အခန်း (၃၂၇-၃၂၈)
Vol. 28 Ch. 327-328
အပိုင်း (၃၂၇)
ဟူယုံး၏ အဆင့်အတန်းနှင့် ပတ်သက်၍ ဇနီးဖြစ်သူက အမှန်အတိုင်း သိရှိထား၏။
ဟူယုံးက သူမအား ဤကိစ္စကို လုံးဝ မပြောပြခဲ့သော်လည်း လင်မယား နှစ်ဦး၏ ဆက်ဆံရေးမှာ အလွန် ရင်းနှီးပြီး ချစ်ခင်မှု ကြီးမားလှသောကြောင့် ဤလျှို့ဝှက်ချက်မှာ လျှို့ဝှက်ချက် မဟုတ်တော့ချေ။
ဟူယုံး၏ ဇနီးက ခင်ပွန်းသည်၏ နောက်ဆုံး သေတမ်းစာကို ကိုင်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေပြီးနောက် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “ရှင်တို့က ဘယ်သူတွေလဲ ဆိုတာ ကျွန်မမ ဂရုမစိုက်ပါဘူး။ ကျွန်မတို့ရဲ့ သားတွေကို ကောင်းကောင်း ကာကွယ်ပေးပါ။ သူတို့ကို ဒီလို အလုပ်မျိုးတွေ မလုပ်ခိုင်းပါနဲ့တော့။ ပြီးတော့ ရှင်တို့ သွားကြတော့”
ထိုလူက ပြောလိုက်၏။ “ကတော်… ကျုပ်တို့ ရရှိထားတဲ့ အမိန့်က ဘာပဲဖြစ်ဖြစ် ကတော်ကို ကယ်ထုတ်သွားဖို့ပါ။”
ဟူယုံး၏ ဇနီးက ခေါင်းခါလျက် ပြောလိုက်သည်။ “အလကားပါပဲ။ ရှင်တို့ ကျွန်မကို ကယ်ထုတ်သွားရင်တောင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှာပါပဲ။ ကျွန်မက ပျော့ညံ့တဲ့ မိန်းမ တစ်ယောက်ပါ။ ဒီလို ထိုးနှက်ချက်မျိုးကို ခံနိုင်ရည် မရှိပါဘူး။
ရှင်တို့ မြန်မြန် သွားကြပါ။ ရှင်တို့ မြန်မြန် သွားကြပါ။ ဟေးပင်းထိုင်က လူတွေ မကြာခင် ရောက်လာတော့မယ်။ သူတို့ ရောက်လာရင် ရှင်တို့ သွားလို့ မရတော့ဘူး။ ကျွန်မရဲ့ ယောက်ျားလည်း နာမည်ပျက် သွားတော့မယ်။ သူ့ကို သစ္စာဖောက် ဆိုတဲ့ နာမည်ဆိုးနဲ့ အသေမခံစေချင်ဘူး။”
ထိုလူက ဦးညွတ်ကာ ပြောလိုက်၏။ “ကတော်… ကျုပ်တို့ သွားပါတော့မယ်။ ကျုပ် ကျိန်ဆိုပါတယ်။ ကတော်ရဲ့ သားတွေကို ဒီလောက် အန္တရာယ်များတဲ့ အလုပ်မျိုးတွေ ဆက်မလုပ်ခိုင်းတော့ပါဘူး။”
ဟူယုံး၏ ဇနီးက ခါးညွှတ်ကာ ပြောလိုက်သည်။ “ဒါဆို ကျွန်မ ရှင့်ကို ကျေးဇူးတင်ပါတယ်။”
ထိုတာယင်အင်ပါယာ ဟေးလုံထိုင် သူလျှိုက လှည့်ထွက်သွားရန် ပြင်လိုက်၏။
သို့ပေမည့် တံခါးဝသို့ ရောက်ချိန်မှာတော့ ထိုဟေးလုံထိုင် သူလျှိုက ရုတ်တရက် လှည့်ကြည့်ကာ သူ၏ မျက်နှာဖုံးကို ချက်ချင်း ချွတ်ချလိုက်သည်။
“ရှင် အဲဒီလို မလုပ်ပါနဲ့။ ရှင် အဲဒီလို မလုပ်ပါနဲ့။ ကျွန်မက အရမ်း ပျော့ညံ့တဲ့ သူပါ။ တကယ်လို့ သူတို့ ကျွန်မကို နှိပ်စက်ရင် ကျွန်မ ခံနိုင်ရည် မရှိဘဲ ရှင့်ကို ဖော်ထုတ်မိသွားနိုင်တယ်။”
ဟူယုံး၏ ဇနီးက မျက်လုံးကို အစွမ်းကုန် ပိတ်ထားသော်လည်း သူမ မြင်လိုက်ရပြီ ဖြစ်၏။
ထိုသူကို သူမ သိရှိသည်။ တောင်ပိုင်းကျိုးအင်ပါယာ မြို့တော် ကိုယ်ရံတော်တပ်မှ အဆင့်မြင့် စစ်သူကြီး တစ်ဦး ဖြစ်နေသည်။
‘သူ့နာမည် ဘယ်လို ခေါ်ပါလိမ့်။’
ရှီဝမ်လျန် - လက်ဝဲနှင့် လက်ယာကိုယ်ရံတော် တပ်မှူးဖြစ်ပြီး သူသည်လည်း တောင်ပိုင်းကျိုးအင်ပါယာ၏ သူလျှို ဖြစ်နေမည်ဟု လုံးဝ မထင်မှတ်ထားခဲ့ချေ။
“ကတော်… ကျုပ်လည်း တောင်ပိုင်းကျိုးမှာ သူလျှိုအဖြစ် နေလာတာ နှစ်အတော်ကြာပါပြီ။ ဘယ်သူတွေက ကျုပ်ရဲ့ ရဲဘော်ရဲဘက်တွေလဲ ဆိုတာ ကျုပ် လုံးဝ မသိပါဘူး။ လူအများကြီးကို ခန့်မှန်းကြည့်ခဲ့ပေမယ့် ဟူယုံးက ကျုပ်ရဲ့ ရဲဘော်ရဲဘက် ဖြစ်မယ် ဆိုတာ လုံးဝ မထင်ထားခဲ့ဘူး။ အနည်းဆုံး လွန်ခဲ့တဲ့ သုံးရက် မတိုင်ခင်အထိ မသိခဲ့ပါဘူး။ ကျုပ် နေ့တိုင်း အထီးကျန်စွာနဲ့ ခက်ခက်ခဲခဲ တောင့်ခံနေရပါတယ်။”
ကိုယ်ရံတော် တပ်မှူး ရှီဝမ်လျန်က အက်ကွဲသော အသံဖြင့် ပြောလိုက်၏။ “ဒီအချိန်မှာ ကတော်ကို ဘယ်လို နှစ်သိမ့်ပေးရမလဲ မသိတော့ပါဘူး။ ဘယ်လို စကားမျိုးကမှ အရာမရောက်တော့ပါဘူး။ ကျုပ် ပြောချင်တာ တစ်ခုတည်းကတော့ ကျုပ်တို့က နှလုံးသား မရှိတဲ့ လူတွေ မဟုတ်ပါဘူး။ လူတစ်ယောက် စတေးခံလိုက်ရတာကို အေးအေးဆေးဆေး ကြည့်နေမှာ မဟုတ်ပါဘူး။”
ကိုယ်ရံတော် တပ်မှူး ရှီဝမ်လျန်က ခဏရပ်ကာ ဆက်ပြောလိုက်သည်။ “ကတော်ရဲ့ ခင်ပွန်းသည် ဒီနေ့ လုပ်ခဲ့တဲ့ လုပ်ရပ်က ကျုပ်ကို အရမ်း တုန်လှုပ်စေခဲ့ပါတယ်။ နောင်တစ်ချိန် ကျုပ်အလှည့် ရောက်လာတဲ့ အခါကျရင် ကျုပ် သူ့ကို စံပြ အဖြစ် သတ်မှတ်ပါ့မယ်။”
ထိုအချိန်တွင် ဟူယုံး၏ ဇနီးက မျက်လုံး ပိတ်ထားခြင်းကို ရပ်တန့်လိုက်သည်။ တစ်ဖက်လူ၏ ဤလုပ်ရပ်က သူမ၏ ရင်ကို အမှန်တကယ် နွေးထွေးသွားစေပြီး ခင်ပွန်းသည်၏ စတေးမှုမှာ အလကား မဖြစ်ခဲ့ဟု ခံစားရစေ၏။
တစ်ဖက်လူ၏ ဤလုပ်ရပ်မှာ အလွန် အသိဉာဏ်ကင်းမဲ့ပြီး မိုက်မဲသော လုပ်ရပ်ဖြစ်ကာ သူ၏ အသက်ကို သူမ၏ လက်ထဲသို့ လုံးဝ အပ်နှံလိုက်ခြင်းပင် ဖြစ်သည်။
ထို့အပြင် ဤသို့ လုပ်ရန် လုံးဝ မလိုအပ်ချေ။ ရှီဝမ်လျန် အနေဖြင့် ထွက်သွား၍ ရနိုင်သည်။ သူ ဤမျှ နှစ်ပေါင်းများစွာ သူလျှိုအဖြစ် နေထိုင်လာခဲ့ရာ ဤအမှားလေး တစ်ခုကြောင့် ပေါ်ထွက်သွားပါက မည်မျှ နာကျင်ရမည်နည်း။ မည်မျှ အသိဉာဏ်ကင်းမဲ့ရာ ကျမည်နည်း။
သို့ပေမည့် ရှီဝမ်လျန် သည် တကယ်ကို သည်းမခံနိုင်တော့ဘဲ ခေါင်းထဲ သွေးဆူလာကာ ဤသို့ လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။
ဟူယုံး၏ ဇနီးက သူ့ကို ထပ်မံ အရိုအသေ ပေးကာ ပြောလိုက်၏။ “ရှင်တို့ လုပ်နေတဲ့ အလုပ်တွေကို ကျွန်မ နားမလည်ပါဘူး။ ဒါပေမဲ့ ရှင်တို့ ကျွန်မရဲ့ သားတွေကို ကာကွယ်ပေးနိုင်မယ် ဆိုတာ ကျွန်မ ယုံကြည်ပါတယ်။ ရှင် သွားပါ၊ မြန်မြန် သွားပါတော့…”
ကိုယ်ရံတော် တပ်မှူး ရှီဝမ်လျန်က ခါးညွှတ် အရိုအသေ ပေးလိုက်ပြီးနောက် လှည့်ထွက်သွားလေသည်။
ဆယ့်ငါးမိနစ်ခန့် အကြာတွင် တောင်ပိုင်းကျိုးအင်ပါယာ ဟေးပင်းထိုင်၏ စစ်သည်များက ဤအိမ်ကို လုံခြုံစွာ ဝိုင်းရံထားလိုက်ကြ၏။
နန်ကုန်းဆန်း အိမ်ထဲသို့ ဝင်သွားရာ ဟူယုံး၏ ဇနီးက ခင်ပွန်းသည်၏ သေတမ်းစာကို ကိုင်ဆောင် ထားသည်ကို တွေ့လိုက်ရသည်။
“ကတော် စိတ်ချပါ။ ကျုပ်တို့ ကတော်ကို မဖမ်းပါဘူး၊ မသတ်ပါဘူး၊ ညှဉ်းပန်းနှိပ်စက်မှာလည်း မဟုတ်ပါဘူး။ ကျုပ်တို့က ကတော်ကို ကာကွယ်ပေးရုံ သက်သက်ပါ။”
နန်ကုန်းဆန်းက ပြောလိုက်၏။ “သင့်တော်တဲ့ အချိန်ကျရင် မေးခွန်း အနည်းငယ်တော့ ဖြေပေးဖို့ အကူအညီ တောင်းပါရစေ။”
ဟူယုံး၏ ဇနီးက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “ကျွန်မ ရှင်တို့ကို ကိစ္စ တစ်ခု တောင်းဆိုချင်ပါတယ်။”
နန်ကုန်းဆန်းက ခေါင်းညိတ်လိုက်၏။ “ကတော် ပြောပါ။”
ဟူယုံး၏ ဇနီးက ပြောလိုက်သည်။ “ကျွန်မ အိမ်ကို ရှာဖွေပြီးရင် အရမ်းကြီး မရှုပ်ပွသွားစေနဲ့နော်။ ကျွန်မ... ကျွန်မ သူ့ဝိညာဉ် အိမ်ပြန်လာရင် အဆင်မပြေဖြစ်မှာ စိုးလို့ပါ။ သူ... သူက အရမ်း ဂျီးများတယ်။ ပစ္စည်း တစ်ခုခု နေရာ ရွှေ့သွားရင်တောင် သူ အရမ်း စိတ်အနှောင့်အယှက် ဖြစ်တတ်တယ်။”
နန်ကုန်းဆန်းက သဘောတူလိုက်၏။ “ကောင်းပါပြီ။”
ထို့နောက် ဟူယုံး၏ ဇနီးက တဖြည်းဖြည်း လဲကျသွားပြီး ပါးစပ်မှ သွေးများ စီးကျလာသည်ကို သူ မျက်ဝါးထင်ထင် ကြည့်နေလိုက်ရ၏။
နန်းကုန်းဆန်း၏ မျက်နှာ အနည်းငယ် တုန်လှုပ်သွားသည်။ ခင်ပွန်းသည်က ထိုမျှ ပြတ်သားပြီး ဇနီးသည်က ဤမျှ ချစ်ခင်ကာ ခင်ပွန်းသည်နှင့်အတူ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ခြင်း ဖြစ်သည်။
“အမတ်ကြီး... သူ အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာပါ။ စိန်ဖြူ အဆိပ်ပါ။ အခု မစင်ရည် တိုက်ပြီး အန်ထုတ်ခိုင်းရင် ကယ်လို့ ရနိုင်သေးတယ်။”
နန်ကုန်းဆန်းက ခေါင်းခါလျက် ပြောလိုက်သည်။ “သူ့ကို ထပ်ပြီး မစော်ကားပါနဲ့တော့။ သူ့ကို သိက္ခာရှိရှိ သေခွင့်ပေးလိုက်ပါ။”
ထို့နောက် ဟေးပင်းထိုင်က ဟူယုံး၏ အိမ်ရှိ နေရာတိုင်းကို အသေအချာ ရှာဖွေခဲ့သော်လည်း မည်သည့် သံသယဖြစ်ဖွယ် အရာမှ မတွေ့ရှိခဲ့ချေ။
“ဧကရာဇ်မင်းမြတ်… ဟူယုံးရဲ့ ဇနီးလည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပါပြီ။”
မိန်းမစိုးကြီး ဟောက်ကျန်းက လျှောက်တင်လိုက်၏။ “တကယ် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာပါ၊ တစ်ယောက်ယောက်က သတ်တာ မဟုတ်ပါဘူး။”
ဧကရာဇ်မင်းမြတ်က တိတ်ဆိတ်စွာ ထိုင်နေပြီး လုံးဝ မကြားသကဲ့သို့ မလှုပ်မယှက် ရှိနေသည်။
ဤကဲ့သို့ တိတ်ဆိတ်နေသည်မှာ နာရီပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး ဧကရာဇ်မင်းမြတ်က စကားတစ်ခွန်းမှ မဟခဲ့ချေ။ သူ စဉ်းစားနေသကဲ့သို့ ရှိ၏။
“ဟောက်ကျန်း... ငါကိုယ်တော်က ဉာဏ်နည်းတဲ့ ဧကရာဇ်လား။” ဧကရာဇ် ဝမ်ယွင်က ရုတ်တရက် မေးလိုက်သည်။
“မဟုတ်ပါဘူး။” မိန်းမစိုးကြီး ဟောက်ကျန်းက ဖြေလိုက်၏။
ဧကရာဇ် ဝမ်ယွင်က ထပ်မေးလိုက်သည်။ “ငါကိုယ်တော် ပိုင်ရှင်မဲ့နယ်မြေ စစ်ပွဲကို စတင်ခဲ့တာမှားသလား။”
“မမှားပါဘူး။”
မိန်းမစိုးကြီး ဟောက်ကျန်းက ပြောလိုက်၏။ “အောက်ရှင်း လည်း ပြောခဲ့ဖူးပါတယ်။ ဧကရာဇ်မင်းမြတ် ဒီစစ်ပွဲကို စတင်တာ မမှားပါဘူးတဲ့။ ကျုပ်တို့က တကယ်ကို အနိုင်ရလုနီးပါး ဖြစ်ခဲ့တာပါ။ အဲဒီ မမျှော်လင့်ထားတဲ့ ကိစ္စလေးသာ မဖြစ်ခဲ့ရင် ပိုင်ရှင်မဲ့နယ်မြေက ကျုပ်တို့ လက်ထဲ ရောက်နေပြီ။ တာယင်အင်ပါယာရဲ့ အနောက်တောင် ပြည်နယ်ကိုပါ ကျုပ်တို့ သိမ်းပိုက်နိုင်ခဲ့မှာပါ။”
ဧကရာဇ် ဝမ်ယွင်က ဆက်မေးသည်။ “ငါကိုယ်တော် နန်းတက်ပြီးနောက်မှာ အောက်ရှင်းကို တောင်ပိုင်းကနေ ပြန်ခေါ်ခဲ့တာမှားသလား။”
မိန်းမစိုးကြီး ဟောက်ကျန်းက လျှောက်တင်လိုက်၏။ “မမှားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တောင်ပိုင်း အုပ်ချုပ်ရေးမှူးရဲ့ အာဏာက အရမ်း ကြီးမားလွန်းလို့ပါ။ ဘယ်သူမှ ဒီနေရာမှာ အကြာကြီး နေလို့ မသင့်တော်ပါဘူး။
ဘယ်လောက်ပဲ သစ္စာရှိတဲ့လူ ဖြစ်ပါစေ၊ ဒီနေရာမှာ ဆယ်နှစ်ကျော် နေရင် ပြဿနာ တက်နိုင်ပါတယ်။ သူကိုယ်တိုင် မတွေးရင်တောင် သူ့လက်အောက်က လူတွေက တွေးကြမှာပါ။ ပြီးတော့ ကျိုးလျန်က တောင်ပိုင်း အုပ်ချုပ်ရေးမှူး ဖြစ်လာပြီးနောက်မှာလည်း အောက်ရှင်းရဲ့ မူဝါဒတွေကိုပဲ ဆက်လက် အကောင်အထည်ဖော်ခဲ့တာပါ။”
ဧကရာဇ် ဝမ်ယွင်က နောက်ထပ်မေးခွန်းတစ်ခု မေးလိုက်ပြန်သည်။ “ဒါဆို ငါကိုယ်တော်က တောင်ပိုင်း သူပုန်တွေကို အလျှော့မပေးချင်ဘဲ စစ်တပ်ကြီး စေလွှတ်ပြီး နှိမ်နင်းချင်တာကကော မှားသလား။”
မိန်းမစိုးကြီး ဟောက်ကျန်းက တိတ်ဆိတ်သွားပြီး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်လေ၏။
ဧကရာဇ် ဝမ်ယွင် အံ့အားသင့်သွား၏။ ဤသည်မှာ ဟောက်ကျန်းက သူ့အား အကြံပေးနေခြင်း ဖြစ်ကြောင်း သိသာလှသည်။ ထို့နောက် နှေးကွေးစွာဖြင့် ပြောလိုက်သည်။ “မင်း ပြောစရာ ရှိရင် တစ်ခါတည်း ပြောလိုက်ပါ။”
မိန်းမစိုးကြီး ဟောက်ကျန်းက အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် အံကြိတ်ကာ ပြောလိုက်၏။ “ဧကရာဇ်မင်းမြတ်က ကြီးမားတဲ့ ရည်မှန်းချက် ရှိပြီး တော်တဲ့ ဧကရာဇ် တစ်ပါး ဖြစ်တာ သေချာပါတယ်။ ဒါပေမဲ့ ကျုပ် ထင်တာကတော့ ဧကရာဇ်မင်းမြတ်က နည်းနည်းလေး အလျင်လိုနေတယ်လို့ ထင်ပါတယ်။”
ဧကရာဇ် ဝမ်ယွင်က ဟောက်ကျန်းကို အချိန်အတော်ကြာ စူးရဲစွာ ကြည့်နေသည်။
ဟောက်ကျန်းက မြေပြင်ပေါ်တွင် မလှုပ်မယှက် ဒူးထောက်နေဆဲဖြစ်ပြီး အလွန် ရိုသေလေးစားမှု ရှိနေသည်။ သို့ပေမည့် ဤရိုသေမှုမှာ သစ္စာရှိမှုကြောင့် ဖြစ်ပြီး ကြောက်ရွံ့မှုကြောင့် မဟုတ်ချေ။
သူ ဤစကားကို ပြောလိုက်တည်းက ခေါင်းဖြတ်ခံရမည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သူ မည်မျှပင် မျက်နှာသာ ပေးခံရပါစေ၊ သူသည် မိန်းမစိုး တစ်ဦးသာဖြစ်ပြီး အမြစ်မရှိသူ ဖြစ်ကာ ဧကရာဇ်မင်းမြတ် တစ်ဦးတည်း၏ အိမ်စေသာ ဖြစ်သည်။
ဧကရာဇ်မင်းမြတ်က သူ့ကို သတ်လိုပါက ခွေးတစ်ကောင်ကို သတ်သကဲ့သို့ လွယ်ကူလှသည်။ ထို့အပြင် မိန်းမစိုးများ နိုင်ငံရေးတွင် ဝင်ရောက် စွက်ဖက်ခွင့် မရှိချေ။
“ဟား... ဟား... ဟား...”
ဧကရာဇ် ဝမ်ယွင်က ရယ်မောကာ ပြောလိုက်သည်။ “မင်းလို ခွေးကောင်က ဘာနားလည်လို့လဲ။ ဘာနားလည်လို့လဲ။ မင်း သွားပြီး ဧကရာဇ် သင်္ချိုင်းကို စောင့်နေလိုက်...”
“အမိန့်တော် အတိုင်းပါ။” မိန်းမစိုးကြီး ဟောက်ကျန်းက မှင်တက်သွားပြီးနောက် ထပ်မံ အရိုအသေ ပေးလိုက်၏။
ထိုနေ့ညတွင်ပင် သူ နန်းတော်မှ ထွက်ခွာသွားပြီး အနောက်ဘက် ဆင်ခြေဖုံးရှိ ဧကရာဇ် သင်္ချိုင်းသို့ တစ်ကိုယ်တည်း ထွက်ခွာသွားလေသည်။ သူ၏ ကျောပြင်မှာ အလွန် အထီးကျန် ဆန်လှသည်။
ဤသို့ဖြင့် ဧကရာဇ်မင်းမြတ်၏ အချစ်ဆုံးနှင့် ယုံကြည်ရဆုံးသော မိန်းမစိုးကြီး ဟောက်ကျန်း လည်း နှင်ထုတ်ခံလိုက်ရပြီး ပြုတ်ကျသွားပြီ ဖြစ်၏။
တောင်ပိုင်းကျိုးအင်ပါယာ မြို့တော် တစ်ခုလုံး သေဆုံးသွားသကဲ့သို့ တိတ်ဆိတ်နေလေသည်။ မည်သူမှ အသံ တစ်စက်ကလေးမျှပင် မထွက်ရဲကြချေ။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် အမှန်တကယ်ပင် ကောင်းကင်ကြီး ပြိုကျနေပြီဖြစ်ပြီး အနည်းငယ် လှုပ်ရှားမိသည်နှင့် ကြိတ်ချေခံရနိုင်သောကြောင့် ဖြစ်သည်။
အားလုံးက ဧကရာဇ်မင်းမြတ်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြသည်။ ဤအမြင့်မြတ်ဆုံးသော ဧကရာဇ် မင်းမြတ်က ယခင် မဟာဗျူဟာကို ပြောင်းလဲမည်လား သို့မဟုတ် သူ၏ ဆုံးဖြတ်ချက်ကို ဆက်လက် စွဲကိုင်ထားမည်လား။
ဟောက်ကျန်း သည် မိန်းမစိုး တစ်ဦးသာဖြစ်ပြီး မိန်းမစိုးများ နိုင်ငံရေးတွင် ဝင်ရောက် စွက်ဖက်ခွင့် မရှိချေ။
သို့ပေမည့် သူသည် အသေခံ အကြံပေးခဲ့ပြီး ဧကရာဇ်မင်းမြတ်ကို အောက်ယွီ၏ နည်းလမ်းကို စမ်းသပ်ကြည့်ရန်နှင့် တောင်ပိုင်းတွင် အောက်ရှင်း၏ ယခင် မူဝါဒများကို ဆက်လက် အကောင်အထည်ဖော်ရန် အကြံပြုခဲ့သည်။
သတ်ဖြတ်ရေးကို စွဲလမ်းနေသော ဖူယန်ထူကို တောင်ပိုင်း စစ်သေနာပတိအဖြစ် မခန့်အပ်ရန်နှင့် သူ့ကို စစ်တပ် ဦးဆောင်ကာ တောင်ပိုင်း ပုန်ကန်မှု နှိမ်နင်းရေးသို့ မစေလွှတ်ရန် အကြံပြုခဲ့ခြင်း ဖြစ်၏။
အကယ်၍ ဧကရာဇ်မင်းမြတ်က မဟာဗျူဟာကို ပြောင်းလဲလိုက်ပါက အောက်ရှင်း မိသားစု တစ်ခုလုံး အသက်ရှင်နိုင်မှာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် တောင်ပိုင်းကို နှစ်သိမ့်ရေး လမ်းစဉ်ဖြင့် ဖြေရှင်းရန် ဆုံးဖြတ်လိုက်ပါက အောက်ရှင်း မိသားစု တစ်ခုလုံး မရှိလျှင် မဖြစ်သောကြောင့်ပင်။
အချို့လူများကမူ ဧကရာဇ်ဟောင်း၏ တုံ့ပြန်မှုကိုပင် စောင့်ဆိုင်းနေကြသည်။
‘ဧကရာဇ်ဟောင်း... အခြေအနေက ဒီလောက်အထိ ဆိုးရွားနေပြီကို ထွက်မလာသေးဘူးလား။ လုံးဝ ပြင်ဆင်လို့ မရတဲ့ အခြေအနေ ရောက်သွားမှ ထွက်လာရင် တကယ်ကို နောက်ကျသွားပါလိမ့်မယ်။ တာ့ကျိုးအင်ပါယာအတွက် အခုအချိန်က လုံလောက်အောင် အန္တရာယ် မများသေးဘူးလား။’
သို့ပေမည့် ဧကရာဇ် ဝမ်ယွင် ဘက်မှ မည်သည့် အသံမှ ထွက်မလာသေးချေ။ ဧကရာဇ်ဟောင်း၏ နန်းဆောင် သည်လည်း တံခါးများ ပိတ်ထားဆဲဖြစ်ပြီး မည်သည့် လှုပ်ရှားမှုမှ မရှိသေးချေ။
................................
အပိုင်း (၃၂၈)
အောက်ရှင်းကို တော်ဝင်တရားရုံး၏ ထောင်မှ ပြောင်းရွှေ့လိုက်ပြီ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူ၏ ရာထူးအဆောင်အယောင် အားလုံး ရုပ်သိမ်းခံလိုက်ရပြီ ဖြစ်သောကြောင့် တော်ဝင် တရားရုံးတွင် ဆက်လက် နေထိုင်ခွင့် မရှိတော့သောကြောင့် ဖြစ်သည်။
သူ့ကို ပိုမိုမှောင်မိုက်သော နိုင်ငံတော် ထောင်ကြီးသို့ ပြောင်းရွှေ့လိုက်ခြင်း ဖြစ်၏။
ယွင်ကျုံးဟဲ့ သည် တောင်ပိုင်းကျိုး ဟေးပင်းထိုင်၏ ထောင်ထဲတွင် ဆက်လက် ရှိနေဆဲဖြစ်ပြီး အောက်ရှင်း၏ အခြား မိသားစုဝင်များ အားလုံးကိုမူ တရားရေး ရုံးတော်၏ ထောင်ထဲတွင် ထားရှိသည်။
မိသားစု တစ်ခုလုံး ထောင်ထဲတွင် ရောက်ရှိနေပြီး မတူညီသော ထောင်သုံးခုတွင် ခွဲခြား ထားရှိခြင်း ခံရ၏။
ဟေးပင်းထိုင် ထောင်ထဲတွင် ယွင်ကျုံးဟဲ့ သည် မင်းသမီး ရှန်ရှန်းကို မည်သို့ သွေးဆောင်ရမည်နည်း ဆိုသည်ကို စဉ်းစားရရှိသွားပြီ ဖြစ်သည်။
ဤသည်မှာ ကောင်းကင်ပေါ်သို့ တက်ရသည်ထက်ပင် ပိုမို ခက်ခဲလှသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဟေးပင်းထိုင် ထောင်ထဲတွင် အမှောင်ထုထဲ၌ နေထိုင်နေရပြီး အပြင်လောကနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်နေကာ သူ့အတွက် သတင်းပို့ပေးမည့်သူ တစ်ဦးမျှ မရှိသောကြောင့် ဖြစ်၏။
မင်းသမီး ရှန်ရှန်း သည် အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး အချိန်အများစုကို ဧကရာဇ်ဟောင်း၏ နန်းဆောင် အတွင်း၌သာ နေထိုင်လေ့ရှိကာ လစဉ် လဆန်း ခုနစ်ရက်နေ့တွင်သာ နန်းဆောင်မှ ထွက်လာပြီး နန်းတော် အတွင်း၌ သုံးရက်ခန့် လာရောက် နေထိုင်လေ့ ရှိသည်။
ယွင်ကျုံးဟဲ့ သည် သူမကိုတွေ့ခွင့် မရနိုင်ချေ။ သို့ပေမည့် သူမကို ဆွဲဆောင်ကာ တစ်ကြိမ် တွေ့ဆုံနိုင်ရန် နည်းလမ်း ရှာရမှာဖြစ်သည်။ တကယ်ကို မဖြစ်နိုင်သော တာဝန် တစ်ခု ဖြစ်သော်လည်း သူ နည်းလမ်း ရှာတွေ့ခဲ့၏။
ယခုအခါ သူသည် လဆန်း ခုနစ်ရက်နေ့ ရောက်လာရန်သာ စောင့်ဆိုင်းနေရတော့မှာဖြစ်၏။
ညီလာခံတွင် ဖြစ်ပျက်ခဲ့သမျှကို ယွင်ကျုံးဟဲ့ လုံးဝ မသိရှိချေ။ ဟေးပင်းထိုင်က သူ့ကို လုံးဝ ဖုံးကွယ်ထား သောကြောင့် သူ့အတွက် ရဲဘော်ရဲဘက် တစ်ဦး အလွန် ဆိုးရွားစွာ သေဆုံးသွားခဲ့ရသည်ကိုပင် သူ မသိရှိခဲ့ချေ။
တာယင်အင်ပါယာက သူ့ကိုကယ်တင်ရန် ကြီးမားသော အစီအစဉ်ကြီး တစ်ခုကို စတင်နေပြီ ဖြစ်ကြောင်းကိုလည်း သူ လုံးဝ မသိရှိသေးပေ။
သူသည် ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရန်သာ အာရုံစိုက်ကာ လဆန်း ခုနစ်ရက်နေ့ကို စောင့်ဆိုင်းနေသည်။
ဟူယုံးက သူ့ကိုယ်သူ စတေးကာ နန်းတွင်း အခြေအနေကို ဖောက်ခွဲလိုက်ပြီး ဖူယန်ထူကို တောင်ပိုင်း စစ်သေနာပတိ အဖြစ် ခန့်အပ်ခြင်းကို တားဆီးနိုင်ခဲ့၏။
ဤလုပ်ရပ်မှာ အလွန် ကြီးမားလှသည်။ သို့ပေမည့် ဤသည်မှာ တာယင်အင်ပါယာ၏ အစီအစဉ်များ၏ အစမျှသာ ဖြစ်သည်။
ထို့နောက်တွင် ပိုမို အံ့အားသင့်ဖွယ်ကောင်းသော သတင်း အချက်အလက်များက နန်းတော် အတွင်းသို့ ဆက်တိုက် ဝင်ရောက်လာ၏။
“ဧကရာဇ်မင်းမြတ်… တာယင်အင်ပါယာရဲ့ စစ်တပ်တွေက ထူးဆန်းစွာ လှုပ်ရှားနေပါတယ်။ အနည်းဆုံး စစ်တပ် အင်အား နှစ်သိန်းခန့်က ပိုင်ရှင်မဲ့နယ်မြေထဲကို ဝင်ရောက်လာပါတယ်။ မူလ ရှိနေတဲ့ တပ်တွေနဲ့ ပေါင်းလိုက်ရင် ပိုင်ရှင်မဲ့နယ်မြေမှာရှိတဲ့ တာယင်အင်ပါယာရဲ့ စစ်တပ် အင်အားက လေးသိန်းကျော်၊ ဒါမှမဟုတ် အဲဒီထက် ပိုနိုင်ပါတယ်။
ဒီလက္ခဏာက ကျုပ်တို့ စစ်တပ်ကြီး တောင်ဘက်ကို ပုန်ကန်မှု နှိမ်နင်းဖို့ ချီတက်သွားတာနဲ့ တပြိုင်နက် တာယင်အင်ပါယာက အခွင့်ကောင်း ယူပြီး ပိုင်ရှင်မဲ့နယ်မြေကနေ အလုံးအရင်းနဲ့ ထွက်လာကာ ကျုပ်တို့ရဲ့ ကျင်းကျိုးမြို့ ကာကွယ်ရေးမျဉ်းကို တိုက်ခိုက်လာနိုင်တယ် ဆိုတာကို ပြသနေပါတယ်။ အဲဒီအချိန်ကျရင် ကျုပ်တို့က တောင်ရော မြောက်ပါ ညှပ်တိုက်ခံရမယ့် အခြေအနေကို ရင်ဆိုင်ရပါလိမ့်မယ်။”
ဧကရာဇ်မင်းမြတ်က ဤသတင်းကို ရရှိပြီးနောက်တွင်လည်း မည်သည့် တုံ့ပြန်မှုမှ မပြုလုပ်သေးချေ။ ကိုယ်ရံတော်တပ်များက မြို့တော် ပတ်ဝန်းကျင်တွင် ဆက်လက် စုရုံးနေဆဲ ဖြစ်ပြီး ဧကရာဇ် ဝမ်ယွင်က သူ၏ မဟာဗျူဟာကို ပြောင်းလဲမည့် အရိပ်အယောင် လုံးဝ မပြသေးချေ။
အောက်ရှင်း မိသားစု တစ်ခုလုံးသည်လည်း ထောင်ထဲတွင် ဆက်လက် ရှိနေဆဲ ဖြစ်ပြီး လွတ်မြောက်မည့် လက္ခဏာ လုံးဝ မရှိသေးပေ။
နိုင်ငံတော် အထောက်အကူပြု စစ်သူကြီး ဖူယန်ထူ သည် ကိုယ်ရံတော်တပ်များကို အကြိမ်ကြိမ် သွားရောက် စစ်ဆေးနေပြီး စစ်မထွက်မီ လေ့ကျင့်မှုများကိုပင် စတင်နေပြီ ဖြစ်ကာ တောင်ပိုင်းသို့ ပုန်ကန်မှု နှိမ်နင်းရန် ချီတက်ဖို့ အချိန်မရွေး အဆင်သင့် ဖြစ်နေသည်။
နောက်ထပ် နှစ်ရက် ကုန်ဆုံးသွားပြန်၏။
မြို့တော်၏ အခြေအနေမှာ ပိုမို မွန်းကျပ်လာပြီး ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်။ သို့ပေမည့် ဧကရာဇ် ဝမ်ယွင် နှင့် ဧကရာဇ်ဟောင်း တို့ထံမှ မည်သည့် တုံ့ပြန်မှုမှ မရှိသေးချေ။
ထိုအချိန်တွင် နောက်ထပ် သတင်း အသစ် တစ်ခု ဝင်ရောက်လာပြန်၏။
“ဧကရာဇ်မင်းမြတ်… ကျုပ်တို့ရဲ့ ရေတပ်က အရှေ့ဘက် ပင်လယ်ပြင်မှာ ကုန်သည် သင်္ဘော တစ်စင်းကို တွေ့ရှိခဲ့ပြီး ပုံမှန် စစ်ဆေးမှု လုပ်ခဲ့ရာမှာ ပြင်းထန်တဲ့ ခုခံမှုနဲ့ ကြုံတွေ့ခဲ့ရလို့ စစ်သင်္ဘော နှစ်စင်း ဆုံးရှုံးခဲ့ ရပါတယ်။ ရေတပ်က ချက်ချင်း ကြီးမားတဲ့ သင်္ဘောအုပ်စုကို စေလွှတ်ပြီး ပင်လယ်ပြင်မှာ ရှာဖွေခဲ့ရာ ရက်အတော်ကြာ ရှာဖွေပြီးနောက်မှာ အဲဒီ ကုန်သည် သင်္ဘောကို ဝိုင်းရံနိုင်ခဲ့ပါတယ်။”
ဧကရာဇ်မင်းမြတ်က မေးလိုက်သည်။ “အဲဒီ ကုန်သည် သင်္ဘောပေါ်မှာ ဘာတွေ ပါလာလဲ။”
“အဲဒီ ကုန်သည် သင်္ဘောက အင်အား မမျှလို့ ပင်လယ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် နစ်မြှုပ်သွားပါတယ်။ ကျုပ်တို့ ရေစစ်သည်တွေက ပင်လယ်အောက်ကို ငုပ်ဆင်းပြီး ဆယ်ယူခဲ့ရာမှာ ကြီးမားတဲ့ ပမာဏ ရှိတဲ့ လက်နက်တွေနဲ့ သံချပ်ကာတွေကို တွေ့ရှိခဲ့ရပါတယ်။”
လက်နက်နှင့် သံချပ်ကာများ - ဤသည်မှာ အလွန် အန္တရာယ်များသော လက္ခဏာ တစ်ရပ်ပင် ဖြစ်၏။
“ဧကရာဇ်မင်းမြတ်… ဒါက ကျုပ်တို့ အမှတ်မထင်တွေ့ရှိခဲ့တဲ့ ကုန်သည် သင်္ဘော တစ်စင်းတည်းပါ။ ဒါကြောင့် လက်နက်တွေနဲ့ သံချပ်ကာတွေကို မှောင်ခို သယ်ဆောင်နေတဲ့ ကုန်သည် သင်္ဘောတွေက ဒီတစ်စင်းတည်း လုံးဝ မဟုတ်ဘဲ အများကြီး ရှိနိုင်ပါတယ်။ ကျုပ်တို့ ခန့်မှန်းချက်အရ ဒီကုန်သည် သင်္ဘောတွေဟာ တာယင်အင်ပါယာက ဖြစ်နိုင်ပါတယ်။”
ဧကရာဇ်မင်းမြတ်က မေးလိုက်သည်။ “တာယင်အင်ပါယာက တောင်ပိုင်းကို လျှို့ဝှက်စွာနဲ့ လက်နက်တွေ ပို့ဆောင်နေတာလား။ သူတို့က တောင်ပိုင်း လူရိုင်း သူပုန်တွေကို ကူညီပေးချင်နေတာလား။”
“လူရိုင်း သူပုန်တွေ မဟုတ်လောက်ဘူး… ကျိန့်ဟိုင်ဝမ် အိမ်တော် စီးမိသားစုကို ဖြစ်နိုင်ပါတယ်။”
ဧကရာဇ် ဝမ်ယွင်၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားလေ၏။
ဤသည်က ပိုမို အန္တရာယ်များသော လက္ခဏာ တစ်ရပ် ဖြစ်သည်။ တာယင်အင်ပါယာက ဤမျှများပြားသော လက်နက်များနှင့် သံချပ်ကာများကို စီးမိသားစု ထံသို့ ဘာကြောင့် လျှို့ဝှက် ပို့ဆောင်နေရသနည်း။ စီးမိသားစု နှင့် တာယင်အင်ပါယာတို့ ပူးပေါင်းသွားကြပြီလား။
နောက်တစ်နေ့တွင် ဧကရာဇ်မင်းမြတ်က ကျိန့်ဟိုင်ဝမ်၏ စာလွှာကို လက်ခံရရှိလိုက်သည်။ အကြောင်းအရာမှာ တစ်ခုတည်းသာ ဖြစ်၏။
ကျိန့်ဟိုင်ဝမ် သည် တောင်ပိုင်း လူရိုင်းများ ပုန်ကန်နေကြောင်း ကြားသိရသောကြောင့် အလွန် စိတ်ပူပန်နေကြောင်း၊ အရှင်သခင် စော်ကားခံရပါက အမတ်များ သေသင့်ကြောင်း၊ ဤအရာအားလုံးမှာ စီးမိသားစု၏ အပြစ်သာ ဖြစ်ကြောင်း ဖော်ပြထားသည်။
နန်းတွင်းက စီးမိသားစုကို ကျိန့်ဟိုင်ဝမ် အဖြစ် ခန့်အပ်ခဲ့ခြင်းမှာ လူရိုင်းများကို စောင့်ကြည့်ရန်နှင့် အင်ပါယာ အတွက် တောင်ပိုင်းကို ကာကွယ်ရန် ဖြစ်၏။
ယခုအခါ လူရိုင်းများ ပုန်ကန်နေပြီဖြစ်ရာ နန်းတွင်း၏ လက်အောက်ခံ မင်းသား တစ်ပါး အနေဖြင့်၊ တာ့ကျိုး၏ သစ္စာရှိသော အမတ် တစ်ဦး အနေဖြင့် ကျိန့်ဟိုင်ဝမ် အိမ်တော်သည် အင်ပါယာ အတွက် မည်သည့် တန်ဖိုးကိုမဆို ပေးဆပ်ကာ ပုန်ကန်မှုကို နှိမ်နင်းရန် ဆန္ဒရှိကြောင်း ဖော်ပြထားသည်။
စာလွှာတွင် ကျိန့်ဟိုင်ဝမ်က ဧကရာဇ်မင်းမြတ်ကို စိတ်အေးအေး ထားရန်၊ အရိုးကြေကြေ အရည်ခမ်းခမ်း လူရိုင်း သူပုန်အားလုံးကို ချေမှုန်းပြီး ဧကရာဇ်မင်းမြတ်အတွက် အေးချမ်းသော တောင်ပိုင်း တစ်ခုကို ဆက်သမှာဖြစ်ကြောင်း ကတိပေးထား၏။
ဤသတင်းမှာ အဓိကအချက် ဖြစ်သည်။ အရာအားလုံးက ထိုစဉ်က ယွင်ကျုံးဟဲ့က ဧကရာဇ် ဝမ်ယွင်ကို ခွဲခြမ်းစိတ်ဖြာ ပြခဲ့သည်များနှင့် ထပ်တူကျနေသည်။
လူရိုင်းများ ပုန်ကန်ခြင်းမှာ စိုးရိမ်စရာ မရှိကြောင်း၊ အလွန် သတိထားရမည်မှာ စီးမိသားစု သာဖြစ်ကြောင်း သူ ပြောခဲ့သည်။ ဤတစ်ကြိမ် တောင်ပိုင်း ပုန်ကန်မှု၏ နောက်ကွယ်က ကြိုးကိုင်သူမှာ ကျိန့်ဟိုင်ဝမ် အိမ်တော် စီးမိသားစုသာ ဖြစ်နိုင်ကြောင်း သူ ပြောခဲ့၏။
နောက်တစ်နေ့တွင် ပို၍ ဆိုးရွားသော သတင်းတစ်ခု ဧကရာဇ်မင်းမြတ်ထံသို့ ရောက်ရှိလာပြန်သည်။
ကျိန့်ဟိုင်ဝမ် အိမ်တော်သည် ပုန်ကန်မှုကို နှိမ်နင်းမည် ဟူသော အကြောင်းပြချက်ဖြင့် စစ်တပ်များ စုရုံးကာ မြောက်ဘက်သို့ စတင် ချီတက်လာပြီ ဖြစ်၏။
မျက်စိတစ်မှိတ်အတွင်း ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်လန်သွားသကဲ့သို့ ဖိအားများက အလုံးအရင်းဖြင့် ဝင်ရောက်လာလေသည်။
နန်းတွင်း၌ ဟူယုံး၏ အသေခံ အကြံပြုမှုက ညီလာခံ တစ်ခုလုံးကို ပေါက်ကွဲစေခဲ့ပြီး ဧကရာဇ် ဝမ်ယွင် အနေဖြင့် သမိုင်းတစ်လျှောက် အဆိုးရွားဆုံးသော ပြည်သူ့ သဘောထား အကျပ်အတည်းကို ရင်ဆိုင်နေရ၏။
ထို့နောက် တာယင်အင်ပါယာ၏ စစ်တပ် အင်အား သိန်းချီက ပိုင်ရှင်မဲ့နယ်မြေတွင် စုရုံးနေပြီး အချိန်မရွေး တောင်ဘက်သို့ ချီတက်ကာ တာ့ကျိုး၏ ကျင်းကျိုးမြို့ ကာကွယ်ရေးမျဉ်းကို တိုက်ခိုက်လာနိုင်သည်။
ထို့အပြင် တာယင်အင်ပါယာက ကျိန့်ဟိုင်ဝမ် အိမ်တော် စီးမိသားစုနှင့် လျှို့ဝှက် ပူးပေါင်းကာ စီးမိသားစု ထံသို့ မရေမတွက်နိုင်သော လက်နက်များနှင့် သံချပ်ကာများကို လျှို့ဝှက် ပို့ဆောင်ပေးနေ၏။
နောက်ဆုံးတွင် စီးမိသားစုက ပုန်ကန်မှုကို နှိမ်နင်းမည် ဟူသော အကြောင်းပြချက်ဖြင့် စစ်တပ်ကြီး ဦးဆောင်ကာ မြောက်ဘက်သို့ ချီတက်လာနေပြီ ဖြစ်သည်။
ဤသည်မှာ အရပ်လေးမျက်နှာမှ ရန်သူများ ဝိုင်းရံခံနေရခြင်း မဟုတ်ပါလား။
အရပ်လေးမျက်နှာမှ အကျပ်အတည်းများက ဆူနာမီ လှိုင်းတံပိုးကြီးကဲ့သို့ ရိုက်ခတ်လာသည်။ အပြင်ပန်းတွင် ကြည့်လျှင် အင်ပါယာ တစ်ခုလုံး လေမုန်တိုင်းထဲတွင် ယိမ်းယိုင်နေသကဲ့သို့ ဖြစ်နေသည်။
ဤအခြေအနေကို ကြည့်ပြီး တာယင်အင်ပါယာ ဧကရာဇ်သည်ပင် အစစ်အမှန် တိုက်ခိုက်လိုစိတ် ပေါက်လာကာ တောင်ပိုင်းကျိုးအင်ပါယာကို တကယ် ဝင်ရောက် တိုက်ခိုက်လာနိုင်၏?
တောင်ပိုင်းကျိုး ဧကရာဇ် ဝမ်ယွင်သည် တစ်ညလုံး မအိပ်ဘဲ မီးရောင်အောက်တွင် မလှုပ်မယှက် ထိုင်နေသည်။
“ဧကရာဇ်မင်းမြတ်… ပိုင်ယင်မြို့က ကြေးစား စစ်တပ်ကို အင်ပါယာထဲကို ခေါ်သွင်းလိုက်ပါ။” နောက်ဆုံးတွင် တစ်စုံတစ်ဦးက ဧကရာဇ်မင်းမြတ်ကို ဤသို့ အကြံပြုလာ၏။
“ဧကရာဇ်မင်းမြတ်… ပိုင်ယင်မြို့မှာ အင်အားကြီးမားတဲ့ ရေတပ် ရှိပြီး အတော်ဆုံး သိုင်းပညာရှင် တပ်ဖွဲ့ လည်း ရှိပါတယ်။ ပြီးတော့ ကျုပ်တို့ တာ့ကျိုးနဲ့ အမြဲတမ်း ဆက်ဆံရေး ကောင်းမွန်ပါတယ်။ သူတို့ဆီက အကူအညီ တောင်းမယ်ဆိုရင် ပိုင်ယင် မြို့စားက သေချာပေါက် သဘောတူပါလိမ့်မယ်။”
ဧကရာဇ်မင်းမြတ်က လက်ရမ်းပြကာ ထိုသူကို မောင်းထုတ်လိုက်လေသည်။
ဤသည်မှာ သူ နန်းတက်ပြီးနောက် ရင်ဆိုင်ရသော အကြီးမားဆုံးသော အကျပ်အတည်းကြီးပင် ဖြစ်၏။
မည်သို့ ကျော်ဖြတ်ရမည်နည်း။ ဧကရာဇ်ဟောင်းကို အမှန်တကယ် ထွက်လာပြီး ဖြေရှင်းခိုင်းရ တော့မည်လား။
ဧကရာဇ် ဝမ်ယွင် သည် တစ်နာရီကျော်ကြာအောင် တိတ်ဆိတ်စွာ ထိုင်နေပြီးနောက် ဘာသာရေး ကျမ်းစာများကို စတင် ကူးယူ ရေးသားနေလေသည်။ တစ်ခေါက်ပြီး တစ်ခေါက် ကူးယူ ရေးသားနေ၏။
ကူးယူ ရေးသားနေစဉ် သူ၏ ခေါင်းထဲတွင် ပိုမို ရှင်းလင်းလာသကဲ့သို့ ခံစားရသည်။ တစ်ကိုယ်လုံးရှိ သွေးများ ပိုမို ဆူပွက်လာသကဲ့သို့ ခံစားရ၏။ သူ၏ ရင်ထဲရှိ ဓားတစ်လက်မှာလည်း ပိုမို ထက်မြက်လာပြီး ပိုမို တောက်ပလာသကဲ့သို့ ခံစားရသည်။
သူ၏ မျက်လုံးများက နန်းတော်ကို ကျော်လွန်ကာ မြူခိုးများကို ဖောက်ထွင်းပြီး မိုင်တစ်ထောင် အကွာ၊ မိုင်တစ်သောင်း အကွာကိုပင် မြင်တွေ့နေရသကဲ့သို့ ခံစားရသည်။ မှန်ပေသည်၊ ဤသည်မှာ ခံစားချက် တစ်ခုသာ ဖြစ်ပြီး အလွန် နက်နဲသော ခံစားချက် တစ်ခု ဖြစ်၏။
နောက်တစ်နေ့တွင် ဆယ့်တစ်လပိုင်း လဆန်း ခုနစ်ရက်နေ့သို့ တရားဝင် ရောက်ရှိလာပြီ ဖြစ်သည်။
ညီလာခံကြီးတွင် ဧကရာဇ် ဝမ်ယွင်က ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သော အမိန့်တော်ကို ထုတ်ပြန်ကြောင်း လူသိရှင်ကြား ကြေညာလိုက်၏။
နောက်ဆုံး၌ ယနေ့ကဲသို့နေ့မျိုး ရောက်လာခဲ့ပြီဖြစ်၏။ ဧကရာဇ်မင်းမြတ်က တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သော အမိန့်တော်ကို ထုတ်ပြန်ပြီး ကမ္ဘာပေါ်ရှိ အမတ်များနှင့် ပြည်သူများကို အမှား ဝန်ခံလိုက်ပြီ ဖြစ်သည်။
ဤကိုယ့်ကိုယ်ကိုယ် အပြစ်တင်သော အမိန့်တော် ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ညီလာခံ တစ်ခုလုံး တုန်လှုပ်သွားပြီး လောကတစ်ခုလုံးလည်း အကြီးအကျယ် တုန်လှုပ်သွားတော့မှာဖြစ်၏။
တရုတ် သမိုင်းတွင် ဟန်ဝမ် ဧကရာဇ် ကဲ့သို့သော ဧကရာဇ်များက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သော အမိန့်တော် ထုတ်ပြန်ခဲ့ဖူးသော်လည်း အများစုမှာ ချုံးကျန်း ဧကရာဇ် ကဲ့သို့သော နိုင်ငံပျက်မည့် ဧကရာဇ်များကသာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သော အမိန့်တော် ထုတ်ပြန်လေ့ ရှိကြသည်။
ယွမ်ရှီခိုင် ရာထူးမှ နုတ်ထွက်စဉ်ကလည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သော အမိန့်တော် ထုတ်ပြန်ခဲ့ဖူးသည်။ ဧကရာဇ်က အမှား ဝန်ခံသည် ဆိုသည်မှာ အလွန် အံ့အားသင့်ဖွယ် ကောင်းသည် မဟုတ်ပါလား။ ဤသည်မှာ တကယ်ကို ကြီးမားသော နိုင်ငံရေး ကိစ္စကြီး တစ်ခု ဖြစ်၏။
သို့ပေမည့် ဧကရာဇ်မင်းမြတ်က အလျှော့ပေးလိုက်ပြီ၊ အောက်ရှင်းကို လွှတ်ပေးပြီး တောင်ပိုင်း ပုန်ကန်မှုကို နှိမ်နင်းရန် စေလွှတ်တော့မည်ဟု အားလုံးက ထင်မှတ်နေချိန်တွင် ဧကရာဇ်မင်းမြတ်က ဒုတိယ အမိန့်တော်နှင့် တတိယ အမိန့်တော်တို့ကို ထပ်မံ ထုတ်ပြန်လိုက်ရာ အားလုံး ကြက်သီးမွေးညင်းများ ထသွားကြလေသည်။
.............................................