← Chapters

အခန်း (၃၂၉-၃၃၀)

Vol. 28 Ch. 329-330

အခန်း (၃၂၉-၃၃၀)

Vol. 28 Ch. 329-330

အပိုင်း (၃၂၉)

အမတ်များ အားလုံး အလွန် အံ့အားသင့်သွားကြပြီး ဧကရာဇ်မင်းမြတ် ရူးသွားပြီလား ဟုပင် တွေးလိုက်မိကြ၏။

ဤသည်မှာ နိုင်ငံ တစ်ခုလုံးကို ပုံအောပြီး စစ်တိုက်တော့မည်လား။

အဘယ်ကြောင့်ဆိုသော် ဒုတိယ အမိန့်တော်တွင် ဧကရာဇ်မင်းမြတ်က ယုံချန်ဟောက် ဖူယန်ထူကို တောင်ပိုင်း စစ်သေနာပတိအဖြစ် ခန့်အပ်လိုက်ပြီး သုံးရက် အကြာတွင် စစ်တပ်ကြီး စတင် ချီတက်ကာ တောင်ပိုင်း ပုန်ကန်မှုကို နှိမ်နင်းမည်ဟု ပါရှိသောကြောင့် ဖြစ်သည်။

ဧကရာဇ်မင်းမြတ်၏ ဆုံးဖြတ်ချက်မှာ မပြောင်းလဲဘဲ တောင်ပိုင်း လူရိုင်းများ၏ ပုန်ကန်မှုကို စစ်တပ်ကြီး စေလွှတ်ကာ သွေးချောင်းစီးအောင် သတ်ဖြတ်မည့် လမ်းစဉ်ကို ဆက်လက် စွဲကိုင်ထားဆဲ ဖြစ်၏။

တစ်နည်းအားဖြင့် ဆိုရလျှင် သုံးရက် အကြာတွင် ဧကရာဇ်မင်းမြတ်က အောက်ရှင်း မိသားစု တစ်ခုလုံးကို သတ်ဖြတ်ပြီး စစ်ပွဲ စတင်ဦးမှာဖြစ်သည်။

တတိယ အမိန့်တော်ကသာ လူအများကို အံ့အားသင့်ဆုံး ဖြစ်စေခဲ့၏။

ဧကရာဇ်မင်းမြတ်က မြောက်ဘက် ကျင်းကျိုးမြို့သို့ကိုယ်တိုင် သွားရောက်ပြီး ကျင်းကျိုးမြို့ ကာကွယ်ရေးမျဉ်းကို ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်သည်။

ဤအရာမှာ ဧကရာဇ်ကိုယ်တိုင် နိုင်ငံ၏ တံခါးပေါက်ကို စောင့်ရှောက်မည် ဆိုသည့် သဘောပင် ဖြစ်သည်။ သူကိုယ်တိုင် ကျင်းကျိုးမြို့ ကာကွယ်ရေးမျဉ်းသို့ သွားရောက်ကာ တာယင်အင်ပါယာ၏ ဖြစ်လာနိုင်သော တိုက်ခိုက်မှုများကို ကာကွယ်မှာဖြစ်၏။

အမတ်များ အားလုံးက ဧကရာဇ်မင်းမြတ် တကယ် ရူးသွားပြီဟု ထင်မြင်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် ဧကရာဇ်ဟောင်း၏ နန်းဆောင် တံခါးကြီး နောက်ဆုံးတွင် ပွင့်လာခဲ့ပြီ ဖြစ်၏။

အလွန် လှပပြီး၊ လောကီ အညစ်အကြေးများနှင့်ကင်းစင်ကာ၊ လျှို့ဝှက်ဆန်းကြယ်ပြီး ဆွဲဆောင်မှု ရှိသော မင်းသမီး ရှန်ရှန်းသည် ထိုတံခါးမှ ထွက်ပေါ်လာလေတော့သည်။

....................

“ကိုယ်တော်၌ အပြစ်ရှိလျှင် တိုင်းသူပြည်သားတို့နှင့် မသက်ဆိုင်။ တိုင်းသူပြည်သားတို့၌ အပြစ်ရှိလျှင် ထိုအပြစ်သည်ကိုယ်တော်၏ အပြစ်သာ ဖြစ်၏။”

ဤစကားရပ်သည် လွန်းယွီကျမ်း၏ ယောင်းယွဲ့အခန်း (မင်းကောင်းမင်းမြတ်တို့၏ အုပ်ချုပ်ရေးဆိုင်ရာ ကျင့်ဝတ်များကို စုစည်းဖော်ပြထားခြင်းသည့်စာအုပ်)မှ ဆင်းသက်လာခြင်းဖြစ်ပြီး ဧကရာဇ် ဝမ်ယွင်၏ အပြစ်ဝန်ခံ ကြေညာစာတွင် အစချီစာကြောင်း ဖြစ်လာခဲ့၏။

သူသည် အမှားအယွင်း ရှိသမျှကို သူ၏ကိုယ်ပေါ်သို့ ဦးစွာ ပုံချလိုက်၏။ သူသည် ဧကရာဇ်ဖြစ်သောကြောင့် အင်ပါယာတစ်ခုလုံး၏ အမှားသည် သူ၏ကိုယ်ပိုင်အမှားသာ ဖြစ်သည်။

ဤအပြစ်ဝန်ခံကြေညာစာကို ဧကရာဇ် ဝမ်ယွင်ကိုယ်တိုင် ရေးသားခဲ့ခြင်းဖြစ်ပြီး ညီလာခံ၌ ဖတ်ပြလိုက်ချိန်မှာတော့ အမတ်အပေါင်းကို မှင်သက်သွားစေခဲ့၏။

အကြောင်းမူကား အလွန်တရာ ကောင်းမွန်စွာ ရေးဖွဲ့ထားသောကြောင့်ဖြစ်သည်။ အကယ်၍ ဤစာကိုသာ နိုင်ငံ့စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုပါက ထိပ်ဆုံးအဆင့်များ၌ နေရာယူနိုင်မည်မှာ သေချာသည်။

ဤအချက်ကို ထောက်ရှုခြင်းဖြင့် ဧကရာဇ် ဝမ်ယွင်၏ ပညာအရည်အချင်း မည်မျှလောက် နက်ရှိုင်းကြောင်းကို သိမြင်နိုင်၏။

အပြစ်ဝန်ခံ ကြေညာစာထဲတွင် သူသည် မိမိကိုယ်ကို အပြစ်ကြီး အချို့ တပ်ထား၏။ သို့ပေမည့် အမတ် အပေါင်းက ကြားနာပြီးနောက်တွင်မူ ကြက်သီးမွေးညင်း ထသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုအပြစ်ကြီးများသည် အခြေခံအားဖြင့် သူတို့၏ အပြစ်များသာ ဖြစ်နေသောကြောင့်ပင်။

လူအများက သူ့ကို အောင်မြင်မှုရရန် အလောတကြီး လုပ်ဆောင်လွန်းသည်ဟု ဆိုကြ၏။ သို့သော်ငြား ဆယ်နှစ်ကျော်ကြာ စစ်မတိုက်ခဲ့ရသော တာ့ကျိုးအင်ပါယာသည် စစ်ရေးလေ့ကျင့်မှုများ လျော့ရဲလာပြီး စစ်လက်နက်များလည်း ယိုယွင်းလာသည်ကို မည်သူမှ သတိမပြုမိကြပေ။

ဤအတိုင်းသာ ဆက်သွားနေပါက တိုက်ခိုက်ရေးစွမ်းရည်များ တစ်စထက်တစ်စ ကျဆင်းလာမည်သာ ဖြစ်၏။ မြောက်ပိုင်းစစ်ပွဲကို ဆင်နွှဲခြင်းကသာ စစ်တပ်၏ ဂုဏ်သိက္ခာကို ပြန်လည်အသက်သွင်းနိုင်မှာ ဖြစ်သည်။

စီးဆင်းနေသော ရေသည်သာ မပုပ်သိုးနိုင်ပေ။ စစ်တပ်၏ အထက်ပိုင်းနေရာများကို အရည်အချင်း မရှိသောမှူးမတ်များက ချုပ်ကိုင်ထားကြ၏။

ရဲစွမ်းသတ္တိနှင့် ဉာဏ်ပညာပြည့်စုံသော စစ်သူကြီးများမှာ ရာထူးတိုးခွင့် မရဘဲ တိုင်းပြည်ကို အလုပ်အကျွေး ပြုလိုစိတ်များ ပြည့်နှက်နေသော်လည်း စိတ်ပျက် အားငယ်စွာဖြင့်သာ နေထိုင်ကြရသည်။

သူ၏ သွန်သင်ဆုံးမမှု အားနည်းချက်ကြောင့် အင်ပါယာအတွင်း အဂတိလိုက်စားမှုများ ထွန်းကားလာပြီး အလုပ် မလုပ်ဘဲ နေရာယူထားသူများ ပေါများလာကြောင်း အပြစ်ဝန်ခံကြေညာစာတွင် ထည့်သွင်း ရေးသားထား၏။

ထို့အပြင် မိမိတွင် ဩဇာတိက္ကမ မလုံလောက်မှုကြောင့် နန်းတွင်း၌ အုပ်စုဖွဲ့ အားပြိုင်မှုများ ပိုမို ဆိုးရွားလာရသည်ဟုလည်း ဆိုထားသည်။

စာလုံးရေ ထောင်ပေါင်းများစွာဖြင့် တာ့ကျိုးအင်ပါယာ တစ်ခုလုံး၏ ချို့ယွင်းချက်များကို ရှင်းလင်းစွာ ဖော်ပြထားပြီးနောက် ထိုအရာအားလုံးကို ဧကရာဇ်၏ အပြစ်အဖြစ် ပုံချထားလိုက်၏။

ဤအပြစ်ဝန်ခံကြေညာစာကို ကြည့်ခြင်းအားဖြင့် ဧကရာဇ် ဝမ်ယွင်၏ အမြင်မှာ အလွန်စူးရှကြောင်း သိနိုင်၏။ သူသည် အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်စွမ်း ရှိသည်။

တာ့ကျိုးအင်ပါယာသည် သက်တမ်းရင့် အင်ပါယာတစ်ခု ဖြစ်သည်။ ထျန်းယန် ခေတ်သစ် ပြန်လည် ထွန်းကားခြင်းကို ဖြတ်သန်းခဲ့ရသော်လည်း ချို့ယွင်းချက်များစွာမှာ ပြုပြင်၍မရလောက်အောင် နက်ရှိုင်းနေပြီ ဖြစ်၏။

အထက်တန်းလွှာများက စစ်တပ်၏ အာဏာကို ချုပ်ကိုင်ထားသောကြောင့် သာမန်ပြည်သူများထဲမှ ထူးချွန်သူများမှာ နေရာမရနိုင်ကြပေ။

ယွဲ့တန်းဖျင် ကဲ့သို့သော ပညာတတ်အဖွဲ့အစည်းများက ပြည်သူ့ အသံကို လွှမ်းမိုးထားပြီး အယူအဆ မတူသူများကို ဖယ်ရှားကာ အမတ်များနှင့် ပူးပေါင်း၍ အာဏာကို လက်ဝါးကြီးအုပ်ထားကြ၏။

စီးဆင်းနေသောရေသည် မပုပ်သိုးနိုင်ဟု ဆိုကြသော်လည်း အင်ပါယာတစ်ခုလုံး၏ အုပ်ချုပ်ရေး ယန္တရားမှာ ပုပ်ဟောင်နေသော ဟင်းရည်တစ်ခွက်ကဲ့သို့ ဖြစ်နေပြီ ဖြစ်၏။ မကြာမီကမှ ထွန်းကားလာပြီး နံနက်ခင်း နေမင်းကဲ့သို့ တောက်ပနေသော တာယင်အင်ပါယာနှင့် လုံးဝမတူညီပေ။

ယခင်က တာ့ကျိုးအင်ပါယာ ပြန်လည်အားကောင်းလာခြင်းမှာ ပွင့်ပွင့်လင်းလင်း ဆိုရလျှင် တောင်ပိုင်းလူရိုင်း နယ်မြေကို သိမ်းပိုက်နိုင်ခဲ့ပြီး မြေနေရာအကျယ်အဝန်းမှ ကြီးမားသည့် အကျိုးအမြတ်များကို ရရှိခဲ့သောကြောင့်သာ ဖြစ်၏။

သို့ပေမည့် တာ့ကျိုးနန်းတော်၏ အခြေခံချို့ယွင်းချက်များမှာမူ ပြောင်းလဲမသွားခဲ့ပေ။ တောင်ပိုင်းကျိုး အင်ပါယာ တစ်ခုလုံးသည် ပြေးလွှားနေသော ဘီလူးကြီးတစ်ကောင်နှင့် တူနေပြီး အမြဲတမ်း ပြေးလွှား နေရမည်ဖြစ်ကာ ရပ်တန့်၍ မရနိုင်ပေ။

တစ်ကြိမ် ရပ်တန့်လိုက်သည်နှင့် ထိုဘီလူးကြီး၏ ခန္ဓာကိုယ်သည် ရောဂါဘယများ စတင်စွဲကပ်လာမှာဖြစ်ပြီး နန်းတွင်း၌ အုပ်စုဖွဲ့ အားပြိုင်မှုများနှင့် ပြည်တွင်းရေး ပဋိပက္ခများ စတင်လာမှာဖြစ်၏။

ထို့အပြင် တာ့ကျိုးအင်ပါယာ၌ ကြီးမားသော အကျိုးစီးပွားရှာဖွေသည့် အုပ်စုကြီးတစ်ခု ပေါ်ပေါက်နေပြီ ဖြစ်ပြီး သူတို့၏ လိုအင်ဆန္ဒများမှာ တစ်နေ့တခြား ပိုမိုကြီးမားလာနေသည်။

အစဉ်မပြတ် သိမ်းပိုက်ပြီး ထိုအကျိုးစီးပွားအုပ်စု၏ အစာအိမ်ကို ဖြည့်ဆည်းပေးနိုင်မှသာလျှင် သူတို့ ဆက်လက် ပြေးလွှားနိုင်မှာဖြစ်၏။

အကယ်၍ သူတို့ကို အဝမကျွေးနိုင်ပါက သူတို့သည် အတွင်းပိုင်း၌ စတင်တိုက်ခိုက်ကြမှာဖြစ်ပြီး အင်ပါယာ အတွင်းရှိ အခြားအုပ်စုများကို ဝါးမျိုရန် နည်းလမ်းရှာကြမည်သာ ဖြစ်သည်။

အောက်ရှင်းသည် တောင်ပိုင်းလူရိုင်းနယ်မြေကို အခက်အခဲများစွာကြားမှ အောင်မြင်စွာ အုပ်ချုပ်နိုင်ခဲ့ သော်လည်း နန်းတော်က သူ့ကို မြို့တော်သို့ ပြန်ခေါ်ခဲ့၏။

ထိုသို့လုပ်မှသာ တာ့ကျိုးအင်ပါယာ နန်းတော်၊ အထက်တန်းလွှာများနှင့် မိသားစုကြီးများသည် တောင်ပိုင်း နယ်မြေမှ အကျိုးအမြတ်များကို ခွဲဝေစားသုံးနိုင်မှာဖြစ်သည်။

သို့သော် ယခုအခါ တောင်ပိုင်းလူရိုင်းနယ်မြေဟူသော ကိတ်မုန့်ကြီးကို ခွဲဝေစားသုံးပြီးသွားပြီ ဖြစ်ရာ မည်သို့ ဆက်လုပ်ရမည်နည်း။

တောင်ပိုင်းကျိုးအင်ပါယာ၏ ခြေလှမ်းများသည် ရပ်တန့်၍ မရနိုင်ပေ။ အကျိုးအမြတ်အသစ်များ လိုအပ်နေပြီး ပိုမိုကြီးမားသော ရည်မှန်းချက်တစ်ခု လိုအပ်နေသည်။

ဧကရာဇ်သည် တာ့ကျိုးနန်းတော်အတွက် လုပ်စရာအလုပ် ရှာပေးရမှာဖြစ်၏။ ထို့ကြောင့် သဘာဝကျစွာပဲ သူ၏အာရုံစိုက်မှုသည် ပိုင်ရှင်မဲ့နယ်မြေသို့ ရောက်ရှိသွားပြီး ထိုမှတစ်ဆင့် မြောက်ပိုင်း တာယင်အင်ပါယာကို စစ်ဆင်ရန် ဖြစ်လာ၏။

ဧကရာဇ်သည် အင်ပါယာအတွက် အစာရှာပေးရမှာဖြစ်၏။ ထိုသို့မဟုတ်လျှင် အင်ပါယာ၏ အကျိုးစီးပွား အုပ်စုများသည် မိမိကိုယ်ကိုယ် ပြန်လည်စားသုံးကြပေလိမ့်မည်။

သို့ဖြစ်ရာ ဤဧကရာဇ်က ပိုင်ရှင်မဲ့နယ်မြေစစ်ပွဲကို ဆင်နွှဲရန် အလောတကြီး ဖြစ်နေခဲ့သည်လား။

အကယ်၍ မကြာမီကမှ တည်ထောင်ထားသော အင်ပါယာသစ်တစ်ခုသာဆိုလျှင် ဖြည်းဖြည်းချင်း လုပ်ဆောင်၍ ရနိုင်သည်။

အကြောင်းမူအင်ပါယာတစ်ခုလုံး၏ အုပ်ချုပ်သူ လူတန်းစားသည် အသစ်စက်စက်ဖြစ်ပြီး တက်ကြွမှုများ ပြည့်နှက်နေသောကြောင့် ဖြစ်၏။

သို့သော် ဟောင်းနွမ်းနေပြီဖြစ်သော အင်ပါယာတစ်ခုအတွက်မူ ဆက်လက်စောင့်ဆိုင်းနေပါက နိုင်ငံတော်၏ အင်အားစုဆောင်းနိုင်မှု အမြန်နှုန်းသည် အုပ်ချုပ်သူ လူတန်းစား၏ ပျက်စီးယိုယွင်းမှု အမြန်နှုန်းကို မမီနိုင်တော့မည်ကို စိုးရိမ်ရသည်။

ဧကရာဇ် ဝမ်ယွင်၏ ဤအပြစ်ဝန်ခံကြေညာစာသည် အမှန်တကယ်ပဲ နားကွဲမတတ် ကျယ်လောင်သော သတိပေးချက်တစ်ခု ဖြစ်သွား၏။

ဝန်ကြီးချုပ်နှင့် နိုင်ကော် ဒု-ဝန်ကြီးချုပ်တို့ပင်လျှင် ချွေးသံတရွဲရွဲ ဖြစ်သွားကြသည်။ ယခင်က ဟူယုံး၏ အသေခံ အကြံပြုချက်သည် ဧကရာဇ်၏ မျက်နှာကို ခွာချလိုက်ခြင်း ဖြစ်သော်လည်း ယခု အပြစ်ဝန်ခံ ကြေညာစာကမူ ဧကရာဇ်က အမတ်အပေါင်း၏ မျက်နှာကို ခွာချလိုက်ခြင်း ဖြစ်သည်။

ဧကရာဇ် ဝမ်ယွင်သည် မြေပြင်ပေါ်တွင် ဒူးထောက်နေကြသော နန်းတွင်းအမတ်များနှင့် စစ်သူကြီးများကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။ “ကိုယ်တော် ထုတ်ပြန်လိုက်တဲ့ ဒုတိယနဲ့ တတိယ အမိန့်တော်တွေကို ကြားရတဲ့အခါ ခင်ဗျားတို့ထဲက တချို့က ကိုယ်တော် ရူးသွားပြီလို့ ထင်ကောင်း ထင်နေကြလိမ့်မယ်။”

ထိုအခါ အမတ်အပေါင်းသည် အလန့်တကြားဖြင့် ခေါင်းကို မြေကြီးနှင့် ထိကာ အရိုအသေ ပေးလိုက်ကြပြန်သည်။

“စိတ်ချကြပါ။ ကိုယ်တော် မရူးသေးဘူး။ တောင်ပိုင်းမှာ ပုန်ကန်မှုဖြစ်တာ၊ မြောက်ပိုင်းက တာယင် အင်ပါယာက အခွင့်ကောင်းယူပြီး လုယက်ချင်တာလောက်ပဲ မဟုတ်လား။ အနောက်ဘက်က တာ့လျန်နိုင်ငံကတောင် ဝင်ပါချင်နေသေးတယ်။ ကိုယ်တော်တို့ရဲ့ တာ့ကျိုးအင်ပါယာက အရပ် လေးမျက်နှာလုံးကနေ ဝိုင်းရံခံထားရသလို၊ တိုင်းပြည်ပျက်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရသလို ဖြစ်နေပြီလား။

ကိုယ်တော် ကြည့်ရတာတော့ အတော်လေး ကောင်းတယ်။ အရမ်းကောင်းတယ်လို့တောင် ဆိုရမယ်။ ကိုယ်တော်တို့ တာ့ကျိုးအင်ပါယာက စစ်သူကြီးတွေ ပျင်းရိပြီး အမတ်တွေ အဂတိလိုက်စားနေကြတယ် မဟုတ်လား။ အခုလို တိုင်းပြည်ပျက်မယ့် အန္တရာယ်အောက်မှာ ခင်ဗျားတို့တွေ နိုးကြားတက်ကြွလာနိုင်မလား ဆိုတာကို ကိုယ်တော် စောင့်ကြည့်ရသေးတာပေါ့။

ဒုက္ခဆင်းရဲထဲမှာ ရှင်သန်ပြီး သက်တောင့်သက်သာနေမှုထဲမှာ သေဆုံးရတာပဲ။ အန္တရာယ်ကြီးလေလေ တွန်းအားပိုကြီးလေလေပဲ။ ကိုယ်တော် ဆုံးဖြတ်ပြီးပြီ။ တောင်ပိုင်းမှာ ပုန်ကန်တဲ့သူရှိရင် အဆုံးထိ နှိမ်နင်းမယ်။

မြောက်ပိုင်းက တာယင်အင်ပါယာ လာကျူးကျော်ရင် ဧကရာဇ်ဖြစ်တဲ့ ကိုယ်တော်ကိုယ်တိုင် နိုင်ငံရဲ့ တံခါးဝကို သွားစောင့်မယ်။ အနောက်ဘက်က တာ့လျန်နိုင်ငံ လာခိုးတိုက်ရင်လည်း အဆုံးထိ ခုခံမယ်။ ရန်သူ့မြင်းတွေကို အနောက်ဘက် တံတိုင်းကြီးကနေ တစ်လှမ်းမှ အကျော်မခံဘူး။

ဧကရာဇ်ဟောင်းဆီ အာဏာပြန်အပ်ရမယ်လို့ တတွတ်တွတ် ပြောနေကြတဲ့သူတွေ ရှိတယ် မဟုတ်လား။ အဲဒါဆိုလည်း ကောင်းတာပေါ့။ ဧကရာဇ်ဟောင်းကို မြို့တော်မှာ နေပြီး စောင့်ရှောက်ခိုင်းလိုက်မယ်။

ခင်ဗျားတို့ အမတ်တွေ ဘယ်လိုပဲတွေးတွေး ကိုယ်တော်ကတော့ အရိုးကြေကြေ အရေခမ်းခမ်း လုံးဝ နောက်မဆုတ်ဘူး။ ကိုယ်တော်က တိုင်းပြည်ပျက်တဲ့ ဧကရာဇ်ပဲ အဖြစ်ခံမယ်။ အရှုံးပေးတဲ့ ဧကရာဇ်တော့ အဖြစ်မခံနိုင်ဘူး။

ကျုပ်တို့ တာ့ကျိုးအင်ပါယာဟာ မီးလျှံထဲကနေ ပြန်လည်မွေးဖွားလာရမယ်။ ဒါမှမဟုတ်ရင် လုံးဝ ပျက်စီးပျောက်ကွယ်သွားရမယ်။”

ဧကရာဇ် ဝမ်ယွင်၏ အသံသည် ညီလာခံခန်းမကြီး တစ်ခုလုံးကို ဟိန်းထွက်သွားပြီး လူတိုင်း၏ နားထဲတွင် တုန်ခါသွား၏။ ထိုအခါမှသာ ဧကရာဇ်မင်းမြတ်၏ သိုင်းပညာသည် မည်မျှ အဆင့်မြင့်မားကြောင်း အားလုံး သဘောပေါက်သွားကြသည်။

“အမတ်တို့... ခင်ဗျားတို့ထဲမှာ ကိုယ်တော့်ကို တားဆီးချင်တဲ့သူ ရှိသေးလား။” ဧကရာဇ် ဝမ်ယွင်က အေးစက်သော အသံဖြင့် မေးလိုက်၏။

ဤသို့ ပြောလိုက်စဉ် သူ၏အကြည့်များက နိုင်ကော်နှင့် ဆူမီယွမ်တို့မှ ခေါင်းဆောင်ခြောက်ဦးထံသို့ ရောက်ရှိသွားသည်။

ခေါင်းဆောင်ခြောက်ဦးသည် ချက်ချင်း ဒူးထောက်ချလိုက်ပြီး နဖူးကို မြေကြီးနှင့် ထိထားလိုက်ကြ၏။

“အမိန့်တော်အတိုင်း နာခံပါမယ်။”

“အမိန့်တော်အတိုင်း နာခံပါမယ်။”

ဧကရာဇ်က ဆက်ပြောလိုက်၏။ “ဘယ်သူမှ မတားဆီးဘူးဆိုရင် ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ။ ဖူယန်ထူ... တော်ဝင်စစ်သည် တစ်သိန်းငါးသောင်း စုစည်းပြီးသွားပြီ။ ပြည်နယ်အသီးသီးက တပ်တွေလည်း တောင်ပိုင်းကို စုစည်းပြီး ခင်ဗျား သွားလွှဲယူဖို့ စောင့်နေကြပြီ။ သုံးရက်နေရင် တောင်ပိုင်းကို ချီတက်ဖို့ သစ္စာဆိုပွဲ လုပ်မယ်။”

ယုံချန် နယ်စား ဖူယန်ထူက ဒူးထောက်၍ မေးလိုက်သည်။ “အမိန့်တော်အတိုင်း နာခံပါမယ် အရှင်မင်းမြတ်။ အောက်ရှင်း တစ်မိသားစုလုံးကို သတ်ပြီး တပ်တော်အလံကို ပူဇော်ရမလား။”

ဧကရာဇ်က အေးစက်စက်ဖြင့် ပြန်ဖြေလိုက်၏။ “တပ်တော်အလံကို ပူဇော်ဖို့လား။ သေချာပေါက် လုပ်ရမှာပေါ့။”

ဖူယန်ထူမှာ အလွန်ဝမ်းသာသွား၏။ ကိစ္စရပ်များတွင် အပြောင်းအလဲအချို့ ရှိခဲ့သော်လည်း သူသည် တောင်ပိုင်း စစ်သေနာပတိချုပ် ဖြစ်လာခဲ့ဆဲဖြစ်ပြီး သိန်းနှင့်ချီသော တပ်တော်၏ အာဏာကို ချုပ်ကိုင်နိုင်ခဲ့သည်။

ထို့အပြင် အောက်ရှင်း၏ မိသားစုတစ်စုလုံးကို ကွပ်မျက်နိုင်ဆဲဖြစ်ရာ လွန်ခဲ့သော ဆယ်နှစ်ကျော်က ရိုက်နှက်ခံခဲ့ရသည့် ကလဲ့စားကို ချေနိုင်တော့မှာဖြစ်၏။

ဧကရာဇ်က ထပ်မံခေါ်လိုက်သည်။ “ကျိုးလျန်…”

ဆူမီယွမ် ဒု-အကြီးအကဲ ကျိုးလျန် ဒူးထောက်လိုက်၏။ “အရှင်မင်းမြတ်…”

ဧကရာဇ်က မေးလိုက်၏။ “ကျုပ်တို့ တာ့ကျိုးအင်ပါယာဟာ နှစ်ပေါင်း သုံးဆယ့်ငါးနှစ် အချိန်ယူပြီး တာ့လျန်နိုင်ငံကို ခုခံဖို့ အနောက်ဘက် တံတိုင်းကြီးကို တည်ဆောက်ခဲ့တယ်။ ကျိန့်ရှီ စစ်သေနာပတိရုံး မှာလည်း စစ်သည် တစ်သိန်းကျော် ရှိသေးတယ်။

ခင်ဗျား အနောက်ဘက်ကို သွားပြီး ကျိန့်ရှီ စစ်သေနာပတိလုပ်။ အနောက်ဘက် တံတိုင်းကြီးကို ထိန်းသိမ်းပြီး တာ့လျန်နိုင်ငံရဲ့ ခိုးတိုက်မယ့် အန္တရာယ်ကို ခုခံနိုင်မလား။”

ကျိုးလျန် ဦးညွတ်လိုက်သည်။ “ကျုပ် စစ်သစ္စာ ခံယူဝံ့ပါတယ်။ အကယ်၍ အနောက်ဘက်မှာ ပြည်နယ်တစ်ခု၊ ခရိုင်တစ်ခု ဆုံးရှုံးသွားခဲ့ရင် ကျုပ်ရဲ့ ခေါင်းကို ဖြတ်နိုင်ပါတယ်။”

ဧကရာဇ်က ပြောလိုက်၏။ “ကောင်းပြီ။ အမိန့်တော်ရေးတော့။ ဆူမီယွမ် ဒု-အကြီးအကဲ ကျိုးလျန်ကို ကျိန့်ရှီ စစ်သေနာပတိချုပ် အဖြစ် ခန့်အပ်ပြီး အနောက်ပိုင်းကာကွယ်ရေး တာဝန်များကိုပါ ပူးတွဲထမ်းဆောင်စေ။”

ဒု-အကြီးအကဲ ကျိုးလျန် ဒူးထောက်ကာ အမိန့်နာခံလိုက်သည်။ “အမိန့်တော်အတိုင်း နာခံပါမယ်။ ကျေးဇူးတော် ကြီးမားလှပါတယ် အရှင်မင်းမြတ်။”

“အင်ပါယာမြောက်ပိုင်းက တပ်တွေကို ကျင်းကျိုး ခံစစ်မျဉ်းမှာ ကြိုတင်စုစည်းထားကြ။ ကိုယ်တော်ကိုယ်တိုင် မြောက်ပိုင်းကို လာခဲ့မယ်။ တာယင်အင်ပါယာက တပ်တွေ တောင်ဘက်ကို ကျူးကျော်ရဲရင်ကိုယ်တော် သူတို့နဲ့ အသေအကြေ တိုက်ခိုက်မယ်။” ဧကရာဇ်၏ အသံသည် ညီလာခံခန်းမကြီးအတွင်း ဟိန်းထွက်သွားပြီး ပဲ့တင်သံများ ထပ်ဟပ်ကာ ခွန်အားများ ပြည့်နှက်နေလေ၏။

.................

အပိုင်း (၃၃၀)

ဧကရာဇ် ဝမ်ယွင်၏ ဤအမိန့်တော်များကို ကြည့်ရုံဖြင့် တာ့ကျိုးဟူသော သက်တမ်းရင့် အင်ပါယာကြီး၏ အခြေခံအင်အား မည်လောက် တောင့်တင်းကြောင်းကို မြင်နိုင်သည်။

ယမန်နှစ်က စစ်ပွဲတွင် စစ်သည် သုံးလေးသိန်းခန့် ဆုံးရှုံးခဲ့သော်လည်း အခြေခံအုတ်မြစ်ကိုမူ မထိခိုက်ခဲ့ပေ။ ဧကရာဇ်၏ အမိန့်တစ်ချက်ဖြင့် သန်းဆယ်ချီသော အင်ပါယာလူဦးရေထဲမှ စစ်သည်များကို ထပ်မံ စုဆောင်းနိုင်သေး၏။

စားနပ်ရိက္ခာ သိုလှောင်မှု၊ နိုင်ငံတော် ဘဏ္ဍာတိုက်ရှိ ငွေကြေးများ၊ ဤအရာအားလုံးသည် အခြေခံ အင်အားများ ဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ်များစွာက တောင်ပိုင်းလူရိုင်းနယ်မြေကို သိမ်းပိုက်ပြီး ဖွံ့ဖြိုးတိုးတက်စေခြင်းမှ ရရှိလာသော အကျိုးအမြတ်များမှာ ကြီးမားလွန်းလှသည်ဟုသာ ဆိုရမှာဖြစ်သည်။ ထိုအရာများကပင် ဧကရာဇ်ကို ဒေါသတကြီး ဟိန်းဟောက်ရဲသော သတ္တိကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်၏။

ဧကရာဇ်၏ အပြစ်ဝန်ခံကြေညာစာသည် အချိန်တိုအတွင်း တစ်လောကသို့ ပျံ့နှံ့သွားမှာဖြစ်၏။ အနည်းဆုံး တစ်ရက်အတွင်း မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး တစ်ချိန်တည်းမှာပင် ဧကရာဇ်၏ အခြားအမိန့်တော် နှစ်ရပ်မှာလည်း မြို့တော်အတွင်း ပျံ့နှံ့သွားခဲ့သည်။

တပ်တော်ကြီးသည် တောင်ပိုင်းသို့ ချီတက်၍ ပုန်ကန်မှုကို နှိမ်နင်းမည်။ တောင်ပိုင်းမှ သူပုန်များနှင့် လုံးဝ အပေးအယူမလုပ်ဘဲ အဆုံးထိ နှိမ်နင်းမည်။ တာယင်အင်ပါယာ၏ စစ်ရေးခြိမ်းခြောက်မှုကို ရင်ဆိုင်ရာတွင်လည်း လုံးဝ အလျှော့မပေးဘဲ အဆုံးထိ တိုက်ခိုက်မည်။ ဧကရာဇ်ကိုယ်တိုင် မြောက်ပိုင်းသို့ ချီတက်၍ ကျင်းကျိုး ခံစစ်မျဉ်းကို စောင့်ရှောက်မည်။

အရိုးကြေကြေ အရေခမ်းခမ်း အလျှော့ပေးသော ဧကရာဇ်၊ လက်နက်ချသော ဧကရာဇ် လုံးဝ အဖြစ်မခံ။ ဧကရာဇ်ကိုယ်တိုင် နိုင်ငံ၏ တံခါးဝကို စောင့်ရှောက်မည်။ ဤရဲရင့်သော စကားလုံးများသည်လည်း အချိန်တိုအတွင်း လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားသည်။

ချက်ချင်းပဲ မရေမတွက်နိုင်သော လူတို့သည် ဧကရာဇ်၏ လုပ်ရပ်ကြောင့် စိတ်လှုပ်ရှားကာ သွေးဆူလာကြ၏။ လူငယ်လူရွယ် များစွာသည် စစ်တပ်ထဲ ဝင်ရန် လာရောက်ကြသည်။ လူငယ်အမတ်များနှင့် စစ်သူကြီး များစွာသည်လည်း အလွန်အမင်း စိတ်လှုပ်ရှားကာ စိတ်အားထက်သန်နေကြ၏။

မည်သို့ပင်ဖြစ်စေ ဧကရာဇ် ဝမ်ယွင်၏ ဤသဘောထားပြသမှုများနှင့် ရဲရင့်သော စကားလုံးများသည် တိုင်းသူပြည်သားများအား ပြင်းထန်သော ခွန်အားများ ပေးစွမ်းနိုင်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။

ပြည်သူလူထုဆိုသည်မှာ ပြတ်သားပြီး သံမဏိသွေးရှိသော ဧကရာဇ်ကိုသာ နှစ်သက်ကြပြီး သတ္တိကြောင်သော ဧကရာဇ်ကို အမုန်းဆုံး ဖြစ်ကြ၏။

သို့ပေမည့် အမတ်အများစု၏ စိတ်ထဲတွင်မူ ဤလုပ်ရပ်သည် ဉာဏ်ပညာမဲ့လွန်းသည်ဟု တွေးမိကြသော်လည်း မည်သူမှ ကန့်ကွက်၍ မရနိုင်ပေ။ တစ်ခဏအတွင်း မြို့တော်တစ်ခုလုံးမှသည် အင်ပါယာတစ်ခုလုံးအထိ စိတ်ဓာတ်များ တက်ကြွလာကြသည်။

ထို့နောက် မြို့တော်ရှိ အခြေအနေကို နားလည်သော မှူးမတ်တစ်ဦးက နိုင်ငံတော်၏ အရေးကိစ္စအတွက်၊ တောင်ပိုင်းပုန်ကန်မှုကို နှိမ်နင်းနိုင်ရန်အတွက် မိမိအနေဖြင့် ငွေတစ်သောင်း လှူဒါန်းလိုကြောင်း ချက်ချင်း လျှောက်တင်လာ၏။

မြို့တော်ရှိ အခြားမှူးမတ်များမှာ အနည်းငယ် မှင်သက်သွားကြပြီးနောက် စိတ်ထဲမှ ကြိတ်ကာ ကျိန်ဆဲလိုက်ကြသည်။

‘သောက်ကျိုးနည်း ဝမ်ယိုလျန်။ ခင်ဗျားက ဘာတွေ လာဟန်ရေးပြနေတာလဲ။ ဘာတွေ လာသစ္စာရှိပြ နေတာလဲ။ ခင်ဗျားလို မြို့စားအဆင့်လေးက ငွေတစ်သောင်း ဦးဆောင်လှူလိုက်ရင် နယ်စားတွေကော၊ မြို့စားကြီးတွေကော ဘယ်လိုလုပ်ရမလဲ။

ခင်ဗျားက ငွေတစ်သောင်း လှူလိုက်တော့ ကျန်တဲ့မှူးမတ်တွေကို မီးပုံပေါ် တင်ကင်လိုက်တာနဲ့ မတူဘူးလား။ ခင်ဗျားက အဆင့်နှစ်၊ အဆင့်သုံးလောက်ပဲ ရှိတဲ့မှူးမတ်တစ်ယောက်ပါ။ ဘာလို့ အဲဒီလောက်တောင် တက်ကြွနေရတာလဲ။’

အကယ်၍ ဤအချိန်သည် အင်ပါယာ၏ နောက်ဆုံးနေ့ရက်များသာ ဖြစ်နေပါက ဤမှူးမတ်များသည် ငွေလှူကြမည် မဟုတ်ပေ။

မင်မင်းဆက် နှောင်းပိုင်းကာလတွင် ချုံးကျိန့် ဧကရာဇ်ကိုယ်တိုင် အလှူခံထွက်ခဲ့သော်လည်း ထိုမင်မင်းဆက် မှူးမတ်များသည် သံကြက်ဖများကဲ့သို့ ကပ်စေးနှဲကြပြီး ငွေရာဂဏန်းခန့်သာ လှူဒါန်းခဲ့ကြ၏။

ထို့နောက် လီဇီချန် မြို့တော်ကို ဝင်ရောက်တိုက်ခိုက်ချိန်မှသာ ထိုမှူးမတ်များသည် မိမိတို့ အသက်ကို ဝယ်ရန်အတွက် ငွေသောင်းချီ၍ ထုတ်ပေးခဲ့ကြသည်။

သို့သော်ငြား ယခု တောင်ပိုင်းကျိုးအင်ပါယာသည် နောက်ဆုံးနေ့ရက်များနှင့် အလွန်ကွာဝေးနေသေး၏။ အန္တရာယ်များ ဝိုင်းရံနေသော်လည်း နိုင်ငံတော်၏ အင်အားသည် ကြီးမားနေဆဲ ဖြစ်၏။

ခဏတာမှင်သက်သွားပြီးနောက် မြို့တော်ရှိမှူးမတ်များသည် အသီးသီး ငွေလှူဒါန်းကြတော့သည်။ မြို့စားများက ငွေတစ်သောင်း၊ နယ်စားများက ငွေနှစ်သောင်း၊ မြို့စားကြီးများက ငွေသုံးသောင်း စသည်ဖြင့် အသီးသီး လှူဒါန်းလိုက်ကြသည်။

မှူးမတ်များသာမက သူဌေးများ၊ သာမန်ပြည်သူများပင်လျှင် ရက်ရောစွာ လှူဒါန်းကြရာ အချိန်တိုအတွင်း စစ်စရိတ်အဖြစ် လှူဒါန်းငွေမှာ သန်းဂဏန်းအထိ ရောက်ရှိသွား၏။

တစ်ခဏအတွင်း တာ့ကျိုးအင်ပါယာ မြို့တော်ရှိ သန်းချီသော ပြည်သူများ၏ စိတ်ဓာတ်သည် မိုးတိမ်ကိုပင် ထိုးဖောက်မတတ် မြင့်တက်လာ၏။ သတ်ဟေ့ ဖြတ်ဟေ့ ဟူသော အသံများ ဆူညံလာသည်။

ဧကရာဇ် ဝမ်ယွင်၏ စိတ်အားထက်သန်သော လုပ်ရပ်များသည် တိုင်းသူပြည်သားများကို လွှမ်းမိုးသွားရုံ သာမက ယခင်က ဖြစ်ပေါ်ခဲ့သော ပြည်သူ့အသံ ပြဿနာများကိုလည်း တိုက်ရိုက် ဖြေရှင်းပေးနိုင်ခဲ့၏။

ကျန်းကျိုးမြို့ ပြဿနာနှင့် ဟူယုံး၏ အသေခံ အကြံပြုချက်တို့ကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများသည် ဧကရာဇ်၏ လုပ်ရပ်ကြောင့် တစ်ခဏအတွင်း လုံးဝ ပျက်စီးသွားခဲ့သည်။

တစ်လောက၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ခဲ့၏။

အမတ်အပေါင်းကို တုန်လှုပ်စေခဲ့ပြီး ပညာတတ်များ၏ အသံကို ခြိမ်းခြောက်နိုင်ခဲ့ကာ အလယ်အလတ်နှင့် အောက်ခြေအဆင့် စစ်သည်များ၊ ပြည်သူများနှင့် အရာရှိများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်။

ထို့အပြင်မှူးမတ်များနှင့် မိသားစုကြီးများ၏ အိတ်ကပ်ထဲမှ စစ်စရိတ်ငွေ သန်းချီ၍ ထုတ်ယူနိုင်ခဲ့သေးသည်။ တာ့ကျိုးအင်ပါယာ စစ်တပ်နှင့် ပြည်သူများသည် စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့ကြ၏။

ယနေ့ ဧကရာဇ် ဝမ်ယွင်၏ လုပ်ရပ်သည် ပြီးပြည့်စုံသည်ဟု ဆိုရပေလိမ့်မည်။

ပြတ်သားပြီး သံမဏိသွေးရှိသော ဧကရာဇ်တစ်ပါး၏ ပုံရိပ်သည် တိုင်းသူပြည်သားများ၏ စိတ်နှလုံးထဲတွင် စွဲထင်သွားခဲ့ပြီ ဖြစ်၏။

ဧကရာဇ်သည် ညီလာခံမှ ထွက်ခွာသွားချိန်တွင် သူ၏ကိုယ်ပေါ်ရှိ နဂါးဝတ်ရုံကို တိုက်ရိုက် ဆွဲချွတ်လိုက်ရာ အတွင်းဘက်ရှိ သံချပ်ကာအင်္ကျီ ပေါ်ထွက်လာ၏။ ခါးတွင် ချိတ်ဆွဲထားသော ဓားသည်လည်း ရွှေရောင် တောက်ပ မနေဘဲ ထက်မြက်သော ဓားကြီးတစ်လက်သာ ဖြစ်နေသည်။

ရဲရင့်ခန့်ညားမှုများ ပြည့်နှက်နေပြီး သတ်ဖြတ်လိုငွေ့များက လူကို လွှမ်းမိုးထား၏။

သို့သော်ငြား သံချပ်ကာအင်္ကျီ ဝတ်ဆင်ထားပြီး ရဲရင့်ခန့်ညားသော ဧကရာဇ်သည် အတွင်းဆောင်သို့ ပြန်ရောက်သွားပြီးနောက် မျက်နှာပေါ်ရှိ သတ်ဖြတ်လိုငွေ့များနှင့် စိတ်အားထက်သန်မှု အားလုံးကို ချက်ချင်း ရုပ်သိမ်းလိုက်သည်။

ထို့နောက် သူသည် ထိုနေရာတွင် ငြိမ်သက်စွာ တင်ပျဉ်ခွေ ထိုင်နေပြီး တစ်ချက်လေးမှ မလှုပ်ရှားတော့ချေ။

မကြာမီမှာပဲ လူတစ်ယောက် ဝင်ရောက်လာ၏။ ထိုလူသည် အလွန်ထူးဆန်း၏။ ဘုန်းကြီးဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း ဆံပင်များ ရှိနေပြီး ခေါင်းတွင်လည်း အမာရွတ်များ မရှိပေ။

သူသည်ကား ဧကရာဇ်၏ ပထမဆုံးသော လူယုံတော် ဆရာတော် ဝူရှင်း ပင်ဖြစ်၏။ ထူးဆန်းမှုများ ပြည့်နှက်နေသော ဘုန်းကြီးတစ်ပါး ဖြစ်ပြီး ဂန္ထဝင်ဘုန်းကြီးတစ်ပါးဟုပင် ဆိုနိုင်သည်။

သူနှင့် ဧကရာဇ် ဝမ်ယွင်တို့၏ ခင်မင်ရင်းနှီးမှုမှာ နှစ်ပေါင်း လေးဆယ်ကျော် ရှိနေပြီဖြစ်ပြီး တစ်နည်းအားဖြင့် သူသည် ဧကရာဇ် ဝမ်ယွင်၏ စီနီယာအစ်ကိုလည်း ဖြစ်သည်။ အချိန်အများစုတွင် သူသည် ဘုရားကျောင်း အတွင်း၌သာ နေထိုင်လေ့ရှိပြီး မည်သူ့ကိုမှ တွေ့ဆုံလေ့ မရှိပေ။

ယခင်က ဝမ်ယွင် ထီးနန်းမတက်ရသေးချိန်တွင် ထိုလူနှစ်ယောက်သည် မကြာခဏ စစ်တုရင်ကစားလေ့ ရှိသော်လည်း ယခုအခါတွင်မူ ဤဆရာတော် ဝူရှင်းသည် ဧကရာဇ်ကို လာရောက်တွေ့ဆုံခဲလှသည်။

“အရှင်မင်းမြတ် ကျုပ်နဲ့ စစ်တုရင်ကစားဖို့ ခေါ်တာလား။” ဝူရှင်းက မေးလိုက်၏။

“ဟုတ်တယ်။” ဧကရာဇ် ဝမ်ယွင်က ပြန်ဖြေလိုက်သည်။

ထို့နောက် သူတို့နှစ်ဦး စတင်၍ စစ်တုရင်ကစားကြတော့သည်။ အချိန်တစ်နာရီခန့် အကြာတွင် ပထမပွဲ ပြီးဆုံးသွားပြီး ဧကရာဇ် ရှုံးနိမ့်သွား၏။

“ကိုယ်တော့်ကို ဘာမှ ပြောဖို့ အစီအစဉ် မရှိဘူးလား။” ဧကရာဇ် ဝမ်ယွင်က မေးလိုက်သည်။

“အရှင်မင်းမြတ်ရဲ့ စိတ်ထဲမှာ ကိန်းသေတစ်ခု ရှိနေပြီးသားပဲလေ။ ပြောနေဖို့ မလိုတော့ပါဘူး။” ဝူရှင်းက ပြန်ဖြေလိုက်၏။

ဝူရှင်းက မေးလိုက်သည်။ “ဒီဒုတိယပွဲ ဆက်ကစားအုံးမလား။”

“ကစားရမှာပေါ့။ ဘာလို့ မကစားရမှာလဲ။” ဧကရာဇ်က ပြန်ဖြေလိုက်၏။

ဝူရှင်းက ပြောလိုက်သည်။ “အချိန် သိပ်မရှိတော့ဘူး။ တစ်ပွဲကစားလို့ ပြီးမှာ မဟုတ်ဘူး။ တစ်ဝက်တစ်ပျက်နဲ့ ရပ်ထားရရင် ခံရခက်နေမှာပေါ့။”

ဧကရာဇ်က မေးလိုက်၏။ “အချိန် သိပ်မရှိတော့ဘူးဆိုတာ ခင်ဗျားက ဘယ်လိုလုပ် သိတာလဲ။”

ဝူရှင်းက ပြုံးကာ ပြန်မေးလိုက်သည်။ “အရှင်မင်းမြတ်က ဧကရာဇ်ဟောင်းရဲ့ တုံ့ပြန်မှုကို စောင့်နေတာ မဟုတ်လား။”

“အင်း…”

ဝူရှင်းက မေးလိုက်၏။ “အရှင်မင်းမြတ်... သူ့ဆီက အဲဒီတုံ့ပြန်မှုကို မရ ရအောင် ယူမှာလား။”

“ဟုတ်တယ်။”

ဝူရှင်းက သက်ပြင်းချကာ ပြောလိုက်သည်။ “အရှင်မင်းမြတ်… ဧကရာဇ်ဟောင်း ဆိုတာ လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်း အထက်မြက်ဆုံး ဧကရာဇ်လို့ ဆိုလို့ရတယ်။ သွားပြီး စမ်းသပ်လို့ မကောင်းဘူး။ သူ့သဘောထားကို ထုတ်ပြောဖို့ အတင်းအကျပ် လုပ်လို့ ပိုတောင် မကောင်းသေးတယ်။ လူ့စိတ်ဆိုတာ အစမ်းသပ်ခံနိုင်ဆုံး အရာ မဟုတ်ဘူး။”

ဧကရာဇ် ဝမ်ယွင်က ပြန်ဖြေလိုက်၏။ “စမ်းသပ်ဖို့တောင် မရဲဘူးဆိုရင် ဒီဧကရာဇ်နေရာကို ဘယ်လိုလုပ် ယူတော့မလဲ။”

ဝူရှင်းက ဆက်မေးလိုက်၏။ “အကယ်၍ ဧကရာဇ်ဟောင်းဘက်က ဘာတုံ့ပြန်မှုမှ မလာဘူးဆိုရင်ကော။ အောက်ရှင်း မိသားစု တစ်စုလုံးကို တကယ် သတ်မှာလား။”

ဧကရာဇ် ဝမ်ယွင်သည် စကားမပြောဘဲ အေးစက်စက်သာ နေလိုက်ပြီးနောက်မှ ဖြည်းညင်းစွာ ပြောလိုက်သည်။ “ကိုယ်တော်က ဒီအောက်ရှင်းကို တကယ် မနှစ်မြို့တာ။ ခင်ဗျား မသိပါဘူး။ သူ့ရဲ့ မောက်မာတဲ့ ပုံစံ၊ သူ့ရဲ့ အမူအရာက တကယ်ကို လူကို…”

အချိန်ကြာမြင့်စွာပင် အောက်ရှင်းသည် တာ့ကျိုးအင်ပါယာ၏ ပထမဆုံး အာဏာအရှိဆုံး အမတ်အဖြစ် ရပ်တည်ခဲ့၏။

ထို့ကြောင့် ထိုစဉ်က အိမ်ရှေ့စံအဖြစ် ရှိနေသော ဧကရာဇ် ဝမ်ယွင်သည် သူ့ကို ဆွဲဆောင်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ပြီး လက်အောက်ငယ်သားများကို ယဉ်ကျေးစွာ ဆက်ဆံဟန် အကြိမ်မည်မျှ လုပ်ပြခဲ့မှန်း မသိသလို၊ လက်ဆောင်များလည်း မည်မျှလောက် ပေးပို့ခဲ့မှန်း မသိပေ။

သို့ပေမည့် ပြန်လည် ရရှိလာသော တုံ့ပြန်မှုများအားလုံးမှာ အေးစက်စက်သာ ဖြစ်နေခဲ့၏။ အောက်ရှင်းသည် တောင်ပိုင်းလူရိုင်းနယ်မြေကို စစ်ဆင်နေချိန်တွင် အာဏာကို တစ်ဦးတည်း ချုပ်ကိုင်ထားခဲ့၏။

ထိုစဉ်က ဧကရာဇ် ဝမ်ယွင်မှာ အိမ်ရှေ့စံသာ ဖြစ်သေးပြီး ဝူကျစ်မှာလည်း နိုင်ကော် ဒု-ဝန်ကြီးချုပ်သာ ဖြစ်သေးကာ ဧကရာဇ် ဝမ်ယွင်နှင့် ဆက်ဆံရေးမှာလည်း အတော်လေး နီးကပ်မှုရှိပေ။

ဝူကျစ်တွင် ဝူချီ အမည်ရှိ သားတစ်ယောက် ရှိပြီး တောင်ပိုင်းစစ်သေနာပတိရုံးတွင် အဆင့်ငါး စစ်သူကြီးအဖြစ် တာဝန်ထမ်းဆောင်နေကာ စစ်စည်းကမ်းကို ချိုးဖောက်ခဲ့သောကြောင့် ဥပဒေအရ ခေါင်းဖြတ်ကွပ်မျက်ခံရမှာ ဖြစ်၏။

ဒု-ဝန်ကြီးချုပ် ဝူကျစ် သည် သားဖြစ်သူကို အသေမခံရက်သောကြောင့် အိမ်ရှေ့စံထံသို့ ကိုယ်တိုင်သွား၍ အောက်ရှင်းထံ တောင်းပန်ပေးရန် အကူအညီ တောင်းခဲ့သည်။

အိမ်ရှေ့စံကိုယ်တိုင် ထွက်လာခဲ့ပြီး ဝူချီကို လုံးဝ လွှတ်ပေးရန် မတောင်းဆိုခဲ့ဘဲ သေဒဏ်မှ ကင်းလွတ်ခွင့် ပေးရန်သာ တောင်းဆိုခဲ့၏။

သို့သော်ငြား ရလဒ်အနေဖြင့် အိမ်ရှေ့စံက ပထမနေ့တွင် တောင်းပန်ရန် သံတမန်စေလွှတ်ခဲ့သော်လည်း ဒုတိယနေ့တွင်ပင် အောက်ရှင်းက ဝူချီကို ခေါင်းဖြတ်ကွပ်မျက်လိုက်သည်။

ဤသည်မှာ အိမ်ရှေ့စံ၏ ပါးကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ခြင်းနှင့်တူပြီး မျက်နှာပျက်စေခဲ့ရ၏။ သာမန်လူတစ်ယောက်သာဆိုလျှင် ဧကရာဇ် ဝမ်ယွင် ထီးနန်းတက်ပြီးနောက် တစ်မိသားစုလုံးကို အပြတ်ရှင်းပြီး ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ဧကရာဇ် ဝမ်ယွင်သည် အောက်ရှင်းကို အမှန်တကယ် မနှစ်မြို့ခြင်းဖြစ်ပြီး ထီးနန်းတက်ပြီးနောက် အောက်ရှင်းကို မြို့တော်သို့ ပြန်ခေါ်ကာ ဖျောက်ချီ စစ်သူကြီးချုပ်အဖြစ် ခန့်အပ်လိုက်ခြင်းမှာ သူ၏ သည်းခံခွင့်လွှတ်မှု ဖြစ်နေခဲ့ပြီ ဖြစ်သည်။

မင်းသမီး ရှန်ရှန်း သည် ရှန်ချင်းနန်းဆောင်၏ တံခါးဝမှ ထွက်လာချိန်တွင်သာ သူမ၏ မျက်နှာကို ပြသခဲ့၏။

ထိုအရာသည် အမှန်တကယ် တစ်ချက် ကြည့်လိုက်ရခြင်းသာဖြစ်၏။ ထို့နောက် သူမသည် ဝေါယာဉ် အတွင်းသို့ ချက်ချင်း ဝင်ရောက်သွားပြီး သူမ၏ ပြိုင်ဘက်ကင်း အလှတရားကို ဖုံးကွယ် ထားလိုက်ရာ တစ်ခဏအတွင်း ဤနယ်မြေတစ်ခုလုံးမှာ အရောင်အသွေးများ အားလုံး ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားတော့သည်။

သို့သော်ငြား ဤမွှေးပျံ့သော ရနံ့လေးမှာမူ ရစ်ပတ်နေဆဲ ဖြစ်သည်။ လူကို မိန်းမောစေပြီး နစ်မွန်းသွားစေကာ စိတ်နှလုံးကို ကြည်လင်လန်းဆန်းစေ၏။

မင်းသမီး ရှန်ရှန်းသည် သူမ၏ ပြိုင်ဘက်ကင်း အလှတရားကြောင့်သာမက သူမ၏ ရနံ့ကြောင့်ပါ နာမည်ကြီးခြင်း ဖြစ်၏။ သူမ၏ ဝေါယာဉ် သွားလေရာ နေရာတိုင်းသို့ ထိုရနံ့လေးများ လိုက်ပါသွားလေ့ ရှိသည်။

မရေမတွက်နိုင်သော လူများသည် မင်းသမီး ရှန်ရှန်း၏ ဝေါယာဉ်ကို ကြည့်ရန် အိမ်ရှိ ပြတင်းပေါက်များဆီသို့ အလုအယက် ရောက်ရှိလာကြ၏။

မျက်နှာကို မမြင်ရသော်လည်း ညို့ယူဖမ်းစားနိုင်သော ရနံ့ကို ရှူရှိုက်ရင်း ဝေါယာဉ်အတွင်းရှိ မိန်းမပျိုလေးသည် မည်လောက် လှပမည်ကို စိတ်ကူးယဉ်နိုင်ကြသည်။

ယခင် လမ်းကြောင်းများအရ မင်းသမီး ရှန်ရှန်း သည် ရှန်ချင်းနန်းဆောင်မှ နန်းတော်သို့ အပြန်လမ်းတွင် ဟေးပင်းထိုင်ကို ဖြတ်သန်းသွားရမှာဖြစ်၏။

ယွင်ကျုံးဟဲ့ တွက်ချက်ထားပြီး ဖြစ်၏။ အကျဉ်းခန်းထဲရှိ သူနှင့် မင်းသမီး ရှန်ရှန်း၏ ကြားရှိ အကွာအဝေးမှာ မီတာငါးဆယ်ခန့် ရှိပြီး ကြားတွင်လည်း ထူထဲသော နံရံသုံးထပ် ခြားနေလေသည်။

ထို့ကြောင့် နှုတ်ဆက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ထို့အပြင် သူ့အတွက် စကားပါးပေးမည့်သူလည်း မရှိချေ။ ထိုသို့ဆိုလျှင် ဤမင်းသမီး ရှန်ရှန်းနှင့် မည်သို့ အဆက်အသွယ် လုပ်ရမည်နည်း။

..................

All Chapters