← Chapters

အခန်း (၃၃၁-၃၃၂)

Vol. 29 Ch. 331-332

အခန်း (၃၃၁-၃၃၂)

Vol. 29 Ch. 331-332

အပိုင်း (၃၃၁)

အမှန်တကယ်တော့ X စိတ်ကျန်းမာရေးဆေးရုံက အဖြေပေးထားပြီး ဖြစ်သည်။ သူသည် ယခင်က အိပ်မက် မက်ခဲ့ရသော စိတ်ကျန်းမာရေး လူနာကို နောက်ဆုံးတွင် မဲနှိုက်ရရှိခဲ့၏။

မြေအောက်အကျဉ်းခန်းထဲတွင် အမြဲတမ်း ပိတ်လှောင်ခံထားရသော အမှတ်(၈) လူနာ တေးဂီတ မိစ္ဆာ ဘီသိုဗင် ဖြစ်သည်။

သူသည် အရေးကြီးသော သတင်းအချက်အလက် တစ်ခုကို အသုံးပြု၍ ဟေးပင်းထိုင်ထံမှ တရုတ်စောင်း တစ်လက် လဲလှယ်ခဲ့၏။

မည်သို့ပင်ဖြစ်စေ ဤအကျဉ်းထောင်အတွင်း၌ အောက်ယွီ ဟူသော အကျဉ်းသား တစ်ဦးတည်းသာ ရှိပြီး ပုံမှန်အားဖြင့် သူ့ကို ထမင်းလာပို့သူမှာ ဆွံ့အ နားမကြားသူ တစ်ဦးသာ ဖြစ်သည်။

ထို့အပြင် ဤအကျဉ်းထောင်၏ နံရံများမှာ အလွန်ထူထဲသောကြောင့် စောင်းသံများ လုံးဝ ထွက်လာနိုင်မည် မဟုတ်ချေ။

ထို့ကြောင့် အောက်ယွီကို တရုတ်စောင်း တစ်လက် ပေးလိုက်ခြင်းမှာ ဘာမှ မဖြစ်နိုင်ဘဲ အချိန်ဖြုန်းရန် သက်သက်သာ ဖြစ်၏။ သူသည် သေခါနီးနေပြီ မဟုတ်ပါလား။

တရုတ်စောင်းကို ရရှိပြီးနောက် ယွင်ကျုံးဟဲ့ သည် ဆက်တိုက် တီးခတ်နေခဲ့၏။ သေချာပေါက် သူကိုယ်တိုင်မှလွဲ၍ မည်သည့် နားထောင်သူမှ ရှိမနေခဲ့ချေ။

ယွင်ကျုံးဟဲ့ သည် တစ်ဖက်မှ တီးခတ်နေရင်း တစ်ဖက်မှ ဦးနှောက်ထဲတွင် အချိန်ကို တွက်ချက်နေခဲ့၏။ အဆုံးစွန်ထိ တိကျနေရန် လိုအပ်ပေသည်။

အကြောင်းမူကား မင်းသမီး ရှန်ရှန်း သည် ရှန်ချင်းနန်းဆောင်မှ နန်းတော်သို့ အပြန်လမ်းတွင် ထွက်ခွာမည့် အချိန်မှာ ပုံသေဖြစ်ပြီး မိနစ်ပိုင်းအထိ တိကျနေသောကြောင့်ဖြစ်၏။ ထို့အပြင် ဝေါယာဉ်ထမ်းသူများ၏ ခြေလှမ်းများမှာလည်း တစ်ပြေးညီ ဖြစ်နေ၏။

သေချာပေါက် ဤအရာသည် လုပ်ကြံသူများကို အခွင့်အရေး ပေးသကဲ့သို့ ဖြစ်စေပြီး ပုံသေအချိန်နှင့် လမ်းကြောင်းတွင် မင်းသမီး ရှန်ရှန်းကို ချုံခိုတိုက်ခိုက်နိုင်လေသည်။

သို့သော်ငြား မည်သည့် လုပ်ကြံသူက သူမကို သွားရောက်လုပ်ကြံမည်နည်း။ ထို့အပြင် သူမ၏ အနီးအနားတွင် အချိန်တိုင်း ကိုယ်ရံတော် ထောင်ချီ၍ ကာကွယ်ပေးထားရာ မည်သူက သူမကို လုပ်ကြံနိုင်မည်နည်း။

ယွင်ကျုံးဟဲ့ သည် ဦးနှောက်ထဲတွင် အသေးစိတ် မြေပုံတစ်ခုကို တိကျစွာ ရေးဆွဲထားလိုက်၏။

အကြောင်းမူကား နောက်တစ်ဆင့်တွင် သူသည် ဘီသိုဗင်ကို ပူးကပ်ခိုင်းရမှာဖြစ်၏။ ထို့နောက် စောင်းသံများကို နံရံအထပ်ထပ်ကို ဖောက်ထွင်းကာ မင်းသမီး ရှန်ရှန်း၏ နားထဲသို့ ဝင်ရောက်စေရမှာ ဖြစ်သည်။

ထို့အပြင် သူမ တစ်ယောက်တည်း၏ နားထဲသို့သာ ဝင်ရောက်စေရမှာဖြစ်၏။

မင်းသမီး ရှန်ရှန်း သည် တီးမှုတ်ခြင်း၊ စစ်တုရင်ကစားခြင်း၊ စာရေးခြင်း၊ ပန်းချီဆွဲခြင်းတို့တွင် တစ်ခုမှ မကျွမ်းကျင်သည့်အရာဟူ၍ မရှိချေ။ စာဖတ်ရသည်ကို နှစ်သက်၏။ စာရေးရသည်ကို နှစ်သက်၏။ ပန်းချီဆွဲရသည်ကို နှစ်သက်၏။ စောင်းတီးရသည်ကို နှစ်သက်သည်။

အရာအားလုံး၏ အဆင့်အတန်းမှာ အမြင့်ဆုံးတွင် ရှိနေပြီး အထူးသဖြင့် စောင်းတီးခတ်မှု ပညာရပ်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေသော်လည်း တေးဂီတများအပေါ်တွင် အတိုင်းအဆမဲ့ ရူးသွပ်နေဆဲဖြစ်ရာ ဂီတရူးသွပ်သူဟု ဆိုနိုင်၏။

ဧကရာဇ်ဟောင်းနှင့် ဧကရာဇ်တို့ နှစ်ဦးစလုံးသည် သူမ၏ စောင်းတီးခတ်မှုကို အလွန်နှစ်သက်ကြ၏။ ဧကရာဇ်ကိုယ်တိုင်က ရှန်ရှန်း၏ စောင်းသံကို ကြားပြီးနောက်တွင် လောကကြီး၏ သောကများကိုပင် မေ့ပျောက်သွားစေသည်ဟု ပြောဖူးသည်။

သို့သော်ငြား မင်းသမီး ရှန်ရှန်း သည် တေးဂီတများအပေါ် လေ့လာမှု အလွန်ကျယ်ပြန့်ပြီး တေးဂီတဟန် အများအပြားကို လက်ခံနိုင်ကာ ပို၍ ဆန်းသစ်သော တေးဂီတဟန်ဖြစ်လေ သူမ ပို၍ နှစ်သက်လေ ဖြစ်၏။

အခြားသူများ၏ စောင်းသံသာဆိုလျှင် နံရံအထပ်ထပ်ကို ဖောက်ထွင်းနိုင်မည် မဟုတ်သော်လည်း ဘီသိုဗင် အတွက်မူ လုံးဝ လွယ်ကူသော ကိစ္စရပ်သာ ဖြစ်သည်။

သူသည် မြေအောက် တစ်ဆယ့်သုံးထပ်ရှိ အကျဉ်းခန်းထဲတွင်ပင် သေမင်းတမန် တေးဂီတများကို အသုံးပြု၍ လူသတ်နိုင်စွမ်းရှိရာ နောက်ဆုံးတွင် သူ့ကို ကြိုးဖြင့်တုပ်နှောင်ထားရပြီး ဂီတနှင့် ပတ်သက်ခွင့် မပေးရသည်အထိ ဖြစ်ခဲ့ရ၏။

သူ၏ ဂီတသည် နံရံအတားအဆီးများကို ဖောက်ထွင်းနိုင်ရုံသာမက စိတ်ပိုင်းဆိုင်ရာ အကာအကွယ်များကိုပါ ဖောက်ထွင်းနိုင်ပြီး ဦးနှောက်လှိုင်းများကို တိုက်ရိုက် တုန်ခါစေကာ လူသတ်နိုင်စွမ်း ရှိ၏။ ဤအရာသည် အမှန်တကယ်တော့ ကမ္ဘာမြေပေါ်တွင် သုတေသနပြုနေသော အသံလွန်လှိုင်း လူသတ်လက်နက်များနှင့် အနည်းငယ် တူညီနေပြီ ဖြစ်သည်။

ယခင်အကြိမ် ယွင်ကျုံးဟဲ့ သည် မော့ချိုးနှင့် အဆုံးအဖြတ် တိုက်ပွဲဆင်နွှဲရန် ရှိစဉ်က မူလက လက်ချောင်း ခြောက်ချောင်းပါ တေးဂီတမိစ္ဆာ ဘီသိုဗင်ကို ထုတ်သုံးရန် ရည်ရွယ်ခဲ့သော်လည်း မဲနှိုက်၍ မရရှိခဲ့သောကြောင့် ဤအစွမ်းကို အသုံးမပြုနိုင်ခဲ့ချေ။

ယခုအခါတွင်မူ စောင်းသံများကို နံရံအထပ်ထပ် ဖောက်ထွင်းစေပြီး မင်းသမီး ရှန်ရှန်း တစ်ယောက်တည်း၏ နားထဲသို့ ဝင်ရောက်စေရန်မှာ လုံးဝ လွယ်ကူသော ကိစ္စရပ်သာ ဖြစ်၏။ နားထဲသို့ ဝင်ရောက်ရုံသာမက စိတ်နှလုံးထဲသို့ပါ ဝင်ရောက်စေရမှာဖြစ်သည်။

ဘီသိုဗင်၏ တီးခတ်မှုပညာရပ်မှာ သဘာဝကျစွာပဲ ပြောစရာမလိုတော့ချေ။ ဤအရူးသည် အထူးစွမ်းအားရှင် တစ်ဦးနီးပါး ဖြစ်နေပြီး ဂီတပညာရပ်၌ နှစ်ရာချီအတွင်း အထူးချွန်ဆုံးသော သူလည်း ဖြစ်၏။

နောက်တစ်ဆင့်မှာ မင်းသမီး ရှန်ရှန်းကို တစ်ခဏအတွင်း ဆွဲဆောင်နိုင်မည့် တေးဂီတတစ်ခုကို ရွေးချယ်ရန် ဖြစ်သည်။

ယွင်ကျုံးဟဲ့ သည် မူလက ကွမ်လင်ဆန်း၊ တောင်မြင့်ရေစီး စသည့် ရှေးဟောင်း နာမည်ကြီး တေးဂီတများကို ရွေးချယ်ရန် ရည်ရွယ်ခဲ့၏။ သို့ပေမည့် နောက်ပိုင်းတွင် သူကိုယ်တိုင်က အမှန်တကယ် မနှစ်သက်ကြောင်း တွေ့ရှိသွားရ၏။ သူသည် အမှန်တကယ်ပဲ နားထောင်၍ မကောင်းဟု ခံစားရ၏။

ထို့နောက် သူသည် ဘီသိုဗင်ကို ပူးကပ်စေ၍ ခံစားကြည့်စေရာ ဘီသိုဗင်၏ အဖြေမှာ အကြားအာရုံအရ သက်သက်ဆိုလျှင် နားထောင်၍ ကောင်းသည်ဟု မဆိုနိုင်ကြောင်း ပြောလိုက်သည်။

ထို့ကြောင့် ယွင်ကျုံးဟဲ့ သည် တေးဂီတကို ပြောင်းလဲရန် ရည်ရွယ်လိုက်၏။ သူသည် တေးသီချင်းများစွာကို ထုတ်ပေးခဲ့ပြီးနောက် ဘီသိုဗင်က ယွင်ကုန်းရွှင်ယင်း ဟုခေါ်သော အနောက်သို့ ခရီးသွားမှတ်တမ်း အစချီတေးကို ရွေးချယ်လိုက်၏။

ဤသည်မှာ ၁၉၈၆ ခုနှစ်က တေးရေးဆရာ ရွှီကျင့်ချင်း၏ ဖန်တီးမှုဖြစ်ပြီး တောင်မြင့်ရေစီး ကဲ့သို့ မဟုတ်သလို၊ သဲသောင်ပြင်ပေါ်က ငန်းရိုင်းများ ကဲ့သို့လည်း နှစ်ရာထောင်ချီ သမိုင်းကြောင်း မရှိပေ။

သို့သော်ငြား အမှန်တကယ်ကို အံ့မခန်းဖွယ်ရာ ကောင်းလွန်းလှပြီး တရုတ်စောင်းဖြင့် တီးခတ်လိုက် ချိန်မှာတော့ နတ်ဘုံမှ တေးဂီတများနှင့် အမှန်တကယ် တူညီနေ၏။

ဤသည်မှာ ပုံကြီးချဲ့ပြောဆိုခြင်း မဟုတ်ပေ။ ယွင်ကျုံးဟဲ့ နားထောင်ဖူးသမျှထဲတွင် နတ်ဘုံမှ တေးဂီတများနှင့် အတူညီဆုံး တေးဂီတဖြစ်သည်။ အကြောင်းမူကား ဤတေးဂီတသည် မူလက နတ်နန်းတော်ကို ရည်ရွယ်၍ ရေးဖွဲ့ထားခြင်း ဖြစ်သောကြောင့်ပင်။

သာမန် တရုတ်စောင်း ကျွမ်းကျင်သူ တစ်ဦး တီးခတ်လျှင်ပင် အလွန် အံ့မခန်းဖွယ်ရာ ကောင်းနေပြီ ဖြစ်၏။ အကယ်၍ ဘီသိုဗင် သာ တီးခတ်လိုက်မည်ဆိုလျှင်မူကား အမှန်တကယ်ကို ပြိုင်ဘက်ကင်း သွားမှာဖြစ်၏။

ဤသည်မှာ အလွန်ပြင်းထန်သော သက်ရောက်မှုဖြစ်ပြီး ယွင်ကျုံးဟဲ့ကိုပင်လျှင် ဦးရေပြား ထုံကျင်သွားစေပြီး တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားစေခဲ့သည်။

ယခုအချိန်တွင် ဘီသိုဗင် ပူးကပ်ထားပြီး ယွင်ကျုံးဟဲ့ သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ကာ ရှေ့တွင် တရုတ်စောင်းကို တင်ထားလိုက်၏။

ထို့နောက် ဦးနှောက်ထဲတွင် စတင် တွက်ချက်လိုက်၏။ မင်းသမီး ရှန်ရှန်း၏ ဝေါယာဉ်သည် ထျန်းဟွာလမ်းသို့ ဝင်ရောက်လာလောက်ပြီ ဖြစ်သည်။

နောက်တစ်ဆင့်တွင် ယွင်ကျုံးဟဲ့ အနေဖြင့် ဦးနှောက်ထဲတွင် ကြိုတင် တွက်ချက်နေရန် မလိုတော့ချေ။ အကြောင်းမူကား သူ အနံ့ရနေပြီ ဖြစ်သောကြောင့်ပင်။

အမှန်တကယ်ပဲ လူကိုမှင်သက်သွားစေ၏။ မီတာဆယ်ချီ ဝေးကွာနေပြီး ထူထဲသော နံရံအထပ်ထပ် ခြားနေသော်လည်း မင်းသမီး ရှန်ရှန်း၏ ရနံ့ကို ရှူရှိုက်မိနိုင်သေးသည်မှာ အံ့ဩဖွယ် ဖြစ်၏။

ဤရနံ့သည် အမှန်တကယ်ပဲ လူ၏ စိတ်နှလုံးကို ကြည်လင်လန်းဆန်းစေပြီး မျက်လုံးကိုမှိတ်လိုက်သည်နှင့် ပန်းပေါင်းရာချီ ပွင့်လန်းနေကာ လှပတင့်တယ်သော နေရာတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားရစေသည်။

ထို့အပြင် ဤရနံ့မှာ ပြောင်းလဲနေပြီး ယခင်စက္ကန့်က ပန်းပေါင်းရာချီ ပွင့်လန်းနေသကဲ့သို့ ဖြစ်နေသော်လည်း နောက်တစ်စက္ကန့်တွင်မူ တောနက်ထဲမှ သစ်ခွပန်းလေးတစ်ပွင့်ကဲ့သို့ ဖြစ်သွားပြန်သည်။ အလွန်ကို အံ့မခန်းဖွယ်ရာ ကောင်းလွန်းလှ၏။

ယွင်ကျုံးဟဲ့ သည် အသက်ကို အောင့်ထားလိုက်ပြီး လက်ကို စောင်းကြိုးများပေါ်တွင် တင်ထားလိုက်၏။ အချိန်ကျရောက်လာပြီ ဖြစ်သလို ဦးတည်ရာလည်း မှန်ကန်နေပြီဖြစ်ရာ စတင်လုပ်ဆောင်၍ ရပြီ ဖြစ်သည်။

ထို့နောက် ဘီသိုဗင် ပူးကပ်ထားသော သူသည် စောင်းကြိုးများကို ရုတ်တရက် တီးခတ်လိုက်တော့၏။

တစ်ခဏအတွင်း ယွင်ကုန်းရွှင်ယင်းသည် နတ်ဘုံမှ တေးဂီတကဲ့သို့၊ မိစ္ဆာဂီတကဲ့သို့ ထူထဲသော နံရံများကို ရုတ်တရက် ဖောက်ထွင်းသွားကာ မီတာဆယ်ချီသော အကွာအဝေးကို ဖြတ်သန်း၍ မင်းသမီး ရှန်ရှန်း၏ ဝေါယာဉ်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။

ဤတေးဂီတသည် မူလကပင် အလွန် အံ့မခန်းဖွယ်ရာ ကောင်းနေပြီဖြစ်ရာ ဘီသိုဗင် ကိုယ်တိုင် တီးခတ်လိုက်ခြင်းနှင့် ထပ်ပေါင်းလိုက်သည့်အပြင် သူ၏ ထူးဆန်းသော အထူးစွမ်းအားကိုပါ အသုံးပြု ထားသေးရာ ဤတီးခတ်မှု၏ သက်ရောက်မှုသည် မည်မျှလောက်အထိ အံ့မခန်းဖွယ်ရာ ကောင်းနေမည်နည်း။

ဝေါယာဉ်အတွင်းရှိ မင်းသမီး ရှန်ရှန်း၏ နူးညံ့သော ခန္ဓာကိုယ်လေးသည် အနည်းငယ် တုန်ခါသွား၏။ ကြည်လင်တောက်ပနေသော နားရွက်လေးများသည် ချက်ချင်း ထောင်မတ်လာ၏။

ဤတစ်ခဏအတွင်း သူမသည် နတ်ဘုံမှ တေးဂီတကို ဖမ်းဆုပ်မိလိုက်သကဲ့သို့ သို့မဟုတ် မိစ္ဆာဂီတကို ဖမ်းဆုပ်မိလိုက်သကဲ့သို့ အမှန်တကယ် ခံစားလိုက်ရ၏။ အစပိုင်းတွင်မူ ဤနတ်ဘုံမှ တေးဂီတမှာ ဝေဝါးနေပြီး ကောင်းကင်ဘုံ ကိုးထပ်မှ လွင့်ပျံလာသကဲ့သို့ ဖြစ်နေသည်။

ဝေါယာဉ် ရှေ့သို့ ရွေ့လျားသွားသည်နှင့်အမျှ ဤနတ်ဘုံမှ တေးဂီတသည် နားထဲတွင် တစ်စထက်တစ်စ ပိုမို ရှင်းလင်းလာတော့၏။ သူမသည် စိတ်စွမ်းအင် အားလုံးကို စုစည်းလိုက်ပြီး တစ်ကိုယ်လုံးရှိ ခွန်အားများကို အသုံးပြု၍ ဖမ်းဆုပ်ရန် ကြိုးစားလိုက်သကဲ့သို့ ဖြစ်သွား၏။

“ရှေ့ကို ဆက်သွား…”

“ဘယ်ဘက်ကို ကွေ့…”

“ရှေ့ကို ဆက်သွား။ ဘယ်ဘက်ကို ကွေ့…”

မင်းသမီး ရှန်ရှန်း သည် ဤနတ်ဘုံမှ တေးဂီတဖြစ်သော တရုတ်စောင်းသံကို ရှာဖွေရင်း ဟေးပင်းထိုင်၏ အပြင်ဘက်သို့ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။

“ရပ်…”

ဝေါယာဉ်ထမ်းသူများသည် ချက်ချင်း ရပ်တန့်လိုက်ကြပြီး တစ်ချက်လေးမှ မလှုပ်ရှားရဲကြတော့ချေ။ မင်းသမီး ရှန်ရှန်းသည် ဝေါယာဉ်အတွင်း၌ ထိုင်ကာ မျက်လုံးများကိုမှိတ်ပြီး ဤအလွန်တရာ သာယာနာပျော်ဖွယ် ကောင်းသော စောင်းသံကို နားထောင်နေလိုက်၏။

အံ့မခန်းဖွယ်ရာ ကောင်းလှသည့် ထိုတေးသံသည် နားသောတဆင်ရသည်မှာ အလွန်ပင် သာယာကြည်နူးဖွယ် ကောင်းလှပေသည်။ ဤမျှ သန့်စင်မွန်မြတ်သော တေးဂီတရသကို မခံစားရသည်မှာ နှစ်ပေါင်းမည်မျှပင် ကြာမြင့်ခဲ့ပြီနည်း။

တစ်ကိုယ်လုံးရှိ အညစ်အကြေးများကို အတွင်းမှအပြင်၊ အထက်မှအောက်သို့ ဆေးကြောသန့်စင်ပေးလိုက် သကဲ့သို့ ခံစားရပြီး သူမ၏ နှင်းပွင့်ကဲ့သို့ ဖြူစင်သောအသားအရေပေါ်တွင် ကြက်သီးမွေးညင်းများပင် ထလာခဲ့ရသည်။

ဤသူသည် မည်သူနည်း။ ဤတေးသံသည်ကော မည်သည့်ဂီတနည်း။ အဘယ်ကြောင့် ဤမျှလောက်အထိ ဆွဲဆောင်နိုင်စွမ်း ရှိရပါသနည်း။

ထိုအချိန်တွင် ဟေးပင်းထိုင်မှ လူများသည် မင်းသမီးရှန်ရှန်း၏ ဝေါယာဉ်ကို မြင်တွေ့လိုက်ရသည်နှင့် တပြိုင်နက် ပြာပြာသလဲ ပြေးထွက်လာကြသည်။

စစ်သူကြီးချုပ် နန်ကုန်းချော့ မရှိခိုက်ဖြစ်သောကြောင့် လက်ယာဘက်စစ်သူကြီးက လူပေါင်းရာချီကို ဦးဆောင်ကာ ဝေါယာဉ်ရှေ့သို့ ရောက်ရှိလာပြီး သပ်ရပ်စွာ ဒူးထောက် အရိုအသေပြုကြလေ၏။

၎င်းတို့အားလုံးမှာ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေကြ၏။ အဘယ်ကြောင့်ဆိုသော် မင်းသမီး ရှန်ရှန်းသည် ဧကရာဇ်ဟောင်း၏ ရှန်ချင်းနန်းဆောင်သို့ လွတ်လပ်စွာ ဝင်ထွက်ခွင့်ရသူ တစ်ဦးတည်းသောသူ ဖြစ်သည်။

မင်းသမီး ရောက်လာခြင်းသည် ဧကရာဇ်ဟောင်း၏ အမိန့်တော် တစ်စုံတစ်ရာ ပါလာခြင်းဖြစ်မည်ဟု ထင်မှတ်နေကြသောကြောင့် ဖြစ်၏။

ဟေးပင်းထိုင်၏ လက်ယာဘက်စစ်သူကြီးသည် ဒူးထောက်လျက် အသံကျယ်ကျယ်ဖြင့် အရိုအသေပြုရန် ပြင်လိုက်သော်လည်း မင်းသမီး၏ ကိုယ်ရံတော်ခေါင်းဆောင်က တစ်ဖက်လူအား အသံမထွက်စေရန် အပြင်းအထန် လက်ကာပြ၍ တားဆီးလိုက်သည်။

ထို့ကြောင့် လက်ယာဘက်စစ်သူကြီးနှင့် ၎င်း၏နောက်ပါ လူရာချီတို့သည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် တစ်ချက်မှပင် မလှုပ်ရှားရဲကြဘဲ မင်းသမီးရှန်ရှန်း၏ မိန်းမောကြည်နူးမှုကို မနှောင့်ယှက်မိစေရန် ငြိမ်သက်နေကြရ၏။

သို့ပေမည့် ထိုအချိန်တွင် မင်းသမီးသည် မည်သည့်အရာကို ဤမျှအထိ မိန်းမောနေသည်ကိုမူ မည်သူမှ မသိရှိကြပေ။

တစ်ဖက်တွင်လည်း အကျဉ်းခန်းအတွင်းရှိ ယွင်ကျုံးဟဲ့သည် တူရိယာကို တီးခတ်ရင်း အာရုံထဲ၌ မိန်းမောနေခဲ့သည်။

ယခုအခါ မင်းသမီးရှန်ရှန်းနှင့် သူ၏အကွာအဝေးမှာ အလွန်ပင် နီးကပ်နေပြီဖြစ်သည့်အပြင် ဘီသိုဗင် ပူးကပ်ထားသော သူ၏ အာရုံခံစားမှုမှာလည်း အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေ၏။

မင်းသမီးရှန်ရှန်း၏ ရနံ့သည် သူ၏နှာခေါင်းဝတွင် အလွန်တရာ ရှင်းလင်းနေပြီဖြစ်ရာ ထိုရနံ့ကို အခြေခံ၍ မင်းသမီး၏ တည်နေရာနှင့် ကိုယ်ဟန်အနေအထားကိုပါ သူ ဖမ်းဆုပ်နိုင်စွမ်း ရှိနေသည်။

နံရံတစ်ခုသာ ခြားထားသော ထိုသူနှစ်ဦးအနက် တစ်ဦးက အသံကို နားထောင်၍ တစ်ဦးက အနံ့ကို ရှူရှိုက်ကာ ယခင်က မရှိဖူးသော ထူးခြားသည့် ဆက်သွယ်မှုကို ပြုလုပ်နေကြ၏။

တစ်ဦးနှင့်တစ်ဦး မျက်မြင် မတွေ့ရသော်လည်း အပြန်အလှန်အားဖြင့် အလွန်တရာ အံ့မခန်းဖွယ် ကောင်းသည်ဟု ခံစားနေကြရသည်။

ဤသည်မှာ ကံကြမ္မာ၏ ဆုံစည်းမှုလား သို့မဟုတ် နှလုံးသားချင်း ထပ်တူကျမှုလား ဆိုသည်ကို မဝေခွဲနိုင်ပေ။ အတန်ကြာသောအခါ ယွင်ကျုံးဟဲ့၏ တီးခတ်မှုသည် ပြီးဆုံးသွားတော့၏။

မင်းသမီးရှန်ရှန်းသည် မျက်လုံးများကို မှိတ်ထားဆဲဖြစ်ပြီး အချိန်အတန်ကြာအောင် အရသာခံ မိန်းမောနေပြီးမှသာ လှပသော မျက်ဝန်းများကို ဖွင့်လိုက်သည်။

ထိုအခါမှသာ အပြင်ဘက်တွင် စောင့်ဆိုင်းနေသော လက်ယာဘက်စစ်သူကြီးက ဦးညွှတ်လျက် နှုတ်ခွန်းဆက်လိုက်၏။ “မင်းသမီးကို ကြိုဆိုပါတယ်။”

မင်းသမီးရှန်ရှန်းသည် ဝေါယာဉ်အတွင်းမှ မျက်နှာကို ထုတ်မပြဘဲ တည်ငြိမ်စွာ မေးမြန်းလိုက်သည်။ “ဒီအထဲမှာ ဘယ်သူ့ကို ဖမ်းထားတာလဲ။ ပြီးတော့ ဘယ်သူက စောင်းတီးနေတာလဲ။”

ဟေးပင်းထိုင်၏ လက်ယာဘက်စစ်သူကြီးမှာ မျက်မှောင်ကြုတ်သွားပြီးနောက် ပြန်လည်လျှောက်တင် လိုက်၏။ “မင်းသမီးကို အစီရင်ခံပါတယ်။ အထဲမှာ ဖမ်းထားတဲ့သူက အောက်ယွီ ဖြစ်ပါတယ်။”

ထိုသို့ လျှောက်တင်ပြီးနောက် လက်ယာဘက်စစ်သူကြီး၏ စိတ်နှလုံးတို့မှာ စိုးရိမ်မှုကြောင့် တင်းမာသွားရသည်။ အကယ်၍ မင်းသမီးက အောက်ယွီကို တွေ့ချင်သည်ဟု ဆိုလာပါက သူ အခက်တွေ့ရမည်မှာ အမှန်ပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် ခွင့်ပြုရန်လည်း မဖြစ်နိုင်သလို၊ မင်းသမီး၏ အဆင့်အတန်းမှာ မြင့်မားလွန်းသည့်အပြင် ဧကရာဇ်ဟောင်း၏ ကိုယ်စားလှယ်သဖွယ် ဖြစ်နေသောကြောင့် ငြင်းပယ်ရန်လည်း မဝံ့ရဲသောကြောင့် ဖြစ်၏။

သို့ပေမည့် မင်းသမီးရှန်ရှန်းက ညင်သာသော လေသံဖြင့်သာ တုံ့ပြန်လိုက်သည်။ “သိပြီ။ သွားကြမယ်။ နန်းတော်ကို သွားပြီး ခမည်းတော်ကို ဝင်တွေ့မယ်။”

..................

အပိုင်း (၃၃၂)

“အရှင်မင်းမြတ်…” အပြင်ဘက်မှ ဟေးပင်းထိုင်၏ စစ်သူကြီးချုပ် နန်ကုန်းချော့၏ အသံ ထွက်ပေါ်လာ၏။

ဆရာတော် ဝူရှင်းက ပြောလိုက်သည်။ “ဒါဆိုလည်း ကျုပ် အရင် သွားနှင့်တော့မယ်။”

“မလိုပါဘူး။ မလိုပါဘူး…”

ဧကရာဇ် ဝမ်ယွင်က ပြောလိုက်၏။ “ဝင်ခဲ့။”

နောက်ဆုံးမှ ပြောလိုက်သော ဝင်ခဲ့ ဟူသည့် စကားမှာ နန်ကုန်းချော့ကို ရည်ရွယ်၍ ပြောလိုက်ခြင်း ဖြစ်သည်။

ခဏအကြာတွင် နန်ကုန်းချော့ ဝင်ရောက်လာပြီး ဦးညွတ်၍ လျှောက်တင်လိုက်၏။ “တောင်ပိုင်းရဲ့ သတင်းအချက်အလက်တွေပါ။”

ထို့နောက် သူသည် ထူထဲသော စာရွက်အထပ်ကြီးကို ဆက်သလိုက်သည်။ ဤသည်မှာ တောင်ပိုင်း ပုန်ကန်မှုနှင့် ပတ်သက်၍ အသေးစိတ်ဆုံး သတင်းအချက်အလက်များ ဖြစ်သည်။ စာမျက်နှာပေါင်း ဆယ်ချီ၍ ရှိပြီး ပုန်ကန်မှု မည်သို့စတင်ခဲ့သည်မှ လက်ရှိအခြေအနေအထိ ရှင်းလင်းစွာ ရေးသားထား၏။

ဧကရာဇ်သည် အလွန်သေချာစွာ ဖတ်ရှုလိုက်၏။ အစမှအဆုံး တစ်ခေါက် ဖတ်ပြီးနောက် မျက်လုံးကို မှိတ်ကာ အတန်ကြာ စဉ်းစားနေပြီးမှ နောက်ထပ် တစ်ခေါက် ပြန်ဖတ်လိုက်သည်။

“ဆိုလိုတာက… ဒီတောင်ပိုင်းပုန်ကန်မှုရဲ့ အဓိက လက်သည်တရားခံက ယွမ်ထျန်းရှဲ့ ပေါ့လေ။” ဧကရာဇ် ဝမ်ယွင်က မေးလိုက်၏။

“ဟုတ်ပါတယ်။ ယွမ်ထျန်းရှဲ့၊ လီဝမ်ဖာ နဲ့ ဖူကျ ဆိုတဲ့ လူသုံးယောက်က ဒီတောင်ပိုင်းပုန်ကန်မှုရဲ့ အဓိက လက်သည်တရားခံတွေပါ။”

နန်ကုန်းချော့က ပြန်ဖြေလိုက်သည်။ “လွန်ခဲ့တဲ့ ခြောက်လအတွင်း တောင်ပိုင်းမှာ ငလျင်တွေ မကြာခဏ လှုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်တွေ၊ ရောဂါဘယတွေလည်း များပြားခဲ့ပါတယ်။ ဒါပေမဲ့ တောင်ပိုင်း ပြည်နယ် ငါးခုရဲ့ အစိုးရရုံးတွေက ဘေးအန္တရာယ် ကယ်ဆယ်ရေးနဲ့ ဆေးကုသရေး လုပ်ငန်းတွေကို ကောင်းကောင်း မလုပ်နိုင်ခဲ့တဲ့အပြင် တောင်ပိုင်းလူရိုင်းနယ်မြေက ဒေသခံတွေကိုလည်း အကြီးအကျယ် ဖိနှိပ်ခဲ့ကြပါတယ်။

ယွမ်ထျန်းရှဲ့ရဲ့ ဟွမ်ထျန်းဂိုဏ်းက အခွင့်ကောင်းယူပြီး တပည့်တွေ အများကြီး လက်ခံခဲ့ပါတယ်။ ဘေးအန္တရာယ်ကယ်ဆယ်ရေးနဲ့ ဆေးကုသရေး လုပ်ငန်းတွေကိုလည်း စနစ်တကျ လုပ်ဆောင်ခဲ့ပါတယ်။

လူနာတော်တော်များများဟာ သူ့ရဲ့ မန္တန်ရေကို သောက်ပြီးနောက်မှာ အံ့ဖွယ်ကောင်းလောက်အောင် ရောဂါပျောက်ကင်းသွားကြပါတယ်။ ဒါကြောင့် လူတော်တော်များများက သူ့ကို မဟာဆရာသခင်ကြီးလို့ ခေါ်ကြပြီး တပည့်အဖြစ် ခံယူခဲ့ကြပါတယ်။”

လွန်ခဲ့သော တစ်နှစ်အတွင်း တောင်ပိုင်း၌ ငလျင်များ အကြိမ်ကြိမ် လှုပ်ခတ်ခဲ့၏။ စစ်သေနာပတိရုံးမှ တင်ပြလာသော အစီရင်ခံစာများအရ ဆယ်ကြိမ်ထက်မနည်း ရှိပြီဖြစ်၏။

နန်းတော်မှလည်း ကယ်ဆယ်ရေးရန်ပုံငွေ သုံးကြိမ်တိုင်တိုင် ထုတ်ပေးခဲ့သော်လည်း ကယ်ဆယ်ရေး ရလဒ်များမှာ မကောင်းမွန်ခဲ့သည်မှာ ထင်ရှားလှ၏။ ထိုသို့မဟုတ်လျှင် ယွမ်ထျန်းရှဲ့၏ ဟွမ်ထျန်းဂိုဏ်း ဤမျှလောက် အင်အားကြီးမားလာမည် မဟုတ်ပေ။

သို့သော် ဤငလျင်သတင်းများအားလုံးကို ဧကရာဇ်က ဖိနှိပ်ထားခဲ့၏။ ယမန်နှစ်က စစ်ပွဲရှုံးနိမ့်မှုကြောင့် ပြည်သူ့အသံ ပြဿနာများ ရှိနေပြီးသားဖြစ်ရာ ဧကရာဇ်ကိုယ်တိုင်လည်း ကြီးမားသော ဖိအားများကို ခံစားနေရပြီ ဖြစ်သည်။

အကယ်၍ ငလျင်သတင်းများကိုသာ ထုတ်ပြန်လိုက်ပါက လူအများအတွက် တွေးတောစရာများ ဖြစ်သွားနိုင်၏။

အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာလောကတွင် ငလျင်လှုပ်ခြင်းကို ဧကရာဇ်၏ ကိုယ်ကျင့်တရား ပျက်ပြားမှု၊ ကောင်းကင်ဘုံ၏ သတိပေးချက်တို့နှင့် ဆက်စပ်၍တွေးတောလေ့ ရှိကြသောကြောင့်ပင်။

ထို့အပြင် ယခုတစ်ကြိမ် တောင်ပိုင်းရှိ ငလျင်များမှာ အမှန်တကယ် ထူးဆန်းလှပြီး ဤမျှလောက် ဆက်တိုက် လှုပ်ခတ်နေခြင်းမှာ အလွန် ရှားပါးလှသည်။

“ယွမ်ထျန်းရှဲ့ က မရေမတွက်နိုင်တဲ့ တပည့်တွေကို အသုံးပြုပြီး တောင်ပိုင်းပြည်နယ်က တာ့ရစ်တောင် ထိပ်မှာ ဟွမ်ထျန်း ဘုရားကျောင်းတော်ကို တည်ဆောက်ခဲ့ပါတယ်။ ဒေသခံ သန်းချီအတွက် မြေနဂါးကို ဖိနှိပ်ပေးမယ်လို့ ကြွေးကြော်ထားပြီး ဒီဘုရားကျောင်းတော် တည်ဆောက်ပြီးစီးသွားရင် ငလျင်တွေလည်း တဖြည်းဖြည်း ရပ်တန့်သွားမယ်၊ ရောဂါဘယတွေလည်း ပျောက်ကွယ်သွားမယ်လို့ ပြောထားပါတယ်။”

နန်ကုန်းချော့က ဆက်လက်လျှောက်တင်လိုက်၏။ “မထင်မှတ်ဘဲ ဒီဟွမ်ထျန်း ဘုရားကျောင်းတော် တည်ဆောက်ပြီးခါနီးအချိန်မှာ ငလျင်တွေ တကယ်ပဲ တဖြည်းဖြည်း ရပ်တန့်သွားခဲ့ပါတယ်။ ဒါကြောင့် တောင်ပိုင်းက မရေမတွက်နိုင်တဲ့ လူတွေက သူ့ကို နတ်ဘုရားတစ်ပါးလို သဘောထားပြီး ပိုပြီးတော့တောင် ကိုးကွယ် ယုံကြည်လာကြပါတယ်။”

ဧကရာဇ်၏ မျက်မှောင်များ ကျုံ့သွားရ၏။ ဤယွမ်ထျန်းရှဲ့ အကြောင်းကို သူ ကြားဖူးသည်။ တာရှအင်ပါယာမှ တာယင်အင်ပါယာအထိ၊ တောင်ပိုင်းကျိုးအင်ပါယာမှ အနောက်ပိုင်း တာ့လျန်နိုင်ငံအထိ၊ နေရာ အနှံ့အပြားတွင် သူ၏ ခြေရာများ သို့မဟုတ် အံ့ဖွယ်လုပ်ရပ်များ ချန်ထားရစ်ခဲ့သူဖြစ်ကာ အလွန် နာမည်ကြီးသူ တစ်ဦး ဖြစ်သည်။

သူ၏ တပည့်များထဲတွင် နာမည်ကြီးပုဂ္ဂိုလ် မည်မျှ ပါဝင်နေမှန်း မသိနိုင်သလို မြို့စားကြီးများနှင့် နယ်စားကြီးများကဲ့သို့သော ထိပ်တန်းမှူးမတ်များပင် ပါဝင်နေသည်။ ဧကရာဇ် ဝမ်ယွင်ကိုယ်တိုင်ပင်လျှင် ဤအံ့ဖွယ် နတ်ဆရာကိုတွေ့ဆုံရန် စိတ်ကူးဖူးသည်။ သို့သော် ဤလူသည် တောင်ပိုင်းတွင် ဤမျှလောက် အန္တရာယ် ကြီးမားလာလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။

“ဒီ ဖူကျ ဆိုတဲ့ နာမည်က ဘာဖြစ်လို့ နည်းနည်း ရင်းနှီးနေတာလဲ။” ထိုအချိန်တွင် ဘေးနားရှိ ဆရာတော် ဝူရှင်းက ရုတ်တရက် မေးလိုက်၏။

ဧကရာဇ်က ပြောလိုက်သည်။ “သူက အရင်တုန်းက မြို့တော်ကို လာပြီး ကိုယ်တော့်ကို တွေ့ဖူးတယ်။ ကိုယ်တော်တောင် သူ့ကို ကွေ့တယ် စစ်သူကြီးအဖြစ် ခန့်အပ်ခဲ့သေးတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက သူ့နာမည်က ဖူကျ မဟုတ်သေးဘူး။ အောက်ကျ လို့ခေါ်တယ်။ အောက်ရှင်းထက် ဆယ်နှစ်တောင် မငယ်ပေမယ့် အောက်ရှင်းကို မွေးစားအဖေ အဖြစ် ခံယူထားတဲ့သူလေ။”

ဆရာတော် ဝူရှင်းက ပြန်ပြောလိုက်၏။ “ကျုပ်မှတ်မိပြီ။ သူ့မှာ အောက်ချီ ဆိုတဲ့ အမြွှာညီအစ်ကို တစ်ယောက် ရှိသေးတယ်။”

“ဟုတ်တယ်။ အောက်ချီ နဲ့ အောက်ကျ ဆိုတဲ့ ဒီညီအစ်ကို နှစ်ယောက်စလုံးက အောက်ရှင်း မြှောက်စားခဲ့လို့ ဒေသခံ ကာကွယ်ရေးတပ်ရဲ့ လက်ဝဲနဲ့ လက်ယာ တပ်မှူးတွေ ဖြစ်လာခဲ့ကြတာ။”

ဧကရာဇ်က ဆက်ပြောလိုက်သည်။ “အခုတော့ ဒီညီအစ်ကို နှစ်ယောက်စလုံး ပုန်ကန်နေကြပြီ။ သူတို့ရဲ့ မျိုးရိုးအမည်တွေကိုတောင် ပြောင်းပစ်လိုက်ကြပြီ။”

လောကကြီး တစ်ခုလုံးက အောက်ရှင်း ပုန်ကန်သည်ဟု ထင်မြင်နေကြခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် တောင်ပိုင်းတွင် ပုန်ကန်နေသူများမှာ သစ္စာရှိမြို့စား လီဝမ်ဖာ သာမက အောက်ရှင်း၏ မွေးစားသားများပါ ပါဝင်နေသောကြောင့်ပင်။

ထို့အပြင် အောက်ရှင်းကိုကယ်တင်မည်ဟူသော အမည်နာမကိုပါ အသုံးပြုထားကြသေး၏။ ထို့ကြောင့် အောက်ရှင်း သည် ထျန်းကျန်းမြစ်ထဲ ခုန်ချ၍ ဆေးကြောလျှင်ပင် အပြစ်ကင်းတော့မည် မဟုတ်ချေ။

ဤလူများ၏ ပုန်ကန်မှုသည် အောက်ရှင်း၏ အမိန့်ပေးမှုကြောင့်ဟု မည်သူက မထင်ဘဲ နေမည်နည်း။

“အရှင်မင်းမြတ်… မင်းသမီး ရှန်ရှန်းက ခုလေးတင် ဟေးပင်းထိုင်ကို ဖြတ်သွားပေမယ့် အထဲကိုတော့ မဝင်လာခဲ့ပါဘူး။ တံခါးဝမှာ ခဏလောက် ရပ်နေခဲ့ပါတယ်။” နန်ကုန်းချော့က လျှောက်တင်လိုက်၏။

ဧကရာဇ် ဝမ်ယွင်က မေးလိုက်သည်။ “သူ ဟေးပင်းထိုင် တံခါးဝမှာ ဘာလုပ်နေတာလဲ။”

နန်ကုန်းချော့က ပြန်ဖြေလိုက်၏။ “ဒီရက်ပိုင်း အောက်ယွီက တရုတ်စောင်း တစ်လက် ငှားပြီး မကြာခဏ တီးခတ်နေပါတယ်။ မင်းသမီး ရှန်ရှန်း ဖြတ်သွားတဲ့အချိန်မှာ ကြားသွားတာ ဖြစ်နိုင်ပါတယ်။”

ဧကရာဇ် ဝမ်ယွင်က မေးလိုက်သည်။ “သူ ဘယ်နားကနေ တီးတာလဲ။”

နန်ကုန်းချော့က ပြန်ဖြေလိုက်၏။ “အကျဉ်းခန်းထဲကနေ တီးတာပါ။”

ဧကရာဇ် ဝမ်ယွင်က ဆက်မေးလိုက်သည်။ “အကျဉ်းခန်းထဲကနေ တီးတာ အသံက အပြင်ကို ထွက်နိုင်လို့လား။”

နန်ကုန်းချော့က ဖြေလိုက်၏။ “အရမ်း တိုးပါတယ်။ ဒါပေမဲ့ မင်းသမီးက ဂီတဘက်မှာ အကြားအာရုံ အရမ်းကောင်းပါတယ်။”

ဧကရာဇ် ဝမ်ယွင်က မေးလိုက်သည်။ “သူ တီးတာ ကောင်းရဲ့လား။”

နန်ကုန်းချော့က ပြန်ဖြေလိုက်၏။ “အရမ်းကို အံ့မခန်း ကောင်းပါတယ်။”

ဧကရာဇ် ဝမ်ယွင်က အေးစက်သောအသံဖြင့် ပြောလိုက်သည်။ “သူက တကယ်ကို မရိုးသားတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာပဲ။ သူ့ကို သတ်ပစ်သင့်တယ်။ ခင်ဗျားတို့က သူ့ကို ဘာလို့ စောင်းပေးရတာလဲ။”

နန်ကုန်းချော့က ပြန်ဖြေလိုက်၏။ “သူက ကျုပ်တို့ကို အရမ်း အရေးကြီးတဲ့ သတင်းအချက်အလက် တစ်ခု ပေးခဲ့လို့ပါ။ အဲဒီသတင်းကို အရှင်မင်းမြတ်ဆီ အစီရင်ခံပြီးပါပြီ။”

ဧကရာဇ် ဝမ်ယွင်က အေးစက်စက်ဖြင့် မိန့်လိုက်သည်။ “ပြန်ရောက်ရင် သူ့ရဲ့ စောင်းကို ချက်ချင်း ပြန်သိမ်းလိုက်။ သူ့ကို ထပ်ပြီး ဇာတ်လမ်းမရှုပ်စေနဲ့တော့။ ပြီးတော့ ကြိုးနဲ့တုပ်ထားလိုက်။”

နန်ကုန်းချော့က ပြန်ဖြေလိုက်၏။ “အမိန့်တော်အတိုင်းပါ အရှင်မင်းမြတ်။”

ဧကရာဇ် ဝမ်ယွင်က မေးလိုက်သည်။ “ရှန်ရှန်းက အထဲဝင်ပြီး အောက်ယွီကို မတွေ့ဘူးလား။”

နန်ကုန်းချော့က ခေါင်းခါပြလိုက်၏။ “မတွေ့ပါဘူး။ မင်းသမီးက အခု နန်းတော်ကို လာနေပါပြီ။”

ဧကရာဇ် ဝမ်ယွင်က ပြောလိုက်သည်။ “သိပြီ။ ခင်ဗျား သွားတော့။”

“အမိန့်တော်အတိုင်းပါ။” နန်ကုန်းချော့က ပြန်ဖြေပြီး ထွက်ခွာသွား၏။

ဟေးပင်းထိုင် စစ်သူကြီးချုပ် နန်ကုန်းချော့ ထွက်ခွာသွားပြီးနောက် ဧကရာဇ် ဝမ်ယွင်သည် ဆရာတော် ဝူရှင်း နှင့် ဆက်လက်၍ စစ်တုရင်ကစားနေလိုက်သည်။

“ဆရာတော် ဝူရှင်း… အောက်ယွီကို ဘယ်လိုထင်လဲ။” ဧကရာဇ်က မေးလိုက်၏။

ဆရာတော် ဝူရှင်းက ပြန်ဖြေလိုက်သည်။ “နည်းနည်း ထူးဆန်းတယ်။ အကဲခတ်ရ ခက်တယ်။”

ထိုစကားကို ကြားလိုက်ရချိန်မှာတော့ ဧကရာဇ်၏ မျက်ခုံးများ အနည်းငယ် ကျုံ့သွား၏။

ခဏအကြာတွင် အပြင်ဘက်မှ မိန်းမစိုး တစ်ဦးက လျှောက်တင်လိုက်သည်။ “အရှင်မင်းမြတ်… မင်းသမီး ရောက်လာပါပြီ။”

ဧကရာဇ် ဝမ်ယွင်မှာ အလွန်ဝမ်းသာသွားပြီး ချက်ချင်း မတ်တတ်ရပ်ကာ ထွက်ကြိုလိုက်၏။ ဤသည်ကား သူ၏ မျက်စိအောက်မှ အဖိုးတန်ရတနာလေး၊ အချစ်ရဆုံးသော သမီးတော်လေး ဖြစ်ရုံသာမက သူနှင့် ဧကရာဇ်ဟောင်း ကြားရှိ တစ်ဦးတည်းသော ဆက်သွယ်ရေးတမန်လည်း ဖြစ်၏။

မင်းသမီး ရှန်ရှန်း မရောက်လာသေးမီကပင် အခန်းတွင်း၌ ညို့ယူဖမ်းစားနိုင်သော ရနံ့များ လွှမ်းခြုံလာ၏။

ထို့နောက် နန်းတွင်းသူများနှင့် မိန်းမစိုးများအားလုံး အလွန်ဝမ်းမြောက်ဝမ်းသာစွာဖြင့် ဒူးထောက်လိုက်ကြပြီး ဦးညွတ်၍ ပြောလိုက်ကြသည်။ “မင်းသမီးကို အရိုအသေပေးပါတယ်။”

သို့သော် မည်သူမှ ခေါင်းမော့၍ မင်းသမီးကို မကြည့်ရဲကြပေ။ ဤသည်မှာ ထျန်းယန် ဧကရာဇ် လက်ထက်တည်းက ချမှတ်ထားသော စည်းကမ်း ဖြစ်၏။

မိန်းမစိုးများနှင့် နန်းတွင်းသူများအားလုံး မင်းသမီး ရှန်ရှန်းကို စိုက်ကြည့်ခွင့် မရှိပေ။ ဤသို့ဖြင့် မင်းသမီး ရှန်ရှန်း၏ အလှတရားမှာ ပိုမို လျှို့ဝှက်ဆန်းကြယ်လာရသည်။

ထို့အပြင် နန်းတော်သို့ ရောက်ရှိလာတိုင်း သူမ ခံစားရသော အခွင့်အရေးများမှာ သာမန်မဟုတ်ဘဲ မင်းသားများပင် မရရှိနိုင်သော အခွင့်အရေးများ ဖြစ်၏။

ယခုအချိန်တွင် ဧကရာဇ်၏ စာကြည့်ဆောင် အပြင်ဘက်၌ စောင့်ကြပ်နေသူမှာ မိန်းမစိုးကြီး ဟောက်ချင့် ဖြစ်၏။ သူက ပို၍ပင် ရိုသေစွာဖြင့် မြေပြင်ပေါ်တွင် ဝပ်တွားနေပြီး မြှောက်ပင့်သော လေသံဖြင့် ပြောလိုက်သည်။ “မင်းသမီးကို အရိုအသေပေးပါတယ်။”

မင်းသမီး ရှန်ရှန်းမှာ အနည်းငယ် အံ့ဩသွားပြီး မေးလိုက်၏။ “ဟင်… မိန်းမစိုးကြီး ဟောက်ကျန်း ရော။”

ထိုစကားကို ကြားလိုက်ရချိန်မှာတော့ မိန်းမစိုးကြီး ဟောက်ချင့်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါသွားတော့သည်။

ထိုအချိန်တွင် ဧကရာဇ် ဝမ်ယွင်သည် အမြန် ထွက်လာခဲ့ပြီး သူ၏ လက်ထဲတွင် ရှားပါးပစ္စည်း တစ်ခု ပါလာ၏။ “ရှန်ရှန်း… ရှန်ရှန်း… လာပါအုံး။ ခမည်းတော် သမီးအတွက် ဘာပြင်ထားလဲ ကြည့်ပါအုံး။”

ဧကရာဇ် ဝမ်ယွင်သည် လက်ထဲမှ အဖိုးတန်ပစ္စည်းကို ကြွားလုံးထုတ်သကဲ့သို့ ကိုင်ဆောင်ထားသည်။ ယခုအချိန်တွင် သူသည် သမီးကို အလွန်အမင်း ချစ်ခင်ယုယသော ဖခင်တစ်ဦးနှင့် မည်သို့မှ မကွာခြားတော့ချေ။

မင်းသမီး ရှန်ရှန်းက အနီးသို့ သွားရောက်ကာ ဖခင်ဖြစ်သူ၏ လက်ထဲမှ အဖိုးတန်ပစ္စည်းကို ယူ၍ မျက်လုံးနားကပ်ကာ ကြည့်လိုက်၏။

သူမ၏ မျက်လုံးများသည် အမှန်တကယ်ပင် ကျောက်မျက်ရတနာများကဲ့သို့ တောက်ပနေ၏။ အသက် ဆယ့်ရှစ်နှစ် ရှိနေပြီဖြစ်သော်လည်း သူငယ်တန်း ကလေးငယ်တစ်ဦးကဲ့သို့ စင်ကြယ်မည်းနက်နေဆဲ ဖြစ်သည်။

သူမထံမှ အံ့ဩဝမ်းသာသော အသံလေး ထွက်ပေါ်လာသည်။ ဤသည်မှာ ဖန်လုံးတစ်လုံး ဖြစ်သော်လည်း အတွင်း၌ သေးငယ်သော ကမ္ဘာလေးတစ်ခု ပါရှိနေပြီး အိမ်လေးများ၊ လူရုပ်လေးများ ပါဝင်ကာ အလွန်သေးငယ်သော်လည်း အလွန် သေသပ်လှပပြီး အသက်ဝင်နေ၏။

ထို့အပြင် ဖန်လုံးကို ထောင့်တစ်နေရာမှ ကြည့်လိုက်ပါက မှန်ဘီလူးကဲ့သို့ ကြီးမားသွားစေသော အာနိသင်လည်း ရှိနေသေးသည်။

ဤကမ္ဘာတွင် ဤအရာသည် အမှန်တကယ်ပင် အလွန်ရှားပါးသော အဖိုးတန်ပစ္စည်း တစ်ခု ဖြစ်မည်မှာ သေချာ၏။

“ကျေးဇူးတင်ပါတယ် ခမည်းတော်။” မင်းသမီး ရှန်ရှန်းက ပြောလိုက်၏။ သူမ၏ အသံမှာ အလွန် လှပပြီး ကြည်လင်ပြတ်သားမှုထဲတွင် နူးညံ့မှုများ ပါဝင်နေကာ ချိုသာမှုထဲတွင် အေးစက်ခန့်ညားမှုများလည်း ပါဝင်နေသည်။

ဧကရာဇ် ဝမ်ယွင်က ပြောလိုက်၏။ “ခမည်းတော်က နေ့တိုင်း လက်ချိုးရေပြီး သမီးလာမယ့်ရက်ကို စောင့်နေရတာ။ သမီးသာ ထပ်ပြီး မလာဘူးဆိုရင် ဒီအဖိုးတန်ပစ္စည်းကို သမီးဆီ လာပို့ပေးဖို့တောင် စိတ်ကူးနေတာ။”

ထို့နောက် ဧကရာဇ် ဝမ်ယွင်က ချစ်စနိုးဖြင့် ဆူပူလိုက်သည်။ “သမီးဆိုးလေး… သမီးက ဘိုးတော် ရှိနေတော့ ခမည်းတော်ကိုတောင် မေ့နေပြီလား။ တစ်လကို ခမည်းတော်ဆီ လာလည်တဲ့ရက်လေး နည်းနည်း ပိုတိုးပေးလို့ မရဘူးလား။”

မင်းသမီး ရှန်ရှန်းက ပြန်ဖြေလိုက်၏။ “ဘိုးတော်က အသက်ကြီးနေပြီလေ။ ကျွန်မ သူ့ကို နှစ်အကြာကြီး အဖော်ပြုပေးနိုင်မှာ မဟုတ်တော့ဘူး။ ခမည်းတော်ကတော့ လူငယ်လေးပဲ ရှိသေးတာ။ ကျွန်မ ခမည်းတော်ကို အကြာကြီး အဖော်ပြုပေးနိုင်ပါသေးတယ်။”

ဤစကားမျိုးကို မင်းသမီး ရှန်ရှန်း တစ်ဦးတည်းသာ ပြောရဲ၏။ အခြားလူများ ပြောပါက ခေါင်းဖြတ်ခံရမည်မှာ သေချာသည်။

ဘိုးတော်က အသက်ကြီးနေပြီ၊ နှစ်အကြာကြီး အဖော်မပြုပေးနိုင်တော့ဘူး ဆိုသည်မှာ ဧကရာဇ်ဟောင်းကို စောစောသေရန် ကျိန်ဆဲနေခြင်း မဟုတ်ပါလား။

သို့သော်ငြား မင်းသမီး ရှန်ရှန်း၏ နှုတ်မှ ထွက်ပေါ်လာချိန်မှာတော့ မည်သည့် ပြဿနာမှ မရှိတော့ချေ။ ဧကရာဇ်ဟောင်းကိုယ်တိုင် ကြားလျှင်ပင် ဟက်ဟက်ပက်ပက် ရယ်မောနေမည်သာ ဖြစ်သည်။

ထို့အပြင် ဧကရာဇ်ဟောင်းတွင် အမြဲပြောလေ့ရှိသော စကားတစ်ခွန်း ရှိ၏။ ထိုစကားမှာ ရှန်ရှန်းလေး ရှိနေသရွေ့ သူ အနည်းဆုံး ၇ နှစ်၊ ၈ နှစ်လောက် ပိုအသက်ရှင်နိုင်သေးသည် ဟူ၍ပင်။

…………….

All Chapters