← Chapters

အခန်း (၃၂၅-၃၂၆)

Vol. 28 Ch. 325-326

အခန်း (၃၂၅-၃၂၆)

Vol. 28 Ch. 325-326

အပိုင်း (၃၂၅)

ဧကရာဇ် ဝမ်ယွင်က မေးလိုက်၏။ “ဖူယန်ထူ... လူတစ်ချို့က ခင်ဗျားကို အလွန် ပင်ပန်းဆင်းရဲစွာ တာဝန်ထမ်းဆောင်ခဲ့တယ် ဆိုပြီး နိုင်ငံတော် အထောက်အကူပြု စစ်သူကြီးအဖြစ် ခန့်အပ်ဖို့ အဆိုပြုနေကြတယ်။ ခင်ဗျား ဘယ်လို ထင်လဲ။”

ဖူယန်ထူက ပြောလိုက်သည်။ “ကျုပ် လုပ်ဆောင်ခဲ့သမျှ အားလုံးက တာဝန်အရပါပဲ။ ဂုဏ်ယူစရာ မရှိပါဘူး။ ဒါပေမဲ့ အောက်ရှင်းက ရူးသွပ်ပြီး လူရိုင်းတွေကို ပုန်ကန်ဖို့ လှုံ့ဆော်ကာ တောင်ပိုင်းကို မတည်မငြိမ် ဖြစ်အောင် လုပ်ခဲ့တဲ့အတွက် ကျုပ် အနေနဲ့ အနောက်ပိုင်းက အေးစက်တဲ့ နယ်မြေကနေ ထွက်ခွာပြီး ဧကရာဇ်မင်းမြတ်ရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းပေးဖို့ မြို့တော်ကို လာခဲ့ရတာပါ။

ကျုပ်ကို နိုင်ငံတော် အထောက်အကူပြု စစ်သူကြီးအဖြစ် အဆိုပြုတာကို ကျုပ် လုံးဝ လက်မခံဝံ့ပါဘူး။ ဒါပေမဲ့ နိုင်ငံတော် အတွက် တာဝန်ထမ်းဆောင်ဖို့ကိုတော့ ငြင်းဆန်မှာ မဟုတ်ပါဘူး။”

ဖူယန်ထူ၏ စကား အဆုံးတွင် ညီလာခံရှိ အမတ် အများအပြား ချက်ချင်း ထွက်လာကြ၏။

“ကျုပ် စုံစမ်းစစ်ဆေးရေး အမတ်ကြီးရဲ့ အဆိုပြုချက်ကို ထောက်ခံပါတယ်။ ယုံချန်ဟောက် ဟာ အလွန် ပင်ပန်းဆင်းရဲစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် ရာထူးတိုးပေးသင့်ပါတယ်။”

“ကျုပ်လည်း ထောက်ခံပါတယ်။”

“ကျုပ်လည်း အမတ်ကြီး ဖူယန်ထူကို နိုင်ငံတော် အထောက်အကူပြု စစ်သူကြီးအဖြစ် ခန့်အပ်ဖို့ အဆိုပြုပါတယ်။”

မမြင်ရသော လက်တစ်စုံက ကြိုးကိုင်နေသကဲ့သို့ မရေမတွက်နိုင်သော အရာရှိများက ထွက်လာကာ ဖူယန်ထူကို နိုင်ငံတော် အထောက်အကူပြု စစ်သူကြီး အဖြစ် ရာထူးတိုးပေးရန် ထောက်ခံကြလေသည်။

အောက်ရှင်းကို လူအများက လက်ညှိုးထိုး အပြစ်တင်နေကြသော်လည်း ဤ အမတ်ကြီး ဖူယန်ထူကိုမူ လူအများက မြှောက်ထိုးပင့်ကော် လုပ်နေကြ၏။

လူအနည်းငယ်သာ မူလ နေရာတွင် ရပ်နေကြပြီး သဘောမတူသလို ကန့်ကွက်ခြင်းလည်း မရှိကြချေ။

ဤသည်မှာ ကြိုတင် သတ်မှတ်ထားသော ရလဒ်ဖြစ်ပြီး ညီလာခံ အများစုမှာ ဤသို့ပင် ဖြစ်လေ့ရှိသည်။

ဟူယုံး အပါအဝင် အားလုံးက ထွက်လာကာ ထောက်ခံကြောင်း ပြသကြသည်။ သို့ပေမည့် သူ ပြောရမည့် စကား အများကြီး မရှိဘဲ ကျုပ်လည်း ထောက်ခံပါတယ် ဟူ၍သာ ပြောရ၏။

အဘယ်ကြောင့်ဆိုသော် စုံစမ်းစစ်ဆေးရေး ရုံးတော်ကိုယ်စား အဆိုပြုသူ ရှိနေပြီ ဖြစ်သောကြောင့် စုံစမ်းစစ်ဆေးရေး ရုံးတော်မှ ပြောစရာ စကား သိပ်မရှိတော့သောကြောင့် ဖြစ်သည်။

ဧကရာဇ်မင်းမြတ်က ခေါင်းညိတ်ကာ အမိန့်ပေးလိုက်၏။ “အမတ် အားလုံးက အဆိုပြုတယ် ဆိုတော့ ငါကိုယ်တော် ခွင့်ပြုလိုက်မယ်။ အမိန့်တော် ရေးလိုက်... ဖူယန်ထူကို နိုင်ငံတော် အထောက်အကူပြု စစ်သူကြီး အဖြစ် ခန့်အပ်လိုက်တယ်။”

ဖူယန်ထူက ချက်ချင်းပဲ သုံးကြိမ်ကန်တော့ပြီး ကိုးကြိမ် အရိုအသေ ပေးကာ ငိုသံပါကြီးဖြင့် ပြောလိုက်သည်။ “ကျုပ် ဧကရာဇ်မင်းမြတ်ရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်။”

ထို့နောက် မိန်းမစိုး တစ်ဦးက အရာရှိ ဝတ်စုံအသစ်၊ ခါးပတ်အသစ်နှင့် ဦးထုပ်အသစ်တို့ကို ယူဆောင်လာ ပေး၏။

ဖူယန်ထူ လဲလှယ် ဝတ်ဆင်ပြီးနောက် ချက်ချင်းပဲ အသစ်တစ်ဖန် ဖြစ်သွားလေသည်။

ယခုအခါ စစ်သူကြီးချုပ် အောက်ရှင်း ပြုတ်ကျသွားပြီ ဖြစ်သောကြောင့် ဤနေရာမှာ လွတ်လပ်သွားပြီး ဖူယန်ထူ၏ နိုင်ငံတော် အထောက်အကူပြု စစ်သူကြီး ရာထူးမှာ စစ်ဖက်တွင် အမြင့်ဆုံးသော ဂုဏ်ထူးဆောင် ရာထူး ဖြစ်လာခဲ့၏။

ဧကရာဇ် ဝမ်ယွင်က ပြောလိုက်သည်။ “ဖူယန်ထူ... ငါကိုယ်တော် ခင်ဗျားအပေါ် ထားရှိတဲ့ ယုံကြည်မှုကို ခင်ဗျား စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်သလို၊ ညီလာခံက အမတ်တွေ အားလုံး ခင်ဗျားအပေါ် ထားရှိတဲ့ မျှော်လင့်ချက်တွေကိုလည်း စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်တယ်။”

ဖူယန်ထူက ထပ်မံ ဒူးထောက်ကာ ပြောလိုက်၏။ “ကျုပ် ဧကရာဇ်မင်းမြတ် အတွက် မီးထဲ ရေထဲ ဝင်ရဝင်ရ၊ အရိုးကြေကြေ အရည်ခမ်းခမ်း လုံးဝ နောက်ဆုတ်မှာ မဟုတ်ပါဘူး။”

ဤသို့ဖြင့် ယနေ့ ညီလာခံ၏ ပထမ အစီအစဉ် ပြီးဆုံးသွားလေသည်။

ဖူယန်ထူ သည် နောက်ဆုံးတွင် အောက်ရှင်း၏ နေရာကို အစားထိုးကာ စစ်တပ်၏ နံပါတ်တစ် စစ်သူကြီး ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ထို့နောက် အစီအစဉ်အရ ဒုတိယ အစီအစဉ်သို့ ဝင်ရောက်ရတော့မှာဖြစ်၏။ စစ်ရေးဝန်ကြီးက နိုင်ငံတော် အထောက်အကူပြု စစ်သူကြီး ဖူယန်ထူကို တောင်ပိုင်း စစ်သေနာပတိအဖြစ် အဆိုပြုကာ စစ်တပ်ကို ဦးဆောင်ပြီး တောင်ပိုင်း လူရိုင်းဒေသသို့ ပုန်ကန်မှု နှိမ်နင်းရန် စေလွှတ်တော့မှာဖြစ်၏။

ဒုတိယ အစီအစဉ် စတင်လိုက်သည်နှင့် တပြိုင်နက် အရာအားလုံး အတည်ပြုပြီးသား ဖြစ်သွားမှာဖြစ်ပြီး လုံးဝ ပြောင်းလဲ၍ မရနိုင်တော့ချေ။

ပထမအချက်၊ ဖူယန်ထူ သည် စစ်တပ် အင်အား သိန်းချီ၏ အာဏာကို ရရှိသွားမှာဖြစ်၏။

ဒုတိယအချက်၊ တောင်ပိုင်း ပုန်ကန်မှုအပေါ် အင်ပါယာ၏ မဟာဗျူဟာမှာ လုံးဝ အတည်ပြုပြီးသား ဖြစ်သွားမှာဖြစ်ပြီး ပြတ်ပြတ်သားသား နှိမ်နင်းမှာဖြစ်ကာ လုံးဝ နှစ်သိမ့်မှာ မဟုတ်ချေ။ ထိုသို့ ဖြစ်သွားပါက အောက်ရှင်း မိသားစု တစ်ခုလုံးကို သေဒဏ် ပေးလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

ထိုမျှမက ဖူယန်ထူက တောင်ပိုင်း ပုန်ကန်မှုကို နှိမ်နင်းပြီးနောက်တွင် သူသည် တောင်ပိုင်း ပြည်နယ် ငါးခု၏ အုပ်ချုပ်ရေးမှူး ဖြစ်လာမှာဖြစ်ပြီး ယခင်က အောက်ရှင်း၏ နေရာ ဖြစ်၏။

ဤသည်မှာ နံပါတ်တစ် ပြည်နယ်ဝန်ကြီး ဖြစ်ပြီး အမှန်တကယ်ကို အာဏာ ကြီးမားသော ထိပ်တန်း အမတ်ကြီး ဖြစ်လာမှာဖြစ်သည်။

ဖူယန်ထူ သည် သွေးစွန်းသော လမ်းစဉ်ကို ထောက်ခံသူ ဖြစ်ရာ သူသာ တောင်ပိုင်း အုပ်ချုပ်ရေးမှူး ဖြစ်လာပါက တောင်ပိုင်း တစ်ခုလုံး၏ မူဝါဒမှာ လုံးဝ ပြောင်းလဲသွားမှာဖြစ်ပြီး သူသည် တောင်ပိုင်း တစ်ခုလုံးကို သွေးချောင်းစီးအောင် သတ်ဖြတ်မည်မှာ သေချာပေါက်ပင်။

နောက်ဆုံးတွင် တောင်ပိုင်း လူရိုင်း သန်းချီကို မျိုးဖြုတ် သတ်ဖြတ်ပြီး ပြဿနာကို အပြီးတိုင် ဖြေရှင်းမှာဖြစ်၏။

လက်ဝဲ စုံစမ်းစစ်ဆေးရေး အမတ်ကြီး ဟူယုံး အနေဖြင့် ဖူယန်ထူကို စစ်တပ် ဦးဆောင်ကာ တောင်ပိုင်းသို့ ပုန်ကန်မှု နှိမ်နင်းရန် စေလွှတ်ခြင်း၊ တောင်ပိုင်းကျိုးအင်ပါယာကို စစ်ပွဲ တွင်းနက်ကြီးထဲသို့ ဆွဲသွင်းခြင်းမှာ တာယင်အင်ပါယာ အတွက် အကျိုးရှိသည်မှာ ထင်ရှားနေပါလျက်နှင့် တာယင် ဧကရာဇ်မင်းမြတ်က ဘာကြောင့် ဤအရာအားလုံးကို တားဆီးလိုသနည်း ဆိုသည်ကို အမြဲတမ်း နားမလည်နိုင် ဖြစ်ခဲ့ရသည်။

သို့ပေမည့် ယခုအခါ ဟူယုံး အနည်းငယ် နားလည်လာပြီ ဖြစ်သည်။ တာယင်အင်ပါယာ ဧကရာဇ်မင်းမြတ် အနေဖြင့် အနာဂတ်တွင် ရရှိလိုသည်မှာ တောင်ပိုင်း အပါအဝင် ပြီးပြည့်စုံသော တောင်ပိုင်းကျိုးအင်ပါယာ တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်၏။

ထို့အပြင် သူ ရရှိလိုသော တောင်ပိုင်းမှာ လူဦးရေ သန်းချီရှိသော တောင်ပိုင်းဖြစ်ပြီး လုံးဝ မျိုးဖြုတ် သတ်ဖြတ်ခံထားရသော လူသူမဲ့ နယ်မြေ မဟုတ်ချေ။

လူဦးရေ သန်းချီ ဆိုသည်မှာ အဖိုးတန်ပြီး ၎င်းတို့သည် ကိုယ့်လူမျိုး အဖြစ် ပြောင်းလဲနိုင်သော လူဦးရေ သန်းချီ ဖြစ်သည်။

ဟုတ်ပေသည်။ ဟူယုံး အနေဖြင့် တာယင် ဧကရာဇ်၏ စိတ်ကူးကို လုံးဝ နားလည်ခြင်း မရှိသေးသော်လည်း တာယင် ဧကရာဇ်၏ အတွေးများမှာ ပိုမို နက်ရှိုင်းလှ၏။

ထိုအတွေးများ အားလုံးကို ဖယ်ရှားလိုက်ပြီး ယခု ဝင်ရောက် မတားဆီးပါက အချိန်မီတော့မည် မဟုတ်ကြောင်း ဟူယုံး သိရှိလိုက်သည်။

စစ်ရေး ဝန်ကြီးက ထွက်လာကာ ဖူယန်ထူကို တောင်ပိုင်း စစ်သေနာပတိအဖြစ် အဆိုပြုလိုက်သည်နှင့် ဤအရာအားလုံးက အတည်ပြုပြီးသား ဖြစ်သွားမှာဖြစ်၏။

အင်ပါယာ စစ်တပ်က တောင်ပိုင်းကို သွေးချောင်းစီးအောင် သတ်ဖြတ်မည် ဆိုသည်မှာ အတည်ပြုပြီးသား ဖြစ်သွားမှာဖြစ်ပြီး အောက်ရှင်း မိသားစု တစ်ခုလုံးကို သတ်ဖြတ်ရန်လည်း အတည်ပြုပြီးသား ဖြစ်သွားမှာ ဖြစ်သည်။

ထို့ကြောင့် သူ မဖြစ်မနေ ထွက်ရတော့မှာဖြစ်သည်။ ဤခြေလှမ်းကို လှမ်းလိုက်ခြင်းမှာ သူ့အတွက် ပျက်စီးခြင်း ဖြစ်သွားမည်ကို သိသော်လည်း လှမ်းရမှာဖြစ်၏။

‘ကျုပ် ဟူယုံးက သေရမှာ မကြောက်တဲ့ လူမျိုး မဟုတ်ပါဘူး။ ကျုပ် ဟူယုံးက သံမဏိလို မာကျောတဲ့ လူမျိုးလည်း မဟုတ်ပါဘူး။ ကျုပ် ဘာဖြစ်လို့ ဒီခြေလှမ်းကို လှမ်းရလဲဆိုတာ ကျုပ်ကိုယ်တိုင်လည်း မသိပါဘူး။’

သို့ပေမည့် သူ၏ ခေါင်းထဲမှာ အင်အား တစ်ခုက ထိပ်တည့်တည့်ကို ရိုက်ခတ်လာပြီး တစ်ကိုယ်လုံး သွေးများ ဆူလာကာ ရှေ့ကိုလှမ်းထွက်လိုက်တော့သည်။

“ကျုပ် ဟူယုံး တင်ပြစရာ ရှိပါတယ်။” ဟူယုံးက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။

အားလုံး အံ့အားသင့်သွားကြသည်။

စစ်ရေးဝန်ကြီးလည်း အံ့အားသင့်သွား၏။ ‘ဒါ ဘာဖြစ်တာလဲ။ အစီအစဉ်အရ ကျုပ်က ထွက်လာပြီး ဖူယန်ထူကို တောင်ပိုင်း စစ်သေနာပတိအဖြစ် အဆိုပြုပြီး စစ်တပ် ဦးဆောင်ကာ တောင်ပိုင်းသို့ ပုန်ကန်မှု နှိမ်နင်းဖို့ သွားရမှာ မဟုတ်ဘူးလား။

ဘာလို့ ဒီ ဟူယုံးက ထွက်လာရတာလဲ။ လူငယ်လေး... ခင်ဗျားက နေရာ လုတာလား၊ ဒါမှမဟုတ် မျက်နှာ လုပ်ချင်တာလား။ ခင်ဗျားက ဒီလို ရှေ့ထွက်ပြီး ဖူယန်ထူကို အဆိုပြုချင်တာလား။ ခင်ဗျားရဲ့ ရာထူး အဆင့်က နည်းနည်း နိမ့်နေသေးတယ် မဟုတ်လား။ အရည်အချင်းလည်း အများကြီး လိုသေးတယ်လေ။’

ဝန်ကြီးချုပ် အမတ်ချုပ်ကြီးလင်၏ မျက်ခွံများ တုန်လှုပ်သွားပြီး ရင်ထဲတွင် စိုးထိတ်မှုကို ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ကိစ္စများက လမ်းကြောင်းမှ သွေဖည်သွားပြီး ထိန်းချုပ်၍ မရနိုင်တော့သကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

‘ဒီ ဟူယုံးက အရင်က အရမ်း စကားနားထောင်တာ မဟုတ်ဘူးလား။ သူ ဘာလို့ ထွက်လာရတာလဲ။ ဒီလူကို ဆက်သုံးလို့ မရတော့ဘူး။’

သို့ပေမည့် ဤသည်မှာ ညီလာခံ ဖြစ်သောကြောင့် အမတ်တိုင်းတွင် တင်ပြခွင့် ရှိရာ ထွက်မလာရန် တားဆီး၍ မရနိုင်ချေ။

ဧကရာဇ်မင်းမြတ်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး မကျေနပ်မှုကို ပြသလိုက်သည်။ “ပြောစမ်း”

အားလုံး၏ အမြင်တွင် ဤ ဟူယုံး သည် အခွင့်အရေး ယူကာ ပထမဆုံး ထွက်လာပြီး ဖူယန်ထူကို တောင်ပိုင်း စစ်သေနာပတိအဖြစ် အဆိုပြုကာ မျက်နှာ လုပ်လိုခြင်း ဖြစ်သည်ဟု ထင်မြင်နေကြ၏။

အဘယ်ကြောင့်ဆိုသော် ဤသူသည် အမြဲတမ်း အလွန် လိမ္မာပါးနပ်ပြီး အလွန် သိတတ်သော စုံစမ်း စစ်ဆေးရေး အမတ် တစ်ဦးဖြစ်ကာ အားလုံးနှင့်လည်း ဆက်ဆံရေး အလွန် ကောင်းမွန်သောကြောင့်ပင်။

‘အခု ခင်ဗျားက ထွက်လာပြီး ဖူယန်ထူကို အဆိုပြုတယ် ဆိုတာက ကိုယ့်အဆင့်ကိုကိုယ်မသိတာပဲ။ ဒီမျက်နှာ လုပ်မှုကို ခင်ဗျား ခံနိုင်ရည် ရှိလို့လား။’

ဟူယုံးက အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်သည်။ “အရှင်မင်းမြတ်... အရှင်မင်းမြတ် နန်းတက်ပြီး နောက်မှာ အလျင်စလိုနဲ့ မြောက်ပိုင်း စစ်ပွဲကို စတင်ခဲ့လို့ စစ်ရှုံးခဲ့ရပါတယ်။ အခု တောင်ပိုင်းမှာလည်း ပုန်ကန်မှုတွေ ဖြစ်နေပြီ။

ကျုပ်တို့ တာ့ကျိုးရဲ့ ကောင်းမွန်တဲ့ အခြေအနေတွေက ရုတ်တရက် ဆိုးရွားလာခဲ့ပါပြီ။ အရင်က ဧကရာဇ်ဟောင်း နန်းတက်စဉ်က နိုင်ငံတော် အေးချမ်းသာယာပြီး တိုးတက်နေခဲ့ပါတယ်။ အရှင်မင်းမြတ် နန်းတက်တာ နှစ်အနည်းငယ်ပဲ ရှိသေးပေမဲ့ ကျုပ်တို့ တာ့ကျိုးရဲ့ နိုင်ငံတော် အခြေအနေက အလွန် အန္တရာယ်များနေပါပြီ။ အရှင်မင်းမြတ် အနေနဲ့ ပြန်လည် စဉ်းစား သုံးသပ်သင့်တယ် မဟုတ်ဘူးလား။

ကျုပ် အနေနဲ့ အရှင်မင်းမြတ်ကို ကျုပ်တို့ တာ့ကျိုးရဲ့ မိုင်သောင်းချီ ကျယ်ဝန်းတဲ့ နိုင်ငံတော်ကြီး အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့ အမိန့်တော် ထုတ်ပြန်ဖို့နဲ့ အာဏာကို ဧကရာဇ်ဟောင်းထံ ပြန်လည် လွှဲပြောင်းပေးဖို့ တောင်းဆိုပါတယ်။”

ညီလာခံ တစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားလေ၏။

မျက်စိတစ်မှိတ်အတွင်း နျူကလီးယား ဗုံးတစ်လုံး ညီလာခံ အလယ်သို့ တိုက်ရိုက် ကျရောက်လာသကဲ့သို့ ဖြစ်သွားသည်။

ချက်ချင်းပဲ အားလုံး၏ တွေးခေါ်မှုများ၊ အားလုံး၏ စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှုများ အားလုံး အလုံးစုံ ပျက်စီးသွားခဲ့ပြီ ဖြစ်၏။

အားလုံးနီးပါး လုံးဝ လှုပ်ရှား၍ မရတော့ဘဲ အာရုံကြောများ ရပ်တန့်သွားသကဲ့သို့ ဖြစ်နေကြသည်။

ဟူယုံးက ဆက်လက်၍ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “ကျုပ် ဧကရာဇ်မင်းမြတ်ကို အာဏာကို ဧကရာဇ်ဟောင်းထံ ပြန်လည် လွှဲပြောင်းပေးဖို့ တောင်းဆိုပါတယ်။

ကျုပ် ဧကရာဇ်မင်းမြတ်ကို အာဏာကို ဧကရာဇ်ဟောင်း ထံ ပြန်လည် လွှဲပြောင်းပေးဖို့ တောင်းဆိုပါတယ်။

ကျုပ် ဧကရာဇ်မင်းမြတ်ကို အမှားပေါ်အမှား ထပ်မလုပ်ဖို့ တောင်းဆိုပါတယ်။ ဧကရာဇ်ဟောင်း... ကျေးဇူးပြုပြီး နိုင်ငံတော် အုပ်ချုပ်ရေးကို ပြန်လည် လွှဲပြောင်း ယူပါတော့။”

စက္ကန့်သုံးဆယ်ခန့် ကြာပြီးနောက်မှ နောက်ဆုံးတွင် လူတစ်ဦး ပထမဆုံး သတိဝင်လာ၏။ ထိုသူမှာ ယုံချန်ဟောက် ဖူယန်ထူ ပင် ဖြစ်သည်။

“ရိုင်းစိုင်းလိုက်တာ။ ရဲတင်းလိုက်တာ။ ခင်ဗျားက ပုန်ကန်ချင်နေတာလား။” သူက လေထဲသို့ ခုန်တက်ကာ ဟူယုံး ထံသို့ ပြေးဝင်သွားပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ချက်ချင်းပဲ ဟူယုံးမှာ မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရပြီး သွေးများ ပန်းထွက်လာ၏။

ဖူယန်ထူက ဟူယုံး၏ လည်ပင်းကို ခြေဖြင့် ပြင်းထန်စွာ နင်းထားပြီး အေးစက်သော အသံဖြင့် မေးလိုက်သည်။ “ပြောစမ်း... ခင်ဗျားရဲ့ နောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူလဲ။ ဘယ်သူက ခင်ဗျားကို ပုန်ကန်ဖို့ ခိုင်းတာလဲ။ မပြောရင် ခင်ဗျားကို အရှင်လတ်လတ် အသားလွှာ သတ်ပစ်မယ်။”

ဟူယုံးက ဖြေလိုက်၏။ “ကျုပ်က သေရမှာ မကြောက်ပါဘူး။ သေရမှာ မကြောက်တဲ့ သူကို သေမင်းနဲ့ ခြောက်လို့ ရမလား။ ဧကရာဇ်မင်းမြတ်... ဒီနေ့ ကျုပ် ဒီစကားတွေကို ပြောပြီးပြီဖြစ်လို့ ဆက်ပြီး အသက်ရှင်ဖို့ မရည်ရွယ်ပါဘူး။ အရိုးကြေအသားမွ ဖြစ်သွားတော့ကော ဘာအရေးလဲ။ သမိုင်းမှာ နာမည်ကောင်း ကျန်ခဲ့ဖို့ပဲ အရေးကြီးတယ်။”

မြေပြင်ပေါ်တွင်မှောက်နေသော ဟူယုံးမှာ သွေးများ အန်ထုတ်နေရင်း အသံကျယ်ကျယ်ဖြင့် အော်ဟစ် လိုက်သည်။ “ဧကရာဇ်မင်းမြတ်... တာ့ကျိုးအင်ပါယာ အတွက်၊ ကျုပ်တို့လူမျိုး သန်းချီအတွက် အာဏာကို ဧကရာဇ်ဟောင်းထံ ပြန်လည် လွှဲပြောင်းပေးပါ။ အမှားကို ပြင်ဆင်ဖို့ အချိန် မနှောင်းသေးပါဘူး။ ဧကရာဇ်မင်းမြတ်... ကျေးဇူးပြုပြီး အာဏာကို ဧကရာဇ်ဟောင်းထံ ပြန်လည် လွှဲပြောင်းပေးပါ”

ဟူယုံး သည် နောက်ဆုံး အနေဖြင့် မြေပြင်ကို ခေါင်းဖြင့် ဆောင့်လိုက်ပြီး သွားကြားတွင် ဝှက်ထားသော အဆိပ်ကို အားဖြင့် ကိုက်ခွဲလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း မျက်နှာ အပေါက် ခုနစ်ပေါက်မှ သွေးများ ယိုစီးကျလာကာ မြေပြင်ပေါ်တွင် လဲကျသွားပြီး မလှုပ်မယှက် ဖြစ်သွားလေတော့၏။

တစ်ချိန်တည်းမှာပင် ဖူယန်ထူက ပြင်းထန်စွာ နင်းချလိုက်ရာ ဟူယုံး၏ အရိုး ဒါဇင်ပေါင်းများစွာ ကျိုးပဲ့သွားပြီး သွေးများ အလုံးအရင်းဖြင့် ပန်းထွက်လာလေသည်။

…………..

အပိုင်း (၃၂၆)

“ဧကရာဇ်မင်းမြတ်… ကျုပ်တို့မှာ အပြစ်ရှိပါတယ်။” ဝန်ကြီးချုပ်ကြီးက ချက်ချင်း သတိဝင်လာပြီး ဒူးထောက်လိုက်၏။

ထို့နောက် ဒု-ဝန်ကြီးချုပ် နှင့် အမတ်ချုပ်ကြီးလင်တို့လည်း ဒူးထောက်ကာ အော်ဟစ်လိုက်ကြသည်။ “ကျုပ်တို့မှာ အပြစ်ရှိပါတယ်။”

ထို့နောက် စုံစမ်းစစ်ဆေးရေး အကြီးအကဲ၊ စုံစမ်းစစ်ဆေးရေး အမတ်ကြီးတို့ အပါအဝင် အားလုံး ဒူးထောက်ကာ နဖူးမှ သွေးထွက်သည်အထိ မြေပြင်နှင့် ဆောင့်ကြလေ၏။

“ဧကရာဇ်မင်းမြတ်… ကျုပ်တို့မှာ အပြစ်ရှိပါတယ်။ ကျုပ်တို့မှာ အပြစ်ရှိပါတယ်။”

“အရှင်သခင် စော်ကားခံရရင် ကျုပ်တို့ သေသင့်ပါတယ်။ ကျုပ်တို့ သေသင့်ပါတယ်။” စုံစမ်းစစ်ဆေးရေး အမတ်ကြီး ယွီဝမ်ကျူက နဖူးမှ သွေးထွက်သည်အထိ ဆောင့်ရင်း အက်ကွဲသော အသံဖြင့် အော်ဟစ် လိုက်သည်။

ဤအချိန်တွင် ယွီဝမ်ကျူ၏ ရင်ထဲရှိ ကြောက်ရွံ့မှုကို မည်သည့် စကားလုံးဖြင့်မှ ဖော်ပြ၍ မရနိုင်တော့ချေ။

အဘယ်ကြောင့်ဆိုသော် ဤဟူယုံးသည် အစိုးရအဖွဲ့ရုံးမှ သူ့ထံသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး တစ်နည်းအားဖြင့် သူ၏ လူဖြစ်ကာ အားလုံးက အမတ်ချုပ်ကြီးလင်၏ အုပ်စုဝင်များ ဖြစ်ကြသောကြောင့်ပင်။ ယခု ဤလူက စနက်တံကို မီးရှို့၍ ဗုံးဖောက်ခွဲလိုက်ပြီဖြစ်ရာ သူ ယွီဝမ်ကျူ၏ အနာဂတ်က မည်သို့ ဖြစ်သွားမည်နည်း။

ယခင်က ဝေ့ချီတွမ်၏သားက အရက်ဝိုင်း တစ်ခုတွင် ဧကရာဇ် ဝမ်ယွင်ကို ဉာဏ်နည်းကြောင်း ပြောဆိုပြီး ဧကရာဇ်ဟောင်းထံသို့ အာဏာ ပြန်လွှဲပေးသင့်ကြောင်း ပြောဆိုခဲ့ရုံမျှဖြင့် ကျန်းကျိုးမြို့ တစ်မြို့လုံး သွေးချောင်းစီးသွားခဲ့ရပြီး လူပေါင်းသောင်းချီ ခေါင်းဖြတ်ခံခဲ့ရသည်။

ဤမြင်ကွင်းကို ယွီဝမ်ကျူ ကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပြီး သူ၏ တစ်ကိုယ်လုံး ကြက်သီး မွေးညင်းများ ထသွားခဲ့ရသလို ကိုယ်စားလှယ်တော် မင်းကြီးဖြစ်သူ တရားရေးဝန်ကြီးပင် ကျောချမ်း သွားခဲ့ရ၏။

ယခုအခါ ဤလက်ဝဲ စုံစမ်းစစ်ဆေးရေး အမတ်ကြီးက ညီလာခံ ခန်းမအတွင်း၌ အမတ် အားလုံး၏ ရှေ့တွင် ဧကရာဇ်မင်းမြတ်ကို တိုက်ရိုက် လက်ညှိုးထိုးကာ ဉာဏ်နည်းကြောင်း၊ ဧကရာဇ်ဟောင်းထံ အာဏာ ပြန်လွှဲပေးသင့်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဤသည်က မည်သို့သော နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်လာမည်နည်း။ ဤတစ်ကြိမ်တွင် လူမည်မျှ သေဆုံးရဦးမည်နည်း။

အစပိုင်းတွင် သေးငယ်သော နိုင်ငံရေး မုန်တိုင်းလေး တစ်ခုသာ ဖြစ်မည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုအခါ ကြီးမားသော လေဆင်နှာမောင်းကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ခဏအကြာတွင် အရပ်ဖက်နှင့် စစ်ဖက် အရာရှိများ အားလုံး မြေပြင်ပေါ်တွင် ဒူးထောက်ကာ အသေအလဲ ဦးတိုက်နေကြ၏။ “ကျုပ်တို့မှာ အပြစ်ရှိပါတယ်။ ကျုပ်တို့မှာ အပြစ်ရှိပါတယ်။”

အားလုံး တကယ်ကို ကြောက်လန့်သွားကြပြီ ဖြစ်သည်။ ဤဟူယုံးသည် ပုံမှန်အားဖြင့် အလွန် ဖော်ရွေပြီး အလွန် သိတတ်သူ တစ်ဦးဖြစ်ကာ ဤကဲ့သို့ သတ္တိရှိသူ တစ်ဦး ဖြစ်လိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ကြချေ။

‘ဒါ… ဒါက အသေခံ အကြံပြုခြင်းပဲ။’

“ဧကရာဇ်မင်းမြတ်… ဟူယုံး သေသွားပါပြီ။”

ဖူယန်ထူက ပြောလိုက်၏။ “ချက်ချင်း ဟေးပင်းထိုင်ကို စေလွှတ်ပြီး ဒီလူရဲ့ မိသားစု တစ်ခုလုံးကို ဖမ်းဆီးကာ မျိုးနွယ်စုကိုးဆက် ကွပ်မျက်ဖို့ အမိန့်ပေးပါ။”

ဟေးပင်းထိုင် စစ်သူကြီးချုပ် နန်ကုန်းချော့က ချက်ချင်း ထွက်လာပြီး ဟူယုံး၏ မျိုးနွယ်စုကိုးဆက်ကို ဖမ်းဆီးရန် အမိန့်ကို စောင့်ဆိုင်းနေသည်။

သို့ပေမည့် ဤတစ်ကြိမ်တွင် လူမည်မျှ သေဆုံးရဦးမည်နည်း။ လူမည်မျှ ပါဝင် ပတ်သက်ရဦးမည်နည်း။

ဧကရာဇ် ဝမ်ယွင်က မြေပြင်ပေါ်ရှိ ဟူယုံးကို တစ်ချက် ကြည့်လိုက်သည်။ တကယ်ကို ရက်စက်လွန်းလှ၏။

အထူးသဖြင့် ဖူယန်ထူ၏ နောက်ဆုံး နင်းချက်က ဟူယုံး၏ အရိုး ဒါဇင်ပေါင်းများစွာကို ကျိုးပဲ့သွားစေခဲ့ပြီး သွေးမည်းများ တိုက်ရိုက် ပန်းထွက်သွားစေခဲ့သည်။

‘အသေခံ အကြံပြုခြင်း။ ဒါက အသေခံ အကြံပြုခြင်းပဲ။’

ဧကရာဇ် ဝမ်ယွင်မှာ အစပိုင်းတွင် ခေါင်းတစ်ခုလုံး ကြက်သီးမွေးညင်းများ ထသွားပြီး သူ့ရှေ့ရှိ မြင်ကွင်းကိုပင် မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့၏။

‘ဒါက ညီလာခံ ခန်းမကြီးထဲမှာလေ။ တကယ်ပဲ သေရမှာကို မကြောက်တဲ့ လူ ရှိနေတာလား။ မျက်နှာကို မရိုက်ရဘူးလို့ ပြောကြပေမဲ့ အခုတော့ အမတ် အားလုံး ရှေ့မှာ ဒီ ဟူယုံးက ငါ့လို ဧကရာဇ်ရဲ့ နှာခေါင်းကို တိုက်ရိုက် လက်ညှိုးထိုးပြီး ဆဲဆိုသွားတာပဲ။’

ဧကရာဇ် ဝမ်ယွင်သည် ဤကဲ့သို့သော အရှက်ခွဲမှုကို တစ်ခါမှ မခံခဲ့ရဖူးချေ။ သူသည် အမြင့်မြတ်ဆုံးသော ဧကရာဇ် တစ်ပါးဖြစ်ပြီး မည်သူမဆို သူ့ရှေ့တွင် ဆဲဆိုရန် နေနေသာသာ ခေါင်းမော့၍ပင် စကား မပြောရဲကြချေ။

ယခင်က ကျန်းကျိုးမြို့တွင် အရက်မူးနေသူ တစ်ဦးက ရမ်းသန်း ပြောဆိုခဲ့ခြင်းသာ ဖြစ်သည်။

ယခုမူ ညီလာခံ ခန်းမ အတွင်း၌ စုံစမ်းစစ်ဆေးရေး ရုံးတော်၏ အဆင့်မြင့် အရာရှိ တစ်ဦးက သတိအပြည့်ဖြင့် အသေခံ အကြံပြုသွားခြင်း ဖြစ်၏။

ထို့နောက် ဧကရာဇ် ဝမ်ယွင်က ဤကိစ္စတွင် ကြီးမားသော အကြံအစည်ကြီး တစ်ခု ရှိနေသည်ဟု ထင်မြင်လိုက်၏။ ထို့နောက် ဒေါသပေါက်ကွဲသွားလေတော့သည်။

‘အစုလိုက် အပြုံလိုက် သတ်ဖြတ်ပစ်မယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်မယ်။ မျိုးနွယ်စုကိုးဆက် ကွပ်မျက်မယ်။ မျိုးဆက်ဆယ်ဆက် ကွပ်မျက်မယ်။ ဟူယုံးနဲ့ ပတ်သက်တဲ့ လူအားလုံးကို မျိုးဖြုတ် သတ်ဖြတ်ပစ်မယ်။စုံစမ်းစစ်ဆေးရေး ရုံးတော် တစ်ခုလုံးကို သတ်ဖြတ်ပစ်မယ်။ ဟူယုံးရဲ့ မျိုးဆက်ဆယ်ဆက် အတွင်းမှာ ရှိတဲ့ ဆွေမျိုး အားလုံးကိုပါ သတ်ပစ်မယ်။’

သို့ပေမည့် ဤအတွေးမှာ အတွေးသက်သက်သာ ဖြစ်၏။

မျက်နှာကို ဂရုစိုက်မှုအရဆိုလျှင် ကျားကျင့် ဧကရာဇ်သည် ဤဧကရာဇ် ဝမ်ယွင် ထက် လုံးဝ မလျော့နည်းချေ။

အာဏာအရ ဆိုလျှင် ကျားကျင့် ဧကရာဇ် သည် တစ်ဦးတည်း အာဏာရှင် ဖြစ်နေသည်မှာ ကြာပြီဖြစ်ပြီး ယန်ဆုန့် (နိုင်ကော် ဝန်ကြီးချုပ်) ကို အသုံးပြုကာ သတ္တိရှိသော အမတ် အားလုံးကို သတ်ဖြတ်ခဲ့သူဖြစ်သည်။

ရလဒ် အနေဖြင့် ဟိုင်ရွေ့ (ဖြောင့်မတ်သော ဟိုင်ဟု ကျော်ကြားသည့် အမတ်ကြီး)၏ ငြိမ်းချမ်းရေး အဆိုပြုလွှာက မိုးကြိုးပစ်ချသကဲ့သို့ ကျားကျင့် ဧကရာဇ်၏ ခေါင်းပေါ်သို့ တိုက်ရိုက် ကျရောက်လာပြီး ကျားကျင့် ဧကရာဇ်၏ မျက်နှာကို ရူးသွပ်စွာ ရိုက်နှက်လိုက်သကဲ့သို့ ဖြစ်သွားခဲ့၏။

ဟိုင်ရွေ့၏ ငြိမ်းချမ်းရေး အဆိုပြုလွှာတွင် ကျားကျင့် ဧကရာဇ်ကို မည်သို့ ဆဲဆိုထားသနည်း။

‘နတ်ဘုရား ဖြစ်ဖို့ပဲ အာရုံစိုက်ပြီး ပြည်သူတွေရဲ့ ချွေးနှဲစာတွေကို အကုန် ယူတယ်။ အဆောက်အဦးတွေ အလဟဿ ဆောက်တယ်။ နှစ်ဆယ်ကျော် ညီလာခံ မတက်ဘူး။ ဥပဒေတွေ ပျက်ယွင်းနေပြီ။

အရာရှိတွေက လောဘကြီးပြီး အာဏာပြတယ်။ ပြည်သူတွေ ဘဝ ပျက်နေပြီ။ ရေဘေး၊ မိုးခေါင်တာတွေ အချိန်အခါ မရွေး ဖြစ်နေတယ်။ သူခိုး ဓားပြတွေ သောင်းကျန်းနေပြီ။

ကျား ဆိုတာ အိမ်ကို ပြောတာ၊ ကျင့် ဆိုတာ ရှင်းလင်းတာကို ပြောတာ။ ကျားကျင့် ဆိုတာ အိမ်တိုင်း ရှင်းလင်းသွားတာကို ပြောတာပဲ။’

အထူးသဖြင့် နောက်ဆုံး စာကြောင်းက အလွန် ရင်နာစရာ ကောင်းလှသည်။ ‘ကမ္ဘာပေါ်ရှိ ပြည်သူတွေက ဧကရာဇ်မင်းမြတ်ကို အရေးမစိုက်တော့တာ ကြာပါပြီ။’

ထိုအချိန်က ကျားကျင့် ဧကရာဇ်သည် ဒေါသထွက်လွန်း၍ သတိလစ်သွားပြီး ဟိုင်ရွေ့ကို အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်လိုခဲ့သည်။ သို့ပေမည့် ရလဒ်က မည်သို့ ဖြစ်ခဲ့သနည်း။ ဟိုင်ရွေ့ကို ထောင်ထဲတွင်သာ ထည့်ထားနိုင်ခဲ့ပြီး လုံးဝ မသတ်နိုင်ခဲ့ချေ။

ထို့နောက် ဟိုင်ရွေ့ မသေမီ ကျားကျင့် ဧကရာဇ် အရင် သေဆုံးသွားခဲ့သည်။ ယခု အခြေအနေမှာ ထိုအချိန်က ကျားကျင့်နှင့် ဟိုင်ရွေ့ တို့၏ အခြေအနေထက် ပို၍ ရင်နာစရာ ကောင်းလှသည်။

ဟူယုံး သည် အဆိုပြုလွှာ တင်ခြင်း မဟုတ်ဘဲ အမတ်အားလုံး၏ ရှေ့တွင် ဧကရာဇ် ဝမ်ယွင်၏ နှာခေါင်းကို တိုက်ရိုက် လက်ညှိုးထိုးကာ ဆဲဆိုခဲ့ခြင်း ဖြစ်သည်။ ထိုမျှမက ဆဲဆိုပြီးနောက် ချက်ချင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ခြင်း ဖြစ်၏။

ဤသည်မှာ အသေခံ အကြံပြုခြင်းပင် ဖြစ်သည်။ ပြည်သူလူထု၏ သဘောထားက မည်သို့ ရှိမည်နည်း။ ပြည်သူ သန်းချီက မည်သူ့ဘက်တွင် ရပ်တည်ကြမည်နည်း။

“ဧကရာဇ်မင်းမြတ်… ဟေးပင်းထိုင်ကို ချက်ချင်း အမိန့်ပေးပြီး ဟူယုံးရဲ့ မျိုးနွယ်စု ကိုးဆက်ကို ဖမ်းဆီးခိုင်းပါ။”

“ဧကရာဇ်မင်းမြတ်… ဟူယုံးရဲ့ မျိုးနွယ်စုကိုးဆက်ကို ချက်ချင်း ကွပ်မျက်ပါ။”

အမတ် အများအပြားက ဒူးထောက်ကာ တောင်းဆိုကြလေသည်။

သို့ပေမည့် ဝန်ကြီးချုပ်ကြီးကသာ ဒူးထောက်ကာ ပြောလိုက်၏။ “ဧကရာဇ်မင်းမြတ်… လုံးဝ မလုပ်သင့်ပါဘူး။ ဒီ ဟူယုံးက နာမည်ကြီးချင်လို့ အသေခံ အကြံပြုတဲ့ပုံစံ ဖမ်းသွားတာပါ။ ဧကရာဇ်မင်းမြတ် အနေနဲ့ သူ့ရဲ့ အကြံအစည်ထဲ သက်ဆင်း မသွားပါနဲ့။ တကယ်လို့ သူ့ရဲ့ မျိုးနွယ်စုကိုးဆက်ကို ကွပ်မျက်လိုက်ရင် သမိုင်းမှာ သူက နာမည်ကောင်း ကျန်ရစ်သွားပါလိမ့်မယ်။”

အမှန်တကယ်တော့ ဟူယုံးမှာ သမိုင်းတွင် နာမည်ကောင်း ကျန်ရစ်နေပြီ ဖြစ်သည်။

သေဆုံးသွားပြီးမှသာ အဆုံးအဖြတ် ပေးနိုင်သည်ဟု ဆိုကြရာ သူ သေဆုံးသွားပြီ ဖြစ်သောကြောင့် သူ၏ ဂုဏ်သိက္ခာမှာ လုံးဝ ပျက်စီးမည် မဟုတ်တော့ချေ။

ထို့နောက် ဒု-ဝန်ကြီးချုပ်ကလည်း ဒူးထောက်ကာ ပြောလိုက်သည်။ “ကျုပ်လည်း သဘောတူပါတယ်။”

ထို့နောက် တတိယ ဝန်ကြီးချုပ် အမတ်ချုပ်ကြီးလင်ကလည်း ဒူးထောက်ကာ ပြောလိုက်၏။ “ကျုပ်လည်း သဘောတူပါတယ်။”

ဆူမီယွမ်မှ ခေါင်းဆောင် သုံးဦးလည်း ညီညာစွာ ဒူးထောက်ကြလေသည်။

နန်းတွင်းရှိ အမြင့်ဆုံးသော ခေါင်းဆောင် ခြောက်ဦးစလုံးက ဧကရာဇ်မင်းမြတ်ကို ဟူယုံး၏ မျိုးနွယ်စုကိုးဆက်ကို မကွပ်မျက်ရန် အကြံပြုကြလေ၏။

လူသတ်ခြင်းမှာ ရည်ရွယ်ချက် မဟုတ်ဘဲ နည်းလမ်း သက်သက်သာ ဖြစ်သည်။

ယခင်က ရွှီဖူ နှင့် ဝေ့ချီတွမ် တို့၏ မျိုးနွယ်စုကိုးဆက်ကို ကွပ်မျက်ခဲ့ခြင်းမှာ ခြောက်လှန့်ရန်နှင့် ပြည်သူများကို ပါးစပ်ပိတ်ရန် ဖြစ်သည်။

သို့ပေမည့် ယခု ဟူယုံး၏ မျိုးနွယ်စုကိုးဆက်ကို ကွပ်မျက်၍ အကျိုးရှိမည်လား။ လုံးဝ အကျိုးမရှိနိုင်ချေ။

ယခင်က ကျန်းကျိုးမြို့တွင် လူပေါင်းသောင်းချီ သတ်ဖြတ်ခဲ့ခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အခြေအနေများ ပိုမို ဆိုးရွားမလာစေရန်နှင့် ပြည်သူလူထု၏ သဘောထားများ ပိုမို ဆိုးရွားမလာစေရန် ဖြစ်သည်။

သို့ပေမည့် ယခုအခါ အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၏။

ကျန်းကျိုးမြို့ အကျပ်အတည်းမှာ ခြေလက်များတွင်သာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့ ညီလာခံတွင် ဖြစ်ပွားခဲ့သော ကိစ္စမှာ တောင်ပိုင်းကျိုးအင်ပါယာ၏ နှလုံးသားတွင် ပေါက်ကွဲသွားခြင်းပင် ဖြစ်သည်။

အကယ်၍ ဆက်လက် တင်းမာနေမည် ဆိုပါက တစ်နိုင်ငံလုံး၏ သဘောထားများမှာ တောမီးလောင်သကဲ့သို့ ရူးသွပ်စွာ ပြန့်နှံ့သွားမှာဖြစ်၏။

ဧကရာဇ်မင်းမြတ် မျက်လုံး ပိတ်ထားလိုက်ပြီး အချိန်အတန်ကြာမှ ပြန်ဖွင့်ကာ နှေးကွေးစွာဖြင့် ပြောလိုက်သည်။ “အမိန့်တော် ထုတ်ပြန်လိုက်... နန်းတွင်း သမားတော်ဌာနက လူလွှတ်ပြီး ဟူယုံး အသက်ရှင်နေသေးရင် အစွမ်းကုန် ကယ်တင်ပါ။ သေသွားပြီ ဆိုရင်တော့ သေချာ သင်္ဂြိုဟ်ပေးလိုက်ပါ။”

အားလုံး အံ့အားသင့်သွားကြ၏။ ‘ဒီလောက်တောင် အခွင့်အရေး ပေးတာလား။’

ဧကရာဇ်မင်းမြတ်က ဆက်လက်၍ ပြောလိုက်သည်။ “အမိန့်တော် ထုတ်ပြန်လိုက်... ဟူယုံး မိသားစု တစ်ခုလုံးကို ကာကွယ်ပေးထားပါ။ ဘယ်သူမှ မဖမ်းဆီးရဘူး၊ ဘယ်သူမှ မထိခိုက်စေရဘူး။ ငါကိုယ်တော် ပင်ပန်းနေပြီ။ ညီလာခံ သိမ်းမယ်။”

ထို့နောက် ဧကရာဇ်မင်းမြတ်က ထရပ်ကာ အထီးကျန်စွာ ထွက်ခွာသွားလေ၏။

အရပ်ဖက်နှင့် စစ်ဖက် အရာရှိများ အားလုံး အချိန်အတန်ကြာမှ ဦးညွတ်ကာ ပြောလိုက်ကြသည်။ “ကျုပ်တို့ ဧကရာဇ်မင်းမြတ်ကို ပို့ဆောင်ပါတယ်။”

ဤသို့ဖြင့် ယနေ့ ညီလာခံမှာ ဤမျှဖြင့် ပြီးဆုံးသွားလေ၏။

ဖူယန်ထူကို တောင်ပိုင်း စစ်သေနာပတိအဖြစ် ခန့်အပ်ခြင်းမှာလည်း မပြီးပြတ်ဘဲ နိုင်ငံတော် အထောက်အကူပြု စစ်သူကြီး အဖြစ်သာ ခန့်အပ်ခံရသည်။

ယုံချန်ဟောက် ဖူယန်ထူ၏ ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး မြေပြင်ပေါ်ရှိ ဟူယုံး၏ ခန္ဓာကိုယ်ကို စူးရဲစွာ ကြည့်ကာ အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်လိုနေ၏။

ဟူယုံး၏ အိမ်တွင် မျက်နှာဖုံးစွပ်ထားသူတစ်ဦး ဟူယုံး၏ ဇနီးရှေ့တွင် ပေါ်လာ၏။ ထိုသူမှာ တာယင် အင်ပါယာ ဟေးလုံထိုင် သူလျှို ဖြစ်ပြီး ဟူယုံး၏ အထက်လူကြီးလည်း ဖြစ်သည်။

တောင်ပိုင်းကျိုး ဟေးပင်းထိုင်၏ စစ်သည်များ မကြာမီ ရောက်ရှိလာတော့မှာဖြစ်ပြီး ဤနေရာကို ဝိုင်းရံထားတော့မှာဖြစ်၏။

ထိုလူက ပြောလိုက်သည်။ “ကတော်… ကျုပ်တို့ ဟူယုံးကို ပေးခဲ့တဲ့ အမိန့်က ဖောက်ခွဲဖို့ပဲ ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ မဟုတ်ပါဘူး။ ကျုပ်တို့ သူ့ကို တကယ် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခိုင်းတာ မဟုတ်ပါဘူး။

ကျုပ်တို့ အကြိမ်ကြိမ် တွက်ချက်ထားပြီးပါပြီ။ ဒီလို အခြေအနေမျိုးမှာ ဧကရာဇ်မင်းမြတ်က သူ့ကို သေဒဏ်ပေးမယ့် ထောင်ထဲကိုပဲ ထည့်ထားမှာပါ၊ သူ့ကို သတ်မှာ မဟုတ်ပါဘူး။ ဧကရာဇ်မင်းမြတ်က သတ်ချင်ရင်တောင် နိုင်ကော်နဲ့ ဆူမီယွမ်က တားဆီးကြမှာပါ။”

ဟူယုံး၏ ဇနီးက ယနေ့ နံနက်ပိုင်းတွင် ခင်ပွန်းသည်က အဘယ့်ကြောင့် ထိုမျှ ပေါ့ပါးသွက်လက်နေခဲ့သနည်း ဆိုသည်ကို သတိရသွား၏။ နံနက်စောစောစီးစီး သူမနှင့် အတူနေချင်ခဲ့ခြင်းမှာ ဤသည်က နောက်ဆုံး နှုတ်ဆက်ခြင်း ဖြစ်ကြောင်း ဆုံးဖြတ်ထားခဲ့သောကြောင့်ပင်။

ထို့အပြင် ဟူယုံး အိမ်မှ ထွက်ခွာသွားပြီးနောက် သူမအား ပေးခဲ့သော ပန်းပွင့်လေးထဲတွင် စာရွက်ပိုင်း တစ်ခုကို ဝှက်ထားခဲ့သည်။

ဇနီးဖြစ်သူကို ချက်ချင်း ထွက်ပြေးရန်၊ လုံးဝ မသိသော နေရာတစ်ခုကို သွားရောက်ကာ သားနှစ်ယောက်နှင့် အတူ အေးချမ်းစွာ နေထိုင်ရန်မှာကြားထားခဲ့ခြင်း ဖြစ်၏။

“ချမ်းသာဖို့ မကြိုးစားနဲ့၊ ချမ်းသာဖို့ လုံးဝ မကြိုးစားနဲ့။”

ထိုသေတမ်းစာကို ဖတ်ပြီးနောက်မှသာ ဟူယုံး ဇနီးသည် သူမ၏ ခင်ပွန်းက သေရန် ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း သေချာသွားခဲ့သည်။

.............................

All Chapters