← Chapters

အခန်း (၄၉-၅၀)

Vol. 3 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 3 Ch. 49-50

အခန်း (၄၉) အဆောက်အအုံအောက်က လျှို့ဝှက်ဥမင်

ယွီးကျစ်မင်ကို ဓားစာခံ အဖြစ် ပြောင်းမဲ့ အကြောင်း ကျင်းမော့ ပြောတာကို ကြားတော့ အကြံပေး အရာရှိ တစ်ယောက်က အမြန် မေးလိုက်တယ်။

"ဒါဆို သတ္တမမင်းသားကော"

ကျင်းမော့က ပြတင်းပေါက် အပြင်ကို လက်ညှိုးထိုးပြလိုက်တယ်။ အကြံပေး အရာရှိ နှစ်ယောက်က တစ်ဝက် ပွင့်နေတဲ့ ပြတင်းပေါက်ကို လှည့်ကြည့်လိုက်တော့ ပြတင်းပေါက်ကနေ ခုနက ကျင်းမော့ ယွီးရှောင်ရှောင်နဲ့ ကုရှင်းလန်ကို ဧည့်ခံခဲ့တဲ့ သစ်သား အဆောက်အအုံကို မြင်ရတယ်။

"လင်းလုံမင်းသမီး ပြောတဲ့ စကား တစ်ခွန်းကတော့ မှန်တယ်"

ကျင်းမော့က ပြောလိုက်တယ်။

"အဖေဖြစ်သူရဲ့ အချစ်ကိုလည်း မရ၊ အမေဘက်က ဆွေမျိုးတွေကလည်း နေရာ တစ်ခုမှာပဲ အင်အား ရှိတဲ့ မင်းသားလေး တစ်ပါးကို ငါက ဘာလုပ်ရမှာလဲ"

"ဒါဆို ကုမိသားစုကော"

အကြံပေး အရာရှိက ကျင်းမော့ကို မေးလိုက်တယ်။ ဒီတစ်ခေါက် အိမ်ရှေ့မင်းသား ကျင်းမော့က ကုမိသားစုကိုသာ အရှုံးပေးအောင် လုပ်နိုင်ရင် ဒါက တကယ့်ကို အောင်မြင်မှု အကြီးကြီးပဲလေ။

ကျင်းမော့က အခန်းအပြင်ကို လှမ်းမေးလိုက်တယ်။

"ချူချိုးကော"

"ကျွန်တော်မျိုး အခုပဲ သွားခေါ်လိုက်ပါ့မယ်" လို့ အခန်းပြင်က အစောင့်က ပြန်ထူးတယ်။

ကျင်းမော့ အခုမှ ချင်းယွိကို သတိရသွားပြီး စိတ်ထဲမှာ မကောင်းသလို ခံစားလိုက်ရတယ်။ ဒီအစေခံမလေးက တာဝန်ပြီးတာနဲ့ သူ့ဆီ လာသတင်းပို့ရမှာကို လင်းလုံမင်းသမီး လင်မယား ပြန်သွားတာတောင် အရိပ်အယောင် မတွေ့ရသေးဘူး။ ဒေါသထွက်နေတဲ့ ယွီးလင်းလုံကများ သူ့ကို သတ်သွားပြီလား။

ကျင်းမော့က ချင်းယွိကို ယွီးရှောင်ရှောင် သတ်သွားပြီလို့ သံသယ ဝင်နေတုန်းမှာပဲ စားသောက်ဆိုင်ရဲ့ အနောက်တောင်ဘက်ကနေ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကျင်းမော့ ရှိနေတဲ့ သစ်သား အဆောက်အအုံပါ ပြင်းပြင်းထန်ထန် တုန်ခါသွားတယ်။

အကြံပေး အရာရှိ နှစ်ယောက်က စာပေသမားတွေ ဖြစ်ပေမဲ့ အဆောက်အအုံ တုန်ခါနေတဲ့ အချိန်မှာ သူတို့ နှစ်ယောက်လုံးက ကျင်းမော့ကို ကာကွယ်ဖို့ ကျင်းမော့ ရှေ့ကို ပြေးလာကြတယ်။

"ဘာဖြစ်တာလဲ"

အဆောက်အအုံ ပြိုလုနီးပါး တုန်ခါနေတာတောင် ထိုင်ခုံကနေ မထတဲ့ ကျင်းမော့က အခန်းအပြင်ကို မေးလိုက်တယ်။

အခန်းအပြင်မှာ ခဏလောက် တိတ်ဆိတ်သွားပြီးမှ အစောင့် တစ်ယောက်က အခန်းထဲကို ပြေးဝင်လာပြီး ကျင်းမော့ ရှေ့မှာ ဒူးထောက်ကာ ဖြူဖျော့နေတဲ့ မျက်နှာနဲ့ သတင်းပို့တယ်။

"သခင်... အနောက်ဘက်က အဆောက်အအုံ ပြိုကျသွားပါပြီ"

"မင်း ဘာပြောလိုက်တာလဲ"

အဆောက်အအုံ တုန်ခါနေတုန်းကတောင် ငြိမ်နေတဲ့ ကျင်းမော့က အခုတော့ ချက်ချင်း ထရပ်လိုက်ပြီး ကျယ်လောင်တဲ့ အသံနဲ့ မေးလိုက်တယ်။

အစောင့်က ထပ်ပြောတယ်။

"အနောက်ဘက်က အဆောက်အအုံ... အနောက်ဘက်က အဆောက်အအုံ ပြိုကျသွားတာပါ"

"အဆောက်အအုံက ဘယ်လိုလုပ် ပြိုကျရတာလဲ"

ကျင်းမော့က အစောင့်ကို စိုက်ကြည့်ပြီး မေးလိုက်တယ်။

အစောင့်က ခေါင်းခါပြတယ်။ ကောင်းကောင်းမွန်မွန် ရှိနေတဲ့ သစ်သား အဆောက်အအုံကြီးက ဘာလို့ ရုတ်တရက် ပြိုကျသွားလဲ သူ ဘယ်လို သိမှာလဲ။

ကျင်းမော့လည်း ဒီအစောင့်ကို မေးနေတာ အလကားပဲ ဆိုတာ သဘောပေါက်သွားပြီး အခန်းပြင်ကို ထွက်သွားတယ်။

ငါးထပ်ရှိတဲ့ သစ်သား အဆောက်အအုံကြီးက အကုန်လုံး ပြိုကျသွားတာတော့ မဟုတ်ဘူး၊ တစ်ဝက် ပြိုကျသွားပြီး ကျန်တဲ့ တစ်ဝက်က မြောက်ဘက်ကို ယိုင်နေတယ်။ လူတစ်ယောက်က ဓားနဲ့ အဆောက်အအုံကို ထက်ပိုင်း ပိုင်းချလိုက်သလိုပဲ။ ကျင်းမော့က ခြံဝင်း တစ်ခုလုံး အပြည့် ဖြစ်နေတဲ့ အပျက်အစီး ပုံကြီး ရှေ့မှာ ရပ်နေရင်း လက်ဖျားခြေဖျားတွေ အေးစက်လာပြီး အချိန်အတော်ကြာတဲ့အထိ စကားမပြောနိုင်ဘူး။

အလုပ်သမား ခေါင်းဆောင်က ကျင်းမော့ အနားကို ယိုင်တိုင်တိုင်နဲ့ ပြေးလာပြီး သတင်းပို့တယ်။

"သခင်... လူတော့ မထိပါဘူး။ ဒါပေမဲ့ ဒီအဆောက်အအုံက..."

"အဆောက်အအုံ ပြိုကျသွားတာ ငါ မြင်တယ်"

ကျင်းမော့က ကျိုးကျနေတဲ့ ခေါင်မိုးတန်း တစ်ခုကို နင်းထားရင်း အလုပ်သမား ခေါင်းဆောင်ကို မေးလိုက်တယ်။

"ဒါ ဘယ်လို ဖြစ်ရတာလဲ"

အလုပ်သမား ခေါင်းဆောင်က ဘာလုပ်ရမှန်း မသိဘဲ ပြန်ဖြေတယ်။

"ကျွန်တော်မျိုးလည်း မသိပါဘူး၊ ဒီအဆောက်အအုံက ရုတ်တရက်ကြီး ပြိုကျသွားတာပါ"

အစောင့်ခေါင်းဆောင်ကလည်း ပြေးလာပြီး ပြောတယ်။

"သခင်... လင်းလုံမင်းသမီးက ခုနက ဒီနေရာကို လာသွားသေးတယ်"

ယွီးလင်းလုံက အစောင့် နှစ်ယောက်ခေါ်လာပြီး သူ့အဆောက်အအုံကို ဖျက်ဆီးသွားတယ်တဲ့လား။ ဒီကိစ္စကို ကျင်းမော့ကို သတ်ရင်တောင် သူ မယုံနိုင်ဘူး။

"စုံစမ်း"

ကျင်းမော့က အမိန့်ပေးလိုက်တယ်။

"လက်သမားတွေ သွားခေါ်ပြီး ဒီအဆောက်အအုံက ဘယ်လို ပြိုကျရတာလဲ ဆိုတာကို စစ်ဆေးခိုင်း"

အလုပ်သမား ခေါင်းဆောင်က အမိန့်ကို နာခံပြီး ချက်ချင်း ပြေးထွက်သွားတယ်။

"သခင်"

အလုပ်သမား ခေါင်းဆောင် ပြေးထွက်သွားတာနဲ့ တံခါးစောင့်က ပြေးလာပြီး ကျင်းမော့ကို သတင်းပို့ပြန်တယ်။

"ကျောင်း သားအဖ ရောက်လာပြီး သခင်နဲ့ တွေ့ချင်တယ်တဲ့"

အကြံပေး အရာရှိက ကျင်းမော့ရဲ့ မျက်နှာထားကို အကဲခတ်ပြီး ဝင်ပြောလိုက်တယ်။

"သူတို့ကို ပြန်လွှတ်လိုက်ပါ"

ကျင်းမော့က သူ နင်းထားတဲ့ ခေါင်မိုးတန်းကို ခြေထောက်နဲ့ ကန်ထုတ်လိုက်ပြီး ပြောတယ်။

"ထားလိုက်တော့၊ သူတို့ကို ပေးဝင်လိုက်"

အစောင့်က အမိန့်နာခံပြီး သိပ်မကြာခင်မှာပဲ ကျောင်း သားအဖကို ခေါ်လာတယ်။ သစ်သား အဆောက်အအုံ ပြိုကျတဲ့ အသံကြီးက အရမ်း ကျယ်လွန်းလို့ သဲ့ရီ စားသောက်ဆိုင်ရဲ့ ဘေးအိမ်မှာ နေတဲ့ ကျောင်းမိသားစုက မကြားဘဲ မနေနိုင်ဘူး။ ကျောင်းချိုးမင်က စာကြည့်ခန်းထဲမှာ ထိုင်နေရင်း အဲဒီ တုန်ခါမှုကို ခံစားလိုက်ရပြီး သဲ့ရီ စားသောက်ဆိုင်မှာ ပြဿနာ ဖြစ်တယ်ဆိုတာ သိတာနဲ့ အချိန်မဆွဲရဲဘဲ သားအကြီးဆုံးကို ခေါ်ပြီး ချက်ချင်း ပြေးလာတာပဲ။

ကျောင်းပေချန်က စိတ်မရှည်တဲ့သူမို့ အဖေဖြစ်သူနဲ့အတူ ကျင်းမော့ကို ဂါရဝပြုပြီးတာနဲ့ ချက်ချင်း မေးလိုက်တယ်။

"အိမ်ရှေ့မင်းသား... ဒီအဆောက်အအုံက ဘယ်လို ပြိုကျသွားတာလဲ"

ကျင်းမော့လည်း လူရှာပြီး မေးချင်နေတာပဲ။

ကျောင်းချိုးမင်က ပြိုကျသွားတာ အနောက်ဘက်က အဆောက်အအုံ ဆိုတာ မြင်လိုက်တော့ အဲဒီနေရာမှာတင် တောင့်တင်းသွားပြီး ကပ်ဆိုးကြီး ကျရောက်တော့မဲ့ မျက်နှာထား ဖြစ်သွားတယ်။ ကျင်းမော့က ကျောင်းချိုးမင် ဘာလို့ နာရေးအိမ် ရောက်နေတဲ့ မျက်နှာမျိုး ဖြစ်နေလဲ ဆိုတာကို စဉ်းစားနေတုန်း ဘေးနားက အစောင့် တစ်ယောက်ရဲ့ တိုးတိုးလေး ပြောသံကို ကြားလိုက်ရတယ်။

"လင်းလုံမင်းသမီး ပြန်သွားလို့ တော်သေးတာပေါ့။ တကယ်လို့ ဒီအဆောက်အအုံက စောစောလေး ပြိုကျရင် လင်းလုံမင်းသမီး ဒီမှာတင် အသက်ပျောက်သွားမှာပဲ"

ကျင်းမော့က အစောင့်ရဲ့ စကားကို ပြန်စဉ်းစားကြည့်လိုက်တယ်။ တကယ်လို့ ယွီးလင်းလုံသာ သူ့ဆီမှာ သေသွားရင် ဘာတွေ ဆက်ဖြစ်လာမလဲ တွေးကြည့်တော့ ကျင်းမော့က ကျောင်းချိုးမင်ကို ကြည့်တဲ့ အကြည့်တွေ ပြောင်းသွားတယ်။ ယွီးလင်းလုံ သေသွားရင် အကျိုးအမြတ် အများဆုံး ရမဲ့သူက ဘယ်သူလဲ။ နန်းတော်ထဲက ကျောင်းမိဖုရားနဲ့ ဆဋ္ဌမမင်းသား ယွီးကျစ်မင်ပဲလေ။ ယွီးကျစ်ရီကို သူက ကျူးယိကို ခေါ်သွားမယ်၊ ယွီးလင်းလုံကလည်း သေသွားပြီ ဆိုရင် မိဖုရားခေါင်ကြီးရဲ့ အင်အားစုတွေက ဖုန်းထျန်း နန်းတွင်းမှာ ဘာကျန်တော့မှာလဲ။ ယွီးလင်းလုံ မရှိတော့ရင် ကုမိသားစုလည်း အားကိုးရာ မရှိတော့ဘူး။ ဘုရင်ကြီးက ဒေါသထွက်ပြီး ကုမိသားစု တစ်ခုလုံးကို သတ်ပစ်လိုက်ရင် အကျိုးအမြတ် ရမှာက ကျောင်းမိသားစုပဲလေ။

ကျင်းမော့က ကျောင်းချိုးမင်ကို သံသယ ဝင်နေတဲ့ အချိန်မှာပဲ အပျက်အစီးပုံထဲမှာ စစ်ဆေးနေတဲ့ အစောင့် တစ်ယောက်က ခြေအောက်က သစ်သားတွေ ကျွံကျသွားသလို ခံစားလိုက်ရတယ်။ သူ အော်ဖို့ လုပ်တုန်းမှာပဲ လူရော သစ်သားတွေပါ မြေကြီးထဲ ကျွံကျသွားတယ်။ မြေကြီး ပြိုကျတဲ့ အသံကြောင့် အဲဒီမှာ ရှိနေတဲ့ လူတွေ အကုန်လုံး ထပ်ပြီး လန့်သွားကြတယ်။

ကျောင်းချိုးမင်က မြေကြီး ပြိုကျသွားတဲ့ နေရာကို ကြည့်ပြီး မျက်စိမှိတ်ကာ စိတ်ထဲကနေ 'ပြီးပြီ' လို့ ရေရွတ်လိုက်တယ်။

ကျင်းမော့ရဲ့ ခန္ဓာကိုယ်က ယိမ်းယိုင်သွားပေမဲ့ ဘယ်သူ့ကိုမှ အကူအညီ မတောင်းဘဲ မတ်တတ် ပြန်ရပ်လိုက်ပြီး အသံကျယ်ကြီးနဲ့ အမိန့်ပေးလိုက်တယ်။

"သွားကြည့်စမ်း"

အစောင့် ငါးယောက် ခြောက်ယောက်လောက်က မြေကြီး ပြိုကျသွားတဲ့ နေရာကို ပြေးသွားပြီး ကြည့်လိုက်တော့ အရွယ်ရောက်ပြီး ယောက်ျား တစ်ယောက် အဝင်အထွက် လုပ်လို့ရတဲ့ တွင်းနက်ကြီး တစ်ခုကို တွေ့လိုက်ရတယ်။

"အောက်မှာ လျှို့ဝှက်ဥမင် တစ်ခု ရှိတယ်"

တွင်းထဲ ကျွံကျသွားတဲ့ အစောင့်က မြေကြီး အောက်ကနေ အော်ပြောလိုက်တယ်။

ကျင်းမော့က ကျောင်းချိုးမင်ကို တစ်ချက် ကြည့်လိုက်ပြီး ဘေးက လူတွေကို အမိန့်ပေးလိုက်တယ်။

"လူနှစ်ယောက် ဆင်းသွားပြီး အဲဒီ လျှို့ဝှက်ဥမင်က ဘယ်ကို သွားလဲ ဆိုတာ သွားကြည့်"

"အိမ်ရှေ့မင်းသား"

ကျောင်းချိုးမင်က စကားပြောဖို့ ကြိုးစားတယ်။

ကျင်းမော့က ကျောင်းချိုးမင်ကို လက်ကာပြပြီး ပြောလိုက်တယ်။

"ငါ အခု ဘာမှ နားမထောင်ချင်သေးဘူး"

ကျောင်းချိုးမင်က ကျင်းမော့ရဲ့ စကားကြောင့် ဆွံ့အသွားတယ်။

အစောင့် နှစ်ယောက်က တွင်းထဲကို ခုန်ဆင်းသွားပြီး ခြေထောက် ဒဏ်ရာ ရသွားတဲ့ အစောင့်ကို အရင်ဆုံး အပေါ်ကို ပြန်ပို့ပေးလိုက်တယ်။ အဲဒီနောက် သူတို့ နှစ်ယောက်က လျှို့ဝှက်ဥမင် တစ်လျှောက် အရှေ့ဘက်ကို ပြေးသွားကြတယ်။

ကျင်းမော့က လက်နောက်ပစ်ပြီး အပျက်အစီးပုံ ရှေ့မှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေတယ်။ ကောင်းကင်က လမင်းကို တိမ်မည်းတွေ ဖုံးကွယ်သွားတာကြောင့် ခြံဝင်းထဲမှာ မီးရောင်တွေ အများကြီး ထွန်းထားပေမဲ့ အမှောင်ထုက လွှမ်းမိုးနေဆဲပဲ။ အစောင့်တွေက သိုင်းပညာရှင်တွေမို့ ခြေလှမ်း သွက်ကြတယ်။ သိပ်မကြာခင်မှာပဲ အစောင့် နှစ်ယောက်က လျှို့ဝှက်ဥမင် ထဲကနေ ထွက်လာပြီး ကျင်းမော့ ရှေ့ကို ပြေးလာကြတယ်။

"လျှို့ဝှက်ဥမင်က ဘယ်ကို သွားလဲ"

ကျင်းမော့က မေးလိုက်တယ်။

အစောင့် တစ်ယောက်က သတင်းပို့တယ်။

"သခင်... ဒီလျှို့ဝှက်ဥမင်က ကျောင်းအမတ်ကြီး အိမ်တော် အနောက်ဘက် ဥယျာဉ်ထဲက ကျောက်တောင်တုဆီ သွားတာပါ"

ကျင်းမော့က ရယ်လိုက်ပြီး ကျောင်းချိုးမင်ကို ကြည့်ကာ ပြောလိုက်တယ်။

"ကျောင်းအမတ်ကြီး တော်တော် ပင်ပန်းသွားပြီပဲ"

ကျောင်းပေချန်က လျှို့ဝှက်ဥမင်က သူတို့အိမ်ကို သွားတယ် ဆိုတာ ကြားတော့ ကြောင်သွားပြီး ပြောလိုက်တယ်။

"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ကျောင်းချိုးမင်က သူ့ရှေ့က အပျက်အစီးပုံကြီးကို ကြည့်နေတယ်။ အဆောက်အအုံ အကောင်းကြီးက ဘယ်လိုလုပ် ပြိုကျရတာလဲ။ ကျင်းမော့ ကိုယ်တိုင် အဆောက်အအုံကို ဖျက်ဆီးတာကလွဲရင် သဲ့ရီ စားသောက်ဆိုင်ထဲ ဝင်ပြီး အဆောက်အအုံကို ဖျက်ဆီးရဲတဲ့သူ ဘယ်သူ ရှိဦးမှာလဲ။ ဒါ ကျင်းမော့က သူနဲ့ ကျင်းချန်း လျှို့ဝှက် ဆက်သွယ်နေတာကို သိသွားလို့ သူ့ကို သင်ခန်းစာ ပေးတာ သေချာတယ်။

ကျင်းမော့က ကျောင်းပေချန် သူ့ဘာသာ ရေရွတ်နေတာကို ကြားတော့ ရယ်ရင်း ထပ်ပြောလိုက်တယ်။

"ဟုတ်တယ်... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဒါပေမဲ့ ကျောင်းချိုးမင်က နောက်တစ်မျိုး ပြန်တွေးမိပြန်တယ်။ သဲ့ရီ စားသောက်ဆိုင်ကို သူ စောင့်ကြည့်နေတဲ့ ကိစ္စက ကျူးယိကို ရောက်သွားရင် သူနဲ့ တတိယမင်းသား ကျင်းချန်း အဆင်ပြေနေတဲ့ ကိစ္စကို ကျင်းမော့က ကျင်းချန်း လူကဲခတ် မှားပြီး လက်အောက်ခံ နိုင်ငံက အမတ်ရဲ့ လှည့်စားတာ ခံရတယ် ဆိုပြီး ပုံကြီးချဲ့ပြောတော့မှာပေါ့။ ဒါဆို ကျင်းချန်း အရှက်ကွဲတော့မှာ သေချာတယ်။ အရင်းစစ်လိုက်တော့ ဒါက ကျင်းမော့ သူ့ညီကို တိုက်ခိုက်တဲ့ နည်းလမ်းပဲလေ။

…

အခန်း (၅၀) တာ့ရှစ်တံတားထိပ်

"တစ်ယောက်ယောက်"

ကျင်းမော့က ကျောင်း သားအဖကို ဆက်မကြည့်တော့ဘဲ အမိန့်ပေးလိုက်တယ်။

"ကျောင်းအမတ်ကြီးနဲ့ ကျောင်းစစ်သူကြီးကို အပြင် လိုက်ပို့ပေးလိုက်"

"အဖေ"

ကျောင်းပေချန်က ကျင်းမော့ နှင်ထုတ်တာကို မြင်တော့ အဖေဖြစ်သူက ဘာမှ မပြောလို့ စိုးရိမ်တကြီး ခေါ်လိုက်တယ်။

ကျောင်းချိုးမင်က ကျင်းမော့ကို လက်အုပ်ချီပြီး ပြောလိုက်တယ်။

"အိမ်ရှေ့မင်းသား... ကျွန်တော်မျိုးလည်း ဘုရင့်အမိန့်ကို နာခံရတာပါ"

ကျင်းမော့က အေးစက်စက် လေသံနဲ့ ပြောလိုက်တယ်။

"ဧည့်သည်ကို လိုက်ပို့လိုက်"

"ကျောင်းအမတ်ကြီး... ကြွပါ"

အစောင့် တစ်ယောက်က ရှေ့ထွက်လာပြီး ခြံဝင်း တံခါးဘက်ကို လက်ညွှန်ပြလိုက်တယ်။

ကျောင်းချိုးမင်က ဘာမှ ထပ်မပြောတော့ဘဲ လှည့်ပြီး အစောင့် နောက်ကို လိုက်သွားတယ်။

ကျောင်း သားအဖ ထွက်သွားတာကို ကြည့်ပြီး ကျင်းမော့ရဲ့ ဘယ်ဘက်က အကြံပေး အရာရှိက တိုးတိုးလေး ပြောလိုက်တယ်။

"လျှို့ဝှက်ချက် ပေါက်ကြားသွားတော့ ကိစ္စ အကုန်လုံးကို ဘုရင်ကြီး ခေါင်းပေါ် ပုံချလိုက်တာပဲ။ ဒီလို အမတ်မျိုးကို အားကိုးနေတဲ့ ဖုန်းထျန်း နန်းတွင်းက ဘယ်လိုလုပ် တိုးတက်နိုင်မှာလဲ"

ကျင်းမော့က လှောင်ပြုံး ပြုံးပြီး ပြောလိုက်တယ်။

"ယွီးရှောင်က တရားမျှတတဲ့ ဘုရင် ဆိုတဲ့ နာမည်မျိုး ရဖူးလို့လား"

"အရည်အချင်း မရှိတဲ့ ဘုရင်နဲ့ ကောက်ကျစ်တဲ့ အမတ်"

နောက်ထပ် အကြံပေး အရာရှိက ပြောတယ်။

"ဒါက ကျွန်တော်တို့ ကျူးယိ အတွက်တော့ ကောင်းတဲ့ ကိစ္စပါပဲ"

"သခင်"

အဲဒီအချိန်မှာ အစောင့် တစ်ယောက်က သတိလစ်နေတဲ့ ချင်းယွိကို ပွေ့ချီပြီး ကျင်းမော့ ရှေ့ကို ပြေးလာကာ သတင်းပို့တယ်။

"ကျွန်တော်မျိုး ချူချိုးကို ကျောက်တောင်တု အနောက်မှာ တွေ့ခဲ့ပါတယ်"

ကျင်းမော့က အစောင့် ညွှန်ပြတဲ့ ကျောက်တောင်တုကို တစ်ချက် ကြည့်ပြီး မေးလိုက်တယ်။

"သူ အသက် ရှင်သေးရဲ့လား"

ကျောက်တောင်တုက ကာထားလို့ ချင်းယွိက ပြိုကျလာတဲ့ အဆောက်အအုံ ပိတာကိုတော့ မခံရဘူး။ ဒါပေမဲ့ မျက်နှာက စက္ကူလို ဖြူဖျော့နေပြီး အစောင့်ရဲ့ လက်ထဲမှာ လှုပ်တောင် မလှုပ်ဘဲ သေနေလား ရှင်နေလား ဆိုတာတောင် ခွဲခြားရ ခက်နေတယ်။

အစောင့်က ကျင်းမော့ကို ပြန်ဖြေတယ်။

"အသက်ရှူနေပါသေးတယ်"

ကျင်းမော့က ပြောလိုက်တယ်။

"အပြင်ကို ပစ်ထုတ်လိုက်"

ယွီးရှောင်ရှောင် ကုရှင်းလန် အပေါ် ဆက်ဆံတဲ့ ပုံစံကို ကြည့်ရုံနဲ့ ဒီအစေခံမက သူ့တာဝန်ကို မကျေပွန်ဘူး ဆိုတာ ကျင်းမော့ သိတယ်။ တာဝန် မကျေတဲ့သူကို သူက ဘာလို့ ဆက်ထားရမှာလဲ။

"သခင်"

အကြံပေး အရာရှိ တစ်ယောက်က ကျင်းမော့ကို အကြံပြုတယ်။

"ချူချိုးက ဒီခြံဝင်းထဲမှာ ခုနက ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ သိလောက်တယ်။ သခင်... သူ့ကို ကယ်ပြီး မေးကြည့်ပါလား"

ကျင်းမော့က အစောင့်ကို လက်ကာပြပြီး ပြောလိုက်တယ်။

"သူ့အတွက် သမားတော် ခေါ်ပေးလိုက်"

"ဟုတ်ကဲ့ပါ"

အစောင့်က အမိန့်ကို နာခံပြီး ချင်းယွိကို ပွေ့ချီကာ ထွက်သွားတယ်။

ကျောင်းချိုးမင် သားအဖက စားသောက်ဆိုင် အပြင်ဘက်ကို ရောက်တော့ စားသောက်ဆိုင် တံခါးရှေ့မှာတင် ကျောင်းအမတ်ကြီးက ကျောင်းပေချန်ကို တိုးတိုးလေး ပြောလိုက်တယ်။

"မင်း အိမ်မပြန်နဲ့တော့... နန်းတော်ထဲ သွားပြီး မိဖုရားကို သွားရှာ"

ကျောင်းပေချန်က မေးလိုက်တယ်။

"ကျွန်တော် သူ့ကို သွားရှာပြီး ဘာလုပ်ရမှာလဲ။ အဖေ... ဒီလျှို့ဝှက်ဥမင်က ဘယ်လို ဖြစ်ရတာလဲ"

ကိုယ့်အိမ်မှာ သဲ့ရီ စားသောက်ဆိုင်နဲ့ ဆက်နေတဲ့ လျှို့ဝှက်ဥမင် တစ်ခု ရှိနေတာတောင် ကျောင်းမိသားစုရဲ့ သားအကြီးဆုံး ဖြစ်တဲ့ သူက မသိဘူး ဆိုတာ ဖြစ်နိုင်လို့လား။

ကျောင်းချိုးမင်က ကျောင်းအိမ်တော်ဆီ လျှောက်သွားရင်း အံကြိတ်ပြီး ပြောလိုက်တယ်။

"မင်းက ငါနဲ့ စကားလာပြောနေဖို့ အချိန် ရှိသေးလို့လား။ ငါတို့တွေ ကျင်းမော့ကို စော်ကားမိသွားပြီ"

ကျောင်းပေချန်က ပြောတယ်။

"သူက ဖုန်းထျန်းမှာ ကျွန်တော်တို့ကို သတ်ရဲလို့လား"

ကျောင်းချိုးမင်က ကျောင်းပေချန်ကို အသုံးမကျဘူးလို့ ခံစားလိုက်ရပြီး ပြောလိုက်တယ်။

"သူက ဆဋ္ဌမမင်းသားကို သေချာပေါက် ပစ်မှတ်ထားတော့မှာ... မင်းက ငါနဲ့ ဒီမှာ လာပြီး အလကား စကားတွေ ပြောနေတုန်းလား"

ကျောင်းပေချန် ကြောင်သွားတယ်။ ကျင်းမော့က သူတို့ ကျောင်းမိသားစုကို လက်စားချေဖို့ အကောင်းဆုံး နည်းလမ်းက ယွီးကျစ်မင်ကို ကျူးယိကို ဓားစာခံ အဖြစ် ခေါ်သွားဖို့ပဲ ဆိုတာကို သူ သဘောပေါက်သွားတယ်။

"မြန်မြန် သွားလေ"

ကျောင်းချိုးမင်က စိတ်မထိန်းနိုင်တော့ဘဲ သားအကြီးဆုံးကို အော်လိုက်တယ်။

ကျောင်းပေချန်က ခြေလှမ်းစဖို့ လုပ်လိုက်တယ်။

"နေဦး"

ကျောင်းချိုးမင်က သားဖြစ်သူကို ပြန်ခေါ်ပြီး သင်ပေးလိုက်တယ်။

"မင်း နန်းတော်ထဲ ဝင်ပြီး ဘုရင်ကြီးနဲ့ တွေ့ရင် သဲ့ရီ စားသောက်ဆိုင်က သစ်သား အဆောက်အအုံ ပြိုကျလို့ ငါ လန့်သွားတယ်လို့ ပြောလိုက်"

ကျောင်းပေချန်က မေးတယ်။

"အဲဒီလို ပြောရင် ကျွန်တော် မိဖုရားကို တွေ့ရမှာလား"

ကျောင်းချိုးမင်က ရှင်းပြတယ်။

"ငါ လန့်ပြီး နေမကောင်း ဖြစ်သွားရင် ဘုရင်ကြီးက မိဖုရားကို သေချာပေါက် အကြောင်းကြားခိုင်းမှာပဲ။ ပြိုကျတာ အနောက်ဘက်က အဆောက်အအုံ ဆိုတာကို ဘုရင်ကြီးကို သေချာ ပြောပြလိုက်"

အိမ်တော်က အစေခံ တစ်ယောက်က ကျောင်းပေချန် အတွက် မြင်းတစ်ကောင် ဆွဲလာပေးတယ်။

အနောက်ဘက်က အဆောက်အအုံ ပြိုကျတယ်လို့ ပြောလိုက်တာနဲ့ ဘာဖြစ်လဲ ဆိုတာ ကျောင်းမိဖုရား သိသွားမှာပေါ့။ ကြည့်ရတာ ဒီလျှို့ဝှက်ဥမင် ကိစ္စကို ကျောင်းရင်ရှန်းလည်း သိပုံရတယ်။ အိမ်ထောင်ကျသွားတဲ့ သမီးက သိတဲ့ ကိစ္စကို အိမ်က သားက မသိရဘူး ဆိုတော့ ကျောင်းပေချန် စိတ်ထဲမှာ မကျေနပ်ပေမဲ့ အခုက ဒါတွေ ပြောနေရမဲ့ အချိန် မဟုတ်ဘူးလေ။ ကျောင်းသခင်လေးက မြင်းပေါ် ခုန်တက်လိုက်ပြီး အစောင့် သုံးယောက်ကိုပဲ ခေါ်ကာ နန်းတော်ဆီကို မြင်းကို ဒုန်းစိုင်း နှင်သွားတော့တယ်။

ကျောင်းပေချန် နန်းတော်ကို သွားနေတဲ့ အချိန်မှာ ယွီးရှောင်ရှောင်တို့ လူစုက တာ့ရှစ်တံတားကို ရောက်နေပြီ။ တာ့ရှစ်တံတားက မြို့တော်ထဲက သာမန် ကျောက်တံတားလေး တစ်စင်းပါ။ ကောင်းကင်က လမင်းကြီး သာနေတဲ့ အချိန်မို့ မြစ်ရေပြင်ပေါ်မှာ လရောင်တွေ ဟပ်ပြီး တလက်လက် တောက်ပနေတယ်။ တံတားအောက်မှာလည်း အပျော်စီးလှေတွေက လူးလွန့် လှုပ်ရှားသွားလာနေပြီး လှော်တက်ခတ်သံတွေနဲ့အတူ မြစ်ရေပြင်မှာ ဂယက်တွေ ထနေတယ်။

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ဘုရင်ကြီး ဘေးမှာ အရိပ်ကိုယ်ရံတော် အဖြစ် တာဝန်ထမ်းဆောင်တုန်းက နန်းတော် အပြင်ကို ထွက်ခွင့် သိပ်မရခဲ့ဘူး။ ယွီးရှောင်ရှောင်ရဲ့ ကိုယ်ရံတော် ဖြစ်လာပြီးနောက်ပိုင်းလည်း စည်ကားတဲ့ မြို့တော်ကို သေချာ လည်ပတ်ဖို့ အချိန် မရသေးဘူးလေ။ တာ့ရှစ်တံတားကို ရောက်တော့ ညီအစ်ကို နှစ်ယောက်က ကုရှင်းလန်ကို မြင်းလှည်းပေါ်ကနေ ထမ်းချပြီး စားသောက်ဆိုင်က စားပွဲမှာ ထိုင်ခိုင်းလိုက်တယ်။ ပြီးတာနဲ့ တံတားပေါ်ကို ပြေးတက်သွားပြီး တံတား လက်ရန်းကို ကိုင်ကာ မြစ်ထဲက အပျော်စီးလှေတွေကို ငေးကြည့်နေကြတယ်။ အပျော်စီးလှေပေါ်က မိန်းမလှလေးတွေက အင်္ကျီပါးပါးလေးတွေ ဝတ်ထားပြီး ရင်သားတွေ တစ်ဝက်လောက် ပေါ်နေကာ ဆွဲဆောင်မှု ရှိတဲ့ အမူအရာတွေနဲ့မို့ ညီအစ်ကို နှစ်ယောက်က မျက်တောင်တောင် မခတ်တမ်း ကြည့်နေမိကြတယ်။

ဆံပင်တွေ ဖြူနေပြီး ခါးနည်းနည်း ကိုင်းနေတဲ့ အဘွားအို တစ်ယောက်က ယွီးရှောင်ရှောင် ရှေ့ကို ရောက်လာပြီး တိုးတိုးလေး မေးလိုက်တယ်။

"သခင်မလေး ဘာသုံးဆောင်မလဲ"

ယွီးရှောင်ရှောင်က ကုရှင်းလန်ကို မေးလိုက်တယ်။

"ရှင် ဘာစားမလဲ"

ကုရှင်းလန်က ပြန်မေးတယ်။

"မင်းသမီးက ဖက်ထုပ် စားချင်တာ မဟုတ်ဘူးလား"

ယွီးရှောင်ရှောင်က သေချာပေါက် ပြောလိုက်တယ်။

"ကျွန်မ အကုန်လုံးကို စားချင်တာ"

ကုရှင်းလန်လည်း အဘွားဝမ်ကို ပြောလိုက်ရတယ်။

"အဘွားဝမ်... ဖက်ထုပ် နှစ်ပွဲ အရင် ချပေးပါ။ ပြီးတော့ ဒီဆိုင်မှာ ရှိတဲ့ ဟင်းလျာ အကုန်လုံးကို တစ်ပွဲစီ ချပေးပါ"

ယွီးရှောင်ရှောင်က မေးလိုက်တယ်။

"တစ်ပွဲတည်းလား"

ကုရှင်းလန်က ချောင်းဟန့်လိုက်ပြီး ပြောတယ်။

"မလောက်ရင် ထပ်မှာတာပေါ့"

အဲဒီတော့မှ ယွီးရှောင်ရှောင် ကျေနပ်သွားပြီး အဘွားဝမ်ကို ပြောလိုက်တယ်။

"ပွဲကြီးပဲ ယူမယ်နော်"

အဘွားဝမ်က တံတားထိပ်မှာ ဈေးရောင်းလာတာ တစ်သက်ရှိပြီ ဆိုတော့ လူကဲခတ်တဲ့ နေရာမှာ ဟင်းချက်တဲ့ လက်ရာထက် မညံ့ဘူး။ ဒီလင်မယား နှစ်ယောက်က ပိုက်ဆံ ပေါတယ် ဆိုတာ သိတော့ "ဟုတ်ကဲ့ပါ" လို့ ပြန်ဖြေပြီး အလုပ် သွားလုပ်တော့တယ်။

တံတားထိပ်မှာ စားစရာဆိုင်လေးတွေ အများကြီး ရှိတယ်။ ယွီးရှောင်ရှောင်က ကုရှင်းလန် ဘေးမှာ ထိုင်ရင်း အဲဒီ ဆိုင်လေးတွေကို ကြည့်ပြီး သွားရည်ကျနေတယ်။ အရမ်းလည်း ဗိုက်ဆာနေပြီလေ။

ကုရှင်းလန်က ယွီးရှောင်ရှောင် အစာအိမ် ထိခိုက်သွားမှာ စိုးရိမ်နေတယ်။ ယွီးရှောင်ရှောင်က ခုနက သဲ့ရီ စားသောက်ဆိုင်မှာလည်း တစ်ယောက်တည်း တစ်ပွဲလုံး ကုန်အောင် စားထားသေးတယ်လေ။ ကုသခင်လေးက ယွီးရှောင်ရှောင်ကို ဖျောင်းဖျလိုက်တယ်။

"ကျုပ်တို့တွေ မနက်ဖြန်မှ ထပ်လာစားကြမယ်လေ။ အများကြီး စားရင် ကျန်းမာရေး ထိခိုက်လိမ့်မယ်"

လမ်းသွားလမ်းလာ နှစ်ယောက်က အငွေ့တထောင်းထောင်း ထနေတဲ့ ငါးကြော်တွေကို ကိုင်ပြီး ယွီးရှောင်ရှောင် ရှေ့ကနေ ဖြတ်သွားတယ်။ ငါးကြော် အနံ့ကို ရလိုက်တော့ ယွီးရှောင်ရှောင်က ဆက်မထိုင်နိုင်တော့ဘူး။ ကုရှင်းလန်ကို ပြောလိုက်တယ်။

"ကျွန်မ ခဏ သွားလိုက်ဦးမယ်"

အဲဒီအချိန်မှာ အဘွားဝမ်က ဖက်ထုပ် နှစ်ပွဲကို လာချပေးတယ်။ ကုရှင်းလန်က သက်ပြင်းချလိုက်တယ်။ ဒီဖက်ထုပ်တွေက သူ့ဇနီးလေးကို ဆွဲထားနိုင်လောက်တယ်လို့ သူ ထင်လိုက်တယ်။

ဒါပေမဲ့ ယွီးရှောင်ရှောင်က ဖက်ထုပ်ပန်းကန်ကို ကိုင်ပြီး ဘယ်ဘက်က ငါးကြော်ဆိုင်ဆီကို လျှောက်သွားတယ်။

ကုရှင်းလန်က လမ်းမလျှောက်နိုင်တော့ တော်ဝင်မင်းသမီးရဲ့ အင်္ဂါရပ်နဲ့ မညီဘဲ ဖက်ထုပ်ကို စားရင်း လမ်းလျှောက်သွားတဲ့ ယွီးရှောင်ရှောင်ကို ထိုင်ကြည့်နေရုံပဲ တတ်နိုင်တယ်။

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ အဘွားဝမ်ရဲ့ ဆိုင်ကို ပြန်ရောက်တော့ ကုရှင်းလန် ပန်းကန်ထဲက ဖက်ထုပ်က တစ်ဝက်ပဲ ကျန်တော့ပြီး ယွီးရှောင်ရှောင်ကတော့ ညဈေး လူအုပ်ထဲမှာ ပျောက်သွားပြီ။

"သူ စားစရာ သွားဝယ်တယ်" လို့ ကုရှင်းလန်က ရှောင်ကျွမ်းနဲ့ ရှောင်ဝေကို ပြောလိုက်တယ်။

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ယွီးရှောင်ရှောင်ရဲ့ လုံခြုံရေးကို နည်းနည်းလေးမှ စိတ်မပူကြဘူး။ သူတို့က ကိုယ်ရံတော် အသိစိတ် မရှိတာ မဟုတ်ပါဘူး၊ အခုချိန်မှာ သူတို့ မင်းသမီးရဲ့ သိုင်းပညာက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ ဆိုတာကို ညီအစ်ကို နှစ်ယောက်လုံးက ယုံကြည်နေပြီလေ။ မင်းသမီးကို စိတ်ပူမဲ့အစား မင်းသမီး ဒုက္ခပေးမဲ့ ကံဆိုးသူတွေကို စိတ်ပူတာကမှ ပိုကောင်းဦးမယ်။

"ထိုင်ကြ" လို့ ကုရှင်းလန်က ရှောင်ကျွမ်းနဲ့ ရှောင်ဝေကို သူ့စားပွဲမှာ ထိုင်ခိုင်းလိုက်တယ်။

ရှောင်ဝေက ချက်ချင်း ထိုင်ချလိုက်ပြီး ရှောင်ကျွမ်းက အဘွားဝမ်ကို လှမ်းအော်လိုက်တယ်။

"ဒီကို ဖက်ထုပ် နှစ်ပွဲ ပေးပါဦး"

အဘွားဝမ်က ပြန်မထူးရသေးခင်မှာပဲ ကုရှင်းလန်တို့နဲ့ တစ်ဝိုင်းကျော်က လူတစ်စု ဆီကနေ လှောင်ရယ်သံတွေ ထွက်ပေါ်လာတယ်။

"ကုမိသားစုက ထွက်လာတဲ့ သခင်လေး၊ အရင်ကတော့ နတ်စစ်သူကြီး လူ့ပြည်ဆင်းလာသလိုလို နာမည်ကြီးနေခဲ့တာ... အခုတော့လည်း အသုံးမကျတဲ့ ကောင်ပဲ။ မိန်းမ တစ်ယောက်ကို အားကိုးပြီး အသက်ရှင်နေရတယ်... မိန်းမ တစ်ယောက်ကို အားကိုးပြီး စစ်သူကြီး ပြန်ဖြစ်လာတယ်... သောက်ကျိုးနည်း"

ခန္ဓာကိုယ် ကြီးမား တောင့်တင်းတဲ့ လူထွားကြီး တစ်ယောက်က သူ့အဖော်တွေကို လှောင်ပြုံး ပြုံးပြပြီး ပြောလိုက်တယ်။

"ဒီကောင်က ယောက်ျားကော ဟုတ်သေးရဲ့လား"

…

All Chapters