← Chapters

အခန်း (၄၄၇-၄၄၇)

Vol. 45 Ch. 447-447

အခန်း (၄၄၇-၄၄၇)

Vol. 45 Ch. 447-447

အခန်း ၄၄၇ ၊ အပိုင်း (၁) - ရေခဲနန်းတော်နှင့် စိန်ခေါ်မှု

"ဒီကျယ်ပြန့်တဲ့ ပြည်နယ်ကြီးက... ရေခဲနန်းတော်ရှိတဲ့ မြောက်ဘက်ပြည်နယ်များ ဖြစ်နေမလား"

လုချင်းသည် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများကို အာရုံခံလိုက်ပြီးနောက် အတွေးတစ်ခု ဝင်လာခဲ့သည်။

လင်းကျိယွဲ့ ပေးထားသော မြေပုံတစ်ခုကို သူ ပြန်၍အမှတ်ရသွား၏။ ၎င်းတွင် ကမ္ဘာအနှံ့ရှိ အင်အားစု အသီးသီးကို မှတ်သားထားလေသည်။ ယင်းတို့အနက် လွန်ခဲ့သော နှစ်နှစ်အတွင်း တဖြည်းဖြည်း ပြန်ပြှးပေါ်ပေါက်လာခဲ့သော အဓိက လျှို့ဝှက်နယ်မြေ လေးခုနှင့် ၎င်းတို့၏ သက်ဆိုင်ရာ ဒေသများလည်း ပါဝင်သည်။

သို့သော် ရှောင်ယန်နှင့်အတူ လုချင်း၏ လက်ရှိ ခရီးစဉ်မှာ သတ်မှတ်ထားသော ခရီးပန်းတိုင်မရှိသည့် ပေါ့ပေါ့ပါးပါး ခရီးစဉ်တစ်ခုသာပင်။ ဤနေရာ၏ ထူးခြားမှုကို သူ အာရုံခံမိသောအခါမှသာ အဓိက လျှို့ဝှက်နယ်မြေ လေးခုအနက်မှ တစ်ခုဖြစ်သည့် ရေခဲနန်းတော် တည်ရှိရာ ပြည်နယ်ကြီးသို့ သူတို့ ရောက်ရှိလာပြီဖြစ်ကြောင်း သူ နားလည်လိုက်၏။

ရေခဲနန်းတော်မှ တပည့်အများစုသည် ရေခဲဂုဏ်သတ္တိများနှင့် ကိုက်ညီသော နည်းစနစ်များကို ကျင့်ကြံကြသည်ဟု ဆိုကြသည်။ သို့သော် သူတို့၏ နယ်မြေက ဤကဲ့သို့သော ထူးခြားသည့် လက္ခဏာများကို ပြသလိမ့်မည်ဟု လုချင်း မမျှော်လင့်ထားခဲ့ချေ။

သို့တိုင်အောင် ဤအသိအမြင်က သူ့အတွက် စိတ်ဝင်စားမှု သိပ်မရှိစေခဲ့ချေ။

သူ၏ ဤခရီးစဉ်မှာ ကျန်ရှိနေသော လျှို့ဝှက်နယ်မြေ သုံးခုမှ လူများနှင့် ပတ်သက်ရန် မရည်ရွယ်ချေ။ မည်သို့ပင်ဆိုစေ ရွှမ်ခုန်းဘုရားကျောင်းကို သူ အမြစ်ပြတ် ချေမှုန်းပြီးကတည်းက ကျန်ရှိနေသော လျှို့ဝှက်နယ်မြေများသည် သူနှင့် ပတ်သက်၍ ရှုပ်ထွေးသော ခံစားချက်များ ရှိနေနိုင်ကြောင်း သူ သိနေပေ၏။

အဓိက လျှို့ဝှက်နယ်မြေ လေးခုမှာ ညီညွတ်မှုမရှိဘဲ အချို့မှာ ချင်းယန်ဘုရားကျောင်းနှင့် ရွှမ်ခုန်းဘုရားကျောင်းကြားကဲ့သို့ ကာလရှည်ကြာ ရန်ငြိုးများပင် ရှိကြသော်လည်း လုချင်းက ရွှမ်ခုန်းဘုရားကျောင်းကို ၎င်း၏ လျှို့ဝှက်နယ်မြေအထိ အပြတ်အသတ် ချေမှုန်းပစ်ခဲ့ခြင်းမှာ အခြားနယ်မြေများအတွက်တော့ ကြောက်မက်ဖွယ်ကောင်းလှပေသည်။

လုချင်းက ဤကဲ့သို့သော စွမ်းဆောင်ရည်မျိုးကို မည်သို့ စွမ်းဆောင်နိုင်ခဲ့ကြောင်းကို သူတို့ နားမလည်နိုင်ကြချေ။

ထို့ကြောင့် အခြား လျှို့ဝှက်နယ်မြေတစ်ခုတွင် သူ ပေါ်လာခြင်းက လူအများစုကို စိတ်မသက်မသာ ဖြစ်စေလိမ့်မည်ဟု သူ တွေးလိုက်မိလေသည်။

ထိုသို့ဖြစ်နေပြီဖြစ်ရာ မလိုအပ်သော ရန်လိုမှုများကို ဖိတ်ခေါ်ရန် အကြောင်းပြချက် မရှိချေ။

ရှောင်ယန်သည် ဤဒေသကို သဘောကျပုံရသဖြင့် ဤနေရာတွင် အတန်ကြာ နေထိုင်ရန် လုချင်း ဆုံးဖြတ်လိုက်၏။

...

ရက်အနည်းငယ်အကြာတွင် သူတို့သည် ကြီးမားလှသော မြို့ကြီးတစ်မြို့သို့ ရောက်ရှိလာကြလေသည်။

"ရေခဲမြို့တော်"

မြို့တံခါးများအထက်ရှိ ရှေးဟောင်း အက္ခရာများကို ကြည့်ရင်း လုချင်းက ရေရွတ်လိုက်သည်။

လင်းကျိယွဲ့၏ မြေပုံအရ ရေခဲမြို့တော်သည် ရှည်လျားသော သမိုင်းကြောင်းရှိသည့် ရှေးဟောင်း အခြေချနေထိုင်မှုတစ်ခုဖြစ်ပြီး ယခုအခါ ရေခဲနန်းတော်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေလေသည်။

"အရမ်းလှတာပဲ"

ရှောင်ယန်သည် ခမ်းနားကြီးကျယ်သော မြို့ကြီးကို မော့ကြည့်ရင်း အံ့သြတကြီး အော်ဟစ်လိုက်၏။

ချစ်စရာကောင်းသော သားမွေးအင်္ကျီကို ဝတ်ဆင်ထားသည့် ရှောင်ယန်မှာ နှင်းနတ်သမီးလေးတစ်ပါးကဲ့သို့ ချစ်စရာကောင်းနေလေသည်။ လုချင်းသည် သူ၏ ကျင့်ကြံခြင်းအဆင့်အရ အပူအအေးကို ခံနိုင်ရည်ရှိပြီး ရေခဲတောင်ထွတ်များ သို့မဟုတ် အရည်ပျော်နေသော ချော်ရည်များကဲ့သို့ လွန်ကဲသော အခြေအနေများကိုပင် ခံနိုင်ရည်ရှိသော်လည်း ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားလေ၏။

သူတို့၏ ခရီးစဉ်များအတွင်း သူသည် ဒေသခံ ဓလေ့ထုံးစံများကို လိုက်နာရန်နှင့် ရှောင်ယန်နှင့်အတူ အဖော်ပြုရန်အတွက် ထူထဲသော အဝတ်အစားများကို ဝတ်ဆင်ရန် ရွေးချယ်ခဲ့ခြင်းကြောင့်ပင်။

ထိုအချိန်တွင် အအေးဒဏ်ကို မုန်းတီးသော ရှောင်လီကတော့ လုချင်း၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေပြီပင်။ လက်မအရွယ်အစားသို့ ကျုံ့ထားသော ဝူရှင်းမှာတော့ ရှောင်ယန်၏ ဦးထုပ်ထဲတွင် ခွေခွေလေး နေနေလေ၏။

ရှောင်ယန်၏ အံ့အားသင့်မှုကို လုချင်းက ပြုံးပြလိုက်လေသည်။

တကယ်ကိုပဲ မြို့ကြီးမှာ လှပလှပေ၏။

အေးခဲနေသော ရာသီဥတုကြောင့် ဂိတ်တံခါးများနှင့် နံရံများကို ရှုပ်ထွေးသော ရေခဲပန်းပုများဖြင့် တန်ဆာဆင်ထားပြီး အသက်ဝင်ကာ လှပလှသဖြင့် ဖွဲ့စည်းတည်ဆောက်ပုံတစ်ခုလုံးကို ခမ်းနားကြီးကျယ်မှုနှင့် သန့်စင်မှု နှစ်ခုစလုံးကို ပေးစွမ်းနေလေသည်။

ခေတ္တမျှ သဘောကျစွာ ကြည့်ပြီးနောက် လုချင်းသည် ရှောင်ယန်ကို မြို့ထဲသို့ ခေါ်ဆောင်သွားခဲ့၏။

ရေခဲမြို့တော်အတွင်းတွင် ရှုခင်းများမှာ ပို၍ပင် ကြည်နူးဖွယ် ကောင်းလှပေသည်။

သူတို့ ကြည့်လိုက်ရာ နေရာတိုင်းတွင် သိမ်မွေ့ပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော ရေခဲပန်းပုများ ရှိနေသဖြင့် မြို့တစ်ခုလုံးမှာ ကြီးမားလှသော အနုပညာလက်ရာတစ်ခုနှင့်တောင် တူနေလေ၏။

"ဒီမြို့က ရှေးဟောင်း ဝင်္ကပါတွေရဲ့ အထောက်အပံ့ ရှိတယ်။ ဒါပေမဲ့ ရေခဲနန်းတော်က အဲဒါတွေကို ဘယ်လိုသုံးရမလဲဆိုတာ နားမလည်တဲ့ပုံပဲ"

လုချင်းသည် ရှောင်ယန်နှင့်အတူ မြို့ထဲတွင် လမ်းလျှောက်နေစဉ် သူ၏နတ်မျက်စိစွမ်းရည်က မြို့၏ အသေးစိတ်အချက်အလက်များစွာကို ရှင်းလင်းစွာ ပုံဖော်ပေးနေလေသည်။

မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်း၏ အမွေအနှစ်များကြောင့် လုချင်းသည် ဝင်္ကပါများတွင် အတော်လေး ကျွမ်းကျင်မှု ရှိသည်။ ကျုံးကျိုးရှိ မြို့တော်မြတ်ကဲ့သို့ပင် ဤရှေးဟောင်း မြို့တော်သည်လည်း ၎င်း၏ တည်ဆောက်မှုတွင် ဝင်္ကပါ နည်းစနစ်များကို ထည့်သွင်းထားကြောင်း သူ အာရုံခံနိုင်ပါ၏။

မကြာမီနှစ်များအတွင်း ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာမှုနှင့်အတူ နှစ်သောင်းချီ၍ ငုပ်လျှိုးနေခဲ့သော မြို့၏ ရှေးဟောင်း ဝင်္ကပါများမှာ စတင်နိုးထလာခဲ့လေပြီပင်။

သို့သော် သူ့ကို ဇဝေဇဝါဖြစ်စေခဲ့သည့်အရာမှာ ဤအရာဖြစ်သည်။

မြို့တွင်းရှိ ဝင်္ကပါများသည် လမ်းညွှန်မှုမရှိဘဲ အလိုအလျောက် လည်ပတ်နေပုံရပြီး ၎င်းတို့၏ ထိရောက်မှုကို နိမ့်ကျစေလေ၏။ မြို့တွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ အပြင်ဘက်ထက် သိသိသာသာ ပိုမိုသိပ်သည်းနေခြင်း မရှိဘဲ ကျိုးလီရွာတွင် သူ လုပ်ထားခဲ့သော အကောင်းဆုံး ဝင်္ကပါများနှင့် အလွန်ပင်ကွာခြားလှပေသည်။

ထို့အပြင် မြို့ခံများက သူ့ကို ထူးဆန်းသော အထင်အမြင်တစ်ခု ပေးစွမ်းနေလေသည်။

အများစုမှာ လောလောဆယ်ဆယ်တွင် သူတို့၏ မျက်နှာများပေါ်၌ တင်းမာသော အမူအရာများ ရှိနေကြသည်။

သူ၏ နတ်မျက်စိစွမ်းရည်က ရေခဲမြို့တော်တစ်လျှောက်တွင် အစွမ်းထက်သော တည်ရှိမှုများစွာကိုလည်း ထောက်လှမ်းမိပါ၏။

မွေးရာပါနယ်ပယ် ကျင့်ကြံသူအရေအတွက်မှာ တော်တော်များလှပြီး အခြေတည်အဆင့် ကျင့်ကြံသူအချို့ပင် ရှိနေသေးသည်။

ဤအရာက လုချင်းကို အံ့အားသင့်စေခဲ့ပါ၏။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာမှုကြောင့် သိုင်းပညာရှင်များစွာ ပိုမိုမြင့်မားသော အဆင့်များသို့ တက်လှမ်းနိုင်ခဲ့သည်မှာ မှန်သော်လည်း ရေခဲမြို့တော်ရှိ ကျွမ်းကျင်သူများ၏ များပြားလှသောအရေအတွက်မှာတော့ မကြုံစဖူးဖြစ်ပြီး ရွှမ်ခုန်းဘုရားကျောင်း၏ လျှို့ဝှက်နယ်မြေတွင် သူ ကြုံတွေ့ခဲ့ရသည်ထက်ပင် သာလွန်နေသေးသည်။

"ဒီနေရာမှာ အရေးကြီးတဲ့ကိစ္စတစ်ခုခုများ ဖြစ်တော့မလို့လား"

ဇဝေဇဝါဖြင့် လုချင်းသည် ရှောင်ယန်နှင့်အတူ မြို့ကို ဆက်လက်စူးစမ်းလေ့လာခဲ့ပြီး နောက်ဆုံးတွင် စည်ကားနေသော တည်းခိုခန်းတစ်ခုကို ရွေးချယ်လိုက်၏။ သီးသန့် အခန်းတစ်ခုကို ရယူပြီးနောက်၌ သူသည် ဒေသခံ ဟင်းလျာအချို့ကို မှာယူကာ ရှောင်ယန်နှင့် သူမ၏ အဖော်များနှင့်အတူ အစားအစာများကို စားသောက်ရန် ထိုင်လိုက်တော့သည်။

သူတို့ အစားအစာများကို ပျော်ရွှင်စွာ စားသောက်နေစဉ် လုချင်းသည် ပတ်ဝန်းကျင်ရှိ စကားပြောဆိုမှုများကို အာရုံစိုက်နေခဲ့လေသည်။

မွေးရာပါနယ်ပယ်တွင် ရှိနေသောသူများအပါအဝင် အစွမ်းထက်သော ကျင့်ကြံသူများ ထိုနေရာတွင် စားသောက်နေကြသောကြောင့် ဤတည်းခိုခန်းကို သူ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် စိတ်ဝင်စားစရာကောင်းသောအရာတစ်ခုကို သူ မကြာမီ ကြားလိုက်ရ၏။

"ဒီနေ့ ဟိုလူဆိုးကောင် တကယ်ကြီး ပေါ်လာလိမ့်မယ်လို့ မင်း ထင်လား"

ဘေးခန်းမှ တက်ကြွသော ဆွေးနွေးမှုတစ်ခု ထွက်ပေါ်လာခဲ့သည်။

မွေးရာပါနယ်ပယ်တွင် ရှိနေကြောင်း ညွှန်ပြနေသည့် အငွေ့အသက်ရှိသော တောင့်တင်းခိုင်မာသည့် လူကြီးတစ်ယောက်က ရုတ်တရက် မေးလိုက်တာပင်။

"မင်း စကားကို ဆင်ဆင်ခြင်ခြင်ပြောစမ်းပါကွာ။ လူဆိုး ဟုတ်လား။ အဲဒါက ချန်ဟန့်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်လေ။ အခု သူက လောကီရေးရာတွေကိုတောင် ကျော်လွန်သွားတဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ယောက်က်၊ နတ်ဘုရားဆန်တဲ့ စွမ်းရည်တွေရှိတဲ့ စစ်မှန်တဲ့ မသေမျိုး တစ်ယောက်လို့လည်း ပြောကြတယ်။

တကယ်လို့ မင်း သူ့ကို စော်ကားနေတာကိုသာ သူ ကြားသွားရင် မင်းကို အဲဒီနေရာမှာတင် သတ်ပစ်နိုင်တယ်နော် ၊ ပြီးတော့ ဘယ်သူကမှ မင်းအတွက် ဝင်ပြောရဲမှာ မဟုတ်ဘူး"

ထိုလူသည် သူ့အဖော်၏ ဆူပူမှုကို ချက်ချင်း ခံလိုက်ရလေသည်။

အပြစ်တင်ခံလိုက်ရသဖြင့် သူသည် ပို၍ရိုကျိုးသော လေသံဖြင့် စကားမဆက်မီ တုံ့ဆိုင်းနေခဲ့၏။ "ဒါဆိုလည်းကွာ... ချန်ဟန့်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ဒီနေ့ တကယ်ကြီး လာမယ်လို့ မင်း ထင်လား"

"ရေခဲနန်းတော်ကို ဒီလောက်ထိတောင် လူသိရှင်ကြား စိန်ခေါ်ပြီးမှ ဘယ်လိုလုပ် မလာဘဲ နေမှာလဲ။ တကယ်လို့ သူ မလာဘူးဆိုရင် ရယ်စရာကြီး ဖြစ်သွားမှာပေါ့"

"ဟုတ်တယ်နော်။ သူ ရေခဲနန်းတော်ပေါ် ဖြတ်ပျံသန်းပြရင်းနဲ့ သူ့ရဲ့ စိန်ခေါ်မှုကို ထုတ်ပြောတုံးက တော်တော်လေးကို ရဲရင့်ပြီး အထင်ကြီးလောက်စရာ ဖြစ်ခဲ့တာပဲ။ ဒီနေ့ကျမှ သူ မလာဘူးဆိုရင် တကယ်ပဲ အံ့သြစရာဖြစ်သွားမှာပဲ"

"တကယ်လို့ သူ လာခဲ့ရင် နန်းတော်သခင်ကကော သူ့စိန်ခေါ်မှုကို လက်ခံလိမ့်မယ်လို့ မင်း ထင်လား" တောင့်တင်းခိုင်မာသည့် လူကြီးက ထပ်မေးလိုက်ပြန်သည်။

"အဲဒါကိုကျ ပြောဖို့ ခက်တယ်။ ချန်ဟန့်ဂိုဏ်းခေါင်းဆောင်က လွန်ခဲ့တဲ့ တစ်လကမှ ချန်ဟန့်တောင်တန်းမှာ သူ့ရဲ့ မိုးကြိုးအတိဒုက္ခကို ကျော်ဖြတ်ပြီးတော့ ရွှေအမြုတေအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်သွားတယ်လို့ ကောလာဟလတွေ ထွက်နေတယ်လေ။ အခု သူက သာမန်လူတွေ နားလည်နိုင်စွမ်းထက် ကျော်လွန်တဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းရည်တွေကို ပိုင်ဆိုင်ထားတယ်မလား..."

...

အခန်း ၄၄၇ ၊ အပိုင်း (၂) - ရေခဲနန်းတော်၊ စိန်ခေါ်မှု

"အဲဒီနေ့တုန်းက မင်းတို့အားလုံးလည်း မြင်ခဲ့ကြတာပဲ။

ချန်ဟန့်ဂိုဏ်းခေါင်းဆောင်က လေဟုန်ကိုစီးပြီး ရောက်လာခဲ့တာလေ"

သူ၏ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုက မြို့တစ်မြို့လုံးကို ဖိနှိပ်ထားခဲ့လေ၏။

"ငါတို့ရဲ့ နန်းတော်သခင်က အစွမ်းထက်ပေမယ့်လည်း အဲဒါကို သူတို့ ခံနိုင်ရည်ရှိပါ့မလားဆိုတာတော့ ငါ မသေချာဘူး"

တောင့်တင်းခိုင်မာသည့် လူကြီး၏အဖော်က အခြေအနေကို ခွဲခြမ်းစိတ်ဖြာပြလေသည်။

ထိုအဖော်သည်လည်း အလားတူပင် အစွမ်းထက်သော အငွေ့အသက်ရှိပြီး အလယ်အလတ်အဆင့် မွေးရာပါနယ်ပယ်ရှိ ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ဤစကားကို ကြားသောအခါ သူတို့ စားပွဲရှိ ဖောက်သည်များမှာ တိတ်ဆိတ်သွားကြ၏။ ထို့နောက်၌ ချန်ဟန့်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် စိန်ခေါ်ခဲ့သည့်နေ့သို့ သူတို့၏ အတွေးများက ရောက်သွားခဲ့ကြတော့သည်။ သူ၏ လွှမ်းမိုးနိုင်လွန်းသော အငွေ့အသက်များက မွေးရာပါနယ်ပယ် ကျင့်ကြံသူများဖြစ်သည့် သူတို့အား နက်ရှိုင်းသော ကြောက်ရွံ့မှုတစ်ခုကိုသာ ခံစားရစေခဲ့ကာ ကြောက်ရွံ့ခြင်းမှလွဲ၍ အခြားအတွေးများအတွက် နေရာမရှိတော့အောင် ပြုလုပ်ခဲ့လေ၏။

အချိန်အတန်ကြာပြီးနောက် တစ်စုံတစ်ယောက်က သူတို့၏ ဇဝေဇဝါဖြစ်မှုကို ဖွင့်ဟလိုက်သည်။ "ထူးဆန်းတယ်လို့ မင်းတို့ မထင်ဘူးလား။ ချန်ဟန့်ဂိုဏ်းက ဂိုဏ်းငယ်လေးတစ်ခုပဲလေ။ သူတို့ရဲ့ ဂိုဏ်းခေါင်းဆောင်က ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နေရတာလဲ။ ကမ္ဘာကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေ ပြန်ပြီးနိုးထလာတာက အချိန်တိုလေးပဲ ရှိသေးတာလေ၊ ဒါပေမဲ့ သူကတော့ ရွှေအမြုတေအဆင့်ကို ရောက်ဖို့ မိုးကြိုးအတိဒုက္ခကိုတောင် ကျော်ဖြတ်နိုင်ခဲ့ပြီမဟုတ်လား။ မြင့်မြတ်သော တောင်တော်က သခင်မြတ်တွေတောင်မှ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လေးကမှ သူတို့ရဲ့ မိုးကြိုးအတိဒုက္ခတွေကို ကျော်ဖြတ်နိုင်ခဲ့ကြတာလေ"

"ဘယ်သူ သိမှာလဲ။ ချန်ဟန့်ဂိုဏ်းခေါင်းဆောင်က ရတနာတစ်ခုခု ရထားပြီး ဖုံးကွယ်ထားတာမျိုး ဖြစ်နိုင်တယ်လေကွာ။ ကမ္ဘာကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေ ပြန်ပြီးနိုးထလာတာက အဲဒါကို သန့်စင်ဖို့ အခွင့်ကောင်းဖြစ်သွားတာနေမှာပေါ့။ ကြည့်ရတာ ထိပ်ဆုံးကို ရောက်ဖို့ အခွင့်အရေးပေးလာတဲ့အချိန်အထိ စောင့်နေခဲ့တာမျိုးဖြစ်လောက်တယ်" တစ်စုံတစ်ယောက်က ခန့်မှန်းလိုက်သည်။

"မင်း အခု ပြောကာမှ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ကောလာဟလတချို့ ငါ ကြားခဲ့မိသေးတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က တာအိုစည်းချက်အသံတွေရဲ့ တတိယအကြိမ် ပဲ့တင်ထပ်လာချိန်တုံးက ကံကြမ္မာအလင်းတန်းတွေက ကျုံးကျိုးကနေ ဖြာထွက်လာပြီး ပြည်နယ်တွေအနှံ့ ပြန့်ကျဲသွားခဲ့တယ်လေ။ အဲဒီအလင်းတန်းတွေထဲက တစ်ခုက ချန်ဟန့်တောင်တန်းထဲကို ကျသွားတယ်လို့ ပြောကြတယ်။ အဲဒီအချိန်တုန်းက လူအများကြီး အဲဒါကို သွားရှာခဲ့ပေမယ့် ဘာမှ မတွေ့ခဲ့ရဘူးလေ။ အဲဒီအလင်းတန်းက ချန်ဟန့်ဂိုဏ်းခေါင်းဆောင်လက်ထဲ ရောက်သွားတယ်လို့ မင်းတို့ ထင်လား"

"ဘယ်သူ ပြောနိုင်မှာလဲ။ မင်းကော ချန်ဟန့်ဂိုဏ်းခေါင်းဆောင်ကို တိုက်ရိုက်သွားမေးရဲလို့လား"

ထိုအုပ်စုမှာ တစ်ဖန် တိတ်ဆိတ်သွားပြီးနောက် အားလုံးက ခေါင်းယမ်းလိုက်ကြသည်။

မည်သည့်အရူးကများ

ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးအား သူ၏ရတနာများနှင့် ပတ်သက်၍ မေးခွန်းထုတ်ရဲမည်နည်း။ ၎င်းမှာ သေချာပေါက် သေလမ်းရှာခြင်းပင်ဖြစ်၏။

...

ဤအကြောင်းအရာကို ကျော်သွားပြီးနောက်၌ တစ်စုံတစ်ယောက်က နောက်ထပ် မေးခွန်းတစ်ခုကို မေးလိုက်ပြန်၏။ "ဒါပေမဲ့ ဒီလောက် လူသိရှင်ကြား စိန်ခေါ်ရလောက်အောင် ချန်ဟန့်ဂိုဏ်းခေါင်းဆောင်က ရေခဲနန်းတော်အပေါ် ဘာရန်ငြိုးတွေများ ရှိလို့လဲ။ သူ့ရဲ့ ဇနီးနဲ့ ကလေး အသတ်ခံရတာမှာ ရေခဲနန်းတော်လည်း ပါနေတယ်လို့ သူ ပြောခဲ့တာကြီးက တကယ်ပဲဖြစ်နေမလား။ ဒါပေမဲ့ အဲဒါက မဖြစ်နိုင်သလိုပဲနော်။ အဓိက လျှို့ဝှက်နယ်မြေ လေးခုက အရမ်းကို အစွမ်းထက်တယ်လေ။ တကယ်လို့ အဲ့ဒီလိုရန်ငြိုးမျိုးသာ ရှိခဲ့ရင် ချန်ဟန့်ဂိုဏ်းက ဒီအချိန်အထိ ဘယ်လိုလုပ် ရှင်သန်နိုင်ခဲ့မှာလဲ"

"ပြောဖို့က ခက်တယ်ကွ။ ချန်ဟန့်ဂိုဏ်းခေါင်းဆောင်က အခု ရွှေအမြုတေအဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေပြီလေ။ သူ့မှာ လိမ်ပြောစရာအကြောင်းမှမရှိတာ။ ပြီးတော့ ရေခဲနန်းတော်က အဲဒီအချိန်တုန်းက သူ့ရဲ့ စွပ်စွဲချက်ကို မငြင်းခဲ့ဘူးဆိုတော့ သွယ်ဝိုက်ပြီး ဝန်ခံလိုက်သလို ဖြစ်နေတယ်လေ"

"တကယ်လို့ အဲဒါကသာ အမှန်ဆိုရင် ဒီနေ့ ရေခဲမြို့တော်ကတော့ တော်တော်လေးကို စည်ကားနေတော့မှာပဲဟေ့။ အဓိက လျှို့ဝှက်နယ်မြေ လေးခုထဲက တစ်ခုကို ကမ္ဘာရှေ့မှာ ပွင့်ပွင့်လင်းလင်း စိန်ခေါ်ခဲ့တာလေ။ တကယ်လို့ သူတို့သာ ရှုံးသွားရင် အဓိက လျှို့ဝှက်နယ်မြေ လေးခုရဲ့ ဒဏ္ဍာရီက ပြိုလဲသွားတော့မှာပေါ့"

အုပ်စုထဲမှ အချို့မှာ သူတစ်ပါး ဒုက္ခရောက်နေသည်ကို ဝမ်းသာသည့် မျက်နှာအမူအရာများ ရှိနေကြပြီး ပြဿနာများကို မွှေနှောက်ရမည့်အတွေးကိုလည်း ရှင်းလင်းစွာ နှစ်သက်နေကြလေ၏။

"ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်က ရေခဲနန်းတော်ကို တကယ်ပဲ စိန်ခေါ်နေတာလား"

လုချင်းသည် ထိုအုပ်စု၏ စကားပြောဆိုမှုများကို နားထောင်ရင်း ဤမျှလောက် အစွမ်းထက်သော ပုဂ္ဂိုလ်များ မြို့ထဲတွင် အဘယ်ကြောင့် စုဝေးနေကြသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့တော့၏။ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးက ရေခဲနန်းတော်ကို ယနေ့ လူသိရှင်ကြား စိန်ခေါ်ရန် ရည်ရွယ်ထားသောကြောင့် ဖြစ်သည်။ ဤအစွမ်းထက်သော လူအများစုမှာ ဤမြင်ကွင်းကို ကြည့်ရှုရန် လာရောက်ခဲ့ကြခြင်း ဖြစ်ဖွယ်ရှိပေသည်။ မည်သို့ပင်ဆိုစေ နှစ်သောင်းချီ၍ အဓိက လျှို့ဝှက်နယ်မြေ လေးခုသည် ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းသော အဆင့်အတန်းတစ်ခုကို ရယူထားခဲ့ပါ၏။ တစ်စုံတစ်ယောက်က သူတို့ကို စိန်ခေါ်ရန် ရဲဝံ့သည်ဟူသောအချက်သက်သက်ကပင် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အာရုံကို ဆွဲဆောင်ရန် လုံလောက်ပေသည်။

လုချင်းသည် ရှောင်ယန်နှင့်အတူ ခရီးသွားခြင်းနှင့် ရှုခင်းများကို ခံစားခြင်းတို့ဖြင့်သာ အလုပ်များလွန်းနေသဖြင့် ဤအကြောင်းများကို အစောပိုင်းက မကြားခဲ့ရခြင်း ဖြစ်သည်။

"ဒါပေမဲ့ ဂိုဏ်းငယ်လေးတစ်ခုရဲ့ ဂိုဏ်းခေါင်းဆောင်က ဒီလောက် အချိန်တိုအတွင်းမှာ ရွှေအမြုတေအဆင့်ကို ရောက်လာတယ်ဆိုတာကလေ၊ ကောင်းကင်ဘုံစွမ်းအင်အချို့ကို ရခဲ့ရင်တောင်မှ အံ့သြစရာကောင်းလွန်းနေတယ်မဟုတ်လား"

လုချင်း၏ အတွေးများမှာ တွေးတောမှုဘက်သို့ ရောက်သွားခဲ့လေသည်။

ထိုအုပ်စု ပြောခဲ့သော ကံကြမ္မာ အလင်းတန်းကို သဘာဝကျကျပင် သူ ရင်းနှီးပါ၏။ ၎င်းမှာ ကျုံးကျိုးရှိ ကောင်းကင်တာအိုစည်းချက်များ၏ တတိယအကြိမ် ပဲ့တင်ထပ်မှုအတွင်း ထွက်ပေါ်လာခဲ့သော ကောင်းကင်ဘုံစွမ်းအင် ဖြစ်ဖွယ်ရှိပေသည်။ ဤစွမ်းအင် အများစုကို မြို့တော်မြတ်တွင် နေထိုင်နေသော ကျွမ်းကျင်သူများက သိမ်းပိုက်သွားခဲ့သော်လည်း အပိုင်းအစအချို့မှာ အနီးအနားရှိ ပြည်နယ်များသို့ လွတ်မြောက်သွားပြီး အခြားသူများ၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။

သို့တိုင်အောင် နှစ်အနည်းငယ်အတွင်း ရွှေအမြုတေအဆင့်သို့ ရောက်ရှိရန်ဆိုသည်မှာ သာမန်မဟုတ်ချေ။

ဝိညာဉ်စွမ်းအင်များ ပြန်လည်မနိုးထလာမီက နေရာအများစုတွင် ကျင့်ကြံခြင်းမှာ အဓိက လျှို့ဝှက်နယ်မြေ လေးခု သို့မဟုတ် မြင့်မြတ်သော တောင်တော်ကဲ့သို့သော နေရာများမှလွဲ၍ အကောင်းဆုံး အနေအထားတွင်ပင် မွေးရာပါနယ်ပယ် အထွတ်အထိပ်၌သာ ကန့်သတ်ထားခဲ့သည်။ ဤကန့်သတ်ချက်သာ မရှိခဲ့လျှင် လီဝေ့ထျန်းချန်ပေ့သည်လည်း အဆင့်တက်ရန် မျှော်လင့်ချက်မဲ့စွာ ကြိုးစားရင်း အရာအားလုံးကို စွန့်စားခဲ့မည် မဟုတ်သလို နောက်ဆုံးတွင် စိတ်ပျက်လက်ပျက်ဖြင့် ဘဝအဆုံးသတ်အား ရင်ဆိုင်ခဲ့ရမည် မဟုတ်ချေ။

ထို့ကြောင့် ယုတ္တိကျကျဆိုရလျှင် ချန်ဟန့်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်သည် မွေးရာပါနယ်ပယ်မှ ရွှေအမြုတေအဆင့်သို့ နှစ်နှစ်၊ သုံးနှစ်အတွင်း ရောက်ရှိသွားခဲ့ခြင်း ဖြစ်ရမည်။ ထိုကဲ့သို့သော ကျင့်ကြံခြင်းအမြန်နှုန်းမှာ ကြောက်မက်ဖွယ်ကောင်းလှပေ၏။

ကောင်းကင်ဘုံစွမ်းအင်ကို ကိုယ်တိုင် သန့်စင်ခဲ့သော်လည်း လုချင်း၏ဆရာပင်လျှင် အခြေတည်အဆင့် အထွတ်အထိပ်သို့သာ ရောက်ရှိခဲ့ပြီး ရွှေအမြုတေအဆင့်သို့ အဆင့်တက်ရန် အခွင့်အရေးကို ရှာမတွေ့သေးချေ။

ချန်ဟန့်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်အနေဖြင့် ဤမျှ လျင်မြန်သော တိုးတက်မှုကို ရရှိခြင်းမှာ တကယ်ကို အံ့ဩဖွယ်ကောင်းလှပေ၏။

လုချင်းသည် ဤလျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်အပေါ် သိချင်စိတ်များ ကြီးထွားလာသည်ကို ခံစားလိုက်ရလေသည်။

ဤစိတ်ဝင်စားမှုနှင့်အတူ သူသည် သူ၏ အစားအစာကို ပြန်၍အာရုံစိုက်လိုက်တော့၏။ ရေခဲမြို့တော်၏ ဟင်းလျာများမှာ တကယ့်ကို အရသာရှိလှပါ၏။ အထူးသဖြင့် ကင်ထားသော အသားမှာ စစ်မှန်သော ဒေသစာ တစ်ခုပင်။ ပါးပါးလှီးထားပြီး ကောင်းစွာ စိမ်ထားသော အသားများမှာ အသားကင်နေစဉ်အချိန်မှာပင် ဆွဲဆောင်မှုရှိစွာ တပေါက်ပေါက်ဖြင့်မြည်တမ်းနေလေသည်။ စားသောက်ဆိုင်၏ ထူးခြားသော ဟင်းခတ်အမွှေးအကြိုင်များနှင့် တွဲဖက်လိုက်သောအခါတွင်တော့ ၎င်းမှာ ငြင်းဆန်၍မရနိုင်လောက်အောင် အရသာရှိလှပေသည်။ ရှောင်ယန်ပင်လျှင် သူမ၏ ပါးစပ်မှာ အဆီများဖြင့် တောက်ပနေပြီး ဘယ်လောက်စားစား မဝသေးသည့်ပုံပင်။ များသောအားဖြင့် ငါးကို ပိုနှစ်သက်သော ရှောင်လီသည်လည်း တော်တော်များများ စားခဲ့လေသည်။ ဝူရှင်းမှာတော့ ပို၍ပင် လွန်ကဲပြီး အသားတစ်ဖဲ့ပြီးတစ်ဖဲ့ အငမ်းမရ စားသောက်နေသဖြင့် လုချင်းမှာ သူတို့ကို အမီလိုက်နိုင်ရန် နောက်ထပ် အကြိမ်ကြိမ် မှာယူနေရလေ၏။

ကံကောင်းထောက်မစွာဖြင့် သူတို့သည် သီးသန့်အခန်းတစ်ခုကို မှာယူထားခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက ရှောင်လီနှင့် ဝူရှင်းတို့၏ စားသောက်မှု မြင်ကွင်းက သိသိသာသာပင် အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ပေလိမ့်မည်။ မြို့၏ အထက်တန်းလွှာများအကြား ထူးဆန်းသောအိမ်မွေးတိရစ္ဆာန်များမှာ အဆန်းမဟုတ်တော့သော်လည်း ရှောင်လီနှင့် ဝူရှင်းတို့၏ ထူးကဲသော တည်ရှိမှုနှင့် ယှဉ်နိုင်သူကတော့ အနည်းငယ်သာ ရှိလေသည်။

လုချင်းသည် စားသောက်ရင်း နားထောင်နေစဉ် လာမည့် စိန်ခေါ်မှုနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို ပိုမိုရရှိခဲ့ပါ၏။ ဥပမာအားဖြင့် ချန်ဟန့်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်သည် လွန်ခဲ့သော ခုနစ်ရက်က စိန်ခေါ်မှုကို ထုတ်ပြန်ခဲ့ပြီး ယနေ့ကို တိုက်ပွဲရက်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ သတိပေးချက် တိုတောင်းလွန်းသဖြင့် တက်ရောက်လာသော ကျွမ်းကျင်သူ အများစုမှာ အနီးအနားရှိ ပြည်နယ်များမှ ဖြစ်ကြသည်။ အကယ်၍ သတိပေးချက်သာ ပို၍ကြာရှည်ခဲ့ပါက ကြည့်ရှုသူအရေအတွက်မှာ အဆပေါင်းများစွာ များပြားလာဖွယ် ရှိ၏။

ထို့ပြင် ချန်ဟန့်ဂိုဏ်းခေါင်းဆောင်၏ သမိုင်းကြောင်းအချို့ကိုလည်း လုချင်း သိရှိခဲ့ရသည်။ လွန်ခဲ့သော ဆယ်စုနှစ်များစွာက ဂိုဏ်းကို မတည်ထောင်မီ သူ့၌ "အလှမယ် ဆယ်ဦး" စာရင်းဝင်သူများထက်ပင် သာလွန်သည်ဟု ဆိုကြသော လှပသည့် ဇနီးတစ်ဦး ရှိခဲ့ဖူးသည်ဟု ကောလာဟလ ထွက်ခဲ့သည်။ သို့သော် သူမနှင့် သူမ၏ ကလေးမှာ လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ပျောက်ကွယ်သွားခဲ့ပြီး ကလေးမွေးဖွားစဉ် သေဆုံးသွားခဲ့သည်ဟု ဆိုကြသည်။ ဝမ်းနည်းပူဆွေးမှုကြောင့် ဂိုဏ်းခေါင်းဆောင်၏ ဆံပင်များမှာ ညတွင်းချင်းပင် အဖြူရောင်သို့ပြောင်းသွားခဲ့၏။ ဆယ်စုနှစ်တစ်ခုကျော် တိတ်ဆိတ်နေပြီးနောက်၌ သူသည် ချန်ဟန့်ဂိုဏ်းကို တည်ထောင်ခဲ့ပြီး နှစ်ပေါင်းများစွာတောင် ကြာမြင့်ခဲ့ပြီပင် ဖြစ်သည်။

သို့သော် ယခုအခါ၌ သူ၏ ဇနီးနှင့် ကလေး သေဆုံးမှု နောက်ကွယ်တွင် မျက်စိဖြင့်မြင်ရသည်ထက် ပိုမိုနက်ရှိုင်းသော ဇာတ်လမ်းတစ်ခု ရှိနေပုံရ၏။

လုချင်းသည် ဘေးခန်းမှ စကားပြောဆိုမှုများကို ဆက်လက်နားထောင်နေစဉ် သိုင်းလောက၏ နောက်ဆုံးပေါ် ကောလာဟလများအကြောင်း တက်ကြွသော စကားပြောဆိုမှုများက အရသာရှိသော အစားအစာများနှင့် ချောမွေ့စွာ ရောနှောသွားပြီး အေးအေးဆေးဆေးရှိသော လေထုကို ဖန်တီးပေးခဲ့လေသည်။

ထို့နောက် သတိပေးချက်မရှိဘဲ သူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့တော့၏။

နောက်တစ်ခဏတွင်တော့ မိုးခြိမ်းသံကဲ့သို့သော အသံကြီးက မြို့တစ်မြို့လုံးတွင် ပဲ့တင်ထပ်သွားတော့လေသည်။

"ရွံစရာ‌ကောင်းတဲ့မိန်းမယုတ်... ငါ ရောက်လာပြီ။ မင်း သေဖို့ အဆင်သင့်ဖြစ်ပြီလား"

....

All Chapters