အခန်း (၃၄၉-၃၅၀)
Vol. 35 Ch. 349-350
အခန်း (၃၄၉)နောက်ထပ် အံ့အားသင့်စရာတစ်ခု ရှိသေးတယ်
“ဆရာ၊ လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်”
ခြံဝင်းအတွင်း၌ မဟာပဏ္ဍိတမိုးကြိုးသည် မျက်လုံးများကို ဖွင့်လိုက်ပြီး ချူဖုန်းကို ရိုသေစွာ ဦးညွှတ်လိုက်၏။
“အားနာနေဖို့ မလိုပါဘူး”
ချူဖုန်း ပြုံးပြီး မေးလိုက်သည်။
“ဘယ်လို ခံစားရလဲ”
မဟာပဏ္ဍိတမိုးကြိုး ဆိုသည်။
“တပည့် ခံစားရတာကတော့ အခုဆိုရင် လက်တစ်ချက်ဝေ့ရုံနဲ့ လျှပ်စီးမိုးကြိုးတွေကို ခေါ်ယူနိုင်ပြီးတော့ လောကကြီးရဲ့ စစ်မှန်တဲ့ မိုးကြိုးတွေရဲ့ အင်အားကို အသုံးချနိုင်ပြီလို့ ခံစားရပါတယ်”
“မဆိုးပါဘူး။ မဟာပဏ္ဍိတအဆင့်ကို တက်လှမ်းပြီးတာနဲ့ ဒီလောက်အထိ နားလည်သဘောပေါက်သွားတယ်ဆိုရင် မင်းရဲ့ မိုးကြိုးတာအိုအပေါ် သိမြင်မှုက ဓားတာအိုထက် သာလွန်နေတာကို ပြနေတာပဲ”
ချူဖုန်းက သုံးသပ်ချက်ပေးလိုက်သည်။
“ဆရာပြောတာ အမှန်ဆုံးပါပဲ”
မဟာပဏ္ဍိတမိုးကြိုးက ခဏတာ တုံ့ဆိုင်းနေပြီးမှ ဆက်၍ မေးမြန်းလိုက်သည်။
“တပည့်၊ ဆရာ့ရဲ့ လမ်းညွှန်မှုအောက်မှာ ကျင့်ကြံခဲ့တာ ရက်ပေါင်းတစ်ရာနီးပါး ရှိခဲ့ပေမဲ့ ဆရာ့ နာမည်ကို မသိရသေးပါဘူး။ သိခွင့်ပြုပါ”
ချူဖုန်းက ပြုံးလျက် ပြောလိုက်သည်။
“ငါက ဝမ်တောက်ကျောင်းတော်ရဲ့ ဌာနမှူး ဆယ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ချူဖုန်းပဲ”
မဟာပဏ္ဍိတမိုးကြိုး ဤစကားကို ကြားလိုက်သောအခါ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ထင်ဟပ်သွားသည်။ အတန်ကြာမှ သတိပြန်ဝင်လာခဲ့၏။
“ပြိုင်ဘက်ကင်းမဟာပဏ္ဍိတတစ်ပါးရဲ့ လမ်းညွှန်မှုကို ရလိမ့်မယ်လို့ တပည့် လုံးဝ မထင်ထားခဲ့မိဘူး။ ဒီနေ့ကစပြီး မိုးကြိုးအိမ်တော်ဟာ ဝမ်တောက်ကျောင်းတော်ကို အထွတ်အထိပ်အဖြစ် အမြဲတမ်း အသိအမှတ်ပြုသွားပါ့မယ်”
“ကောင်းပြီ”
ချူဖုန်း ဆက်လက်၍ ပြောလိုက်သည်။
“နောင်မှာ မိုးကြိုးအိမ်တော်မှာ သင့်တော်တဲ့ တပည့်တွေ ရှိလာရင် ဝမ်တောက်ကျောင်းတော်ကို လာရောက်ကျင့်ကြံလို့ ရတယ်။ အခြား သူတော်စင်တစ်ပိုင်း အင်အားစုတွေ ရရှိတဲ့ အခွင့်အရေးမှန်သမျှကို မိုးကြိုးအိမ်တော်လည်း ရရှိစေရမယ်”
ဤသည်မှာ ဝမ်တောက်ကျောင်းတော်၏ စည်းမျဉ်းဖြစ်သည်။ သူတော်စင်တစ်ပိုင်း အင်အားစုတစ်ခု၏ သစ္စာခံမှုကို ရရှိခြင်းသည် နယ်မြေကို ချဲ့ထွင်ခြင်းနှင့် အလားတူပင်။
“တပည့် ကျေးဇူးတင်ပါတယ် ဆရာ”
ဘိုးဘေးပိုင်သည့် မိုးကြိုးတူကို ရောင်းချရုံမျှဖြင့် ပြိုင်ဘက်ကင်းမဟာပဏ္ဍိတတစ်ပါး၏ အမည်ခံတပည့် ဖြစ်လာလိမ့်မည်ဟု မဟာပဏ္ဍိတမိုးကြိုး မမျှော်လင့်ထားခဲ့ပေ။
မိုးကြိုးအိမ်တော်တွင် မည်သည့် မြင့်မြတ်နယ်မြေ သို့မဟုတ် အင်အားစုနှင့်မျှ မပူးပေါင်းရန် ဘိုးဘေးတို့၏ စည်းမျဉ်းရှိသော်လည်း မိုးကြိုး အမြင်တွင် စည်းမျဉ်းဆိုသည်မှာ လူတို့ပြုလုပ်ထားခြင်းသာ။
ထို့ပြင် သောင်းပြောင်းပညာရပ်ဌာနတွင် ခေတ်တစ်ခေတ်ကို လွှမ်းမိုးထားနိုင်သည့် ပြိုင်ဘက်ကင်း ပါရမီရှင် နှစ်ဦးပင် ရှိနေသည်။
သူတို့ ဂျူနီယာတစ်ယောက် ဖြစ်လာရခြင်းမှာ မိုးကြိုးအိမ်တော်တစ်ခုလုံးအတွက် အလွန်ပင် မင်္ဂလာရှိလှသော ကိစ္စဖြစ်သည်။
သူတို့ စကားပြောနေစဉ်အတွင်းမှာပင် ရင်းနှီးနေသော စက်ရုပ်ဆန်ဆန် အသံတစ်သံမှာ ချူဖုန်း စိတ်ထဲတွင် ထပ်မံ ပဲ့တင်ထပ်လာပြန်သည်။
“တင်း။ တပည့် ပိုင်ကျင်း သည် စစ်မှန်မိုးကြိုးအနှစ်သာရကို နားလည်သွားပါပြီ။ ပိုင်ရှင်၏ တာအိုအနှစ်သာရတစ်ခု ချီးမြှင့်ပါတယ်”
အံ့အားသင့်စရာတစ်ခု ကျန်နေသေး၏။ ချူဖုန်း အကြည့်မှာ ခန်းမကြီး ထောင့်တွင် ရှိနေသော ပိုင်ကျင်းထံသို့ ရောက်သွားခဲ့သည်။
ပိုင်ကျင်းသည် အိပ်ချင်မူးတူးဖြင့် သူမ မျက်လုံးလေးများကို ဖွင့်လိုက်ကာ ချူဖုန်းကို ပြောလိုက်သည်။
“ဆရာ… တပည့်လည်း စစ်မှန်မိုးကြိုးအနှစ်သာရကို နားလည်သွားသလိုပဲ။ နှမြောစရာကောင်းတာက အစ်ကို မိုးကြိုးရဲ့ ထူးခြားဖြစ်စဉ် ပြီးသွားပြီ၊ မဟုတ်ရင် တပည့် မိုးကြိုးငါးသွယ် နတ်ဘုရားစွမ်းအင်ကိုတောင် နားလည်သွားနိုင်တယ်”
ကောင်းကင်ဘုံ အသွင်ပြောင်းလဲခြင်း (၃၆)သွယ်ကျမ်း ထဲတွင် မိုးကြိုးငါးသွယ်ကို ထိန်းချုပ်နိုင်စွမ်းမှာ လျှပ်စီးမိုးကြိုးများကို အပြည့်အဝ အသုံးချနိုင်သည့် စွမ်းအင်တစ်ခု ဖြစ်၏။
ယခုတစ်ခေါက် အပြင်ထွက်လာရုံနှင့် ရလဒ်ကောင်းများ ရရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ချူဖုန်းက ပြုံးလိုက်သည်။
“ဒါက လွယ်ပါတယ်၊ တိုက်တိုက်ဆိုင်ဆိုင် ငါ့ဆီမှာ မိုးကြိုးကျောက်စိမ်း လက်ဖွဲ့ငါးခု ရှိတယ်။ ဒါကို ယူသွားပြီး သေချာလေ့လာပါ။ မိုးကြိုးငါးသွယ်ကို ကျွမ်းကျင်ဖို့ဆိုတာ ဘာမှ မခက်ခဲပါဘူး”
သူ ပြောရင်းနှင့် ကြိုတင်ရေးထွင်းထားသော မိုးကြိုးကျောက်စိမ်းလက်ဖွဲ့ ငါးခုကို ပိုင်ကျင်း ရှေ့သို့ ပို့ပေးလိုက်သည်။
ပိုင်ကျင်း၏ မျက်လုံးများ ချက်ချင်း လင်းလက်သွားတော့၏။ အစောပိုင်းက အစ်ကိုမိုးကြိုးမှာ ကျောက်စိမ်းလက်ဖွဲ့ နှစ်ခုတည်းနှင့်ပင် စစ်မှန်သော မိုးကြိုးအနှစ်သာရကို နားလည်သွားခဲ့ခြင်းဖြစ်သည်။ ယခု သူမတွင် ငါးခုတောင် ရှိနေပြီဆိုလျှင် ကောင်းကင်ဘုံသို့ ပျံတက်သွားတော့ပေမည်။
ခြံဝင်းအတွင်းရှိ မဟာပဏ္ဍိတမိုးကြိုးမှာ ဤမြင်ကွင်းကို ကြည့်ပြီး အားကျစိတ်သာ ဖြစ်မိသည်။
ဤသည်မှာ တိုက်ရိုက်တပည့်နှင့် အမည်ခံ တပည့်တို့၏ ကွာခြားချက်ပင်။
သို့သော်လည်း မိုးကြိုးအိမ်တော်မှ တပည့်များ ဝမ်တောက်ကျောင်းတော်သို့ ဝင်ရောက်လာသရွေ့ တစ်နေ့နေ့တွင် နောက်ထပ် မဟာပဏ္ဍိတတစ်ဦး ထွက်ပေါ်လာမည်မှာ သေချာသည်ဟု သူ အခိုင်အမာ ယုံကြည်၏။
“မိတ်ဆွေ မိုးကြိုး၊ မဟာပဏ္ဍိတအဆင့် ရောက်ရှိသွားတာကို ဂုဏ်ပြုပါတယ်ဗျာ”
အိမ်တော်တံခါးပြင်ပမှ ရိုသေလေးစားသော အသံများ ထွက်ပေါ်လာလေ၏။
မဟာပဏ္ဍိတမိုးကြိုးမှာ ချက်ချင်း တုံ့ပြန်ခြင်းမပြုဘဲ ချူဖုန်း၏ သဘောထားကို တောင်းခံသည့်အလား ချူဖုန်းဘက်သို့ လှည့်ကြည့်လိုက်သည်။
ချူဖုန်း ပြုံးလျက် ဆိုလိုက်၏။
“မိုးကြိုး… အပြင်ထွက်ပြီး မင်းနဲ့ ထိုက်တန်တဲ့ ကြိုဆိုဂုဏ်ပြုမှုတွေကို ခံယူလိုက်ပါဦး”
“ဟုတ်ကဲ့”
မဟာပဏ္ဍိတမိုးကြိုး ဆရာဖြစ်သူသည် အပြင်မှ ထောင်လွှားသော သူတော်စင်တစ်ပိုင်းများနှင့် မပတ်သက်ချင်ကြောင်း နားလည်လိုက်၏။
သူ လှည့်ထွက်သွားပြီး အိမ်တော်တံခါးများကို ဖွင့်လိုက်သည့်အခါ မဟာပဏ္ဍိတ အတော်များများမှာ ရပ်နေကြသည်ကို မြင်လိုက်ရပြီး မိုးကြိုးအိမ်တော်နှင့် ရတနာတစ်သောင်းခန်းမမှ ကျင့်ကြံသူများက ဘေးနှစ်ဖက်တွင် စီတန်းနေကြ၏။
“တာအိုမိတ်ဆွေတို့၊ ကျုပ် မိုးကြိုးက နှုတ်တက်ပါတယ်”
စုဝေးရောက်ရှိနေသော မဟာပဏ္ဍိတများအားလုံးကလည်း အလှည့်ကျ ပြန်လည်နှုတ်ဆက်ကြလေ၏။
“မိတ်ဆွေ မိုးကြိုး၊ မင်းက ယဉ်ကျေးလွန်းနေပြီ”
“မိတ်ဆွေတို့ခင်ဗျာ၊ ကျုပ် ဆရာက အနည်းငယ် ပင်ပန်းနေလို့ပါ။ ဒါကြောင့် ကျုပ်ကပဲ တခြားနေရာကို ခေါ်သွားပါရစေ”
မဟာပဏ္ဍိတမိုးကြိုးသည် လူအုပ်ကြီး ဆရာဖြစ်သူနှင့် တွေ့ဆုံခြင်း မပြုနိုင်စေရန် ကျွမ်းကျင်စွာပင် လွှဲဖယ်ခေါ်ဆောင်သွားလိုက်၏။
ထိုစကားကို ကြားသောအခါ လူအုပ်ကြီးမှာ ပြုံးပြီး မဟာပဏ္ဍိတမိုးကြိုး နောက်သို့ လိုက်ပါသွားကြသည်။
အဘယ်ကြောင့်ဆိုသော် ယနေ့သည် သူ၏ နေ့တစ်နေ့ ဖြစ်သောကြောင့်ပင်။
အကြီးအကဲလျှို ပြောလိုက်သည်။
“ဒါဆိုရင်တော့ မိုးကြိုးသူတော်စင်တူ ကို မဟာပဏ္ဍိတမိုးကြိုးကိုယ်တိုင် အဲဒီဆရာကြီးဆီကို ပေးအပ်သင့်ပါတယ်”
“ဒါပေါ့”
မဟာပဏ္ဍိတမိုးကြိုးက ဤကိစ္စတွင် ဘာမှ မသင့်တော်စရာ မရှိဟု မြင်၏။ သူ့မျက်လုံးထဲတွင် ဆရာဖြစ်သူမှာ ဤခေတ်၏ ထိပ်တန်းသူတော်စင်တစ်ပိုင်းဖြစ်ပြီး မည်သူမဆို လွယ်လွယ်ကူကူနှင့် တွေ့ခွင့်ရမည့်သူ မဟုတ်ပေ။ မဟုတ်လျှင် စီနီယာရွှေတောင်ပံကို လေလံပွဲတွင် သွားရောက်လေလံဆွဲခိုင်းမည် မဟုတ်ပေ။
အပြင်ဘက်ရှိ ဆူညံသံများနှင့် ယှဉ်လျှင် အိမ်တော်အတွင်းရှိ ချူဖုန်းနှင့် သူ့အဖွဲ့မှာမူ အလွန်ပင် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
မဟာပဏ္ဍိတရွှေတောင်ပံလင်းယုန်နှင့် ပင်းယန်တို့မှာလည်း ကိုယ်စီ အကျိုးအမြတ်များ ရရှိထားကြသဖြင့် မျက်နှာတွင် အပြုံးများ ရှိနေကြလေ၏။
“အစ်ကိုကြီး၊ ကျွန်တော်တို့ ဘယ်တော့ ထွက်ခွာကြမလဲ”
မဟာပဏ္ဍိတရွှေတောင်ပံ မေးလိုက်သည်။
ချူဖုန်းကပြောသည်။ “မိုးကြိုးသူတော်စင်တူကို ရတာနဲ့ ဝူရွှမ်မြို့ ကနေ ထွက်သွားကြမယ်။ ဒီမှာ ငါတို့ကို ဆွဲဆောင်နိုင်တာ ဘာမှ မကျန်တော့ဘူး”
မဟာပဏ္ဍိတရွှေတောင်ပံက မေးသည်။
“ဒါဆို အဲဒီတူကို သွားယူလိုက်ရမလား”
ချူဖုန်းက ပြန်ဖြေလိုက်၏။
“မလောပါနဲ့ဦး။ ငါ့မှာ မိုးကြိုးအတွက် လက်ဆောင်သေးသေးလေး တစ်ခု ကျန်သေးတယ်။ သူက ငါ့ကို ဆရာလို့ ခေါ်နေမှတော့ သူရသင့်ရထိုက်တာတွေ မရှိဘဲ မဖြစ်စေရဘူး”
မဟာပဏ္ဍိတရွှေတောင်ပံ ချူဖုန်းကို လက်မထောင်ပြလိုက်သည်။ “အစ်ကိုကြီးကတော့ ထင်ထားတဲ့အတိုင်းပါပဲ”
ညဥ့်နက်လာသည်။
မိုးကြိုးအိမ်တော်မှ ကျင့်ကြံသူများ တည်းခိုရာ နေရာအတွင်း၌ မီးရောင်များ လင်းထိန်နေပြီး သောက်စားပျော်ပါးသံများဖြင့် အလွန်ပင် စည်ကားနေခဲ့၏။
မိုးကြိုးအိမ်တော်မှ တပည့်များ မူးယစ်ရီဝေနေကြသည်။
သူတို့၏ တည်ထောင်သူ ဘိုးဘေး ကွယ်လွန်သွားကတည်းက မိုးကြိုးအိမ်တော်မှာ ယခင် ဂုဏ်သိက္ခာများ ဆုံးရှုံးခဲ့ရပြီး တပည့်များသည် မိမိကိုယ်ကိုယ် သူတော်စင်တစ်ပိုင်း၏ တပည့်များဟု မခေါ်ဝံ့တော့ပေ။
မိုးကြိုးအိမ်တော်၏ သူတော်စင်တစ်ပိုင်း အင်အားစုဟူသော အမည်နာမမှာပင် ပြိုလဲလုနီးနီးပင် ဖြစ်ခဲ့ရ၏။
သို့သော် ယနေ့တွင် အားလုံး ပြောင်းလဲသွားသည်။ မိုးကြိုးအိမ်တော်တွင် သူတော်စင်တစ်ပိုင်းတစ်ဦး ပြန်လည် ထွက်ပေါ်လာပြီ ဖြစ်သောကြောင့် ယခင်ကဲ့သို့ ဂုဏ်ရောင်များ ပြန်လည် တောက်ပလာတော့မည် ဖြစ်၏။
တရားဝင် ကြေညာခြင်း မရှိသေးသော်လည်း ဝူရွှမ်မြို့ တစ်မြို့လုံးမှာ မိုးကြိုးအိမ်တော်တွင် သူတော်စင်တစ်ပိုင်း တစ်ဦး ရှိနေပြီဖြစ်ကြောင်း သိရှိသွားကြပြီဖြစ်သည်။
နောက်ထပ် ခြောက်လအတွင်း ရွှမ်ထျန်းတိုက်ကြီး တစ်ခုလုံး ဤကိစ္စကို သိသွားကြမည်မှာ အမှန်ပင်။
တပည့်များ၏ ပျော်ရွှင်မှုနှင့် ယှဉ်လျှင် မဟာပဏ္ဍိတမိုးကြိုး၏ မျက်နှာတွင် အပြုံးများ ရှိနေသော်လည်း ဝံ့ကြွားမှု အလျဉ်းမရှိပေ။
အထူးသဖြင့် ဆရာဖြစ်သူ၏ အစွမ်းကို မြင်တွေ့ခဲ့ပြီးနောက် သူသည် တစ်တောင်အထက်၌ တစ်တောင်ရှိသည် ဟူသော အဓိပ္ပာယ်ကို နားလည်သွားခဲ့၏။
သူတော်စင်တစ်ပိုင်းအဆင့်ဆိုသည်မှာ တာအိုလမ်းစဉ်၏ အစပြုရုံမျှသာ။
သုံးကြိမ်မြောက်အောင်ပွဲခံမှု အပြီးတွင် မဟာပဏ္ဍိတမိုးကြိုး ရတနာတစ်သောင်းခန်းမမှ မဟာပဏ္ဍိတအား ခွက်မြှောက်၍ ဂုဏ်ပြုလိုက်သည်။
“တာအိုမိတ်ဆွေ၊ ခင်ဗျားတို့ ရတနာတစ်သောင်းခန်းမရဲ့ အကူအညီကြောင့်သာ ဖြစ်ပါတယ်။ မဟုတ်ရင် ကျွန်တော် ဒီလောက်မြန်မြန် သူတော်စင်တစ်ပိုင်းအဆင့်ကို ရောက်မှာ မဟုတ်ဘူး။ ဒီတစ်ခေါက် ကော်မရှင်ခအတွက် စိတ်ကြိုက်ဈေးသာ ပြောပါ”
ရတနာတစ်သောင်းခန်းမမှ မဟာပဏ္ဍိတက ပြုံးလိုက်၏။
“မိတ်ဆွေက ပေးချေပြီးသားပဲဥစ္စာ။ သုံးရက်တိုင်တိုင် ဖြစ်ပေါ်ခဲ့တဲ့ ထူးခြားတဲ့ ဖြစ်စဉ်တွေက ဘယ်ရတနာထက်မဆို ပိုတန်ဖိုးရှိပါတယ်”
သူတို့သည် ဤကိစ္စကို ကြိုတင်ဆွေးနွေးထားပြီးသားပင်။ ရတနာတစ်သောင်းခန်းမသည် ကုန်သည်အင်အားစု ဖြစ်သဖြင့် မိတ်ဆွေများလေ စီးပွားတိုးတက်လေ ဖြစ်၏။
မဟာပဏ္ဍိတမိုးကြိုး ပြုံးလိုက်သည်။
“ဒါဆိုရင်လည်း အပိုတွေ မပြောတော့ပါဘူး။ နောင်မှာ ရတနာတစ်သောင်းခန်းမက တစ်ခုခု အကူအညီလိုရင် ကျုပ်ဆီ တိုက်ရိုက်လာခဲ့ပါ”
“ကောင်းပြီ”
ရတနာတစ်သောင်းခန်းမမှ မဟာပဏ္ဍိတက ခွက်မြှောက်လိုက်သည်။
“သောက်ကြစို့”
“သောက်ကြစို့”
နှစ်ဦးသား တစ်ခွက်တည်းနှင့် အကုန်မော့ချလိုက်ကြသည်။
မဟာပဏ္ဍိတမိုးကြိုးကခွက်ကို ပြန်ချလိုက်စဉ် မဟာပဏ္ဍိတသွေးရိပ်က စကားဆိုလာခဲ့၏။
“မိတ်ဆွေ မိုးကြိုး ကျွန်တော့်စိတ်ထဲမှာ သံသယတစ်ခု ရှိနေလို့ပါ။ ရှင်းပြပေးပါဦး”
“ပြောပါ မိတ်ဆွေ သွေးရိပ်”
မဟာပဏ္ဍိတမိုးကြိုး ပြုံးလျက် ပြန်ဖြေသည်။
သွေးရိပ် စကားမစရသေးခင်မှာပင် တံခါးဝမှ ရင်းနှီးသလိုရှိသော်လည်း မရင်းနှီးလှသော အသံတစ်သံ ထွက်ပေါ်လာခဲ့၏။
“မင်းတို့ တော်တော် စည်ကားနေကြတာပဲ”
ထိုရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ရှိနေသော ကျင့်ကြံသူ အတော်များများမှာ မျက်မှောင်ကြုတ်သွားကြသည်။
ယနေ့သည် မိတ်ဆွေ မိုးကြိုး ပျော်ရွှင်စရာနေ့ ဖြစ်သည်ကို အဘယ်ကြောင့် တစ်စုံတစ်ယောက်က ဤကဲ့သို့ လှောင်ပြောင်သလို လာပြောရသနည်း။
အားလုံးသော အကြည့်များသည် တံခါးဝသို့ ရောက်သွားကြသည်။ ထိုနေရာတွင် ရွှေရောင် ငှက်မွှေးဝတ်စုံ ဝတ်ဆင်ထားသော ချောမောသည့် အမျိုးသားတစ်ဦးက ပြုံးလျက် လမ်းလျှောက်ဝင်လာခဲ့၏။
မဟာပဏ္ဍိတမိုးကြိုး ချက်ချင်း ထရပ်လိုက်သည်။
“ဦးလေးရွှေတောင်ပံ ရောက်လာမှန်း ကျုပ် မသိလိုက်ပါဘူး။ နှုတ်ဆက်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါဦး”
အခြားသူများက ထိုသူကို ဦးလေးဟု ခေါ်ဆိုသည်ကို ကြားလိုက်ရသည့်အခါ မကျေနပ်မှုများအားလုံးမှာ ခဏချင်း ပျောက်ကွယ်သွားပြီး ရိုသေလေးစားမှုများဖြင့် အစားထိုးဝင်ရောက်လာတော့လေ၏။
မဟာပဏ္ဍိတရွှေတောင် ရယ်မောလိုက်သည်။
“မင်းလို လူအိုကြီးက ယဉ်ကျေးပြီး သိတတ်တာပဲ။ ငါ အခုလာတာက မင်း ဆရာ ခိုင်းထားတာကို လာယူတာဖြစ်သလို မင်းရသင့်ရထိုက်တာကိုလည်း လာပေးတာ”
“…”
လူတိုင်း၏ မျက်နှာတွင် စပ်စုချင်စိတ်များ ပေါ်ပေါက်လာခဲ့သည်။
မဟာပဏ္ဍိတမိုးကြိုး ချက်ချင်း နားလည်လိုက်ကာ ရှေ့သို့ တိုးသွားပြီး သူ့သိုလှောင်လက်စွပ်ထဲမှ သေတ္တာကြီးတစ်လုံးကို ထုတ်ယူလိုက်၏။
“ဦးလေး၊ ဆရာ တောင်းထားတဲ့ မိုးကြိုးသူတော်စင်တူက ဒီထဲမှာပါ။ စစ်ဆေးကြည့်ပေးပါဦး”
မဟာပဏ္ဍိတရွှေတောင်ပံ ၎င်းကို တစ်ချက်ပင် လှည့်မကြည့်ဘဲ ပြုံးလိုက်၏။
“မလိုပါဘူး။ မင်းက အဲဒီပုဂ္ဂိုလ်ကို လိမ်ရဲမှာ မဟုတ်တာ ငါသိပါတယ်”
“ဒါပေါ့ဗျာ။ ဆရာ့ရဲ့ ကျေးဇူးကို ကျုပ် တစ်သက်လုံး မေ့မှာ မဟုတ်ပါဘူး”
မဟာပဏ္ဍိတမိုးကြိုး ဆရာဟု ပြောလိုက်သည့်အခါ သူ့မျက်လုံးများတွင် ရိုသေလေးစားမှုများသာ ပြည့်နှက်နေခဲ့၏။
မဟာပဏ္ဍိတရွှေတောင်ပံ ထိုသေတ္တာကို သူ့သိုလှောင်လက်စွပ်ထဲသို့ ပေါ့ပေါ့ပါးပါးလေး သိမ်းဆည်းလိုက်ပြီးနောက် ကျောက်စိမ်းဆွဲပြားတစ်ခုကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။
“ဒါကို မင်းဆီ ပေးဖို့ မင်း ဆရာက ငါ့ကို အပ်ထားတာ။ ဒီကျောက်စိမ်းဆွဲပြားရဲ့ ဒဏ္ဍာရီတွေကို မင်း ကြားဖူးမှာပါ။ ငါ ထပ်ရှင်းပြနေဖို့ မလိုတော့ဘူး ထင်တယ်”
“ဓားကျောက်စိမ်း” ဟူသော စကားလုံးမှာ မဟာပဏ္ဍိတမိုးကြိုး၏ စိတ်ထဲတွင် ချက်ချင်း လက်ခနဲ ပေါ်လာခဲ့သည်။
မဟာပဏ္ဍိတချူဖုန်း၏ တပည့်တိုင်းသည် သူကိုယ်တိုင် ပေးအပ်ထားသော ဤကဲ့သို့ ကျောက်စိမ်းများကို ဆောင်ထားကြပြီး ထိုထဲတွင် သူ့အင်အားပြည့်ပါဝင်သည့် ဓားချီတိုက်ကွက်တစ်ခုစီ ပါဝင်၏။
ထိုအကြောင်းကို တွေးမိသည်နှင့် သူ လက်နှစ်ဖက်ဖြင့် ရိုသေစွာ လက်ခံယူလိုက်၏။
“တပည့် ဆရာ့ကို ကျေးဇူးတင်ပါတယ်”
“ကဲ… ငါ့အလုပ်လည်း ပြီးပြီ။ မင်းတို့ ဘာသာ ဆက်ပျော်ကြ”
ထိုသို့ပြောပြီးနောက် မဟာပဏ္ဍိတရွှေတောင်ပံ လှည့်ထွက်သွားပြီး လျှို့ဝှက်ဆန်းကြယ်လှသော ကျောပြင်ကိုသာ ချန်ထားခဲ့လေတော့သည်။
သူ၏ ပုံရိပ် ညမှောင်မှောင်ထဲတွင် လုံးဝ ပျောက်ကွယ်သွားမှသာ လူတိုင်း သတိပြန်ဝင်လာကြပြီး သူတို့၏ အကြည့်များမှာ မဟာပဏ္ဍိတမိုးကြိုးထံသို့ စုပြုံရောက်ရှိသွားတော၏။
အခန်း (၃၅၀) မိုးကြိုးသူတော်စင်တူ
“မဟာပဏ္ဍိတ မိုးကြိုး၊ ခင်ဗျား အဆင်ပြေရဲ့လား”
မဟာပဏ္ဍိတသွေးရိပ်က မိုးကြိုးတစ်ယောက် နေရာမှာတင် မတ်တတ်ရပ်လျက် လက်ထဲမှ ကျောက်စိမ်းဆွဲပြားကို ငေးကြည့်နေသည်ကို မြင်သောအခါ မသိစိတ်ဖြင့် မေးလိုက်မိသည်။
သူက ကျောက်စိမ်းဆွဲပြားကို နတ်ဘုရားအာရုံဖြင့် စမ်းသပ်ရန် ကြိုးစားခဲ့သော်လည်း အနီးသို့ ချဉ်းကပ်လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ရုတ်တရက် ခံစားလိုက်ရ၏။ဆက်လက်ကြိုးစားပါက အကြီးအကျယ် ဒုက္ခရောက်နိုင်သည်ဟု တွေးမိသဖြင့် ထိုအကြံကို ချက်ချင်း လက်လျှော့လိုက်သည်။
“ကျုပ် အဆင်ပြေပါတယ်”
မဟာပဏ္ဍိတမိုးကြိုးသည် ချူ ဟု ကမ္ပည်းထိုးထားသော ဆွဲပြားကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်ကာ စိတ်ထဲမှ ရေရွတ်လိုက်၏။
‘ဆရာက ငါ့အပေါ် တကယ်ပဲဂရုစိုက်ပါလား’
သူက နေရာ၌ ပြန်လည်ထိုင်လိုက်ပြီး မဟာပဏ္ဍိတသွေးရိပ်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
“တာအိုမိတ်ဆွေသွေးရိပ်၊ ခင်ဗျား ဘာမေးချင်လို့လဲ”
“ခင်ဗျားကို လမ်းညွှန်ပေးခဲ့တဲ့ အဲဒီဆရာက တကယ်တမ်း ဘယ်သူများလဲ”
မဟာပဏ္ဍိတမိုးကြိုး ဝိုင်တစ်ငုံကို သောက်လိုက်ပြီး အေးအေးလူလူပင် မေးလိုက်၏။
“ခင်ဗျား တကယ်ပဲ သိချင်တာလား”
စုရုံးနေသော မဟာပဏ္ဍိတများ၏ မျက်နှာတွင် တွေးတောနေသော အမူအရာများ ပေါ်လာကြသည်။
တစ်ခဏ တိတ်ဆိတ်သွားပြီးနောက် ရတနာတစ်သောင်းခန်းမမှ မဟာပဏ္ဍိတက နောက်ဆုံးတွင် မေးလိုက်၏။
“တာအိုမိတ်ဆွေကို လမ်းညွှန်ပေးတဲ့သူက သူတော်စင် တစ်ပါးများ ဖြစ်နေမလား”
မဟာပဏ္ဍိတမိုးကြိုး ရယ်မောလိုက်သည်။
“မဟုတ်တာ။ ဆရာ့ရဲ့ နာမည်ကို ခင်ဗျားတို့ အားလုံး ကြားဖူးကြမှာပါ။ သူကတော့ ရွှမ်ထျန်းတိုက်ကြီးရဲ့ ပထမဆုံးသော မဟာပဏ္ဍိတ၊ မဟာပဏ္ဍိတချူဖုန်းပါပဲ”
ကျင့်ကြံသူအားလုံးသည် မသိစိတ်ဖြင့် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ကြသည်။
သူတို့အားလုံးသည် မဟာပဏ္ဍိတချူ၏ ကျော်ကြားမှုကို ကြားဖူးကြပြီး ထိုပုဂ္ဂိုလ်အပေါ်တွင် အစဉ်အမြဲ ရိုသေလေးစားမှု ရှိခဲ့ကြ၏။
ယခင်က မဟာပဏ္ဍိတချူဖုန်းသည် သူတို့မျက်စိထဲတွင် လိုက်မမှီနိုင်သော အဆင့်အတန်းတစ်ခု ဖြစ်ခဲ့သည်။ ယခုမူ သူတို့သည် ထိုပုဂ္ဂိုလ်နှင့် အလွန်နီးကပ်သော နေရာသို့ ရောက်ရှိခဲ့ခြင်းပေ။
တစ်ခုတည်းသော နောင်တမှာ သူတို့တွင် ကံတရားနှင့် ပါရမီ မပါခဲ့သဖြင့် မဟာပဏ္ဍိတချူဖုန်း၏ အရှိန်အဝါကို လူကိုယ်တိုင် မျက်မြင်မတွေ့ခဲ့ရခြင်းပင်။
မဟာပဏ္ဍိတဟုန်ချွေ့ မေးလိုက်သည်။
“ မဟာပဏ္ဍိတချူရဲ့ အရှိန်အဝါက ဘယ်လိုမျိုးလဲဆိုတာ ငါတို့ကို ပြောပြပေးနိုင်လား”
“ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး နတ်ဘုရားတစ်ပါးလို မြင့်မြတ်လွန်းတယ်။ လူသားလောကထဲကို ရောက်နေတဲ့ အင်မော််တယ်တစ်ပါးလိုပဲ။ ပြိုင်ဘက်ကင်းမဟာပဏ္ဍိတ ဆိုတဲ့ဘွဲ့က နည်းတောင် နည်းနေပါသေးတယ်”
မဟာပဏ္ဍိတမိုးကြိုးသည် သူ့ဆရာအကြောင်း ပြောနေစဉ်တွင် မျက်လုံးများမှာ ကိုးကွယ်ဆည်းကပ်မှုနှင့် ရိုသေလေးစားမှုတို့ကြောင့် တောက်ပနေခဲ့၏။
အခြားသူများသည် ထိုစကားများကို ကြားသောအခါ အမူအရာအမျိုးမျိုး ဖြစ်ပေါ်လာကြပြီး မဟာပဏ္ဍိတ အချို့ကမူ မဟာပဏ္ဍိတချူဖုန်းသို့ သွားရောက်ဂါရဝပြုရန်နှင့် လမ်းညွှန်မှုရနိုင်မည့် အခွင့်အရေးရှိမရှိကို သွားကြည့်ရန် စိတ်ထဲတွင် ဆုံးဖြတ်လိုက်ကြသည်။
စားသောက်ပွဲမှာ ဆက်လက်ကျင်းပနေပြီး ဝူရွှမ်မြို့၏ ညအမှောင်ယံ ကောင်းကင်ယံထဲသို့ ပျောက်ကွယ်သွားသော ပုံရိပ်တစ်ခုကို မည်သူမျှ သတိမထားမိကြပေ။
စားသောက်ပွဲအပြီးတွင် မဟာပဏ္ဍိတမိုးကြိုးမှာ တက်ရောက်လာသော မဟာပဏ္ဍိတတစ်ဦးချင်းစီကို ကိုယ်တိုင်လိုက်လံ ပို့ဆောင်ပေးခဲ့လေ၏။
အခြားသူများ ထွက်ခွာသွားသည်အထိ စောင့်ဆိုင်းနေသော မုန်တိုင်းတူဘုရင်သည် မိုးကြိုးအနားသို့ ချဉ်းကပ်လာကာ တိုးတိုးလေး မေးလိုက်သည်။
“နဝမညီလေး၊ ငါ့ကို မဟာပဏ္ဍိတချူဖုန်းဆီ ခေါ်သွားပေးနိုင်မလား။ တခြားကြောင့် မဟုတ်ပါဘူး၊ လူကိုယ်တိုင် သွားပြီး ကျေးဇူးတင်ချင်ရုံတင်ပါ”
မဟာပဏ္ဍိတမိုးကြိုးက ရယ်မောလိုက်၏။
“အစ်ကိုကြီး၊ အခုတော့ အချိန်နှောင်းသွားပြီ။ ဆရာက ထွက်သွားလောက်ပြီလေ။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ကျုပ်တို့ မိုးကြိုးအိမ်တော်က တပည့်တွေကို ဝမ်တောက်ကျောင်းတော် ထဲကို သွားရောက်သင်ကြားခွင့်ရဖို့ ကျုပ်စီစဉ်ထားခဲ့ပါတယ်”
“မင်း...”
ထိုစကားကို ကြားသောအခါ မုန်တိုင်းတူဘုရင်မှာ ငါတို့ရဲ့ ဘိုးဘွားစဉ်ဆက် စည်းမျဥ်းတွေကို မင်းမေ့သွားပြီလားဟု ပြောချင်ခဲ့သော်လည်း စကားလုံးများက နှုတ်ခမ်းဝသို့ ရောက်လာသောအခါ မင်း ဟူသော စကားတစ်လုံးသာ ထွက်လာတော့၏။
မဟာပဏ္ဍိတမိုးကြိုး ပြုံးလိုက်သည်။
“အစ်ကိုကြီး၊ ကျုပ်ရဲ့ အကြောင်းပြချက်ကို အရင်နားထောင်ပါဦး...”
ဆွေးနွေးပြီးနောက် မုန်တိုင်းတူဘုရင် နောက်ဆုံး၌ ခေါင်းကို အသာအယာ ညိတ်လိုက်တော့၏။
“ညီလေး၊ မင်း ကောင်းကောင်းလုပ်ခဲ့တာပဲ။ မဟာပဏ္ဍိတချူသာ နတ်ဘုရားဘုရင် အဖြစ် အဆင့်တက်သွားပြီး သူ့တပည့်တွေ အားလုံးလည်း သူတော်စင်တွေ ဖြစ်လာမဲ့တစ်နေ့ကျရင် ငါတို့ရဲ့ မိုးကြိုးအိမ်တော်လည်း သူတို့နဲ့အတူ မြင့်တက်လာမှာပဲ။ အဲဒီအချိန်ကျရင် နောက်ထပ် သူတော်စင်တစ်ပိုင်းတစ်ယောက် ထွက်ပေါ်လာဖို့ကလည်း ပြဿနာရှိတော့မှာ မဟုတ်ဘူး”
မဟာပဏ္ဍိတမိုးကြိုး ဆိုသည်။
“အစ်ကိုကြီး၊ ပြန်ပြီး အနားယူလိုက်ပါဦး”
“ကောင်းပြီလေ”
ထိုသို့ပြောပြီးနောက် မုန်တိုင်းတူဘုရင် သူ့နေရာသို့ ထွက်ခွာသွား၏။
တစ်ချိန်တည်းမှာပင်
ချူဖုန်းတို့ ယခင်က တည်းခိုခဲ့သော အိမ်တော်အပြင်ဘက်တွင် ပုံရိပ်အချို့သည် ဝင်ပေါက်၌ အတူတူ ပေါ်လာကြသည်။
သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် အသီးသီး ပြုံးလိုက်ကြ၏။
ဤလူစုသည် အိမ်တော်ထဲတွင် နေထိုင်ကြသော မဟာပဏ္ဍိတများပင်။ သူတို့သည် အစောပိုင်းက မိမိတို့၏ အဆောင်များသို့ ပြန်သွားခဲ့ကြသော်လည်း နောက်တစ်ခဏ၌မူ တိုက်ဆိုင်စွာပင် မဟာပဏ္ဍိတချူ၏ စံအိမ်အပြင်ဘက်သို့ အားလုံး ရောက်ရှိလာကြလေ၏။
မဟာပဏ္ဍိတများက တပြိုင်နက်တည်း ပြောလိုက်ကြသည်။
“ကျုပ်တို့ မဟာပဏ္ဍိတချူကို ဂါရဝပြုဖို့ လာရောက်တာပါ။ အစောပိုင်းက စော်ကားမိတာတွေကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်”
သို့သော် အတွင်းဘက်မှ မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။ စုရုံးနေသော မဟာသူတော်စင်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။
“မဟာပဏ္ဍိတချူက ကျုပ်တို့ကို ခွင့်မလွှတ်ချင်တာများလား”
ထို့ကြောင့် သူတို့သည် စကားကို ထပ်ခါတလဲလဲ ပြောခဲ့ကြသော်လည်း ရလဒ်မှာ အရင်အတိုင်းပင်။
မဟာပဏ္ဍိတသွေးရိပ်က ဆိုလိုက်သည်။
“တာအိုမိတ်ဆွေတို့၊ ငါ့မှာ ရဲတင်းတဲ့ အကြံတစ်ခု ရှိတယ်”
“ရဲတင်းတဲ့အကြံဆိုရင်တော့ မပြောတာ အကောင်းဆုံးပဲ”
မဟာပဏ္ဍိတရွှမ်ယီက သူ့ကို စကားအဆုံးသတ်ခွင့်မပေးဘဲ ဖြတ်ပြောလိုက်၏။
ပတ်ဝန်းကျင်ရှိ မဟာသူတော်စင်များသည် တိတ်ဆိတ်စွာပင် နေရာမှာတင် ရပ်နေခဲ့ကြသည်။
“ဟမ့်”
မဟာပဏ္ဍိတသွေးရိပ်က နှာခေါင်းရှုံ့လိုက်၏။
“မင်းကတော့ ငါ့ကို အမြဲတမ်း ဆန့်ကျင်နေရမှလား”
“တာအိုမိတ်ဆွေတို့၊ ရန်ဖြစ်မနေကြပါနဲ့။ မဟာပဏ္ဍိတချူကို မကျေမနပ်ဖြစ်အောင် လုပ်မိရင် ငါတို့ရဲ့ အားထုတ်မှုက အလကားဖြစ်သွားလိမ့်မယ်”
မဟာပဏ္ဍိတကျဲ့ရှန် ကြားဝင်ဖျန်ဖြေပေးလိုက်သည်။
အမှန်တကယ်ပင် ထိုမဟာပဏ္ဍိတနှစ်ဦးမှာ တိတ်ဆိတ်သွားပြီး ငြိမ်သက်စွာ ရပ်နေကြတော့လေ၏။
တစ်ညတာ ကုန်ဆုံးသွားခဲ့ပြီး မဟာပဏ္ဍိတများ၏ မျက်နှာတွင် မကျေနပ်မှုများ ပေါ်လာခဲ့သည်။
သို့သော် သူတို့ကိုယ်ပိုင်အစွမ်းမှာ မလုံလောက်သဖြင့် ဒေါသတကြီး မလုပ်ရဲကြပေ။
သူတို့ ဒေါသပေါက်ကွဲတော့မည့် အချိန်တွင်ပင် ဘေးအိမ်တော်၏ တံခါးများ ပွင့်လာပြီး မဟာပဏ္ဍိတမိုးကြိုးက ထွက်လာလေ၏။
ဝင်ပေါက်တွင် ရပ်နေသော မဟာပဏ္ဍိတများကို မြင်သောအခါ သူ ချက်ချင်းပင် ပြောလိုက်သည်။
“ခင်ဗျားတို့ အားလုံး ကျုပ်ဆရာရဲ့ အဆောင်ရှေ့မှာ တစ်ညလုံး စောင့်နေကြတာတော့ မဟုတ်ပါဘူးနော်”
“မင်း ဘယ်လိုသိတာလဲ”
မဟာပဏ္ဍိတသွေးရိပ် စကားမဆင်မခြင် ပြောထွက်သွားပြီးမှ သတိပြန်ဝင်လာလေ၏။ သူ ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ပြီး ဘာမှမဖြစ်သလိုပင် ခေါင်းကို တစ်ဖက်သို့ လွှဲလိုက်သည်။
မဟာပဏ္ဍိတမိုးကြိုး သူ့ကို အရှက်ခွဲရန် ရည်ရွယ်ချက်မရှိပေ။ သူကး ပြုံးလျှက် ဆိုလိုက်သည်။
“ဒါဆိုရင်တော့ ခင်ဗျားတို့ အလကား စောင့်နေကြတာပဲ။ ဆရာက မနေ့ညကတည်းက ဝူရွှမ်မြို့ကနေ ထွက်သွားပါပြီ”
မဟာပဏ္ဍိတများ “...”
သူတို့ထဲမှ အများစုမှာ ဤဖြစ်နိုင်ခြေကို ထည့်မစဉ်းစားခဲ့ကြပေ။ စဉ်းစားမိသော တစ်ဦးစနှစ်ဦးစမှာပင် အခြားသူများကို သတိပေးရန် မဝံ့ရဲခဲ့ကြချေ။
“တကယ်ပဲလား”
မဟာပဏ္ဍိတရွှမ်ယီ စိတ်မသက်မသာဖြင့် မေးလိုက်၏။
မဟာပဏ္ဍိတမိုးကြိုး ပြုံး၍ ဆိုလိုက်သည်။
“မယုံရင် ကျုပ်နဲ့အတူ ဝင်ကြည့်ကြတာပေါ့”
မဟာပဏ္ဍိတများမှာ တိတ်ဆိတ်စွာ သဘောတူလိုက်ကြလေ၏။ မည်သို့ပင်ဖြစ်စေ မိုးကြိုးမှာ မဟာပဏ္ဍိတချူ၏ တပည့်ဖြစ်သဖြင့် အတူတူဝင်ခြင်းမှာ စော်ကားရာမရောက်နိုင်ပေ။
ကျွီ...
အိမ်တော်တံခါးကြီးများ ပွင့်သွားပြီး တိတ်ဆိတ်နေသော ရင်ပြင်ကို မြင်လိုက်ရ၏။
ဤသည်ကို မြင်သောအခါ မိုးကြိုးသည် သူတို့ကို လှည့်စားနေခြင်း မဟုတ်ကြောင်း မဟာပဏ္ဍိတများ အတည်ပြုနိုင်လိုက်သည်။ သူတို့ အိမ်တော်ထဲသို့ နတ်ဘုရားအာရုံကို သတိထား၍ ဖြန့်ကျက်ကြည့်လိုက်ကြရာ အမှန်တကယ်ပင် နေရာတိုင်းမှာ လုံးဝ ဟာလာဟင်းလင်း ဖြစ်နေ၏။
တစ်ညလုံး အပြင်ဘက်တွင် အလကား စောင့်ဆိုင်းခဲ့ရသဖြင့် မဟာပဏ္ဍိတချူနှင့် တွေ့ဆုံရန် သူတို့တွင် ကံမပါခဲ့ဟု ဆိုရပေမည်။
သူတို့ စိတ်ထဲမှ သက်ပြင်းချလိုက်ကြပြီးနောက် အသီးသီး ထွက်ခွာသွားကြတော့သည်။
မဟာပဏ္ဍိတမိုးကြိုးမှာလည်း မိုးကြိုးအိမ်တော်မှ တပည့်များကို စုရုံးကာ သူတို့ဂိုဏ်းသို့ ပြန်ရန် ပြင်ဆင်လေတော့သည်။
မိုင်ပေါင်း တစ်သောင်းခန့် အကွာအဝေးတွင
မဟာပဏ္ဍိတရွှေတောင်ပံ ချူဖုန်းတို့ကို မြောင်တောင်ပေါ်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့ပြီးဖြစ်၏။
သူ့နေရာသို့ ပြန်ရောက်ပြီးနောက် ချူဖုန်းသည် မိုးကြိုးသူတော်စင်တူကို သယ်ဆောင်ကာ စာကြည့်ခန်းထဲသို့ ဝင်သွားလေတော့၏။
သူကနတ်ဘုရားအာရုံကို မြင့်မြတ်တူထဲသို့ ထည့်သွင်းလိုက်ရာ တူပုံသဏ္ဌာန်ရှိသော ဝိညာဉ်တစ်ခုကို လျင်မြန်စွာ မြင်လိုက်ရသည်။
“ဒီအစေခံက သခင့်ကို ဂါရဝပြုပါတယ်”
ဝိညာဉ်သည် မောက်မာတတ်သော အခြားဝိညာဉ်များနှင့် မတူပေ။ သူ့လေသံမှာ ရိုသေကိုင်းရှိုင်းလှသဖြင့် ချူဖုန်းကို အလွန်ကျေနပ်သွားစေသည်။
“မင်းနာမည် ဘယ်လိုခေါ်လဲ”
“သခင့်ကို တင်ပြပါတယ်၊ အစေခံရဲ့ နာမည်က လေ့ကုန်း ပါ”
ချူဖုန်းက တဟားဟား ရယ်မောလိုက်၏။
“နာမည်က တော်တော်လေး ပေါ့ပါးတာပဲ”
ထိုစကားကို ကြားသောအခါ ဝိညာဉ်က ချက်ချင်းပင် ပြောလိုက်၏။
“သခင် မကြိုက်ဘူးဆိုရင် ပြောင်းလဲနိုင်ပါတယ်”
“မလိုပါဘူး။ လေ့ကုန်းလို့ပဲ ဆက်ခေါ်မယ်”
ချူဖုန်း တစ်ခဏရပ်၍ မေးလိုက်သည်။
“မင်းက လက်နှက်ဝိညာဉ်ဆိုတော့ လက်နက်သွန်းလုပ်ခြင်း အတတ်ပညာကိုလည်း နားလည်မှာပဲ မဟုတ်လား”
“သခင့်ကို တင်ပြပါတယ်၊ ဒီအစေခံက လက်နက်သွန်းလုပ်တဲ့ အတတ်ပညာကို တကယ်ပဲ နားလည်ပါတယ်။ သခင်အလိုရှိရင် အစေခံရဲ့ အရင်သခင် သွန်းလုပ်ခြင်း နည်းစနစ်တွေကို အခုပဲ မှတ်တမ်းတင်ပေးနိုင်ပါတယ်”
ချူဖုန်းထံသို့ မလွှဲပြောင်းပေးမီကပင် ဝိညာဉ်ကို မဟာပဏ္ဍိတမိုးကြိုး သတိပေးထားခဲ့သည်။ သူ့နောက်ထပ်သခင်သည် ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်ဖြစ်ပြီး မည်သည့်အခါမျှ စော်ကားခြင်းမပြုရန်ပင်။
အစပိုင်းတွင် ဝိညာဉ်သည် အနည်းငယ် မကျေမနပ် ဖြစ်ခဲ့ပြီး ဤသခင်သစ်ကို စမ်းသပ်ရန်ပင် စဉ်းစားခဲ့သေး၏။ သို့သော် သခင်သစ်က သူ့ကို ဆုပ်ကိုင်လိုက်သည့် ခဏ၌ပင် ယခင်သခင်ထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားလိုက်ရသည်။
ကံကောင်းထောက်မစွာ သူက စိတ်လိုက်မာန်ပါ မလုပ်မိခဲ့ပေ။
ဝိညာဉ်သည် တိတ်တဆိတ် တွေးတောလိုက်ပြီးနောက် ရိုသေလေးစားသည့် အမူအရာကို ဆက်လက်ထိန်းသိမ်းထားလိုက်သည်။
“ကောင်းပြီ။ မင်းသိတဲ့ သွန်းလုပ်ခြင်းနည်းစနစ်တွေကို ကျောက်စိမ်းပြားထဲမှာ ရေးထိုးလိုက်”
ချူဖုန်း စားပွဲပေါ်တွင် အရည်အသွေးမြင့် ကျောက်စိမ်းပြားတစ်ခုကို တင်ပေးလိုက်၏။
“ဟုတ်ကဲ့ပါ”
“သခင့်အနေနဲ့ သုံးရက်ကြာရင် ကျောက်စိမ်းပြားကို လာယူနိုင်ပါတယ်”
“ကောင်းပြီ”
ချူဖုန်းသည် လှည့်ထွက်သွား၏။
သုံးရက်တာ အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ ချူဖုန်းက စာကြည့်ခန်းထဲသို့ ဝင်ကာ ကျောက်စိမ်းပြားကို ချက်ချင်းကောက်ယူလိုက်ပြီး သူ၏ နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်၏။