အခန်း (၄၁-၄၂)
Vol. 3 Ch. 41-42
အခန်း (၄၁) တိတ်ဆိတ်ခြင်း
ကုရှင်းလန်က ခါးသက်သက် အပြုံးနဲ့ ရှင်းပြလိုက်တယ်။
"ကုန်း၊ ဟို့၊ ပို၊ ကျီ၊ နန် ဆိုတဲ့ မှူးမတ်အဆင့် ငါးဆင့် ရှိတဲ့အထဲမှာ ကျန့်ကော်ကုန်းက ကျန့်ကော်ဟို့ထက်တော့ ရာထူး ပိုမြင့်တာပေါ့"
ယွီးရှောင်ရှောင်က ကျွတ်လို့ တစ်ချက် စုတ်သပ်လိုက်ပြီး ပြောလိုက်တယ်။
"ကျွန်မ မမေးဘူးလို့ပဲ သဘောထားလိုက်ပါ။ အဘိုးက အခု သာမန် အရပ်သား ဖြစ်နေပြီလေ၊ ဘာတွေ သွားယှဉ်နေဦးမှာလဲ"
ကုရှင်းလန်ရဲ့ မျက်နှာက အနည်းငယ် ဖြူရော်သွားပြီး ပြောလိုက်တယ်။
"တို့ကုမိသားစုက ဘုရင်ကို သစ္စာစောင့်သိသူတွေလေ။ ဒီလို ရာထူးတွေကို ဘယ်ဂရုစိုက်ပါ့မလဲ၊ ကျုပ်တို့က"
"ရေသောက်လိုက်"
ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ နှုတ်ခမ်းနားကို ရေခွက် တေ့ပေးလိုက်တယ်။ ဘုရင်က ဒီလောက်အထိ နှိပ်ကွပ်ထားတာတောင် အသက်ပေးဖို့ စဉ်းစားနေသေးတယ်ဆိုတော့ ဒီမိသားစုက တကယ်ကို ရူးမိုက်တာပဲ။
ကုရှင်းလန်က အလိုအလျောက် ပါးစပ်ဟပြီး ရေနှစ်ငုံ သောက်လိုက်တယ်။ ဒါက ယွီးရှောင်ရှောင် သူ့ကို ရေတိုက်နေတာလို့ သတိထားမိတဲ့ အချိန်မှာ ရေက ကုန်လုနီးပါး ဖြစ်နေပြီ။ သူက အမြန် လက်လှမ်းပြီး ယွီးရှောင်ရှောင် လက်ထဲက ရေခွက်ကို ယူလိုက်တယ်။
ဝမ်မောမောက အခန်းတံခါး ခေါက်ပြီး ဝင်လာတယ်။ မျက်လုံးတွေ နီရဲနေဆဲနဲ့ ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။
"မင်းသမီး၊ ကျူးယိ အိမ်ရှေ့မင်းသားရဲ့ ညစာစားပွဲ သွားဖို့ ဘာတွေ ပြင်ဆင်ရမလဲ"
ညစာစားပွဲ သွားဖို့ ဘာပြင်ဆင်ရမှာလဲ။ ယွီးရှောင်ရှောင်က ကုရှင်းလန်ကို တစ်ချက် ကြည့်ပြီး မသေချာတဲ့ လေသံနဲ့ ပြောလိုက်တယ်။
"မနေ့ကတည်းက ထမင်းမစားဘဲ နေရမှာလား။ ကျင်းမော့ ဒီနေ့ ထမင်းကျွေးမယ်မှန်း သိရင် ကျွန်မ မနေ့ကတည်းက ဗိုက်ဟောင်းလောင်း နေလာခဲ့မှာပေါ့"
ကုရှင်းလန်က ခွက်ထဲမှာ ကျန်နေတဲ့ ရေကို ပါးစပ်ထဲ အကုန်ငုံထားရာကနေ ယွီးရှောင်ရှောင်ရဲ့ စကားကို ကြားတော့ ဖူးခနဲ ရေတွေ အကုန် မှုတ်ထုတ်လိုက်မိတယ်။
ဝမ်မောမောကတော့ မှုတ်ထုတ်စရာ ရေမရှိပေမဲ့ ယွီးရှောင်ရှောင်ကို စိုက်ကြည့်ပြီး အချိန်အတော်ကြာတဲ့အထိ စကားမပြောနိုင်ဘူး။ သူမ ငိုရမလား ရယ်ရမလားတောင် ဆုံးဖြတ်လို့ မရတော့ဘူး။ သတ္တမမင်းသားကို တွေးမိရင် ငိုချင်ပေမဲ့ မင်းသမီးလေးကို ကြည့်လိုက်ရင် ရယ်ချင်နေတယ်။
ယွီးရှောင်ရှောင်က သူတို့နှစ်ယောက်ရဲ့ မျက်နှာကို ကြည့်ပြီး သူမက ရယ်စရာတစ်ခု ထပ်ပြောမိသွားပြီဆိုတာ သိလိုက်လို့ ဟဲဟဲ လို့ပဲ ရယ်လိုက်ရတယ်။
ကုရှင်းလန်ကတော့ အခုချိန်မှာ ဟဲဟဲ ဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို သဘောပေါက်နေပြီမို့ ပြောလိုက်တယ်။
"မင်းသမီး၊ အခုက နောက်နေရမဲ့ အချိန် မဟုတ်ဘူးနော်"
ဝမ်မောမောက ကုရှင်းလန်ကို မေးလိုက်တယ်။
"သမက်တော်၊ ဘာတွေ ပြင်ဆင်ရမလဲ"
မင်းသမီးကို အားကိုးလို့ မရမှတော့ ဝမ်မောမော အနေနဲ့ သမက်တော်ကိုပဲ အားကိုးရတော့မှာပေါ့။
ကုရှင်းလန်က ပြန်ဖြေတယ်။
"မောမော စိတ်ချပါ၊ အဘိုးက လက်ဆောင် ပြင်ဆင်ဖို့ လူလွှတ်လိုက်ပါပြီ"
ဝမ်မောမောက ကုရှင်းလန် ရှေ့မှာ ဒူးထောက်ချလိုက်ပြီး တောင်းပန်တော့တယ်။
"သမက်တော်၊ သတ္တမမင်းသားကို ကူညီပေးပါနော်။ သတ္တမမင်းသားက ငယ်ငယ်လေး ရှိသေးတာ ကျူးယိကို သွားရင် ဘယ်လို နေနိုင်မှာလဲ။ တကယ်လို့ သတ္တမမင်းသား တစ်ခုခု ဖြစ်ရင် ဘေးနားမှာ အကြံပေးမဲ့သူတောင် မရှိဘဲ ဘယ်လို လုပ်မလဲ"
ကုရှင်းလန်က လှဲနေရင်း ဝမ်မောမောကို လက်နဲ့ ဆွဲထူဖို့ ကြိုးစားတယ်။ နှစ်ခါ သုံးခါလောက် ဆွဲပေမဲ့ မရဘူး။ သူကလည်း လှုပ်လို့ မရတော့ ပြောပဲ ပြောနိုင်တော့တယ်။
"မောမော အရင် ထပါ၊ သတ္တမမင်းသားကို ကူညီနိုင်တာ ရှိရင် ကျုပ် သေချာပေါက် ကူညီပါ့မယ်"
ယွီးရှောင်ရှောင်က လျှောက်လာပြီး လက်တစ်ဖက်တည်းနဲ့ ဝမ်မောမောကို မြေကြီးပေါ်ကနေ ဆွဲမလိုက်ကာ ပြောလိုက်တယ်။
"ဒါက အခက်ကြီး မဟုတ်ပါဘူး၊ မောမော မငိုနဲ့တော့"
ယွီးရှောင်ရှောင်က ဒီကိစ္စရဲ့ နောက်ကွယ်က ရှုပ်ထွေးမှုတွေကို မတွက်ချက်တတ်ပေမဲ့ သူမရဲ့ မောင်လေးက ဘယ်လိုနေနေ သေရမှာဆိုရင် သူမက ဒီကလေးကို ခေါ်သွားမှာပဲ။ ဒီကမ္ဘာက လူတွေရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့ဆိုရင် သူမကို ဘယ်သူ ဖမ်းနိုင်မှာလဲ။ သူမ ယွီးကျစ်ရီကို ခေါ်ပြေးသွားရင် ကုရှင်းလန်နဲ့ ဝမ်မောမောတို့ ဒုက္ခရောက်မလား ဆိုတာကိုတော့ ယွီးရှောင်ရှောင် မစဉ်းစားမိသေးဘူး။ ဇွန်ဘီ ကိုက်မခံရရင် ဘဝက ပြည့်စုံပြီလို့ တွေးထားတဲ့ သူမရဲ့ ဦးနှောက်က အဲဒီအထိ မစဉ်းစားနိုင်သေးဘူးလေ။
ဝမ်မောမောကတော့ ယွီးရှောင်ရှောင်ရဲ့ စကားကို အတည်မယူပါဘူး။ မင်းသမီးလေးက သူမကို နှစ်သိမ့်နေတာလို့ပဲ ထင်တယ်။ သနားစရာ ကောင်းလိုက်တာ လို့ တွေးပြီး ဝမ်မောမောက ယွီးရှောင်ရှောင်ကို ကြည့်ကာ မျက်ရည်ကျနေတယ်။ မိဖုရားခေါင်ကြီး မွေးထားတဲ့ သမီးက လူတွေကို ဘယ်လို နှစ်သိမ့်ရမလဲ ဆိုတာတောင် မသိဘူးလေ။
ယွီးရှောင်ရှောင်က ဝမ်မောမောကို နောက်ထပ် စကားနည်းနည်း ထပ်ပြောပြပေမဲ့ သူမ ပြောလေ ဝမ်မောမော ပိုငိုလေ ဖြစ်နေတာကို သတိထားမိတော့ နောက်ဆုံးမှာ သူမကိုယ်သူမ သတိပေးပြီး ပါးစပ်ပိတ်ထားလိုက်တယ်။
ကုရှင်းလန်က ဝင်ပြောလိုက်တယ်။
"မောမော၊ သတ္တမမင်းသားဆီ သွားကြည့်လိုက်ဦး။ ဝေမောမောကိုလည်း စိတ်ချဖို့ ပြောလိုက်ပါ၊ ကုမိသားစုက သတ္တမမင်းသားကို ပစ်မထားပါဘူးလို့"
ဝမ်မောမော မျက်ရည်တွေ သုတ်ရင်း ထွက်သွားတယ်။ ကုမိသားစုက အခု မင်းသမီးကိုတောင် အားကိုးနေရတာ၊ သတ္တမမင်းသားကို ဘာကူညီနိုင်မှာလဲ။ ဝမ်မောမော တွေးလေ ပိုဝမ်းနည်းလေ ဖြစ်နေတယ်။
ဝမ်မောမော ထွက်သွားတော့ ကုရှင်းလန်က ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။
"ကျင်းမော့က ကျုပ်တို့ကို ရှာတယ်ဆိုတော့ သတ္တမမင်းသား ကိစ္စက မျှော်လင့်ချက် ရှိသေးတယ်လို့ ထင်တယ်။ ဒီကိစ္စက အဆိုးရွားဆုံး အခြေအနေ ရောက်သေးတာ မဟုတ်ပါဘူး"
"အင်း"
ယွီးရှောင်ရှောင်က ပြန်ထူးလိုက်တယ်။
ကုရှင်းလန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ လိုအပ်ရင် အသေခံ တိုက်ခိုက်ပြီး ယွီးကျစ်ရီကို မြို့တော်ကနေ ခေါ်ထုတ်သွားဖို့ သူ စဉ်းစားထားတယ်။ ခြေထောက် မသန်တဲ့ သူက ကျောင်းချိုးမင်တို့ လူစုကို ဘယ်လို အသေခံ တိုက်ခိုက်မလဲ ဆိုတာကိုတော့ ယွီးကျစ်ရီ အတွက် စိတ်ပူနေတဲ့ ကုသခင်လေး မေ့နေခဲ့တယ်။ တစ်နည်းအားဖြင့် ပြောရရင် ငှက်ချင်းတူမှ အတူတူ ပျံသန်းနိုင်တယ် ဆိုသလို သူတို့ လင်မယား နှစ်ယောက်က တကယ်ကို တစ်ထပ်တည်း ကျနေတာပဲ။
ညနေစောင်းလို့ နေဝင်ချိန် ရောက်တော့ ယွီးရှောင်ရှောင်နဲ့ ကုရှင်းလန်က မြင်းလှည်း စီးပြီး ရှောင်ကျွမ်းနဲ့ ရှောင်ဝေက မြင်းစီးကာ သယ်ယိ စားသောက်ဆိုင်ကို ထွက်လာခဲ့ကြတယ်။
လမ်းတစ်လျှောက်လုံး ယွီးရှောင်ရှောင်က ပြတင်းပေါက်ကနေ အပြင်က မြင်ကွင်းတွေကို ငေးကြည့်နေတယ်။ မီးရောင်စုံ ထွန်းလင်းနေတဲ့ ရှေးဟောင်း လမ်းမကြီးကို သူမ မျက်တောင်မခတ်တမ်း ကြည့်နေမိတယ်။ ဖယောင်းတိုင် မီးရောင်တွေကြားမှာ ရယ်မောပြောဆိုနေတဲ့ လူတွေ၊ ပြေးလွှားဆော့ကစားနေတဲ့ ကလေးတွေ၊ လမ်းဘေးက စားစရာဆိုင်လေးတွေ။ ဒါတွေကို ကြည့်ပြီး ယွီးရှောင်ရှောင်က ဇွန်ဘီခေတ်မှာ ပျက်စီးနေတဲ့ မြို့တွေ ရွာတွေမှာ ဒီလို ပျော်ရွှင်နေတဲ့ လူတွေ၊ စည်ကားနေတဲ့ မြင်ကွင်းမျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူး ဆိုတာကို ပြန်တွေးမိတယ်။
ကုရှင်းလန်ကတော့ ပြတင်းပေါက် အပြင်ကို တောက်ပတဲ့ မျက်လုံးတွေနဲ့ ငေးကြည့်နေတဲ့ ယွီးရှောင်ရှောင်ကို ကြည့်ရင်း အနှောင့်အယှက် မပေးရက်ဘူး။
"ခဏနေရင် အိမ်ပြန်တဲ့အခါ စားသောက်ဆိုင် တစ်ဆိုင်ဆိုင် ဝင်စားကြမလား"
ယွီးရှောင်ရှောင်က တံတွေးမျိုချပြီး ကုရှင်းလန်ဘက် လှည့်ကာ မေးလိုက်တယ်။
"ကောင်းပြီလေ"
ကုရှင်းလန်က ချက်ချင်း သဘောတူလိုက်တယ်။ သူ့ဇနီးလေးအတွက် တစ်ခုခု လုပ်ပေးချင်နေတဲ့ ကုသခင်လေးက သူတို့နှစ်ယောက် ညစာစားပွဲ သွားနေတယ် ဆိုတာကိုတောင် မေ့နေပြီ။
မြင်းလှည်းက သယ်ယိ စားသောက်ဆိုင် ရှေ့မှာ ရပ်လိုက်တဲ့ အချိန်မှာ ကျင်းမော့ရဲ့ လူတွေက စားသောက်ဆိုင်ရှေ့မှာ စောင့်နေတာ ကြာပြီ။
"မင်းသမီး၊ ကုသမက်တော် ကြွပါ"
အကြီးအကဲပုံစံ ရှိတဲ့ လူက ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ ကုရှင်းလန်ကို မြင်းလှည်းပေါ်ကနေ ထမ်းချပြီးတဲ့ အချိန်ရောက်မှ စားသောက်ဆိုင် တံခါးပေါက်ဆီ လက်ညွှန်ပြီး ရိုရိုသေသေ ဖိတ်ခေါ်လိုက်တယ်။
ယွီးရှောင်ရှောင်က စားသောက်ဆိုင် တံခါးပေါက်ထဲ ဝင်လိုက်တယ်။ စားသောက်ဆိုင်က ငါးထပ်ရှိတဲ့ သစ်သား အဆောက်အအုံ လေးခုကို စင်္ကြံလမ်းတွေနဲ့ ဆက်သွယ်ထားတာ ဖြစ်ပြီး မီးရောင်တွေ ထိန်ထိန်လင်းနေကာ ကြီးကျယ်ခမ်းနားတဲ့ ပုံစံရှိတယ်။ ဒါပေမဲ့ ယွီးရှောင်ရှောင်က မျက်မှောင်ကြုတ်သွားပြီး လမ်းပြပေးနေတဲ့ အစောင့်ကို မေးလိုက်တယ်။
"ဘာလို့ လူသံ တစ်သံမှ မကြားရတာလဲ၊ ဒီစားသောက်ဆိုင်က ဒေဝါလီ ခံတော့မှာလား"
သူမ အလာတုန်းက လမ်းဘေးက စားသောက်ဆိုင်တွေမှာ လူတွေ ပြည့်ကျပ်ပြီး စည်ကားနေပေမဲ့ ဒီနေရာမှာတော့ လူသံတောင် မကြားရဘူးဆိုတော့ စီးပွားရေး မကောင်းလို့ပဲ နေမှာ။ ကျင်းမော့က ကျူးယိနိုင်ငံရဲ့ အိမ်ရှေ့မင်းသား ဖြစ်လျက်နဲ့ သူမနဲ့ ကုရှင်းလန်ကို ဒေဝါလီ ခံတော့မဲ့ ဆိုင်မှာ ထမင်းကျွေးတယ်ပေါ့။ သူမ မှတ်မိသလောက် ဒီလူက ပိုက်ဆံ မရှားပါဘူး။
လမ်းပြနေတဲ့ အစောင့်ကတော့ အတော်လေး နေရခက်သွားပြီး ဘယ်လို ပြန်ဖြေရမှန်း မသိဘူး။ သယ်ယိ စားသောက်ဆိုင်က စားသောက်ဆိုင်လို့သာ နာမည်တပ်ထားတာ တကယ်တော့ သူတို့ ကျူးယိက ဖုန်းထျန်းမြို့တော်မှာ ဖွင့်ထားတဲ့ ထောက်လှမ်းရေး စခန်းလေ။ ဖုန်းထျန်း လူတွေ အားလုံး ဒါကို သိလောက်မှာပါလို့ သူ ထင်ထားတာ။
ယွီးရှောင်ရှောင်က အကြီးအကဲပုံစံ လူကို လှည့်ကြည့်ပြီး ပြောလိုက်တယ်။
"ရှင်က ခေါင်းဆောင် မဟုတ်လား၊ ရှင် ပြောလေ"
အကြီးအကဲပုံစံ လူက ခေါင်းဆောင်ပီပီ ယွီးရှောင်ရှောင်ကို ရိုရိုသေသေ ပြန်ဖြေတယ်။
"မင်းသမီးကို တင်ပြပါရစေ။ မင်းသမီးနဲ့ သမက်တော်ကို ဧည့်ခံဖို့ အိမ်ရှေ့မင်းသားက အမိန့်ပေးထားလို့ ဒီနေ့ သယ်ယိ စားသောက်ဆိုင်မှာ မင်းသမီးနဲ့ သမက်တော် နှစ်ယောက်တည်းကိုပဲ ဧည့်ခံပြီး တခြား ဧည့်သည်တွေကို လက်မခံတာပါ"
"တကယ်လား"
ယွီးရှောင်ရှောင်က ကုရှင်းလန်ကို လှမ်းကြည့်လိုက်တယ်။ ဒီလူက အမှန်တိုင်း ပြောနေတာ မဟုတ်ဘူးလို့ သူမ ဘာလို့ ခံစားနေရတာလဲ။
ကုရှင်းလန်က သက်ပြင်းချလိုက်တယ်။ သူ့ဇနီးလေးက နန်းတော်ထဲမှာ ကြီးပြင်းလာတာဆိုတော့ ပြင်ပလောက အကြောင်း ဘယ်လောက်တောင် မသိတာလဲ။
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကတော့ ယွီးရှောင်ရှောင်လိုပဲ မျက်နှာသေနဲ့ နေလိုက်ကြတယ်။ သူတို့က အစေခံတွေပဲလေ ဘာမှ မသိတာပဲ ကောင်းပါတယ်။
…
အခန်း (၄၂) စကားပြောလို့ မရတဲ့ မင်းသမီးကြီး
ကျယ်ဝန်းတဲ့ ဧည့်ခန်းမကြီးက မီးရောင်တွေနဲ့ ထိန်လင်းနေတယ်။ အခန်းအလယ်မှာ ရေကန်ငယ်လေး တစ်ခု ဖန်တီးထားပြီး ရွှေငါး ဆယ်ကောင်လောက်က ရေကန်ထဲမှာ အစာရှာ ကူးခတ်နေကြတယ်။ ရေကျသံ တလွင်လွင်နဲ့ အမွှေးတိုင်ကနေ ထွက်လာတဲ့ မီးခိုးငွေ့သဲ့သဲ့လေးတွေကြောင့် ဇိမ်ခံစရာ အပြည့်ရှိတဲ့ ဒီခန်းမကြီးက နတ်ပြည်က ခန်းမတစ်ခုလိုတောင် ဖြစ်နေတယ်။
ယွီးရှောင်ရှောင်က အခန်းထဲ ဝင်ဝင်ချင်း ရေကန်ထဲက ရွှေငါးတွေကို စိုက်ကြည့်နေတယ်။
ကျင်းမော့က ယွီးရှောင်ရှောင်ရဲ့ အနားကို လျှောက်လာပြီး ပြုံးကာ မေးလိုက်တယ်။
"မင်းသမီးက ဒီရွှေငါးတွေကို သဘောကျလို့လား"
ယွီးရှောင်ရှောင်က ခေါင်းညိတ်ပြလိုက်တယ်။ ဒီငါးတွေ ကြည့်ရတာ စားလို့ ကောင်းမဲ့ပုံပဲ။
ကျင်းမော့က ယွီးရှောင်ရှောင် ခေါင်းညိတ်တာကို မြင်တော့ အနောက်က အစောင့်ကို ချက်ချင်း အမိန့်ပေးလိုက်တယ်။
"ခဏနေရင် ဒီရွှေငါးတွေကို မင်းသမီး အိမ်တော်ဆီ ပို့ပေးလိုက်"
"ဟုတ်ကဲ့ပါ"
အစောင့်က အသံကျယ်ကျယ်နဲ့ အမိန့်နာခံလိုက်တယ်။
ကုရှင်းလန်ကတော့ စိတ်ထဲမှာ မကျေနပ်ပေမဲ့ ရေထဲက ရွှေငါးတွေကို မျက်တောင်မခတ်တမ်း ကြည့်နေတဲ့ ယွီးရှောင်ရှောင်ကို မြင်တော့ ငြင်းမဲ့စကားကို ပြန်မျိုချလိုက်ရတယ်။
"ထိုင်ပါ"
ကျင်းမော့က ယွီးရှောင်ရှောင်နဲ့ ကုရှင်းလန်ကို ထိုင်ခိုင်းလိုက်ပြီး ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ ကုရှင်းလန်ကို စားပွဲဆီ ထမ်းခေါ်လာတာကို ကြည့်ကာ လှောင်ပြုံးနဲ့ မေးလိုက်တယ်။
"ကြည့်ရတာ သမက်တော်အတွက် ထိုင်ခုံ ပါလာပြီးသားပဲ၊ ကုသမက်တော်ရဲ့ ခြေထောက် ဒဏ်ရာက ဘယ်လို နေသေးလဲ"
ကုရှင်းလန်က ကျင်းမော့ကို အေးစက်စက် အကြည့်နဲ့ တစ်ချက် ကြည့်လိုက်ပြီး ဘာမှ မပြောဘူး။
ယွီးရှောင်ရှောင်က ရေကန်ဆီကနေ အကြည့်လွှဲပြီး ကျင်းမော့ကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်တယ်။
"သူ့ခြေထောက်တွေ ပြန်ကောင်းလာမှာပါ"
ကျင်းမော့က မေးလိုက်တယ်။
"မင်းသမီးက ဘယ်သူ့ဆီက ဆေးပညာ သင်ခဲ့တာလဲ"
ယွီးရှောင်ရှောင်က ကိုယ်ကို လှည့်ပြီး ကုရှင်းလန် ရှိရာကို လျှောက်သွားလိုက်တယ်။ သူမကို လေ့ကျင့်ပေးခဲ့တဲ့ ဆရာက ဒီကမ္ဘာမှာ မှ မရှိတာ၊ ဘယ်လို ပြန်ဖြေရမှာလဲ။ တိတ်ဆိတ်ခြင်းက ရွှေပါပဲ။
ယွီးရှောင်ရှောင်က သူတို့ သခင်ရဲ့ အမေးကို လျစ်လျူရှုလိုက်တာကြောင့် ကျင်းမော့ရဲ့ အစောင့်တွေက ဒေါသထွက်သွားပေမဲ့ ကျင်းမော့က လက်ကာပြီး တားလိုက်တယ်။
ကုရှင်းလန်နဲ့ ယွီးရှောင်ရှောင်တို့ရဲ့ ထိုင်ခုံတွေက ရှေ့နောက် ခွဲထားတယ်။ ယွီးရှောင်ရှောင်က အရှေ့မှာ ထိုင်ရမှာ ဖြစ်ပြီး ကုရှင်းလန်က အနောက်မှာ ထိုင်ရမှာ။ ဒါပေမဲ့ ယွီးရှောင်ရှောင်က တစ်ယောက်တည်း ထိုင်ရတဲ့ စည်းကမ်းကို နားမလည်တာကြောင့် လွတ်နေတဲ့ စားပွဲကို လှည့်တောင် မကြည့်ဘဲ ကုရှင်းလန်ရဲ့ ဘေးမှာ သွားထိုင်လိုက်တယ်။
ကုရှင်းလန်နဲ့ ကျင်းမော့ အပါအဝင် အခန်းထဲမှာ ရှိတဲ့လူ အကုန်လုံး အံ့သြသွားကြတယ်။
ယွီးရှောင်ရှောင်က ထိုင်ချလိုက်ပြီး ကုရှင်းလန်ရဲ့ နှုတ်ခမ်းကို ကြည့်လိုက်တယ်။ ရေဓာတ် ခန်းခြောက်နေလို့ နှုတ်ခမ်းတွေ ကွဲနေတာကို မြင်တော့ သူမက ရေတစ်ခွက် ငှဲ့ပြီး ကုရှင်းလန်ရဲ့ ပါးစပ်နား တေ့ပေးကာ ပြောလိုက်တယ်။
"ရေသောက်လိုက်"
ကုရှင်းလန်က ခေါင်းခါချင်ပေမဲ့ အပြင်လူတွေ အများကြီး ရှေ့မှာ သူတို့ လင်မယား ဒီလို နေတာက စည်းကမ်းနဲ့ မညီဘူးလေ။ ဒါပေမဲ့ သူတို့ကို ကြည့်နေတဲ့ ကျင်းမော့ကို မြင်တော့ ကုရှင်းလန်က ပါးစပ်ဟပြီး ယွီးရှောင်ရှောင် တိုက်တဲ့ ရေကို တစ်ငုံ သောက်လိုက်တယ်။
ယွီးရှောင်ရှောင်က ပြောတယ်။
"ထပ်သောက်လိုက်ဦး"
ကုရှင်းလန်က တကယ်ကို လိမ္မာတယ်။ ကျန်နေတဲ့ ရေတစ်ဝက်ကို အကုန် သောက်လိုက်တယ်။
ကျင်းမော့က မျက်လုံးတွေ အေးစက်သွားပေမဲ့ မျက်နှာပေါ်မှာတော့ အပြုံးနဲ့ပဲ ပြောလိုက်တယ်။
"မင်းသမီးလေးက အခုမှ လက်ထပ်ထားတာကို ဝမ်းနည်းစရာက ကျွန်တော် နောက်ကျမှ ရောက်လာလို့ မင်းသမီးရဲ့ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကို မမြင်လိုက်ရဘူး"
ယွီးရှောင်ရှောင်က လက်ထဲက ရေခွက်ကို လှည့်ကစားရင်း ထမင်းစားရမဲ့ အချိန်ကို စောင့်နေတယ်။ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲတဲ့လား။ အလကားပါ၊ သူမ မှတ်မိသလောက်ဆိုရင် ကျောင်းချိုးမင်တို့ အုပ်စုနဲ့ ရန်ဖြစ်ခဲ့ရတာပဲ ရှိတယ်။ မိုးကြိုးပစ်တာတောင် ကျောင်းမိဖုရားကို မသေစေခဲ့ဘူးလေ။
ကျင်းမော့က မေးလိုက်တယ်။
"မင်းသမီး၊ ကျွန်တော့်ကို ပြောစရာ စကား ရှိတယ် မဟုတ်လား"
ကုရှင်းလန်က စားပွဲအောက်ကနေ ယွီးရှောင်ရှောင်ရဲ့ လက်ကို အသာလေး ပုတ်လိုက်တယ်။ ယွီးကျစ်ရီ ကိစ္စကို ကျင်းမော့ ဘယ်လို သဘောထားလဲ ဆိုတာကို သူတို့ အရင် နားထောင်ကြည့်ပြီးမှ ဘာဆက်လုပ်မလဲ စဉ်းစားတာ အကောင်းဆုံးပဲလေ။
ယွီးရှောင်ရှောင်က ကျင်းမော့ကို မော့ကြည့်ပြီး မေးလိုက်တယ်။
"ထမင်းစားဖို့ ဖိတ်တာ မဟုတ်ဘူးလား၊ ထမင်းဟင်းတွေက ဘယ်မှာလဲ"
ဒီစကား ထွက်လာတော့ လေထုက စကားပြောမဲ့ လေထု မဟုတ်တော့ဘူး။ ကျင်းမော့က ယွီးရှောင်ရှောင်ကို စူးစမ်းတဲ့ မျက်လုံးနဲ့ စိုက်ကြည့်လိုက်တယ်။ ဒီလင်းလုံမင်းသမီးက ကြည့်ရတာ ဘာအကြံအစည်မှ မရှိတဲ့ မိန်းကလေးတော့ မဟုတ်လောက်ဘူး။ ကျင်းမော့က ရယ်မောပြီး လက်ခုပ်တီးလိုက်ကာ ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။
"မင်းသမီးကို စောင့်ခိုင်းမိတာ ကျွန်တော့် အမှားပါ"
အစေခံမလေးတွေက ခန်းမထဲကို တန်းစီ ဝင်လာပြီး ဧည့်သည်တွေကို ဟင်းလျာတွေ ချပေးကြတယ်။ စားပွဲပေါ်မှာ ဟင်းလျာတွေ များလာလေ ယွီးရှောင်ရှောင်ရဲ့ မျက်လုံးတွေက တောက်ပလာလေပဲ။ အသား၊ ငါး၊ ပုစွန် မျိုးစုံ ပါတဲ့ ဟင်းလျာတွေကို ကြည့်ပြီး ယွီးရှောင်ရှောင်ရဲ့ မျက်လုံးလေးတွေက လခြမ်းလေးတွေလို ကွေးသွားတဲ့အထိ ပြုံးသွားတယ်။ ဒီဟင်းတွေကို ကြည့်တာနဲ့တင် ဒီခရီးက အလကား မဖြစ်ဘူးဆိုတာ ယွီးရှောင်ရှောင် သေချာသွားပြီ။
ကုရှင်းလန်က ယွီးရှောင်ရှောင်ရဲ့ ပုံစံကို ကြည့်ပြီး ရှေ့က ဟင်းလျာတွေကို မြင်တော့ သူလည်း စားချင်စိတ် ပေါ်လာတယ်။
ကျင်းမော့က အရက်ခွက်ကို ကိုင်ပြီး ယဉ်ယဉ်ကျေးကျေး ပြောလိုက်တယ်။
"မင်းသမီး၊ သုံးဆောင်ပါ"
ယွီးရှောင်ရှောင်က ကျင်းမော့ စကားဆုံးတာနဲ့ ချက်ချင်းပဲ တူကို ကိုင်ပြီး အသားကို ယူစားတော့တယ်။
"ကျွန်တော်က"
ကျင်းမော့ ဆက်ပြောမဲ့ စကားတွေက လည်ချောင်းထဲမှာ တစ်ဆို့သွားတယ်။
တော်ဝင်မိသားစုတွေ ထမင်းစားရင် အများကြီး စားတာထက် အကောင်းဆုံးကိုပဲ စားကြတာလေ။ ယွီးရှောင်ရှောင် ရှေ့က ဟင်းလျာတွေက ကျောက်စိမ်းပန်းကန်ပြား အဖြူရောင်တွေနဲ့ ထည့်ထားတာမို့ စားစရာ ဟင်းလျာတွေထက် သေချာ ရေးဆွဲထားတဲ့ ပန်းချီကားတွေနဲ့ ပိုတူနေတယ်။ ဝမ်းနည်းစရာက ယွီးရှောင်ရှောင်ဆီမှာ လှပတဲ့ အရာတွေကို ခံစားတတ်တဲ့ မျက်လုံးမျိုး မရှိဘူးလေ။ စစ်တိုက်တဲ့ လူတွေ ထမင်းစားရင် မြန်တယ်။ ယွီးရှောင်ရှောင်က စားပွဲပေါ်က ဟင်းတွေကို သုံးလေးချက်လောက် ရှင်းလင်းလိုက်တော့ ကုရှင်းလန်တောင် တစ်လုပ်မှ မစားရသေးဘူး။
ကျင်းမော့က ယွီးရှောင်ရှောင်ကို ကြည့်လိုက်၊ စားပွဲပေါ်က ပြောင်နေတဲ့ ကျောက်စိမ်းပန်းကန်ပြားတွေကို ကြည့်လိုက်နဲ့ နေမိတယ်။ ယွီးရှောင်ရှောင်ရဲ့ စားပုံသောက်ပုံက ကြည့်ရဆိုးတာ မဟုတ်ပေမဲ့ ဒီတစ်ခါတော့ ကျင်းမော့ တကယ် အံ့သြသွားရတယ်။
ယွီးရှောင်ရှောင်က တူမှာ ကပ်နေတဲ့ အရည်ကို စုပ်စားလိုက်ပြီး ကျင်းမော့ကို ပြောလိုက်တယ်။
"ဗိုက်မဝသေးဘူး"
ကျင်းမော့ ဆွံ့အသွားတယ်။
ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ ဆီမပေသေးတဲ့ တူကို ကြည့်ပြီး ပြောလိုက်တယ်။
"စောစောက ဦးလေးကြီး ပြောတာ ဒီနေ့ ကျွန်မနဲ့ ကုရှင်းလန်ကို ထမင်းကျွေးဖို့ ဒီဆိုင်ကို ရှင်းထားတယ် ဆိုတာက လိမ်တာ မဟုတ်လား"
ကျင်းမော့က မေးလိုက်တယ်။
"မင်းသမီး ဘာပြောချင်တာလဲ"
"ဟင်းတွေက ဒီလောက် နည်းတာ"
ယွီးရှောင်ရှောင်က ဘယ်ဘက်က ပန်းကန်ခွံကို တူနဲ့ ထိုးပြီး ကျင်းမော့ကို ပြောလိုက်တယ်။
"ဒီလောက် ကပ်စေးနှဲတာ ဘယ်သူက ဒီကို လာစားမှာလဲ။ ဒီဆိုင် ဒေဝါလီ ခံရတာ နည်းတောင် နည်းသေးတယ်၊ ရှင်က ဒီဆိုင်ရှင်ရဲ့ ခေါင်းပုံဖြတ်တာ ခံလိုက်ရတာလား"
အားလုံး အံ့သြသွားကြတယ်။
ယွီးရှောင်ရှောင်က ကုရှင်းလန်ဘက် လှည့်ပြီး ပြောလိုက်တယ်။
"ခဏနေရင် တို့တွေ တခြားဆိုင် သွားကြမယ်။ ကျွန်မဆီမှာ ပိုက်ဆံ ရှိတယ်၊ ရှင့်ကို ကောင်းကောင်း တစ်နပ် ကျွေးမယ်"
ကုရှင်းလန်က စိတ်ရှုပ်သွားတယ်။ ယောက်ျားက မိသားစုကို ရှာကျွေးရမှာ မဟုတ်ဘူးလား၊ ဘာလို့ သူ့ကျမှ မိန်းမက ထမင်းကျွေးမှာလဲ။
"မင်းသမီး စကားကို ဆင်ခြင်ပြောပါ"
အဲဒီအချိန်မှာ ကျင်းမော့ရဲ့ အကြံပေး အရာရှိ တစ်ယောက်က သတိပြန်ဝင်လာပြီး ယွီးရှောင်ရှောင်ကို အော်ပြောလိုက်တယ်။
"တို့ ကျူးယိ အထက်နိုင်ငံက အိမ်ရှေ့မင်းသားကို ဘယ်သူက ခေါင်းဖြတ်ရဲမှာလဲ"
"ဘာ"
ယွီးရှောင်ရှောင်က မေးလိုက်တယ်။
"ကျင်းမော့ကို သတ်မဲ့သူ ရှိလို့လား"
"မင်း"
အကြံပေး အရာရှိက ဒေါသထွက်သွားတယ်။ ဖုန်းထျန်းက ဒီမင်းသမီးက ရူးချင်ယောင်ဆောင်နေတယ်လို့ သူ ထင်လိုက်တယ်။
"ရိုင်းစိုင်းလိုက်တာ"
ကျင်းမော့က လက်ကာပြီး သူ့အနောက်က အကြံပေး အရာရှိကို ပါးစပ်ပိတ်ခိုင်းလိုက်တယ်။ ယွီးရှောင်ရှောင်က ခေါင်းဖြတ် ဆိုတဲ့ စကားကို သုံးခဲ့ပေမဲ့ အဲဒါက သတ်မယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်လောက်ဘူးလို့ ကျင်းမော့ ထင်တယ်။
"ဘယ်သူက ရှင့်ကို သတ်ချင်နေတာလဲ"
ယွီးရှောင်ရှောင်က ကျင်းမော့ကို အတည်ပေါက် မေးလိုက်တယ်။ ဒီအချိန်မှာ ကျူးယိမှာလည်း မင်းသား ရှစ်ပါး ကိုးပါးလောက်က ထီးနန်းလုနေကြပြီး ကျင်းမော့ရဲ့ ဘဝကလည်း သိပ်မလွယ်ကူဘူး ဆိုတာကို သူမ မှတ်မိနေတယ်။
ကျင်းမော့က ရယ်လိုက်ပြီး မေးလိုက်တယ်။
"မင်းသမီးက ကျွန်တော့်ကို စိတ်ပူနေတာလား"
ယွီးရှောင်ရှောင်က ခေါင်းညိတ်ပြလိုက်တယ်။ လင်ငယ် အဖြစ် မနေပေမဲ့ ဒီလူ သေသွားရင် သူမလည်း ဝမ်းသာမှာ မဟုတ်ဘူးလေ။
"အရက်ကောင်း ဟင်းကောင်းတွေ နောက်တစ်ပွဲ ထပ်ချပေး" လို့ ကျင်းမော့က ဘေးက လူတွေကို အမိန့်ပေးလိုက်ပြီး ခဏစဉ်းစားကာ ထပ်ပြောလိုက်တယ်။
"ပမာဏ များများ ချပေး"
အဟေး
ယွီးရှောင်ရှောင်က ဒုတိယပွဲ ရောက်လာမဲ့ အချိန်ကို စိတ်လှုပ်ရှားစွာနဲ့ စောင့်နေတယ်။
ကျင်းမော့က မေးလိုက်တယ်။
"မင်းသမီး၊ သတ္တမမင်းသား ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မပြောချင်ဘူးလား"
ယွီးရှောင်ရှောင်က ပြန်ဖြေတယ်။
"ထမင်းစားရင်း အလုပ်ကိစ္စ မပြောဘူးလေ၊ ဒါကို ထမင်းစားပြီးမှ ပြောကြတာပေါ့"
ယွီးရှောင်ရှောင်နဲ့ မတွေ့ခင်အထိ ကျင်းမော့က သူ့ကို စကားမပြောနိုင်အောင် အကြိမ်ကြိမ် လုပ်နိုင်တဲ့ လူမျိုးနဲ့ တစ်ခါမှ မဆုံဖူးဘူး။
ကုရှင်းလန်က ရေခွက်ကို ကိုင်ပြီး သောက်လိုက်တယ်။ သူလည်း သူ့ဇနီးလေးနဲ့ စကားပြောရင် ခဏခဏ နားမလည်တာတွေ ဖြစ်ရပေမဲ့ အိမ်ရှေ့မင်းသား ကျင်းမော့ စကားပြန်မပြောနိုင်အောင် ဖြစ်နေတာကို မြင်ရတော့ ကုသခင်လေးက အတော်လေး ကျေနပ်သွားတယ်။
…