အခန်း (၃၂၁-၃၂၂)
Vol. 28 Ch. 321-322
အပိုင်း (၃၂၁)
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မင်းသား မကြိုက်လောက်မယ့် စကား တစ်ခွန်းကို ကျုပ် ပြောပါရစေ။ အခု အင်ပါယာ စစ်တပ်က တောင်ပိုင်း လူရိုင်းဒေသကို သွားတိုက်မယ်ဆိုရင် အရင်ကထက် ပိုခက်ခဲပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်က တောင်ပိုင်း လူရိုင်းဒေသမှာ မျိုးနွယ်စုတွေ မရေမတွက်နိုင်အောင် ရှိပြီး မိုင်တစ်ရာလောက်မှာ နိုင်ငံငယ်တစ်ခု ရှိနေလို့ သဲတွေလို ပြန့်ကျဲနေခဲ့တာပါ။
ဒါပေမဲ့ အခုတော့ တောင်ပိုင်း လူရိုင်းတွေက ကျုပ်တို့ရဲ့ စုစည်းမှုကြောင့် တစ်နေရာတည်းမှာ စုရုံးနေကြပြီ။ အထူးသဖြင့် ဒီကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပုံမှန် စစ်တပ်ရဲ့ လေ့ကျင့်မှုတွေနဲ့ လက်နက်တွေကို ရရှိထားပြီး တစ်နေရာတည်းမှာ စုရုံးနေကြတာပါ။
ဒီလူစုက လက်အောက်ခံ လုပ်ခိုင်းရင် အရမ်း အသုံးဝင်ပေမယ့် သူတို့ကို မျိုးဖြုတ် သတ်ဖြတ်မယ် ဆိုရင်တော့ သူတို့က ရက်စက်ကြမ်းကြုတ်စွာ တုံ့ပြန်ကြမှာဖြစ်လို့ တကယ်ကို တိုက်ရခက်ပါလိမ့်မယ်။ ပြီးတော့ နောက်ထပ် အခြေအနေ တစ်ခုကို ကျုပ်တို့ သတိထားရပါမယ်။
တောင်ပိုင်း ပုန်ကန်မှုကို နှိမ်နင်းဖို့ ကျုပ်တို့က ဒီလောက် ကြီးကြီးကျယ်ကျယ် လုပ်ပြီး စစ်တပ် အင်အား သိန်းချီ စုရုံးနေတာဆိုတော့ ကျိန့်ဟိုင်ဝမ် အိမ်တော်က ဧကရာဇ်မင်းမြတ်ကို ကူညီပြီး ပုန်ကန်မှုကို နှိမ်နင်းပေးမယ်ဆိုပြီး အဆိုပြုလာရင် ဘယ်လို လုပ်မလဲ။
သူက အဆိုပြုစာ တင်တာနဲ့တပြိုင်နက် သူ့စစ်တပ်ကို မြောက်ဘက်ကို စေလွှတ်ပြီး ကျုပ်တို့ကို ကူညီမယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ တောင်ပိုင်း လူရိုင်းဒေသမှာရှိတဲ့ ကျုပ်တို့ရဲ့ ပြည်နယ်တွေကို သိမ်းပိုက် လိုက်ရင်ရော ဘယ်လို လုပ်မလဲ။ အဲဒီအချိန်ကျရင် နတ်ဘုရားကို ပင့်ဖို့ လွယ်ပေမည့် ပြန်ပို့ဖို့ ခက်သွားလိမ့်မယ်။
ဒါကြောင့် ဒီ တောင်ပိုင်း ပုန်ကန်မှု ဆိုတာက ကျိန့်ဟိုင်ဝမ် အိမ်တော်ရဲ့ အကြံအစည် သက်သက်သာ ဖြစ်ပြီး လူရိုင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရဲ့ လစာတောင်းတဲ့ ပွဲသက်သက်ပါပဲ။ သူတို့က အကြံသမား တချို့ရဲ့ အသုံးချတာကို ခံလိုက်ရတာပါ။
ဧကရာဇ်မင်းမြတ် အနေနဲ့ ဒီလောက် ကြီးကြီးကျယ်ကျယ် လုပ်နေတာက ဒီလူရိုင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို လမ်းဆုံးကို တွန်းပို့နေသလိုဖြစ်ပြီး တကယ် ပုန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်သွားအောင် လုပ်နေတာပါပဲ။ အဲဒါက စီးမိသားစုရဲ့ အကြံအစည်ထဲကို တိုက်ရိုက် သက်ဆင်းသွားတာပါပဲ။
ဒါကြောင့် ဧကရာဇ်မင်းမြတ်က ကျုပ်ဆီမှာ ဘာထူးဆန်းတဲ့ နည်းလမ်း ရှိလဲလို့ မေးရင် ကျုပ်ရဲ့ နည်းလမ်းက အရမ်း ရိုးရှင်းပါတယ်။ကိုယ်စားလှယ်တော် မင်းကြီး တစ်ဦးကို အမြန်ဆုံး တောင်ပိုင်း လူရိုင်းဒေသကို စေလွှတ်ပြီး အဲဒီ လူရိုင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်ကို ဖတ်ပြဖို့ပါပဲ။
သူတို့ရဲ့ အပြစ်တွေကို မယူဘဲ အရင်က ကာကွယ်ရေး တပ်ဖွဲ့ ဖွဲ့စည်းပုံကို ဆက်လက် ထားရှိပြီး အရင်က ရာထူး၊ အခွင့်အရေးနဲ့ လစာတွေကို ဆက်ပေးမယ်လို့ ပြောရပါမယ်။ လီဝမ်ဟွာကို သတ်နိုင်ရင် တာ့ကျိုး နိုင်ငံသား ဖြစ်ရင် မြို့စား အဖြစ် ခန့်အပ်ပြီး လူရိုင်း ဖြစ်ရင် နယ်စား အဖြစ် ခန့်အပ်မယ်လို့ ကြေညာလိုက်ရင် ဒီပုန်ကန်မှုက သေချာပေါက် ငြိမ်သက်သွားပါလိမ့်မယ်လို့ ကျုပ် အာမခံပါတယ်။”
ဟုတ်ပါတယ်။ တောင်ပိုင်းကို စေလွှတ်ဖို့ အကောင်းဆုံး လူကတော့ ကျုပ်ရဲ့အဖေ အောက်ရှင်း ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကာကွယ်ရေး တပ်ဖွဲ့ကို သူ တည်ထောင်ခဲ့တာ ဖြစ်လို့ သူတို့က ကျုပ်ရဲ့ အဖေကို ယုံကြည်ကြလို့ပါ။”
ထိုအချိန်တွင် စာကြည့်ခန်းထဲမှ လူငယ်က အေးစက်စွာဖြင့် ပြောလိုက်၏။ “အောက်ယွီ… ခင်ဗျားက တကယ် တွက်ချက်တတ်တာပဲ။ အဲဒီလို လုပ်လိုက်ရင် ခင်ဗျားရဲ့အဖေ အသက်ရှင်ရုံတင် မကဘူး၊ နဂါး ရေထဲ ရောက်သွားသလို ဖြစ်သွားမှာပေါ့။ အနာဂတ်မှာ တောင်ပိုင်းက ကျုပ်တို့ တာ့ကျိုးရဲ့ နယ်မြေ မဟုတ်တော့ဘဲ ခင်ဗျားတို့ အောက်မျိုးနွယ်စုရဲ့ နယ်မြေ ဖြစ်သွားတော့မှာပေါ့။”
ယွင်ကျုံးဟဲ့က ဦးညွတ်ကာ ပြောလိုက်သည်။ “ကျုပ်နဲ့ အမေ၊ ပြီးတော့ ကျုပ်ရဲ့ ညီမ တို့က မြို့တော်မှာ ဓားစာခံအဖြစ် နေခဲ့လို့ ရပါတယ်။”
စာကြည့်ခန်းထဲမှ လူငယ်က အေးစက်စွာ ပြုံးလျက် ပြောလိုက်၏။ “တချို့လူတွေ အတွက်ကတော့ အာဏာ ရဖို့အတွက် ဆွေမျိုးရင်းချာ ဆိုတာ ဘာအရေးပါလို့လဲ။”
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “လူတိုင်းက ရမက်ကြီးပြီး အာဏာ ရဖို့အတွက် ဆွေမျိုးရင်းချာတွေကို စွန့်လွှတ်နိုင်တဲ့ သူတွေ မဟုတ်ပါဘူး။ ကိုယ် မြင်နေရတဲ့အတိုင်း တခြားလူတွေကိုလည်း အဲဒီလိုပဲလို့ မထင်ပါနဲ့။”
ယွင်ကျုံးဟဲ့၏ ဤစကားမှာ အလွန် ရိုင်းစိုင်းလှသည်။ ခင်ဗျားကိုယ်တိုင်က ရမက်ကြီးပြီး အာဏာရဖို့ အတွက် ဆွေမျိုးရင်းချာ အပါအဝင် အရာအားလုံးကို စွန့်လွှတ်နိုင်တဲ့သူ ဖြစ်နေလို့ ကျုပ်အဖေ အောက်ရှင်းကလည်း အဲဒီလို လူမျိုး မဟုတ်ဘူးလို့ တိုက်ရိုက် ပြောလိုက်ခြင်းပင် ဖြစ်၏။
သို့ပေမည့် ထိုလူငယ်က ဒေါသမထွက်ချေ။ အနည်းဆုံးတော့ အပြင်ပန်းတွင် ဒေါသမထွက်ဘဲ ပြုံးလျက် ရှိနေ၏။ သူက ပြောလိုက်သည်။ “အဲဒီအချိန်ကျရင် အောက်ရှင်းက တောင်ပိုင်းမှာ လူရိုင်း စစ်တပ် သိန်းချီကို အုပ်ချုပ်ပြီး သီးခြား ရပ်တည်နေရင် မြို့တော်မှာ ဘယ်သူက ခင်ဗျားတို့ကို သတ်ရဲ၊ ထိရဲတော့မှာလဲ။”
ဤသည်မှာ အလွန် ထိမိသော စကားပင် ဖြစ်၏။
ကျိန့်ဟိုင်ဝမ်၏ သားတော် ကဲ့သို့ပင် မြို့တော်တွင် မည်သူမှ မထိရဲချေ။ မင်းသားကို ပြဿနာ ရှာလျှင်ပင် အကြောင်းမဟုတ်သော်လည်း ကျိန့်ဟိုင်ဝမ်၏ သားတော်ကို ပြဿနာ ရှာမိပါက ဧကရာဇ်မင်းမြတ်၏ သဘောထားမှာ ကျိန့်ဟိုင်ဝမ်၏ သားတော်ဘက်သို့ လုံးဝ ယိမ်းသွားမှာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျိန့်ဟိုင်ဝမ် အိမ်တော်ကို အရေးပေးကြောင်း ပြသလိုသောကြောင့် ဖြစ်သည်။
ယွင်ကျုံးဟဲ့က တုန်ယင်သော အသံဖြင့် ပြောလိုက်၏။ “ဧကရာဇ်မင်းမြတ်… အကယ်၍ ဧကရာဇ်မင်းမြတ် အနေနဲ့ ကျုပ်ရဲ့အဖေ အောက်ရှင်းကို မယုံကြည်ဘူး ဆိုရင် တခြား မင်းသား တစ်ပါးပါးကို အမိန့်တော် ဖတ်ကြားဖို့ စေလွှတ်နိုင်ပါတယ်။
ဒါပေမဲ့ သေချာပေါက် တစ်ယောက်တည်း သွားရပါမယ်။ စစ်တပ် ခေါ်သွားလို့ မရပါဘူး။ အခုလို အချိန်မျိုးမှာ ပုန်ကန်နေတယ် ဆိုတဲ့ လူရိုင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို နှစ်သိမ့်ဖို့ပဲ ရပါမယ်။ နှိမ်နင်းလို့ မရပါဘူး။ ဧကရာဇ်မင်းမြတ်က အတင်း နှိမ်နင်းမယ်ဆိုရင် သူတို့ရဲ့ ပုန်ကန်ချင်တဲ့ စိတ်ဆန္ဒကို ပိုပြီး ခိုင်မာသွားစေမှာပါ။”
ထိုအချိန်တွင် ဧကရာဇ်မင်းမြတ်က နောက်ဆုံးတွင် စကားပြောလာသည်။
“အောက်ယွီ… ခင်ဗျား ပြောတဲ့ နှစ်သိမ့်တယ် ဆိုတာက အဓိကတော့ ငါကိုယ်တော်ကို ဒီလူရိုင်းတွေ ရှေ့မှာ အလျှော့ပေးခိုင်းတာ မဟုတ်လား။”
ဧကရာဇ် ဝမ်ယွင်က အေးစက်သော အသံဖြင့် ပြောလိုက်၏။ “ငါကိုယ်တော်က အဲဒီလောက် မပျော့ညံ့ဘူး။ အောက်ယွီ... ခင်ဗျားက ငါကိုယ်တော်ကို အရမ်း စိတ်ပျက်စေတယ်။ လူလာစမ်း… ဒီလူကို မောင်းထုတ်ပြီး ဟေးပင်းထိုင် ထောင်ထဲကို ထည့်လိုက်...”
ဧကရာဇ် ဝမ်ယွင်၏ အမိန့်အရ မိန်းမစိုး အချို့ ရှေ့ထွက်လာပြီး ယွင်ကျုံးဟဲ့ကို တိုက်ရိုက် ဆွဲခေါ်ကာ ဟေးပင်းထိုင်၏ ထောင်ထဲသို့ ပစ်ထည့်လိုက်ကြလေသည်။
ယခုအခါ ယွင်ကျုံးဟဲ့၏ အကြံပြုချက်မှာ ကျရှုံးသွားခဲ့ပြီ ဖြစ်သည်။ သူသည် ဤဧကရာဇ်မင်းမြတ်၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနှင့် မာနကို အထင်သေးခဲ့မိ၏။
ထို့အပြင် တောင်ပိုင်းသို့ စစ်ချီမည့် မဟာဗျူဟာ တစ်ခုလုံးမှာ ဧကရာဇ်ဟောင်း ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဧကရာဇ် ဝမ်ယွင်သည် အသေးစိတ် ပါဝင်ပတ်သက်ခဲ့ခြင်း မရှိချေ။
ထို့ကြောင့် ဧကရာဇ် ဝမ်ယွင်၏ အမြင်တွင် တောင်ပိုင်း လူရိုင်းများကို အလွန်အမင်း ရွံရှာမုန်းတီးပြီး အားလုံးကို သတ်ဖြတ်ပစ်လိုနေ၏။ ထို့အပြင် ယခင်က အင်ပါယာ စစ်တပ်များ တောင်ပိုင်း လူရိုင်းဒေသကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သည်။
ယခုအခါ တောင်ပိုင်း လူရိုင်းဒေသ အများစုမှာ အင်ပါယာ၏ လက်အောက်တွင် ရှိနေပြီး ပြည်နယ် အနည်းငယ်သာ သူပုန်များ လက်အောက်သို့ ကျရောက်နေခြင်း ဖြစ်သောကြောင့် စစ်တပ် အင်အား နှစ်သိန်းခန့် စေလွှတ်လိုက်ပါက လေဆင်နှာမောင်း တိုက်ခတ်သကဲ့သို့ အလွယ်တကူ နှိမ်နင်းနိုင်ပြီး ပြဿနာကို အပြီးတိုင် ဖြေရှင်းနိုင်မည်ဟု သူ ထင်မြင်နေ၏။
အမှန်တကယ်တော့ ဧကရာဇ် ဝမ်ယွင်၏ ဤတုံ့ပြန်မှုမှာ အလွန် သဘာဝကျသည်။ အာဏာစက် ပြင်းထန်သော ဧကရာဇ် တစ်ပါး အနေဖြင့် လူရိုင်းများကို မည်သို့ အလျှော့ပေးနိုင်မည်နည်း။
ထို့အပြင် ယွင်ကျုံးဟဲ့၏ အကြံပြုချက်မှာ အပြင်ပန်းတွင် ကြည့်လျှင် မကောင်းသော ရည်ရွယ်ချက် ရှိနေပုံ ရသည်။
သာမန် လူများ၏ အမြင်တွင် နုလန်ဟောက် အောက်ရှင်းကို တောင်ပိုင်းသို့ ပုန်ကန်မှု နှိမ်နင်းရန် စေလွှတ်ခြင်းမှာ ကျားကို တောထဲသို့ ပြန်လွှတ်ပေးခြင်းပင် ဖြစ်၏။
အောက်ရှင်း သည် တာ့ကျိုးအင်ပါယာအပေါ် အလွန် သစ္စာရှိသည်ဟု ပြောသော်လည်း ဧကရာဇ် တစ်ပါး အနေဖြင့် အယုံကြည်ရဆုံး အရာမှာ လူတို့၏ စိတ်ပင် ဖြစ်သည်။
ထို့ကြောင့် ယွင်ကျုံးဟဲ့ သည် ဟေးပင်းထိုင် ထောင်ထဲသို့ ရောက်ရှိသွားပြီး အမှောင်ထုထဲတွင် နေထိုင်ရလေတော့၏။
အင်ပါယာ တစ်ခုလုံးက စစ်တပ်များကို ဆက်လက် စုရုံးနေဆဲ ဖြစ်ပြီး ကိုယ်ရံတော် တပ်များကလည်း မြို့တော်သို့ ဆက်လက် စုရုံးနေကြဆဲ ဖြစ်သည်။
အင်ပါယာ တစ်ခုလုံး၏ ပြည်သူ့အသံများကလည်း တိုက်ခိုက် သတ်ဖြတ်ရန်သာ အော်ဟစ်နေကြဆဲ ဖြစ်သည်။ အရာအားလုံးက ယွင်ကျုံးဟဲ့၏ လမ်းစဉ်နှင့် ဆန့်ကျင်ဘက် ဖြစ်နေ၏။
ထို့အပြင် ပို၍ အန္တရာယ်များသော လက္ခဏာ တစ်ရပ်လည်း ရှိနေသေး၏။ ဤတစ်ကြိမ် တောင်ဘက်သို့ ပုန်ကန်မှု နှိမ်နင်းရန် ချီတက်မည့် စစ်တပ်၏ စစ်သေနာပတိအဖြစ် ရေပန်းအစားဆုံး လူမှာ ယုံချန်ဟောက် ဖူယန်ထူ ပင်ဖြစ်သည်။
ဤသူသည် ယခင်က တောင်ပိုင်း စစ်သေနာပတိရုံး၏ ဒုတိယ စစ်သေနာပတိ ဖြစ်ခဲ့ဖူးပြီး နုလန်ဟောက် အောက်ရှင်း၏ လက်ထောက် ဖြစ်ခဲ့ဖူးသည်။ သူသည်လည်း နာမည်ကျော် စစ်သူကြီး တစ်ဦး ဖြစ်သော်လည်း အောက်ရှင်း၏ အဓိက ရန်သူလည်း ဖြစ်၏။
အကြောင်းရင်းမှာ ယခင်က တောင်ပိုင်း လူရိုင်းဒေသတွင် စစ်တိုက်စဉ်က ဤ ယုံချန်ဟောက် သည် သတ်ဖြတ်ရေး လမ်းစဉ်ကို လက်ကိုင်ထားသူဖြစ်ပြီး ရွာတစ်ရွာ သို့မဟုတ် မြို့တစ်မြို့ကို သိမ်းပိုက်ပြီးတိုင်း ရက်ရက်စက်စက် သတ်ဖြတ်လေ့ ရှိကာ မြို့လုံးကျွတ် သတ်ဖြတ်မှုများကိုပင် ပြုလုပ်လေ့ ရှိသောကြောင့် ဖြစ်သည်။
အောက်ရှင်းမှာမူ အုပ်ချုပ်ရေး လမ်းစဉ်ကို လက်ကိုင်ထားသူ ဖြစ်၏။ စစ်တိုက်ရာတွင် သူသည် အလွန် ကြမ်းတမ်းပြီး သံမဏိလို မာကျောသော်လည်း သိမ်းပိုက်ပြီးနောက်တွင်မူ အနည်းငယ် ပျော့ပြောင်းသော နည်းလမ်းများဖြင့် အုပ်ချုပ်လေ့ ရှိသည်။ အရင်ဆုံး ကြောက်လန့်သွားအောင် တိုက်ခိုက်ပြီးမှ အနည်းငယ် နှစ်သိမ့်ပေးကာ နာခံလာအောင် ပြုလုပ်လေ့ ရှိ၏။
အဘယ်ကြောင့်ဆိုသော် အောက်ရှင်း၏ အမြင်တွင် ဤ လူရိုင်းများ အားလုံးသည် အနာဂတ်တွင် တာ့ကျိုး နိုင်ငံသားများ ဖြစ်လာမည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ခန့်က ယခု တာ့ကျိုးအင်ပါယာ၏ နယ်မြေများ အားလုံးသည်လည်း လူရိုင်းများ နေထိုင်ရာ ဒေသများသာ ဖြစ်ခဲ့သည်။
အချို့သော မျိုးနွယ်စုများကို ကိုယ့်လူမျိုးအဖြစ် ပြောင်းလဲ၍ မရနိုင်သော်လည်း အချို့သော မျိုးနွယ်စုများကိုမူ ပြောင်းလဲ၍ ရနိုင်၏။
အောက်ရှင်း၏ အမြင်တွင် ဤလူရိုင်းများ၏ ယုံကြည်ကိုးကွယ်မှုများမှာ ရှုပ်ထွေးနေပြီး တွေးခေါ်မှုများမှာ ရိုးရှင်းကာ ခေါင်းထဲတွင် ဘာမှ မရှိသောကြောင့် ကိုယ့်လူမျိုးအဖြစ် ပြောင်းလဲရန် အလွယ်ကူဆုံးသော လူစု ဖြစ်သည်။ သူတို့၏ ကြမ်းတမ်း ရက်စက်မှုများမှာ နေထိုင်ရာ ပတ်ဝန်းကျင်၏ ဖိအားကြောင့်သာ ဖြစ်သည်။
ထို့ကြောင့် ယုံချန်ဟောက် ဖူယန်ထူ မြို့လုံးကျွတ် သတ်ဖြတ်ပြီးနောက် အောက်ရှင်း ဒေါသထွက်ကာ လူအများရှေ့တွင် သူ့ကို ကြိမ်ဒဏ် အချက်ငါးဆယ် ရိုက်ခဲ့၏။
ယုံချန်ဟောက် ဖူယန်ထူ သည် မိမိကိုယ်ကို အရှက်ကွဲသည်ဟု ခံစားခဲ့ရ၏။ ထို့အပြင် သူ့တွင် အခြား ဂုဏ်ပုဒ် တစ်ခုလည်း ရှိသေး၏။ သူ၏ ညီမမှာ ထိုအချိန်က အိမ်ရှေ့စံမင်းသား၏ ကိုယ်လုပ်တော် ဖြစ်သည်။
ထို့ကြောင့် သူတို့ နှစ်ဦး၏ ပြဿနာမှာ ဧကရာဇ်ဟောင်း ထံသို့ ရောက်ရှိသွားခဲ့သည်။ တောင်ပိုင်း စစ်သေနာပတိရုံးတွင် သူတို့ နှစ်ဦး အပြိုင်အဆိုင် ဖြစ်နေပြီး တစ်ယောက်ရှိလျှင် အခြား တစ်ယောက် မရှိနိုင်သော အခြေအနေ ဖြစ်နေ၏။
နောက်ဆုံးတွင် ဧကရာဇ်ဟောင်းက အောက်ရှင်းကို ရွေးချယ်ခဲ့ပြီး ဖူယန်ထူကို တောင်ပိုင်း စစ်သေနာပတိ ရုံးမှ အနောက်ဘက်သို့ ပြောင်းရွှေ့ကာ တာ့လျန်နိုင်ငံကို ရင်ဆိုင်ရန် အနောက်ပိုင်း စစ်သေနာပတိ အဖြစ် ခန့်အပ်ခဲ့သည်။
အောက်ရှင်း သည် အဆင့်တစ် စစ်သူကြီးချုပ် ဖြစ်ပြီး ဖူယန်ထူ သည် အဆင့်သုံး စစ်သူကြီးချုပ် ဖြစ်သောကြောင့် ရာထူး အဆင့် နှစ်ဆင့် ကွာခြားနေသည်။ ထို့အပြင် ဖူယန်ထူတွင် ဒုတိယ မင်းသား၏ ဦးလေး ဟူသော အခြား ဂုဏ်ပုဒ် တစ်ခုလည်း ရှိသေး၏။
အကယ်၍ ဧကရာဇ်မင်းမြတ်က ဤ ဖူယန်ထူကို တောင်ပိုင်း ပုန်ကန်မှု နှိမ်နင်းရေး စစ်သေနာပတိ အဖြစ် ခန့်အပ်လိုက်ပါက ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည်။ လုံးဝ သတ်ဖြတ်ရေး လမ်းစဉ်ကို လက်ကိုင်ထားပြီး တောင်ပိုင်း လူရိုင်းများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်တော့မှာဖြစ်သည်။
အကယ်၍ ဤ ဖူယန်ထူသာ ရာထူးတက်လာပြီး တောင်ပိုင်း စစ်တပ်၏ စစ်သေနာပတိ ဖြစ်လာပါက အောက်ရှင်း မိသားစု တစ်ခုလုံး သေချာပေါက် သေရမှာဖြစ်၏။
ထို့အပြင် မျှော်လင့်ထားသည့် အတိုင်းပင် ဤ ဖူယန်ထူ စစ်သူကြီးမှာ အမတ်ချုပ်ကြီးလင်၏ အုပ်စုက ထောက်ခံနေသော စစ်တပ် ခေါင်းဆောင် တစ်ဦး ဖြစ်လာနိုင်သည်။ ဤတောင်ပိုင်း ပုန်ကန်မှု နှိမ်နင်းရေး စစ်ပွဲကို အသုံးပြု၍ စစ်တပ် ခေါင်းဆောင် တစ်ဦးကို မွေးထုတ်ရန် ကြိုးစားနေခြင်းလည်း ဖြစ်နိုင်သည်။
ဤ ဖူယန်ထူ စစ်သူကြီးကို အချိန်တို အတွင်း အောက်ရှင်း၏ နေရာတွင် အစားထိုးကာ စစ်တပ်၏ နံပါတ်တစ် စစ်သေနာပတိအဖြစ် ခန့်အပ်ပြီး မှူးမတ်များ၏ ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်ရန် ဖြစ်၏။
သို့ပေမည့် ဤမှူးမတ်များ၏ ခေါင်းဆောင်သစ်မှာ အရပ်ဖက် အရာရှိ အုပ်စုနှင့် ပူးပေါင်းနေပြီ ဖြစ်ကြောင်းကို မသိရှိကြချေ။
...............................
အပိုင်း (၃၂၂)
အချိန်များ တစ်နေ့ပြီး တစ်နေ့ ကုန်ဆုံးသွားပြီး မြို့တော် ပတ်ဝန်းကျင်တွင် စုရုံးနေသော ကိုယ်ရံတော် တပ်များမှာ တဖြည်းဖြည်း များပြားလာသည်။
စစ်ပွဲ၏ အငွေ့အသက်များ ပိုမို ပြင်းထန်လာပြီး အောက်ရှင်း မိသားစု တစ်ခုလုံးလည်း သေမင်းတံခါးဝနှင့် ပိုမို နီးကပ်လာသည်။
ဟေးပင်းထိုင် ထောင်ထဲတွင် ယွင်ကျုံးဟဲ့က ဦးနှောက်ကို အစွမ်းကုန် ညှစ်ထုတ်၍ ဆက်လက် စဉ်းစားနေဆဲ ဖြစ်၏။ ဧကရာဇ်မင်းမြတ်ကို အကြံပြုရန် ကျရှုံးခဲ့သော်လည်း သူ လွယ်လွယ်ဖြင့် လက်မလျှော့လိုချေ။
ဤအတိုင်း လက်လျှော့လိုက်ပါက သူတို့ မိသားစု တစ်ခုလုံး သေဆုံးရမှာဖြစ်ပြီး စစ်ပွဲ စတင်သည့် အခမ်းအနားတွင် သတ်ဖြတ်ခံရကာ သေပြီးနောက်တွင်လည်း သမိုင်းတွင် နာမည်ဆိုးဖြင့် ကျန်ရစ်မှာ ဖြစ်သည်။
ဧကရာဇ်မင်းမြတ်၏ လမ်းကြောင်းက အဆင်မပြေတော့သောကြောင့် အခြား လမ်းကြောင်း တစ်ခုကို ရှာဖွေရမှာဖြစ်၏။
ဧကရာဇ်ဟောင်း - လက်ရှိ အချိန်တွင် အခြေအနေကို ပြောင်းလဲနိုင်သူ၊ ဧကရာဇ်မင်းမြတ်၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်သူမှာ ဧကရာဇ်ဟောင်း တစ်ပါးတည်းသာ ရှိသည်။
သို့ပေမည့် ဧကရာဇ်ဟောင်းသည် နန်းဆောင် အတွင်း၌ နေထိုင်ပြီး မည်သူနှင့်မှ မတွေ့ဆုံဘဲ နန်းဆောင် တံခါးကို ပိတ်ထားကာ မည်သည့် သတင်းမှလည်း ဝင်ရောက်၍ မရနိုင်ချေ။
ယခုအခါ ယွင်ကျုံးဟဲ့ သည် ဟေးပင်းထိုင် ထောင်ထဲတွင် အကျဉ်းကျနေသောကြောင့် ဧကရာဇ်ဟောင်း နှင့်တွေ့ဆုံရန် ပို၍ပင် မဖြစ်နိုင်တော့ပေ။
လက်ရှိ တောင်ပိုင်းကျိုးအင်ပါယာတွင် ဧကရာဇ်ဟောင်းနှင့် တွေ့ဆုံနိုင်သူ နှစ်ဦးသာ ရှိသည်။ တစ်ဦးမှာ လက်ရှိ ဧကရာဇ် ဝမ်ယွင် ဖြစ်ပြီး အခြားတစ်ဦးမှာ လျှို့ဝှက်ဆန်းကြယ်သော မင်းသမီး ရှန်ရှန်း ဖြစ်၏။
ဧကရာဇ်ဟောင်း အချစ်ဆုံးသူမှာ မင်းသမီး ရှန်ရှန်း ဖြစ်ပြီး သူမသည် အချိန်အများစုကို နန်းဆောင် အတွင်း၌ အဘိုး ဖြစ်သူနှင့်အတူ နေထိုင်လေ့ ရှိသည်။
တစ်ခါတစ်ရံမှသာ မင်းသမီး ရှန်ရှန်းသည် နန်းဆောင်မှ ထွက်လာပြီး ဖခင်ဖြစ်သူ ဧကရာဇ် ဝမ်ယွင်နှင့် သွားရောက်တွေ့ဆုံလေ့ ရှိ၏။
ထို့ကြောင့် ဤမင်းသမီး ရှန်ရှန်းသည် ဧကရာဇ် နှစ်ပါးအကြား ဆက်သွယ်ပေးသော တံတားတစ်စင်း ဖြစ်ပြီး ဧကရာဇ် နှစ်ပါး၏ အချစ်တော်လေးလည်း ဖြစ်သည်။
ထို့ကြောင့် ယခုအချိန်တွင် အခြေအနေကို ပြောင်းလဲနိုင်သူမှာ ဤလျှို့ဝှက်ဆန်းကြယ်သော မင်းသမီး ရှန်ရှန်း တစ်ဦးတည်းသာ ရှိ၏။
သို့ပေမည့် အရေးကြီးသည်မှာ ဟေးပင်းထိုင် ထောင်ထဲတွင် အကျဉ်းကျနေသော ယွင်ကျုံးဟဲ့ အနေဖြင့် မည်သို့လုပ်၍ ဤဂုဏ်သိက္ခာကြီးမားပြီး လျှို့ဝှက်ဆန်းကြယ်သော မင်းသမီး ရှန်ရှန်းနှင့် အဆက်အသွယ် ပြုလုပ်နိုင်မည်နည်း။
..............................
တာယင်အင်ပါယာ နန်းတော်အတွင်း၌ တာယင် ဧကရာဇ်က လျှို့ဝှက် အစည်းအဝေး တစ်ခုကို ခေါ်ယူ ခဲ့သည်။
အစည်းအဝေး တက်ရောက်သူ နှစ်ဦးသာရှိပြီး ဟေးလုံထိုင် စစ်သူကြီးချုပ် ကုန်းဆွန်းယန်နှင့် ဟေးလုံထိုင် အနောက်တောင်ပိုင်း တပ်မှူး ဖုန်းရှင်းမြဲ့တို့ ဖြစ်ကြ၏။
တာယင်အင်ပါယာသည် သတင်း အချက်အလက်များ ရရှိထားပြီး ဖြစ်၏။ အောက်ရှင်းသည် မကြာမီ ခေါင်းဖြတ်ခံရတော့မှာဖြစ်ပြီး အောက်ယွီလည်း ဟေးပင်းထိုင် ထောင်ထဲတွင် အကျဉ်းကျနေသည်။
တောင်ပိုင်းကျိုးအင်ပါယာ၏ နန်ကျိုးမြို့တွင် ပုန်ကန်မှု ဖြစ်ပွားနေပြီး ပိုမို ပြင်းထန်လာကာ တောင်ပိုင်းကျိုး အင်ပါယာသည် စစ်တပ်များ စုရုံးကာ တောင်ပိုင်းသို့ ပုန်ကန်မှု နှိမ်နင်းရန် ချီတက်တော့မှာဖြစ်ပြီး စစ်သေနာပတိအဖြစ် ဖူယန်ထူက တာဝန်ယူနိုင်ခြေ အများဆုံး ဖြစ်၏။
အစည်းအဝေး ခေါင်းစဉ်မှာ တစ်ခုတည်းသာ ရှိ၏။ အောက်ယွီကို ကယ်တင်သင့်သလား။
ယခု အခြေအနေမှာ အလွန် ရှုပ်ထွေးပြီး ထူးဆန်းသော အနေအထားသို့ ရောက်ရှိနေသည်။ အောက်ယွီကို ကယ်တင်ခြင်းမှာ တာယင်အင်ပါယာ၏ အကျိုးစီးပွားကို ဆန့်ကျင်ရာ ရောက်နိုင်၏။
တောင်ပိုင်းကျိုးအင်ပါယာသည် စစ်တပ်များ စုရုံးကာ တောင်ပိုင်း စစ်သေနာပတိရုံးကို ပြန်လည် ဖွဲ့စည်းပြီး ဖူယန်ထူကို စစ်တပ် ဦးဆောင်ကာ တောင်ပိုင်းသို့ ပုန်ကန်မှု နှိမ်နင်းရန် စေလွှတ်ခြင်းမှာ တာယင်အင်ပါယာ အတွက် အလွန် အကျိုးရှိသည်။
အဘယ်ကြောင့်ဆိုသော် ထိုသို့ လုပ်ဆောင်လိုက်ပါက တောင်ပိုင်းကျိုးအင်ပါယာသည် တောင်ပိုင်း လူရိုင်း စစ်ပွဲ၏ တွင်းနက်ကြီးထဲသို့ ကျဆင်းသွားနိုင်ပြီး တောင်ဘက် အစွန်ဆုံးတွင် ရှိနေသော ကျိန့်ဟိုင်ဝမ်ကလည်း အခွင့်ကောင်းယူကာ ပုန်ကန်လာနိုင်သောကြောင့်ပင်။
ထိုအချိန် ရောက်ပါက တောင်ပိုင်းကျိုးသည် အလွန် အခက်အခဲတွေ့ပြီး အန္တရာယ် အများဆုံး အခြေအနေသို့ ရောက်ရှိသွားမှာဖြစ်သည်။
ထိုအခါ တာယင်အင်ပါယာ၏ စစ်တပ်များ တောင်ဘက်သို့ ချီတက်ကာ တောင်ပိုင်းကျိုးအင်ပါယာကို တိုက်ခိုက်ပါက အလွယ်တကူ အောင်မြင်နိုင်မှာဖြစ်၏။
တောင်ပိုင်း လူရိုင်းသူပုန်များ၊ စီးမိသားစု သူပုန်များနှင့် ပူးပေါင်းကာ တောင်ပိုင်းနှင့် မြောက်ပိုင်း ညှပ်တိုက်ပြီး အကြီးမားဆုံးသော ပြိုင်ဘက် တောင်ပိုင်းကျိုးအင်ပါယာကို အပြီးတိုင် ဖျက်ဆီးပစ်နိုင်မှာဖြစ်သည်။
ထို့ကြောင့် ယခုအခါ အောက်ရှင်းနှင့် အောက်ယွီ တို့ကို သေခွင့်ပြုလိုက်ခြင်း၊ ယွင်ကျုံးဟဲ့ကို စွန့်လွှတ် လိုက်ခြင်းမှာ တာယင်အင်ပါယာအတွက် အကျိုးရှိ၏။
ထိုသို့ဆိုလျှင် ယွင်ကျုံးဟဲ့၏ သူလျှို အစီအစဉ်မှာ ရယ်စရာတစ်ခု ဖြစ်သွားမှာဖြစ်ပြီး စောစီးစွာ အဆုံးသတ် သွားပေလိမ့်မည်။ သူ၏ မိသားစု တစ်ခုလုံး တောင်ပိုင်းကျိုး ဧကရာဇ်၏ ခေါင်းဖြတ် ကွပ်မျက်ခြင်းကို ခံရမှာဖြစ်ပြီး ဤသူလျှို အစီအစဉ် လုံးဝ မရှိခဲ့သကဲ့သို့ ဖြစ်သွားမှာဖြစ်သည်။
ဖုန်းရှင်းမြဲ့က အက်ကွဲသော အသံဖြင့် ပြောလိုက်၏။ “ကျုပ်… ကျုပ်တို့ ဒီသူလျှို အစီအစဉ်ကို စောစော အဆုံးသတ်လိုက်လို့ ရပါတယ်။ ဟေးလုံထိုင်က အတော်ဆုံး လူတွေကို တောင်ပိုင်းကျိုး မြို့တော်ကို လျှို့ဝှက် စေလွှတ်ပြီး ယွင်ကျုံးဟဲ့ကို ကယ်တင်ကာ တာယင်အင်ပါယာကို ပြန်ခေါ်လာလို့ ရပါတယ်။”
ကုန်းဆွန်းယန်က ဖုန်းရှင်းမြဲ့ကို တစ်ချက် စူးရဲစွာ ကြည့်လိုက်ပြီး ဤအကြံပြုချက်မှာ ကလေးဆန်ပြီး အဓိပ္ပာယ် မရှိဟု တွေးလိုက်သည်။
ယွင်ကျုံးဟဲ့မှာ အရေးကြီးသော်လည်း စတုတ္ထ မင်းသား ယင်ချွဲ့ထက် ပို၍ အရေးကြီးသည်လား။
ယခုအခါ ယင်ချွဲ့မှာ တောင်ပိုင်းကျိုးအင်ပါယာ၏ လက်ထဲတွင် ရှိနေဆဲဖြစ်ပြီး တာယင်အင်ပါယာ သည် ယင်ချွဲ့ကို ကယ်တင်ရန် အင်ပါယာ၏ အကျိုးစီးပွားကို လုံးဝ အထိခိုက် မခံခဲ့ချေ။ ထိုသို့ဆိုလျှင် ယွင်ကျုံးဟဲ့ အတွက် ပို၍ပင် မဖြစ်နိုင်တော့ချေ။
အင်ပါယာ၏ အကျိုးစီးပွား အတွက် သာမန် သူလျှို တစ်ဦးကို စွန့်လွှတ်လိုက်ခြင်းက အရေးမပါလှပေ။
ဖုန်းရှင်းမြဲ့က တုန်ယင်သော အသံဖြင့် ဆက်ပြောလိုက်သည်။ “အဲဒီတုန်းက ယွင်ကျုံးဟဲ့က တောင်ပိုင်းကျိုး အင်ပါယာကို သူလျှိုအဖြစ် သွားဖို့ လုံးဝ ငြင်းဆန်လို့ ရခဲ့ပါတယ်။ ဒါပေမဲ့ သူက အင်ပါယာရဲ့ အကျိုးစီးပွား အတွက် သတ္တိရှိရှိ သွားရောက်ခဲ့တာပါ။ အခု ကျုပ်တို့က သူ့ကို အလကား သေခွင့်ပြုလိုက်ရမှာလား။ အဲဒီလို လုပ်လိုက်ရင် ကျုပ်တို့ရဲ့ မူဝါဒတွေနဲ့ ဆန့်ကျင်နေမှာ မဟုတ်ဘူးလား။”
ဧကရာဇ် နှင့် ကုန်းဆွန်းယန်တို့က ဆက်လက် တိတ်ဆိတ်နေဆဲ ဖြစ်၏။
ဖုန်းရှင်းမြဲ့က ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။ “ဧကရာဇ်မင်းမြတ်၊ စစ်သူကြီးချုပ်… ဒီကိစ္စကို ကျုပ်တို့ အနောက်တောင်ပိုင်း တပ်မှူးရုံးက တာဝန်ယူ လုပ်ဆောင်ပါရစေ။”
ကုန်းဆွန်းယန်က အော်လိုက်၏။ “အဓိပ္ပာယ် မရှိတာ။ ခင်ဗျားတို့ အနောက်တောင်ပိုင်း တပ်မှူးရုံးက ဟေးလုံထိုင်ရဲ့ လက်အောက်မှာ မရှိဘူးလား။ အင်ပါယာရဲ့ လက်အောက်မှာ မရှိဘူးလား။ အင်ပါယာရဲ့ အကျိုးစီးပွားရှေ့မှာ မည်သူ့ကိုမဆို စွန့်လွှတ်နိုင်တယ်။ ခင်ဗျားနဲ့ ကျုပ် အပါအဝင်၊ ယွင်ကျုံးဟဲ့ လည်း အပါအဝင်ပေါ့။”
တာယင် ဧကရာဇ်က လက်ထဲရှိ ကျောက်စိမ်းတုံး တစ်တုံးကိုကစားနေပြီး ကျောက်စိမ်းတုံးပေါ်ရှိ ပန်းပု လက်ရာများကို အလွန်အမင်း သဘောကျနေပုံ ရကာ ဖုန်းရှင်းမြဲ့၏ စကားကို လုံးဝ မကြားသကဲ့သို့ ဖြစ်နေသည်။
ထိုမျှမက ကျောက်စိမ်းတုံးကို မျက်စိနားသို့ကပ်ကာ မီးရောင်ဖြင့်ပင် ကြည့်ရှုနေသေးသည်။ အချိန်အတန်ကြာ ကြည့်ရှုပြီးနောက် ဧကရာဇ်က ထရပ်ကာ ထွက်ခွာသွားလေ၏။
“ကယ်မယ်။” ဧကရာဇ်က တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။
ချက်ချင်းပဲ ဖုန်းရှင်းမြဲ့က ခါးညွှတ်ကာ ပြောလိုက်၏။ “အမိန့်တော် အတိုင်းပါ ဧကရာဇ်မင်းမြတ်။ ကျုပ် ချက်ချင်း ကယ်တင်ရေး အစီအစဉ်ကို စတင်ပါ့မယ်။”
“မဟုတ်ဘူး။ ခင်ဗျားပြောတဲ့ကယ်တင်ရေး မဟုတ်ဘူး။”
ဧကရာဇ်က ပြောလိုက်သည်။ “ခင်ဗျားပြောတဲ့ ကယ်တင်ရေး ဆိုတာက ဟေးလုံထိုင်က အတော်ဆုံး လူတွေ အများကြီးကို စတေးပြီး ထောင်ဖောက်ဖို့၊ ယွင်ကျုံးဟဲ့ကို တောင်ပိုင်းကျိုး ဟေးပင်းထိုင် ထောင်ထဲကနေ ကယ်ထုတ်ဖို့၊ ဒါမှမဟုတ် လမ်းမှာ ဖြတ်လုဖို့ လောက်ပဲ ရှိတာပါ။”
ဖုန်းရှင်းမြဲ့ အံ့အားသင့်သွားကာ မေးလိုက်၏။ “ဒါဆို ဧကရာဇ်မင်းမြတ်ရဲ့ သဘောထားက”
ဧကရာဇ်က ပြောလိုက်သည်။ “ပိုပြီး အဆင့်မြင့်တဲ့ ကယ်တင်ရေးမျိုးပေါ့။ ယွင်ကျုံးဟဲ့ရဲ့ အသက်ကို ကယ်တင်ရုံတင် မကဘူး၊ အောက်ရှင်းကိုပါ ကယ်တင်နိုင်ရင် အကောင်းဆုံးပဲ။ ယွင်ကျုံးဟဲ့ကို ဒီသူလျှို အစီအစဉ် ဆက်ပြီး အကောင်အထည်ဖော်ခွင့် ပေးလိုက်…”
ဟေးလုံထိုင် စစ်သူကြီးချုပ် ကုန်းဆွန်းယန်က ထောက်ပြလိုက်၏။ “ဧကရာဇ်မင်းမြတ်… အဲဒီလို လုပ်လိုက်ရင် ပေးဆပ်ရမယ့် တန်ဖိုးက အရမ်း ကြီးမားပါလိမ့်မယ်။ ကျုပ်တို့ အနေနဲ့ မရေမတွက်နိုင်တဲ့ ပစ္စည်းတွေနဲ့ အင်အားတွေကို ထုတ်သုံးပြီး မဟာဗျူဟာမြောက် ခြိမ်းခြောက်မှုတွေ လုပ်ရပါလိမ့်မယ်။ ကျုပ်တို့ရဲ့ တခြား သူလျှိုတွေလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ တိုက်ခိုက်မှုမျိုးတွေ လုပ်ရပါလိမ့်မယ်။
ပြီးတော့ အောက်ရှင်းကို ကယ်တင်လိုက်တာက ကျုပ်တို့ တာယင်အင်ပါယာရဲ့ အကျိုးစီးပွားကို ထိခိုက်စေနိုင်ပါတယ်။ တောင်ပိုင်းကျိုးအင်ပါယာကို တောင်ပိုင်းလူရိုင်း စစ်ပွဲရဲ့ တွင်းနက်ကြီးထဲကို တွန်းပို့လိုက်တာကမှ ကျုပ်တို့ရဲ့ အကျိုးစီးပွားနဲ့ အကိုက်ညီဆုံးပါ။ အဲဒီအတွက် ယွင်ကျုံးဟဲ့ကို စတေးရမယ် ဆိုရင်တောင် တန်ပါတယ်။”
တာယင် ဧကရာဇ်က တည်ငြိမ်စွာဖြင့် အမိန့်ပေးလိုက်သည်။ “ငါကိုယ်တော် မြင်တဲ့ အကျိုးစီးပွားနဲ့ ခင်ဗျား မြင်တဲ့ အကျိုးစီးပွားက နည်းနည်းလေး ကွာခြားနေပါတယ်။ ဒီအတိုင်းပဲ လုပ်လိုက်ပါ။ ယွင်ကျုံးဟဲ့ ကယ်တင်ရေး အစီအစဉ်ကို စတင်လိုက်ပါ။ ဘယ်လို တန်ဖိုးမျိုး ပေးဆပ်ရပါစေ၊ ပေးဆပ်လိုက်ပါ။”
“အမိန့်တော် အတိုင်းပါ။” ကုန်းဆွန်းယန်က ခါးညွှတ်ကာ ပြောလိုက်၏။
အခြားအမတ် တစ်ဦးဦးသာ ဧကရာဇ်ထံမှ ထိုသို့သော စကားမျိုးကို ကြားလိုက်ရပါက အလွန် ထိတ်လန့်သွားမှာ ဖြစ်သော်လည်း ကုန်းဆွန်းယန်မှာမူ အလွန် တည်ငြိမ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူနှင့် ဧကရာဇ် အကြားရှိ ယုံကြည်မှုမှာ လုံးဝ ခိုင်မာသောကြောင့်ပင်။
ပြောပြီးနောက် တာယင် ဧကရာဇ်က ထွက်ခွာသွားပြီး မည်သည့် အပိုစကားမှ မပြောတော့ချေ။
တာယင် ဧကရာဇ်၏ စိတ်ကူးကို မည်သူမှ မခန့်မှန်းနိုင်သော်လည်း အနည်းဆုံးတော့ ယခုအချိန်တွင် သူသည် အလွန် တောက်ပနေပြီး အတိုင်းအဆ မရှိသော ဆွဲဆောင်မှု ရှိနေသည်။
တာယင် ဧကရာဇ်၏ အမိန့် ထွက်ပေါ်လာပြီးနောက် ရက်အနည်းငယ် အကြာတွင် အင်အားကြီးမားသော လျှို့ဝှက် ရေတပ်ကြီး တစ်ခုက တာယင်အင်ပါယာ ရေပိုင်နက်မှ တောင်ဘက်သို့ ထွက်ခွာသွားလေ၏။
တစ်ချိန်တည်းမှာပင် တာယင်အင်ပါယာ အနောက်တောင်ပိုင်းရှိ ပြည်နယ်အချို့မှ စစ်တပ် အင်အား နှစ်သိန်းကျော် စတင် စုရုံးလာပြီး လျှို့ဝှက်စွာ စစ်ချီကာ ပိုင်ရှင်မဲ့နယ်မြေသို့ ဝင်ရောက်လာကြ၏။ ယခုအခါ ထိုနေရာကို ချင်တုန်းနှင့် ချင်ရှီး ပြည်နယ်နှစ်ခုအဖြစ် သတ်မှတ်သင့်ပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပဲ တောင်ပိုင်းကျိုးအင်ပါယာ မြို့တော် အတွင်း၌ အဆင့်မြင့် တာယင်အင်ပါယာ ဟေးလုံထိုင် သူလျှိုတစ်ဦးက အမိန့် တစ်ခုကို လက်ခံရရှိလိုက်သည်။ သူ့ကို စစ်ဆင်ရေး တစ်ခု လုပ်ဆောင်ရန် အမိန့်ပေးလိုက်ခြင်း ဖြစ်၏။
ထိုစစ်ဆင်ရေးမှာ တောင်ပိုင်းကျိုး အစိုးရ၏ အချက်အချာ နေရာတွင် အခြား နျူကလီးယားဗုံးတစ်လုံးကို ဖောက်ခွဲလိုက်ခြင်းပင် ဖြစ်သည်။
ထိုနျူကလီးယားဗုံးက တောင်ပိုင်းကျိုး အစိုးရ တစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေမှာဖြစ်၏။
.......................
ဟေးပင်းထိုင် ထောင်ထဲရှိ ယွင်ကျုံးဟဲ့ သည်လည်း ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရန်၊ အောက်ရှင်းကို ကယ်တင်ရန်နှင့် မင်းသမီး ရှန်ရှန်းကို သွေးဆောင်ရန် နည်းလမ်းများကို အစွမ်းကုန် ကြံစည်နေသည်။
တာယင်အင်ပါယာ၏ လုပ်ဆောင်ချက်များကို သူ လုံးဝ မသိရှိသလို မည်သည့် မျှော်လင့်ချက်မှလည်း မထားရဲချေ။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့ကို စတေးလိုက်ခြင်း၊ အောက်ရှင်းကို စတေးလိုက်ခြင်းမှာ တာယင်အင်ပါယာအတွက် အကျိုးရှိကြောင်း သူကိုယ်တိုင်လည်း သိရှိနေသောကြောင့်ပင်။
ထိုအတွက် သူ အပြစ်လည်း မတင်ချေ။ အင်ပါယာ၏ အကျိုးစီးပွားအတွက် တာယင်အင်ပါယာသည် စတုတ္ထ မင်းသား ယင်ချွဲ့ကိုပင် မကယ်တင်ခဲ့ရာ သူကဲ့သို့ သာမန် သူလျှို တစ်ဦး အတွက်ဆိုလျှင် ပို၍ပင် မဖြစ်နိုင်တော့ချေ။
ယွင်ကျုံးဟဲ့ တစ်ဦးကို စတေးလိုက်ခြင်းမှာ ပိုးဟပ် တစ်ကောင် သေသွားခြင်းနှင့် အတူတူပင်ဖြစ်ပြီး တာယင်အင်ပါယာ အနေဖြင့် မည်သည့်အရာမှ မဖြစ်ခဲ့သကဲ့သို့ နေနိုင်သည်။
သို့ပေမည့် တာယင်အင်ပါယာက သူ့ကိုကယ်တင်ရန် အစီအစဉ် စတင်နေပြီဖြစ်ပြီး မရေမတွက်နိုင်သော မဟာဗျူဟာမြောက် အရင်းအမြစ်များကို ထုတ်သုံးနေပြီ ဖြစ်ကြောင်းကို သူ လုံးဝ မသိရှိချေ။
မကြာမီ တာယင်အင်ပါယာ၏ကယ်တင်ရေး အချက်ပြမှုကို သူ လက်ခံရရှိတော့မှာဖြစ်သည်။
တောင်ပိုင်းကျိုး အစိုးရ၏ အချက်အချာ နေရာတွင် မကြာမီ နျူကလီးယား ဗုံးတစ်လုံး ပေါက်ကွဲတော့မှာ ဖြစ်၏။
.......................