← Chapters

အခန်း (၄၄၈-၄၄၈)

Vol. 45 Ch. 448-448

အခန်း (၄၄၈-၄၄၈)

Vol. 45 Ch. 448-448

အခန်း ၄၄၈ ၊ အပိုင်း (၁) - အမှားအမှန်များ၏ ရှုပ်ထွေးမှု၊ ပြိုင်ဘက်ကင်း အလှပိုင်ရှင်။

"ရွံစရာကောင်းတဲ့ မိန်းမယုတ်... ငါ ရောက်လာပြီ မင်း သေဖို့ အဆင်သင့်ဖြစ်ပြီလား"

မိုးခြိမ်းသံကဲ့သို့သော အော်ဟစ်သံကြီးနှင့်အတူ လွှမ်းမိုးနိုင်လွန်းသော ဖိအားကြီးက ရေခဲမြို့တော်အပေါ်သို့ ကျဆင်းလာခဲ့လေသည်။

မြို့တွင်းရှိ လူတိုင်းသည် တောင်ကြီးတစ်လုံး သူတို့အပေါ် ဖိကျနေသကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များမှာ ထိုအလေးချိန်အောက်တွင် အလိုလိုပင်တုန်ရီနေကြရှာ၏။ မွေးရာပါ သို့မဟုတ် အခြေတည်အဆင့်တွင်ရှိစေကာမူ မြင်ကွင်းကို ကြည့်ရှုရန် အထူးလာရောက်ခဲ့သူများမှာ လုံးဝကို ထိတ်လန့်သွားကြ၏။

ရွှေအမြုတေအဆင့် ကျင့်ကြံသူများသည် အလွန်အမင်း အစွမ်းထက်ကြောင်း သူတို့ သိထားကြသော်လည်း တည်ရှိမှု သက်သက်ကပင် ဤမျှလောက် ကြောက်စရာကောင်းလိမ့်မည်ဟုတော့ သူတို့ မမျှော်လင့်ထားခဲ့ကြချေ။

သူတို့၏ ခြေလက်များ တုန်ရီနေစဉ် စိတ်ဓာတ်များကလည်း ကျဆင်းသွားလေသည်။ ဤဖိအား၏ အရိပ်အယောင်သဲ့သဲ့လေးကပင် မြို့တစ်မြို့လုံးကို ဖိနှိပ်ထားနိုင်ပေ၏။ ရွှေအမြုတေအဆင့်၏ အစွမ်းအာဏာမှာ တကယ်ကို ထိုက်တန်လှပေသည်။

"ဒါဆို တကယ်ပဲ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ပေါ့လေ"

သီးသန့်အခန်းတစ်ခုအတွင်း၌ လုချင်း၏ မျက်ခုံးများမှာ အငွေ့အသက်၏ အလေးချိန်ကို ခံစားရသောအခါ၌ အနည်းငယ် ပင့်တက်သွားသည်။

သူ့ထံမှ ညင်သာသော စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာပြီးနောက်၌ ရှောင်ယန်နှင့် ရှောင်လီတို့အား ဖိနှိပ်ထားသော စွမ်းအားမှ ကာကွယ်ရန် လွှမ်းခြုံပေးလိုက်လေသည်။

ထို့နောက် သူသည် ကိုယ်ပျောက်အဆောင်တစ်ခုကို အသက်သွင်းလိုက်ပြီး သူတို့၏ တည်ရှိမှုကို ဖုံးကွယ်လိုက်၏။ ပြီးနောက်မှ ရှောင်ယန်ကို ခေါ်ဆောင်ကာ သူတို့ ရှိနေသော တည်းခိုခန်း၏ ခေါင်မိုးပေါ်သို့ ပြောင်းရွှေ့သွားလိုက်သည်။

သူ ရွေးချယ်ခဲ့သော တည်းခိုခန်းမှာ ရေခဲမြို့တော်ရှိ အထင်ရှားဆုံး အဆောက်အအုံများအနက်မှ တစ်ခုဖြစ်သည်။ ယင်း၏ အမြင့်မှာ မြို့တော်၏ အလယ်ဗဟိုရှိ ခမ်းနားကြီးကျယ်သော ရေခဲနန်းတော် ပြီးလျှင် မြို့တော်ရှိ အမြင့်ဆုံး အဆောက်အအုံများအနက်မှ တစ်ခုဖြစ်စေခဲ့ပြီး ကြည့်ရှုရန်အတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်ပေသည်။

"ကိုကို... ဟိုလူကြီးရဲ့အသံက အရမ်းကြောက်စရာကောင်းတာပဲ‌နော်။ ဒီမှာ ရန်ပွဲတွေဖြစ်တော့မလို့လားဟင်" လွန်ခဲ့သော မိနစ်အနည်းငယ်က ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံကို ကြားခဲ့ရသဖြင့် ရှောင်ယန်က စိုးရိမ်တကြီး မေးလိုက်သည်။

"ကိုကိုတို့ စောင့်ကြည့်ကြရအောင်။ ကိုကိုတို့တွေ စိတ်ဝင်စားစရာကောင်းတဲ့ ပြပွဲတစ်ခုကိုတောင် ကြည့်ရကောင်းကြည့်ရနိုင်တယ်လေ" လုချင်းက အပြုံးဖြင့် ပြန်ဖြေလိုက်၏။

"ဟုတ်"

ထိုလူကြီးမှာ တော်တော်လေး ကြောက်စရာကောင်းပုံရသော်လည်း သူမ၏အစ်ကို ဘေးတွင် ရှိနေသရွေ့တော့ ရှောင်ယန်မှာ ကြောက်ရွံ့မှု မရှိခဲ့ချေ။

ထို့အပြင် ကောင်းကင်ယံရှိ ထိုလူ၏ အငွေ့အသက်မှာ ကြီးမားလှသော်လည်း ယခင်က သူတို့ရွာကို တိုက်ခိုက်ခဲ့သော ကျူးကျော်သူ နှစ်ဦးထက်တော့ များစွာ အားနည်းနေပေ၏။

စိတ်အေးသွားသော လုချင်းသည် သူ၏အကြည့်ကို မြို့လယ်ခေါင်ဆီသို့ လှည့်လိုက်တော့၏။

ကြီးမားလှသော ရေခဲနန်းတော်အထက်တွင် လေထဲ၌ ရပ်နေသော ပုံရိပ်တစ်ခု ရှိနေလေသည်။

ဤပုံရိပ်ထံမှ ထွက်ပေါ်လာသော အစွမ်းထက်သည့် အငွေ့အသက်က မိုင်အနည်းငယ်အတွင်းရှိ ပတ်ဝန်းကျင်မှ တိမ်များနှင့် မြူများကို တွန်းထုတ်နေလေ၏။

ထိုလူမှာ

အနီးအနားရှိ သိုင်းပညာရှင်များ ဆွေးနွေးနေခဲ့ကြသော ချန်ဟန့်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်ကြောင်း သေချာလှပေသည်။

သို့သော် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ဤသူသည် မွန်မြတ်ပြီး ယုံကြည်မှုရှိသောအငွေ့အသက်တစ်ခုအား ထုတ်လွှတ်နေသည်ကို တွေ့ရသဖြင့် လုချင်း အံ့အားသင့်သွားခဲ့ရ၏။

ယင်းမှာ "ချန်ဟန့်" ဟူသော နာမည်နှင့် ဆန့်ကျင်ဘက်ဖြစ်နေပုံပင်။

ဂိုဏ်း၏ နာမည်ကို ထောက်ရှုပါက ၎င်း၏ ခေါင်းဆောင်မှာ ဝမ်းနည်းပူဆွေးသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေမည်ဟု လုချင်း မျှော်လင့်ထားခဲ့မိပါ၏။

သိချင်စိတ်ဖြင့် ပြည့်နေသော လုချင်းသည် ထိုပုံရိပ်ကို စစ်ဆေးရန် သူ၏နတ်မျက်စိစွမ်းရည်ကို အသက်သွင်းလိုက်တော့သည်။

လုချင်း စုံစမ်းကြည့်နေစဉ် အောက်ဘက်ရှိ ရေခဲနန်းတော်ထံမှ မည်သည့် တုံ့ပြန်မှုမျှ မရှိသောအခါ၌ ချန်ဟန့်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"ငါ့ကို ရင်ဆိုင်ရမှာ ကြောက်နေတာလား။ ဒီလိုဆိုမှတော့ ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့"

ထိုသို့ပြောပြီးနောက် သူ၏ လက်ဖဝါးထဲတွင် မီးတောက်တစ်ခု ပေါ်လာပြီး လျင်မြန်စွာ စုစည်းကာ ဖိသိပ်သွားလေသည်။

မီးတောက်မှာ ဖိသိပ်သွားသည်နှင့်အမျှ ၎င်း၏ အရောင်မှာလည်း အနီရောင်မှ အပြာရောင်သို့ ပြောင်းလဲသွားခဲ့သည်။

ထို့နောက် အစွမ်းထက်သော စွမ်းအင်တစ်ခုက မီးတောက်ထံမှ ဖြာထွက်လာပြီး အောက်ဘက်ရှိ အေးခဲနေသော မြို့တော်ကို နွေးထွေးသွားစေခဲ့၏။

ထိုအခါ၌ ကြည့်ရှုနေသူများမှာ အံ့သြမှုနှင့်တကွ ကြောက်ရွံ့မှုတို့ဖြင့် တုန်ရီသွားကြလေသည်။

မီးတောက်တစ်ခုကတင် ရေခဲမြို့တော်၏ အပူချိန်ကို မြင့်တက်လာစေနိုင်သည်လော။ ယင်းထဲတွင် စိတ်ကူးယဉ်၍ပင်မရနိုင်လောက်သည်အထိ စွမ်းအားများ ပါဝင်နေရမည်ပင်။

"ရွံစရာကောင်းတဲ့ မိန်းမယုတ်။ တကယ်လို့ မင်း ထွက်မလာဘူးဆိုရင် ရေခဲမြို့တော်ကို မီးရှို့ပြီး မင်းရဲ့ရေခဲနန်းတော်ရဲ့ အခြေခံအုတ်မြစ်ကိုပါ ပြာကျသွားအောင် လုပ်ပစ်မယ်" အပြာရောင် မီးတောက်ကို မြှောက်ကိုင်ထားရင်း ဂိုဏ်းခေါင်းဆောင်က အေးစက်စွာ အော်ဟစ်လိုက်သည်။

"ဘာ.... မြို့ကို မီးရှို့မယ် ဟုတ်လား"

အောက်ဘက်ရှိ လူအုပ်ကြီးမှာ ထိတ်လန့်မှုများဖြင့် ပေါက်ကွဲထွက်သွားခဲ့လေသည်။

ဂိုဏ်းခေါင်းဆောင်သည် သူ၏ ခြိမ်းခြောက်မှုကို အကောင်အထည်ဖော်နိုင်စွမ်းရှိကြောင်း မည်သူမျှ သံသယမရှိခဲ့ချေ။ သူ့လက်ထဲရှိ မီးတောက်ကို မြင်ရုံမျှဖြင့်ပင် ယင်းအတွင်း ပါဝင်သော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို ဖော်ပြရန် လုံလောက်ပေသည်။

"အဲဒီလောက်တောင် ရက်စက်တာလား" လုချင်းက အံ့အားသင့်စွာ ရေရွတ်လိုက်၏။

သို့သော် သူ့ကို ပို၍ စိတ်ဝင်စားစေခဲ့သည်မှာ ဂိုဏ်းခေါင်းဆောင်၏ ပတ်ဝန်းကျင်တွင် ပေါ်လာသော စာတန်းများပင်။

[လီချန်ပေါ် - ချန်ဟန့်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်၊ ကောက်ကျစ်ပြီး ခန့်မှန်းရခက်သော သဘာဝ ရှိသည်။]

[ကျင့်ကြံခြင်းအဆင့် - အငယ်တန်းအဆင့် ရွှေအမြုတေ၊ မကြာသေးမီကမှ အဆင့်တက်လှမ်းထားသည်။]

[အချိန်တိုအတွင်း အဆင့်တက်ရန် ဝိညာဉ်ကျောက်တုံးအများအပြားကို အတင်းအကျပ် သန့်စင်ခဲ့သဖြင့် သူ၏အခြေခံအုတ်မြစ်မှာ မတည်မငြိမ်ဖြစ်နေပြီး အလားအလာကန့်သတ်ချက် ရှိသည်။]

[ကျင့်ကြံခြင်းကို လျင်မြန်စွာ မြှင့်တင်ပေးနိုင်သော ပျက်စီးနေသည့် ဝိညာဉ်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားသည်။]

[ရေခဲနန်းတော်ကို ယခုလို စိန်ခေါ်ခြင်းမှာ သူ၏ ဇနီးနှင့် ကလေးအတွက် လက်စားချေရန် အကြောင်းပြချက်ပေးထားသော်လည်း သူ့တွင် အခြား ရည်ရွယ်ချက်များ ရှိနေသည်။]

...

အချက်အလက်များကို အကြမ်းဖျင်း ဖတ်ရှုပြီးနောက် လုချင်းသည် အခြေအနေကို နားလည်သွားခဲ့၏။

"ဒါဆို တခြားရည်ရွယ်ချက်တစ်ခုခုတွက် လက်စားချေဖို့ ဟန်ဆောင်နေတာပေါ့လေ"

ဂိုဏ်းခေါင်းဆောင်၏ အမူအကျင့်နှင့် ရုပ်သွင်မှာ နက်ရှိုင်းသော ဝမ်းနည်းမှုနှင့် အမုန်းတရားများ ဝန်ပိနေသူတစ်ဦးနှင့် မကိုက်ညီချေ။ မျှော်လင့်ထားသည့်အတိုင်း ဇာတ်လမ်းထဲတွင် အခြားအရာများ ရှိနေသေးပါ၏။

သို့သော်...

လုချင်း၏ အကြည့်များမှာ အချက်အလက်တစ်ခုအပေါ်တွင်သာ စူးစိုက်နေလေသည်။

"ဝိညာဉ်ကျောက်တုံးအများကြီးကို သန့်စင်ခဲ့တယ်တဲ့လား... ဒါဆို အဲ့ဒီလူက ဝိညာဉ်ကျောက်တုံးအများကြီးကို သိုလှောင်ထားတယ်ပေါ့လေ"

လုချင်း၏ မျက်လုံးများတွင် သိမ်မွေ့သော အလင်းတန်းတစ်ခု လက်ခနဲ ပေါ်လာသော်လည်း သူ ချက်ချင်း မလှုပ်ရှားခဲ့ချေ။

အဓိက လျှို့ဝှက်နယ်မြေလေးခုအနက်မှ တစ်ခုဖြစ်သော ရေခဲနန်းတော်သည် ဤကဲ့သို့သော ပွင့်လင်းသည့် ရန်စမှုအား မည်သို့ တုံ့ပြန်မည်ကို သူ မြင်တွေ့ချင်သေးပါ၏။

မြို့၏ ထိတ်လန့်မှုများကြားတွင် အေးချမ်းတည်ငြိမ်ပြီး အေးစက်သောအသံတစ်ခုက ခမ်းနားကြီးကျယ်သော ရေခဲနန်းတော်မှ နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့တော့သည်။

"လီချန်ပေါ်...ရှင် ဒီလောက်တောင် ရန်လိုနေဖို့လိုလို့လား"

ဤစကားကို ကြားသောအခါ လုချင်းသည် မျက်ခုံးပင့်လိုက်သည်။ "ရေခဲနန်းတော်ရဲ့ နန်းတော်သခင်က မိန်းမတစ်ယောက်လား။ ပြီးတော့ သူ့အသံကို ကြည့်ရတာ အဘွားကြီးတစ်ယောက်နဲ့ မတူဘူးပဲ"

ဟုတ်ပါ၏၊ အသံတစ်ခုတည်းဖြင့် အသက်အရွယ်ကို မဆုံးဖြတ်သင့်ကြောင်း လုချင်း ကောင်းကောင်း သိထားလေသည်။

မည်သို့ပင်ဆိုစေ ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းနေသူများအတွက် အဓိက အဆင့်တက်မှုတိုင်းသည် သူတို့၏ ခန္ဓာကိုယ်ကို ပြန်၍နုပျိုစေနိုင်ပေသည်။ အချိန်ကို နောက်ပြန်ဆုတ်ခြင်းပင်လျှင် ဖြစ်နိုင်ပါ၏။

"ရွံစရာကောင်းတဲ့ မိန်းမယုတ်...မင်း နောက်ဆုံးတော့ ထွက်လာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့လေ။ မင်းရဲ့ အဲဒီသေနေတဲ့ ရေခဲနန်းတော်ထဲမှာပဲ ထာဝရ ပုန်းနေမယ်လို့ ငါ ထင်ခဲ့တာ" လီချန်ပေါ်က လှောင်ပြောင်လိုက်သည်။

သို့သော် သူ၏လက်ထဲရှိ မီးတောက်မှာတော့ လွင့်စင်မသွားခဲ့ချေ။

"လီချန်ပေါ်...ရှင် အတိဒုက္ခကို ရင်ဆိုင်ပြီးတေယ့ ရွှေအမြုတေအဆင့်ကိုတောင် ရောက်သွားပြီမို့လား။ တကယ့်ကို အထင်ကြီးလောက်စရာပါပဲ။

ဒါပေမဲ့ ဒီလိုစိန်ခေါ်စရာမလိုပါဘူး။ ကျွန်မရဲ့ ရေခဲနန်းတော်က အရှုံးပေးပါတယ်"

သူမ၏ လေသံမှာ ခံစားချက်ကင်းမဲ့နေလေ၏။

ဤစကားများက မြို့တစ်မြို့လုံးကို တုန်လှုပ်သွားစေခဲ့သည်။

သူတို့က တိုက်ခိုက်ဖို့တောင် မစရသေးဘူးလေ၊ အဓိက လျှို့ဝှက်နယ်မြေလေးခုထဲက တစ်ခုဖြစ်တဲ့ ရေခဲနန်းတော်က အရှုံးပေးလိုက်ပြီတဲ့လား။

"အရှုံးပေးတယ် ဟုတ်လား။ ရိုးရိုးလေး အရှုံးပေးလိုက်တာနဲ့ လုံလောက်မယ်လို့များ မင်းက ထင်နေတာလား။ အဲဒီလောက် မလွယ်ဘူးကွ"

....

အခန်း ၄၄၈ ၊ အပိုင်း (၂) - အမှားအမှန်များ၏ ရှုပ်ထွေးမှု၊ ပြိုင်ဘက်ကင်း အလှပိုင်ရှင်။

ဤစကားများကို ကြားသောအခါ လီချန်ပေါ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။

"ရွံစရာကောင်းတဲ့ မိန်းမယုတ်... အဲဒီတုန်းက မင်းတို့ရဲ့ ရေခဲနန်းတော်က ငါ့ရဲ့ ဇနီးနဲ့ ကလေးကို သေအောင်လို့ ဘယ်လိုတောင်တွန်းပို့ခဲ့လဲဆိုတာ မင်း မေ့သွားပြီလား။ ဒီနေ့ မင်းမှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်။ အသေအကြေတိုက်မဲ့တိုက်ပွဲမှာ ငါ့ကို ရင်ဆိုင်မလား၊ ဒါမှမဟုတ် ရေခဲမြို့တော်ကို ငါ မီးရှို့ပစ်တာကိုပဲ စောင့်ကြည့်မလား။

မင်းတို့ရဲ့ ရေခဲနန်းတော်က လူတွေနဲ့ချည်း ပြည့်နေတဲ့ ဒီမြို့ကြီးတစ်မြို့လုံးကို သနားစရာကောင်းအောင် သေဆုံးသွားခဲ့ရရှာတဲ့ ငါ့ရဲ့ဇနီးနဲ့ ကလေးနဲ့အတူတူ မြုပ်နှံပေးမယ်။"

"ငါတို့က... သူ့ရဲ့ဇနီးနဲ့ ကလေးနဲ့တူတူ မြုပ်နှံခံရမယ် ဟုတ်လား"

"ချန်ဟန့်ဂိုဏ်းခေါင်းဆောင်တော့ ရူးသွားပြီဟေ့"

"ပြေးကြ"

လီချန်ပေါ်၏ ခြိမ်းခြောက်သည့် ကြေညာချက် ပဲ့တင်ထပ်သွားသည်နှင့် ရေခဲမြို့တော်အနှံ့အပြားတွင် ထိတ်လန့်မှုများ ပေါက်ကွဲထွက်လာခဲ့တော့သည်။

သိုင်းကျင့်ကြံသူအများအပြားမှာ ပြဇာတ်ကို စောင့်ကြည့်ရန် လာရောက်ခဲ့သည့် သူတို့၏ ဆုံးဖြတ်ချက်ကိုပင် နောင်တရနေကြလေသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည့် ချန်ဟန့်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်သည် သူ၏ ကြာမြင့်စွာကတည်းက သေဆုံးသွားခဲ့သော ဇနီးနှင့် ကလေးအတွက် လက်စားချေရာတွင် အပြစ်ကင်းမဲ့သော အသက်များကိုပင် စတေးဖို့ ကြံရွယ်သည့်အတွက် ယုတ်ညံ့လိမ့်မည်ဟု မည်သူကများ မျှော်လင့်ထားနိုင်မည်နည်း။

"လီချန်ပေါ်... အရမ်းကြီး မလွန်လာနဲ့"

နန်းတော်ထဲမှ အေးစက်သော အသံမှာ ပို၍ပင်အေးစက်လာခဲ့လေသည်။ "ရှင်က အတိတ်ကကိစ္စတွေကို တူးဖော်ချင်နေမှတော့ ဒီနေ့ အဲဒီအကြောင်းတွေကို သေချာ ဆွေးနွေးကြတာပေါ့။

ရှင် မေ့သွားပြီလား။ ရှင့်ရဲ့ ဇနီးနဲ့ ကလေးကို သေအောင် တွန်းပို့ခဲ့တာက ရှင်ကိုယ်တိုင်ပဲလေ"

သူမ၏ စကားများက ယခင်က ရှုပ်ထွေးနေခဲ့သော မြို့တော်ကို ရုတ်တရက် တိတ်ဆိတ်သွားစေခဲ့သည်။ မျက်လုံးအားလုံးမှာ ကောင်းကင်ယံရှိ ပုံရိပ်ဆီသို့သာ ရောက်သွားကြလေ၏။

သူ၏ ဇနီးနှင့် ကလေး သေဆုံးမှုနောက်ကွယ်တွင် ဖုံးကွယ်ထားသော အမှန်တရားတစ်ခုခု ရှိနေနိုင်မည်လော။

"အဓိပ္ပာယ်မရှိတာ" လီချန်ပေါ်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ "ငါ့ရဲ့ ဇနီးနဲ့ ကလေးကို မင်းတို့ကပဲ သေအောင် တွန်းပို့ခဲ့တာလေ။ ရှင်းနေတာပဲကိုး။ တကယ်လို့ မင်း ဒီလို အဓိပ္ပာယ်မရှိတာတွေကို ထပ်ပြောရဲရင် မင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်"

"ကျွန်မက အဓိပ္ပာယ်မရှိတာတွေကို ပြောနေတယ် ဟုတ်လား" အေးစက်သော အသံက အေးစက်စွာ ရယ်မောလိုက်လေသည်။ "လီချန်ပေါ်... နှစ်တွေ အများကြီး ကြာသွားပြီဆိုတာနဲ့ အမှန်တရားကို လိမ်လို့ရမယ်လို့တော့ မထင်နဲ့။

အဲဒီတုန်းက ရှင်က ကျွန်မရဲ့ ရေခဲနန်းတော်က မိန်းကလေးကို လှည့်စားဖို့ ချိုမြိန်တဲ့စကားတွေကို သုံးခဲ့ရုံတင်မကဘဲ သူ ခရီးထွက်နေတုန်းမှာ ရှင်နဲ့ လက်ထပ်အောင်လို့ပါ သွေးဆောင်ခဲ့တယ်လေ။

ဒီအကြောင်းကို ကျွန်မအမေ သိသွားတော့ ရှင့်ကို တာဝန်ယူခိုင်းဖို့ လူလွှတ်ခဲ့တယ်။

ဒါပေမဲ့ ရှင်ကတော့ ကောက်ကျစ်ယုတ်မာခဲ့တယ်လေ။ အချစ်သာရှိရင် သေမင်းကိုတောင် အတူတူရင်ဆိုင်ရဲတယ်ဆိုတဲ့ တော်တော်လေးကိုမှ သစ္စာရှိတဲ့ လင်မယားအဖြစ်တောင် ဟန်ဆောင်လိုက်သေး။

ဟန်ဆောင်ကောင်းလွန်းတော့ ကျွန်မအမေကလည်း သနားသွားပြီး ရှင်တို့ကို လွှတ်ပေးခဲ့တယ်လေ၊ အဲ့မိန်းကလေးကိုတော့ လျှို့ဝှက်နယ်မြေကနေ နှင်ထုတ်ရုံလေးလုပ်ပြီး ရှင်တို့နှစ်ယောက်ကို ကိုယ့်ဘာသာကိုယ် ရပ်တည်ခွင့်ပေးခဲ့တယ်။

ဒီအရာအားလုံးက ရှင့်ရဲ့ကြိုတင်တွက်ချက်ထားတဲ့အကြံအစည်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

ရှင်က အဲ့မိန်းကလေးကို ရှင်နဲ့ လက်ထပ်အောင်လို့ လှည့်စားခဲ့ပြီးတော့ သူ့အပေါ် သစ္စာရှိသလိုတောင်ဟန်ဆောင်လိုက်သေးတယ်။ အဲ့မိန်းကလေး ရှင့်အပေါ် လုံးဝပစ်ဝင်သွားတဲ့အထိကို ရှင်က အယုံသွင်းခဲ့တာလေ။

နောက်ဆုံးကျ ရှင့်ရဲ့သစ္စာဖောက်အကြံစည်ကိုတောင် လိုက်လုပ်ပေးလိုက်သေးတယ်။ သူ့ကိုယ်သူ စွန့်ပစ်ခံရသလို ဟန်ဆောင်ရင်းနဲ့

လျှို့ဝှက်နယ်မြေထဲကို ပြန်ဝင်ခွင့်ရဖို့ ကျွန်မအမေရဲ့ သနားကြင်နာမှုကိုတောင် အမြတ်ထုတ်ခဲ့တယ်လေ။

ဒါပေမဲ့ သူ ပြန်ရောက်လာပြီး သိပ်မကြာပါဘူး၊ ကျွန်မတို့ ရေခဲနန်းတော်ကနေ ဘိုးဘွားအစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့ ရှေးဟောင်းရတနာတစ်ခုကို ခိုးဖို့ အစောင့်အကြပ်မရှိတဲ့ အချိန်ကိုချည်း သူ ချောင်းမြောင်းနေခဲ့တယ်လေ။

အဲ့မိန်းကလေးကို ဖမ်းမိခဲ့တာတောင်မှ အဲ့ရတနာကို ဘယ်နေရာမှာမှ ရှာမတွေ့တော့ဘူး။

အပြင်းထန်ဆုံး စစ်ဆေးမေးမြန်းမှုတွေအောက်မှာတောင် အဲ့ရတနာရဲ့တည်နေရာကို ပြောပြဖို့ သူက ငြင်းဆန်ခဲ့တယ်။

နောက်ဆုံးကျ သူလည်း သေသွားခဲ့တယ်။ သူ့ရဲ့ မမွေးသေးတဲ့ ကလေးကိုပါ သူနဲ့အတူ ခေါ်သွားခဲ့တယ်လေ။

သူ မသေခင်မှာတောင် တကယ်လို့ ရှင့်ကို ရှာတွေ့ခဲ့ရင် ရှင့်ရဲ့ အသက်ကို ချမ်းသာပေးဖို့ ကျွန်မအမေကိုတောင် သူက တောင်းပန်ခဲ့သေးတယ်။

လီချန်ပေါ်...ကျွန်မကို ပြောစမ်းပါဦး၊ ရှင့်ရဲ့ ဇနီးနဲ့ ကလေးကို သေအောင် တွန်းပို့ခဲ့တာက ရှင်ပဲ မဟုတ်ဘူးလား။

ချန်ဟန့်ဂိုဏ်းကို တည်ထောင်လိုက်တာနဲ့တင် ရှင့်ရဲ့ လုပ်ရပ်တွေကို ကျွန်မရဲ့ ရေခဲနန်းတော်က မသိတော့ဘူးလို့များ ရှင်က ထင်နေတာလား။

အဲ့မိန်းကလေးကိုပေးခဲ့တဲ့ ကျွန်မအမေရဲ့ ကတိက ရှင့်ကို ဒီအချိန်အထိ အသက်ရှင်ခွင့်ပေးခဲ့ရတဲ့ တစ်ခုတည်းသောအကြောင်းရင်းပဲ။

ရှင့်ရဲ့ အသက်ကို ချမ်းသာပေးလိုက်တာက ကျွန်မရဲ့ ရေခဲနန်းတော်ကိုတောင် လာပြီးအနိုင်ကျင့်ဖို့ အခွင့်အရေးရစေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"

ရေခဲနန်းတော်သခင်၏ စကားများ လေထုထဲတွင် ပျံ့လွင့်သွားသောအခါ၌ မြို့တစ်မြို့လုံးမှာ သေမတတ် တိတ်ဆိတ်သွားခဲ့လေသည်။

ချန်ဟန့်ဂိုဏ်းခေါင်းဆောင်၏ ဇနီးနှင့် ကလေး၏ ကြေကွဲဖွယ် သေဆုံးမှုနောက်ကွယ်တွင် ဤမျှ ရှုပ်ထွေးသော ဇာတ်လမ်းတစ်ခု ရှိနေလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြချေ။

အကယ်၍ သူမ၏ ဇာတ်လမ်းသာ မှန်ကန်ပါက လီချန်ပေါ်သည် သူတို့၏ သေဆုံးမှုများကို ကိုယ်တိုင်ကိုယ်ကျ ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုခြင်းမှာ မမှားပေ။

"မင်း လိမ်နေတယပဲ။ ရွံစရာကောင်းတဲ့ မိန်းမယုတ်... အမှန်တရားကိုတောင် လိီဆယ်ပြီးပြောရဲတယ်ပေါ့လေ"

လီချန်ပေါ်က ဒေါသတကြီး အော်ဟစ်လိုက်၏။ "အဲဒီရတနာက အစကတည်းက ငါ့ဇနီးရဲ့ ဘိုးဘွားပိုင်အမွေအနှစ်ပဲ။

သူက မင်းတို့ရဲ့ ရေခဲနန်းတော်ရဲ့သွေးသားရင်းချာ အဓိကမျိုးဆက်ပဲ။

အဲ့ဒါကို မင်းရဲ့ အဆိပ်ပြင်းတဲ့အမေက ယုတ်မာတဲ့အကြံအစည်နဲ့ နန်းတော်သခင်နေရာကို အတင်းသိမ်းပိုက်ခဲ့တာလေ။

ငါ့ဇနီးက သူ ပိုင်ဆိုင်တဲ့အရာကို ပြန်ယူတာ ဘာမှားလို့လဲ။

မင်းရဲ့အဆိပ်ပြင်းတဲ့ အမေက အဲဒီလောက်တောင် သဘောကောင်းတယ်လို့ မင်း ထင်နေတာလား။

သူက အသက်သွေးတွေအများကြီးကို စတေးပြီး လှည့်စားမှုတွေနဲ့ နန်းတော်သခင်နေရာကို ယူခဲ့တာလေ။

သူ့ရင်ထဲက အပြစ်ရှိစိတ်ကြောင့် စိတ်သက်သာရာရဖို့ ငါ့ဇနီးကို နှစ်သိမ့်ချင်ယောင် ဆောင်ခဲ့တာ။"

ဒါပေမဲ့ ကောင်းကင်ဘုံက အကုန် မြင်တယ်။ ဒီလို ဟန်ဆောင်မှုမျိုးက အမှန်တရားကို ဖုံးကွယ်ထားလို့ မရဘူးလေ။

အတိဒုက္ခကို ကျော်ဖြတ်တုံး ကျရှုံးခဲ့ရတာက ကောင်းကင်ဘုံကစီမံပေးလိုက်တဲ့ တရားမျှတမှုရဲ့ အကြီးမားဆုံးသက်သေပြချက်ပဲ၊ အဲ့ဒါက သူ့ရဲ့ နောက်ဆုံး ဝဋ်လည်မှုကြီးပဲ"

ဤစကားကို ကြားသောအခါ နန်းတော်ထဲမှ အေးစက်သော အသံမှာ တိတ်ဆိတ်သွားလေသည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ယင်းက သက်ပြင်းချလိုက်သည်။ "ဟုတ်တယ်၊ ငါ့အမေက အဓိက သွေးသားရင်းချာမျိုးဆက်အပေါ်မှာ အမှားလုပ်ခဲ့တယ်။ သူ့ရဲ့ အတိဒုက္ခကျော်ဖြတ်တာမှာ ကျရှုံးခဲ့ရတာကလည်း သူ ခံစားနေရတဲ့ အပြစ်ရှိစိတ်ကြောင့်ဆိုတာဟုတ်တယ်"

ဤဖွင့်ဟချက်ကြောင့် မြို့တစ်မြို့လုံး ရုတ်တရက် နားလည်သွားခဲ့လေသည်။ ခမ်းနားကြီးကျယ်သော ရေခဲနန်းတော်ပင်လျှင် အတွင်းရေးပဋိပက္ခများ မရှိခဲ့ခြင်း မဟုတ်ချေ။

အနည်းဆုံးတော့ ယင်း၏သမိုင်းတစ်လျှောက်မှာ နန်းတော်သခင်နေရာအား အပြောင်းအလဲဖြစ်စေခဲ့သော ကြီးမားလှသည့် အာဏာလုပွဲကြီးတစ်ခုလောက်တော့ ရှိခဲ့ဖူးသည်မှာ အသေအချာပဲပင်။

"ဒါပေမဲ့"

အေးစက်သောအသံမှာ တစ်ဖန် ပြန်၍စူးရှလာပြန်၏။

"ငါ့အမေရဲ့ အပြစ်ရှိစိတ်က အဓိက သွေးသားရင်းချာမျိုးဆက်အပေါ်မှာပဲရှိတာ။

ဒါပေမဲ့ ရှင်... လီချန်ပေါ်။ ရှင်ကတော့ ရတနာအတွက်နဲ့ ယုတ်မာတဲ့အကြံအစည်ကို‌တောင် လုပ်ခဲ့တယ်၊ အဲ့မိန်းကလေးကိုလည လှည့်စားခဲ့တယ်၊ နောက်ဆုံးကျ သူ့ကို သနားစရာကောင်းလောက်အောင် သေဆုံးစေခဲ့တယ်လေ။ အဲဒါကလည်း အမှန်တရားပဲ

ဒီနှစ်ခုကြားက ကွာခြားချက်ကိုတောင် ကျွန်မ မခွဲခြားနိုင်ဘူးလို့များ ရှင်က ထင်နေတာလား။

လီချန်ပေါ်... ရှင်က ကျွန်မအိမ်ပေါက်ဝအထိ ရောက်လာတယ်၊ ကျွန်မအမေရဲ့အတိဒုက္ခကျရှုံးတာကို အခွင့်ကောင်းယူပြီးတော့ ရေခဲနန်းတော်ကို အကာအကွယ်မဲ့နေပြီလို့ ထင်နေတာမလား။

ရှင်က ဒီလောက်တောင် ရန်လိုနေမှတော့လည်း ကောင်းပြီလေ။ ရှင်နဲ့ ကျွန်မ တိုက်ခိုက်ကြတာပေါ့။

ရှင့်ရဲ့ အသစ်စက်စက် ရွှေအမြုတေလေးက ရှင့်ကို တကယ်ပဲ အနိုင်မခံအရှုံးမပေးဖြစ်စေသလားဆိုတာ ကြည့်ကြသေးတာပေါ့"

ရုတ်တရက်ဆိုသလို ရေခဲနန်းတော်အတွင်းမှ ပုံရိပ်တစ်ခု လွင့်မျောထွက်ပေါ်လာပြီး လီချန်ပေါ်နှင့် မနီးမဝေးတွင် ရပ်တန့်လိုက်သောအခါ၊ ပတ်ဝန်းကျင်တစ်ခုလုံးတွင် အသက်ရှူမှားလောက်စရာ တိတ်ဆိတ်မှုတစ်ခု လွှမ်းမိုးသွားလေသည်။

"ရေခဲနန်းတော်သခင်က စိန်ခေါ်မှုကို လက်ခံလိုက်ပြီဟေ့"

လူအုပ်ကြီးသည် မျက်လုံးများ ပြူးကျယ်လျက် ထိုပုံရိပ်ကို စူးစိုက်ကြည့်နေကြသည်။ ရေခဲမြို့တော်၏ မြို့သူမြို့သားများပင်လျှင် ဤမြင်ကွင်းကို ရင်တထိတ်ထိတ်ဖြင့် ကြည့်နေမိကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ လေးစားမြတ်နိုးရပါသော နန်းတော်သခင်၏ မျက်နှာအစစ်အမှန်ကို မြင်ဖူးသူဟူ၍ လက်ချိုးရေတွက်နိုင်လောက်အောင် နည်းပါးလွန်းသောကြောင့်ပင်။

ထို့နောက် သူမ၏ ရုပ်သွင်ကို ရှင်းလင်းစွာ မြင်လိုက်ရသည့်ခဏ၌ အားလုံးသည် အသက်ရှူရန်ပင် မေ့လျော့သွားကြသည့်အလား မှင်သက်သွားကြတော့၏။

သူမ၏ အလှတရားမှာ ရိုးရှင်းသော်လည်း ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်။ လွင့်မျောနေသော ဝတ်ရုံဖြူများကြားတွင် အေးစက်သော်လည်း မြင့်မြတ်ယဉ်ကျေးသည့် အငွေ့အသက်များ ဝန်းရံထားပြီး၊ သူမ၏ မျက်နှာမှာ နတ်ဘုရားတို့၏ လက်ရာမြောက်သည့် ဖန်တီးမှုတစ်ခုအလား ပြိုင်ဘက်ကင်းလွန်းလှရာ ကြည့်မိသူတိုင်းကို ဝိညာဉ်လွင့်မတတ် စွဲမက်စေသည်။

"ဘယ်လိုတောင် လှရက်လိုက်တဲ့ မကြီးလည်းနော်..." တည်းခိုခန်းခေါင်မိုးပေါ်မှနေ၍ ရှောင်ယန်က အံ့သြစွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူမ၏ စိတ်ထဲတွင် ဤဝတ်ရုံဖြူရှင်မလေး၏ အလှတရားမှာ ဟူကျိကျစ်ထက်ပင် သာလွန်နေသကဲ့သို့ ခံစားနေရ၏။

"အရမ်း ငယ်သေးတာပဲ..." လုချင်းကလည်း တီးတိုးဆိုသည်။ ရေခဲနန်းတော်သခင်၏ နုပျိုမှုကို မြင်လိုက်ရသောအခါ၌ သူ အတန်ငယ် အံ့အားသင့်သွားမိခဲ့ပါ၏။ သူ၏ မြင့်မားသော ကျင့်ကြံဆင့်အရ သူမ၏ နုပျိုမှုမှာ ဆေးဝါး သို့မဟုတ် အတတ်ပညာတစ်ခုခုဖြင့် ဖန်တီးထားခြင်းမဟုတ်ဘဲ အစစ်အမှန် အသက်အရွယ်ဖြစ်ကြောင်း သိမြင်နိုင်လေသည်။

သူမ၏ အလှတရားမှာ မှတ်သားလောက်ဖွယ် ဖြစ်သော်လည်း လုချင်း၏ တာအိုနှလုံးသားကိုတော့ တုန်လှုပ်စေခြင်း မရှိခဲ့ချေ။ သူ၏အဆင့်အတန်းတွင် ပြင်ပရုပ်သွင်ဟူသည် အနှစ်သာရမရှိသော အရာများသာ။

သို့သော် လီချန်ပေါ်မှာတော့ သူမ၏ အလှတရားရှေ့တွင် ခေတ္တမျှ ကြောင်အသွားခဲ့ရသည်။ သူ၏ မျက်လုံးများအတွင်း ထူးဆန်းသော ရမ္မက်အရိပ်အယောင်တစ်ခု လက်ခနဲ ပေါ်လာသော်လည်း၊ ၎င်းကို အချိန်မီ ဖုံးကွယ်ကာ နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။

"မင်းလို ရွံရှာဖို့ကောင်းတဲ့ မိန်းမယုတ်က နောက်ဆုံးတော့ ပေါ်လာရဲသေးတာပဲ..."

နန်းတော်သခင်မသည် လွန်းပျံယာဉ်သဏ္ဌာန် ဝိညာဉ်လက်နက်ပေါ်တွင် တည်ငြိမ်စွာ ရပ်နေရင်း အေးစက်သော လေသံဖြင့် တုံ့ပြန်လိုက်သည်။

"လီချန်ပေါ်...ရှင့်ရဲ့ စည်းကမ်းချက်တွေကိုသာ ပြောပါ။ ရှင် ဘယ်လိုပဲ စိန်ခေါ်ချင်ပါစေ...ကျွန်မ လက်ခံဖို့ အသင့်ပဲ။"

"ရိုးရှင်းပါတယ်။ ငါ့ရဲ့ တိုက်ကွက်သုံးခုကိုပဲ တောင့်ခံနိုင်အောင် ကြိုးစားပါ။ တကယ်လို့ မင်း ရှင်သန်နိုင်ခဲ့ရင်တော့ ဒီစိန်ခေါ်ပွဲမှာ မင်းအနိုင်ပဲ။ ဒါပေမဲ့ ကျရှုံးသွားခဲ့ရင်တော့... ဒီလောက် နုနယ်တဲ့ ပန်းလေးတစ်ပွင့်ကို ငါကိုယ်တိုင် ဖျက်ဆီးပစ်မိတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့တော့" လီချန်ပေါ်က ကြေညာလိုက်လေသည်။

"တိုက်ကွက် သုံးခုလား... ကောင်းပြီလေ။ ဒါပေမဲ့ ဒီနေရာမှာတော့ မဟုတ်ဘူး။ အပြစ်မဲ့တဲ့ မြို့သူမြို့သားတွေကို မထိခိုက်စေချင်ဘူး... မြို့အပြင်ဘက်မှာပဲ ဆုံးဖြတ်ကြတာပေါ့" ထို့နောက်၌ သူမ၏ ဝိညာဉ်လက်နက်ကို မြို့ဆင်ခြေဖုံးဘက်သို့ ဦးတည်လိုက်သည်။

သို့သော် လီချန်ပေါ်က ရုတ်တရက် လှောင်ရယ်လိုက်ပြီး

"မလိုပါဘူး... ဒီလူတွေက ပုရွက်ဆိတ်သာသာပဲဟာ။ ဘာလို့ သူတို့ကို ဂရုစိုက်နေရမှာလဲ။ ငါ့ရဲ့ ပထမဆုံး တိုက်ကွက်ကို ဒီမှာပဲ မြည်းစမ်းကြည့်လိုက်စမ်း"

စကားဆုံးသည်နှင့် သူသည် လက်မောင်းကို ရှေ့သို့ ပြင်းထန်စွာ ဆန့်ထုတ်လိုက်ရာ တောက်လောင်နေသော အပြာရောင် မီးတောက်များမှာ ပေါက်ကွဲထွက်ပေါ်လာပြီး သူမ ရှိရာသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေတော့သည်။

....

All Chapters