← Chapters

အခန်း (၃၁၉-၃၂၀)

Vol. 28 Ch. 319-320

အခန်း (၃၁၉-၃၂၀)

Vol. 28 Ch. 319-320

အပိုင်း (၃၁၉)

အကျဉ်းသား လှည်းထဲ၌ အောက်ယွီမှာ အစွမ်းကုန် စဉ်းစားနေ၏။

အန္တရာယ် အများဆုံးအချိန် ရောက်လာပြီဖြစ်ပြီး ဖခင်ဖြစ်သူကို ကယ်တင်ရန်၊ မိသားစု တစ်ခုလုံးကို ကယ်တင်ရန် နည်းလမ်းကို ချက်ချင်း ရှာဖွေရမှာဖြစ်သည်။

ထိုသို့မဟုတ်ပါက ဧကရာဇ်မင်းမြတ်က အောက်ရှင်း မိသားစု တစ်ခုလုံးကို တကယ်ပဲ သတ်ပစ်ပေလိမ့်မည်။

ယွင်ကျုံးဟဲ့သည် ဤဧကရာဇ် ဝမ်ယွင် အကြောင်းကို ကောင်းစွာ သိရှိထားပြီး အလွန် ဉာဏ်ကောင်းသလို အလွန်လည်း အစွန်းရောက်ကာ ဧကရာဇ်များ၏ လှည့်ကွက်များကို အသုံးပြုရန် သဘောကျသော်လည်း အလွန် အတ္တကြီးသူ တစ်ဦး ဖြစ်သည်။

ဤသည်မှာ သူ၏ ဖြတ်သန်းမှုများကြောင့်လည်း ဖြစ်နိုင်၏။

ဧကရာဇ်ဟောင်းမှာ အလွန် တော်လွန်းသောကြောင့် ဧကရာဇ် ဝမ်ယွင် အနေဖြင့် အိမ်ရှေ့စံမင်းသား ဘဝဖြင့် နှစ်လေးဆယ်ကျော် နေထိုင်ခဲ့ရပြီး အလွန်အမင်း ဖိနှိပ်ခံခဲ့ရသည်။

ထို့ကြောင့် ဤဧကရာဇ်မင်းမြတ် အမုန်းဆုံးအရာမှာ အလျှော့ပေးခြင်းဖြစ်ပြီး အနည်းငယ်လည်း စိတ်မြန်သူ တစ်ဦး ဖြစ်၏။

ဥပမာအားဖြင့် မြောက်ပိုင်းသို့ စစ်ချီမည့် အစီအစဉ်ကို သူ နန်းတက်ပြီး မကြာမီမှာပင် အလျင်စလို အဆိုပြုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ပိုင်ရှင်မဲ့နယ်မြေ စစ်ပွဲတွင် တောင်ပိုင်းကျိုးအင်ပါယာ အနေဖြင့် သေချာစွာ ပြင်ဆင်ထား သော်လည်း မြောက်ပိုင်းသို့ စစ်ချီရန် နောက်ထပ် နှစ်အနည်းငယ် ကြန့်ကြာသင့်၏။

သို့သော်ငြား ဧကရာဇ် ဝမ်ယွင်က ထိုသို့ မလုပ်ဘဲ နန်းတက်ပြီး နှစ်အနည်းငယ် အတွင်းမှာပဲ မြောက်ပိုင်းသို့ စစ်ချီရန် စစ်ပွဲကို စတင်ခဲ့ခြင်း ဖြစ်သည်။

ဤကဲ့သို့သော ဧကရာဇ်မျိုး တရုတ် သမိုင်းတွင်လည်း အများအပြား ရှိခဲ့ဖူးသည်။

ဥပမာအားဖြင့် ဆွေယန်တီမှာ ဤကဲ့သို့ ကြီးမားသော ရည်မှန်းချက်များ ရှိသော်လည်း စိတ်ရှည်မှု ကင်းမဲ့သော ဧကရာဇ်မျိုး ဖြစ်ကာ လုပ်ငန်းများကို နှစ်အနည်းငယ်အတွင်း အပြီးသတ်ရန် ကြိုးစားသူ ဖြစ်၏။

(ဆွေယန်တီ - တရုတ်နိုင်ငံကို ပြန်လည်စုစည်းပေးခဲ့သည့် အခြေခံအုတ်မြစ်များကို ချပေးခဲ့သူ ဖြစ်သော်လည်း သူ၏ လောကြီးမှုနှင့် အာဏာရှင်ဆန်မှု တို့ကြောင့် သမိုင်းပညာရှင်များက သူ့ကို ရက်စက်သော မင်းဆိုးမင်းညစ်တစ်ပါးဟု သတ်မှတ်ကြသူ)

ဝမ်ယွင် ကဲ့သို့သော ဧကရာဇ်မျိုးသည် သံသယကြီးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲကာ သူ့ကို ဒေါသထွက်စေပါက အလျှော့ပေးလိမ့်မည်ဟု မမျှော်လင့်သင့်ဘဲ သူ့ကို ဒေါသထွက်စေခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးကို သတ်ဖြတ်ခြင်းဖြင့် ပြသမည့်သူ ဖြစ်သည်။

ထိုသို့မဟုတ်ပါက သူသည် စကားတစ်ခွန်းကြောင့် ကျန်းကျိုးမြို့တွင် လူပေါင်းသောင်းချီ သတ်ဖြတ်ပြခဲ့မည် မဟုတ်ချေ။

အမှန်တကယ်တွင် အောက်ယွီ၏ ခန့်မှန်းချက်က မှန်ကန်သည်။

ဧကရာဇ် ဝမ်ယွင် သည် အလွန်အမင်း ဒေါသထွက်နေပြီး သူပုန် တပ်များကို လုံးဝ အလျှော့ပေးရန် စိတ်ကူး မရှိသည့်အပြင် အောက်ရှင်းကို သတ်ဖြတ်ကာ စစ်ပွဲ စတင်ရန် ပြင်ဆင်နေ၏။

တောင်ပိုင်းကျိုးအင်ပါယာ၏ အတော်ဆုံးသော ကိုယ်ရံတော်တပ်များ မြို့တော်တွင် စုရုံးနေကြပြီဖြစ်ပြီး စုရုံးမှု ပြီးစီးသည်နှင့် ဧကရာဇ်မင်းမြတ်က ကိုယ်ရံတော်တပ်များ အားလုံး တောင်ဘက်သို့ ပုန်ကန်မှု နှိမ်နင်းရန် ချီတက်စေမှာဖြစ်သည်။

စစ်ပွဲ စတင်သည့် အခမ်းအနားတွင် ဧကရာဇ် ဝမ်ယွင်က အောက်ရှင်း မိသားစု တစ်ခုလုံးကို သတ်ဖြတ်ကာ စစ်ပွဲ စတင်မည်မှာ သေချာပေါက်ဖြစ်ပြီး သူပုန်တပ်များ၏ ခြိမ်းခြောက်မှုများကို လုံးဝ အလျှော့ မပေးကြောင်းနှင့် အဆုံးတိုင် တိုက်ခိုက်မည့် ဆုံးဖြတ်ချက်ကို ပြသမှာဖြစ်၏။

ထိုမျှမက ဧကရာဇ်မင်းမြတ်၏ ရင်ထဲတွင် နောက်ထပ် စကားတစ်ခွန်း ရှိသေး၏။ လူရိုင်းအားလုံးကို မျိုးဖြုတ် သတ်ဖြတ်မည် ဟူသော စကား ဖြစ်သည်။

ဤတစ်ကြိမ် ပုန်ကန်မှု နှိမ်နင်းရာတွင် တစ်ကြိမ်တည်းဖြင့် ပြတ်ပြတ်သားသား ဖြေရှင်းရန် ရည်ရွယ်ထားပြီး တောင်ပိုင်းရှိ လူရိုင်း ပြဿနာကို အပြီးတိုင် ဖြေရှင်းကာ တောင်ပိုင်းရှိ လူရိုင်း အားလုံးကို မျိုးဖြုတ် သတ်ဖြတ်ပြီး လူသန်းချီကို တောင်ပိုင်းသို့ ပြောင်းရွှေ့ နေရာချထားရန် ပြင်ဆင်နေ၏။

ထိုသို့ဆိုလျှင် နှစ်တစ်ရာအတွင်း တောင်ပိုင်း ပုန်ကန်မှုကို စိုးရိမ်ရန် မလိုအပ်တော့ဘဲ ဤစတုရန်းကီလိုမီတာ တစ်သန်းကျော် ကျယ်ဝန်းသော နယ်မြေသည် တောင်ပိုင်းကျိုး လူမျိုးများ၏ နယ်မြေအဖြစ် အပြီးတိုင် တည်ရှိသွားမှာဖြစ်ကာ မျိုးနွယ်စု ကွဲပြားသူများနှင့် လုံးဝ ပတ်သက်မှု ရှိတော့မည် မဟုတ်ချေ။

သို့ပေမည့် စစ်တပ်ကြီး တောင်ဘက်သို့ ပုန်ကန်မှု နှိမ်နင်းရန် ချီတက်သွားပါက မြောက်ဘက်တွင် အန္တရာယ် ရှိလာမှာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မြောက်ဘက်တွင် အမှန်တကယ် အင်အားကြီးမားသော တာယင်အင်ပါယာ ရှိနေသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ဧကရာဇ် ဝမ်ယွင်က ကျင်းကျိုးမြို့သို့ ပြောင်းရွှေ့ နေထိုင်ကာ ဧကရာဇ်ကိုယ်တိုင် နိုင်ငံ၏ တံခါးပေါက်ကို စောင့်ရှောက်ရန် ဆုံးဖြတ်လိုက်၏။

အကယ်၍ တာယင်အင်ပါယာက ဂုဏ်သိက္ခာကို မငဲ့ကွက်ဘဲ တောင်ပိုင်းကျိုးကို လာရောက် တိုက်ခိုက်မည် ဆိုပါက လာတိုက်ခိုက်လှည့်ဟု ဖိတ်ခေါ်လိုက်ခြင်းလည်း ဖြစ်သည်။

မြောက်ဘက်ကို ကာကွယ်ပြီး တောင်ဘက်ကို တိုက်ခိုက်မည်။ တောင်ပိုင်းကျိုးအင်ပါယာ၏ နှစ်ရာချီ စုဆောင်းလာသော အင်အားဖြင့် ဤစစ်ပွဲကို မထောက်ပံ့နိုင်စရာ အကြောင်းမရှိဟု သူ ယုံကြည်နေ၏။

ထို့ကြောင့် အောက်ရှင်း မိသားစု တစ်ခုလုံးမှာ အသက်ရှင်ရန် လဝက်ခန့်သာ အချိန်ရတော့ပြီး နေ့စဉ်နှင့်အမျှ သေမင်းတံခါးဝနှင့် နီးကပ်လာနေပြီ ဖြစ်သည်။

ဧကရာဇ်မင်းမြတ်က အရှေ့ဆောင်မှတ်တမ်းကို သဘောကျပြီး အောက်ယွီ၏ အရည်အချင်းကို သဘောကျ၏။

သို့သော်ငြား အရေးကြီးသော အချိန်တွင် သူ၏ ဆွေမျိုးအရင်းများကိုပင် သတ်ဖြတ်နိုင်သူ ဖြစ်သောကြောင့် အောက်ယွီကို သတ်ဖြတ်ရန် ဝန်လေးနေမည် မဟုတ်သလို အောက်ရှင်း မိသားစု တစ်ခုလုံးကို သတ်ဖြတ်ရန်လည်း မျက်ခုံး တစ်ချက်ပင် တွန့်မည် မဟုတ်ချေ။

အလွန် အရေးကြီးနေပြီ ဖြစ်၏။ အလွန့် အလွန် အရေးကြီးနေပြီ ဖြစ်သည်။

ယွင်ကျုံးဟဲ့က သူတို့ မြို့တော်သို့ ရောက်ရှိသွားပြီးနောက် ရက်အနည်းငယ်သာ အသက်ရှင်နိုင်တော့မည်ကို စိတ်ထဲတွင် တွက်ချက်နေ၏။

အမှန်တကယ်ပဲ မိသားစု တစ်ခုလုံး ကွပ်မျက်ခံရတော့မှာဖြစ်၏။ ထို့ကြောင့် ကယ်တင်ရန် နည်းလမ်းကို ချက်ချင်း ရှာဖွေရမှာ ဖြစ်သည်။

ထို့ကြောင့် ယွင်ကျုံးဟဲ့က အကျဉ်းသား လှည်းကို အဆက်မပြတ် ရိုက်ပုတ်ကာ အော်ပြောလိုက်၏။ “ကျုပ် ကျိုးလျန် နဲ့ တွေ့ချင်တယ်။ အရမ်း အရေးကြီးတယ်။ အရမ်း အရေးကြီးတယ်။”

ဟေးပင်းထိုင် စစ်သည်က အကျဉ်းသားလှည်း၏ ပြတင်းပေါက်ကို ဖွင့်ကာ ခက်ထန်သော အသံဖြင့် ပြောလိုက်သည်။ “ငြိမ်ငြိမ်နေစမ်း”

ယွင်ကျုံးဟဲ့က အေးစက်စက် လေသံဖြင့် ပြတ်သားစွာ ပြောလိုက်၏။ “ခင်ဗျားက အင်ပါယာရဲ့ အပြစ်သား ဖြစ်ချင်နေတာလား။ ကျုပ် ဆူမီယွမ် ဒု-အကြီးအကဲ ကျိုးလျန် နဲ့တွေ့ချင်တယ်။ ချက်ချင်း၊ အခုချက်ချင်း။ အရမ်း အရေးကြီးတယ်။ အရမ်း အရေးကြီးတယ်။”

ထို ဟေးပင်းထိုင်စစ်သည်က ယွင်ကျုံးဟဲ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ခင်ဗျား စောင့်နေ...”

ခဏအကြာတွင် ဆူမီယွမ် ဒု-အကြီးအကဲ ကျိုးလျန် ယွင်ကျုံးဟဲ့၏ အကျဉ်းသား လှည်းအနီးသို့ ရောက်လာ၏။

သူ၏ ခန္ဓာကိုယ်မှာ ပိန်ချုံးနေပြီး မျက်လုံးများ ချိုင့်ဝင်နေကာ အလွန် ပင်ပန်းနွမ်းနယ်နေပုံ ရပြီး မျက်လုံးများကလည်း မီးတောက်များကဲ့သို့ နီရဲနေသည်။

“ပြောစမ်း။” ကျိုးလျန်က ပြောလိုက်၏။

ယွင်ကျုံးဟဲ့က တောင်းဆိုလိုက်သည်။ “ကျိုးလျန်… ကျုပ်မှာ နည်းလမ်း တစ်ခု ရှိတယ်။ စစ်သည် တစ်ယောက်မှ မဆုံးရှုံးစေဘဲ တောင်ပိုင်း ပုန်ကန်မှုကို နှိမ်နင်းနိုင်တယ်။ ကျုပ် ဧကရာဇ်မင်းမြတ်နဲ့ တစ်ခေါက်လောက် တွေ့ချင်တယ်။ ကျုပ်ကို ဧကရာဇ်မင်းမြတ်နဲ့ ပေးတွေ့ပါ။”

ဆူမီယွမ် ဒု-အကြီးအကဲက ပြောလိုက်၏။ “ဘာနည်းလမ်းရှိလဲ ဆိုတာကို ကျုပ်ကို ပြောပြနိုင်ပါတယ်။ ကျုပ် ဧကရာဇ်မင်းမြတ်ကို ပြန်ပြောပြပေးပါ့မယ်။”

ယွင်ကျုံးဟဲ့က ခေါင်းခါလိုက်သည်။ “မရဘူး။ ကျုပ် ဧကရာဇ်မင်းမြတ်နဲ့ လူချင်းတွေ့ပြီး ကိုယ်တိုင် ပြောပြရမယ်။”

ဆူမီယွမ် ဒု-အကြီးအကဲ ကျိုးလျန်က အေးစက်သော အသံဖြင့် မေးလိုက်၏။ “ခင်ဗျားက ကျုပ်ကို မယုံလို့လား။”

ယွင်ကျုံးဟဲ့က ခေါင်းခါယမ်းကာ လေးနက်သည့် အသံဖြင့် ပြောလိုက်သည်။ “လုံးဝ မဟုတ်ပါဘူး။ အခု အခြေအနေက အရမ်း အရေးကြီးနေပြီ။ ကျုပ်တို့ မိသားစု တစ်ခုလုံး ခေါင်းဖြတ်ခံရတော့မယ်။ ကျုပ်က ယုံကြည်တာ၊ မယုံကြည်တာကို ဂရုစိုက်နေအုံးမလား။

အရေးကြီးတာက တချို့စကားတွေကို ဧကရာဇ်မင်းမြတ် တစ်ပါးတည်းကိုပဲ ပြောပြလို့ ရလို့ပါ။ တချို့ကိစ္စတွေကို ဧကရာဇ်မင်းမြတ် တစ်ပါးတည်းကိုပဲ သိခွင့်ပေးလို့ ရလို့ပါ။”

ဆူမီယွမ် ဒု-အကြီးအကဲ ကျိုးလျန်က ဖျောင်းဖျလိုက်၏။ “ခင်ဗျား သိသင့်တယ်။ ဧကရာဇ်မင်းမြတ်က အခု အရမ်း ဒေါသထွက်နေတယ်။ ခင်ဗျား သူ့ကို သွားမတွေ့ရင် ဆယ်ရက်၊ လဝက်လောက် အသက် ပိုရှင်နိုင်သေးတယ်။ ခင်ဗျား အခု သူ့ကို သွားတွေ့ရင် ချက်ချင်း အသတ်ခံရနိုင်တယ်။”

ယွင်ကျုံးဟဲ့က ဦးညွတ်ကာ ပြောလိုက်သည်။ “အမတ်ကြီး… ကျုပ် သေရမှာ မကြောက်ပါဘူး။ ဒါပေမဲ့ ကျုပ်တို့ တာ့ကျိုးအင်ပါယာ တစ်ခုခု ဖြစ်သွားလို့ မရဘူးလေ။ ကျုပ် ဒီလို လုပ်တာက ကျုပ်တို့ မိသားစု တစ်ခုလုံးကို ကယ်တင်ဖို့ သက်သက် မဟုတ်ဘူး၊ အရေးကြီးဆုံးက အင်ပါယာကိုကယ်တင်ပြီး အခြေအနေကို ပြန်လည် ထိန်းချုပ်ဖို့ပါပဲ။”

ဆူမီယွမ် ဒု-အကြီးအကဲက အံ့အားတသင့်ဖြင့် မေးလိုက်၏။ “ခင်ဗျား တကယ် ပြောနေတာလား။ စစ်သည် တစ်ယောက်မှ မဆုံးရှုံးစေဘဲ တောင်ပိုင်း ပုန်ကန်မှုကို နှိမ်နင်းနိုင်တယ် ဆိုတာ တကယ်လား။ ကိုယ့်ကိုယ်ကိုယ် ဉာဏ်ကောင်းတယ် ထင်ပြီး လူတွေကို လန့်အောင် လျှောက်ပြောနေတာ မဟုတ်ဘူးလား။

ကျုပ် ခင်ဗျားကို ဧကရာဇ်မင်းမြတ်နဲ့ ပေးတွေ့လိုက်လို့ ခင်ဗျားက လူတွေကို လန့်အောင် လျှောက်ပြောနေတာ ဆိုရင် ခင်ဗျား သေရုံတင် မကဘူး၊ ကျုပ်ပါ အမှုပတ်သွားမှာနော်။”

ယွင်ကျုံးဟဲ့က လေးနက်စွာ ပြောလိုက်သည်။ “အမတ်ကြီး… ကျုပ်ကို ယုံကြည်ပေးပါ။ ကျုပ် မိသားစု တစ်ခုလုံးရဲ့ အသက်ကို ရင်းပြီး နောက်ပြောင်နေမှာ မဟုတ်ပါဘူး။ အခြေအနေက မီးလောင်နေသလို ဖြစ်နေပြီ။ တစ်မိနစ်တောင် နောက်ကျလို့ မရတော့ဘူး။”

ဆူမီယွမ် ဒု-အကြီးအကဲ ကျိုးလျန်က အံကြိတ်လိုက်ပြီး အမိန့်ပေးလိုက်၏။ “လူလာစမ်း… အမြန်ဆုံး မြင်းကို ပြင်ဆင်လိုက်။ အောက်ယွီကို ဧကရာဇ်မင်းမြတ်နဲ့တွေ့ဖို့ မြို့တော်ကို ခေါ်သွား။ တစ်ရာကီလိုမီတာ တစ်ခါ မြင်းလဲပြီး အရမ်း မြန်ရမယ်။ အရမ်း မြန်ရမယ်။”

“ကောင်းပါပြီ။” ဟေးပင်းထိုင်မှ တပ်မှူး တစ်ဦးက ဖြေကြားလိုက်သည်။

ဆယ့်ငါးမိနစ် အကြာတွင် ယွင်ကျုံးဟဲ့က မိခင်ဖြစ်သူနှင့် ညီမဖြစ်သူကို နှုတ်ဆက်ကာ ဟေးပင်းထိုင် မြင်းစီးစစ်သည် တစ်ထောင်၏ အစောင့်အရှောက်ဖြင့် လေတိုက်သကဲ့သို့ အလျင်အမြန် မြို့တော်သို့ ဧကရာဇ်မင်းမြတ်ကို ဖူးတွေ့ရန် ထွက်ခွာသွားလေတော့၏။

………………..

တောင်ပိုင်းကျိုးအင်ပါယာ၏ နန်းတော် အတွင်း၌…

“အရပ်သား အောက်ယွီ ဧကရာဇ်မင်းမြတ်ကို အရိုအသေ ပေးပါတယ်။ သက်တော် ရာကျော် ရှည်ပါစေ။”

နေ့ရက်ပေါင်းများစွာ ကြာအောင် အလျင်စလို ခရီးဆက်လာခဲ့ပြီးနောက် ယွင်ကျုံးဟဲ့ သည် ဧကရာဇ် ဝမ်ယွင်ကို နောက်ဆုံးတွင် တွေ့ခွင့်ရခဲ့သည်။

တိတိကျကျ ပြောရလျှင် တွေ့ခွင့်ရသည်ဟု မဆိုနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့အကြားတွင် လိုက်ကာ တစ်ခု ခြားနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤ ဧကရာဇ် ဝမ်ယွင် မည်သို့ ရုပ်ဆင်းသွင်ပြင် ရှိသည်ကို သူ မမြင်တွေ့ရသေးပေ။

“ပြောစမ်း..” ဧကရာဇ် ဝမ်ယွင်က တိုက်ရိုက်ပင် အမိန့်ပေးလိုက်ပြီး မည်သည့် အပိုစကားမှ မပြောချေ။

ယွင်ကျုံးဟဲ့က လျှောက်တင်လိုက်၏။ “အရပ်သားဆီမှာ အထက်၊ အလယ်၊ အောက် ဆိုပြီး နည်းလမ်း သုံးသွယ် ရှိပါတယ်။”

ဧကရာဇ် ဝမ်ယွင် ထံမှ မည်သည့် တုံ့ပြန်မှုမှ မရရှိချေ။

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “အောက်အဆင့် နည်းလမ်းကတော့ စစ်တပ် စုရုံးတာကို ရပ်တန့်လိုက်ဖို့ပါပဲ။ တောင်ဘက်ကို တကယ် စစ်ချီမယ် ဆိုရင်တောင် အသံတိတ် စစ်ချီသင့်ပြီး တောင်ပိုင်း လူရိုင်းတွေကို မျိုးဖြုတ် သတ်ဖြတ်ပစ်တော့မယ် ဆိုတဲ့ သတင်းမျိုး တစ်လောကကို မသိစေသင့်ပါဘူး။ ပုန်ကန်မှု နှိမ်နင်းရေးကို တောင်ပိုင်းမှာ ရှိတဲ့ အင်ပါယာ စစ်တပ်တွေကိုပဲ တာဝန်ပေးသင့်ပြီး နှစ်သိမ့်မှုကို အဓိကထားကာ နှိမ်နင်းမှုကို အရန်အဖြစ်သာ ထားရှိသင့်ပါတယ်။”

ဧကရာဇ်မင်းမြတ်က အေးစက်စွာ ပြုံးလိုက်ပြီး ယွင်ကျုံးဟဲ့၏ အောက်အဆင့် နည်းလမ်းကို လှောင်ပြောင်လိုက်၏။

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “အလယ်အဆင့် နည်းလမ်းကတော့ ဧကရာဇ်မင်းမြတ် အနေနဲ့ ကိုယ်စားလှယ်တော် မင်းကြီး တစ်ဦးကို တောင်ပိုင်းသို့ စေလွှတ်ကာ အမိန့်တော် ဖတ်ကြားစေဖို့ပါပဲ။

ဒီတစ်ကြိမ် ပုန်ကန်မှုမှာ ခေါင်းဆောင် ဖြစ်တဲ့ လီဝမ်ဟွာကိုသာ အပြစ်ပေးမှာဖြစ်ပြီး လူရိုင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို လုံးဝ အပြစ်မယူကြောင်း ကြေညာရပါမယ်။ လီဝမ်ဟွာကို သတ်နိုင်သူ ဘယ်သူ့ကိုမဆို တောင်ပိုင်း လူရိုင်း ဖြစ်ပါစေ၊ လီဝမ်ဟွာကို သတ်နိုင်ရင် ချက်ချင်း မြို့စားအဖြစ် ခန့်အပ်မယ်ဟု ကြေညာရပါမယ်။”

ဧကရာဇ်မင်းမြတ်က အေးစက်စွာ ပြုံးနေဆဲ ဖြစ်၏။

ယွင်ကျုံးဟဲ့က ဆက်လက်၍ လျှောက်တင်လိုက်သည်။ “အထက်အဆင့် နည်းလမ်းကတော့ ကျုပ်ရဲ့ အဖေ အောက်ရှင်းကို လွှတ်ပေးပြီး သူ့တစ်ယောက်တည်းကိုပဲ တောင်ပိုင်းကို စေလွှတ်ကာ ပုန်ကန်မှုကို နှိမ်နင်းစေဖို့ပါပဲ။”

နောက်ဆုံးတွင် ဧကရာဇ် ဝမ်ယွင်က သည်းမခံနိုင်တော့ဘဲ အေးစက်သော အသံဖြင့် မေးလိုက်၏။ “ဒါက ခင်ဗျားရဲ့ ထူးဆန်းတဲ့ နည်းလမ်းလား။ စစ်သည် တစ်ယောက်မှ မဆုံးရှုံးစေဘဲ တောင်ပိုင်း ပုန်ကန်မှုကို နှိမ်နင်းနိုင်တဲ့ နည်းလမ်းဆိုတာ ဒါလား။”

ယွင်ကျုံးဟဲ့က ဦးညွတ်ကာ ပြောလိုက်သည်။ “မှန်ပါတယ် ဧကရာဇ်မင်းမြတ်..”

ဧကရာဇ် ဝမ်ယွင်က အမိန့်ပေးလိုက်၏။ “လူလာစမ်း… သူ့ကို မောင်းထုတ်လိုက်..”

ဧကရာဇ်မင်းမြတ်မှာ အမှန်တကယ် စိတ်ပျက်သွားခဲ့ပြီ ဖြစ်သည်။

သူသည် အောက်ယွီအပေါ် ကြီးမားသော မျှော်လင့်ချက် ထားရှိခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူသည် အရှေ့ဆောင်မှတ်တမ်းကို ရေးသားခဲ့သူ ဖြစ်ပြီး ကျန်းကျိုးမြို့တွင်လည်း ထူးခြားသော စွမ်းဆောင်ရည်များ ပြသခဲ့သောကြောင့် ဖြစ်၏။

ထို့ကြောင့် ဆူမီယွမ် ဒု-အကြီးအကဲ ကျိုးလျန်၏ အစီရင်ခံစာကို ရရှိပြီးနောက် သူသည် မျှော်လင့်ချက် အနည်းငယ်ဖြင့် အောက်ယွီကိုတွေ့ဆုံရန် လက်ခံခဲ့ခြင်း ဖြစ်သည်။

သို့ပေမည့် အောက်ယွီ ပေးသော နည်းလမ်းများမှာ အလွန် ညံ့ဖျင်းလှပြီး သာမန်ဟုပင် မဆိုသာချေ။ တကယ်ကို ဆိုးရွားလှသော နည်းလမ်းများသာ ဖြစ်၏။

.......................

အပိုင်း (၃၂၀)

အကယ်၍ အောက်ယွီသည် အရှေ့ဆောင်မှတ်တမ်းကို ရေးသားခဲ့သူ မဟုတ်ပါက ဧကရာဇ် ဝမ်ယွင်သည် သူ့ကို ချက်ချင်း သတ်ဖြတ်ရန် အမိန့်ပေးပြီး ဖြစ်ပေမည်။

သို့သော်ငြား ယခုအချိန်တွင် သူသည် အောက်ယွီကို ရက်အနည်းငယ် အသက်ရှင်ခွင့် ပေးထားရမှာဖြစ်၏။ ကိုယ်ရံတော်တပ်များ စုရုံးပြီးစီးချိန် စစ်ပွဲ စတင်သည့် အခမ်းအနားတွင်မှ အောက်ရှင်း မိသားစု တစ်ခုလုံးကို သတ်ဖြတ်၍ စစ်ပွဲ စတင်ရန် ရည်ရွယ်ထားသည်။

မိန်းမစိုး အချို့ ရှေ့ထွက်လာပြီး ယွင်ကျုံးဟဲ့ကို လွှင့်ပစ်ရန် ပြင်လိုက်ကြ၏။

ယွင်ကျုံးဟဲ့က အော်ဟစ်လိုက်သည်။ “ဧကရာဇ်မင်းမြတ်… အမှန်တကယ်တော့ ဒီပုန်ကန်မှုက လျစ်လျူရှုထားမယ် ဆိုရင်တောင် သူ့အလိုလို ငြိမ်သက်သွားမှာပါ။ ဒီပုန်ကန်မှုက ကြီးမားတယ်လို့ ထင်ရပေမဲ့ အမှန်တကယ်တော့ အခြေခံ မရှိတဲ့ မီးလိုပါပဲ။

သတိထားရမှာက ဒီပုန်ကန်မှုရဲ့ နောက်ကွယ်က ကြိုးကိုင်သူကိုပါပဲ။ ဧကရာဇ်မင်းမြတ် အနေနဲ့ အခုလို ကြီးကြီးကျယ်ကျယ် လုပ်နေတာက မီးလောင်ရာ လေပင့်သလို ဖြစ်နေပြီး အခြေအနေကို ပိုဆိုးစေကာ ရန်သူ့ အကြံအစည်ထဲ သက်ဆင်းသွားတာနဲ့ အတူတူပါပဲ။”

ဧကရာဇ် ဝမ်ယွင်က လက်တစ်ချက် မြှောက်ပြလိုက်၏။

မိန်းမစိုးများက လက်လွှတ်လိုက်သောကြောင့် ယွင်ကျုံးဟဲ့ မြေပြင်ပေါ်သို့ ပြန်ကျသွားလေသည်။

ယွင်ကျုံးဟဲ့က ဦးညွတ်ကာ ပြောလိုက်၏။ “ဧကရာဇ်မင်းမြတ်… လီဝမ်ဟွာ အနေနဲ့ နန်ကျိုးမြို့ကို သိမ်းပိုက်နိုင်ခဲ့တာ အကြောင်းရင်း နှစ်ခုတည်း ရှိပါတယ်။

ပထမ အကြောင်းရင်းကတော့ တောင်ပိုင်း အစောင့်တပ် တပ်မှူး၊ တာနန်ပြည်နယ် ပြည်နယ်ဝန်ကြီးက သူ့အပေါ် လုံးဝ သတိမထားဘဲ ကိုယ့်လူလို သဘောထားခဲ့လို့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူက အင်ပါယာရဲ့ အမွေဆက်ခံတဲ့ မှူးမတ် တစ်ယောက်ဖြစ်ပြီး ပုန်ကန်ဖို့ အဖြစ်နိုင်ဆုံး လူတစ်ယောက် မဟုတ်လို့ပါပဲ။ လီဝမ်ဟွာက အဲဒီ အခွင့်အရေးကို အသုံးချပြီး အမတ်ကြီးတွေကို ဖမ်းဆီးနိုင်ခဲ့တာပါ။

ဒုတိယ အကြောင်းရင်းကတော့ တောင်ပိုင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရဲ့ ကြောက်ရွံ့မှုကို အသုံးချခဲ့လို့ပါပဲ။ ဒီနှစ်ပိုင်းတွေမှာ ကျုပ်တို့က လူရိုင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေအပေါ် တင်းကျပ်လွန်းလာတယ်။ အရင်ဆုံး သူတို့ကို လက်နက်တွေ အားလုံး သိမ်းလိုက်တယ်။ ပြီးတော့ စောင့်ကြည့် နေထိုင်ခိုင်းတယ်။

ဒါက ကောလာဟလတွေ ထွက်ပေါ်လာဖို့ အခွင့်အရေး ဖြစ်သွားတယ်။ ပြီးတော့ သူတို့က ဧကရာဇ်မင်းမြတ် အနေနဲ့ လူရိုင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ပုန်ကန်မှာကို စိုးရိမ်လို့ သူတို့ အားလုံးကို မျိုးဖြုတ် သတ်ဖြတ်ပစ်တော့မယ်လို့ ယုံကြည်သွားကြတယ်။

ကျုပ်ရဲ့အဖေ အောက်ရှင်း ထောင်ကျသွားတာက လက္ခဏာ တစ်ရပ်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ကာကွယ်ရေး တပ်ဖွဲ့က ကျုပ်အဖေ တည်ထောင်ခဲ့တာဖြစ်လို့ သူတို့က ကျုပ်အဖေ အောက်ရှင်း ရာထူးကျ သွားပြီးနောက်မှာ သူ တည်ထောင်ခဲ့တဲ့ ကာကွယ်ရေး တပ်ဖွဲ့ အားလုံးကို သတ်ဖြတ်ပစ်တော့မယ်လို့ ယုံကြည်သွားကြတာပါ။

မဟုတ်ရင် လီဝမ်ဟွာမှာ လူရိုင်း ကာကွယ်ရေး တပ်ဖွဲ့ကို လှုံ့ဆော်နိုင်တဲ့ ဘာအရည်အချင်း၊ ဘာစွမ်းဆောင်ရည် ရှိလို့လဲ။

ဧကရာဇ်မင်းမြတ်… အခု ဒီ လူရိုင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရဲ့ ပုန်ကန်ချင်စိတ်က သိပ်မပြင်းထန်ပါဘူး။ သူတို့က ကြောက်ရွံ့နေကြတာပါ။ သူတို့က အင်ပါယာရဲ့ အသိအမှတ်ပြုမှုကို လိုချင်နေတာပါ။

ဧကရာဇ်မင်းမြတ်ဆီကနေ သေချာတဲ့ အဖြေတစ်ခုကို လိုချင်နေတာပါ။ သူတို့ကို မျိုးဖြုတ် သတ်ဖြတ်မှာ မဟုတ်ဘူး၊ ဆက်လက် အသုံးပြုသွားမယ် ဆိုတဲ့ အဖြေမျိုးကို လိုချင်နေတာပါ။ ဒါကြောင့် လီဝမ်ဟွာက ကျုပ် အဖေ အောက်ရှင်းကို လွှတ်ပေးဖို့ နန်းတွင်းကို ဖိအားပေးတဲ့ ကြွေးကြော်သံကို အသုံးပြုခဲ့တာပါ။ ဒါမှမဟုတ် ပိုပြီး ရှင်းရှင်းလင်းလင်း ပြောရရင် ဒီလူရိုင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပုန်ကန်ချင်တဲ့ စိတ်ကူး လုံးဝ မရှိပါဘူး။”

ဧကရာဇ်မင်းမြတ်က လေးနက်စွာဖြင့် ပြောလိုက်သည်။ “မျိုးနွယ်စု မတူရင် စိတ်ဓာတ်လည်း မတူနိုင်ဘူး။”

“ဧကရာဇ်မင်းမြတ်ရဲ့ အမြင်က အရမ်းမှန်ကန်ပါတယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါပေမဲ့ အရပ်သားဆီမှာ စကားလုံး အသစ် တစ်လုံး ရှိပါတယ်။ အဲဒါကတော့ လမ်းပြအဖွဲ့ ပါပဲ။ လမ်းပြအဖွဲ့ ဆိုတာ စိတ်ဓာတ်ရေးရာအရ တာ့ကျိုး နိုင်ငံသား ဖြစ်နေသူတွေကို ခေါ်တာပါ။”

ယွင်ကျုံးဟဲ့က ရှင်းပြလိုက်သည်။ “တောင်ပိုင်း လူရိုင်းဒေသမှာ ဒီလို လူတစ်စု ရှိပါတယ်။ သူတို့က အရင်က လူရိုင်းတွေ ဖြစ်ပေမယ့် ကျုပ်တို့ တာ့ကျိုးအင်ပါယာက သူတို့ကို လက်အောက်ခံအဖြစ် ခန့်အပ်ပြီး ကျန်တဲ့ လူရိုင်းတွေကို အုပ်ချုပ်ခိုင်းခဲ့ပါတယ်။ သူတို့က ချမ်းသာကြွယ်ဝတဲ့ ဘဝကို ရရှိခဲ့လို့ သာမန် လူရိုင်း အများစုနဲ့ လုံးဝ ကွဲပြားသွားပြီး ကိုယ့်ကိုယ်ကိုယ် အဆင့်မြင့်တယ်လို့ ခံစားနေရပါတယ်။

ဒါကြောင့် တောင်ပိုင်း လူရိုင်းဒေသမှာ ပထမတန်းစား တာ့ကျိုး နိုင်ငံသား၊ ဒုတိယတန်းစား လမ်းပြအဖွဲ့၊ တတိယတန်းစား လူရိုင်း ဆိုပြီး ရှိနေပါတယ်။ ဧကရာဇ်မင်းမြတ်… လက်အောက်ခံ တစ်စုက သူတို့ရဲ့ လူတန်းစား အဆင့်အတန်းကို ကာကွယ်ချင်တဲ့ စိတ်ဆန္ဒကို ကျုပ်တို့ လုံးဝ အထင်မသေးသင့်ပါဘူး။

လူရိုင်းလမ်းပြအဖွဲ့က သူတို့ကိုယ်သူတို့ အဆင့်မြင့်တယ်လို့ ခံစားချင်တဲ့အတွက် ဒီလူတန်းစား ဆက်ဆံရေးကို အစွမ်းကုန် ကာကွယ်ဖို့ ကြိုးစားကြပါလိမ့်မယ်။ ဘယ်သူ့ကိုမှ ဖျက်ဆီးခွင့် မပေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က တာ့ကျိုးရဲ့ လက်အောက်ခံ ဖြစ်လာတာက သာမန် လူရိုင်း အများစုရှေ့မှာ ကြီးမားတဲ့ သာလွန်မှုကို ရရှိစေလို့ပါပဲ။

လူအများစုက ဘာကို အားကိုးပြီး အသက်ရှင်နေကြတာလဲ ဆိုတော့ သာလွန်မှုပါပဲ။ ကျုပ်က လူတစ်စုထက် ပိုသာရမယ်၊ ပြီးတော့ ကျုပ်ထက် မသာတဲ့ အဲဒီ လူတစ်စုကို ကြည့်ပြီး ပျော်ပျော်ရွှင်ရွှင် အသက်ရှင်နေရမယ် ဆိုတဲ့ အတွေးမျိုးပါ။

ဒါပေမဲ့ အခုတော့ ကျုပ်တို့ တာ့ကျိုးက ဒီ လမ်းပြအဖွဲ့ဝင်တွေရဲ့ လက်အောက်ခံ ဖြစ်ခွင့်ကို ရုပ်သိမ်းတော့မယ် ဆိုတော့ သူတို့က သေချာပေါက် ကြောက်ရွံ့သွားမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို လုပ်လိုက်ရင် သာမန် လူရိုင်း အများစုရှေ့မှာ သူတို့ရဲ့ သာလွန်မှုကို ဆုံးရှုံးသွားတော့မှာ ဖြစ်လို့ပါပဲ။

အဲဒီလောက်တင် မကဘူး၊ ကျုပ်တို့က သူတို့ရဲ့ ရိက္ခာကိုပါ ဖြတ်တောက်လိုက်တော့ သူတို့က လီဝမ်ဟွာ နောက်ကို လိုက်ပြီး ဆူပူအုံကြွကြတာပါပဲ။ အမှန်တကယ်တော့ သူတို့က သူတို့ရဲ့ ရိက္ခာကို ပြန်ရချင်ရုံ သက်သက်ပါပဲ။

ဧကရာဇ်မင်းမြတ်… ကျုပ်တို့ရဲ့ ဘိုးဘေးတွေက မျိုးနွယ်စု မတူရင် စိတ်ဓာတ်လည်း မတူနိုင်ဘူးလို့ အမြဲတမ်း ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ တောင်ပိုင်း လူရိုင်းဒေသက လူရိုင်းတွေကို မျိုးနွယ်စုလို့ ခေါ်လို့ ရနိုင်ပါ့မလား။ လုံးဝ မရနိုင်ပါဘူး။

သူတို့က ယဉ်ကျေးမှုတောင် မရှိသေးပါဘူး။ သူတို့ရဲ့တွေးခေါ်မှုက အလွန် ရိုးရှင်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တောင်ပိုင်း လူရိုင်း ဒေသမှာ တစ်စုတစ်စည်းတည်း ဖြစ်တဲ့ နိုင်ငံမျိုး တစ်ခါမှ မပေါ်ပေါက်ခဲ့ဖူးသလို ကြီးကျယ်ခမ်းနားတဲ့ ခေါင်းဆောင်မျိုးလည်း မရှိခဲ့ဖူးပါဘူး။

ဒါကြောင့် သူတို့ဆီမှာ အသိအမှတ်ပြုမှု ဆိုတာ မရှိသလို ဂုဏ်သိက္ခာ ဆိုတာလည်း မရှိပါဘူး။ သူတို့က တာ့လျန်နိုင်ငံနဲ့ မတူပါဘူး။ တောင်ပိုင်းလူရိုင်းတွေက ကြမ်းတမ်းခက်ထန်ပြီး သေရမှာကို မကြောက်ပေမဲ့ အမှန်တကယ်တော့ သူတို့က ရေပေါ်လွင့်နေတဲ့ ရေမှော်ပင်တွေလိုပါပဲ။

တာ့လျန်နိုင်ငံကတော့ လုံးဝ ကွဲပြားပါတယ်။ သူတို့က တကယ့်ကို မျိုးနွယ်စု ကွဲပြားသူတွေဖြစ်ပြီး လုယက် တိုက်ခိုက်တာကို ဝါသနာပါကြတယ်။ အမှန်တကယ်တော့ သူတို့က ကျုပ်တို့ လူမျိုးတွေကို ဝက်တွေ၊ သိုးတွေလို သဘောထားပြီး ကျုပ်တို့ အားနည်းနေတဲ့ အချိန်မှာ လာရောက် လုယက် တိုက်ခိုက်တတ် ကြတယ်။ အဲဒါကမှ ကျုပ်တို့ လုံးဝ မျိုးဖြုတ် သတ်ဖြတ်ပစ်ရမယ့် ရန်သူပါ။

ဒီလူရိုင်းတွေက ကြမ်းတမ်းခက်ထန်ပေမယ့် လုယက် တိုက်ခိုက်တာကို အားကိုးပြီး အသက်ရှင်နေကြတာ မဟုတ်ပါဘူး။ သူတို့က စိုက်ပျိုးရေးကို သိပ်မကျွမ်းကျင်ပေမယ့် အမဲလိုက်တတ်တယ်၊ သစ်သီးဝလံ ရှာဖွေတတ်တယ်၊ နောက်ဆုံးတော့လည်း အလုပ် လုပ်ချင်စိတ် ရှိကြပါတယ်။

ပြီးတော့ ဒီလူရိုင်းတွေက ကျုပ်တို့နဲ့ ရုပ်ရည် သိပ်မကွာခြားပါဘူး။ အရပ် နည်းနည်းပုပြီး အသား နည်းနည်း မည်းတာပဲ ရှိပါတယ်။ မျိုးဆက် အနည်းငယ် ကြာရင် ကျုပ်တို့နဲ့ လုံးဝ တူညီသွားမှာပါ။ ဒါကြောင့် သူတို့က မျိုးနွယ်စု ကွဲပြားသူတွေ မဟုတ်ပါဘူး။ ကျုပ်တို့ အောင်နိုင်ရမယ့် ပစ်မှတ်၊ သိမ်းပိုက်ရမယ့် ပစ်မှတ်၊ ကျုပ်တို့လို ဖြစ်လာအောင် ပြောင်းလဲရမယ့် ပစ်မှတ် သက်သက်ပါပဲ။

အရေးအကြီးဆုံးကတော့ ဒီလူရိုင်းတွေက ကျုပ်တို့ တာ့ကျိုးကို ရင်ဆိုင်ရတဲ့ အခါမှာ သိမ်ငယ်စိတ် ရှိကြပြီး လေးစား အားကျစိတ် ရှိကြပါတယ်။ ကျုပ် တောင်ပိုင်း လူရိုင်းဒေသက အချက်အလက်တွေကို ဖတ်ဖူးပါတယ်။

ရိုးရိုးသားသား ပြောရရင် ဒီလူရိုင်းတွေရဲ့ ဘဝက အရမ်း ခက်ခဲပါတယ်။ ကျုပ်တို့ တာ့ကျိုးက ပြောင်းရွှေ့ လာသူတွေရဲ့ အနိုင်ကျင့်မှုကို အများကြီး ခံရပြီး ကျွန်ပြုခံရတဲ့လူ ဘယ်လောက်တောင် ရှိလဲ မသိပါဘူး။

ဒါပေမဲ့ အဲဒီလို ဖြစ်နေတာတောင် လူရိုင်း အများစုက အရင်ကထက် ဘဝက ပိုကောင်းလာတယ်လို့ ခံစားနေရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ပိုမြင့်မားတဲ့ ယဉ်ကျေးမှု ဘဝကို မြင်တွေ့ရပြီး ကျုပ်တို့ကို အလိုလို လေးစား အားကျနေလို့ပါပဲ။

ဒါကြောင့် တောင်ပိုင်း လူရိုင်းဒေသက ဒီလူရိုင်းတွေ ပုန်ကန်မလား ဆိုတာက အဓိက အခြား ယဉ်ကျေးမှု တစ်ခုရဲ့ ဆွဲဆောင်မှု ခံရသလားဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ ဒါပေမဲ့ ဒီနယ်မြေမှာ ကျုပ်တို့ တာ့ကျိုးကပဲ တစ်ခုတည်းသော ယဉ်ကျေးမှု ဆွဲဆောင်ရာ နေရာ ဖြစ်နေပါတယ်။

အခု ပုန်ကန်မှုမှာ ပုန်ကန်နေတာက ဖိနှိပ်မှု အများဆုံးခံရတဲ့ အခြေခံ လူရိုင်းတွေ မဟုတ်ဘဲ အလယ် အလတ်တန်းစား လမ်းပြအဖွဲ့ဝင်တွေ ဖြစ်နေပါတယ်။ ဒီ လမ်းပြအဖွဲ့ဝင်တွေက အခြေခံ လူရိုင်းတွေကို အဆိုးရွားဆုံး ဖိနှိပ်တဲ့ လူစု ဖြစ်ပါတယ်။ ဒါက သူတို့ အနေနဲ့ အချိန်တို အတွင်းမှာ အခြေခံ လူရိုင်းတွေရဲ့ ထောက်ခံမှုကို မရနိုင်ဘူး ဆိုတာကို ပြသနေပါတယ်။ ဒါကြောင့် ဒီ ပုန်ကန်မှုက အခြေခံ မရှိတဲ့ မီးလိုပါပဲ။

ဧကရာဇ်မင်းမြတ်… ကျုပ်တို့က သူတစ်ပါးရဲ့ လက်အောက်ခံ လုပ်ခွင့်ကို မရုပ်သိမ်းသင့်ပါဘူး။ မဟုတ်ရင် သူတို့က ဘာမှ မရှိတော့တဲ့ အခြေအနေ ဖြစ်သွားမှာပါ။ ဘာမှ မရှိတော့တဲ့ ခွေးကသာ သူ့သခင်ကို ပြန်ကိုက်တတ်တာပါ။

ဒါကြောင့် ကျုပ်က ဒီ ပုန်ကန်မှုက ကြီးမားတယ်လို့ ထင်ရပေမဲ့ အမှန်တကယ်တော့ စိုးရိမ်စရာ မရှိဘူးလို့ ပြောတာပါ။ ကျုပ်တို့ စိုးရိမ်သင့်တာက ဒီ ပုန်ကန်မှုရဲ့ နောက်ကွယ်က ကြိုးကိုင်သူ၊ ကျိန့်ဟိုင်ဝမ် အိမ်တော်နဲ့ စီးမိသားစုကိုပါပဲ။

စီးမိသားစုက မာနကြီးပြီး တောင်ပိုင်း လူရိုင်းဒေသ တစ်ခုလုံးကို သိမ်းပိုက်ပြီး နောက်ထပ် အင်ပါယာ တစ်ခု တည်ထောင်ဖို့ အမြဲတမ်း ကြံစည်နေပါတယ်။ ကျုပ်တို့သာ လူရိုင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို နှိမ်နင်းဖို့ ကြီးကြီးကျယ်ကျယ် လုပ်မယ်ဆိုရင် စီးမိသားစုရဲ့ အကြံအစည်ထဲ တိုက်ရိုက် သက်ဆင်းသွားမှာပါပဲ။

ပြီးတော့ အဲဒီ လူရိုင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက မူလက ပုန်ကန်ချင်တဲ့ စိတ်ဆန္ဒ လုံးဝ မရှိပေမဲ့ ကျုပ်တို့ စစ်တပ်ကြီး တောင်ဘက်ကို ချီတက်သွားမယ်ဆိုရင် အသက်ရှင်ဖို့အတွက် သူတို့ မဖြစ်မနေ ပုန်ကန် ရတော့မှာပါ။ အဲဒီအချိန်ကျမှ တကယ်ကို နောက်ကြောင်း ပြန်လှည့်လို့ မရတော့မှာပါ။

အဲဒီအချိန်ကျရင် ကျုပ်တို့ တာ့ကျိုးအင်ပါယာက တောင်ပိုင်းလူရိုင်း စစ်ပွဲရဲ့တွင်းနက်ကြီးထဲကို နောက်တစ်ခါ ထပ်ပြီး ကျဆင်းသွားရတော့မှာပါပဲ။ စီးမိသားစုကတော့ တောင်ပေါ်ကနေ ကျားနှစ်ကောင် သတ်နေတာကို ထိုင်ကြည့်ပြီး အကျိုးအမြတ် ထုတ်နေမှာပါ။

ကျုပ်တို့ နှစ်ဖက်စလုံး အထိနာသွားတဲ့ အချိန်ကျမှ စီးမိသားစုက သူတို့ရဲ့ စစ်တပ် အားလုံးကို ထုတ်သုံးပြီး တောင်ပိုင်း လူရိုင်းဒေသကို ပြန်လည် သိမ်းပိုက်ပါလိမ့်မယ်။”

ထိုအချိန်တွင် စာကြည့်ခန်းထဲမှ အခြားလူတစ်ဦး၏ အသံ ထွက်ပေါ်လာ၏။ “တောင်ပိုင်း လူရိုင်းစစ်ပွဲရဲ့ တွင်းနက်ကြီးထဲကို ကျဆင်းသွားရမယ်ပေါ့။ ခင်ဗျားက ကျုပ်တို့ အင်ပါယာ စစ်တပ်ကို အရမ်း အထင်သေးနေတာလား၊ ဒါမှမဟုတ် ခင်ဗျားရဲ့အဖေ အောက်ရှင်းကို အရမ်း အထင်ကြီးနေတာလား။

အဲဒီတုန်းက ခင်ဗျားရဲ့အဖေ အောက်ရှင်း တောင်ပိုင်း လူရိုင်းဒေသကို စစ်ချီတုန်းက သိပ်မပင်ပန်းဘဲ တောင်ပိုင်း လူရိုင်းဒေသရဲ့ တစ်ဝက်ကျော်ကို သိမ်းပိုက်နိုင်ခဲ့တယ်။ ခင်ဗျားရဲ့အဖေ မရှိရင် ကျုပ်တို့ အင်ပါယာ စစ်တပ်က ဒီတောင်ပိုင်း လူရိုင်းတွေကို မနိုင်တော့ဘူးလို့ ဆိုလိုတာလား။”

‘ဒီလူငယ်ရဲ့ အသံက ဘယ်သူလဲ။ ဒုတိယ မင်းသားလား။’

All Chapters