← Chapters

အခန်း (၄၅-၄၆)

Vol. 3 Ch. 45-46

အခန်း (၄၅-၄၆)

Vol. 3 Ch. 45-46

အခန်း (၄၅) ကျွန်တော်မျိုးမ ကိုယ်ဝန်ပျက်ကျသွားလို့ပါ

ကျင်းမော့က အသိဉာဏ်မဲ့တဲ့ သစ္စာစောင့်သိမှုလို့ ပြောပေမဲ့ ကုရှင်းလန်ရဲ့ မျက်နှာပေါ်မှာတော့ ဘာအမူအရာမှ ပြောင်းလဲမသွားဘူး။ အေးစက်စက် လေသံနဲ့ ပြန်ပြောလိုက်တယ်။

"ကုလီက သစ္စာဖောက်ပြီး ကျူးယိကို ရောက်သွားတာ ဆယ့်ခုနစ်နှစ် ရှိပြီ၊ တစ်ခါလေးတောင် စစ်မြေပြင်ကို မထွက်ရဖူးဘူး။ ခင်ဗျားတို့က သူ့ကို အိမ်မွေးခွေး တစ်ကောင်လို မွေးထားရုံ သက်သက်ပါပဲ"

"အိမ်မွေးခွေး"

ကျင်းမော့က ရယ်ချင်စိတ်နဲ့ ပြန်ပြောလိုက်တယ်။

"ကုလီက ကျူးယိမှာ ကျန့်ကော်ကုန်း ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အမတ်ကြီး တစ်ယောက် ဖြစ်နေတာ။ သူ့မိသားစုကလည်း ထမင်းပူပူ ဟင်းနွေးနွေး စားနေရတာ... ဒီလို ဘဝမျိုးကို မင်းအမြင်မှာတော့ ကျူးယိက ခွေးမွေးထားသလို ဖြစ်နေတာပေါ့"

ကုရှင်းလန်က ပြန်ဖြေတယ်။

"အရှုံးပေးလာတဲ့ စစ်သူကြီးတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှ တခြား အရှုံးပေးမဲ့ စစ်သူကြီးတွေ ထပ်ရမှာပေါ့။ ဒါပေမဲ့ ဒီကမ္ဘာပေါ်က လူတိုင်းက ကုလီလိုမျိုး သခင်ကို သစ္စာဖောက်ပြီး အမျိုးကို မေ့မဲ့သူတွေ မဟုတ်ဘူး"

"ကုသမက်တော်"

ကျင်းမော့က ပြောလိုက်တယ်။

"သတ္တမမင်းသား ကျူးယိကို လာရင် လင်းလုံမင်းသမီးလည်း လိုက်လာလို့ ရတယ်"

ကုရှင်းလန် မျက်မှောင်ကြုတ်သွားပြီး ကျင်းမော့ကို မေးလိုက်တယ်။

"ခင်ဗျား ဘာသဘောလဲ"

"မိဖုရားခေါင်ကြီး မရှိတော့ဘူးလေ"

ကျင်းမော့က ရှင်းပြတယ်။

"ဖုန်းထျန်းမှာ ကျောင်းမိသားစု တစ်ခုတည်းကပဲ အာဏာ ကြီးထွားနေတာ။ မင်း မိသားစုကလည်း စစ်တပ်အာဏာ မရှိတော့ဘူးဆိုတော့ မင်းက လင်းလုံမင်းသမီး မောင်နှမ နှစ်ယောက်ကို ဘယ်လို ကာကွယ်ပေးမှာလဲ။ ငါနဲ့အတူ ကျူးယိကို လိုက်ခဲ့... မင်းတို့ကို ချမ်းသာကြွယ်ဝမှုတွေ ပေးမယ်၊ ပြီးတော့ မင်း သေချာပေါက် စစ်တပ်ကို ဦးဆောင်နိုင်စေရမယ်"

ကုရှင်းလန်က ဒေါသထွက်လွန်းလို့ ရယ်တောင် ရယ်လိုက်မိပြီး ပြောလိုက်တယ်။

"အိမ်ရှေ့မင်းသားက ကျွန်တော့်ကို မင်းသမီးလေးပါ ခေါ်ပြီး သစ္စာဖောက်ခိုင်းနေတာလား။ သူက ဖုန်းထျန်းရဲ့ မင်းသမီးကြီးလေ... သူက ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်အဖေကို သစ္စာဖောက်မယ်လို့ အိမ်ရှေ့မင်းသားက ထင်နေတာလား"

"အားကိုးရာ မရှိတဲ့ လူတွေက အသက်ရှင်ဖို့အတွက် ဘာမဆို လုပ်ကြတာပဲ"

ကျင်းမော့က ပြောတယ်။

"မင်းသမီး သစ္စာဖောက်စရာတောင် မလိုပါဘူး၊ သူ့အဖေက သူတို့ မောင်နှမကို အရင် စွန့်ပစ်လိုက်တာပဲလေ။ ကုစစ်သူကြီး... ငါ့အမြင်မှာတော့ မင်းတို့ ညီအစ်ကိုတွေက အာဏာကျနေတဲ့ မင်းသမီး မောင်နှမထက် အများကြီး ပိုတန်ဖိုး ရှိတယ်"

ကုရှင်းလန် အခုမှ အကုန်လုံးကို သဘောပေါက်သွားတယ်။ ဓားစာခံ ဆိုတာ အကြောင်းပြချက် သက်သက်ပဲ။ ကျူးယိ တကယ် လိုချင်တာက ကုမိသားစုရဲ့ အညံ့ခံမှုပဲ။

"ဝမ်းနည်းစရာက ကုသမက်တော်က အခု ဒဏ်ရာ ရနေတယ်လေ"

ကျင်းမော့က ကုရှင်းလန်ကို အရက်ခွက် မြှောက်ပြပြီး ပြုံးကာ ပြောလိုက်တယ်။

"မဟုတ်ရင် နာမည်ကြီး တတိယ သခင်လေး စစ်သူကြီးနဲ့ အရက် တစ်ခွက်လောက်တော့ သောက်ချင်ပါသေးတယ်"

ကုရှင်းလန် ရှေ့မှာလည်း အရက်ခွက် တစ်ခွက် ရှိပေမဲ့ ခွက်ထဲမှာတော့ အရက် မရှိဘူး။ ကုရှင်းလန်က အလွတ်ဖြစ်နေတဲ့ အရက်ခွက်ကို ကြည့်ရင်း ခေါင်းထဲမှာ အတွေးတစ်ခု ဖြတ်ခနဲ ဝင်လာတယ်။ ကုမိသားစုကို အရှုံးပေးဖို့ သိမ်းသွင်းချင်တာဆိုရင် ယွီးရှောင်ရှောင်ကို ဘာလို့ ခေါ်တာလဲ။ မင်းသမီးက အခုချိန်မှာ အခြေအနေ မကောင်းပေမဲ့ ခင်ပွန်းသည်နဲ့အတူ တိုင်းပြည်ကို သစ္စာဖောက်တဲ့ မင်းသမီးမျိုး သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။

"ခင်ဗျား မင်းသမီးကို ဒီကို ခေါ်တာ တကယ်တော့ ဘာလုပ်ချင်လို့လဲ"

ကုရှင်းလန်က ခေါင်းမော့ပြီး ကျင်းမော့ကို အော်မေးလိုက်တယ်။

ကျင်းမော့က ခွက်ထဲက အရက်ကို တစ်ငုံ သောက်လိုက်ပြီး ကုရှင်းလန်ကို ပြုံးကြည့်ကာ ပြောလိုက်တယ်။

"ထမင်းစား ဖိတ်ရုံ သက်သက်ပါပဲ"

ချင်းယွိကို ဝယ်တယ်၊ ချင်းယွိကို ယွီးရှောင်ရှောင် အနား ကပ်ခိုင်းတယ်၊ ပြီးတော့ ခုနကလည်း ချင်းယွိကို ယွီးရှောင်ရှောင် အနောက် လိုက်ပြုစုခိုင်းတယ်... ဒါတွေကို ကုရှင်းလန် ဆက်စပ်တွေးကြည့်လိုက်တော့ အကုန် ရှင်းသွားပြီ။ ယွီးရှောင်ရှောင်နဲ့ သူ လင်မယား ဖြစ်မလာအောင် လုပ်နိုင်ရင် ဘုရင်ကြီးက ဒေါသထွက်မယ်။ အဲဒီအခါ ကုမိသားစု ဖုန်းထျန်းမှာ ဘယ်လို ဆက်နေလို့ ရတော့မလဲ။ ကုရှင်းလန်က စားပွဲကို အားပြုပြီး မတ်တတ်ရပ်ဖို့ ကြိုးစားပေမဲ့ လှုပ်လိုက်တာနဲ့ ခြေချင်းဝတ်က ဒဏ်ရာက အလွန်အမင်း နာကျင်လာလို့ ချက်ချင်းပဲ တောင့်တင်းသွားတယ်။

"မင်းတို့ မိသားစုက ဝမ်ရှန်း တံခါးကို ကာကွယ်လာတာ နှစ်တွေ အများကြီး ရှိပြီ"

ကျင်းမော့က အေးအေးဆေးဆေးပဲ ဆက်ပြောတယ်။

"အဲဒီတံခါးက နေရာ သိပ်ကောင်းတယ်၊ အဲဒီ ခံတပ်မြို့လေးသာ မရှိရင် ဖုန်းထျန်းက ဒီကမ္ဘာပေါ်မှာ ပျောက်ကွယ်သွားတာ ကြာပြီ"

ဝမ်ရှန်းတံခါး ဆိုတာ ဖုန်းထျန်းကနေ မြောက်ဘက် ကျူးယိနဲ့ အနောက်မြောက်ဘက် ပိုင်ဟူတိုင်းပြည်တွေကို ကာကွယ်ထားတဲ့ ပထမဆုံး ခံတပ်ဖြစ်ပြီး ဖုန်းထျန်းရဲ့ အရေးအကြီးဆုံး ခံတပ်မြို့ပဲ။ ကုရှင်းလန်က ကျင်းမော့ကို အံကြိတ်ပြီး ပြောလိုက်တယ်။

"ခင်ဗျားက ကုမိသားစုကို ဝမ်ရှန်းတံခါး ပေးအပ်စေချင်တာလား။ အိမ်ရှေ့မင်းသား ခင်ဗျား မေ့နေပြီလား။ အခု ဝမ်ရှန်းတံခါးကို ကာကွယ်နေတာ ကုမိသားစုက လူ မဟုတ်ဘူးနော်"

"ဒါပေမဲ့ သူက မင်းတို့ ကုမိသားစုရဲ့ လူဟောင်းလေ"

"အဘိုးရဲ့ လူဟောင်းဆိုတိုင်း သူက သခင်ကို သစ္စာဖောက်ပြီး တိုင်းပြည်ကို ရောင်းစားမှာလား"

"မြို့ရိုး ကာကွယ်ရေး မြေပုံသာ ရှိရင် ဝမ်ရှန်းတံခါးက ဘယ်လောက်ပဲ ခံစစ်ကောင်းကောင်း ဘာလုပ်လို့ ရဦးမှာလဲ"

ကုရှင်းလန်က လှောင်ပြုံး ပြုံးပြီး ပြောလိုက်တယ်။

"အိမ်ရှေ့မင်းသားက ဒီလောက် အပင်ပန်းခံနေတာ မြေပုံ တစ်ချပ်အတွက်လား"

ကျင်းမော့က ပြောတယ်။

"မြေပုံ တစ်ချပ်က ငါတို့ ကျူးယိ စစ်သား သောင်းနဲ့ချီ ဒါမှမဟုတ် သိန်းနဲ့ချီ သေဆုံးရမဲ့ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်တယ်ဆိုတော့ ငါက သေချာပေါက် ကြိုးစားရမှာပေါ့"

ကုရှင်းလန်က အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်တယ်။

"အဲဒါ အစေခံမ တစ်ယောက်ပါလို့ မင်းသမီးကို ကျွန်တော် ရှင်းပြမှာပါ"

"မင်းသမီးက မင်း ရှင်းပြတာကို နားထောင်ပါစေလို့ ဆုတောင်းပါတယ်"

ကျင်းမော့က အေးအေးဆေးဆေးပဲ ပြောလိုက်တယ်။

ယွီးရှောင်ရှောင်က အဲဒီအချိန်မှာ အိမ်သာတက်လို့ ပြီးသွားပြီး သစ်သားအဆောက်အအုံရဲ့ စင်္ကြံလမ်းမှာ ရပ်နေရင်း ချင်းယွိရဲ့ ငိုယို ပြောဆိုသံတွေကို နားထောင်နေတယ်။

"မျိုးဆက် ချန်ခဲ့ဖို့လား"

ယွီးရှောင်ရှောင်က ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကို ကြည့်ပြီး မေးလိုက်တယ်။ ဒီမိန်းမ ပြောတာ ယုံရမှာလား။

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က အခုချိန်မှာ လူမရှိသလို ဟန်ဆောင်ချင်ပေမဲ့ မရတော့လို့ ယွီးရှောင်ရှောင်ကို ခေါင်းညိတ်ပြလိုက်ရတယ်။ ဒီလို ကိစ္စမျိုးက မင်းသမီး အိမ်ပြန်ရောက်ရင် မေးလိုက်တာနဲ့ အမှန်ကို သိရမှာဆိုတော့ သူတို့က သမက်တော်အတွက် ဘယ်လိုမှ ဖုံးကွယ်ပေးလို့ မရဘူးလေ။

ချင်းယွိက ငိုပြီး ဆက်ပြောတယ်။

"ကျွန်တော်မျိုးမက ကိုယ့်သဘောနဲ့ကိုယ် သဘောတူခဲ့တာပါ။ အဲဒီတုန်းက သခင်မကြီးနဲ့ တတိယသခင်လေးက မင်းသမီးလေး လက်ထပ်လာမယ် ဆိုတာ မသိသေးဘူးလေ။ ကျွန်တော်မျိုးမက အဆင့်အတန်း နိမ့်ကျသူမို့ အရောင်းခံရလည်း ကျေနပ်ပါတယ်။ တတိယသခင်လေး ကောင်းကောင်းမွန်မွန် နေရရင် ကျွန်တော်မျိုးမ ဘယ်လို ဖြစ်ဖြစ် အဆင်ပြေပါတယ်"

အရိပ်ကိုယ်ရံတော် နှစ်ယောက်ထဲမှာ ရှောင်ဝေက ရှောင်ကျွမ်းထက် အသက် နှစ်နှစ် ငယ်ပေမဲ့ လူရည်လည်ပြီး ဉာဏ်ကောင်းတယ်။ ချင်းယွိရဲ့ စကားတွေကို ကြားတော့ ရှောင်ဝေရဲ့ မျက်နှာက တင်းမာသွားတယ်။ ဒီအစေခံမလေးက သနားစရာကောင်းအောင် ပြောနေပေမဲ့ သူ့စကားတွေက ကုရှင်းလန် အပေါ် သူ တကယ် ချစ်တယ်ဆိုတာကို ဖော်ပြနေတယ်။ ဝမ်းနည်းစရာက ကုမိသားစုက မင်းသမီးကို မျက်နှာလို မျက်နှာရ လုပ်ချင်လို့ သူ့ကို အတင်း ရောင်းထုတ်လိုက်တာ။ ဘယ်လိုပဲ နားထောင်နားထောင် ကုမိသားစုက ဘုရင့်အာဏာကို ကြောက်ပြီး ချမ်းသာကြွယ်ဝမှုကို မက်မောလို့ ချစ်သူ နှစ်ဦးကို ခွဲပစ်လိုက်တယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ ထွက်နေတယ်။

ရှောင်ကျွမ်းက ရှောင်ဝေလောက် ဉာဏ်မပြေးပေမဲ့ ချင်းယွိ စကားရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို သဘောပေါက်လို့ စိတ်မရှည်စွာနဲ့ ပြောလိုက်တယ်။

"မင်းက အခု ကျူးယိ အိမ်ရှေ့မင်းသားရဲ့ အစေခံ ဖြစ်နေပြီပဲ... မင်းသမီးလေးကို ဒါတွေ လာပြောနေတာ ဘာအဓိပ္ပာယ်လဲ"

ချင်းယွိက ယွီးရှောင်ရှောင် ရှေ့မှာ ဒူးထောက်လိုက်ပြီး အသံတိတ် ငိုနေပေမဲ့ ပိုပြီး သနားစရာ ကောင်းနေတယ်။

ရှောင်ဝေက ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။

"မင်းသမီး၊ ကျွန်တော်မျိုးတို့ ဧည့်ခန်းမကို ပြန်သွားကြရအောင်... သမက်တော်က အဲဒီမှာ တစ်ယောက်တည်း ကျန်ခဲ့တာ"

ယွီးရှောင်ရှောင်က ဘာမှ မပြောခင်မှာပဲ ချင်းယွိက မြေကြီးကို ခေါင်းနဲ့ ဆောင့်ပြီး ဦးတိုက်လိုက်ကာ အင်္ကျီလက်ထဲက စက္ကူလိပ်လေး တစ်ခု ထုတ်ပြီး ယွီးရှောင်ရှောင် ရှေ့ကို လှမ်းပေးလိုက်တယ်။

ယွီးရှောင်ရှောင်က ဘာမှ မစဉ်းစားဘဲ စက္ကူလိပ်ကို ယူဖွင့်ကြည့်လိုက်တယ်။ စက္ကူပေါ်မှာ စာတွေ အများကြီး ရေးထားတာကို တွေ့တော့ ယွီးရှောင်ရှောင် ချက်ချင်း စိတ်ရှုပ်သွားတယ်။ ကျောက်စိမ်းခဲ... သူမက စာမတတ်ဘူး ဆိုတာ မသိဘူးလား။ ကိစ္စရှိရင် ပါးစပ်ကနေ ပြောလို့ မရဘူးလား။

ချင်းယွိက ယွီးရှောင်ရှောင်ရဲ့ မျက်နှာ အမူအရာ ပြောင်းသွားတာကို မြင်တော့ မျက်နှာပေါ်မှာ မျက်ရည်တွေ စီးကျနေပေမဲ့ စိတ်ထဲမှာတော့ ဝမ်းသာသွားတယ်။ ဒါက ကျင်းမော့ သူမကို ပေးထားတဲ့ ဆေးစာရွက်လေ၊ မိန်းမတွေ ကိုယ်ဝန်ပျက်ကျပြီးရင် သောက်ရတဲ့ ဆေးစာရွက်။ လင်းလုံမင်းသမီးက ဆေးပညာ တတ်တယ်၊ တော်တော်လေးလည်း ကျွမ်းကျင်တယ် ဆိုတော့ ဒီဆေးစာရွက်ကို မြင်တာနဲ့ သူမ ကိုယ်ဝန်ပျက်ကျခဲ့တယ် ဆိုတာ သိမှာပဲ။ ဒါဆို ဒီကလေးက ကုရှင်းလန်ရဲ့ ကလေးလို့ သူမ ထင်သွားမှာပေါ့။ ချမ်းသာကြွယ်ဝမှုအတွက် ကိုယ့်ကလေးကိုတောင် စွန့်ပစ်တဲ့ ကုရှင်းလန်လို လူမျိုးကို ချစ်ဖို့ တန်သေးလို့လား။

ယွီးရှောင်ရှောင်က ဆေးစာရွက်ကို ဘောလုံးလို လုံးချေပြီး လက်ထဲမှာ ဆုပ်ထားလိုက်တယ်။ လင်းလုံမင်းသမီးက ငယ်ငယ်ကတည်းက မိဖုရားခေါင်ကြီး သင်ပေးလို့ စာတတ်ပေတတ်လေ၊ ဒါကြောင့် သူမက စာမတတ်ရင်တောင် ပညာတတ် ပုံစံမျိုး ဟန်ဆောင်ရမယ်။

"မင်း ငါ့ကို ဘာပြောချင်တာလဲ" လို့ ယွီးရှောင်ရှောင်က မျက်နှာသေနဲ့ပဲ ချင်းယွိကို မေးလိုက်တယ်။

ချင်းယွိ ကြောင်သွားတယ်။ ဒါက သူမ ထင်ထားတဲ့ တုံ့ပြန်မှု မဟုတ်ဘူးလေ။

ရှောင်ကျွမ်းက မေးလိုက်တယ်။

"မင်းသမီး၊ သူက ဘာပြတာလဲ"

ယွီးရှောင်ရှောင်က ချက်ချင်းပဲ စက္ကူလုံးကို ရှောင်ကျွမ်းဆီ ပစ်ပေးလိုက်ပြီး ပြောလိုက်တယ်။

"မင်း ဖတ်ကြည့်လိုက်"

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ ခေါင်းချင်းဆိုင်ပြီး စက္ကူလုံးကို ဖြန့်ကြည့်လိုက်ကြတယ်။ ဆေးစာရွက်မှန်း သိပေမဲ့ နှစ်ယောက်လုံးက ဆေးပညာ နားမလည်တော့ ဒါက ဘာရောဂါ ကုတဲ့ ဆေးစာရွက်လဲ ဆိုတာကို မသိဘူး။

"ဘာတွေ သိလိုက်လဲ"

ယွီးရှောင်ရှောင်က သူတို့ နှစ်ယောက်ကို မေးလိုက်တယ်။

ရှောင်ဝေက ပြောတယ်။

"ဆေးစာရွက်ပဲ၊ မင်းသမီး... ဒါက ဘာရောဂါ ကုတဲ့ ဆေးစာရွက်လဲ"

တရုတ် ဆေးစာရွက်ကို ယွီးရှောင်ရှောင်က စာတတ်ရင်တောင် နားလည်မှာ မဟုတ်ဘူး။ ခေါင်းငုံ့ပြီး ချင်းယွိကို ကြည့်ကာ မေးလိုက်တယ်။

"မင်း နေမကောင်းဘူးလား"

ချင်းယွိက မူလကတည်းက အားနည်းတဲ့ ပုံစံ ရှိတာဆိုတော့ နေမကောင်းဘူးဆိုရင်တောင် ရောဂါကျွမ်းနေတဲ့ ပုံပေါက်နေတယ်။ အခု ဒီလူက ဆေးစာရွက် ပေးလာတော့ ယွီးရှောင်ရှောင်က ဒီလူ နေမကောင်းဘူးလို့ပဲ တွေးမိတယ်။

ချင်းယွိက မျက်ရည်ကျရင်း ပြန်ဖြေတယ်။

"ဒါက ကျွန်တော်မျိုးမ သောက်ရမဲ့ ဆေးစာရွက်ပါ၊ သောက်နေတာ ရက်အတော်ကြာပါပြီ"

ရှောင်ကျွမ်းက မေးလိုက်တယ်။

"မင်း ဘာရောဂါ ဖြစ်တာလဲ"

ချင်းယွိက တိုးတိုးလေး ဖြေလိုက်တယ်။

"ကျွန်တော်မျိုးမ ကိုယ်ဝန်ပျက်ကျသွားလို့ပါ"

…

အခန်း (၄၆) ပိုးဖလံလေး သေဆုံးရတဲ့ ပြဿနာ

ကျွန်တော်မျိုးမ ကိုယ်ဝန်ပျက်ကျသွားလို့ပါ ဆိုတဲ့ စကားတစ်ခွန်းက ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကို လန့်သေမတတ် ဖြစ်သွားစေတယ်။ ကုမိသားစုရဲ့ သွေးသားကို လွယ်ထားရတဲ့ အစေခံမကို ရောင်းပစ်တယ်တဲ့လား။ ကုမိသားစုက ဒီလို အလုပ်မျိုး လုပ်နိုင်ပါ့မလား။

ချင်းယွိက ယွီးရှောင်ရှောင် ဒေါသပေါက်ကွဲလာမဲ့ အချိန်ကို ဒူးထောက်ပြီး စောင့်နေတယ်။ မင်္ဂလာဆောင်တဲ့နေ့က မင်းသမီးလေး ကိုယ်ရံတော်တပ်ကို ဝင်ချခဲ့တဲ့ ပုံစံကို ကြည့်ရတာ လင်းလုံမင်းသမီးက ဒေါသထွက်ရင် သည်းခံမဲ့သူ မဟုတ်ဘူးလေ။

ယွီးရှောင်ရှောင်ကတော့ ကြောင်တောင်တောင် ဖြစ်နေတယ်။ သူမ သင်ခဲ့ဖူးတဲ့ ဆေးပညာ အသုံးအနှုန်းတွေထဲမှာ ကိုယ်ဝန်ပျက်ကျတာ ရှိပေမဲ့ အခု ဒီမိန်းမ ပြောတဲ့ စကားက ဘာလဲ။ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ မျက်နှာ ပျက်သွားတာကို မြင်တော့ ယွီးရှောင်ရှောင်က ချင်းယွိကို သနားတဲ့ မျက်လုံးနဲ့ ကြည့်ပြီး မေးလိုက်တယ်။

"ကုလို့ မရတဲ့ ရောဂါလား"

ရှောင်ဝေက အမြန် ဝင်ပြောလိုက်တယ်။

"ကုမရတဲ့ ရောဂါ မဟုတ်ပါဘူး"

ရှောင်ကျွမ်းက ရှောင်ဝေကို မျက်စောင်းထိုးလိုက်တယ်။ မင်းသမီးက သမက်တော်ရဲ့ ဒဏ်ရာကိုတောင် ကုနိုင်တာ... ဒီရောဂါကို ဘာမှန်း မသိဘဲ နေမလား။ ရှောင်ဝေကတော့ တစ်ခါတလေ ဒီလိုပဲ ငတုံးဖြစ်သွားတတ်တယ်လို့ သူ တွေးလိုက်တယ်။

"ကုမရတဲ့ ရောဂါ မဟုတ်ဘဲနဲ့ ဘာလို့ ဒီလောက် ငိုနေရတာလဲ"

ယွီးရှောင်ရှောင်က ရှောင်ဝေရဲ့ စကားကို ကြားတော့ ချင်းယွိကို မေးလိုက်တယ်။

"မင်း ဘာဖြစ်တာလဲ"

ချင်းယွိက ခေါင်းငုံ့ပြီး ဒူးထောက်နေကာ ဘာမှ ပြန်မပြောဘူး။

ရှောင်ဝေက ယွီးရှောင်ရှောင် ဘာလုပ်ချင်နေတာလဲ မသိပေမဲ့ ဝင်ရှင်းပြလိုက်တယ်။

"မင်းသမီး... ဒီအစေခံမက ဗိုက်ထဲက ကလေး ပျက်ကျသွားတာပါ"

"ဪ ကိုယ်ဝန်ပျက်ကျတာလား"

ယွီးရှောင်ရှောင်ရဲ့ မျက်လုံးတွေက စူးရှသွားတယ်။ သူမ အမြင်မှာတော့ ကလေး ဆိုတာ လူသားတွေ ဆက်လက် ရှင်သန်ဖို့ မျှော်လင့်ချက်ပဲ၊ ရတနာတွေပဲလေ။

ချင်းယွိက အသံထွက်ပြီး ငိုလိုက်ကာ ပြောတယ်။

"ကျွန်တော်မျိုးမ သေသင့်ပါတယ်"

"မင်းက တကယ် သေသင့်တာပဲ"

ယွီးရှောင်ရှောင်က ပြောလိုက်တယ်။

"မင်းက ကိုယ့်ကလေးကိုတောင် ဂရုမစိုက်နိုင်ဘူးလား"

ချင်းယွိက ငိုရင်း ဆက်ပြောတယ်။

"တတိယသခင်လေးက ဒီကလေးကို မလိုချင်တော့ ကျွန်တော်မျိုးမက ဘယ်လိုလုပ် မွေးရဲမှာလဲ"

"လျှောက်ပြောနေတာပဲ"

ရှောင်ဝေက အော်လိုက်တယ်။

"မင်း ကိုယ်ဝန်ရှိတယ် ဆိုတာကို ငါ လုံးဝ မကြားဖူးပါဘူး၊ မင်းက သေချင်နေလို့ လျှောက်ပြောနေတာလား"

ချင်းယွိက ပြန်ပြောတယ်။

"မင်းသမီး မယုံရင် သမားတော် ခေါ်ပြီး သွေးစမ်းကြည့်ခိုင်းလို့ ရပါတယ်"

သမားတော် မပြောနဲ့၊ နန်းတွင်းက သမားတော်တွေကိုတောင် ကျင်းမော့က အဆင်သင့် ပြင်ထားပြီးပြီလေ။ ယွီးရှောင်ရှောင် ကိုယ်တိုင် သွေးစမ်းကြည့်ရင်တောင် ကျူးယိ နန်းတွင်းက လျှို့ဝှက်ဆေး သောက်ထားတဲ့ ချင်းယွိက သူမ လိမ်ထားတာကို ယွီးရှောင်ရှောင် သိသွားမှာ မကြောက်ဘူး။

ရှောင်ကျွမ်းက ချင်းယွိကို မျက်စောင်းထိုးပြီး ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။

"မင်းသမီး... သမက်တော်က အဲဒီလို လူမျိုး မဟုတ်ပါဘူး"

ယွီးရှောင်ရှောင်က ချင်းယွိ ဘေးမှာ တစ်ပတ် ပတ်လျှောက်ကြည့်လိုက်တယ်။ ကုရှင်းလန်ရဲ့ မိန်းမ... ပြီးတော့ ကုရှင်းလန်ရဲ့ ကလေးကိုတောင် ကိုယ်ဝန်ဆောင်ခဲ့ဖူးတယ်တဲ့လား။ သူမကို သက်ကြီးခေါင်းမူး ရောဂါ ရှိတယ်လို့ ထင်ပြီး အနိုင်ကျင့်နေတာလား။ ချူချိုး သခင်မရဲ့ ပထမဆုံး ယောက်ျားက ကျင်းမော့ ဖြစ်ပြီး ကျင်းမော့ရဲ့ မိဖုရားကြောင့် ကိုယ်ဝန်ပျက်ကျခဲ့ရတာလေ။ အဲဒီနောက်မှ ကျင်းမော့က သူမကို ယွီးကျစ်ရီဆီ လက်ဆောင် ပေးလိုက်တာ။ ဒီနန်းတွင်း နောက်ခံ သမိုင်းကြောင်းကို သူမက ဘယ်လိုလုပ် မှားမှတ်မိနိုင်မှာလဲ။ အခု ယွီးရှောင်ရှောင်က ဇာတ်လိုက် ဖြစ်လာတော့ ဒီဇာတ်လမ်းက တောင်ဝင်ရိုးစွန်းကနေ မြောက်ဝင်ရိုးစွန်းအထိ လမ်းကြောင်းလွဲသွားနိုင်လို့လား။

ချင်းယွိက မင်းသမီး ဒေါသထွက်လာပြီလို့ ထင်ပြီး မီးလောင်ရာ လေပင့်တဲ့ စကား ထပ်ပြောလိုက်တယ်။

"ဒါက တတိယသခင်လေးရဲ့ အမှား မဟုတ်ပါဘူး၊ ကျွန်တော်မျိုးမ ကံမကောင်းလို့ပါ။ အခုတော့ မင်းသမီးလေး ဒေါသမထွက်ပါနဲ့လို့ပဲ တောင်းပန်ပါတယ်၊ တတိယသခင်လေးကိုတော့ အပြစ်မတင်ပါနဲ့"

ရှောင်ဝေက ဒေါသတကြီးနဲ့ အော်လိုက်တယ်။

"သပ်လျှိုတဲ့ မိန်းမယုတ်"

ချင်းယွိက အသံကျယ်ကြီးနဲ့ ငိုတော့တယ်။

ယွီးရှောင်ရှောင်က လက်တစ်ဖက်တည်းနဲ့ ချင်းယွိကို မြေကြီးပေါ်ကနေ ဆွဲမလိုက်တယ်။ ချင်းယွိက ယွီးရှောင်ရှောင်ရဲ့ အကြည့်နဲ့ ဆုံလိုက်ရတော့ ရုတ်တရက် လန့်သွားတယ်။ ဒီမိန်းမကြမ်းက ဒေါသထွက်ပြီး သူ့ကိုများ သတ်ပစ်မလား။ ချင်းယွိက ယွီးရှောင်ရှောင်ရဲ့ လက်ထဲမှာ ရုန်းကန်နေတယ်။ သူမ မသေချင်သေးဘူး။ ဒီတာဝန်ကို အောင်မြင်အောင် ထမ်းဆောင်ပြီး ကျင်းမော့ရဲ့ အသိအမှတ်ပြုမှု ရရင် ကျူးယိ အိမ်ရှေ့မင်းသားရဲ့ အချစ်တော် ဖြစ်လာနိုင်သေးတယ်လေ။

ချင်းယွိက အစွမ်းကုန် ရုန်းကန်နေပေမဲ့ ယွီးရှောင်ရှောင် အတွက်တော့ ကလေး ကစားနေသလိုပဲ။

"ဇာတ်လမ်းကို ငါမသိဘူးလို့ ထင်နေတာလား"

ယွီးရှောင်ရှောင်က ချင်းယွိရဲ့ ကော်လာကို ဆွဲမထားရင်း ပြောလိုက်တယ်။

"အသိဉာဏ်မဲ့တဲ့ လူသား"

ချင်းယွိက ယွီးရှောင်ရှောင် စကားကို နားမလည်ပေမဲ့ ငိုယိုပြီး အော်လိုက်တယ်။

"မင်းသမီး... ကျွန်တော်မျိုးမကို ချမ်းသာပေးပါ"

ယွီးရှောင်ရှောင်က လက်ကို မြှောက်ပြီး ချင်းယွိကို အနောက်ဘက် ခြံဝင်း ထောင့်က ကျောက်တောင်တု အနောက်ကို ပစ်ပေါက်လိုက်တယ်။ အတုခိုးစရာ ရှားလို့ ကျောင်းမိဖုရားကို သွားအတုခိုးနေတယ်။ ငိုယိုပြီး သနားစရာ ကောင်းအောင် ဟန်ဆောင်နေတဲ့ မိန်းမတွေကို အမုန်းဆုံးပဲ။

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ယွီးရှောင်ရှောင် ချင်းယွိကို ပစ်ပေါက်လိုက်တာ မြင်တော့ ရင်တွေတောင် တုန်သွားတယ်။ သူတို့ မင်းသမီးက အရမ်း ကြမ်းတမ်းတာပဲ။ အဲဒီလို ပစ်ပေါက်ခံလိုက်ရတော့ ချင်းယွိရဲ့ ခန္ဓာကိုယ် သေးသေးလေးက အသက်ရှင်နိုင်ပါဦးမလား။

ယွီးရှောင်ရှောင်က ပြောလိုက်တယ်။

"ကုရှင်းလန်က ကလေး သတ်မဲ့သူ မဟုတ်ဘူး"

ရှောင်ဝေက အမြန် ဝင်ပြောတယ်။

"မင်းသမီး ပြောတာ မှန်ပါတယ်၊ သမက်တော်က ကိုယ့်သွေးသားကို သတ်မဲ့သူမျိုး မဟုတ်ပါဘူး"

"ငါ သူ့ကို ရိုက်တာ မှန်တယ်"

"မှန်ပါတယ်"

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ တစ်ပြိုင်နက်တည်း ဖြေလိုက်တယ်။

"မင်းသမီးက အမြော်အမြင် ရှိပါတယ်"

နန်းတော်ထဲမှာ အမတ်တွေက ဘုရင်ကြီးကို 'အမြော်အမြင် ရှိပါတယ်' လို့ ချီးကျူးတာကို ခဏခဏ ကြားဖူးတော့ ယွီးရှောင်ရှောင်က ဒီစကားက ဆဲတဲ့ စကားလို့ ထင်နေတယ်။ ဒါကြောင့် အရိပ်ကိုယ်ရံတော် နှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်တယ်။

"ငါ့ကို Like ပေး"

Like ပေးဆိုတာ ဘာမှန်း ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ နားမလည်ပေမဲ့ မင်းသမီးက တောင်းဆိုတော့လည်း နှစ်ယောက်သား မဆိုင်းမတွ ပြန်ပြောလိုက်တယ်။

"ကျွန်တော်မျိုးတို့ မင်းသမီးကို Like ပေးပါတယ်"

"ပြန်သွားစားကြမယ်"

အဲဒီတော့မှ ယွီးရှောင်ရှောင် ကျေနပ်သွားပြီး စင်္ကြံလမ်းဘက်ကို လှည့်ထွက်သွားတယ်။

အဲဒီအချိန်မှာ အရွယ်အစား ကြီးမားတဲ့ ပိုးဖလံ တစ်ကောင်က စင်္ကြံလမ်းက ဖယောင်းတိုင် မီးရောင်ကို မြင်ပြီး ယွီးရှောင်ရှောင် မျက်နှာဆီ တန်းတန်းမတ်မတ် ပျံလာတယ်။ ယွီးရှောင်ရှောင်က လက်ဝါးနဲ့ တစ်ချက် ရိုက်ချလိုက်တော့ ပိုးဖလံက ဘေးက တိုင်ပေါ်ကို ပြားကပ်သွားတယ်။

"မင်းသမီး"

ရှောင်ကျွမ်းက ယွီးရှောင်ရှောင် တစ်ချက်တည်းနဲ့ ကြေမွသွားတဲ့ ပိုးဖလံကို ကြည့်ပြီး ပြောလိုက်တယ်။

"ဒါက ပိုးဖလံလေးပါ"

ယွီးရှောင်ရှောင်က ရှောင်ကျွမ်းရဲ့ စကားထဲက 'ပိုးဖလံလေး တစ်ကောင်ကို သတ်ဖို့ ဒီလောက် အားစိုက်စရာ မလိုဘူး' ဆိုတဲ့ အဓိပ္ပာယ်ကို သဘောမပေါက်ဘဲ ပိုးဖလံ အသေကောင်ကို သေချာ ကြည့်ပြီး ပြောလိုက်တယ်။

"ဒီကမ္ဘာမှာ ဇွန်ဘီပိုးကောင် မရှိဘူး ဆိုတာကို ငါ မေ့သွားလို့"

မင်းသမီး ပါးစပ်က 'ဇွန်ဘီ' ဆိုတဲ့ စကားလုံး ထွက်လာတာ ဒါ ပထမဆုံး အကြိမ် မဟုတ်ဘူး။ ဒါကြောင့် ရှောင်ဝေက လရောင်သာနေတဲ့ ဒီညမှာ ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။

"မင်းသမီး... ဇွန်ဘီပိုးကောင် ဆိုတာ ဘာလဲ"

"ဪ အဲဒါက..."

"ကျွိ ကျွိ..."

ယွီးရှောင်ရှောင် ရှင်းပြမလို့ လုပ်တုန်း ပိုးဖလံ အသေကောင် ကပ်နေတဲ့ တိုင်ဆီကနေ အသံတွေ ထွက်လာတယ်။ လူသုံးယောက်လုံး အသံလာရာဆီကို မော့ကြည့်လိုက်တော့ လူကြီး နှစ်ယောက် ဖက်ထားလို့တောင် မပြည့်တဲ့ တိုင်ကြီးရဲ့ အပေါ်ပိုင်းမှာ အက်ကြောင်းတွေ အများကြီး ပေါ်နေတာကို တွေ့လိုက်ရတယ်။

ရှောင်ကျွမ်းက ပါးစပ်အဟောင်းသားနဲ့ ပြောလိုက်တယ်။

"မဖြစ်နိုင်တာ... ဒီတိုင် ပြိုကျတော့မလို့လား"

ကျွိဆိုတဲ့ အသံကနေ ဂျွတ်ဂျွတ် ဆိုတဲ့ အသံ ပြောင်းသွားပြီး အက်ကြောင်းက တိုင်ထိပ်ကနေ ခေါင်မိုးအထိ ကူးသွားတယ်။ တောင်နဲ့ မြောက် နှစ်ဖက် ကွဲသွားပြီး ရုတ်တရက် ဒုန်း ဆိုတဲ့ အသံနဲ့အတူ သူတို့ သုံးယောက် ခေါင်းပေါ်က ခေါင်မိုးက ပင့်ကူအိမ်လို အက်ကြောင်းတွေ အများကြီး ဖြစ်သွားတယ်။

သစ်သား အစအနတွေက ယွီးရှောင်ရှောင် မျက်နှာပေါ်ကို ကျလာပြီး နှာခေါင်းထဲ ဝင်သွားတာကြောင့် ယွီးရှောင်ရှောင် အသံကျယ်ကြီးနဲ့ နှာချေလိုက်ပြီး မေးလိုက်တယ်။

"ဘာအခြေအနေလဲ"

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကတော့ အရမ်းကို လန့်နေပြီ။ ပိုးဖလံ တစ်ကောင်ကို ရိုက်တာလေးကို ဘာလို့ တိုင်ကြီး အက်သွားအောင် ရိုက်နိုင်ရတာလဲ။ အခု ပုံစံအရဆို ဒီသစ်သား အဆောက်အအုံကြီး ပြိုကျတော့မယ်။

"မင်း... မင်းသမီး"

ရှောင်ကျွမ်းက ယွီးရှောင်ရှောင် ရှေ့မှာ ကာရပ်လိုက်ပြီး ပြောတယ်။

"တို့တွေ မြန်မြန် သွားရအောင်... ဒီအဆောက်အအုံ ပြိုတော့မယ်"

ရှောင်ကျွမ်း စကားမဆုံးခင်မှာပဲ သစ်သား အစအနတွေက မိုးရွာသလို ကျလာတယ်။ ယွီးရှောင်ရှောင်က ခဏ ငြိမ်သွားတယ်။ မတော်တဆ အားပါသွားတာ။

"မင်းသမီး... ပြေးကြမယ်"

ရှောင်ဝေက ယွီးရှောင်ရှောင်ကို အော်ပြောတယ်။

"ကျင်းမော့က ငါ့ကို လျော်ကြေး တောင်းမလား"

ယွီးရှောင်ရှောင်က မေးလိုက်တယ်။

"လျော်ခိုင်းလည်း လျော်ပေးလိုက်တာပေါ့... မင်းသမီးမှာ ပိုက်ဆံ ရှိတာပဲ"

ရှောင်ဝေက ပြန်ဖြေတယ်။

ပိုက်ဆံဆိုတာ စားစရာ ဝယ်ဖို့ သုံးရမှာလေ။ လျော်ကြေး ပေးလိုက်ရရင် စားစရာတွေ နည်းသွားတော့မှာပေါ့။ ယွီးရှောင်ရှောင်က ဒီလို ပြဿနာမျိုး ဖြစ်လာတာကို လက်ပိုက်ကြည့်မနေနိုင်ဘူး။ ဒါကြောင့် ရှောင်ကျွမ်းနဲ့ ရှောင်ဝေကို ပြောလိုက်တယ်။

"ခေါင်မိုးကို ထောက်ဖို့ ငါ တိုင်တစ်လုံး သွားရှာလိုက်ဦးမယ်... မင်းတို့ ခဏ စောင့်"

"မင်းသမီး ဘယ်သွားမလို့လဲ... မင်းသမီး..."

ရှောင်ဝေရဲ့ စကားမဆုံးခင် ယွီးရှောင်ရှောင်က အရိပ်တစ်ခုလို အမှောင်ထဲမှာ ပျောက်ကွယ်သွားတယ်။

…

All Chapters