ဝဥမုန့်နှင့် ပိုးချည်မျှင်
Vol. 2 Ch. 12
လုချင်းတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ရာမှ နိုးထလာချိန်တွင် သူပထမဆုံးကြားလိုက်ရသော အသံမှာ ရှောင်ယန်၏ ပျော်ရွှင်စွာရယ်မောနေသော အသံပင်ဖြစ်၏။
သူသည် မိမိကိုယ်ကို ကြည့်လိုက်သောအခါ၌ သူ့ကိုယ်ပေါ်တွင် ငွေရောင်အပ်များမရှိတော့ဘဲ သူ့ကို ခြုံပေးထားသော ပါးလွှာသည့်စောင်တစ်ထည်ကို သတိပြုမိလိုက်သည်။
သူ ဘယ်အချိန်ထိတောင် အိပ်မိသွားတာပါလိမ့်။
လုချင်းသည် စိတ်ထဲမှတွေးတောရင်း စောင်ကိုဖယ်ကာ အဝတ်အစားဝတ်ဆင်ပြီး အပြင်သို့ ထွက်လာခဲ့သည်။
ခြံဝင်းထဲတွင်တော့ သမားတော်ကြီးချန်နှင့် ရှောင်ယန်တို့ ကျောက်စားပွဲတစ်ခုတွင် ထိုင်နေကြသည်ကို သူတွေ့လိုက်ရ၏။
သူတို့နှစ်ဦးသည် ပျော်ပျော်ရွှင်ရွှင်နှင့် စကားလက်ဆုံကျနေကြပုံရပြီး နှစ်ဦးစလုံး အားရပါးရ ရယ်မောနေကြသည်။
အထူးသဖြင့် ရှောင်ယန်သည် သူ၏လက်ထဲတွင် အဖြူရောင်မုန့်တစ်ခုကို ကိုင်ဆောင်ထားရင်း ပျော်ရွှင်စွာ ရယ်မောနေလေ၏။
"ကိုကို နိုးလာပြီ!"
တခစ်ခစ်ရယ်မောနေသော ရှောင်ယန်သည် အိမ်ထဲမှထွက်လာသော လုချင်းကိုမြင်သောအခါ ချက်ချင်းပင် ဝမ်းသာအားရဖြစ်သွားသည်။
သူသည် ကျောက်ခုံပေါ်မှ "ဒုန်း" ခနဲ ခုန်ဆင်းလိုက်ပြီး မုန့်ကို လုချင်းထံသို့ ကမ်းပေးလိုက်သည်။
"ကိုကို ကြည့်၊ ဒါက အဘိုးချန် လုပ်ပေးတဲ့ ဝဥမုန့်လေ။ အရမ်းစားလို့ကောင်းတာပဲ။ ကိုကိုလည်း တစ်ခုလောက်မြည်းကြည့်မလားဟင်"
လုချင်းသည် မုန့်ကိုမယူဘဲ သမားတော်ကြီးချန်ကို ကြည့်လိုက်သည်။ "အဘိုးချန်၊ ရှောင်ယန် အဘိုးကို ဒုက္ခမပေးဘူးမလား"
သမားတော်ကြီးချန်က လက်ကို ခါယမ်းပြလိုက်သည်။ "ဒုက္ခမပေးပါဘူးကွယ်။ ရှောင်ယန်က အပြစ်ကင်းပြီး တက်ကြွတယ်လေ။ သူနဲ့ စကားပြောရတာက ပျော်စရာကောင်းပါတယ်။ အခုမှနိုးလာတော့ ဘယ်လိုနေသေးလဲ"
"အရမ်း နေလို့ထိုင်လို့ကောင်းသွားတယ်လို့ ခံစားရတယ်ဗျ" လုချင်းက သူ၏ကိုယ်ကို ဆန့်တန့်ကာ အကြောဆန့်လိုက်၏။ " ရုတ်တရက်ကြီး ခွန်အားတွေအများကြီး တိုးလာသလိုပဲဗျ။ အဘိုးချန်၊ ဒါဆို ကျွန်တော် အခု လုံးဝပြန်ကောင်းသွားပြီလို့ ဆိုလိုတာမလားဗျ"
"အဲ့ဒီလောက်တော့ မရိုးရှင်းဘူးပေါ့ကွ" သမားတော်ကြီးက ရယ်မောလိုက်သည်။ "မင်းရဲ့ခန္ဓာကိုယ်က အခုထိ အရမ်းအားနည်းနေသေးတယ်လေ။ ဖြည်းဖြည်းချင်း အားဖြည့်ပေးဖို့ လိုတယ်။ ငါ့ရဲ့ကုသမှုက မင်းရဲ့ခွန်အားကို ယာယီတိုးမြင့်ပေးလိုက်ရုံပဲ၊ ဒါကြောင့် ခွန်အားတိုးလာတယ်လို့ မင်းကို ထင်ယောင်ထင်မှားဖြစ်သွားစေတာပေါ့။"
"အခုကစပြီး တကယ်ပြန်ကောင်းလာဖို့အတွက် မင်းရဲ့အစားအသောက်ကို ဆေးဖက်ဝင်အစားအစာနဲ့ ဖြည့်စွက်စားဖို့ လိုလိမ့်မယ်"
"ဒီမှာ၊ ဒီဝဥမုန့်က ရှောင်ယန်အတွက်တင်မဟုတ်ဘူး၊ မင်းအတွက်လည်း ပါတယ်။ နည်းနည်း စားလိုက်ဦး"
"ဝဥက သရက်ရွက်၊ အဆုတ်နဲ့ ကျောက်ကပ်တို့အတွက်ဆို အရမ်းကောင်းတယ်လေ။ အဲ့ဒီတော့ မင်းအတွက် အတော်ပဲပေါ့။"
သမားတော်ကြီးက နှင်းကဲ့သို့ဖြူဖွေးနေသော ဝဥမုန့်ပန်းကန်ကို ရှေ့သို့တွန်းပို့ရင်း လုချင်းကို အမူအရာဖြင့်ပြလိုက်သည်။
လုချင်းကတော့ ဝဥမုန့်ပန်းကန်ကို ကြည့်ရင်း တုံ့ဆိုင်းနေမိသည်။ "အဘိုးချန်၊ ဒီဝဥမုန့်က တော်တော်တန်ဖိုးကြီးမှာပဲနော်"
"ထူးထူးခြားခြားတော့ အဖိုးမတန်ပါဘူး။ အပြင်မှာတော့ ရှားပါးပေမယ့် တောင်တွေပေါ်မှာတော့ ရှာရမခက်ပါဘူးကွာ။ ငါ့ဆီမှာလည်း နည်းနည််း ရှိပါသေးတယ်။ စိတ်ပူမနေနဲ့ အေးဆေး စားလိုက်။"
သမားတော်ကြီးချန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သော်လည်း လုချင်းကမူ ပို၍နားလည်၏။
တောင်များ၏အန္တရာယ်ကို လူတိုင်းကောင်းစွာသိကြသည်။ သမားတော်ကြီး၌ ဤပစ္စည်းများကို စုဆောင်းနိုင်သည့် အရည်အချင်းရှိသော်လည်း၊ ယင်းတို့ကို သာမန်ဟု သဘောထားရန်မှာမူ ရိုးအရာကျပေလိမ့်မည်။
သို့သော်လည်း သမားတော်ကြီးက ဤမျှပြောဆိုပြီးမှ ငြင်းဆန်လိုက်လျှင် ဟန်ဆောင်ရာကျလွန်းမည်ကိုလည်း သူသိသည်။
ထို့ကြောင့် သူသည် သမားတော်ကြီးချန်ကို လေးနက်စွာ ဦးညွှတ်ကာ သူ၏ကျေးဇူးတင်ကြောင်းကို ဖော်ပြလိုက်သည်။ "ကျေးဇူးတင်ပါတယ် အဘိုးချန်"
ထို့နောက် သူသည် ကျောက်စားပွဲတွင် ထိုင်ချလိုက်ပြီး ဝဥမုန့်တစ်ခုကို စားလိုက်သည်။
မုန့်သည် နူးညံ့၊ မွှေးကြိုင်နေသည့်အပြင် အရသာလည်း ရှိလှပါ၏။
အရင်ဘဝတုံးက ခေတ်သစ်မုန့်မျိုးစုံကို မြည်းစမ်းဖူးခဲ့သော လုချင်းကဲ့သို့သောသူပင်လျှင် ယင်းကို နှစ်ခြိုက်နေခဲ့ပါ၏။
လုချငိးတစ်ယောက် ပန်းကန်ထဲရှိ မုန့်များကို ကြည့်နေစဉ်တွင် အဖြူရောင်အလင်းတန်းတစ်ခုက လက်ခနဲဖြစ်သွားကာ စာလုံးများ ပေါ်ထွက်လာခဲ့တော့သည်။
[ဝဥမုန့် : ဝဥကို အဓိကအသုံးပြု၍ ပြုလုပ်ထားသော မုန့်တစ်မျိုး။]
[သရက်ရွက်၊ အဆုတ်နှင့် ကျောက်ကပ်တို့အတွက် အကျိုးရှိပြီး ခန္ဓာကိုယ်အတွက် ကောင်းမွန်သော အာဟာရဖြည့်တင်းပေးနိုင်သည့် အာနိသင်ရှိပုံရသည်။]
သူ၏နတ်မျက်စိစွမ်းရည်မှ ဖော်ပြချက်သည် သမားတော်ကြီးချန်၏ ရှင်းပြချက်နှင့် တစ်ထပ်တည်းကျနေခဲ့ပါ၏။
"ကိုကို၊ စားလို့ကောင်းတယ်မဟုတ်လားဟင်" ရှောင်ယန်က ဂုဏ်ယူစွာမေးလိုက်သည်။
"ဟုတ်ပါ့ ၊ အရမ်းစားလို့ကောင်းတယ်နော်။" လုချင်းက ရိုးသားစွာ ခေါင်းညိတ်လိုက်သည်။
သမားတော်ကြီးချန်ကတော့ လုချင်းကို အကဲခတ်နေခဲ့သည်။ မုန့်အနည်းငယ်စားပြီးနောက် ရပ်တန့်သွားသည့်လုချင်းကို မြင်လိုက်ရသောအခါ သူသည် အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
လုချင်းမှာ ဗိုက်ဆာနေပေမဲ့လည်း စည်းကမ်းရှိစွာဖြင့် အလွန်အကျွံမစားခဲ့ပေ။
သူ၏အမူအကျင့်သည် သမားတော်ကြီးကို အထင်ကြီးစေခဲ့သည်။
ယခင်က ရွာထဲတွင် ဤသို့သော ထူးချွန်သည့်လူငယ်တစ်ဦးရှိသည်ကို သူသတိမထားမိခဲ့ပေ။
သို့သော်လည်း အပြီးသတ်ဆုံးဖြတ်ချက်ချရန်မှာ စောလွန်းသေးပြီး နောက်ထပ်လေ့လာစောင့်ကြည့်ရန် လိုအပ်သေးပါ၏။
လုချင်းအိပ်ပျော်နေစဉ် ပေါ်ပေါက်လာခဲ့သော အတွေးများကို ပြန်လည်စဉ်းစားရင်း သမားတော်ကြီးသည် စိတ်ထဲမှ ကြံစည်နေမိသည်။
ထို့နောက် သူက မေးလိုက်သည်။ "လုချင်း၊ မင်းက ဆေးဖက်ဝင်အပင်တွေကို စိတ်ဝင်စားတယ်လို့ ပြောခဲ့တယ်နော်။ မင်း ဆေးပညာကို လေ့လာချင်လို့လား"
"ဆေးပညာကို လေ့လာဖို့အထိတော့ မပြောဝံ့ပါဘူး" လုချင်းက လျင်မြန်စွာဖြင့် ပြန်ဖြေလိုက်သည်။ "ကျွန်တော်က ဆေးဖက်ဝင်အပင်တွေရဲ့ အံ့အားသင့်စရာတွေကိုပဲ စွဲလမ်းမိရုံသက်သက်ပါဗျ။"
"ကျွန်တော့်မိသားစုကြုံတွေ့ခဲ့ရတဲ့ ကံဆိုးမှုတွေကို အဘိုးချန်လည်း သိပါတယ်။ မိဘတွေကွယ်လွန်သွားတော့ ကျွန်တော်တို့ကလည်း ဆင်းဆင်းရဲရဲနဲ့ နေနေရတယ်။ ပြီးတော့ မြေဆီဩဇာမကောင်းတဲ့ လယ်ကွက်နှစ်ဧကနဲ့ အသက်ဆက်ဖို့ဆိုတာက အရမ်းခက်ခဲတယ်လေ"
"တကယ်လို့ ကျွန်တော်သာ ဆေးပင်တွေကို သေသေချာချာနဲ့ ခွဲခြားပြီး စုဆောင်းတတ်မယ်ဆိုရင် ကျွန်တော့်ညီမနဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ထောက်ပံ့နိုင်မယ်လို့ တွေးမိထားလို့ပါဗျ။"
"ဆေးပင်ရှာဖွေစုဆောင်းတာက အသက်မွေးဝမ်းကျောင်းတစ်ခုအနေနဲ့ လုပ်လို့ရတာက မှန်တယ်" သမားတော်ကြီးချန်က ခေါင်းညိတ်လိုက်သည် "ဒါပေမဲ့ အဲ့ဒါက လွယ်တဲ့အလုပ်တော့ မဟုတ်ဘူးကွ။ တောင်တွေက အန္တရာယ်များတယ်၊ ပြီးတော့ ဆေးပင်စုဆောင်းသူကောင်းတစ်ယောက်ဖြစ်ဖို့က တကယ့်ကို စိန်ခေါ်မှုကြီးတစ်ခုနော်။"
"ကြိုးစားကြည့်မှပဲ သိနိုင်မှာပေါ့။ ဒါ့အပြင်၊ ဒီလောကမှာ ဘယ်အလုပ်ကများ လွယ်ကူလို့လဲဗျာ"
"ဒါပေါ့ကွ ၊ ဒီလောကမှာ လွယ်ကူတဲ့အလုပ်ဆိုတာ မရှိဘူး" သမားတော်ကြီးကလည်း သဘောတူလိုက်သည်။ "မင်းလို နားလည်နိုင်တဲ့သူက ခပ်ရှားရှားကွာ"
"ဒီလိုဆိုရင် နောက်တစ်ခါကစပြီး မင်းအပ်စိုက်ကုထုံးခံယူပြီးရင် ဒီမှာ နေခဲ့ပြီး ငါ့ကို ဆေးပင်တွေအခြောက်လှန်းဖို့ ကူညီပေးပေါ့။ မင်း ဘယ်လောက်ထိ လေ့လာနိုင်မလဲဆိုတာကတော့ မင်းရဲ့နားလည်နိုင်စွမ်းအပေါ်မှာပဲ မူတည်တယ်"
"ကျေးဇူးတင်ပါတယ် အဘိုးချန်"
သမားတော်ကြီးချန်က ထိုစကားကို ယခင်က ပြောခဲ့ဖူးပြီးသားဖြစ်သော်လည်း ယခုလို ထပ်မံကြားလိုက်ရသည်က လုချင်းကို ပျော်ရွှင်စေတုန်းပင်ဖြစ်၏။
"အဘိုးချန်၊ ဘာလို့ ဒီနေ့ ကိုကို့ကို မသင်ပေးနိုင်တာလဲ" ရှောင်ယန်က မေးလိုက်သည်။
ကလေးမလေးသည် နားထောင်နေရင်းဖြင့် အနည်းငယ် နားလည်လာခဲ့သည်။
"ဒီနေ့တော့ မဖြစ်ဘူး" သမားတော်ကြီးက ရယ်မောလိုက်သည် "ငါ မြို့ထဲကို သွားရမှာမို့ အချိန်မလောက်ဘူး"
မြို့ထဲကိုလား။
လုချင်းသည် စိတ်ဝင်စားသွားသော်လည်း ထိန်းချုပ်ထားလိုက်၏။
သူသည် ယနေ့တွင် အတော်လေးထင်ပေါ်နေခဲ့ပြီးဖြစ်ရာ ထပ်မံ၍ စူးစမ်းမေးမြန်းခြင်း မပြုသင့်တော့ပေ။
ထို့အပြင် မြို့အကြောင်းသိရှိခြင်းသည် ယခုအချိန်တွင် သူ့အတွက် အသုံးဝင်မည်မဟုတ်သေး။
ရှောင်ယန်မှာမူ ထိုသို့သော ချုပ်တည်းမှုများမရှိပေ။ မြို့အကြောင်းကြားသောအခါ သူမ၏မျက်လုံးများသည် စူးစမ်းလိုစိတ်ဖြင့် ပြူးကျယ်သွားတော့လေသည်။
"အဘိုးချန်၊ မြို့က ဘယ်လိုပုံစံမျိုးလဲ"
"မြို့လား။ အဲ့ဒါကတော့ ငါ ခပ်မြန်မြန် ရှင်းပြလို့ရတဲ့အရာမဟုတ်ဘူး။ မင်းကြီးလာတဲ့အခါကျ ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ကြည့်လိုက်ပေါ့။ မြို့ပြင်ထက်စာရင် မြို့ထဲက အများကြီးပိုကောင်းတယ်"
ရှောင်ယန်သည် တောင့်တသော အကြည့်ဖြင့် ကြည့်နေမိသည်။
လုချင်းပင် အံ့အားသင့်သွားခဲ့၏။
သမားတော်ကြီး၏ စကားများက မြို့ထဲတွင် လျှို့ဝှက်ချက်များစွာ ရှိနေသည့်အလား ထင်မှတ်စေသည်။
စကားအနည်းငယ် ထပ်ပြောပြီးနောက် သမားတော်ကြီးသည် မတ်တပ်ထရပ်လိုက်၏။
"ကောင်းပြီ၊ မင်းတို့နှစ်ယောက်လည်း ပြန်သင့်ပြီ။ ငါလည်း မြို့ထဲသွားဖို့အတွက် ပြင်ဆင်ရဦးမယ်။ လုချင်း၊ သုံးရက်နေရင် အပ်စိုက်ကုထုံးအတွက် ပြန်လာဖို့ မမေ့နဲ့နော်"
သမားတော်ကြီး ထွက်သွားတော့မည်ကိုမြင်သောအခါ လုချင်းသည် တုံ့ဆိုင်းနေပြီးမှ မေးလိုက်သည်။ "အဘိုးချန်၊ ကျွန်တော်တစ်ခုလောက် မေးလို့ရမလား"
"ဟေ ၊ ဘာများလဲကွ"
"ကျွန်တော်သိချင်တာက ခိုင်ခံ့ပြီး အလွယ်တကူမပြတ်နိုင်တဲ့ ပိုးချည်မျှင်အမျိုးအစားမျိုး ရှိလားဆိုတာကိုပါ"
"ပိုးချည်မျှင်လား။ ဘာလို့မေးတာလဲ"
လုချင်းသည် သူ၏စကားလုံးများကို ဂရုတစိုက်စဉ်းစားလိုက်သည်။ "မနေ့က ကျွန်တော် မြစ်ကမ်းနားမှာ ငါးသွားမျှားရင်းနဲ့လေ ငါးမျှားတဲ့နေရာမှာ အရည်အချင်းနည်းနည်းရှိလောက်တယ်လို့ ကျွန်တော့်ကိုယ်ကျွန်တော်ထင်မိလို့ပါ။ ဒါပေမဲ့ ကျွန်တော်ရဲ့ ငါးမျှားတံပေါ်က လျှော်ပင်ကြိုးက အရမ်းကြီးခိုင်မနေဘူးလေ။ နည်းနည်းကြီးတဲ့ငါးတစ်ကောင်ကိုသာ မိခဲ့ရင် ကြိုးပြတ်သွားနိုင်လို့ဗျ။ ဒီပုံစံအတိုင်းဆို ငါးကြီးတွေကို ဖမ်းဖို့က ခက်ခဲလို့ပါဗျာ။ "
"ဒါကြောင့် ပိုကောင်းတဲ့ငါးမျှားတံလုပ်ဖို့အတွက် သင့်တော်တာလေး ရှာနေတာ ၊ ပိုပြီးတော့ ခိုင်မဲ့ ပိုးချည်မျှင်အမျိုးအစားများ ရှိမလားလို့ အဘိုးကို မေးချင်တာပါ"
"ခိုင်ခံ့တဲ့ ပိုးချည်မျှင်..." သမားတော်ကြီးသည် စဉ်းစားလိုက်ပြီးနောက် အိမ်ဘက်သို့ လျှောက်သွားလေသည်။
"ဒီမှာစောင့်နေ"
....