အခန်း (၄၄၉-၄၄၉)
Vol. 45 Ch. 449-449
အခန်း ၄၄၉ ၊ အပိုင်း (၁) - မာနထောင်လွှားမှုနှင့် ရေခဲနန်းတော်သခင်၏ မျှော်လင့်ချက်မဲ့မှု
"ရှင်"
ရေခဲနန်းတော်၏ နန်းတော်သခင်မှာ အံ့အားသင့်သွားပြီး ဒေါသထွက်သွားခဲ့လေသည်။
လွန်ခဲ့သော မိနစ်အနည်းငယ်က ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးနှင့် လိုက်ဖက်သော အမူအကျင့်ဖြင့် စကားပြောနေခဲ့သော လီချန်ပေါ်သည် ရုတ်တရက် မရိုးသားသော နည်းလမ်းများကို အသုံးပြုလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိချေ။
ဤကဲ့သို့သော ယုတ်ညံ့သည့် အပြုအမူမျိုးမှာ ရွှေအမြုတေအဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် ဆက်စပ်၍ မရနိုင်သောအရာ ဖြစ်ပေသည်။ သို့သော် သူမသည် သူ့အပေါ် အနည်းငယ် သတိထားနေခဲ့သည့်အပြင် သူတို့ကြားရှိ အကွာအဝေးတို့ကြောင့်သာ သူမ အချိန်မီ တုံ့ပြန်နိုင်ခဲ့တာပင်။
အတွေးတစ်ချက်ဖြင့်ပင် ရေခဲပိုးမျှင် ပုဝါတစ်ခုက သူမ၏ ခန္ဓာကိုယ်မှထွက်လာပြီး ပေတစ်ရာရှည်သော နှင်းဖဲကြိုးတစ်ခုအဖြစ် ပြောင်းလဲသွားကာ သူမကို တင်းကျပ်စွာဖြင့် ရစ်ပတ်ထားလိုက်၏။
လီချန်ပေါ် ဖန်တီးလိုက်သော ပြင်းထန်သည့် အစိမ်းရောင် မီးတောက်များမှာ နှင်းခဲအကာအရံနှင့် တိုက်မိသွားသောအခါ နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့လေ၏။ ပေါက်ကွဲထွက်လာသောမီးတောက်များမှာ ရေခဲနန်းတော်သခင်ကို လွှမ်းခြုံသွားကာ အဆက်မပြတ် လောင်ကျွမ်းနေသည်။
မီးတောက်အချို့မှာ အောက်ဘက်ရှိ မြို့ပေါ်သို့ပင် ကျဆင်းသွားခဲ့သေး၏။
"ဖယ်ကြ"
မြို့ထဲမှ ကြည့်ရှုနေသူများသည် ကျဆင်းလာသော မီးတောက်များကို မြင်သောအခါ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားပြီး ခိုလှုံရာ ရှာဖွေဖို့ အပြေးအလွှား သွားကြတော့၏။
ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်စွမ်းအားမှ စုစည်းထားသော ဤမီးတောက်များနှင့် အနည်းငယ်မျှ ထိတွေ့မိခြင်းကပင် အခြေတည်အဆင့်အောက်ရှိ မည်သူ့အတွက်မဆို ဘေးအန္တရာယ် ဖြစ်စေနိုင်ပေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် မီးတောက်များမှာ မြို့၏ အဆောက်အအုံများကို လောင်ကျွမ်းသွားစေသောအခါ ကြီးမားသော အပေါက်များ ကျန်ရစ်ခဲ့လေ၏။ ရေခဲမြို့တော်၏ ထူးခြားသော တည်ဆောက်မှုကြောင့် အဆောက်အအုံများမှာ အဓိကအားဖြင့် ရေခဲအုတ်များကိုသာ အသုံးပြုထားတာပင်။ ထိုသို့သာ မဆောက်ခဲ့ပါက မြို့မှာ မီးဟုန်းဟုန်းတောက်သွားဖွယ် ရှိသည်။
ကြီးမားသော မီးလောင်မှုကြီးကို ရှောင်လွှဲနိုင်ခဲ့သော်လည်း ဖျက်ဆီး၍မရနိုင်သော ဤအဆောက်အအုံများ အရည်ပျော်ကာ အပေါက်များ ဖြစ်သွားရသည့် မြင်ကွင်းမှာတော့ ကြည့်ရှုနေသူများအား တုန်လှုပ်သွားစေခဲ့သည်။
ယင်းမီးတောက်များက ကျောက်တုံးများနှင့် ရေခဲများကိုပင် ဤမျှ လွယ်ကူစွာ ဖျက်ဆီးနိုင်ပါက လူ့အသားကိုဆိုလျှင် မည်သို့ဖြစ်သွားမည်နည်း။
တစ်ပြိုင်နက်တည်းမှာပင် မြို့သူမြို့သားများအကြား လီချန်ပေါ်ကို ကြောက်ရွံ့နေမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့၏။ မွေးရာပါနှင့် အခြေတည်အဆင့်ရှိ ကျင့်ကြံသူများသည် အထူးသဖြင့် ရွှေအမြုတေအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ဩချရလောက်သည့် ကြောက်မက်ဖွယ်ကောင်းမှုကို ပထမဆုံးအကြိမ် ခံစားခဲ့ရလေသည်။
လီချန်ပေါ်က ရေခဲမြို့တော်ကို မြေပြင်နှင့် တစ်ပြေးညီဖြစ်အောင် ဖျက်ဆီးပစ်မည်ဟု ကြေညာခဲ့စဉ်က ၎င်းမှာ အချည်းနှီးသော ခြိမ်းခြောက်မှု မဟုတ်ခဲ့ချေ။ သူ့တွင် ၎င်းကို အကောင်အထည်ဖော်ရန် စွမ်းအား တကယ်ရှိပါ၏။
အကယ်၍ ကျန်ရှိနေသော မီးတောက်များကပင် ဤမျှလောက် ဖျက်ဆီးနိုင်စွမ်းရှိပါက သူ၏ တိုက်ခိုက်မှုကို တိုက်ရိုက် ပစ်မှတ်ထားခံရသော ရေခဲနန်းတော်သခင်သည် မည်သို့ ရှင်သန်နိုင်တော့မည်နည်း။
မျက်လုံးအားလုံးမှာ အဆက်မပြတ် လောင်ကျွမ်းနေသော ကောင်းကင်ယံရှိ ကြီးမားသည့် မီးလုံးကြီးကိုသာ စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။
"နန်းတော်သခင်" ကြီးမားလှသော ရေခဲနန်းတော်အတွင်းမှ တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"နန်းတော်သခင်က ဘာလို့ ဒီလောက်တောင် မဆင်မခြင်လုပ်နေရတာလဲ။ သူက ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတစ်ယောက်လေ။ နန်းတော်သခင်က သူ့ရဲ့ အတိဒုက္ခကိုတောင် မကျော်ဖြတ်ရသေးတာကိုး။ ဘယ်လိုလုပ် နန်းတော်သခင်က သူ့ကို ယှဉ်နိုင်မှာလဲ"
"ကျွန်တော်တို့ လျှို့ဝှက်နယ်မြေထဲကို ဆုတ်ခွာလို့ ရတာပဲလေ။ အဲ့တာဆို လီချန်ပေါ်လည်း ဝင်လာလို့ မရလောက်ဘူးမလား"
"အဲဒီလူယုတ်မာက နန်းတော်သခင်ရဲ့စိတ်နေသဘောထားကို အမြတ်ထုတ်နေတာလေ။ နန်းတော်သခင်ကို အတင်းအကျပ် လက်ခံလာအောင် လုပ်ဖို့ မြို့က သာမန်ပြည်သူတွေရဲ့ အသက်ကို အသုံးချနေတာ"
"သေစမ်းကွာ။ ကျွန်တော်တို့သာ ကျွန်တော်တို့ရဲ့ အတိဒုက္ခတွေကို ကျော်ဖြတ်ဖို့ အချိန်ပိုရခဲ့ရင် အဲ့ဒီလူယုတ်မာကောင် ကျွန်တော်တို့ကို ဒီလိုမျိုး အနိုင်လာကျင့်တာကို ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ"
"စကားပြောတာ တော်တော့" ပြတ်သားသော အသံတစ်ခုက ရေခဲနန်းတော်အတွင်း၌ ပဲ့တင်ထပ်သွားလေသည်။ "တိုက်ပွဲကို အာရုံစိုက်ထားကြ။ တကယ်လို့ နန်းတော်သခင်သာ တစ်ခုခုဖြစ်သွားပြီဆိုရင် ဘယ်ပဲလုပ်ရလုပ်ရ သူ့ကို ကျွန်တော်တို့ ကယ်ရမယ်"
ထို့နောက် ခန်းမမှာ တိတ်ဆိတ်သွားကြလေကာ လူတိုင်းတွင် ကြီးလေးသော စိတ်ပိုင်းဖြတ်ထားမှုများ ကိုယ်စီ ရှိနေကြတော့၏။
...
"ကိုကို... ဟိုမမချောချောလေး အဆင်ပြေပါ့မလားဟင်"
တည်းခိုခန်းခေါင်မိုးပေါ်တွင် ရှောင်ယန်က စိုးရိမ်တကြီး မေးလိုက်၏။
သူတို့နှစ်ဦးကြားရှိ ပဋိပက္ခများကို သူမ အပြည့်အဝ နားမလည်သော်လည်း လီချန်ပေါ်ဟုခေါ်သော ထိုလူကို သူမ မနှစ်သက်ကြောင်း သူမ၏ ပင်ကိုယ်အသိစိတ်က ပြောပြနေပေသည်။
"စိတ်မပူပါနဲ့" လုချင်းက တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်၏။ "လောလောဆယ်တော့ သူ အဆင်ပြေမှာပါ"
လုချင်းမှာ မျက်နှာအမူအရာတစ်ချက်ကလေးတောင် မပြောင်းလဲသွားဘဲ ရှောင်ယန်ကို နှစ်သိမ့်ပေးနေစဉ် သူ၏ အစွမ်းထက်သော ဝိညာဉ်ရေးရာ အာရုံခံစားမှုက ရေခဲနန်းတော်အတွင်းရှိ တင်းမာနေသော စကားပြောဆိုမှုများကို ဖမ်းယူရရှိနေလေသည်။ ယင်းနောက်တွင်တော့ သူ၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုပေါ်လာတော့၏။
...
ဘုန်း
မရေမတွက်နိုင်သော စောင့်ကြည့်နေသည့် မျက်လုံးများအောက်တွင် ကောင်းကင်ယံရှိ မီးလုံးကြီးမှာ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး လွင့်စင်သွားကာ ရေခဲနန်းတော်သခင်၏ ပုံရိပ်ကို ဖော်ပြလိုက်လေသည်။
သူမ၏ ပုံစံမှာ စုတ်ပြဲနေလေ၏။ သူမ၏ သန့်စင်သော အဖြူရောင် ဂါဝန်မှာ နေရာအတော်များများတွင် မီးလောင်ကျွမ်းထားသဖြင့် အနက်ရောင်အမှတ်အသားများသာ ကျန်ရစ်နေခဲ့သည်။ သူမ၏ လွင့်ပျံနေသော အမည်းရောင်ဆံပင်များပင်လျှင် မီးလောင်ကျွမ်းထားပြီး အနည်းငယ် တွန့်လိမ်နေပါ၏။
သူမသည် လီချန်ပေါ်၏ တိုက်ခိုက်မှုမှ ရှင်သန်နိုင်ခဲ့သော်လည်း အားစိုက်စရာမလိုဘဲ ရှင်သန်နိုင်ခဲ့ခြင်း မဟုတ်ကြောင်း အသိသာကြီးပင်။
"ဝိုး မမချောချောလေး ဘေးကင်းတာပဲ" ရှောင်ယန်က စိတ်သက်သာရာရစွာဖြင့် အောင်ပွဲခံလိုက်သည်။
ထိုစဉ် လုချင်းက သဲ့သဲ့လေး ပြုံးလိုက်၏။
ရေခဲနန်းတော်သခင်သည် အခြေတည်အဆင့် အထွတ်အထိပ်တွင်သာ ရှိနေပြီး ဤအဆင့်သို့ ရောက်ရှိသည်မှာ မကြာသေးသော်လည်း သူမ၏ ကာကွယ်ရေး ဝိညာဉ်လက်နက်က သူမအား ရွှေအမြုတေအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ရိုက်ချက်ကို ခံနိုင်ရည်ရှိစေခဲ့သည်။ ၎င်းမှာ သေးငယ်သော အောင်မြင်မှု မဟုတ်ချေ။
သို့သော် လီချန်ပေါ်၏ အခြေခံအုတ်မြစ်မှာ မတည်မငြိမ်ဖြစ်နေလေ၏။ ယင်းမှာ သူ့အား သာမန် ရွှေအမြုတေအဆင့် ကျွမ်းကျင်သူတစ်ဦးထက်ပင် ပို၍အားနည်းစေခဲ့သည်။ ထို့အပြင် သူ၏ တိုက်ခိုက်မှုမှာ မည်သည့် ဝိညာဉ်လက်နက်ကိုမျှ အသုံးမပြုဘဲ သူ၏ ကျင့်ကြံခြင်းအပေါ်တွင်သာ မှီခိုနေခဲ့ပါ၏။ ဤကွာဟချက်က ရေခဲနန်းတော်သခင်အား သူ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိစေခဲ့ခြင်း ဖြစ်သည်။
သို့သော် ရိုက်ချက်တစ်ချက်ကို ရှင်သန်နိုင်ခြင်းက လီချန်ပေါ်၏ ဒေါသကို ဆွပေးလိမ့်မည်ဖြစ်ပြီး သူမကို ပို၍အန္တရာယ်များသော အခြေအနေတစ်ခုသို့ တွန်းပို့လိမ့်မည်ပင်။
မျှော်လင့်ထားသည့်အတိုင်းပင် သူ၏ တိုက်ခိုက်မှုက လိုချင်သလို မဖြစ်သွားသည်ကို မြင်သောအခါ၌ လီချန်ပေါ်၏ မျက်နှာမှာ မှောင်မိုက်သွားတော့၏။
"ရွံစရာကောင်းတဲ့ မိန်းမ၊ ငါ့ရဲ့ ရိုက်ချက်ကို ကာကွယ်ဖို့ ဒီလိုနည်းလမ်းတွေ မင်းဆီမှာ ရှိနေမယ်လို့ ငါ မမျှော်လင့်ထားခဲ့မိဘူး။ အဓိက လျှို့ဝှက်နယ်မြေ လေးခုရဲ့ အမွေအနှစ်က တကယ့်ကို အထင်ကြီးစရာပဲ"
ရေခဲနန်းတော်သခင်သည် သူ၏ လှောင်ပြောင်မှုများကို လျစ်လျူရှုထားလိုက်၏။ ယခုအခါ တွင်းပေါက်များစွာဖြင့် ပြည့်နှက်နေသော အောက်ဘက်ရှိ မြို့တော်သို့ သူမ၏ အကြည့်များ ရောက်သွားသည့်အခိုက် သူမ၏ မျက်နှာအမူအရာမှာ အေးစက်သွားတော့လေသည်။
ထို့နောက် သူမက လီချန်ပေါ်ကို ပြန်ကြည့်လိုက်ကာ ပြောလိုက်၏။ "လီချန်ပေါ်... ကိုယ့်ကိုကိုယ် ရွှေအမြုတေအဆင့် ကျွမ်းကျင်သူလို့ ခေါ်နေတဲ့သူတစ်ယောက်အတွက်တော့ ရှင့်ရဲ့ လုပ်ရပ်တွေက ရက်စက်ပြီး ကိုယ်ကျင့်တရားမဲ့တာကလွဲရင် ဘာမှမရှိဘူးပဲ။ သာမန်ပြည်သူတွေရဲ့အသက်ကိုတောင် ရှင်က ဂရုမစိုက်ဘူးလား"
"ငါ အရင်က ပြောခဲ့ပြီးသားပဲ။ သူတို့က ပုရွက်ဆိတ်သာသာပဲလို့လေ။ ဘာလို့ သူတို့ကို စိတ်ပူနေပြီးတော့ အချိန်ဖြုန်းနေရမှာလဲ" လီချန်ပေါ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ "ဒါ့အပြင် ဘယ်သူမှ မသေသေးပါဘူးကွယ။ ဒီလို အသေးအဖွဲကိစ္စတွေအပေါ် မင်းရဲ့ စွမ်းအင်တွေကို အလဟဿ ဖြုန်းတီးနေမယ့်အစား ငါ့ရဲ့ နောက်ထပ် ရိုက်ချက်နှစ်ချက်ကနေ ရှင်သန်ဖို့ပဲ မင်း အာရုံစိုက်သင့်တယ်"
သူ ခေတ္တရပ်သွားပြီးနောက် လှောင်ပြောင်လိုက်ပြန်၏။ "ဒီတစ်ခါတော့ ငါ တွန့်ဆုတ်နေမှာမဟုတ်ဘူးနော်။ တကယ်လို့ မင်းသာ ဒူးထောက်ပြီး ငါ့ကို သစ္စာခံမယ်လို့ ကျိန်ဆိုရင်တော့ မင်းရဲ့ အသက်ကို ချမ်းသာပေးဖို့ ငါ စဉ်းစားပေးချင်ပေးမှာပေါ့"
"ဟမ့် ရှင့်ကို သစ္စာခံရမယ် ဟုတ်လား။ ဆိုတော့ ဒါက ရှင့်ရဲ့ရည်ရွယ်ချက်အစစ်အမှန်ပေါ့လေ" ရေခဲနန်းတော်သခင်၏ မျက်နှာမှာ မှောင်မိုက်သွား၏။ "ဒီလောက် နှစ်တွေအကြာကြီးနေမှ နှလုံးသားမရှိတဲ့ရှင့်လိုလူက ဘာလို့ ရုတ်တရက်ကြီး လက်စားချေဖို့ ကြိုးစားရတာလဲဆိုပြီး ကျွန်မကဖြင့် အံ့သြနေခဲ့တာ။ နောက်ဆုံးတော့ ရှင့်ရည်ရွယ်ချက်က လက်စားချေဖို့ မဟုတ်ဘဲ၊ ကျွန်မရဲ့ ရေခဲနန်းတော်ကို လိုချင်နေတာပေါ့လေ"
"ဟားးးဟားးး ရယ်စရာကောင်းလိုက်တာကွာ။ ရေခဲနန်းတော်သခင်နေရာက ငါ့ရဲ့ ကွယ်လွန်သွားတဲ့ဇနီးရဲ့မျိုးဆက်ပိုင်တာလေ။ မင်းအမေကသာ ယုတ်မာတဲ့အကြံအစည်တွေနဲ့ ခိုးသွားတာမဟုတ်ဘူးလား။ ငါက ငါ့ဇနီးရဲ့ခင်ပွန်းအနေနဲ့ သူ ပိုင်ဆိုင်တဲ့အရာကို ပြန်ယူရုံပါပဲ။ အခု... သနားညှာတာပေးဖို့ ငါ့ကို တောင်းပန်မလား၊ ဒါမှမဟုတ် ဒီမြို့ကြီးနဲ့အတူတူ သေမင်းကို သွားတွေ့မလား"
ထိုစကားများနှင့်အတူ အခြားအစိမ်းရောင်မီးတောက်တစ်ခုမှာ လီချန်ပေါ်၏ လက်ထဲတွင် ပေါ်လာခဲ့လေ၏။ ဤတစ်ခုမှာ ပို၍ တောက်ပစွာ လောင်ကျွမ်းနေသည့်အပြင် အပူရှိန်ကလည်း အဝေးမှပင် သိသိသာသာကို ခံစားနေရပါ၏။
မီးတောက်ကို မြင်သောအခါ ရေခဲနန်းတော်သခင်၏ မျက်နှာမှာ ပျက်ယွင်းသွားတော့သည်။ ဤတိုက်ခိုက်မှုမှာ ယခင်တစ်ခုထက် များစွာ ပို၍အစွမ်းထက်ကြောင်း သူမ သိလိုက်၏။ ပျက်စီးနေပြီဖြစ်သော သူမ၏ ဝိညာဉ်လက်နက်မှာ ထိုသည်ကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
ပျက်စီးနေသော ရေခဲမြို့တော်ကို ငုံ့ကြည့်ရင်း သူမသည် စိတ်ခိုင်ခိုင်သာထားလိုက်တော့၏။ သူမ၏မြို့ကို ထပ်မံပျက်စီးအောင်လုပ်ခွင့်မပြုနိုင်ချေ။
သူမ၏ စိတ်ပိုင်းဖြတ်မှု ခိုင်မာသွားသောအခါ၌ သူမသည် ခေါင်းကို မော့လိုက်တော့၏။
"တိုက်ကွက် သုံးကွက်တွေထိ လုပ်မနေနဲ့၊ ဒီတစ်ခုတည်းနဲ့ အနိုင်အရှုံးကို ဆုံးဖြတ်လိုက်ကြတာပေါ့"
ထိုသို့ပြောပြီးနောက် သူမသည် သူမ၏ဆံထုံးမှ ကျောက်စိမ်းဆံထိုးတစ်ခုကို ဆွဲထုတ်လိုက်ပြီး ယင်းအပေါ်သို့ သွေးများဖြင့် လူးလိုက်သည်။
ဆံထိုးမှာလည်း အနီရောင်သို့ ပြောင်းလဲသွားလေပြီး သူမ၏ရှေ့တွင် လွင့်မျောလာတော့၏။ သူမ၏လက်များက ရှုပ်ထွေးသောလက်ကွက်အစီအရင်တစ်ခုကို ပြုလုပ်နေစဉ် ကြီးမားလှသော အန္တရာယ် အငွေ့အသက်တစ်ခုကိုလည်း ထုတ်လွှတ်လိုက်လေသည်။
"ဟာ ၊ မဖြစ်တော့ဘူး။ နန်းတော်သခင်က ရေခဲကျောက်စိမ်း ဆံထိုးကို အသက်သွင်းနေပြီဟေ့။ သူ့ရဲ့ကျင့်ကြံအဆင့်နဲ့ အဲ့ဒီဝိညာဉ်လက်နက်ကို အတင်းအကျပ်သုံးတာကြီးက သူ့ရဲ့ သက်စောင့်စွမ်းအင်ကို ပြင်းပြင်းထန်ထန်ထိခိုက်စေတော့မှာပဲ" ရေခဲနန်းတော်အတွင်းမှ တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။
သို့ပေသိ အခါနှောင်းသွားခဲ့လေပြီပင်။
....
အခန်း ၄၄၉ ၊ အပိုင်း (၂) - မာနထောင်လွှားမှု၊ ရေခဲနန်းတော်သခင်၏ မျှော်လင့်ချက်မဲ့မှု
ပြတ်သားသော စိတ်ပိုင်းဖြတ်မှုဖြင့် ရေခဲနန်းတော်သခင်သည် လျင်မြန်စွာ လှုပ်ရှားလိုက်တော့၏။
သွေးသုတ်လူးခြင်းမှစ၍ ဂါထာရွတ်ဆိုခြင်း ပြီးဆုံးသည်အထိ အရာအားလုံးမှာ အသက်တစ်ရှိုက်စာ အချိန်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
ဂါထာရွတ်ဆိုခြင်း ပြီးဆုံးသွားသည်နှင့် သူမ၏ ဝိညာဉ်စွမ်းအင်များက ရေလွှမ်းမိုးမှုတစ်ခုအလား ပေါက်ကွဲထွက်လာတော့၏။ ထို့နောက် သူမ၏ဝိညာဉ်စွမ်းအင်များအား ရေခဲကျောက်စိမ်း ဆံထိုးမှ ရူးသွပ်စွာဖြင့် စုပ်ယူလိုက်သည်ကို သူမ ခံစားလိုက်ရလေသည်။
တစ်ချိန်တည်းမှာပဲ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး ဝိညာဉ်စွမ်းအင်များမှာလည်း လှုပ်ခတ်လာပြီး ရေခဲကျောက်စိမ်း ဆံထိုးအတွင်းသို့ လေဆင်နှာမောင်းတစ်ခုအလား ဝင်ရောက်သွားလေသည်။
ယင်းဆံထိုးကနေ ကြီးမားလှသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည့်အခိုက်၌ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများမှာ အနည်းငယ်ပင် လှိုင်းဂယက်ထသွားသေးပါ၏။
ရေခဲနန်းတော်သခင်သည် လီချန်ပေါ်ကို စိုက်ကြည့်လိုက်လေသည်။
သူမသည် အချိန်တိုအတွင်း ရေခဲကျောက်စိမ်း ဆံထိုးကို အသက်သွင်းရန်အတွက်နှင့် သူမ၏ သက်စောင့်စွမ်းအင်ကိုပင် ကုန်ခမ်းစေလျက် ဤမျှလောက်အထိ အားထုတ်ခဲ့ရခြင်းမှာ သူ ဝင်ရောက်စွက်ဖက်ပြီး သူမကို တားဆီးမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
သူမ အံ့သြသွားသည်မှာ လီချန်ပေါ်သည် ဘာမှမလုပ်ဘဲ ထိုနေရာတွင်ပဲ ရပ်နေကာ ရေခဲကျောက်စိမ်း ဆံထိုးကို သူမ အပြည့်အဝ အသက်သွင်းနေသည်ကို အေးအေးဆေးဆေးဖြင့်သာ စောင့်ကြည့်နေခဲ့ခြင်းကြောင့်ပင်။
ရေခဲနန်းတော်သခင် လှုပ်ရှားမှု ရပ်တန့်သွားသောအခါ၌ သူက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။ "မင်း အဆင်သင့်ဖြစ်ပြီလား။ ရွံစရာကောင်းတဲ့ မိန်းမယုတ်... ဝိညာဉ်လက်နက်တစ်ခုတည်းနဲ့ စစ်မှန်တဲ့ ရွှေအမြုတေ ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူနိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား"
"တကယ်လို့ အဲဒါကသာ ဖြစ်နိုင်တယ်ဆိုရင် မင်းရဲ့ ကွယ်လွန်သွားတဲ့ အမေလည်း ရွှေအမြုတေမိုးကြိုးအတိဒုက္ခကို ခံနိုင်ရည်ရှိဖို့ သူ့ရဲ့အသက်ကိုတောင် စွန့်စားခဲ့ရမှာ မဟုတ်ဘူးလေ"
"ဒီနေ့... ရွှေအမြုတေအဆင့်ရဲ့စွမ်းအားအစစ်ကို မင်းကို ငါ ပြမယ်"
စကားဆုံးသောအခါ၌ လီချန်ပေါ်၏ လက်ထဲရှိ အပြာရောင် မီးတောက်မှာ ရုတ်တရက် ကျယ်ပြန့်လာပြီး မီတာဆယ်ဂဏန်းကျော်အထိ ကျယ်ဝန်းသော လက်ဖဝါးမီးတောက်ကြီးတစ်ခုအဖြစ် အဖြစ် ပြောင်းလဲသွားကာ ရေခဲနန်းတော်သခင်ဆီသို့ ဆန့်ထွက်လာခဲ့တော့လေသည်။
"သွားစမ်း"
လက်ဖဝါးမီးတောက်ကြီး၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားရသော်လည်း ရေခဲနန်းတော်သခင်မှာတော့ ဆုတ်ခွာမည့် အရိပ်အယောင်ပင် မပြခဲ့ချေ။
သူမသည် အံကိုတင်းတင်းကြိတ်လျက် လက်ကို ရှေ့သို့ ညွှန်ပြလိုက်ရာ သူမရှေ့ရှိ ရေခဲကျောက်စိမ်း ဆံထိုးမှာလည်း မီတာအတော်များများရှိသော ကြီးမားသည့် ဝိညာဉ်လက်နက်ကြီးတစ်ခုအဖြစ် ကြီးထွားလာခဲ့တော့၏။
ထို့နောက် ၎င်းသည် သွေးရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လက်ဖဝါးမီးတောက်ကြီးဆီသို့ အရှိန်အဟုန်ပြင်းပြင်းဖြင့် ပစ်ဝင်သွားလေသည်။
မရေမတွက်နိုင်သော ကြည့်ရှုနေသူများ၏ အကြည့်အောက်တွင်ပဲ ရေခဲကျောက်စိမ်း ဆံထိုးနှင့် လက်ဖဝါးမီးတောက်ကြီးတို့မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်မိသွားကြတော့၏။
ဘုန်း
ရေခဲကျောက်စိမ်း ဆံထိုးမှ ဖြစ်ပေါ်လာသော အလင်းတန်းမှာ ကြောက်မက်ဖွယ်ကောင်းလှသော်လည်း လီချန်ပေါ် ခေါ်ယူလိုက်သော လက်ဖဝါးမီးတောက်ကြီးက ပို၍ပင် ကြောက်စရာကောင်းလှပေသည်။
ဆံထိုး၏ ရိုက်ခတ်မှုအောက်တွင် မီးတောက်အချို့မှာ အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားခဲ့သော်လည်း လက်ဖဝါးကြီးကတော့ အကောင်းပကတိ အတိုင်းသာ ကျန်ရှိနေဆဲဖြစ်ကာ ဆံထိုးကိုတောင် တင်းကျပ်စွာဖြင့် ဆုပ်ကိုင်ထားလိုက်သေးပါ၏။
ဆံထုံးမှာ မည်မျှပင် ရုန်းကန်တွန့်လိမ်နေပါစေ လွတ်မြောက်နိုင်ခြင်း မရှိချေ။
နောက်ဆုံးတွင်တော့ လောင်ကျွမ်းနေသော အပြာရောင် မီးတောက်များအောက်တွင်ပဲ ဝိညာဉ်လက်နက်မှာ ၎င်း၏ မူလပုံစံသို့ ပြန်၍အသွင်ပြောင်းသွားပြီး မလှုပ်မယှက်ဖြစ်သွားတော့သည်။
"ဖူး"
ဆံထိုးအတွင်းရှိ ဝိညာဉ်ရေးရာ အာရုံခံစားမှုများ သန့်စင်ခံလိုက်ရခြင်းနှင့်အတူ ဝိညာဉ်လက်နက်ကို အသက်သွင်းခဲ့ရာမှ ကုန်ခမ်းသွားခဲ့ရသော သူမ၏သက်စောင့်စွမ်းအင်တို့ကိုပါ ပေါင်းစပ်လိုက်သောအခါ၌ ရေခဲနန်းတော်သခင်သည် လတ်ဆတ်သော သွေးတစ်လုတ်ကို အန်ထုတ်လိုက်မိတော့၏။
သူမ၏ ခန္ဓာကိုယ်မှာလည်း ယိုင်တိုင်တိုင်ဖြစ်သွားကာ ကောင်းကင်ယံမှ ပြုတ်ကျတော့မည့်အလား ဖြစ်သွားခဲ့လေသည်။
"နန်းတော်သခင်"
အထိတ်တလန့်အော်သံနှင့်အတူ ရေခဲနန်းတော်အတွင်းမှ ပုံရိပ်အချို့က သူမကို ထိန်းကိုင်ပေးရန် အပြေးအလွှားထွက်လာကြတာ့၏။
"ရိုင်းစိုင်းလိုက်တာ"
ထိုအချိန်တွင် လီချန်ပေါ်၏ မျက်နှာအမူအရာမှာ ကြမ်းကြုတ်သွားလေ၏။ သူ့လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်သည့်အခိုက်၌ မီးတောက်တစ်ခု ပစ်ထွက်လာပြီး ထိုအုပ်စုဆီသို့ ဦးတည်သွားတော့သည်။
"မကောင်းတော့ဘူး၊ မြန်မြန် တားကြ"
ပျံသန်းထွက်လာသူများ၏ မျက်နှာအမူအရာများမှာ သိသိသာသာကို ပြောင်းလဲသွားပြီး ခုခံရန်အတွက် သူတို့၏ ဝိညာဉ်လက်နက်များကို အလျင်စလိုဖြင့် အသက်သွင်းလိုက်ကြတော့၏။
သို့သော် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး၏ မီးတောက်များကို သာမန် အခြေတည်အဆင့်ကျင့်ကြံသူများက မည်သို့မည်ပုံဖြင့်လွယ်လွယ်ကူကူတားဆီးနိုင်မည်နည်း။
ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုအပြီးတွင်တော့ ထိုအုပ်စုမှာ လွင့်စင်သွားရကာ သူတို့၏ မီးလောင်ကျွမ်းနေသောခန္ဓာကိုယ်များသည် အောက်ဘက်ရှိ ရေခဲနန်းတော်၏ အဆောက်အအုံ အများကြီးနှင့် ဝင်တိုက်မိတော့၏။ သူတို့အားလုံး သေမလား၊ ရှင်မလားကို မည်သူမျှ မသိချေ။
"အကြီးအကဲ ချိုး"
ယင်းမြင်ကွင်းကို မြင်လိုက်ရသော ရေခဲနန်းတော်သခင်သည် ဝမ်းနည်းစွာဖြင့် အော်ဟစ်လိုက်သည်။
သို့သော် နောက်တစ်ခဏတွင် လီချန်ပေါ်သည် သူမ၏ရှေ့တွင် ပေါ်လာပြီး လှောင်ပြောင်လိုက်၏။
"ရွံစရာကောင်းတဲ့ မိန်းမယုတ်... တကယ်လို့ မင်းသာ အခု ဒူးထောက်ပြီး သနားညှာတာပေးဖို့ တောင်းပန်မယ်ဆိုရင် ပြီးတော့ ငါ့ကို သစ္စာခံမယ်လို့ ကျိန်ဆိုမယ်ဆိုရင် မင်းရဲ့အသက်ကို ချမ်းသာပေးဖို့ ငါ စဉ်းစားပေးချင်ပေးမှာပေါ့"
"အိပ်မက်သာမက်နေလိုက်၊ သေရမယ်ဆိုရင်တောင်မှ ကျွန်မကတော့ ရှင့်ကို ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး"
ရေခဲနန်းတော်သခင်၏ မျက်နှာထက်တွင် ပြတ်သားသောအရိပ်အယောင်များလွှမ်းမိုးနေပြီး သူမ၏ ကျန်ရှိနေသော ဝိညာဉ်စွမ်းအင်များကို အတင်းအကျပ် လောင်မြိုက်ဖို့ရန် စတင်လိုက်တော့၏။
သို့သော် နောက်တစ်ခဏတွင် ဖိနှိပ်မှုအပြည့်ပါသောစွမ်းအားတစ်ခုက သူမအပေါ်သို့ ကျဆင်းလာသောအခါ သူမ၏ ခန္ဓာကိုယ်ကလည်း ရုတ်ချည်းပင် တောင့်တင်းသွားခဲ့ရသည်။ သူမ၏ ဝိညာဉ်စွမ်းအင်များမှာလည်း အတင်းအကျပ် ပိတ်ဆို့ခံလိုက်ရသဖြင့် လက်ချောင်းလေးတစ်ချက်ပင် လှုပ်ရှား၍ မရတော့ချေ။
"သွေးကြောတွေကိုပေါက်ကွဲအောင်လုပ်ပြီး အဆုံးစီရင်ဖို့ ကြံတယ်ပေါ့လေ။ မင်း ဘယ်လိုပဲလုပ်လုပ် ဘာမှမထူးဘူး။ ငါ့ရှေ့မှာဆိုရင် သေခြင်းတရားကိုတောင် စိတ်လိုလက်ရ မင်းရွေးချယ်လို့မရဘူး"
လီချန်ပေါ်က မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ရက်စက်ယုတ်မာသောအကြည့်တို့ဖြင့် သူမကို စူးစိုက်ကြည့်နေလေသည်။
"မင်းကို ဝိညာဉ်အမှတ်အသားခတ်နှိပ်ပြီးတော့ ငါ့ရဲ့ကျွန်အစေခံဖြစ်လာအောင်လို့ကို ငါလုပ်ပစ်ဦးမယ်။ ပြီးရင်တော့ ငါ့ရဲ့ အမိန့်တိုင်းကို မင်း နာကိုနာခံရတော့မှာလေ"
"ငါ ဘာကိုပဲအမိန့်ပေးပေး မင်းမှာ ငါ့အမိန့်ကိုလိုက်နာဖို့ကလွဲလို့ တခြား ရွေးချယ်စရာ ရှိမှာမဟုတ်ဘူး။
ဒါက ရေခဲနန်းတော်အတွက် ပြစ်ဒဏ်ပဲ။ မင်းရဲ့ အဆိပ်ပြင်းတဲ့ အမေက တစ်ချိန်က ငါ့ရဲ့ဇနီးနဲ့ကလေးကို ဒုက္ခပေးခဲ့တယ်။
အဲ့တာကြောင့် သူ့သမီးဖြစ်တဲ့ မင်းက မင်းအမေရဲ့ အပြစ်တွေအတွက် သူ့ကိုယ်စား အပြစ်ပေးခံရမှာပေါ့"
"ဝိညာဉ်အမှတ်အသားခတ်နှိပ်မယ်ဟုတ်လား"
သူ့စကားများ၏ ကြောက်မက်ဖွယ်ကောင်းသော သက်ရောက်မှုများကို သဘောပေါက်သွားသောအခါ၌ ရေခဲနန်းတော်သခင်၏ မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် ဖြူရော်သွားခဲ့လေသည်။
"မဖြစ်နိုင်တာ၊ ဒီလောက် ယုတ်မာတဲ့နည်းစနစ်မျိုးကိုတောင် ရှင် လုပ်နိုင်တယ်လား"
"မဖြစ်နိုင်ဘူး ဟုတ်လား။ မင်း မကြာခင် သိလာပါလိမ့်မယ်။ အမှတ်အသားက မင်းဝိညာဉ်ထဲကို ရောက်သွားတာနဲ့ အသိစိတ် ရှိနေပေမဲ့လည်း လွတ်လပ်ခွင့်အားလုံး ဆုံးရှုံးသွားလိမ့်မယ်လေ။
မင်းရဲ့အသိစိတ်က ဆန့်ကျင်နေရင်တောင်မှ မင်းရဲ့ ခန္ဓာကိုယ်ကတော့ ငါ့ရဲ့ အမိန့်တွေကိုပဲ တစ်သွေမတိမ်းလိုက်နာရမှာပဲလေ။ တကယ်လို့ ငါက မင်းကို သေဖို့ အမိန့်ပေးရင်တောင် တစ်ချက်လေးတောင် တုံ့ဆိုင်းမနေဘဲ မင်းကိုယ်မင်း သတ်သေရမယ်"
လီချန်ပေါ်၏ အသံမှာ တည်ငြိမ်နေသော်လည်း သူ့ပြောစကားများမှာတော့ ကြားရသူတိုင်းအား ကျောရိုးတစ်လျှောက်စိမ့်တက်သွားစေခဲ့လေသည်။
လူတစ်ဦး၏ စိတ်ဆန္ဒကို အလုံးစုံ လွှမ်းမိုးနိုင်သည့် ဤကဲ့သို့မကောင်းဆိုးဝါး နည်းစနစ်မျိုး တကယ်ကြီး တည်ရှိနေသည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေ၏။
ထိုသည်မှာ သေဆုံးခြင်းထက်ပင် ပိုမို၍ဆိုးရွားသော ကံကြမ္မာတစ်ခု တစ်နည်းအားဖြင့် အသက်ရှင်လျက် ငရဲကျခြင်း ဟု ဆိုရပေမည်။
ထိုစကားတို့ကို ကြားလိုက်ရပြီးသောအခိုက်တွင် ရေခဲနန်းတော်သခင်၏မျက်နှာမှာ ပြာနှမ်းသွားခဲ့တော့၏။ သူမသည် သေရမည်ကိုတော့ မကြောက်သော်လည်း ထိုလူယုတ်မာကောင်၏ ရုပ်သေးရုပ် ဖြစ်လာရမည့်အတွေးမှာတော့ သူမ မခံစားနိုင်သော ကံကြမ္မာတစ်ခုပင်။
"မင်း အခုတော့ ကြောက်နေပြီလား။ ဟားဟားဟား..."
လီချန်ပေါ်က ရူးသွပ်စွာ ရယ်မောလိုက်ရာ သူ၏အသံမှာ ရက်စက်ယုတ်မာသည့် ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေလေသည်။
"ရွံစရာကောင်းတဲ့ မိန်းမယုတ်...အဲဒီတုန်းက မင်းအမေက ငါ့ကို အရှက်ခွဲခဲ့တယ်။ အခုတော့ အဲဒီအရှက်ခွဲမှုကို မင်းကနေတစ်ဆင့် အဆတစ်ထောင် ပြန်ပေးဆပ်ရအောင် ငါ လုပ်ပစ်မယ်။
တကယ်လို့ မင်းအမေသာ အသက်ရှင်နေသေးရင် သူ့သမီး ဒုက္ခခံနေရတာကို ငါ ထိုင်ကိုကြည့်ခိုင်းဦးမှာလေ"
"ရွံစရာကောင်းတဲ့ သူရဲဘောကြောင်တဲ့ကောင်။ မင်းရဲ့အကြံအစည်တွေက ဘယ်လိုမှအောင်မြင်မှာမဟုတ်ဘူး။"
စူးရှသော အသံတစ်ခုက ရေခဲနန်းတော်အတွင်းမှ ရုတ်တရက်ဟိန်းထွက်လာခဲ့၏။
ထို့နောက် ကြီးမားလှသော ရေခဲမြှားတစ်စင်းက အထက်သို့ ပျံတက်လာပြီး လီချန်ပေါ်ဆီသို့ တည့်တည့် ဦးတည်သွားတော့သည်။
"မလောက်လေးမလောက်စားလှည့်ကွက်လေးတွေပဲ"
လီချန်ပေါ်သည် ပေါ့ပေါ့ပါးပါးဖြင့်သာ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရင်း မီးတောက်တစ်ခုကို ထုတ်လွှတ်လိုက်ရာ ရေခဲမြှားကို ချက်ချင်းပင် အရည်ပျော်သွားစေခဲ့၏။
"ပိုးကောင်လေးတွေ... မလောပါနဲ့ကွာ။ ငါ ဒီမိန်းမကို ကျွန်ပြုပြီးရင် မင်းတို့တွေလည်း တစ်ယောက်မှ လွတ်မှာ မဟုတ်ဘူးနော်။
လောလောဆယ်တော့ မင်းတို့ရဲ့ မြင့်မြတ်လှပါတယ်ဆိုတဲ့ နန်းတော်သခင် ငါ့ရဲ့ ရုပ်သေးရုပ် ဖြစ်သွားတာကိုပဲ သေချာ ကြည့်ထားကြ"
ထို့နောက်၌ ယုတ်မာသော အပြုံးတစ်ခုဖြင့် လီချန်ပေါ်သည် ရေခဲနန်းတော်သခင်၏ မျက်ခုံးကြားဆီသို့ လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်လေသည်။
ထိုစဉ် နန်းတော်သခင်၏ မျက်လုံးများမှာတော့ မျှော်လင့်ချက်မဲ့မှုများဖြင့်သာ ပြည့်နှက်နေရှာသည်။
သို့သော် ထိုအချိန်လေးမှာပင် တည်ငြိမ်သောအသံတစ်ခုက ကြားဖြတ်ပြောလာခဲ့၏။
"ဒီမှာလေ... တိုက်ခိုက်နေရင်းနဲ့ အမှိုက်တွေ ပစ်မချလို့ မရဘူးလား"
"ဘယ်သူလဲကွ"
လီချန်ပေါ်သည် အသံလာရာဆီသို့ ခေါင်းကို ဆတ်ခနဲ လှည့်ကြည့်လိုက်ရာ သူ၏မျက်လုံးအိမ်များက ရုတ်ချည်းပင် ကျဉ်းမြောင်းသွားခဲ့လေသည်။
မြို့တွင်းရှိ တည်းခိုခန်းတစ်ခု၏ ခေါင်မိုးပေါ်တွင် ပုံရိပ်နှစ်ခု ရပ်နေလေသည်။ တစ်ဦးမှာ ယဉ်ကျေးသိမ်မွေ့သော လူငယ်တစ်ဦးဖြစ်ပြီး အခြားတစ်ဦးမှာ နုနယ်သိမ်မွေ့သော မိန်းကလေးငယ်လေးပင်။
ထိုလူငယ်၏လက်ထဲတွင်တော့ လီချန်ပေါ်၏ ကိုယ်ပိုင်သိုင်းကွက်နှင့် တိတိကျကျကို အသွင်တူသော အပြာရောင် မီးတောက်တစ်ခုကို ကိုင်ဆောင်ထားလေသည်။
....