အခန်း (၄၇-၄၈)
Vol. 3 Ch. 47-48
အခန်း (၄၇) ခြံဝင်းကျယ်ကြီးထဲက မြင်းလှည်း
ယွီးရှောင်ရှောင်က သယ်ယိ စားသောက်ဆိုင် တစ်ခုလုံးကို အမြန် ပတ်ကြည့်လိုက်တယ်။ စားသောက်ဆိုင်ထဲမှာ အစောင့်တွေ ရှိပေမဲ့ လင်းလုံမင်းသမီးက အိမ်ရှေ့မင်းသားရဲ့ ဧည့်သည်ဆိုတာ အားလုံး သိထားကြတယ်။ ပြီးတော့ ယွီးရှောင်ရှောင်က ထူးထူးခြားခြား ဘာမှ မလုပ်တာကြောင့် အစောင့်တွေက ဘယ်သူမှ ရှေ့ထွက်ပြီး 'မင်းသမီး ဘာလုပ်မလို့လဲ' လို့ မမေးရဲကြဘူး။
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က သုံးပိုင်း ကွဲလုနီးပါး ဖြစ်နေတဲ့ တိုင်ကြီးကို ကိုယ်နဲ့ ဖိထားရတယ်။ သစ်သား အစအနတွေက ခေါင်းပေါ်နဲ့ မျက်နှာပေါ် ကျလာလို့ အသက်ရှူရတာတောင် ခက်နေပြီ။
"ဒီအဆောက်အအုံ ပြိုကျရင် ဘယ်လို လုပ်မလဲ"
ရှောင်ကျွမ်းက ရှောင်ဝေကို မေးလိုက်တယ်။
ရှောင်ဝေက ရှိသမျှ အားနဲ့ တိုင်ကို ဖိထားရင်း ပြန်ဖြေတယ်။
"လျော်ပေးလိုက်မှာပေါ့... ကျူးယိ အိမ်ရှေ့မင်းသားက မင်းသမီးကို သတ်မှာမလို့လား"
ရှောင်ကျွမ်းက ပါးစပ်ထဲ ဝင်သွားတဲ့ သစ်သား အစအနတွေကို ထွေးထုတ်ပြီး ငိုမလို မျက်နှာထားနဲ့ ပြောလိုက်တယ်။
"ဒါက မင်းသမီး တစ်ချက် ရိုက်လိုက်လို့ ဖြစ်သွားတာ ဆိုတာကို ဘယ်သူက ယုံမှာလဲ"
ရှောင်ဝေက မျက်နှာရှုံ့မဲ့ပြီး ပြန်ပြောတယ်။
"အေးလေ... အဲဒါလည်း ပိုးဖလံ တစ်ကောင်ကို ရိုက်တာနော်"
သစ်သား အက်ကွဲသံတွေက အပေါ်ဘက်ကို ဆက်တက်သွားတယ်။ ဒီအသံတွေ ကြားရတာ ညီအစ်ကို နှစ်ယောက် ရင်ထဲမှာ ကြောက်လန့်နေပေမဲ့ မပြေးရဲကြဘူး။ သူတို့သာ ပြေးလိုက်ရင် ဒီတိုင် ပြိုကျပြီး အဆောက်အအုံ တစ်ခုလုံး ပျက်စီးသွားမှာ သေချာတယ်။
ဒီအချိန်မှာ ယွီးရှောင်ရှောင်က စားသောက်ဆိုင်ရဲ့ အရှေ့တောင်ဘက် ထောင့်မှာ သစ်သားတိုင် တစ်လုံးကို တွေ့သွားတယ်။ ဒီတိုင်က ခုနက တိုင်နဲ့ အရပ်ရော အလုံးပါ တူတယ်။ မော့ကြည့်လိုက်တော့ တိုင်ထိပ်မှာ ဝါးရံတားလေး လုပ်ထားတဲ့ ကင်းစင်လေး တစ်ခု ရှိတယ်။ အဲဒီ ကင်းစင်ပေါ်မှာ လေးသည်တော်တွေ နေရာယူထားရင် စားသောက်ဆိုင်အတွက် ခံစစ်နေရာ တစ်ခု ဖြစ်သွားမှာပဲ။ စစ်တပ် နည်းပြ တစ်ယောက် အနေနဲ့ ယွီးရှောင်ရှောင်က ဒီသစ်သား ကင်းစင်ရဲ့ အသုံးဝင်ပုံကို ချက်ချင်း သိလိုက်တယ်။ ဒါပေမဲ့ ရှေးခေတ်က ဒီလို ခံစစ်မျိုးကို ယွီးရှောင်ရှောင်က အထင်မကြီးပါဘူး။ ဇွန်ဘီတွေက သစ်သားကို သွားနဲ့ ကိုက်ဖြတ်နိုင်တယ်လေ။ ဒီလို အရာမျိုးက ဇွန်ဘီခေတ်မှာဆို ထင်းအဖြစ်ပဲ သုံးလို့ ရမှာ။
လရောင်အောက်မှာ ဒီကွင်းပြင်လေးက တိတ်ဆိတ်နေပြီး ပန်းခြုံတွေထဲက ပုရစ်အော်သံတွေပဲ ကြားနေရတယ်။
ယွီးရှောင်ရှောင်က ဘေးက ခြံစည်းရိုးပေါ် ခုန်တက်ပြီး အပြင်ကို ကြည့်လိုက်တယ်။ ခြံစည်းရိုး အပြင်ဘက်က လမ်းကြားလေးထဲမှာ ဘယ်သူမှ မရှိဘူး။ လမ်းကြားရဲ့ တစ်ဖက်မှာတော့ ခြံဝင်းကျယ်ကြီး တစ်ခု ရှိပြီး မီးရောင်တွေ ထိန်လင်းနေပေမဲ့ လူရိပ်တော့ မတွေ့ရဘူး။
ခြံစည်းရိုး အပြင်ဘက်မှာ လူမရှိဘူး ဆိုတာ သေချာသွားတော့ ယွီးရှောင်ရှောင်က ခြံစည်းရိုးပေါ်ကနေ ခုန်ဆင်းပြီး သစ်သားတိုင်ကို လက်နှစ်ဖက်နဲ့ ဖက်ကာ အားကုန်သုံးပြီး မြေကြီးထဲကနေ ဆွဲနှုတ်လိုက်တယ်။ အဲဒီနောက် သစ်သားတိုင်ကို အကြိမ်ကြိမ် ခါရမ်းပြီး တိုင်နဲ့ ကင်းစင် ဆက်ထားတဲ့ နေရာကို ချောင်သွားအောင် လုပ်လိုက်တယ်။ နောက်ဆုံးမှာ အားကုန်သုံးပြီး လွှဲပစ်လိုက်တော့ အလေးချိန် စီးတဲ့ ကင်းစင်က စားသောက်ဆိုင်ရဲ့ မြင့်မားတဲ့ ခြံစည်းရိုး အပြင်ဘက်ကို လွင့်ထွက်သွားတယ်။
အဲဒီအချိန်မှာ စားသောက်ဆိုင် ဘေးက ခြံဝင်းကျယ်ကြီးထဲကနေ မြင်းတစ်ကောင်တည်း ဆွဲတဲ့ မြင်းလှည်း တစ်စီး ထွက်လာပြီး လမ်းကြားလေး အပြင်ဘက်ကို ဦးတည်သွားနေတယ်။ လိုက်ပို့တဲ့ လူတွေက တံခါးဝမှာ ရပ်ပြီး မြင်းလှည်းပေါ်က လူကို လက်ပြ နှုတ်ဆက်နေကြတယ်။ အပြုံးတွေတောင် မျက်နှာပေါ်က မပျောက်သေးခင်မှာပဲ လေးထောင့်ပုံစံ အမည်းရောင် အရိပ်ကြီး တစ်ခုက ကောင်းကင်ပေါ်ကနေ ကျလာတာကို မျက်စိရှေ့မှာတင် တွေ့လိုက်ရတယ်။
"ခွမ်း"
"ဒိုင်း"
ခြံစည်းရိုး အပြင်ဘက်က ထွက်လာတဲ့ အသံတွေကို ယွီးရှောင်ရှောင် ကြားပေမဲ့ မကြားချင်ယောင် ဆောင်ပြီး သစ်သားတိုင်ကို ထမ်းကာ ပြေးတော့တယ်။
မြင်းလှည်းက ကင်းစင် ပိပြီး တစ်စစီ ဖြစ်သွားတယ်။ မြင်းလှည်းသမားနဲ့ မြင်းလှည်းပေါ်က လူက ကင်းစင်အောက်မှာ ပိသွားပေမဲ့ မြင်းကတော့ ဘာမှ မဖြစ်ဘူး။ ဒီမြင်းကလည်း အတော်လေး လိမ္မာတယ်။ ရပ်သွားပြီးတဲ့နောက် တစ်ချက်လေးတောင် မလှုပ်ဘဲ အသံလည်း မထွက်ဘူး။ လိုက်ပို့တဲ့ လူတွေကတော့ တံခါးဝမှာ ကြောင်အမ်းအမ်းနဲ့ ရပ်နေကြပြီး ချက်ချင်း သတိမဝင်လာကြသေးဘူး။
စားသောက်ဆိုင်ထဲက လူတွေက ခြံစည်းရိုး အပြင်ဘက်က အသံကို ကြားတော့ အစောင့်တစ်ဖွဲ့က မီးတုတ်တွေ ကိုင်ပြီး အသံလာရာဆီကို ချက်ချင်း ပြေးသွားကြတယ်။ ယွီးရှောင်ရှောင်ကတော့ လူတွေကို ရှောင်ပြီး သစ်သားတိုင်ကို စင်္ကြံလမ်းအထိ ခိုးကြောင်ခိုးဝှက် ထမ်းလာခဲ့တယ်။
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ယွီးရှောင်ရှောင် သစ်သားတိုင်ကို မြက်ပင်လေး တစ်ပင် ကိုင်ထားသလို ပေါ့ပေါ့ပါးပါး ထမ်းလာတာကို မြင်တော့ နဖူးကနေ ချွေးသီးချွေးပေါက်တွေ ကျလာတယ်။ သူတို့ မင်းသမီးရဲ့ ခွန်အားနဲ့ဆို သိုင်းမကျင့်ရင်တောင် လူတိုင်းကို အနိုင်ယူနိုင်လောက်တယ်လို့ တွေးမိကြတယ်။
ယွီးရှောင်ရှောင်က သစ်သားတိုင်ကို စင်္ကြံလမ်းထဲ သယ်လာပြီး သူမ ရိုက်လိုက်လို့ အက်ကွဲသွားတဲ့ တိုင်ဘေးမှာ ထောက်ထားလိုက်တယ်။
ရှောင်ဝေက မိုးရွာသလို ကျနေတဲ့ သစ်သား အစအနတွေကို ကြည့်ပြီး တိုးတိုးလေး မေးလိုက်တယ်။
"ဒီလို လုပ်လို့ ရပါ့မလား"
ယွီးရှောင်ရှောင်က စင်္ကြံလမ်းဘက်ကို ပြေးရင်း ပြောလိုက်တယ်။
"သမက်တော်ကို ခေါ်ပြီး မြန်မြန် ဆုတ်ကြမယ်"
ရှောင်ကျွမ်းက ယွီးရှောင်ရှောင် နောက်ကနေ လိုက်ပြေးရင်း မေးလိုက်တယ်။
"ကျင်းမော့က အိမ်အထိ လိုက်ရှာရင် ဘယ်လို လုပ်မလဲ"
ယွီးရှောင်ရှောင်က နှာခေါင်းရှုံ့လိုက်ပြီး ပြောတယ်။
"လက်ပူးလက်ကြပ် မိတာမှ မဟုတ်တာ... တို့တွေက ငြင်းလိုက်ရုံပဲပေါ့"
ရှောင်ကျွမ်းက ဒီလို လုပ်တာ သိပ်မကောင်းဘူးလို့ ထင်ပြီး ယွီးရှောင်ရှောင်ကို စကားနည်းနည်း ထပ်ပြောချင်ပေမဲ့ ရှောင်ဝေက သူ့ဖင်ကို ခြေထောက်နဲ့ ကန်ပြီး အော်လိုက်တယ်။
"ပါးစပ်ပိတ်ပြီး မြန်မြန် ပြေးစမ်း"
ဧည့်ခန်းမထဲမှာ တေးဂီတသံတွေ ထွက်ပေါ်နေပေမဲ့ အိမ်ရှင်နဲ့ ဧည့်သည်ကြားမှာ စကားသံတွေ မရှိတော့ဘူး။ ကျင်းမော့က အရက်ကို အေးအေးဆေးဆေး သောက်နေတယ်။ ချင်းယွိကလွဲရင် ယွီးရှောင်ရှောင်ကို လိုက်ကြည့်ဖို့ ဘယ်သူ့ကိုမှ မလွှတ်ထားဘူး။ လင်မယားကြားက သံယောဇဉ်ကို အသုံးချပြီး ပြဿနာ ရှာတာက သိပ်ကို အောက်တန်းကျလွန်းလို့ ဒီကိစ္စကို လူသိနည်းလေ ကောင်းလေပဲလေ။ ကျင်းမော့က ယွီးရှောင်ရှောင် ပြန်လာမဲ့ အချိန်နဲ့ ရလဒ်ကို စောင့်နေတယ်။
ကုရှင်းလန်ကတော့ အပြင်ပန်းမှာ တည်ငြိမ်နေပုံ ပေါက်ပေမဲ့ စိတ်ထဲမှာတော့ မငြိမ်မသက် ဖြစ်နေတယ်။
ယွီးရှောင်ရှောင်က ရှောင်ကျွမ်းနဲ့ ရှောင်ဝေကို ခေါ်ပြီး ဧည့်ခန်းမထဲကို ပြေးဝင်လာတယ်။
ကျင်းမော့က လက်ထဲက အရက်ခွက်ကို ချပြီး ယွီးရှောင်ရှောင်ကို အကဲခတ်လိုက်တယ်။ ယွီးရှောင်ရှောင်က မျက်နှာ မနီသလို အမောလည်း မဆို့ဘဲ မျက်နှာသေနဲ့ပဲ ရှိနေပေမဲ့ အရိပ်ကိုယ်ရံတော် နှစ်ယောက်ကတော့ အသက်ရှူ မြန်နေကြတယ်။
"မင်းသမီး... ဘာဖြစ်..."
ကျင်းမော့ စကားမဆုံးခင်မှာပဲ ယွီးရှောင်ရှောင်က ကုရှင်းလန်ကို မေးလိုက်တယ်။
"စားလို့ ပြီးပြီလား... အချိန်လည်း မစောတော့ဘူး... တို့တွေ အိမ်ပြန်ကြစို့"
ကုရှင်းလန်က အခုချိန်မှာ အမြန်ဆုံး ထွက်သွားချင်နေတာမို့ ချက်ချင်း ခေါင်းညိတ်ပြလိုက်တယ်။
"မြန်မြန်"
ယွီးရှောင်ရှောင်က နောက်လှည့်ပြီး ရှောင်ကျွမ်းနဲ့ ရှောင်ဝေကို အော်လိုက်တယ်။
"လူကို ထမ်းပြီး သွားကြမယ်"
ရှောင်ကျွမ်းနဲ့ ရှောင်ဝေက အမြန် ပြေးလာပြီး ကုရှင်းလန်ကို ထမ်းလိုက်ကြတယ်။
"သွားတော့မယ်နော်"
ယွီးရှောင်ရှောင်က ကျင်းမော့ကို လက်ပြ နှုတ်ဆက်လိုက်တယ်။
ကျင်းမော့က စကားသုံးခွန်းလောက်ပဲ ပြောရသေးတဲ့ အချိန်မှာ ဒီသုံးယောက်က ကုရှင်းလန်ကို ခေါ်ပြီး ဧည့်ခန်းမ တံခါးဝ ရောက်နေပြီမို့ အိမ်ရှေ့မင်းသားက ချက်ချင်း ထရပ်ပြီး ယွီးရှောင်ရှောင် အနားကို လျှောက်သွားကာ မေးလိုက်တယ်။
"မင်းသမီးက အခုပဲ ပြန်တော့မလို့လား"
ယွီးရှောင်ရှောင်က ခြေလှမ်းကို ရပ်လိုက်ပြီး ကျင်းမော့ကို ကြည့်ကာ ပြန်ဖြေတယ်။
"အိမ်မှာ ကိစ္စရှိတာ ခုနကမှ သတိရလို့... ကျွန်မနဲ့ ရှောင်ကု ပြန်တော့မယ်"
"ရှောင်ကု"
ကျင်းမော့က ရယ်လိုက်တယ်။ ဇနီးသည်က ခင်ပွန်းကို ဒီလို ခေါ်တာ တစ်ခါမှ မကြားဖူးဘူးလေ။
ကုရှင်းလန်က အခုချိန်မှာ ချင်းယွိ ကိစ္စကို ယွီးရှောင်ရှောင်ကို ရှင်းပြဖို့ လောနေတာကြောင့် ယွီးရှောင်ရှောင်က သူ့ကို ရှောင်ကု လို့ ခေါ်ခေါ် ငမိုက်သား လို့ ခေါ်ခေါ် ဂရုမစိုက်နိုင်တော့ဘူး။ ဒါကြောင့် ကျင်းမော့ကို လက်အုပ်ချီပြီး နှုတ်ဆက်လိုက်တယ်။
"ကျွန်တော်မျိုး ပြန်ခွင့်ပြုပါဦး"
"ချူချိုးရဲ့ ပြုစုမှုကို မင်းသမီး သဘောကျရဲ့လား"
ကျင်းမော့က ကုရှင်းလန်ကို ဂရုမစိုက်ဘဲ ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။
အဲဒီအချိန်မှာ ကျင်းမော့ရဲ့ အစောင့်တစ်ယောက်က ဧည့်ခန်းမထဲကို ပြေးဝင်လာပြီး ကျင်းမော့ အနားကို တန်းတန်းမတ်မတ် သွားကာ တိုးတိုးလေး သတင်းပို့လိုက်တယ်။
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ချွေးတွေ ပျံလာတယ်။ အဲဒီ သစ်သား အဆောက်အအုံ ပြိုကျသွားပြီလား။
ကျင်းမော့က အစောင့် ပြောတာကို ကြားပြီးနောက်မှာလည်း မျက်နှာပေါ်က အပြုံး မပျက်သွားဘဲ ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။
"မင်းသမီး အိမ်တော်မှာ ကိစ္စရှိနေမှတော့ ကျွန်တော် မတားတော့ပါဘူး။ နောက်နေ့မှ မင်းသမီးကို ထပ်ပြီး ဧည့်ခံပါ့မယ်"
"ကောင်းပြီ... ပြဿနာ မရှိပါဘူး"
ယွီးရှောင်ရှောင်က ကုရှင်းလန် လုပ်သလို ကျင်းမော့ကို လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီး ချက်ချင်း လှည့်ထွက်သွားတယ်။
ကျင်းမော့က ယွီးရှောင်ရှောင်ကို အပြင်အထိ လိုက်မပို့တော့ဘဲ ယွီးရှောင်ရှောင်နဲ့ ကုရှင်းလန်ကို အရင်က စားသောက်ဆိုင်ထဲ ကြိုဆိုခဲ့တဲ့ အကြီးအကဲပုံစံ လူကပဲ စားသောက်ဆိုင် တံခါးဝအထိ လိုက်ပို့ပေးလိုက်တယ်။
ယွီးရှောင်ရှောင် မြင်းလှည်းပေါ် ရောက်တာနဲ့ မြင်းလှည်းသမားကို အော်လိုက်တယ်။
"မြန်မြန်... သွားကြမယ်"
ကုရှင်းလန်က မြင်းလှည်းထဲမှာ လှဲနေရင်း ယွီးရှောင်ရှောင် အရမ်းလောနေတာကို ကြည့်ပြီး သံသယ ဝင်သွားတယ်။ ဒီဇနီးသည်က ချင်းယွိ စကားကို ယုံသွားပြီး သူ့ကို အိမ်ရောက်တာနဲ့ ရိုက်ဖို့ လောနေတာများလား။
မြင်းလှည်းက သယ်ယိ စားသောက်ဆိုင် ရှိတဲ့ လမ်းထဲက ထွက်လာတော့မှ ယွီးရှောင်ရှောင်က ကုရှင်းလန်ဘက် လှည့်ပြီး ပြောလိုက်တယ်။
"တာ့ရှစ်တံတားထိပ်က ဖက်ထုပ်နဲ့ ကောက်ညှင်းဆန်ပြုတ်က စားလို့ ကောင်းတယ်လို့ ရှောင်ကျွမ်း ပြောတယ်။ တို့တွေ တာ့ရှစ်တံတားကို သွားကြမယ်"
စားစရာ အကြောင်း ပြောတာနဲ့ ယွီးရှောင်ရှောင်ရဲ့ မျက်လုံးတွေက တောက်ပလာတာပဲ။ ကုရှင်းလန်က တောက်ပနေတဲ့ မင်းသမီးလေးရဲ့ မျက်လုံးတွေကို ကြည့်ပြီး သူ့ဇနီးသည်က ဒေါသကို မျိုသိပ်ထားပြီး အိမ်ရောက်မှ ပေါက်ကွဲမဲ့ ပုံစံမျိုး မဟုတ်ဘူးလို့ တွေးလိုက်မိတယ်။
သယ်ယိ စားသောက်ဆိုင်ထဲက ကျင်းမော့ကတော့ သူ့လူတွေကို ခေါ်ပြီး စားသောက်ဆိုင် အရှေ့တောင်ဘက် ထောင့်က လမ်းကြားလေးဆီကို သွားနေတယ်။
…
အခန်း (၄၈) သခင်နှစ်ယောက်ကို ခစားတဲ့ အစေခံ
"မင်းသမီး... အဲဒီတုန်းက ကျွန်တော်က သေဒဏ်ကျနေတဲ့ အကျဉ်းသားလေ။ ချင်းယွိက အိမ်ကနေ ရွေးပြီး ကျွန်တော့်ဆီ လွှတ်လိုက်တာ၊ ကျွန်တော့်ကို..."
ကုရှင်းလန်က ချင်းယွိ အကြောင်း ရှင်းပြချင်ပေမဲ့ မျိုးဆက် ချန်ခဲ့ဖို့ဆိုတဲ့ စကားကို ယွီးရှောင်ရှောင် ရှေ့မှာ ပြောဖို့ အကြိမ်ကြိမ် ကြိုးစားပေမဲ့ ထွက်မလာဘူး။
"မျိုးဆက် ချန်ဖို့လား"
ယွီးရှောင်ရှောင်က ကုရှင်းလန် ပြောချင်တာကို ဖြည့်ပြောလိုက်တယ်။
ကုရှင်းလန်က ခေါင်းညိတ်ပြလိုက်တယ်။
"တကယ်တော့ မိန်းမတွေက ကလေး လိုချင်တိုင်း ရတာ မဟုတ်ဘူးနော်"
ယွီးရှောင်ရှောင်က ဆေးပညာဆိုင်ရာ အချက်အလက်ကို အတည်ပေါက် ရှင်းပြတယ်။
"ချင်းယွိက အဲဒီအချိန်မှာ မျိုးဥ ကြွေတဲ့ အချိန် ဟုတ်မဟုတ် ကြည့်ရမယ်၊ ပြီးတော့ ရှင့်ရဲ့..."
"မျိုးဥ ဘာဖြစ်တယ်"
ကုရှင်းလန်က ယွီးရှောင်ရှောင် စကားကို ဖြတ်မေးလိုက်တယ်။
"အိပ်ရာပေါ် တက်လိုက်တာနဲ့ ကလေး ရမယ် ထင်နေတာလား"
ယွီးရှောင်ရှောင် မျက်မှောင်ကြုတ်သွားတယ်။ မျိုးဥ ကြွေချိန် ဆိုတာကိုတောင် မသိဘူးဆိုတော့ ဒီကမ္ဘာက လူတွေက ဘာတွေ သိကြတာလဲ။
"ဒါဆို ဘာလုပ်ရသေးလို့လဲ"
ကုရှင်းလန်က မသိစိတ်ကနေ မေးလိုက်မိတယ်။ ဒါပေမဲ့ မေးပြီးမှ သူ နောင်တရသွားတယ်။
ယွီးရှောင်ရှောင်က ကလေး ဘယ်လို မွေးရတယ် ဆိုတာကို သေချာ ရှင်းပြမလို့ လုပ်တုန်း ရှောင်ဝေက မြင်းလှည်း အပြင်ဘက်ကနေ မေးလိုက်တယ်။
"မင်းသမီး... တာ့ရှစ်တံတားကို သွားမှာလား"
"အင်း"
ယွီးရှောင်ရှောင်ရဲ့ အာရုံက စားစရာဆီ ချက်ချင်း ရောက်သွားပြီး ရှောင်ဝေကို ပြောလိုက်တယ်။
"မင်း ပြောတဲ့ စားသောက်ဆိုင်ကိုပဲ သွားမယ်... ငါ မင်းတို့ကို ဒကာခံမယ်"
ရှောင်ဝေက ပြုံးပြီး ကျေးဇူးတင်စကား ဆိုလိုက်တယ်။
ရှောင်ကျွမ်းကတော့ ရှောင်ဝေလောက် စိတ်မကြည်လင်ဘူး။ ညီအစ်ကိုကို တိုးတိုးလေး မေးလိုက်တယ်။
"အဲဒီ အဆောက်အအုံ ပြိုကျသွားရင် ဘယ်လို လုပ်မလဲ"
ရှောင်ဝေက ရှောင်ကျွမ်းကို မျက်စောင်းထိုးပြီး တိုက်ရိုက်ပဲ ပြောလိုက်တယ်။
"ငါတို့တွေ ထွက်လာပြီလေ... ပြိုတာ မပြိုတာ ငါတို့နဲ့ ဘာဆိုင်လို့လဲ"
ရှောင်ကျွမ်းက နှာခေါင်းကို ပွတ်လိုက်တယ်။ လူတိုင်းက ဂရုမစိုက်မှတော့ သူက ဘာလို့ ခေါင်းရှုပ်ခံ စဉ်းစားနေဦးမှာလဲ။ ခဏနေရင် ဘာစားရမလဲ စဉ်းစားတာကမှ ပိုကောင်းဦးမယ်။ တာ့ရှစ်တံတားထိပ်က အဘွားဝမ်ရဲ့ ဆိုင်မှာ စားစရာတွေ အများကြီး ရှိတယ်လေ။
ယွီးရှောင်ရှောင်က မြင်းလှည်းထဲကနေ ကုရှင်းလန်ကို မေးလိုက်တယ်။
"စားသောက်ဆိုင်ရဲ့ ဘေးအိမ်က ဘယ်သူ့အိမ်လဲ"
"ကျောင်းအိမ်တော်"
ကုရှင်းလန်က အထင်သေးတဲ့ လေသံနဲ့ ပြောလိုက်တယ်။
ယွီးရှောင်ရှောင်က ခေါင်းလေးစောင်းပြီး ကုရှင်းလန်ရဲ့ ပါးစပ်နားကို နားကပ်ကာ ထပ်မေးလိုက်တယ်။
"ဘယ်သူ"
"အမတ်ကြီးအိမ်လေ"
ကုရှင်းလန်က ပြောတယ်။
"မင်းသမီး မသိဘူးလား"
ယွီးရှောင်ရှောင်က မေးလိုက်တယ်။
"ကျောင်းချိုးမင်လား"
ကုရှင်းလန်က ခေါင်းညိတ်ပြီး ပြန်ဖြေတယ်။
"ဖုန်းထျန်းမှာ အမတ်ကြီး ဆိုလို့ တစ်ယောက်တည်း ရှိတာလေ မင်းသမီး"
ယွီးရှောင်ရှောင်က နှမြောသွားတယ်။ အဲဒီ ခြံဝင်းကျယ်ကြီးက ကျောင်းချိုးမင် အိမ်မှန်း သိရင် သူမ မီးရှို့ခဲ့မှာပေါ့။
မီးဘေးကနေ သီသီလေး လွတ်သွားတဲ့ ကျောင်းအမတ်ကြီးကတော့ အခု ကျင်းမော့ ရှေ့မှာ ရပ်နေတယ်။ မျက်နှာထားက တည်ငြိမ်နေပေမဲ့ စကားပြောတာတော့ သိပ်မပီသတော့ဘူး။
အစောင့်တွေက မြင်းလှည်းထဲက လူကို သစ်သားပြားတွေ အောက်ကနေ ဆွဲထုတ်လာတယ်။ အဲဒီလူရဲ့ မျက်နှာ တစ်ခုလုံး သွေးတွေ ပေနေပေမဲ့ အသက်တော့ မသေသေးဘူး။ ရင်ဘတ်ပေါ် ဖိထားတဲ့ သစ်သားပြားကို ဖယ်လိုက်တော့မှ အသက်ရှူချောင်သွားပြီး ညည်းတွားသံ ထွက်လာတယ်။
ကျင်းမော့နဲ့ အတူ လိုက်လာတဲ့ အကြံပေး အရာရှိ နှစ်ယောက်က မီးရောင်အောက်မှာ အဲဒီလူရဲ့ မျက်နှာကို သေချာ ကြည့်လိုက်တော့ နှစ်ယောက်လုံးက ကျင်းမော့ကို လှည့်ကြည့်လိုက်ကြတယ်။ ဒီလူကို သူတို့ သိတယ်၊ တတိယမင်းသား ကျင်းချန်းရဲ့ အယုံကြည်ရဆုံး အကြံပေး အရာရှိလေ။
ကျင်းမော့က မြေကြီးပေါ် ပြန့်ကျဲနေတဲ့ ရွှေငွေရတနာတွေကို တစ်ချက် ကြည့်လိုက်တယ်။ ဒါတွေက ကျောင်းချိုးမင်က သူ့ညီကို ပေးမဲ့ လက်ဆောင်တွေ ဆိုတာ ရှင်းနေတာပဲ။ သူ ဒီတစ်ခေါက် ရခဲ့တဲ့ လက်ဆောင်တွေထက်တောင် နည်းပုံ မရဘူး။
"ဧည့်သည်တွေလား"
ကျင်းမော့က သိရက်နဲ့ ကျောင်းချိုးမင်ကို မေးလိုက်တယ်။
သက်သေ အခိုင်အလုံ မိသွားတော့ ကျောင်းချိုးမင်က ငြင်းချင်ရင်တောင် ငြင်းလို့ မရတော့ဘူး။
ကျင်းမော့က အင်္ကျီလက်ကို ခါပြီး လှည့်ထွက်သွားတယ်။
ကျောင်းချိုးမင်က ကျင်းမော့ နောက်ကို ပြေးလိုက်သွားပြီး အတင်း ပြုံးကာ ရှင်းပြတယ်။
"အိမ်ရှေ့မင်းသား... တတိယမင်းသားက လူလွှတ်လိုက်တာဆိုတော့ ကျွန်တော်မျိုးက ရှောင်လွှဲလို့ မရလို့ပါ။ အိမ်ရှေ့မင်းသား ခွင့်လွှတ်ပေးပါ"
ကျင်းမော့က ပြောလိုက်တယ်။
"အချိန်လည်း မစောတော့ဘူး၊ ကျောင်းအမတ်ကြီး... ပြောစရာ ရှိတာ မနက်ဖြန်မှ ပြောကြတာပေါ့"
ကျောင်းချိုးမင်က မဝံ့မရဲနဲ့ ပြန်ထူးလိုက်တယ်။
အစောင့် နှစ်ယောက်က ကျင်းချန်းရဲ့ အကြံပေး အရာရှိကို ထမ်းလာပြီး ကျန်တဲ့ အစောင့်တွေက ကျောင်းချိုးမင် တတိယမင်းသားကို ပေးမဲ့ လက်ဆောင်တွေကို ယူကာ သဲ့ရီ စားသောက်ဆိုင်ဘက်ကို ပြန်သွားကြတယ်။
ကျောင်းချိုးမင်က သူ့ဘေးကနေ ဖြတ်သွားတဲ့ ဒီလူအုပ်ကြီးကို ကြည့်ပြီး ကျင်းမော့ကို တစ်ခွန်းမှ ဆက်မပြောရဲတော့ဘူး။
ကျင်းမော့တို့ အုပ်စု ထွက်သွားတော့မှ ကျောင်းအမတ်ကြီးက ပျက်စီးနေတဲ့ မြင်းလှည်းရှေ့မှာ ကြောင်တောင်တောင် ရပ်နေမိတယ်။ ကင်းစောင့်မျှော်စင် တစ်ခုက ဘယ်လိုလုပ် ရုတ်တရက် ပျံလာရတာလဲ။ ပြီးတော့ မြင်းလှည်းကို အတိအကျ လာမှန်တယ်တဲ့လား။ ကျောင်းချိုးမင်က သဲ့ရီ စားသောက်ဆိုင်ရဲ့ မြင့်မားတဲ့ ခြံစည်းရိုးကို လှည့်ကြည့်လိုက်တယ်။ ဘယ်သူက သူ့ကို ဆန့်ကျင်နေတာလဲ။
ကျောင်းအိမ်တော်က အစေခံ နှစ်ယောက်က မြင်းလှည်းသမားကို ဆွဲထုတ်လာတယ်။ အိမ်တော်ထိန်းက ကျောင်းချိုးမင်ဆီ ပြေးလာပြီး မေးလိုက်တယ်။
"အမတ်ကြီး... မြင်းလှည်းသမားကို ဘယ်လို လုပ်မလဲ"
ကျောင်းချိုးမင်က သွေးတွေ ပေနေတဲ့ မြင်းလှည်းသမားကို တစ်ချက် ကြည့်လိုက်တယ်။ ဒီလူက ကျင်းချန်းရဲ့ အကြံပေး အရာရှိ ခေါ်လာတဲ့ လူလေ။ ကျူးယိက လူရဲ့ အသက်ကို သူ မကယ်ဘဲ ထားလို့ မရဘူး။
"သူ့အတွက် သမားတော် ခေါ်ပေးလိုက်" လို့ တိုးတိုးလေး အမိန့်ပေးလိုက်တယ်။
အိမ်တော်ထိန်းက အမိန့်ကို နာခံပြီး အစေခံ နှစ်ယောက်ကို ခေါ်ကာ မြင်းလှည်းသမားကို အိမ်တော်ထဲ သယ်သွားတယ်။
ဒါက တိုက်ဆိုင်မှု မဖြစ်နိုင်ဘူးလို့ ကျောင်းချိုးမင်က မြင့်မားတဲ့ ခြံစည်းရိုးကို ကြည့်ပြီး စဉ်းစားနေတယ်။ ကျင်းချန်းရဲ့ လူတွေ မြို့တော်ထဲ ဝင်လာကတည်းက တစ်ယောက်ယောက်ရဲ့ စောင့်ကြည့်တာ ခံနေရတာ သေချာတယ်။ အဲဒီလူက ဘယ်သူလဲ... ကျင်းမော့လား ဒါမှမဟုတ် နန်းတွင်းက သူ့ကို ဆန့်ကျင်နေတဲ့ အမတ်တွေလား။
ဒီကင်းစောင့်မျှော်စင်က ကြီးမားပြီး လေးလံလွန်းလို့ ယောက်ျား ဆယ်ယောက်လောက်တောင် သယ်ဖို့ မလွယ်ဘူး။ ဒါကို ပစ်ပေါက်တဲ့သူက သိုင်းပညာ အရမ်း ထူးချွန်တဲ့သူ ဖြစ်ရမယ်။ ပြီးတော့ သဲ့ရီ စားသောက်ဆိုင်ထဲမှာ ပုန်းနေတာ။ ကျောင်းချိုးမင်ရဲ့ ဦးနှောက်က မြန်မြန် အလုပ်လုပ်သွားပြီး ဒါက ကျင်းမော့ရဲ့ လက်ချက် ဆိုတာ သူ ချက်ချင်း သေချာသွားတယ်။ သိုင်းပညာ ထူးချွန်တာက အရေးမကြီးဘူး၊ အရေးကြီးတာက သဲ့ရီ စားသောက်ဆိုင်ထဲမှာ ပုန်းနေဖို့ဆိုတာ ကျင်းမော့ရဲ့ ခွင့်ပြုချက် မရှိဘဲ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။
"အဖေ"
ကျောင်းချိုးမင် အနောက်မှာ တစ်လျှောက်လုံး အသံတိတ် လိုက်လာတဲ့ ကျောင်းပေချန်က ဒီလမ်းကြားလေး တစ်ခုလုံး ပတ်ကြည့်ပြီးတော့ နောက်ဆုံးမှာ မခံနိုင်တော့ဘဲ မေးလိုက်တယ်။
"နောက်ဆက်တွဲ ကိစ္စတွေက ခက်ခဲသွားပြီ"
ကျောင်းချိုးမင်က တိုးတိုးလေး သက်ပြင်းချတယ်။
"အဖေက နှစ်ဖက်ခွပြီး အကျိုးအမြတ် ယူချင်ခဲ့တာ။ အခုတော့ မဖြစ်နိုင်တော့ဘူး"
ကျောင်းပေချန်က ပြောတယ်။
"ဒါဆို တစ်ယောက်ကို ရွေးလိုက်လေ"
ကျောင်းချိုးမင်က ခါးသက်သက် ပြုံးလိုက်တယ်။ အခု သူ ရွေးချင်ရင်တောင် ကျင်းမော့က လက်ခံပါ့မလား။
သဲ့ရီ စားသောက်ဆိုင်ထဲမှာတော့ ကျင်းမော့က အခန်းထဲ ပြန်ရောက်တာနဲ့ အပြင်မှာ အေးအေးဆေးဆေး နေခဲ့တဲ့ မျက်နှာထားက ချက်ချင်း တင်းမာသွားပြီး စားပွဲကို ခြေထောက်နဲ့ ကန်လှဲပစ်လိုက်တယ်။
"ကျောင်းချိုးမင်က တော်တော် တော်တာပဲ။ ငါ့ကို သခင်နှစ်ယောက် ခစားတဲ့ ကစားကွက်နဲ့ လာကစားပြီး ငါ့ကို အရူးလို့ ထင်နေတာလား"
အကြံပေး အရာရှိ နှစ်ယောက်က ကျင်းမော့ ဒေါသထွက်နေတာကို ကြည့်ပြီး ဘေးမှာ ရပ်ကာ ဘာမှ မပြောရဲကြဘူး။
ကျင်းမော့က အခန်းထဲမှာ အမြန် ခြေလှမ်းတွေနဲ့ ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီး တော်တော်ကြာမှ နည်းနည်း ပြန်ငြိမ်ကျသွားတယ်။ ကုလားထိုင်ပေါ် ထိုင်ချလိုက်ပြီး လှောင်ပြုံး ပြုံးကာ ပြောလိုက်တယ်။
"တတိယညီက တကယ်ကို တစ္ဆေလို လိုက်နှောင့်ယှက်နေတာပဲ"
အဲဒီအချိန်မှာ အစောင့် တစ်ယောက်က အခန်းတံခါးဝကနေ သတင်းပို့တယ်။
"သခင်... ကျောင်းချိုးမင် လူတွေက မြင်းလှည်းသမားကို ကျောင်းအိမ်တော်ထဲ သယ်သွားကြတယ်။ ကျောင်းချိုးမင် စကားအရဆိုရင် သူ့ကို ကုသပေးမလို့ ထင်တယ်"
"သိပြီ"
ကျင်းမော့က ပြန်ထူးလိုက်တယ်။
အစောင့် ထွက်သွားပြီးနောက် အခန်းထဲမှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးမှ ကျင်းမော့က ပြန်ပြောတယ်။
"အဲဒီ မြင်းလှည်းသမားကလည်း တတိယညီရဲ့ လူပဲ... ကြည့်ရတာ ကျောင်းချိုးမင်က တတိယညီကို မစော်ကားရဲဘူး ထင်တယ်"
အကြံပေး အရာရှိ တစ်ယောက်က ရှေ့ထွက်လာပြီး ပြောတယ်။
"သခင်... ကျောင်းချိုးမင်က နှစ်ဖက်ခွချင်ရုံ သက်သက်ပါ။ သူ သခင့်ကိုလည်း မစော်ကားရဲပါဘူး"
"ဒီလို လေတိုက်ရာ ယိမ်းတဲ့ မြက်ပင်မျိုးကို ငါက ဘာလုပ်ရမှာလဲ"
ကျင်းမော့က အေးစက်စက် လေသံနဲ့ မေးလိုက်တယ်။
"သခင်"
နောက်ထပ် အကြံပေး အရာရှိ တစ်ယောက်ကလည်း ရှေ့ထွက်လာတယ်။
"ကျောင်းမိသားစုက ဖုန်းထျန်းမှာ အာဏာ ရှိနေသေးတယ်လေ။ စွန့်ပစ်လိုက်ဖို့က နှမြောစရာ ကောင်းတယ်"
ကျင်းမော့ရဲ့ မျက်လုံးထဲမှာ ရက်စက်တဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားပြီး တိုးတိုးလေး ပြောလိုက်တယ်။
"ဟုတ်တယ်... စွန့်ပစ်ဖို့က နှမြောစရာ ကောင်းတယ်... ဒါဆိုရင် ဒီခွေးကို ခွေးကြိုး တပ်ထားရမှာပေါ့"
အကြံပေး အရာရှိ နှစ်ယောက်က ချက်ချင်း မေးလိုက်တယ်။
"ဒါဆို သခင့် အကြံက ဘာလဲ"
"ယွီးကျစ်မင်က ကျောင်းမိဖုရားရဲ့ သားလေ"
ကျင်းမော့က သူ့အကြံပေး အရာရှိ နှစ်ယောက်ကို အေးစက်စက် ပြောလိုက်တယ်။
"ကျောင်းမိသားစုက အကြံတွေ သိပ်များနေမှတော့ ဆဋ္ဌမမင်းသားကိုပဲ ကျူးယိကို ခေါ်သွားလိုက်မယ်"
…