အခန်း (၃၄၁-၃၄၂)
Vol. 35 Ch. 341-342
အခန်း (၃၄၁) ဆရာ၊ အတည်ပြောနေတာလား
“ဆရာက တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ”
ခုနက ဖြစ်ပျက်ခဲ့သမျှအား ချူဖုန်း ထံမှ ကြားပြီးနောက် ချန်ကျင်းကျင်း၏ မျက်လုံးလေးမှာ ကြယ်ပွင့်လေးများနှယ် တောက်ပသွားသည်။
ချူဖုန်း သူမ ခေါင်းလေးကို ပုတ်ပေးလိုက်၏။
“သမီးသာ သေချာကျင့်ကြံရင် နောက်ကျရင် ဆရာ့လိုပဲ အစွမ်းထက်လာမှာပါ”
“သမီး ကြိုးစားပါ့မယ်”
ချန်ကျင်းကျင်း လက်သီးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ပြတ်သားသော အမူအရာဖြင့် ပြောလိုက်၏။
“ကဲ... ပုံပြင်ပြောလို့ ပြီးပြီ။ ဆက်ပြီး ကျင့်ကြံကြတော့”
ချူဖုန်း တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။
“ဟုတ်ကဲ့”
မိန်းကလေးငယ် နှစ်ဦးစလုံး ပြန်ဖြေပြီးနောက် သူတို့၏ ကျင့်ကြံခြင်းဆီသို့ ပြန်သွားကြလေ၏။
ချူဖုန်းသည်လည်း အစောပိုင်းက ကိစ္စကို ဘေးဖယ်ထားလိုက်သည်။ သူ့အတွက်မူ ၎င်းမှာ သာမန်ကိစ္စလေးတစ်ခုထက် မပိုပေ။
သို့သော်လည်း မိုင်ပေါင်း ထောင်ချီအကွာရှိ လီဟော့ဂိုဏ်းတွင် စုဝေးနေကြသော ကျင့်ကြံသူများအတွက်မူ အလွန်ပင် တုန်လှုပ်ဖွယ်ရာ ဖြစ်သည်။
“စိတ်ဆန္ဒတစ်ခုတည်းနဲ့ မဟာပဏ္ဍိတတစ်ပါးကို နောက်ဆုတ်သွားအောင် လုပ်နိုင်တာ။ တကယ့် ဆရာကြီးတစ်ယောက်ရဲ့ အရှိန်အဝါပဲ”
အကြီးအကဲဖုန်းသည် လီဟော့ဂိုဏ်းအထက်မှ ပျောက်ကွယ်သွားသော ပုံရိပ်ကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဒီနေ့သူတော်စင်တစ်ပိုင်းချူရဲ့ ခန့်ညားထည်ဝါမှုကို ကိုယ်တိုင်မြင်တွေ့ခွင့်ရပြီ။ ဒီခရီးက တကယ်ကို အရှုံးမရှိဘူး”
လင်တန်ဂိုဏ်းမှ အကြီးအကဲယွင် သက်ပြင်းချရင်း ပြောလိုက်သည်။
နောင်တွင် တခြားသူများနှင့် အရက်သောက်သည့်အခါ ကြွားလုံးထုတ်စရာ ပုံပြင်တစ်ပုဒ် ရသွားပြီဖြစ်၍ သူ အတွင်းစိတ်ထဲ၌ ကျေနပ်နေမိသည်။
“စီနီယာအစ်ကိုယွင်ယဲ့ ဌာနမှူးချူ တိုက်ခိုက်တာကို အရင်က မြင်ဖူးလား”
ဝမ်တောက်ကျောင်းတော်မှ တပည့်များသည် ယွင်ယဲ့အနားသို့ စုရုံးလာကြပြီး စိတ်အားထက်သန်စွာ မေးမြန်းကြသည်။
ယွင်ယဲ့၏ မျက်နှာမှာ ထူးဆန်းစွာ စိတ်ပျက်လက်ပျက် ဖြစ်သွား၏။ “ငါသာ အဲ့ဒီလောက် အစွမ်းရှိရင် ဒီမှာ ဝိညာဉ်မီးလျှံတွေ လိုက်လုနေမလားဟ”
လူအုပ်ကြီး “...”
တစ်ဖက်တွင်လည်း မင်းသမီးချင်းဟယ် ဖုန်းမူအနားသို့ တိုးကပ်သွားကာ တိုးတိုးလေး ပြောလိုက်သည်။
“ရှောင်မူ ရှင့်ဆရာက တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ”
ဖုန်းမူ ပြုံးလိုက်သည်။ “ဟုတ်တယ်။ ကျွန်တော် ဘယ်လို ကံကောင်းမှုမျိုးကြောင့် ဆရာ့ရဲ့ တပည့် ဖြစ်လာရသလဲဆိုတာ ခုထိ မသိသေးဘူး။ စီနီယာအစ်မ... အစ်မလည်း ဝမ်တောက်ကျောင်းတော်ကို မကြာခင် လာခဲ့သင့်တယ်။ ယွင်လန်ဂိုဏ်းမှာပဲ ဆက်နေနေရင် အစ်မရဲ့ တိုးတက်မှုကို အဟန့်အတား ဖြစ်စေလိမ့်မယ်”
ယွင်လန်ဂိုဏ်းဝင်များ “...”
၎င်းကို ကြားရသည်မှာ သူတို့အတွက် အလွန် စိတ်မသက်မသာ ဖြစ်စရာ ကောင်းသော်လည်း အနည်းငယ်မျှပင် ပြန်လည် မချေပနိုင်ကြချေ။
မင်းသမီးချင်းဟယ်က ပြုံးလိုက်သည်။ “ကောင်းပြီလေ။ ကျွန်မ တာ့ယွမ်ကို အရင်ပြန်မယ်။ ပြီးရင် ဝမ်တောက်ကျောင်းတော်ရဲ့ ဝင်ခွင့်စာမေးပွဲကို လာဖြေမယ်”
ဖုန်းမူ တိုးတိုးလေး ပြောလိုက်သည်။ “ကျွန်တော် အစ်မကို စောင့်နေပါ့မယ်”
သူတို့ စကားပြောနေကြစဉ် ပတ်ဝန်းကျင် လေထုမှာ သိမ်မွေ့စွာ နွေးထွေးလာနေသော်လည်း လိပ်နက်၏ ဆင်းသက်လာမှုကြောင့် ထိုအခိုက်အတန့်မှာ ပျက်ပြယ်သွားရ၏။
မင်းသမီးချင်းဟယ်နှင့် ဖုန်းမူတို့ အလျင်အမြန် ခွာလိုက်ကြသည်ကို မြင်သောအခါ လိပ်နက် မေးလိုက်သည်။
“ငါပြန်လာတာ အချိန်မတော်ကြီးများ ဖြစ်သွားလား”
“မဟုတ်ပါဘူး စီနီယာ၊ အချိန်ကိုက်ပါပဲ။ ကျွန်တော်တို့လည်း ပြန်ဖို့ အချိန်တန်ပြီ”
ဖုန်းမူ ရှက်ကိုးရှက်ကန်း ဖြစ်မှုကို ဖုံးကွယ်ရန် အလျင်အမြန်ပင် စကားလမ်းကြောင်း လွှဲလိုက်လေ၏။
လိပ်နက် ခေါင်းညိတ်ပြသည်။ “ကောင်းပြီလေ၊ ဒါဆို သွားကြစို့။ မီးအိမ်ကို ထုတ်လိုက်”
“ဟုတ်ကဲ့”
ဖုန်းမူက သူ့သိုလှောင်လက်စွပ်ထဲမှ မီးအိမ်ကို ထုတ်လိုက်သည်။
လိပ်နက်မှာ ချက်ချင်းပင် ထိုထဲသို့ ပျံဝင်သွားလေတော့၏။
အနီးနားရှိသူများမှာ မနာလိုမှုများဖြင့် ကြည့်နေကြသော်လည်း မည်သူမျှ လောဘစိတ် မမွေးရဲကြချေ။ ၎င်းမှာ သူတော်စင်တစ်ပိုင်း၏ ပိုင်ဆိုင်မှု ဖြစ်ရာ ထိတွေ့ရန် ကြိုးစားခြင်းမှာ ကိုယ့်သေတွင်း ကိုယ်တူးခြင်းပင်။
ဖုန်းမူသည် မီးအိမ်ကို အိတ်ထဲသို့ ထည့်လိုက်ပြီးနောက် ကျန်သူများနှင့်အတူ ထွက်ခွာသွားတော့၏။
တစ်လအကြာတွင် ဖုန်းမူနှင့် အဖွဲ့သည် ဝမ်တောက်မြို့သို့ ပြန်ရောက်လာသည်။ သူတို့ မြို့ထဲသို့ ဝင်လိုက်သည်နှင့် လမ်းဘေးရှိ ကျင့်ကြံသူများ လီဟော့ဂိုဏ်းတွင် ဆရာလုပ်ဆောင်ခဲ့သော ကိစ္စရပ်များကို အတင်းအဖျင်း ပြောနေကြသည်ကို ကြားလိုက်ရ၏။
“ကြားပြီးပြီလား။ ဝမ်တောက်ကျောင်းတော်က ဌာနမှူးချူလေ။ လီဟော့ဂိုဏ်းမှာ နတ်ဘုရားအာရုံလေး တစ်မျှင်တည်းနဲ့ ယွင်ရှတောင်တန်းက မဟာပဏ္ဍိတကြီးကို ကြောက်ပြီး ထွက်ပြေးသွားအောင် လုပ်လိုက်တာတဲ့”
“တကယ်လား မိုင်ပေါင်း သောင်းချီ အကွာအဝေးကနေ စိတ်ဆန္ဒတစ်ခုတည်းနဲ့လား။ ဌာနမှူးချူက သူတော်စင်အဆင့် ကို တက်လှမ်းတော့မှာလား မသိဘူး”
“ဘယ်ဟုတ်ပါ့မလဲ။ ဇာတ်လမ်းအစအဆုံးကို ငါ ပြောပြမယ်”
လမ်းဘေး ကျင့်ကြံသူများကြား ပျံ့နှံ့နေသော ကောလာဟလများကို ကြားရသောအခါ ဖုန်းမူတို့အဖွဲ့ ခပ်ဖွဖွ ပြုံးလိုက်မိကြသည်။
ထိုပုံပြင်များမှာ အနည်းငယ် မတူတော့သော်လည်း သူတို့ လိုက်လံ ပြုပြင်ပေးရန် စိတ်မကူးကြပေ။ ယင်းအစား ဂိုဏ်းဆီသို့ လျင်မြန်စွာ သွားလိုက်၏။
တစ်နာရီအကြာတွင် ဖုန်းမူ မြောင်တောင်သို့ ပြန်ရောက်လာခဲ့သည်။ သူ ပထမဆုံး လုပ်သည့်အရာမှာ ချူဖုန်းကို သွားရောက် တွေ့ဆုံခြင်းပင်။
“တပည့်က ဆရာ့ကို ဂါရဝပြုပါတယ်”
“ထပါ”
ချူဖုန်းသည် တက်ကြွလန်းဆန်းနေသော ဖုန်းမူကို ကြည့်ကာ အမှုမဲ့အမှတ်မဲ့ မေးလိုက်သည်။
“မင်းရဲ့ ခရီးစဉ်က တော်တော်လေး စိတ်လှုပ်ရှားစရာ ကောင်းပုံရတယ်နော်။ ဆရာ့ကို ပြန်ပြောပြပါဦး”
သူ့ဘေးနားရှိ ပိုင်ကျင်းနှင့် ချန်ကျင်းကျင်းတို့မှာလည်း ၎င်းကို ကြားပြီး စပ်စုလိုသော အမူအရာများ ပြလာကြ၏။
“ဟုတ်ကဲ့”
ဖုန်းမူ ခရီးစဉ်အတွင်း ဖြစ်ပျက်ခဲ့သမျှ အသေးစိတ်အားလုံးကို ပြန်လည် တင်ပြလိုက်သည်။
“ဝိုး စီနီယာအစ်ကို့ရဲ့ ခရီးစဉ်က အရမ်း ပျော်ဖို့ကောင်းတာပဲ”
ပိုင်ကျင်း၏ မျက်နှာမှာ မနာလိုမှုများဖြင့် ပြည့်နှက်နေသည်။ သူမလည်း ခရီးထွက်ချင်ကြောင်းပင် လွှတ်ခနဲ ပြောထွက်လုနီးပါး ဖြစ်သွားလေ၏။
မြေခွေးမလေး၏ စကားနောက်ကွယ်က အဓိပ္ပာယ်ကို ချူဖုန်းမှာမည်သို့ နားမလည်ဘဲ နေပါမည်နည်း။ သူ ရယ်မောလိုက်သည်။
“မင်း အပြင်ထွက်ပြီး ကစားချင်ရင် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အရင်ဆုံး (၃၆)သွယ် ပြောင်းလဲခြင်းကျမ်းထဲက တစ်မျိုးကို ကျွမ်းကျင်အောင် လုပ်ဦး”
“တကယ်လား”
ပိုင်ကျင်း မျက်လုံးများသည် ကြယ်ပွင့်များအလား လင်းလက်သွား၏။
သူမ ဝမ်တောက်ကျောင်းတော်ကို ရောက်နေသည်မှာ နှစ်အနည်းငယ် ရှိပြီဖြစ်သော်လည်း အရှေ့ပင်လယ် ခရီးစဉ်မှလွဲ၍ အပြင်ထွက်ခွင့် နောက်တစ်ကြိမ် မရသေးချေ။
“တကယ်ပေါ့။ ဆရာက မင်းလို မြေခွေးမလေးကို လိမ်ပါ့မလား”
ချူဖုန်း ပိုင်ကျင်းအတွက် စိုးရိမ်ခြင်း မရှိပေ။ သူမ ဆော့ကစားတတ်သော်လည်း နျဲ့ရှို့ယွမ်မှလွဲလျှင် သူ့အစွမ်းအထက်ဆုံး တပည့်များထဲမှ တစ်ဦး ဖြစ်၏။ သူမသာ ၃၆သွယ်ပြောင်းလဲခြင်းကျမ်းထဲမှ တစ်ခုကို ကျွမ်းကျင်သွားလျှင် ရက်အနည်းငယ် ခရီးထွက်ခြင်းမှာ ပြဿနာ မရှိနိုင်ပေ။
ချန်ကျင်းကျင်း ၎င်းကို ကြားသောအခါ သူမ ဆရာကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းစူကာ မေးလိုက်သည်။
“ဆရာ ကျင်းကျင်းလည်း မမကျင်းနဲ့ အတူတူ သွားလို့ရမလား”
ချူဖုန်း၏ အသံမှာ နူးညံ့သွားသည်။ “အဲ့ဒါကတော့ မင်းတို့နှစ်ယောက် သီးသန့် တိုင်ပင်ကြလေ”
ချန်ကျင်းကျင်း၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားပြီး ပိုင်ကျင်းဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။
ပိုင်ကျင်း မောက်မာစွာ မေးစေ့ကို အသာမော့လိုက်၏။
“ငါ့ကို စီနီယာမမကျင်းလို့ ခေါ်ရင် ခေါ်သွားမယ်”
“ဒါပေမဲ့ မမက သမီးထက် နောက်မှ ဝင်တာလေ”
ချန်ကျင်းကျင်း၏ လေသံမှာ အလွန်ပင် တည်ကြည်လေးနက်နေ၏။
“ဟမ့်”
ပိုင်ကျင်း မာန်တက်စွာ နှာခေါင်းရှုံ့လိုက်သည်။
ချူဖုန်း ထိုမိန်းကလေးနှစ်ဦး ငြင်းခုံနေသည်ကို ပြုံးကြည့်နေပြီးနောက် ဖုန်းမူ၏ အိတ်ဆီသို့ အာရုံပြောင်းလိုက်သည်။
သူ့ဆရာ၏ အကြည့်ကို ခံစားမိလိုက်သောအခါ ဖုန်းမူ စီနီယာလိပ်တစ်ယောက် သူ့ဆီ ကျန်နေသေးသည်ကို ရုတ်တရက် သတိရသွား၏။
သူ မီးအိမ်ကို အလျင်အမြန် ထုတ်ယူ၍ ရိုသေစွာ ကမ်းပေးလိုက်သည်။
ချူဖုန်း ၎င်းကို လက်ခံယူပြီး စာကြည့်ခန်းထဲသို့ ဝင်သွားကာ မီးအိမ်ကို စားပွဲပေါ် တင်၍ ပြောလိုက်၏။
“ထွက်လာခဲ့တော့”
လိပ်နက် မီးအိမ်အတွင်းမှ ဖြည်းညှင်းစွာ ထွက်လာသည်။
ချူဖုန်း သူ့ပုံသဏ္ဌာန်မှာ ပို၍ သဏ္ဍာန်ပေါ်လာသည်ကို သတိပြုမိလိုက်၏။ ယခုဆိုလျှင် နီဗားနားရှင်သန်ခြင်းအဆင့်သို့ ရောက်ရန် တစ်လှမ်းသာ လိုတော့ပြီး စစ်မှန်ဝိညာဉ်အဆင့်သို့ ကူးပြောင်းရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
“မဆိုးဘူး။ ဒီတစ်ခေါက် ခရီးစဉ်မှာ မင်း အများကြီး ရခဲ့တာပဲ”
“ဒါတွေအားလုံးက ဆရာ့ရဲ့ ကြီးမြတ်မှုကြောင့်ပါ”
လိပ်နက် အလျင်အမြန်ပင် မြှောက်ပင့်လိုက်သည်။
ဤတစ်ကြိမ်တွင် သူ ချူဖုန်း၏ စွမ်းအားကို ကိုယ်တိုင် ကိုယ်ကျ ခံစားခဲ့ရ၏။ ယခုဆိုလျှင် ချူဖုန်း အရှေ့သို့ သွားခိုင်းလျှင် သူသည် အနောက်သို့ လှည့်ကြည့်ဝံ့မည် မဟုတ်တော့ချေ။
“မင်းဖော်စပ်ထားတဲ့ ဆေးလုံးကို ထုတ်ပြဦး။ ဆရာ ကြည့်ရအောင်”
ချူဖုန်းက သူ့မြှောက်ပင့်မှုများကို လျစ်လျူရှုလိုက်သည်။ ဤသတ္တဝါသည် ဟန်ဆောင်ကောင်းသည့် အကျင့်မျိုးကို ဘယ်က သင်လာမှန်း မသိပေ။ ၎င်းမှာ သူ့နေသာသလိုနေတတ်သော ပုံစံနှင့် လုံးဝမှ မကိုက်ညီနေချေ။
လိပ်နက် ပါးစပ်ကို ဖြည်းဖြည်းချင်း ဟလိုက်ပြီးနောက် ဆေးမီးဖိုအတွင်းမှ ဆေးလုံးကို ထုတ်ယူလိုက်သည်။
ချူဖုန်း ၎င်းကို သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်၏။
“မဆိုးဘူး။ မင်းရဲ့ ဝိညာဉ်မီးလျှံ ဆေးဖော်စပ်ခြင်းပညာက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်နေပြီ။ နောက်တစ်ဆင့်အနေနဲ့ လက်နက် သွန်းလုပ်နည်း ကို သင်ယူဖို့ အချိန်တန်ပြီ။”
“….”
လိပ်နက်မှာ ကြောင်အသွားသည်။ “ဆရာ... အတည်ပြောနေတာလား”
ချူဖုန်း အေးစက်စွာ ပြောလိုက်၏။ “ဘာလဲ... မင်းက ပိုပြီး အစွမ်းမထက်ချင်ဘူးလား။ နီဗားနားရှင်သန်ခြင်းအဆင့်ကို မရောက်ချင်ဘူးလား။ လက်နက် သွန်းလုပ်တာဟာလည်း ကျင့်ကြံခြင်း တစ်မျိုးပဲ။ ဒီနိယာမကို မင်း နားလည်ရဲ့လား”
၎င်းကို ကြားပြီးနောက် လိပ်နက် မျက်နှာတွင် အပြစ်ရှိသကဲ့သို့ ခံစားချက်များ ပေါ်လာသည်။
“လိပ်လေး မိုက်မဲမိပါတယ်။ ဆရာ့ရဲ့ ပင်ပန်းကြီးစွာ ကြိုးစားအားထုတ်မှုတွေကို နားမလည်ခဲ့ဘူး။ ကျွန်တော် အပြစ်ပေးခံရဖို့ ထိုက်တန်ပါတယ်”
ချူဖုန်းက ချက်ချင်းပင် စကားဖြတ်လိုက်သည်။
“တော်ပြီ။ မင်းရဲ့ ဦးနှောက်က နည်းနည်း နှေးနေတာမို့ ဆရာက စိတ်မဆိုးပါဘူး။ ရက်အနည်းငယ်လောက် အနားယူလိုက်ဦး။ မင်းနဲ့ သင့်တော်မဲ့ သွန်းလုပ်နည်းတစ်ခုကို ဆရာ ရှာပေးမယ်”
“ကျေးဇူးတင်ပါတယ် ဆရာ”
လိပ်နက် ဘာမှ ထပ်မပြောတော့ဘဲ စားပွဲပေါ်ရှိ မီးအိမ်ထဲသို့ ပြန်ဝင်သွားလေတော့၏။
ထို့နောက် ချူဖုန်း လက်နက်သွန်းလုပ်ခြင်းပညာ၌ မည်သို့ အကောင်းဆုံး လမ်းညွှန်ပေးရမည်ကို စဉ်းစားနေမိသည်။ အတော်ကြာ စဉ်းစားပြီးနောက်တွင် သူ အတွေးသစ်များ ရရှိနိုင်ရန် လက်နက်သွန်းလုပ်ရေးဌာန သို့ သွားရောက်လည်ပတ်ရန် ဆုံးဖြတ်လိုက်လေ၏။
သို့ဖြစ်၍ သူ ရွှေတောင်ပံလင်းယုန်ကို ခေါ်ကာ ဌာနဆီသို့ ပျံသန်းသွားတော့သည်။
အခန်း(၃၄၂) မင်းကျေးဇူးတစ်ဝက်ပါတယ်
“ဌာနမှူးချူ ဒီလာတယ်”
“မဟာပဏ္ဍိတရွှေတောင်ပံလည်း ဒီမှာပဲ”
လက်နက်သွန်းလုပ်ခြင်းဌာနတွင် တပည့်များသည် မိုးကုပ်စက်ဝိုင်းမှ ပျံသန်းလာနေသော ပုံရိပ်များကိုကြည့်ပြီး အော်ဟစ်လိုက်မိသည်။
အမျိုးသားတစ်ဦးနှင့် လင်းယုန်တစ်ကောင် ဆင်းသက်လာပြီးနောက် ဌာနတပည့်များသည် တန်းစီကာ အရိုအသေပေးလာကြသည်။
“ကျွန်တော်တို့ ဌာနမှူးချူနဲ့ မဟာပဏ္ဍိရွှေတောင်ပံကို ဂါဝရပြုပါတယ်”
ထိုသည်ကို ကြားသော် ချူဖုန်း အသာအယာ ပြုံးလိုက်သည်။ “နေ..နေ..အဲဒါတွေ လုပ်မနေနဲ့။ ငါ ဒီနေ့လာတာက အကြီးအကဲထိုက်နဲ့ သောက်ဖို့ပဲ။ မင်းတို့ ကိုယ့်အလုပ် ကိုယ်သွားလုပ်လို့ရတယ်”
ထိုစကားကြောင့် တပည့်များ လျင်မြန်စွာ လူစုကွဲသွားကြသည်။ သူတို့ အကြီးအကဲထိုက်နှင့် ဌာနမှူးချူတို့ကြားမှ ရင်းနှီးမှုကို သိထားကြ၏။
ယင်းသည် ဌာနမှူးချူ သောင်းပြောင်းပညာရပ်ဌာနတွင် ဌာနမှူးမဖြစ်ခင်က အကြီးအကဲထိုက်ထံမှ လမ်းညွှန်မှုကို ရဖူးသည်။ နောက်ပိုင်းတွင် အကြီးအကဲထိုက်သည် ချူဖုန်း၏ ထူးခြားသည့် ဉာဏ်ရည်ကို ရှာတွေ့သွားပြီး လက်နက်သွန်းလုပ်ခြင်းဌာနတွင် ထားဖို့ စီစဉ်ဖူးသည်။ ကံမကောင်းစွာ သောင်းပြောင်းပညာရပ် ဌာနမှူးဟောင်းက ထိုကိစ္စကို ငြင်းဆိုခဲ့သည်။
မဟုတ်လျှင် ယနေ့ လက်နက်သွန်းလုပ်ခြင်းဌာနကို ဦးဆောင်နေသူမှာ ဌာနမှူးချူသာ ဖြစ်ပေလိမ့်မည်။
ဝမ်တောက်ကျောက်းတော်၌ ပျံ့နှံ့နေခဲ့သော ဌာနမှူးချူ မကျင့်ကြံနိုင်ဟူသော ကောလဟာလများသည်တော့ အဓိပ္ပာယ်မရှိသည့် အရာများသာ။
သူတို့နှစ်ယောက် အကြီးအကဲထိုက် ခြံဝင်းသို့ ရောက်လာ၏။ အထဲသို့ မဝင်ရသေးခင် အပြင်ကပင် သတ္တုထုရိုက်သံများကို ကြားနေရသည်။
ဂိတ်တံခါးမှ တပည့်များသည် အလျင်အမြန် ဦးညွှတ်လိုက်ပြီး သတင်းသွားပို့လိုက်ကြ၏။ ခဏအကြာတွင် ကြေးညိုရောင်အသားအရောင်ဖြင့် သက်လတ်ပိုင်းအရွယ် လူသန်ကြီးတစ်ဦး နွေးထွေးသည့် အပြုံးတစ်ခုဖြင့် ထွက်လာသည်။
“ညီလေးချူ ဘယ်လေတိုက်လို့ ဒီကို ရောက်လာတာလဲ။ မင်း ငါ့ကို နောက်ထပ် အကြံကောင်းတွေ ပေးဖို့ ရှိလို့များလား”
ချူဖုန်း ရယ်မောလိုက်သည်။ “အစ်ကိုထိုက် ဒီတစ်ကြိမ် ကျွန်တော် ခင်ဗျားနဲ့ သောက်ဖို့လာတာ။ ပြီးတော့ ခင်ဗျား အသစ်အဆန်းလေးတွေ ဖန်တီးထားတာ ရှိရင်လည်း ကြည့်ချင်လို့လေ”
“သိပြီ”
ထိုက်ဖုထော် ရယ်မောလိုက်သည်။ “မင်း ငါ့ပညာတွေ ခိုးဖို့လာတာပေါ့”
ချူဖုန်း ပခုံးတွန့်ပြလိုက်၏။ “လာစမ်းပါ။ ညီအစ်ကိုတွေကြား အဲ့လို ခိုးစရာလိုလို့လား။ ဒါ လမ်းညွှန်မှုတောင်းခံတယ်လို့ ခေါ်တယ်။ ခိုးတယ်လို့ ခေါ်လို့မရဘူး”
“ဟုတ်ပြီ။ ဟုတ်ပြီ။ ဟားဟားဟား...”
ထိုက်ဖုထော် သူတို့ကို ခြံဝင်းထဲသို့ ခေါ်သွားသည်။ သူတို့ ဆူညံနေသည့် အရှေ့ခြံဝင်းကို ဖြတ်လာပြီးနောက် အတော်လေးသာယာသည့် ခြံဝင်းငယ်လေးတစ်ခုသို့ ရောက်လာ၏။
ချူဖုန်း ထိုင်ပြီးသည်နှင့် မြင့်မြတ်ဝိုင်တစ်အိုးကို ထုတ်ပြီး စားပွဲပေါ်တင်လိုက်သည်။ ထို့နောက် အဖုံးကို ဖွင့်လိုက်သည့်အခါ ခြံဝင်းထဲတွင် ဝိုင်နံ့များ ပြည့်နှက်သွားတော့၏။
ဂလု
ထိုက်ဖုထော် တံတွေးမျိုချလိုက်သည်။ သူ့ဘဝတွင် စွဲလမ်းနှစ်သက်မှု နှစ်ခုသာ ရှိသည်။ လက်နက်သွန်းလုပ်ခြင်းနှင့် ဝိုင်သောက်ခြင်းပင်။
ကျင့်စဉ်အဆင့်ကိုတော့ သူ ဂရုစိုက်ခဲသည်။ သို့ဖြစ်၍ သူ့ခွန်အားမှာ သာမန်အဆင့်သာ ရှိသည်။ နှစ်တစ်ရာကျော်ကျင့်ကြံပြီးသည့်တိုင်အောင် သူ တာအိုပေါင်းစည်းခြင်းအဆင့်မျှသာ ရှိသေးသည်။ သို့သော် သူ၏ လက်နက်သွန်းလုပ်ခြင်းပညာရပ်ကတော့ ဌာနတွင် အပြောက်မြောက်ဆုံးပင်။
“ဝိုင်ကောင်းပဲ။ ညီလေးချူ မင်းဝိုက်ချက်တဲ့ ပညာရပ်က တိုးတက်လာပြန်ပြီ။ မင်းရဲ့ လက်နက်သွန်းလုပ်ခြင်းပညာရပ်ထက်တောင် သာလွန်နေပြီ”
ထိုက်ဖုထော် လက်မထောင်ရင်း ပြောလိုက်သည်။
“ကျွန်တော့် လက်နက်သွန်းလုပ်ခြင်းပညာက အစ်ကိုကြီးကိုတော့မယှဉ်နိုင်ပါဘူးဗျာ”
ချူဖုန်း ပြုံးလိုက်သည်။ ထို့နောက် ဝိုင်သုံးခွက်ထည့်လိုက်ပြီး တစ်ခွက်ကို ထိုက်ဖုထော်ထံ ပေးလိုက်၏။
ထိုက်ဖုထော် တစ်ကျိုက်တည်း သောက်ချလိုက်ပြီး ပြုံးဖြီးလိုက်သည်။ “အရမ်းတွေ မနှိမ့်ချစမ်းပါနဲ့ ကောင်လေးရာ။ မင်း ငါ့ကို အရင်က ပေးထားတဲ့ နည်းလမ်းတွေတောင် ငါသဘောပေါက်ဖို့ နှစ်တွေအများကြီး အချိန်ယူလိုက်ရတယ်”
ထိုသည်ကို ကြားသော် ချူဖုန်း နောင်တရသွားသည်။ သူသာ စောစီး၍ စနစ်ကို နိုးထလာနိုင်ခဲ့ပါက လူအိုကြီးထိုက် နားလည်သွားသော အသိပညာများအတွက် သူလည်း အကျိုးအမြတ်ရနိုင်ပေသည်။
ထိုအခိုက် တိတ်ဆိတ်နေသည့် မဟာပဏ္ဍိတရွှေတောင်ပံ ရုတ်တရက် ပြောလသည်။ “အားထော် မင်း အခွင့်အရေးကို ဖြုန်းတီးလိုက်တာပဲ။ တခြားသူတွေဆို အစ်ကိုကြီးဖုန်းဆီမှာ လမ်းညွှန်မှုလိုချင်လို့ တောင်းဆိုတာတောင် မရဘူး။ မင်းကတော့ အခွင့်အရေးရတာတောင် မင်းနားလည်မှုက နှေးနေတယ်။ ဒီနေ့ အစ်ကိုကြီးဖုန်းလာတာက မင်းဆီကနေ သူတစ်ခုခု အတွေးအမြင်များ ရမလားလို့လေ”
ထိုက်ဖုထော် ရှက်ရွံ့စွာ ပြောလိုက်သည်။ “ကျွန်တော်တို့ ပန်းပဲဆရာတွေက စိတ်မြန်လက်မြန်လေ။ ဘာပဲဖြစ်ဖြစ် ညီလေးချူက ရုတ်တရက်ကြီး ဘာလို့ ပန်းပဲပညာကို စိတ်ဝင်စားသွားရတာလဲ။ နောက်ထပ်များ တပည့်အသစ်လက်ခံမလို့လား”
ချူဖုန်း အလျင်မလိုစွာ ပြောသည်။ “မဟုတ်ပါဘူး။ အခုတလော လက်နက်သွန်းလုပ်ခြင်းအကြောင်း သင်ပေးစရာလူရှိနေတော့ တွေးနေရင်း ခင်ဗျားကို သတိရသွားလို့ပါ”
သူ ဝမ်တောက်ကျောင်းတော်မှ မှတ်တမ်းတင်ထားသော အခြေခံအဆင့် လက်နက်သွန်းလုပ်ခြင်းပညာရပ် ရှင်းချက်အစစ်အမှန်များကို ဖတ်ရှူထားသည်။ လက်နက်သွန်းလုပ်ခြင်းဌာနမှ အကြီးအကဲတိုင်းတွင် ကိုယ်ပိုင်ဖန်တီးထားသော ထူးခြားနည်းစနစ်များ ရှိ၏။
ယနေ့ ချူဖုန်းသည် ထိုက်ဖုထော်ဆီမှ ကိုးကားရန် မျှော်လင့်ချက်ဖြင့် လာခြင်းပင်။ နောက်မှ သူ လိပ်နက်အတွက် သင့်တော်မည့် လက်နက်သွန်းလုပ်ခြင်းနည်းစနစ်တစ်ခုကို ဖန်တီးပေးနိုင်ပေမည်။
“ငါ သိပြီ”
ထိုက်ဖုထော် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်၏။
“အထဲမှာ ငါ ဒီဆယ်နှစ်အတွင်း နားလည်ခဲ့တဲ့ ပန်းပဲပညာရပ်တွေ မှတ်တမ်းတင်ထားတယ်။ အများစုက မင်းထင်မြင်ချက်တွေကနေ လာတာ။ ဒီဖုထော်သွန်းလုပ်ခြင်းကျမ်းကလည်း မင်းကျေးဇူးတစ်ဝက်လောက် ပါတယ်”
ချူဖုန်း ကျောက်စိမ်းပြားကို မဆိုင်းမတွ လက်ခံလိုက်သည်။ “ဒါဆိုလည်း ကျွန်တော် အစ်ကိုကြီးကို ကြိုပြီးကျေးဇူးတင်ရမှာပေါ့”
ထိုက်ဖုထော် လက်ကို ဂရုမစိုက်သလို ဝှေ့ယမ်းလိုက်သည်။ “ရတယ်။ ငါတို့ညီအစ်ကိုကြားမှ ယဉ်ကျေးနေဖို့ မလိုဘူး။ ဒါနဲ့ မင်း လက်နက်သွန်းလုပ်တော့မယ်ဆိုရင် တူကောင်းတစ်လက်လည်း လိုတယ်။ ပြင်ထားပြီးပြီလား”
ချူဖုန်း တွေးကြည့်လိုက်၏။ သူ ခဏစဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။ “ကျွန်တော့်မှာ မရှိသေးဘူး။ အစ်ကိုကြီးမှာ တွေးထားတာ ရှိလို့လား”
ထိုက်ဖုထော် ပြောလိုက်သည်။ “ငါ လွန်ခဲ့တဲ့နှစ်လကလောက်က ဝူရွှမ်မြို့ ရတနာတစ်သောင်းလေလံအိမ်မှာ မဟာပဏ္ဍိတလေ့ရွှမ်ရဲ့ အဖိုးတန် သူတော်စင်အဆင့်တူတစ်လက်ကို ရောင်းမယ်လို့ ကြားထားတယ်။ သူက အရင်တုန်းက သူတော်စင်အဆင့်ကို လက်နက်သွန်းလုပ်ခြင်းပညာရပ်နဲ့ တက်နိုင်မလိုထိ ဖြစ်ခဲ့တာလေ။ ဒါပေမဲ့ ကံတရားက သူ့ကို မျက်နှာသာ မပေးဘူး။ နောက်ဆုံးအဆင့်ကို မကျော်ဖြတ်နိုင်ခဲ့ဘူး”
“အို”
ချူဖုန်း မျက်လုံးများ တောက်ပသွားသည်။ သူ သောင်းပြောင်းပညာရပ်ဌာန မှတ်တမ်းများတွင် မဟာပဏ္ဍိတလေ့ရွှမ်အကြောင်း မှတ်တမ်းများ ဖတ်ဖူးသည်။ ထိုသူက လွန်ခဲ့သည် နှစ်တစ်သိန်းက လက်နက်သွန်းလုပ်ခြင်း ပန်းပဲပညာရပ်၌ နာမည်ကျော်တစ်ဦးပင်။ မူလက သာမန်သေမျိုးတစ်ဦးဖြစ်သော်လည်း ဂိုဏ်းငယ်လေးတစ်ခုသို့ ဝင်ရောက်ခဲ့ပြီးနောက် တစ်ဆင့်ချင်းစီ မဟာပဏ္ဍိတအဆင့်သို့ တက်လှမ်းခဲ့သူပေ။
သူ့ထွန်းတောက်ခဲ့သည့် အချိန်၌ မြင့်မြတ်နယ်မြေမှ သူ့ကို လက်ခံချင်ခဲ့သော်လည်း သူက အကုန်လုံးကို ငြင်းဆန်ခဲ့သည်။ သူ့ပါရမီတစ်ခုဖြင့် သူတော်စင်တစ်ဦးဖြစ်လာမည်ဟု ယုံကြည်ခဲ့သည်။
သို့သော် သူတော်စင်အဆင့်သို့ တက်ရန် ပါရမီတစ်ခုတည်းဖြင့် မရပေ။ မြင့်မြတ်နယ်မြေသို့ မဝင်ရောက်ခဲ့သည့် အခြားသော မဟာပဏ္ဍိတများလိုပင် လေ့ရွှမ်သည် နောက်ဆုံးတွင် အချိန်မြစ်၏ တိုက်စားမှုဒဏ်ကို မခံနိုင်ခဲ့ပေ။
“ညီလေးချူ ပွဲကို တက်ဖို့ စဉ်းစားထားတာလား” ထိုက်ဖုထော် သိလိုစွာ မေးလိုက်သည်။
“သေချာတာပေါ့” ချူဖုန်း ပြန်ဖြေလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် ဒါက မဟာပဏ္ဍိတတစ်ပါး သွန်းလုပ်ခဲ့တဲ့ ရတနာတစ်ပါးပဲလေ။ အစ်ကိုကြီးရော ကျွန်တော်နဲ့တူတူလိုက်မလား”
ထိုက်ဖုထော် ခေါင်းခါလိုက်သည်။ “ငါ မအားသေးဘူး။ ငါ အခု ထူးခြားတဲ့စိတ်ဝိညာဉ်အသုံးဆောင်တစ်ခု သွန်းလုပ်မလို့။ အဲဒါကို သုံးပြီး နီဗားနားရှင်သန်ခြင်းအဆင့်ကို တက်ဖို့ မျှော်လင့်ထားတယ်”
ထိုသည်ကို ကြားသော် ချူဖုန်း ဉာဏ်အလင်းပွင့်ဝိုင်တစ်အိုး ချက်ချင်း ထုတ်ပေးပြီး စာပွဲပေါ်တင်လိုက်သည်။
“ဒါဆိုလည်း ကျွန်တော်က အစ်ကိုကြီး နီဗားနားရှင်သန်ခြင်းအဆင့်တက်မှာကို ကြိုပြီး ဂုဏ်ပြုထားရမှာပေါ့”
ထိုက်ဖုထော် ရယ်မောလိုက်သည်။ “မင်းပြောသလို ဖြစ်ပါစေကွာ”
သူတို့ သုံးဦး ဝိုင်သောက်ပြီးနောက် ချူဖုန်းတို့ လက်နက်သွန်းလုပ်ရေးဌာနမှ ပြန်လာလိုက်သည်။
သောင်းပြောင်းပညာရပ်ဌာနသို့ ပြန်ရောက်သော် ချူဖုန်း တပည့်များကို သူ ဝူရွှမ်မြို့သို့ သွားမည့်အစီအစဉ်အား ပြောပြလိုက်သည်။
တပည့်များ၏ အမူအရာသည် ထိုသည်ကို ကြားပြီးနောက် အမျိုးမျိုးပေ။ ချန်ကျင်းကျင်းနှင့် ပိုင်ကျင်းက ပြိုင်တူ ပြောသည်။ “ဆရာ ကျွန်မတို့ လိုက်မယ်နော်”
ချူဖုန်း ပြန်ဖြေလိုက်သည်။ “ ငါနဲလိုက်ချင်တဲ့သူ လိုက်လို့ရတယ်။ မလိုက်ချင်တဲ့သူက ကျင့်ကြံဖို့ နေခဲ့ချည်”
“ကျွန်မလိုက်မယ်”
“ကျွန်မလည်း လိုက်မယ်”
ကျန်သည့် တပည့်များကတော့ ပြောလိုက်သည်။
“ကျွန်တော်တို့ တောင်ပေါ်မှာ နေခဲ့ပြီး ကျင့်ကြံပါ့မယ်”
လူတိုင်း ရွေးချယ်မှုကို အတည်ပြုပြီးနောက် သူ့ခြံဝင်းဆီ ပြန်ပြီး အထုပ်အပိုး ပြင်တော့၏။
နောက်တစ်နေ့တွင် ချူဖုန်းတို့အဖွဲ့သည် ဝမ်တောက်ကျောင်းတော်မှ ထွက်ခွာပြီး ဝူရွှမ်မြို့သို့ ဦးတည်တော့သည်။