← Chapters

အခန်း (၃၂၃-၃၂၄)

Vol. 28 Ch. 323-324

အခန်း (၃၂၃-၃၂၄)

Vol. 28 Ch. 323-324

အပိုင်း (၃၂၃)

ဤကမ္ဘာရှိ စုံစမ်းစစ်ဆေးရေး ရုံးတော်သည် သမိုင်းထဲရှိ ဟန်နှင့် ထန်ခေတ်များနှင့် အနည်းငယ် ကွာခြားပြီး ပိုမို ကြီးမားကျယ်ပြန့်သည်။

ဦးဆောင်သူ အကြီးအကဲမှာ အဆင့်နှစ် အရာရှိကြီး ဖြစ်ပြီး ဝန်ကြီးများနှင့် အဆင့်တူညီ၏။

ထိုအောက်တွင် လက်ဝဲနှင့် လက်ယာ စုံစမ်းစစ်ဆေးရေး အမတ်ကြီး နှစ်ဦးရှိပြီး အဆင့်သုံး ဖြစ်ကာ ဒု-ဝန်ကြီး များနှင့် အဆင့်တူညီသည်။ ထိုအောက်တွင် လက်ဝဲနှင့် လက်ယာ ဒု-အမတ်ကြီး နှစ်ဦး ရှိသေး၏။ ထိုလူငါးဦးက စုံစမ်းစစ်ဆေးရေး ရုံးတော်၏ ခေါင်းဆောင်ပိုင်း ဖြစ်သည်။

ဟူယုံး သည် လက်ဝဲ ဒု-အမတ်ကြီး ဖြစ်ပြီး စုံစမ်းစစ်ဆေးရေး ရုံးတော်၏ နံပါတ်လေး ခေါင်းဆောင် ဖြစ်၏။ အာဏာအရ ကြည့်လျှင် ထိပ်တန်း မဟုတ်သော်လည်း ရာထူး အဆင့်အတန်းအရ အဆင့်မြင့် အရာရှိကြီး တစ်ဦး ဖြစ်နေပြီ ဖြစ်၏။

အကယ်၍ နယ်သို့ ပြောင်းရွှေ့ခံရပါက အနည်းဆုံး ပြည်နယ်တစ်ခု၏ တရားရေး ဝန်ကြီး ဖြစ်လာနိုင်သည်။

ထို့ကြောင့် တစ်ဖက်မှကြည့်လျှင် ဟူယုံး သည် အရာရှိ လောကတွင် အောင်မြင်သူ တစ်ဦးဖြစ်ပြီး ယခုနှစ်တွင် အသက် လေးဆယ့်နှစ်နှစ်သာ ရှိသေး၏။

သူ၏ အရာရှိ ဘဝ ဖြတ်သန်းမှုမှာ အလွန် စုံလင်လှသည်။ အသက် နှစ်ဆယ့်ငါးနှစ်တွင် ကျင်ရှီ စာမေးပွဲကို ဒုတိယအဆင့် ဒသမ နေရာဖြင့် အောင်မြင်ခဲ့ပြီး အလွန် မြင့်မားသော အဆင့်ဟု ဆိုနိုင်သည်။

ဟန်လင် အကယ်ဒမီသို့ မဝင်ရောက်နိုင်ခဲ့သော်လည်း နိုင်ကော် (အစိုးရအဖွဲ့)သို့ ဝင်ရောက်ခွင့် ရရှိကာ ဝန်ကြီးချုပ်များ၏ စာရွက်စာတမ်းများကို ကူညီ ရေးသားပေးခဲ့ရ၏။

နိုင်ကော်တွင် သုံးနှစ် နေပြီးနောက် နယ်သို့ ပြောင်းရွှေ့ကာ ကျန်းကျိုးမြို့ရှိ ယွီအန်း ခရိုင်ဝန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ရသည်။

ခရိုင်ဝန်အဖြစ် ငါးနှစ် တာဝန်ထမ်းဆောင်ပြီးနောက် မြို့တော်သို့ ပြန်လည် ရောက်ရှိလာကာ အစိုးရအဖွဲ့ ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ဌာနမှူး အဖြစ် ရာထူးတိုးမြှင့်ခံရ၏။

လွန်ခဲ့သော နှစ်နှစ်ခန့်က စုံစမ်းစစ်ဆေးရေး ရုံးတော်တွင် အပြောင်းအလဲကြီး ဖြစ်ပေါ်ခဲ့၏။ အမတ်ကြီး ယွီကျန်းကို ရုံးတော်မှ နှင်ထုတ်ခဲ့ပြီး ယွီဝမ်ကျူ ရာထူးတက်လာကာ ယွီကျန်း၏ လက်အောက်ငယ်သားများ အားလုံး ပြုတ်ကျသွားသောကြောင့် ရုံးတော်တွင် နေရာလွတ်များစွာ ပေါ်ထွက်လာခဲ့သည်။

ထိုအခါ ဟူယုံးက ချက်ချင်း နေရာယူကာ စုံစမ်းစစ်ဆေးရေး ရုံးတော်၏ နံပါတ်လေး ခေါင်းဆောင် ဖြစ်လာခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် သူ၏ အရာရှိ ဘဝ ခရီးလမ်းမှာ အလွန် ချောမွေ့နေခဲ့သည်။ ဤအတိုင်း ဆက်သွားပါက နိုင်ကော်သို့ ဝင်ရောက်ရန် မဖြစ်နိုင်သော်လည်း ဝန်ကြီးဌာနများသို့ ဝင်ရောက်ရန် ဖြစ်နိုင်ခြေရှိပြီး ပြည်နယ်ဝန်ကြီးအဖြစ် ခန့်အပ်ခံရရန် အလွန် သေချာသလောက် ရှိနေသည်။

သို့ပေမည့် ဤကဲ့သို့ အရာရှိ လောကတွင် အောင်မြင်နေသူ တစ်ဦး၌ အခြား လျှို့ဝှက်ချက် တစ်ခု ရှိနေသေး၏။

ထိုအရာမှာ တာယင်အင်ပါယာ ဟေးလုံထိုင်၏ သူလျှို ဖြစ်သည်။

သူ၏ သူလျှို ဘဝမှာ အလွန် ရှုပ်ထွေးလှသည်။ သူသည် တောင်ပိုင်းကျိုးအင်ပါယာတွင် မွေးဖွားသူ ဖြစ်သော်လည်း သူ၏ ဖခင်မှာ တာယင်အင်ပါယာ ဟေးလုံထိုင်၏ သူလျှိုဖြစ်ပြီး မိခင်သည်လည်း ထိုနည်းတူပင် ဖြစ်၏။

ဖခင် ဟူရှင်း သည် တောင်ပိုင်းကျိုးအင်ပါယာတွင် အနှစ်လေးဆယ်တိုင်တိုင် သူလျှိုအဖြစ် နေထိုင်ခဲ့ပြီး အမြင့်ဆုံး အနေဖြင့် စစ်ဖက်ဆိုင်ရာ ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သော်လည်း သေဆုံးသည်အထိ တစ်ကြိမ်မှ အသုံးချ မခံခဲ့ရချေ။

ဟူယုံး အသက် ဆယ့်သုံးနှစ် အရွယ်တွင် ဖခင်က သူ၏ လျှို့ဝှက်ချက်ကို ပြောပြခဲ့ပြီး တာယင်အင်ပါယာ အပေါ် သစ္စာရှိရန် အဆက်မပြတ် သွန်သင်ခဲ့သည်။

အသက် ဆယ့်ခုနစ်နှစ် အရွယ်တွင် ပညာသင် ထွက်သွားရာ တာယင်အင်ပါယာ ဟေးလုံထိုင်က လျှို့ဝှက်စွာ ခေါ်ဆောင်သွားခြင်း ခံရသည်။ တာယင် မြို့တော်တွင် တစ်နှစ်ခန့် နေထိုင်ကာ လေ့ကျင့်မှုများ ခံယူခဲ့ရပြီး တာယင် ဧကရာဇ်၏ တွေ့ဆုံခြင်းကိုပင် ခံခဲ့ရ၏။

တောင်ပိုင်းကျိုးအင်ပါယာသို့ ပြန်ရောက်ပြီးနောက် စာမေးပွဲ ဖြေဆိုရာ ပထမအကြိမ်တွင် ကျရှုံးခဲ့၏။ သို့ပေမည့် ဒုတိယအကြိမ် ပြည်နယ်စာမေးပွဲ အောင်မြင်ပြီးနောက် ချောမွေ့စွာဖြင့် ပင်မ စာမေးပွဲတွင် ဒုတိယအဆင့် ဒသမ နေရာဖြင့် အောင်မြင်ခဲ့သည်။

တာယင်အင်ပါယာ ဟေးလုံထိုင်၏ အစီအစဉ်ဖြင့် ကျန်းကျိုးမြို့တွင် ခရိုင်ဝန်အဖြစ် ခန့်အပ်ခံရပြီး ထိုအချိန်က ချန်လန်ပြည်နယ် ပြည်နယ်ဝန်ကြီးမှာ အမတ်ချုပ်ကြီးလင် ဖြစ်နေ၏။

ယွီအန်း ခရိုင်ဝန် အဖြစ် တာဝန်ထမ်းဆောင်စဉ် ဟူယုံး၏ စွမ်းဆောင်ရည်များ အလွန် ကောင်းမွန် သောကြောင့် အမတ်ချုပ်ကြီးလင်၏ မျက်စိကျခြင်းကို ခံရကာ အရာရှိ လောက၏ အမြန်လမ်းမပေါ်သို့ ရောက်ရှိသွားခဲ့သည်။

သူသည် အမတ်ချုပ်ကြီးလင်၏ တပည့်ရင်း မဟုတ်သော်လည်း ဒုတိယတန်းစား အင်အားစုထဲတွင် သေချာပေါက် ပါဝင်နေသည်။ ဤအရာမှာ အလွန် ကောင်းမွန်သော အနာဂတ် ဖြစ်၏။

သို့ပေမည့် ယခု သူ၏ လက်ထဲတွင် စာရွက်ပိုင်း တစ်ခု ရှိနေပြီး ထိုအပေါ်တွင် သူ ယခုလေးတင် ဖော်ထုတ်လိုက်သော လျှို့ဝှက် စာသား တစ်ခု ရှိနေသည်။

‘ဒီနေ့က နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ။’

သူ၏ ဖခင်ကဲ့သို့ တစ်သက်လုံး အသုံးချ မခံရဘဲ နေသွားရမည်ဟု ဟူယုံး ထင်မှတ်ထားခဲ့၏။

ဖခင် ဟူရှင်း အသက်ရှင်စဉ်က နေ့စဉ်နေ့တိုင်း သတိပေးကာ တာယင်အင်ပါယာအပေါ် သစ္စာရှိရန် ဦးနှောက် ဆေးကြောသကဲ့သို့ သင်ကြားပေးခဲ့သည်။

သို့ပေမည့် ဖခင် ဟူရှင်း သေဆုံးသွားသည်မှာ ငါးနှစ် ရှိပြီဖြစ်၏။ ငါးနှစ်လုံးလုံး မည်သူကမှ သူသည် တာယင်အင်ပါယာ၏ သူလျှိုဖြစ်ကြောင်း သတိမပေးခဲ့ကြချေ။

ထို့အပြင် အရာရှိ လောကတွင် ချောမွေ့စွာ အောင်မြင်နေသောကြောင့် ဟူယုံး သည် မိမိကိုယ်ကို တာယင် အင်ပါယာ၏ သူလျှို ဖြစ်ကြောင်းပင် မေ့လုမတတ် ဖြစ်နေခဲ့ပြီး မိမိ၏ လက်ရှိ နေရာတွင်ပင် သာယာ ယစ်မူးနေခဲ့မိ၏။

သို့ပေမည့် ထိုအချိန်မှာပဲ တာယင်အင်ပါယာ ဟေးလုံထိုင်မှ လူများက ဆက်သွယ်လာပြီး သူ့ကို တရားဝင် အသက်သွင်းလိုက်ကာ တာဝန် တစ်ခု ပေးအပ်လိုက်သည်။

ထိုတာဝန်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရမည့် တာဝန်မျိုး ဖြစ်၏။

ထိုတာဝန်ကို တစ်ချက် ကြည့်လိုက်ရုံဖြင့် ဟူယုံး၏ ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်လုမတတ် ဖြစ်သွားကာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားသည်။

‘ဟေးလုံထိုင်မှ အမတ်ကြီးများ… ခင်ဗျားတို့က ကျုပ် ဟူယုံးရဲ့ သတ္တိကို အရမ်း အထင်ကြီးနေကြတာလား။ ကျုပ်က စုံစမ်းစစ်ဆေးရေး ရုံးတော်မှာ ရှိနေတာမှန်ပေမယ့် ယွီကျန်း မဟုတ်ပါဘူး။ ကျုပ်က အမှန်တရားကို တိုက်ရိုက် ပြောရဲတဲ့ လူမျိုး မဟုတ်ပါဘူး။ ကျုပ်က အရမ်း သိတတ်တဲ့ စုံစမ်းစစ်ဆေးရေး အမတ် တစ်ယောက်ပါ။’

သိတတ်သည့် စုံစမ်းစစ်ဆေးရေး အမတ် ဆိုသည်မှာ အဘယ်နည်း။ အပြင်ပန်းမှာတော့ သံမဏိလို မာကျောပြီး ဘာမဆို ပြောရဲ၊ ဆဲရဲ၊ မတရားတာမှန်သမျှ ဝေဖန်ရဲသည့် ပုံစံမျိုးဖြစ်သည်။ သို့ပေမည့် တကယ်တမ်း ဝေဖန်သည့် အချိန်၌ မည်သို့သော အရေးကြီးသည့် အချက်ကိုမှ မထိခိုက်စေဘဲ မိုးချိန်းသံ ကျယ်ပြီး မိုးပေါက် သေးသည့် ပုံစံမျိုးပင် ဖြစ်၏။

ဟူယုံး အနေဖြင့် ဤတာဝန်၏ ရည်ရွယ်ချက်ကိုပင် မသိရှိချေ။ အဘယ်ကြောင့်ဆိုသော် သူသည် အကောင်အထည်ဖော်သူ သက်သက်သာ ဖြစ်ပြီး ဖောက်ခွဲရန်သာ တာဝန်ရှိသောကြောင့် ဖြစ်သည်။

“ယောက်ျား... ဘာဖြစ်လို့လဲ။” ထိုအချိန်တွင် အပြင်ဘက်မှ ဇနီးဖြစ်သူ၏ အသံ ထွက်ပေါ်လာ၏။

ဟူယုံးက စာရွက်ပိုင်းကို အမြန် သိမ်းဆည်းလိုက်ပြီး ဖြေလိုက်သည်။ “ဘာမှ မဖြစ်ပါဘူး။”

“မနက်စာ စားရအောင်လေ။” ဇနီးဖြစ်သူက ခေါ်လိုက်၏။

ဟူယုံးက ခေါင်းညိတ်ကာ ထွက်သွားလေသည်။

လိမ္မာရေးခြား ရှိသော ဇနီးဖြစ်သူက နံနက်စာကို အသင့် ပြင်ဆင်ထားပြီး အတော်လေး ကောင်းမွန်လှ၏။

သူသည် ဝင်ငွေနည်းသော ရုံးတွင် တာဝန်ထမ်းဆောင်နေသော်လည်း အရာရှိ လောကတွင် မျက်နှာပန်းလှသူ ဖြစ်သောကြောင့် ငွေကြေး အခက်အခဲ သိပ်မရှိလှချေ။

ဇနီးဖြစ်သူမှာ သူ့ထက် အသက် အနည်းငယ် ငယ်ပြီး သုံးဆယ်ကျော်အရွယ် ဖြစ်သော်လည်း လှပ ကျော့ရှင်းနေဆဲ ဖြစ်ကာ ပညာတတ် မိသားစုမှ ဆင်းသက်လာသူ ဖြစ်သည်။

သားနှစ်ယောက်စလုံး အိမ်တွင် မရှိကြချေ။ တစ်ယောက်က စစ်တပ်ထဲတွင် ရှိပြီး နောက်တစ်ယောက်က အပြင်တွင် ပညာသင်ကြားနေ၏။

‘ဘယ်လောက်တောင် ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစုလေးလဲ။ ဘယ်လောက်တောင် ပျော်ရွှင်စရာ ကောင်းတဲ့ ဘဝလေးလဲ။ ဒီတာဝန်ကိုသာ သွားလုပ်လိုက်ရင် ဒီအရာတွေ အားလုံး ချက်ချင်း တစ်စစီ ဖြစ်သွားတော့မှာပဲ။’

နံနက်စာ စားပြီးနောက် မျက်နှာသစ်ကာ ဇနီးဖြစ်သူက အရာရှိ ဝတ်စုံကို ညင်သာစွာ ဝတ်ဆင်ပေးလေသည်။

ဇနီးဖြစ်သူ၏ လှပသော ခန္ဓာကိုယ်ကို မြင်ချိန်မှာတော့ ဟူယုံး မနေနိုင်တော့ဘဲ သူမ၏ ခါးကို ဖက်ကာ စကတ်ကို ပင့်တင်လိုက်မိ၏။

ဇနီးဖြစ်သူ အံ့အားသင့်သွားပြီး မျက်နှာ ရဲနီသွားကာ တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။ “ယောက်ျား... ဒါ ဘာလုပ်တာလဲ။ ဒါ ဘာလုပ်တာလဲ။ မိုးတောင် လင်းတော့မယ်၊ နန်းတော်ကို သွားရအုံးမယ်လေ”

ဟူယုံးက တုန်ယင်သော အသံဖြင့် ပြောလိုက်၏။ “နည်းနည်း သည်းမခံနိုင်တော့လို့ပါ။ ဒီမှာပဲ၊ ဒီမှာပဲ။”

“ရှက်စရာ ကောင်းလိုက်တာ။ စာပေပညာရှင် ဆိုပြီး တကယ်ကို အရှက်မရှိဘူး။” ဇနီးဖြစ်သူက ရှက်လည်းရှက်၊ ဝမ်းလည်းသာ ဖြစ်ကာ စားပွဲပေါ်မှောက်လျက် မျက်နှာကို ဖုံးထားလိုက်လေသည်။

.........................

နန်းတော် အတွင်းသို့ ဝင်ရောက်ပြီးနောက် ရင်းနှီးသော အရာရှိများက အချင်းချင်း နှုတ်ဆက်ကြ၏။

ယခုရက်ပိုင်းအတွင်း အခြေအနေများ အလွန် တင်းမာနေသောကြောင့် လာရောက်သော အရာရှိများမှာ ယခင်ကဲ့သို့ ပေါ့ပါးမှု မရှိကြတော့ချေ။

“ဟေး... အမတ်ကြီးဟူ ဒီနေ့ ဘာဝမ်းသာစရာ ရှိလို့လဲ။ မျက်နှာတွေတောင် နီရဲနေပါလား။” အစိုးရအဖွဲ့ရုံးမှ ဌာနမှူး တစ်ဦးက ဟူယုံး၏ မျက်နှာ နီရဲနေသည်ကို မြင်သောကြောင့် နောက်ပြောင်လိုက်၏။

“ဒါ ခိုးစားလာတာပဲ။ သေချာပေါက် ခိုးစားလာတာပဲ ဖြစ်ရမယ်။”

ဘေးရှိ အခြား အရာရှိ တစ်ဦးက ဝင်ပြောလိုက်သည်။ “အိမ်က အစေခံမလေး တစ်ယောက်ယောက်ကို ခိုးစားလာတာ သေချာတယ်။ ပြီးတော့ နေရာကလည်း ပုံမှန် နေရာမျိုး မဟုတ်ဘူး။ ဒီလို ကိစ္စတွေကို ကျုပ် အသိဆုံးပဲ။”

ဟူယုံးကလည်း မငြင်းဆိုချေ။

ထို့နောက် အရာရှိများ သုံးယောက်တစ်စု၊ ငါးယောက်တစ်စု စုရုံးကာ လက်ရှိ အခြေအနေများကို ဆွေးနွေးကြ လေသည်။

“ဒီနေ့ ညီလာခံမှာ ဘာတွေ ဆွေးနွေးကြမလဲ။”

“ဘာရှိအုံးမလဲ။ တောင်ပိုင်း စစ်သေနာပတိ နေရာအတွက်ပေါ့။”

“ဒီကိစ္စက သေချာနေပြီ မဟုတ်လား။ ယုံချန်ဟောက် ဖူယန်ထူ ပဲလေ။”

အရာရှိ တစ်ဦးက ဟူယုံး အနီးသို့ ကပ်လာကာ မေးလိုက်သည်။ “အမတ်ကြီးဟူ... ခင်ဗျားလည်း သတင်း ရပြီးပြီ မဟုတ်လား။”

ဟူယုံး သေချာပေါက် သတင်း ရရှိထားပြီး ဖြစ်၏။

အမတ်ချုပ်ကြီးလင်၏ အုပ်စုဝင် အရာရှိ အားလုံး သတင်း ရရှိထားကြပြီး အနောက်ပိုင်း စစ်သေနာပတိ ဖူယန်ထူကို တောင်ပိုင်း စစ်သေနာပတိအဖြစ် တင်မြှောက်ကာ စစ်တပ်ကို ဦးဆောင်ပြီး တောင်ပိုင်းသို့ ပုန်ကန်မှု နှိမ်နင်းဖို့အတွက်စေလွှတ်ရန် ဖြစ်သည်။

ဤကိစ္စကို လေသံပစ်နေသည်မှာ ဆယ်ရက်၊ ရက်နှစ်ဆယ်ခန့် ရှိပြီဖြစ်ပြီး ဖူယန်ထူကို ရာထူးတက်စေရန် ကြီးမားသော အင်အားစု တစ်ခုက တွန်းတင်နေခြင်းဖြစ်၏။

ဤသည်မှာ သာမန် ရာထူးတက်ခြင်းမျိုး မဟုတ်ဘဲ ယခင် အောက်ရှင်း၏ နေရာကို အစားထိုးကာ စစ်တပ်၏ နံပါတ်တစ် ခေါင်းဆောင် ဖြစ်လာရန်နှင့် စစ်တပ် အင်အား သိန်းချီကိုကိုင်တွယ်ရန် ဖြစ်သည်။

ဟူယုံးနှင့် အခြား အရာရှိ အများအပြား အမိန့် ရရှိထားပြီး ဖြစ်၏။

ယနေ့ ညီလာခံတွင် ဧကရာဇ်မင်းမြတ်ကို ဖူယန်ထူ သည် အနောက်ပိုင်းကို ကာကွယ်ရာတွင် အလွန် ပင်ပန်း ဆင်းရဲစွာ တာဝန်ထမ်းဆောင်ခဲ့သောကြောင့် နိုင်ငံတော် အထောက်အကူပြု စစ်သူကြီးအဖြစ် ခန့်အပ်ရန် အဆိုပြုကြရမှာ ဖြစ်သည်။

နိုင်ငံတော် အထောက်အကူပြု စစ်သူကြီး - ဤသည်မှာ စစ်သူကြီး တစ်ဦးအတွက် ဒုတိယ အမြင့်ဆုံး နေရာ ဖြစ်ပြီး ထိုအထက်တွင် စစ်သူကြီးချုပ်သာ ရှိတော့၏။

ဖူယန်ထူကို နိုင်ငံတော် အထောက်အကူပြု စစ်သူကြီးအဖြစ် ရာထူးတိုးပေးပြီးနောက် သူ ပုန်ကန်မှုကို နှိမ်နင်းပြီး ပြန်လာပါက စစ်သူကြီးချုပ်အဖြစ် ရာထူးတိုးပေးမည် သို့မဟုတ် ဆူမီယွမ်သို့ ဝင်ရောက်နိုင်မှာ ဖြစ်သည်။

အောက်ရှင်း စစ်သူကြီးချုပ် ဖြစ်လာပြီး နောက်ပိုင်းတွင်လည်း တစ်ဦးတည်းသာ ရှိနေသောကြောင့် ထိုစစ်သူကြီးချုပ် ရာထူးက ဩဇာအာဏာ သိပ်မရှိခဲ့ချေ။

သို့ပေမည့် ဖူယန်ထူ သာ စစ်သူကြီးချုပ် ဖြစ်လာပါက လုံးဝ ကွဲပြားသွားမှာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူသည် အမတ်ချုပ်ကြီးလင်နှင့် မဟာမိတ် ဖွဲ့ထားပြီး သူ၏ ညီမမှာလည်း တော်ဝင်ကိုယ်လုပ်တော်ကြီး ဖြစ်သောကြောင့် အာဏာ ကြီးမားလာမည်မှာ အသေအချာပင် ဖြစ်သည်။

“ယုံချန်ဟောက်က အောက်ရှင်းရဲ့ ဖိနှိပ်မှုကို ဆယ်နှစ်ကျော် ခံခဲ့ရတာ။ အခုတော့ ခေါင်းမော်နိုင်ပြီပေါ့။”

“အဲဒီလို ဘယ်ကမလဲ။ ခေါင်းမော်နိုင်ရုံတင် မကဘူး၊ ကလဲ့စားပါ ချေနိုင်သွားပြီလေ။”

“အဲဒီတုန်းက တောင်ပိုင်း လူရိုင်းဒေသမှာ ယုံချန်ဟောက်က စစ်နိုင်ပြီးတော့ မြို့လုံးကျွတ် သတ်ဖြတ်ခဲ့လို့ အောက်ရှင်းက လူအများရှေ့မှာ ကြိမ်ဒဏ် အချက်ငါးဆယ် ရိုက်ခဲ့တာကို အမြဲတမ်း အရှက်ကွဲတယ်လို့ ခံစားခဲ့ရတာ။ အခု သူကိုယ်တိုင် အောက်ရှင်း မိသားစု တစ်ခုလုံးကို သတ်ရတော့မယ်ဆိုတော့ ကလဲ့စားချေဖို့ ဆယ်နှစ်ဆိုတာ နောက်မကျသေးဘူးဆိုတာ တကယ်ပဲ။”

အရာရှိ အများအပြားက ဖူယန်ထူကို မြှောက်ထိုးပင့်ကော် လုပ်ကြပြီး အောက်ရှင်းကို နှိမ့်ချ ပြောဆို နေကြ၏။

.........................

အပိုင်း (၃၂၄)

အောက်ရှင်း သည် လူအများနှင့် မဆက်ဆံတတ်ချေ။ သူ စစ်သူကြီးချုပ် ဖြစ်စဉ်က အာဏာ သိပ်မရှိ သောကြောင့် မည်သူ့ကိုမှ သိပ်မစော်ကားခဲ့မိပေ။သို့ပေမည့် တောင်ပိုင်း စစ်သေနာပတိနှင့် ပြည်နယ် ငါးခု၏ အုပ်ချုပ်ရေးမှူး ဖြစ်စဉ်ကမူ အလွန် အာဏာ ကြီးမားခဲ့သည်။

ထိုအချိန်က သူ့ထံ အလုပ်လာတောင်းသူ၊ ပူးပေါင်းဆောင်ရွက်ရန် လာရောက်သူ မည်မျှ ရှိခဲ့သနည်း။

ရလဒ် အနေဖြင့် အောက်ရှင်းက မျက်နှာမလိုက်ဘဲ အားလုံးကို ငြင်းပယ်ခဲ့ပြီး ဧကရာဇ်ဟောင်း ထံသို့ပင် စာတင်၍ တိုင်တန်းခဲ့သေး၏။

ထိုအချိန်က တောင်ပိုင်းကို တည်ဆောက်ရာတွင် နေ့စဉ်နှင့်အမျှ ရွှေတောင်၊ ငွေတောင်များ ကုန်ကျနေပြီး ကြီးမားသော အကျိုးအမြတ်များ ပါဝင်နေသောကြောင့် အနည်းငယ် ယူလိုက်ရုံဖြင့်ပင် ချမ်းသာသွားနိုင်သည်။

သို့ပေမည့် အောက်ရှင်းက တံခါးစောင့် နတ်မင်းကြီးကဲ့သို့ စောင့်ကြပ်နေပြီး မည်သူ့ကိုမှ အကျိုးအမြတ် ယူခွင့် မပေးသည့်အပြင် အဂတိလိုက်စားသော အရာရှိ ဒါဇင်ပေါင်းများစွာကို ကိုယ်တိုင် ခေါင်းဖြတ် ကွပ်မျက် ခဲ့သေး၏။

ထို့အပြင် မှောင်ခို ကိစ္စများလည်း ရှိသေး၏။ စီးမိသားစုက အခြေအနေကို နားလည်ပြီး နန်းတွင်း အမတ်များနှင့် ပူးပေါင်းကာ အကျိုးအမြတ် ရှာဖွေတတ်သည်။

သို့ပေမည့် အောက်ရှင်း တောင်ပိုင်း အုပ်ချုပ်ရေးမှူး ဖြစ်စဉ်က စီးမိသားစု၏ သင်္ဘောအုပ်စုကို မျက်ခြည်မပြတ် စောင့်ကြည့်နေပြီး မှောင်ခို ကိစ္စကိုတွေ့ရှိသည်နှင့် တပြိုင်နက် တောင်ပိုင်း ရေတပ်ကို စေလွှတ်ကာ ဖမ်းဆီး သိမ်းဆည်းလေ့ ရှိ၏။

သူတစ်ပါး၏ စီးပွားရေး လမ်းကြောင်းကို ပိတ်ဆို့ခြင်းမှာ မိဘကို သတ်ခြင်းနှင့် အတူတူပင်ဖြစ်ရာ ဤ အောက်ရှင်း သည် လူမည်မျှ၏ စီးပွားရေး လမ်းကြောင်းကို ပိတ်ဆို့ခဲ့သနည်း။ လူမည်မျှက သူ့ကို သတ်ချင်နေကြသနည်း။

ယခု သူ ဒုက္ခရောက်နေပြီဖြစ်ရာ အားလုံးက ဝင်ရောက် နင်းခြေပြီး အောက်ရှင်း၏ အလောင်းကို တံတွေး ထွေးရန် ဝန်လေးနေမည် မဟုတ်ချေ။

တကယ်ကို အခြေအနေကို နားမလည်သူ ဖြစ်၏။ အာဏာကို တစ်ဦးတည်း ကိုင်စွဲထားချိန်တွင် ကိုယ်တိုင် ငွေမမက်သည်မှာ ထားတော့၊ အခြားသူများကိုပါ ငွေမမက်ရန် တားမြစ်နေခြင်းမှာ အလွန် ဆိုးရွားလှသည်။

အရာရှိများ၏ စကားများကို နားထောင်ရင်း ဟူယုံး၏ မျက်နှာတွင် အပြုံး ရှိနေသော်လည်း ရင်ထဲတွင်မူ ပို၍ မွန်းကျပ်လာ၏။

လွန်ခဲ့သော အနှစ်သုံးဆယ်အတွင်း တာ့ကျိုးအင်ပါယာ တစ်ခုလုံးတွင် အကြီးမားဆုံးသော ကျေးဇူးရှင်မှာ အောက်ရှင်း ပင်ဖြစ်သည်။

သူသည် တောင်ပိုင်း လူရိုင်းဒေသကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သောကြောင့် ကြီးမားသော အကျိုးကျေးဇူး ရှိခဲ့သည်မှာ မှန်သည်။သို့ပေမည့် ဟူယုံး၏ အမြင်တွင် အောက်ရှင်း၏ အကြီးမားဆုံးသော ကျေးဇူးမှာ တောင်ပိုင်းကို တည်ဆောက်ခြင်း၊ အုပ်ချုပ်ခြင်း ဖြစ်၏။

သူ တောင်ပိုင်း ပြည်နယ် ငါးခု၏ အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ယူစဉ်က သူ၏ တရားမျှတမှု၊ မျက်နှာ မလိုက်မှုတို့ကြောင့် အင်ပါယာ၏ ရွှေငွေများနှင့် ပစ္စည်းများက အကြီးမားဆုံးသော အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့ပြီး အင်ပါယာ အနေဖြင့် အချိန်တို အတွင်း တောင်ပိုင်းရှိ လူရိုင်း သန်းနှစ်ဆယ်ကျော်ကို အောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

သူကိုယ်တိုင် တည်ထောင်ခဲ့သော လူရိုင်း ကာကွယ်ရေး တပ်ဖွဲ့ကြောင့်သာ တောင်ပိုင်းရှိ စတုရန်းကီလိုမီတာ တစ်သန်းကျော် ကျယ်ဝန်းသော နယ်မြေများတွင် တည်ငြိမ်အေးချမ်းမှု ရရှိခဲ့ခြင်း ဖြစ်၏။

သူ အုပ်ချုပ်ရေးမှူးအဖြစ် ဆယ်နှစ်နီးပါး တာဝန်ယူစဉ်အတွင်း တောင်ပိုင်းတွင် မရေမတွက်နိုင်သော လယ်ယာမြေများကို ဖော်ထုတ်နိုင်ခဲ့၏။ အင်ပါယာက တောင်ပိုင်းကို အောင်နိုင်ခဲ့သည်မှာ အနှစ် နှစ်ဆယ်ပင် မပြည့်သေးသော်လည်း တောင်ပိုင်းသို့ ရိက္ခာများ ပို့ဆောင်ပေးရန် မလိုအပ်တော့ဘဲ တောင်ပိုင်းကပင် အင်ပါယာ၏ စပါးကျီ ဖြစ်လာခဲ့သည်။

ဧကရာဇ် ဝမ်ယွင် နန်းတက်ပြီး နှစ်အနည်းငယ်အတွင်း ပိုင်ရှင်မဲ့နယ်မြေ စစ်ပွဲကို အဘယ့်ကြောင့် ဆင်နွှဲနိုင်ခဲ့သနည်း။

တောင်ပိုင်း အေးချမ်းတည်ငြိမ်ပြီး ထောက်ပံ့မှု မလိုအပ်တော့သည့်အပြင် အင်ပါယာ၏ ဘဏ္ဍာတိုက်ကို ပြန်လည် ဖြည့်တင်းပေးနိုင်ခဲ့သောကြောင့် မဟုတ်ပါလား။

ဤမျှ ကြီးမားသော ကျေးဇူးရှင်ကြီးမှာ အကျဉ်းသားဘဝသို့ ရောက်ရှိသွားပြီး နန်းတွင်း အမတ် အားလုံး၏ ဘုံရန်သူ ဖြစ်လာခဲ့သည်။

ဤသည်မှာ အလွန် ဝမ်းနည်းစရာ ကောင်းသည် မဟုတ်ပါလား။

ထို့အပြင် ဖူယန်ထူ သည် စစ်တိုက်ရာတွင် အလွန် တော်သည်မှာ မှန်သည်။ ဤနှစ်များအတွင်း သူ အနောက်ပိုင်း စစ်သေနာပတိအဖြစ် တာဝန်ယူစဉ်က တာ့လျန်နိုင်ငံကို နယ်စပ်မျဉ်းတွင် တားဆီးထားနိုင်ခဲ့ပြီး အကြိမ်အနည်းငယ်ပင် တိုက်ခိုက်ကာ တာ့လျန်နိုင်ငံမှ မြင်းစီးစစ်သည်များအဖြစ် ဟန်ဆောင်ထားသော ဓားပြများကို သတ်ဖြတ်နိုင်ခဲ့သည်။

သို့ပေမည့် ထိုသူသည် အလွန် ကြမ်းတမ်း ရက်စက်ပြီး လောဘကြီးကာ အာဏာမက်သူ ဖြစ်ရာ အောက်ရှင်း၏ ဖြောင့်မတ်မှုနှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။

ယခုအခါ သူက အောက်ရှင်း၏ နေရာကို အစားထိုးကာ အင်ပါယာ၏ စစ်တပ် ခေါင်းဆောင် ဖြစ်လာတော့မည်လား။ ထို့အပြင် အောက်ရှင်း မိသားစု တစ်ခုလုံးကို ကိုယ်တိုင် ခေါင်းဖြတ် သတ်ဖြတ်တော့မည်လား။

တကယ်ကို တရားမျှတမှု မရှိလှချေ။

“ဖြောင်း... ဖြောင်း... ဖြောင်း...”

အပြင်ဘက်တွင် မြေပြင်ကို ကြိမ်ဖြင့် ရိုက်သံများ ထွက်ပေါ်လာ၏။ အချိန်တန်ပြီ ဖြစ်သောကြောင့် အမတ်များ အားလုံး တိတ်ဆိတ်စွာ နေကြရန် သတိပေးလိုက်ခြင်းဖြစ်ပြီး ဧကရာဇ်မင်းမြတ် မကြာမီ ရောက်ရှိလာကာ ညီလာခံ စတင်တော့မှာဖြစ်သည်။

ထိုအခါ အရာရှိ တစ်ဦးက လူအုပ်ထဲမှ ထွက်လာပြီး တိုးတိုးလေး သတိပေးလိုက်၏။ “အားလုံး သိတတ်ကြပါစေနော်။ အားလုံး သိတတ်ကြပါစေနော်”

ထိုသို့ ပြောဆိုမှုမှာ ကလေးချော့သကဲ့သို့ ဖြစ်နေသော်လည်း လေသံမှာ အလွန် တင်းမာပြီး သတိပေးမှု ပါဝင်နေသည်။

ခဏနေလျှင် အားလုံး အသံတစ်သံတည်း ထွက်ရမှာဖြစ်ပြီး ညီလာခံ တစ်ခုလုံး ညီညွတ်ကြောင်း ပြသရမှာ ဖြစ်သည်။ အားလုံး ညီညီညွတ်ညွတ်ဖြင့် ဖူယန်ထူကို ရာထူးတက်စေရန် တွန်းတင်ကြရမှာဖြစ်၏။

ဖူယန်ထူကို ရာထူးတက်စေခြင်းမှာ အောက်ရှင်း မိသားစုကို သေဒဏ်ပေးရန် တွန်းပို့လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

အစစ်အမှန်တရားမှာ ယခုအခါ နန်းတွင်းတွင် အသံနှစ်သံ ရှိနေသည်။ တစ်သံမှာ သွေးစွန်းသော လမ်းစဉ်ကို ထောက်ခံသူများ ဖြစ်ပြီး စစ်တပ်ကြီး စေလွှတ်ကာ လူရိုင်း သူပုန်များကို ရက်ရက်စက်စက် သတ်ဖြတ် နှိမ်နင်းရန် ဖြစ်၏။

အခြားတစ်သံကတော့ နှစ်သိမ့်ရေး လမ်းစဉ်ကို ထောက်ခံသူများ ဖြစ်ပြီး သူတို့သည် အောက်ယွီ၏ အမြင်နှင့် ဆင်တူကာ လူလွှတ်၍ လူရိုင်းများကို နှစ်သိမ့်ပြီး ပုန်ကန်မှုကို ငြိမ်သက်စေရန် ဖြစ်သည်။

သို့ပေမည့် ဧကရာဇ်မင်းမြတ်၏ ဆန္ဒနှင့် အရပ်ဖက် အရာရှိများ၊ အာဏာပိုင်များ၏ လွှမ်းမိုးမှုအောက်တွင် ဤနှစ်သိမ့်ရေး လမ်းစဉ်ကို ထောက်ခံသူများ၏ အသံမှာ အလွန် တိုးညှင်းလှ၏။

ထိုမျှမက ဤနှစ်သိမ့်ရေး လမ်းစဉ်ကို ထောက်ခံသူများကို ပျော့ညံ့သူများ၊ လက်နက်ချသူများ ဟုပင် သတ်မှတ်ခံရပြီး အောက်ရှင်း၏ အပေါင်းအပါများဟုပင် သတ်မှတ်ခံရသည်။

မြေပြင်ကို ကြိမ်ရိုက်သံများ ထွက်ပေါ်လာပြီးနောက် အရာရှိများ အားလုံး တန်းစီကာ ရပ်လိုက်ကြ၏။

ထို့နောက် လူခြောက်ဦး ညီလာခံ ခန်းမ အတွင်းသို့ ဝင်ရောက်လာကြသည်။ ထိုခြောက်ဦးမှာ နန်းတွင်းရှိ အမြင့်ဆုံးသော ခေါင်းဆောင် ခြောက်ဦးဖြစ်ပြီး နိုင်ကော်မှ ဝန်ကြီးချုပ် သုံးဦးနှင့် ဆူမီယွမ်မှ ခေါင်းဆောင် သုံးဦး ဖြစ်ကြသည်။

နိုင်ကော်(အစိုးရအဖွဲ့) နှင့် ဆူမီယွမ် (စစ်ဖက်ဆိုင်ရာ အမြင့်ဆုံးအဖွဲ့)မှာ အဆင့်တူညီသော်လည်း ဆူမီယွမ်မှ ခေါင်းဆောင် သုံးဦးက နောက်မှ လိုက်ပါလာကြ၏။

ဝန်ကြီးချုပ် အမတ်ချုပ်ကြီးလင်သည် ညီလာခံသို့ နောက်ဆုံးတွင် ပြန်လည် ရောက်ရှိလာပြီ ဖြစ်၏။ ယခင်က သူ ရာထူးမှ နုတ်ထွက်စာ တင်ခဲ့သော်လည်း ဧကရာဇ် ဝမ်ယွင်က ရက်အနည်းငယ်ကြာအောင် မည်သည့် တုံ့ပြန်မှုမှ မပြုလုပ်ဘဲ ထားခဲ့သည်။

သို့ပေမည့် တောင်ပိုင်း ပုန်ကန်မှု ဖြစ်ပွားပြီးနောက် ဧကရာဇ်မင်းမြတ်က အမတ်ချုပ်ကြီးလင်၏ နုတ်ထွက်စာကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့သည်။ ထို့ကြောင့် ယနေ့တွင် သူသည် ညီလာခံသို့ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်၏။

ခေါင်းဆောင် ခြောက်ဦး ညီလာခံ ခန်းမအတွင်းသို့ ဝင်ရောက်လာကြပြီး သူတို့၏ စရိုက်များမှာ လုံးဝ ကွဲပြားကြသည်။

အမတ်ချုပ်ကြီးလင်သည် အလွန် တည်ငြိမ်ပြီး အရာရှိများ၏ နှုတ်ဆက်မှုများကို မည်သည့် တုံ့ပြန်မှုမှ မပြုလုပ်ဘဲ ခေါင်းတစ်ချက်သာ ညိတ်ပြလေ့ ရှိသော်လည်း လုံးဝ အေးစက်သူ တစ်ဦးတော့ မဟုတ်ချေ။

ဝန်ကြီးချုပ်ကြီးကမူ အလွန် ဖော်ရွေပြီး အပြုံးများ ပြည့်နှက်နေကာ တစ်ခါတစ်ရံ မျက်လုံးချင်း ဆုံမိပါက နွေးထွေးမှုကိုပင် ခံစားရစေသည်။

ဒု-ဝန်ကြီးချုပ်မှာမူ မျက်နှာဖုံးစွပ်ထားသကဲ့သို့ မည်သည့် ခံစားချက်မှ မရှိဘဲ မရင်းနှီးသူများရော၊ ရင်းနှီးသူများကိုပါ အနားမကပ်ရန် ရေးသားထားသကဲ့သို့ ရှိ၏။

“တိတ်တိတ်နေကြ...” မိန်းမစိုးကြီး ဟောက်ကျန်းက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

ထို့နောက် သူက ထပ်မံ၍ အော်ဟစ်လိုက်၏။ “ဧကရာဇ်မင်းမြတ် ကြွလာပြီ။”

ဧကရာဇ် ဝမ်ယွင် ရောက်ရှိလာပြီး နဂါးပလ္လင်ပေါ်သို့ ဖြည်းညင်းစွာ တက်ကာ ထိုင်လိုက်သည်။

“ဧကရာဇ်မင်းမြတ် သက်တော် ရာကျော် ရှည်ပါစေ။” အရပ်ဖက်နှင့် စစ်ဖက် အရာရှိများ အားလုံး ညီညာစွာ ဒူးထောက်ကာ သုံးကြိမ်ကန်တော့ပြီး ကိုးကြိမ် အရိုအသေ ပေးလိုက်ကြ၏။

“အမတ်တို့ ထကြပါ။”

ဧကရာဇ်မင်းမြတ်က လက်မြှောက်ပြလိုက်ရာ အရာရှိများ အားလုံး ထရပ်လိုက်ကြသည်။

မိန်းမစိုးကြီး ဟောက်ကျန်းက ပြောလိုက်၏။ “တင်ပြစရာ ရှိရင် တင်ပြကြပါ။ မရှိရင် ညီလာခံ သိမ်းမယ်။”

ဟူယုံး၏ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွား၏။ အစီအစဉ်အရ သူသည် ချက်ချင်း ထွက်လာပြီး သူ၏ ဖောက်ခွဲရေး တာဝန်ကို စတင်ရမှာ ဖြစ်သည်။

သူ ပထမဆုံး ထွက်၍ တင်ပြသင့်သော်လည်း သူ အနည်းငယ် တုံ့ဆိုင်းသွားခဲ့၏။ တကယ်ကို ခြေလှမ်း မလှမ်းရဲသေးချေ။

သူ၏ ကောင်းမွန်သော ဘဝကြီး၊ သူ၏ ကောင်းမွန်သော အနာဂတ်ကြီးသည် ဤခြေလှမ်းကို လှမ်းလိုက်သည်နှင့်တပြိုင်နက် တစ်စစီ ပျက်စီးသွားတော့မှာဖြစ်၏။

ဤလောကတွင် သေရမည်ကို မကြောက်သူ မည်သူ ရှိမည်နည်း။ ဟူယုံး သည်လည်း ခြွင်းချက် မဟုတ်ပေ။

သူ ဤသို့ တုံ့ဆိုင်းနေစဉ် ချက်ချင်းပဲ လူတစ်ဦး ထွက်လာ၏။ သူ၏ အထက်လူကြီးဖြစ်သော စုံစမ်းစစ်ဆေးရေး အမတ်ကြီး ယွီဝမ်ကျူ ပင်ဖြစ်သည်။

“အရှင်မင်းမြတ်... တင်ပြစရာ ရှိပါတယ်။”

ဧကရာဇ် ဝမ်ယွင်က ခေါင်းညိတ်ပြလိုက်ပြီး အမတ်များ မြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ ဂရုမစိုက်ဘဲ သူ၏ အကျင့်အတိုင်း ပြုမူလိုက်၏။

ယွီဝမ်ကျူက ပြောလိုက်သည်။ “ယုံချန်ဟောက် ဖူယန်ထူ ဟာ အနောက်ပိုင်း စစ်သေနာပတိအဖြစ် ဆယ်နှစ်ကျော် တာဝန် ထမ်းဆောင်စဉ်အတွင်း အလွန် ပင်ပန်းဆင်းရဲစွာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ထို့ကြောင့် ဖူယန်ထူကို နိုင်ငံတော် အထောက်အကူပြု စစ်သူကြီးအဖြစ် ခန့်အပ်ဖို့ အဆိုပြုပါတယ်။”

ဧကရာဇ် ဝမ်ယွင်က တည်ငြိမ်စွာဖြင့် မေးလိုက်၏။ “ဖူယန်ထူ ကော။ ရောက်နေပြီလား။”

ဖူယန်ထူ သည် အာဏာ ကြီးမားသော်လည်း နယ်စပ် စစ်သေနာပတိ ဖြစ်သောကြောင့် မြို့တော်သို့ ပြန်ရောက်နေသော်လည်း ယေဘုယျအားဖြင့် ညီလာခံသို့ မတက်ရောက်ရချေ။

“ဖူယန်ထူကို ခေါ်ပါ။”

“ဖူယန်ထူကို ခေါ်ပါ။”

အသံများ တစ်ဆင့်ပြီးတစ်ဆင့် ထွက်ပေါ်သွားပြီးနောက် ဖူယန်ထူ နန်းတော် အတွင်းသို့ ဝင်ရောက်လာသည်။

ဤသည်မှာ ဘောင်းဘီချွတ်ပြီးမှ လေလည်သကဲ့သို့ အပိုအလုပ်များ မဟုတ်ပါလား။ သို့ပေမည့် ဤသည်မှာ လုပ်ငန်းစဉ် ဖြစ်၏။

ဖူယန်ထူ အနေဖြင့် တစ်စုံတစ်ဦးက သူ့ကို နိုင်ငံတော် အထောက်အကူပြု စစ်သူကြီးအဖြစ် အဆိုပြုမည်ကို မည်သို့ သိနိုင်မည်နည်း။ အကယ်၍ ညီလာခံတွင် ကြိုတင် ရောက်ရှိနေပါက ဤအရာအားလုံးကို ကြိုတင် သိရှိနေပြီး ရာထူးတိုးခံရရန် စောင့်ဆိုင်းနေသည်ဟု ထင်ရမည် မဟုတ်ပါလား။

ပြဇာတ်တော့ ကရမှာဖြစ်ပြီး အခမ်းအနား ပုံစံတော့ ရှိရမှာဖြစ်သည်။ ထိုသို့မဟုတ်ပါက အလွန် အရုပ်ဆိုးသွားမှာ ဖြစ်၏။

“ကျုပ် ဖူယန်ထူ ဧကရာဇ်မင်းမြတ်ကို အရိုအသေ ပေးပါတယ်။ သက်တော် ရာကျော် ရှည်ပါစေ။” ယုံချန်ဟောက် ဖူယန်ထူက သုံးကြိမ်ကန်တော့ပြီး ကိုးကြိမ် အရိုအသေ ပေးလိုက်သည်။

ဤသူ၏ ရုပ်ဆင်းသွင်ပြင်မှာ အလွန် ကောင်းမွန်ပြီး အောက်ရှင်း ထက်ပင် ပို၍ အာဏာပါသော ပုံစံ ရှိကာ အပြင်ပန်းတွင် စစ်မင်းကြီး တစ်ပါးနှင့် ပို၍ တူ၏။

သို့ပေမည့် သူ၏ နှာခေါင်းမှာ အလွန် ရှည်လျားပြီး ချွန်နေသောကြောင့် သူ၏ မျက်နှာကို အနည်းငယ် ကြောက်မက်ဖွယ် ကောင်းစေသည်။ နှာခေါင်း ကျဉ်းမြောင်းခြင်းက စိတ်သဘောထား ကျဉ်းမြောင်းခြင်း ကိုလည်း ပြသနေသည်။

.............................

All Chapters