လိုပဲ၊ ကမ္ဘာအနှံ့ ခရီးသွားကြမယ်လေ" လုချင်းက ရှင်းပြလိုက်သည်။

...

အခန်း ၄၄၆ ၊ အပိုင်း (၂) - ဝိညာဉ်ကျောက်တုံးများ ပြတ်လပ်ခြင်းနှင့် ကမ္ဘာအနှံ့ ခရီးစဉ်တစ်ခု။

"ညီမလေးတို့ ခရီးဝေး သွားကြရမှာလား။ ရေး... ရေး"

သတင်းကို ကြားလိုက်ရသောအခါ၌ ရှောင်ယန်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားခဲ့လေသည်။

"ဆရာ့ကို အရင်သွားပြောပြီးမှ ထွက်ကြတာပေါ့"

"အဘိုးချန်က ညီမလေးတို့နဲ့ မလိုက်ဘူးလားဟင်"

"ဆရာက အခု ကျင့်ကြံတာမှာ အရေးကြီးတဲ့ အဆင့်တစ်ခုကို ရောက်နေလို့ ခရီးဝေးသွားဖို့ မသင့်တော်ဘူးလေ"

"ဒါဆို အားယာနဲ့ ဒေါ်လေးတို့ကို သွားပြောလိုက်ဦးမယ်နော် ကိုကို"

"ကောင်းပြီ၊ သွား သွားးး"

သူမ၏ အဖော်များကို နှုတ်ဆက်ပြီးနောက်၌ ရှောင်ယန် ပြန်လာခဲ့လေသည်။ ထို့နောက် လုချင်းသည် ရှောင်ယန်၊ ရှောင်လီနှင့် ဝူရှင်းတို့ကို တောင်ခါးပန်းရှိ ခြံဝင်းသို့ ခေါ်သွားခဲ့လိုက်၏။

"မင်းတို့ ရွာကနေ ထွက်သွားဖို့ စီစဉ်နေတာလား"

လုချင်း၏ ရှင်းပြချက်ကို ကြားပြီးနောက် သမားတော်ကြီးချန်က မေးလိုက်လေသည်။

"ဟုတ် ဆရာ။ ကျွန်တော့်ကျင့်ကြံခြင်းက အတားအဆီးတစ်ခုနဲ့ ရင်ဆိုင်နေရလို့ပါဗျ။ တံခါးပိတ်ကျင့်ကြံနေတာက အကူအညီ မဖြစ်တော့လို့ ရှောင်ယန်ကို အပြင်ခေါ်သွားပြီး ဗဟုသုတတွေ တိုးပွားအောင် လုပ်ပေးမလို့ စဉ်းစားထားတာပါ" လုချင်းက ရှင်းပြလိုက်သည်။

သမားတော်ကြီးချန်က ခေတ္တမျှ စဉ်းစားပြီးနောက်၌ ပြန်ဖြေလိုက်၏။ "အပြင်ထွက်ပြီး အနားယူတာ ကောင်းပါတယ်။ စိတ်မပူပါနဲ့။ ရွာကို ဆရာ စောင့်ရှောက်ထားပါ့မယ်။ ဘာမှဖြစ်မှာမဟုတ်ပါဘူး"

လုချင်းသည် ရွာ၏ ဘေးကင်းမှုအတွက် အရမ်းကြီး စိုးရိမ်မနေခဲ့ချေ။

အစွမ်းထက်သော ရန်သူဖြစ်သည့် ရွှမ်ခုန်းဘုရားကျောင်းကိုလည်း သူ ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။ ရွာကိုလည်း သူ ရွှေအမြုတေအဆင့်သို့ ရောက်ရှိပြီးနောက်၌ အဆင့်မြှင့်တင်ထားသည့် ဝင်္ကပါ အကာအရံဖြင့် ကာကွယ်ထားလေသည်။

ထို့အပြင် ဝေ့ရှန်ဟိုင်နှင့် သူ၏မိသားစုဝင်များကလည်း အချိန်အတော်ကြာအောင် ဤနေရာမှ သူတို့အိမ်ခြံဝင်းထဲတွင်သာ ‌အနေများကြသည်ပင်။

ကျိုးလီရွာသည် ယခုအခါ ခိုင်ခံ့စွာ ကာကွယ်ထားပြီး လုံခြုံသော ခံတပ်တစ်ခု ဖြစ်နေပြီ ဖြစ်သည်။ ထိုနေရာတွင် တစ်စုံတစ်ယောက်က ပြဿနာရှာရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။

သို့သော် လုချင်းသည် အခြားကိစ္စတစ်ခုကို ပို၍ သိချင်နေခဲ့လေ၏။

"ဆရာ... ဆရာ့ရဲ့ အတိဒုက္ခကို ရင်ဆိုင်ပြီး အဆင့်တက်ဖို့ ဘယ်တော့လောက် စီစဉ်ထားလဲဗျ"

သမားတော်ကြီးချန်သည် အခြေတည်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်မှာ လအတော်ကြာခဲ့ပြီပင်။ သို့သော် အချိန်တွေ ကုန်လွန်သွားသည့်တိုင် သူသည် ရှေ့ဆက်မတိုးသေးချေ။

"အလျင်လိုစရာမလိုပါဘူးကွာ။ အဲဒါကို မကြိုးစားခင် ပိုပြီး စုဆောင်းထားဖို့ ဆရာ စီစဉ်ထားတယ်။ အတိဒုက္ခဆိုတာ ကိစ္စသေးသေးလေးမဟုတ်ဘူးလေ။ ပြီးတော့ အဆင့်တက်ဖို့ အခွင့်အရေးကို ဆရာ မခံစားရသေးဘူး" သမားတော်ကြီးချန်က တည်ငြိမ်စွာ ပြောလိုက်၏။

"တကယ်လို့ အဆင့်တက်ဖို့ အခွင့်အရေးကို မခံစားရသေးဘူးဆိုရင်တော့ အလျင်လိုစရာ မလိုပါဘူးဗျ" လုချင်းက ခေါင်းညိတ်လိုက်သည်။

ရွှေအမြုတေ အတိဒုက္ခမှာ သာမန်ဆိုသော စကားလုံးနှင့် အလွန်ဝေးကွာလှပေသည်။ ရလဒ်အနေဖြင့် ဖြစ်ပေါ်လာမည့် ဝိညာဉ်စွမ်းအား ရွှေအမြုတေသည် အနာဂတ် ကျင့်ကြံခြင်းကို ကြီးမားစွာ သက်ရောက်မှု ရှိစေမည်ပင်။

အတိဒုက္ခကို မကြိုးစားမီ မိမိ၏ အခြေခံအုတ်မြစ် နက်ရှိုင်းလေလေ၊ ပိုကောင်းလေလေ ဖြစ်သည်။

ထို့ကြောင့် အဆင့်တက်ရန် အခွင့်အရေး မရှိခြင်းမှာ သမားတော်ကြီးချန်အတွက် နောက်ဆုတ်စရာတစ်ခု မဟုတ်။ ၎င်းမှာ ကောင်းချီးတစ်ခု ဖြစ်ပေသည်။ ယင်းက သူ၏ အခြေခံအုတ်မြစ်တွင် ထပ်မံခိုင်မာစေရန် နေရာလွတ် ရှိနေသေးကြောင်း ညွှန်ပြနေပေသည်။

"ဆရာ... ဆရာ့ရဲ့ အတိဒုက္ခအတွက် အချိန်ရောက်လာတဲ့အခါကျ ကျွန်တော့်ဆီ စာတစ်စောင် ပို့လိုက်ပါဗျ။ဆရာအဆင့်တက်ဖို့ လုပ်နေတုံးမှာ ဆရာ့ကို ကာကွယ်ပေးဖို့ ကျွန်တော် ပြန်လာခဲ့ပါ့မယ်"

နေရာလွတ် လှေပျံဖြင့် လုချင်းသည် အလွန်ဝေးကွာသော ကျုံးကျိုးမှပင် လျင်မြန်စွာ ပြန်လာနိုင်ပေသည်။

"အေးပါကွာ၊ မင်းတို့လေးတွေ အေးဆေးသာ သွားပျော်ကြပါ။ တကယ်လို့ အဆင့်တက်ဖို့ အခွင့်အရေးကို ဆရာ ခံစားရရင် မင်းကို အကြောင်းကြားပါ့မယ် ဟုတ်ပြီလား"

သမားတော်ကြီးချန်က အလွယ်တကူ သဘောတူလိုက်သည်။

ထိုနေ့တွင်ပင် လုချင်းသည် ရှောင်ယန်၊ ဝူရှင်းနှင့် ရှောင်လီတို့နှင့်အတူ ကျိုးလီရွာမှ ထွက်ခွာကာ သူတို့၏ ခရီးစဉ်ကို စတင်ခဲ့လေတော့၏။

သူတို့၏ ပထမဆုံး ခရီးပန်းတိုင်မှာ ချန်းကျိုးတစ်ခုလုံးကို စူးစမ်းလေ့လာရန် ဖြစ်သည်။

ရှောင်ယန်နှင့် ရှောင်လီတို့မှာ မြင်ကွင်းသစ်များကြောင့် အလွန်စိတ်လှုပ်ရှားနေကြလေ၏။ နေ့တိုင်း သူတို့သည် အသစ်အဆန်း တစ်ခုခုနှင့် ကြုံတွေ့နေရသောကြောင့် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်စေကာ သူတို့၏ ဗဟုသုတများကိုလည်း ကြီးမားစွာ ကျယ်ပြန့်လာစေခဲ့သည်။

သူတို့၏ ပျော်ရွှင်မှုကို မြင်ရသဖြင့် လုချင်းသည်လည်း ကျေနပ်မှုကို ခံစားလိုက်ရလေသည်။

ကျုံးကျိုးမှ ပြန်ရောက်ကတည်းက သူ၏ အချိန်အများစုကို တံခါးပိတ်ကျင့်ကြံရာတွင်သာ ကုန်ဆုံးခဲ့ပြီး ရှောင်ယန်နှင့် အချိန်ဖြုန်းရန် အခွင့်အရေး နည်းပါးခဲ့သည်။

ဤခရီးစဉ်သည် သူမနှင့်အတူ ကောင်းစွာ အချိန်ဖြုန်းရန် ရှားပါးသော အခွင့်အရေးတစ်ခုပင်။

ချန်းကျိုးကို ဖြတ်သန်းသွားလာပြီးနောက် သူတို့သည် ကျီကျိုး၊ ချီကျိုး၊ ဖုန်းကျိုးသို့ ခရီးဆက်ခဲ့ကြသည်။

မြေပြင်တစ်လျှောက်ရှိ ပြည်နယ်များစွာတွင် သူတို့၏ ခြေရာများကို ချန်ရစ်ခဲ့ကြလေ၏။

အစပိုင်းတွင် လုချင်းသည် မသေမျိုးခေတ်မှ ရှေးဟောင်း ဝိညာဉ်ကျောက်တုံး မိုင်းတွင်းများကို ရှာဖွေရန် ယန်ချန်ပေ့ အကြံပြုထားသော နေရာများအတိုင်း လိုက်သွားခဲ့လေသည်။

ထိုနေရာများရှိ ဝိညာဉ်စွမ်းအင်များမှာ အခြားနေရာများထက် ပို၍ကြွယ်ဝသော်လည်း မည်သည့် ဝိညာဉ်ကျောက်တုံး မိုင်းတွင်းကိုမျှ သူ မတွေ့ရှိခဲ့ချေ။

ယင်းမှာ ယခင်က တူးဖော်ခဲ့ခြင်းကြောင့်လား သို့မဟုတ် ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထလာမှု၏ အစောပိုင်းအဆင့်တွင်သာ ရှိနေသေးခြင်းကြောင့်လား ဆိုသည်မှာ ရှင်းလင်းမှု မရှိသေးချေ။

အငယ်တန်းအဆင့် ဝိညာဉ်ဆေးပင် အချို့ကို စုဆောင်းခြင်းမှလွဲ၍ အခြား အများအပြား မရရှိခဲ့ချေ။

အကြိမ်ကြိမ် အချည်းနှီး ကြိုးစားပြီးနောက် လုချင်းသည် ရှာဖွေမှုကို ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်ပြီး သူတို့၏ ခရီးစဉ်များတွင် ရှောင်ယန်နှင့် သူမ၏ အဖော်များကို အဖော်ပြုပေးရန်သာ အာရုံစိုက်လိုက်တော့၏။

တစ်နေ့တွင် သူတို့သည် ပြည်နယ်ကြီးအသစ်တစ်ခုသို့ ရောက်ရှိလာကြလေသည်။

"ဒါက ပင်လယ်ဆိုတာကြီးလားဟင်။ အရမ်းလှတာပဲ"

မြင့်မားသော တောင်ကြီးတစ်လုံးပေါ်မှနေ၍ ရှောင်ယန်သည် ကျယ်ပြန့်လှသော ပင်လယ်ပြင်ကြီးကို အံ့သြစွာဖြင့် စိုက်ကြည့်နေလေ၏။

လုချင်းသည်လည်း အလားတူပင် အံ့အားသင့်နေခဲ့လေသည်။

သူတို့သည် အရှေ့ဘက်ရှိ ကမ်းရိုးတန်း ပြည်နယ်တစ်ခုသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။

ဤပြည်နယ်သည် အရှေ့ပင်လယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေလေသည်။ လုချင်းသည် ဤကမ္ဘာလောက၏ ပင်လယ်ကို မြင်တွေ့ရရန် ရှောင်ယန်ကို ဤနေရာသို့ ခေါ်လာခဲ့ခြင်းပင်။

ထိုမြင်ကွင်းက သူ့ကို နက်ရှိုင်းစွာ စိတ်လှုပ်ရှားသွားစေခဲ့၏။

သူသည် ဤကမ္ဘာလောကတွင် အချိန်အတော်ကြာ နေထိုင်ခဲ့သော်လည်း ဤကမ္ဘာ၏ပင်လယ်ကိုတော့ ယခုမှ ပထမဆုံး မြင်တွေ့ဖူးခြင်း ဖြစ်သည်။

သူ၏ ယခင်ဘဝက ကမ္ဘာမြေ၏ ပင်လယ်များနှင့် နှိုင်းယှဉ်လျှင် ဤနေရာရှိ ပင်လယ်မှာ များစွာ ပိုမိုကျယ်ပြန့်ပြီး အံ့သြကြည်ညိုဖွယ် ကောင်းလှပေသည်။

သူ၏ ရွှေအမြုတေအဆင့် ဝိညာဉ်ရေးရာ အာရုံခံစားမှုဖြင့်ပင် ပင်လယ်အတွင်း ပုန်းကွယ်နေသော ကြီးမားလှသည့် စွမ်းအားကို သူ အာရုံခံနိုင်လေသည်။

ယင်းမှာ ကုန်းမြေထက် ပို၍ပင် ခန့်မှန်း၍ မရနိုင်ချေ။

အနည်းအကျဉ်းမျှသော စိုးရိမ်ပူပန်မှုတစ်ခုကို သူ ခံစားလိုက်ရ၏။

ယန်၏ စကားများက သူ၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။

မသေမျိုးခေတ်အတွင်း ပင်လယ်များကို ပင်လယ်မျိုးနွယ်စုများက အုပ်ချုပ်ခဲ့ကြသည်။

သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူများပင်လျှင် အနက်ရှိုင်းဆုံးနေရာများသို့ သွားရောက်ရန် မဝံ့ရဲခဲ့ကြချေ။

ဝိညာဉ်စွမ်းအင်များ ကျဆင်းသွားပြီးနောက် ပင်လယ်များသည် လူသားများအတွက် တားမြစ်ထားသော ဇုန်တစ်ခု ဖြစ်လာခဲ့၏။

ပင်လယ်၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းများတွင် မည်သည့်အရာများ ရှိနေသည်ကို မည်သူမျှ မသိကြချေ။

ယခု ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထလာမှုနှင့်အတူ ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာများတွင်လည်း သိသာထင်ရှားပြီး လျှို့ဝှက်ဆန်းကြယ်သော အပြောင်းအလဲများ ဖြစ်ပေါ်နေမည်မှာ ကျိန်းသေပေါက်ပဲပင်။

သူ့ကဲ့သို့သော ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးကိုတောင် စိုးရိမ်ပူပန်စေနိုင်သည်ဆိုပါက ဤအပြောင်းအလဲများမှာ ရှင်းလင်းစွာပင် သာမန်မဟုတ်ချေ။

အနီးအနားတွင် အရောင်ငါးသွယ် တောင်ပံပါမြွေဆိုးဖြစ်သော ဝူရှင်းသည် ကျယ်ပြန့်လှသော ပင်လယ်ကြီးကို စွဲလန်းစွာ စိုက်ကြည့်နေလေသည်။

၎င်းသည် တောင်ပံပါမြွေဆိုးတစ်ကောင် ဖြစ်သော်လည်း ရေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး လျှို့ဝှက်နယ်မြေအတွင်း ဓာတ်ကြီးငါးပါး ကြာပန်းကို စောင့်ရှောက်စဉ်က ရေအနီးတွင် မကြာခဏ နေထိုင်လေ့ရှိသည်။

ကြီးမားလှသော ပင်လယ်ကြီးက ၎င်းအား အံ့သြမှုများနှင့်အတူ ရေထဲသို့ ခုန်ဆင်းကာ ရေကူးလိုစိတ်များကိုပင် ဖြစ်ပေါ်စေခဲ့လေ၏။

လုချင်း၏ ပခုံးပေါ်တွင် နားနေသော ရှောင်လီ၏ တုံ့ပြန်မှုမှာတော့ တခြားသူတွေနှင့် မတူချေ။

ပင်လယ်တစ်ဝိုက်ရှိ ပေါများလှသော ရေဓာတ် ဝိညာဉ်စွမ်းအင်များကို ခံစားရင်း အကောင်လေးသည် မနှစ်မြို့စွာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။

သဘာဝအရ ရေကို မနှစ်မြို့သဖြင့် အဆုံးအစမရှိသော ပင်လယ်ပြင်ကြီး၏ မြင်ကွင်းကိုလည်း သူ လုံးဝကို မနှစ်သက်ပါချေ။

ပင်လယ်၏ ခမ်းနားကြီးကျယ်သော မြင်ကွင်းကို ခံစားပြီးနောက်၌ လုချင်းသည် ဆက်လက်ထွက်ခွာရန် ဆုံးဖြတ်လိုက်တော့၏။

သူသည် ပင်လယ်ကို စူးစမ်းလေ့လာရန် စိတ်ဝင်စားသော်လည်း ယင်း၏ ရှုပ်ထွေးမှုများက အထူးသဖြင့် ရှောင်ယန်နှင့်အတူ ရှိနေစဉ်တွင် အလွန်အန္တရာယ်များလွန်းလှပေသည်။

ထို့အပြင် ရှောင်လီ၏ ရေကို မနှစ်မြို့မှုကို ထောက်ရှုပါက ပင်လယ်ထဲသို့ သွားရောက်ရန် မည်သည့် ကြိုးစားမှုမဆို သူ၏ မျက်နှာပေါ်တွင် လက်သည်းရာများဖြင့် အဆုံးသတ်သွားဖွယ် ရှိပေ၏။

ကမ်းခြေမှ ထွက်ခွာလာပြီးနောက်၌ လုချင်းသည် အဖွဲ့ကို မြောက်ဘက်သို့ ဦးဆောင်သွားခဲ့သည်။

လမ်းတစ်လျှောက်တွင် သူတို့သည် ထူးခြားသော ဓလေ့ထုံးစံများနှင့် ရှုခင်းမျိုးစုံကို တွေ့ကြုံခဲ့ရပြီး ရှောင်ယန်နှင့် သူမ၏ အဖော်များကို နေ့စဉ် အံ့သြမှင်သက်စေခဲ့ပါ၏။

လုချင်းပင်လျှင် ခရီးစဉ်မှတစ်ဆင့် ဤကမ္ဘာလောကကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်လာခဲ့သည်။

တစ်နေ့တွင် သူတို့သည် အခြားပြည်နယ်ကြီးအသစ်တစ်ခုသို့ ရောက်ရှိလာကြ၏။

ဝင်ရောက်လိုက်သည်နှင့် လုချင်းသည် ထင်ရှားသော ပြောင်းလဲမှုတစ်ခုကို ချက်ချင်း သတိပြုမိလိုက်လေသည်။

"ဒီနေရာက အပူချိန်က..."

ပြည်နယ်နှစ်ခုကြား အကွာအဝေးမှာ အတော်လေး နီးကပ်သော်လည်း ဤပြည်နယ်၏ အပူချိန်မှာ ယခင်ပြည်နယ်ထက် သိသိသာသာကို နိမ့်ကျနေပါ၏။

"ကိုကို... ဒီက ရာသီဥတုက အရမ်းကောင်းတာပဲနော်။ ရှောင်ယန်တော့ သဘောကျတယ်" ရှောင်ယန်က ဝမ်းသာအားရ ပြောလိုက်ပြီး သူမ၏ မျက်နှာအမူအရာမှာလည်း ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေလေသည်။

ထိုစဉ် လုချင်း၏ သိချင်စိတ်များ တိုးပွားလာခဲ့၏။ သူသည် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများနှင့် သဟဇာတဖြစ်အောင် လုပ်ဆောင်လိုက်ပြီးနောက် မကြာမီမှာတော့ နားလည်သွားခဲ့လေသည်။

ဒေသခံ စည်းမျဉ်းများတွင် ရေခဲစွမ်းအင်သဲ့သဲ့လေး ပါဝင်နေပြီး ယင်းက ပြည်နယ်ကို အေးစိမ့်သွားစေကာ ယင်း၏ ဝိညာဉ်စွမ်းအင်များကို အနည်းငယ်မျှသောရေခဲဂုဏ်သတ္တိတစ်ခုအား ပေးစွမ်းနေလေ၏။

ရှောင်ယန်က ရာသီဥတုကို ဤမျှ သက်တောင့်သက်သာရှိသည်ဟု ခံစားရခြင်းမှာ အံ့သြစရာ မဟုတ်တော့ချေ။

မိန်းကလေး၏ ရေခဲကြွက်သားနှင့် ကျောက်စိမ်းအရိုး ကိုယ်ခန္ဓာဖွဲ့စည်းတည်ဆောက်ပုံမှာ ပတ်ဝန်းကျင်နှင့် သဘာဝကျကျပင် သဟဇာတဖြစ်နေလေ၏။

"ကြည့်ရတာ ငါတို့တွေ အရမ်းကိုထူးခြားတဲ့ ပြည်နယ်တစ်ခုထဲကို ရောက်လာတဲ့ပုံပဲ" လုချင်းက ဤနေရာ၏ ထူးခြားမှုကြောင့် စိတ်ဝင်စားစွာဖြင့် မှတ်ချက်ချလိုက်လေတော့သည်။

...

All Chapters