← Chapters

အခန်း (၄၃-၄၄)

Vol. 3 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 3 Ch. 43-44

အခန်း (၄၃) ချူချိုး သခင်မ

ဒုတိယတစ်ကြိမ် ဟင်းလျာတွေ ရောက်လာတယ်။ ကျင်းမော့က ပမာဏ များများချပေးဖို့ မှာထားပေမဲ့ တော်ဝင်မိသားစုရဲ့ ဧည့်ခံပွဲတွေမှာ ဟင်းလျာတွေက ဘယ်လောက်ပဲ များတယ်ပြောပြော ယွီးရှောင်ရှောင် မျှော်လင့်ထားတဲ့ ပမာဏနဲ့တော့ အတော်လေး ကွာနေသေးတယ်။ ပန်းကန်ထဲက အသားတုံးတွေကို ကြည့်ရုံနဲ့ ဘယ်နှတုံး ပါလဲဆိုတာ ရေတွက်လို့ ရနေတော့ ယွီးရှောင်ရှောင်က ခေါင်းယမ်းလိုက်တယ်။ ဒီဆိုင် မပိတ်သေးတာက တကယ့်ကို အံ့သြစရာပဲ။

ကုရှင်းလန်က ယွီးရှောင်ရှောင် ခေါင်းယမ်းတာကို မြင်တော့ အမြန် မေးလိုက်တယ်။

"မစားချင်တော့လို့လား"

ယွီးရှောင်ရှောင်က ငါးတစ်ကောင်လုံးရဲ့ ဝမ်းဗိုက်သားကို ခွာပြီး ကုရှင်းလန်ရဲ့ ပန်းကန်ထဲ ထည့်ပေးရင်း တိုးတိုးလေး ပြောလိုက်တယ်။

"နည်းတော့ နည်းပေမဲ့ အရသာကတော့ မဆိုးဘူး၊ စားကြည့်"

ကုရှင်းလန်က တူကို ကိုင်ပြီး ယွီးရှောင်ရှောင် ခေါင်းမမော့တမ်း စားနေတာကို ကြည့်နေမိတယ်။ ပါးစပ်လေးက သေးသေးလေးပေမဲ့ ဒီလောက်များတဲ့ အသားတွေ ဟင်းသီးဟင်းရွက်တွေက မျက်စိတစ်မှိတ်အတွင်း ဘယ်လိုများ ဗိုက်ထဲ ရောက်သွားလဲ မသိဘူး။ ကုရှင်းလန်က ငါးကို မစားရဲသေးဘဲ ယွီးရှောင်ရှောင်ကို စိုက်ကြည့်နေတယ်။ စစ်မြေပြင်မှာ အတွေ့အကြုံများတဲ့ ကုသခင်လေးရဲ့ အလိုအလျောက် သိစိတ်အရ ဒီဟင်းတွေ အကုန်လုံးက သူ့ဇနီးလေး ဗိုက်ဝဖို့တောင် မလောက်ဘူးဆိုတာ သိနေတယ်။

"ဖြည်းဖြည်းစားပါ"

ကုရှင်းလန်က ယွီးရှောင်ရှောင် နင်သွားမှာ စိုးလို့ ဟင်းရည် ခပ်ပေးလိုက်တယ်။

"အင်း"

ယွီးရှောင်ရှောင်က ကုရှင်းလန် ခပ်ပေးတဲ့ ဟင်းရည်ကို သောက်လိုက်ပြီး မျက်လုံးတွေ တောက်ပသွားကာ ပြောလိုက်တယ်။

"အရသာ ရှိတယ်"

ကုရှင်းလန်က ဟင်းရည်ပန်းကန်ထဲက ကမာကောင် အသားကို ဆယ်ပြီး ယွီးရှောင်ရှောင်ရဲ့ ပန်းကန်ထဲ ထည့်ပေးလိုက်တယ်။

"ကြိုက်ရင် အိမ်ပြန်ရောက်တဲ့အခါ စားဖိုဆောင်ကို ဒီဟင်းရည် ချက်ခိုင်းမယ်လေ"

ယွီးရှောင်ရှောင်က အားရပါးရ ခေါင်းညိတ်လိုက်တယ်။ ဇွန်ဘီခေတ်မှာဆို မညစ်ညမ်းတဲ့ ငါးတစ်ကောင် ရှာတွေ့ဖို့ဆိုတာ တိုက်ကြီးသစ် ရှာတွေ့တာထက်တောင် ခက်ခဲသေးတယ်။ ဒီကမ္ဘာမှာ ရှင်သန်ရတာက တကယ်ကို ပျော်စရာ ကောင်းတာပဲ။

"မနက်ဖြန် ချက်ခိုင်းမယ်"

"ကောင်းပြီလေ"

ကုရှင်းလန်က ဘာမှ မစဉ်းစားဘဲ ချက်ချင်း သဘောတူလိုက်တယ်။ ဒါပေမဲ့ ခဏနေတော့မှ ကမာကောင်ဆိုတာ နွေရာသီမှ စားရတဲ့ အရာဆိုတာကို သတိရသွားတယ်။ အခုလို ဆောင်းရာသီကြီးကို ကမာကောင်ကို ဘယ်ကနေ သွားရှာရမလဲ။ ကုရှင်းလန်က ကျင်းမော့ကို မော့ကြည့်လိုက်တယ်။ ဒီကျူးယိ လူတွေက လတ်ဆတ်တဲ့ ကမာကောင်ကို ဘယ်ကနေ ရလာတာလဲ။

ကျင်းမော့ရဲ့ မျက်နှာက အနည်းငယ် ပျက်ယွင်းသွားတယ်။ သူက ဒီလင်မယား နှစ်ယောက်ကို နိုင်ငံရေး ကိစ္စတွေ ဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာလေ၊ ဒီနှစ်ယောက်က တကယ်ပဲ လာစားသောက်နေကြလိမ့်မယ်လို့ သူ မထင်ထားဘူး။ ပြီးတော့ ဘေးလူတွေကို ဂရုမစိုက်ဘဲ အချင်းချင်း ခွံ့ကျွေးနေကြတာက ဟန်ဆောင်နေကြတာလား၊ ဒါမှမဟုတ် ရှက်ရကောင်းမှန်း မသိကြတာလား။ ကုရှင်းလန် သူ့ကို ကြည့်လိုက်တာကို မြင်တော့ ကျင်းမော့က ပြုံးပြီး ပြောလိုက်တယ်။

"ကုသမက်တော်က မင်းသမီးလေး စားဖို့ သောက်ဖို့အတွက် ပင်ပန်းခံနေစရာ မလိုပါဘူး၊ တစ်ယောက်ယောက် ဒီလာခဲ့"

အပြာရောင် အင်္ကျီကို ဝတ်ဆင်ထားတဲ့ အစေခံမလေး တစ်ယောက်က ယွီးရှောင်ရှောင်နဲ့ ကုရှင်းလန်တို့ရဲ့ စားပွဲရှေ့ကို ရောက်လာတယ်။

ကျင်းမော့က ရှင်းပြတယ်။

"သူက ကျွန်တော် မကြာသေးခင်ကမှ ဝယ်ထားတဲ့ အစေခံမလေးပါ၊ သူ့ကို မင်းသမီးလေးကို ပြုစုဖို့ ခိုင်းလိုက်ပါ့မယ်"

ကုရှင်းလန်က အဲဒီ အစေခံမလေးကို ကြည့်လိုက်တော့ မျက်လုံးထောင့်က တလှုပ်လှုပ် ဖြစ်သွားပေမဲ့ မျက်နှာပေါ်မှာတော့ ဘာအမူအရာမှ မပြဘဲ မေးလိုက်တယ်။

"ချင်းယွိ"

"သမက်တော်"

ချင်းယွိက စားပွဲရှေ့မှာ ဒူးထောက်ပြီး ကုရှင်းလန်ကို တိုးတိုးလေး ပြောလိုက်တယ်။

"ကျွန်တော်မျိုးမ နာမည်က အခု ချူချိုး ပါ"

ယွီးရှောင်ရှောင်က မြိန်ရေရှက်ရေ စားသောက်နေတုန်း ချူချိုး ဆိုတဲ့ နာမည်ကို ကြားလိုက်တော့ ဝါးရွက်နုလေးကို ညှပ်ထားတဲ့ တူက လေထဲမှာ ရပ်တန့်သွားတယ်။ ချူချိုးတဲ့လား။

ကျင်းမော့က ရက်စက်တဲ့ ဘုရင်မနဲ့ ပေါင်းဖက်ပြီးတဲ့နောက် ယွီးကျစ်ရီကို အစေခံမလေး တစ်ယောက် လက်ဆောင်ပေးခဲ့တယ်။ အဲဒီ အစေခံမလေးက ယွီးကျစ်ရီ ကြီးပြင်းလာတဲ့အထိ အနီးကပ် ပြုစုစောင့်ရှောက်ပေးခဲ့ပြီး ယွီးကျစ်ရီ လူပျိုပေါက် အရွယ်ကနေ ယောက်ျား တစ်ယောက် ဖြစ်လာတဲ့ အဆင့်အထိကို အဲဒီ အစေခံမလေးကပဲ လမ်းပြပေးခဲ့တာလေ။ ယွီးကျစ်ရီက အစ်မကို သတ်ပြီး ထီးနန်းကို လုယူတဲ့ အချိန်မှာလည်း နန်းတော်ရဲ့ တောင်ဘက်တံခါးကို လှည့်စားပြီး ဖွင့်ပေးခဲ့တာ အဲဒီ အစေခံမလေးပဲ။ အဲဒီ အစေခံမလေး နာမည်ကို ယွီးရှောင်ရှောင် သေသေချာချာ မှတ်မိတယ်။ ချူချိုးလေ။ ယွီးကျစ်ရီက မင်းသား ဘွဲ့ရပြီးတဲ့နောက် ဖုန်းထျန်း လူတွေ အားလုံးက လွေ့ချင်ဝမ် မင်းသားရဲ့ ဘေးမှာ ချူချိုး သခင်မ ဆိုတာ ရှိတယ်လို့ သိထားကြတာ။

ဘုရားရေ...

ယွီးရှောင်ရှောင်က စားပွဲရှေ့မှာ ဒူးထောက်နေတဲ့ အလှလေးကို စိုက်ကြည့်နေမိတယ်။ သူမနဲ့ ကျင်းမော့တို့ လင်ငယ်အဖြစ်တောင် မပတ်သက်ရသေးခင်မှာပဲ ဒီ ချူချိုးက ရောက်လာပြီလား။ ဇာတ်လမ်းက ဒီလို ပြောင်းသွားတော့ သူမ ဘယ်လို ဆက်ကစားရမလဲ။

ကျင်းမော့က သူ့အောက်က လင်မယား နှစ်ယောက်ရဲ့ မျက်နှာထားကို အကဲခတ်လိုက်တယ်။ တစ်ယောက်က မျက်နှာကို အေးစက်စက် ထားပြီး နောက်တစ်ယောက်က ဘာအမူအရာမှ မရှိဘူး။ ဒီနှစ်ယောက်က စိတ်ခံစားချက်ကို ဖုံးကွယ်တဲ့ နေရာမှာ အတော်လေး တော်တာပဲ။

"ချူချိုး"

ကျင်းမော့က ချင်းယွိကို အမိန့်ပေးလိုက်တယ်။

"မင်း ရှေ့တိုးပြီး မင်းသမီးလေးကို မပြုစုသေးဘူးလား"

"ဟုတ်ကဲ့ပါ"

ချင်းယွိက ကျင်းမော့ကို ပြန်ထူးပြီး ယွီးရှောင်ရှောင် ရှိရာကို ဒူးထောက်ရက်နဲ့ တိုးလာတယ်။

"နေဦး"

ယွီးရှောင်ရှောင်က လက်ကာပြပြီး ချင်းယွိကို နေရာမှာပဲ ရပ်ခိုင်းလိုက်ကာ ကျင်းမော့ကို မေးလိုက်တယ်။

"ရှင် စောစောက ပြောတာ သူ့ကို ဝယ်လာတာ ဆို"

ကျင်းမော့က ပြန်ဖြေတယ်။

"အစေခံမ တစ်ယောက်ပါပဲ၊ မင်းသမီးလေးက သဘောမကျလို့လား"

ကုရှင်းလန်က အေးစက်စက် လေသံနဲ့ ဝင်ပြောလိုက်တယ်။

"ဒီအစေခံမက ကျုပ်တို့ ကုမိသားစုက ရောင်းပစ်လိုက်တာလေ"

ကျင်းမော့က မေးလိုက်တယ်။

"ဘာဖြစ်လို့လဲ... ကုမိသားစုက ရောင်းပစ်တဲ့ အစေခံကို ဝယ်လို့ မရဘူးလား"

ယွီးရှောင်ရှောင်က ပြောလိုက်တယ်။

"ချင်းယွိ... ဒီနာမည်ကို ကျွန်မ ဘယ်မှာ ကြားဖူးသလဲ မသိဘူး"

ဒီတစ်ခါတော့ ဘေးမှာ ရပ်နေတဲ့ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ပါ စိတ်ပူသွားကြတယ်။ မင်းသမီးက ကိုယ့်ယောက်ျားကို လုမဲ့ မိန်းမရဲ့ နာမည်ကိုတောင် မမှတ်မိဘူးလား။ ဒါဆို ဘယ်လိုလုပ် ဆက်ပြီး အဆင်ပြေမှာလဲ။

ချင်းယွိက ခေါင်းမော့ပြီး ကုရှင်းလန်ကို တစ်ချက် ကြည့်လိုက်တယ်။ သူ့မျက်လုံးထဲက အချစ်တွေကို ကုသခင်လေးက မြင်ပေမဲ့ မင်းသမီးလေးကတော့ မမြင်ပါဘူး။

ချင်းယွိကို စိတ်မဝင်စားသလို ဘာမှလည်း မလုပ်ခဲ့ဖူးတာကြောင့် ကုရှင်းလန်က သူမနဲ့ ပတ်သက်ပြီး ဘာမှ လိပ်ပြာမလုံစရာ မရှိဘူး။ ဒါပေမဲ့ ထောင်ထဲမှာ ရှိနေတုန်းက ကုမိသားစုက ချင်းယွိကို သူ့အတွက် မျိုးဆက် ကျန်ရစ်အောင် စီစဉ်ပေးခဲ့တာကို တွေးမိတော့ ကုသခင်လေးက ယွီးရှောင်ရှောင်ကို အားနာသွားတယ်။

"သတိမရရင်လည်း မစဉ်းစားပါနဲ့တော့"

ကုရှင်းလန်က ယွီးရှောင်ရှောင်ကို စကားလမ်းကြောင်း လွှဲလိုက်တယ်။

"မင်း ဘာစားချင်သေးလဲ၊ ဟင်းတွေ အေးသွားရင် စားမကောင်းတော့ဘူး"

ချင်းယွိက သက်ပြင်းကို တိုးတိုးလေး ချပြီး ခေါင်းငုံ့ထားလိုက်တယ်။ ကုရှင်းလန်က ငယ်ငယ်ကတည်းက အေးစက်စက် နိုင်ပြီး စကားနည်းတဲ့သူလေ။ အခု သူ့ဇနီးလေးကို ဂရုတစိုက် ဆက်ဆံနေတာကို ကြည့်ပြီး ချင်းယွိက ကုသခင်လေးက မင်းသမီးကို သဘောကျနေပြီ ဆိုတာ သိလိုက်တယ်။ သူမ စိတ်မချမ်းသာပေမဲ့ ဒီခံစားချက်ကို မျိုသိပ်ထားရုံပဲ တတ်နိုင်တယ်။ ဒါပေမဲ့ ယွီးကျစ်ရီ ကျူးယိကို ဓားစာခံအဖြစ် သွားရတော့မယ် ဆိုတာကို တွေးမိတော့ ချင်းယွိက အခြေအနေကို သဘောကျသွားတယ်။ သူမရှေ့မှာ ထိုင်နေတဲ့ မိန်းမက မင်းသမီး ဖြစ်နေလည်း ဘာအရေးလဲ။ အထက်နိုင်ငံက အိမ်ရှေ့မင်းသား ရှေ့မှာဆိုရင် သူလည်း ခေါင်းငုံ့ရတာပဲ မဟုတ်လား။

"မင်းသမီး"

ကျင်းမော့က ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။

"ဒီအစေခံမလေးကို မင်းသမီး တကယ် မမှတ်မိဘူးလား"

ယွီးရှောင်ရှောင်က ချင်းယွိကို မေးလိုက်တယ်။

"မင်း အသက် ဘယ်လောက် ရှိပြီလဲ"

ချင်းယွိက ယွီးရှောင်ရှောင် ဘာလို့ သူ့အသက်ကို မေးလဲ ဆိုတာ နားမလည်ပေမဲ့ ရိုရိုသေသေ ပြန်ဖြေလိုက်တယ်။

"ကျွန်တော်မျိုးမ အသက် ဆယ့်ငါးနှစ် ပါ မင်းသမီး"

ကျွတ်...

ယွီးရှောင်ရှောင်က စိတ်ထဲမှာ စုတ်သပ်လိုက်တယ်။ ရက်စက်တဲ့ ဘုရင်မက ဖခင်မေတ္တာကို လိုချင်လို့ မင်းဆရာကို လင်ငယ်ထားခဲ့တယ်။ ယွီးကျစ်ရီက မိခင့်မေတ္တာကို လိုချင်လို့ သူ့ထက် ဆယ့်ငါးနှစ် ကြီးတဲ့ မိန်းမကို ယူခဲ့တာလား။ နန်းတော်ထဲက အရူးဘုရင်ရဲ့ မျိုးရိုးဗီဇက တကယ်ကို ပြဿနာ ရှိနေတာပဲ။

"မင်းသမီး"

ကျင်းမော့က ယွီးရှောင်ရှောင်က သူ့စကားကို လျစ်လျူရှုထားတာကြောင့် ထပ်ခေါ်လိုက်တယ်။

"သူက လူငယ်လေးတွေကို သဘောကျတာ"

ယွီးရှောင်ရှောင်က ကျင်းမော့ကို ဖြေလိုက်တယ်။

"ရှင့်လို အသက်ကြီးတဲ့ သူမျိုးကို သူ သဘောကျမှာ မဟုတ်ဘူး"

ကျင်းမော့...

အားလုံး...

မင်းသမီးက ကုသခင်လေးကို လူငယ်လေးလို့ ပြောပြီး အိမ်ရှေ့မင်းသား ကျင်းမော့ကို အသက်ကြီးတဲ့သူလို့ ပြောနေတာလား။

ကျင်းမော့က ဒေါသကို ထိန်းထားပေမဲ့ နောက်ဆုံးတော့ မထိန်းနိုင်တော့ဘဲ စားပွဲကို ဖြန်းခနဲ ရိုက်ချလိုက်တယ်။

"မင်းသမီးလေး ခွင့်လွှတ်ပါ"

ချင်းယွိက ချက်ချင်းပဲ ငိုယိုပြီး ယွီးရှောင်ရှောင် ရှေ့မှာ ဒူးထောက်ကာ ဦးတိုက်တော့တယ်။

ယွီးရှောင်ရှောင်က ကြောင်သွားတယ်။ သူမက လူသတ်မယ်လို့ ဘယ်တုန်းက ပြောလို့လဲ။

ကျင်းမော့က ယွီးရှောင်ရှောင်ကို အေးစက်စက် စိုက်ကြည့်နေတယ်။ ကျူးယိက လူတွေ အကုန်လုံး အသက်အောင့်ထားပြီး ကျင်းမော့ အမိန့်ပေးတာနဲ့ လင်းလုံမင်းသမီး လင်မယားကို ဖမ်းဖို့ အဆင်သင့် ဖြစ်နေကြတယ်။

"ဘာဖြစ်လို့လဲ"

ယွီးရှောင်ရှောင်က ကျင်းမော့ စိုက်ကြည့်နေတာကို မြင်တော့ မေးလိုက်တယ်။

ကျင်းမော့က ပြန်ဖြေတယ်။

"မင်းသမီး... ကျွန်တော် အခုမှ အသက် ဆယ့်ကိုးနှစ်ပဲ ရှိပါသေးတယ်"

အားလုံး ကြောင်အသွားကြတယ်။ အိမ်ရှေ့မင်းသား ကျင်းမော့က လင်းလုံမင်းသမီးရဲ့ စကားလမ်းကြောင်း နောက်ကို လိုက်သွားဖို့ ဘယ်လောက်တောင် စိတ်ရှုပ်ထွေးနေလို့လဲ။

ယွီးရှောင်ရှောင်က ကျင်းမော့ကို နောက်တစ်ခေါက် ထပ်ကြည့်လိုက်တယ်။ ရှင်က ရုပ်ချောတဲ့ လူငယ်လေး ဖြစ်နေလည်း အလကားပဲလေ။ ချူချိုး သခင်မ သဘောကျတဲ့သူက အခုချိန်မှာ နို့စို့အရွယ်ပဲ ရှိသေးတာ။

"မင်းသမီး"

ချင်းယွိက ယွီးရှောင်ရှောင်ကို ကျယ်လောင်တဲ့ အသံနဲ့ ငိုယိုပြီး အော်ပြောလိုက်တယ်။

"အရင်က ကျွန်တော်မျိုးမ စိတ်ကူးယဉ် အိပ်မက်မက်ခဲ့တာ မှားမှန်း သိပါပြီ။ အခု ကျွန်တော်မျိုးမက အိမ်ရှေ့မင်းသားရဲ့ အစေခံ ဖြစ်နေပါပြီ... ဒါတောင် မင်းသမီးက ကျွန်တော်မျိုးမကို ခွင့်မလွှတ်နိုင်သေးဘူးလား"

ကျင်းမော့က ချင်းယွိရဲ့ စကားကို ကြားတော့ မျက်လုံးကို ကျဉ်းလိုက်တယ်။ ဒီအစေခံမက ပါးစပ်က ခွင့်လွှတ်ဖို့ တောင်းပန်နေပေမဲ့ တကယ်တော့ သူက ယွီးရှောင်ရှောင်ကို သင်ခန်းစာ ပေးဖို့ မြှောက်ပေးနေတာပဲ။ ခွေးကို ရိုက်ရင်တောင် သခင် မျက်နှာကို ထောက်ရသေးတယ် မဟုတ်လား။

…

အခန်း (၄၄) အသိဉာဏ်မဲ့တဲ့ သစ္စာစောင့်သိမှု

ယွီးရှောင်ရှောင်က ချင်းယွိ ငိုယိုပြီး တောင်းပန်နေတာကို နားထောင်ရင်း သေချာ နားမလည်တာကြောင့် ကုရှင်းလန်ဘက် လှည့်ပြီး မေးလိုက်တယ်။

"သူ့ကို ဘာလို့ ရောင်းလိုက်တာလဲ"

ကြည့်ရတာ အရင်ဘဝတုန်းက ဒီအလှလေးက ကုမိသားစု အသတ်ခံရမဲ့ ကပ်ဆိုးကြီးကနေ လွတ်မြောက်ပြီး ကျင်းမော့ ဝယ်တာကို ခံလိုက်ရတယ်။ ဒီဘဝမှာတော့ ကုမိသားစုက သူမကို ကိုယ်တိုင် ရောင်းထုတ်လိုက်ပေမဲ့ သူမက ကျင်းမော့ရဲ့ လက်ထဲ ရောက်သွားတာပဲ။ ယွီးရှောင်ရှောင်က ကံကြမ္မာ ဆိုတာကို စိတ်ထဲကနေ သက်ပြင်းချလိုက်တယ်။

ကုရှင်းလန်က ဝမ်မောမော ချင်းယွိ ကိစ္စကို ယွီးရှောင်ရှောင်ကို မပြောပြထားဘူး ဆိုတာ သိတယ်။ ဒါပေမဲ့ ယွီးရှောင်ရှောင်က ချင်းယွိကို နည်းနည်းလေးတောင် မမှတ်မိတာကို ကြည့်ပြီး သူ့ဇနီးလေးက မေ့တတ်လွန်းတယ်လို့ ခံစားရတယ်။ ယွီးရှောင်ရှောင်က ချင်းယွိနဲ့ စကားလည်း ပြောဖူးသလို သူ့မျက်နှာကိုတောင် ဆေးရည်တွေနဲ့ ပက်ခဲ့သေးတာလေ။

"သူက မလုပ်သင့်တဲ့ အမှားကို လုပ်ခဲ့လို့ ရောင်းပစ်လိုက်တာပါ" လို့ ကုရှင်းလန်က ယွီးရှောင်ရှောင်ကို ရှင်းပြလိုက်တယ်။

"အင်း"

ယွီးရှောင်ရှောင်က ခေါင်းခါပြီး သက်ပြင်းချရင်း ပြောလိုက်တယ်။

"လူတစ်ယောက်ကို ခွေးတစ်ကောင် ရောင်းသလို ရောင်းတာက မကောင်းပါဘူး"

ဒီစကားကို ကုသခင်လေး ဘယ်လို ပြန်ဆက်ရမလဲ။

ယွီးရှောင်ရှောင်က ခေါင်းငုံ့ပြီး ဆက်စားတယ်။ ဒီဘဝမှာတော့ ယွီးကျစ်ရီကို သူမကို သတ်ဖို့ အခွင့်အရေး ပေးမှာ မဟုတ်ဘူး။ ဒီ ချူချိုး သခင်မကိုလည်း... အင်း... ယွီးရှောင်ရှောင်က စားရင်းနဲ့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဒီဘဝမှာ သူမက ဒီနှစ်ယောက်ကို သေချာ စောင့်ကြည့်နေမယ်။ ကံကြမ္မာက ပြောင်းလဲလို့ မရဘူး ဆိုရင်တောင် ယွီးကျစ်ရီကို ဒီအလှလေးနဲ့ အတူအိပ်ဖို့ လုံးဝ ခွင့်ပြုမှာ မဟုတ်ဘူး။

ယွီးရှောင်ရှောင်က သူမဘာသာ ဆက်စားနေတာကို မြင်တော့ ချင်းယွိက ဆက်မငိုနိုင်တော့ဘူး။ အချိန်အကြာကြီး ငိုပြနေတာတောင် တစ်ဖက်လူက လှည့်မကြည့်ဘဲ အေးဆေး စားသောက်နေမှတော့ သူမက ဘာလို့ ဆက်ငိုနေရဦးမှာလဲ။

ကျင်းမော့က မေးလိုက်တယ်။

"မင်းသမီး... သတ္တမမင်းသားကို ကျူးယိကို လွှတ်ဖို့ သဘောတူလား"

ယွီးရှောင်ရှောင်က ခေါင်းခါပြလိုက်တယ်။

ကျင်းမော့က ဆက်ပြောတယ်။

"ဒါပေမဲ့ မင်းသမီးရဲ့ ခမည်းတော်က အမိန့်တော် ထုတ်ပြီးပြီလေ၊ မင်းသမီး သဘောမတူလည်း ဘာလုပ်နိုင်မှာလဲ"

"ကျွန်မ ဒီလို တွေးမိတယ်"

ယွီးရှောင်ရှောင်က လက်ထဲက တူကို ချလိုက်ပြီး ကျင်းမော့ကို ပြောလိုက်တယ်။

"ရှင်က ယွီးကျစ်ရီကို ခေါ်သွားရင် ကျူးယိ အတွက် ဘာအကျိုးအမြတ် ရနိုင်မှာမို့လို့လဲ"

"အို"

ကျင်းမော့က စိတ်ဝင်စားသွားပြီး မေးလိုက်တယ်။

"မင်းသမီး... ဒါက ဘာသဘောလဲ"

"ကျွန်မ အမေ သေသွားပြီလေ"

ယွီးရှောင်ရှောင်က ပြောတယ်။

"ကျောင်းမိဖုရားက မိဖုရားခေါင်ကြီး ဖြစ်လာမယ်... သူက..."

"မင်းသမီး"

ကုရှင်းလန်က ယွီးရှောင်ရှောင်ရဲ့ ပါးစပ်ကို ပိတ်ထားချင်စိတ် ပေါက်သွားတယ်။ ကောလာဟလတွေကို သေချာ မသိဘဲနဲ့ ဒီလို လျှောက်ပြောလို့ ဘယ်ဖြစ်မလဲ။

ယွီးရှောင်ရှောင်က ကုရှင်းလန် အော်လိုက်တာကြောင့် ကြောင်သွားတယ်။ အဲဒီနောက် သူမ အမေ သေသွားတဲ့ အကြောင်း ပြောလိုက်လို့ ကုရှင်းလန်က သူမ ဝမ်းနည်းမှာ စိုးလို့ တားတာလို့ ထင်သွားပြီး ကုရှင်းလန်ကို လက်ကာပြကာ ပြောလိုက်တယ်။

"ကျွန်မ ဝမ်းမနည်းပါဘူး"

ကုရှင်းလန်က နဖူးကို ဖိလိုက်တယ်။ ဘယ်လိုလုပ်ပြီး ဝမ်းနည်းတဲ့ ကိစ္စဘက်ကို ရောက်သွားရပြန်တာလဲ။

"ဓားစာခံ ဆိုတာ လူသားဒိုင်းပဲ"

ယွီးရှောင်ရှောင်က ကျင်းမော့ကို အချက်အလက်တွေနဲ့ ရှင်းပြတယ်။

"သူက မင်းသားလေး ဆိုပေမဲ့ အာဏာလည်း မရှိဘူး၊ အင်အားလည်း မရှိဘူး။ သူ့ကို ဓားစာခံ အဖြစ် ဖမ်းထားတာက ရှင်တို့ အတွက် ဘာအကျိုး ရှိမှာလဲ"

ကျင်းမော့က ပြောတယ်။

"မင်းသမီးနဲ့ သတ္တမမင်းသားရဲ့ အမေဘက်က ဆွေမျိုးတွေ ဖြစ်တဲ့ ကျန်းမိသားစုရယ်၊ ကုမိသားစုရယ်က သတ္တမမင်းသားရဲ့ အင်အားတွေ မဟုတ်ဘူးလား"

ယွီးရှောင်ရှောင်က ပခုံးတွန့်ပြီး ပြောလိုက်တယ်။

"ဒါပေမဲ့ ကျွန်မတို့က ကျောင်းမိဖုရားနဲ့ ကျောင်းချိုးမင်တို့ကို မနိုင်ဘူးလေ"

ကျင်းမော့က ခဏလောက် တိတ်သွားတယ်။ ဒါက အမှန်တရားပဲလေ။

"ဓားစာခံ ဖမ်းမယ်ဆိုရင် အာဏာရှိတဲ့ သူတွေကိုပဲ ဖမ်းရမှာပေါ့"

ယွီးရှောင်ရှောင်က ဆက်ပြောတယ်။

"အိမ်ရှေ့မင်းသား ရှင်က အခု ကျူးယိမှာ အခြေအနေ သိပ်မကောင်းဘူး မဟုတ်လား။ အလုပ်တစ်ခုကို သပ်သပ်ရပ်ရပ် လုပ်ပြီးမှ ရှင့်အဖေဆီကနေ ဆုလာဘ် ပြန်တောင်းရမှာ မဟုတ်ဘူးလား"

"ကျွန်တော် အခြေအနေ မကောင်းဘူးဟုတ်လား"

ကျင်းမော့ရဲ့ မျက်လုံးတွေက အေးစက်စက်နဲ့ ယွီးရှောင်ရှောင်ကို စိုက်ကြည့်လိုက်တယ်။

"မင်းသမီးက ဘာလို့ အဲဒီလို ပြောရတာလဲ"

ယွီးရှောင်ရှောင်က ပြန်ဖြေတယ်။

"ဒါက ယွီးကျစ်ရီနဲ့ အတူတူပဲလေ။ သဘောကျရတဲ့ သားကို ဘယ်အဖေက အဝေးကို လွှတ်ချင်မှာလဲ"

"မင်းသမီး"

ကျင်းမော့ရဲ့ ဘေးမှာ ရပ်နေတဲ့ အကြံပေး အရာရှိက မခံနိုင်တော့ဘဲ ယွီးရှောင်ရှောင်ကို ထပ်အော်လိုက်ပြန်တယ်။

ကျင်းမော့က ရယ်လိုက်ပြီး အကြံပေး အရာရှိကို လက်ကာပြကာ ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။

"မင်းသမီးက ပွင့်လင်းတာပဲ။ ဒါဆို မင်းသမီး အထင်အရ ကျွန်တော်က ဘယ်မင်းသားကို ကျူးယိကို ခေါ်သွားမှ ဘုရင့်အမိန့်ကို ကျေပွန်ရာ ရောက်မလဲ"

နန်းတော်ထဲမှာ မင်းသား ခြောက်ပါး ရှိပြီး အကြီးဆုံးဖြစ်တဲ့ ယွီးကျစ်ချင်က အသက် ဆယ်နှစ် ရှိပြီ။ ယွီးရှောင်ရှောင်က ဒီမင်းသား ခြောက်ပါး အကြောင်းကို စိတ်ထဲကနေ စဉ်းစားကြည့်လိုက်တယ်။ လင်းလုံဘုရင်မ လက်ထက်မှာ ဒီမင်းသား ခြောက်ပါးရဲ့ နိဂုံးက ခေါင်းဖြတ်ခံရတာ၊ ကြိုးဆွဲချခံရတာ၊ အဆိပ်ခတ်ခံရတာ၊ ရိုက်သတ်ခံရတာ၊ မြင်းနဲ့ ဆွဲပြီး အပိုင်းပိုင်း ဖြတ်ခံရတာ၊ သံပူကပ်ပြီး သတ်ခံရတာတွေချည်းပဲ။ စိတ်နေစိတ်ထား ပုံမှန် မဟုတ်တဲ့ အစ်မ တစ်ယောက် ရှိနေတော့ မင်းသား ခြောက်ပါးရဲ့ ဇာတ်သိမ်းက အဲဒီလိုပဲ ဆိုးရွားတာပေါ့။

"မသိဘူး၊ ရှင်ဘာသာ စဉ်းစား"

ယွီးရှောင်ရှောင်က ကျင်းမော့ကို ပြောလိုက်တယ်။

ကျင်းမော့က ပြောတယ်။

"ကျွန်တော် ဘယ်သူ့ကို ရွေးရမလဲ မသိလို့ပါ"

"ဪ"

ယွီးရှောင်ရှောင်က ပြန်ထူးလိုက်တယ်။

"ဒါဆိုရင်တော့ မတတ်နိုင်ဘူးပေါ့"

ကျင်းမော့က ရင်ထဲက ဒေါသကို ပြန်မျိုသိပ်လိုက်တယ်။ သူ ဘယ်လောက်ပဲ ဉာဏ်များများ အခု သူ့အသက်က ဆယ့်ကိုးနှစ်ပဲ ရှိသေးတယ်လေ။ သွေးဆူလွယ်တဲ့ အရွယ်မို့ ဒေါသနဲ့ ဝမ်းသာတာကို ထိန်းချုပ်နိုင်တဲ့ အရည်အချင်း မရှိသေးဘူး။

"ကြည့်ရတာ မင်းသမီးက ကျွန်တော် သတ္တမမင်းသားကို ခေါ်သွားမှာကို တကယ် ဂရုမစိုက်ဘူး ထင်တယ်"

ကျင်းမော့က ယွီးရှောင်ရှောင်ကို ကြည့်ပြီး ပြောလိုက်တယ်။

"ရှင် အဲဒီ ချူချိုးကို ယွီးကျစ်ရီဆီ မပေးရင် ရပြီ"

ယွီးရှောင်ရှောင်က ပြောလိုက်တယ်။

"ကျွန်မက ကျွန်မ မောင်လေးအတွက် သူ့အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ မိန်းကလေးကိုပဲ ရှာပေးချင်တယ်"

ကုရှင်းလန်ရဲ့ လက်က တုန်သွားပြီး ဘာမှ မပြောဘဲ ခေါင်းကို ငုံ့ထားလိုက်တယ်။

ကျင်းမော့က မျက်လုံးမှိတ်ပြီး သူ့ကိုယ်သူ သတိပေးလိုက်တယ်။ ဖုန်းထျန်း မြို့တော်မှာ ဖုန်းထျန်းရဲ့ မင်းသမီးကြီးကို ကန်မသတ်မိစေနဲ့၊ ကျူးယိက အခု ဖုန်းထျန်းကို သိမ်းဖို့ အစီအစဉ် မရှိသေးဘူး လို့။

"ရှင် ဒီမှာ စားနှင့်၊ ကျွန်မ အပြင် ခဏ ထွက်လိုက်ဦးမယ်"

ယွီးရှောင်ရှောင်က ကုရှင်းလန်ကို တိုးတိုးလေး ပြောလိုက်တယ်။

"မင်းသမီး ဘာသွားလုပ်မလို့လဲ"

ကုရှင်းလန်က မေးလိုက်တယ်။

"ရေတွေ အများကြီး သောက်ထားလို့၊ သေးသွားပေါက်မလို့..."

ကုရှင်းလန်က ချက်ချင်း လက်လှမ်းပြီး ယွီးရှောင်ရှောင်ရဲ့ ပါးစပ်ကို ပိတ်လိုက်တယ်။ သေချင်သေပါစေ၊ ဇနီးသည်ရဲ့ ပါးစပ်ကနေ သေးသွားပေါက်မလို့ ဆိုတဲ့ စကားကိုတော့ အထွက်မခံနိုင်ဘူး။

ခန်းမထဲက လူတွေ အားလုံး မျက်နှာထားတွေ ထူးဆန်းနေကြတယ်။ ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ သူတို့ကို သင်ပေးမဲ့သူ မရှိဘူးလား။

ဆီးအောင့်တာက ကျန်းမာရေးအတွက် မကောင်းဘူးလေ။ ဒီကမ္ဘာမှာ ကောင်းကောင်း မနေရသေးခင် ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ရမယ် မဟုတ်လား။ ဒါကြောင့် ယွီးရှောင်ရှောင်က မတ်တတ်ရပ်ပြီး ကျင်းမော့ကို ပြောလိုက်တယ်။

"အိမ်ရှေ့မင်းသား၊ ကျွန်မ သွား..."

"မင်းသမီး သွားချင်ရင် သွားပါ"

ကျင်းမော့က ယွီးရှောင်ရှောင် စကားမဆုံးခင် ဖြတ်ပြောလိုက်တယ်။ ယွီးရှောင်ရှောင်ရဲ့ ပါးစပ်ကနေ သေးပေါက်တယ် ဆိုတဲ့ စကားကို သူလည်း မကြားချင်ဘူး။

"မင်းသမီးကို ကာကွယ်ပေးလိုက်ကြ" လို့ ကုရှင်းလန်က ရှောင်ကျွမ်းနဲ့ ရှောင်ဝေကို အမိန့်ပေးလိုက်တယ်။

ယွီးရှောင်ရှောင်က စိတ်မချသလို မေးလိုက်တယ်။

"ဒါဆို ရှင်ကကော"

ကုရှင်းလန်က ယွီးရှောင်ရှောင်ကို မော့ကြည့်ပြီး ပြန်ဖြေတယ်။

"ကျွန်တော်က အိမ်ရှေ့မင်းသားရဲ့ ဧည့်သည်လေ... ဘာအန္တရာယ် ရှိမှာလဲ"

ယွီးရှောင်ရှောင်လည်း စိတ်အေးသွားပြီး ရှောင်ကျွမ်းနဲ့ ရှောင်ဝေကို ခေါ်ကာ ထွက်သွားတယ်။

ယွီးရှောင်ရှောင်တို့ သုံးယောက် ထွက်သွားတော့ ကျင်းမော့က ချင်းယွိကို ပြောလိုက်တယ်။

"မင်း သွားမပြုစုသေးဘူးလား"

ချင်းယွိက အမြန် ထရပ်လိုက်တယ်။

ကုရှင်းလန်က ချင်းယွိကို ယွီးရှောင်ရှောင်နဲ့ စကားမပြောစေချင်လို့ တားမလို့ လုပ်တုန်း ကျင်းမော့က အပေါ်ကနေ လှမ်းပြောလိုက်တာကို ကြားလိုက်ရတယ်။

"နောက်တစ်ခါ လျှောက်ပြောရင် မင်း လျှာကို ဖြတ်ပစ်မယ်"

ချင်းယွိက လှမ်းနေတဲ့ ခြေလှမ်းတောင် ရပ်သွားပြီး ကျင်းမော့ရဲ့ စကားကြောင့် လန့်သွားကာ ဒူးထောက်ပြီး ပြန်ထူးလိုက်တယ်။

"ကျွန်တော်မျိုးမ မဝံ့ရဲပါဘူး"

"ကုသမက်တော်က ဘာတွေ စိတ်မချဖြစ်နေတာလဲ"

ကျင်းမော့က ကုရှင်းလန်ကို မေးလိုက်တယ်။

ကုရှင်းလန်က ဒီလူ စေတနာ မကောင်းဘူးဆိုတာ သိတယ်။ အစေခံတွေ အများကြီး ရှိရက်နဲ့ ချင်းယွိကိုမှ ယွီးရှောင်ရှောင်ဆီ တမင် လွှတ်တာလေ။

"ကျွန်တော် လိပ်ပြာသန့်ပါတယ်"

ကုရှင်းလန်က ပြောလိုက်တယ်။

"အိမ်ရှေ့မင်းသားက ကျွန်တော်တို့ လင်မယားကို ဒီကို ခေါ်တာ အရက်ကောင်း ဟင်းကောင်းတွေ ကျွေးရုံ သက်သက်တော့ မဟုတ်လောက်ဘူးနော်"

ကျင်းမော့က ပြောတယ်။

"ကုလီက စကားပါးလိုက်တယ်။ ကျန့်ကော်ကုန်းက မင်းတို့ မိသားစု ထောင်ကျတာကို သိတော့ ဖုန်းထျန်းကို စစ်တပ်နဲ့ ချီတက်လာချင်နေတာ"

ကုရှင်းလန်က အေးစက်စက် ပြန်ပြောတယ်။

"ကျုပ်တို့ ကုမိသားစုနဲ့ ကုလီက အဆက်အသွယ် ဖြတ်ထားတာ ကြာပါပြီ"

"ကုရှင်းလန်"

ကျင်းမော့က ပြောတယ်။

"ဒီတစ်ခေါက် ထောင်ကျတာကို မင်းက ကျေကျေနပ်နပ်ကြီး လက်ခံလိုက်တာလား။ မင်းတို့ ဘုရင်က သမီးတော်ကို မင်းနဲ့ ပေးစားလိုက်လို့လား"

"အိမ်ရှေ့မင်းသား... ကျွန်တော့်ကို ကုလီလို သဘောမထားပါနဲ့။ သစ္စာဖောက်ကို စစ်မြေပြင်မှာ တွေ့ရင် ကျွန်တော် သူ့အသက်ကို သေချာပေါက် နှုတ်ယူမှာပဲ"

"ဟား"

ကျင်းမော့က ရယ်လိုက်တယ်။

"ကုသမက်တော်က ကျူးယိ စစ်တပ်နဲ့ စစ်မြေပြင်မှာ တွေ့ချင်သေးတာလား"

"ကျွန်တော်က ဖုန်းထျန်းသားပါ"

ကုရှင်းလန်က ပြောလိုက်တယ်။

"ဒီတစ်သက် တခြားတိုင်းပြည်ကို ဘယ်တော့မှ ခိုလှုံမှာ မဟုတ်ဘူး"

ကျင်းမော့က ခေါင်းခါလိုက်ပြီး ကုရှင်းလန်ကို ကြည့်ကာ စကားတစ်ခွန်းတည်း ပြောလိုက်တယ်။

"အသိဉာဏ်မဲ့တဲ့ သစ္စာစောင့်သိမှုပဲ"

All Chapters